Thursday, December 22, 2011

ပန်းသီးကြွက်ကိုက်ထဲမှ ဗုံကြီးသံ နှင့် ဘဝထဲမှအတွေး၊အတွေးထဲမှဘဝ

တစ်နေ့မှာ ထုံးစံအတိုင်း ကွန်ပြူတာလေးတစ်လုံးနဲ့ တောဝင်တောင်ချက်လုပ်ရင်း သင့်ပြွန် ထဲမှာ သီချင်း
တွေမွှေနှောက်ရှာဖွေနေတုန်းဗုံကြီးသံတီးလုံးလေးသွားတွေ့ရော...၊တွေ့တော့သဘောကျသွားသပေါ့လေ။
သဘောကျသွားတော့ ဒီတီးလုံးလေးကို ringtone အဖြစ်ဖုံးထဲ ထည့်ထားချင်စိတ်ပေါက်လာတယ်ဗျိုး....။
ခက်တာက လက်ရှိကျွန်တော့်ပန်းသီးကြွက်ကိုက်ဖုံးထဲ ကိုယ်ထည့်ချင်တဲ့ရင်းတုံးကိုဘယ်လိုထည့်ရမယ်မှန်း
မသိဘူးဗျ...။ရဲဘော်တို့သိတော်မူကြတဲ့အတိုင်း ပန်းသီးကြွက်ကိုက်ဖုံးဆိုတဲ့ အိုင်ဖုံးကလည်း တခြားဖုံးတွေ
လို ဘယ်အရာမှလွယ်လွယ်ကူကူ လုပ်ရတယ်မဟုတ်....။

ပြောရရင် ဒီပန်းသီးကြွက်ကိုက်ဖုံး ကိုကြိုက်လှတယ်တော့မဟုတ်ဘူးရယ်...။ဒါဖြင့် ဘာလို့ကိုင်သလဲဆိုရင်
ပန်နစူလာမယ်၊ရထားပေါ်မယ် သူများတွေ အိုင်ဖုံးလေးတပွတ်ပွတ်နဲ့ဆိုတော့လည်းကိုယ်လည်းပွတ်ချင်သ
ပေါ့လေ...။အံမယ်....အဲ့တုန်းက ပန်းသီးကြွက်ကိုက်လေး ကိုရဖို့ကို စတားဟပ်ဖုံးဆိုင်မယ် မနက်ခုနှစ်နာရီ
လောက်ကတည်းကသွားတန်းစီရသဗျ...၊အဲ့ဒီအချိန်က တစ်နေ့မှအလုံး၁၀၀ လောက်ပဲချပေးသကိုး...။
အဲ့ဒီလို သူများယောင်လို့လိုက်လို့ယောင်အမောင်တောင်မှန်းမြောက်မှန်းမသိဆိုသလိုပဲဖုံးနဲ့ပတ်သက်ရင်
ဘာမှလုပ်တတ်ကိုင်တတ်တာမဟုတ်...၊ကိုယ်ကလည်း ခေတ်ကာလ လောကဓာတ်ပညာရပ်တွေနဲ့ ဝေးသကိုး
ဗျာ....။

ဆိုတော့ နီးစပ်ရာကို မေးရမြန်းရတယ်ခင်ဗျ...၊နီးစပ်ရာဆိုလို့ အဲ့အချိန်မယ် အွန်လိုင်းပေါ်ဖလန်းဖလန်းထ
ပြီး လူတစ်ကာကို လိုက်နှောက်ယှက်နေသူဆိုလို့ မဒိုးကန် တစ်ယောက်ပဲတွေ့တော့ သူ့ပဲမေးရတယ်...။
သူက တစ်လောကမှ သူ့ဂျစ်ဂျစ်ကိုရင် ဝယ်ပေးထားတဲ့ ပန်းသီးဖိုးအက်ကြီးနဲ့ကိုး...။သူများသိမလားလို့
လှမ်းမေးကြည့်တော့ ဘာပြောတယ်မှတ်သတုန်းရဲဘော်တို့...၊ဒါလေးများ သင့်ပြွန်ထဲဝင်ရှာကြည့်တဲ့...၊
တွေ့ရင်သူ့ကိုလည်းပြောပြတဲ့....မှတ်ကရော.....:)))

