Saturday, August 27, 2011

ဘလော့ဒေးအတွက်အမှတ်တရ

ဘလော့၊ဘလော့ဂါနဲ့ ဘလော့ဂင်းခြင်း အပေါ်ထားတဲ့ ကျွန်တော့်သဘောထားတွေကို တစ်နှစ်တစ်ခါ ကျွန်တော့်
ဘလော့လေးရဲ့မွေးနေ့တွေမှာမပျက်မကွက်ရေးမယ်လို့စိတ်ကူးထားခဲ့ပါတယ်...၊တစ်နှစ်ပြည့်တုန်းကလည်း ရေး
ဖြစ်ခဲ့ပါတယ်....၊ဒါပေမယ့် ခု ဘလော့ဒေးအမှတ်တရအဖြစ်ရေးပေးဖို့ ကိုအောင်(ပျူနိုင်ငံ)က သတိတရ တဂ်လာ
တော့ ဝမ်းသာအားရနဲ့ ဘလော့ဒေးအမှတ်တရ ရေးဖြစ်ပါတယ်...၊စတင်ရေးသားပြီး အားလုံးကိုသတိတရတဂ်တဲ့
ကိုအောင်ရဲ့စိတ်ကူးအကြံလေးကိုသဘောကျတာကြောင့်လည်းပါသလို၊စတင်ရေးသားပြီးကြတဲ့ဘလော့ညီအစ်ကို
မောင်နှမများရဲ့ပို့စ်တွေဖတ်ပြီးတော့ ရေးဖို့ မုဝင်လာတာကြောင့်လည်းပါပါတယ်...။ဒီအတွက်အားလုံးကိုကျေးဇူး
တင်ရပါတယ်..။

Blog ဆိုတဲ့စကားလုံးကို မြန်မာပြည်မှာကတည်းက အင်တာနက်မဂ္ဂဇင်းတစ်ခုမှာစတင်တွေ့မိပြီး စိတ်ဝင်စားမိခဲ့
ပါတယ်။ဒါပေမယ့် အင်တာနက်၊ကွန်ပြူတာတွေနဲ့အလှမ်းဝေးလှတဲ့ကျွန်တော့်အတွက် မြန်မာပြည်မှာတုန်းက
ဘလော့ဆိုတာ ဘာမှန်းသေချာမသိခဲ့ရိုးအမှန်ပါ...။ဒီကိုရောက်ပြီး အင်တာနက်နဲ့စတင်ထိတွေ့လာမိတော့မှ
တချိန်က ကျွန်တော်စိတ်ဝင်စားတဲ့ဘလော့လောကကိုစတင်မြည်းစမ်းခွင့်ရခဲ့ပါတယ်...။လွန်ခဲ့တဲ့၂နှစ်လောက်
ကမှပါ...။မှတ်မှတ်ရရ ကျွန်တော်စတင်ပြီး ဖတ်မိတဲ့ဘလော့လေးက အစ်မမိုးချိုသင်းရဲ့မိုးချိုသင်းမှတ်တမ်းလေး
ပါ...။သူ့ဘလော့လေးကို စပြီးဝင်ရောက်ဖတ်မိပုံကလည်းဂလိုဗျ...။

အဲ့ဒီအချိန်တုန်းက ဘလော့ဟေ့လို့ဆိုရင်ဘာမှန်းမသိ၊ဘယ်ဘလော့ရဲ့လိပ်စာမှလည်းမသိ၊ဆိုတော့ ဂူးဂဲရဲ့
scerch ထဲမှာ မြန်မာလို “မိုး” ဆိုပြီးရိုက်ထည့်ပလိုက်တယ်...၊ကျွန်တော်တွေးမိတာက မြန်မာတွေအနေနဲ့ မိုးဆို
တဲ့အမည်ကိုတော့အသုံးများကြမှာပဲဆိုတဲ့စိတ်ကူးနဲ့ပါ။ကျွန်တော့်စိတ်ကူးအတွေးလေး ရှားရှားပါးပါး တည့်သွား
ပုံရပါတယ်...၊ဂူးဂဲက အစ်မ မိုးချိုသင်းရဲ့ ဆိုက်ကို ညွှန်းပါတယ်..၊ဒါနဲ့ဝင်ဖတ်မိတော့ တစ်ခါတည်းကို သဘောအ
ကျကြီး ကျသွားပါတော့တယ်...။အဲဒီနောက် ကျွန်တော်ဖတ်မိတဲ့ဘလော့က ကျွန်တော်တို့ရဲ့ ချစ်စွာသော ကိုကြီးကျောက်ပါ....။နောက်...အစ်မချစ်ကြည်အေး...၊ပြီး အစ်မငယ်နိုင်...၊နောက်....နောက်....နောက်.....။

ဒီလိုနဲ့ ဘလော့ရွှာလေးမှာ ကျွန်တော်ပျော်ဝင်နစ်မျောသွားပါပြီ...။ထို့ပြင်တစ်ဝ ကိုယ်တိုင် ဘလော့လေးလုပ်ချင်
စိတ်ပေါက်လာတာနဲ့ ဒီဘလော့လေးကို လုပ်ဖြစ်ပါတယ်...။ကျွန်တော်ရေးချင်တာလေးတွေကိုလည်း ရေးချင်သ
လိုချရေးလိုက်တာပါပဲ...၊ကျွန်တော့်ဘလော့လေးရဲ့ အမွန်အစနေ့ရက်တွေမှာ လာရောက်အားပေး၊အကြံပြုခဲ့
ကြတဲ့ အစ်မလသာည၊အစ်မchocothazin၊အစ်မချစ်ကြည်အေး၊အစ်မငယ်နိုင်၊ညီမောင်မျိုး တို့ကိုကျေးဇူးတင်
ရပါတယ်...။

တနှစ်သားကျော်ကျော် ခုချိန်ကာလမှာတော့ ကျွန်တော့်မှာ ချစ်ခင်ရတဲ့ ဘလော့ညီ၊အကို၊အစ်မ၊ညီမတွေ
အများကြီးရှိလာပါပြီ....။ဘလော့မှာတင်မက ဖေ့ဘွတ်မှာ၊ ဂျီတော့မှာပါ ခင်ကြရသူတွေက....

အမှောင်ဖုံးနေတဲ့ မြန်မာပြည်ကြီးအတွက် တစ်ထောင့်တစ်နေရာက ဆီးမီးခွက်ထထတောက်တဲ့ ပြောမနာဆိုမ
နာတဲ့ သူ....၊ခုတလော ဂျီမှာမတွေ့ရတာကြာပြီဖြစ်တဲ့ အရှက်နဲ့လူမလုပ်တဲ့ ညီ...၊တော်ကြာဝဲစွဲလိုက်၊တော်ကြာ
ဖဘအကောင့်အဟတ်ခံရပြီး ဗိုင်းရပ်တွေဖြန့်လိုက်ဖြစ်နေတဲ့ wanna laugh....၊မျှဝေမှုတွေကို မနားတမ်းမျှဝေ
တတ်တဲ့ ဗိုက်ပူ.....၊ပေါက်ကရရေးချင်စိတ်ကို တားမရလို့ပါဆိုတဲ့ ဂိုဏ်းချုပ်....၊ဘလော့လေးကိုပစ်ထားပြီး ဖဘ
မှာအပျော်ကြီးပျော်နေတဲ့ တူမလေး.....၊ရှင်ကြားပူနဲ့ထိုင်းကြားမှာ မြန်မာနဖူးစာရွှာလည်လို့ သိပ်သိပ်ချစ်ကြတဲ့
မစ္စတာအန်မဒမ်....၊ကဗျာလေးတွေအရေးကောင်းတဲ့ လူမဟုတ်တဲ့ ညီတစ်ယောက်.....၊တစ်ချက်တစ်ချက်ဖျက်
ကနဲပေါ်ပေါ်လာတတ်တဲ့ ရှေ့နေလေး....၊ဖဘက ရတာတွေနဲ့အင်မတန်ဆားချက်ကောင်းတဲ့ ညီငယ်မျှစ်....၊

ဘလော့ရထားကြီးပေါ်က လက်ပြနှုတ်ဆက်နေတဲ့ ကဗျာဆြာမဟုတ်တဲ့ကဗျာဆြာ....၊နောက်....စေတနာများစွာ
နဲ့ စာကောင်းပေမွန်တွေ အဆက်မပြက်ရိုက်တင်ပေးနေတဲ့ အွန်လိုင်းအခမဲ့စာအုပ်ဆိုင်ပိုင်ရှင်အစ်မကြီး....၊
ဖေ့ဘွတ်နဲ့ဘလော့မှာ သူဟေ့ ဆိုမသိသူမရှိ...၊အားလုံးက ခင်ရတဲ့ ဘလော့ဆလီဗျစ်တီမမ....၊မြန်မာပြည်ပြန်
ရောက်ကတည်းက ပျောက်သလိုဖြစ်နေတဲ့၊ဂျီမှာတော့ တစ်ခါတစ်လေ အပြေးအလွားနှုတ်ဆက်တတ်တဲ့ ကိုယ့်
ကိုယ် ကိုသိပ်မသိလှသေးတဲ့ ညီငယ်....၊ဘလော့လေးစတင်တော့ လိုတာလေးတွေနည်းပေးလမ်းပြပေးရှာတဲ့ ခုဘယ်ဆီရောက်နေမှန်းမသိရတော့တဲ့ ဂျီးတော်....၊ပြီး...စာရေးသိပ်ကောင်းတဲ့ ကျွန်တော်တို့ရဲ့ချစ်စွာသော ဇာတ်ဆရာ....။နောက်..အလှူလက်ဘက်လေးတွေတင်ပေးတတ်တဲ့ အဘ.....။

