Sunday, December 23, 2012

လည်ပြန် တစ်ဆယ့်နှစ်.......

ဘာလိုလိုနဲ့ ၂၀၁၂ တောင်ကုန်ပါတော့မယ်....။၂၀၁၂နှစ်ရဲ့ အရိပ်တွေကို ဖြတ်ကနဲ လည်ပြန်လှည့်ကြည့်
မိတယ်....။ကိုယ့်အတွက်တော့ သိပ်မထူးခြားပါဘူး....၊အခြားနှစ်တွေလိုပါပဲ....၊ချစ်လိုက်၊မုန်းလိုက်၊မဲ့လိုက်
ပြုံးလိုက်၊ပျော်လိုက်၊ညစ်လိုက် ပေါ့....။ဒိုင်ယာရီတွေဘာတွေလည်း ရေးကျင့်မရှိတော့ ဘယ်လ မှာဘာတွေ
ဖြစ်သလဲဆိုတာလည်း ရက်စွဲနဲ့တစ်ကွ မမှတ်မိတော့ပါဘူး...၊ဒိုင်ယာရီစာအုပ်ကတော့ နှစ်ကုန်ကာနီးတိုင်း
အသစ်ဝယ်တာပါပဲ...၊ဇန်နဝါရီလလည်လောက်နောက်ပိုင်း စာမျက်နှာတွေမှာ အလွယ်တကူကောက်မှတ်
လိုက်တဲ့ ဖုံးနံပတ်တစ်ချို့တစ်လေလောက်၊အလုပ်နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတစ်ချို့လောက်ကလွဲလို့
ဘာစာမှမရှိတာက နှစ်တိုင်းပဲ....၊ဒီနှစ်တော့ ပိုက်ဆံအကုန်ခံ၊စားပွဲအရှုပ်ခံပီး မဝယ်တော့ဘူး..... :))))။

ဘာပဲဖြစ်ဖြစ် ကုန်လွန်တော့မယ့် ၂၀၁၂ကို တစ်ချက်လေးတော့ စောင်းငဲ့ ကြည့်တာပေါ့ဗျာ....နော့....။
ဒီနှစ် နှစ်ဆန်းပိုင်းမှာ မြန်မာပြည်ပြန်ဖြစ်တယ်....။၃နှစ်ကြာမှ ပြန်ရောက်ခြင်းပါ...။မြန်မာပြည်ကတော့ ထုံးစံအတိုင်းပဲလို့ပြောရမယ်...မပြောင်းလဲနေသော ပြောင်းလဲခြင်းများနဲ့လို့ ပြောရမလား၊ပြောင်းလဲနေ
သော မပြောင်းလဲခြင်းများနဲ့ လို့ ပြော၇မလားပဲ...။လေဆိပ်က အကောက်ခွန်အရာရှိက ညီလေး...အကို့
ဖို့လည်း နဲနဲလုပ်ခဲ့ဦးလေကွာ....လို့ ပြောမြဲပါပဲ...။လေဆိပ်က တက်ဆီတွေကလည်း ဧည့်သည်ကို ဝိုင်း
အမဲဖျက်ဖို့ ကြိုးစားနေတုန်းပါပဲ...။ရန်ကုန်မြို့ကြီးလည်း ဖုံတောထဲမှာ မွန်းကြပ်လှောင်ပိတ်မြဲပါပဲ....။
အမေ့အိမ်လေးကလည်း အဝေးရောက်သားငယ်ကို နွေးထွေးစွာ ကြိုဆိုမြဲ.....။ဘာပဲပြောပြော အခြေအနေ
တွေ ဘယ်လောက်ဆိုးဆိုး ကိုယ်ချစ်တဲ့ မွေးရပ်မြေကို အလည်တစ်ခေါက်ပြန်ဖြစ်တာ ၂၀၁၂ နှစ်ရဲ့ကျေနပ်
စရာ ဆိုပါစို့.....။

မြန်မာပြည် အပြန်ခရီးမှာ ကမ္ဘာဒီးယားနိုင်ငံ စီရမ်ရိ ကိုဝင်လိုက်သေးတယ်...။သိပ်ချစ်ဖို့ကောင်းတဲ့ ခရီးစဉ်
လေးပါ...။အွန်လိုင်းမှာ ခင်ရတဲ့ မျှစ် နဲ့ လည်း ညီအကိုတွေလို ဖြစ်သွားစေခဲ့တဲ့ ခရီးပါပဲ။ကိုယ်သိပ်ရောက်
ချင်တဲ့ အန်ကောဝပ် ကိုလည်း ရောက်ခဲ့ရတယ်...။အစစအရာရာလည်း အဆင်ပြေခဲ့တယ်...။စီရမ်ရိ ကို
နောက်နှစ်တစ်ခေါက်လောက်တော့ ထပ်သွားချင်သေးရဲ့...၊ရောက်ဖြစ်မယ်ဆိုတောင် ၂၀၁၂ ခရီးစဉ်နဲ့
တော့ တူမယ်မထင်တော့ဘူး...။ဘာလို့ဆို မျှစ်က မြန်မာပြည်ကို ပြန်သွားပြီလေ......။

လုပ်ငန်းခွင်မှာကတော့ သိပ်အထူးခြားကြီးမဟုတ်ပါဘူး...၊လူသစ်တွေရောက်လာတယ်...၊လူဟောင်းတွေ
ထွက်သွားတယ်....။ကိုယ်လည်း ကြာပြီဆိုတော့ စီနီယာဖြစ်လာပြီ...၊ဖိစီးမှုတွေကတော့ ရှိနေမြဲပဲ...၊အရင်
ကထက်စာရင်တော့ ဖိစီးမှုတွေနဲ့ နေသားကျအောင်နေတတ်လာပြီလို့ဆိုရမယ်....။အရင်နှစ်တွေကလို
အလုပ်ပြောင်းဖို့ သိပ်မစဉ်းစားဖြစ်တော့ဘူး...။ကိုယ်အသားကျနေတဲ့ လက်ရှိအလုပ်မှာပဲ မပျော် ပျော်
အောင် နေတတ်လာပြီလို့ ပြောရမယ်နဲ့တူရဲ့....။နောင်နှစ်မှာတော့ မြန်မာပြည်အပြီးပြန်ဖြစ်မလားမသိ...။
ပြန်ဖြစ်ခဲ့ရင်တော့ ၂၀၁၂ ဟာ ကိုယ့်အတွက် စင်္ကာပူမှာ နေဖြစ်ခဲ့တဲ့ နောက်ဆုံးနှစ်ဖြစ်မယ်ထင်တယ်.....၊
ဘာလို့ဆို ပြန်မယ်ဆိုရင်လည်း နှစ်ဆန်းပိုင်းမှာ ပြန်ဖြစ်မယ်...၊သင်္ကြန်မတိုင်ခင်ပေါ့....၊မပြန်ဖြစ်ဘူးဆိုရင်
လည်း ၂၀၁၄ ထိ အနဲဆုံး ရှိနေမှာရယ်....။

နှစ်လယ်ပိုင်းလောက်မှာ မလေးရှားကို ရောက်ခဲ့သေးတယ်၊ပြောရရင် စင်္ကာပူရောက်နေတဲ့လူတစ်ယောက်
အတွက်ကတော့ မလေးရှားဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဥဒဟိုသွားလာနေတဲ့ နေရာ...၊စာဖွဲ့လောက်စရာကို
မဟုတ်တာပါ....။ဒါပေမယ့် ကိုယ့်အတွက်တော့ မလေးရှားဟာ ထူးခြားပါတယ်...။ဘာလို့ဆို အဲ့ဒီမှာ ကိုယ်
ချစ်ခင် ရတဲ့သူတွေ အများကြီးရှိနေတာကိုး.....။ကိုယ် သူတို့ကို ချစ်သလို သူတို့က ကိုယ့်ကိုချစ်တယ် လို့
(ယူဆရတာပါပဲ.... :))) ခံစားရတော့ မလေးရှားကို အခွင့်သင့်တိုင်း သွားချင်မိရဲ့....၊အင်း...မြန်မာပြည်ကို
ပြန်ဖြစ်ရင်တော့ မလေးရှားဆိုတာ ကိုယ့်အတွက် ခရီးမိုင်ဝေးကွာလွန်းတဲ့ အရပ်ဒေသဖြစ်သွားမှာပါပဲ....။

၂၀၁၂ မှာ ကိုယ့်အတွက်အချိန်အပေးဖြစ်ဆုံးကတော့ ဖေ့ဘွတ်စာမျက်နှာတွေထက်မှာပါ...။အားလပ်ချိန်ရဲ့
ထက်ဝက်ကျော်ကို သူကသိမ်းပိုက်လိုက်ပါတယ်..၊ဒါတောင် ဒီနှစ်ထဲမှာ မကြာခဏဆိုလိုသလို ဖေ့ဘွတ်ကို
ပိတ်ထားတာပါ...၊ဒါပေမယ့် မနေနိုင်ပါဘူး...၊ချစ်သော သူငယ်ချင်းတွေကို တစ်ချက်တစ်ချက် သွားသွား
ချောင်းရင်းနဲ့ ပြန်သုံးမိတာပါပဲ....။ပုံရိပ်ယောင်ကမ္ဘာမှာ အချိန်ကုန်လွန်စေတာက ကိုယ့်အတွက် ကောင်း
ကျိုးပေးသလား၊ဆိုးကျိုးပေးသလား....ဆိုတာ မကြာခဏစဉ်းစားမိတယ်...၊တွေးမိသလောက်ကတော့
ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေတာပါပဲ....၊ဒါပေမယ့် အထီးကျန်တစ်ယောက်အတွက် ပုံရိပ်ယောင်ကမ္ဘာ
ဟာ ပိုလို့အထီးကျန်စေတာတော့အမှန်ပဲ...၊ခုဆို ကိုယ့်မှာ အပြင်ထွက်ဖို့ အကြောင်းမယ်မယ်ရရကိုမရှိ
တော့ဘူး...၊ပြင်ပကမ္ဘာကလူတွေနဲ့ တွေ့ဆုံဖို့ထက်၊ပုံရိပ်ယောင်ကမ္ဘာသူ/သား တွေနဲ့ စကားလုံးတွေ ဖွဲ့
သီဖို့ ကို ပိုလို့အာရုံကျနေမိတယ်....၊အကျိုးရလဒ်ကတော့ ကိုယ့်ကို ပိုလို့အထီးကျန်သွားစေတာပဲဖြစ်
တယ်....။လာမယ့် နှစ်မှာတော့ ဖေ့ဘွတ်ကို အတိုင်းအတာတစ်ခုထိ လျော့ချဖြစ်ပါမယ်...၊အင်း...မြန်မာ
ပြည်ပြန်ရင်တော့ သူ့အလိုလို လျော့သွားမှာ အသေအချာပါပဲလေ....။

ဒီနှစ်ထဲမှာ ဘလော့ဘက်ကိုအတော်အာရုံနည်းသွားတယ်...၊ရေးချင်တာတွေကတော့ ရင်ထဲမှာအပြည့်ပါ။
ဒါပေမယ့် ချရေးလိုက်ဖို့ကို တော်တော်လေး စိတ်ပါဝင်စားမှုနည်းနေတယ်၊အကြောင်းအရာလည်းရှိတယ်၊
ရေးချင်စိတ်လည်းရှိတယ်....၊ရေးဖို့လည်းကြိုးစားတယ်...၊အချိန်လည်းရနေတယ်...၊ဒါပေမယ့် လုံလောက်
တဲ့ အာရုံစူးစိုက်နိုင်မှုမရှိဘူးဖြစ်နေတယ်....၊အာရုံတွေက ဖေ့ဘွတ်မှာပဲတစ်ဝဲလည်လည်ရယ်...၊လာမယ့်နှစ်
မှာတော့ ဒီထက်ပို အာရုံစူးစိုက်နိုင်အောင် ကြိုးစားရမှာပဲဗျာ....။

ငွေရေး၊ကြေးရေး၊စီးပွားရေး၊သမီးရည်းစားအရေးကတော့ အရင်အတိုင်းမပြောင်းမလဲပါဘူး...၊ပိုက်ဆံက ရှာ
ရခက်နေဆဲ...၊သုံးရလွယ်နေမြဲပါပဲ...၊စုမိဆောင်းမိဆိုတာ ဘယ်တုန်းကမှမရှိ...၊၂၀၁၂ နှစ်မှာလဲ မရှိပါဘူး။
လစာလည်း နှစ်စဉ်တိုးပါတယ်...၊ငွေပိုငွေလျှံလည်းနှစ်စဉ်မရှိပါဘူး.... :)))။ခြံလေးတစ်ကွက်ဝယ်ဖို့ကို
လည်း အစ်မတော်က ဂျီးများနေတာကတစ်ကြောင်း၊ပတ်ဝန်းကျင်ကလည်း ဘယ်လိုသဘောလဲတော့မသိ
ဟိုခြံဆိုလည်း သရဲခြောက်တယ်...၊ဒီခြံဆိုလည်း အရှုပ်အရှင်းရှိတယ် နဲ့ ဝိုင်းဝန်းပြီး အကြံကောင်းတွေ
ပေးကြတော့ အစ်မက ဝယ်မပေးရဲဘူး...၊ဒါနဲ့ ခြံမြေဟေ့ဆို ပန်းအိုးထဲက မြေတောင်မပိုင်တဲ့ ဘဝပါ....။
မောင်နှမနှစ်ယောက်လုံးသဘောကျပါလျက်နဲ့ ဈေးနှုန်းလေးလည်း သင့်တင့်ပါလျက်နဲ့ မဝယ်လိုက်ရတဲ့
ခြံတွေများလှပြီ...၊သွားကြည့်၊စုံစမ်းလုပ်နေရတဲ့ အစ်မကို အားနာတာကြောင့် တိုက်တိုက်တွန်းတွန်းလည်း
မလုပ်တော့ပါဘူး...၊

သမီးရည်းစားအရေးလည်း ပုံမှန်အတိုင်းပါပဲ...၊ဟိုလိုလိုဒီလိုလိုတွေလည်း တစ်ယောက်ပြီးတစ်ယောက်
ပြောင်းပါတယ်...၊မိန်းမယူဖို့မစဉ်းစားတော့ ဘယ်သူ့ကိုမှ အပျော်ကနေတစ်ဆင့် အပျက်အဆင့်ရောက်
အောင် တစ်ဆင့်တက်မလှမ်းပါဘူး...၊ကြာတော့ သူတို့လည်း ကိုယ့်ကို စိတ်ကုန်လာမှာပေါ့လေ........။
ရှင်..... ယောင်္ကျားမဟုတ်ဘူး....ယောင်္ကျားမဟုတ်ဘူး....စိတ်နာတယ်...လို့သီချင်းလေးဆိုပြီး ကိုယ့်ကို
ကျောခိုင်းသွားပါတော့တယ်...၊ကိုယ်ကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိပါတယ်...၊ကိုယ့်မှာ တာဝန်ယူ
ချင်စိတ်မရှိတာကြောင့် ဘယ်သူ့ကိုမှ စိတ်ရော၊ကိုယ်ပါ နစ်နာအောင်မလုပ်ဖြစ်အောင်နေတာပါ...။ဘာပဲ
ဖြစ်ဖြစ် ဝမ်းလည်းနဲစရာမလို၊အားလည်းနာစရာမလိုတော့ဘူးပေါ့လေ...၊အားနာလို့ခါးပါတာ အခြားနေရာ
မှာလည်း မသင့်တော်သလို အိမ်ထောင်ရေးမှာလည်း မသင့်တော်ဘူးမဟုတ်လား...ရဲဘော်..... :))))
ဒီလိုနဲ့ ၂၀၁၂ကုန်ကာနီးအထိ လူပျိုကြီးဘဝ ကို ဆတ်ဆတ်ထိမခံ ထိန်းသိမ်းထားနိုင်ခဲ့ပါရဲ့..... :)။

အပေါင်းအသင်း သယ်ရင်းဆက်ဆံရေးကလည်း အေးဆေးပါပဲ...၊ချစ်တော့ချစ်တယ်အလိုမလိုက်ဘူးဆို
ပြီး ဖရန့်လစ် ထဲက ပယ်နှုတ်လိုက်ရသူဆိုတာ ရှားရှားပါးပါး တစ်ယောက်စနှစ်ယောက်စပဲရှိပါရဲ့...။
အွန်လိုင်းပေါ်မှာ အစအနရှာမရအောင်ပျောက်ကွယ်သွားတဲ့သယ်ရင်းတွေကိုလည်း အမြဲလိုလိုသတိရနေ
ဆဲပါ...၊လက်ရှိသယ်ရင်းတွေကိုလည်း ပျော်အောင်ထားပါတယ်...၊ပိုက်ဆံချေးတဲ့အလုပ်ကလွဲလို့ပေါ့လေ...၊
မနိုင်ဝန်ဆိုတာ ထမ်းကောင်းတဲ့အရာလို့ ဘယ်တုန်းကမှ ခံယူမထားလို့ပါ....:D။

အချုပ်အားဖြင့်ဆိုရင်တော့ ဝက်သိုးချုပ်ပေါ့လေ....အဲ....ယောင်လို့....:))) ၂၀၁၂ကို ချုပ်လိုက်ရင်
အသက်တစ်နှစ်ကြီးသွားတာကလွဲလို့ ကုသိုလ်လည်းမစုမိပါဘူး၊ပညာလည်း တိုးပီးမရှာမိပါဘူး၊ပစ္စည်း
ဥစ္စာဆိုရင်လည်း အဖိုးတန်ရယ်လို့ လက်ထဲမရှိပါဘူး...၊မျှော်လင့်ချက်တွေကလည်း အရင်အတိုင်းပါပဲ...၊
ပြောရရင် ၂၀၁၂ တစ်နှစ်ပတ်လုံး ပေါ့ပေါ့လေးနေ...၊ပေါ့ပေါ့လေးစား ပြီး ပေါ့ပေါ့ပါးပါးပဲ အသက်ကြီးသွား
ပါတယ်...၊အခုလည်း ဒီနေရာကနေ ၂၀၁၂ ကို ပေါ့ပေါ့လေးပဲ နှုတ်ဆက်လိုက်ပါတယ်...........

တာ့တာ ပါ.....၂၀၁၂ ရေ........................လို့.......။

( တူမတော်ပစ်ပစ်တဂ်လို့ ရေးဖြစ်ပါတယ်...၊ကိုယ့်ဘာသာလည်း ရေးမလို့ ကြံနေတာရယ်...။သူတဂ်
လိုက်တော့ သေချာပေါက်ရေးဖြစ်သွားတာပေါ့လေ...၊အဲဒီအတွက် စီအိုင်အေပစ်ပစ် ကို ကျေးဇူးတင်ရပါ
ကြောင်း....... :))))


Tuesday, December 11, 2012

တောင်ပံမဲ့ သင်းကွဲ တေးဆိုငှက်လေးများ အကြောင်း


ဘင်တန်ကျွန်းမှာ ဖတ်ဖြစ်ခဲ့တဲ့ ဝတ္ထုလေးတစ်ပုဒ်ကို ပြန်ရေးပြချင်ပါတယ်..။(ဦး)တင်မောင်မြင့် ဘာသာပြန်
ထားတဲ့ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် ဆိုတဲ့ ဝတ္ထုလေးပါ။မူရင်းစာရေးဆရာက Harper Lee ဖြစ်ပြီး၊
To Kill A Mockingbird ပါ....။၁၉၆၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပြီး ၁၉၆၁ခုနှစ်မှာ ပူလစ်ဇာဆု ရခဲ့ပါ
တယ်....။၁၉၈၂ခုနှစ်အထိ အုပ်ရေ၁၅သန်းရိုက်နှိပ်ခဲ့ရတယ်လို့ဆိုတယ်ခင်ဗျ....။၁၉၆၂ မှာ မင်းသားကြီး
 ဂရေဂရီပတ် နဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ပြီး ဂရေဂရီပတ်ရယ်၊ဇာတ်ညွှန်းဆရာရယ် အော်စကာဆု ရခဲ့ပါတယ်....။

ဒီဇာတ်လမ်းကို စာရေးသူမွေးဖွားကြီးပြင်းခဲ့ရာ အမေရိကန်တောင်ပိုင်း၊Alabama ပြည်နယ်မှ Monroeville
မြို့လေးကို အခြေခံလို့ သူ့မိသားစုနဲ့ အိမ်နီးနာချင်းတွေရဲ့အမူအကျင့် ဓလေ့စရိုက်လေးတွေကို ဖော်ညွှန်း
ရေးသားထားတယ်လို့ ဆိုတယ်ခင်ဗျ....။စာရေးသူ ၁၀နှစ်သမီးအရွယ် ၁၉၃၆ ခုနှစ် အချိန်ကာလများ မှာ
ဖြစ်ပါတယ်...။

ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့လှတယ်ခင်ဗျ၊အဓိကဇာတ်ဆောင် ၆နှစ်သမီးလေးစကောက်ရယ်၊သူ့အကို
၁၀နှစ်သားလေး ဂျင်မ်ရယ်၊သူတို့ သူငယ်ချင်း ၇နှစ်သားလေး ဒီလ်ရယ် နဲ့ စကောက်တို့ အဖေ မုဆိုးဖို၊
တရားရုံးရှေ့နေကြီး အာတီကတ်ဖင့်ခ်ျ တို့ကိုဗဟိုပြုလို့ အခြားသော မေကွမ်းမြို့သူ၊မြို့သား၊ သူတို့ရဲ့
အိမ်နီးနားချင်းများနဲ့ ဝန်းရံပြီး ဇာတ်လမ်းကို တည်ဆောက်ထားပါတယ်...။၆နှစ်သမီးလေး စကောက်က
ဇာတ်လမ်းကိုပြန်ပြောပြတဲ့ ပုံစံ ရေးဖွဲ့ထားပါတယ်...၊ဇာတ်လမ်းထဲမှာ စာရေးသူက တတိယနာမ်စားအဖြစ်
လုံးဝဝင်မပြောပဲ၊သူပြောချင်တာလေးတွေကို စကောက်၊ဒါမှမဟုတ် အခြားဇာတ်ဆောင်တစ်ယောက်
ယောက်အနေနဲ့ပဲ ပြောသွားပါတယ်..။အဲဒီဇာတ်ဆောင်တွေကလည်း အဲဒီအချိန်၊အဲဒီနေရာက ခေတ်
ကာလအခြေအနေတစ်ရပ်မှာ သူ့အလိုအတိုင်း စီးမျောနေကြတာရယ်ပါ....။

ပြောရရင်တော့ ဒီဇာတ်လမ်းလေးဟာ ခေတ်နဲ့လူတွေရဲ့ အညမည သဘောတရားတရပ်ကို လှစ်ဟပြ
လိုက်ခြင်းလို့ပဲ ကျွန်တော်တော့ ယူဆမိရဲ့....။ခေတ် အကြောင်းပြောလိုက်ရင် လူတွေအကြောင်းပဲမဟုတ်
ဘူးလားဗျာ....။ခေတ်နဲ့ လူ ဆိုတာ ကမ်း နဲ့ မြစ်ရေစီးကြောင်းလိုပါပဲ....။ကမ်း ဟာ ရေစီးတစ်ခုကို ဖန်တီး
မွေးထုတ်ပေးလိုက်တယ်...၊အဲ့ရေစီးကြောင်းကပဲ ကမ်းတွေကို တိုက်စား၊သောင်ဖို့  သွားတယ်မဟုတ်ပါ
လားဗျာ....။တစ်ခါတစ်ရံကြတော့လည်း ရေစီးကြောင်းက တိုက်စားဖို့ရာ မတတ်သာတဲ့ ကျောက်ဆောင်
ကြီးတွေနဲ့တွေ့တဲ့အခါ ကွေ့ကောက် ကျော်ဖြတ်သွားရသလိုပဲ...၊ဒီဇာတ်လမ်းလေးထဲမှာလဲ ခေတ်ရေစီး
ကြောင်းကို ကြံကြံခံအန်တုခဲ့တဲ့ သူတစ်ယောက်ရှိပါတယ်....၊ရှေ့နေကြီး အာတီကတ်ဖင့်ခ်ျပါ....။

