Wednesday, March 13, 2013

အိန်ဂျယ်အလင်း.......မြတ်နိုးခြင်းကောင်းကင်.....ယုံကြည်စွာတည်အပ်သောချစ်ခြင်းများ....

" အဝေးဆုံးကြယ်လေးက ကိုယ့်ရင်ထဲမှာတော့ အလင်းတွေ ပြိုးပြိုးပြက်ပြက်...... "

အဝါရောင်မီးမှိန်မှိန်လေး ထွန်းထားသော ကော်ဖီဆိုင်၏မှန်ပြူတင်းမှတစ်ဆင့် ကောင်းကင်ပြင်ဆီသို့ သူမ
ငေးကြည့်နေမိသည်....။ပဲရစ်၏ နွေဦးညကောင်းကင်ယံတွင် ကြယ်ပွင့်လေးများက ပြိုးပြက်တောက်ပနေ
သည်....။ကြယ်တွေကို ငေးကြည့်နေဆဲမှာပင် တောက်ပသောအလင်းတန်းနှင့်အတူ ကြယ်လေးတစ်ပွင့်
ကြွေလွင့်သွားသည်...၊ကြယ်လေးကြွေသွားပုံက အိန်ဂျယ်တစ်ပါး ကမ္ဘာမြေပေါ် သက်ဆင်းလာသည့်
အလား....။

အိန်ဂျယ်......၊ထိုအမည်နာမတစ်ခုကို သူမနှုတ်မှ မရွတ်ဆိုမိသည့်တိုင် ရင်ထဲမှာတော့ တိုးတိတ်ညင်သာစွာ
ရိုက်ခတ်နေတတ်မြဲပင်....။အိန်ဂျယ်သည် ကြယ်ပွင့်လေးတစ်ပွင့်အဖြစ် ဖန်ဆင်းတတ်လေသလား...။သို့
မဟုတ် ကောင်းကင်၌တည်သော ကြယ်လေးတစ်ခုတစ်လေသည်ပင် အိန်ဂျယ်လေလား....။သူမအတွေး
ထဲသို့ အိန်ဂျယ်ဆိုသော ကောင်လေးတစ်ယောက်ဝင်ရောက်လာသည်နှင့် နွေးထွေးမှုကိုခံစားရမြဲ....၊
အိန်ဂျယ်သည် အဝေးဆုံးမှာ ရှိနေလျက်ကပင် သူ၏တောင်ပံများနှင့် သူမနှလုံးအိမ်ကို အုပ်စိုးထားနိုင်ခဲ့
သည်ပဲလေ....။

အေးစက်စပြုနေပြီဖြစ်သော ကော်ဖီကို သူမတစ်ငုံ ငုံလိုက်သည်....။ကော်ဖီတွေသိပ်သောက်နေသလား....
ဆိုသော သူ၏ စိုးရိမ်စကားကို သတိရမိတော့ သူမနှုတ်ခမ်းတွင် အပြုံးတစ်စတွဲခိုသွားသည်။တားမြစ်မှုမ
ပါသော၊နားလည်မှုရှိသော၊ချစ်ခြင်းအားဖြင့်သာဂရုတစိုက်ရှိတတ်သော သူ၏စကားလုံးများသည် သူမရင်
ထဲတွင်စက္ကန့်မလပ် ပဲ့တင်ထပ်နေတတ်မြဲ....။အေးစက်နေသော ကော်ဖီသည် အိန်ဂျယ်၏ချစ်ခြင်းများနှင့်
အတူ နွေးထွေးချိုမြိန်စွာ သူမရင်ထဲသို စီးဆင်းသွားသည်။ခရီးမိုင်တို့၏ ဝေးကွာမှုသည် ချစ်ခြင်းဖြင့် ညွှတ်
ပျောင်းနေသော နှလုံးသားများ၌ ဆံချည်မျှင်သော အကြားအလပ်မျှ အရာမထင်စေနိုင်ခဲ့....။

ကော်ဖီဆိုင်တွင်းဖွင့်ထားသော ဓာတ်စက်မှ Don Williams ၏ I Believe in You သီချင်းသံ တိုးတိုးထွက်
ပေါ်နေသည်...။...I believe in love....... I believe in you...... နှုတ်ခမ်းလေးလှုပ်ရုံ အသံမထွက်ပဲ
