Sunday, January 30, 2011

စွန်လွှတ်ခြင်း အနုပညာ



စက္ကူတစ်စ....၊ဝါးတစ်မျှင်.....၊စူးရှထက်မြက်နေတဲ့ ကြိုးတစ်ခင်.....

ရစ်ငင်နေတဲ့ လက်ပေါ်မှာ ရှင်သန်ခြင်းတွေက မြူးမြူးကြွကြွ......

မျှော်လင့်ချက်တွေက နေရောင်ချည်အလား.....တလက်လက်တောက်ပ....

အချစ်၊အမုန်း၊အလွမ်း၊ဒဏ်ရာ၊ဘဝ.....

အားလုံးကို ဒတင်္ဂမှာ မေ့ထား.....

အမြင့်ပျံငှက်တစ်ကောင်ရဲ့ ရှင်သန်...၊လွင့်မျော...၊ဝင့်ကြွားစိတ်......တွေက.....

နှလုံးသားတခွင်မှ လက်ဖျားမှာစီးဆင်း.....

ကြိုးမျှင်တစ်လျှောက်ပြေးလွား.....

လေအဟုန်မှာ လူးလားခတ်နေပြီ......

နှလုံးသားတစ်ခုလုံးမြုပ်နှံ.....

အာရုံတွေက စူးစူးရှရှ.....

တစ်ဘဝလုံးနဲ့ ရင်းထားရသလိုမျိုး....

တချက်မှားရင် ကြိုးဖျားမှာ အသက်ပါသွားလေမလား.....

ဖြစ်တည်ခြင်းတွေက ရုန်းကန်လှုပ်ရှား....၊သူသွားမှ ကိုယ်နေရမှာ.....၊

အမုန်းကြောင့်မဟုတ်တဲ့ စီးချင်းပွဲ....

သူ့အတွက် ဝမ်းမနည်းနိုင်......၊

ကိုယ့်အလှည့်မှာလည်း မနွဲ့စတမ်း....

ရှုံးနိမ့်တော့ လွင့်ဝဲရပြန်ပေါ့.....။

Friday, January 28, 2011

ဧဝံ....ဤသို့.....ကြားရသည်ကား......

လူသည် နိုင်ငံရေးသတ္တဝါ ဖြစ်ချေတော့သည်တမုံ....(မှတ်ချက်...ကိုယ်ကျိုးစီးပွားအားထိခိုက်လာသောအခါ....)

တနေသ၌ ကျွန်ုပ်မောင်လေးတစ်ယောက် အလုပ်မှပြန်ရောက်ပြီးနောက် ရေမိုးမချိုးနိုင်သေးပဲ ကွန်ပြူတာနှင့်
မျက်နှာအပ်ပြီးသကာလ ပေါက်ကရလေးဆယ် တိုတိုထွာထွာများ ရေးရန်အကြံထုတ်နေစဉ်အခိုက်၊အခန်းဖော်
သူငယ်ချင်းသည် အပြင်မှပြန်ရောက်လာချေသည်။အနှီသကောင့်သားသည် အခန်းထဲရောက်လာသည်နှင့်
တပြိုင်နက် လွယ်အိတ်အား ကုတင်ပေါ်သို့ ဘုံးကနဲပစ်ချလိုက်ပြီးလျှင်....

“နာရိုးxxxတွေ...၊ငမြွေတိုးတွေ....၊လေထိုးမသားတွေ...၊သေကိုမသေနိုင်ဘူး...၊အေးအေးနေတဲ့သူတွေကိုတောင်
ဒွတ်ခပေးသေးတယ်....@#&~(*.....” အစရှိသဖြင့် ပြစ်ပြစ်နှစ်နှစ်ကြီးဆဲဆိုမြည်တမ်းခြင်းအမှုကိုပြုလေတော့၏။

ယေဘုယျအားဖြင့်ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက်ကား လက်ရှိအစိုးရကို အနှီးသို့ကလို ဆဲဆိုခြင်း
ကား သိပ်ပြီးအထူးအဆန်းမဟုတ်လှချေ....:)။သို့သော် အကျွန်ုပ်၏သူငယ်ချင်းအကောင်းစား၏ဆဲဆိုမြည်တမ်း
ခြင်းကား အကျွန်ုပ်အဖို့အထူးအဆန်းဖြစ်ချေတော့သည်တမုံ့...။အဘယ်မည်သောအကြောင်းကြောင့်နည်း.....။
လင်းအံ....။အနီုးပုဂ္ဂိုလ်ကား အကျွန်ုပ်တို့ သူငယ်ချင်းတစ်သိုက် နငယ်အကြောင်း၊ဏကြီးအကြောင်း၊ဟို
အကြောင်း၊ဒီအကြောင်း ပြောသည်ရှိသော် ဘယ်နံရောခါကမှ ဝင်ရောက်ပြောဆိုခြင်းဟူသည် မရှိချေ...။

သို့မရှိရုံမျှမက အကျွန်ုပ်တို့ကိုပင် မင်းတို့သည် ကိုယ်နှင့်မဆိုင်သည်များကို အရည်မရ၊အဖတ်မရ ပြောဆိုချေ၏
ထိုထိုဤဤ ပြောဆိုနေ၍ ဘာရမည်နည်း....။နိုင်ငံရေးဟူသည်ကိုယ်နှင့်လားလားမှဆိုင်သည်မဟုတ်။ဒီမိုတက်
လည်း ကိုယ်လုပ်မှကိုယ်စားရမည်...၊ဟိုမိုတက်လည်း..(အဲယောင်လို့ )ဟိုဘောင်းဘီချွတ်တွေတက်လည်း
ကိုယ်လုပ်မှကိုယ်စားရမည်..၊သို့အတွက်ကြောင့် နငယ်တွေဘာတွေ ငတို့ကတော့ဖြင်စိတ်မဝင်စား...” စသည်
ဖြင့် အကျွန်ုပ်တို့အား ပြစ်တင်ခြင်းကိုပင်ပြုသူပေတည်း...။

ခုတော့ဖြင့် အနှီးသူ့ကောင့်သားသည် ကောင်းစွာဆဲဆိုခြင်းကိုပင်ပြုလေရကား အကျွန်ုပ် အံသြတကြီးဖြစ်ရခြင်း
ပင်တည်း....။သို့နှင့် အကျွန်ုပ်လည်း သူ့အား ဖြောင့်ဖျ၊နှစ်သိမ့်ပြီးနောက် ဖြစ်ကြောင်းရယ်ကုန်စဉ် မေးမြန်းမိ
သည်ရှိသော်.......အဖြစ်ကား ဤသို့တည်း.....။

