Thursday, April 28, 2011

အမည်သညာ ခေါ်စရာကား.......

“အမည်သညာ....ဘာအရေးပါလိမ့်.....၊နှင်းဆီကို ဘယ်အမည်ပေး....မွှေးမပျက်ပါ.....” တဲ့.......။ရှိတ်စပီးယား
လား၊ဘယ်သူလဲမသိ...၊ရေးခဲ့တာလေး ဖတ်ဖူးခဲ့ပါတယ်....။ဟုတ်ပါတယ်...။အမည်သညာကား ဘာအရေးလဲပါ
ပါသလဲ...။စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန် ကလွဲလို့ကျန်တာတွေအကုန်လုံးက ပညတ်တွေပဲမဟုတ်ပါလားခင်ဗျ...။
သို့ပေမယ့် ဘယ်သူပဲ၊ဘယ်ဝါပဲရယ်လို့ ခေါ်ရလွယ်အောင် အမည်ပညတ်တော့ရှိရပေတာပေါ့ဗျာ...နော့...။

ဆိုတော့ လူရယ်လို့ဖြစ်လာရင် အမည်သညာခေါ်စရာတော့ ရှိပေတော့မပေါ့...။တချို့ကျတော့ ခပ်ဆန်းဆန်း၊
တချို့ကျတော့ခပ်ရိုးရိုး၊တချို့၊တချို့များတော့ တစ်လုံးတည်း၊တချို့ကျတော့လည်း ရှည်လျားထွေပြားပေသကိုး။
အဲ့အမည်ကအရေးကြီးသလားဆိုတော့အရေးကြီးတယ်တော့မဟုတ်ပေဘူး...။ဒါပေမယ့်.....၊ဟုတ်ကဲ့...။ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း အမည်ပညတ်တို့က အရေးပါလာပြန်ရော...။ အဲ..စကားစပ်မိလို့ပြောရဦးမယ်...၊
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့အဖေ့အမည်က ဦးရွေသန်းတဲ့....၊အဲဒီ ဦးရွေသန်းရဲ့ ညီကဦးရွေသီးတဲ့ဗျ...၊
သူ့မှာလည်းသမီးတစ်ယောက်၊သားတစ်ယောက်ရှိတယ်....၊ကျွန်တော့်သူငယ်ချင်းနဲ့မောင်နှမဝမ်းကွဲတွေပေါ့...၊
ကျွန်တော်နဲ့လည်းသူငယ်ချင်းတွေပါပဲ....၊သူတို့အဖေဦးရွေသီးကအင်မတန်မှဒေါသကြီးသဗျ...၊လွန်ခဲ့တဲ့လေးနှစ်
လောက်ကရုပ်မြင်သံကြားမှာဓာတ်မြေသြဇာကြော်ငြာတစ်ခုရှိတယ်...အာမိုလားဘာလားတော့သိတော့ဘူး....။
ဘာတဲ့....သူတို့ကြော်ငြာတဲ့သီချင်းလေးက “...မြေကြီးက ရွေသီးဖို့.....”တဲ့....၊

ဆိုတော့ လူငယ်တွေက ညညဆို ဦးရွေသီးအိမ်ရှေ့ရောက်ရင် အဲ့သီချင်းကို အသံကုန်ဆိုပြီး ပြေးကြတော့တာပဲ။
အင်မတန်မှ ဒေါသကြီးတဲ့ ဦးရွေသီးကလည်း အိမ်ရှေ့ထွက်ပြီး ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြား ကလော်တုတ်တာပဲ
ဗျိုး...၊တော်တော်ဆိုးတဲ့ကလေးတွေနဲ့ တော်တော်ကြီးကိုဆိုးတဲ့ လူကြီးကြီးပဲဗျနော်...:)))။သူ့သားနဲ့သမီးကတော့
စိတ်လည်းညစ်၊ရှက်လည်းရှက်ပေါ့လေ...၊ခက်တာက သူတို့လည်းဘာမှမတတ်နိုင်ဘူးလေ...။သူ့အဖေနာမည်
ကိုက အဲ့သည်လိုမှည့်ထားပေတာကိုး...။တချိန်ကတော့ ဘိုးဘွားမိဘတွေက ရွေတွေသီးနေတဲ့လူဖြစ်ပါစေတော့
ရယ်လို့ ပညတ်ပြီးပေးခဲ့တာပဲလေ...၊ခုတော့လည်း ကလေးတွေနောက်စရာကြီးကိုဖြစ်လို့...။အဲ့ဒါကြောင့်ပြော
တာ တခါတခါကျတော့လည်း နာမည်က အရေးပါလာပြန်ရောလို့....။

နောက်ပြီး ရှိသေးရဲ့...၊တချို့၊တချို့တွေက...၊ဒီနာမည်ကတော့ဖြင့် မိန်းမနာမည်ပဲ၊ယောင်္ကျားနာမည်ပဲ..၊
ဒီလိုအမည်ကိုတော့ဖြင့် ဒီလိုစာလုံးပေါင်းရတာပဲ...၊အစရှိသဖြင့် အမည်နာမတွေကို ခွဲခြမ်းစိတ်ဖြာကြလေရော။
သူရို့တွေရဲ့စိတ်၊စေတနာ ဘယ်သို့ရှိသည်တော့မသိ...၊အမည်ပိုင်ရှင်တွေက ခံစားချက်နုနယ်တဲ့သူများ ဖြစ်များ
ဖြစ်နေခဲ့ရင် သူတို့ရဲ့ စိတ်နှလုံးကို နောက်ကျိ၊ရှုပ်ထွေးစေနိုင်ပေတာပေါ့ဗျာ...။

အမည်နာမတွေအကြောင်းစဉ်းစားရင်း ကိုယ့်နာမည်တွေအကြောင်း စိတ်ကရောက်သွားလေရဲ့....။အဲ...စဉ်းစား
ကြည့်တော့ ကျွန်တော့်မလဲ နာမည်တွေအတော်များပေတာကိုးဗျ.....။(မှတ်ချက်။ ။မောင်မျိုးလောက်တော့
မများဘူးဗျ....:))ဆိုတော့ ကျွန်တော့်အမည်တွေအကြောင်းပြောကြည့်ရအောင်ဗျာ...၊(အောင်မလေး..ခုမှလိုရင်း
ရောက်တော့တယ်...၊ငါ့နှယ်........:))

ကျွန်တော်ငယ်ငယ်...ကလေးလေးဘဝတုန်းက ကျွန်တော်တို့မိသားစုက အိမ်ငှားနေရတာပါ...။အဖေ့အဖေ၊
ကျွန်တော့် အဘိုး...ပြည်ကြီးတရုတ်ကြီးရဲ့မိတ်ဆွေ တရုတ်အဖိုးအဖွားလင်မယားရဲ့အိမ်အပေါ်ထပ်ကို
ငှားနေကြရတယ်တဲ့....၊

စကားစပ်လို့ပြောရဦးမယ်....၊ကျွန်တော်ငယ်ငယ်က အင်မတန်ဆိုးဆိုပဲ...၊(ကြီးတော့လည်းမလိမ္မာပါဘူး...:))
အမေကိုလည်းအင်မတန်ခင်တယ်တဲ့...၊စိတ်ကလည်းကြီးသေး......၊ငိုများငိုလို့ကတော့ ဘယ်သူ့အချီ၊အချော့မှ
မခံဘူးတဲ့....၊အမေချီမှ၊အမေချော့မှရသတဲ့....။ကျွန်တော့်အမေခမျာမလည်း ရုံးအလုပ်ကတစ်ဘက်၊လေးနှစ်
သမီး၊ကျွန်တော့်အမကလည်းတစ်မျိုး၊ကျွန်တော်ကလည်းတစ်ဖုံဆိုတော့ သူ့မှာ ယားရင်တောင်ထုံးတို့ထားရတဲ့
ဘဝပေါ့လေ...၊

မနက်မိုးလင်းတာနဲ့ ကျွန်တော်တို့မောင်နှမဝေယျာဝိစ္စတွေလုပ်၊ချက်ပြုတ်...၊ပြီး ကျွန်တော့်ကို နို့အဝတိုက်ပြီး
ပုခက်ထဲထည့်သိပ်ခဲ့ပြီး ရုံးပြေးရသတဲ့...၊၁၀နာရီလောက်၊ကျွန်တော်နိုးလောက်မယ့်အချိန်လောက်ကို အိမ်ပြန်
ပြေးလာရတယ်....၊ကျွန်တော်နိုးလာလို့ အမေ့လက်မှမရောက်ရင် တတ်မတက်၊ချက်မတက် ငိုတော့မှာကိုး...။
တစ်ခါတစ်လေ.....အမေပြန်မရောက်ခင်...ကျွန်တော် နိုးလာလို့ကတော့ ကမ္ဘာပျက်မတတ် ငိုတော့တာပဲတဲ့....။
အိမ်ရှင်တရုတ်အဖိုးအဖွားလင်မယားကလည်း ကလေးချစ်တတ်လေတော့ သူတို့ခင်မျာ ကျွန်တော့်ကိုချီရှာ၊ချော့
ရှာပါတယ်...၊သို့ပေမယ့် အမေခင်တဲ့ ကျွန်တော်က မတိတ်ရေးချ မတိတ်...၊မတိတ်တဲ့အပြင် သူရို့လက်ထဲက
ကော့ကော့ပြီးထိုးချတယ်တဲ့ခင်ဗျာ.....၊

