Friday, September 23, 2011

ဧရာဝတီအတွက် ရေတစ်စက် (၂ )


ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထုကြီးရဲ့ကန့်ကွက်မှုအသံတွေအတော်ကျယ်လောင်လာပေမယ့်
အစိုးရကတော့ ဒီစီမံကိန်းကို ရပ်တန့်မယ့် ဟန် မပြသေးပါဘူး....။တာဝန်ရှိဝန်ကြီးနှင့်ညွှန်မှုးဆိုသူတို့ရဲ့ ဖြေရှင်း
ချက်တွေကလည်းငါ့စကားနွားရ၊တာဝန်မဲ့၊ကျိုးကြောင်းမဲ့၊အဆင့်အတန်းမဲ့၊ပညာမဲ့လှပါတယ်....။လက်ရှိအစိုးရဟာ
ဒီမိုကရေစီနည်းလမ်းအရ ပြည်သူလုထုရဲ့ ရွေးကောက်ခံရမှုနဲ့ အာဏာရလာတဲ့အစိုးရ၊ဒီမိုကရေစီစနစ်ကို ဖော်
ဆောင်နေတဲ့၊ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေတဲ့အစိုးရလို့ သူရို့ကိုယ်သူရို့ဆိုပါတယ်....။

ဒါပေမယ့် အံသြဖွယ်ကောင်းလောက်အောင်ပဲအစိုးရဟာ ပြည်သူလူထုရဲ့ဆန္ဒ၊သဘောထားကိုလစ်လျူရှုထားနေ
ဆဲပါ.....။ဒီမိုကရေစီအစိုးရတစ်ရပ်ဆိုတာ ပြည်သူ့အကျိုးစည်းပွားအတွက်ဆောင်ရွှက်ပါတယ်ဆိုရင်တောင် ပြည်သူ
တွေက မလိုလားရင်၊မကျေနပ်ရင် ဆက်လက်ဆောင်ရွက်ခွင့်မရှိပါဘူး...။ပြည်သူလူထုက အစိုးရတစ်ရပ်ကို ရွေး
ကောက်တင်မြှောက်လိုက်တယ်ဆိုတာ အစိုးရမင်းများကို တိုင်းပြည်ကိုလုပ်ချင်ရာလုပ်ဖို့ ဝကွက်အပ်လိုက်တာ
မဟုတ်ပါဘူးဆိုတာ လက်ရှိ သမ္မတနှင့်တစ်ကွ ဝန်ကြီး၊ဝန်ကလေးအပေါင်း သိသင့်ပါတယ်...။အစိုးရဆိုတာ
ပြည်သူလူထုကိုယ်စား တိုင်းပြည်ကို ပြည်သူ့ဆန္ဒနှင့်အညီ စီမံခန့်ခွဲရတဲ့ ပြည်သူ့ဝန်ထမ်းတွေပါပဲ။ခုလို ငါ့မြင်း
ငါ့ဆိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေတာတွေဟာ အာဏာရှင်အငွေ့အသက်တင်မက ပဒေသရာဇ်နို့နံပါ
မစင်သေးတဲ့ သဘောသက်ရောက်နေပါတယ်......။

လက်ရှိမြန်မာပြည်ဟာ တိုင်းရင်းသားမြန်မာပြည်သားအားလုံးပိုင်တဲ့၊အားလုံးနဲ့ဆိုင်တဲ့တိုင်းပြည်ပါ။တိုင်းပြည်
တွင်းမှာ ဘာပဲလုပ်လုပ် ပြည်သူလူထုရဲ့သဘောဆန္ဒနှင့်အညီ ဥပဒေတစ်ခုရဲ့အောက်မှာ စည်းစနစ်ကျကျပွင့်
လင်းမြင်သာစွာလုပ်သင့်နေပါပြီ။ဒါပေမယ့်လက်ရှိအနေမှာတော့ ပင်စင်လစာတိုးတာကအစ၊ကားသွင်းခွင့်
အလယ်၊ဧရာဝတီမြစ်ကို သူရို့ပထွေးတွေဆီထိုးအပ်တာကအဆုံး သူရို့လုပ်ချင်တာလုပ်နေဆဲပါ။

ပြည်သူ့လွတ်တော်အမတ်မင်းဆိုတဲ့ လူများကလည်း ခုချိန်ထိ ဧရာဝတီကိစ္စနှင့်ပတ်သက်ပြီး အီးတစ်ချက်
မပေါက်သေးတာ အံသြဖွယ်ရာပါပဲ။ပြည်သူကိုကိုယ်စားပြုတဲ့၊ပြည်သူ့အသံကို ပဲ့တင်ရမယ့်၊ပြည်သူကရွေး
ကောက်လိုက်ပါတယ်ဆိုတဲ့ အနှီး လွှတ်တော်အမတ်မင်းများ ဘာကြောင့် ပြည်သူ့အသံကို နားမထောင်ကြတာ
ပါလဲ....၊လွှတ်တော်တွေဟာ ရုပ်သေးလွှတ်တော်တွေပါပဲလား....?။အစိုးရမင်းများက ဟုတ်တယ်မဟုတ်လား လို့
မေးရင် ဟုတ်ပါတယ် လို့ဖြေရုံ၊မဟုတ်ဘူးလား မေးရင် မဟုတ်ပါဘူးလို့ပြောရုံ သာသာ၊ စားဖို့ဘဲပါးစပ်ပါတဲ့ ဟို
သတ္တဝါသာသာ လူများဖြစ်နေပေဘူးလားခင်ဗျား.....။

