Saturday, July 31, 2010

ဒေဝဒတ္ထ

ဒီကနေ့တော့ အလုပ်က ခွင့်ပါယူလိုက်ရပါတယ်...။ဘာဖြစ်လို့လည်းဆိုတော့....တုပ်ကွေးပေါ့ခင်ဗျာ.....။နဂိုကမှ
ကျနေတဲ့ စိတ်ဓာတ်ကို မနည်း ဆွဲတင်နေရပါတယ်ဆိုမှ...တုပ်ကွေးက လာနှိပ်စက်ပါရောလားခင်ဗျ...။
ကြက်တုပ်ကွေးလား...၊ဝက်တုပ်ကွေးလား...၊ဘဲတုပ်ကွေးလား....၊ဘာတုပ်ကွေးလဲတော့မသိဘူးခင်ဗျ..။
ကွေးတော့ကွေးနေတာပဲ..။တစ်ကိုယ်လုံးမှာရှိသမျှအဆစ်အမြစ်တွေကကိုက်ခဲနေလေတော့နဖူးနဲ့ဒူးထိနေအောင်
ကွေးကွေးလေးနေမှ သက်သာလေတော့၊တစ်နေကုန်အဲဒီလို ကွေးနေရပါရောလား..။ခုညနေမှ သက်သာလာပါ
တယ်..။ဒါတောင် ခေါင်းထဲမယ်မူးနောက်နောက်နဲ့၊ရင်ထဲမှာလည်း တလှပ်လှပ်ဖြစ်နေတုန်းရယ်...။

ရင်တလှပ်လှပ်ဖြစ်နေတော့ နေမကောင်းတဲ့ကြားထဲ ဟိုသီချင်းလေးကိုတောင် သွားသတိရမိသေးတယ်..။
ဘာတဲ့ “ အသဲတယားယား၊ရင်တလှပ်လှပ်နဲ့ပင်..၊မနောဓာတ်ဘဝင်ဝယ်..ကတုန်ကရီ...၊ရွှေပဒုံမာ...ကြာချပ်ကို
လေအဟုန်လာဟပ်သလို ဖြစ်မည်..” ဆိုတဲ့ ရွှေသုန္ဒရီ သီချင်းကိုပါ..။အင်း..ဒီသီချင်းကို ရေးတဲ့သူလည်း ဧကန်န
တော့ တုတ်ကွေး ဖြစ်နေတုန်း စပ်ထားတာဖြစ်လိမ့်မယ်လို့ နောက်တီးနောက်တောက် တွေးနေမိပါတယ်...။

အင်း...ပြောချင်တာက ဒီအကြောင်းမဟုတ်ဘူးခင်ဗျ...။ဒီနေ့ တစ်နေကုန် တရားခွေလေးဖွင့်ပြီး အဲဒီလို ကွေးပြီး
မှိန်းနေတုန်း တွေးမိတဲ့ အကြောင်းလေး ပြောချင်တာ...။တခြားတော့ မဟုတ်....၊ဒေဝဒတ္ထ လို့ခေါ်တဲ့ ဒေဝဒတ်
အကြောင်းပါ။

ဘုရားရှင် ဟောတော်မူတဲ့ တရားတော်တွေမှာ အများအားဖြင့် ဗီလိန်ခန်းနေရာကို အပိုင်စားယူထားသူက
အများသိကြတဲ့အတိုင်း ဒေဝဒတ်လောင်းပဲ ဖြစ်ပါတယ်ခင်ဗျ...။သံသရာတစ်လျောက်လုံးမှာ ဒေဝဒတ်ဟာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရန်ငြိုး ကြီးစွာ ဖွဲ့ခဲ့ပါတယ်...။အဲဒီလို ဒေဝဒတ်ဟာ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့
ရခြင်းရဲ့ အစကို လိုက်ရှာကြည့်တော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သိခဲ့၊သင်ခဲ့ဖူးတဲ့ ရွဲကုန်သည်နှစ်ဦး
ဘဝက စခဲ့တာကိုးခင်ဗျ.....။

အာလုံးပဲ ဒီဇာတ်တော်ကို သိပြီးသားဖြစ်မှာပါ။ဒေဝဒတ်လောင်းရွဲကုန်သည်ဟာ သူကအရင် ရွေခွက်ကိုဦးပါ
လျက်နဲ့ မတော်လောဘကြောင့် လက်လွှတ်ခဲ့ရပါတယ်...။ရွေခွက်ကို ရိုးရိုးသားသား ရယူသွားတဲ့ ဘုရားလောင်း
ရွဲကုန်သည် အပေါ်မှာလည်း ရွေခွက်ကို ပြင်းစွာစွဲလန်းတဲ့ဥပါဒါန်ကြောင့် ရန်ငြိုး ကြီးစွာဖွဲ့ခဲ့ပါတယ်...။

အဲဒီလို ရွဲကုန်သည်ဘဝကစလို့ သံသရာ တစ်လျောက် ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့တဲ့ ဒေဝဒတ်ဟာ နောက်ဆုံး
မှာတော့ ဘုရားရှင်နဲ့ ဆွေမျိုးတော်စပ်လာခဲ့ပါတယ်....။ဘုရားရှင်ရဲ့ မယ်တော်၊ မယ်တော်မာယာဒေဝီနှင့်
မောင်နှမအရင်းတော်တဲ့ ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်းရဲ့သားတော်၊ယသော်ဓရာရဲ့မောင်အရင်း၊ဘုရားရှင်နှင့်
လည်း ညီအစ်ကိုဝမ်းကွဲ တော်စပ်ခဲ့ပါတယ်..။

ဘုရားရှင် ကပိလဝတ်ကို ကြွချီတော်မူလာခဲ့ပြီးနောက်၊ ဒေဝဒတ် ဟာ အခြားသောသာကီဝင်မင်းသားများ
ဖြစ်ကြတဲ့ ဘဒ္ဒိယ၊အနုရုဒ္ဓါ၊ဘဂု၊ကိမိလ၊အာနန္ဒာ တို့နှင့်အတူ ရဟန်းပြုခဲ့ပါတယ်...။သို့ပေမယ့် သူနှင့်အတူ
ရဟန်းပြုခဲ့ကြတဲ့ အရှင်အာနန္ဒာမှအပ ကျန်တဲ့သူများအားလုံး ရဟန္တာကြီးများ ဖြစ်တော်မူသွားကြပေမယ့် သူက
တော့ ရဟန်းပြုခါစက ရရှိထားတဲ့ လောကီဈာန်တန်ခိုးမျှဖြင့် ရဟန်းတို့ကျင့်ထုံးကို အဆုံးသတ်ကာ ရာဇဂြိုလ်
နန်းတွင်းမှာ ကျက်စားလို့ နေခဲ့ပါတယ်...။

အဲဒီနောက်မှာတော့ ရာဇဂြိုလ်ပြည်ရှင် ဗိမ္ဗိသာရမင်းကြီးရဲ့ သားတော် အဇာတသတ်မင်းသားကို စွဲဆောင်သိမ်း
သွင်းခဲ့ပြီးတဲ့နောက်မှာ သူရဲ့ မပြေတဲ့ရန်ငြိုးကို ဘုရားရှင်ကိုလုပ်ကြံခြင်းဖြင့် အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။
အာလုံးသိပြီးကြတဲ့အတိုင်း ဘုရားရှင်ကို နာဠာဂီရိဆင်ကြီးနဲ့ လုပ်ကြံခဲ့သလို၊အဇာတသတ်မင်းထံမှ လေးသမား
များနဲ့လည်း ဘုရားရှင်ကို လုပ်ကြံဖို့ကြိုးစားခဲ့ပါတယ်...။ဘယ်လိုမှမရတဲ့အဆုံး ကိုယ်တိုင် ကျောက်မောင်းဆင်ပြီး
တော့လည်း ဘုရားရှင်ကို သွေးစိမ်းတည်စေခဲ့ပါတယ်...။

အကြမ်းနည်းတွေနဲ့ဘယ်လိုမှ မရတဲ့အဆုံးမှာတော့ ဒေဝဒတ်ဟာ အနုနည်းဘက် လှည့်လာခဲ့ပါတယ်..။ဘုရား
ရှင် ဘယ်လိုမှ ခွင့်ပြုနိုင်ဖွယ်မရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပေးဖို့ရာ ဘုရားရှင်ထံမှာ တောင်းဆိုလာခဲ့
ပါတယ်...။ဘုရားရှင်မှ ခွင့်ပြုတော်မမူတဲ့ အခါမှာတော့ သံဃာတော်ငါးရာကိုသိမ်းသွင်းလို့ သူ့ဘာသာ ဂိုဏ်းသစ်
ထောင်ပါတော့တယ်...။

ဒါပေမယ့် သူ့နောက်ကိုယောင်မှားပါလာတဲ့ သံဃာတော်ငါးရာကို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး နှင့်
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးတို့ မှ တရားမှန်ကိုဟောပြောတော်မူ၍ ပြန်လည်ခေါ်ဆောင်သွားပြီးတဲ့
နောက် ရှင်ဒေဝဒတ်မှာတော့ ရင်ကွဲပတ်လက်ဝမ်းနည်းရတဲ့ဒဏ်၊သူ့ရဲ့လက်ရင်းတပည့်ကြီးများက ထုထောင်း
နှိပ်စက်ခဲ့တဲ့ဒဏ်တွေကြောင့် သွေးစိမ်းပွက်ပွက်အန်ပါတော့တယ်..။

အဲဒီလိုဒုက္ခကြီးစွာရောက်တော့မှ ရှင်ဒေဝဒတ်ဟာ နောင်တော်ဘုရားရှင်ရဲ့ဂုဏ်တော်၊ကျေးဇူးတော်တွေကို
အောက်မေ့သတိရလို့၊နှောင်းနောင်တကြီးစွာရပါတော့တယ်ခင်ဗျ...။ဒီတော့မှ ဘုရားရှင်ထံ ဝန်ချတောင်ပန်ဖို့
အသွား၊ဘုရားရှင်သီတင်းသုံးရာ ကျောင်းဝ မှာပဲ မဟာပထဝီမြေကြီးရဲ့ဝါးမြိုခြင်းခံခဲ့ရပြီး မဟာအဝီစီငရဲ ထံသို့
ရောက်ရှိသွားခြင်းဖြင့် သူ့ရဲ့ သံသရာအဆက်ဆက်က ရန်ငြိုးတွေကို အဆုံးသတ်သွားခဲ့ရပါတော့တယ်...။

ဒေဝဒတ်ဟာ မဟာအဝီစီငရဲမှာ ကမ္ဘာတစ်သိန်းတိတိ ခံနေရပြီဖြစ်ပါတယ်...။သူ့ရဲ့အပြစ်ဟာ ဘယ်လောက်များ
ကြီးသလဲဆိုရင် ကမ္ဘာပျက်လို့ တခြားငရဲသားများ ဗြဟ္မာ့ဘုံရောက်သည့်တိုင်အောင် သူကတော့ မရောက်ပါဘူး
တဲ့ခင်ဗျာ....။ဒီကမ္ဘာပျက်ရင် တခြားကမ္ဘာက မဟာအဝီစီငရဲမှာ သွားခံရမှာပါတဲ့ခင်ဗျ။အဲဒီ သူရောက်သွားတဲ့
ကမ္ဘာ ပျက်ခဲ့ရင်လည်း နောက်အခြားကမ္ဘာမှာ သွားခံရမှာပါတဲ့..။နောက်ဆုံး စကြာဝဠာထဲမှာရှိတဲ့ ကမ္ဘာ
အာလုံး တစ်ပြိုင်နက်ထဲ ပျက်ခဲ့ရင်တောင်မှ ဒေဝဒတ်ဟာ စကြာဝဠာမဟာတံတိုင်းမှာ ခြေ၊လက် လေးဖက်ကို
သံစို့နဲ့ အနှက်ခံလို့ သူ့ရဲ့မကောင်းကြံခဲ့တဲ့ဒဏ်ကို အကြားအလပ်မရှိ ခံရရှာမှာပါ...။

ဒေဝဒတ်ရဲ့ဇာတ်ဟာ ဒီနေရာမှာ ပြီးသွားဖို့ပါပဲခင်ဗျ..။ဒါပေမယ့် မပြီးသေးပါဘူး...။သူဟာ နှောင်းမှနောင်တ ရ
ခဲ့လို့ ကမ္ဘာတစ်သိန်းလုံးလုံး ငရဲခံရမှာဖြစ်ပေမယ့် အဲဒီ နောင်တဟာ အချည်းနှီးတော့ ဖြစ်မသွားခဲ့ပါဘူးတဲ့ခင်ဗျ။
ကမ္ဘာတစ်သိန်း ငရဲခံရပြီးတဲ့ နောက်မှာ ဒေဝဒတ်ဟာ ပစ္စေကဗုဒ္ဓအဖြစ် ကျွတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်တဲ့
ခင်ဗျာ...။

နောက်ဆုံးမှာတော့ ဘာပဲဖြစ်ဖြစ် နောင်တဆိုတာ အချိန်နှောင်းမှ ရခဲ့ဦးတော့ အလဟသတော့ မဖြစ်နိုင်ဘူး
ဆိုတာ ရှင်ဒေဝဒတ်ရဲ့ ဇာတ်သိမ်းခန်းက သက်သေပြသွားခဲ့ပါတယ် ဆိုတဲ့အကြောင်း ပြောကြားရင်းဖြင့်
ဒေဝဒတ္ထဇာတ်ကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျား...။

Thursday, July 29, 2010

ကျွန်တော်နှင့်ဆိုဆိုက် ခံစားမှု

အခုတလော အလိုလိုနေရင်း စိတ်ဓာတ်ကျနေတယ်...။ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ ကစပြီးဖြစ်တာပဲ...။
အလုပ်အကိုင်အဆင်မပြေဘူးလားဆိုတော့လည်းပြေပါတယ်...။ဖိစီးမှုတွေလည်းသိပ်မရှိပါဘူး..။ဘယ်သူ့ဆီကမှ
လည်း သတင်းဆိုးတွေလည်း မကြားရပါဘူး..။အလိုလိုနေရင်းစိတ်ဓာတ်ကသုညအောက်ယူဇနာတစ်ရာလောက်
ကို ထိုးကျသွားခဲ့ပါတယ်...။စိတ်ဓာတ်ကျတော့ ဘာဖြစ်လဲ ဆိုတော့ ဘာသာ သက်သေချင်စိတ်ပေါ်လာတာက
လွဲလို့ ဘာမှတော့ မဖြစ်ပါဘူး။

အဲဒီလို သရိုးသရီ ဖြစ်နေပါတယ်ဆိုမှ ဘယ်ဆွေ၊ဘယ်မျိုး၊ဘယ်သူငယ်ချင်းကမှ ဖုံးဆက်ဖော် မရကြဘူး...။
ကိုယ်တိုင်ကလည်း ဘယ်တော့မှ စိတ်ညစ်စရာတွေကို ကိုယ်ချစ်ခင်ရတဲ့သူတွေကို ဖွင့်ပြောလေ့မရှိခဲ့ဘူး။
ဘာသာတစ်ယောက်တည်းပဲ ကျိတ်ခံစားတာများတယ်...။ဒါပေမယ့် မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအသင်းတွေ
နဲ့ တခြားအကြောင်းတွေ ပြောဖြစ်ခဲ့ရင်၊မိဘ၊ဆွေမျိုး၊ကိုယ်ချစ်ခင်ရသူတွေနဲ့ စကားပြောရရင် သူတို့ကို ချစ်ခင်
တဲ့စိတ်တွေနဲ့ စိတ်ဖြေရာတော့ ရတာအမှန်...။