 သူမ သီချင်းသံစဉ်ကို လိုက်လံညည်းဆိုနေမိသည်...။ပဲရစ်မြို့ကြီးတွင် တစ်ဦးတည်း ရပ်တည်နေရသည့်
သူမအတွက် အထီးကျန် မနေသည့်တစ်ခုတည်းသောအကြောင်းတစ်ရပ်မှာ သူ၏ချစ်ခြင်းတွင် တည်အပ်
သော ယုံကြည်မှုတစ်ခု သာလျှင်ဖြစ်သည်။ယုံကြည်စွာတည်တန့်နေသော ချစ်ခြင်းတစ်ရပ်၌အဘယ်မည်
သော မျှော်လင့်ချက်တစ်စုံတစ်ရာမှ မပါသည်ကိုတော့ သူမဘာသာ အသိ......။ချစ်ခြင်းတရားဆိုသည်မှာ
သူမအဖို့တော့ ကောင်းကင်ပြာဟိုးအဝေးထက်မှ ကြယ်ဖြူဖြူလေး တစ်ပွင့်ကို ကျေနပ်စွာ ငေးမောကြည့်
နေရုံမျှသာ......။

~~~~~~~~~~~~~~~~~~~~~

" ကြည်စင်ကောင်းကင်က ကိုယ့်နှလုံးသားထဲမှာ နွေးနွေးထွေးထွေး..... "

နွေဦး၏ကမ်းခြေညသည် သူထင်မှတ်ထားသည်ထက် တိတ်ဆိတ်နေသယောင်....၊သူ့နှလုံးအိမ်အတွင်း
မှ ညွှတ်နူးသောချစ်ခြင်းတရားအပေါ်၌ အာရုံတို့ ညွတ်စင်းကျနေ၍လည်းဖြစ်နိုင်ပေသည်သာ။ ကမ်းခြေ
ညကောင်းကင်ယံသည် သူချစ်သော ကောင်းကင် ဟု ခေါ်သည့်ကောင်မလေးတစ်ယောက်ကို သူ့ရင်
တွင်းသို့ ညင်သာစွာ ကိန်းဝပ်တည်ရှိစေတတ်လေ၏။နက်မှောင်နေသော ကောင်းကင်ယံသို့ သူ မော့
ကြည့်နေမိသည်။ကမ်းခြေညကောင်းကင်သည် နက်မှောင်ခိုင်ခန့်စွာ သူ့ကိုအုပ်မိုးထားသည့်တိုင် သူ့
ရင်တွင်းတွင်မတော့ ပကတိပြာလွင်ကြည်စင်နေသည့် ကောင်းကင် တစ်ခုက ရှင်းလင်းလှပစွာ တည်ရှိ
နေလေသည်....။

ကောင်းကင်.......၊ရှင်းရှင်းသန့်သန့်၊ဝင်းဝင်းဖန့်ဖန့်၊မောင့်ရင်ကပ်ပန်းလေး ရယ်........ဟု သူမကြာခဏ
တင်စားခေါ်ဆိုတတ်သည့် ကောင်မလေးတစ်ယောက် သူနှင့်လှမ်းရာ မိုင်အဝေး၌ရောက်နေသည့်တိုင်
အောင် သူ့စိတ်အစဉ်ကတော့ အနီးဆုံးမှာရောက်ရှိနေသည့်နှယ် ခံစားတတ်မြဲ.....။ချစ်သောစိတ်တစ်ခု
သည် မိုင်ကုဋေများစွာကိုပင် ပိုင်းခြားဖြတ်တောက်နိုင်စွမ်းရှိနေခဲ့ပေပြီ....။ချစ်ခြင်းဖြင့်ဖွဲ့တည်သော ဘဝင်
စိတ်ထဲ၌ သူမဘာတွေလုပ်နေမလဲ.....ဘာတွေဖြစ်နေမလဲ....ဆိုသော မေခွန်းများကို မြူမှုန်မျှပင် မရစ်
ထင်စေနိုင်ခဲ့....။ယုံကြည်မှုသည် ချစ်ခြင်း၏အခြားအဓိပ္ပာယ်အဖြစ် ဖွင့်ဆိုသတ်မှတ်ခြင်းခံခဲ့ရပြီးသည့်
နောက် စိတ်အတွေးတို့သည် စမ်းရေပမာကြည်လင်ခဲ့ရလေပြီ....။

" ဘယ်ဆီကိုရောက်လို့နေ......ဘယ်လောက်ပဲဝေးရလည်း.....ဘယ်တော့မှအထီးကျန်မဆန်ခဲ့......၊