ယခုဆိုလျှင် မြန်မာပြည်ထဲမှာ ဧရာဝတီကိုအကြောင်းပြုလို့ လူမျိုးရေးအဓိကရုန်းတွေဖြစ်ကောင်းဖြစ်လာနိုင်တဲ့
အခြေအနေဆီ ဦးတည်နေပါပြီ။ဒါဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပြည်သူတွေရင်ထဲမှာ အဆိုင်အခဲတည်
လာတဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ချယ်လှယ်ခွင့်မရတဲ့၊ကိုယ့်တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ်တွေကို ခံစားခွင့်
မရတဲ့ ပြည်သူတွေရဲ့ခံစားချက်တွေပါပဲ....၊ဒီလိုအခြေအနေဆိုးတွေဖြစ်လာရင် ဒါဟာ ပြည်သူတွေရဲ့ အပြစ်မ
ဟုတ်ပဲ၊တာဝန်မဟုတ်ပဲ၊လက်ရှိအစိုးရရဲ့တာဝန်သာဖြစ်ပါတယ်.....။

ရှင်းရှင်းပြောရရင် လက်ရှိအစိုးရရဲ့လုပ်ပုံကိုင်ပုံ၊ပြောပုံဆိုပေါက် တွေဟာ ဒီလို အဓိကရုန်းတွေဖြစ်အောင်၊ဖြစ်
လာရင်လည်း ပြည်ပရောက်တွေနှင့် အနောက်နိုင်ငံတွေသွေးထိုးလှုံဆော်မှုကြောင့် ပြည်တွင်းက လူရမ်းကား
တွေရဲ့အဓိကရုန်းတွေလို့နာမည်တပ်ပြီး နောက်တစ်ကြိမ် အာဏာသိမ်းချင်လို့လား လို့ တွေးမယ်ဆို တွေးချင်
စရာဖြစ်လာနေပါတယ်....။

လက်ရှိအချိန်မှာ အစိုးရအနေနဲ့ ပြည်သူလူထုကြီးရဲ့ စစ်မှန်တဲ့ လက်ခုတ်သံတွေကိုလိုချင်တယ်ဆိုရင် ပြည်သူ့
ဆန္ဒဖြစ်တဲ့ ဒီဧရာဝတီမြစိဆုံစီမံကိန်းရပ်တန့် ဖို့ ဆိုတာကို အကောင်အထည်ဖော်သင့်ပါတယ်။ပြည်သူလူထုရဲ့
လက်ရှိအစိုးရအပေါ် အကောင်းမြင်စပြုလာမှုတွေပိုမိုအားကောင်းလာစေဖို့ ဒီစီမံကိန်းကိုရပ်တန့်ဖို့လိုပါတယ်။
နိုင်ငံတကာ၊အတိုက်အခံများ၊တိုင်းရင်းသားလက်နက်ကိုင်များနှင့်တစ်ကွ ပြည်သူတစ်ရပ်လုံး က အစိုးရအပေါ်
ယုံကြည်မှုရလာဖို့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်တန့်ပြနိုင်ရပါမယ်....။

အကယ်၍ စီမံကိန်းရပ်တန့်လိုက်လို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုလည်း ပြည်သူတစ်ရပ်လုံးနှင့်တစ်ကွ
နိုင်ငံတစ်ကာကို ပွင့်လင်းစွာချပြဖို့လည်းလိုအပ်ပါတယ်...၊ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ဒီစီမံကိန်း
ရပ်တန့်လိုက်လို့ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ခါးစည်းခံရမယ်ဆိုလည်း ငြင်းကြမယ်မဟုတ်ပါဘူး။ကျွန်တော်
တို့ပြည်သူတွေ လိုချင်တာ ရွေမဟုတ်ပါဘူး၊ငွေမဟုတ်ပါဘူး၊ ကျွန်တော်တို့အသည်းနှလုံးဖြစ်တဲ့ ဧရာဝတီပါ။
ဒါကို လက်ရှိအစိုးရအမြန်ဆုံး နားလည်သဘောပေါက်သင့်ပါပြီ။အားလုံးက အစိုးရနှင့် တူတာတွေကို ပူးပေါင်း
လုပ်ဖို့ ဆန္ဒပြုလာ၊ဖြစ်လာကြချိန်မှာ အစိုးရဟာမလိုအပ်ပဲ အရင်အခြေအနေကို ပြန်လှည့်ဖို့တာမစူသင့်ပါ။

ဒါကြောင့် ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တဲ့၊ဧရာဝတီနဲ့ တိုင်းပြည်ကိုချစ်တဲ့ ကျွန်တော့်အနေနဲ့
ဧရာဝတီမြစ်ဆုံစီမံကိန်း ကို ချက်ချင်းရပ်တန့်ဖို့တောင်းဆိုပါတယ်....။ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝ ဆန့်ကျင် ကန့်ကွက်ပါတယ်ခင်ဗျား......။