နောက်တစ်ခုက အား ပါလှတဲ့ စကားလုံးများကို ဒီဝတ္ထုလေးမှာမြင်တွေ့ရပါတယ်....၊မူရင်းဝတ္ထုထဲကစကား
လုံးတွေဆို ပိုမိုပြောင်မြောက်ပြီး ဆိုလိုတဲ့ အဓိပ္ပာယ်ကို ပိုမိုပေါ်လွင်စေနိုင်လိမ့်မယ်ထင်ရပါတယ်။ဒါပေမယ့်
(ဦး)တင်မောင်မြင့် ဘာသာပြန်ထားတာကလည်း သိပ်ကိုကောင်းလွန်းတော့ စကားလုံးတွေရဲ့ အရသာကို
ခံစားမိပါရဲ့.....။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မအကိုဂျင်မ် ဟာ အသက် ၁၃နှစ်မပြည့်ခင်မှာ လက်ကျိုးခဲ့ပါတယ်။-----------------------------------
ကျွန်မကတော့ တရားခံဟာ လူယုတ်မာအားဝဲလ် လို့ယုံကြည်နေတုန်းပါပဲ။ဒါပေမယ့် ကျွန်မထက် လေးနှစ်
ကြီးတဲ့ ဂျင်မ်ကတော့ မဟုတ်ဘူးတဲ့....။တရားခံအစစ်က အဲဒီမတိုင်ခင်ဖြစ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေ
တဲ့။ဒီလ် ရောက်လာတဲ့ နွေမှာ စတာတဲ့။ဒီလ် ဆိုတာ ဘိုရက်ဒ်လေ ကိုအပြင်ထွက်လာအောင် စပြီးလုပ်ဖို့
စိတ်ကူးရတဲ့ ကျွန်မတို့သူငယ်ချင်းပါ။သူ့အဒေါ်ရှိတဲ့ကျွန်မတို့မြို့ကလေးကို နွေရာသီတိုင်းအလည်ရောက်
လာတတ်တဲ့ ဒီလ် လေ။

ဒါကတော့ ဇာတ်လမ်းရဲ့အဖွင့်လေးပါ...။ဂျင်မ် လက်ကျိုးတဲ့အကြောင်းကို စကောက်က ဇာတ်ကြောင်းပြော
တာနဲ့ဖွင့်ပြီး ဂျင်မ် လက်ကျိုးရခြင်းနဲ့ပဲ ဆုံးပါတယ်၊အချိန်ကာလအားဖြင့်တော့ သိပ်မကြာလှပါဘူး၊၃နှစ်ထဲ
ကြာပါတယ်....:)။ဟုတ်တော့လည်းဟုတ်ပါတယ်...၊ဒီဇာတ်လမ်း ကို လိပ်ပတ်လည်အောင် ပြောရမယ်ဆို
ရင် ဂျင်မ်လက်မကျိုးခင် ၃နှစ်အကြာ၊ စကောက်နဲ့ဂျင်မ်တို့မောင်နှမ ဒီလ်နဲ့ စတင်ခင်မင်သွားပုံကနေပြော
မှဖြစ်မှာပါ....။ဒီလ် ဆိုတဲ့ ကလေးလေးဟာ ဒီဇာတ်လမ်းမှာ ထွေထွေထူးထူးအရေးမပါ ပါဘူး...။ဒါပေမယ့်
သူ့ကြောင့်ပဲ စကောက်တို့မောင်နှမ နှစ်ယောက် ဘိုရက်ဒ်လေ ကို စိတ်ဝင်စားဖို့ ဖြစ်လာလို့ပါ....။

စကောက်တို့ အိမ်နဲ့ သူတို့ရဲ့မူလတန်းကျောင်းလေးကြားမှာ ရက်ဒ်လေမိသားစုအိမ်ကြီးတည်ရှိပါတယ်။
အဖိုးကြီးရက်ဒ်လေဟာ တစ်ယူသန်ကြီးပါ။သူ့သားကို ကန်နီဂန်ချာတိတ်တစ်သိုက်နဲ့အပေါင်းအသင်းလုပ်
လို့ အိမ်ထဲမှာပိတ်လှောင်ထားတာ၁၅နှစ်တိုင်တိုင်ပါပဲတဲ့။ကန်နီဂန်ဆိုတာမေကွမ်းမြောက်ပိုင်းသား၊လူဆင်း
ရဲတွေထဲက မိသားစုတစ်စုပါ။တောနေလူတန်းစားဆင်းရဲသားတွေကို မြို့ပေါ်ကလူတွေက အပေါင်းအသင်း
မလုပ်ကြတဲ့အပြင် သတိထားဆက်ဆံစရာအဖြစ်သဘောထားကြပါတယ်။အပယ်ခံတွေပေါ့ဗျာ...။ဘိုရက်ဒ်
လေ လူပျိုပေါက်ဘဝက အဲဒီကန်နီဂန်ချာတိတ်တစ်သိုက်နဲ့အပေါင်းအသင်းဖြစ်ပြီး တစ်ညမှာတော့ မြို့
အုပ်ချုပ်ရေးပိုင်းက လူကြီးတစ်ယောက်ကို စနောက်မိပါတယ်။အဲဒီအမှုနဲ့ တရားရုံးက လူငယ်လေးအားလုံး
ကို လူငယ်ပြုပြင်ရေးစက်မှုလက်မှုကျောင်းကို ပို့ပါတယ်။တစ်ယူသန်ကြီးရက်ဒ်လေဟာ သူ့သား ဘိုရက်ဒ်
လေ ကိုစက်မှုလက်မှုကျောင်းကို အပို့မခံပဲ ခံဝန်ဂတိနဲ့ အိမ်ပြန်ခေါ်ထားပါတယ်။အဲဒီအချိန်ကစလို့ ဘို
ရက်ဒ်လေကို ဘယ်သူမှမမြင်၊မတွေ့ရတော့ပါဘူး။အဖိုးကြီးရက်ဒ်လေ ဆုံးပါးသွားပြီးနောက်ပိုင်းမှာလည်း
သူ့သားအကြီး၊ဘိုရက်ဒ်လေရဲ့အကိုက ဘိုရက်ဒ်လေကို ဆက်လက် ချုပ်ချယ်ထားခဲ့ပါတယ်...။

ဒီတော့ ဘိုရက်ဒ်လေဟာမေကွမ်းမြို့လေးမှာအင်မတန်မှ ဒဏ္ဍာရီဆန်တဲ့လူတစ်ယောက်အဖြစ်ကျော်ကြား
နေပါတော့တယ်။ဘိုရက်ဒ်လေကို မကောင်းဆိုးဝါးတစ်ကောင်၊သူရူးတစ်ယောက်အဖြစ် သတ်မှတ်ထားကြ
တာပါ။စကောက်တို့ကလေးတွေဆို ရက်ဒ်လေအိမ်ကြီးရှေ့ရောက်ရင် ကြောက်စိတ်နဲ့ အပြေးကျော်ဖြတ်
ကြတာပါတဲ့...။အဲဒီလို မကောင်းဆိုးဝါးတစ်ယောက်ကိုမှ စိတ်ဝင်စားနေတဲ့သူကတော့ စကောက်တို့ရဲ့
သူငယ်ချင်းလေး ဒီလ် ပါ။

ဒီလ် ဟာ အိမ်ထောင်ကျိုးမိသားစုက ပေါက်ဖွားလာတဲ့ကလေးတစ်ယောက်ပါပဲ၊ရုပ်ရှင်တွေကိုစိတ်ဝင်စား
တဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့ ဒီလ် လေးဟာ လျှို့ဝှက်ဆန်းကျယ်လှတဲ့ ဘိုရက်ဒ်လေ ကိုစိတ်ဝင်စားတာ
အဆန်းတော့မဟုတ်ပါဘူး။နွေရာသီကာလများမှာ မေကွမ်းမြို့ကို ဒီလ်ရောက်လာတိုင်း စကောက်တို့
မောင်နှမနဲ့အတူ ဘိုရက်ဒ်လေ ကို အိမ်ပြင်ထွက်လာအောင် အမျိုးမျိုးကြိုးစားပါတော့တယ်။ရက်ဒ်လေ
ခြံဝန်းကြီးထဲကို ကျူးကျော်ဝင်ရောက်ပြီး ဘိုရက်ဒ်လေကို စာတစ်စောင်ပေးဖို့ကြိုးစားတာမျိုး၊ဘိုရက်ဒ်လေ
ဘာလုပ်နေသလဲဆိုတာကို ချောင်းကြည့်ဖို့ကြံစည်တာမျိုးတွေပါ။သူတို့ မအောင်မြင်ခဲ့ပါဘူး...။

ဒါပေမယ့် ဘိုရက်ဒ်လေကတော့ သူတို့ဘာလုပ်နေတယ်ဆိုတာ သိနေပါတယ်။သူ့ကို ထိတွေ့ဖို့ကြိုးစား
နေတဲ့ ကလေးတွေကိုလည်း ကျိတ်ပြီး ခင်မင်နေပုံရပါတယ်။အထူးသဖြင့် မဟုတ်မခံစွာတေးလန်လေး
စကောက်နဲ့ လူကြီးလေးတစ်ယောက်လိုတွေးတွေးစစ ရှိတဲ့ ဂျင်မ် တို့မောင်နှမကိုပါ။ဒါကြောင့်ပဲ သူဟာ
စကောက်တို့မောင်နှမ နှစ်ယောက်အတွက် ပီကေလေးတွေ၊အရုပ်ကလေးတွေ၊ချည်လုံးလေးတွေကို
ရက်ဒ်လေအိမ်ကြီးရှေ့က ဝက်သစ်ချပင်ရဲ့သစ်ခေါင်းထဲမှာ ထည့်ထားပေးတတ်လေ့ရှိပါတယ်။ရက်ဒ်လေ
အိမ်ကြီးရှေ့က ဖြတ်ပြီးကျောင်းသွားတဲ့ ကလေးဆိုလို့ စကောက်တို့မောင်နှမနှစ်ယောက်ပဲရှိတာပါ။

~~~~~~~~~~~~~~~~~~

စကောက်လေး ဟာ အဲဒီနှစ်ကမှ ကျောင်းစတက်ရတာပါ။သူကျောင်းတက်ရတာအဆင်မပြေပါဘူး။အဲဒီနှစ်
က စကောက်တို့ကျောင်းကို ဆရာမအသစ်ကလေးတစ်ယောက်ပြောင်းလာပါတယ်။နောက် ဒီနှစ်မှာပဲ
ဂျူးဝေးစနစ်ဆိုတဲ့ စနစ်သစ်နဲ့စသင်ပါတယ်။အဲဒီစနစ်သစ်အရ ဆရာမဟာ ခုနှစ်မှကျောင်းစတက်တဲ့
ကလေးတွေကို စာရေးစာဖတ်မသင်ပေးပဲ ပုံပြင်ပြောပြတာမျိုး၊အရုပ်ကားချပ်လေးတွေထောင်ပြတာမျိုး
လေးတွေနဲ့ပဲ အစပြုသင်ပေးတာပါ။စကောက်လေးကတော့ ကောင်းစွာစာရေးတတ်၊ဖတ်တတ်နေပါပြီ။
မိခင်မဲ့ရှာတဲ့ စကောက်လေးဟာ ညဘက်တွေမှာ သူ့ဖခင်ဖြစ်သူ သတင်းစာ၊မဂ္ဂဇင်းတွေဖတ်တိုင်း ဖခင်
ရဲ့ပေါင်ပေါ်ထိုင်ပြီး နာထောင်နေရာကနေ စာဖတ်တတ်လာတာဖြစ်ပါတယ်။စာလုံးတွေကို လက်နဲ့ထောက်
ပြီး အသံထွက်ဖတ်တတ်တဲ့ ဖခင်ဖြစ်သူရဲ့ အသံကိုနားထောင်ရင်း၊စာလုံးတွေကို ထောက်ထားတဲ့ ဖခင်ရဲ့
လက်ချောင်းတွေကို လိုက်ကြည့်ရင်းကနေ စာဖတ်တတ်သွားတာပါ။ဒါ့အပြင် စကောက်တို့ရဲ့ အိမ်ထောင်
ထိန်း လူမည်းအမျိုးသမီးကြီး ကာလ်ပါးနီယား ဟာ ကလေးတွေကို သမ္မာကျမ်းစာထဲက စာတွေကို ကူးရေး
ခိုင်းလေ့ရှိရာကနေ စကောက်တို့မောင်နှမဟာ စာရေးတတ်သွားခဲ့တာပါ။

ဒါကို မသိတဲ့ ဆရာမလေးက စကောက်တို့ကို သူ့အဖေက စာသင်ပေးတယ်ထင်နေပါတယ်။ဖခင်ဖြစ်သူ
ကို စာသင်မပေးဖို့ ပြောရမယ်လို့ စကောက်ကို ပြောလာပါတယ်။ဒါကို စကောက်က လုံးဝလက်မခံပါဘူး။
တကယ်ဆိုတော့လည်း သတင်းစာထဲက ဓာတ်ပုံတွေကို လိုက်ကြည့်တာ၊အဖြစ်အပျက်တွေကို ပုံပြင်သ
ဖွယ်နားထောင်ခဲ့ရတာဟာ စနစ်သစ်ပညာရေးနဲ့ ဘာမှမကွာဘူးဆိုတာ ဆရာမလေးရော၊စကောက်ရော
မသိခဲ့ပါဘူး။ဒီတော့ အတန်းထဲမှာ စာကောင်းစွာတတ်နေပြီဖြစ်တဲ့ စကောက်လေးကို ဆရာမက သိပ်မ
ကြည်ပါဘူး။ဒီကြားထဲမှာ ဝေါ်တာကန်နီဂန်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်နဲ့ပတ်သက်ပြီး ဆရာမ
နဲ့ စကောက်လေးတို့ ပြဿနာဖြစ်ပါတော့တယ်....။

ဝေါ်တာကန်နီဂန်လေးဟာ ဆင်းရဲသားကန်နီဂန်လေး ဖြစ်တာနဲ့အညီ နေ့လည်စာထမင်းချိုင့်မထည့်နိုင်
သလို၊မုန့်ဖိုးလည်းမရှိရှာပါဘူး။ဒါကိုမသိတဲ့ ဆရာမက တစ်ရက်မှာ ဝေါ်တာလေးထမင်းချိုင့်မေ့လာတယ်
ထင်ပြီး မုန့်ဝယ်စားဖို့ ပိုက်ဆံတစ်မတ်ထုတ်ပေးပါတယ်။ဝေါ်တာလေးကမယူပါဘူး၊ဆရာမကလည်းအ
တင်းပေးသပေါ့လေ...။အဲဒီမှာ စကောက်က ဝင်ရှင်းပြပါတယ်။ကန်နီဂန်အမျိုးတွေဟာ အင်မတန်ဆင်းရဲ
ကြတဲ့အကြောင်း၊ဆင်းရဲပေမယ့်လည်း သူတို့ပြန်မပေးနိုင်တဲ့ ပိုက်ဆံကို ဘယ်တုန်းကမှ မယူကြတဲ့အ
ကြောင်း၊ပြန်ပေးစရာရှိရင်လည်း ထင်း၊အသီးအနှံ အစရှိတဲ့ လယ်ယာထွက်ကုန်တွေနဲ့ပဲ ပေးနိုင်ကြတဲ့
အကြောင်းတွေပါ။

ကန်နီဂန်တို့အကြောင်းကို စကောက်လေးက ကောင်းစွာသိပါတယ်။ဘာလို့လည်းဆိုတော့ ဝေါ်တာကန်
နီဂန်ရဲ့ အဖေ မစ္စတာဝေါ်တာ မြေယာပေါင်ထားတဲ့အမှုဖြစ်တုန်းက မစ္စတာဝေါ်တာ ဘက်ကနေ စကောက်
ရဲ့အဖေ မစ္စဖင့်ခ်ျ က ရှေ့နေလိုက်ပေးထားခဲ့လို့ပါ။ရှေ့နေခတစ်ပြားမှ မယူပေမယ့် မစ္စတာဝေါ်တာ ဟာ
ထင်းစည်းလို၊မုန့်လာဥအိတ်တွေလို လယ်ယာထွက်ကုန်တွေကို စကောက်တို့အိမ်ရှေ့မှာ တိတ်တိတ်လေး
လာထားပြီး ရှေ့နေခပေးခဲ့တာပါ...။

ဒါပေမယ့် ဆရာမကတော့ စကောက်ကို သူ့ကိုဆရာလုပ်တယ်လို့အထင်လွဲသွားပြီးပြစ်ဒဏ်ပေးခဲ့ပါတယ်။
ဒီတော့ စကောက်လေးလည်း ကျောင်းမတက်ချင်တော့ဘူးပေါ့...။ဖြစ်ပျက်သမျှကို သူကအဖေကိုပြောပြပြီး
ကျောင်းမတက်ချင်တော့ဘူးပြောပါတယ်။စကောက်အဖေ အာတီကတ်ဖင့်ခ်ျ က စကောက်ကို နားလည်
ပြောဆိုဆုံးမရှာပါတယ်။

" သမီး ပထမဆုံးနားလည်ထားဖို့က လူတွေနဲ့အဆင်ပြေဖို့ သူတို့ရှုထောင့်ကနေ ဝင်ကြည့်တတ်ဖို့ပဲ၊
အဲ့လိုမကြည့်တတ်မချင်း သမီးဘယ်သူ့ကိုမှ နားလည်နိုင်မှာ မဟုတ်ဘူး၊သူတို့ဖိနပ်ကိုစီးပြီး သူတို့နေရာ
က ခံစားကြည့်တတ်ရမယ်...."

စာရေးသူဟာ လူတွေအပေါ် ထားရှိရမယ့် နားလည်မှုနဲ့ ကိုယ်ချင်းစာတရား အကြောင်းကို မစ္စတာဖင့်ခ်ျ
ကနေ ပြောပြလေ့ရှိပါတယ်....။နားလည်မှုနဲ့ကိုယ်ချင်းစာတရားအကြောင်းကို စဉ်းစားမိတိုင်း ကျွန်တော့်
အတွေးထဲမှာ ဝေဝါးမှုတွေဖြစ်လာတတ်စမြဲပါ။ကျွန်တော်တို့ လူတစ်ယောက်ကိုဘယ်လောက်နားလည်ပေး
နိုင်သလဲ...၊ဘယ်လောက်ကိုယ်ချင်းစာတရားထားနိုင်သလဲ.....၊သူ့နေရာကနေ ဘယ်လောက် ဝင်ပြီးခံစား
ပေးနိုင်သလဲ....၊ကိုယ့်အပေါ် ဆိုးယုတ်ကောက်ကျစ်နေတဲ့ လူတစ်ယောက်အပေါ်မှာရော....ဘယ်လောက်
သည်းခံခွင့်လွတ်နားလည်ပေးနိုင်သလဲ...၊

နောက်....ကျွန်တော်တို့ရဲ့ နားလည်မှုနဲ့ကိုယ်ချင်းစာတရားကရော....အစစ်အမှန်ဟုတ်ပါရဲ့လား.....။
သနားစရာကောင်းတဲ့ ကလေး လေးတစ်ယောက်ကိုမြင်ရင် သားသမီးချင်းကိုယ်ချင်းစာမိတယ်ဆိုတာ၊
ကားပေါ်၊ရထားပေါ်မှာ အဖိုးအိုအဖွားအိုတွေကို မိဘချင်းကိုယ်ချင်းစာပြီး နေရာဖယ်ပေးတယ်ဆိုတာ၊
တကယ်ကိုယ်ချင်းစာတာလား....၊သနားစရာကောင်းတဲ့ လူတွေမို့ သနားမိတာလား....။နောက် ကျွန်တော်
တို့ရဲ့ ကိုယ်ချင်းစာတရားဟာ ကိုယ့်အကျိုးစီးပွား၊ကိုယ့်အတ္တကိုဆိုးဆိုးရွားရွားထိခိုက်လာရင်ပျောက်ကွယ်
သွားလေ့ရှိတာကိုလည်း သတိထားမိပါရဲ့...၊နောက် အင်မတန်မှ ယုတ်မာဆိုးရွားလှတဲ့လူတစ်ယောက်ကို
ရော....ကျွန်တော်တို့ ဘယ်အတိုင်းအတာအထိ နားလည်ပေးနိုင်မှာပါတဲ့လဲ....၊ကျွန်တော့်ရင်ထဲက အမေး
ပုစ္ဆာတွေကို ဒီဝတ္ထုလေးက တစွန်းတစ အဖြေပေးခဲ့ပါတယ်.....။

~~~~~~~~~~~~~~~~~~~~~~

ဆောင်းဝင်လာပါပြီ....၊စကောက်လေးလည်း ဒုတိယတန်းကို တက်နေရပြီဖြစ်ပါတယ်....။အဲဒီဆောင်းတွင်း
မှာ အဘွားကြီးမစ္စရက်ဒ်လေ ကွယ်လွန်းသွားပါတယ်...၊စကောက်တို့ရဲ့အိမ်နီးချင်း သဘောကောင်းတဲ့
မစ္စမော်ဒီ့အိမ် မီးလောင်သွားပါတယ်....။အဲဒီဆောင်းကာလမှာပဲ စကောက်လေးရဲ့ ဘဝခရီးကြမ်းရှည်ကြီး
စတယ်တော့တယ်.....။သူ့အဖေ မစ္စဖင့်ခ်ျဟာ လူမည်းလေးတွမ်ရဲ့ဘက်ကနေ အမှုလိုက်ပေးရပါတယ်။
မုဒိမ်းမှုနဲ့ အဖမ်းခံထားရတာပါ...။လူဖြူတစ်ဦးဖြစ်တဲ့ အလုပ်လက်မဲ့၊ကလေကချေ မစ္စတာအာဝဲရဲ့သမီး
မေရီလာ ကို အဓမ္မပြုမှုနဲ့ပါ...။

တစ်မြို့လုံးမှာ ရှိတဲ့ လူဖြူအားလုံးလိုလိုက မစ္စတာအာဝဲဘက်က ပါ ပါတယ်...၊ဖြစ်ရပ်အမှန်ကို ဘယ်သူမှ
မဝေခွဲနိုင်ပါပဲလျက် တွမ်ရော်ဘင်ဆင် ဟာ သေဒဏ်ကျခံသင့်တယ် လို့ပဲမြင်ကြပါတယ်...၊တရာခံရှေ့နေ
ကြီး မစ္စတာဖင့်ခ်ျ ကိုလည်း တရားရုံးကတာဝန်ပေးသည့်တိုင် မငြင်းဆန်ပဲ တက်ကြွစွာလိုက်ပါဆောင်ရွက်
နေလို့ တစ်မြို့လုံးက ဝိုင်းဝန်းဝေဖန်ကြပါတယ်....။ဂျင်နဲ့စကောက်တို့လည်း ကျောင်းမှာ အခြားကျောင်း
သားတွေက စနောက်ပြောဆိုကြတာကို ခံကြရပါတယ်...။ဒီအမှုကို ဘာကြောင့်လိုက်ခဲ့သလဲလို့ စကောက်
လေးက သူ့အဖေကို မေးခွန်းထုတ်ခဲ့ပါတယ်...။

" သူ့ဘက်က ရှေ့နေလိုက် မပေးသင့်ဘူးလို့ လူတွေပြောနေလျက်နဲ့ ဖေဖေက ဘာလို့ ဒီအမှုကိုလက်ခံ
တာလဲ......"