ဒီရက်ပိုင်းအတွင်း လုပ်ရတဲ့ အလုပ်ကလည်း ဟိုး PSA အဆောက်အဦး ရဲ့ လေးဆယ့်ခြောက်ထပ်၊တိုက်ကတုံး
ပေါ်တက်ပြီး ရေဒါကိရိယာတွေ တင်ပေးရတဲ့ အလုပ်ဖြစ်နေတယ်...။တိုက်ခေါင်းမိုးပေါ်က အောက်ကိုလှမ်းကြည့်
လိုက်ရင် အတွေးထဲပေါ်လာတာက “ ဒီအပေါ်ကနေ ခုန်ချလိုက်ရရင်တော့” ဆိုတာပဲ....။ နောက် ဆက်ပြီး တွေး
မိတာကတော့ အခုနေ ငါသာကိုယ့်ဘာသာ သက်သေလိုက်ရင်တော့ ကျန်ခဲ့တဲ့လူတွေတော့ ပဟေဠိ ဖြစ်ကျန်
ခဲ့မှာပဲ ဆိုတာပါ...။

မိဘတွေ ကတော့ ရင်ကျိုးရှာမှာ အမှန်၊ပြီးတော့ သူငယ်ချင်းတွေကရော...၊ဟယ်..ပြီးခဲ့တဲ့ တစ်ပတ်ကတင် ငါတို့
နဲ့ ရယ်ရယ်မောမော ပြောဆို၊နောက်ပြောင်နေသေးတာ...၊ဘာဖြစ်သွားတာပါလိမ့် လို့ အောက်မေ့ကြမှာပဲ....။
လုပ်ဖော်ကိုင်ဖက် စလုံးတွေ၊တရုပ်တွေကတော့ ဒီကောင် အကောင်းကြီး ကနေ ဘယ်လို ဖောက်သွားတာပါ
လိမ့်လို့ တွေးပြီး ပြောလို့မဆုံးဖြစ်နေမယ်ထင်ပါရဲ့...။အင်း..တစ်ယောက်သောသူကရော....၊သူဘယ်လို ထင်
မလဲ ဆိုတာကိုတော့ ကျွန်တော် မတွေးတတ်ပါ။သူ ငါ့ကို ဘဝခရီးဖော် အဖြစ် လက်မတွဲချင်လို့များလား လို့
မတွေးရင်ပဲ ကျေနပ်မိမှာပါ...။

အင်း...သူဌေးကတော့ ဒီကောင် သေတာတောင် ငါ့ကို ဒုက္ခတွေ တလှေကြီးပေးသွားပြီးမှ သေသွားတယ်...။
တော်တော်ဆိုးတဲ့ကောင်လို့ တွေးပြီး ပျစ်တောက်၊ပျစ်တောက် လုပ်နေမယ်ထင်ပါရဲ့...။အဲ.. ကျွန်တော့်ဘလော့
လေးကို မကြာခဏ လာတတ်ကြတဲ့ ဘလော့မိတ်ဆွေနည်းနည်း ကတော့ မောင်လေး တစ်ယောက် ဘာဖြစ်လို့
စာတွေ မရေးတော့တာပါလိမ့်လို့ တွေးမိကြလေမလား...။

အဲဒီလို ပေါက်ကရတွေ တွေးနေမိပေမယ့် တကယ်တမ်း ကိုယ့်ဘာသာ သက်သေဖို့ဆိုတာ လွယ်မယောင် နဲ့ ခက်
လှပါတယ်..၊ဘဝကို ချစ်တဲ့ ဘဝတဏှာက အနိုင်ယူနေသေးလေတော့ ဘာမှတော့ မလုပ်ဖြစ်သေးဘူးပေါ့လေ..။


ဒီကြားထဲ တိုက်တိုက်ဆိုင်ဆိုင် ဘလော့တွေ လည်တော့လည်း ကိုယ်လိုပဲ သက်သေချင်နေတဲ့ သူနဲ့ တွေ့နေလေ
သေးရဲ့...။အဖော်ရပြီ လို့တော့မတွေးမိခဲ့ပါ။ကိုယ်တိုင် စိတ်ဓာတ်ကျနေသည့် တိုင်အောင် အခြားလူကိုတော့
အားပေးစကား ပြောဖြစ်ခဲ့ပါတယ်...။ပြီးတော့ တလောက ကိုရီးယားမင်းသားတစ်ယောက်လည်း သက်သေသွား
တယ်လို့ ဖတ်လိုက်ရပါတယ်..။(ဒီမင်းသားအကြောင်းတော့ သိပ်စိတ်မဝင်စားမိပါဘူး၊မင်းသမီးဆိုရင်တော့
ကြားကနေ ဝင်ပြီးနှမျောနေမိမလားတော့မသိ..။ဤကား စကာချပ်။)

နောက်ထပ် တိုက်ဆိုင်တာတစ်ခုက စင်္ကာပူ လူငယ်တွေ ကြားမှာ ကိုယ့်ဘာသာ သက်သေတဲ့နှုန်း မြင့်တက်လာ
တဲ့ အကြောင်း သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်...။ပြီးခဲ့တဲ့ နှစ်က စင်္ကာပူ မှာ လူပေါင်း လေးရာ့တစ်ယောက်
သက်သေခဲ့ကြပြီး၊ နှစ်ထောင့်ရှစ်ခုနှစ်က သုံးရာခြောက်ဆယ့်လေး ယောက်နှုန်းထက် ပိုမြင့်လာခဲ့တယ် လို့ ဆို
ပါတယ်။အဲဒီ အထဲမှာ အသက် ၁၀နှစ် မှ ၂၉ နှစ် ကြားက ၉၁ ယောက် ရှိခဲ့တယ်တဲ့ခင်ဗျ။အဲဒီထဲကမှ ၇၂
ယောက်က ၁၉နှစ် နဲ့ ၂၉ နှစ်ကြားဖြစ်ပြီး၊ကျန်တဲ့ ၁၉ယောက်က ဆယ်နှစ် မှဆယ့်ကိုးနှစ်ကြား ကလေးတွေ....။

သက်သေကြရတဲ့ အကြောင်းရင်းတွေထဲက အဓိကတစ်ချက်ကတော့ မိသားစုဝင်တွေကြားက ပေါင်းသင်း
ဆက်ဆံရေးပြဿနာကြောင့် လို့ဆိုပါတယ်...။မှန်ပါတယ်ခင်ဗျ..။မိဘတွေ၊တခြားဆွေမျိုးတွေ ရဲ့ပြဿနာတွေ
ဟာ ကလေးတွေ အပေါ်အများကြီး သက်ရောက်မှုရှိပါတယ်...။မိဘတွေရဲ့ ဆိုးရွားတဲ့ အိမ်ထောင်ရေးပြဿနာ
တွေကို မခံစားနိုင်ကြတော့တာကြောင့်ရော၊ကျန်ရစ်ခဲ့မယ့် မိဘတွေကို နောင်တရစေချင်၊ခံစားမှုတစ်ခုခုကို
ပေးခဲ့ချင်တာကြောင့်ပါ သူတို့တွေ ဒီလမ်းကို ရွေးချယ်ခဲ့ကြတယ် ထင်ပါရဲ့.....။

သက်သေသူ အများစုမှာ ကျန်ရစ်ခဲ့သူတွေအပေါ် စိတ်ပိုင်းဆိုင်ရာနာကျင်မှု ကိုခံစားရစေလိုစိတ် ရှိခဲ့ကြလိမ့်
မယ်လို့ ထင်ပါတယ်...။ နောက်တစ်ခုက သူတို့သက်သေရတဲ့ လက်တလော အကြောင်းရင်း ကဘယ်လိုဘဲရှိရှိ၊
ငယ်ဘဝမှာ ခံစားခဲ့ရတဲ့ ခံစားချက်တွေက အခြေခံအကြောင်းရင်း အဖြစ်တည်ရှိနေခဲ့ပါလိမ့်မယ်....။

ဘယ်လိုပဲဖြစ်ဖြစ် သက်သေကြသူတွေမှာ အမှန်တကယ်သက်သေဖြစ်ခဲ့ကြဖို့ ကြီးမားတဲ့ တွန်းအားတစ်ရပ် ရှိခဲ့
ကြပါလိမ့်မယ်။သူတို့မှာ (အဲဒီ အချိန်မှာ သူတို့ အတွက်တော့ )လုံလောက်တဲ့ အကြောင်းပြချက်တစ်ခုခုလည်း ရှိနေခဲ့မှာပါ။ဒီလိုမှ မဟုတ်ရင်ဖြင့် ဆိုးရွားလှတဲ့ ဒီနည်းလမ်းကိုတော့ ထွက်ပေါက် အဖြစ် အသုံးပြုဖို့ဆိုတာ
အတော်ကို ခဲယဉ်းလှပါတယ်...။

အင်း....ကျွန်တော်ကရော....။ကျွန်တော့်မှာ လက်ရှိအချိန်ထိတော့ ကြီးမားတဲ့ တွန်းအားတစ်ရပ်လည်း မရှိ၊
လုံလောက်တဲ့ အကြောင်းပြချက်လည်း မရှိလေတော့ စိတ်ကူးပေါက်မိတာကလွဲလို့ ဘာမှတော့ မကြိုးပန်းမိပါဘူး
ခင်ဗျ...။ဒီနေ့တော့ ကျနေတဲ့စိတ်လည်း ပြန်တက်လာပြီဖြစ်လို့ အရင်နေ့တွေကလို လေးလံထိုင်းမှိုင်းမနေတော့
ပဲ ပုံမှန်အတိုင်း ကြည်ကြည်သာသာ ပြန်ဖြစ်နေပါပြီ...။

သို့ပေမယ့် လူ့စိတ်ဆိုတာက အခက်သားကလား...။အခုချိန်မှာ ဘယ်သို့ပင်ရှိနေပါစေ....။နောင်တစ်နေ့မှာ ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်လည်း မမှန်းဆ နိုင်ပါကြောင်း.....။

Monday, July 26, 2010

ကျွန်တော် ဘလော့တွေဆီက ဘာကို မျှော်လင့် ခဲ့ပါသလဲ..

သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ဘာဖြစ်လို့ ဘလော့တွေကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်တာလဲ လို့မေးလာခဲ့တော့
ကျွန်တော့်မှာ ရုတ်တရက် ပြန်ဖြေစရာ စကားလုံးများ ဆွံအ သွားခဲ့ရသည်။ထိုစဉ်တုန်းကတော့ ဝါသနာပါလို့ပေါ့
လို့ လုံးချခဲ့ပေမယ့် အဲဒီအဖြေဟာ ကျွန်တော့်ရင်ထဲက လာတဲ့ ရာနှုန်းပြည့် မှန်တဲ့ အဖြေ မဟုတ်ခဲ့တာ ဘာသာ
သိနေခဲ့ပါတယ်...။

ဟုတ်ပါတယ်...ကျွန်တော့် အတွက်တော့ စာရေး၊စာဖတ်ဝါသနာ ပါရုံနဲ့ဘလော့တွေကိုဖတ်ဖြစ်နေတာမဟုတ်ပါ။
စာဖတ်ဝါသနာ ပါရုံဆိုရင် စာဖတ်ချင်သူတွေ အတွက် စလုံးမှာ လမ်းပြကြယ် မြန်မာစာကြည့်တိုက်ရှိပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း မန်ဘာဝင်ထားပြီး စာအုပ်တွေငှားဖတ်ဖြစ်ပါတယ်။ပြီးတော့ e-book တွေလည်းရှိနေ
လေတော့ တကယ်ဆို အချိန်ဆင်းရဲလှလို့ ရှိတဲ့စာအုပ်တွေတောင် ကုန်အောင်မဖတ်နိုင်တဲ့သူတစ်ယောက်
အတွက်တော့ စာဖတ်ဝါသနာပါလို့ ဆိုတဲ့ အဖြေဟာ လုံလောက်မှန်ကန်တဲ့ အဖြေတစ်ခု မဟုတ်ခဲ့ပါဘူး....။

ဒါဆို ဘာအတွက်ပါလဲ....။ဗဟုသုတ (ဒါမှမဟုတ် )ပညာ တစ်ခုခု ရဖို့အတွက်လား...။ဟင့်အင်း...၊မဟုတ်ပါ။
ဘလော့ဂါတွေ ကသူတို့ရဲ့ ဘလော့တွေမှာ တတ်နိုင်သလောက် သူတို့သိထား တာတွေကို ဝေမျှ တတ်ကြ
ပေမယ့် အမြဲတမ်း ဒါမျိုးတွေချည်း ရေးနေဖြစ်ကြတာမဟုတ်ပါဘူး...။သူတို့ရဲ့ခံစားမှုတွေ၊နောက် ကဗျာ၊ဝတ္ထု
လေးတွေ၊ဟာသလေးတွေ ကိုလည်း ရေးတတ်ကြတာပါပဲ...။ကျွန်တော်ကတော့ သူတို့ဘာရေးရေး၊ ဖတ်နေ
ဖြစ်တာ အမှန်ပါ..။ဗဟုသုတလေးတွေ ဝေမျှတော့လည်း ယူလိုက်တာပါပဲ...။

ဒီနေရာမှာ ဘလော့နည်းပညာသီးသန့် မျှဝေပေးတဲ့ ဘလော့တွေ ကိုတော့ နည်းပညာလိုချင်စိတ် သီးသန့်နဲ့
သွားဖြစ်ပါတယ်...။ဒါပေမယ့် ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အမြဲတမ်း သွားဖြစ်နေတာမဟုတ်ဘူးခင်ဗျ၊ကိုယ်
လိုအပ်မှသာ သွားရှာဖြစ်တာရယ်...(စေတနာ အပြည့်နဲ့ သိထားသမျှကိုမျှဝေပေးတဲ့ နည်းပညာဘလော့တွေကို
ကျေးဇူးတင်ရှိပါကြောင်း စကားစပ်လို့ ပြောကြားလိုက်ရပါတယ်...)