အဲ့လိုမျိုးဖြစ်ပြီဆိုရင်ဖြင့် ကျွန်တော့်အစ်မ လေးနှစ်သမီးလေးက ရုံးကိုအပြေးကလေးလာပြီး အမေ့ကိုလာခေါ်ရ
သဗျ...။အဲ့ဒီအချိန်က အမေတို့ရုံးနဲ့ နေတဲ့အိမ်က ခြံစည်းရိုးပဲခြားတဲ့အပြင် မလွယ်ပေါက်လေးကလည်းရှိလို့
တော်သေးသပေါ့လေ....။အဲဒီအိမ်ရှင်တရုတ်အဖိုးအဖွားလင်မယားက ကျွန်တော့်အမေတို့ကို ခင်လည်းခင်၊
သနားလည်းသနား...၊ကျွန်တော့်ကိုလည်းအင်မတန်မှချစ်ရှာသတဲ့...၊ငယ်ငယ်တုန်းက ကျွန်တော်က ဖြူဖြူဝဝ
တရုတ်ကလေးရုပ်နဲ့ချစ်စရာအင်မတန်ကောင်းဆိုပဲ....။(ခုကြီးလာတော့ သောက်ညင်ကပ်စရာတယ်ကောင်း
ဆိုလား.....:))

ဆိုတော့...အဲဒီ အဖိုးအဖွားလင်မယားက ကျွန်တော့်ကို တရုတ်လိုချစ်စနိုးနဲ့ခေါ်တာက “အကောက်လေး ”တဲ့...၊
အကောက်ဆိုတာ မြန်မာလိုဆိုရင် ခွေးကလေးလို့အဓိပ္ပါယ်ရသတဲ့...။ဒါနဲ့ပဲ ကျွန်တော့်ဆွေမျိုးတွေကလည်း အဲဒီ
လိုလိုက်ခေါ်ရင်းနဲ့ ကျွန်တော့ငယ်မည်က အကောက်လေး...၊အကောက်....၊ကောက်ကောက်..အစရှိသဖြင့် တွင်
သွားပါလေရော.....။

နောက်နာမည်တစ်မျိုးကတော့ မောင်လေး...တဲ့...။ဒီနာမည်ရဲ့ လက်သည်တရားခံကတော့ ကျွန်တော့်ရဲ့အမပါ။
ကျွန်တော်နဲ့ ကျွန်တော့အမက သုံးနှစ်ကျော်ကွာပါတယ်....။ငယ်တုန်းကတော့ အမက ကျွန်တော့်ကို အကောက်
လို့မခေါ်ပဲ မောင်လေးလို့ပဲခေါ်ပါတယ်....၊(ငယ်ငယ်က အမက ကျွန်တော့်ကိုအတော်ချစ်ရှာတာ...၊ကြီးလာတော့
သောက်ညင်ကပ်လိုက်တာမပြောပါနဲ့တော့တဲ့လေ....ဟင့်...:)။သူငယ်ငယ်က...သူ့သူငယ်ချင်းမလေးတွေနဲ့
အိမ်မှာ ဈေးရောင်းတမ်းတို့၊ဆရာမလုပ်တမ်းတို့၊ဘာတို့ဆော့ရင် ကျွန်တော်ကလည်းတောက်တောက်တောက်
တောက်နဲ့ ဝင်ဆော့တာပေါ့...၊သူတို့ဈေးရောင်းရင် ကျွန်တော်ကဈေးဝယ်လုပ်ရသတဲ့၊သူတို့ဆရာမလုပ်ရင်
ကျွန်တော်က ကျောင်းသားလေးပေါ့...၊

ဆိုတော့ သူကကျွန်တော့်ကို မောင်လေးလို့ခေါ်တော့ သူ့သူငယ်ချင်းတွေကလည်း မောင်လေးလို့ လိုက်ခေါ်...၊
တစ်ခါ သူတို့ရဲ့ ညီ၊ညီမငယ်တွေကလည်း ကျွန်တော့်ကို မောင်လေး လို့ပဲခေါ်...၊အဲ့ဒီကတစ်ဆင့် သူရို့အဖေ၊
အမေတွေကပါ ကျွန်တော့်အမကို “ဟဲ့ နင့်မောင်လေးနာမည် ဘယ်သူတုန်း ”ဆိုရင် မောင်လေး...လေ...လို့သူ
ကဖြေလိုက်လေတော့ လူကြီးတွေကပါ မောင်လေးဖြစ်ကုန်ရော....။

ပုံစံတစ်ဆယ် လို့ခေါ်တဲ့ သန်းခေါင်စာရင်းထဲမှာတော့ ကျွန်တော့်နာမည်က ထွန်းထွန်းဝင်း...တဲ့....။သို့ပေမယ့်
အဲဒီနာမည်က သန်းခေါင်စာရင်းထဲမှာတောင်အပေါ်က ဘောပင်နဲ့ခြစ်ထားလိုက်တာ စပေးပြီး တစ်လလောက်
ကတည်းကပါပဲ...။ဖြစ်ပုံကဒီလိုဗျ....။ကျွန်တော် လသားလေးမှာပဲ အမေကထွန်းထွန်းဝင်းလို့ အမည်သညာပေး
လိုက်ရော...။ပေးပြီးတာနဲ့ သန်းခေါင်စာရင်းမှာ ဖြည့်ထားရသပေါ့...၊ဒါမှ သမဆိုင်ကပေးတဲ့ အနှီးတို့၊နို့မှုန့်တို့ ရ
မှာကိုး...။ပေးပြီးကာမှ တစ်လမ်းထဲက ကျွန်တော့်ထက် လပိုင်းလောက်စောမွေးတဲ့ ကလေးတစ်ယောက်အမည်
က ထွန်းထွန်းဝင်း လို့ မှည့်ထားပြီးသားဖြစ်နေမှန်းသိရလေတော့၊အမေက နာမည်တစ်မျိုးပြောင်းပြန်ရောခင်ဗျ။

နောက်တခါပြောင်းတဲ့အမည်က တေဇနိုင်တဲ့.....။အမေက သူ့သားလေးကို ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည်၊
သူရဲကောင်းကြီး ဖြစ်စေချင်တဲ့ စိတ်စေတနာနဲ့ ဒီနာမည်ပေးခဲ့တယ်တူပါရဲ့ဗျာ...။ခက်တာက သူ့သားလေးက
ဗိုလ်ချုပ်နဲ့ နာမည်လေးတစ်ခုပဲ ဆင်ဆင်တူရှာပါတယ်...:)။အဲ...အဲ့နာမည်လည်း လေးတန်းအထိပဲ ခံရှာပါတယ်။
လေးတန်းအောင်လို့ ငါးတန်းကို အထက်တန်းကျောင်းကြီးမှာ ပြောင်းထားရမယ်လည်းလုပ်ရော...၊ကျွန်တော့်ရဲ့
ချစ်စွာသောမေမေက သူ့သားလေး ပညာတတ်ကြီး ဖြစ်စေဖို့အလိုငှာ သူယုံကြည်အားထားတဲ့ အတိုင်ပင်ခံများ
နဲ့ တိုင်ပင်ပါလေရော...။

သူ့အတိုင်ပင်ခံများကတော့ တခြားသူတွေမဟုတ်ပါဘူး။တစ်မြို့လုံးရှိ ရှိသမျှ ဗေဒင်၊နက္ခက်၊အကြားအမြင်၊နတ်
ဆရာ၊နတ်ကတော်၊အို....အကုန်အကုန်ပါပဲ...။အမေက ဟိုတုန်းက အဲ့ဒါမျိုးတွေအင်မတန်ယုံကြည်တာကလား။
သူသွားလေရာတစ်ကောက်ကောက်လိုက်ရတာက ကျွန်တော်ဆိုတော့ ကျွန်တော်လည်း တစ်မြို့လုံးရှိသမျှ
ဗေဒင်ဆရာ၊နတ်ဆရာမှန်သမျှ ဘယ်သူဘယ်နားနေတယ်ဆိုတာ ငယ်ငယ်ကတည်းကသိသဗျ...။သိသာသိ...၊
ကျွန်တော်ကတော့ ငယ်ကတည်းက အဲ့ဒါတွေကို မယုံရေးချမယုံ...။ငါးသိုင်းများ ဟင်းဟုံသွားထင်ပါ့....။

ဒါနဲ့ ဗေဒင်ဆြာတစ်ယောက်က ကျွန်တော့်ရဲ့ တေဇဆိုတဲ့နာမည်ကဖြင့် စီးနေတဲ့အကြောင်း နာမည်ပြောင်းမှ
လူကောင်းမှာဖြစ်တဲ့အကြောင်း ဟောလိုက်ပါလေရော...။ဆိုတော့ အမေလည်း သူ့အတိုင်ပင်ခံဆြာတွေနဲ့
တိုင်ပင်ပြီးသကာလ ငါးတန်းကျောင်းအပ်တော့ နာမည်အသစ်ပြောင်းလိုက်ပါရော....။အဲဒီနာမည်ကတော့ခု
လက်ရှိ ပတ်စပို့နဲ့ မှတ်ပုံတင်ထဲကနာမည်ပေါ့ခင်ဗျာ...။သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းကနေ
ကျောင်းဆက်မတတ်နိုင်တဲ့၊အထက်တန်းကျောင်းချင်းမတူတော့တဲ့ မူလတန်းကျောင်းက သူငယ်ချင်းဟောင်း
များက ယနေထက်တိုင် ကျွန်တော့်ကို တေဇ လို့ပဲခေါ်ကြပါတယ်....။