သူတို့တွေကို ဘလော့လေးမှတစ်ဆင့် ငယ်ပေါင်းကြီးဖော်တွေအလား...ခင်မင်ခဲ့ရပါတယ်...။

ဂျီတော့မအက်၊ဖဘမှာ မတွေ့တတ်ရပေမယ့် ဘလော့ပေါ်သန့်သန့်လေးမှာ တကယ့်ညီရင်းအကို၊မောင်ရင်းနှမ
အလား ခင်မင်ရသူတွေက ပေါက်ကရငါးဆယ်၊ဆယ်ရာခိုင်နှုန်းချစ်တတ်သူအစ်မချစ်....၊တောင်တန်းကြီးတွေအ
ပေါ် ဓာတ်ပုံလှလှတွေနဲ့ အလည်ခေါ်တတ်တဲ့ ကိုညီလင်းသစ်၊ ဘိလပ်တစ်မြေကနေ သူချစ်တဲ့ရွာလေး
အကြောင်း တစ်စေ့တစ်စောင်း ပြန်ပြောင်းလို့ပြောပြတတ်တဲ့ တဂျီးမင်း....၊အသက်အရွယ်ငယ်ပေမယ့် စာတည်
လေးတွေရေးတတ်တဲ့ ဘလော့ပေါ်အတော်ပနံသင့်မိတဲ့ နေဝသန်....၊

ဘုရား၊တရား အမြဲလက်ကိုင်ထားလို့ ကဗျာလေးတွေ၊စာလေးတွေအရေးကောင်းတဲ့ အစ်မမေ...၊မနေ့တနေ့က
မှခင်ကြရပေမယ့် တကယ့် မောင်နှမတွေအလား နောက်ပြောင်နေရတဲ့ ကိုရင်သာပျော့နဲ့အစ်မမဒိုးကန်....၊ဘဝ
တစ်ဆစ်ချိုးပြီးတဲ့နောက် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ တစ်ခါတစ်ခါ လမသာနိုင်တဲ့ အစ်မလသာည....၊
ကြယ်လေးရဲ့အလင်းရောင်ကိုတမ်းတနေတတ်ပြီး မြန်မာပြည်ခရီးသွား(၁)ဆိုတဲ့ ပို့စ်နဲ့ တစ်နေတဲ့ ဖိုးကြယ်လေး
ကွန်ပြူတာမှာ မြန်မာဖောင့်မရှိလို့ပါဆိုတဲ့ဆင်ခြေဆင်လက်အပြည့်ပေးပြီး ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်း
မသိရတော့တဲ့ မစ္စတာပီရဲ့ ချစ်စွာသော ပူးတေ.....၊အလုပ်များလို့ ဘယ်ဘလော့မှ မလည်နိုင်ဖြစ်နေတဲ့ အတိုက်
အခိုက်ပေါင်းများစွာကြားက ပန်းပန်လျက်ရှိနေဆဲ အစ်မငယ်နိုင်....။

ချစ်သောအိန်ဂျယ်အကြောင်း သိပ်ဖတ်လို့ကောင်းတဲ့ အက်ဆေးလေးတွေရေးတတ်တဲ့ မိုးငွေ့၊ဘလော့ဒေးအ
မှတ်တရပို့စ်လေးရေးပြီး စီပုံးဖြုတ်၊ကွန်မန့်ဖြုတ်လို့ လိပ်ခွံလေးထဲဝင်အောင်းတော့မယ်ဆိုတဲ့ မိုစက်ပွင့်....၊အဝါ
ရောင်မြေပေါ်က အစ်မစော....၊ကမ္ဘာတစ်လွားက အထူးအဆန်းများနဲ့ လာလည်သူများကိုဖမ်းစားတတ်တဲ့ အစ်မ
ချော...၊ကမ္ဘာမြေပေါ်ကပန်းမှန်ရင် ဘယ်ပန်းကိုမဆို ချစ်တတ်တဲ့ အစ်မအပြုံးပန်း....၊ဝါတွင်းကာလရောက်တိုင်း
ဥပုသ်နေ့နှိုးဆော်စာလေးတွေတင်တတ်တဲ့ မိုးခါး....၊ပိုပေါ့အကြောင်း ဖတ်ကောင်းအောင်ရေးပြတဲ့ ခမာမြေမှ
အစ်မအိမ်သူ....၊ခံစားမှုသံစဉ်လေးတွေအရေးကောင်းတဲ့ black...။သားငယ်လေးရဲ့ ခွဲစိတ်ကုသခံရမှုအကြောင်း
နဲ့ ဖတ်ရသူအပေါင်းရဲ့ စိတ်နှလုံးကိုသိမ်းကြုံးဆွဲဆောင်သွားတဲ့ ကို N/A.....၊သီချင်းလေးတွေဆိုပြ၊ရုပ်ရှင်ကား
ကောင်းလေးတွေ ရှယ်တတ်တဲ့ အကောင်ပေါက်လေးခရေတွန်....။

သူတို့သူတို့တွေနဲ့ ကျွန်တော်ကျင်လည်ရာဘလော့ရပ်ဝန်းပေါ်မှာ စကားလုံးတွေနဲ့ အလည်အပတ်ထွက်၊အတွေး
အမြင်တွေဖလှယ်...၊ရယ်စရာလေးတွေပြောလို့ ဘဝအမောတွေကခေတ္တမှထွက်ပြေးခဲ့ရပါတယ်...။

နောက်....များစွာသော ကျွန်တော်သွားရောက်ဖတ်ရှု၊လည်ပတ်ရာ ဘလော့နှင့် ဘလော့ဂါများစွာ ကျန်ပါသေး
တယ်....။ဘော်ငွေရောင်ဆံပင်လှလှများပိုင်ရှင်၊ရယ်မောနောက်ပြောင်တတ်တဲ့ ဆရာကြည်၊ဗီယက်နမ်မြေက
ချစ်သောခင်ပွန်း၊သား၊သမီးတွေအတွက်ရှင်သန်ရပ်တည်နေတဲ့ အစ်မရှရွန်....၊ရေချမ်းနဲ့ရေစင်တို့ရဲ့ ချစ်စွာ
သော အစ်ကိုဧရာ၊အစ်မသီတာ၊မျက်ဝန်းလဲ့ပြာရီတစ်ပုဒ်နဲ့တင် အသစ်တင်ရင်မဖတ်ရမနေနိုင်အောင် စာရေး
ကောင်းတဲ့ ကိုစိုးစီ၊ကျောင်းသားဘဝကို ကျောင်းသားပီပီ သွက်လက်တတ်ကြွစွာရေးသားတတ်တဲ့ စန်းထွန်း
ဂျပန်မြေက အစ်မကြည်ကြည်....။

ကဗျာတွေ၊စာတွေ အရေးကောင်းတဲ့ အစ်မသက်ဝေ၊ပရဟိတလုပ်ငန်းတွေအကြောင်းစိတ်ဝင်စားလာအောင်
ရေးသားတတ်တဲ့ အစ်မမြသွေးနီ...၊အစ်မမြတ်မွန်...၊အစ်မအိန္ဒြာ...၊ဆေးဝါးအကြောင်းတွေ ဗဟုသုတပေးတတ်
တဲ့ အစ်မနှင်းနုလွင်အိန်ဂျယ်လှိုင်း၊သရဲဇာတ်လမ်းတွေနဲ့နာမည်ကျော် ကိုအောင်၊ကဗျာဆရာမလေး jasmine
ကဗျာဆရာလေး ဗညားနဲ့ ကောင်းကင်ကို၊နောက်အစ်မ ပန်ဒိုရာမရီတာthe gardenerလရောင်လမ်းယွန်း
အစ်မသဒ္ဒါလှိုင်း၊နောက်......များစွာ...များစွာ.....များစွာ.....။

အားလုံးကို လှိုက်လှဲစွာ ရင်ဘတ်တစ်ခုလုံးနဲ့ ခင်မင်ရပါတယ်..။ဘလော့ဂါတစ်ဦးတစ်ယောက်ကိုမှ လူချင်းမတွေ့
ဖူးပါဘူး....။ဒါပေမယ့် သူတို့ရေးတဲ့စာ...၊သူတို့ရေးတဲ့စာထဲမှ သူတို့ခံစားချက်...၊သူတို့ခံစားချက်ထဲကမှ သူတို့
သဘောထား....၊အဲဒီလို အဆင့်ဆင့် သူတို့မျှဝေမှုတွေကိုခံစားရင်း၊ သူတို့ရုပ်ပုံလွာတွေကို စိတ်ကူးပုံဖော်ရင်း
သူတို့အပေါ် သံယောဇဉ်ဖြစ်သွားတာဆိုရင်လည်းမှားမယ်မထင်ပါဘူး....။