ဒါဆိုရင် စိတ်အပန်းပြေရုံ ဖျော်ဖြေရေးလိုသဘောထားတာလားလို့ မေးလာခဲ့ရင်လည်း မဟုတ်ရပါဘူးလို့ပဲဖြေ
ရမှာပဲခင်ဗျ...။စိတ်အပန်းဖြေချင်လို့ဆိုရင် ဂိမ်းတွေဆော့လို့ရတာပဲမဟုတ်လားခင်ဗျ၊ဖျော်ဖြေရေးအတွက်ဆို
ရင်လည်း ရုပ်ရှင်တွေ၊ဗီဒီယိုခွေတွေ အွန်လိုင်းမှာ ပြည့်လို့ရယ်....။ပြီးခဲ့တဲ့ ကမ္ဘာဖလားဘောပွဲတွေကိုတောင်
အွန်လိုင်းက အလားကားမူးတင်းကြည့်ခဲ့ရသေးတာ....။ဘလော့တွေကို ဖျော်ဖြေရေးသဘောမျိုး စိတ်ထဲမှာ
မရှိခဲ့တာလဲ အမှန်ပါ...။

ဒါဖြင့်ရင် ကျွန်တော် ဘာဖြစ်လို့ ဘလော့တွေကို စွဲစွဲမြဲမြဲ ဖြစ်နေရပါသလဲ.....။
တစ်နည်းအားဖြင့် ဘလော့တွေဆီမှ ကျွန်တော် ဘာကိုမျှော်လင့်ခဲ့ပါသလဲ....။

တစ်ခုထဲပါပဲ....၊ကျွန်တော်ဘလော့တွေထံမှ မျှော်လင့်ခဲ့တာ“ စိတ်ခံစားမှု ”တစ်ခုထဲပါ..။
တိတိကျကျပြောရရင် ဘလော့ဂါတွေက မျှဝေပြီးခံစားတဲ့ စိတ်ခံစားမှု တစ်ခုထဲရယ်ပါ....။

သူတို့တွေက ဝမ်းနည်းစရာတွေ ပေးလာခဲ့ရင် သူတို့နဲ့ထပ်တူ လိုက်ပြီး ဝမ်းနည်းလိုက်ပါတယ်..။
သူတို့တွေက ပျော်စရာ၊ကြည်နူးစရာလေးတွေ ဝေမျှလာတော့လည်း ထပ်တူ ဝမ်းသာ၊ကြည်နူးမိတာပါပဲ...။
သူတို့ခရီးသွားနေခဲ့ရင် ကျွန်တော်လည်း သူတို့နဲ့အတူ ဒေသန္တရဗဟုသုတလေးတွေ ရယူလိုက်ပါတယ်...။
သူတို့တွေက သူတို့အမြင်တွေ၊အတွေးတွေ ကိုချပြတော့လည်း၊ ကိုယ့် အမြင်နဲ့ ထပ်တူကြရင် လက်ခံ
လိုက်ပါတယ်..။မတူတော့လည်း မတူခြားနားခြင်းတွေကို ဆွေးနွေး၊ငြင်းခုံ ကြသည်ပေါ့ခင်ဗျာ...။

တစ်ခါတစ်လေ သူတို့တွေက သူတို့လျောက်လှမ်းခဲ့ရတဲ့ ဆူးခင်းတဲ့လမ်းတွေ၊ဘဝအမောတွေကို တဖွဲ့တနွဲ့
ပြောပြလာခဲ့ရင်လည်း ဖတ်လိုက်ရတဲ့ သူပါ နောက်ဆုံးမှာ မောပြီးကျန်ရစ်ခဲ့ပါတယ်...။
သူတို့တွေက သူတို့ချက်ပြုတ်၊စားသောက်သမျှကို စေတနာဗလပွနဲ့ ကျွေးမွေးတော့လည်း ကြုံသလိုစားနေရတဲ့
တကိုယ်တည်းသမားဖြစ်နေလေတော့(ဘာပဲပြောပြော ကြော်ငြာလေးတော့ ဝင်လိုက်ဦးမှ )သွားရေတောက်
တောက်ကျပြီးပြန်လာရတာပေါ့ခင်ဗျ...။

ဒီကမ္ဘာလောကကြီးမှာ ကိုယ်နဲ့ ဘယ်တုန်းကမှ မသိခဲ့တဲ့ သူတစ်ယောက်ရဲ့ စိတ်ခံစားမှုတွေကို ဝေမျှခံစားလို့
ရတာ ဟောဒီ ဘလော့ကေင်းကင်ကြီးမှာပဲရှိတယ်လို့ ကျွန်တော်တော့ထင်မိပါတယ်....

ပြီးတော့ ကိုယ့်ခံစားမှုတွေကို ကိုယ်တိုင်ဘလော့ရေးလို့ပဲဖြစ်ဖြစ်၊သူများပို့စ်မှာ မှတ်ချက်ရေးလို့ပဲဖြစ်ဖြစ်၊
အများတကာ ကို ဝေမျှပေးလို့လည်း ရပေတာကိုးခင်ဗျ...။

ကျွန်တော့် အတွက်ကတော့ ဘလော့တွေကို လည်ပတ်ရလို့ ဘာမှမရခဲ့ဘူဆိုရင်တောင် ဆိုခဲ့ပြီးတဲ့ စိတ်ခံစားမှု
တစ်ခုကိုရတာနဲ့တင် ဘယ်တုန်းကမှ အချိန်ကုန်တာပဲ အဖတ်တင်တယ်ဆိုတဲ့ စိတ်မျိုးမရှိခဲ့ပါဘူး...။

အဲဒီတော့ကာ....အို ဘလော့ကာအပေါင်း...သူတော်ကောင်းတို့...အသင်တို့ရေးချင်တာ ရေးကြပါကုန်...
ကျွန်တော် မောင်လေးတစ်ယောက်ကတော့ဖြင့် အသင်တို့ရေးသမျှ ဝေမျှလို့ ခံစားသွားမှာ ဖြစ်တဲ့ အကြောင်း
ကြေငြာမောင်း ခတ်လိုက်ရပါတယ်....

Thursday, July 22, 2010

အမှတ်ရနေတဲ့ စကားတွေ.....( ၂ )

မနေ့က မြန်မာပြည်ကို ခဏ အလည်ပြန်သွားရာက ပြန်လာတဲ့သူငယ်ချင်းကိုလေဆိပ်မှာသွားကြိုဖြစ်ပါတယ်....။
(အမှန်တော့ ဒီငတိကို သွားကြိုချင်လှတယ်တော့ မဟုတ်..၊လေဆိပ်ဂျူတီဖရီးဆိုင်က ချီးစ်ဗတ်တစ်လုံး ဝယ်လာ
မယ်ဆိုလို့ ချီးစ်ဗတ်မျက်နှာနဲ့ သွားကြိုတာ...၊ပိုက်ဆံမလောက် လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝယ်မလာဘူး၊
လေဆိပ်သွားလိုက်ရလို့ အချိန်ကုန်၊လူပန်း ပဲ အဖတ်တင်တယ်....ဤကားစကားချပ်)

အဲဒီလိုချီးစ်ဗတ်ကြီးကိုမမြည်းလိုက်ရပေမယ့်(မမြည်းလိုက်ရတာပဲကောင်းပါတယ်ဗျနော်..၊နာမည်ကြီးကဆိုးလိုက်
တာဗျာ..)မြန်မာပြည်ကအကြောင်းတွေကိုတော့ စုံနေအောင်ကြားခဲ့ရပါတယ်...။ကြားရသလောက်ကလည်း....
တခုမှကို အကောင်းမရှိဘူးခင်ဗျ..။မြန်မာပြည်အကြောင်းပြောတော့ ထုံးစံအတိုင်း နိုင်ငံရေး အကြောင်းတွေဆီ
စကားရောက်သွားပါတယ်..။

ဒီနှစ်ထဲမှာလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ အကြောင်းရောက်သွားတော့ ကျွန်တော့်သူငယ်ချင်းက နောင်မှာ
လူထုရွေးကောက်တဲ့အစိုးရတစ်ရပ် တက်လာရင် (ဘောင်းဘီချွတ်တွေပဲဖြစ်စေဦးတော့)အခုအခြေအနေတွေ
ထက်တော့ နည်းနည်းဖြစ်ဖြစ်ပိုကောင်းလာလိမ့်မယ်လို့ အကောင်းမြင်ဝါဒနဲ့ ပြောတယ်ခင်ဗျ..။

သူက အဲဒီလိုပြောတော့ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်(စာအုပ်နာမည်ကတော့ ထုံးစံ အတိုင်းမေ့သွား
ပြီ...)ထဲက ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြောတဲ့ စကားလေးတစ်ခွန်းကို အမှတ်ရမိပါတယ်....။

မြန်မာတို့ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းကိုမှီလိုက်တဲ့၊ခေတ်၊စနစ်ပေါင်းများစွာ၊နိုင်ငံအုပ်ချုပ်မင်းလုပ်ခဲ့သူပေါင်း
များစွာကိုလည်း ကြုံတွေ့ ဖြတ်သန်းခဲ့ဘူးတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စာရေးဆရာ၊သတင်းစာဆရာ
တစ်ဦးက....
“ဆရာကြီးခင်ဗျာ...ဆရာကြီး ဖြတ်သန်းခဲ့၊တွေ့ကြုံခဲ့ရတဲ့ မြန်မာပြည်ကိုအုပ်ချုပ်သွားခဲ့တဲ့သူတွေ၊မြန်မာပြည်မှာ
ကျင့်သုံးသွားခဲ့တဲ့ စနစ်တွေ ထဲမှာ ဘယ်သူ၊ဘယ်စနစ် ကဖြင့် မြန်မာပြည်သူတွေ အတွက် အကောင်းဆုံး ဖြစ်ခဲ့
ပါသလဲ ခင်ဗျာ....” လို့ မေးခွန်းတစ်ခု မေးခဲ့ပါတယ်။

အဲဒီတော့ ဆရာကြီးက အခုလို ဖြစ်ရပ်လေး တခုကို ပြန်ပြောင်း ပြောပြပါတယ်တဲ့ ခင်ဗျ...။
ဟိုး....လွန်လေပြီးသော မြန်မာဘုရင်မင်းတုန်းမင်းကြီးလက်ထက်မှာတဲ့.....၊မင်းတုန်းမင်းကြီးဟာ ရာဇဌာနီ
မင်းနေပြည်ကို အမရပူရကနေ မန္တလေးရတနာပုံ မြို့တော်သစ်ဆီသို့ ပြောင်းရွှေ့တည်ဆောက်ခဲ့ပါသတဲ့..။
အဲဒီလို မြနန်းစံကျော်ရွေနန်းတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ သစ်ဝါးတွေကို အားလုံး အသစ်ချည်းပဲ
သုံးတာတော့ မဟုတ်ဘူးတဲ့ခင်ဗျ...။ယခင် အမရပူရနန်းတော်ဟောင်းက ပြန်သုံးလို့ရမယ့် တိုင်တွေ၊သစ်တွေ
ကိုလည်း ပြန်ပြီးအသုံးပြုပါတယ်ခင်ဗျ..။

အဲဒီလို အမရပူရက အဆောက်အဦးဟောင်းတွေကို ဖျက်ပြီး မန္တလေးကို ရွေ့တဲ့ အခါမယ် ဆင်းရဲသား တိုင်းသူ
ပြည်သားများကို လှည်းနဲ့လူ ဆင့်ခေါ်ပါတယ်ခင်ဗျ။(ခုခေတ်လိုဆိုရရင်တော့ လုပ်အားပေးခေါ်တယ်ပေါ့ဗျာ....D)
သို့ပေမယ့် အလကားတော့ မခိုင်းဘူး...၊လှည်းတစီးကို တစ်ခေါက် တစ်ကျပ်သတ်မှတ်ပြီး ပေးသတဲ့...။ဒါပေမယ့်
တစ်ကျပ် အပြည့်တော့ လှည်းအဆင့်ခံရတဲ့ ဆင်းရဲသားတွေလက်ထဲ မရောက်ဘူးတဲ့ခင်ဗျာ...ဘာဖြစ်လို့လဲဆို
တော့ ကြားက စီစဉ်ကြည့်ကြပ် ရတဲ့ သူကြီးတွေ၊စာရေးတွေက ဖြတ်စားတာနဲ့ လှည်းသမားတွေခမျာ မှာ
တစ်ခေါက်ကို ငါးမူး၊အလွန်ဆုံး သုံးမတ်ပဲ ရကြာရှာသကိုးခင်ဗျ..။

တစ်ကျပ် သတ်မှတ်ပေးပါလျက်နဲ့ ငါးမူး၊သုံးမတ် ပဲ ရကြတော့ ဘယ်သူက ကျေနပ်လိမ့်မတုန်းခင်ဗျ..။မကျေနပ်
ပေမယ့် ကျယ်ကျယ်တော့ မပြောရဲကြဘူးပေါ့လေ..၊(ခုခေတ်လိုပဲ )ဟိုနားပွစိပွစိ၊ဒီနားပွစိပွစိ ပေါ့...။ဒါပေမယ့်
မင်းနားတစ်ထောင်၊မင်းမြှောင်တစ်သိန်း ဆိုတာလို အဲဒီလို လှည်းတိုက်ခတွေဖြတ်စားခံနေရတဲ့ သတင်းကို
ရွေနန်းတော်ဆီ ပေါက် ကြားသွားပါလေရောတဲ့ခင်ဗျ..။ဒါနဲ့ အိမ်ရှေ့စံကနောင်မင်းသားကြီးလည်း မနေနိုင်
တော့ပဲ ဒီသတင်း မှန်၊မမှန် သိရလေအောင် ကိုယ်တိုင် ထောက်လှမ်းရေး ဆင်းပါလေရော..။

ဘယ်လိုထောက်လှမ်းသလဲဆိုတော့ ကနောင်မင်းသားကြီးဟာ သာမာန်ဆင်းရဲသား ဟန်ရုပ်ဖျက်ပြီး အမရပူရ
နှင့် မန္တလေးကြား လမ်ခုလပ်က လှည်းသမားတွေခဏနားလေ့ ရှိတဲ့ ဇရပ်တစ်ဆောင်မှာ လှည်းသမားတွေ ပြော
စကားကို အသာ နားထောင်နေပါသတဲ့..။

လှည်းသမားတွေလည်း အခုလို သူတို့ လှည်းခတွေ ဖြတ်စားခံနေရတဲ့အကြောင်း၊ရွေနန်းတော်မှ ဒီသတင်းကို
ကြားရင်ဖြင့် နေမှာမဟုတ်၊ ကျိန်းသေ အရေးယူမှာ ဖြစ်တဲ့အကြောင်း တစ်ယောက်တစ်ပေါက် ပြောကြတာပေါ့
ခင်ဗျာ..။အဲဒီလို ပြောကြတော့ အသက်ခုနှစ်ဆယ်လောက်ရှိတဲ့ အဘိုးအိုတစ်ဦးက ဘာပြောသလဲ ဆိုတော့
ရွေနန်းတော်က ဒီသတင်းကိုကြားလည်း ဘာမှ အရေးယူမှာမဟုတ်၊ဘုရင်ဆိုတာမျိုးတွေက သူသိသလောက်
သူတို့ ဘာသာ မိဖုယားတွေနဲ့ ပျော်ဖို့ပါးဖို့လောက်သာ စိတ်ထဲရှိကြတဲ့အကြောင်း၊ဆင်းရဲသား၊တိုင်းသူပြည်သား
တွေအရေးကိုတော့ ဘယ်သူမှခေါင်းထဲထည့် မစဉ်းစားတဲ့အကြောင်း အာပေါင်အာရင်းသန်သန် နဲ့ ပြောပါ
လေရောဗျို့..။

အဲဒီတော့ ဆင်းရဲသားဟန် ရုပ်ဖျက်ထားတဲ့ ကနောင်မင်းသားကြီးလည်း မနေနိုင်တော့ဘူးနဲ့ တူပါရဲ့..။အဲဒီ
အဘိုးအိုကို “ အဘိုးရယ်...အဘိုး အသက်အရွယ် အရဆို ရှင်ဘုရင်အတော်များများရဲ့ သက်တမ်းကို သိမှီလိုက်
မယ်ထင်ပါတယ်..။အဘိုးသိမှီ လိုက်တဲ့ ရှင်ဘုရင်တွေထဲမှာ ဘယ်ဘုရင်ကများ မင်းကျင့်တရာနှင့်အညီ တိုင်းပြည် ကိုအုပ်ချုပ်ခဲ့ပါသလဲ...၊ဘယ် ဘုရင်ကများ မင်းကောင်း၊မင်းမြတ် ဖြစ်ပါသလဲ ”လို့ မေးလိုက်တယ်တဲ့
ခင်ဗျာ....။

ဒီတော့ အဘိုးအိုက ဘာပြန်ပြောသလဲဆိုတော့ “ဒီမှာ မောင်ရင်ရဲ့ တို့ချည်းမို့လို့ ပြောရဦးမယ်...၊ငါအသက်
အရွယ် နဲ့ ကြုံခဲ့သမျှတော့ ဘယ်မအေရိုးမှမကောင်းဘူးကွ ” လို့ပြန်ဖြေလိုက်သတဲ့ ခင်ဗျ....။ဒါနဲ့ပဲ ကနောင်
မင်းသားကြီးလည်း အင်း..ငါဆက်မေးရင်တော့ ဒီထက်ဆိုးတဲ့ ပေါက်ကွဲ သံစဉ်တွေ ထွက်လာတော့မယ်၊မဖြစ်
ချေဘူးလို့တွေးမိပြီး ဟိုလိုလို၊ဒီလိုလို နဲ့ အသာထွက်လာခဲ့ရတယ်...တဲ့ခင်ဗျာ.....။

ဒီအကြောင်းလေးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြောပြ ပြီးတဲ့နောက် ဆရာကြီး ကဆက်ပြောတာက
သူ့အနေနဲ့လည်း အထက်က မေးခွန်းကို လှည်းသမားအဘိုးအိုလိုပဲ “ဘယ်မအေရိုးမှ မကောင်းဘူး”လို့ပဲ
ပြန်ဖြေလိုက်ချင်တော့တယ် လို့ပြောခဲ့ကြောင်း မှတ်သားလိုက်မိပါတယ် ခင်ဗျား..