"အကြောင်းတွေအများကြီးပေါ့ သမီးရယ်.....၊အဓိက ကတော့ ဒီအမှုကို ဖေဖေလက်မခံရင် ဒီမြို့မှာ ဖေဖေ
ခေါင်းဖော်ရဲမှာ မဟုတ်တော့လို့ပဲ၊ပြီးတော့ ဖေဖေဟာ ဒီနယ်ကိုကိုယ်စားပြုတဲ့ ဥပဒေဝန်ထမ်းလေ...၊ဒီအမှု
ကို ငြင်းလိုက်ရင် သမီးနဲ့ဂျင်မ်ကိုတောင် ဖေဖေ ပြောပိုင်ဆိုပိုင်ခွင့် ရှိတော့မှာ မဟုတ်တော့ဘူး.....။

မစ္စတာဖင့်ခ်ျရဲ့အဖြေစကားပါ...။တကယ်ဆိုရင် တစ်မြို့လုံးနီးပါးက အာဝဲဘက်က ရှိနေပါလျက်နဲ့ ဘာဖြစ်
လို့ မစ္စတာဖင့်ခ်ျဟာ တွမ်ရော်ဘင်ဆင်ဘက်က ကာကွယ်ခဲ့ရပါသလဲ...၊ဒီအမှုကိုသာငြင်းလိုက်ရင်တစ်မြို့
လုံးကသူ့ကိုချီးကျူးကြမှာဖြစ်ပါလျက် ဘာလို့ ဒီအမှုကို လက်မခံရင် ဒီမြို့မှာ ခေါင်းဖော်ရဲမှာ မဟုတ်တော့
ဘူးလို့ ပြောခဲ့တာပါလဲ....၊ရှင်းပါတယ်..... အမှန်တရားဟာ တွမ်ရဲ့ဘက်မှာရှိနေလို့ပါ...၊သူဒီအမှုကိုငြင်းခဲ့
ရင် လက်တလောမှာ သူရဲကောင်းတစ်ယောက်ဖြစ်နေနိုင်မှာဖြစ်ပေမယ့် အမှန်တရားပေါ်ထွက်လာရင် သူ
ဟာ  အင်မတန်မှ သူရဲဘောကြောင်တဲ့လူတစ်ယောက်အဖြစ် ရောက်သွားမှာသေချာပါတယ်....။

ခုလိုပြောသွားတဲ့ ဖင့်ခ်ျရဲ့ စကားလုံးတွေထဲမှာ ဥပဒေဝန်ထမ်းတစ်ယောက်ရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့ ရဲဝံ့မှု
ကို မြင်တွေ့ရမှာဖြစ်သလို၊ သားသမီးတွေအပေါ်မှာ ဖခင်ကောင်းတစ်ယောက်ထားရှိရမယ့် စံနမူနာပြယုဒ်
တစ်ခုကို မြင်တွေ့လိုက်ရပါရဲ့....၊အမှန်တရားဘက်မှာ မရပ်တည်ဝံ့ခဲ့တဲ့ ဖခင်တစ်ယောက်ဟာ သူ့သား
သမီးတွေကို ဘယ်လိုများသွန်သင်ဆုံးမနိုင်မှာတဲ့လဲဗျာ.....။(စကားမစပ် ဒီနေရာမှာ ကျွန်တော်တို့ရွှေပြည်
ကြီးက လူကြီးသားသမီးတွေ ဆိုးသွမ်းသောင်းကျန်းကြတာ ကိုသွားသတိရမိတယ်...၊အင်း...လူကြီးတွေ
ကိုယ်တိုင်က မှန်မှန်ကန်ကန်မရှိတော့ ကိုယ့်သားသမီးကိုတောင် မဆုံးမဝံ့၊မဆုံးမနိုင်တာ ထင်ရဲ့နော့.... )

~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီဇင်ဘာခရစ်စမတ်ကာလကို မစ္စတာဖင့်ခ်ျတို့ သားအဖတစ်တွေ ဖင့်ခ်ျယာတောအိမ်ကြီးမှာ အရင်နှစ်များ
လိုပဲ ဆွေမျိုးအားလုံးစုစည်းလို့ ကျင်းပကြပါတယ်...။ဆွေမျိုးတွေကြားထဲမှာလည်း ဒီအမှုကို မစ္စတာဖင့်ခ်ျ
လိုက်ခဲ့တဲ့အတွက် သိပ်မကြည်ကြပါဘူး။မစ္စတာဖင့်ခ်ျဟာ ဂျင်နဲ့စကောက်တို့ကို ခရစ်စမတ်လက်ဆောင်
အဖြစ် လေသေနတ်တစ်လက်စီပေးခဲ့ပါတယ်....။

"..........ကျီးကန်းတွေ၊ဆက်ရက်တွေကို ကြိုက်သလောက်ပစ်၊ဒါပေမယ့် တေးဆိုငှက်လေးတွေကိုတော့
မပစ်ရဘူးနော်....ငရဲကြီးတတ်တယ်....."

 မစ္စတာဖင့်ခ်ျက သူ့သားသမီးနှစ်ယောက်ကို သွန်သင်ခဲ့တာပါ။ဒီဇာတ်လမ်းတစ်ခုလုံးမှာ ဝတ္ထုခေါင်းစဉ်နဲ့
ပတ်သက်တာဆိုလို့ ဒီစကားလေးတစ်ခွန်းပဲ ပါပါတယ်...။To Kill A Mockingbird ဆိုတာကို (ဦး)တင်
မောင်မြင့်က တောင်ပံမဲ့သင်းကွဲတေးဆိုငှက် လို့ ဘာသာပြန်လိုက်တာကလည်း အရမ်းကို လှပါတယ်....။
ရုတ်တရက်ကြည့်ရင်တော့ ဇာတ်လမ်းနဲ့ နာမည်ဟာ ဘာမှမဆိုင်သလိုထင်ရပေမယ့် အဲ့ဒီနာမည်လေးဟာ
ဇာတ်လမ်းတစ်ခုလုံးကို ခြုံငုံမိသွားပါတယ်...။

တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် ဟာ ဘယ်သူ့ကိုရည်ညွှန်းတာပါလဲ၊အသက်၅၀အရွယ်မျက်ဆီတစ်ဘက်
ကွယ်လုနီးပါးဖြစ်နေတဲ့ လူသားအားလုံးကို ကိုယ်ချင်းစာတရားနဲ့နားလည်မှုပေးနိုင်တဲ့၊အမှန်တရားဘက်က
ရပ်တည်လို့ အားလုံးရဲပြစ်တင်ရှုံ့ချခြင်းကိုခံရတဲ့ မစ္စတာဖင့်ခ်ျလား...၊ရိုးသားအပြစ်ကင်းတဲ့ အနှိမ်ခံလူမည်း
တွမ်လား...၊ပကတိဖြူစင်တဲ့ကလေးငယ်လေးတွေလား...၊ဒါမှမဟုတ် ဘိုရက်လေ လား..၊သူတို့အားလုံးကို
ပဲ ဆိုလိုတာလားဆိုတာ ကတော့ ကျွန်တော်တို့စာဖတ်သူတွေပဲ ဘာသာတွေးဆယူရမှာပါ....။

~~~~~~~~~~~~~~~~~~~~

ဂျင်မ်လေး ၁၂နှစ်ပြည့်ပြီးနောက်တစ်ရက်မှာ သူတို့မောင်နှမနှစ်ယောက် ကစားစရာလေးတွေ ထွက်ဝယ်
ပါတယ်....၊အဲဒီမှာ သူတို့ရဲ့ အိမ်နီးနားချင်းတစ်ဦးဖြစ်တဲ့ နာတာရှည်ရောဂါသည်၊ဖော်ဖင်းစွဲနေရှာတဲ့ အဘွားကြီးမစ္စဒူဘို့စ်နဲ့ ပြဿနာတက်ပါတော့တယ်....၊ထုံးစံအတိုင်း အဖွားကြီးက ဂျင်မ်တို့မောင်နှမနှစ်
ယောက်ကို အမနာပပြစ်တင်ဆူပူပါတယ်...၊အရင်ကတည်းကလည်း အဲဒီအဖွားကြီးက ဂျင်မ်တို့မောင်နှမ
နှစ်ယောက်ကိုတွေ့တိုင်း ဗျစ်တောက်ဗျစ်တောက်ပြောနေကြပါပဲ...၊ဒီတစ်ခါတော့ သူ့အဖေကို လူမည်း
ဘက်ပါရကောင်းလားဆိုပြီး နှိမ်ချပြောဆိုလာတဲ့အတွက် ဂျင်မ်တစ်ယောက် အကြီးအကျယ်ပေါက်ကွဲပြီး
မစ္စ္စ္စဒူဘို့စ်ရဲ့ ဖယောင်းပန်းခြံလေးကို ရစရာမရှိအောင်ဖျက်ဆီးလိုက်မိပါတယ်...။

မစ္စတာဖင့်ခ်ျ သိသွားတော့ သူ့သားကို ချက်ချင်းသွားတောင်းပန်ခိုင်းပါတယ်...၊စကောက်လေးက ဒါကိုမ
ကျေနပ်ပါဘူး....၊မစ္စတာဖင့်ခ်ျက ခုလို သူ့သမီးငယ်လေးကို ရှင်းပြပါတယ်...။

" ခုအချိန်မှာ ဖေဖေပြောနိုင်တာကတော့ သားတို့သမီးတို့ ကြီးလာလို့ ဒီပြဿနာကို ပြန်ပြီးသုံးသပ်တဲ့အ
ခါ၊မေတ္တာတရားနဲ့ယှဉ်ပြီး သမီးတို့ ကြည့်လာနိုင်မယ်....။သမီးတို့ကို အောက်တန်းနောက်တန်းကျအောင်
လုပ်တာမဟုတ်ဘူး၊အများတံတွေးခွက်မှာ ပက်လက်မျောအောင်လုပ်တာမဟုတ်ဘူး ဆိုတာတွေးမိလာလိမ့်
မယ်။ဒီတွမ်ရောဘင်ဆင်အမှုဟာ လူ့အသိစိတ်ဓာတ်နဲ့ဆိုင်တယ်၊ဒီလူကိုဖေဖေမကူညီရရင် ဖေဖေဘုရား
ရှိခိုးကျောင်းလည်း သွားရဲမှာ မဟုတ်တော့ဘူး၊ဘုရားသခင်ထံမှာလည်း ရှိခိုးရဲမှာ မဟုတ်တော့ဘူး..... "

" ဖေဖေမှားသွားပြီ..... "

" ဘယ်လိုမှားတာတုန်း.... "

" အများစုက သူတို့မှန်တယ် ထင်နေကြတော့ ဖေဖေ မှား လို့ဖြစ်မှာပေါ့..... "

" သူတို့ဟာသူတို့  ကြိုက်သလိုထင်နိုင်တယ်၊သူတို့ထင်မြင်ချက်ကို သူတို့ ယုံကြည်ခွင့်ရှိတယ်၊ဒါပေမယ့်
ဖေဖေက သူတို့နဲ့ သဟဇာတဖြစ်ဖို့ထက် ဖေဖေ့အတ္တနဲ့ သဟဇာတဖြစ်ဖို့လိုတယ်လေ..... "

ဟုတ်ပါရဲ့နော်...တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ အများနဲ့သဟဇာတဖြစ်ဖို့အတွက် ရေငုံနှုတ်ပိတ်
နေရတာတွေ ရှိနေတတ်ပါတယ်...၊ဒီအတွက် ကျွန်တော်တို့ ဆုံးရှုံးသွားရတာက မိမိကိုယ်ကိုယုံကြည်လေး
စားမှုပါ...၊တစ်ကယ်ဆို ကိုယ့်စိတ်ခံစားချက်၊ကိုယ့်အတ္တနဲ့ ကိုယ့်အပြုအမူတွေဟာ သဟဇာတဖြစ်နေဖို့
အရေးကြီးတာမဟုတ်ပါလား...၊အများအမြင်မှာတော့ ခေါင်းမာတဲ့၊တစ်ယူသန်ဖြစ်ကောင်းဖြစ်နေနိုင်တာ
ပေါ့လေ......။

အဘွားကြီး မစ္စဒူဘို့စ်က ဂျင်မ့်ကို ဒဏ်ပေးတဲ့အနေနဲ့ တလတိတိ သူ့ကိုစာဖတ်ပြရမယ်လို့တောင်းဆို
ပါတယ်...၊ဂျင်မ်လည်း စိတ်ပျက်စွာနဲ့ နေ့တိုင်း စာဖတ်ပြခဲ့ရပါတယ်...။မစ္စတာဖင့်ခ်ျကတော့ အဘွားကြီး
မတောင်းဆိုသည့်တိုင် သူကိုယ်တိုင်လွှတ်ဖို့ဆန္ဒရှိနေတာပါ။ဘာလို့လည်းဆိုတော့ စိတ်ဓာတ်လည်းမာ၊
ခေါင်းလည်းမာတဲ့ မစ္စဒူဘို့စ်ကို သူ့သားသမီးတွေ နားလည်မှုပေးနိုင်စေချင်လို့ပါပဲ....၊ဂျင်မ်လေးစာဖတ်
ပြပြီး မကြာမတင်လေးမှာပဲ မစ္စဒူဘို့စ် ဆုံးသွားပါတယ်...၊အဘွားကြီးက ဂျင်မ့်အတွက် ဖယောင်းပန်းပွင့်
လေးတစ်ပွင့်ကို ကပ်ထူဘူးလေးထဲထည့်ပြီး အမှတ်တရပေးခဲ့ပါတယ်...၊ဂျင်မ်က အဘွားကြီး သူ့ကို
တစ်သက်လုံး စိတ်ဆင်းရဲအောင်လုပ်သွားတယ်လို့ထင်ပေမယ့် မစ္စတာဖင့်ခ်ျက ခုလိုရှင်းပြပါတယ်....။

" ဖေဖေ့အထင်တော့ အားလုံးကို သူနားလည်ပါတယ်...၊အားလုံးပြီးသွားပြီလို့ သူပြောသွားတာပဲ...၊.......
........၊အရာဝတ္ထုတွေကို ကြည့်မြင်တဲ့နေရာမှာ သူဟာ သူ့ရှုထောင့်က သူကြည့်တတ်တယ်...၊ကိုယ်ပိုင်
အယူအဆရှိတယ်....၊ဖေဖေ့ရှုထောင့်နဲ့တော့မတူဘူးပေါ့....."

 ~~~~~~~~~~~~~~~~

ဆောင်းကုန်လို့ နွေကူးပါပြီ...၊ဂျင်မ်လည်း ကြီးကောင်ဝင်လာပါပြီ...၊စကောက်လေးနဲ့တော့ သိပ်မတည့်
တော့ဘူးပေါ့...၊သူတို့မောင်နှမကို ထိန်းသိမ်းဖို့အတွက် အာတီကပ်ဖင့်ခ်ျက သူ့နှမဖြစ်သူကို အိမ် ကို
အလည်ခေါ်ထားပါတယ်...၊ပြောရရင် အာတီကပ်ဖင့်ခ်ျနဲ့ သူ့နှမအလက်ဇန်းရား တို့ဟာ အမြင်ခြင်းတူ
သူတွေမဟုတ်ပါဘူး...၊ဂျင်မ်တို့မောင်နှမ၊အထူးသဖြင့် စကောက်လေးနဲ့ လည်း အစေးကပ်လှတယ်မ
ဟုတ်ပါဘူး...။ဒါပေမယ့် ပြဿနာတွေရှုပ်ထွေးလာနိုင်တဲ့ အဲဒီနွေမှာ ကလေးတွေကို ထိန်းသိမ်းနိုင်ဖို့
မစ္စတာဖင့်ခ်ျက သူ့နှမကို ခေါ်ထားတာပါ...။

အဲဒီနှစ်နွေမှာ ဖခင်အသစ်ရထားပြီး သူ့ဖခင်အသစ်နဲ့အတူ လှေတစ်စင်း စပ်မှာမို့လို့ အလည်မလာနိုင်
တော့ပါဘူးလို့ စာရေးအကြောင်းကြားထားတဲ့ ဒီလ် တစ်ယောက် ညကြီးမိုးချုပ် ပုန်းလျှိုးကွယ်လျှိုးနဲ့
စကောက်လေးရဲ့ ကုတင်အောက်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်...။သူ အိမ်ကထွက်ပြေးလာ
တာပါ...၊ဖခင်အသစ်ရခဲ့ပေမယ့် ဒီလ်လေး လိုချင်တောင့်တနေရှာတဲ့ မိသားစုဘဝကိုတော့ မရခဲ့ရရှာပါဘူး။
သူလိုချင်တဲ့ ကစားစရာအသစ်တွေ၊ရုပ်ရှင်ကားတွေ ရခဲ့ပေမယ့် သူ့မိဘတွေက ပါးစပ်ကနေသာ ချစ်တယ်
ပြောခဲ့ကြပြီး ကလေး ကိုတော့ ဂရုမစိုက်ခဲ့ကြပါဘူး။အဲဒါနဲ့ သူ အိမ်ပြေးလေး လုပ်ခဲ့တာပါ...။မစ္စ္စ္စတာဖင့်ခ်ျ
က ဒီလ်ရဲ့ အဒေါ်ဖြစ်သူကို အကြောင်းကြားပြီး အဲဒီညမှာတော့ သူ့အိမ်မှာပဲ စောင့်ရှောက်ထားခဲ့ပါတယ်..။
ဒီလ်လေး ရဲ့ အဒေါ်ကလည်း သူတို့ရဲ့ အိမ်နီးနားချင်းပါပဲ...။

အဲဒီညမှာ ဒီလ်နဲ့ စကောက် တို့ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်...၊ကလေးတွေပီပီ ကလေးအ
တွေးနဲ့ ရောက်တတ်ရာရာလေးတွေပြောခဲ့ကြတာပါ...။ဒီလ်လေးက တစ်နေ့မှာ စကောက်ကို လက်ထပ်
မယ်လို့ ကတိပေးပါတယ်..၊ပြီး သူဖတ်ဖူးတဲ့ပုံပြင်ထဲကလို ကျွန်းတစ်ကျွန်းပေါ်က သစ်ပင်ကြီးမှာ ကလေး
တွေ သွားဆုတောင်းမယ်တဲ့...။မိသားစုဘဝကို တောင့်တရှာတဲ့ သနားစရာလေး ဒီလ်ပါ..။စကောက်က
တော့ ကလေးတွေဆိုတာ မီးခိုးခေါင်တိုင်ထဲက ကျလာတာလို့ ဆိုပါတယ်... :)။အဲဒီလို ရောက်တတ်ရာရာ
တွေပြောနေကြရင်းက ဒီလ် အိမ်ပြေးဘဝ အကြောင်းကိုရောက်သွားပါတယ်...၊စကောက်က ဒီလ် ကိုမေး
ခွန်းတစ်ခုမေးပါတယ်...။

" ဘိုရက်ဒ်လေ၊သူအိမ်ကနေ ဘာလို့ ထွက်မပြေးတာလဲ ဆိုတာ နင် တွေးကြည့်ဖူးလား ဒီလ်.... "

ဒီလ်က သက်ပြင်းရှည်ကြီးချပြီး တစ်ဘက်သို့လှည့်လိုက်ပါတယ်.....