နောက်နာမည်တစ်ခုက တရုတ်နာမည်ခင်ဗျ....။ဝမ်လုံ တဲ့....။ဒီနာမည်ရပုံကဒီလို...။ဆယ်တန်းအောင်တော့
ထုံးစံအတိုင်း သင်တန်းပေါင်းစုံတတ်သပေါ့.....။အင်္ဂလိပ်စကားပြောသင်တန်း....၊တရုတ်စကားပြောသင်တန်း၊
ဘာသင်တန်း၊ညာသင်တန်း....၊အစရှိသဖြင့်ပေါ့လေ...။တရုတ်စကားပြောသင်တန်းကို ကျွန်တော်တို့မြို့က
တရုတ်အဖိုးကြီးတစ်ယောက်ဆီမှ သွားသင်ဖြစ်ပါတယ်....။ဆရာကြီးကို ကျွန်တော်တို့က သူ့မွေးစားသမီးတွေ
ခေါ်သလိုပဲ အဘ လို့ပဲခေါ်ပါတယ်...။

အဲ...အဘကတော့ ကျွန်တော်တို့ကို တရုတ်နာမည်တွေ ပေးထားပြီး အဲဒီတရုတ်နာမည်တွေကိုပဲခေါ်ပါတယ်...။
ကျွန်တော်တို့ကျောင်းသားအချင်းချင်းကိုလည်း တတ်နိုင်သမျှ စာသင်ခန်းထဲမှာ တရုတ်လိုပြောခိုင်းပါတယ်...။
စာစသင်တဲ့နေ့မှာပဲ ကျွန်တော်တို့ကို တရုတ်နာမည်တွေပေးတာပါ...။ကျွန်တော့်ကို နင့်အဖိုးရဲ့ မျိုးရိုးနာမည်က
ဘယ်သူလဲ..လို့မေးပါတယ်...။ကျွန်တော့်အဖိုးက တရုတ်ဆိုတာသူသိထားတာကိုး....။အဖိုးရဲ့မျိုးရိုးနာမည်က
ဝမ်....ပါ။ကျွန်တော်က အဖိုးကို သိမှီလိုက်လို့တော့မဟုတ်ပါဘူး....။

ကျွန်တော့်အကြီးဆုံးဂျီးတော်ကြီးကပြောပြလို့ပါ...။ဂျီးတော်ကြီးက သူ့အဖေ၊ကျွန်တော့်အဖိုးကိုကောင်းစွာသိမှီ
လိုက်တဲ့အပြင် တရုတ်ကျောင်းမှာ ၂တန်းလားမသိ သင်ခဲ့ဖူးတာကိုးခင်ဗျ....။ဒါနဲ့ပဲ ကျွန်တော့်နာမည်လည်း
ဝမ်လုံဖြစ်ရော....။၃လလောက်တတ်ဖြစ်ခဲ့တဲ့ အဲဒီသင်တန်းမှာ ကျောင်းသား၁၀ယောက်လောက်ရှိရာမှာ တစ်
ယောက်နဲ့တစ်ယောက် နာမည်အရင်းတွေ သိကြဘူးခင်ဗျ....၊တရုတ်နာမည်တွေပဲ ခေါ်ကြတော့ အဲ့တရုတ်နာ
မည်တွေပဲသိကြပါတယ်....၊မှတ်မိသေးတယ်...၊ကောင်မလေးတစ်ယောက်နာမည်က လင်ဟွာ...တဲ့။ကျွန်တော်
တို့က လင်ဆာ လို့ နောက်ပြောင်ခေါ်ကြတာပေါ့.....:)))။သူလည်း တရုတ်သွေးပါတော့ သူတို့မျိုးက လင်မျိုးတဲ့...။
ဟွာ....ဆိုတာက ပန်းကလေးတဲ့။အင်း....သူ့ဟာနဲ့သူကတော့ ဟုတ်နေတာပဲ...၊ကျွန်တော်တို့ခေါ်မှ နာမည်ပျက်
ရှာတော့တယ်.....:)))

သင်တန်းအတူတတ်ခဲ့ဖူးတဲ့သူတွေ လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်...“ဟဲ့ ဝမ်လုံ..နင်ဘာတွေလုပ်နေလဲ.....”
“ ဟေ့...လင်ဟွာ....ဘယ်လဲ...” စသဖြင့် တရုတ်နာမည်ပဲခေါ်ကြသိကြပါတယ်...။

နောက်နာမည်တစ်ခုကတော့ ဒီစလုံးကိုရောက်မှရတဲ့နာမည်ပါ...။ဒီကိုစရောက်ရောက်ခြင်းနေမှာပဲ သူဌေးက
မင့်နာမည်က ခေါ်ရခက်တယ်....၊ငါတို့ မင်းကို အနိုင်...လို့ခေါ်မယ်ဆိုပြီး ကင်ပွန်းတတ်လိုက်ရာမှာ တစ်ရုံးလုံးက
ကျွန်တော့်ကို အနိုင် လို့ခေါ်ကြသဗျ...။အဲ...တချို့က အနိုင်းတဲ့....၊တချို့က အနဲ...တဲ့....:)))။သူတို့တင်လားဆို
တော့ မဟုတ်....၊ရုံးနီးနားချင်း မြန်မာတွေကပါ ကျွန်တော့်ကို အနိုင်လို့ပဲသိကြခေါ်ကြပါတယ်...၊အငယ်တွေက
တော့ ကိုအနိုင်တဲ့.....။

ဆိုတော့....ကျွန်တော့်ကို အကောက်လို့ခေါ်တဲ့သူကခေါ်...၊တေဇလို့ အော်တဲ့သူကအော်....၊ဝမ်လုံ လို့နှုတ်ဆက်
တဲ့သူက နှုတ်ဆက်....၊ဟဲ့မောင်လေး...လို့ မေးတဲ့သူကလည်းမရှား....၊လက်ရှိနာမည်ကို သုံးတဲ့သူကလည်းသုံး
ပေါ့လေ...၊ကျွန်တော်ကတော့ ဘယ်နာမည်ခေါ်ခေါ်....ကျွန်တော့်ကို ခေါ်မှန်းသိနေတော့ ပြဿနာမရှိပါခင်ဗျ...။
အဲ...ကျွန်တော့်သူငယ်ချင်းတွေကတော့ တစ်ခါတစ်ခါသူတို့မှာမျက်စေ့လည်သွားရှာတာပေါ့လေ...:)))

ဘလော့လေးလုပ်တော့ ထွေထွေထူးထူးနာမည်တွေစဉ်းစားမနေတော့ပါဘူး....။မောင်လေး လို့ပဲ သုံးလိုက်တာ
ပါပဲ....။အဲ...ခုတော့ ဘာရယ်မဟုတ် နာမည်ပြောင်းလိုက်ပြီခင်ဗျ...။ဘာဖြစ်လို့လဲဆိုတော့ မောင်လေး ဆိုတဲ့
နာမည်က နဲနဲခေါ်ရတာ ကို့ယို့ကားယားများနိုင်သလားလို့ပါ....။ဒါနဲ့ပဲ နာရီဝက်လောက် အသည်းအသန် စဉ်းစား
ပြီးသကာလ နာမည်အသစ်တစ်ခု ကိုယ်ဘာသာ ပေးလိုက်ပါတယ်....၊အမည်သညာခေါ်စရာကား ညိမ်းနိုင် အသက်တစ်သန်းနှစ်သိန်းရှည်စေသတည်း.......ရယ်......လို့....။(ဒီအမည်အတွက် ကျွန်တော့်မလဲ အတိုင်ပင်ခံ
နှစ်ယောက်ရှိသဗျ...၊သူတို့နှစ်ယောက်ကိုလည်း ကျေးဇူးတင်ပါကြောင်း......:))))

(ဤပို့စ်ကား အမည်သစ် ကင်ပွန်းတပ်ပို့စ်တည်း...၊အမည်ပြောင်း၊ကင်ပွန်းတပ်ပွဲတွင် ဘာကျွေးရင်ကောင်းမလဲ
စဉ်စားသော်...၊စိတ်ထဲဘာမှမပေါ်တာနှင့် ဘာမှမကျွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ရပါကြောင်းးးး)))

Sunday, April 10, 2011

ဆမ်ဘာဝမ်း၊ပန်နစူလာနှင့် မြန်မာပြည်သို့ တစ်ရက်တာ.....

သင်္ကြန်နဲ့ဝေးခဲ့တာကြာပြီ...။မြန်မာပြည်မှာတုန်းကလည်း မြန်မာပြည်မှာမို့လို့၊ဒီမှာလည်း ဒီမှာမို့လို့ မလည်ဖြစ်၊
မထွက်ဖြစ်ပါဘူး...။ဘာလို့လဲမေးရင် ဘာရယ်မဟုတ်ပါ...။သင်္ကြန်နဲ့ ကျွန်တော့်ကြား ဘာပြဿနာမှမရှိ၊စိတ်ဆိုး
စရာ၊စိတ်ကောက်စရာမရှိရေးချမရှိရယ်ပါ...။ငယ်ကတော့သင်္ကြန်နဲ့ပတ်သက်တဲ့စိတ်ဒဏ်လေးနဲနဲတော့ရှိခဲ့ရဲ့....။
ဒါကလည်းခုအရွယ်မှာဘာမှမဟုတ်တော့...။

ဒီနှစ်တော့ ဘာရယ်မဟုတ်..ဆမ်ဘာဝမ်သင်္ကြန်ပွဲကိုသွားဖြစ်တယ်.....။တော်တော်စည်ပါတယ်...။ဆမ်ဘာဝမ်
အမ်အာတီမှာဆင်းပြီး အမ်အာတီရှေ့ကကားမှတ်တိုင်မှာ၈၈၂ဘတ်စ်ကားစောင့်စီးတယ်....။တစ်စီးလာတယ်....၊
မရပ်ဘူး...မြန်မာတွေအပြည့်နဲ့....၊တစ်စီးလာတယ်....၊ရပ်ပေးတယ်....တက်လို့ကိုမရဘူး...။တစ်နာရီခွဲလောက်စောင့်
ပြီးမှ မဖြစ်ချေဘူးဆိုပြီး အင်တာချိန်းကိုသွားစီးရပါတယ်....။

