Friday, November 16, 2012

ငြိမ်းချမ်းတိတ်ဆိတ်ရာ ကမ်းခြေလေးတစ်နေရာသို့......

ပြီးခဲ့တဲ့ တနင်္ဂနွေက ခရီးထွက်ဖြစ်တယ်....၊အင်ဒိုနီးရှား၊ဘင်တန်ကျွန်းကိုပါ....။အဲဒီကို သွားမလို့လုပ်နေ
တာတော့ကြာပြီရယ်.....။ဘင်တန်ကိုမရောက်ပဲ မလေးရှားဘက်ကိုပဲရောက်ရောက်သွားတယ်၊ဘာဖြစ်လို့
လည်းဆိုတော့ အဖော်မရှိလို့ပဲဗျ...။အဖော်မရှိတော့ ဘာဖြစ်လဲဆိုတော့ ကျွန်တော်ကတော့ ဘာမှ မဖြစ်ပါ
ဘူး။ဖြစ်တာက ခရီးသွားဧဂျင်စီတွေပါပဲ....၊Package tour တွေကို စုံစမ်းလိုက်တိုင်း အနဲဆုံး နှစ်ယောက်မှ
တဲ့ဗျာ...၊တစ်ယောက်တည်းဆိုလည်း ၂ယောက်ခပေးရမတဲ့....၊ပေးပါ့မယ်ဆိုတာတောင် သူတို့က အင်တင်တင်ရယ်....။တစ်ယောက်တည်း အပျော်ခရီးမထွက်ရဘူးလို့များ ဥပဒေထုတ်ထားသလားမှတ်ရ။

အွန်လိုင်းပေါ်မှာ စုံစမ်းဖြစ်တဲ့ ကုပ္မဏီတစ်ခုကဆို တစ်ယောက်တည်းမို့ single charge 110 ပေးရမတဲ့...။
ဘယ်နှယ်ဗျာ....တကယ်ဆို တစ်ယောက်တည်းသမားမို့ သူတို့ဘက်က အကုန်အကျတောင်သက်သာဦး
မယ့်ဟာကို....ကိုယ်ကပဲ ထပ်ပေးရဦးမယ်ဆိုတာ အရပ်ရပ်နေပြည်တော်ကြားလို့မှမတော်တာကြီးဗျာ...။
သင်းတို့ ဆီက ရွှေထွက်နေတောင် သင်းတို့နဲ့တော့ မသွားဘူးလို့ ပြက်သားပလိုက်တယ်....။နောက်ဆုံး
မတော့ package tourနဲ့မသွားတော့ပဲ ကိုယ့်ဘာသာ ဖယ်ရီဘုတ်လက်မှတ်ဝယ်၊ဟိုတယ်အခန်းဘွတ်ကင်
လုပ်ပြီး သွားလိုက်ပါတယ်....။အဲ့ဒါကမှ အဆင်လည်းပြေ၊ဈေးလည်းသက်သာသေးဗျား။

ကျွန်တော်ဝယ်ထားတဲ့ ဖယ်ရီက နေ့လည် ၁၂နာရီမှာ ထွက်မယ့် ဖယ်ရီပါ။စင်္ကာပူနဲ့ ဘင်တန်ကျွန်းကို
တစ်နာရီကို ဖယ်ရီတစ်စီး နှုန်းပြေးဆွဲပေးပါတယ်...။ဘုတ်က ကြည့်တော့သာ ခပ်သေးသေးထင်ရ...၊လူ
တော့အတော်ဆန့်သားဗျ။ကျွန်တော့်စိတ်ထင် ခရီးသည် ၂၀၀၊၃၀၀ လောက်ပါ တယ်ဗျ....။လှိုင်းလေ ငြိမ်
လို့လားတော့မသိ၊စီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းတော့ရှိသား....။ဘင်တန်ဘက်ခြမ်းရောက်တော့ အင်ဒို
စံတော်ချိန်နဲ့ နေလည်၁၂နာရီပဲရှိပါသေးတယ်...။အင်ဒိုက စင်္ကာပုထက်အချိန်၁နာရီစောတာကိုးခင်ဗျ...။