" သူပြေးစရာမြေမရှိလို့နေမှာပေါ့ဟာ..... "

ဘိုရက်ဒ်လေ ဟာ လောကကြီးကို အတော်စိတ်ကုန်သွားပုံရပါတယ်...။ရှေးရိုးစွဲဝါဒီတွေ၊တစ်ယူသန်တွေ၊
တစ်ဘက်သားကို နားလည်မှုမရှိတဲ့လူတွေနဲ့ သူဆက်ဆံချင်ပုံမရတော့ပါဘူး..၊ဒါဆို သူဘယ်ကိုထွက်ပြေး
မလဲ...၊ကမ္ဘာမြေရဲ့ အခြားတစ်နေရာရာကိုရောက်သွားလည်း သူ ဒီလို လူတွေနဲ့ပဲ တွေ့နေရမှာပါပဲ........။
ဒါကြောင့် သူဘယ်မှမသွားပဲ၊ဘယ်သူနဲ့မှ မဆက်ဆံပဲ အိမ်ထဲမှာပဲ နေနေပုံရပါတယ်..၊သူ့ကိုချုပ်ချယ်ထား
တယ်ဆိုပေတဲ့.....သူထွက်ခွာသွားချင်ရင် ထွက်သွားလို့ရတာပါပဲလေ...။ဒါပေမယ့် သူ့မှာပြေးစရာမြေမရှိ
ခဲ့ပါ...။ကျွန်တော်တို့လည်း ရံဖန်ရံခါ ဆိုသလို " ယောယိမ်းလိုက် ဘသားယိမ်းလိုက်..." လုပ်နေရတတ်ရဲ့၊
မစ္စတာဖင့်ခ်ျပြောသလို ကိုယ့်အတ္တနဲ့ကိုယ် သဟဇာတဖြစ်အောင်နေလို့ မရနိုင်ပဲ " ပြေးစရာမြေမရှိ " ဖြစ်
နေတာမျိုးတွေ ကြုံတွေ့ရခဲ့ပါပြီ.....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီလိုနဲ့ တရားခံလူမည်းတွမ် ကို ထောင်ကြီးချုပ်ကို ပြောင်းရပါတော့မယ်....။မေကွမ်းမြို့ရဲ့ အကျဉ်းထောင်
ဟာ သေးငယ်ပြီး အစောင့်တွေဘာတွေလည်း ရှိပုံမရပါဘူး....။ထောင်ကြီးကို မပြောင်းရွေ့ခင် တစ်ညမှာ
တော့ ပြဿနာတတ်ပါတော့တယ်...၊မေကွမ်းမြောက်ပိုင်းသား လူဖြူတွေက လူမည်းတွမ်ကို လူထုနည်းနဲ့
အပြစ်ပေးတော့မယ့်ပြဿနာပါ။အမှန်ဆို ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ အစောကြီးထဲက မစ္စတာဖင့်ခ်ျတို့
သတင်းရပြီးသားပါ၊ဒါပေမယ့် အဲဒီညမှာ မေကွမ်းရဲမှုးဟက်စ် က တောဘက်ဆင်းနေပါတယ်။မစ္စတာဖင့်ခ်ျ
ဟာ စိတ်မချတာနဲ့ ကုလားထိုင်တစ်လုံး၊သတင်းစာတစ်စောင်နဲ့ ထောင်ဗူးဝရှေ့မှာ စောင့်ရှောက်နေလေ
ရဲ့။သေနပ်ပစ်လက်ဖြောင့်လှသူတစ်ဦးပေမယ့် မလွဲမရှောင်သာမှ သေနပ်ကိုင်မယ်လို့ ဆုံးဖြတ်ထားတဲ့
မစ္စတာဖင့်ခ်ျမှာ ဘာလက်နက်မှမပါ ပါဘူး...၊ဂျင်မ်၊စကောက် နဲ့ ဒီလ် တို့လည်း မစ္စတာဖင့်ခ်ျ နောက်ကနေ
ပုန်းလျှိုးကွယ်လျှိုးလိုက်သွားကြပါတယ်.....။

ကြိုတင်မျှော်မှန်းထားတဲ့အတိုင်းပါပဲ...၊တစ်ယူသန်၊ရှေးရိုးစွဲကြီး လွန်းတဲ့ မေကွမ်းမြောက်ပိုင်းသားလယ်သ
မားတွေဟာ တွမ် ကိုရန်ရှာဖို့ ရောက်လာပါတယ်...၊မစ္စတာဖင့်ခ်ျကို ဖယ်ပေးဖို့ပြောပေမယ့် သူက ဖယ်မ
ပေးပါဘူး...၊ရုတ်ရုတ်သဲသဲလူအုပ်ကြားကို ရုတ်တရက်ရောက်လာတာက လူမမည်ကလေး ၃ယောက်ပါပဲ။
စကောက်လေးဟာ လူအုပ်ကြားထဲမှာ မစ္စတာဝေါ်တာကန်နီဂမ်ကိုမြင်သွားပါတယ်...၊

" ဟလို မစ္စတာကန်နီဂန်....ရှင့်ရဲ့ နောက်ဆက်တွဲသက်သာခွင့်အမှု အခြေအနေဘယ်လိုတုန်း...၊အဲ့ဟာ
ကအတော်ဆိုးတာပဲနော်....။---------------------------- ရှင့်သား ဝေါ်တာလေးကိုလည်း ကျမကနှုတ်ဆက်
တဲ့အကြောင်းပြောပေးပါနော်...... "

သူ့ဖခင်ကို အကြမ်းဖက်တော့မယ်ဆိုတာသိနေတဲ့ စကောက်လေးရဲ့ ကရားရေလွှတ်သလိုပြောလိုက်တဲ့
စကားသံတွေကို လူကြီးအားလုံးက ပါးစပ်အဟောင်းသားနဲ့ နားထောင်နေကြရပါတယ်....။နောက်ဆုံးမှာ
တော့ မစ္စတာဝေါ်တာကန်နီဂမ်ဟာ ဝေါ်တာလေးကို စကောက်ကနှုတ်ဆက်တဲ့အကြောင်းပြောပြလိုက်ပါ့
မယ် လို့ ပြောပြီး သူ့လူတွေကို ခေါ်ပြီးတပ်ခေါက်ပြန်သွားပါတော့တယ်....။

" ဆူပူမှုတစ်ခုကို လူတွေဖန်တီးတာ.....၊မစ္စတာကန်နီဂန်ဟာ ဒီလိုဆူပူမှုထဲက အစိတ်အပိုင်းတစ်ခုပဲ.......၊
ရှစ်နှစ်သမီးလေးက သူတို့ အမြင်မှန်ရအောင်လုပ်နိုင်တယ်ဆိုတာ ဒီလိုစိတ်ရိုင်းဝင်နေတဲ့သူတွေကို တားစီး
လို့ရတယ်ဆိုတာ ပြတာပဲ..... "
" ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ဟာလူတွေမို့ပဲ၊သားတို့က ဖေဖေ့နေရာကို မစ္စတာကန်နီဂမ် တစ်မိနစ်
လောက်ဝင်ကြည့်တတ်အောင် လုပ်ပေးလိုက်တာပဲ..... "

မစ္စတာဖင့်ခ်ျက သူ့သားဂျင်မ်ကို ရှင်းပြထားတာလေးပါ....။

~~~~~~~~~~~~~~~~~~~~~~~~~~
တွမ်ရဲ့ အမှုကို စတင်ကြားနာပါပြီ....။လူမည်းတွမ်ကို လူဖြူအာဝဲ က သူ့သမီးမေရီလာကို အဓမ္မပြုမှုနဲ့ပါ။
ဖြစ်ရပ်အမှန်ကတော့ မေရီလာက သာ တွမ်ကို မြူဆွယ်ခဲ့တာရယ်ပါ...။တရားရုံးကို ဂျင်မ်တို့ ကလေးသုံး
ယောက်လည်း လာရောက်နားထောင်ပါတယ်...၊ဂျင်မ်နဲ့စကောက်တို့အတွက်တော့ တရားရုံးမှာ အမှုတွေ
စစ်ဆေးကြားနာတာဟာ အဆန်းမဟုတ်ပေမယ့် ဒီလ်အတွက်တော့  စိမ်းနေရှာပါတယ်...၊အထူးသဖြင့် 
တရားလိုဆွဲချရှေ့နေကြီးက တရားခံကို မေးတဲ့မေးခွန်းတွေကြားတဲ့အခါ သူအတော်လေးစိတ်ထိခိုက်သွား
ရှာလေရဲ့....၊စိတ်လှုပ်ရှားပြီး ငိုမလိုဖြစ်နေတဲ့ ဒီလ်ကို စကောက်က တရားရုံးထဲက အသာခေါ်ထုတ်လာခဲ့
ရပါတယ်....၊အပြင်ရောက်တော့ ဒီလ်တစ်ယောက် ငိုချလိုက်ပါလေရော.....။ဒီလ့်ကို မစ္စတာဒေါ်ဖတ်ရေမွန်
ဆိုတဲ့ အရက်သမားကြီးတစ်ယောက်က သူ့စက္ကူအိပ်ထဲက အရည်တွေကို လာတိုက်ပါတယ်...၊လူတိုင်းက
မစ္စတာရေမွန်ဟာ စက္ကူအိပ်ထဲမှာ ကိုကာကိုလာပုလင်းထဲ ဝီစကီတွေအပြည့်ထည့်သောက်ပြီး အမြဲမူးနေ
သူလို့ ထင်မှတ်ယုံကြည်နေကြတာပါ...။တကယ်တမ်းမှာတော့ သူ့စက္ကူအိပ်ထဲက ကိုကာကိုလာပုလင်းက
တကယ့် ကိုလာပုလင်းအစစ်ပါ...၊ဘာဝီစကီမှ မဟုတ်ပါဘူး...။

 " လူတွေကို  အကျိုးသင့်အကြောင်းသင့် မြင်အောင်ကြိုးစားကြည့်တယ်၊ယုတ္တိဗေဒကိုလက်ခံတဲ့လူ
လောက်ပဲ နားလည်တယ်.....၊ကျုပ်က မြို့ထဲကို လာခဲပါတယ်.....၊လာတဲ့အခါ ဟောဒီအိပ်ထဲကပစ္စည်းကို
သောက်ပြီး လမ်းသွားရင်း နဲနဲယိုင်မယ်မကြံလိုက်နဲ့.... ဒေါလ်ဖတ်ရေမွန်တစ်ယောက် ဝီစကီသောက်လာ
လိုက်တာ.....လူမှန်းသူမှန်းမသိဘူးဖြစ်ကရော...၊အဲ့ဒါကြောင့် ဒီအတိုင်းလုပ်နေတာ.... "

မစ္စတာဒေါလ်ဖတ်ရေမွန်က သူဘာကြောင့် လောကကြီးကို အရွဲ့တိုက်နေရသလဲဆိုတာ စကောက်တို့ကို
ရှင်းပြပါတယ်...။ဒီဝတ္ထုထဲမှာ လူသာမန်တွေနဲ့ ဖီလာကန့်လန့် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူသုံးယောက်
ရှိတယ်ဗျ၊ဒီလူသုံးယောက်ရဲ့ လူလောကကို တုံ့ပြန်ပုံကတော့ မတူညီပါဘူး..၊မစ္စတာဖင့်ခ်ျဟာ သူ့လမ်းကို
သူလျှောက်တယ်....၊သူ့အတ္တနဲ့သူ သဟဇာတဖြစ်အောင်နေတယ်...၊ဒါပေမယ့် အခြားလူတွေနဲ့ ဘယ်
တော့မှ ထိပ်တိုက်မဆန့်ကျင်ဘူး...၊တစ်ဘက်သားကို နားလည်မှုအပြည့်ထားပေးနိုင်တယ်.....၊ဘိုရက်ဒ်
လေ ကျတော့ လောကကြီးကနေ ထွက်ပြေး ရှောင်ပုန်းတဲ့ နည်းလမ်းကို သုံးတယ်....၊တစ်ခါ ဒေါဖတ်ရေမွန်
ကျတော့ တလောကလုံးကို အရွဲ့တိုက်ပါတယ်.....။စာရေးသူဟာ လူ့သဘာဝကို သူ့ဇာတ်ကောင်တွေနဲ့
သရုပ်ဖော်သွားတာမှာ အားလုံးဟာ အံဝင်ဂွင်ကျပါပဲ၊သူပြောချင်တာလေးတွေကိုလည်း သူ့ဇာတ်ကောင်
တွေကတစ်ဆင့်ပြောပြသွားတာကိုလည်း တွေ့ရပါတယ်....။

စကောက်လေးက ဒီလ် ဘာဖြစ်လို့ ခုလိုဖြစ်သွားရတာလည်းလို့ မေးတဲ့အခါ......

" သူ့ဗီဇစိတ်နဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေနဲ့ သိပ်ခွင်မကျသေးဘူး....၊လူတစ်ချို့က လူတစ်ချို့ကို
တော်၏မတော်၏ နည်းနည်းလေးမှ မစဉ်းစားပဲ နိုင့်ထက်စီးနင်းလုပ်နေတာ၊လူဖြူတွေက လူမည်းတွေကို
နှိပ်စက်ကလူပြုနေတာ၊သူတို့ကို လူတွေလို့တောင်မထင်တော့ပဲ ရိုင်းပြနေတာတွေကြောင့်ပေါ့.... " လို့
မစ္စတာဒေလ်ဖတ်ရေမွန်က ပြန်အဖြေပေးခဲ့ပါတယ်....။

~~~~~~~~~~~~~~~~~~~~~~~

တရားခွင်မှာ မစ္စတာဖင့်ခ်ျဟာ လူမည်းတွမ် အပြစ်မရှိကြောင်း ကောင်းစွာသက်သေပြနိုင်ခဲ့ပါတယ်....။
ဒါပေမယ့် ဂျူရီလူကြီးတွေကတော့ တွမ့်မှာ အပြစ်ရှိတယ်လို့ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချခဲ့တာပါပဲ။ပြစ်ဒဏ်က
တော့ သေဒဏ်ပါ...။ခုလိုအမှုရှုံးသွားတဲ့အတွက် မစ္စတာဖင့်ခ်ျကတော့ အေးအေးဆေးဆေးပါပဲ...။သူမျှော်
လင့်ထားပြီးသားထင်ရဲ့....၊အတော်လေးစိတ်ထိခိုက်သွားတဲ့သူကတော့ ဂျင်မ် ပါ...။သူဟာ ဂျူရီလူကြီးတွေ
ကို မကျေနပ်ပါဘူး..၊ဂျူရီလူကြီးအများစုကလည်း တောဘက်ပိုင်းက ဖြစ်ပါတယ်...၊

" သားဟာ ခုချိန်ထိ ကိုယ့်အတွေးနဲ့၊ကိုယ့်ယုတ္တိဗေဒနဲ့ နေခဲ့တယ်...။ဘယ်သူမှ၊ဘယ်အရာမှ သားကို
အနှောက်အယှက်မပေးသေးဘူး။သားတွေ့ခဲ့ရတဲ့ တွမ်ရော်ဘင်ဆင်အမှုမှာပါတဲ့ ဂျူရီလူကြီး ၁၂ယောက်
ဟာ သူတို့ရဲ့ ယုတ္တိဗေဒကို နှစ်ပေါင်းများစာ ပတ်ဝန်းကျင် ပွတ်တိုက်မှုကို ခံထားရတဲ့ လူကြီးတွေ.... "

" ဘယ်တော့မှ ပြောင်းလဲမလာတဲ့အခြေအနေတွေကို ဖော့မတွက်နဲ့....။တစ်နေ့မှာ တရားမျှတမှုရဲ့ ဒဏ်
ခတ်ခြင်းကို အဲဒီလူသားတွေ ခံကြရလိမ့်မယ်။သားတို့ သမီးတို့တော့ အဲဒီခေတ်ကို မှီချင်မှ မှီလိမ့်မယ်... "

မစ္စတာဖင့်ခ်ျက အဲဒီလို သူ့သားကို ဖျောင့်ဖျပြောဆိုခဲ့ပါတယ်....။အင်း....ကျွန်တော်တို့ရွေပြည်ကြီးမှာ
လည်း ဘယ်တော့များမှ တရားမျှတမှုရဲ့ ဒဏ်ခတ်ခြင်းတွေ ရောက်လာပါ့မလဲနော်...၊ကျွန်တော်တို့တော့
အဲ့ဒီခေတ်ကို မှီမယ်မထင်...... :)

~~~~~~~~~~~~~~~~~~~~
 တစ်နေ့ ကျောင်းမှာ စကောက်တို့ ဆရာမ မစ္စကိတ် က ဟစ်တလာဟာ ဂျူးတွေကို သတ်ဖြတ်နေတဲ့
အကြောင်း ကလေးတွေကို ပြောပြခဲ့ပါတယ်...၊မစ္စကိတ်ဟာ ဟစ်တလာရဲ့ ဆိုးရွားရက်စက်ပုံတွေကိုပြော
ပြခဲ့တာဖြစ်ပါတယ်...၊ဒါပေမယ့် အဲ့ဒါကပဲ စကောက်လေးအတွက် မေးခွန်းထုတ်စရာဖြစ်လာပါတယ်...။
ဘာဖြစ်လို့လဲဆိုတော့ တွမ်ရောဘင်ဆင်အမှုကို တရားရုံးက သေစားသေစေအမိန့်ချမှတ်လိုက်တဲ့အခါ
မယ် မစ္စကိတ်က အခုလို..... " ကောင်းတယ်......သူတို့ကို ဒီလိုပညာမပေးရင် အားလုံးဒုက္ခရောက်ကုန်
မယ်၊ဒီလောက်လုပ်ထားမှ တန်ကာကျတာ..... " လို့ မှတ်ချက်ပေးခဲ့တာကို စကောက်လေးကကြားခဲ့ရလို့
ပါ...။အဲဒီနေ့က စကောက်ဟာ သူ့အကို ဂျင်မ် ကို ခုလိုမေးခဲ့ပါတယ်....။

"သတ်တယ်ဆိုတာ ဘယ်သူက ဘယ်သူ့ကို သတ်သတ် မမှန်ပါဘူး...၊ဟုတ်တယ် မဟုတ်လား.....
ပြီး ရက်စက်တတ်သူတစ်ယောက်ဟာ ရက်စက်မှုကို ခံစားတတ်ပါ့မလားဟင်.... "

" ကိုယ့်တိုင်ပြည်က လူတစ်ယောက်အပေါ်မှာ ဒီလောက်ခါးခါးသီးသီးဖြစ်နေတဲ့ မိန်းမတစ်ယောက်ဟာ
ဟစ်တလာ့ကို မုန်းတယ်ဆိုတာဖြစ်နိုင်ပါ့မလား..... "

စကောက်လေးကနေတစ်ဆင့် စာရေးသူ ပြောသွားတဲ့ စကားလုံး၊အယူအဆတွေပါ...။တလောကတင်
ကျွန်တော်တို့ရွေပြည်ကြီးမှာ ဖြစ်ပျက်သွားတဲ့ အမှုအခင်းကြီးကို သတိရမိပါရဲ့...၊အဲဒီတုန်းက ကျွန်တော်
တို့ အားလုံးရဲ့ ရင်ထဲမှာ မေးခွန်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်....၊ဘာလို့အဲ့လောက်ရက်စက် ခဲ့တာလဲ....
ဆိုတာပါ....။ဟုတ်တာပေါ့.....ရက်စက်တတ်သူတွေမှာ ရက်စက်မှုကို မခံစားတတ်ကြပါဘူး...၊သူတို့မှာ
ကိုယ်ချင်းစာစိတ်မရှိကြပါဘူး....၊သူတို့ဟာ သူတို့အကျိုးစီးပွား၊သူတို့အတ္တကိုပဲ ကြည့်တတ်ကြသူတွေပါ။
သူတို့ရဲ့စိတ်ထဲမှာ မစ္စကိတ်လိုပဲ ဒီလောက်လုပ်ထားမှတန်ကာကျတာ လို့ တွေးနေကြမှာသေချာပါတယ်။
အင်း.....ဒီလိုလူတွေက တရားမျှတမှုကိုလိုလားပါတယ်...၊ဒီမိုကရေစီကို လိုလားပါတယ်လို့ ပြောလာတဲ့
အပေါ်မှာ ကျွန်တော်တို့ကရော....ယုံကြည်ရနိုင်ပါ့မလားဗျာ......။

~~~~~~~~~~~~~~~~~~~~~~~~~~

ဟောလိုဝင်းနေ့ကိုရောက်လာပါပြီ.....။မေကွမ်းမြို့လေးမှာ အရင့်အရင်ကတော့ ဟောလိုဝင်းနေ့တွေမှာ 
ထွေထွေထူးထူးပွဲလမ်းသဘင်တွေလုပ်လေ့မရှိပါဘူး....။ဒီနှစ်မှာတော့  လူကြီးတွေက စကောက်တို့ မူလ
တန်းကျောင်းလေးမှာ ပဒေသာကပွဲလေး တစ်ခုလုပ်ပါတယ်....၊အဲဒီကပွဲမှာ စကောက်လေးလည်း ပါပါ
တယ်...၊စကောက်လေး က အဲဒီကပွဲမှာ ဝက်ပေါင်ခြောက် အဖြစ် သရုပ်ဆောင်ရပါတယ်...။ကြက်ခြံကာ
တဲ့ သံဇကာပျော့နဲ့ ဝက်ပေါင်ခြောက်ပုံဏ္ဌာန်ချိုးပြီး ကလေးတွေက အထဲဝင် သရုပ်ဆောင်ရတာပါ။ကပွဲကို
စကောက်တို့အိမ်ကလူကြီးတွေ လိုက်မလာနိုင်ကြပါဘူး...၊စကောက်ကို ဂျင်မ်ကပဲ လိုက်ပို့ရပါတယ်...။

ကပွဲပြီးလို့ အိမ်အပြန်လမ်းမှာတော့ စကောက်လေးက သူ့ကိုယ်မှာစွပ်ထားတဲ့ ဝက်ပေါင်ခြောက်ကြီးကို
မချွတ်ပစ်သေးပဲ ဒီအတိုင်းပြန်လာပါတယ်...၊ဂျင်မ်က ရှေ့က လမ်းပြတာပေါ့လေ...။သူတို့နောက်ကို လူ
တစ်ယောက်က နောက်ယောင်ခံလိုက်လာပါတယ်...၊ကလေးတွေကတော့ သူတို့သူငယ်ချင်းတစ်ယောက်
ယောက်က စနောက်နေတာလို့ထင်နေတာပါ...။တကယ်တမ်းကတော့ ကလေးတွေကိုရန်ရှာဖို့လိုက်လာ
တဲ့ အာဝဲဖြစ်နေပါတယ်...၊အာဝဲဟာ အမှုနိုင်ခဲ့သည့်တိုင်အောင် သူ့ရဲ့လိမ်လည်မှုကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့
မစ္စတာဖင့်ခ်ျကို မကျေနပ်ပါဘူး။လူကြီးကို ရန်မရှာဝံ့တော့ ကလေးတွေကို ရန်ရှာပါတော့တယ်...။

လူပျက်တဲ့ ရက်ဒ်လေအိမ်ကြီးနားအရောက်မှာ ကလေးတွေကို အသေသတ်ဖို့ကြိုးစားပါတော့တယ်...။
ဂျင်မ်ကသူ့နှမလေးကို တတ်နိုင်သမျှကာကွယ်ရှာပါတယ်...၊ဝက်ပေါင်ခြောက်အစွပ်ကြီးကြောင့် စကောက်
လေးခမြာ ထွက်မပြေးသာပါဘူး၊ဒါပေမယ့် အဲ့ဝက်ပေါင်ခြောက်အစွပ်ကြီးကြောင့် စကောက်လေးခမြာသက်
သက်သာရာ ရသွားရှာတာပါ...၊နောက်...သူတို့ကို ကယ်တင်မယ့်သူလည်းရောက်လာပါတယ်...၊ဘိုရက်ဒ်
လေပါ....။ရုန်းရင်းဆံခတ်ဖြစ်ပြီး ဂျင်မ်လက်ကျိုး၊မေ့မြောသွားပါတယ်...။အာဝဲကတော့ သူ့အကုသိုလ်နဲ့
သူ  ဓားထိုးခံရပြီးသေသွားပါတယ်...။စကောက်နဲ့ ဘို ကတော့ ဘာမှမဖြစ်ပါဘူး....။ဘို က သူတို့မောင်
နှမကို အိမ်ထိလိုက်ပို့ပေးရှာပါတယ်...။

မစ္စတာဖင့်ခ်ျက ဂျင်မ်တစ်ယောက် ရုန်းရင်းကန်ရင်း အာဝဲလ် ကိုသတ်မိလိုက်တာလို့ ယူဆပေမယ့်
ရဲမှုးကြီးကတော့ အာဝဲလ်တစ်ယောက် သူ့ဓားနဲ့သူဘာသာ ထိုးမိတာ..၊ဘယ်သူ့ဘယ်သူမှ သတ်တာမ
ဟုတ်ဘူးလို့ပဲ ကောက်ချက်ချလိုက်ပါတယ်...၊အဲဒီည မှာတော့ စကောက်လေးဟာ သူတို့ တွေ့ချင်မြင်
ချင်လှတဲ့ ဘိုရက်ဒ်လေကို တွေ့မြင်လိုက်ရပါပြီ....။သူတို့ ထင်မြင်ယူဆနေသလိုမျိုး ဘိုရက်ဒ်လေဟာ
မကောင်းဆိုးဝါးတစ်ယောက်၊လူဆိုးကြီးတစ်ယောက်မဟုတ်ဘူးဆိုတာလည်း သိသွားပါပြီ...။ဘိုရက်ဒ်လေ
သူ့အိမ်ပြန်တော့မယ်ဆိုတော့ စကောက်လေးက ပြန်လိုက်ပို့ပေးပါတယ်....။အပြန်လမ်းမှာတော့ စကောက်လေးတစ်ယောက် အတွေးတွေ ဝေလို့ပေါ့....။သူ့ကိုယ်သူလည်း တစ်ညတည်းနဲ့ လူကြီးတစ်
ယောက်ချက်ချင်းဖြစ်သွားသလို ခံစားလိုက်ရပါတယ်.....။သူကဖေဖေ ဆုံးမစကားတွေကိုလည်း ပြန်ကြား
ယောင်မိနေပါတယ်.....။

" ဖေဖေပြောနေကျ စကားတစ်ခွန်းကို သတိရတယ်....၊သူ့နေရာက ဝင်ကြည့်ပါ...၊သူ့ဘဝထဲဝင်ကြည့်ပါ၊
သူ့ရင်ထဲကို ဝင်ကြည့်ပါ၊သူ့ဖိနပ်ကိုစီးပြီး လျှောက်သွားကြည့်ပါ၊အဲဒီလို မလုပ်သမျှ လူတစ်ယောက်ကို
နားမလည်နိုင်ဘူး..... "

နောက်ဆုံးဇာတ်သိမ်း အနေနဲ့ စကောက်လေးရဲ့ အတွေးလေးတွေကို စာရေးသူက ဖော်ပြသွားတာပါ...။
ဇာတ်လမ်းတစ်ခုလုံးမှာ စာရေးသူပေးချင်၊ပြောချင်တာကလည်း လူသားအချင်းချင်းထားရှိရမယ့် ကိုယ်ချင်း
စာတရားနဲ့ နားလည်မှု ပါပဲ၊နောက်... ခေတ်ကာလအခြေအနေတစ်ရပ်မှာ ရှိနေတဲ့လူများစုရဲ့စိတ်အခြေခံ
သဘောထား နဲ့ အမှန်တရားတို့ထိပ်တိုက်တွေ့တတ်ပုံကိုလည်း လှပစွာ ချယ်မှုန်းပြသွားပါတယ်ခင်ဗျား။

( ဖတ်လို့ကောင်းတဲ့၊တွေးစရာလေးတွေ ပေးတဲ့ ဇာတ်လမ်းကောင်းလေးတွေဖတ်မိတိုင်း အဲ့ဇာတ်လမ်း
လေးတွေကို ပြန်ပြီး ပြောပြချင်စိတ်နဲ့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်...၊ဒီပို့စ်ကို ရေးနေချိန်မှာ စာအုပ်က ငှား
ဖတ်တာဖြစ်လို့ ပြန်အပ်လိုက်ရပါတယ်...၊ကျွန်တော် ကြိုက်နှစ်သက်တဲ့ စကားစုလေးတွေကို နုတ်သဘော
မျိုး ထုတ်ထားတာလေးတွေပဲ ကျွန်တော့်ဆီမှာ ရှိပါတယ်...။ဒီတော့ ကျွန်တော်ပြန်ရေးပြထားတာ က ဖတ်
လို့ကောင်းမယ်မထင်ပါဘူး...၊လစ်ဟာသွားတာ၊ကျန်ရစ်ခဲ့တာတွေလည်း ရှိမှာပါ......။မူရင်းဝတ္ထုကတော့ 
တကယ်ဖတ်လို့ကောင်းပါတယ်ခင်ဗျားးးးးးးးးးးး :)))

Friday, November 16, 2012

ငြိမ်းချမ်းတိတ်ဆိတ်ရာ ကမ်းခြေလေးတစ်နေရာသို့......