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့....ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်....... "

မလှမ်းမကမ်း ကမ်းခြေမီးပုံပွဲမှ သီချင်းသံသဲ့သဲ့ကို ကြားမိတော့ ကြည်နူးကျေနပ်စွာ သူပြုံးလိုက်မိသည်။
သူ့အတွက်တော့ အဘယ်မည်သော တမ်းတမှုမျှရှိမနေသည့်တိုင် လက်လေးတစ်လှုပ်၊ခြေတစ်ဖြုတ်မှာပင်
စုံမက်စွာမြတ်နိုးရသော ကောင်းကင်တစ်ခု၏ နူးညံ့စွာထွေးပိုက်အုပ်မိုးမှုကို ရရှိမြဲပင်.....။လှုပ်ယိမ်းသွား
သောပန်းလေးတစ်ပွင့်၊နွေးထွေးစွာဖြာစင်းကျတတ်သည့်နေခြည်တန်း၊အေးမြစိုစွတ်သည့်မြက်ဖျားနှင်းစက်
တို့သည် ချစ်သောကောင်းကင်၏အငွေ့အသက်အား သူ၏အနီးဆုံး၌ တည်ရှိစေတတ်ခဲ့ပြီ....။ကောင်းကင်
တစ်မိုးအောက်မှာ ချစ်သောသူနှင့်အတူ  ရှင်သန်နေထိုင်နေရသည်ဟူသော အသိတစ်ခုတည်းသည်ပင်
သူ့ဘဝအတွက် အထီးကျန်စိတ်တို့မှ လွန်မြောက်ရာ သောင်ကျွန်းပင်တည်း....။

စိုစွတ်အေးစက်နေသော သဲသောင်ပြင်ထက်သို့ သူ ပက်လက်လှဲချလိုက်မိသည်....။သူ့မြင်ကွင်းထဲသို့
ဆုံးစမထင်သောကောင်းကင်ယံက ဝင်ရောက်လာသည်။မှိုင်းပြာရီသောကောင်းကင်ပြင်တွင် ကြယ်ပွင့်
လေးများက ဟိုတစ်စ....၊ဒီတစ်စ.....။ချစ်သောကောင်းကင်ကို သူကြည့်နေဆဲမှာပင် ဟိုးအနောက်ဘက်
ယွန်းယွန်းဆီသို့ ကြယ်ပွင့်တစ်စ ကြွေကျသွားသည်....။သူ ဘာဆုမှမတောင်းဖြစ်ပါ...။ယုံကြည်မြတ်နိုး
သောအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီးသည့်နောက် ထပ်မံတောင်းအပ်သောဆုမည်သည် မရှိနိုင်တော့....။


 ယုံကြည်စွာတည်အပ်သောချစ်ခြင်းတရားများ၌ ကာလ၊ဒေသအပိုင်းအခြားများသည်လည်းကောင်း၊
လွမ်းမောတမ်းတရသည့်အထီးကျန်ညများသည်လည်းကောင်း၊ရယူပိုင်ဆိုင်လိုသည့် ဆန္ဒရမ္မက်များ
သည်လည်းကောင်း၊အခြားတစ်စုံတစ်ရာသောဖြစ်တည်မှုများသည်လည်းကောင်း အဏုမြူမှုန်မျှပင်
ထင်ရှားခြင်းမရှိနိုင်....၊မြတ်နိုး၊ယုံကြည်ချစ်ခင်ကြသူနှစ်ဦးအတွက်တော့ အချစ်ဆိုသည်မှာဆေးမှင်ဖြူ
တစ်စက်ပင်ထင်ကျန်ခြင်းမရှိသော ပကတိကြည်ကြည်စင်စင်.........။

20 comments:

  1. အိန်ဂျယ်ဆိုလို့  မမိုးငွေ့ ရဲ့  အိန်ဂျယ်ကိုတောင် သတိရသွားတယ်..ကိုညိမ်းနိုင်က ဝထ္ထုတိုလည်း ပိုင်သား..စာသားလေးတွေက နူးညံ့တယ်..