အနှီးကား အဖြူရောင်ဖြစ်၏(အဲ....အဲ...ယောင်လို့ ) အနှီးကား လွန်ခဲ့သည့် တလခန့်ကပင် ၄င်း၏ ပတ်စ်ပို့ သက်
တမ်းကုန်သည်ဖြစ်၍ သက်တမ်းသွားတိုးထား၏။သို့ကလို သက်တမ်းတိုးသည်ရှိသော်...၊မြန်မာပြည်သံရုံးမှ ၎င်း
အား အီးပတ်စ်ပို့ ဟူသည်ကို ထုတ်ပေးလိုက်လေတော့သည်...။ဤသည်ကား ပြဿနာမဟုတ်...။

ပြဿနာကား ယခုအခင်းဖြစ်သည့်နေ့မှစလေ၏။ယနေ့တွင် ၎င်းပုဂ္ဂိုလ်သည် ရုံးမှခွင့်ယူ၍ ရှင်ကျားပူလိုင်စင်ရုံး
သို့သွားလေ၏။သွားရသည့်အကြောင်းကား သူဖြေဆိုထားသည် ကလပ်၃ လိုင်စင်သည်ကောင်းစွာအောင်မြင်
ပြီးသည့်နောက် ၎င်းလိုင်စင်ကိုသွားရောက်ထုတ်ယူခြင်းပင်...။

အနှီးပုဂ္ဂိုလ်၏ရှေ့မှ ပုပုရွရွ၊ကျားကျားမမ အပေါင်းတို့သည် ပျော်ရွင်စွာဖြင့် ဆိုင်ရာဆိုင်ရာ လိုင်စင်တို့ကို ထုတ်
ယူသွားကြပြီးလျှင် အကျွန်ုပ်တို့ဇာတ်လိုက်ကျော်ကြီးအလှည့်သို့ရောက်သော်...ဆိုင်ရာ အော်ဖစ်ဆာမှ သူ့ထံမှ
ပတ်စ်ပို့ ကိုတောင်းယူကြည့်ရှုလေ၏။သို့ကြည့်ရှုပြီးလျှင် ၎င်းအား လိုင်စင်ထုတ်ပေးရန်ငြင်းဆိုလေတော့သည်။
အဘယ်ကြောင့်နည်းဆိုသော် ယင်းပတ်စ်ပို့ကား အသစ်ချပ်ချွတ် အီးပတ်စ်ပို့ကြီးဖြစ်နေသောဖြစ်သောကြောင့်
ပင်တည်း.....။အော်ဖစ်ဆာကား ၎င်း ရှင်ကျားပူနိုင်ငံသို့ဝင်ရောက်လာစဉ်က ဆိုင်ရာမှထုပေးလိုက်သော တုံး
ကိုကြည့်လိုမြင်လိုလှ၏။

သို့သော် အနှီးအော်ဖစ်ဆာရော၊အကျွန်ုပ်၏သူငယ်ချင်းပါကံမကောင်းအကြောင်းမလှရကား အဆိုပါတံဆိပ်တုံး
ကို ပတ်စ်ပို့အသစ်ကြီး၌ အဘယ်သို့သောအကြောင်းဖြင့် မြင်ခွင့်ရချေမည်နည်း...။အကျွန်ုပ်ဘော်ဘော်ကား
အမျိုးမျိုးအဖုံဖုံ ရှင်းလင်းပန်ကြားလေ၏။မရ....ရေးချမရ....။မိတ္တူပြ၏။မကျေနပ်...၊မူရင်းသာမြင်လိုရကား
အကျွန်ုပ်မိတ်ဆွေရောင်းရင်း၊အပေါင်းအသင်းလည်း တပ်ခေါက်၍ ပြန်လာရချေတော့လေသည်တကား....။

သို့ပြန်လာပြီးလျှင်...သူ၏ ကားမောင်းလိုင်စင်မရ ရလေတကားဟူ၍ ဒေါသအလိပ်လိပ်ထွက်ပြီးသကာလ
အထက်ပါအတိုင်း ကောင်းစွာ ဆဲဆိုမြည်တမ်းခြင်းအမှုကို ပြုခြင်းဖြစ်ချေ၏