ပြီးခဲ့တဲ့ တနင်္ဂနွေက ခရီးထွက်ဖြစ်တယ်....၊အင်ဒိုနီးရှား၊ဘင်တန်ကျွန်းကိုပါ....။အဲဒီကို သွားမလို့လုပ်နေ
တာတော့ကြာပြီရယ်.....။ဘင်တန်ကိုမရောက်ပဲ မလေးရှားဘက်ကိုပဲရောက်ရောက်သွားတယ်၊ဘာဖြစ်လို့
လည်းဆိုတော့ အဖော်မရှိလို့ပဲဗျ...။အဖော်မရှိတော့ ဘာဖြစ်လဲဆိုတော့ ကျွန်တော်ကတော့ ဘာမှ မဖြစ်ပါ
ဘူး။ဖြစ်တာက ခရီးသွားဧဂျင်စီတွေပါပဲ....၊Package tour တွေကို စုံစမ်းလိုက်တိုင်း အနဲဆုံး နှစ်ယောက်မှ
တဲ့ဗျာ...၊တစ်ယောက်တည်းဆိုလည်း ၂ယောက်ခပေးရမတဲ့....၊ပေးပါ့မယ်ဆိုတာတောင် သူတို့က အင်တင်တင်ရယ်....။တစ်ယောက်တည်း အပျော်ခရီးမထွက်ရဘူးလို့များ ဥပဒေထုတ်ထားသလားမှတ်ရ။

အွန်လိုင်းပေါ်မှာ စုံစမ်းဖြစ်တဲ့ ကုပ္မဏီတစ်ခုကဆို တစ်ယောက်တည်းမို့ single charge 110 ပေးရမတဲ့...။
ဘယ်နှယ်ဗျာ....တကယ်ဆို တစ်ယောက်တည်းသမားမို့ သူတို့ဘက်က အကုန်အကျတောင်သက်သာဦး
မယ့်ဟာကို....ကိုယ်ကပဲ ထပ်ပေးရဦးမယ်ဆိုတာ အရပ်ရပ်နေပြည်တော်ကြားလို့မှမတော်တာကြီးဗျာ...။
သင်းတို့ ဆီက ရွှေထွက်နေတောင် သင်းတို့နဲ့တော့ မသွားဘူးလို့ ပြက်သားပလိုက်တယ်....။နောက်ဆုံး
မတော့ package tourနဲ့မသွားတော့ပဲ ကိုယ့်ဘာသာ ဖယ်ရီဘုတ်လက်မှတ်ဝယ်၊ဟိုတယ်အခန်းဘွတ်ကင်
လုပ်ပြီး သွားလိုက်ပါတယ်....။အဲ့ဒါကမှ အဆင်လည်းပြေ၊ဈေးလည်းသက်သာသေးဗျား။

ကျွန်တော်ဝယ်ထားတဲ့ ဖယ်ရီက နေ့လည် ၁၂နာရီမှာ ထွက်မယ့် ဖယ်ရီပါ။စင်္ကာပူနဲ့ ဘင်တန်ကျွန်းကို
တစ်နာရီကို ဖယ်ရီတစ်စီး နှုန်းပြေးဆွဲပေးပါတယ်...။ဘုတ်က ကြည့်တော့သာ ခပ်သေးသေးထင်ရ...၊လူ
တော့အတော်ဆန့်သားဗျ။ကျွန်တော့်စိတ်ထင် ခရီးသည် ၂၀၀၊၃၀၀ လောက်ပါ တယ်ဗျ....။လှိုင်းလေ ငြိမ်
လို့လားတော့မသိ၊စီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းတော့ရှိသား....။ဘင်တန်ဘက်ခြမ်းရောက်တော့ အင်ဒို
စံတော်ချိန်နဲ့ နေလည်၁၂နာရီပဲရှိပါသေးတယ်...။အင်ဒိုက စင်္ကာပုထက်အချိန်၁နာရီစောတာကိုးခင်ဗျ...။

စင်္ကာပူ- ဘင်တန် ကို လွန်းပျံပြေးဆွဲပေးနေတဲ့ ဖယ်ရီဘုတ်လေးပါ



ထုံးစံအတိုင်း လဝက ကိုဖြတ်ပြီး အပြင်ရောက်တော့ ကားငှားဖို့လုပ်ပါတယ်.။တက်ဆီစတင်းတွေဘာတွေ
မတွေ့ပါဘူး၊ဒါနဲ့ ကားငှားတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်မေးကြည့်တော့ ဘယ်သွားမှာလဲ လို့မေးပါတယ်...။
Cabana ဟိုတယ်ကိုလို့ ပြန်ဖြေလိုက်တော့ ဘွတ်ကင်လုပ်ပြီးသားလားတဲ့....၊ကျွန်တော်ထင်လိုက်မိတာက
အငှားကားကို ဘွတ်ကင်လုပ်ထားလားမေးတယ်ထင်လိုက်မိတာရယ်...၊တွေးတော့တွေးမိသား...ကားငှား
တာတောင်ဘွတ်ကင်လုပ်ရသလားပေါ့လေ...၊အဲဒါနဲ့ အဲ့လူက မလှမ်းမကမ်းမှာ စာရွက်တစ်ရွက်နဲ့မတ်
တပ်ရပ်နေတဲ့ လူတစ်ယောက်ကို လှမ်းခေါ်ပြီး အင်ဒိုဘာသာစကားနဲ့ ပြောပါတယ်....၊အဲ့လူက ခေါင်းခါပြ
တယ်ခင်ဗျ...၊အဲ့တော့မှ....ကျွန်တော်လည်း ရိပ်မိပြီး ကပြာကယာဝင်ပြောရတယ်...၊ငါ ဟိုတယ်ဘွတ်ကင်
လုပ်ထားတယ်...၊ငါလိုချင်တာ ကားပဲ ဆိုမှ အဲဒီလူက ကျွန်တော့်နာမည်မေးပြီး သူ့စာရင်းစာရွက်ထဲရှာ
ကြည့်တယ်ခင်ဗျ...၊ကျွန်တော့်နာမည်တွေ့တော့ နောက်တနာရီလောက်နေရင် ဟိုတယ်ကြိုပို့ကား လာ
ပါ့မယ်...စောင့်ပါလို့ဆိုပါတယ်...။

ကျွန်တော် ဟိုတယ်ဘွတ်ကင်လုပ်တုန်းက  ဆိပ်ကမ်းနဲ့ ဟိုတယ်ကို ကြိုပို့အစီအစဉ်မပါဘူးခင်ဗျ...၊ဒါကို
သူတို့ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ...။ကျွန်တော်လည်း မမျှော်လင့်ထားပါဘူး...။ခုတော့ ဟန်ကျ
သွားတာပေါ့ဗျာ....၊ကားလည်းစောင့်ရင်း၊ဟာလာတဲ့ဝမ်းကိုလည်း ဖြည့်တဲ့အနေနဲ့ အဲဒီက တစ်ခုတည်း
သောထမင်းဆိုင်လေးမှာ ထမင်းဝင်စားပါတယ်....၊ဆိုင်လေးကသေသေသပ်သပ်လေးပါ....၊အင်ဒိုရိုးရာ
ထမင်းနဲ့ဟင်း ဝယ်စားဖြစ်ပါတယ်...၊ထွေထွေထူးထူးမဟုတ်ပါဘူး၊ကြက်ပေါင်တစ်ချောင်းရယ်၊ပိန္ဒဲသီးကို
အချိုချက် ချက်ထားတာရယ်...၊ရေခူကို ငရုတ်သီးစပ်စပ်ချက်ထားတာရယ် ကို ထမင်းနဲ့အတူ ပန်းကန်
ထဲ ပုံပေးလိုက်တာပါပဲ.....၊အဲ့ဒါနဲ့ ကိုကာကိုလာတစ်ဘူးကို စင်းဒေါ်လာ ကိုးကျပ်နဲ့ဆယ်ပြားတိတိပေး
လိုက်ရပါရောလား....။

ကြိုပို့ကားကို ၁နာရီခွဲလောက်ကြာအောင်စောင့်လိုက်ရပါတယ်...၊ဆိပ်ကမ်းကနေ ဟိုတယ်ကို ၁နာရီကျော်
ကြာအောင်မောင်းရတယ်ခင်ဗျ....၊ကားလမ်းကတော့ ကောင်းတယ်ပြောလို့ရပါတယ်...၊သို့ပေမယ့် တောင်
ကုန်း အတက်အဆင်းတွေများလို့ ကားဆရာလည်း ပုံမှန်လေးပဲထိန်းမောင်းရသပေါ့လေ....။အဲဒီနေ့က
ကျွန်းပေါ်မှာ Tour De Bintan စက်ဘီးပြိုင်ပွဲရဲ့ နောက်ဆုံးနေ့တဲ့ခင်ဗျ...၊လမ်းမှာတောင် ပြိုင်ပွဲဝင်စက်ဘီး
သမားတွေတွေ့ခဲ့သေးရဲ့....။

ဒီလိုနဲ့ ဟိုတယ်ရောက်သွားရော ဆိုပါတော့ဗျာ....။ဟိုတယ်ကို မြင်မြင်ချင်းသဘောကျသွားပါတယ်...။
ကမ်းခြေကိုမေးတင်ပြီး ဟိုတယ်စားသောက်ဆိုင်ရဲ့ ဘေးနှစ်ဘက် တစ်ဘက်တစ်ချက်မှာ တန်းလျားပုံစံ
အခန်းတွေဆောက်ထားတာပါ....။ချက်အင်ဝင်ပြီးတော့ ဧည့်ကြိုကောင်လေးက ကျွန်တော်တည်းခိုရမယ့်
အခန်းကို ခေါ်သွားပါတယ်....၊ဟင်.......ကျွန်တော်ထင်မှတ်ထားတဲ့အခန်းတွေဘက်ကိုမဟုတ်ဘူးဗျိုး....။
ကမ်းခြေနဲ့ဆန့်ကျင်ဘက်ခြမ်း၊လမ်းခြားထားတဲ့တဘက်ကိုပါ...၊အဲဒီဘက်မှာက ဘန်ဂလိုပုံစံ လုံးချင်းလေး
တွေပါ...၊ကမ်းခြေကိုမျက်နှာမူထားတဲ့အခန်းတွေမဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူး ဒီဘက်မှာပါဆိုတာနဲ့
သူခေါ်တဲ့ဘက်ပဲလိုက်သွားရသပေါ့လေ...။ပထမတော့ ကျွန်တော်စိတ်ထင်တာက အဲ့ဘက်ခြမ်းက ဈေးပို
ပေးရတဲ့အခန်းတွေလို့ထင်မှတ်တာပါပဲ...၊စိတ်ထဲတော့သိပ်မသင်္ကာလှပါဘူး...။နောက်ရက်ကျမှ ဘူးပေါ်
သလို ပေါ်ပါတော့တယ်...။
ဟိုတယ်ရဲ့ ပင်မဆောင်လည်းဖြစ်၊စားသောက်ဆိုင်လည်း ဖြစ်ပါတယ်.......

ဒီဘက်ခြမ်းအခန်းလေးကလည်း အတော်အဆင်ပြေတယ်ပြောရမယ်...၊ဘန်ဂလိုလေးထဲမှာ အိပ်ခန်းသက်
သက်၊ဧည့်ခန်းသက်သက်၊မီးဖိုခန်းသက်သက်၊ရေချိုးခန်းသက်သက်နဲ့ တစ်ကိုယ်တည်းသမားအတွက်
တော့ အတော်ကို ကျယ်ပါတယ်....၊တိတ်တိတ်ဆိတ်ဆိတ်လည်းရှိပါတယ်....။အခန်းထဲ အိတ်လေးထား
ပြီး ကမ်းခြေဘက် လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်.....။

ကြည်လင်၊ငြိမ်သက်နေတဲ့ ပင်လယ်ရေပြင်ဟာ သူ့ကို စူးစမ်းစွာ ခြေချလာခဲ့တဲ့ လူတစ်ယောက်ကို အေး
အေးဆေးဆေးပဲ ကြိုဆိုနေလေရဲ့....၊အင်းပေါ့လေ....သူကတော့ မရေမတွက်နိုင်သော လူပေါင်းမြောက်
များစွာနှင့် ကြုံဆုံခဲ့ရပြီးပြီကိုး.....။ကမ်းခြေတစ်နေရာ...ကျောက်ဆောင်တွေကြားမှာတော့ မိသားတစ်စုက
ပျော်ရွင်စွာ မြူးတူးပျော်ပါးနေလေရဲ့.....။ကမ်းစပ်အတိုင်း လမ်းလျှောက်လာခဲ့ရင်း....ဟိုတယ်နယ်နိမိတ်
အဆုံးမှာ တွေ့မြင်လိုက်ရတာက တံငါရွာလေးတစ်ရွာပါ....။ပင်လယ်ရေစပ်မှာခြေတံရှည်အိမ်လေးတွေ၊
အိမ်အောက်မှာတော့ သူတို့ဝမ်းစာရှာဖွေရာ လှေကလေးတွေ နဲ့ပါ....။



တစ်ဆက်တစ်စပ်တည်းသော ပင်လယ်ကမ်းစပ်ရဲ့ ဒီဘက်မှာကတော့ ငွေစကြေးစလေး ပိုလို့လျှံလို့
လာရောက်အနားယူကြတဲ့သူတွေ ခေတ္တနားခိုရာ ကျယ်ဝန်းသပ်ရပ်လှပတဲ့ တည်းခိုဆောင်လေးတွေ.......၊
ခြံစည်းရိုးပါးပါးလေးခြားနေတဲ့ ဟိုမှာဘက်ကမ်းမှာတော့ အမိုးအကာပင်လုံလုံခြုံခြုံမရှိလှတဲ့ တဲအိမ်ငယ်
လေးတွေနဲ့ရယ်ပါ....။သဘာဝတရားကြီးက လူတွေကို  ကြုံရာကျရာ ပတ်ဝန်းကျင်မှာ  တော်သလိုပျော်သ
လိုသာနေပေတော့ရယ်လို့ ကံစမ်းမဲနှိုက်သလို စီမံဖန်တီးခဲ့လေသလား....၊မိမိတို့ရဲ ကံ၊ညဏ်၊ဝီရိယအ
လျောက် မိမိတို့ပတ်ဝန်းကျင်ကိုဖန်တီးနိုင်ခဲ့လေသလား......၊ကျွန်တော့်အတွေးတွေ ထွေပြားနေခဲ့ရဲ့....။
ကောင်းကင်ကိုမော့ကြည့်မိတော့ တစ်မိုးအောက်မှ တိမ်တိုက်တွေကဖြင့် ဖြူဖြူစင်စင်.....။




ညဘက်မှာတော့ ဟိုတယ်ကစားသောက်ဆိုင်မှာပဲ ညစာစားလိုက်ပါတယ်...၊ဟိုတယ်မှာမှ မစားရင်လည်း
စားစရာ စားသောက်ဆိုင်ရယ်လို့နီးနီးနားနားမှာမရှိပါဘူး.....၊ကျွန်တော်တည်းခိုတဲ့ ဟိုတယ်က မြို့ထဲနဲ့
အလှမ်းဝေးကွာပါတယ်.....၊ဟိုတယ်ကအစားအသောက်တွေက စင်္ကာပူနှုန်းထားနဲ့ချိန်ထိုးကြည့်ရင် ဈေး
သင့်ပါတယ်.....။အရသာလည်းမဆိုးပါဘူး...၊ဘီယာ အရသာကတော့ သိပ်မစွံဘူးဗျိုး....၊ဟိုင်းနကန်ချင်း
အတူတူ ရေမြေတွေခြားတာနဲ့ အရသာကွာသွားတာ ဘာကြောင့်ပါလိမ့်ဗျာ....နော့.....။ဘာပဲပြောပြော
ပင်လယ်ပြင်က လွင့်စင်လာတဲ့ ဆားငံရေရနံကို ခပ်ထွေးထွေးလေးရှုရှိုက်ရင်း.....၊စည်းချက်ကျကျရေလှိုင်း
ခတ်သံကို နားထောင်ရင်း၊ငြိမ်သက်မှောင်ရီနေတဲ့ ပင်လယ်ပြင်ဝိုးတဝါးကို လှမ်းမျှော်ကြည့်ရင်း ဘီယာလေး
ထိုင်စုပ်ခွင့်ရနေတာကိုက ဘဝရဲ့ ပျားရည်တစ်စက်လို့ ဆိုလိုက်ချင်ရဲ့.....။

~~~~~~~~~~~~~~~~~~~~~~~~~~

နောက်နေ့မနက်မှာတော့ နံနက်စောစောထဖြစ်ပါတယ်.....၊မနက်ခင်း ပင်လယ်ပြင်မှ နေထွက်တာကိုတွေ့
မြင်ချင်လို့ပါ....၊ကျွန်တော်ကံဆိုးတယ်ပြောရမယ်ထင်ရဲ့...၊မနက်ကတည်းကမိုးတွေအုံ့ဆိုင်းနေလိုက်တာ
အဲ့ဒီတစ်နေ့လုံး နေရောင်ကို မမြင်လိုက်ရပါဘူးဗျာ....။အဲ....မနက်ဘက် ဟိုတယ်မှာ နံနက်စာစားတော့
ကျွန်တော်အထက်ကပြောခဲ့သလို ဘူးပေါ်သလိုပေါ်ပါတော့တယ်....၊ဟိုတယ်ဝန်ထမ်းလေးက ကျွန်တော့်
ကို လမ်းရဲ့ဟိုဘက်ခြမ်း အခန်းကနေ ဒီဘက်ကမ်းစပ်ဘက်ခြမ်းမှာရှိတဲ့ အခန်းကိုပြောင်းချင်ပြောင်းလို့ရ
ပါပြီလို့ လာပြောတာပါပဲ...။ကြည့်ရတာကတော့ ဟောလီးဒေးပိတ်ရက်မို့ ဧည့်သည်ကြပ်သွားလို့ တစ်
ဘက်က ဟိုတယ်မှာ ကျွန်တော့်ကို တစ်ညထားလိုက်ပုံရပါတယ်...၊ပြောရရင် ဟိုဘက်နဲ့ဒီဘက်က လမ်းပဲ
ခြားတယ်ဆိုပေမယ့် သူ့ခြံဝန်းနဲ့သူ တစ်သီးတစ်သန့်ပါ...၊ဟိုတယ်နာမည်ဆိုင်းပုဒ်တင်မထားပေမယ့်
လမ်းညွှန်အမှတ်အသားလေးတစ်ခုမှာ Villa လို့လည်း ရေးထားတာ သတိပြုလိုက်မိပါတယ်...။ဒါပေမယ့်
ကျွန်တော်လည်း သိပ်တော့မသေချာပါဘူး...၊ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်အဆင်ပြေနေတာမို့ ထွေ
ထွေထူးထူးလည်း မေးမနေတော့ပါဘူး...၊ပြောင်းလို့ရတယ်ဆိုတော့လည်း ပြောင်းလိုက်တာပေါ့လေ...။

မိုးကတော့ အုံ့ရာကနေ ဖွဲဖွဲလေး ရွာချလိုက်ပါပြီ....၊တစ်နေကုန် သည်းလည်းမသည်း၊စဲလည်းမစဲပဲ တဖွဲဖွဲ
လုပ်နေတာပါ...၊ကျွန်တော်လည်း တစ်နေ့လုံး အခန်းထဲမှာ စာဖတ်နေလိုက်ပါတော့တယ်...၊နေ့လည်
၂နာရီလောက်မှ နေ့လည်စာ ထွက်စားဖြစ်တယ်ဗျ....။

မိုးတိမ်တွေ ညှို့ကာမဲလို့........ငွေမှုန်တို့ တဖွဲဖွဲ...........










နေ့လည်စာထွက်စားရင်းနဲ့ မြို့ထဲဘက်ခဏထွက်ဖို့ ဟိုတယ်ကို ကားစီစဉ်ပေးဖို့ပြောခဲ့ပါတယ်။မိုးတိတ်
လောက်မယ့် ညနေလေးနာရီလောက် လို့ ပြောခဲ့ပေမယ့် ကားက ညနေခြောက်နာရီမှ ရပါတယ်...၊နောက်
ကျနေပြီဖြစ်ပေမယ့် ကားရမှတော့ မထူးပါဘူးလေ....ဆိုပြီး ထွက်ခဲ့ရရဲ့....။

နေစောင်းမှပဲ ကိုရွေမိုးက တိတ်တော်မူပါတယ်...၊

မြို့ထဲဘက်ထွက်လာခဲ့ပေမယ့် ဘယ်သွားလို့ သွားရမှန်းမသိပါဘူး၊ကားဆရာနဲ့လည်း ဘာသာစကားမ
ပေါက်ပါဘူး...၊သို့ပေမယ့် နောက်ဆုံးမတော့ ရိုးရာအနှိပ်ခန်းကိုစိုက်စိုက်မြိုက်မြိုက် ရောက်သွားသဗျား :)။
တနာရီ စင်းဒေါ်လာ၃၀ ပေးရပါတယ်...၊ကိုယ့်ကို နှိပ်ပေးတဲ့ ကလေးမပဲ လက် မပေါက်တာလားတော့မသိ။
သူနှိပ်တာက နှိပ်တာနဲ့မတူပဲ လက်နဲ့လျှောက်ပွတ်သပ်ပေးနေသလိုပါပဲဗျာ...၊သိပ်မစွံလှပါဘူး...၊

အဲဒီနောက် အနီးအနားက မောတစ်ခုထဲ ဝင်ကြည့်ပါတယ်....၊အမေ့ဖို့ ပါတိတ်လေးဘာလေးတွေ့လိုတွေ
ငြားပါ...၊အင်ဒိုမတွေပဲ ပါတိတ်မဝတ်ကြတော့လို့လား...၊ဘာလီတို့၊ဂျာကာတာတို့လိုမြို့ကြီးပြကြီးမဟုတ်
လို့ပဲလားတော့မသိ....ဘာပါတိတ်မှမတွေ့ခဲ့ပေါင်ဗျာ...၊အဲ...ယောင်္ကျားဝတ်ပါတိတ်အကျီ င်္တွေတော့တွေ့
ခဲ့ရ....၊ဒါနဲ့ပဲ ဟိုတယ်ကို ပြန်လာခဲ့ရပါတော့တယ်....။

~~~~~~~~~~~~~~~~~~~

နောက်တစ်နေ့မနက်ရောက်တော့လည်း မနေ့ကလိုပါပဲ....နေကိုမမြင်ရပါဘူး...၊မိုးကအုံ့ဆိုင်းနေတဲ့အပြင်
နံနက်၁၀နာရီလောက်မှာ ရွာချလိုက်ပါတော့တယ်...။ဒီတော့ ကျွန်တော်လည်း တမနက်လုံး စာဖတ်နေရ
တာပေါ့ဗျာ...။နေ့လည်ရောက်တော့ ဟိုတယ်ကကြိုပို့ကားနဲ့ပဲ ဆိပ်ကမ်းကိုထွက်လာခဲ့ပါတယ်...၊ညနေ
၃နာရီ ဖယ်ရီနဲ့ စင်္ကပူဘက်ကို ပြန်ရပါတော့မယ်....။

ဘင်တန်ဆိပ်ကမ်းပါ

ဖယ်ရီလှေပေါ်မှာ လည်ပြန်ကြည့်မိရာ ဘင်တန်ကျွန်း.........