    ReplyDelete
  2. ရင်ထဲကို နူးညံ့တဲ့လေပြေလေးတစ်ချက် ကသုတ်ကရက်တိုးဝှေ့သွားသလိုပဲ...။
    ယုံကြည်ခိုင်မာတဲ့ ချစ်ခြင်းတရားတွေက လွမ်းမောခြင်းတွေကိုတောင် နူးညံ့သိမ်မွေ့တဲ့ ခံစားမှုလေးကို ပေးစွမ်းနိုင်စေတာလား..။

    “ချစ်ခြင်းတရားဆိုသည်မှာ
    သူမအဖို့တော့ ကောင်းကင်ပြာဟိုးအဝေးထက်မှ ကြယ်ဖြူဖြူလေး တစ်ပွင့်ကို ကျေနပ်စွာ ငေးမောကြည့်
    နေရုံမျှသာ......။“

    အဲ့စာသားလေးတော့ သဘာကျတယ်...။

    ReplyDelete
  3. သများရဲ့ အိန်ဂျယ်ကို လှလှပပ စာတိုတိုလေးနဲ့ ဖော်ညွှန်းပေးလို့ ကျေးကျေးပါ အိ...ဒါပေမယ့် ကောင်းကင်နဲ့မဆုံပေးလို့ သိပ်တော့ မကျေနပ်ဘူး

    ReplyDelete
  4. လန်းလှချည်လားအမတော် စကားလုံးတွေကြိုက်တယ်ဗျာ

    ReplyDelete
  5. စာရေးအရမ်းကောင်းတယ် ကြည့်ရတာ မီးမီးအတွက်ဖြစ်မှာပါနော်......

    ReplyDelete
  6. ဟုတ်တယ် ...
    အိန်ဂျယ်ဆိုတော့ မိုးနတ်လဲ အရင်ဆုံးပြေးပြီး
    သတိရမိတာက မကြီးမိုးငွေ့ရဲ့ အိန်ဂျယ်ပဲ :)
    ဒါထက် စာရေးကောင်းတယ်နော်...
    တော်တော်လေးလဲ နူးနူးညံ့ညံ့ရေးတတ်ပါ့....
    ခေါင်းစဉ်လေးမှာ ကတည်းက အတော်စိတ်ဝင်စားပြီး
    သဘောကျမိနေတာ...ရွေးလဲရွေးတတ်ပါပေတယ်လို့
    စာလေးကိုလဲ ဖတ်ပြီးရော ရင်ထဲကြည်နူးသွားလိုက်တာ
    သူနဲ့ သူမရဲ့ ကိုယ်စီကိုယ်စီ ချစ်ခြင်းအပေါ်ထားတဲ့
    စိတ်ခံစားမှုလေးတွေသဘောကျမိတယ်....:)))

    ReplyDelete
  7. ချစ်ခြင်း..
    အပေါ်ထားတဲ့ အမြင်လေးတော့ အတူတူဘဲ ဦးလေး။

    ဖတ်ရတာသိပ်ကောင်းပေမယ်လို့
    အဲလိုလွမ်းနေဖို့တော့ မရဲသေးဘူးး))။

    ReplyDelete
  8. ဖျားစူးရစေ့.. ဘလော့လိပ်စာကို ပြန်ကြည့်ရတယ်
    မမိုးငွပ် မှတ်နေလို့.. အန်တီက စာရေးလည်း တိတ်ကောင်းတာပဲ အန်တီယယ် တိလား :)

    မိုး.