အမ်အာတီမှာ.....၊ဘတ်စ်မှတ်တိုင်မှာ....၊ဘတ်စ်ကားပေါ်မှာ....ဒို့ရွေမြန်မာတွေအပြည့်ပါ....။ဆမ်ဘာဝမ်ပန်းခြံ
ရောက်တော့ လူအတော်စည်နေပြီ....။ပြန်တဲ့သူတွေပြန်ပြီ...။စတုဒီသာတွေကတော့ ကျွေးလို့ကောင်းဆဲ....။
ကျွေးကြတာကလည်းအစုံ...။ဒါနမြောက်အောင်အကုန်စားလာခဲ့ပါတယ်...။ထမင်း၊လက္ဘက်ရည်၊သာကူ၊ကျောက်
ကျော၊ရေခဲမုန့်၊ကြာဇံချက်၊လက္ဘက်သုတ်၊တို့ဟူးသုတ်၊ပန်းသီး၊အအေးတွေ...:)))

အသွားမှာကားစောင့်ရသလောက်၊အပြန်လည်းထိုနည်းလည်းကောင်းပါ....။အတော်စောင့်ရတယ်....၊လာတော့
လည်း ကိုယ့်အလှည့်ရောက်ရော...လူပြည့်နေလို့ တက်မရတော့တာနဲ့ နောက်ကားစောင့်ရပြန်ရော....။
တစ်စီးရောက်လာတယ်...၊ရှေ့ပေါက်ကရော၊နောက်ပေါက်ကပါ စုပြုံတိုးတက်ကြရတယ်....။(ပုံမှန်က နောက်
ဘက်ပေါက်က အဆင်းပေါက်ပါ...။)သူများတွေတိုးတော့ ကိုယ်လည်း တိုးပြီးတက်သည်ပေါ့...၊အီးဇတ်လင့်ကဒ်
လေးထုတ်ပြီး တဂ်ရိုက်တော့ တီ...တီ...တီ...မည်ပြီး EXIT ONLY တဲ့....။ကားပေါ်ရောက်တော့ တစ်ယောက်
က အရွန်းဖောက်တယ်....ဆွဲဆရာရေ့...တဲ့...။တစ်ယောက်က တစ်ခါ...လှည်းတန်းပါလား...၊ပါရင်ရှေ့တိုးထား
နော်....တဲ့...။နောက်တစ်ယောက်က ဘာပြောသလဲဆိုတော့ ရဲစခန်းကိုသာတန်းမောင်းဗျိုး....နောက်ပေါက်က
တက်တဲ့သူတွေတစ်ယောက်မှ ကားခ ပေးတာမဟုတ်ဘူး...တဲ့...:)

ဒီလိုစကားသံတွေ၊ကားကျပ်ကျပ်ကိုတိုးစီးရတာတွေဝေးနေတာကြာပြီ...။ခုတော့မြန်မာပြည်ကို တစ်ရက်တာပြန်
ရောက်သွားသလိုပဲ...။ဟိုး...တစ်ချိန်က ဆူးလေနဲ့ မင်္ဂလာဒုံဆွဲတဲ့ ၅၁လိုင်းကားကိုတောင်သတိရမိရဲ့...၊ဟိုတုန်း
ကတော့ ၅၁လိုင်းကားကို တမေ့တမော ကျပ်ကျပ်သပ်သပ် စီးခဲ့ရပေါ့...။အဲ့တုန်းကတော့ ပျော်နေတာပါပဲ....။
အခုနေပြန်စီးရလည်းပျော်နေမှာပါပဲလေ....။ဘာပဲပြောပြော ကိုယ်နေခဲ့တဲ့ ကိုယ့်တိုင်းပြည်ကိုး။မျိုးချစ်စိတ်တွေ
ဘာတွေကိုမဆိုလိုပါဘူး...။အင်နာရှားက စကားပြောတယ်လို့ပဲ ထင်ပါရဲ့....။၅၁လိုင်းကားဆိုလို့ ငယ်ငယ်ရွယ်
ရွယ်နဲ့ အင်္ဂလာဒုံထိ ဖွန်သွား...သွား...ကြောင်တတ်တဲ့ ဟိုငတိလေးတစ်ယောက်ကိုတောင်ဖျက်ကနဲ သတိရမိ
သေး...။(ဘယ်သူလည်းဆိုတာ မောင်မျိုးနဲ့မိုးယံသိမှာ....:)))

ပန်နစူလာကို ၃နာရီကျော်လောက်ရောက်တယ်.....။အို.....တိုးလို့ကိုမပေါက်တာ....။အောက်ဆုံးထပ်မှာ စတိတ်
ရှိုးလုပ်တယ်...။ဇော်ပိုင်၊ဟေမာနေဝင်း၊လေးဇီးကလပ်က နိုင်ဇော်တို့လာတယ်....(တဲ့...)၊လူကိုမမြင်ရဘူး၊အသံ
ပဲကြားခဲ့ရတယ်...။ဒို့ရွေမြန်မာတွေ အုန်းအုန်းထနေပုံက ပန်နစူလာတစ်ခွင် ဖွေးဖွေးလှုပ်နေတာပါပဲလား....။

မြန်မာတွေဆိုတဲ့ မြန်မာသီချင်းသံကိုနားထောင်ရင်း....၊မြန်မာတွေ ပျော်မြူး၊မူး၊ကခုန်နေတာကို ကြည့်ရင်း၊
မြန်မာဘီယာဘူးလေးတစ်ဘူးကို သောက်ရင်း...၊အင်တာနေရှင်နယ်အဆင့် အပ်ဂရိတ်လုပ်ထားတဲ့ ရိုးရာသင်္ကြန်
ကို ခံစားရင်း....ဒီတစ်ရက်အဖို့တော့ ကျွန်တော့်အတွက် မြန်မာပြည်ပြန်ရောက်သွားသလိုပါပဲ....။

ကျွန်တော်ဒီနိုင်ငံကိုရောက်စက ရောက်နှင့်နေတဲ့ အသိတစ်ယောက်နဲ့ ပန်နစူလာမှာတွေ့ဖို့ချိန်းခဲ့ဖူးတယ်...။
သူက သူ...ပန်နစူလာကိုမလာချင်ဘူးတဲ့...။ဘာဖြစ်လို့လဲမေးတော့ နိုင်ငံခြားသားတွေများလို့တဲ့...(အဲ့အတိုင်းသူ
ပြောခဲ့တာပါ..၊ခုထိကျွန်တော့်နားထဲကမထွက်နိုင်သေး....)။ဟုတ်ပါတယ်...။ပန်နစူလာမှာ နိုင်ငံခြားသားတွေ
များပါတယ်...၊စင်ကာပူအနေနဲ့ကြည့်ရင် မြန်မာဆိုတာနိုင်ငံခြားသားပဲလေ...၊ခက်တာက ပြောတဲ့သူကိုယ်တိုင်
ကကို မြန်မာလူမျိုးစင်စစ်ဖြစ်နေတာရယ်....။

နောက်....၊မြန်မာတွေရှိတဲ့နေရာမှာ(တွိုင်းလက်တို့၊အမှိုက်ပုံးတို့မှာ ) အင်မတန်မှ ညစ်ပတ်တဲ့အကြောင်း၊
မြန်မာတွေစည်းကမ်းမရှိကြောင်း၊စိတ်ပျက်စရာကောင်းကြောင်း အချင့်မရဲရေးတာဖတ်ရပါတယ်...။
ပြီးရှိသေးတယ်...။မြန်မာတွေက ရှင်ပြုတုန်းက ရွေထီးဆောင်းခဲ့တာပဲပြန်ပြောင်းအောက့်မေ့ပြီး ကိုယ်ဘာသာ
အထင်ကြီးနေတာ..၊တကယ့်တကယ်မှာ သောက်သုံကျတာမဟုတ်..၊ညံ့ဖျင်းလှတဲ့မကြောင်းပြောကြ၊ရေးတတ်
ကြပါတယ်...။

စင်ကာပိုးတွေကရော...ဘယ်လောက်စည်းကမ်း၇ှိနေလို့လဲ...။fine ဆိုတာသာမရှိခဲ့ရင် ဘယ်တော့မှ fine city
ဖြစ်လာစရာအကြောင်းမရှိဘူးဆိုတာ စင်ကာပူသားတွေနဲ့လက်ပွန်းတတီးနေလာတဲ့နောက် ကျွန်တော်သိလာခဲ့
ပါတယ်...။နှစ်ပေါင်းများစွာ..ခေတ်မှီနည်းပညာတွေနဲ့ လက်ပွန်တတီးနေလာခဲ့လို့ အလေ့အကျင့်ဖြစ်နေပေမယ့်၊
မြန်မာတွေရဲ့ သင်ယူနားလည်လွယ်မှု၊ထိုးထွင်းကြံဆတတ်မှုတွေက သူတို့သိတတ်မှုတွေကို နှစ်အနည်းငယ်
အတွင်းလိုက်မှီနိုင်တယ်ဆိုတာ ကိုယ်တွေ့ပါပဲ....။