(အမှတ်ရနေမိတဲ့ စကားလေး တစ်ခွန်းကို ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်..။စကားလုံး အသုံးအနှုန်းက
နည်းနည်းရိုင်းသလိုဖြစ်နေရင်တော့ဖြင့် (မူရင်းကကို အဲလိုဆိုထားတော့)ခွင့်လွှတ်စေချင်ပါတယ်..။)

( တကယ်လို့များ ကျွန်တော်တို့လည်း အသက်တွေကြီးလာလို့ နောင်လာနောက်သား တွေကများ အဲဒီလို
မေးလာခဲ့ရင်ဖြင့် ကျွန်တော်တို့လည်း အဲဒီလိုပဲ ဖြေရလိမ့်မယ်ထင်ပါရဲ့.....)

Tuesday, July 20, 2010

အမှတ်ရနေတဲ့ စကားတွေ.....

ပြီးခဲ့တဲ့ ပိတ်ရက်က စာရေးချင်စိတ်ရှိတာနဲ့၊ ရေးစရာအကြောင်းအရာတွေလည်း ရှိနေတာနဲ့ ပို့စ်တပုဒ်ရေးဖို့
ကြိုးစားမိပါတယ်။ခက်တာက စာရေးချင်စိတ်သာ ရှိတယ်...၊စာရေးဖို့ ဘယ်လိုမှမုဒ်သွင်းလို့မရဘူးဖြစ်နေတယ်..။
စာလေးသုံးလေးကြောင်းလောက် ချရေးလိုက် မကြိုက်လို့ ပြန်ဖျက်လိုက်၊ပြန်ရေးလိုက်၊ ပြန်ဖျက်လိုက်နဲ့
ရေး၊ဖျက် သံသရာလည်နေပါတော့တယ်......။

ဒါနဲ့ပဲ ဘလော့တံခါးပိတ်လို့ ခပ်စောစောလေး အိပ်တော့မယ်ဆိုတော့လည်း အိပ်လို့မရပဲ ဟိုအကြောင်းတွေး၊ဒီ
အကြောင်းတွေး နဲ့ အတွေးနယ်ချဲ့နေမိပါတယ်....။အများဆုံး တွေးနေမိတာကတော့ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့
ဘဝခရီးကြောင်း အချိုးအကွေ့ တွေပါ....။အဲဒီလို ဘဝအကြောင်းစဉ်းစားမိတော့ စာရေးဆရာမ ဂျူး ရဲ့ စာတပုဒ်ထဲက စာလေးတစ်ကြောင်းကို အမှတ်ရမိပါတယ်...အဲဒီ စာကြောင်းလေးက...
“ Journey is long. Life is short. ” တဲ့ခင်ဗျ...။

အမှန်ကတော့ဒီစာလေးက ဆိုင်ကယ်ကြော်ငြာထဲက စာကြောင်းလေးပါ။သူ့ မူရင်း အပြည့်အစုံကတော့
“Journey is long. Life is short.Harley....” တဲ့...Harley-Division မော်တော်ဆိုင်ကယ် ကြော်ငြာပါ။
ဒါပေမယ့် ဒီ စာကြောင်းလေးက ဘဝ နှင့်ပတ်သက်တဲ့ အတွေးစလေးတွေ ရစေခဲ့ပါတယ်.....။

Journey is long : ရှည်လျားလှတဲ့ ခရီးမိုင်တွေ....
ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ နှစ်သုံးဆယ်ကျော် ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ် ကြီးငယ်တွေ...၊ရင်ဆိုင်ကျော်ဖြတ်
ခဲ့ရတဲ့ ပြဿနာ တွေ....အတော်များများကို ကျော်လွှား၊ဖြတ်သန်း ခဲ့ပြီးပါပြီ.....။ဒါပေမယ့် မိမိကိုယ်ကို
အတွေ့အကြုံ များသူ၊ရင့်ကျက်ပြီးသူ၊ တစ်ဦးအဖြစ် ဘယ်တုန်းကမှ မထင်မှတ်ခဲ့မိပါဘူး...။လောကဓံတရား နဲ့
ထုသားပေသား အတော်ကျနေပြီ လို့ပြောမယ်ဆို ပြောလို့ရပေမယ့်...မသေလို့ နေရဦးမယ့် လက်ကျန် ခရီးတွေ
မှာ မလွဲမသွေ ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုတွေကို စဉ်းစားမိတိုင်း ပင့်သက်ရှိုက်မော မိတာတော့ အမှန်ပါ။

ဘဝမှာ စိန်ခေါ်မှု တွေကို ရင်ဆိုင် ဖြေရှင်းရတာ စိတ်ဝင်စားစရာ၊ပျော်စရာလို့ ဆိုကြပေမယ့် စိန်ခေါ်မှု တခုနှင့်
တခု အကြား အနားယူချိန်လေးတောင်မှ လုံလုံလောက်မရလေတော့ တခါတလေ ဘွာခတ်လို့ အေးငြိမ်းရာ နေရာလေး တစ်နေရာမှာ တခဏတာ နားခိုချင်ပါသေးရဲ့...။

Life is short: သမုဒ္ဒရာရေထက် ခဏတက်သည့် ရေပွက်ပမာ တိုတောင်းလှသည့် ဘဝတာ....
အကယ်၍များ ကျွန်တော် အသက်ခုနှစ်ဆယ်ထိ မသေလို့ နေရမယ်ဆိုရင်တောင် အခုချိန်မှာ ကျွန်တော်ဟာ
ဘဝသက်တမ်း ထက်ဝက်ကျိုးချိန် ရောက်လုနီး နေပါပြီ...။ဒါပေမယ့် ဘဝမှာ ဘာတွေ ပိုင်ဆိုင်ခဲ့ပါပြီလဲ...။
ဘာတွေကို လုပ်ပြီးခဲ့ပါပြီလဲ......ဟင့်အင်း.....ဘာမှ မရှိသေး၊ဘာမှမပြီးသေးပါဘူး....။

နေစရာကိုယ်ပိုင် အိမ် မရှိသေး၊စီးစရာ ကိုယ်ပိုင်ကားမရှိသေး၊ကျန်ရှိနေတဲ့ ဘဝခရီးကို အဆင်ပြေပြေဖြတ်သန်း
နိုင်ဖို့ လုံလောက်တဲ့ အရင်းအနှီးလည်း မရှိသေး၊မိဘတွေရဲ့ ကြွေးဟောင်းကိုလည်း ကျကျနန မဆပ်နိုင်သေး၊
သေရင်ယူသွားရမယ့် ကုသိုလ်တွေလည်းများများစားစား မရှိသေး..။အဖန်တရာမက်ခဲ့တဲ့ အိမ်မက်တွေကိုလည်း
အကောင်အထည် မဖော်နိုင်သေး....။မိန်းမတစ်ယောက်ကိုလည်း တင့်တောင့်တင့်တယ် လက်မထပ်နိုင်သေး (အဲဒါက အရေးအကြီးဆုံးးD )။

တိုတောင်းလှတဲ့ ဘဝသက်တမ်းလေးနဲ့ ရင်ဆိုင် ကျော်ဖြတ်ရမယ့် လောကဓံ ခရီးရှည် ကြီးကို နှိုင်းဆကြည့်လိုက်
တော့ ဘယ်လိုမှကို မမျှလှပါ....သို့ပေမယ့် ငှက်တွေက ပျံရင်းသေ၊လူတွေလည်းကြံရင်းသေ ဆိုသလို တတ်စွမ်း
သလောက်တော့ ကြိုးစားရမှာပဲမဟုတ်ပါလားခင်ဗျာ..။

ဘဝအကြောင်းတွေးမိတော့ ကျွန်တော်နောက်ထပ် အမှတ်ရမိတဲ့ စကားလေးက မင်းခိုက်စိုးစံ ရဲ့ ဝတ္ထု တစ်ပုဒ်
ထဲက “ ဘဝဆိုတာ ဝမ်းနှုတ်ဆေး တစ်ခွက်လောက်မှ အာမခံချက်ရှိတာ မဟုတ်ဘူး ” ဆိုတဲ့ စကားလေးပါ။
ဟုတ်တယ်ခင်ဗျ..။ဝမ်းနှုတ်ဆေး ကမှ ဒီနေ့ည သောက်၊ နောက်နေ့ နံနက် ဆို အိမ်သာပြေးရမှာ ကျိန်းသေ
သေးတယ်...။

ဘဝ ဆိုတာက ဒီနေ့ အသက်ရှင်နေလို့ နောက်နေ့ မသေဘူးလို့ ဘယ်သူကများ အာမခံနိုင် ပါသလဲ..။
နေ့မြင်လို့ ညပျောက်သွားသူတွေ ၊ညမြင်လို့ နောက်နေ့ မှာ လောက ကို ကျောခိုင်းသွားသူတွေ ဒီကမ္ဘာကြီးမှာ
ထုနဲ့ဒေး ရယ်...။“ ဟယ်..မနေ့ကပဲ ရပ်စကားပြောနေသေးတာ... အခု ဆုံးပြီလား....” ဆိုတဲ့ စကားမျိုးကိုလည်း
မကြာခဏ ဆိုသလိုကြားရတတ်ပါတယ်.....။

ဒါပေမယ့်......ဘဝက ဘယ်လောက်ပဲ အာမခံချက် မရှိစေဦးတော့၊ပိုမိုကောင်းမွန်လာနိုင်တဲ့ မနက်ဖြန် ဆိုတဲ့
မျှော်လင်ချက်နဲ့ ဒီနေ့ တနေ့တာကို ကုန်ဆုံးစေရတာပါပဲ....။ဒီလိုနဲ့....ရှည်လျားလှတဲ့ ခရီးရှည် ကြီးကို အိမ်မက်
တွေ တစ်ပွေ့တပိုက်နဲ့ တနေ့ချင်း ဖြတ်သန်းလို့ မရပ်မနား သွားနေရဆဲ.....။ ဘဝ အမောတွေ ကြားထဲက
ပျားရည်ချိုချို တစ်စက်ကို လျက်ဖြစ်ဖို့ကြိုးစားနေဆဲ.....။ဒီလိုနဲ့ပဲ...........။

(ကျွန်တော် စာအုပ်တစ်အုပ်ကို ဖတ်ဖြစ်ရင် တစ်ပတ်၊နှစ်ပတ်လောက်ကြာတာနဲ့ စာအုပ်ထဲက ဇာတ်လမ်း၊
ဇာတ်ကွက်တွေ၊နာမည်တွေ ကို အလွယ်တကူ မေ့သွားလေ့ ရှိပါတယ်..။ဒါပေမယ့် တချို့ စကားလုံးတွေကို
တော့ အမြဲလိုလို အမှတ်ရနေမိပါတယ်..။မကြာခဏဆိုသလိုလည်း အဲဒီ စကားလုံးတွေကို ဘာသာ အတွေး
နယ်ချဲ့နေမိပါတယ်...။အဲဒီလိုအမှတ်ရနေတဲ့ စကားလေးတွေကို၊တွေးမိတာလေးတွေကို ဘာရယ်မဟုတ်
ချရေးကြည့်တာရယ်ပါ.......။)

Monday, July 19, 2010

ကျွန်တော်တို့ ရင်ထဲက ခေါင်းဆောင်

“ ကျုပ်တို့ဝန်ကြီးတွေ ဘာတွေဖြစ်လို့ ကျုပ်တို့ဘာမှ ဝမ်းလဲမသာဘူး။ ခင်ဗျားတို့ရဲ့ အခု ချီးကျူးထောပနာ လုပ်တာတွေကိုလဲ မလိုချင်ဘူး။ပီးတော့ ထမင်းစားပွဲတွေ....ဘာပွဲတွေကိုလဲ မလိုချင်သေးဘူး။ ဒါကတော့ ခင်ဗျားတို့နဲ့မဆိုင်ဘူး။ ကျွေးနိုင်မွေးနိုင် တဲ့ လူစုတွေနဲ့ ဆိုင်တယ်။အဲဒီပုဂ္ဂိုလ်တွေကြားအောင် ဒီနေရာကဘဲ အခုပြောရတာဘဲ။

ဒါတွေကို မကြိုက်လို့လားဆိုယင် မကြိုက်လို့တော့ မဟုတ်ဘူး။ လူဆိုတာ အမြှောက်ခံရရင်ကြိုက်တိုက်တိုက်ဘဲ။
ကျုပ်တို့ အဖို့ဆိုရင် လူထုကမြှောက်ရင် ကြိုက်တာဘဲ။ဒါပေမယ့် အခု မစရသေး၊ မလုပ်ရသေးဘူး။ဒါကြောင့်
ချီးမွမ်းစရာရှိလဲ အခု ချီးမွမ်း မခံချင်သေးဘူး။သို့သော် ကျုပ်တို့ လူတိုင်း လူတိုင်း ဆီကအကူအညီအထောက်အပံ့
အားပေးမှုကို လိုတယ်။ဘယ်လို အကူအညီ အထောက်အပံ့ လဲဆိုရင် ကျုပ်တို့ ရာထူးမြဲအောင်၊ ကျုပ်တို့
ကောင်းကျိုးချမ်းသာ တိုးတက်အောင် အကူအညီ အထောက်အပံ့ အားပေးမှုမျိုး မဟုတ်ဘူး။

ခင်ဗျားတို့ အလုပ်သမားတွေ၊လယ်သမားတွေ၊အစိုးရအမှုထမ်းတွေ၊ပညာရေးသမားတွေ၊ကုန်သယ်တွေ၊ပွဲစား
တွေ အစရှိတဲ့ လူတွေရဲ့အကျိုးကို လုပ်ပေးဖို့ လုပ်ပေးနိုင်ဖို့ အကူအညီ အထောက်အပံ့ အားပေးမှု လိုတယ်။
ခင်ဗျားတို့ အကျိုးတွေ လုပ်ရင်း ကျုပ်တို့ အကျိုးရှိတာမျိုးမှဘဲ ကျုပ်တို့တော့ လိုချင်တယ်။ကျုပ်တို့ဟာ ဥပဒေ
အရတော့ ဘာဖြစ်နေနေ ကျုပ်တို့ ကိုယ်ကို ကျုပ်တို့ ပြည်သူ့ဝန်ကြီးတွေလို့ ယူဆတယ်။ အဲဒီ အတိုင်းလုပ်မှာဘဲ။