အကျွန်ုပ်လည်း သူပြောသမျှကို ကောင်းစွာနားထောင်ပြီးသကာ အောက်ပါအတိုင်းမှတ်ချက်ချမိသည်ကား
လူဟူသည် မိမိ၏အကျိုးစီးပွားကိုထိခိုက်လာသည်ရှိသော် နိုင်ငံရေးသတ္တဝါ အဖြစ်သို့ ပြောင်းလဲသွားချေ
တော့သည်တမုံ.....ဟူလို.....။

````````````````````````````````````````````
ဤသို့သောအဖြစ်အပျက်ကို အကျွန်ုပ်တို့သူငယ်ချင်းတသိုက် ရယ်ပွဲဖွဲ့ပြောဆိုလေသည်ရှိသော် သူငယ်ချင်း
တစ်ယောက်က ၎င်း၏အခြားသောမိတ်ဆွေတစ်ယောက်၏အဖြစ်အပျက်ကို အောက်ပါအတိုင်း ဇာတ်ကြောင်း
ပြန်ပြောလေ၏

အနှီးပုဂ္ဂိုလ်ကား လွန်ခဲ့သော တနှစ်ခန့်က မလေးရှားနိုင်ငံမှ ရှင်ကျားပူနိုင်ငံသို့ကူပြောင်းရောက်ရှိလာပြီးလျှင်
အလုပ် လုပ်လျက်ရှိနေချေသည်...။မလေးရှားနိုင်ငံတွင် ရှိစဉ်အခိုက် အခွန်ငွေကို တစ်ဝက်ပေးဆောင်ပြီးဖြစ်
လေသည်....။သို့သော်...ပြေစာစလစ်ကား ပျောက်ရှသွားလေသောဟူလို....။ယခု သက်တမ်းတိုးမည်ရှိသော်
ပြည်ထောင်မြန်မာနိုင်ငံတော်သံရုံးမှ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ခဲ့သည့်ကာလအတွက်ပါ အခွန်ငွေကို
တောင်းခံလေတော့သည်....။

သို့ကလိုတောင်းခ့သည်ရှိသော် ထိုသူလည်း အခွန်ဆောင်ပြီးကြောင်းပြောဆိုလေသော်...ဘယ်မှာလည်း ပြေစာ
ဟု့မေးမြန်းလေ၏။ပြေစာကားမပြနိုင်...။မလေးသွား၍ အကျိုးအကြောင်းပြောပြပြီး ထောက်ခံစာတောင်းသော်
ရနိုင်ချေရှိ၏။ခက်သည်ကား ပတ်စ်ပို့သက်တမ်းကား ၅လပင် မပြည့်တတ်တော့၍ မလေးသို့လည်း ကူး၍မရ
ဟူလို...။သို့နှင့်ပင် အနှီးမျိုးချစ်ပုဂ္ဂိုလ်ကား အင်မတန်မှ နိုင်ငံကြီးသားပီသစွာဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်
အစိုးရမင်းများထံသို့ အခွန်ငွေ နှစ်ကြိမ်တိတိပေးဆောင်ခြင်းအမှုကို ပြုခဲ့ရသော....ဟူ၏။သြော်...အဟောဝတ
ကောင်းလေစွ.....ကောင်းလေစွ.....ကောင်းလေစွ....ဟူ၍ အကျွန်ုပ်မောင်လေးနှင့်ကြားကြားသမျှသော သူငယ်
ချင်းတစ်သိုက်လည်း အနုမောဒနာခေါ်လိုက်ရချေတော့သည်တမုံ.......။

Wednesday, January 26, 2011

ထူးခြားဆန်းသစ် စွယ်တော်ရိပ် ၂၀၁၁

တစ်နှစ်တခါပေါ်ထွက်လာငါသာမင်းလောင်းထီးဖြူဆောင်း....တဲ့....၊ကလေးတွေဝှက်ကြတဲ့စကားထာလေးပါ....။
ဟုတ်ကဲ့ဗျာ....၊ခုလည်း တစ်နှစ်တခါဆိုသလိုလာပါပြီ.......ွယ်တော်ရိပ်သင်္ကြန်.....ခင်ဗျ....။

၂၀၁၁ခုနှစ်၊ဧပြီလ၊၉ရက်နေ့မှာ၂၀၁၁ခုနှစ်အတွက်စွယ်တော်ရိပ်သင်္ကြန်ပွဲကိုအဆင်အလာမပျက်ပျော်ပျော်ပါးပါး
ဆင်နွဲကြပါတော့မယ်.....။လက်မှတ်နှုန်းထားတွေက စင်္ကာပူဒေါ်လာ၂၀၊၂၅၊၃၀ တဲ့ခင်ဗျ....။ဟင် ခင်ဗျားတို့ဟာ
ကသက်သာလိုက်တာလို့ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်တဲ့ မိတ်ဆွေကိုမေးမိတော့ သူက သက်သာဆို အရင်းနဲ့က
ကြတာကိုးဗျ....၊လူတွေက အလကားလေ....တဲ့....။ဟုတ်ကဲ့ ဝါသနာရှင်တွေမို့ အလကားဖျော်ဖြေကြပေမယ့်
အနုပညာဗီဇနဲ့ပါရမီ မှာတော့ တကယ့် ပရိုဖက်ရှင်နယ်တွေနဲ့ နင်လားငါလား တကယ့်ကို အနုပညာဝမ်းစာပြည့်
ကြတဲ့သူတွေခင်ဗျ....(ကျွန်တော်နဲ့များကွာပါ့.....:) )။

သူကပြောသေးခင်ဗျ....၊ဒီပွဲမှအမြတ်အစွန်းများထွက်ခဲ့ရင် လူမှုရေးလုပ်ငန်းတွေမှာလှူဖို့တန်းဖို့လည်းရည်ရွယ်
ထားပါသတဲ့...။ခက်တာက တစ်နှစ်မှကို မမြတ်သေးတာတဲ့....:)။အင်းးးးးးးးကျွန်တော်တို့မြတ်မှ လူကယ်ကြေး
ဆို သေတာနည်းမယ်မထင်ဘူး....လို့ ညည်းပြောလေးပြောတော့ ကျွန်တော့်မှာ ရီလိုက်ရတာ....။မမြတ်ဆို