မြန်မာတွေစည်းကမ်းမရှိဘူးပဲပြောပြော၊မြန်မာတွေညစ်ပတ်တယ်ပဲပြောပြော၊မြန်မာတွေသောက်သုံးမကျဘူးပဲ
ပြောပြော၊မြန်မာတွေညံတယ်ပဲပြောပြော၊မြန်မာတွေ အပျော်အပါးမက်တယ်ပဲပြောပြော၊အို...ဘာပဲပြောပြော
ကျွန်တော်တော့ မြန်မာနိုင်ငံသားဖြစ်ရတာ ဝမ်းသာတယ်...။ပျော်ပါတယ်...။အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားထက်
သန်ရေးတို့၊မျိုးချစ်စိတ်တို့ဆိုတဲ့ ခပ်ညံညံပေါ်လစီဆန်ဆန် ဝမ်းသာတာ၊ပျော်တာမဟုတ်ပါဘူး...။ကျွန်တော့်
အသွေးအသားထဲကကို မြန်မာဖြစ်ရတာ ပျော်နေတာပါ...။

ဘာပဲပြောပြော မြန်မာတွေပျော်တဲ့ သင်္ကြန်ဆိုတာရှိတယ်...။သင်္ကြန်မှာပျော်တဲ့ မြန်မာတွေရှိတယ်....။မြန်မာ
တစ်ယောက်ဖြစ်တဲ့ ကျွန်တော်လည်း သင်္ကြန်မှာစီးမျော....ပျော်ဝင်ခဲ့ပါတယ်......။ပြီး...မြင်ရတာ စိတ်ကို ချမ်းမြေ့
စေတာတစ်ခုက ပန်နစူလာဘေး၊ဖူနမ်ဘက်ခြမ်းမှာရှိတဲ့ ပိတောက်ပင်လေးကသင်္ကြန်မှာသစ္စာရှိရှိပိတောက်ပန်း
တွေပွင့်နေတာပါ....။

(ဒါ့ပုံတွေရိုက်လာတယ်...၊ကံဆိုးစွာနဲ့ အင်တာနက်ကွန်နက်ရှင်က နှေးကွေးလေးလံနေလို့ ဒါ့ပုံများတင်မရပါ...။
နောက်နေ့မှကြိုးးစားကြည့်ပါဦးမည်....၊အထူးသဖြင့် ပိတောက်ပန်းပုံကိုပေါ့လေ...)၊ဒီနေ့အဖို့ရာမှာတော့ သည်းခံ
လော့ ပိတ်သတ်ကြီးရေ....:))))

ဒဏ်

ဖေဖေက ပေးတဲ့စိတ်ဒဏ်.....

မေမေက ပေးတဲ့စိတ်ဒဏ်...

ပတ်ဝန်းကျင်ကပေးတဲ့စိတ်ဒဏ်.....

ဆရာမကပေးတဲ့စိတ်ဒဏ်.....

နိုင်ငံကပေးတဲ့စိတ်ဒဏ်....

ငွေကပေးတဲ့စိတ်ဒဏ်....

ငါ့ဘာသာပေးတဲ့စိတ်ဒဏ်....

လိင်မှုစိတ်ဒဏ်....
.
လူမှုစိတ်ဒဏ်.....

ကျောက်ချပ်တွေအချပ်အချပ်....

ဖိကပ်ညှပ်နေသလို.....

စိတ်ဒဏ်တွေ အထပ်အထပ်....

မျက်နေတဲ့ငါ့စိတ်....

မှုန်ရီ၊ဖျော့တော့....သောကကိုအနိုင်နိုင်ထိန်းနေရတဲ့အထဲ....

အချစ်ဒဏ်က ဖိစီးနှိပ်စက်....

ဒီဘဝ.....အညွန့်မှထွက်ပါတော့မလားကွယ်......

Thursday, April 7, 2011

တော့ နဲ့ ဘလော့

အင်တာနက်ကွန်ယက်ကို အသုံးပြုကြသူတိုင်းမကင်းကြတာ...chattingပါပဲ..။chattingဆိုတာနဲ့သိကြတဲ့အတိုင်း
့ဂျီတော့ ပေါ့ခင်ဗျ....။ဂျီတော့ နဲ့ ချက်ကြ၊gtalk မှာကြူကြ၊ဂျီတော့မှာ ရန်ဖြစ်ကြ၊ဂျီတော့မှာ ပြန်ချစ်ကြ၊ဂျီတော့
မှာဆဲကြ၊ဆိုကြ...၊အို....စုံနေတာပါပဲ...။

ဆိုတော့....ဒီဂျီတော့ချက်တင်ကမကောင်းဘူးလားဆိုတော့ကောင်းပါတယ်...၊ဂျီတော့မှာ၊အွန်လိုင်းပေါ်မှာတစ်ဦး
နဲ့တစ်ဦးအပြန်အလှန်စကားတွေပြောကြ၊ဆွေးနွေးကြ၊ရင်ဖွင့်ကြ၊တစ်ဦးအခက်အခဲကိုတစ်ဦးကကူညီဖြေရှင်းပေး
ကြ၊အဲဒီကမှတစ်ဆင့် ရင်ဘတ်ချင်းထပ်တူကျလို့၊နှလုံးသားချင်းနီးစပ်သွားတာမျိုး တွေလည်းရှိပါတယ်...၊နဖူးစာ
ရွာတင်မက၊ကမ္ဘာပါလည်တဲ့ခေတ်ကြီးမှာ ဒါကလည်း အဆန်းတော့မဟုတ်လှတော့ပါဘူး။အင်မတန်မှ ရိုမန့်တစ်
တန်တဲ့၊အချစ်ပုံပြင်လှလှလေးတွေ လို့တောင်ပြောလို့ရပါသေးတယ်...။

အဲ....၊အဲ့လိုမဟုတ်ပဲ စိတ်ထွက်ပေါက်အနေနဲ့၊စိတ်ဖြေရာအနေနဲ့ မုဆိုးကတောထဲမယ်သားကောင်ချောင်းသလို၊
တွေ့ရာ၊နီးရာ တစ်ယောက်ယောက်ကို ဂျီတော့မှာ အလန်းစကားတွေနဲ့ အလျှန်းဇယားခင်း ကာနေတာနဲ့ ကိုယ့်
ရဲ့တန်းဖိုးရှိတဲ့ အချိန်တွေ၊ငွေတွေကို ဖြုန်းတီးပစ်တာ သင့်တော်ပါရဲ့လား...၊တန်ဖိုးရှိပါရဲ့လားဆိုတာတော့ ချင့်
ချိန်သင့်ပါရဲ့ဗျာ...။ပြီးတော့ အင်တာနက်ကဖေးဆိုင်တွေမှာ သုံးကြရတဲ့အခါ...ဘေးလူက ကိုယ့်ကို ဘယ်လိုမြင်
မှာပါလဲ...၊မိမိအိမ်မှာ ကိုယ်ပိုင်အင်တာနက်လိုင်းနဲ့သုံးတယ်ဆိုရင်တောင် ဘယ်သူမှမသိပေမယ့်၊ကိုယ့်သိက္ခာ
ကိုယ်သိ၊ကိုယ့်လိပ်ပြာ ကိုယ်သိတယ်မဟုတ်ပါလား....။

ကျွန်တော်တို့ရဲ့ စိတ်ဖြေရာ၊စိတ်ထွက်ပေါက်ကရော....၊ဟောဒီ အင်တာနက်ကမ္ဘာကြီးမှာဒီချက်တင်တစ်ခုတည်း
ရှိတာပါလား....၊တစ်ခြားထွေထွေရာရာလေးတွေမရှိတော့ဘူးတဲ့လား...။ရှိပါသော်ကောလားဗျာ.....၊အဲဒီအထဲက
တစ်ခုက ဘလော့ပါ...။ဘလော့တစ်ခုရေးရတာ...ဘာမှမခက်ပါဘူး..၊ဘာပညာမှလည်း အထွေအထူးတတ်နေ
စရာမလိုပါဘူး။ကွန်ပြူတာနဲ့ အင်တာနက်ဆိုင်ရာပညာတစ်ခုခုတတ်မှ ဘလော့ဂင်းရမယ်ဆို ကျွန်တော့်လိုဘာ
မှမတတ်တဲ့လူတွေ ဘလော့ဂင်းစရာအကြောင်းကိုရှိမှာမဟုတ်တော့ပါဘူး...:)))

ထို့ပြင်တစ်ဝ လိုအပ်တဲ့နည်းပညာလေးတွေကိုလည်း အကူအညီပေးနေတဲ့ ကေပီသရီးမိသားစုလိုဆိုက်တွေ
အများကြီးရယ်ပါ...။နောက်...တစ်ခြားသော ဘလော့ဂါတွေကလည်း ဝိုင်းဝန်းအကြံပေးကြ၊အားပေးကြ၊အကူ
အညီပေးကြနဲ့ အသစ်ကလေးတွေကို လက်တွဲလို့ခေါ်ကြပါတယ်...။နောက် ဘလော့ဂင်းဖို့ဆိုတာ စာရေး၊စာဖတ်
ဝါသနာ အင်မတန်ကြီးမှရယ်လည်းမဟုတ်ပါဘူး။ကိုယ့်ခံစားချက်လေးတွေကို၊ကိုယ့်အတွေ့အကြုံလေးတွေကို မိမိတတ်သလောက် ဝေမျှခံစားဖို့ရာ တကယ့်စာရေးဆရာကြီးတွေလို တော်နေတတ်နေစရာလည်းမလိုလှပါဘူး

စာလုံးပေါင်းတွေလည်းမှားချင်မှားနေပါလိမ့်မယ်...၊ကိုယ်ဆိုလိုချင်တာတစ်မျိုး၊ရေးရင်းနဲ့ ရောက်သွားတာက
တစ်ဖုံဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်...၊(အခုပဲကြည့်...:D ) ဒါပေမယ့် ဖြစ်ပါတယ်...၊ပြဿနာမရှိပါဘူး (ဟုတ်
တယ်...ဟုတ်...:))။မိမိဘာသာလည်းရေးရင်း၊တစ်ခြား ဘလော့တွေကိုလည်းလိုက်ဖတ်ရင်းကနေ စာရေး၊စာ
ဖတ်ရတာ ပျော်လာပါလိမ့်မယ်...၊စာတွေရေးရတာလည်း တဖြည်းဖြည်းအဆင်ပြေ၊ချောမွေ့လာမှာပါ.....။