Thursday, September 22, 2011

ဘောင်များအကြောင်း တွေးမိတွေးရာ

လွန်ခဲ့တဲ့ စနေနေ့က နေ့လည် ၃နာရီလောက်ကနေစပြီး ကွန်ပြူတာသုံးလိုက်တာနာရီပြန်တစ်ချက်
ထိုးရောဗျိုး။ ဒီတော့ လူကခံနိုင်ပေမယ့် မျက်လုံးတွေက မခံနိုင်တော့ပဲ အောင့်လာပါရော...။ဒါနဲ့
ကျွန်တော်လည်း အိပ်ယာပေါ်မယ် တရားထိုင်သလို တင်ပျဉ်ချိတ်၊ ခါးကို မတ်မတ်ထားပြီးထိုင်၊
မျက်လုံးကိုလည်းအပေါ်ကနေ လက်ကိုင်ပုဝါလေးနဲ့ ဖွဖွလေးစည်းထားပြီးငြိမ်ငြိမ်လေးထိုင်နေလိုက်
ပါတယ်။မျက်လုံးတွေညောင်းညာနေတာ သက်သာသွားအောင်ပါ....။

အဲဒီလို လူကငြိမ်ငြိမ်လေးထိုင်နေပေမယ့် စိတ်အတွေးတွေကတော့ ဟိုရောက်ဒီရောက်ပေါ့ဗျာ။အဲဒီ
အချိန်မယ် ဘာကိုသွားသတိရမိသလဲဆိုတော့၊ ဟိုး ဆယ်နှစ်ကျော်လောက်က ရုပ်မြင်သံကြားမှာ
ကြည့်ခဲ့ရတဲ့ သိပ္ပံဇာတ်လမ်းတွဲတစ်ခုထဲက ဇာတ်ဝင်ခန်းတစ်ခန်းကိုသွားသတိရမိသဗျ။အဲဒီဇာတ်
လမ်းတွဲနာမည်တွေဘာတွေကိုတော့ မမှတ်မိတော့ပါဘူးဗျာ....၊ မှတ်မိတာကတော့ အာကာသယာဉ်
ကြီးတစ်စင်းနဲ့ အာကာသထဲ လျှောက်သွားနေကြတာပါပဲဗျာ...၊အဲ....ခုပြောမယ့်ဇာတ်ဝင်ခန်းလေး
ကိုတော့သေသေချာချာမှတ်မိနေသဗျ.....၊

အဲဒီဇာတ်ဝင်ခန်းလေးကတော့ မင်းသားနဲ့မင်းသမီးချစ်တင်းနှီးနှောကြတဲ့အခန်းခင်ဗျ။အဲ..ချစ်တမ်း
ကစားကြတယ်ဆိုလို့ ညစ်တီးညစ်ပတ်တော့ မဟုတ်ပါဘူး၊မင်းသားက သူ့အခန်းထဲမှာ သူ့ဘာသာ
ထိုင်နေတယ်....၊မင်းသမီး ကလည်း သူ့အခန်းထဲမှာ ထိုင်နေတယ်....၊သူရို့မျက်လုံးတွေ မှာတော့
မျက်မှန်ကြီးကြီး လိုဟာမျိုး တစ်ခု တပ်ထားတယ်....၊လူချင်းမထိ မတွေ့ကြပဲ ခေတ်မှီ နည်းပညာ
တစ်ခုခုနဲ့ သမီးရည်းစား ချိန်းတွေ့ ကြတယ် ဆိုပါစို့ဗျာ....။

ဆိုတော့ ကျွန်တော်လည်း အဲ့ဒါလေးသွားသတိရမိပြီး ခုနေ ငါလည်းအဲ့လို အာရုံဆက်သွယ်လို့ရရင်
ကောင်းမှပဲလို့ တွေးမိရော.....။ဟမ်...လို့မအော်ကြေးလေဗျာ....၊ကျွန်တော်ဆိုလိုတာက ခုချိန်မှာ
စာတွေလည်းဖတ်ချင်၊မျက်လုံးကလည်း အခြေမလှဖြစ်နေတော့ ကျွန်တော့်ကွန်ပြူတာလေးနဲ့
ကျွန်တော့် ဦးနှောက် ကို အဲ့လိုမျိုးချိတ်ဆက်လို့ရရင်ကောင်းမှာလို့တွေးမိတာရယ်ပါ...:)))။အဲဒီလို
ချိတ်ဆက်လို့ရရင် မျက်လုံးကအတော်အနားရသွားမှာ....။

ဒါပေမယ့် ဒီလိုမျိုးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွေးမိပါတယ်.....၊ ဘာဖြစ်လို့လဲ ဆိုတော့
ကျွန်တော်တို့ လူသားတွေဆိုတာ အကန့်အသတ်ဘောင်တွေထဲမှာ ရပ်တည်ရှင်သန်နေကြရတဲ့သူ
တွေဖြစ်နေလို့ပါ...။သိပ္ပံပညာတွေဘယ်လောက်ပဲတိုးတက်လာတယ်ပြောပြော အဲဒီတိုးတက်မှုဟာ
ဘောင်ထဲကသာလျှင်ဖြစ်ပါတယ်....။အဲဒီဘောင်ကတော့ လောကသဘာဝနိယာမဆိုတဲ့ ဘောင်ပါပဲ
မဟုတ်ပါလားဗျာ....။

ကျွန်တော်တို့ကမ္ဘာ၊ကျွန်တော်တို့လူသားတွေဘယ်ရွေ့ဘယ်မျှတိုးတက်လာစေဦးတော့ လောက
နိယာမတရားတွေဖြစ်တဲ့ မမြဲခြင်းသဘော၊အစိုးမရခြင်းသဘော၊အချိန်ကြာလာတာနှင့်အမျှ ပျက်စီး
ရခြင်းသဘော၊သေခြင်း၊နာခြင်း၊အိုခြင်းသဘောတွေကို ဘောင်ကျော်လို့မရစကောင်းပါ။ဒါတွေဟာ
လောကသဘာဝအရ သတ္တလောကနှင့် သြကာသလောက တွေကို ခတ်ထားတဲ့ဘောင်တွေသာပဲ
မဟုတ်ပါလားဗျာ....။