အလုပ်တာဝန်တွေ၊လူမှုရေးတွေနဲ့ မွန်းမွန်းကြပ်ကြပ်မဟုတ်လှတောင် လှုပ်လှုပ်ရှားရှားရှိလှတဲ့ စင်္ကာပူ
ဘက်ခြမ်းသို့ ဦးတည်ရင်း အေးဆေးငြိမ်းချမ်းစွာ ခေတ္တမျှ နားခိုခွင့်ရခဲ့တဲ့ ဘင်တန်ကျွန်းလေးဘက်ကို
ကျွန်တော် လှေပေါ်မှ ငေးမောကြည့်နေမိပါတယ်....။ကျွန်တော့်အတွေးထဲမှာ ပထမနေ့ကတွေ့ခဲ့ရတဲ့
တံငါရွာအိမ်စုလေးကို ပြန်လည်မြင်ယောင်နေမိပါရဲ့......၊သဘာဝတရားကလွဲလို့ ဘာမှရှိမနေတဲ့ နေရာ
လေးတစ်နေရာမှာ ငြိမ်းချမ်းအေးမြခြင်းတွေ ရှိကောင်းရှိနေနိုင်ပါတယ်...။အစစအရာရာဖွံဖြိုးတိုးတတ်
အဆင်ပြေနေတဲ့နေရာတစ်ခုမှာလည်း အစစအရာရာကို ဖိစီးမှုများနှင့် ရုန်းကန်လှုပ်ရှားနေရခြင်းတွေနဲ့
ကြုံရကောင်းကြုံရနိုင်တာပါပဲလို့.......အတွေးနယ်ချဲ့ရင်းဖြင့်......။

Friday, October 19, 2012

ဘုတ်ကြသည်.....ထုတ်ကြသည်.....အဲ့ဒါမြန်မာပြည်

ခုတလောမယ် ဖေ့ဘွတ် ထဲဝင်လိုက်တာနဲ့ တွေ့နေရတာကတော့ ဘုတ်တဲ့အကြောင်းတွေပါပဲဗျိုး....။
ဟိုလူကလည်း ဘုတ်တဲ့အကြောင်း....၊ဒီလူကလည်း ဘုတ်တဲ့အကြောင်းနဲ့.....ဖေ့ဘွတ်တစ်ခုလုံးလည်း
ဘုတ်သံတွေသောသောညံလို့ပေါ့...။ဘယ်သူ့ကို ဘုတ်သလဲဆိုတော့ နန်းခင်ဇေယျာ ဆိုတဲ့ ခလေးမလေး
ကိုပါ....။အဲ....ဘုတ်တယ်ဆိုတာက vote ပေးတာ၊မဲပေးတာကို ပြောချင်တာပါ....။ဘာအတွက်လည်းဆို
တော့ အဲ့ခလေးမလေးက ဂျပန်မှာကျင်းပနေတဲ့ miss international 2012 ပြိုင်ပွဲမယ် မြန်မာနိုင်ငံကိုယ်
စားပြုပြီး သွားရောက်ယျဉ်ပြိုင်နေလေရဲ့....။အဲ့ပြိုင်ပွဲမှာ miss international အပြင် miss internet တို့ miss international people's choice award တို့ကိုပါ ရွေးချယ်သွားမှာပါတဲ့...။အဲ့သည် ဆုတွေကို အွန်
လိုင်းကနေ မဲဆန္ဒတောင်းခံပြီး အမှတ်အများဆုံးရသူကို ရွေးချယ်သွားမှာပါတဲ့...၊ဒီကြားထဲ ထိုင်းနိုင်ငံက
ဝက်ဆိုက်တစ်ခုကလည်း သူရို့ဘာသာ ဆုတစ်ခုသတ်မှတ်ပြီး vote တောင်းခံထားပါသေးတယ်....။

ဒီတော့ ဘာပြောကောင်းမလဲဗျာ.....၊ဖေ့ဘုတ်အကောင့်တစ်ခုပိုင်သသော ကျွန်တော်တို့ ရွေမြန်မာမှန်သမျှ
အားရပါးရကို ဘုတ်ကြတော့သပေါ့။ကိုယ်တိုင်လည်း ဘုတ်....၊အခြားသူတွေကိုလည်း ဘုတ်ဖို့ ဆော်သြ
ကြလေရဲ့....။နန်းခင်ဇေယျာလေးကို ဘုတ်ခြင်းဖြင့် မြန်မာတို့၏စည်းလုံးညီညွှတ်မှုကိုပြကြတို့၊အမျိုးဂုဏ်
ဇာတိဂုဏ်ကို မြှင့်တင်သောအားဖြင့် နန်းခင်ဇေယျာကို အားပေးကြ တို့ နဲ့....ဖေ့ဘွတ်တစ်ခွင်မှ ဟစ်ကြွေး
သံများဟာ သောင်းသောင်းကိုညံလို့ဗျား.....။


ဆိုတော့ ကျွန်တော် ပါလေရာမောင်ညိမ်းနိုင်လေး လည်း ကပျာကယာ အပြေးအလွား အားပါးတရ သွား
ဘုတ်တယ်ခင်ဗျ...၊ဘုတ်တာမှ ကွန်ပြူတာဖွင့်ပြီဟေ့ ဆိုတာနဲ့ အဲ့ဒီဆိုက်ထဲမှာပဲ အချိန်ပြည့် ထိုင်ဘုတ်
နေတော့တာရယ်....။ရဲဘော်တို့ပဲစဉ်းစားကြည့်လေ.....၊အလှပဂေး နန်းခင်ဇေယျာလေးရဲ့ မျက်နှာလှလှ
လေးကို တစ်စိမ့်စိမ့်ထိုင်ကြည့်ရင်း မောက်ကို ကလစ်ရုံ နဲ့ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိကြောင်း ပြသရတာ
ဘယ့်ဂလောက် အဆင်ပြေလိုက်သလဲဗျနော်.....။


တစ်ချို့များဆိုရင် ရိုးရိုးတန်းတန်းဘုတ်ရုံနဲ့ အားမရလို့ ထင်ပါ့.....ဆော့ဝဲတွေ နည်းပညာတွေအကူအညီ
နဲ့ မချိ့မဆန့်ကို ဘုတ်ကြဆိုပဲ....၊နန်းခင်ဇေယျာလေး ကိုယ်တိုင်ကကို " အကိုတို့ရယ်....ညီမကို ဘုတ်
တာလည်းဘုတ်ပါ...အဲ့လိုမျိုး ဆော့ဝဲတွေနဲ့တော့မဘုတ်ကြပါနဲ့...တော်ကြာ ပြိုင်ပွဲ ကြီးကြပ်တဲ့သူတွေ
ကတရားမဝင် ဘုတ်ပါတယ်ဆိုပြီး ပေးပြီးသား မဲတွေကိုပါ ဖျက်ပလိုက်ပါဦးမယ်...နော်...နော်....ညီမ
ကို ခင်ပဲခင်ပါ...အလိုမလိုက်ပါနဲ့နော်......" လို့ကို တားယူရတဲ့အထိပဲဗျိုး....။အဲ့သလောက်ကို ကျွန်တော်
တို့ ဆွေမျိုးများက အင်မတန် တတ်သိလိမ္မာကြတာကလား.....။

တစ်ချို့တစ်ချို့ကြပြန်တော့လည်း နန်းခင်ဇေယျာနှင့်တကွသော နိုင်ငံတကာက အခြားအခြားမယ်တွေရဲ့
ဓာတ်ပုံလှလှလေးတွေကိုကြည့်ရင်း ဘယ်ကဘယ်လို ဇာတိသွေးဇာတိမာန်တွေ တတ်ကြွလာကြသလဲ
မသိပါဘူးဗျာ....၊တခြားသော မယ်တွေရဲ့ ဓာတ်ပုံတွေမှာပါ.... မြန်မာဟေ့.....မြန်မာကွ...တို့.....အောင်
ရမည်တို့...ဘာတို့ ပါ သွားရေးကြလေသတဲ့....၊ကျွန်တော်တို့ ဆွေမျိုးများကလည်း အခြားနေရာမှာသာ
နှစ်ယောက်ရှိ သုံးခြမ်းကွဲချင်ကွဲမယ်...ဒီလိုနေရာမျိုးကြ အင်မတန်ညီညွတ်ကြတာကလား....၊တစ်ယောက်
က ဟေးလားမောင်ရို့....ဆိုတာနဲ့ နောက်က ဝါး ကနဲလိုက်ပြီးသားကိုး.....။တစ်ယောက်ပြီးတစ်ယောက်
မြန်မာဟေ့....မြန်မာ.....၊ကူလီမျိုးဟေ့ ဒို့မြန်မာ...အဲ...ဘွာတေး...မှားလို့......သခင်မျိုးဟေ့ ဒို့မြန်မာနဲ့
ဝိုင်းအော်ကြတာပေါ့ဗျာ....။ကျွန်တော်တို့ မြန်မာများရဲ့ စည်းလုံးညီညွတ်မှုနဲ့ မျိုးချစ်စိတ်ဓာတ်ကတော့
အားရစရာ ရှိလှပါဘိတောင်း.....။


အံမာ......burma တောင်မဟုတ်ဘူးဗျိုး....myanmar kwa......myanmar.... ဆိုပဲ....၊အဲ့သလို မြန်မာတွေ
ရဲ့ စည်းလုံးညီညွှတ်မှုနဲ့ ဇာတိသွေးဇာတိမာန်ထက်သန်မှုကို နားမလည်တဲ့ နိုင်ငံခြားသားတစ်ချို့ကတော့
 မြန်မာတွေက ဘယ်လိုဟာတွေတုန်း....၊မြင်လေရာရာပုံတွေမှာ တမြန်မာထဲမြန်မာနေတာပဲ၊သူတို့မြန်မာ
မယ်က ဒီလောက်လဲမလှပဲနဲ့....စွတ်ရွတ်လျှောက်ရေးနေတယ်....လေးဘာလေးနဲ့ အမနာပ ဝေဖန်ကြ
လေရဲ့....။ဒါ သူတို့ သက်သက်မနာလို လို့ပြောတာပဲဗျ...၊ကြည့်လေ....လူဦးရေအင်မတန်များတဲ့၊လူ
တိုင်းစေ့နီးပါး ကွန်ပြူတာ၊အင်တာနက်သုံးနိုင်တဲ့ ဂျပန်လို၊ကိုရီးယားလို နိုင်ငံတွေက မယ်တွေကိုကြည့်ရင်
သူတို့ရတဲ့ မဲအရေအတွက်က ၁သောင်းစ၊၂သောင်းစရယ်....ဗျ....၊ဟော....ကျွန်တော်တို့လို လူတစ်
ထောင်ရှိလို့မှ ကွန်ပြူတာတစ်လုံးနပ်မမှန်တဲ့ မြန်မာပြည်က မယ်လေး ရတဲ့ မဲက သန်းနှစ်ဆယ်ကျော်
သဗျ....၊အံမာ ကျွန်တော်တို့နီးပါး မျိုးချစ်စိတ်ရှိတဲ့သူတွေကတော့ မကာအို ကဗျာ....။မကာအိုဆိုတာ ရှိ
လှ လူငါးသိန်းပေါ့....၊သူတို့မယ် ရတဲ့ မဲက ၁၄သန်းလောက်ရှိမယ်...၊ကြည့်ရတာ....တီလုပ်တွေရဲ့ အမျိုး
ကိုချစ်တဲ့စိတ်ကြောင့်ထင်ပါရဲ့ဗျာ...။

အဲ့သလို မကာအိုမယ်က နောက်က ကပ်လိုက်လာတော့ ကျွန်တော်တို့ ရွေမြန်မာများ တစ်နည်းတစ်ဖုံ
အကြံထုတ်ပုံက ဆော့ဝဲနည်းပညာလည်းမယူ၊မဲအရည်အတွက်လည်းတက်၊တရားလည်းဝင်တဲ့ နည်းများ
ကို ကြံစည်အားထုတ်ပါလေရော....၊ဘာတဲ့.....scroll wheel လေးကို ဆက်ခါဆက်ခါနှိပ်၊အားရပါးရနှိပ်၊
မချိမဆန့်နှိပ်တဲ့...၊နှိပ်လိုက်တိုင်း tab အသစ်တွေထွက်လာသတဲ့....ထွက်သမျှ tab မှာ ပျော်ပျော်ကြီး
သာ ဘုတ်ပါတဲ့ခင်ဗျ....။ရွေ့....နိပ်လိုက်လေ......နိပ်တာမှ....နိပ်သလေ့...လေ့....နိပ်လေ့လေ့....လို့
တောင် မြည်နေသေး....။အဲ့သလိုလေး လုပ်လိုက်တော့ တစ်ရက်ထဲ လူတစ်ယောက်က အကြိမ်တစ်
ရာလောက်ကို ဘုတ်လို့ ရသဗျား....။ဟွမ်း.....ကျွန်တော်တို့ ရွေမြန်မာများကို လာစမ်းလို့ဘယ်ရမတုန်း
မှတ်ပုံတင်တစ်ခုနဲ့တောင် မဲ ၂ခါ ၃ခါ ပေးခဲ့သေးတာ...၊သချို င်္င်းကလူတောင် ရှင်ပြန်ထမြောက်လို့ မဲ
ပေးခဲ့သေးတာပဲကို.....ဂလောက်တော့ အပျော့ပေါ့ဗျာ.....နော့.....။

အဲ့သလို ဒို့ရွေမြန်မာမယ်လေးကို တိုင်းချစ်ပြည်ချစ်စိတ်အပြည့်၊ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ အား
အားရှိထိုင်ဘုတ်နေတုန်း......၊ဘုတ်တာလည်း ဘုတ်ကြ....ထုတ်တာလည်း ထုတ်ကြဦးရယ်လို့ တစ်ခါ
အော်ကြပြန်ပါရော...၊ဘာတွေများ ထုတ်သလဲဆိုတော့ ဆန္ဒဖော်ထုတ်တာတဲ့ခင်ဗျ....၊အင်း....ကျွန်တော်
တို့ ပြည်သူတွေမယ် အနှစ်နှစ်အလလက မြိုထား၊သိပ်ထားရတဲ့ ဆန္ဒများကို ခုလို အင်မတန်မှစစ်မှန်တဲ့
ဒီမိုကရေစီစနစ်ကြီး သက်ဝင်လာတော့မှ ဖော်ရ၊ထုတ်ရတာကိုး.....ဗျ....။ခုလည်းကြည့် OIC ဆိုတဲ့ ကုလား
အဖွဲ့ကြီး မြန်မာပြည်မယ် ရုံးလာဖွင့်မယ်ဆိုတာကို ပြည်သူများက ဆန့်ကျင်ပါကြောင်း ဆန္ဒဖော်ထုတ်ကြ
တာကိုး.....။

တစ်တိုင်းတစ်ပြည်လုံးဆန္ဒဖော်ထုတ်တယ်ဆိုတော့ ကိုယ်တွေက ရှင်ကျားပူရောက်နေပေမယ့်လည်း မနေ

သာပါဘူး...။လူကိုယ်တိုင် မလိုက်နိုင်ပေမယ့် ဖေ့ဘွတ်စာမျက်နှာထက်မယ် ကျွန်တော်မျိုးကြီးလည်း ဆန့်
ကျင်ပါကြောင်း ဆန္ဒဖော်ထုတ်သပေါ့...၊ဖေ့ဘွတ်ထက်က ဆန္ဒဖော်ထုတ်ရတာ အန္တာရယ်လည်းကင်းတာ
ကိုး......... :D။

အဲဒီလို အများယောင်လို့လိုက်လို့သာ ယောင်လိုက်တယ်...OIC ဆိုတာ ဘာလဲရယ်လို့သေသေချာချာ
သိသလား...ဆိုတော့...ဟုတ်ကဲ့....တိဝူး....ရယ်....၊မူဆလင် ၅၇နိုင်ငံအဖွဲ့ဆိုတာလောက်ပဲသိသဗျာ...။
OIC ရဲ့ မူရင်းနာမည်တောင်သိဘူးဗျာ...၊သို့ပေမယ့် အမျိုးပျောက်မှာတော့ စိုးကြောက်လေတော့ မသိ
လည်း သိသလိုလိုဘာလိုလိုနဲ့ ဆန့်ကျင်ကန့်ကွက်လိုက်တာပါပဲ....၊ပြောရရင် အဲ့ အဖွဲ့ မြန်မာပြည်မယ်
ရုံးလာဖွင့်တာကိုလည်း မစိုးရိမ်လှပါဘူး...၊ဘာလို့လည်းဆိုတော့ သူတို့ကို ရုံးဖွင့်ခွင့်ပေးလိုက်တာက
တနိုင်ငံလုံးရဲ့ အချုပ်အခြာအာဏာကို သူရို့လက်ထဲ ဝကွက်အပ်တာမှ မဟုတ်ပေပဲဗျာ...၊သူတို့လုပ်ချင်
ရာ လုပ်လို့ခွင့်ပြုတာမှမဟုတ်ပေပဲ...၊သူတို့ကို မျက်ဆိဒေါက်ထောက်ကြည့်နေနိုင်တာပဲမဟုတ်လားဗျာ၊
သူတို့ ရုတ်ရုတ်ရုတ်ရုတ်လုပ်ရင် ကိုယ်ကနှင်ထုတ်လိုက်ရုံပေါ့လေ...၊

အဲ....အဲ့သာဆို ဘာလို့ကန့်ကွက်လည်းဆိုရင် ကျွန်တော်မယုံတာက ကျွန်တော်တို့ရဲ့ နိုင်ငံတော်အစိုးရ
အရာရှိမင်းများကိုပဲခင်ဗျ...၊သူတို့ကို မျက်ဆိဒေါက်ထောက်ကြည့်ဖို့ဆိုတာကအစိုးရအရာရှိမင်းများရဲ့
တာဝန်ပဲ မဟုတ်လား...၊ခက်တာက ကျွန်တော်တို့ မြန်မာပြည်က ကိုရွေအရာရှိမင်းများကို အမျိုးအစား
ခွဲရင် ၂မျိုးပဲ ရမှာရယ်....၊တစ်မျိုးက ငွေပေး "ငအေးတေး" ဆို တဲ့ အရာရှိမင်းရယ်၊နောက်တစ်မျိုးကတော့
ပေးတာယူ၊ကျွေးတာစား၊ခိုင်းတာလုပ်၊တဲ့ တော်ရိလျော်ရိအစိုးရမင်းရယ် ပဲခင်ဗျ....။

အဲ့ဒီလို အစိုးရမင်းများကိုတော့ဖြင့်  နိုင်ငံတကာလှည့်ပြီး လှည့်ပတ်မွှေနှောက်ချောက်ခြားလာတဲ့ OIC က
လူတွေအဖို့ ပျင်းသေးတယ်....ပျင်းသေးတယ်...ပျင်းတောင်ပျင်းသေးတယ်...လို့တောင်ပြောသွားဦးမယ်။
ပေးတန်ပေး၊ကျွေးတန်ကျွေး၊ခြောက်တန်ခြောက်၊မြှောက်တန်မြှောက်ပြီး သူတို့လုပ်ချင်ရာလုပ်သွားမှာ
မြင်ယောင်နေလေတော့......ဝင်မလာခင်ကကို ဆန့်ကျင်ကန့်ကွက်ရတာပါပဲ...။

အခုတော့ တော်ပါသေးတယ်.....ချစ်စွာသော သမဒဂျီးက ပြည်သူ့ဆန္ဒနဲ့အညီ OIC အဖွဲ့ကို ရုံးဖွင့်ခွင့်
မပေးတော့ဘူးတဲ့...။ပြည်သူ့ဆန္ဒကို မျက်ချေမပြတ်ကြည့်နေသော သမဒဂျီးတော်ပါပေတယ်...၊နောက်
နောင်များဖြင့် ပြည်သူ့ဆန္ဒကို ပြောမှသိ၊ထိမှနာတာမျိုး မဟုတ်ပဲ စောစောစီးစီးက အလိုက်သိနိုင်ရင်
ပိုကောင်းပါမယ်...၊နို့မို့ သူရို့ ဝံဂျီး၊ဝံကလေးအပေါင်းက ရှေ့က လုပ်ချင်တာလုပ်သွား...၊နောက်ကပြည်
သူတွေက အလုပ်ပျက်ခံပြီး ဆန္ဒဖော်ထုတ်ပြီး ပြော ပြော နေရတာက အလုပ်မဟုတ်လှပေဘူး...။