ပြီး...၊မိတ်ဆွေ၊အပေါင်းအသင်း၊သူငယ်ချင်းတွေလည်း အများကြီးရလာမှာပါ...။တစ်ယောက်ရေးတဲ့စာလေးတွေ
တစ်ယောက်ကဖတ်ပြီး ရလာတဲ့ နားလည်မှု၊နွေးထွေးရိုင်းပင်းမှု၊ခင်မင်လေးစားရမှုတွေက တစ်ခြားဘာနဲ့မှ မတူ
တဲ့ စိတ်ခံစားမှုတွေဆိုတာ ဂျီတော့က စကားလုံးလှလှလေးတွေကြောင့် ခဏပန်းသာယာမိတဲ့ ခံစားမှု ထက်
အဆပေါင်းများစွာသာတယ်ဆိုတာလည်း တစ်ဖြည်းဖြည်း သိလာပါလိမ့်မယ်...။

ပြောစရာတစ်ခုရှိတာက မြန်မာပြည်ကနေ ဘလော့စပေါ့ကို ခါးတောင်းကိုမြှောင်နေအောင်ကျိုက်လို့ကျော်ခွဝင်
နေရတဲ့ ဒုက္ခတော့ရှိပါတယ်...။သို့ပေမယ့် ကိုယ်တစ်ကယ်လုပ်ချင်ရင် မဖြစ်နိုင်တာမ၇ှိပါဘူးခင်ဗျာ...၊မြန်မာပြည်
ကနေ စာတွေအများကြီးရေးနေတဲ့ အစ်မရွှေစင်တို့၊အစ်မမြသွေးနီတို့၊နောက်...နတ်ဆိုးလေးတို့လို့ ဘလော့ဂါ
တွေ အများကြီးရယ်ပါ...။

ဆိုတော့ကာ...၊မတော့နဲ့မဟုတ်ပါဘူး...တော့ပါ...။သို့ပေမယ့် တော့နေတာနဲ့ အချိန်တွေကုန်နေမယ့်အစား
ဘလော့ကြည့်ကြပါလို့........၊

(နတ်ဆိုးလေး တဂ်လို့ ရေးဖြစ်သွားပါတယ်....။ဟိုလိုလုပ်ပါလား၊ဒီလိုလုပ်ပါလားလို့ ဆရာလုပ်တယ်လို့မထင်ပါ
နဲ့ခင်ဗျ...၊အကြံပေးတယ်လို့ပဲသဘောထားပေးကြပါ...:))

Sunday, April 3, 2011

နေဝင်ချိန်

ဆောင်းဝင်စပြုလာပြီဖြစ်သည့်တိုင်မိုးကားမကုန်တတ်သေး....။ဒီနေ့လည်းမနက်ကတည်းကရွာသည့်မိုး...နေလည်
ရောက်သည့်တိုင် မတိတ်နိုင်သေး...။နာရီပြန်တချက်ထိုးချေပြီ...၊သူစိတ်မရှည်နိုင်တော့...။မသွားမဖြစ်သည့်ကိစ္စ
ဆိုတော့ မိုးအတိတ်ကိုစောင့်ဖို့ရာမဖြစ်သေး...။သူ....လက်ကိုင်တုတ်ကိုအားပြု၍ပက်လက်ကုလားထိုင်မှထလိုက်
သည်....။အင်းးးးးးကျွတ်....ကျွတ်....ကျွတ်......၊စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် ဘဝမှာ ဇရာက ဇာတိပြလေ၏။
ဒူးနှစ်ဘက်စလုံးက အထိုင်အထ မှာ နာတာတာ၊မျက်တက်တက်ရယ်....။

တိုင်မှာချိတ်ထားသည့် အနွေးထည်ကို ယူဝတ်၊မှန်ရှေ့မှာ ရှိစုရှိမယ့်ဆံပင်လေးကိုဘီးဖြင့်တချက်နှစ်ချက်ဖီးလိုက်
ပြီး အိမ်မှထွက်ဖို့ပြင်၏။ဝရန်တာမှ သံပန်းတံခါးကို အဖွင့်...၊ဝရန်တာတွင် ကွေးနေသော “ တိမ်ညို ” ကခေါင်း
ထောင်ကြည့်ပြီး သူပါလိုက်ဖို့ပြင်၏။ဘယ်သွားသွားခေါ်နေကြ၊လိုက်နေကြဆိုတော့ ဒီတစ်ခါလည်းသူ့ကိုခေါ်မည်
ဟုထင်နေရှာသည်..။

“မလိုက်ခဲ့နဲ့ တိမ်ညို..၊မိုးလည်းရွာ၊မင်းလိုက်ခဲ့လို့ကောင်းတဲ့နေရာလည်းမဟုတ်ဘူးကွ...၊နေခဲ့နော်သားကြီး ”
တိမ်ညို့ခေါင်းကို တစ်ချက်နှစ်ချက်ပွတ်သက်ပေးပြီး သူ နှစ်သိမ့်လိုက်၏။သူ့စကားကို နားလည်လို့လား...၊
မိုးအေးအေးမှာ အပြင်မထွက်ချင်လို့လားတော့မသိ....၊တိမ်ညိုက ထိုင်ရာမှထလာသည့်တိုင် အရင်လို တက်တက်ကြွကြွ မဟုတ်...၊သူ့ကို တွေတွေဝေဝေလေး ငေးနေရှာသည်...။အင်းပေါ့လေ...သူလည်း အိုလှပြီ
ဆိုတော့ အရင်လိုဘယ်မှာတက်ကြွနိုင်ပါ့မလဲလေ...။

တိမ်ညို စိတ်မပြောင်းခင် သူ သံပန်းတံခါးကိုဆွဲပိတ်ပြီး အပြင်ကိုထွက်လာခဲ့သည်...။ခြံတံခါးဝရောက်တော့
သူ...အိမ်ဘက်သို့ သမင်လည်ပြန် လှည့်ကြည့်လိုက်မိ၏။မိုးမှုန်များကြားတွင် အလျားပေအစိပ်၊အနံပေနှစ်ဆယ်
သွပ်မိုး၊ပျဉ်ကာ မီးခိုးနုရောင်အိမ်လေးမှာ မှုန်ရီဝိုးဝါး....။လက်တစ်ဖက်ကတုတ်ကောက်ကို အားပြု၊တစ်ဖက်က
ထီးကို ဆောင်းရင်း မိုးစက်များကြားတွင် သတိထားပြီး လမ်းမကြီးအတိုင်းသူလျှောက်လာခဲ့သည်..။

သူနေသည့် လမ်းထိပ်ရောက်တော့မှ အောင်ကြီးကို ဝင်ခေါ်ဖို့သတိရမိသည်။သူနှင့်မနေ့ကတွေ့တော့ အစ်ကို
သွားရင်ကျွန်တော့်ပါဝင်ခေါ်နော်...အတူတူသွားကြတာပေါ့ လို့ပြောထားခဲ့သည်ပဲ....။အင်း....ငယ်ကတည်းက
မေ့တတ်သည့်သူ....ခုအရွယ်မှာ အရာရာကို အရမ်းမေ့လာခဲ့ပြီ...။သူနေသည့်လမ်းနှင့် နှစ်လမ်းကျော် လမ်းထိပ်
မှာ အိမ်ဆိုင်လေးဖွင့်ထားသည့်၊တူ၊တူမတွေနှင့် ပျော်ပျော်နေတတ်သည့် အောင်ကြီးအိမ်ဘက် လှည့်ဝင်လာခဲ့
သည်...။

“လာ...လာ..အစ်ကို အိမ်ထဲဝင်ဦးမလား...ခဏနေမှသွားကြမလား...မိုးကလည်းရွာလိုက်တာအစ်ကိုရာ...”
“ဟင့်အင်း...နောက်ကျနေလိမ့်မယ်...နောက်ကျရင်အားနာစရာ...၊မင်းအဆင်သင့်ဖြစ်ရင်သွားကြမယ်လေ...”
“ ဟုတ်ကဲ့အကို....အဆင်သင့်ပါပဲ...၊ကျွန်တော့်တူလေးကို သူ့ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းရကောင်းမလား...”
“နေပါစေကွာ..မိုးရွာနေရတဲ့အထဲ ဆိုင်ကယ် သုံးယောက်စီးလို့ကောင်းပါဘူး...၊အရမ်းဝေးလှတာမှမဟုတ်တာ..”