ဆိုတော့ သင့်ပြွန်ထဲဝင်ရှာပါတယ်...၊တွေ့ပါတယ်...။တွေ့တော့ ကလိပါတယ်....၊ကလိတော့ရပါတယ်...။
ရတော့ မဒိုးကန်ကို ရကြောင်းသတင်းပို့တော့ အဲ့သာကိုပို့စ်အဖြစ်တင်ပါ...။မတင်ရင် သူ့ကိုရင်ဂျစ်ဂျစ်ဂျီး
နဲ့ တိုင်ပြောပါ့မယ်လုပ်ရော...၊(သူ့ကိုရင်ကိုများ သူကြောက်သလို လူတစ်ကာကြောက်မယ်ထင်နေသလား
မသိပါဘူးဗျာ...၊သူတောင် ကြောက်ချင်ယောင်ဆောင်နေတာ မသိ ကြနေတာပဲ....:))အဲ့ဒါနဲ့ မဒိုးကန်နှင့်
တစ်ကွ သပ္ပူရိသအပေါင်းသူတော်ကောင်းတို့ ပန်းသီးကြွက်ကိုက်ထဲ ရင်းတုံး ထည့်နည်းနိဿရည်းကို သိကြစေဖို့ရာ ဆရာကြီး လုပ်လိုက်ရပါတယ်...။အတော်များများတော့ သိကြမှာပါ။သိပြီးကြရင်ပဲဖြစ်ဖြစ်၊
ပန်းသီးကြွက်ကိုက်နဲ့ မပတ်သက်ကြရင်ပဲဖြစ်ဖြစ် ဒီစာပုဒ်ကိုကျော်သာချပလိုက်ကြပါဗျိုး....။ကျွန်တော်
ကိုယ်တိုင်လည်း အပေါ်မှာရေးခဲ့သလိုပါပဲ၊ဂဃနဏ သိလှတယ်မဟုတ်ပါဘူး...၊ဆိုတော့ စလိုက်ကြရ
အောင်ဗျနော်...။

(၁) ကွန်ပြူတာထဲမှ itunes နှင့် ဖုံးကိုချိတ်ဆက်လိုက်ပါ။itunesထဲမှ ကိုယ်ကြိုက်နှစ်သက်ရာသီချင်းတစ်ပုဒ်
ရွေးပြီး ဘယ်ကလစ် တစ်ချက်ကလစ်ထားလိုက်ပါ။ပြီး itunes ၏ Edit >>> Preference ဆီသွားပါ။
Preference ကို ဘယ်ကလစ် လိုက်ရင် window တစ်ခုကျလာပါလိမ့်မယ်။အဲဒီမှာ Ringtone သို့ tone
 ဆိုတာတွေ့ပါလိမ့်မယ်..။အဲ့ကောင်ကို အမှန်လေးခြစ်ထားပေးလိုက်ပါ။ OK ကိုနှိပ်ဖို့ကိုလည်းမမေ့ပါနဲ့
ခင်ဗျား...။


(၂) နောက် မိမိကွန်ပြူတာရဲ့ Folder option >>> view ကိုသွားပါခင်ဗျ။အဲဒီမယ် Hide extension for
known file types နှင့် Hide empty drives in the computer folder ဆိုတာတွေ့ပါလိမ့်မယ်။ အဲဒီနှစ်ခု
မှာ အမှန်ခြစ်ထားတာကို ဖျက်ပလိုက်ပါ။



(၃)ကိုယ်ရွေးထားတဲ့သီချင်းကို ညာကလစ်တစ်ချက် ကလစ်လိုက်ပြီး Get info>>> option ဆီသွားပါ။
အဲဒီမှာ start time နှင့် stop time ကိုပြင်ပါ။အချိန်ကို စက္ကန့်၃၀ပဲထားပါ။ဆိုလိုတာက 0:05 ကို stat time
ထားရင် stop time ကို 0:35 ပဲထားပေးပါ။ပြီး ok နှိပ်ပေးပါဦးနော့။