ပြည်သူတွေဆိုတာ ဗမာပြည်မှာ တိုင်းသူပြည်သားများနဲ့ အကျိုးတူ လုပ်မယ်၊ကိုင်မယ်၊နေမယ်၊ထိုင်မယ် ဆိုတဲ့
တိုင်းရင်းသားတွေ၊ အိန္ဒိယ၊တရုပ်၊အင်္ဂလိပ်ကပြားများ နဲ့ ဥရောပတိုက်သားများတောင် ပါတယ်။ကျုပ်တိုဆီ
ကိစ္စရှိရင် ကိစ္စရှိသလို တိုင်ကြား အစီရင်ခံတောင်းဆိုနိုင်တယ်။ သို့ပေမယ့် တခုတော့ ပြောချင်တယ်။ ကိုယ့်ရေး
ကိုယ့်ကိစ္စ ကလေးအတွက် ရာထူးကလေးတွေရဖို့၊ဟိုဒင်း ဒီဒင်းတွေရဖို့၊အလှူခံဖို့ အစရှိတဲ့ ကိစ္စမျိုးအတွက်
တော့ မလာကြပါနဲ့။ ဒီလိုလူမျိုးတွေဟာ သဘောကောင်းမှန်းသိတိုင်း အခွင့်အရေးတွေယူနေရင် ကျုပ်တို့လဲ
မတက်နိုင်ဘူး။

ကျုပ်တို့ လခတွေလဲ လျော့ရလိမ့်မယ် ထင်တယ်။ဖ၊ဆ၊ပ၊လ ကို ဘယ်လောက်ပေးရမယ်အစရှိတဲ့ အချက်တွေ
ကို စဉ်းစားရအုံးမယ်။ ကျုပ်တို့ လှူစရာ ရှိမယ်လဲ မဟုတ်ဘူး။ ရာထူးကိစ္စ ဟိုဟာလေးရဖို့၊ဒီဟာလေးရဖို့ ဆိုတာ
တွေတော့ ဖ၊ဆ၊ပ၊လ ဝါဒ စည်းမျဉ်း အတိုင်းသာ ဖြစ်မှာဘဲ။ ကျုပ်တို့ဆီ လာလို့ ဖြစ်မှာမဟုတ်ဘူး။ကျုပ်တို့နဲ့၊
ခင်ဗျားတို့နဲ့ အတူတူဘဲ။

ကိုယ့်စည်းကိုယ့်ကမ်းနှင့် တဦးနှင့်တဦး ကြီးကျယ်နေစရာ လူတွေမဟုတ်ပါဘူး။ ပြောစရာ ရှိရင် လာပြောပါ။
တိုင်စရာ ရှိရင် လာတိုင်ပါ။တောင်းစရာ ရှိရင် လာတောင်းပါ။ အချင်းချင်းသဘောမျိုး ဆက်ဆံကြပါ။ပြီးတော့
ဟိုသတင်း၊ဒီသတင်း မဟုတ်တာတွေကြားလဲ မယုံပါနဲ ကျုပ်တို့ စိတ်မပြောင်းပါဘူး ”


ကျွန်တော်တို့ ငယ်ငယ်က အခုလို အာဇာနည်နေ့ ရောက်ပြီဆိုရင် ရေဒီယို ကနေ ဗိုလ်ချုပ်အောင်ဆန်း ရဲ့
မိန့်ခွန်းတွေ လွှင့်ပေးတာ၊အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ နံနက် ဆယ်နာရီခွဲ အချိန်ရောက်ရင်
တနိုင်ငံလုံး ဥသြဆွဲ ကြတာ ကို ပြန်သတိရမိပါတယ်။

အခုတော့ ဗိုလ်ချုပ် မိန့်ခွန်းတွေကိုလည်း မလွှင့်တော့၊ဥသြလဲ မဆွဲတော့ပါဘူး။ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့
ပြည်သူတွေကတော့ ဒီနေ့ကိုရောက်ရင် ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ရဲ့ စကားတွေ ကို အမြဲ သတိရနေကြမှာပါ။
အထူးသဖြင့် ဗိုလ်ချုပ် နဲ့ စိတ်ဓာတ်ချင်း၊အလုပ် လုပ်ပုံချင်း မိုးနဲ့မြေ၊ဆီနဲ့ရေ လို ကွာခြားလှတဲ့ လူတွေရဲ့
လုပ်ပုံ ကိုင်ပုံတွေကို မြင်ရတဲ့ အခါမှာ ဗိုလ်ချုပ်တို့ကို ပိုပြီးတော့ သတိရကြ၊ပိုပြီးတော့လေးစား၊တမ်းတ မိကြ
မှာပါ။

ကျွန်တော်လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို
အောင့်မေ့၊သတိရ၊အလေးအမြတ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်း ထဲက ကြိုက်နှစ်သက်မိတဲ့ စာပုဒ်လေးကို
ကောက်နှုတ် ဖော်ပြလိုက်ပါတယ်..။

ဒီစာပုဒ်ကို ၁၉၆၄ ခု၊စက်တင်ဘာလ ၂၉ ရက်နေ့၊ “စက္ကူဖြူ စီမံကိန်း ဆန္ဒပြပွဲ ” တွင် ဗိုလ်ချုပ်အောင်ဆန်း
မိန့်ကြားခဲ့သည့် “ လူထုတိုက်ပွဲနေ့ ”မိန့်ခွန်းထဲမှ ကောက်နှုတ် ဖော်ပြပါတယ်ခင်ဗျာ...။

Thursday, July 15, 2010

ကျွန်တော် ပရလောကနှင့် ဆက်သွယ်ခဲ့ပုံ

ဟိုး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကကျွန်တော်ပရလောကလို့ခေါ်တဲ့တမလွန်လောကနဲ့ ဆက်သွယ်ခဲ့ဘူးတယ်
ခင်ဗျ။တိုက်ရိုက်တော့ မဟုတ်ဘူးပေါ့ဗျာ..။ကြားလူ တဆင့်ခံနဲ့ပေါ့...။

ကျွန်တော်တို့မြို့က အိမ်တစ်အိမ်မှာ နှစ်လတစ်ခါ၊သုံးလ တစ်ခါလောက် ဆို အိမ်ရှေ့မှာ အထပ်သား သင်ပုန်း
လေးနဲ့ ကြော်ငြာ ဆိုင်းဘုတ်လေး ထောင်ထားတတ်ပါတယ်။ဆိုင်းဘုတ်မှာ ရေးထားတာက “ အဖွားရောက်ပြီ၊
သေသူ၊ရှင်သူ မေးနိုင်သည်။တစ်ဦး ၁၀၀ ကျပ် ” တဲ့ ခင်ဗျ။အရင်က အဲဒီ ဆိုင်းဘုတ်ကို ရံဖန်ရံခါ မြင်တွေ့နေရ
ပေမယ့် နည်းနည်းထူးဆန်းတယ်လို့ ထင်မိတာကလွဲလို့ နောင်မှာ ပတ်သက်ကောင်းပတ်သက်လာနိုင်တယ်လို့
တော့ တခါမှ မတွေးခဲ့မိပါဘူး...။အဲ...ပတ်သက်လာရပုံကတော့......

လွန်ခဲ့သောဆယ်နှစ်ကျော်၊ တစ်ခုသောမိုးဦးရာသီမှာ မြောက်ဒဂုံက ကျွန်တော့် အဒေါ်တစ်ယောက်ရဲ့အိမ်မှာ နေတဲ့ ကျွန်တော့် အဘွား၊အမေ့ အမေ ဟာ ရေချိုးခန်းထဲမှာ ချော်လဲပြီး ပေါင်ကျိုးသွားပါတယ်။ပုဂ္ဂလိကဆေးရုံ
တခုမှာ တင်ပြီး ကျိုးသွားတဲ့ပေါင်ကို ပြန်ဆက်ဖို့ လုပ်နေတုန်းမှာပဲ ဆုံးသွားရှာပါတော့တယ်...။

ကျန်ရစ်သူ ကျွန်တော်တို့ ဆွေမျိုးတွေလဲ မြန်မာအသုဘ တို့ ထုံးစံအတိုင်း သုံးရက်ထား၊အသုဘချ၊ခုနှစ်ရက်
ပြည့်တော့ သပိတ်သွတ်၊အမျှဝေပေါ့ခင်ဗျာ...။အဲဒီ ခုနှစ်ရက်တာကာလ အတွင်းမှာ အဘွားနဲ့ပတ်သက်ပြီး
ဘယ်သူမှ အနံရတာတွေ၊အရိပ်မြင်ရတာတွေ၊ထူးထူးခြားခြား ကြုံတွေ့ရတာတွေ ဘာဆိုဘာမှ မရှိခဲ့ ပါဘူး။
ဒီတော့ အားလုံးက အဘွားတစ်ယောက်တော့ ကောင်းရာမွန်ရာရောက် သွားပြီ လို့ပဲ ထင်မှတ်ထားလိုက်ကြတာ
ပေါ့ခင်ဗျာ..။

တလ လောက်မှာတော့ အိမ်ကို မြောက်ဒဂုံက အဒေါ်တစ်ယောက် ပေါက်ချလာပါတယ်။ရောက်လာရတဲ့
အကြောင်းကတော့ သူ အမေ့ကို(ကျွန်တော့်အဘွားကို) အိမ်မက် မက်တဲ့ အကြောင်း၊အိမ်မက်ထဲမှာ အမေဟာ
ညှိးညှိးငယ်ငယ်နဲ့ တခုခုကို ပြောချင်နေပုံ ရတဲ့အကြောင်း၊ဘာမှတော့မပြောတဲ့ အကြောင်း၊စိတ်မကောင်းတဲ့
အကြောင်း၊မျက်ရည်လေး စမ်းစမ်း၊စမ်းစမ်း နဲ့ ပြောရှာပါတယ်..။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီရက်ပိုင်းအတွင်းမှာ အထက်ကပြောခဲ့တဲ့ သေသူ၊ရှင်သူမေးလို့ရတယ်ဆိုတဲ့ အဘွား
ကလည်း ကျွန်တော်တို့မြို့ကို ရောက်နေချိန်ဆိုတော့ အမေတို့ ညီအမနှစ်ယောက်လဲ သူတို့ အမေ ဘယ်ဘဝ
ရောက်လို့ ဘာဖြစ်နေတယ်ဆိုတာကို သွားမေးကြည့်မယ်ဖြစ်ရော...ခင်ဗျာ..။အထူးအဆန်းဆို အင်မတန်မှ
စိတ်ဝင်စားတဲ့ ကျွန်တော်ကလည်း အမေတို့နဲ့ အတူ လိုက်သွားတာပေါ့..။မသွားခင် အမေတို့ကို ဟိုရောက်ရင်
အဘွားအကြောင်းကို ကြိုပြီး ဘာမှမပြောဖို့ လူတတ်ကြီးလုပ်ပြီးမှာလိုက်သေးတယ်..။

အဲဒီအိမ်ကိုရောက်သွားတော့ ကျွန်တော်တို့အရင် ရောက်နေတဲ့ အမျိုးသမီးနှစ်ယောက်က အဝေးမှာရောက်
နေတဲ့ သူတို့နဲ့ ပတ်သက်သူ (အသက်ရှင်သူ)အကြောင်း မေးနေလို့ စောင့်နေရပါသေးတယ်။ပြောဟောနေတဲ့
အဘွားအိုကို အကဲခတ်လိုက်တော့ ကျွန်တော်တို့ တွေ့မြင်နေကြ သူလိုကိုယ်လို ဝဝပုပု သာမာန် အဘွားအို
တစ်ဦးပါပဲ။သူပြောဟောတဲ့နေရာမှာလဲ အထူးအဆန်းတွေ ပြင်ဆင်ထားတာဘာမှမရှိပါဘူး။သူက ခေါင်းရင်း
ဘက်မှာဖျာလေးခင်းပြီးထိုင်နေပါတယ်။ဘေးမှာတော့ ရေနွေးကြမ်းတအိုး၊သောက်လက်စ ပြောင်ဖူးဖက်
ဆေးလိပ်နဲ့ ဆေးလိပ်ပြာခွက်ပဲရှိပါတယ်။ခဏနေတော့ အဲဒီ အမျိုးသမီးနှစ်ယောက်လဲ စိတ်ကျေနပ်သွားပုံနဲ့
ပြုံးပြုံး၊ပြုံးပြုံးနဲ့ ပြန်သွားကြပါတယ်။

ကျွန်တော်တို အလှည့်ရောက်တော့ ဘာမေးမှာလဲ သေသူလား၊ရှင်သူလား လို့မေးတော့ သေသူမေးမှာပါပေါ့။
ပြီးတော့ သေသူရဲ့ နာမည်၊အသက်နဲ့ မြုပ်နှံရာ သုဿန်အမည် ကိုပြောပြရပါတယ်..။သူကမှတဆင့် သူမွေးထား
တဲ့ သရဲကို(သရဲ ဆိုတာက ကျွန်တော်ထင်တာကို ပြောတာပါ။ဘာလဲဆိုတာတော့ အတိအကျမသိပါ) ဘယ်သူ၊
အသက်ဘယ်လောက်၊ဘယ်သုဿန် မှာ သွားခေါ်ခဲ့ချေ လို့ ခပ်တိုးတိုး အမိန့်ပေးလိုက်ပါတယ်။

သူကသာ အမိန့်ပေးနေတာ ကျွန်တော်တို့က ဘာမှလဲမမြင်ရ၊ဘာမှလဲ မကြားရဘူးခင်ဗျ။မသိရင် သူ့ဘာသာသူ
တစ်ယောက်ထဲ စကားပြောနေပုံ သက်တောင့်သက်သာ၊အေးအေးဆေးဆေး ပြောလိုက်တာရယ်....။ကျွန်တော်
ကတော့ ဘာများမြင်ရမလဲလို့ ဟိုမော့ကြည့် ဒီမော့ကြည့်နဲ့ ဘာမှလဲ မမြင်ရပါဘူး...။သူခိုင်းလိုက်တဲ့ ငတိ(သရဲ
လို့ သုံးနှုန်းရတာ ကျောချမ်းစရာကြီးဗျနော်၊ဒီတော့ အတိအကျလည်းမသိတော့ ငတိလို့ပဲ သုံးနှုန်းလိုက်ပါတယ်)
က သွားခေါ်တာ အတော်ကြာတယ်ဗျ။

ပြန်ရောက်မလာသေးတဲ့အချိန်မှာ အဲဒီအဘွားနဲ့ ထွေရာလေးပါးပြောနေကြတာပေါ့ခင်ဗျာ။ဒါပေမယ့်သေတဲ့လူ
အကြောင်းတော့ သူကလည်းမမေး၊ကျွန်တော်တို့ကလည်း မပြောကြပါဘူး။သူပြောပြတာက သူက ပေါင်းတည်၊
ပြည် ဘက်ကဖြစ်တဲ့ အကြောင်း၊ ခြေခင်းလက်ခင်းသာတဲ့ ကာလတွေမှာ မြို့တကာ၊ရွှာတကာလည့်ပြီး သိကျွမ်း၊
ခင်မင်ရာ အိမ်တွေမှာတည်းပြီး ဒီအလုပ်ကိုလုပ်တဲ့အကြောင်း....စသည်ဖြင့်ပေါ့ခင်ဗျာ။