သို့နှင့်ပင် သူနှင့်ကျွန်တော်...ထီးတစ်ယောက်တစ်လက်ဖြင့် မိုးရွာထဲ လမ်းလျှောက်ထွက်လာခဲ့သည်...။
ဟိုရောက်တော့ လူတောင်အတော်စုံနေပြီ...။“ လာ...လာ...အကိုကြီး....ခေါင်းရင်းဘက်မှာထိုင်ပါအစ်ကို...”
“အေးအေး..ငါ သူ့ကိုအရင် ကြည့်လိုက်ဦးမယ်....” ပြောပြောဆိုဆိုနှင့် သွားလေသူ ချစ်စွာသော သူငယ်ချင်းကြီး
၏ အသုဘရုပ်အလောင်းတင်ထားသည့် စင်ဘက် သူလှမ်းလာခဲ့သည်...။

သုံးရက်တာကြာသည့်ကာလအတွင်း ရုပ်ကားပျက်စပြုလေပြီ...။ရင်ဘက်ပေါ်တင်ထားသည့် သူ့လက်အေး
စက်စက်ကို ဆုတ်ကိုင်ရင်း..“သွားပေတော့သူငယ်ချင်းရေ...သွားပေတော့..၊လူ့ပြည်လူ့ဘဝမှာ မင်းလုပ်ချင်တာ
လုပ်ခဲ့ပြီးပြီပဲ...ခုတော့ အရင်သွားနှင့်ပေတော့...” ဟု...သူတိုးတိုးရည်ရွတ်မိခဲ့သည်...။

ဟုတ်သည်...သူငယ်ချင်းကား အပေါင်းအသင်းများသည်..၊ပိုက်ဆံရှိသည်...၊ဥစ္စာပေါ၊ရုပ်ချော ဆိုသည့် လူမျိုး။
တစ်ဘဝတာတစ်လျှောက်လုံးသူလုပ်ချင်တာတွေ လုပ်သွားနိုင်ခဲ့သည်...။ငယ်ငယ်ကတော့ သူနှင့်ဆိုးဖော်၊ဆိုး
ဘက်၊သောက်ဖော်စားဘက်တွေ...၊နောက်ပိုင်းမှာ သူက အသောက်အစား၊အပျော်အပါးတွေနှင့် ကင်းပြတ်
သွားပေမယ့် သူငယ်ချင်းကတော့ အရင်အတိုင်း...၊ဘဝတိုတိုမှာ ရသာချိုချိုပဲရှာတော့မယ်ကွာ...” လို့ ရယ်သလို
မောသလိုပြောခဲ့ဖူးတာကိုသတိရမိသည်...။

အင်း...သူရော..ဘာထူးသေးလဲ...၊ဘဝတစ်လျှောက်လုံးသူဖြစ်ချင်တာလေးတွေ၊သူလုပ်ချင်တာလေးတွေနဲ့ပဲ
ပျော်သလို၊အဆင်ပြေသလိုဖြတ်သန်းခဲ့သည်..။သူမိန်းမရတော့ မိန်းမဖြစ်သူက စီးပွားရေးလေးလုပ်ပြီး ကြီးပွား
ရာကြီးပွားကြောင်းလုပ်စေချင်သည်။သူကားမလုပ်ချင်ခဲ့...။ရှိတာလေးနှင့်ခြံလေးတစ်ခြံဝယ်..၊အိမ်လေးတစ်လုံး
ဆောက်ပြီး၊စိုက်ပျိုးရေးလေးလုပ်လိုက်၊စာကလေးမတောက်တစ်ခေါက်ရေးလိုက်နှင့် ဘဝကို ဖြတ်သန်းခဲ့သည်။
ခုတော့ သူဘာလုပ်လုပ် တော်ရုံဘာမှမပြောပဲ ပြဿနာအရပ်ရပ်ကို သူ့ဘာသာဖြေရှင်းတတ်သည့် ချစ်စွာသော
ဇနီးသည်လည်း မရှိတော့...၊ကောင်းဖော်ဆိုးဘက် သူငယ်ချင်းတွေလည်း အကြောင်းပြချက်အမျိုးမျိုးနှင့် လူ့လောကကြီးမှ ထွက်ခွာသွားကြပြီ...။

သူ့အလှည့်ရော....။ဒီလိုတွေးမိတော့ရင်ထဲမယ် ထိတ်ကနဲ ဖြစ်သွားရသည်...။လူတိုင်းသွားရမည့်ခရီးပဲ....။
“ ယခုပင်လျှင်မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့....” ဆိုသည့် ဆုံးမစာတစ်စိတ်တစ်ပိုင်းလေးကို
ဖျက်ကနဲ သတိရမိသည်...။သူဘာတွေပြင်ဆင်ထားပြီးပြီလဲ...။ဟင့်အင်း....ဘာမှမပြင်ရသေးပါ...။အင်း...မသာ
တစ်ခေါက်၊ကျောင်းဆယ်ခေါက်ဆိုတဲ့စကားတယ်မှန်ပါလား....၊ငါလည်းပြင်စရာရှိတာပြင်မှ...ဟိုလိုလို၊ဒီလိုလိုနဲ့
အသက်တွေကမနေတော့ဘူးဟု...သွားလေသူကိုကြည့်ရင်း သူစဉ်းစားမိသည်...။


သူသုဿန်ကပြန်ရောက်တော့ မိုးတိတ်သွားပြီ..။ခြံတံခါးဖွင့်ဝင်လိုက်သည်နှင့် တိမ်ညိုကြီးက အမြီးတနှံနှံနှင့် ခြံဝ
မှစီးကြိုရှာသည်။ခြံထဲတွင်မတော့ ခြံစိုက်ဖို့ငှားထားသည့် မောင်လှနှင့်မောင်မြ ညီအစ်ကိုနှစ်ယောက်ရောက်နှင့်
ပြီး ပန်းတွေခူးနေပြီ...။

“ဘယ်နှယ့်လဲကွ အခြေအနေ...”
“မိုးရွာလိုက်တော့ ရေလောင်းဖို့တော့သက်သာသွားပါရဲ့၊ပန်းတွေတစ်အားပွင့်ကုန်တယ် ဘကြီးရ...”
“အေးလေ..ဘယ်တတ်နိုင်ပါ့မလဲကွာ၊ပွင့်ကုန်တော့ ဈေးကောင်းတော့ရတော့ဘူးပေါ့...”
“ ဟုတ်တယ်ဘကြီး...”
“ရသလောက်ပေါ့ကွာ....”

သူ့ခြံလေးထဲ လှည့်ပတ်ကြည့်မိသည်...။ဖြူလွလွ ငွေပန်းပင်တွေဆီမှ မွှေးမြမြရနံကြောင့် သူ့စိတ်တွေကြည်ကြည်
နူးနူး ဖြစ်လာသည်..။သူ့နောက်မှ ခွေးကြီးတိမ်ညိုကလည်းတစ်ကောက်ကောက်လိုက်လျှက်...။
သူအိမ်ပေါ်တတ်လာခဲ့ပြီး စာကြည့်စားပွဲတွင် ဝင်ထိုင်လိုက်သည်...။စားပွဲပေါ်မှာရေးလက်စ စာတစ်ပိုင်းက သူ့
သခင်ကိုစောင့်မျှော်လျှက်...။

သူစာဆက်ရေးဖို့ပြင်မိသည်....။ရုတ်တရက် ဘာဆက်ရေးရမှန်း မသိသေး...၊နေ့လည်က အတွေးတို့က သူ့ကို
စိုးမိုးလျှက်ရှိတုန်း....။သူ့ဘဝမှာ အပြစ်မကင်းတာတွေလည်းလုပ်ခဲ့ပြီ၊အပြစ်ကင်းစွာနဲ့လည်း ဘဝကိုအေးအေး
ချမ်းချမ်းဖြတ်သန်းခဲ့ပြီးပြီ...။တနည်းအားဖြင့်တော့ သူ...သူ့ဘဝကို သူဖြတ်သန်းချင်သလို ဖြတ်သန်းခဲ့ပြီးပြီ...။
ဘဝရဲ့နေဝင်ချိန်မှာ အဆုံးသတ်အတွက် ဘာမှမပြင်ဆင်ရသေးသည့်တိုင် သူကျေနပ်ခဲ့ပြီ...။

ထွက်ခွာသွားသူတို့ ထွက်ခွာနှင့်လေပြီ...။သူ့အလှည့်လည်းမလွဲမသွေရောက်လာလေမည်...။ဟုတ်သည်...သူ
ဘာမှမပြင်ဆင်ရသေး...။သို့ပေမည့် သူ့နေဝင်ချိန်ကိုသူကျေနပ်ခဲ့ပြီ...။သူသွားရတော့မည်ဆိုလျှင်လည်း ကျေနပ်
နိုင်ခဲ့ပြီ..။သူငယ်ချင်းပြောခဲ့သလို ဘဝတိုတိုမှာ ရသာကမချိုသည့်တိုင် သူ့အတွက်တော့ မခါးခဲ့လေပြီတည့်....။
နေတတ်လို့ကျေနပ်ခဲ့သည်လား၊ကျေနပ်လို့ နေတတ်ခဲ့သည်လား...၊သူမသိ...၊သို့ပေမယ့် သူကျေနပ်ခဲ့လေပြီ..။

(တစ်ခါတစ်လေ...ကျွန်တော် ဘဝရဲ့နေဝင်ချိန်ကို ဘယ်လိုဖြတ်သန်းချင်သလဲလို့ ဘာသာမေးခွန်းထုတ်မိတတ်
ပါတယ်...။ဖြစ်နိုင်ရင် ခြံလေးတစ်ခြံ၊အိမ်သေးသေးလေးတစ်လုံး၊ခွေကြီးတစ်ကောင်၊ဇနီးတစ်ယောက်(အင်း....
ရနိုင်မယ်ဆိုရင်ပြောပါတယ်....:)))တော်ပါပြီ...ဒီလောက်...။ကျန်တာဘာမှမလိုပါဘူး...။တိုက်ကြီး၊ကားကြီး၊
ပိုက်ဆံတွေအများကြီးလည်း သိပ်မလိုပါဘူး..(ရလည်းမရနိုင်တော့...:))၊ကလေးတွေကို ချစ်တတ်ပေမယ့် နောက်ထပ် သံယောဇဉ်ကြိုးတွေနဲ့လည်း မနှောင်ချင်တော့...။ဘဝနေဝင်ချိန်ကို အေးအေးချမ်းချမ်း ဖြတ်သန်း
ချင်မိရဲ့...၊အဲဒီအတွေးတွေနဲ့ ဘာရယ်မဟုတ်ဒီပို့စ်လေးရေးမိပါကြောင်း.....)