(၄)တစ်ခါ itune ရဲ့ Advaence >>> AAC version  ကို တစ်ချက် ဘယ်ကလစ်ခေါက်လိုက်ပါ။ခဏ
စောင့်ပါ။ကိုယ်ရွေးထားတဲ့သီချင်းအောက်မှာ စက္ကန့်၃၀စာ သီချင်းပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ပြီးသ
လောက်ရှိသွားပါပြီခင်ဗျ...။


 

(၅)နောက်ဆုံးအနေနဲ့ အဲဒီအသစ်ပေါ်လာတဲ့သီချင်းကို ညာကလစ် တစ်ချက်ကလစ်လိုက်ပါ။ပေါ်လာတဲ့
window မှာ show window exploer ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲ့ဒါကို တစ်ချက်ကလစ်လိုက်ရင်
window တစ်ခုထပ်ကျလာပါလိမ့်မယ်။အဲဒီမှာ ခုဏကသီချင်းကိုတွေ့ရမှာပါ။ညာကလစ်တစ်ချက် ကလစ်
ပြီး rename ဆီသွားပါ။သီချင်းနာမည်ရဲ့နောက်ဆုံးစာလုံးဖြစ်တဲ့ ' a ' ကို ' r ' လို့ပြင်လိုက်ပါခင်ဗျ...။ဆိုလို
တာကဗျာ ET.(Remix).m4a ကို ET.(Remix).m4r လို့ပြင်လိုက်ရုံပါပဲ။

ပြင်ပြီးရင် enter တစ်ချက်ခေါက်လိုက်ပါဦး။ If you change afile --- --- ---unusable. Are you sure
you want to change? လို့မေးပါလိမ့်မယ်။မကြောက်ပါနဲ့ ရဲရဲကြီးသာ yes ကိုနှိပ်လိုက်ပါဗျား.....:))
ပြီးရင်တော့ အဲဒီသီချင်းကို ဘယ်ကလစ်ဖိဆွဲပြီး itunes library ရဲ့ ringtone သို့ tone ထဲသို့ draw draft
ဆွဲချလိုက်ပါ။ပြီးရင်တော့ tone ကို " Sync " လုပ်လိုက်ပါဗျား...။" Sync " လုပ်တာတော့ လူတိုင်းသိပါလိမ့်
မယ်။ဒါဆို ပန်းသီးကြွက်ကိုက်ထဲ ringtone များရောက်သွားပါပြီခင်ဗျ။အဆင့်(၁)နှင့်(၂)ကတစ်ခါလုပ်ထား
ပြီးရင်နောင်လုပ်စရာမလိုတော့ပါဘူး။