    ReplyDelete
  9. မောင်ညိမ်းနိုင်လည်း အနုအရွလေးတွေနဲ့ တန်ဆာဆင်တတ်တာပဲလား... စာရေးကောင်းတယ်
    နောက်တစ်ခေါက်ရေးရင် ကောင်းကင်နဲ့ ဆုံပေးလိုက်နော် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. နူးညံ့၊ ညက်ညောလှချည်လား ကိုညိမ်းရ...၊း)

    ခရီးမိုင်တွေရဲ့ ပိုင်းဖြတ်ထားခြင်းကနေ ကင်းလွတ်နေတဲ့ ချစ်သူနှစ်ယောက်....၊ ယုံကြည်၊ မြတ်နိုးခြင်းတွေနဲ့ အေးမြ၊ ကြည်စင်နေတဲ့ ချစ်ခြင်းတရား...၊ တိုတိုလေးပေမယ့် အစကနေ အဆုံးထိ လှလှပပ၊ ပြေပြေပြစ်ပြစ် စီးဆင်းသွားတဲ့ ဝတ္ထုလေးမို့ သဘောကျတယ် ကိုညိမ်း...။း)

    ReplyDelete
  11. ဘယ်သူ့ ကိုစောင်းပြီး၊ ပြောင်ပြီး ရေးထားတာ ဒို့ သိတယ်။ ပဲာပဲာ ရယ်စရာစတာ။
    တကယ်တော့လေ--တကယ်ချစ်ပြီးဝေးရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါ တကယ်မချစ်သေးလို့  အကြောင်းပြစရာရှိနေတာ။

    ReplyDelete
  12. အီးကု
    ရေးထားတာလေး နူးညံသိမ်မွေ့လိုက်တာ..

    ReplyDelete
  13. တကယ့်ကို နူးနူးညံ့ညံ့လေး... အိန်ဂျယ်ဆိုတော့ ရင်တောင် ခုန်သွားတယ်အကို ... :P
    အချစ်စစ်မှန်ရင် တစ်နေ့ နီးကြရမှာပါအကို အားတင်းထားပါလို့ ..:)

    ReplyDelete
  14. nice one :-)

    ReplyDelete
  15. နူးညံ့တဲ့ချစ်ခြင်း၊ သိမ်မွေ့တဲ့မေတ္တာ...
    ခိုင်ကြည်တဲ့သစ္စာတရား...
    စကားလုံးတွေသေသေသပ်သပ်နဲ့ ချစ်စရာအက်ဆေးလေးတစ်ပုဒ်..။

    ReplyDelete
  16. ယုံကြည်ချစ်ခင်ကြသူနှစ်ဦးအတွက်တော့ အချစ်ဆိုသည်မှာဆေးမှင်ဖြူ
    တစ်စက်ပင်ထင်ကျန်ခြင်းမရှိသော ပကတိကြည်ကြည်စင်စင်.........။

    တင်စားလှချည်လား ကမောင်လေး။ ဆေးမှင်ဖြူတဲ့။ ထင်ကျန်ခြင်းတဲ့။ ဖြူစင်လိုက်သမျှ အဖြူစစ်စစ်ပေါ် ဆေးမှင်ဖြူလေး တစ်စက်တောင် မထင်ကျန်ရစ်ဘူးတဲ့။ ကောင်းလိုက်တာ။ တင်စားချက်။
    လူပြိုဂျီးဒွေကတော့ ဒီလိုဘဲ နူးနူးညံ့ညံ့ ရေးဖွဲ့ရင်း တအိအိ ရွေ့ လျားကြတာတာ ထင်ပါရဲ့။း)

    ReplyDelete
  17. ဖွဲ့နွဲ့ထားတဲ့ စာ နုရွလှပချက်ကတော့ အိန်ဂျယ့်ကို အသက်ဝင်စေပြီး လူပြိုဂျီးလို့မထင်ရလောက်အောင်ကို ကောင်းတာာား)


    မောင်ဘကြိုင်

    ReplyDelete
  18. ဦးလေးတို့ ဒါမျိုးလည်းရေးတာပါဘဲလား ရသစုံတာပေါ့

    ReplyDelete