လေးဆယ့်ငါးမိနစ်လောက် ကြာတော့သူက ရောက်ပြီ၊မေးချင်တာ မေးလို့ရပြီ လို့ပြောပါတယ်။သူက ရောက်ပြီ ပြောလို့သာ၊ရောက်လာကြပြီမှန်း သိလိုက်ရတယ်..။ကျွန်တော်တို့ကတော့ ဘာမှမမြင်ရ၊ဘာမှမကြားရပါဘူး။
(ကြို့ပင်ကောက် က နတ်လေချွန်ကတော့ ရောက်လာပြီဆိုရင် လေချွန်သံကြားရတယ်လို့ ဆိုကြတယ်ခင်ဗျ။)

မေးလိုရပြီဆိုတော့ ကျွန်တော့အမေက အမေရေ ကျွန်မဘယ်သူပါ၊အမေနဲ့ စကားပြောချင်လို့ လာတာပါ လို့
ဆိုတော့ ကျွန်တော့်အဘွားက (နတ်ဝင်သည်အဘွား ကတဆင့်) သူသိတဲ့အကြောင်း ခေါ်ခေါ်ခြင်း ချက်ချင်း
ရောက်မလာနိုင်တာက ပေါင်ကျိုးထားတာကြောင့် မြန်မြန်ဆန်ဆန်မသွားနိုင်၊မလာနိုင်တဲ့အကြောင်း၊အခုလည်း
လာခေါ်တဲ့ သူက တွဲခေါ်လာရတဲ့အကြောင်း ပြောရှာပါတယ်...။

သူက အဲဒီလိုလဲ ပြောလိုက်ရော နဂိုကမှ ငိုချင်ရက်လက်တို့ ဖြစ်နေတဲ့ အမေတို့ညီအစ်မလည်း ငိုလိုက်တာ ဘာ
ပြောကောင်းမလဲခင်ဗျာ..။အမေတို့ညီအစ်မမှာသူတို့ငိုနေရတာနဲ့ ဘာမှ မယ်မယ်ရရမမေးရပဲ၊ကျွန်တော့်အဘွား
ကပဲ ပြန်မေးနေရရှာပါတယ်..။ဆယ်တန်းဖြေထားတဲ့ ကျွန်တော့် အစ်မ အောင်ရဲ့လားလို့လည်း မေးရှာပါတယ်။
(အဖွားမဆုံးခင်က ဆယ်တန်းအောင်စာရင်းတွေမထွက်သေးပါ၊သူဆုံးပြီးမှ အောင်စာရင်းထွက်တာဖြစ်ပါတယ်)

ကျွန်တော့်အမေနဲ့အတူပါလာတဲ့ ကျွန်တော့်အဒေါ်အမည်ကိုလည်း ပြောပြပါတယ်။ပြီးတော့ သူ့အချစ်ဆုံး၊စိတ်
မချဆုံးဖြစ်တဲ့ သူ့သမီးအငယ်ဆုံးကိုလဲ ဘာလို့လိုက်မလာတာလဲ လို့မေးပြီး၊ အကြီးတွေက စောင့်ရှောက်ကြဖို့
မှာရှာတယ်ခင်ဗျ။ဒါနဲ့ ကျွန်တော့်အမေတို့လဲ ကြည့်ကောင်းအောင်ဖြေရတာပေါ့ခင်ဗျာ..။

ဒါနဲ့ သူ့ကို အခုဘယ်မှာနေလဲ လို့မေးတော့ သူ့ကိုမြုပ်နှံရာ ရေဝေးသုဿန်မှာပဲနေရကြောင်း ၊ရက်လည်တုန်းက
အမျှဝေတာမရဘူးလား လို့မေးတော့ သုဿန်ကနေ ဘယ်သူမှ လာမခေါ်လို့ မသိလိုက်ဘူးလို့ ပြောတယ်ခင်ဗျ။
ဒီတော့ ကျွန်တော့်အမေက လာမယ့်တစ်လပြည့်မှာ အိမ်မှာ အမေ့အတွက်ရည်စူးပြီး အလှူပေးအမျှဝေပါ့မယ်၊
အမေလာခဲ့ပါလို့ ပြောတော့၊ လာခဲ့မယ် ဒါပေမယ့် အိမ်ထဲဝင်လို့ရမှာမဟုတ်တော့ ငါကဘယ်မှာနေရမှာလဲလို့
ပြန်မေးပါတယ်။ဒါနဲ့ ကျွန်တော့်အမေကလည်း ကြံမိကြံရာ အိမ်ရှေ့က မန်ကျီးပင်မှာ နေပါလားဆိုတော့၊သူပြန်
ပြောတာက ငါကပေါင်ကျိုးထားလို့သစ်ပင်မတက်နိုင်ပါဘူးတဲ့ခင်ဗျာ..။

ကျွန်တော့်အမေတို့လည်း တစ်ချီတစ်မောင်း ငိုကြပြန်ရောဗျို့။နောက်တော့ အမေက အိမ်စောင့်နတ်တွေ၊အိမ်
တွင်းနတ်တွေ(အဲဒီတုန်းက အိမ်မှာ နတ်အုန်းဆွဲထားသေးတယ်ခင်ဗျ)ကို အလှူမလုပ်ခင်ညကတည်းက အမေ့
ကိုဝင်ခွင့်ပြုဖို့ တောင်းပန်ထားပါ့မယ် အိမ်မှာ အလှူလုပ်မယ့်နေ့မှာလာနေပါလို့ ပြောတော့မှ အပေးအယူ တည့်
သွားပါတယ်။နောက် ကျွန်တော့် အဘွား မှာတာက သူ့ကို ရည်မှန်းပြီး သံဃာတော်တွေကို သင်္ကန်းလှူ ပေးဖို့ပါ။

ပြောကြဆိုကြတာအတော်လေးကြာတော့ နတ်ဝင်သည်အဖွားကပဲ ဒီလောက်ဆိုတော်သင့်ပြီလို့ ပြောပြီး သူ့ငတိ
ကို ပြန်ပို့ပေးဖို့ အမိန့်ပေးလိုက်ပါတော့တယ်....။

ဒီအဖြစ်လေးဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်သည့်တိုင် ကျွန်တော့်အတွက်တော့ ယနေ့တိုင် ပဟေဠိအဖြစ်
တည်ရှိနေဆဲပါ။သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်အဘွားဟာ ဝေမာနိကပြိတ္တာဘုံကိုရောက်သွားခဲ့လို့ ကျွန်တော်
တို့နဲ့ အဆက်အသွယ်လုပ်ခဲ့တာလား၊ဒါမှမဟုတ် နတ်ဝင်သည်အဘွားကပဲ ကျွန်တော်တို့ကို ပိပိရိရိ လှည့်စား
သွားတာလားဆိုတာကတော့ဖြင့်......။

(အဘွားဆုံးတဲ့တလပြည့်မှာ အဘွားအတွက်ရည်စူးပြီး သံဃာတော်တွေကို ကျွန်တော်တို့အိမ်မှာ အလှူပြုပေး
ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဲဒီနတ်ဝင်သည်အဘွားကို ကျွန်တော်တို့မြို့ကိုလာတာ မတွေ့ရတော့လို့
ကျွန်တော့်အဘွား ဘာဖြစ်သွားလဲဆိုတာတော့ မမေးရတော့ပါဘူးခင်ဗျ )

Sunday, July 11, 2010

ဘိုတဲကြီးရဲ့ဇာတ်လမ်းတစ်ပုဒ်

ကျွန်တော့်အဖေ နဲ့ အမေ ဟာ ဆောက်လုပ်ရေးဌာနကရုံးဝန်ထမ်းတွေခင်ဗျ။ဟိုတုန်းကတော့ အမြဲတန်းဝန်ထမ်း
ဆိုရင် ဝန်ထမ်းအိမ်ယာ ရပါတယ်။အရပ်အခေါ်ကတော့ လိုင်းခန်း ပေါ့ခင်ဗျာ...။ကျွန်တော် တစ်နှစ်သားအရွယ်
ကနေ အသက်နှစ်ဆယ်ကျော် တဲ့အထိ နှစ်ပေါင်းနှစ်ဆယ်ကျော်ကျော်၊ ကျွန်တော်တို့ မြို့ရဲ့ဆောက်လုပ်ရေးဝင်း ထဲက ဝန်ထမ်းလိုင်းခန်းမှာ နေခဲ့ရတာပါ။

ကျွန်တော် နေခဲ့တဲ့ အဲဒီ ဆောက်လုပ်ရေးဝင်းကြီးကို ဘိုတဲဝင်းလို့ လည်းခေါ်ကြပါတယ်...။ဆောက်လုပ်ရေးရုံးကို
လည်း ဘိုတဲရုံးကြီးလို့ပဲ အလွယ်ခေါ်ကြပါတယ်...။ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ရုံးကြီးဟာ ဟိုးတချိန်၊အင်္ဂလိပ်မင်း
များလက်ထက်က မြို့ပိုင်မင်းများ နေထိုင်ရာ၊ရုံးထိုင်ခဲ့ရာ အဆောက်အအုံကြီးဖြစ်ခဲ့လို့ပါ။အောက်ပိုင်းကတိုက်ခံ၊
အပေါ်က ကျွန်းရှာထိုးတွေကာပြီး၊အုပ်ကြွပ်နီနီမိုးထားတဲ့၊ဧရာမဆင်ဝင်ကြီးလည်းပါတဲ့ အင်္ဂလိပ်ခေတ် နှစ်ထပ်
ဘန်ဂလို အကြီးစာကြီးပေါ့ခင်ဗျ။

ဂျပန်တွေ မြန်မာပြည်ကို အုပ်စိုးထားစဉ်က အဲဒီ အဆောက်အဦး ကို ဂျပန်ကင်ပေတိုင်ရုံး အဖြစ် ဖွင့်ခဲ့တယ်လို့
သိမှီလိုက်သူတွေမှ တဆင့် မှတ်သားမိပါတယ်။

လှေကား ကလည်း အရှေ့မှာ တစ်စင်း၊အနောက်မှာ တစ်စင်း၊ပေါင်းနှစ်စင်းရှိသဗျ။အနောက်ဖက်လှေကားက
အနောက်ဖက်မှာ သီးသန့်ရှိတဲ့ ထမင်းချက်ရုံလေးနဲ့ အမိုးပါစင်္ကြလမ်းနဲ့ဆက်သွယ်ထားပါတယ်။ဟိုတုန်းကတော့
အပေါ်ထပ်ကမြို့ပိုင်မင်းကို ထမင်းဟင်းများပို့ပေးဖို့ရာ အသုံးပြုခဲ့တယ်လို့ သိခဲ့ရပါတယ်...။အဲ... ဆလရရုံးအဖြစ်
်သုံးတော့ အနောက်ဖက်လှေကားနဲ့တံခါးကို အသုံးမပြု ကြတော့ပါဘူး။သို့သော်လည်း အသေပိတ်ပစ်လိုက်တာ
တော့ မဟုတ်ဘူးခင်ဗျ။တံခါးကို အတွင်းကနေ ချက်ထိုးပြီး ရုံးဗီဒိုတွေနဲ့ ပိတ်ကာထားလိုက်ပါတယ်။

ခြံဝင်းကြီး ကလည်း အကျယ်ကြီး ဗျ။အဆောက်အဦးက ဝင်းရဲ့ အရှေ့ဖက်ထောင့်ကျကျမှာ တည်ဆောက်ထား
တော့ ရုံးရဲ့ အနောက်ဖက်တည့်တည့်မှာ မြေကွက်လပ်က တဧကလောက်ကို ကျန်နေပါသေးတယ်။
မြေကွက်လပ်ဆိုပေမယ့် ညောင်ပင်ကြီးနှစ်ပင်၊ထန်းပင်သုံးလေးပင် နဲ့ အသုံးမပြုတော့တဲ့ ကတ္တရာကြို ဘွိုင်လာ
အိုးတွေပစ်ထားတာတော့ရှိတာပေါ့ခင်ဗျာ..။

အဲဒီမြေကွက်လပ်ဟာဖြင့် ကျွန်တော်တို့ငယ်ငယ်က သေနတ်ပစ်တမ်း၊တူတူပုန်းတမ်းဆော့ကစားရာဘူမိနတ်သံ
နေရာမှန်ဖြစ်ခဲ့သလို၊ရုံးအောက်ထပ်က တိုင်လုံးတွေကတော့ ကျွန်တော်တို့ကလေးတွေ တိုင်ဦးတမ်းကစားခဲ့ရာ
အဖြစ်အသုံးတော်ခံခဲ့ရပါတယ်...။သို့သော်လည်း နေ့ခင်းမှာပဲ သွားကစားရဲကြတာပါ။ညဘက်မှာတော့ လုံးဝကို
မသွားဝံကြပါဘူး။ဘာလို့လဲဆိုတော့ ညဘက်မှာ၊အထူးသဖြင့် လကွယ်ညတွေမှာ စုန်းတွေ၊သရဲတွေ ပျော်မြူး
တောက်စားကြတဲ့အကြောင်း၊လကွယ်ည သန်းခေါင်ယံအချိန်မှာ စုန်းတောက်စားတဲ့ ထန်းသီးလောက်မီးလုံးကြီး
တွေကို ညောင်ပင်ကြီးနှစ်ပင်အကြားမှာ လူးလားခေါက်တုံ့ ပျံသန်းနေတာကိုမြင်တွေ့ရကြောင်း ယုံတမ်းပုံပြင်
တွေကို ကျွန်တော်တို့ကလေးတိုင်း ကြားဖူးထားကြတာကိုးခင်ဗျ....။

ကျွန်တော်တို့နေခဲ့တဲ့ ဝန်ထမ်းလိုင်းခန်းတွေကတော့ ရုံးကြီးရဲ့ နံဘေး ပေတရာလောက်အကွာမှာ အစီအရီ
တည်ရှိပါတယ်...။အရှေ့ဖက်မှာ အရာရှိ လုံးချင်းအိမ်တွေရှိပြီး၊ကျွန်တော်တို့နေတဲ့ သာမန်ရုံးဝန်ထမ်းများရဲ့
လိုင်းခန်းများကတော့ အနောက်ဖက်မှာ ရှိပါတယ်...။ရုံးနဲ့ ဆို ကျွန်တော်တို့ လိုင်းခန်းတွေက အနောက်ဖက် ဒါးလွယ်ခုတ် ကျတာပေါ့ခင်ဗျ။

ဟိုတုန်းကတော့ ကျွန်တော်တို့မြို့မှာ ဆလရဌာန ဆိုတာအင်မတန်မှ အလုပ်များတယ်ခင်ဗျ။ရာပေါင်းများစွာ
သော ယာယီ နေ့စား ဝန်ထမ်းတွေ၊အမြဲတမ်း ဝန်ထမ်းတွေ နှင့်အတူ လမ်းဗိုလ် လို့ အများကခေါ်တဲ့ မြို့ပြ
အင်ဂျင်နီယာတွေ၊“ဝပ်ချပ်” လို့ခေါ်တဲ့ GTI ကျောင်းဆင်းကာစ အလုပ်သင်အင်ဂျင်နီယာတွေလည်း ဆယ်ဦး
ကျော်ကျော် ရှိပါတယ်..။အများစုကတော့ ယောင်္ကျားတွေပါ။