ဘလော့ဆိုတာ မိမိခံစားမှုတွေကို မျှဝေဖလှယ်တာလို့ ကျွန်တော်မှတ်သားဖူးပါတယ်...။မှန်ပါတယ်...ဘလော့ဂါ
တစ်ဦး စာရေးကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ ကျွန်တော်ကတော့ သူတို့စာတွေကို သဘောကျပါ
တယ်....။ဘာဖြစ်လို့လဲဆိုတော့ သူတို့ရေးတဲ့စာထဲမှာ သူတို့ခံစားချက်တွေကို တစ်ပိုင်းတစ်စ လှစ်ဟလို့တွေ့ရ
တတ်လို့ပါ...။သူတို့ရေးတဲ့စာထဲမှာ သူတို့ရဲ့စေတနာကိုတွေ့နေရတတ်လို့ပါ....။စိတ်ခံစားချက်ကို ဦးစားပေး
တတ်တဲ့၊စိတ်ခံစားမှုနောက်ကို ကောက်ကောက်ပါအောင်လိုက်ပါတတ်တဲ့ကျွန်တော့်အတွက်ကတော့ သူတို့ရဲ့
စာတွေနဲ့အတူ သူတို့ရဲ့ ခံစားမှုနောက်ကို စီးမျောလိုက်ပါရတာ ကျေနပ်နှစ်သိမ့်စရာတစ်ခုပါ....။

နောက်....ကွန်မန့်လေးတွေကို ကျွန်တော်ချစ်ပါတယ်...၊တန်ဖိုးလည်းထားမိပါတယ်....၊မကြာခဏဆိုသလိုကွန်
မန့်အဟောင်းလေးတွေကိုပြန်ဖတ်မိပြီး၊ပြန်ဖတ်တိုင်းလည်း ကျေနပ်သဘောကျနေတတ်တာပါ...။ကွန်မန့်လေး
တွေဟာ စာရေးသူ ဘလော့ဂါတစ်ဦးအတွက် အားဆေးတစ်ခွက်လို့ သဘောပေါက်မိတဲ့အတွက်၊ရေးသူ၊ဖတ်သူ
အကြားက ပေါင်းကူးတံတားလေးတစ်စင်းလို့ နှလုံးပိုက်မိတဲ့အတွက် တတ်နိုင်သမျှ ကွန်မန့်လေးတွေပေးတတ်
ပါတယ်....။

ပြောရရင်တော့ ဘလော့ရွာထဲမှာ ဘလော့ဂါတွေနဲ့ စာလုံးလေးတွေကတစ်ဆင့် ရင်းနှီးခင်မင်ရတာကို ကျွန်တော် အတိုင်းမသိကျေနပ်မိပါကြောင်း၊လာမယ့် ၃၁ရက် ဘလော့ဒေးမှသည် နောင်နှစ်ပေါင်းများစွာ
ဘလော့ဂါအားလုံးရဲ့ ဘလော့များအားလုံး အဓွန့်ရှည်တည်တံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါ
တယ်ခင်ဗျား.....။

(ဒီစာကိုရေးနေချိန်မှာ အထူးတလည်သတိရနေမိသူတွေရှိပါတယ်....၊သူတို့ကတော့ ဘလော့ရွာလေးကနေခြေ
ရာဖျောက်သွားတဲ့ ကိုရွာသားလေး(ဝိုင်တီယူ)၊ ကျမ်းမာရေးကြောင့်အနားယူနေရတယ်ဆိုတဲ့ ကိုဏီလင်းညိုနဲ့
စာတွေဆက်မရေးတော့တဲ့ အစ်မမိုးချိုသင်း၊အထူးသဖြင့် ကျွန်တော်တို့ကို ထာဝရခွဲခွာသွားပေမယ့် ကျွန်တော်
တို့ရင်ထဲမှာ ထင်ကျန်ရစ်နေဆဲ ကိုကြီးကျောက် ကိုပါပဲ.....။)

(နောက် ကျွန်တော့်ဘလော့နဲ့ပတ်သက်ရင်မဖြစ်မနေကျေးဇူးတင်ရမယ့် ဘလော့တစ်ခုရှိပါတယ်၊အဲဒီဘလော့
ကတော့ ကေပီသရီးမိသားစုပါ၊ဘလော့လေးစလုပ်လုပ်ချင်းမှာ လိုအပ်တာမှန်သမျှ သူဆီက ရပါတယ်...။
ကျေးဇူးတင်ပါတယ်ခင်ဗျာ....)

(နောက်တစ်ခုက အားလုံးသောဘလော့ဂါများကို ဘလော့ဒေးအမှတ်တရရေးပေးဖို့ဆက်တဂ်ပါတယ်ခင်ဗျား....၊
အထူးသဖြင့် ကျွန်တော်ချစ်ခင်ရတဲ့သူငယ်ချင်းများအားလုံးကိုရေးပေးစေချင်ပါတယ်၊ကျေးဇူးတင်ပါတယ်ဗျား)

Thursday, August 25, 2011

ဟိုတွေး၊ဒီတွေး မျောလွင့်အတွေးများ(၁)

စကားလုံးများ.....

ကျွန်တော်တို့ စကားလုံးများကို မိမိတို့စိတ်ထဲကခံစားချက်၊ဆန္ဒ ကိုတစ်ဘက်သားသိနားလည်စေလိုခြင်းအလို့ငှာ
ပြောဆိုသုံးစွဲခဲ့ကြသည်။စကားလုံးများ၏အဓိကတာဝန်မှာလည်းဤသည်သာဖြစ်သည်မဟုတ်ပါလား...။
သို့သော်တစ်ခါတစ်ရံစကားလုံးများသည်သူတို့၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရန်လုံလောက်သောအင်အား
ရှိကြဟန်မတူပါ။မိမိသုံးနှုန်းလိုက်သော စကားလုံးများသည် မိမိ၏စိတ်ဆန္ဒ ကိုကိုယ်စားမပြုသည့်အခါ တစ်ဘက်
သားအနေဖြင့် အဓိပ္ပာယ်ကောက်ယူမှုလွဲမှားသွားသည်ကို မကြာခဏဆိုသလိုတွေ့မြင်နေကြရပါသည်...။
ထို့အတွက်စကားလုံးများ၏အဓိပ္ပာယ်ကိုစကားလုံးများဖြင့်ပင် ပြန်လည်အနက်အဓိပ္ပယ်ဖွင့်ဆိုကြရပြန်သောဟူလို။

လမ်းချင်းကားတူပါ၏ သို့သော် မောင်ချောနွယ်ပြောသလို လူချင်းကားမတွေ့ကြတော့၊မတွေ့သည့်အပြင် သာ
၍ဝေးရာဆီသို့ရွေ့လျားကြကုန်၏။ဤသည်မှာ စကားလုံးများ၏တာဝန်ပေါ့လျော့မှုဟု ဆိုသော်လွန်အံမထင်။

ရံဖန်၌စကားလုံးအသုံးအနှုန်းမျာအပေါ် မှီခိုပြီးသကာလ ဤသူကားငါနှင့် သဘောဆန္ဒတူကြကုန်၏ဟု ယူဆပြီး
လျှင် သဟာရ ပြုမိ၏။ကြာသော် စကားစကားပြောပါများမှစကားထဲကဇာတိပြကြသောအခါတွင် လမ်းခြင်းကား
ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိသည်ကိုတွေ့ကြရပါတော့သည်။စိုသောလက်ကိုမခြောက်စေသောငှာ ပြောဆို
ဆက်ဆံကြရပါသော်ငြား စိတ်ထဲကားမပါတော့...၊ဤသည်မှာလည်းအမွန်အဆွစကားလုံးများ၏ဝတ္တရားပေါ့
လျော့မှုပင်မဟုတ်ပါလော....။

မိမိသုံးနှုန်းလိုက်သောစကားလုံးများသည် ကာလ၊ဒေသ၊ပယောဂကိုလည်းမှီသေး၏။ပေါ့စေလို၍ထိုးသော
ကြောင်ရုပ်များ လေးသည်ထက်လေးလာသောအခါ စကားလုံးများကို သုံးနှုံးရန်ဝန်လေးလာတော့သည်။
ထို့အတွက်ဆိတ်ဆိတ်နေခြင်းသည် ထောင်ပင်မက ဘီလီယံနှင့်ချီ၍အဖိုးတန်လာတော့သည်။သို့သော်ဘေး
ထွက်ဆိုးကျိုးကားရှိ၏။