ထို့ပြင်တစ်ဝ ကျွန်တော်တို့လူသားတွေမှာ တစ်ခြားသောဘောင်တစ်ခုလည်းရှိသေးသဗျ၊အဲ့ဒါက
တော့ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု၊ဓလေ့၊ထုံးစံ၊စည်းကမ်း၊ဥပဒေများပဲဖြစ်
ပါတယ်....။ဒီဟာတွေကလည်း ကျွန်တော်တို့ကိုခတ်ထားတဲ့ဘောင်တွေပါပဲ၊ဒီဘောင်တွေဟာ
မဖြစ်မနေလိုက်နာရမယ့် အရာတွေတော့မဟုတ်ပါဘူး....၊ဒါပေမယ့် လူ့လောကအသိုင်းအဝိုင်းထဲ
မယ် ရှင်သန်နေထိုင်ရတဲ့ လူတစ်ယောက်အဖို့ လိုက်နာသင့်၊လိုက်နာအပ်တာတွေကို လိုက်နာနေရ
မှာပါပဲ...၊မလိုက်နာခဲ့ရင် ကိုယ်ပဲ စည်းအပြင်ကလူ ဖြစ်သွားမှာပဲမဟုတ်ပါလားခင်ဗျာ...၊စည်းအပြင်
တစ်ခုကိုရောက်သွားတယ်ဆိုတာ လွတ်လပ်ခြင်း၊ပေါ့ပါးခြင်းလို့ အဓိပ္ပါယ်ဖွင့်လို့ရသလို၊ဗရမ်းဗတာ
နိုင်ခြင်း၊အထိန်းအကွပ်မဲ့ခြင်းလို့လည်းပြောလို့ရနိုင်တာပဲမဟုတ်ပါလားဗျာ....။

နောက်ထပ်ကျွန်တော်တို့မှာ ဘောင် တစ်ခုရှိပါသေးတယ်...၊အဲဒီဘောင်ကတော့ ကျွန်တော်တို့
ဘာသာ ကျွန်တော်တို့ခတ်ထားတဲ့ ဘောင်ပါပဲ....။ဟုတ်ပါတယ်....၊အကြောင်းကိစ္စတစ်ခုကို ရှုမြင်၊
လုပ်ကိုင်တဲ့အခါမယ် ကျွန်တော်တို့တွေဟာ ကျွန်တော်တို့အတွေး၊အမြင်၊ခံယူချက်၊ခံစားချက်တွေ
နဲ့ မှား၊မှန်၊သင့်၊မသင့် ဆုံးဖြတ်လုပ်ကိုင်ကြရပါတယ်....။ကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်နေမှု
တွေမှာ လုပ်သင့်တာ၊ဒါမှမဟုတ် ဒီလိုလုပ်မှမှန်တာ ဆိုတဲ့ အကြောင်းပြချက်တစ်ခု ကျွန်တော်တို့
ဆီမယ် ရှိနေပြီးပါပြီ။တနည်းပြောရရင် ကိုယ့်ဘာသာတော့ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် မှန်နေ
ကြတာပါပဲ...။တစ်ခါတစ်ရံမှာ ကိုယ်မှားနေသည့်တိုင် ဒီအချိန်မှာ ဒီလိုပဲလုပ်ရမှာပဲ မတတ်နိုင်ဘူး
ဆိုတဲ့ ဆင်ခြေမျိုး ကျွန်တော်တို့ဆီမယ်ရှိနေတတ်ပါတယ်...။

ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အတွေးအမြင်၊အကြံအစည်များ ပိုမိုခိုင်လုံသည်ထက်ခိုင်လုံအောင်တည်
ဆောက်ယူနေမိပါတော့တယ်....။ပင့်ကူလေးတစ်ကောင် သူ့ပင့်ကူအိမ်လေးကို တည်ဆောက်နေ
သလိုမျိုး ကျွန်တော်တို့အတ္တကို လှသည်ထက်လှအောင် ဖွဲ့တည်မိပါတော့တယ်...။အဲဒီ ပင့်ကူလေး
သူ့အိမ်လေးထဲမှာပဲပျော်နေသလိုမျိုး ကျွန်တော်တို့လည်း ကိုယ့်အတ္တလေးထဲမှာပျော်ဝင်နေတတ်
ပါတယ်။

နောက် ကျွန်တော်တွေးမိတာတစ်ခုက ကျွန်တော်တို့ရဲ့ ဘောင်တွေဟာ သားရေကွင်းနဲ့တူတယ်
လို့ပါ...။ကျွန်တော်တို့ အတွေးတွေ ဆန့်ချင်သလောက်ဆန့်ထွက်သွားနိုင်ပါတယ်၊ဒါပေမယ့် အဲဒီ
အတွေးတွေဟာ နဂိုကျွန်တော်တို့ခံယူထားတဲ့၊ယူဆရပ်တည်ထားတဲ့ ဘောင်ထဲကနေထွက်မသွား
ပဲ ဘောင်ကသာလျှင်လိုက်ပြီး ကျယ်ပြန့်လာတဲ့သဘောရှိလို့ပါ။