အဲဒီ လမ်းဗိုလ်တွေက နေ့ဆို မိမိတာဝန်ကျရာ လမ်းတွေ၊ဆိုက်တွေကို လိုက်လံ စစ်ဆေး၊ ကြည့်ကြပ်ရပြီး၊
ရုံးအလုပ်တွေ ကိုတော့ ညနေဘက် ရောက်မှ လုပ်ကြရတာကိုးခင်ဗျ။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့လေ...။
ဘက်ဂျက်လတွေမှာ၊ လကုန်ကာနီးရက်တွေမှာ အရေးကြီးရင်ကြီးသလို (တခါတရံ ညဘက်တိုင်အောင် ) အိုဗာတိုင်ဆင်းကြရပါတယ်....။

၁၉၈၈ခုနှစ်မတိုင်မီ တစ်ခုသောနွေရာသီ ညတညမှာပေါ့ခင်ဗျာ.....။
မှတ်မှတ်ရရ.....အဖေက ရေဒီယို သတင်းနားထောင်နေသလို၊ကျွန်တော်တို့ မောင်နှမက ကာတွန်းစာအုပ်
တစ်ယောက်တစ်အုပ်စီနဲ့ အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်နေကြပါတယ်။အမေကတော့ အိမ်နောက်ဖေးမှာပါ။

အဲဒီအချိန်မှာပဲ ရုံးဖက်မှ ဗြုံးဗြုံးဒိုင်းဒိုင်း အသံတွေနှင့်အတူ လူတစ်ယောက် အော်ဟစ်ပြီး ကျွန်တော်တို့ အိမ်တွေ
ဖက် ပြေးလာသံကိုကြားလိုက်ရပါတော့တယ်...။ အဖေတို့လူကြီးတွေလည်း နီးရာ တုတ်၊ဒါးတွေ ဆွဲပြီးအိမ်ရှေ့
ထွက်ကြည့်ကြပါတယ်။ကျွန်တော်တို့ ကလေးတွေကတော့ လန့်ဖျပ်ြပီး အိမ်ခန်းထဲ ဝင်ပြေးတော့တာပါပဲ..။
အတော်ကြာတော့မှ ဘာဖြစ်တာလဲ ဆိုတာသိချင်စိတ်နဲ့ အိမ်ရှေ့ထွက်ကြည့်တော့မှ အဖေ့ အထက်အရာရှိ
လမ်းဗိုလ်ဦးအေးနိုင်ကို လူအုပ်ကြီးကြားမှာ ဖြူဆုတ်နေတဲ့မျက်နှာနဲ့ ဖြစ်ကြောင်းရယ်ကုန်စဉ် ဇာတ်သံနှောလို့
့ပြောနေတာကို မြင်သိ၊ကြားလိုက်ရပါတော့တယ်...။

ဖြစ်ပုံကတော့ ဒီလိုပါတဲ့ခင်ဗျာ.....။အထက်ကကျွန်တော်ပြောခဲ့သလို ဘက်ဂျက်လ(မတ်လ)ရောက်နေပြီဖြစ်လို့
လမ်းဗိုလ်ဦးအေးနိုင်နှင့် အင်ဂျင်နီယာတစုတို့ ရုံးအပေါ်တက်မှာ ညနေဘက် အိုဗာတိုင်ဆင်းကြရတယ်ခင်ဗျ...။

ခုနှစ်နာရီကျော်လောက်မှာတော့ ကျန်တဲ့သူများ ထမင်းစားပြန်သွားကြပေမယ့် အိမ်နဲနဲဝေးတဲ့ ဦးအေးနိုင်က
မပြန်သေးပဲ တယောက်တည်း ရုံးအလုပ်တွေ ထိုင်လုပ်နေတုန်း.......ဖွင့်ထားတဲ့ တံခါးမကြီးဆီမှ ချိတ်ထားတဲ့
သော့ခလောက်ကို ဆွဲလှုပ်သံကိုကြားလိုက်ရတယ်တဲ့ခင်ဗျ။(တံခါးကအပြင်ဖွင့်ဆိုတော့ တံခါးရွက်တွေကို
အထဲကမမြင်ရဘူးခင်ဗျ..။)

သူ့စိတ်ထဲမှာ တစ်ယောက်ယောက်က ဝင်လာဖို့ အသံပေးတယ်ထင်လို့ ထိုင်ရာက ထလာပြီး ကြည့်လိုက်တော့
ဘယ်သူ့၊ဘယ်သူကိုမှ မမြင်ရဘူးတဲ့....၊သူလည်းသေချာအောင် လှေကားထိပ်ကနေ အောက်ကိုတောင် ငုံ့ကြည့်
လိုက်သေးတယ်တဲ့ခင်ဗျ...။

ဘာဆိုဘာမှ မမြင်ရတာနဲ့ ပြန်အလှည့် မှာ ခုနကလိုပဲ သော့ခလောက်လှုပ်သံကိုကြားရပြန်ပါတယ်...။
ဒီတခါကြားရတာက ရုံးခန်းထဲကတဲ့ ခင်ဗျ။သူလည်း အံသြစိတ်နဲ့ ရုံးခန်းထဲ ပြန်ဝင်ကြည့်လိုက်တော့ ခုနကတင် သူထိုင်နေခဲ့တဲ့ စားပွဲနောက်က ဗီဒိုသော့ဟာ တယောက်ယောက် ကိုင်လှုပ်ခဲ့သလိုမျိုး လှုပ်တုတ်လှုပ်တုတ်
ဖြစ်နေတာ တွေ့လိုက်ရတယ်လို့ ဆိုတယ်ခင်ဗျ။သူလည်း အရမ်းကို အံသြစိတ်နဲ့ အနားကိုတိုးပြီးကြည့်လိုက်
တော့ လှုပ်နေတဲ့သော့ခလောက်ဟာ တိကနဲ ရပ်သွားပါတယ်...။အဲဒီ အချိန်ခဏလေးအတွင်းမှာ တလောက
လုံးဟာ ရုတ်တရက် တိတ်ဆိတ် သွားသလိုပါပဲတဲ့....။အဲဒီ အချိန်မှာပဲ......

......ပွင့်နေတဲ့ တံခါးမကြီးဟာ ဗြုန်းကနဲ ပိတ်သွားပါတယ်....။ဦးအေးနိုင်လည်း ချက်ချင်းဆိုသလို တံခါးမကြီးဆီ
ပြေးသွားပြီး အတင်း မရမက ဆွဲဖွင့်ပေမယ့် တံခါးကတော့ တုတ်တုတ်တောင် မလှုပ်ပါဘူးတဲ့ ခင်ဗျာ့.....
သူလည်း သရဲခြောက်နေပြီဆိုတဲ့ အသိနဲ့ တော်တော်ကို ထိတ်လန့်ခြောက်ချားသွားတယ်လို့ ပြန်ပြောပြပါတယ်။

အဲဒီ အချိန်မှာ သူ့ခေါင်းထဲ ဖျက်ကနဲ အနောက်ဖက်လှေကားရှိတယ် ဆိုတဲ့ အသိ ဝင်လာပါတယ်...။
ဒါနဲ့ ရုံးအနောက်ဖက်ထဲ ဝင်ပြေးပြီး ပိတ်ကာထားတဲ့ စာရွက်စာတမ်းအပြည့်နဲ့ ဗီဒိုကို တွန်းလှဲပြီး အနောက်ဖက်
လှေကားကနေ ဝန်ထမ်းလိုင်းခန်းတွေဖက်ကိုဆင်းပြေး လာခဲ့တာ လို့ ပြောတယ်ခင်ဗျ.....။

ဒါနဲ့ အဖေတို့ ယောင်္ကျားကြီးတွေ ရုံးပေါ်တက်ကြည့် ကြတော့ ရုံးတံခါးမကြီးကို ပွင့်လျက်သားတွေ့လိုက်ရတယ်။
ရုံးထဲမှာလည်း ဦးအေးနိုင် တွန်းလှဲထားလို့ တုံးလုံးလဲနေတဲ့ ဗီဒီုတလုံးကလွဲလို့ ကျန်တာ ဘာမှအနေအထား
မပျက်ဘူးလို့ ဆိုပါတယ်ခင်ဗျ..။

အဲဒီနေ့ကစလို့ ဘယ်သူမှ ညမှောင်သည့်တိုင်အောင် ရုံးပေါ်မှာ အလုပ်မလုပ်ရဲကြတော့ပါဘူး...။

ကျွန်တော်တို့မိသားစု နေလာခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလ အတွင်းမှာ အဲဒီ ဘိုတဲကြီးက သရဲခြောက်
တယ်လို့ နာမည်ကြီး ပင်ကြီးသော်ငြား မှတ်မှတ်ရရ ထိုတစ်ကြိမ်တစ်ခါသာ သရဲခြောက်ခံရသူကို ကြုံတွေ့ဖူး
ပါကြောင်း.......

(လွန်ခဲ့တဲ့သုံးရက်လောက်က ကိုကြီးကျောက် ရဲ့အင်္ဂလိပ်ခေတ်အရေးပိုင်အိမ်ပေါ်က ဘိုထီးဘိုမဝိညာဉ်စုံတွဲ
အကြောင်း ဖတ်လိုက်ရတော့ ကျွန်တော်လည်း လွန်လေပြီးသော နှစ်ပေါင်းနှစ်ဆယ်ကျော်က အဖြစ်လေးကို
သတိရမိတာနဲ့ သရဲအကြောင်းလေးရေးလိုက်ပါတယ်။သရဲခြောက်ခံခဲ့ရတဲ့ အန်ကယ်ဦးအေးနိုင်လည်း
လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကပဲ နိုင်ငံတာဝန်ထမ်းဆောင်ရင်းအက်ဆီဒင့်တခုဖြစ်ပြီး ကွယ်လွန်သွားရှာခဲ့ပါပြီ။
ဘိုတဲကြီး လည်း အင်္ဂလိပ်ရုံး၊ဂျပန်ကင်ပေတိုင်ရုံး၊ဆလရရုံး၊နောက်ပိုင်း မဆလ ရုံး အဖြစ် အသုံးတော်ခံခဲ့ပြီး
နောက် ယခုချိန်မှာတော့ ဂျပန်ကင်ပေတိုင်ရုံးအဖြစ်ပြန်ဖွင့်(အဲလေ ဘွာတေး ဘွာတေး ယောင်သွားလို့ ဟီး)
ပြည်၊ခိုင်၊ဖြိုး ရုံးအဖြစ် ဘဝပြောင်းးသွားခဲ့ပါပြီ)။

Tuesday, July 6, 2010

ပျေက်ဆုံးသွားတဲ့ ဖြစ်တည်မှု

ပြူတင်းပေါက်မှ ဝင်ရောက်လာတဲ့ နေခြည်နွေးနွေး ကြောင့် ကျွန်တော် ဖျတ်ခနဲ နိုးလာပါတယ်...။
နိုးနိုးခြင်း ဦးခေါင်းထဲမှာ ဗလာဟင်းလင်း၊ဘာဆိုဘာမှတွေးလို့မရ၊ကိုယ့်ဘာသာ ကိုယ် ဘယ်ရောက်လို့ ရောက်
နေမှန်းမသိသေးပါ။တဖြည်းဖြည်းချင်း စိတ်အာရုံကိုစုစည်းကြည့်မိတော့မှကိုယ့်အိပ်ယာပေါ်ကိုယ်ရောက်နေတာ
ပါလားလို့ စဉ်းစာလို့ရပါတော့တယ်...။အင်း....ဒီအတိုင်းဆို ညက ကျွန်တော် တော်တော်များသွားတယ်ထင်ပါရဲ့။
ဘယ်တုန်းကရော နည်းဖူးလို့လဲ လို့ တွေးမိရင်း ဘာသာပြုံးမိသေးတယ်။

နာရီကြည့်လိုက်တော့ နံနက်ကိုးနာရီကျော်ပြီ။ဆက်အိပ်နေချင်ပေမယ့် ရင်တွေပူပြီး၊ရေငတ်လှတာမို့၊ခုတင်
ထက်မှ ကုန်းရုန်းပြီးထလာမိတယ်..။အိမ်နောက်ဖေး မီးဖိုချောင်ကို အသာကဲကြည့်မိတော့ အမေတစ်ယောက်
ဟင်းချက်ဖို့ပြင်ဆင်နေတာတွေ့ရပါတယ်။အဖေ့ကိုတော့မမြင်မိသေး။အိမ်ရှေ့မှာ သူ့အပင်လေးတွေနှင့် အလုပ်
ရှုပ်နေတယ်ထင်ပါရဲ့...။ကျွန်တော့်အမ ကတော့ ဒီအချိန်ဆို သူ့ရုံးကို ရောက်နေလောက်ပါပြီ။

ရေအိုးစင်ရှိရာသို့ အမေ့ဘေးမှ အသာဖြတ်လျှောက်သွားပေမယ့် အမေကတော့ ကျွန်တော့်ကိုတချက်မှ
လှည့်မကြည့်ပါ။ အင်း....ဒီအတိုင်းဆို အမေ ကျွန်တော့်ကို အတော် စိတ်ဆိုးနေတယ်တူပါရဲ့...။ရေနှစ်ခွက်
ဆင့်သောက်လိုက်တော့မှ ရင်ထဲက ပူလောင်နေတာတွေ အနည်းငယ် လျော့သွားသလို ခံစားရတယ်။
“အမေ...ဘာဟင်းချက်မလို့လည်း...” လေပျော့ကလေးနဲ့ မေးလိုက်တဲ့ ကျွန်တော့်အမေး ကို အမေပြန်မဖြေခဲ့ပါ။
ကျွန်တော်မေးတာကို မကြားသယောင်ဖြင့် လှည့်ကြည့်ဖော်တောင်မရပါ။ အမေဆီမှ စကားပြန်မရလေတော့ ကျွန်တော်လည်း ယောင်တောင်ပေါင်တောင်နှင့် အိမ်ရှေ့ဧည့်ခန်းဖက်ထွက်လာခဲ့ပါတော့တယ်...။

အိမ်ရှေ့ဧည့်ခန်းစားပွဲမှာထိုင်နေရင်း အမေ့ကို စိတ်ဆိုးပြေအောင် ဘယ်လိုလုပ်ရပါ့မလဲလို့ အကြံထုတ်
နေတုန်းမှာ...အိမ်ရှေ့မှ “အမရေ...အမ...”ဆိုတဲ့ ဘေးအိမ်မှ ဒေါ်ဒေါ်ဝင်းရဲ့ ခေါ်သံကိုကြားလိုက်ရပါတယ်...။
လာပါပြီ ဒီမိန်းမကြီး...၊အိမ်ကို တနေ့နှစ်ခေါက်လောက်မှ မလာရရင်မနေနိုင်တဲ့ မိန်းမကြီး...။လူကိုတွေ့ရင်
ဟိုစပ်စု၊ဒီစပ်စု လုပ်ဦးတော့မှာပဲ...လို့ ကျွန်တော့်စိတ်ထဲမှ မနှစ်မြို့စွာတွေးလိုက်မိပါတယ်။“ လာဟေ့ အဝင်းရေ
မီးဖိုထဲကို...” အိမ်နောက်ဖေးမှ အမေ့ရဲ့ လှမ်းခေါ်သံမဆုံးခင်မှာပဲ ဒေါ်ဒေါ်ဝင်းတစ်ယောက် အိမ်ပေါ် လှမ်းတက်
လာတာ တွေ့လိုက်ရပါပြီ...။ကျွန်တော်လည်း စားပွဲပေါ်က သတင်းစာတစ်စောင်ကို ကပျာကယာဆွဲယူပြီး စာဖတ်ချင်ယောင်ဆောင်နေလိုက်ပါတယ်..။

ဒါပေမယ့် ဒီတခါတော့ ထူးထူးဆန်းဆန်း သူ ကျွန်တော့်ကို လှည့်တောင်မကြည့်ပဲ အိမ်နောက်ဖေးကို
တန်းတန်းမတ်မတ်ဝင်သွားတာတွေ့လိုက်ရပါတယ်..။ အရင်ကဆိုရင် လူကိုတွေ့တာနဲ့စကားများနေကြ၊စပ်စု
နေကြမိန်းမကြီး...၊ဒီတခါ တယ်လဲထူးဆန်းပါလား...၊ဧကန်နတော့ သူ့မှာအမေ့ကိုဖောက်သည်ချစရာသတင်းထူး
တခုတော့ပါတယ်နဲ့တူရဲ့...လို့ဘာသာစိတ်ထဲကတွေးလိုက်မိပါတယ်..။

ဒေါ်ဒေါ်ဝင်း တစ်ယောက် အိမ်နောက်ဖေးမီးဖိုချောင်ထဲ ဝင်သွားပြီးတဲ့နောက်၊အမေနှင့်စကားတွတ်ထိုး
နေတာကို ကျွန်တော် အိမ်ရှေ့မှ အတိုင်းသားကြားနေရပါတယ်...။ပထမတော့ ရောက်တတ်ရာရာတွေပါ..။
အဲ...နောက်ပိုင်းမှာတော့.......