ထို့ပြင်တစ်ဝ လူတို့သုံးစွဲသော ဘာသာစကားကွဲပြားမှုကလည်း မြွေပူရာကင်းမှောင့်သေးသည်။တစ်ခါသော်
ကျွန်တော်တို့ ကားဒရိုင်ဘာပြည်ကြီးတရုတ်တစ်ဦး လမ်းမကြီးပေါ်၌ မလေးလူမျိုး LTA အော်ဖစ်တာ၏အဖမ်း
အစီးကိုခံရသည်။အမှုအခင်းကားမကြီးကျယ်ပါ၊သတိပေးတာမြစ်ခြင်းသာ....၊သို့သော် အော်ဖစ်ဆာ၏ ဘိလပ်
စကားဖြင့် ဥပဒေသစ်ကိုရှင်းလင်းပြောပြခြင်းကို ပြည်ကြီးတရုတ်ကား တစ်လုံးတစ်ပါဒမျှနားမလည်၊မလေး
အော်ဖစ်ဆာကလည်းတရုတ်စကားမပြောတတ်...။ခက်ပြီ...၊သို့သော်ပြည်ကြီးတရုတ်ဒရိုင်ဘာက သူဥပဒေတစ်
ခုခုချိုးဖောက်မိကြောင်းကိုတော့သိရှာ၏။သို့အတွက် သူက တရုတ်လို “ပုခဲရီလား...”ဟုမေး၏(ပုခဲရီ ဆိုသည်
မှာ မရဘူးလား ဟုအနက်ထွက်သောဟူလို....ဤကားစကားချပ်....:)) ဤသည်ကိုသိသော မလေးအော်ဖစ်ဆာ
ကလည်း စိတ်ဆိုးမာန်ဆိုးနှင့် “ပုခဲရီ.....ပုခဲရီ....” ဟုအော်ပြီးလျှင်ထွက်ခွာခွင့်ပြုခဲ့သောဟူ၏။

ရံခါ၌ ဤသို့လျှင် အနက်အဓိပ္ပာယ်ကောင်းစွာနားမလည်သော စကားအများကြီးပြောနေရခြင်းထက် နှစ်ဦးနှစ်
ဘက်သိနားလည်သော စကားလေးတစ်ခွန်းကို ကောင်းစွာအသုံးချလိုက်ခြင်းက အစစအဆင်ပြေချောမွေ့စေ
လေတော့သည်တကား.....။

သို့ဆိုရကား စကားလုံးများထက် ပိုမိုအားကောင်းသော လူမှုဆက်ဆံရေးကိရိယာလိုအပ်လာလေသည်။မိမိစိတ်
သဘောဆန္ဒကို အတိအကျအဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန်အလို့ငှာကျွန်တော်တို့(တယ်လီပသီဟုခေါ်ကြသည်လားမသိ)
စိတ်ချင်းဆက်သွယ်၍ရသော်ကောင်းလေစွဟုထင်မြင်မိသည်။သို့သော် ဤသည်ကလည်း ပြဿနာ၏တစ်ဝက်
ကိုသာဖြေရှင်းနိုင်သေးသည်။မည်သို့ပင်ဖြစ်စေ ကျွန်တော်အနေဖြင့် စာရွက်များပေါ်တွင်၊အွန်လိုင်းစာမျက်နှာ
များပေါ်တွင် စကားလုံးများကိုရေးသားအသုံးပြုနေကြရဦးမည်...။ထိုအခါ အနက်အဓါပ္ပာယ်ကောက်ယူမှုလွဲမှား
ကောင်းလွဲမှားနေကြဦးမည်...။

သို့ဖြစ်ရကား...ကျွန်တော်တို့အသားဟင်းတစ်ခွက်ချက်သည့်အခါ အရသာကောင်းမွန်ပြည့်စုံစေရန် ဆား၊အချို
မှုန့်၊ငံပြာရည် အစရှိသည်တို့နှင့်နယ်ရသကဲ့သို့ပင်၊ကျွန်တော်တို့ သုံးနှုန်းလိုက်သောစကားလုံးများအား နားလည်
ပေးနိုင်မှု၊သည်းခံခွင့်လွှတ်နိုင်မှု၊ကိုယ်ချင်းစာတရားတို့နှင့်ကောင်းစွာ သမ၍ ရင်ဘတ်နှင့် ဖတ်ပေးနိုင်ကြပါက
အကောင်းဆုံးပင်ဖြစ်ပေတော့သည်....။