ပိတ်သက်ကြီးက အားပေးကြသလောက် လာရောက်အားပေးတဲ့ ပိတ်သက်ကြီးကျေနပ်အားရစေဖို့ရာ ပွဲကို
ကောင်းသည်ထက်ကောင်း၊ချောမွေ့သည်ထက် ချောမွေ့အောင် စီစဉ်ကြလေတာကိုးခင်ဗျ....။

ဆိုတော့ တစ်နှစ်တာနွမ်းသမျှ အပန်းပြေစေဖို့......၊သင်္ကြန်အခါသမယကို အလွမ်းဖြေစေဖို့....စွယ်တော်ရိပ် မှာ
တညတာ မှေးမှိတ်ကြပါစို့လို့.......ကြေငြာမောင်းခတ်လိုက်ရပါကြောင်း...........။




အစ်မပန်ဒိုရာ လည်း ပို့စ်တစ်ပုဒ်တင်ထားပါတယ်...။သူ့ပို့စ်က ပိုပြီးဖတ်လို့ကောင်းတယ်ခင်ဗျ...။အဲဒီမှာလည်း
သွားရောက်ဖတ်ရူနိုင်ပါတယ်...။

Monday, January 24, 2011

ဖြတ်မျဉ်းများ

သုညအောက်ယူဇနာတစ်ရာ ရောက်နေတဲ့ စိတ်ဓာတ်

တစ်နေ့တစ်နေ့ မာနကို ဆွဲဆွဲတင်နေရတာကလည်း တစ်ဒုက္ခ

မွေးမြူရေးသမားများလက်စွဲကျမ်း ထဲမှာ စိတ်ကိုချမ်းသာအောင်မွေးမြူနည်းများ မပါဘူးလားဗျာ....

ဘဝဆိုတာတိုက်ပွဲဆိုရင် ငါ့ဘက်မှာ တပ်ကူရှိဦးမလား ကိုယ့်လူ

လွဲသမျှအလွဲထဲမှာ ရည်းစားဦးနဲ့လွဲရတာလောက် စိတ်ချမ်းသာတာမရှိဘူး

ကျေးဇူးပြု၍ ငါ့ကို ဝဋ်လည်ခွင့်ပေးပါ ချစ်သူ

စံလွဲအချစ်

တစ်သက်စာ အလွမ်းများ

လူဖြစ်ရတဲ့ ဒုလ္လဘထဲမှာ ချစ်တတ်တာပါတယ်

ငရဲခန်းပျို့ ၊ ကြယ်တွေစုံတဲ့ည နဲ့ သုမနကျောကဒဏ်ရာတွေ ဘယ်တော့ကျက်ပါ့မလဲ

စလျှောက်မိကတည်းက လမ်းမှမဟုတ်တာ

ကိုယ့်ဘာသာ ကျင်းထဲမှာနေစမ်းပါ ဂဏန်းရာ

လမ်းပေါ်မှာ ယူတန်း တစ်ချက်လောက်ရှာကြည့်ပါဦး

ကုလို့လည်းမရ၊သေလည်းမသေနိုင်တဲ့ ရောဂါ

လှေကြီးဆိုတာ ရိုးရိုးထိုးလို့ရရိုးလား

ဖြစ်ပြီးရင်ပျက်ရမှာပဲ၊မဖြစ်ခင် ပျက်ပျက်သွားတာက ခက်နေတာ

မျှော်လင့်ချက်ဆိုတာ လက်တစ်ဝါးစာ စာရွက်လေးကိုပြောတာလား

ပျော်ရွင်ခြင်းတွေက တနင်္ဂနွေနေ့ကိုဝါးမြိုသွားပြီ

ဤလိုပုံဖြင့် မိုးကြီးချုပ်တော့မည်

အချိန်တန်တော့ အိမ်ပြန်ရမှာပါ

ဇာတ်သိမ်းခန်းရောက်ခါနီးတော့ လူတွေနည်းနည်းလာပြီ

ဒီပြဇာတ်ကို ဒီမှာပဲ ရပ်ကြစို့ ငါ့ရှင်........

(အကြောင်းတိုက်ဆိုင်တဲ့အခါ စိတ်ထဲမှာ အတွေးစတွေက ဖျတ်ကနဲ ပေါ်လာတတ်ပါတယ်...၊
တနည်းအားဖြင့်တော့ ရင်ကိုဖြတ်သွားတဲ့ မျဉ်းကြောင်းတွေလို့ပဲ ဆိုကြပါစို့.....)

Sunday, January 16, 2011

ကြည်နူးစွာ သတ်သေခြင်း

ချစ်သူရေ.....

ငါ့အတွက်ဆို....

အသွားနှစ်ဘက်နဲ့ ဓားတစ်လက်ပဲလိုပါတယ်....။

ထောင်ထားတဲ့မြုံးမှာ....

ရမ္မက်တွေ မသုတ်လိမ်းပါနဲ့...

ကျော့ကွင်းပေါ် ခြေစုံရပ်.....

သတ်ကွင်းမှာ လည်စင်းလျှက်ပါ....။

မာယာကိုးဆောင်တွဲ...

ကွမ်းတရာ ရေတစ်မှုတ်...

ချုပ်ဆေး ခုနှစ်ခါ အုပ်စရာမလိုပါဘူးချစ်သူ....

လျော့ရဲရဲအပြုံးနဲ့တင် ပြုစားခြင်း ပြီးမြောက်သွားပါပြီ....။

မျက်စောင်းတစ်ချက်အဝင့်မှာ...တံခါးတွေ အကြိမ်ကြိမ်ပြိုလဲ.....

ညှိ့ကွင်းထဲက....ငါ....ရုန်းမထွက်ရက်ခဲ့......။

အိမ်မက်ကို ငါးစာတပ်ရုံနဲ့....

ငါ့အတွက် လုံလောက်ပါရဲ့ချစ်သူ.....။

ပန်းပွင့် ရဲ့ ကျိန်စာအောက်....

ငါ....ဦးညွှတ်.......ဒူးထောက်......၊

မင်းအတွက် ငါ....သားကောင်တစ်ကောင်ပါ........။

Thursday, January 13, 2011

ကျွန်တော် နှင့် လွယ်အိတ်

ဘဝတစ်လျောက်လုံးမက်မက်စက်စက်မရှိတဲ့အရာ....၊စွဲစွဲလမ်းလမ်းမရှိတဲ့အရာ...ကိုပြောပါဆိုရင်လွယ်အိတ်ပါ..။
ကျောင်းသားဘဝမှာတော့မလွယ်မဖြစ်မို့သာလွယ်ရပါတယ်...၊အဲ...ဒုတိယနှစ်နောက်ပိုင်းမှာတော့ လုံးးးးဝ ကိုမ