အစိုးရဆိုသဟာက ပြည်သူ့ဆန္ဒ ဘာလဲဆိုတာကို မဖော်ထုတ်ပဲ သိနိုင်နေရမယ်ကိုးဗျ...၊ခုတော့ဖြင့်
ပြည်သူကို သူကဦးမဆောင်တဲ့အပြင် ပြည်သူတွေကချည်း ဟိုလိုလုပ်လေ...၊ဒီလူတွေကို ဝင်ခွင့်မပြုရ
ဘူး...၊ဟိုစီမံကိန်းကဖြင့် ဒွတ်ခနဲ့လှလှတွေ့မယ့်ဟာ...အစရှိသဖြင့်လိုက်ပြောနေရတာက ဟန်တော့
သိပ်မကျလှဘူးဗျိုး...။



နောက်ပြီး နိုင်ငံတကာနဲ့ဆက်ဆံပြီးလုပ်တယ်ဆိုတာက နားလည်မှုစာချွန်လွှာတွေ၊စာချုပ်စာတမ်းတွေ
နဲ့ လက်မှတ်ရေးထိုးထားရတာတွေရယ်....၊အဲ့သာကို မပြောမဆိုနဲ့ ပြည်သူ့ဆန္ဒအရမို့ သားသားတော့
ဖြင့် အဲ့သဟာဂျီးကို လုပ်မပေးနိုင်ပါတော့ဘူးရယ်....လို့ ကလေးကစားလို့ လုပ်လုပ်ပလိုက်တာကတော့
နိုင်ငံတကာမှာ မြန်မာပြည်နဲ့ မြန်မာအစိုးရဆိုတာ ခုဆီထမင်းခုစာကလေးကြော်လုပ်တတ်သူများရယ်....
လို့ သိက္ခာကျစရာ၊အများမယုံမကြည်ဖြစ်စရာ မဖြစ်ဘူးလားဗျာတို့ရဲ့....။


ကိုယ်က နဂါးတံဆိပ်အပ်နှင်းလို့ အခွင့်အာဏာပေးထားတဲ့ ဝံဂျီး၊ဝံကလေးများက မစဉ်းစား၊မဆင်ချင် ပဲ
ပေါက်ကရတွေ လုပ်လုပ်လာလို့ ပြည်သူက ဆန့်ကျင်ကန့်ကွက်လာခဲ့ရင်လည်း အလိမ္မာသုံးလို့ သံရေး
တမန်ရေးနည်းလမ်းများနှင့် အကောင်းဆုံးဖြေရှင်းနိုင်ရမယ် မဟုတ်ပါလားဗျာ...။ခုတော့ဖြင့် ကျွန်တော်တို့
မဟာဝံဂျီး၊စူဠဝံကလေးအပေါင်းကတော့ ဂယောင်ချောက်ခြား၊ထင်ရာမြင်ရာတွေလုပ်လုပ်လာပြီးရင်ဖြင့်
ဆင်သေကိုဆိတ်ရေနဲ့ဖုံးတဲ့ တောရမ်းမယ်ဘွဲ့ ၊ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ စကားတွေပြောပြီး ကုလား
ထိုင်ပေါ်က မဆင်းစတမ်း ပေကပ်ထိုင်နေတော့တာကလား...။ကိုယ့်အရာရှိတစ်ယောက် ပေါက်ကရလုပ်
လာတာကို လိမ်လိမ်မာမာနဲ့ သံရေးတမန်ရေးကျကျ ဖြေရှင်းဖို့လည်း ပညာညဏ်ရယ်လို့ နှမ်းတစ်စေ့မှ
ရှိဟန်မတူပေဘူး...။


ဒီနေရာမယ် ဟိုးရှေးရှေးတုန်းက မြန်မာပညာရှိအမတ်မင်းများကို သတိရမြင်ယောင်မိတော့တယ်....။
အားလုံးလည်းဖတ်မိ၊မှတ်မိကြမှာပါ...။ကင်းဝန်မင်းကြီးတစ်ယောက် အင်္ဂလန်ပြည်ရောက်တော့ ဘုရင့်
မိုးကုတ်ကျောက်တွင်းတစ်တွင်း ရောင်းဖို့ စာချုပ်လာခဲ့လေရော....၊သူကတော့ အာရကေ၊ကော်မရှင်တွေ
ဘာတွေ ရလို့တော့ ဟုတ်ဟန်မတူပါဘူး...၊ဗျစ်တစ်ရှအင်ပါယာကြီးရဲ့ ခေတ်မှီဖွံဖြိုးတိုးတတ်ပုံကိုမျက်ဝါး
ထင်ထင်မြင်ခဲ့ရပြီးတဲ့နောက် ကိုယ့်တိုင်းပြည်ကို သူ့ကျွန်ဘဝမရောက်အောင် ကျောက်တွင်းလေးတစ်
တွင်း ထိုးကျွေးတဲ့သဘောထင်ပါရဲ့...၊အင်း....ခုလည်း ကျွန်တော်တို့ အရာရှိမင်းများကလည်း တိုင်းပြည်
ကြီးကို ခေတ်သစ်နယ်ချဲ့လက်အောက်မရောက်အောင် ဧရာဝတီမြစ်ကြီးနဲ့ ရခိုင်ပြည်ကြီးကို ထိုးကျွေး
တာလည်းဖြစ်ကောင်းဖြစ်မှာပါနော့..... :P


အဲ....အဲ့ဒီလို ကျောက်တွင်းရောင်းဖို့ စာချုပ် ချုပ်လာတယ်လည်းဆိုရော...မင်းတုန်းမင်းတြွားကြီးလည်း
စိတ်အပျက်ကြီးပျက်ရှာလေရော....၊အင်းပေါ့လေ...သူ့ခမြာလည်း သူ့မိဖုရားတွေကို ဒီကျောက်လေးတွေ
နဲ့ ပျော်အောင်ချော့မော့ထားရတာကိုး...၊ခုတော့ ဒွတ်ခနဲ့လှလှတော့တွေ့ပြီး နှမတော်တို့ရေ.....ညီးတို့
ဈေးတောင်းခေါင်းပေါ်ရွက်ကြတွေ ဘာတွေဖြစ်ကုန်ပါရော...၊သို့ပေမယ့် မင်းတုန်းမင်းကြီးမယ် အင်မတန်
မှအားကိုးရတဲ့ ဝန်မင်းကြီးတစ်ပါးရှိလေရဲ့...၊ယောအတွင်းဝန်ဦးဖိုးလှိုင်ပေါ့ဗျာ...၊ဟုတ်တာမှန်တာဆို
ဘုရင်ကိုတောင် ခံခံပြောလွန်းလို့ အရာချထားတဲ့.....အတွင်းဝန်ကြီးကို ပြန်ခေါ်.....၊ဘိုးဘိုးရေ....ဘိုးဘိုး
ဘော်ဒါကြီး နယ်စပ်ရေးရာဝံဂျီး....အဲ....အဲ.....ကင်းဝန်မင်းကြီးကတော့ မပြောမဆိုနဲ့ အဲ့စာချုပ်ကြီးချုပ်
လာဘီ...၊ဟိုက ရာဖြတ်တွေ၊ကိုယ်စားလှယ်တွေလည်း ရောက်လာဘီ...၊မင်းတို့စကားဆိုတာ ထွက်ပြီး
သားဆင်စွယ်လို ပြန်နှုတ်ယူရိုးထုံးစံမရှိ....၊ခုမှ ပြည်သူ့ဆန္ဒကြောင့်ပါလို့ အရူးကွက်နင်းလို့မကောင်း
လေတော့ ဘိုးဘိုးကြည့်စီမံပါဦးဆိုပြီး အတွင်းဝန်ကြီးလက် ဝကွက်အပ်လိုက်သပေါ့....။


ပညာရှိဆိုတာမျိုးက အရေးအကြောင်းဆို တီးလျှင်မြည်တဲ့မောင်းများလိုပဲ အကြံကောင်းညဏ်ကောင်းများ
နဲ့ ပြဿနာကိုဖြေရှင်းတတ်တာကလား...၊ဟိုဘက်က ရာဖြတ်များ၊ကိုယ်စားလှယ်များကို မရောင်းတော့
ဘူး တစ်ခွန်းမှမပြောပဲ....ဘုရင့်နန်းစဉ်ကျောက်များကို ငယ်စဉ်ကြီးလိုက် ထုတ်ထုတ်ပြပြီး အဖိုးဖြတ်ခိုင်း
သတဲ့...။နောက်ဆုံး ငမောက်ပတ္တမြားကြီးကြတော့ ဟိုဘက်က ဈေးကို မဖြတ်တတ်တော့....၊တန်ဖိုးကြီး
လှသကိုး...၊ဒီတော့မှ ကဲ...ကိုယ့်လူတို့မယ်...ဒီကျောက်လေးတစ်လုံးတောင် တန်ဖိုးမဖြတ်နိုင်ရင် ဒီလို
ကျောက်တွေ အများကြီးထွက်တဲ့ ကျောက်တွင်းကိုဘယ်လိုတန်ဖိုးဖြတ်မတုန်း ဆိုပြီး ရေပိတ်စကားပြော၊
ညဘက်ဒင်နာလေးဘာလေးပေးပြီး အနိုင်နဲ့ပိုင်းချ ပလိုက်သတဲ့....။ဘယ့်ဂလောက်များ ပညာရှိလေသ
လဲဗျ...နော်...။

အင်း.....ခုတော့ဖြင့် ကင်းဝန်လို ကိုယ့်အတွေးနဲ့ကိုယ် မတော်တရော်တွေ လုပ်လုပ်လာတတ်တဲ့ ဝံဂျီးတွေ
ပေါသလောက်...၊ယောအတွင်းဝန်ကြီးလို ပညာရှိအမတ်များကြတော့လည်း မူးလို့တောင်ရှုစရာမရှိပေဘူး
ဗျာ...၊ရှိတဲ့ပညာရှိများကြပြန်တော့ ထောင်သွင်းအကျဉ်းချရတာနဲ့၊မြိုင်ရပ်နှင်ရတာနဲ့...ဆိုတော့လည်း....
အင်း.....။

အင်း.....၊ခုတော့ဖြင့် miss international ပြိုင်ပွဲရဲ့ ဘုတ်ပေးပွဲကြီင်္းလည်း ယနေ့ဆို နောက်ဆုံးနေ့ကို
ရောက်လာချေပြီ...၊နောက်နေ့တွေဆို ဘုတ်ချင်တာတောင်မှ ဘုတ်ခွင့်မရတော့....။ ဘုတ်ခွင့်မရတော့
ပေမယ့်...၊နောက်နောင်များမှာဖြင့် မတော်မတည့်များဆို လုပ်လုပ်လာတတ်တဲ့ ကျွန်တော်တို့ရဲ့ မဟာ
ပညာရှိ အစိုးရဝံမင်းများကြောင့် ဆန္ဒများကိုတော့ဖြင့် စဉ်ဆက်မပြက် ဖော်ထုတ်နေရဦးမှာ မလွဲဧကန်
ပင်ဖြစ်ပါတော့သတည်း..........။

Saturday, October 13, 2012

အဘပြောင် သို့ ပေးစာတစ်စောင်

"တစ်နေ့ကပဲ အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်" လို့ ကျွန်တော်တို့ရဲ့ ချစ်စွာ
သော သမဒဂျီး ဘပြောင်က ကာရီးယိုးမှာ မြန်မာစာသင်သားတွေနဲ့တွေ့တော့ ပြောသွားတယ် ဆိုတဲ့အ
ကြောင်း ခုဏလေးတင် ဖဘမှာသယ်ရင်းတစ်ယောက်ရှယ်လို့ဖတ်လိုက်ရတယ်...၊မူရင်းတင်တဲ့သူကတော့
 အဲ့နေရာရောက်တော့ မျက်ရည်တောင်ကျသတဲ့....၊အဲ့စကားကို ဘပြောင်တကယ်ပြောခဲ့တယ်ဆိုရင်......
ကျွန်တော်လည်း " ကြေကွဲစရာပါလား....ဘပြောင်ရယ်...." လို့ Rဇာနည့်လေသံနဲ့ ငိုချင်းတောင်ချလိုက်
ချင်သေးရဲ့......။

ကျွန်တော်တို့မြန်မာပြည်ရဲ့ စီးပွားရေးဆိုတာ အမေဂျီးကားက ဖွင့်ပေးလိုက်တာနဲ့ အပ်ချလောင်းဆို
ဝုန်းကနဲ ခုန်တက်မယ်များ မှတ်နေသလား ဘပြောင်....၊တိုင်းပြည်ဖွံဖြိုးတိုးတတ်ဖို့ အခြားတိုင်းပြည်တစ်

ပြည်ကို မျက်နှာချိုသွေး၊အားကိုးနေဖို့ရော လိုသတဲ့လား ဘပြောင်ရဲ့၊အရင့်အရင်တုန်းကတော့ ဘယ်သူ

ဘယ်လောက်ပိတ်ပိတ် တို့မမှုဘူးဆို....၊ခုတော့ လေသံတစ်မျိုးပြောင်းပါရောလား.....သမဒဂျီးရယ်....။

တကယ့်တကယ်တမ်းသာ တိုင်းပြည်ကို တကယ့်ကိုဖွံ့ဖြိုးတိုးတတ်စေချင်တယ်ဆိုရင် ကိုယ့်ပြည်တွင်းမှာ
စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ရမယ်ဆိုတာ ဘပြောင်လည်းမသိမဟုတ်...။ခုခေတ်အခြေအနေ
လို  လက်ထဲမယ် အာဏာမြဲမြဲဆုတ်ကိုင်ထားဆဲ ဘဘဂျီးတွေနဲ့ ဆွေမျိုးစပ်လို့ ပူးပေါင်းပြီး တိုင်းပြည်ရဲ့
 သယံဇာတတွေကို ဘိုးဘွားပိုင်သဘောထားလို့ လုပ်ချင်တိုင်းလုပ်နေတဲ့ ဝိသမသမားစစ်စစ်လက်တစ်
ဆုတ်စာလူတစ်စုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့မယ်ဆိုရင်၊

အရင်းနဲသူရော အရင်းများသူပါ ဈေးကွက်ရဲ့တောင်းဆိုလိုအပ်ချက်နဲ့အညီ လွတ်လပ်စွာ စီးပွားရှာနိုင်တဲ့
စီးပွားရေးစနစ်တစ်ရပ် ရှင်သန်ထမြောက်လာမယ်ဆိုရင်၊မလိုအပ်တဲ့ ဥပဒေတွေကို ဖြုတ်၊လိုအပ်တဲ့ဥပဒေ
တွေကို ပြဌာန်းနိုင်ခဲ့မယ်ဆိုရင်၊သဘာဝကအမွေပေးထားတဲ့ သယံဇာတတွေကို တိုင်းရင်းသားပြည်သူအား
လုံး အကျိုးခံစားခွင့်ရှိအောင် စီမံခန့်ခွဲနိုင်ခဲ့မယ်ဆိုရင်၊ ကျွန်တော်တို့မြန်မာပြည်ရဲ့ စီးပွားရေးက မဖွံ့ဖြိုး
စရာ မရှိပါဘူး ဘပြောင်ရယ်....။



ပြီးတော့ ကိုယ့်ဘက်ကသာစစ်မှန်တဲ့ လမ်းကြောင်းကိုလျှောက်နေမယ်ဆိုရင် ဘယ်သူ့ကိုမှ မျက်နှာ
ချိုသွေးနေစရာမလိုပါဘူး၊ဟိုကသူ့အလိုလိုဖွင့်ပေးမှာပါ..၊ခုဖွင့်ပေးတာလည်းဘပြောင်လမ်းကြောင်းမှန်ကို
 လျှောက်နေတယ်ဆိုတာကို ထောက်ခံအားပေးတဲ့အနေနဲ့ဖွင့်ပေးလာတာတွေပါ...၊ဘပြောင် ဒီထက်ပိုပြီး
မှန်ကန်သောလမ်းကြောင်းပေါ် ရဲရဲတင်းတင်း လျှောက်ရဲလာအောင် တွန်းအားပေးလာ ခဲ့တာတွေပါ.....။
ဘပြောင် မဟုတ်တာလုပ်ရင် သေလောက်အောင်မျက်နှာချိုသွေးတော့ ပွင့်လာမယ်မထင်နဲ့......။

ကျွန်တော်တို့ဒေါ်စုကိုပဲကြည့် ဟီလာရီနဲ့ဆက်ဆံတာ တန်းတူရည်တူ ချစ်ချစ်ခင်ခင်ပဲ....၊အိုဘာမားနဲ့
လည်းဒီအတိုင်းပဲ...သူ ဘယ်သူ့မှမျက်နှာချိုသွေးစရာမလိုပါဘူး...၊မျက်နှာချိုလည်း မသွေးခဲ့ပါဘူး..၊သူ့
ဘာသာသူရွေးချယ်ခဲ့တဲ့လမ်းကြောင်းကိုတစ်စိုက်မတ်မတ် လျှောက်လှမ်းခဲ့တဲ့သူပါ..။သူမှန်တဲ့လမ်းကြောင်း
ပေါ်မှာ မားမားမတ်မတ်ရပ်တည်နေသရွေ့ တကမ္ဘာလုံးက သူ့ကို ထောက်ခံအားပေးမှာအသေအချာပါပဲ။

ပြီး...ဘပြောင်ပြောသွားတာ ရှိသေးတယ်....စည်းလုံးညီညွှတ်ဖို့ ထင်းစည်းလေးချိုးပြနေရတုန်း....တဲ့....
ခက်တာပဲ ဘပြောင်ရယ်...သံသရာနဲ့ချီပြီး ဒုက္ခသုက္ခရောက်၊ကိုယ့်ပြည်နယ်ကထွက်တဲ့ကိုယ့်သယံဇာတ
မှကိုယ်ပြောင်ပြောင်တင်းတင်း မသုံးစွဲခဲ့ရတဲ့ ကိုယ့်သွေးချင်းတွေကို သူရို့ ခံစားစံစားသင့်တာကို သူတို့ကို
ပြန်ပေးလိုက်...၊သူရို့ ကြမ္မာသူရို့ ဖန်တီးခွင့်ပေးလိုက်ရင် မတည့်စရာမရှိပါဘူးဗျာ။ခွဲထွက်မှာတွေဘာတွေ
မပူပါနဲ့....၊သူရို့ဘာသာ လွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရရင် အလုပ်ရှုပ်ခံပြီး ခွဲထွက်ခွင့်
တွေဘာတွေမတောင်းပါဘူးဗျ..၊

ဗိုလ်ချုပ်ပြောခဲ့သလို ခွဲထွက်ခွင့်က သူတို့ရပိုင်ခွင့်၊ မခွဲထွက်ချင်အောင်လုပ်ပေးရမှာက ကိုယ့်တာဝန် ပဲ
မဟုတ်လားဗျာ...၊ငြိမ်းချမ်းရေးဆိုတာ နားလည်၊ယုံကြည်မှုနဲ့အတူ၊လွတ်လပ်ခြင်း၊ညီမျှခြင်း၊တန်းတူညီတူ
ရှိခြင်းတွေနဲ့ပါ တည်ဆောက်မှ ရမှာ ဘပြောင်ရဲ့...၊အဲ့လိုမှ မဟုတ်ပဲ...မင်း....တို့လက်တွေ လေထဲမှာ
မြှောက်ထားလိုက်.....ပြီးမှ လွှတ်တော်ထဲဝင် ထိုင်ငိုက်ကြ လို့ သွားပြောတော့ ဘယ်သူက ဘပြောင်တို့ကို
ယုံမတဲ့လဲ......၊ထင်းစည်းလေးချိုးပြပြီး ချီးတုံးဂျီးသည် ခွန်အား အဲ.....စည်းလုံးခြင်းသည် ခွန်အား လုပ်နေ
လို့ကတော့ ဟိုဘက်က ကျည်ဆန်ပဲ ပြန်ပေးလိမ့်မယ်...ဘပြောင်.....။
 
ခုတော့ ဘပြောင်လည်း သမဒဂျီးဖြစ်တာ တစ်နှစ်ကျော်ပြီ...၊တိုင်းပြည်မလဲ ရှုပ်ထွေးပွေလီနေလိုက်တာ 
သပွတ်အူကတောင် အဖေခေါ်ရ...။ဘပြောင်လည်း တီလုပ်ကိုအရှုံးပေးရ၊ခေါ်တောကို အညံခံရ၊အနောက်
က ဘွားတော်ကြီးကို မျက်နှာချိုသွေးရ နဲ့ ရစရာကိုမရှိတော့ဘူး...၊တိုင်းပြည်တွင်းမှာလည်း ဘယ်ဘက်က
မှ ဖွံဖြိုးတိုးတက် လာတာမတွေ့ရပါလားဗျာ....။
 
ခုတော့ ကျွန်တော်တို့ တိုင်းပြည်ကြီးက ရိုးတံကကြဲကြဲ၊ကိုင်းဖျားကိုင်းနားတွေလည်း ခြောက်သွေ့၊ ပင်စည်
မှာလည်း အက်ကြောင်းတွေထ၊ရေသောက်မြစ်တွေလည်း သေလုခမန်းဖြစ်နေတဲ့ သစ်ပင်ကြီးတစ်ပင်လို
ဖြစ်နေပြီ ဘပြောင်...၊ဒီကြားထဲ ဘယ် ကလေကဝက ရောက်လာမှန်းမသိတဲ့ ပညောင်ပင်တစ်ပင်ကလည်း
သစ်ခွကြားလာပေါက်ရာကနေ ပင်စည်ကြီးတစ်ပင်လုံးကိုပါ ဝါးမြိုဖုံးလွှမ်းဖို့ အားယူနေပြီဘပြောင်...၊ကိုယ့်
ဘေးနားမှာ ပေါက်နေတဲ့ ကိုယ့်ထက် ၁၀ဆလောက်ကြီးတဲ့ သစ်ပင်ကြီးကလည်း အရိပ်လွမ်းမိုးနေလိုက်
သေးရဲ့။အဲ....စိမ်းစိမ်းလန်းလန်းရှိမယ့် ရှိတော့ ဟိုးထိပ်ဖျားက ဘယ်သူမှ မတို့မထိဝံ့တဲ့ " နတ်နေကိုင်း "
တွေကတော့ ထောင် ထောင် ထောင် ထောင် နဲ့ပါလား ဘပြောင်ရေ....။

ဘပြောင်ရေ....ဘပြောင်မှာသာ ကိုယ့်တိုင်းပြည်ကို တကယ်ဖွံဖြိုးတိုးတတ်စေချင်တယ်ဆိုရင်၊ကိုယ့်တိုင်း
ပြည်အပေါ် စေတနာတကယ်ရှိတယ်ဆိုရင် သစ်ပင်ကြီးရဲ့ အကိုင်းအခက်အလက်နဲ့တူတဲ့ တိုင်းသူပြည်
သားတွေ ဝေစည်ဖွံ့ဖြိုးလာအောင်၊ကွဲအက်နေတဲ့ ပြည်ထောင်စုပင်စည်ကြီး စုစည်းမိအောင်၊တိုင်းပြည့်
ရေသောက်မြစ်ဖြစ်တဲ့ လူစွမ်းအားနဲ့သဘာဝသယံဇာတအရင်းအမြစ်တွေ စဉ်ဆက်မပြက်ဖွံဖြိုးတိုးတတ်
နေအောင် လုပ်ရမယ်ဆိုတာ ဘပြောင်လည်းမသိမဟုတ်....။ပြီး ကလေကဝလာပေါက်နေတဲ့ ပညောင်ပင်
ပေါက်ကိုလည်း အပြီးတိုင်သင်းသတ်ဖယ်ရှားပစ်ရမှာဖြစ်သလို ကိုယ့်ကို အရိပ်ထိုးနေတဲ့ နံဘေးက သစ်ပင်
ကြီးရဲ့ လောင်းရိပ်အောက်ကလည်း ပညာသားပါပါ ယိမ်းနွဲ့ ရှောင်ရှားနိုင်ရမယ် မဟုတ်လား....။နောက်ပြီး
ဘယ်သူမှ မတို့ရဲ မထိရဲတဲ့ နတ်နေကိုင်းလို အခွင့်ထူးခံ လူတန်းစားတစ်သိုက်ကိုလည်း ဖယ်ပစ်ရှားပစ်
ရမယ် ဘပြောင်......။