(မှတ်ချက်။ ။ကျွန်တော်တို့မြန်မာစကားသည် လုံးဝန်းသောသဏ္ဏန်ရှိသောကြောင့် စကားလုံးဟုခေါ်ခြင်းဖြစ်
ဟန်ရှိသည်။သို့ကြောင့် တရုတ်၊ကိုရီးယား၊ဂျပန်ဘာသာစကားများကို စကားချောင်းများဟူ၍လည်းကောင်း၊
ထိုင်း၊လာအိုနှင့် အရှေ့အလယ်ပိုင်းမှကုလားဘာသာစကားများကို စကားတွန့်များဟူလည်းကောင်း ခေါ်သော်
မသင့်ပါလော....ဟု အတွေးပေါက်မိတော့သည်....:))

~~~~~~~~~~~~~~~~~~~~

ခွဲခြားမှုများ.....

လောက၌ ကွဲပြားမှုများ များပြားလှ၏။အသားအရောင်၊စာပေ၊ကိုးကွယ်ရာဘာသာ၊လူမျိုး၊ဌာန၊အစရှိသည်....။
ဤကဲ့သို့ကွဲပြားမှုများတွင် ကျွန်တော်တို့ရွေးချယ်ခွင့်ရှိသောကွဲပြားမှုများရှိသကဲ့သို့ ရွေးချယ်ခွင့်မရှိသောကွဲပြားမှု
များ၊ရွေးချယ်ခွင့်ရှိသည့်တိုင်အောင် ယုံကြည်မှုတစ်စုံတစ်ရာကြောင့် မရွေးချယ်လိုသော ကွဲပြားမှုများလည်းရှိပါ
သည်။ယေဘုယျအားဖြင့် ကွဲပြားမှုသည် ပြဿနာဖြစ်မလာပါ...။သို့သော် လူတို့သည် ကွဲပြားခြားနားမှုများကို
ခွဲခြားလိုက်သောအခါတွင် ပြဿနာဖြစ်လာတော့သည်။

အသားအရောင်ခွဲခြားခြင်း၊ဆင်းရဲချမ်းသာခွဲခြားခြင်း၊လူမျိုးရေးခွဲခြားခြင်း၊ဘာသာရေးခွဲခြားခြင်း၊လိင်ခွဲခြားခြင်း၊
အစရှိသဖြင့် ခွဲခြားမှုပေါင်းများစွာဖြင့် လူ လူခြင်းခွဲခြားခံနေရပေသည်။ဤသည်မှာအဘယ်ကြောင့်နည်း...၊
လူတစ်ယောက်အဖို့ လူဖြစ်လာသည်၏နောက် လူ့လောကအတွင်း ဝင်ဆန့်ဖို့ရာ ဘာများလုပ်ဆောင်ဖို့၊ဘာဖြစ်
နေဖို့ရာ လိုအပ်ပါသနည်း။အကယ်၍ လိုအပ်သည်ဆိုပါကလည်း အဘယ်သို့သောပုဂ္ဂိုလ်ကများ ဤသည်တို့ကို
သတ်မှတ်ပေးထားပါသနည်း...။ကျွန်တော်တို့ လိုက်နာဖို့ရောလိုအပ်ပါသလား၊ကျွန်တော်တို့ရွေးချယ်ထားခြင်းမ
ဟုတ်သော၊ရွေးချယ်ပိုင်ခွင့်လည်းမရှိခဲ့သောအရာများအတွက် ကျွန်တော်တို့ထံတွင်တာဝန်တစ်စုံတစ်ရာရှိပါသ
လော...။

လူများစုကြီးသည် ခွဲခြားခံရခြင်းကိုမလိုလားကြသလို၊ခွဲခြားမှုကိုလည်းမလိုလားကြပါ။အကယ်၍ ကျွန်တော့်အား
လူတစ်ယောက်က သင့်ထံတွင် လူ လူခြင်းခွဲခြားလိုစိတ်ရှိပါသလားဟုမေးလာပါက မရှိပါဟုသာဖြေကြားပါလိမ့်
မည်။သို့သော် ကျွန်တော်က ဆိုက်ကားသမားကြီးတစ်ယောက်အား ဆိုက်ကားဆရာဟုလည်းကောင်း၊ဆရာဝန်
တစ်ဦး(သို့)ကျောင်းဆရာတစ်ဦး(သို့)မိမိအထက်လူကြီးအား ဆရာဟုလည်းကောင်း၊ခေါ်ဝေါ်သုံးနှုန်းလိုက်သော
“ဆရာ”ဟူသောစကားလုံး၏ “လေ”ထဲ၌ ခွဲခြားမှုပေါင်းများစွာပါသွားသည်ကိုတော့ ဝန်မခံချင်သည့်တိုင်အောင်
ကျွန်တော်ဝန်ခံရပါလိမ့်မည်။

မှန်ပါသည်။ဆိုက်ကားသမားကြီးသည်လည်း ကျွန်တော့်ထံမှ အခကြေးငွေယူ၍ ကျွန်တော်သွားလိုရာသို့ ပို့
ဆောင်ပေးသည်သာ၊ဆရာဝန်ကြီးသည်လည်း အခကြေးငွေယူ၍ ကျွန်တော့ဝေဒနာကိုကုသပေးသူသာ၊
ကျွန်တော့်ဆရာများသည်လည်းကောင်း၊အထက်အရာရှိများသည်လည်းကောင်း သူတို့တာဝန်ဝတ္တရားရှိသည်
ကို ပရိုဖက်ရှင်နယ်ကျစွာ ဆောင်ရွက်နေကြခြင်းသည်သာ...၊အကယ်၍ ကျွန်တော်၌လူသားအားလုံးကိုလေးစား
သမှုရှိသည်မှန်သော် ကျွန်တော်သုံးနှုန်းလိုက်သော ဆရာဟူသောစကားလုံး၌အဘယ်ကြောင့်ခွဲခြားမှုများပါသွား
ရပါသနည်း...။

ဘလော့ဂါရင့်မာကြီးတစ်ဦး ပို့စ်အသစ်တင်သည်နှင့်တစ်ပြိုင်နက် သူများထက်ဦးအောင် ကွန်မန့်ပေးချင်သော
ကျွန်တော်သည် မိမိလို ဘလော့ဂါဝါနုသူများ၏ပို့စ်အား နောက်မှဖတ်ပါမယ်လေ...ဟုကျော်သွားမိခြင်းသည်
ကျွန်တော့်မူရင်းစိတ်ကိုကပင် ခွဲခြားဆက်ဆံခြင်းအလေ့၌ မွေ့လျော်နေခြင်းပင်လား....။သို့တည်းမဟုတ် လူ့ပြည်
လူ့ရွာ ဤကမ္ဘာ၌ ခွဲခြားဆက်ဆံမှုတစ်ချို့သည် လိုအပ်နေပါသလား.....။

ဗုဒ္ဓဘုရားရှင်သည်ကမ္ဘာပေါ်၌လူလူခြင်းခွဲခြားဆက်ဆံမှုအကင်းဆုံးပုဂ္ဂိုလ်တစ်ဦးဆိုသည်မှာယုံမှားစရာမရှိပါပေ။
မျိုးရိုးဇာတ်အခွဲခြားဆုံးနေရာ၊အချိန်၌ပွင့်တော်မူလာသည့်တိုင်အောင်သူနှင့်သူ့သာသနာအတွင်း၌ခွဲခြားဆက်ဆံ
မှုဟူသည်မရှိခဲ့...။သို့တိုင်အောင် ဘုရားရှင်၌ပင်လျှင်ခွဲခြားဆက်ဆံမှုတစ်ခုရှိနေသေးသည်သာ...။ထိုအရာကား
လူ၏ပါရမီနှင့် ထိုပါရမီနှင့်လျော်သောတရားပင်တည်း....။တရားနာပရိတ်သတ်၏ပါရမီအနုအရင့်အလိုက်
သင့်လျော်သောတရားကိုဟောကြားလေ့ရှိသည်ဟူ၍ မှတ်သားမိ၏။ထိုအခါ တချို့သောတရားများသည် နေရာ၊
ဒေသနှင့်လူပုဂ္ဂိုလ်ကိုလိုက်၍ တစ်ခုနှင့်တစ်ခု ဝိရောဓိအသွင်ဆောင်ကုန်သောဟူ၏။

သို့ဆိုရကား...ခွဲခြားဆက်ဆံခြင်းဟူသည် ရှိသင့်သည်လည်းရှိသလို၊မရှိသင့်သည်လည်းရှိသည်ဟု မှတ်ယူရပေ
မည်။ဥပမာအားဖြင့်ဆိုသော် အလှူတစ်ခု၌ ထမင်းပွဲတွင် လက်ဖြင့်အားရပါးရနယ်၍ ပလုပ်ပလောင်း ဟန်မ
ဆောင်တမ်းစားတတ်သောရိုးသားသည့် လက်လုပ်လက်စားတစ်ဦးအား ထမင်းပွဲအား ဇွန်း၊ခရင်းနှင့်တို့ကာဆိတ်
ကာစားပြီး ယဉ်ကျေးခြင်းအမှုကိုပြုနေကြကုန်သော လူကုန်ထံဝိုင်းအတွင်း ခွဲခြားခြင်းမရှိဟု တစ်ဝိုင်းတည်းစား
စေသော် နှစ်ဦးနှစ်ဘက် အနေခက်ရုံမှတစ်ပါး အခြားထူးခြားလာဖွယ်မမြင်ချေ။

မိန်းမတစ်ဦးအား နင်တို့မိန်းမတွေယောင်္ကျားတွေလောက်မထက်မြက်ပါဘူး..၊ကြက်မတွန်လို့မိုးမလင်း ဘာညာ
အစရှိသဖြင့် ခွဲခြားဆက်ဆံခြင်းမျိုး ကိုကြားသိမြင်တွေ့ ဖူးကြပါလိမ့်မည်။ဤသည်ကိုလည်း အဘယ်သောအမျိုး