(မျှားပြထာတဲ့အတိုင်း draw draft ဆွဲခုယူလိုက်ပါ)
~~~~~~~~~~~~~~~

အဲဒီလိုဖုံးတစ်လုံးနဲ့အရှုပ်တွေလုပ်နေတုန်းမယ် ဖျက်ဆိုသွားသတိရမိတာကတော့ ကျွန်တော့်မေမေ 
မကြာခဏပြောလေ့ရှိတဲ့ မရှိတောင့်တ၊ရှိကြောင့်ကြ ဆိုတဲ့စကားလေးကိုပါ။ဟုတ်ပါတယ်...၊မရှိတော့လည်း
မရှိလို့ တောင့်တမိသလို၊ရှိတော့လည်း ပူရပင်ရ ကြောင့်ကြရတဲ့အပြင် အပိုအလုပ်တွေကလည်းရှုပ်လိုက်ပါ
သေးတယ်...။

နောက်ထပ်တွေးမိတာကတော့ လောကဓာတ်ပညာတွေ ထွန်းကားသည်ထက်ထွန်းကားလာတာနှင့်အမျှ
ကျွန်တော်တို့သုံးစွဲနေတဲ့ ပစ္စည်းတွေရဲ့ မူလရည်ရွယ်ချက်က အဓိက ကနေ သာမည ဖြစ်သွားတတ်တာ
ကိုပါပဲ။ဖုံးတွေကိုပဲကြည့်ပါ...။သူ့ရဲ့မူလရည်ရွယ်ချက်က အဝေးတစ်နေရာဆီက လူနှစ်ဦး စကားပြောနိုင်
ကြဖို့ပါ..။ဒါပေမယ့် ယခုချိန်မှာတော့ ဖုံးတစ်လုံးရဲ့ အသုံးဝင်မှုဟာ စကားပြောဖို့တင်မဟုတ်တော့ပဲ သီချင်း
တွေနားထောင်ဖို့၊၊ဗီဒီယိုတွေကြည့်ဖို့၊အွန်လိုင်းထဲဝင်ပြီး ကိုယ်သိချင်တာရှာဖို့၊စာတွေဖတ်ဖို့၊သတင်းတွေ
သိရဖို့၊ဓာတ်ပုံရိုက်လို့ရဖို့ အစရှိတဲ့ အခြားသောအရာတွေကရှေ့တန်းကိုရောက်လာပါတယ်...။

ကျွန်တော်တို့တစ်နေ့တာကာလမှာ ဖုံးကိုအသုံးပြုချိန် မိနစ်၃၀၀ရှိတယ်ဆိုရင် မိနစ်၅၀လောက်ကိုပဲ စကား
ပြောဖို့သုံးမိကြပြီး ကျန်တဲ့အချိန်တွေက အခြားအရာတွေကိုအသုံးပြုနေချိန်ဖြစ်နေတတ်ပါတယ်။ဖုံးတစ်လုံး
ကိုဝယ်ယူတော့မယ်ဆိုရင် လူတော်တော်များများက စကားပြောလို့ရရုံသက်သက်မဝယ်ကြတော့ပဲ တစ်ခြားဖန်ရှင်တွေပါမပါ စမ်းစစ်ပြီးဝယ်ကြတာများလှတယ်မဟုတ်ပါလားခင်ဗျာ...။

အဝတ်အစားဆိုရင်လည်း သူ့ရဲ့အဓိကတာဝန်က အရှက်လုံဖို့နဲ့ ရာသီဥတုအပူအအေးဒဏ်ကာကွယ်ပေး
ဖို့ပဲမဟုတ်ပါလား...၊သို့သော်ဒီနေ့ခေတ်မှာတော့ ဆန်းသည်ထက်ဆန်းသော၊လှသည်ထက်လှမည်ထင်
သောအဝတ်အစားတွေကိုပဲအဓိကထားလာကြပြီး အရှက်လုံဖို့၊ရာသီဥတုဒဏ်ကာကွယ်ပေးဖို့ဆိုတာက
သာမညဖြစ်သွားရုံမက တချို့သောအဝတ်အစားတွေဟာဖြင့် မူလရည်ရွယ်ချက်ကို မရှိတော့ပါဘူးခင်ဗျာ။

အသစ်အသစ်တွေပေါ်လာတာနှင့်အမျှ ထိုအသစ်တွေကို လိုချင်တပ်မက်စိတ်တွေ ကျွန်တော်တို့ဖြစ်ပေါ်
လာတတ်ပါတယ်..။မိမိရဲ့တပ်မက်စိတ်နောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း ကျွန်တော်တို့ရဲ့
ရုပ်ခန္ဓာရော၊စိတ်ခံစားမှုတွေကိုပါ အဆိုပါ အာရုံသစ်များထဲသို့နှစ်မြုပ်မိလိုက်လေ့ရှိတတ်ပါတယ်...။
