Wednesday, October 10, 2012

အဲဒီညမှာ ရွှာခဲ့တဲ့ အလွမ်းက ခုထိမစဲသေးဘူးတဲ့ ဟန်နီ....

ဝေးကွာခြင်းတွေလောက်ဝေးကွာနေတာမရှိခဲ့......

ဘယ်တုန်းကမှ မနီးစပ်ခဲ့ပေမယ့် ပိုလို့ဝေးကွာသွားတယ်ဆိုတဲ့အသိက ရင်တစ်ခွင်လုံးကို ပူမြိုက်...

သံယောဇဉ်ဆိုတာ ကိုယ့်ကိုကိုယ်ကြိုးဆွဲချဖို့ ကြိုးတစ်ချောင်းမျှသာ.......

စကားသံတွေကို မနေ့တစ်နေ့ကမှ ကိုယ့်နား နားလာကပ်ပြောသွားသလို ကြားယောင်နေမိဆဲ.....

စိတ်ကြေးမုံပြင်မှာ အသွင်အပြင်အားလုံးကို အနှေးပြကွယ်သဖွယ် ထင်မြင်နေ.....


စီးခဲ့တဲ့ဖိနပ် ပန်ထားတဲ့နားကပ် ပြုံးလိုက်တိုင်းပေါ်တတ်တဲ့ သွားစွယ်.....

ကိုယ့်အပေါ် ငုံ့ကိုင်းကျခဲ့ဖူးတဲ့ ဆံနွယ်မျှင်တစ်စက ဒိုင်ယာရီအဟောင်းထဲမှာ လဲလျောင်း......

မင်းဖြတ်လျှောက်သွားတဲ့ ငါ့ရင်တစ်ခင်းမှာ အလွမ်းတွေက အုတ်အော်သောင်းတင်း ပွင့်....

အထိအရှများတဲ့ နှလုံးသားဆိုတာ ဒဏ်ရာတွေနဲ့နုနယ်မြဲ.....

သူပြောခဲ့ဖူးတဲ့ ပုံပြင်တွေထဲမှာ ကိုယ်ဟာ မင်းသားလေးလို့ ခုထိယုံကြည်.......

နေရင်း ထိုင်ရင်း စားရင်း သောက်ရင်း ရယ်ရင်း မောရင်း အိပ်စက်နေရင်း အလွမ်းတွေကတစ်မြေ့မြေ့......

ဘာသာတိုက်တဲ့ ကျိန်စာ မှာ ပြန်ဖြည် ယူဖို့ ဂါထာမရှိ.....

တစ်နှစ်ခြင်း၊တစ်လခြင်း၊တစ်ရက်ခြင်း၊တစ်နာရီခြင်း၊တစ်မိနစ်ခြင်း၊တစ်စက္ကန့်ခြင်း မှာ သတိရခြင်းက
တစ်ရွေ့ရွေ့တွားသွား......

ဒိတ်ကနဲ ခုန်တဲ့ နှလုံးစည်းချက်တိုင်း မှာ တမ်းတစိတ်တွေက ဟီးလေးခို.........

တစ်ဘဝလုံးအမှောင်ဖုံးနေသည့်တိုင် အလွမ်းစိတ်တွေက အလျှံညီးညီး......

ဒီလိုနဲ့ သေရာပါမယ့် ဒဏ်ရာတွေကို ထွေးထွေးပိုက်ပိုက် မိုက်မိုက်မဲမဲ သတိရ တမ်းတမြဲ.......

စကားမစပ်......

မင်း ကိုယ့်ကို ဖျက်ကနဲ သတိရမိခဲ့ရင် တစ်ချက်လောက် မဲ့ပြုံး ပြုံးပါ ဟန်နီ........။

19 comments:

  1. ဟန်နီ့အကြောင်းမရေးတာကြာပြီပဲ...။ ခံစားလို့ကောင်းတယ်..။ ဒါနဲ့စကားမစပ် အကြွေးတောင်းဦးမယ်...မှတ်မိတယ်နော်...။

    ReplyDelete
  2. “မင်းဖြတ်လျှောက်သွားတဲ့ ငါ့ရင်တစ်ခင်းမှာ အလွမ်းတွေက အုတ်အော်သောင်းတင်း ပွင့်.... ”

    ကိုညိမ်းရဲ့ အဲဒီလို စကားလုံး အပြင်းစားတွေကို မဖတ်ရတာ ကြာပြီဗျ၊း) တစ်ပုဒ်လုံး အလွမ်းတွေနဲ့ တင်းပြည့်၊ ကျပ်ပြည့် ဖျပ်ဖျပ်လူးနေတဲ့ ဒီကဗျာလေးကို ခံစားရင်း နားထဲမှာ သွပ်မိုးပေါ် တဖျောက်ဖျောက် ကျတဲ့ အလွမ်းသံတွေ ကြားလာရတယ်၊ ကိုညိမ်းရေ.. တခါတခါ ကျနော်စဉ်းစားမိတယ်ဗျ၊ ‘စို’ ဖူးတဲ့သူဟာ မိုးထပ်မိမှာ စိုးနေတတ်သလားလို့...။း)

    ReplyDelete
  3. အပေါ်က တစ်ယောက်ပြောသလိုပါပဲ
    ဟန်နီအကြောင်းတွေမကြားရတာအတော်ကြာပေါ့
    တကယ်ရေးတတ်တယ်ဗျို့
    မသိပါဘူး စာတွေဘာမှမတွေ့လို့ ဖဘ နဲ့လက်ထပ်လိုက်ပြီ
    ထင်နေတာ အဲတာမေးမလို့ပဲ
    စဉ်းစားတုန်းပြန်ပေါ်လာလို့မမေးတော့ဘူးနော်
    (အလွမ်းတွေက အုတ်အော်သောင်းတင်း ပွင့်)
    ခင်မင်တဲ့ jasmine

    ReplyDelete
  4. ငြိမ်နေတဲ့ ကန်ရေပြင်ကို လှုပ်နှိုးလိုက်သလိုမျိုးးး

    ReplyDelete
  5. စကားမစပ်......