သမီးကမျှကျေနပ်လိမ့်မည်မထင်။သို့ဆိုရကား ဧည့်ခံပွဲတစ်ခု(သို့) ဘတ်စ်ကားပေါ်၌ မိန်းမနှင့်ယောင်္ကျားတူတူ
ပဲခွဲခြားမှုမရှိဟုဆိုကာ မိန်းမသားများကို ဦးစားမပေးခဲ့ပါလျှင်ရော...၊အဘယ်သောအမျိုးသမီးက ကျေနပ်ပါလိမ့်
မည်နည်း....။ခွဲခြားဆက်ဆံမှု၌ အဓိကအားဖြင့် ဆက်ဆံသူ၏ စိတ်စေတနာကသာလျှင် အခရာကျလိမ့်မည်ဟု
ကောင်းစွာနှလုံးသွင်းမိပါတော့သည်.....။

Friday, August 19, 2011

ဆေးဆိုးပန်းရိုက်သက်ပြင်းများ

ကျေးဇူးတင်ပါတယ် အပြာ.....

ငါက ပရိုဖက်ရှင်နယ်ကျကျ အပျော်တမ်းနေထိုင်သူတစ်ယောက်....

ငါက အစိမ်းရင့်ရင့်ပေါ်က ထမင်းသိုး၊ဟင်းသိုး.....

ငါက မျက်စိလည်လမ်းမှားလို့ ရောက်လာတဲ့ ဒိုးတစ်လုံး....

(ဖိုးသူတော်မဟုတ်တဲ့နောက် ဆန်ပိုရဖို့ ဘယ်တုန်းကမှမျှော်လင့်မထားခဲ့.....)

ဒီအတွက် ငါ ဘယ်တော့မှထီမထိုးခဲ့ပါဘူး.....။


ဂမ့်ရေ.....ငါလည်း စမတ်ဂိုင်းမဟုတ်ပါဘူးကွယ့်.....

ကဲ....ငါတို့လမ်းတွေပေါ်အတူပြေးကြရအောင်လား.......

လမ်းတွေကောက်ကွေးသွားတဲ့အထိ....ဒါမှမဟုတ် လမ်းတွေဖြောင့်တန်းသွားတဲ့အထိ......။


ဘာတဲ့....နိုးပိန်းနိုးဂိမ်းတဲ့လား.....ပိန်းသာပိန်း.....ဂိမ်းတွေက အမြဲအိုဗာနေတုန်း.....။

ရှေ့နှစ်မှာ ငါမင်းကို ဂိမ်းအိုဗာလို့ နှုတ်ဆက်လိုက်ချင်သေးတယ် အပြာ....။


အစိပ်စိပ်ပိုင်းထားတဲ့အနိုင်တွေကြားမှာ ငါ့အရှုံးတွေက ဂျိုလီရဲ့ကျည်တစ်တောင့်လို ကရွတ်ကင်းလျှောက်သွား...

ငါ ကော်ဖီမစ်လာဝယ်တာပါအပြာရဲ့ ကျေးဇူးပြုပြီး ကော်ဖီမစ်တွေမအမ်းပါနဲ့တော့.....။

ရနိုင်မယ်ဆိုရင် ကော်ဖီတစ်ခွက်လို ငါ....တစ်သက်လုံးပဲ ခါး ပါရစေ....။


ဟော.....ပြောရင်းဆိုရင်း ရွာနားမှာ နဂါးပေါ်လို့တဲ့.....

ဂျော်နီးတူးသည်ဝပ်စ်တွေက အရှေ့အရပ်မှာအုံနဲ့ကျင်းနဲ့.....

ငါတို့ဆိုတဲ့ နဂါးနီသီချင်းလည်း တဖြည်းဖြည်း တိမ်ဝင်လာပြီ....။


စတူးပစ်....စတူးပစ်....စတူးပစ်.....

ကျေးဇူးပြုပြီး ထပ်တလဲလဲ မရွတ်ပါနဲ့တော့လား အပြာ....။

ငါဆိုတဲ့ငါက.....

ဂျိုကျိုးပြီး နားရွက်ပဲ့နေပါတယ်ဆိုမှ အထားအသိုပါမှားနေတာ သိပြီးသားပါ....။


ကျေးဇူးတင်ပါတယ် အပြာ.....

ငါ့ဘာသာငါ ချောက်ထဲကျဖို့ လက်တစ်လုံးပဲလိုလို....နှစ်လုံးပဲလိုလို.....

ကိုယ်ဒေါသကိုယ် တလိပ်လိပ် ထွေးထုတ်ပါရစေ....။


တစ်သက်နဲ့တစ်ကိုယ်.....အကုသိုလ်ပဲဖြစ်ဖြစ်၊ကုသိုလ်ပဲဖြစ်ဖြစ်...

ငါဖြစ်ချင်တာလေးဖြစ်ဖို့.....

တစ်မိနစ်တော့ငြိမ်သက်ပေးကြပါ....။





Monday, August 15, 2011

ဟန်ဆောင်ခြင်းအနုပညာ

အသိမိတ်ဆွေအမျိုးသမီးနှစ်ယောက် လမ်းတွင်ဆုံကြသောအခါ အောက်ပါအတိုင်းနှုတ်ခွန်းဆက်ကြရောတဲ့...၊
ကွင်းစကွင်းပိတ်ထဲက စကားလုံးတွေကတော့ သူတို့ရင်ထဲကစကားတွေပါခင်ဗျ....။

မေရီ။ ။ဟယ်...လူစီ....မတွေ့တာတောင်ကြာပေါ့...တွေ့ရတာဝမ်းသာလိုက်တာ...
(ဟင်း....မတွေ့ချင်ပါဘူးဆို လာတွေ့နေရသေး.....)

လူစီ။ ။ဟုတ်ပါ့ မေရီ...မတွေ့တာကြာလို့ ပိန်သွားသလိုပဲ...ပိုကြည့်ကောင်းလာတယ်....
(ကောင်မ မီးယက်ပိန် ပိန်နေတာ....ဟွင်း.....)

မေရီ။ ။ဟင်း...ဟင်း....အိမ်လာခဲ့.....မုန့်လုပ်ကျွေးမယ်....
(ဟွန်း....လေသံကိုက မနာလိုဖြစ်နေတဲ့အသံ....)

လူစီ။ ။အင်း...အေးအေးဆေးဆေးလာလည်ရဦးမယ်...၊တစ်ခါတုန်းက မေရီဖုတ်ကျွေးတဲ့ကိတ်လေးက သိပ်
ကောင်းတာ.....(အောင်မလေး....ဝင်နေရမှာစိုးလို့ သူ့အိမ်ရှေ့ကတောင်ဖြတ်မလျှောက်ဘူး၊သူကျွေးတဲ့ကိတ်
ကလည်း ညံလိုက်တာလွန်ရော....)

မေရီ။ ။လာခဲ့....လာခဲ့...ဒီတခါပိုကောင်းအောင်ဖုတ်ကျွေးမယ်...
(ကောင်မငတ်ကြီးကျလိုက်တာ...ဟိုတစ်ခါကလည်း မကောင်းတတ်လို့သာ...စေတနာကိုမရှိဘူး....)

လူစီ။ ။အင်း...စကားကောင်းနေလိုက်တာ...ဟင်းချက်နောက်ကျနေမယ်..သွားတော့မယ်နော်....
(စကားမြန်မြန်ဖြတ်မှ၊နို့မို့ သင်းကြွားလုံးတွေလာတော့မယ်....)

မေရီ။ ။သွားတော့မလို့လား.....တွေ့တုန်းအေးအေးဆေးဆေး စကားပြောချင်တာရယ်.....
(မြန်မြန်သာကြွပါမယ်မင်းကြီးမရယ်....စိတ်ကုန်လွန်းလို့....)

လူစီ။ ။သွားပြီနော်.....နောက်မှတွေ့တာပေါ့....
(ဟင်း...ခုမှပေါ့သွားတယ်....)

မေရီ။ ။အင်း...တာ့တာ....
(နောက်လည်းမတွေ့ပါရစေနဲ့တော်......)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တလောက ဖေ့ဘွတ်က ဂရုတစ်ခုမှာ မန်ဘာတစ်ယောက်က ပွဲတတ်မယားဆိုတဲ့ ကဗျာလေးတင်ပါတယ်...၊
ဧည့်ခံပွဲလာတဲ့ ကတော်ကြီးတွေရဲ့ ဟန်ဆောင်ပန်ဆောင်နိုင်မှုကို သရော်တော်တော်လေးရေးထားတဲ့ကဗျာ
လေးပါ။ရေးသူကလည်း ဧည့်ခံပွဲတစ်ခုမှာ မြင်ခဲ့ရတဲ့ ကတော်တွေရဲ့ဟန်ဆောင်စကား၊ဟန်ဆောင်မျက်နှာထား
တွေကို တွေ့ပြီး ရေးဖွဲ့ဖြစ်တယ်ဆိုပါတယ်...၊ဆိုတော့ ကျန်တဲ့သူတွေကလည်း ဝင်ပြီးဆွေးနွေးကြ၊မန့်ကြသပေါ့
လေ....။ဧည့်ခံပွဲမှာ ကိုယ့်ယောင်္ကျား စပွန်ဆာပေးထားတဲ့ အငယ်လေး တွေကိုတွေ့တောင် ဟန်လုပ်ပြီး ပြုံးရယ်
နေကြရကြောင်း၊ကိုယ်တွေသာဆို ဟန်ဆောင်နိုင်မှာမဟုတ်ကြောင်း...ဘာ...ညာ ပေါ့ဗျာ....။

ဒီကဗျာလေးနဲ့ ကွန်မန့်တွေဖတ်ပြီး ကျွန်တော်အတွေးတွေဆက်ပွားမိပါတယ်...၊ယေဘုယျအားဖြင့်လူများစုက