Friday, April 1, 2011

ဧပရယ်ဖူး နှင့် သူငယ်ချင်းတွေ

ဒီနေ့မနက် အလုပ်ကိစ္စနဲ့ လေဆိပ်သွားရင်း လမ်းမှာ ဖျက်ဆို သတိရလိုက်တာက ဒီနေ့ ဧပရယ် ၁ ရက်နေ့၊
ဧပရယ်ဖူး နေ့ဆိုတာကိုပါ...။ဟိုးအရင်နှစ်တွေက ဒီနေ့မှာ ဧပရယ်ဖူးလုပ်ကြတဲ့သတင်းတွေ၊smsတွေကိုအဟုတ်
ကြီးမှတ်လို့ ခံရပေါင်းများပေါ့....။ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ရဲ့ ချစ်စွာသော ဘဘချုပ်ချုပ်ကြီး ရူးပြီးသေပြီဆိုတဲ့
သတင်း ဖုံးထဲ smsဝင်လာလို့ အဟုတ်ကြီးမှတ်ပြီး ဝမ်းတွေဘာတွေသာလို့...:D။ပြီးဟုတ်လည်းမဟုတ်..၊ကိုယ့်မှာ
သာ လူတစ်ယောက်သေတာ ဝမ်းသာပြီး အကုသိုလ်ရတာပဲအဖတ်တင်ကျန်ခဲ့ပါရောလား...:)

မြန်မာပြည်မှာတုန်းကလည်း ရောနယ်ဒိုလေး မန်ယူမှာ ကောင်းစာစဉ်က ကားတိုက်မှုဖြစ်ပြီး ခြေကျိုးသွားတယ်
ဆိုလို့ ဒို့မန်ယူတော့ ဒွတ်ခပဲဆိုပြီး ကြားက မအိပ်နိုင်မစားနိုင် နာရီဝက်လောက်ဖြစ်လိုက်သေး....။ဒီနှစ်တော့ မှတ်သွားပြီ...၊ဒီရက်မှာလာတဲ့ ဘာသတင်းပလင်းမှမယုံတော့ပါ..။

ဒီနှစ်တော့ သူများကို ဧပရယ်ဖူးလုပ်ဦးမှပဲလို့ အကြံရလိုက်တာနဲ့ အရင်းနှီးဆုံးသူငယ်ချင်း ၅ယောက်ဆီ sms ပို့
လိုက်ပါတယ်...၊“ငါ....မနက်ဖြန် မြန်မာပြည်အပြီးပြန်တော့မယ်....၊ဘယ်တော့မှပြန်မလာတော့ဘူး၊မင်းတို့ အိမ်
ကိုလက်ဆောင်ထည့်ပေးချင်တာရှိရင် ညနေလာပေးပါ...” ဆိုပြီးတော့ပေါ့...။

ချက်ချင်းဆိုသလိုပါပဲ...၊ငါးယောက်လုံးစီက ဖုံးတွေဝင်လာတော့တာပါပဲ...၊ဘယ်သူ့ဖုံးမှ မကိုင်တော့ sms တွေ
တစ်သီကြီး ပို့ကြပါရော...။ဟ...ဘာဖြစ်တာတုန်း...ဗျုန်းစားကြီး....၊ဟဲ့..ဘာဖြစ်တာတုန်း...သူဌေးနဲ့ ပြဿနာဖြစ်
လို့လား...၊ဘာ...ညာ....စုံလို့ပေါ့ဗျာ....။ဒါနဲ့ကျွန်တော်လည်း သူတို့ကို အားနာသွားတာနဲ့ “ဘာမှဟုတ်ဘူး ဧပရယ်
ဖူး လုပ်တာ....ဆောတီး....”ဆိုပြီး sms ပြန်ပို့လိုက်ရတယ်....။

ရင်ထဲမှာတော့ ပျော်လည်းပျော်၊စိတ်လည်းကြည်ကြည်နူးနူးလေး ဖြစ်သွားမိတယ်...။
ကျွန်တော်က အပေါင်းအသင်း မင်တတ်တဲ့သူပါ..။ဒါပေမယ့် တရင်တနှီးပေါင်းတဲ့သူငယ်ချင်းရယ်လို့ ဟိုးငယ်ငယ်
ကတည်းက ရှိလှတယ်မဟုတ်ပါဘူး...။မိတ်ဆွေအပေါင်းအသင်းများပေမယ့်၊အားလုံးနဲ့ ခင်ခင်မင်မင်ပေါင်းသင်း
ဆက်ဆံပေမယ့်၊ကိုယ့်ခံစားချက်၊ကိုယ့်ပြဿနာတွေကို ဆိုးတိုင်ပင်၊ကောင်းတိုင်ပင်ဆိုတာမျိုးတော့ မရှိခဲ့ဘူးဗျ။

ဒီရောက်လာတော့ ဒီမှာက ကျွန်တော့်သူငယ်ချင်းအပေါင်းအသင်းတွေကလည်း သိပ်မရှိလှ၊ရှိတဲ့သူတွေကလည်း
ကိုယ့်အလုပ်နဲ့ကိုယ်၊သူရို့အလုပ်နဲ့ သူတို့ဆိုတော့ တစ်ပတ်နေလို့ တစ်ခါတွေ့ဖြစ်ကြတာမဟုတ်ပါဘူး..။
ဆိုတော့ ဒီမှာ မလွဲသာလို့သာနေထိုင်၊လုပ်ကိုင်နေရတာ...၊လူကတော့ အင်မတန်မှ အထီးကျန်ဆန်ပါတယ်..။
ကိုယ့်မှာရှိတဲ့ပြဿနာတွေကိုလည်း တော်ရုံတန်ရုံနဲ့ ဘယ်သူ့ကိုမှ(အထူးသဖြင့် ကိုယ်ချစ်ခင်ရတဲ့သူတွေကို)
ဖွင့်ဟတိုင်ပင်လေ့မရှိတော့ တော်ရုံစိတ်ဓာတ်ကျစရာတွေ့တာနဲ့ မြန်မာပြည်ပြန်ပြေးချင်စိတ်တွေပေါ်လာတော့
တာပါပဲ...။

ငါ့ဘေးနားမှာ ဘယ်သူမှမရှိဘူး...၊အားလုံးက ငါ့ကို အဆင်ပြေနေတယ်ထင်နေကြတာ၊ငါ့ပြဿနာတွေကိုတော့
ဘယ်သူမှမသိကြဘူး.....ဆိုပြီး တစ်ယောက်တည်း အားငယ်စိတ်တွေ ဝင်နေတတ်ပါတယ်.....။တကယ့်တကယ်
မှာတော့ ဘယ်သူ့မှာမဆို အဆင်မပြေမှုလေးတွေ၊ပြဿနာလေးတွေ ရှိစမြဲပါ...။ဒါပေမယ့် သူတို့ပြဿနာတွေ
ကို ဖွင့်ဟတိုင်ပင်တဲ့အခါမှာ ကိုယ်တတ်နိုင်သလောက် အကြံညဏ်၊အကူအညီပေးနိုင်ခဲ့ပေမယ့်၊ကိုယ့်ပြဿနာ
တွေကို ဘယ်သူ့ကိုမှ ပြောမပြဖြစ်တဲ့အခါ၊သူတို့က ဘယ်လိုလုပ် သိနိုင်ပါ့မလဲခင်ဗျာ....။

ဒါကိုပဲ ကျွန်တော်က စိတ်ထဲမှာ ကိုယ့်ဘာသာ အားငယ်စိတ်၊အထီးကျန်စိတ်တွေနဲ့ လုံးထွေးရစ်ပတ်နေတော့
တာပါပဲ...။ ငယ်ငယ်က ရခဲ့တဲ့ စိတ်ဒဏ်တွေကြောင့်လည်း ပါတာပေါ့လေ...။တကယ့်တကယ်မှာတော့ မိတ်ဆွေ၊
သူငယ်ချင်းတွေဆိုတာ အရေးအကြောင်းဆို အားကိုးရတဲ့သူတွေ၊ကိုယ်နဲ့ထပ်တူ ခံစားပေးနိုင်တဲ့သူတွေ၊ကိုယ့်
မှာ အခက်အခဲတစ်စုံတစ်ရာရှိရင် ဝိုင်းဝန်းဖြေရှင်းပေးချင်တတ်ကြတဲ့သူတွေ ဆိုတာ ဒီ ဧပရယ်ဖူးလေးနဲ့အတူ
ကျွန်တော် သဘောပေါက်လာခဲ့ပါတယ်....။

ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး...၊ကျွန်တော့်ဘေးမှာ (လက်တစ်ဖက်စာ အရေအတွက် နည်းနည်းလေးပဲ
ဖြစ်စေဦးတော့...)ကျွန်တော့် သူငယ်ချင်းတွေရှိတယ်လို့ ကြည်ကြည်နူးနူးလေး ခံစားလိုက်ရပါတယ်...။
ဒီအတွက် သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ရပါတယ်....။

စကားစပ်လို့ပြောရရင် ကျွန်တော်က တကယ်ဟုတ်ဘူး ဧပရယ်ဖူးလုပ်တာလို့ ပြန်ပြီး sms ပို့လိုက်တော့....
ညီမငယ်လေးလိုခင်ရတဲ့ တစ်ယောက်က “ ဟင်တကယ်မပြန်ဘူးလားကိုကြီး....၊သမီးက အိမ်ကို ရေခဲသေတ္တာ
လူကြုံထည့်ပေးလိုက်မလို့ဟာကို.....”တဲ့ဗျာ.....။E......ရေခဲသေတ္တာကြီးများ ထည့်ပေးလိုက်မှဖြင့်....တေပြီ....:)။