“ အမတို့ကတော်ပါသေးတယ်အမရယ်..၊သမီးကအားကိုးနေရလို့...”
“ ဟုတ်တယ် အဝင်းရဲ့...၊ သမီးလေး တစ်ယောက်တည်း ရှိပေမယ့် အားကိုးရလို့တော်ပါသေးရဲ့၊နို့မိုဆို အဖိုးကြီး ပင်စင်လစာတခုတည်းနဲ့ဆိုအတော်ကို ကသီမှာ...”
“ဟုတ်ပ...၊အမသမီးကတော်ရှာပါတယ်...။”

ဟောဗျာ....အမေပြောနေပုံက သူ့မှာ သမီးတစ်ယောက်တည်းရှိနေတဲ့အတိုင်းပဲ....။တကယ်ဆို
ကျွန်တော်လည်း ရတဲ့လခအကုန် အမေ့ကိုအပ်နေတာပဲ...။တကယ်ဆို မောင်နှမနှစ်ယောက်စလုံးလိမ္မာကြပါ
တယ်...စသည် ဖြစ်ရမှာကို....။အခုတော့ အရက်သောက်မိတာနဲ့ပဲ သားသမီးစာရင်းထဲတောင် မသွင်းချင်တော့
ဘူးထင်ပါရဲ့...။ကျွန်တော့် စိတ်ထဲမှာ အမေ့ကို နည်းနည်းတော့ခုသွားမိပါတယ်..။ဒါပေမယ့် ကျွန်တော်ကလည်း
ကိုယ့်အပြစ်နဲ့ကိုယ် ဆိုတော့ ဘာမှဝင်မပြောပဲ အမေတို့ ပြောနေတဲ့စကားတွေကိုပဲအသာနားစွင့်နေမိပါတယ်။

“ကဲ...ထမင်း ဟင်းတွေ ကျက်ပြီ၊စားကြရအောင်...၊အကိုရေ...ထမင်းစားရအောင်..၊အဝင်းလဲ တခါတည်း
ဝင်စားသွားနော်...”
အမေရဲ့ အဖေ့ကိုထမင်းစားဖို့ လှမ်းခေါ်သံ၊ဒေါ်ဒေါ်ဝင်းကို လောကဝတ်ပြုသံ ကြားမှပဲ တမနက်လုံးဘာမှ
မစားရသေးတဲ့ ကျွန်တော် ဗိုက်ဆာလာပါတော့တယ်။အင်း..အမေစိတ်ဆိုးနေပေမယ့် ထမင်းတော့ကျွေးမှာပါလို့
စဉ်းစားရင်း ကျွန်တော်လည်း ထမင်းစားခန်းဖက် ဝင်လာခဲ့ပါတယ်။ထမင်းစားပွဲ ကိုလှမ်းကြည့်တော့ သုံးယောက်
စာပြင်ထားတာတွေ့ရပါတယ်...။ဒါဆို အခြေအနေမဆိုးဘူးလို့ တွေးမိရင်း ထမင်းစားပွဲမှာ ဝင်ထိုင်မယ်ပြင်လိုက်
တော့......
“အမရေ..ကျွန်မလည်းပြန်ဦးမှ...”
“အို...မဟုတ်တာ...ထမင်းစားပြီးမှပြန်လေ..”
“မစားတော့ပါဘူး အမရယ်.....”
“ဘယ့်နှယ်...မစားတော့ပါဘူးလဲ...ဒီမှာ ထမင်းပွဲ သုံးယောက်စာပြင်ပြီးသွားပြီ...”

အမေရဲ့ စကားသံတွေဟာ ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ..။ဒီလိုဆို ဒီထမင်းဝိုင်းက အဖေ၊
အမေနှင့်ဒေါ်ဒေါ်ဝင်းတို့သုံးယောက်စာပဲပေါ့...။ကျွန်တော့် အတွက်နေရာမရှိဘူးဆိုတဲ့ သဘောပေါ့...။

အမေ” ရှက်ရွံစိတ်၊နာကျင်စိတ်တွေနဲ့ ကျွန်တော် အမေ့ကိုအကျယ်ကြီးအော်လိုက်မိပါတယ်...။

ဒါပေမယ့် အမေရော၊ဒေါ်ဒေါ်ဝင်းပါ ကျွန်တော့်အသံကိုမကြားချင်ယောင်ဆောင်နေကြပါတယ်။

မဟုတ်ဘူး....၊မဟုတ်သေးဘူး....။သူတို့မကြားချင်ယောင်ဆောင်နေကြတာ မဟုတ်ဘူး....။
သူတို့တကယ်မကြားတာ...။သူတို့ရဲ့စိတ်ထဲမှာ၊သူတို့ရဲ့မြင်ကွင်းထဲမှာ ကျွန်တော်ဆိုတာ မရှိတော့တာ.....။
ပျေက်ဆုံးသွားခဲ့တာ...။ဘုရား...ဘုရား...ဒါဘာလဲ....ကျွန်တော်သေဆုံးသွားခဲ့ပြီလား....ဟင့်အင်း...မဟုတ်ဘူး.....၊
ဒါ ကျွန်တော်သေဆုံးသွားတာလဲမဟုတ်ဘူး...။ပျောက်ဆုံးသွားတာ....။တချိန်ကကျင်လည်ခဲ့တဲ့ အသိုင်းအဝိုင်း၊
ပတ်ဝင်းကျင်ထဲက၊ဒီကမ္ဘာလောကကြီးထဲက ကျွန်တော့် ဖြစ်တည်မှု ပျောက်ဆုံးသွားခဲ့တာပါ။

ဒါဆိုရင် ကျွန်တော်က ဘာလည်း...၊ကျွန်တော့်ရှင်သန်မှုက ဘာလည်း...၊ဒီကမ္ဘာလောကကြီးထဲမှာ
ကျွန်တော့်ရဲ့ ဖြစ်တည်မှု၊တည်ရှိနေမှု ဆိုတာ ဘာအဓိပ္ပါယ် ရှိပါသလဲ....။ကျွန်တော် ကောင်းတာတွေပဲလုပ်လုပ်၊
ဆိုးတာတွေပဲလုပ်လုပ်၊ ဘယ်သူ့ကိုမှ အကျိုးသက်ရောက်မှုမရှိတော့ဘူးပေါ့....။ဘယ်သူကမှလည်း အသိအမှတ်
မပြုကြတော့ဘူးပေါ့...။

ထိတ်လန့် တုန်လှုပ်စွာ...၊နာကျင်ကြေကွဲစွာ.... ကျွန်တော် လမ်းမပေါ်ပြေးထွက်လာမိပါတယ်...။

လမ်းမပေါ်ရောက်တော့ ကျွန်တော် သတိပြုမိလိုက်တာက......လူတွေ....၊လူတွေ......၊
ကျွန်တော့်လိုပဲ မြောက်များလှစွာသော ဖြစ်တည်မှုပျောက်ဆုံးနေတဲ့လူတွေ.....၊
အဓိပ္ပာယ်မဲ့နေတဲ့ မျက်နှာတွေနဲ့လူတွေ.....၊မှိန်ဖျော့နေတဲ့မျက်လုံးတွေနဲ့လူတွေ....၊
လမ်းမပေါ်မှာဦးတည်ရာမဲ့သွားနေကြတာ တွေ့လိုက်ရပါတော့တယ်.............။


(တခါတရံမှာ “ အကယ်၍ ကျွန်တော်သာဒီလောကထဲကပျောက်ကွယ်သွားခဲ့ရင်၊ဒီလောကထဲကို လူအဖြစ်
ရောက်မလာခဲ့ရင်...”လို့ ကျွန်တော်တွေးမိတတ်ပါတယ်။အဲဒီလိုတွေးမိတိုင်း လူ့ဘဝကိုတွယ်တာတဲ့စိတ်၊
လူအဖြစ်ရှင်သန်၊ရပ်တည်နေရတာကိုကျေနပ်မိတဲ့စိတ် ကြောင့် လောကထဲကကွယ်ပျောက်သွားမှာကို
အကြီးအကျယ် ထိပ်လန့်၊တုန်လှုပ်မိပါတယ်။အဲဒီ စိတ်၊အတွေး ခံစားမှုကိုအခြေခံပြီး
ဒီဝတ္ထုတိုလေးကိုဘာရယ်မဟုတ်ရေးမိကြောင်းပါခင်ဗျား...။)



















Sunday, July 4, 2010

စကိုင်းပတ်၊လွတ်လပ်ရေးနေ့နှင့်မူးရစ်ဝေသောဂျာမနီညများ

မနေ့က တညနေခင်းလုံး အပြင်လျှောက်သွားတယ်....။ညနေငါးနာရီကတည်းက ထွက်သွားလိုက်တာ
ညဆယ့်နှစ်နာရီထိုးမှအခန်းပြန်ရောက်တယ်..။ဘယ်သူတွေနဲ့လဲလို့တော့မမေးကြပါနဲ့...။ဘယ်သူမှမပါဘူး။ဘုန်း
မောင်တစ်ယောက်တည်း...။ပထမဆုံးရောက်သွားတဲ့နေရာက MERINA BAY SANDS က SKYPARK ပါ။
မိုကလည်းဖွဲဖွဲလေးရွာနေလေရဲ့..။မိုးရွာနေရင်သွားလို့မကောင်းမှန်းသိပေမယ့်၊ကျွန်တော်ကလည်းတခုခုကိုလုပ် တော့မယ်ဟေ့ဆိုရင် မဖြစ်မနေလုပ်လိုက်ရမှ ကျေနပ်လေတော့ မရောက်မနေ အရောက်သွားလိုက်ပါတယ်။

လက်မှတ်က တစ်စောင် နှစ်ဆယ်ပေးရတယ်။အသံလွင့်စက်ကလေး ခဏငှားတယ်..(အပိုင်ပေးလိုက်တာ
မဟုတ်)။ငါးဆယ့်ခြောက်ထပ်ကိုဓာတ်လေကားနဲ့တက်၊အပေါ်ရောက်တော့ဟိုကြည့်၊ဒီကြည့်ပေါ့။အနောက်ဘက်
ခြမ်း ကိုပဲသွားလို့ရပါတယ်။အရှေ့ဘက်ခြမ်းက ဟိုတယ်မှာတည်းခိုသူတွေအတွက်သီးသန့် ပါတဲ့။ခဏနေတော့ ပြန်ဆင်းလာခဲ့တယ်...။ဘာမှလည်းမဟုတ်၊ပိုက်ဆံနှစ်ဆယ်ကုန်တာပဲအဖတ်တင်တယ်..။ရောက်လက်စနဲ့တော့
မထူးဘူဆိုပြီး ကာစီနိုလည်းဝင်ကြည့်ခဲ့သေးတယ်..။

အဲဒီကနေ ပင်နစူလာကိုခရီးဆက်တယ်..။ဆံပင်ညှပ်၊ထမင်းစားပြီး၊တောင်ဝယ်မြောက်ဝယ် ဝယ်ပါတယ်။
(တောင်ဝယ်၊မြောက်ဝယ်ဆိုလို့ တောင်တွေရယ်၊မျောက်တွေရယ် ဝယ်လာတယ်လို့မထင်နဲ့နော်၊ဘာတွေဝယ်
မယ်ဆိုတာ စိတ်ကူးရှိတာမဟုတ်ဘူး၊ရောက်တုန်း လိုမယ်ထင်တာလေးတွေ ဝယ်လာတာ...)။

ပင်နစူလာရဲ့ အရှေ့ဘက်က ကျေက်တိုင်နားမှာကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကိုသွားကြည့်
့သေးတယ်။ကျွန်တော်ရောက်သွားတော့ အခမ်းအနားကပြီးသွားလို့ လူတွေတောင် ပြန်ထွက်လာကြပြီ..။

ညကိုးနာရီလောက်မှာသူငယ်ချင်းတယောက်က အရေးတကြီးဖုန်းဆက်ခေါ်လို့ကပျာကယာပြန်ပြေးရတယ်။
အရေးတကြီးဖုန်းဆက်ခေါ်တယ်ဆိုလို့ တခြားတော့မထင်လိုက်ပါနဲ့၊ဘောပွဲကြည့်ဖို့ လက်ဘက်ရည်ဆိုင်မှာ ခုံဦး
ထားတဲ့အကြောင်း၊ မြန်မြန်မလာရင်ဦးထားတဲ့ခုံကိုတခြားသူတွေ ယူတော့မယ့်အကြောင်း သတင်းလှမ်းပို့တာပါ။

ဒါနဲ့ပဲ သူတိုက်တဲ့ ဘီယာတလုံးသောက်ပြီး(ကျွန်တော်စကိုင်းပက်သွားတာသူ့ကိုမခေါ်လို့ ကျေးဇူးတင်တဲ့အနေနဲ့
တိုက်တာ သူ့ခေါ်သွားရင် သူပါနှစ်ဆယ်ကုန်မှာကိုး...)အာဂျင်တီးနားက အားပေးလိုက်တာ လှလှပပကြီးကိုရှုံး သွားပါရော...။(အင်္ဂလန်နဲ့ဂျာမနီ ပွဲတုန်းကလည်း အင်္ဂလန်ကအားပေးတယ်။ရှုံးခဲ့တာပဲ၊ဒါလည်းအမှတ်မရှိဘူး)

ဒီပုံက MERINA BAY SANDS ရဲ့ ပုံစံတူဆောက်အဦးငယ်လေးပါ





ဒီပုံတွေကတော့ ရောက်တဲ့အတူတူ နှစ်ဆယ်တန်အောင် လျှောက်ရိုက်ထားတာတွေပါ။
Add Image
အမခင်ဦးမေပုံတွေကို ဝါးသလေး၊ဘာသလေး နဲ့လျှောက်ပြောမိတာ၊အခုမှကောင်းကောင်းကြီးဝဋ္ဋ်လည်ပါ
တော့တယ်၊ကျွန်တော့ပုံတွေ ဝါးသွားတာကတော့ မိုးရွာနေလို့ပါခင်ည။(မလျှော့သေးဘူး၊ဆင်သေကိုဆိတ်ရေနဲ့
ဖုံးကောင်းတုန်းပဲ) ဘာရယ်မဟုတ်ပါဘူး။စကိုင်းပတ်ရောက်အမှတ်တရအဖြစ်ရေးလိုက်တာပါ။