ဟန်ဆောင်ခြင်းကိုမနှစ်သက်ကြပါဘူး၊ဟန်မဆောင်ပဲပွင့်ပွင့်လင်းလင်းပြောတာကို သဘောကျကြမယ်ထင်ပါ
တယ်...။ဒါပေမယ့် ကျွန်တော်တို့ရှင်သန်ကြီးပြင်းနေရတဲ့ ပတ်ဝန်းကျင်မှာ ယဉ်ကျေးမှုဆိုတာကလည်း အခိုင်အ
မာရှိနေပြီးပါပြီ....။ဒီလူ့ယဉ်ကျေးမှုအရ ကျွန်တော်တို့ ဟန်ဆောင်ခြင်းတွေမဖြစ်မနေလိုအပ်လာပါတယ်...။

ဧည့်ခံပွဲတစ်ခုမှာ ကိုယ်မချစ်မနှစ်သက်သူနဲ့မျက်နှာခြင်းဆိုင်တွေ့ရတဲ့အခါ ဟန်လုပ်ပြုံးရယ်ခြင်းတွေက မရှိမဖြစ်
ပါလာမှာပါပဲ။အပေါ်က ဟာသလေးကိုကြည့်ပါ..။အကယ်၍ အဲဒီမိန်းမနှစ်ယောက်သာ ဟန်မဆောင်ပဲ ရင်ထဲရှိ
တာပြောခဲ့ကြရင် ၂ခွန်းမပြည့်ခင် ထသတ်ကြမှာပဲဗျ....:)။ဟန်မဆောင်ခြင်းအတွက်ဘာများအကျိုးရှိလာမှာပါ
လဲ...၊ဟန်ဆောင်ပြီး သံတမန်စကားတွေပြောခဲ့ကြလို့သာ မိတ်မပျက်၊ရုပ်မပျက် အစစချောမွေ့အဆင်ပြေသွား
တာမဟုတ်ပါလားဗျာ...။

အားလုံးကြားဖူးမယ့် ပုံပြင်ဟာသလေး ပြောချင်ပါသေးတယ်(ကြားဖူးလည်းမကြားဖူးသေးသယောင်နားထောင်
အဲ....ဖတ်ပေးကြပါဗျာ...:)))တစ်ခါက ခရီးသွားတစ်ဦး ရွာတစ်ရွာကိုရောက်တော့ ရွာပြင်မှာ တဲထိုးနေနေရတဲ့
လူတစ်ယောက်ကိုသွားတွေ့ရော...၊ဒါနဲ့သူလည်းစိတ်ဝင်စားတာနဲ့ (ကြည့်ရတာသူလည်းဘလော့ဂါပဲနေမယ်..
သူဘလော့ထဲ ရေးစရာကုန်ကြမ်းတော့ရပဟ ဆိုပြီး...) ဝင်မိတ်ဖွဲ့ စပ်စုသပေါ့လေ....ဘာကြောင့်ရွာပြင်ထုတ်ခံရ
သလဲကိုပေါ့....။ဆိုတော့ အဲ့လူက ကျွန်တော်မှန်တာတွေပြောလွန်းလို့ ရွာပြင်ထုတ်ခံရတာဗျ လို့ပြောသတဲ့....။
ဆိုတော့ ခရီးသွားဘလော့ဂါကြီးလည်း အတော်ကိုမကျေမနပ်ဖြစ်သွားတာပေါ့....၊ဒါမဖြစ်သင့်ဘူး..၊မှန်တာပြော
တာ လက်သင့်ခံရမယ်..၊ဒီကိစ္စ လူ့အခွင့်အရေးကောင်စီတိုင်ရမယ်...ဘာညာပေါ့လေ...ဝင်ဖောပါရော...။

အဲ့လိုပြောနေရင်းနဲ့ အဲဒီ ကိုမှန်တာပြောကြီးက ဘာပြောသလဲဆိုတော့..“ခင်ဗျားနဲ့စကားပြောရတာ အတော်ကို့
ယို့ကားယားနိုင်သဗျာ..၊ခင်ဗျားမျက်လုံးတွေက ကျုပ်ကိုပဲကြည့်နေသလိုလို၊တခြားပဲကြည့်နေသလိုလိုနဲ့...၊
လက်စသတ်တော့ ခင်ဗျားမျက်လုံးတွေကအတော်စွေနေသကိုး...တောင်တစ်လုံး၊မြောက်တစ်လုံးနဲ့...”လို့ပြော
ချပလိုက်ရော...၊ဟော....အဲ့လိုမှန်တာလည်းအပြောခံရရော...တစ်ခါတည်း ဘလော့ဂါကြီးဒေါသကြီးကြီးထွက်ပြီင်္း
သကာလ....“ခင်ဗျားလိုလူ ရွာပြင်ထုတ်ခံရတာနဲတောင်နဲသေး....၊တောပါထုတ်ပလိုက်ရမှာ...”လို့စိတ်ဆိုးမာန်
ဆိုးပြောပြီး တစ်ချိုးတည်းလစ်လာခဲ့ရတယ်.....တဲ့ဗျ......:)))

ဆိုတော့....ဟန်ဆောင်ခြင်းဆိုတာ လိုအပ်ပါတယ်၊ရှင်းရှင်းနဲ့ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူတွေဟာ မလိုအပ်
ပဲ ရန်များသလိုဖြစ်သွားတတ်ပါတယ်...၊မှန်ပေမယ့် အကျိုးမရှိ၊သူများမနှစ်လိုတဲ့စကားရှောင်ရှားကြရမယ်မ
ဟုတ်ပါလားဗျာ...၊နောက်ဟန်ဆောင်ခြင်းဆိုရာမှာ စကားအပြောအဆိုတင်မက၊ဟန်ပန်အမူအယာ၊မျက်နှာ
ထား လည်းလိုအပ်ပါသေးတယ်...၊စကားဆိုတာမပြောရင်ရပြီ၊မျက်နှာထားကျတော့ အတော်ထားရတာခက်ပါ
တယ်..၊ဟန်ဆောင်ပန်ဆောင်မျက်နှာပေးဆိုတာ အခြားလူကသိနေသည့်တိုင် ကိုယ်ကတော့ ဟန်ကိုယ့်ဖို့ပဲ
ပေါ့ဗျာနော်....၊

ဟန်ဆောင်ရတယ်ဆိုတာပြောတာလွယ်သလောက်အတော်အလုပ်ခက်ပါတယ်...၊တနည်းအားဖြင့် ဟန်ဆောင်
ခြင်းကလည်း အနုပညာတစ်ရပ်ပါပဲ။(အန်...ဟန်ဆောင်ခြင်းက အနုပညာမဟုတ်လို့ဘာတုန်း...ကညိမ်းနိုင်...လို့
မပြောကြေးနော်...:))။တချို့သူတွေကျ ရုပ်ရှုင်သရုပ်ဆောင်မဖြစ်မယ့်သာမဖြစ်တာ အင်မတန်ဟန်ဆောင်
ကောင်းသဗျ...၊ဟန်ဆောင်ကောင်းသူတစ်ယောက်အကြောင်းပြောပြချင်ပါသေးတယ်...၊ကျွန်တော်ဒီကိုလာမယ်
လုပ်တော့ ကိုယ့်ဘာသာလာပြီး အလုပ်ရှာဖို့ရာ risk မယူချင်တာနဲ့အေးဂျင့်လက်အပ်ပါတယ်...၊တရားဝင်အေး
ဂျင့်မဟုတ်ပါဘူး၊သူငယ်ချင်းတစ်ယောက်ရဲ့အဆက်ပါ၊သူ့ဆီမှာ EP အလုပ်ကောင်းကောင်းရှိတယ်ဆိုတာနဲ့
ဆက်သွယ်မိတာပါ။စရံ စလုံး၁၀၀၀ ယူထားပြီး တလနဲ့မရ၊၂လနဲ့မရ...၊နှစ်ပေါက်ကာနီးလာပါပြီ၊

ကျွန်တော်လည်းနဲနဲစိတ်ပူလာပြီပေါ့နော်...၊ပိုက်ဆံထက် အချိန်တွေကုန်တာကပိုဆိုးပါတယ်။ဒီတော့တပတ်
၂ခေါက်လောက် သွားပြီးမျက်နှာပြရသပေါ့လေ...၊သူရို့အခြေအနေလည်းအကဲခပ်ရင်းပေါ့...၊တစ်နေ့ရန်ကုန်
လာရင်း သူတို့တိုက်ခန်းဘက်လှည့်ဝင်ပါတယ်...၊တိုက်ခန်းဝရန်တာမှာ သူ(သူဆိုတာကအမျိုးသမီးပါ)ကမတ်
တပ်ရပ်ပြီးကျွန်တော်ဝင်လာတဲ့လမ်းဘက်လှမ်းကြည့်နေတာပါ။ကျွန်တော်လည်းလက်လှမ်းပြလိုက်သပေါ့လေ၊
ကျွန်တော့်ကိုမြင်တဲ့အချိန်မှာ သူဖြစ်သွားတဲ့မျက်နှာထားက ခုလိုခဏခဏလာနေတာကိုမကျေနပ်တဲ့မျက်နှာ
ထားဆိုတာ ဖျက်ကနဲ မြင်တွေ့လိုက်ရပါတယ်...။

အဲ....ဧည့်ခန်းထဲလည်းရောက်ရော ရွန်းရွန်းဝေနေအောင်စကားတွေ ပြောတော့တာပဲဗျိုး၊မျက်နှာထားကလည်း
ပြုံးလို့ရွင်လို့...။ကျွန်တော်ဖြင့် ခုဏကဖျက်ကနဲမြင်လိုက်ရတာ ငါစိတ်ထင်တာများလားလို့ထင်ယောင်ထင်မှား
တောင်ဖြစ်မိပါရဲ့။အော်....ဟန်ဆောင်တတ်လိုက်တာလို့တွေးမိပါတယ်..၊ဒါပေမယ့် သူ့ရဲ့ဟန်ဆောင်မျက်နှာ
ထား၊ဟန်ဆောင်စကားတွေကြောင့်ပဲ စိတ်ဓာတ်တွေပြန်တက်လာရပါတယ်၊ယုံကြည်စိတ်လည်းဖြစ်လာရပါ
တယ်..၊(နောက်ဆုံးတော့သူတို့အဆက်အသွယ်နဲ့ပဲ ဒီကိုထွက်လာဖြစ်တာပါ....)