ကျွန်တော့်ရဲ့ ဒီအတွေးတွေဟာ မှန်ချင်လည်း မှန်ပါလိမ့်မယ်၊မှားချင်လည်းမှားနေပါလိမ့်မယ်၊ဘာ
ဖြစ်လို့လည်းဆိုတော့ ကျွန်တော့်အတွေးတွေဟာလည်း ကျွန်တော့် ဘောင်ထဲကသာလျှင် လူလွန့်
လှုပ်ရှားနေခြင်းဖြစ်နေလို့ပါပဲခင်ဗျား.........။

Saturday, September 17, 2011

ဧရာဝတီအတွက် ရေတစ်စက်

အားလုံးသိကြတဲ့အတိုင်းပါပဲ...၊ခုတလောမယ် ဧရာဝတီမြစ်ဆုံရေကာတာကိစ္စက အတော်လေးကိုကျယ်ကျယ်
ပြန့်ပြန့်ပြောကြဆိုကြပေါ့လေ....။ဒီတော့ကျွန်တော်လည်း ဒီကိစ္စအပေါ်ထားတဲ့ကျွန်တော့်သဘောထားကိုပြော
ချင်ပါတယ်၊မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ မြန်မာနိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ကိစ္စမှာ ပြောသင့်တယ်၊ပြောခွင့်ရှိ
တယ်ထင်လို့ပါ....။

မြစ်ဆုံဒေသမှာ ခုလိုကြီးမားလှတဲ့ရေကာတာကြီးကိုတည်ဆောက်ခြင်းဖြင့်သဘာဝပတ်ဝန်းကျင်ကိုမလွဲမသွေထိ
ခိုက်နိုင်တယ်ဆိုတာ ပညာရှင်များမဆိုထား၊ကျွန်တော်တို့လိုသာမန်လူများပင်လျှင်နားလည်သဘောပေါက်ထား
ပြီးဖြစ်ပါတယ်...။ဒါ့အပြင် အကြောင်းကြောင်းကြောင့် ဒီရေကာတာကြီးကျိုးပေါက်သွားခဲ့သော် စက္ကန့်နှစ်ဆယ်
အတွင်း မြစ်ကြီးနားမြို့တစ်ခုလုံး ရေအောက်ရောက်သွားမယ့်အန္တရာယ်ရှိတယ်ဆိုတာကိုလည်း ပညာရှင်များ
ထောက်ပြပြောဆိုပြီးလည်းဖြစ်ပါတယ်။

ဒီလောက်အန္တရာယ်ကြီးတဲ့ ရေကာတာကြီးကိုတည်ဆောက်ခြင်းဖြင့် ကျွန်တော်တို့ရရှိမည့်အကျိုးအမြတ်ကဘာ
ပါလဲ....၊ဧရာဝတီမြစ်ကြီးနှင့်တစ်ကွ၊မြစ်ကြီးကိုအမှီပြုပြီးရှာဖွေလုပ်ကိုင်စားသောက်နေကြတဲ့ သန်းနှင့်ချီသော
မြန်မာနိုင်ငံသားအားလုံးရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်တွေကို ရင်းပြီးမှရရှိလာမည့် အကျိုးစီပွားကဘယ်လောက်
ပါလဲ....၊ဟုတ်ကဲ့ ထွက်ရှိသမျှလျှပ်စစ်ဓာတ်အားရဲ့ ၁၀ရာခိုင်နှုန်းသာပါတဲ့။

အကယ်၍ ဒီရေကာတာကရရှိသမျှအကျိုးအမြတ်အားလုံးကို ကျွန်တော်တို့နိုင်ငံမှ ရာနှုန်းပြည့်ရရှိခဲ့လျှင်တောင်
မှ ပြန်လည်ပေးဆပ်ရမည့်အတိုင်းအတာက များလွန်းလှပါသည်...။သို့သော်ခုတော့ ၁၀ပုံ၁ပုံမျှနှင့် ကျွန်တော်တို့
၏အသက်သွေးကြောဧရာဝတီကို စတေးကြတော့မည်...။ဒီအတွက် အဓိကတာဝန်ခံဝန်ကြီးဆိုသူထံမှ ကျွန်တော်တို့ လုံလောက်သော အကြောင်းပြချက်မရခဲ့ပါ။ ဒေါ်လာ၁.၂၅သန်းအကုန်အကျခံ၍ လေ့လာမှုများ
လုပ်ခဲ့သည်ဆိုသော်လည်း အဆိုပါအစီရင်ခံစာမှာ ကုန်သွယ်မှုလျို့ဝှက်ချက်ဟုဆို၏။မြန်မာပြည်သူအားလုံး
စိတ်အေးရမည့်အကြောင်းအရာမျိုးဆိုပါက အဘယ်ကြောင့်လျို့ဝှက်ရသနည်း။ကျွန်တော်မတွေးတတ်ပါ။

မြန်မာပြည်သူအားလုံးစိုးရိမ်မကင်းဖြစ်နေသည့်ကိစ္စအပေါ်၌ လုံလောက်ခိုင်မာသော အကြောင်းပြချက်မပေး
နိုင်သည့်အပြင် ထိုသို့စိုးရိမ်ပူပန်မှုများကိုပင် ဧရာဝတီအရူးထမှု ဟု ရင့်သီးစွာသုံးနှုန်းခဲ့သေးသည်။ထို့ပြင် ပြည်
တွင်း၌ ပိုလျံ၍ တရုတ်ပြည်သို့ရောင်းရပါသည်၊တိုင်းပြည်တွင် ကိုယ်တိုင်မရင်းနှီးနိုင်၍ တရုတ်သို့ပေးရပါသည်
ဟု ငါ့စကားနွားရပြောဆိုသွားခဲ့သေး၏။အံချီးဖွယ်ရာကောင်းလှသော၊ ပြည်သူလူထု၏သဘောထားကို လွန်စွာ
အလေးအနက်ထားသော ဝန်ကြီးပင်တည်း....။