လွယ်တော့ပါဘူး...။နောက်ပိုင်းကာလတွေမှာ သင်တန်းတွေတက်ဖြစ်တဲ့အခါမှာလည်း ဘာလွယ်အိတ်၊ဘာ
ဘက်အိတ်၊ဘာကျောပိုးအိတ်မှကိုမလွယ်၊မကိုင်တာပါ..။စာရွက်စာတမ်းတွေ၊စာအုပ်တွေကိုဖိုင်အကြီးစားထဲထည့်၊
အဲဒီဖိုင်ကိုမှ ပလတ်စတစ်အိတ်အထူးစားထဲထည့်ပြီး ကိုင်ပါတယ်...။အဲ့လောက်ကို အိတ်နဲ့ကျွန်တော်၊ကျွန်တော် နဲ့အိတ် ကအစေးမကပ်တာပါ...။

ကိုယ့်ဘာသာကိုယ် အစေးမကပ်ရုံတင်မဟုတ်...။သူများကိုပါ အသားလွတ်အမြင်ကပ်မိသေး...။ခါးပတ်အိတ်ဝတ်
တဲ့သူတွေကိုပေါ့....။သူ့ဘာသာသူ ခါးမှာပတ်ချင်လို့ ပတ်တဲ့ကိစ္စ...၊ဘယ်နှယ် အသားလွတ်အမြင်ကပ်မိမှန်း
ဘာသာလည်းမတွေးတတ်တော့ပါဘူးဗျာ...။ကိုယ်ဘာသာကိုယ်လည်း နေရင်းထိုင်ရင်း အကုသိုလ်မယူဖို့ ဆုံးမ
တာပါပဲ...၊ခက်တာက ကြည့်လို့ကို မရတာဗျ...။

အဲ....မကြာပါဘူး....။နောက်တော့ အင်မတန်မှ အမြင်ကပ်ပါတယ်ဆိုတဲ့ အဲဒီခါးပတ်အိတ်ကို ကိုယ်တိုင်ပတ်ရ
တော့တာပါပဲဗျိုးးးးးး။ဟောဒီ စလုံးရောက်တော့မှပေါ့...။ရောက်ခါစကတော့ ဘာအိတ်မှ မကိုင်ပါဘူး...။
အလုပ်သွားရင် လိုမယ်ထင်တာလေးတွေကို ဘောင်းဘီအိပ်ထဲ ပြွတ်သိပ်ထိုးထည့်လိုက်တာပါပဲ..။စာရွက်
စာတမ်းတွေကတော့ ထုံးစံအတိုင်း ဖိုင်ထဲထည့်၊ဖိုင်ကို ဒီအတိုင်း လက်ကကိုင်ပေါ့...။

နောက်တော့ မဆောင်လို့မဖြစ်တဲ့ အတိုအထွာတွေများလာ...၊အဲ့ဒီ အတိုအထွာလေးတွေကိုကိုယ်နဲ့မကွာဆောင်
ထားချင်တော့ မဖြစ်မနေ ခါးပတ်အိတ်က ပတ်ရပါရောလား...။မချစ်သော်လည်း အောင့်ကနမ်းပေါ့ဗျာ....:D..။
ဒါတောင် ဆိုဒ်ထဲသွားကာမှ ပတ်တာရယ်...၊အပြင်သွားလို့ကတော့ လက်လွတ်၊ခြေလွတ်သွားတာ၊ဘာဆို ဘာ
အိတ်မှမလွယ်...၊ဘာမှမကိုင်....။

ဆိုတော့....အဲဒီခါးပတ်အိတ်ကလေးထဲမှာ....ဘာတွေရှိသလဲ....ကြည့်ကြရအောင်ဗျနော်....။ဒန်....တန်.....တန်....
လက်ရှိ ပတ်နေတဲ့ အိတ်ဟောင်းကလေးခင်ဗျ.......

ပိုက်ပိုက် အိတ်...၊မရှိမဖြစ်ပေါ့ဗျာ....နော့...။အိတ်ထဲမတော့ ထုံးစံအတိုင်း ကဒ်ပေါင်းစုံ၊စာရွက်အတိုအထွာလေး
နဲနဲ နဲ့ ပတ်စပို့ဓာတ်ပုံ နဲနဲ....၊ပြီး....အနဲဆုံးကတော့ ပိုက်ဆံပေါ့ဗျာ....:)

ဖုံး နဲ့ နားကြပ်.....၊ဒီနှစ်ခုကလည်း မရှိမဖြစ်.....။နားကြပ်ကတော့ သီချင်းနားထောင်ဖို့၊ပြီး အလုပ်ထဲမှာ ဖုံးပြော
ဖို့ဗျ....၊ဆူညံနေတဲ့ ဆိုက်ဒ်တွေထဲမှာ နားကြပ်တပ်ပြီး ပြောမှအဆင်ပြေလေတော့ နားကြပ်ကလည်း မရှိမဖြစ်...၊

ဘောပင် နဲ့ မှတ်စုစာအုပ်သေးသေးလေး.....၊အင်းးးးဒီနှစ်ခုလည်းမရှိမဖြစ်တွေပဲ....၊ဘောပင်ကတော့ ခဏခဏ
ဝယ်ရရဲ့...၊ခဏခဏ ပျောက်သကိုးဗျ....။

ပြီး မာကာပန်.....၊အလုပ်ထဲမှာတော့ မရှိမဖြစ်စာရင်းဝင်ပဲ....၊နံရံတွေမှာ၊အထပ်သားတွေမှာ မှတ်စရာလိုရင်
ဘောပင်နဲ့က ထင်သာမြင်သာမရှိလေတော့ မာကာပန်နဲ့မှဖြစ်တာ....။

နောက်....အကြွေစေ့တွေ......၊ဒီနိုင်ငံမှာတော့ အကြွေကတယ်အသုံးဝင်တာကိုး....။ဆောင်ထားရပါတယ်.....။
ပိုက်ဆံအိတ်ထဲတော့ ထည့်ထားရတာ လေးလို့ မထည့်ထားတော့ပဲ ခါးပတ်အိတ်ထဲပဲ ထည့်ထားရပါတယ်...။

မီးခြစ်နဲ့ ဆေးလိပ်ဘူးလေး.....၊သူများကို ခဏငှားလိုက်ပြီး ပြန်ခြင်းမခတ်တော့တဲ့ ပစ္စည်းစာရင်းထဲမှာ ဘောပင်
ပြီးရင် မီးခြစ်က ဒုတိယလိုက်ပါတယ်...။တခါဝယ် သုံးလုံးနှုန်းနဲ့ တလ သုံးခါလောက်ဝယ်ရပါတယ်.....။ဆေးလိပ်
ကတော့ သိပ်ပြီးသောက်လှတယ်မဟုတ်ပါဘူး...။အလုပ်ထဲမှာ ပင်ပန်းလာရင် ဆေးလိပ်လေးသောက်ပြီး
အပန်းဖြေရတာ တယ်အရသာရှိသကိုးဗျ...။ဆိုတော့ ဆယ်လိပ်ဝင် ဘူးပြားပြားလေးတစ်ဘူးဝယ်ပြီး ထည့်ထား