    မင်း ကိုယ့်ကို ဖျက်ကနဲ သတိရမိခဲ့ရင် တစ်ချက်လောက် မဲ့ပြုံး ပြုံးပါ ဟန်နီ

    ReplyDelete
  6. ရာသီဥတု နဲ့ အပြိုင်
    အလွမ်းမိုးတွေ ရွာနေတာ ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  7. ဟန်နီရဲ့ အပိုင်းအစလေးတွေကို တခါးတစ်ချပ်လှပ်ပြီး ကြည့်သွားပါတယ် နောင်တော်...

    ReplyDelete
  8. မခင်သီတာကို သစ္စာဖောက်တာလား ဟွင်းဟွင်းးးးးးးးးးး
    နုလိုက်တဲ့ နာ့အူးလေး စာရေးဆရာပဲ အဲ့လောက်တော့ ရှိမှာပေါ့ နော့ :D

    ReplyDelete
  9. ကျူပ်ကတော့..လူတယောက်ကိုသံယောဇသ်တွယ်မိမှာကြောက်ဆုံးပဲဘဒွေးတော်...စကားမစပ် ကျူပ်လင့်လေးမရှိတာတွေ့ရတော့ ဝမ်းနည်းမိပါတယ်ဗျာ..

    ReplyDelete
  10. ဟန်နီနဲ့ မခင်သီတာ ဘယ်လိုပတ်သတ်နေလဲဟင်.????

    ReplyDelete
  11. လိုက်မမီဘူး.. ဒါပေမယ့် မဲ့ပြုံးတော့မဟုတ်ဘူး.. ရိုးရိုးလေးပြုံးမိတယ်.. ဖတ်ပြီးတော့.. :D


    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  12. နုချက်ကတော့ကမ်းကုန်ကွာာာာာာာာာာာာာာာာ
    မထင်ရဘူးမခင်သီတာ လန်းတယ်ဗျာာာာ

    ဂျာရစ်

    ReplyDelete
  13. တခါတရံမှာ နှလုံးသားရဲ့ ထောင့်တနေရာက ပုံးကွယ်နေတယ့် ခံစားချက်ကို လှုပ်နိုးလိုက်သလိုမျိုး..

    ReplyDelete
  14. စာအရေးအသားတွေကတော့ ဆရာကြီးပါပဲ မောင်ညိမ်းနိုင်ရေ။ ပညာလေး ဆည်းပူးခွင့် ရလေမလားလို့ စကားဦးသန်းထားတာနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. စကားလုံးတွေက မိုက်တယ်ဗျာ..
    အရေးအသားလေးတွေလဲ အားကျမိတယ်...
    ဟန်နီ ဆိုတဲ့ အသုံးအနှုန်းလေးလဲ သိပ်လှတာပါပဲ..
    အရင်ကတော့ အဲဒိဝေါဟာရကို သုံးပြီး အတော်များများ
    ရေးခဲ့ဖူးတယ်ထင်တယ်..မိုးနတ်ကတော့ အသစ်ဆိုတော့
    သိပ်မသိသေးပါဘူး..အချိန်အားရတိုင်းအလည်လာပြီး
    စာတွေလာဖတ်ပါ့မယ်..လင့်လဲချိတ်ထားလိုက်ပြီမို့..
    နောက်ဆိုလာရတာလွယ်သွားမှာပါ..
    ခင်မင်နေတဲ့...
    ခင်မင်ချင်တဲ့...မိုးနတ်

    ReplyDelete
  16. ဟင်းးဟင်းးဟင်းး
    အီးကု တို့ကဗျာဆန်ချက်

    ReplyDelete
  17. မဲ့ပြုံးပဲ ပြုံးစေမှာတဲ့လား.. :D

    ReplyDelete
  18. ဟန်နီ ကိုအတိုင်ထားပြီး
    ကိုင်လှုပ်သွားတာက ကျုပ်ရင်ပေါ့ ဦးလေး
    အပုတ်အဆွေးတွေ ထဲမှာ ကျုပ်ကိုယ်တိုင်လည်း နွေးနေစဲပါ။

    ReplyDelete
  19. ကိုညိမ်းရေ "မင်းဖြတ်လျှောက်သွားတဲ့ ငါ့ရင်တစ်ခင်းလုံး
    အလွမ်းတွေကအုတ်အော်သောင်းတင်းပွင့်..အထိအရှများ
    တဲ့ နှလုံးသားဆိုတာ ဒဏ်ရာတွေနဲ့နုနယ်မြဲ..."
    လွှတ်လှ ပါ့ဗျာ..။လွမ်းလိုက်မိပါရဲ့ ကိုညိမ်းကဗျာလေး
    ဖတ်ပြီး " ရင်နဲ့ဝေးရာ မိုင်နှစ်သန်းက ကျနော့်ရဲ့
    တောပျော်ဧကရီလေးဆီ.........

    ReplyDelete