ဒီမိုကရေစီနည်းလမ်းကျနစွာ ပြည်သူအများ၏ရွေးကောက်တင်မြှောက်မှုဖြင့် အာဏာရလာပါသည်ဆိုသော
အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ဆန္ဒကို ဒီထက်ပို၍ အလေးအနက်ထားသင့်ပေသည်။ယခုတော့မူ
တစ်မျိုးသားလုံးနှင့်ပတ်သက်သောအရေးကိစ္စတစ်ခုတွင် လက်လွတ်စပယ် လွယ်လွယ်ပြောနေသည်ကို အားလုံး
ကြားသိနေရပါသည်။တစ်မျိုးသားလုံးပိုင်ဆိုင်သော ဧရာဝတီမြစ်ကြီးအား သူရို့တစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့
ပိုင်သဖွယ် လုပ်ချင်တိုင်းလုပ်နေသည်ကိုလည်း စိတ်မချမ်းသာစရာတွေ့မြင်နေရပါပြီ။

မညသို့ပင်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် ကျွန်တော်တို့သဘောမတူသော၊ကျွန်တော်တို့ မလိုလားသော ဤ
ရေကာတာတည်ဆောက်နေခြင်းကို ဆန်ကျင်ကန့်ကွက်ကြောင်း ကျွန်တော်တို့ဖော်ထုတ်ပြသနိုင်သ၍ ပြသသွား
ရပါမည်။ကျွန်တော့်အနေဖြင့် ဤရေကာတာကြီးအား မည်သူအတွက်ပင်ဖြစ်ဖြစ်၊မည်သည့်အတွက်ကြောင့်ပင်
ဖြစ်ဖြစ် တည်ဆောက်နေခြင်းအား သဘောမကျပါကြောင်း ရေးသားလိုက်ရပါသည်ခင်ဗျား....။

Sunday, September 11, 2011

ဘလော့ဂါဆိုတာ

ဘလော့ဂါဆိုတာ.....တဲ့....။ဘလော့ဂါဆိုတာဘာလဲ....၊ကျွန်တော်ဘလော့တွေစဖတ်ကာစကကိုယ်တိုင်သိချင်လို့
ဒစ်ရှင်နရီ
တွေထဲ ရှာကြည့်ဖူးပါတယ်...၊တွေ့ပါဘူးဗျာ.....ဘယ်မှာမှ....၊အဲ......တစ်ခုသော နင်းဆိုက်မှာတော့ ဘလော့ဆိုတာ စိတ်ခံစားမှုတွေကိုမျှဝေခံစားခြင်းရယ်လို့အဓိပ္ပာယ်ဖွင့်ဆိုထားတာတွေ့လိုက်ရပါတယ်။ဆိုတော့
ဘလော့ဂါဆိုတာ မိမိရဲ့စိတ်ခံစားမှုတွေကို မျှဝေခံစားကြသူတွေပေါ့လေ...။

ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ဂါဆိုတာကျိန်းသေတာကတော့လူသားစင်စစ်ဧကန်ဖြစ်ပါတယ်ခင်ဗျ...။မှန်ပါတယ်...။
ဘလော့ဂါတွေဟာ လူသားများသာဖြစ်ကြပါတယ်၊လူသားများဆိုတာထက်သာမန်လူသားများလို့နာမဝိသေသန
တစ်ခုကိုပါဖြည့်စွက်လို့ပြောချင်ပါတယ်....။သာမန်လူသားများသာ ဖြစ်သည့်အလျောက်ဘလော့ဂါတွေရေးသမျှ၊
တွေးသမျှအကြောင်းအရာတွေဟာမှန်ချင်လည်းမှန်နေပါမယ်...၊မှားတဲ့အခါလည်းမှားနိုင်ပါတယ်....။အတွေးတွေ
တော်ရင်လည်းတော်ပါလိမ့်မယ်...၊ရှော်ရင်လည်းရှော်ပါလိမ့်မယ်...။စာလုံးပေါင်းတွေလည်း မှားတဲ့အခါမယ်မှား
နေမှာပါ...၊စာလုံးပေါင်းဆိုတာ မမှားသင့်ပေမယ့် ဘယ်သူကရောမှားချင်ပါ့မလဲလေ...၊သို့ပေမယ့် မှားတဲ့အခါ
လည်းမှားပေမပေါ့ဗျာ....နော့....။

နောက်...ဘလော့ဂါတွေဟာ သာမန်လူသားများဖြစ်တဲ့အတွက် စာလုံးလေးတစ်လုံး၊စကားလေးတစ်ခွန်းအပေါ်
မှာ သည်းခံနိုင်စွမ်းလည်းရှိချင်မှရှိမှာပါ။လူတိုင်းလူတိုင်းမှာ ရှိနေတတ်တဲ့ မာန်၊မာနလေးတွေကိုလည်းတွေ့နေ
မြင်နေရမှာပါ...။ဆိုလိုတာကတော့ဗျာ...ဘလောဂါတွေရေးသမျှထဲက စာဖတ်သူ ယူလို့ရသမျှ အသိအမြင်၊
ဗဟုသုတ၊အတွေးအကြံ၊စိတ်ခံစားချက်လေးတွေ ယူပြီးသကာလ၊လိုအပ်တာလေးတွေရှိရင်လည်း နားလည်မှု
ပေးနိုင်ကြပါလို့ ပါခင်ဗျား.....။