တစ်နည်းအားဖြင့်တော့ တလောက ကိုရင် ရေးခဲ့သလိုပါပဲ...၊ဘဝနေမှုက တန်ဖိုးမြင့်သည်ထက်မြင့်လာပါ
တော့တယ်ခင်ဗျာ...။အဲဒီလိုဖြစ်လာတာကလည်း ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးယူမိတာပါပဲ...။

နောက်ဆုံးမှာတော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်မစားနိုင် ဆိုသလိုပါပဲ...၊မြင့်သည်ထက်မြင့်မားလာတဲ့ ရုပ်
ဝတ္ထုပစ္စည်းတွေနောက်ကိုလိုက်ရင်း၊ကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေက အဆိုပါရုပ်ဝတ္ထုများအတွင်းမှာ
ပျော်ဝင်နေရင်းဖြင့် ကျွန်တော်တို့ရဲ့ ဘဝနေမှုအဓိပ္ပာယ်တွေ ပျောက်ဆုံးသည်ထက်ပျောက်ဆုံးလာပါ
တယ်....။လူနှင့်လူခြင်းပေါင်းသင်းဆက်ဆံရေးတွေမှာလည်း ကြားခံပစ္စည်း တွေများသည်ထက်များလာ
ပါတော့တယ်...။ဘဝရဲ့ရိုးရှင်းစွာနေထိုင်ဖြတ်သန်းမှုဆိုတာကလည်း မရှိတော့သလောက်ဖြစ်လာပါပြီ..။

အဲဒီလို ဘဝအဓိပ္ပာယ်ကင်းမဲ့လာတာနှင့်အမျှ၊ဘဝနေမှုတွေ ရှုပ်ထွေးလာတာနှင့်အမျှ၊လူနှင့်လူအကြား
ပေါင်းသင်းဆက်ဆံမှုတွေ စိမ်းကားသည်ထက် စိမ်းကားလာတာနှင့်အမျှ နေပျော်တဲ့ဘဝအနှစ်သာရကို
ထိတွေ့ခံစားနိုင်ရခြင်းပါကင်းမဲ့လာပါတယ်...။ဘဝမှာနေလို့မပျော်တော့ပါဘူး...။ဘဝကနေလို့မပျော်တဲ့
အခါ သေခြင်းတရားကို လွယ်လွယ်နဲ့ ရွေးချယ်နိုင်လာကြတာ အားလုံးပဲသတိပြုမိကြမှာပါ...။

ဒီစာကိုရေးနေချိန်မှာ ကျွန်တော်ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတစ်ကားကို အမှတ်ရနေမိရဲ့...၊Into The Wild
(လို့ထင်ပါတယ်)ဆိုတဲ့ဖြစ်ရပ်မှန်ကားလေးပါ။အဓိကသရုပ်ဆောင်မင်းသားက သူဘွဲ့ရတဲ့နေ့မှာပဲ အား
လုံးကိုစွန့်လွှတ်၊ခြေရာဖျောက်ပြီး တောထဲတောင်ထဲတစ်ယောက်တည်းသွားနေတဲ့ဇာတ်လမ်းပါ။ဒါပေမယ့်
ယဉ်ကျေးတဲ့ကမ္ဘာ(လို့အများကလက်ခံထားတဲ့)မှာနေလာသူတစ်ယောက်အနေနဲ့ အရိုင်းကမ္ဘာထဲမှာ မဝင်ဆန့်တော့ပါဘူး...၊အသားတွေကို ပိုးလောက်တွေမတွယ်အောင်မထားသိုနိုင်တော့ စားကောင်းတယ်
ထင်တဲ့ အရွက်တစ်မျိုးကိုဆာလွန်းလို့စားမိပြီးချိန်မှာတော့ မစားကောင်းတဲ့အရွက်ဖြစ်နေတဲ့အတွက်
အသက်ဆုံးပါးသွားရှာပါတယ်...။

လက်ရှိအချိန်မှာ ကျွန်တော်တို့အနေနဲ့ အဲဒီလိုမျိုး သမိုင်းကိုတစ်ကြော့ပြန်သွားလို့မရတော့ပါဘူး..၊ပြန်