လိုက်တော့ ကိုင်ရတာလည်းသက်သာ...၊ကိုယ့်ဘာသာကိုယ်လည်း လစ်မစ် သက်မှတ်ပြီးသားဖြစ်သွားရော...။

ဟမ်နီပလာစတာ....၊မကြာခဏဆိုသလို လက်ရှတတ်ပါတယ်.....၊ဒါကြောင့်မရှိမဖြစ်ဆောင်ထားရပါတယ်....။

current စမ်းတဲ့ တပ်စ်ပန်....၊ဒါကလည်း မရှိမဖြစ်ဗျ...။

နောက်တခုကတော့ သော့တွဲ....၊မောင်မျိုးလိုပါပဲ....၊လေပျံသော့၊ကားသော့၊မိုတိုသော့တွေ မရှိပါဘူး...။စက်ဘီး
သော့နဲ့ အိမ်သော့၊အခန်းသော့၊စတိုသော့တွေပါ...။အဲ....သူရို့တွေလည်း မရှိမဖြစ်တွေပဲဗျနော့...။

အင်းးးးးဒါတွေ အကုန်ပါပဲ....။မရှိမဖြစ်၊မရှိမဖြစ် နဲ့ ဆောင်ထားလိုက်တာ ခါးပတ်အိတ်လေးကို ဖောင်းလို့ဗျာ...။
အကျီ င်္ကိုတောင် အပြင်ထုတ်မဝတ်ရဲဘူး...။၏၊ခါးပတ်အိတ်နဲ့ဗိုက်ရှေ့မှာဖောင်းနေလေတော့ ဗိုက်ကြီးသယ် နဲ့
တူနေလို့ရယ်......:)။

ကဲမောင်မျိုးရေ.....ကျေနပ်ပြီဟုတ်....။မကျေနပ်သေးရင် နောက်တခါမှ ထပ်ရေးပါဦးမယ်...။ဘာလို့လဲဆိုတော့
ဘေးလွယ်အိတ်တစ်လုံးမဖြစ်မနေဝယ်ရမှာ မို့လို့ပါ...။မချစ်သော်လည်း အောင့်ကာနမ်းရဦးမယ့် အကြောင်းလေး
ကရှိနေသေးသကိုးးးးးးးး။

Sunday, January 9, 2011

ဒီလိုနဲ့ ကျွန်တော်တို့လျှောက်တဲ့လမ်းကို တဖြည်းဖြည်းဖောက်ခဲ့ပါတယ်

အမှားကြာ အမှန်ဖြစ် တဲ့....၊

လူညီရင် ဤ က ကျွဲ ဖြစ်တယ် တဲ့....၊

ဒီစကားတွေ အတော်မှန်တယ်လို့ တွေးမိပါတယ်....။

နောက် ထင်ယောင်ထင်မှား မှုတွေအကြောင်း......၊

ပြီး....လှည့်စားခြင်း.....၊

ဖတ်ခဲ့ဖူးတဲ့ ဘာသာပြန်ဝတ္ထုတစ်ပုဒ်ကို သတိရမိတယ်.....။ဗီယက်နမ်စစ်ပြန်တစ်ယောက်ကို ပိပိရိရိလည့်စား
ပြီး ဘရိန်းဝပ်ခ်ျ လုပ်တဲ့ဇာတ်လမ်းလေးပါ...။

ဘရိန်းဝပ်ခ်ျ....။ဒီစကားလုံးကလည်း အတော်လူသုံးများတယ်ထင်ရဲ့...။

ကျွန်တော်တို့ ဘဝတစ်လျှောက်မှာ ဘယ်လောက်တောင်မှ ဘရိန်းဝပ်ခ်ျ အလုပ်ခံခဲ့ရပြီးပြီလဲ.....။

ဘယ်သူတွေက ဘယ်လိုသောအကြောင်းတွေနဲ့ ဘရိန်းဝပ်ခ်ျ လုပ်ခဲ့ကြပါသလဲ...။

အဲလိုလုပ်တဲ့သူတွေထဲမှာ ကျွန်တော်တို့ကို ချစ်တဲ့သူတွေ၊ကျွန်တော်တို့ရဲ့ နည်းပေးလမ်းပြတွေ ရော...ပါနိုင် ပါသလား...။သူရို့ကိုယ်တိုင်ရော သူတို့လုပ်ခဲ့တာကို သိပါရဲ့လား...။

စေတနာတွေ ရေစီးကမ်းပြိုလိုက်တဲ့အခါ...ကျွန်တော်တို့မှာ သွေးတစိမ့်စိမ့်ထွက်တာကလွဲလို့ ဘာများထူးခြား
လာခဲ့ပါသလဲ....။

တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့ဘာသာ မိမိကိုယ်ကို ဘရိန်းဝပ်ခ်ျ လုပ်မိကောင်းလုပ်မိနေပါလိမ့်မယ်...။

ဒါဟာ ငါ့ရဲ့ယုံကြည်ချက်ပဲ ဆိုပြီး ယုံကြည်မှုတစ်ခုထားရင်း မိမိမယုံကြည်နိုင်တာတစ်ခုကို ယုံကြည်လာနိုင်ပါ
တယ်....။ဒါပေမယ့် ဒါဟာ လိုအပ်ပါတယ်....။နဲနဲဂွကျတဲ့ လူတစ်ချို့ကလွဲလို့ လူတိုင်းအတွက်လိုအပ်ပါတယ်...။
အနည်းဆုံးတော့ လိုအပ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်....။

မိမိကိုယ်ကို ဘရိန်းဝပ်ခ်ျလုပ်ခြင်းတွေထဲမှာ အချစ်ဆိုတာလောက် လွယ်ကူတာမရှိပါဘူး...။ချစ်မိသွားပြီ ဆိုပြီး
တခြားတစ်ယောက်ကို ဘရိန်းဝပ်ခ်ျလုပ်ရင်း....၊ကျွန်တော်တို့ဟာ မိမိဘာသာ ယုံကြည်သွားပါတယ်.....။
တစ်နည်းအားဖြင့် မိမိဘာသာ ဘရိန်းဝပ်ခ်ျလုပ်မိပါတော့တယ်....။

ဒါတွေက မင်းတို့ကို ဘရိန်းဝပ်ခ်ျလုပ်နေတာ....ဆိုတဲ့စကားတစ်ခွန်းကလည်း ကျွန်တော်တို့ကို ဘရိန်းဝပ်ခ်ျ လုပ်
နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။ကိုယ်မင်းကို ချစ်လိုက်တာလို့ လူတစ်ယောက်က ပြောလာခဲ့ရင် သူကိုယ်
တိုင် သူ့ဘာသာသူ ဘရိန်းဝပ်ခ်ျ လုပ်နေတာလား၊ကျွန်တော်တို့ကို ဘရိန်းဝပ်ခ်ျ လာလုပ်နေတာလားဆိုတာ
နဲနဲတော့စမ်းစစ်သင့်ပါတယ်....။

ဒီလိုတစ်ဖက်သားက ကျွန်တော်တို့ကို ဘရိန်းဝပ်လာလုပ်တဲ့အခါ...၊ကျွန်တော်တို့ကိုယ်တိုင်က သိသည်ဖြစ်စေ၊
မသိသည်ဖြစ်စေ..၊သူ့အပေါ်ယုံကြည်မှုထားပေးရင်းနဲ့ တန်ပြန်ဘရိန်းဝပ်ခ်ျ လုပ်နိုင်ပါသေးတယ်...။
အဲဒီလိုနဲ့ အရာရာဟာ အစစ်အမှန်တွေဖြစ်တယ်ဆိုတဲ့ အတွေးတစ်ရပ် နှစ်ယောက်စလုံးမှာ ဝင်လာတဲ့အခါ၊
ကျွန်တော်တို့ အစစ်အမှန်တစ်ခုလို့ ထင်ရတာတစ်ခုကို ရသွားနိုင်ပါတယ်...။တနည်းအားဖြင့် သက္ကာယဒိဋ္ဌိ ကကောင်းစွာ အမြစ်တွယ်သွားပါတော့တယ်....။

စကားလုံးတစ်လုံးချင်းစီမှာ...၊သံစဉ်တစ်ချက်ခြင်းစီမှာ....ဘရိန်းဝပ်ခ်ျတွေပါ ပါတယ်....။အနဲဆုံးတော့ ပါကောင်း
ပါနိုင်ပါတယ်....။ပင်လယ်ပြင်ကြီးက ရိုက်ထုတ်လိုက်တဲ့ လှိုင်းတစ်လုံးချင်းမှာ၊လပြည့်ဝန်းကြီးမှာ...၊မှိတ်တုတ်
မှိတ်တုတ် ကြယ်လေးတွေမှာ...၊နောက်ဆုံး တိတ်ဆိတ်ခြင်းတွေမှာ ကျွန်တော်တို့အတွက် ဘရိန်းဝပ်ခ်ျတွေပါ ပါတယ်...။ဒီလိုနဲ့ ကျွန်တော်တို့ဟာ မိမိကိုယ်ကို ခံစားချက်ရဲ့သားကောင်တွေအဖြစ် မိမိဘာသာသတ်မှတ်လိုက်
ပါတော့တယ်...။

တလောက ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရပါတယ်....။ဒီကမ္ဘာပေါ်မှာ ကမ္ဘာပြားအဖွဲ့ဆိုတာရှိသတဲ့...။သူတို့က
ကမ္ဘာကြီးပြားကြောင်းသက်သေသက္ကာရတွေထုတ်ပြကြသတဲ့...။အဖွဲ့ဝင်တွေ ထောင်ချီရှိဆိုပဲ...။ဘာပဲဖြစ်ဖြစ်
သူတို့ဟာ...သူတို့ဘာသာ ကမ္ဘာပြားကြောင်းယုံကြည်ကြပါတယ်...။ဒီလိုနဲ့(သူတို့အတွက် ) ကမ္ဘာကြီးပြားသွား
ပါတယ်....။

တစ်ခါတစ်ရံမှာ ယုံကြည်မှုဆိုတာ အဆိုးရွားဆုံး ဘရိန်းဝပ်ခ်ျတစ်ခု လို့မြင်မိပါတယ်...။ဒါပေမယ့် လိုအပ်ပါတယ်။
လူတစ်ယောက်ဟာ မိမိဘာသာ သက်သေသင့်တယ် လို့ မယုံကြည်သရွေ့ ကာလပတ်လုံး သက်သေဖြစ်မှာ မ
ဟုတ်ပါဘူး...။သက်သေသင့်ပြီလို့ ယုံကြည်ထင်မှတ်သွားတဲ့တစ်နေ့မှာ ကောင်းစွာ အထမြောက်သွားပါလိမ့်
မယ်....။ဒီအတွက် စိတ်ဓာတ်ကျခြင်း၊တလွဲမာန၊မတော်လောဘ နဲ့ အလိုမပြည့်ခြင်းများက သူ့ကို ဘရိန်းဝပ်ခ်ျ
လုပ်သွားပါလိမ့်မယ်..။

ကျွန်တော်တို့ဟာ အကောင်းဆုံး ဘရိန်ဝပ်ခ်ျတစ်ခု ကို ကျွန်တော်တို့ဘာသာလုပ်နိုင်ပါတယ်....။
ကျွန်တော်တို့ ယနေ့ကြုံတွေ့နေရတာတွေက ဘယ်လိုပဲဖြစ်နေပါစေ....၊တစ်နေ့တာ စိတ်ချမ်းသာမှု ရှိအောင်
ကျွန်တော်တို့ဘာသာ ဘရိန်းဝပ်ခ်ျလုပ်နိုင်ပါတယ်...။အဆိုးတွေကိုမေ့နိုင်သလောက်မေ့ထားရင်း အကောင်းတွေ
ကို ရှာကြံတွေးပေးခြင်းဖြင့်၊အကောင်းဘက်က လှည့်တွေးပေးခြင်းဖြင့် ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ စိတ်ချမ်း
သာလာနိုင်ပါတယ်...။

ဒီလိုနဲ့ အဆုံးတစ်နေ့မှာ ဘဝတစ်လျှောက်လုံးစိတ်ချမ်းသာခဲ့သလိုမျိုး မိမိဘာသာကျေနပ်စိတ်တစ်ခုနဲ့ အေးအေး
ချမ်းချမ်း အိပ်ပျော်သွားနိုင်ပါတယ်...၊အနည်းဆုံးတော့ အိပ်ပျော်သွားလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်လာပါ
လိမ့်မယ်...။

နောက်ဆုံးပြောချင်တာက ဒီစာဟာ ကျွန်တော့်ဘာသာ ကျွန်တော် ဘရိန်းဝပ်ခ်ျ လုပ်ထားတာဖြစ်ပါတယ်....။

Saturday, January 1, 2011

ကျေနပ်တဲ့အကြောင်း....

အပြာရင့်ရင့် သုညတစ်လုံးအပေါ်မှာ ဟောဒီ တစ်စက္ကန့်က လှလှပပဖြတ်ကျော်သွားခဲ့ပြီ...။