စင်္ကာပူ- ဘင်တန် ကို လွန်းပျံပြေးဆွဲပေးနေတဲ့ ဖယ်ရီဘုတ်လေးပါ



ထုံးစံအတိုင်း လဝက ကိုဖြတ်ပြီး အပြင်ရောက်တော့ ကားငှားဖို့လုပ်ပါတယ်.။တက်ဆီစတင်းတွေဘာတွေ
မတွေ့ပါဘူး၊ဒါနဲ့ ကားငှားတဲ့ ဆိုင်တစ်ဆိုင်ကို ဝင်မေးကြည့်တော့ ဘယ်သွားမှာလဲ လို့မေးပါတယ်...။
Cabana ဟိုတယ်ကိုလို့ ပြန်ဖြေလိုက်တော့ ဘွတ်ကင်လုပ်ပြီးသားလားတဲ့....၊ကျွန်တော်ထင်လိုက်မိတာက
အငှားကားကို ဘွတ်ကင်လုပ်ထားလားမေးတယ်ထင်လိုက်မိတာရယ်...၊တွေးတော့တွေးမိသား...ကားငှား
တာတောင်ဘွတ်ကင်လုပ်ရသလားပေါ့လေ...၊အဲဒါနဲ့ အဲ့လူက မလှမ်းမကမ်းမှာ စာရွက်တစ်ရွက်နဲ့မတ်
တပ်ရပ်နေတဲ့ လူတစ်ယောက်ကို လှမ်းခေါ်ပြီး အင်ဒိုဘာသာစကားနဲ့ ပြောပါတယ်....၊အဲ့လူက ခေါင်းခါပြ
တယ်ခင်ဗျ...၊အဲ့တော့မှ....ကျွန်တော်လည်း ရိပ်မိပြီး ကပြာကယာဝင်ပြောရတယ်...၊ငါ ဟိုတယ်ဘွတ်ကင်
လုပ်ထားတယ်...၊ငါလိုချင်တာ ကားပဲ ဆိုမှ အဲဒီလူက ကျွန်တော့်နာမည်မေးပြီး သူ့စာရင်းစာရွက်ထဲရှာ
ကြည့်တယ်ခင်ဗျ...၊ကျွန်တော့်နာမည်တွေ့တော့ နောက်တနာရီလောက်နေရင် ဟိုတယ်ကြိုပို့ကား လာ
ပါ့မယ်...စောင့်ပါလို့ဆိုပါတယ်...။

ကျွန်တော် ဟိုတယ်ဘွတ်ကင်လုပ်တုန်းက  ဆိပ်ကမ်းနဲ့ ဟိုတယ်ကို ကြိုပို့အစီအစဉ်မပါဘူးခင်ဗျ...၊ဒါကို
သူတို့ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ...။ကျွန်တော်လည်း မမျှော်လင့်ထားပါဘူး...။ခုတော့ ဟန်ကျ
သွားတာပေါ့ဗျာ....၊ကားလည်းစောင့်ရင်း၊ဟာလာတဲ့ဝမ်းကိုလည်း ဖြည့်တဲ့အနေနဲ့ အဲဒီက တစ်ခုတည်း
သောထမင်းဆိုင်လေးမှာ ထမင်းဝင်စားပါတယ်....၊ဆိုင်လေးကသေသေသပ်သပ်လေးပါ....၊အင်ဒိုရိုးရာ
ထမင်းနဲ့ဟင်း ဝယ်စားဖြစ်ပါတယ်...၊ထွေထွေထူးထူးမဟုတ်ပါဘူး၊ကြက်ပေါင်တစ်ချောင်းရယ်၊ပိန္ဒဲသီးကို
အချိုချက် ချက်ထားတာရယ်...၊ရေခူကို ငရုတ်သီးစပ်စပ်ချက်ထားတာရယ် ကို ထမင်းနဲ့အတူ ပန်းကန်
ထဲ ပုံပေးလိုက်တာပါပဲ.....၊အဲ့ဒါနဲ့ ကိုကာကိုလာတစ်ဘူးကို စင်းဒေါ်လာ ကိုးကျပ်နဲ့ဆယ်ပြားတိတိပေး
လိုက်ရပါရောလား....။

ကြိုပို့ကားကို ၁နာရီခွဲလောက်ကြာအောင်စောင့်လိုက်ရပါတယ်...၊ဆိပ်ကမ်းကနေ ဟိုတယ်ကို ၁နာရီကျော်
ကြာအောင်မောင်းရတယ်ခင်ဗျ....၊ကားလမ်းကတော့ ကောင်းတယ်ပြောလို့ရပါတယ်...၊သို့ပေမယ့် တောင်
ကုန်း အတက်အဆင်းတွေများလို့ ကားဆရာလည်း ပုံမှန်လေးပဲထိန်းမောင်းရသပေါ့လေ....။အဲဒီနေ့က
ကျွန်းပေါ်မှာ Tour De Bintan စက်ဘီးပြိုင်ပွဲရဲ့ နောက်ဆုံးနေ့တဲ့ခင်ဗျ...၊လမ်းမှာတောင် ပြိုင်ပွဲဝင်စက်ဘီး
သမားတွေတွေ့ခဲ့သေးရဲ့....။