သွားဖို့လည်း မလိုအပ်ပါဘူးလေ...။ဒါပေမယ့် ကျွန်တော်တို့ ဘဝကို တတ်နိုင်သလောက်ရိုးရှင်းစွာနေ
ထိုင်သွားကြည့်ဖို့မကြိုးစားသင့်ဘူးလားခင်ဗျာ...။ကျွန်တော်တို့ဘဝမှာ အလိုအပ်ဆုံးအရာတွေလောက်
ကိုပဲ ပိုင်ဆိုင်ထားရှိပြီး ရောင့်ရဲတင်းတိမ်စွာ ဘဝကိုရင်ဆိုင်ဖြတ်သန်းကြည့်ကြပါစို့လားခင်ဗျာ...၊အနဲဆုံး...
နောက်ထပ်နောက်ထပ်သောအာရုံအသစ်တွေနောက် မလိုက်နိုင်ရင်လည်း လက်ရှိ ရှိနေသမျှနဲ့ပဲ ဘဝကို
ကျေနပ်ပျော်ရွင် ရိုးသားစွာ ကျွန်တော်တို့ကုန်ဆုံးကြပါစို့လို့.......။

မျိုးကြီးရဲ့ သီချင်းလေးကတော့ အားလုံးအတွက် ခရစ်စမတ်လက်ဆောင်ပါခင်ဗျား......


19 comments:

  1. ပန်းသီး မကိုင်နိုင်ပါဘူးလေ

    ReplyDelete
  2. ပန်းသီးမှ မကိုင်နိုင်တာအကိုရ.....
    ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေအကို...

    ReplyDelete
  3. ကျနော်လည်း ပန်းသီးရဲ့ အဝေးကလူပါပဲဗျာ..၊ တိုးတက်ဆန်းပြားမှုတွေနဲ့ ကိုယ့်ရှူးကိုယ်ပတ် ဖြစ်လာကြတာတော့ ပိုပိုများလာတယ်၊ ၂၀၁၂ ကို အတတ်နိုင်ဆုံး ရိုးရှင်းစွာ ကြိုဆိုကြရအောင်လား..။း)

    ReplyDelete
  4. ကျေူးဇူး အထူး
    နှစ်သစ်မှာပျော်ရွှင်မှုအပေါင်းထပ်လောင်း
    အစစအရာရာအောင်မြင်ပါစေလို့

    ReplyDelete
  5. မနက်ကပဲ တစ်ကီလိုဝယ်စားသေးတယ်..
    အဲ့ဒါတွေ မတွေ့ပါဘူး..အစေ့လေး လေးခု ပဲ တွေ့တယ်..သြော်...သိပြီ..အဲ့ဒါကို ထပ်ခွဲကြည့်ရမှာလား :D

    ReplyDelete
  6. သူများလည်းပန်းသီးမကြိုက်ဘူး..
    စားလည်းမစားဘူး..
    ပန်းသီးကိုလည်းစိတ်မဝင်စားဘူး..
    နှင်းသီးတော့ကြိုက်တယ်..
    စားလည်းစားတယ်
    စိတ်လည်းဝင်စားတယ်..
    ပန်းသီးမကိုင်နိုင်တဲ့သူတွေအားငယ်ရအောင်
    မလုပ်ပါနဲ့လား..အကို..ကညိမ်းရယ်..
    အဟင့်..

    ReplyDelete
  7. ဆက်လုပ်လိုက်ပါ့မယ်ရဲဘော် .
    နေစမ်းဘာဦး ကညိမ်းရဲ့ ကြောက်လားမကြောက်လား ကိုရင့်ခေါင်းမှာ ပတ်တီးတွေ ဓားဒဏ်ရာတွေမတွေ့လား
    ဟဲဟဲ အဲဒါဒိုးကန်လက်ချက်ပေါ့ ..
    (ယုံလိုက်စမ်းဘာာာာာာာာာာာာာာာာာာာာာာ...း)

    ReplyDelete
  8. ဇီးသီး တော့ ဝယ်နိုင်တယ် မောင်လေးရေ

    ReplyDelete
  9. ပန်းသီးအနံ့လေးနဲ့ အိပ်ရရင် စောင်းစလိသိပ်ရတယ်။
    တို့က အဲလာပဲ သိတယ် :)

    ReplyDelete