ဆိုတော့ နောက်ဆက်တွဲအနေနဲ့ ဘလော့ဂါတွေဆီက ဘာတွေမျှော်လင့်နိုင်ပါသလဲ ဆိုတဲ့ မေးခွန်းတစ်ခုကို
ဘာသာ မေးခွန်းထုတ်မိပါတယ်...။ဘလော့တွေ၊ဘလော့ဂါတွေဆီက မျှော်လင့်နိုင်တာအများကြီးရှိပါတယ်...။
မနက်မိုးလင်းလို့ လျှာရင်းမြတ်စေဖို့ ဘာဟင်းချက်ရကောင်းမလဲ....တွေးတောကြံဆနေရပါသလား...၊ဟုတ်ကဲ့
ကျိုးစားပမ်းစား၊မနားတမ်း ချက်နည်းပြုတ်နည်းတွေ အဆက်မပျက် တစ်ရက်နဲ့တစ်ရက်မထပ်ရအောင် ရိုက်တင်
ပေးနေသူတွေရှိပါတယ်.....၊အဝေးရောက် မြန်မာတွေအတွက် စာကောင်းပေမွန်တွေကို လက်အညောင်းခံရိုက်
တင်ပေးနေသူတွေလည်းရှိရဲ့....၊မိမိရောက်လေရာ ဒေသအကြောင်း ဒေသန္တရဗဟုသုတတွေကိုလည်း အစီအရီ
ရေးသားကြသူတွေ....။

မိမိနားထောင်မိသမျှသီချင်းလေးတွေဝေမျှသူတွေ၊မိမိကြည့်မိသမျှ ရုပ်ရှင်ကားကောင်းလေးတွေကို တင်ဆက်
ပေးနေသူတွေ၊ကွန်ပြူတာနည်းပညာအဖြာဖြာကို မိမိတတ်သမျှ တစ်စမကျန်ပြန်လည် ဖြန့်ဖြူးနေသူတွေ၊မိမိ
ကြားမိ၊မြင်မိ၊ဖတ်မိသမျှ သတင်းစုံကို စုကာစည်းကာ ပြန်လည်မျှဝေသူတွေ၊မိမိတွေးကြံမိတာလေးတွေကို
ခံစားမိသမျှလေးတွေကို ရေးတတ်သလို ချရေးပြနေသူတွေ.....။အစရှိသဖြင့် ဘလော့ဂါတွေဆီက မျှော်လင့်
နိုင်တာတွေ အများကြီးမှ အများကြီးရယ်ပါ....။

ဆိုတော့ ဘလော့ဂါဆိုတာဘာလည်း ဆိုတဲ့မေးခွန်းကိုပြန်သွားရရင်တော့ ဘလော့ဂါဆိုတာ မိမိသိသမျှ၊တွေး
မိသမျှ၊မိမိမြင်တွေ့သမျှ၊အစစအရာရာကို မျှဝေခံစားပေးကြတဲ့ လူသားများသာဖြစ်ပါကြောင်း......။


Saturday, September 3, 2011

သင်ပုန်းကြီးမျက်နှာစာ

စကားလုံးများက ရေကူးသလို အပေါ်ယံ ရှပ်ပြေးသွား၊ ကျေးဇူးပြုပြီး သင့်စိတ်တွေကို ဖော့ထားပေးပါ၊ မထိခလုပ် ထိခလုပ်၊ ပြန်ချစ်ဖို့ ရန်ဖြစ်ကြ၊ လေသေနတ်တိုက်ပွဲ၊ ဧရာဝတီကို အွန်လိုင်းက ကယ်တင်မယ် (ဆက်လုပ် ရဲဘော်တို့)၊ အိုင်ဖုံးဖိုက်နဲ့ အပ်လုပ် လုပ်လိုက်တာလေ ဟင်း....ဟင်း.....ဟင်း....၊ ဒီနေ့ လတစ်ခြမ်း ပိန်နေတယ်၊ စိန်ခေါ်သံတွေ နားမဆန့် တော့လို့ပါ၊ ရှယ်လိုက်ပြီနော်၊ ဟိုဟာလေး လိုချင်လို့ လုပ်ကြပါဦး၊ ဂါဂါဂူးတဲ့ကမ္ဘာ ကို လိုက်ရှာ နေတယ်၊ တီအာမို၊ အလွမ်းတွေ မှိုင်းအုံနေတဲ့ည၊ သမုဒယသည် ဒုက္ခဖြစ်ကြောင်း သစ္စာအမှန် ဖြစ်သည်ကို မျက်ရည်များဖြင့် ညီမျှခြင်းချပြ၊ ဒို့တတွေ တစ်ချိန်မှာ ပြန်ဆုံ ကြမယ်နော်၊ ပန်နစူလာမှာ ဘီယာသွားချပြီ၊ အိမ်ထောင်ရေး အခြေအနေ မှာတော့ စင်ဂယ်ပဲ၊ သူများက စက်ဆီ ကျဘူးလားဟင်၊ မင်းဘာလဲ ငါဘာလဲ၊ ၁၂၃၄၅၆၇၈ ဒါ ကျွန်တော့်ဖုံးနံပတ်။