သူ့လိုဟန်ဆောင်ကောင်းသူရှိသလို၊ဟန်ဆောင်မကောင်းသူတွေလည်းရှိတာပါပဲ...၊အဲဒီလူစားထဲမှာ ကျွန်တော်
လည်းတစ်ယောက်အပါအဝင်ပေါ့ဗျာ...၊ကိုယ်သိပ်မနှစ်သက်သူနဲ့တွေ့ရင် မျက်ဆိမျက်နှာပျက်နေရော...၊သူ့ကို
ကိုယ်ကမနှစ်သက်ဘူးဆိုတာကလည်း ကိုယ်နဲ့သူ ဘာမှဖြစ်ခဲ့တာမျိုးလည်းရှိတာမဟုတ်တော့မိတ်ဝတ်မပျက်စေ
ဖို့ရာဟန်ဆောင်ပန်ဆောင်ရမယ်ဆိုတဲ့အသိကြောင့် ဟန်လုပ်နေရပေမယ့် ကျွန်တော်ထင်ပါတယ် ကျွန်တော့်
မျက်နှာထားက အီလည်လည်ကြီးဖြစ်နေမယ်ဆိုတာ...:)၊

ဟန်ဆောင်ခြင်းဆိုတာ လို့အပ်တယ်လို့ထင်တဲ့သူတွေအတွက် ကောင်းစွာဟန်ဆောင်တတ်ဖို့လည်း လိုအပ်ပါ
သေးပါလားလို့တွေးနေမိပါတယ်....။တမင်ကြွားဝါဖို့၊သူများကိုလိမ်လည်လှည့်ဖျားဖို့မဟုတ်ပဲ၊လူ့ပတ်ဝန်းကျင်
အတွင်း မိတ်ဝတ်မပျက်ဆက်ဆံနိုင်ဖို့ လိုအပ်တဲ့ဟနှ်ဆောင်မှုအနုပညာကို ကျွန်တော်တို့ ဘဝတက္ကသိုလ်ကြီး
ဆီကပဲ လေ့လာသင်ကြားနေရဆဲပါပဲ...၊(အင်း...ဘယ်တော့များမှဘွဲ့ရမလဲတော့မသိပါဘူးဗျာ...၊ဘာသာရပ်တွေ
ကလည်းတယ်များသကိုး....:))။ကဲ....ကိုယ့်ဆရာတို့ရော...ဟန်ဆောင်တတ်ကြပါလားဗျ.....။

Wednesday, August 10, 2011

ပျော်မိပျော်ရာ..ဖေ့ဘွတ်မှသည်...

ခုတလော ဘလော့ဘက်ကိုခြေဦးမလှည့်ဖြစ်တာကြာပြီ။မအားလို့လားဆိုတော့အားလည်းအားတယ်၊အားလည်း
မအားဘူးလို့ပြောရမယ်...၊အားလည်းအားတယ်ဆိုတာက ခုတလောအလုပ်သိပ်မရှုပ်ဘူး၊ကိုယ့်အတွက်အချိန်ပို
လေးတွေရှိပါတယ်...၊အဲ...မအားတာကတော့ခုတလော ဖေ့ဘွတ်မှာခြေရှုပ်နေမိလို့ပဲဗျ...။အမှန်ဆို ကျွန်တော့်
ဘလော့လေးမလုပ်ခင်ကတည်းက ဖေ့ဘွတ်အကောင့်ရှိထားပြီးသားဗျ...။နို့ပေမယ့် သင်းကို တလနေလို့တောင်
တစ်ခါမဝင်မိတာအမှန်...၊အဲဒီတုန်းက ဒါ့ပုံတွေလည်းမတင်ဖြစ်ပါဘူး...။သူငယ်ချင်းရယ်လို့လည်းငယ်သူငယ်ချင်း
တွေကလွဲလို့ ဘယ်သူမှမရှိ..၊ဘယ်သူမှလည်းကိုယ့်လာမအက်သလို ကိုယ်ကလည်းမအက်ပါဘူး...။ခုနောက်ပိုင်း
မှာသာ ဟိုလူတွေဆွယ်လို့ တစ်ခုတ်တရသုံးဖြစ်တာရယ်...။

သုံးဖြစ်တော့ဘာဖြစ်သလဲဆိုတော့ စွဲသပေါ့.....:)။အရင်ကိုယ့်ဘလော့လေးနဲ့ကိုယ်ပျော်မွေ့နေတုန်းက ည၁၂
နာရီဆိုတာအလွန်ဆုံးပဲ၊စာလေးဘာလေးရေးရင်းဈန်ဝင်သွားမှသာ ည၁ချက်တီးလောက်ထိဖြစ်သွားတတ်တာ၊
ဟော....ဖေ့ဘွတ်လည်းသုံးဖြစ်ရောညည ၂နာရီ၃နာရီအထိကွန်ပြူတာရှေ့မခွာနိုင်တော့ဘူးဗျိုး...၊ပြီး ကျွန်တော်
ကတစ်ခုခုကိုစွဲမိပြီးဆို စားလည်းဒီစိတ်၊သွားလည်းဒီစိတ် ဆိုတာမျိုး...၊အဲ့ဟာမှအဲ့ဟာ...၊တခြားဘာကိုမှအာရုံမ
ဝင်စားနိုင်တော့ဘူး ဖြစ်တတ်တာကလား....။(အဲ့သာကြောင့်လည်း သံယောဇဉ်တွေကို အမျှင်မတန်းမိအောင်
ရှောင်နေမိတာ....၊နို့မို့ ကိုယ်တွေက ဗေထိဆိုကွဲပဟ ဆိုတဲ့လူစား....:)))

ကြာလာတော့ အအိပ်ပျက်၊အစားပျက်၊(ကန်တော့ပါရဲ့)တွိင်းလက်အဝင်ပါပျက်လာရော၊ပျက်ဆို မနက်အိပ်ယာ
ကနိုးတာနဲ့ ဖုံးကလေးဆွဲပြီး တွိုင်းလက်ဝင်ရော...၊အထဲမယ် ဖေ့ဘွတ်ထဲဝင်၊ညက ဘယ်သူတွေဘာများရေး
သွားသေးသလဲဆိုတာဖတ်တော့တာပဲ...၊ကိုယ်အိပ်ယာဝင်တာဘယ်လောက်ပဲနောက်ကျတယ်ပြောပြော၊ကိုယ့်
ထက်နောက်ကျမှအိပ်တဲ့သူတွေ အွန်လိုင်းမှာရှိသကိုးဗျ...၊တချို့ဆို ည ည အိပ်ရဲ့လားမသိ....:)။ဆိုတော့ ကိုယ့်
ကိစ္စကိုယ်ဖြောင့်အောင်မလုပ်နိုင်တော့ဘူး...၊စိတ်က ဖေ့ဘွတ်မှာပဲရောက်နေတာကလား....၊ပြန်ထွက်လာရင် ပြုံး၊
ပြုံး၊ပြုံး၊ပြုံး နဲ့...၊မသိတဲ့သူတွေကတော့ထင်မှာပဲ..၊ဒီကောင်အိမ်သာထဲဘာများတွေ့ခဲ့လို ပြုံးနေရပါလိမ့်၊ဂေါက်
များနေပြီလား.....လို့....:)။

ပြောမယ့်သာပြောရ ဖေ့ဘွတ်မှာသူငယ်ချင်းတွေနဲ့ပေါက်ကရပြောရတာပျော်ဖို့ကောင်းသဗျ၊အပြင်လောကမှာ
အလုပ်နဲ့အကိုင်နဲ့ဆိုင်နဲ့ကနားနဲ့၊ကိုယ့်အတတ်ပညာနဲ့ကိုယ်၊ကိုယ်စီရှိနေကြတဲ့သူတွေ ဖေ့ဘွတ်ပေါ်မှာကြတော့
အကုန်ပေါတောတောတွေဖြစ်ကုန်ရော၊တစ်ယောက်နဲ့တစ်ယောက်လည်း မလစ်နဲ့လစ်တာနဲ့ဖဲ့မယ်ဆိုတာပဲ။
လူတွေလည်း ဖေ့ဘွတ်ပေါ်မှာ တစ်ယောက်မှအကောင်းမရှိဘူး၊သူတောင်းစားဂိုဏ်းခေါင်းဆောင်ဖြစ်သူဖြစ်၊
မာမီလုပ်ရသူလုပ်ရ၊ငမူးငရူးလောက်ကတော့ နည်းသေးတာ....၊ဘယ်လောက်ပြောပြော၊တစ်ယောက်မှလည်း
နာပုံမရပါဘူး...၊ကိုယ့်ကိုအဲ့လိုပြောချင်တိုင်းပြောနေတာကိုပဲ တစ်ပြုံးပြုံးနဲ့ဖတ်နေမိတာ ကိုက ဖေ့ဘွတ်ကသူ
ငယ်ချင်းအသိုင်းအဝိုင်းလေးရဲ့ ချစ်စရာဓလေ့စရိုက်လေးဆိုပါတော့ဗျာ...၊

သို့ပေမယ့်ခုတလောအအိပ်အရမ်းပျက်လာတာကတစ်ကြောင်း၊ဘလော့မှာဘာစာမှကိုမရေးနိုင်လောက်အောင် အချိန်ကုန်လွယ်လှတာကတစ်ကြောင်း၊အကြောင်း ကြောင်းတွေကြောင့် ပျော်စရာကောင်းတဲ့ ဖေ့ဘွတ်မှ ခေတ္တ
မျှခွင့်ယူခဲ့ရပါတယ်..၊များများမဟုတ်ပါဘူး...၊ငါးရက်ထဲပါ...:D။ဒါတောင် ဂျီတော့မှာ သူငယ်ချင်းတွေကို ဖေ့ဘွတ်
မှာ ဘာထူးသေးလဲဟေ....လို့မေးနေမိသေး....:)၊အော်....သံယောဇဉ်များ တယ်ခက်.....။အင်း...နောက်လည်း
ဖေ့ဘွတ်သုံးချိန်ကိုကိုယ့်ဘာသာနဲနဲကန့်သတ်လိုက်မယ်လို့ စိတ်ကူးထားပါတယ်...။ဘာပဲပြောပြောတန်ဆေး၊
လွန်ဘေးကိုးဗျာ...၊ဆိုတော့ နောက်ပိုင်းတော့ ခြောက်တီးခြောက်ကပ်ဖြစ်နေတဲ့ ကိုယ့်ဘလော့လေးထဲ စာလေး
ဘာလေး လုံးလစိုက်လို့ပြန်ရေးပါတော့မယ့်အကြောင်း ကြေငြာမောင်းခတ်လိုက်ပါသဗျိုး....:)))