  10. ပန်းသီးမကိုင်နိုင်သေး ကိုက်တော့စားဖူးသည်...။

    ReplyDelete
  11. အဟိဟိ..ခွီခွီ..(သဘောကျလို့ရီရင်းတက်သွားတာ)
    ဟဟဟ... ကျေးဇူးကိုအကြီးကြီးတင်သွားပါ၏..
    အဲလိုလုပ်ချင်နေတာကြာ..ကြာလှပြီ..ကလိနေတာလဲ
    မရဘူး.. ခုမှပဲ..ဒဲ့ဒဲ့လာတိုး..တိုးတိုးလေးလာဒဲ့သွား
    တယ်...အဟိဟိ.. ကူးလဲကူးသွားတယ်နော်..ပြန်ရှယ်လို့ရတယ်ဟုတ်???
    ရရ...မရရ..အနော့်လိုပဲတူညားဒေလဲဒိသျှင်ရှာမှာပဲ.. ဒါကြောင့်သွားရှယ်လိုက်တော့မယ်..အဟိဟိ.. မူရင်းကိုလဲညွန်းတော်မူလိုက်မယ်.. မ, သွားပြီ.. တာ့တာ့
    ကျေးဇူးအကြီးကြီးပဲတင်သွားပါတယ်.. ကညိမ်းရေ..

    ReplyDelete
  12. ပန်းသီးကိုက်ချင်သား
    ကြံဖန်ကြည့်အုံးမယ် ရှာဖွေလို့အဆင်ပြေရင်ကိုက်နိုင်မယ်ထင်ပါ့
    ကိုက်နိုင်သူတွေကို အားကျပါတယ်း)း)

    ReplyDelete
  13. နိုး ပန်သီး၊ ဒိုက စက်ရုပ်ပဲ သုံးတာ :P

    ကိုညီလင်းသစ်ရဲ့ ကောမက်ကို ကြိုက်လို့...

    တိုးတက်ဆန်းပြားမှုတွေနဲ့ ကိုယ့်ရှူးကိုယ်ပတ် ဖြစ်လာကြတာတော့ ပိုပိုများလာတယ်၊ ၂၀၁၂ ကို အတတ်နိုင်ဆုံး ရိုးရှင်းစွာ ကြိုဆိုကြရအောင်လား..။း)

    ReplyDelete
  14. ဦးလေးရယ်.. သူပြောမှပဲ Youtube က သင့်ပြွန်ဖြစ်တော့တယ်.. ကန်ဒီကတော့ အားနေ အဲ့ပြွန်ထဲပဲ ၀င်နေတာ.. ဟိဟိ.. :D

    ရိုးရိုးရှင်းရှင်းပဲ နေရအောင်.. ကောင်း၏ :D

    ReplyDelete
  15. ပန်းသီးနဲ့ ကျွန်တော် ရန်ဖြစ်ထားပါတယ်ခင်ဗျာ

    ReplyDelete
  16. ပန်းသီးရှိလို့ ပန်းသီး အကိုက်ခံရတာ၊ ကျနော်တို့လို ဇီးသီးပဲ ရှိရင် ဇီးသီးပဲ အကိုက်ခံရမယ် ...း)

    ReplyDelete
  17. ကျေးဇူး အစ်ကိုတော်... ကျွန်တော်လဲ စမ်းကြည့်လိုက်ဦးမယ်...ရှဲ ရှဲ...

    ReplyDelete
  18. ပန်းသီး မကိုက်တော့ ဒီဒုက္ခတွေ ဝေးသဗျား..အဲ မကြီးကတော့ ကိုက်နေလေရဲ့ ..သူ့ ကို ရှာယ်ဦးမှ

    ReplyDelete
  19. သူကြီးမင်းကတော့ ဘက်ထရီလဲ တာရှည်ခံမယ်၊ ပြောရတာလဲ ရှင်းလင်းမယ်၊ ဆောင်ယူရတာလဲ ပေါ့ပါးတယ်၊ အဲဒါမျိုးဖုန်းဘဲ ကြိုက်တယ်။ ဒါကြောင့် ဆိုနီအက်ရစ်ဆင် ဆလိုက်ကလေးဘဲ သုံးဖြစ်တယ်။
    ကမောင်လေးက ကြွက်ကိုက်ကြီးသုံးတော့ သူများ အနိုင်ကျင့်တာ ခံရတော့တာပေါ့။ အခုတောင်ကြည့်လေ။ မဒမ်အနိုင်ကျင့်တာ ခံလိုက်ရပြီ။ ကောင်းထှာ။း)

    ReplyDelete