ဘပြောင်ရေ.......နိုင်ငံအုပ်ချုပ်မင်းလုပ်တဲ့သူဆိုတာ ရိုးဂုဏ်လေးတစ်ခုရှိရုံနဲ့မရဘူး ဘပြောင်ရဲ့၊လုပ်စရာ
ကိုင်စရာရှိတာကို ပြတ်ပြတ်သားသားကိုင်တွယ်နိုင်ရတယ်...၊ဒီလိုပြောလို့ မနေ့တစ်နေ့ကအထိ နိုင်ငံ
အုပ်ချုပ် ထင်ရာလုပ်သွားတဲ့ ဟိုဘဘဂျီးလို ရက်စက်ရမယ်ပြောတာမဟုတ်ဘူးနော်...၊ဖြစ်သင့်ဖြစ်ထိုက်
တာကို ပြည်သူ့ဆန္ဒနဲ့အညီ ပညာသားပါပါ၊ ပြည်သူ့ဘက်က ပြတ်ပြတ်သားသားရပ်တည်နိုင်ရမယ်ပြော
တာ...။နိုင်ငံတကာအလယ်မှာလည်း ကိုယ့်လုပ်ဆောင်ချက်တွေကို လက်ခံနိုင်အောင် အချက်ကျကျပြော
နိုင်ဆိုနိုင်၊ရှင်းလင်းပြနိုင်ရမယ်...၊ဒီအတွက်လည်း နိုင်ငံတကာ ဗဟုသုတ၊အတွေးအမြင်၊အတွေ့အကြုံ
ရှိရမယ်...၊ပညာလည်း တက်၊လူကလည်း ထက်မြက်နေရမယ် ဘပြောင်ရဲ့...၊ခုတော့ သမဒရဲ့ အရည်
အချင်းဆိုတာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အူလှတဲ့၊ကိုယ့်ဘက်ကို ပြောင်ပြောင်ဂျီးယက်ထားတဲ့ စည်းမျဉ်း
စည်းကမ်းပဲ အခြေခံဥပဒေထဲ ပါဆိုပါလားဗျာ....။

ပြောရရင်တော့ သမ္မတကောင်းတစ်ယောက်ရဲ့အရည်အချင်းတွေ ဘပြောင်မှာ မရှိပါဘူး ဘပြောင်...။အဲဒီ
အရည်အချင်းတွေက ဒေါ်စုဆီမှာပဲ အပြည့်အဝရှိတယ်ဆိုတာ ဘပြောင်နဲ့တကွ ရှိရှိသမျှသော ဘောင်း
ဘောင်းဝတ်၊ဘောင်ဘောင်းချွတ် ဘဘဂျီးတွေ သိကြပါတယ်...။ခက်တာက ဘပြောင်ရဲ့ ချစ်စွာသော
စီနီယာ၊ဂျူနီယာရောင်းရင်းအပေါင်းအသင်းတစ်သိုက်က အာဏာနဲ့စည်းစိမ်ကို ငမ်းငမ်းတတ်ပြီးသကာလ
ဒေါ်စုများ သမ္မတဖြစ်ရင်ဖြင့် တိုင်းပြည်ကောင်းစားတာက အရေးမဟုတ်၊ငါတို့ အသက်အိုးအိမ်စည်းစိမ်
တွေ ကတိမ်းကပါးဖြစ်ရချည်ရဲ့ဆိုပြီး လောဘဇောတတ်နေကြတာပဲ ဘပြောင်ရယ်....။

ဒီတော့ ပြည်သူကရွေးချယ်ရင် ဒေါ်စုလည်း သမ္မတဖြစ်နိုင်ပါတယ်ရယ်....လို့ ဘပြောင်က ဘယ်လောက်ပဲ လူကြားကောင်းအောင်ပြောပြော...၊ဘပြောင်တို့ ဘဘတစ်သိုက် အကြိုက်ဆွဲထားတဲ့ အခြေခံအေပဒု ထဲ
မှာ သမ္မတလောင်းရဲ့ သားသမီးဟာ အခြားနိုင်ငံသားအဖြစ်ခံယူထားသူမဟုတ်ရဆိုတာရယ်...၊အဲ့အချက်
တွေကို ပြောင်းချင်ရင်ဖြင့် ခေါင်းပေါင်းစ ညာချတဲ့ မဟာအမတ် ၇၅ရာနှုန်းကထောက်ခံပြီး တာတောင်မှ
ပြည်သူ့ဆန္ဒခံယူရဦးမယ်ဆိုတဲ့ ဧရာမသံမဏိစည်းမျဉ်းစည်းကမ်းတွေနဲ့ ချည်တုတ်ထားတယ်မဟုတ်လား
ဘပြောင်...။

အင်း...ပြောမယ့်သာပြောရ.....ဘပြောင်လည်း ဆူးကြားက ဘူးခါးဆိုတာ ကလေးကအစ၊တကမ္ဘာလုံးက
လူတိုင်းသိပါရဲ့၊ဘပြောင်မလည်း........ဘရွှေတို့ ဘအေးတို့နဲ့သူတို့ရဲ့ပါတနာ ခရိုနီတွေကတစ်ဘက်၊
ပေါက်ဖော်ကြီးကတစ်ဘက်၊တင်းမာပြတ်သားပြီးဘဘဂျီးခိုင်းတာတစ်သွေမတိမ်းလုပ်ချင်တဲ့ချုပ်ချုပ်ဒုမှုးကြီး
ကတစ်ဘက်၊ငါ့မြင်းငါစိုင်း ဘယ်ရောက်ရောက်ဆိုတဲ့ ကြံ့တွေကတစ်ဘက်၊ဆိုတော့လည်း.....အင်း......

ဆိုတော့ ဘပြောင်ရေ....ဘပြောင်လည်း တွေ့သမျှလူ မျက်နှာချိုသွေး၊ကျွန်တော်တို့လည်းနီးရာနိုင်ငံမယ် 
မျက်နှာအောက်ကျို့လို့ ကျွန်ဆက်ခံကြရတာပါ့.......။ကျန်တာကတော့ သေရင်ပြီးပြီ မဟုတ်လား...။
မသေခင် နိုဘယ်ဆုလေးရသွားတော့လည်း အမြတ်ပေါ့ ဘပြောင်......။တိုင်းပြည်ဂျီးဘာဖြစ်နေ...ဖြစ်နေ....
ဘပြောင်လည်း အိညှောင်အိညှောင်နဲ့ သမဒဂျီးဇာတ်ရုပ်အဖြစ်အသုံးတော်ခံလိုက်ပေဦးတော့၊ကျွန်တော်
တို့ နင်ပြားတွေလည်း  လိန်ဖယ်....လိန်ဖယ်နဲ့ ခရီးဆက်ကြတာပေါ့ ဗျာ..........။

                                                                               အဲ့ဒါပါပဲဗျာ......သမဒဂျီးကျမ်းမာပါစေ...။

Wednesday, October 10, 2012

အဲဒီညမှာ ရွှာခဲ့တဲ့ အလွမ်းက ခုထိမစဲသေးဘူးတဲ့ ဟန်နီ....

ဝေးကွာခြင်းတွေလောက်ဝေးကွာနေတာမရှိခဲ့......

ဘယ်တုန်းကမှ မနီးစပ်ခဲ့ပေမယ့် ပိုလို့ဝေးကွာသွားတယ်ဆိုတဲ့အသိက ရင်တစ်ခွင်လုံးကို ပူမြိုက်...

သံယောဇဉ်ဆိုတာ ကိုယ့်ကိုကိုယ်ကြိုးဆွဲချဖို့ ကြိုးတစ်ချောင်းမျှသာ.......

စကားသံတွေကို မနေ့တစ်နေ့ကမှ ကိုယ့်နား နားလာကပ်ပြောသွားသလို ကြားယောင်နေမိဆဲ.....

စိတ်ကြေးမုံပြင်မှာ အသွင်အပြင်အားလုံးကို အနှေးပြကွယ်သဖွယ် ထင်မြင်နေ.....


စီးခဲ့တဲ့ဖိနပ် ပန်ထားတဲ့နားကပ် ပြုံးလိုက်တိုင်းပေါ်တတ်တဲ့ သွားစွယ်.....

ကိုယ့်အပေါ် ငုံ့ကိုင်းကျခဲ့ဖူးတဲ့ ဆံနွယ်မျှင်တစ်စက ဒိုင်ယာရီအဟောင်းထဲမှာ လဲလျောင်း......

မင်းဖြတ်လျှောက်သွားတဲ့ ငါ့ရင်တစ်ခင်းမှာ အလွမ်းတွေက အုတ်အော်သောင်းတင်း ပွင့်....

အထိအရှများတဲ့ နှလုံးသားဆိုတာ ဒဏ်ရာတွေနဲ့နုနယ်မြဲ.....

သူပြောခဲ့ဖူးတဲ့ ပုံပြင်တွေထဲမှာ ကိုယ်ဟာ မင်းသားလေးလို့ ခုထိယုံကြည်.......

နေရင်း ထိုင်ရင်း စားရင်း သောက်ရင်း ရယ်ရင်း မောရင်း အိပ်စက်နေရင်း အလွမ်းတွေကတစ်မြေ့မြေ့......

ဘာသာတိုက်တဲ့ ကျိန်စာ မှာ ပြန်ဖြည် ယူဖို့ ဂါထာမရှိ.....

တစ်နှစ်ခြင်း၊တစ်လခြင်း၊တစ်ရက်ခြင်း၊တစ်နာရီခြင်း၊တစ်မိနစ်ခြင်း၊တစ်စက္ကန့်ခြင်း မှာ သတိရခြင်းက
တစ်ရွေ့ရွေ့တွားသွား......

ဒိတ်ကနဲ ခုန်တဲ့ နှလုံးစည်းချက်တိုင်း မှာ တမ်းတစိတ်တွေက ဟီးလေးခို.........

တစ်ဘဝလုံးအမှောင်ဖုံးနေသည့်တိုင် အလွမ်းစိတ်တွေက အလျှံညီးညီး......

ဒီလိုနဲ့ သေရာပါမယ့် ဒဏ်ရာတွေကို ထွေးထွေးပိုက်ပိုက် မိုက်မိုက်မဲမဲ သတိရ တမ်းတမြဲ.......

စကားမစပ်......

မင်း ကိုယ့်ကို ဖျက်ကနဲ သတိရမိခဲ့ရင် တစ်ချက်လောက် မဲ့ပြုံး ပြုံးပါ ဟန်နီ........။

Sunday, September 30, 2012

ကျွန်တော်....သူတို့....နှင့် ဒီလောက......

စားပွဲခုံပေါ်ရှိ ကွန်ပြူတာဖန်သားပြင်ကို ကျွန်တော် ငေးကြည့်နေမိသည်မှာ မိနစ်အတန်ကြာနေပြီဖြစ်သည်။
လက်ချောင်းများကလည်း ကီးဘုတ်ပေါ်တွင်အသင့်အနေအထား....။ကွန်ပြူတာဖန်သားပြင်တွင်မတော့
မျောလွင့်တိမ်တို့နားခိုရာ ၏ new post စာမျက်နှာကပွင့်လျက်သား...၊သို့ပေမယ့် အဖြူရောက်သက်သက်
မျက်နှာစာပေါ်တွင် စာလုံးတစ်လုံးမှ ရှိမနေပါ။တစ်စုံတစ်ရာ ချရေးလိုက်တော့မည်ဟု ကြံစည်လိုက်တိုင်းမှာ
ကျွန်တော့်နှလုံးသားတို့ လေးလံလာရသည်။ဤသည့်အခြေအနေကို စာရေးဆရာတွေကတော့ မုဒ်မဝင်
ဘူး ဟု ပြောဆိုသုံးနှုန်းကြမည်ထင်သည်။ကျွန်တော်ကတော့ စာရေးဆရာမဟုတ်တော့ အဲဒီလိုသုံးနှုန်းဖို့
ရာ စိတ်မရဲလှပါ...။ဆိုတော့ ပို့စ်အသစ်တစ်ပုဒ်၊စာတစ်ပုဒ်ရေးဖို့ရာ စိတ်ပါဝင်စားမှု ကင်းမဲ့နေတယ် လို့ပဲ
ဆိုကြပါစို့ရယ်....။

ပြောရရင် ဒီလိုမျိုးဖြစ်တတ်တာက ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်....၊ကျွန်တော့်ထက်စီနီယာ
ကျသော နောင်တော်၊အစ်မတော်တို့ပင် ဖြစ်တတ်ကြလေသည်။ဒီအကြောင်းကို အကိုညီလင်းသစ်ပင်ပို့စ်
တစ်ပုဒ်ရေးခဲ့ပြီး၊အခြားသော အကို၊အမ များကလည်း ကွန်မန့်များစွာဖြင့် ဝန်ခံကြလေသည် မဟုတ်ပါလား
ဗျာ....၊ခုလို ကျွန်တော်ကိုယ်တိုင် စိတ်မပါ၊လက်မပါဖြစ်နေချိန်မှာ အဲဒီပို့စ်လေးကို သတိရပြီး...အင်း.....

ကိုယ့်စီနီယာတွေတောင် စိတ်မပါလို့ မရေးသေးတာပဲ....၊ငါလည်း စိတ်မပါရင်မရေးပဲနေမှ ဆိုပြီးသကာလ
ဘာမှ မရေးပဲ ပေကပ်နေလေတော့ ပိုဆိုးရော ဆိုပါတော့ဗျာ....။

ပြောရရင် ကျွန်တော့်မှာ ရေးစရာအကြွေးတွေက တစ်ပုံတစ်ပင်ရယ်...၊စိတ်မပါလို့ ဘာမှမရေးဖြစ်တဲ့အချိန်
မှာမှ ညီမတစ်ယောက်က ဘဝရသ တစ်ပုဒ်လောက်ရေးပေးပါလို့ တောင်းဆိုလာပါလေရော...။ပြောရရင်
ကျွန်တော်လို ဘာမှ မဟုတ်တဲ့ချောက်တီးချောက်ချက်လူတစ်ယောက်ကို ခုလို တောင်းဆိုလာတာကိုက
ဝမ်းသာ၊အားတတ်စွာဖြင့် ကြိုးစားပမ်းစား ရေးရမှာ မဟုတ်ပါလားဗျာ...။ရေးဖို့လည်း တကယ်ကြိုးစားပါရဲ့။
သို့ပေမယ့်  ဟဒယနှလုံးအိမ် အတွင်းမှ အဘယ်မည်သော ခံစားချက်တစ်စုံတစ်ရာမှ ဦးနှောက် ဆီသို့
ယိုစီး၊စိမ့်ကျလာခြင်းမရှိခဲ့....။အဲဒီလို နှလုံးအိမ်မှ အမိန့်တစ်စုံတစ်ရာမရလေသော ကျွန်တော့်ဦးနှောက်
ငယ်ငယ် မှ လက်ချောင်းများထံသို့ စာလေးတစ်လုံးတစ်လေမှ လွန်မြောက်လာခြင်းသည် မရှိတော့...။
ထိုသောအခါမှာတော့ ကျွန်တော့် စာမျက်နှာများသည် သွေ့ခြောက်နွမ်းနယ်ကာ သုဿန်တစ်စပြင်နှယ်
တည်း...။


တကယ်တမ်းဆိုလျှင် ကျွန်တော့် ဦးနှောက်၏တစ်ထောင့်တစ်နေရာမှ ခံစားချက် ဆိုသောခေါင်းစဉ်အောက်

တွင် " တေးမှတ် " ထားသည်များ ရှိပါ၏။မျောလွင့်တိမ်၏ Draft မူကြမ်းစာမျက်နှာထက်တွင်မလည်း ရေး
လက်စပို့စ်ပေါင်း ၂၆ ခုတိတိရှိလေ၏။တစ်ချို့ဆို ပြီးလုခမန်းပင်...။ထိုပို့စ်များကို ဆက်ရေးမည်ကြံသော်
လည်း မရ....။ခံစားချက်ဆိုသည်က ဒီနေ့နှင့် မနေ့ကပင် တူသည်မဟုတ်....၊ရက်ပေါင်းများစွာကြာသော
အခါ ထိုစဉ်က ခံစားချက်တို့ကား ပုတ်သိုးကုန်နှင့်လေပြီ....။

ဘာမျှ မရေးဖြစ်သည့်နောက် ဘလော့တွေပဲ လိုက်ဖတ်နေရသည်။ ပြောမယ့်သာပြောရ ကျွန်တော်ဖတ်
နေကျဖြစ်သည့် ဘလော့တွေလည်း အရင်လို ပွဲမစည်လှတော့...။မှတ်မိသေးသည်...။ဟိုး အရင်နှစ် နှစ်
ကျော်ကာလ.....ကျွန်တော် ဘလော့လေးစရေးကာစက တစ်နေ့လျှင် အနည်းဆုံး ပို့စ်အသစ် ၁၀ပုဒ် မှ

သည် အပုဒ်၂၀ လောက်ထိတက်လာတတ်ကြသည်။ဒါတောင် ထိုစဉ်ကာလက ကျွန်တော့်ဘလော့တွင်
လင့်ချိတ်ထားသည့်ဘလော့များ မှာ ခုလောက်များလှသည်မဟုတ်...။ထိုအချိန်များဆီကတော့ ဘလော့
နှင့် သတင်းဆိုက်များကို လိုက်ဖတ်လိုက်သည်နှင့် ည၁၀နာရီ ထိုးသွားလေ့ရှိသည်။စာရေးဖြစ်သည့်နေ့
များတွင် ကိုယ်ရေးချင်တာအရင်ရေးပြီးမှ ဖတ်ရ၏။အဲ့လိုမှ မဟုတ်လျှင်ဖြင့် စာရေးဖို့ရာ အချိန်မရှိတော့။


ခုများတွင်မတော့ လင့်ချိတ်ထားသည်များ ၁၀၀ ခန့်ရှိသည့်တိုင် တစ်နေ့ လုံးနေမှ ဘလော့လေးငါးခုထံ
မှသာ အသစ်လေးတွေတတ်လာတော့သည်။ကျွန်တော်ချစ်ခင်ရသောသယ်ရင်းများ၊လေးစားရသော
ဘလော့များလည်း တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ အတိုင်း သူတို့ဘလော့တွေကို ပိတ်သူပိတ်သွားကြလေ
ပြီ...။တစ်ချို့ကြတော့ မပိတ်ပေမယ့် စာတွေဆက်မရေးဖြစ်ကြတော့....။ကျွန်တော်ကတော့ သူတို့တစ်နေ့
ပြန်ရေးနိုးဖြင့် လင့်လေးတွေပင် မဖြုတ်ရက်ပါ...။သူတို့သည် ကျွန်တော် ချစ်ခင်ရ၊လေးစားရ၊သဘောကျ
ရသူများ မဟုတ်ပါလား...၊ထို့ပြင် ကျွန်တော်စရေးကာစက လာရောက်အားပေးကြသူများ၊လိုတာလေးတွေ
ကို ပြုပြင်အကြံပေးကြသူများပင်...။သူတို့ကို ကျွန်တော်တစ်သက်လုံးသတိတရနှင့် မျှော်လင့်နေဦးမည်
သာဖြစ်ပါသည်...။တစ်ခါတစ်လေတော့လည်း သူတို့ဘာတွေလုပ်နေကြမလဲမသိဟု.....ရော်ရမ်းတွေးဆ
နေမိတတ်သည်။


ပုံမှန်အတိုင်း စာတွေ ရေးနေသူတွေ အများကြီးတော့ရှိပါသေး၏။အသစ်အသစ်သော ဘလော့ဂါတွေလည်း

ပေါ်ထွက်လာကြပါ၏။သူတို့တွေ ဆက်ရေးနေကြသည်ကပင် ဝမ်းသာကြည်နူးရပါသည်။သို့ပေမင့် သူတို့
တစ်တွေလည်း အရင်လို ခပ်စိတ်စိတ်လေးတွေ မဟုတ်ကြတော့...။ပို့စ်သွက်လှသည့် အစ်မကွန်ပင် ယခင်
စံချိန်ကို မမှီလှ.....။လွန်ခဲ့သည့်နှစ်များက တစ်လလျှင် ပို့စ်၂၀ဆိုတာ အစ်မကွန်အတွက်သာသာလေး
ပင်...။ဖတ်သူပင် ခါးပြတ်ကျန်ခဲ့ရသည်...။ကိစ္စများမြောင်သော လူမှုဘဝ၊လူမှုတာဝန်များ၏ ဝန်တာကို
ကျွန်တော်သဘောပေါက်ပါသည်၊နားလည်ပါသည်။ဘလော့ဆိုသည်မှာ ကြီးမားသော တကယ့်လူမှုဘဝ
၏ အစိတ်အပိုင်းသေးသေးလေး မဟုတ်ပါလားဗျာ....။ဘာပဲပြောပြော၊ဘယ်လိုပင်ရှိရှိ ကျွန်တော်ကတော့
သူတို့စာတွေကို မျှော်တလင့်လင့်.......ရယ်.....။





ကျွန်တော်ရော......။တစ်ချိန်ကာလ က သူတို့ဘလော့လေးတွေ ပိတ်လိုက်တာမျိုး ကြုံရပါက ငါတော့
ငါ့ဘလော့လေးကို သေသည်အထိရေးသွားမည်ဟု ဘာသာကြုံးဝါးမိသည်....။ဘလော့ပါး မဝခင်ကဆိုပါ
တော့.....။အခုတော့ တစ်ထစ်လျော့ရလေပြီ....။ရေးချင်မှပဲရေးပါတော့မယ်လေ.....ဟုဖြစ်လာလေပြီ...။
အင်း.....နောင်များကာလတွင်မတော့ ပိတ်များပိတ်မိလေမည်လား.....မပြောတတ်ပါတော့....။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီလောက ကို ချစ်ပါသည်။ခင်ပါသည်။သံယောဇဉ်လည်း ရှိသည်မှာ အသေအချာ
ပင်ဖြစ်ပါသည်။သို့သော်.......သို့သော်.......အင်း.....ထိုသို့သော်က အတော်ခက်သည်....။ဘာမှမသေချာ
သော လောကကြီးတွင် မျောလွင့်တိမ်သည်လည်း ဘာသားနှင့်ထု ထားလို့တုန်း....ဟု ပြောရမည်ပင်...။


လောလောဆယ်တော့ နှလုံးအိမ်ဟာဒယ မှ ခံစားချက်တို့ ယိုစီးကျလာသည့် အချိန်များတွင် ဦးနှောက်၏
 အတေးအမှတ် လေးများကို မျောလွင့်တိမ်၏မျက်နှာစာများထက် ထုဆစ်နေဖြစ်ဦးမည်သာ..........။