စကားလုံးများက ထိုင်ရာမထ လျှောက်သွား၊ စကားလုံးများက စကားလုံးများအဖြစ် ရုပ်ဖျက်ထားကြ၊ စကားလုံးများ အသက်ငင်နေ၊ ပြောပြခြင်းငှာ မတတ်သာသော နေရာ၌ ပေါက်နေသော ကြွက်နို့အား ဓာတ်ပုံ ရိုက်တင်လိုက်ခြင်း၊ အိုင်ရင်းက ခုလေးတင် ခေါင်းပေါ်က ဖြတ်သွားပြီ၊ ဒီနေ့ငွေ ဘယ်ဈေး ပေါက်သတုန်း၊ သူ့ကို အက်ချင်ရင် ကျမကို အရင်အက်ရမယ်၊ စန်းစန်းတင့် သိပ်မဖြစ်နဲ့လေ၊ မအိပ်ခင် လိုက်ဖြစ်အောင် လိုက်ရမယ်လို့ အမေ မှာထားလို့ပါ၊ ဂွတ်မောနင်းနဲ့ ဂွတ်နိုက် သိပ် မကွဲတော့ဘူးကွယ်၊ တိန်.....တိန်......တိန်.... နိုတီတွေ လိုက်မမှီတော့ဘူး၊ စကိုင်းနက် ကို ဆန့်ကျင်ကြ၊ ဤလိုပုံနှင့် မိုးစင်စင် လင်းတော့မည်။

စကားလုံးများသည် စကာလုံးများထက် ပို၍ အဓိပ္ပာယ် သက်ရောက်မှုရှိလာ၊ စကားလုံးများဖြင့် နံရံကို ပစ်ပေါက်၊ စကားလုံးများက မျက်တောင် တစ်ချက်ခတ်ရန် ကမ္ဘာ တစ်သိန်းကြာမြင့်၊ အရမ်းသတိရတယ် အမေ၊ ကြယ်တွေ မစုံသောည၊ အထီးကျန်ခြင်းသည် စကားလုံးများ ခြံရံလျက် တစ်ကိုယ်ရည် တစ်ကာရ ပိုဆန်လာ၊ ငါ့နံရံမှာ ဘာတွေ လာရေးတာတုန်း၊ နေ့မြင်ညပျောက်၊ ငါ့ကို ဘလော့ သွားပြန်ပြီ၊ ခင်ရာမင်ကြောင်း၊ မိတ်ဖြစ်ဆွေဖြစ်၊ ဝင်ဆန့်လိုမှု၊ အားနာပါးနာ၊ သံခင်းတမန်ခင်း များက စကားလုံးများ အဖြစ် ကိုယ်ရောင်ဖျောက် ဝင်ရောက်လာ၊ ဒီနေ့ဂျင်းဘောင်း ဘီနှစ်ထည် ဝယ်လာတယ်၊ ဒီအဆင့်နဲ့ တက်တက်မလာနဲ့ ကိုယ့်လူ၊ အကောင်ကြီးလည်း တစ်ချက်ပဲ၊ စကားလုံးများ ဖောင်းပွ၊ စကားလုံးများရှားပါး၊ မီးက ဆိုင်ကသုံးရတာ၊ ပြန်တော့မယ်နော် နက်ဖြန် လိုင်းကောင်းမှ တက်လာမယ်၊ အားလုံးကိုချစ်တယ်၊ မွ....မွ....၊နေရာမှာတင် ဗုန်းကနဲ လဲသေသွား။

စကားလုံးများက ခွေးများ၊ ကြောင်များ၊ မြွေများ၊ ဂဏန်းများ၊ ရုပ်ပြောင်ပုံများအဖြစ် ခေါင်းမြီးခြုံ ဝင်ရောက်လာ၊ နာက မြန်းဂလိ သိပ်ကျွမ်းတာ၊ အမြန်လမ်းမကြီး တစ်လျောက် စကားလုံးများ အပြေးအလွား၊ အလဲလဲအပြိုပြို၊ အစိတ်စိတ် အမွှာမွှာ ကျကွဲ၊ မျှော်လင့်ချက်များအား အရောင်တင် ဆီများများ သုတ်လိမ်းထားရန် လိုအပ်၊ ညဥ့်နက် လှပြီ၊ အိပ်တော့မယ်.... တာ့တာ ဟုဆိုပြီး နောက်နှစ်နာရီ တိတိ ကြာမြင့်သည် အထိ လိုင်းပေါ်မှာရှိနေ၊ ယနေ့မှစ ငါးရက်တိတိ ကိုယမ လာတော့ဘူးကွယ်၊ သို့နှင့်....ဤသို့ ဤပုံ၊ အကြောင်း အားလျော်စွာ စကားလုံးများကို အလျှင် အမြန် သိမ်းဆည်း လိုက်ရလေတော့သည်။

အပ်လုပ်=upload
စက်ဆီ=sexy
အက်=add (ဖေ့ဘွတ်တွင်သူငယ်ချင်းအဖြစ် add ခြင်း)
စန်းစန်းတင့်=sensitive
လိုက်=like (ဖေ့ဘွတ်တွင် like ခြင်း)
နိုတီ=notification
ဘလော့=block
အိုင်ရင်း=Irene ဟာရီကိန်း