ငါ....တည်ရှိနေရတာကို ကျေနပ်တယ်......။

ဂွတ်ဘိုင် နဲ့ ဂွတ်မောနင်း ကိုတပြိုင်နက်နှုတ်ဆက်ပြီးတဲ့နောက်....သူကရင်ဘတ်ထဲကျကျနနဝင်ထိုင်လာတယ်..။

ငါ.....ရှင်သန်နေရတာကို ကျေနပ်တယ်......။

အဲဒီ အရက်ခွက်ထဲမှာ ပေါင်းကောင်းသင်းကောင်းတွေ....၊နှစ်လိုပျော်ရွင်ခြင်းနဲ့ စိတ်ကောင်းစေတနာတွေ
ဖောဖောသီသီရောယှက်ထားလေရဲ့....ကဲ....ဘာအတွက်နဲ့များ အဆိပ်တခွက်ကို မသောက်ရဲ ရမှာလဲ...။

ငါ....ဖြစ်တည်နေရတာကို ကျေနပ်တယ်....။

အနည်းဆုံးတော့ လက်တဖက်စာ ချစ်သူတွေ ရင်ဘတ်နဲ့အပြည့် ခံစားပေးကြတယ်.....
အများဆုံးတော့ ကမ္ဘာကြီးနဲ့ အပြည့် ချစ်ခင်ရသူတွေကို နှစ်နှစ်ကာကာပြုံးပြနိုင်သေးတယ်....

ငါ.....လူဖြစ်နေရတာကို ကျေနပ်တယ်.....။

မြန်နှုန်းနိမ့် ရေစီးကြောင်းထဲမှာ ချစ်ခြင်းရနံတွေ ဖောခြင်းသောခြင်း စီးဝင်လာပြီ...။

အတုပဲဖြစ်ဖြစ်.....အရေပြားတစ်ထောက်စာ ခေါက်ရိုးကျိုးနေခြင်းပဲဖြစ်ဖြစ်....ငါ....ကျေနပ်တယ်.....။

မွေးလာတာစောလို့ လူဖြစ်တာနောက်ကျသွားတယ်....။ဒါပေမယ့် ရထားက ငါ့ကို စောင့်နေလို့....ကျေနပ်တယ်။

ပေးသမျှ ပြန်မရသည့်တိုင်...ရသမျှက ကျေနပ်စရာပဲ....၊ဘာမှပြန်မရရင်တောင်...ပြန်မရခြင်းတွေအတွက်...
ငါ....ကျေနပ်တယ်....။

ငွေတစ်ကျပ်နဲ့ ပစ္စည်းလေးပါးဒါယကာခံလို့ရနေတဲ့ ဟောဒီက ဒုလ္လဘ ထဲမှာ ဘာများမကျေနပ်စရာရှိသေးလဲ...။
ငါ....ကျေနပ်တယ်....။

တကြိမ်တခါလွတ်သွားတဲ့ ကျောတခင်းစာအိပ်မက်တွေက သံသရာတစ်ပတ် ပြန်ပြန်လည်လာပေးဦးမတဲ့....။
လုပ်သလောက်မဖြစ်လည်း နေပေ့စေ....။ဖြစ်သလောက်တော့ လုပ်ခွင့်ရနေသေးတာပဲ...။
စာမျက်နှာတစ်ဝက် ဆုတ်ဖြဲခံလိုက်ရပေမယ့်....ကျန်တစ်ဝက်က အကောင်းအတိုင်းရှိနေသေးရဲ့....။
ရောင်းတမ်းမဝင်တောင် မျှော်လင့်ချက်ဆိုတာ ပုပ်ကုန်မှမဟုတ်တာ....။ငါ....ရင်ဘတ်နဲ့အပြည့် သိုလှောင်ထား
လိုက်ဦးမယ်....။

ငါ....ကျေနပ်တယ်.....။

မနေ့က အိပ်ပျော်သွားပြီ...ရှိစေ....၊မနက်ဖြန်က အားကောင်းမောင်းသန် နဲ့ လှည်းဝင်ရိုးထမ်းလိမ့်မယ်....။
အနုမြူဗုံးတွေ အိပ်ကပ်ထဲမှာ အပြည့်လား....။ကိစ္စမရှိဘူး....ငါတို့မှာ ခလုတ်မှမရှိတာ....။ဘာအတွက်နဲ့ ပျော်ပျော်ရွင်ရွင် လက်ဆွဲမနှုတ်ဆက်နိုင်ရမှာလဲ....။

ဟောဒီမှာ လူတကာနဲ့တော်တဲ့ အင်္ကျီ....နာမည်က ယောနိသောမနသိကာရတဲ့....။သင့်ကျောပိုးအိပ်ကို ခဏ
လေးဖြစ်ဖြစ် ချွတ်ထားလိုက်ပါလား....။အချိန်မရွေး တပ်ဆင်လို့ရနေတဲ့နောက် ငါတို့သေနတ်တွေကို ကျည်ကပ်
ဖြုတ်ထားကြရအောင်...။

ဘဝဆိုတာ ရထားတစ်စင်းတဲ့လား.....၊အဲဒါကြောင့် အိပ်လို့သိပ်ကောင်းနေတာ....။ဘူတာကျော်သွားလဲ ကိစ္စ
မရှိဘူး...။ဒို့တွေ ခရီးများများရောက်တာပေါ့....။မနက်ဖြန်ကို ကျေဇူးပြုပြီး တိတ်တိတ်လေးနေခိုင်းလိုက်ပါ...။
အိပ်ကပ်ထဲမှာ ငွေသုံးကျပ်ရှိနေသေးရဲ့...။ငါတို့ ထမင်းတစ်ပွဲမှာ ဇွန်းနှစ်ချောင်းတပ်လို့ရပါတယ်...။
လေးချောင်းမထောက်ပေမယ့် သုံးချောင်းထောက်ကလည်း ခုံတစ်လုံးပါပဲ....။ကဲ...ငါတို့ နှစ်ချောင်းထဲနဲ့
မတ်မတ်ရပ်တမ်း ကစားကြရအောင်....။

နေတတ်လို့ကျေနပ်တယ်ပြောပြော....၊ကျေနပ်လို့နေတတ်တယ်ဆိုဆို....၊

ငါ.....မှုန်တိမှုန်ဝါး အစက်အပျောက်ကလေးအဖြစ်ကို ကျေနပ်တယ်....။

လင်းတခါ၊မှိန်တလှည့်ပေမယ့် လမင်းနဲ့ တစ်ကောင်းကင်တည်း ရှိနေတဲ့အတွက် ကျေနပ်တယ်....။

ဘာပဲဖြစ်ဖြစ်....ငါ....ကျေနပ်ပါတယ်......။