ဒီလိုနဲ့ ဟိုတယ်ရောက်သွားရော ဆိုပါတော့ဗျာ....။ဟိုတယ်ကို မြင်မြင်ချင်းသဘောကျသွားပါတယ်...။
ကမ်းခြေကိုမေးတင်ပြီး ဟိုတယ်စားသောက်ဆိုင်ရဲ့ ဘေးနှစ်ဘက် တစ်ဘက်တစ်ချက်မှာ တန်းလျားပုံစံ
အခန်းတွေဆောက်ထားတာပါ....။ချက်အင်ဝင်ပြီးတော့ ဧည့်ကြိုကောင်လေးက ကျွန်တော်တည်းခိုရမယ့်
အခန်းကို ခေါ်သွားပါတယ်....၊ဟင်.......ကျွန်တော်ထင်မှတ်ထားတဲ့အခန်းတွေဘက်ကိုမဟုတ်ဘူးဗျိုး....။
ကမ်းခြေနဲ့ဆန့်ကျင်ဘက်ခြမ်း၊လမ်းခြားထားတဲ့တဘက်ကိုပါ...၊အဲဒီဘက်မှာက ဘန်ဂလိုပုံစံ လုံးချင်းလေး
တွေပါ...၊ကမ်းခြေကိုမျက်နှာမူထားတဲ့အခန်းတွေမဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူး ဒီဘက်မှာပါဆိုတာနဲ့
သူခေါ်တဲ့ဘက်ပဲလိုက်သွားရသပေါ့လေ...။ပထမတော့ ကျွန်တော်စိတ်ထင်တာက အဲ့ဘက်ခြမ်းက ဈေးပို
ပေးရတဲ့အခန်းတွေလို့ထင်မှတ်တာပါပဲ...၊စိတ်ထဲတော့သိပ်မသင်္ကာလှပါဘူး...။နောက်ရက်ကျမှ ဘူးပေါ်
သလို ပေါ်ပါတော့တယ်...။
ဟိုတယ်ရဲ့ ပင်မဆောင်လည်းဖြစ်၊စားသောက်ဆိုင်လည်း ဖြစ်ပါတယ်.......

ဒီဘက်ခြမ်းအခန်းလေးကလည်း အတော်အဆင်ပြေတယ်ပြောရမယ်...၊ဘန်ဂလိုလေးထဲမှာ အိပ်ခန်းသက်
သက်၊ဧည့်ခန်းသက်သက်၊မီးဖိုခန်းသက်သက်၊ရေချိုးခန်းသက်သက်နဲ့ တစ်ကိုယ်တည်းသမားအတွက်
တော့ အတော်ကို ကျယ်ပါတယ်....၊တိတ်တိတ်ဆိတ်ဆိတ်လည်းရှိပါတယ်....။အခန်းထဲ အိတ်လေးထား
ပြီး ကမ်းခြေဘက် လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်.....။

ကြည်လင်၊ငြိမ်သက်နေတဲ့ ပင်လယ်ရေပြင်ဟာ သူ့ကို စူးစမ်းစွာ ခြေချလာခဲ့တဲ့ လူတစ်ယောက်ကို အေး
အေးဆေးဆေးပဲ ကြိုဆိုနေလေရဲ့....၊အင်းပေါ့လေ....သူကတော့ မရေမတွက်နိုင်သော လူပေါင်းမြောက်
များစွာနှင့် ကြုံဆုံခဲ့ရပြီးပြီကိုး.....။ကမ်းခြေတစ်နေရာ...ကျောက်ဆောင်တွေကြားမှာတော့ မိသားတစ်စုက
ပျော်ရွင်စွာ မြူးတူးပျော်ပါးနေလေရဲ့.....။ကမ်းစပ်အတိုင်း လမ်းလျှောက်လာခဲ့ရင်း....ဟိုတယ်နယ်နိမိတ်
အဆုံးမှာ တွေ့မြင်လိုက်ရတာက တံငါရွာလေးတစ်ရွာပါ....။ပင်လယ်ရေစပ်မှာခြေတံရှည်အိမ်လေးတွေ၊
အိမ်အောက်မှာတော့ သူတို့ဝမ်းစာရှာဖွေရာ လှေကလေးတွေ နဲ့ပါ....။



တစ်ဆက်တစ်စပ်တည်းသော ပင်လယ်ကမ်းစပ်ရဲ့ ဒီဘက်မှာကတော့ ငွေစကြေးစလေး ပိုလို့လျှံလို့
လာရောက်အနားယူကြတဲ့သူတွေ ခေတ္တနားခိုရာ ကျယ်ဝန်းသပ်ရပ်လှပတဲ့ တည်းခိုဆောင်လေးတွေ.......၊
ခြံစည်းရိုးပါးပါးလေးခြားနေတဲ့ ဟိုမှာဘက်ကမ်းမှာတော့ အမိုးအကာပင်လုံလုံခြုံခြုံမရှိလှတဲ့ တဲအိမ်ငယ်
လေးတွေနဲ့ရယ်ပါ....။သဘာဝတရားကြီးက လူတွေကို  ကြုံရာကျရာ ပတ်ဝန်းကျင်မှာ  တော်သလိုပျော်သ
လိုသာနေပေတော့ရယ်လို့ ကံစမ်းမဲနှိုက်သလို စီမံဖန်တီးခဲ့လေသလား....၊မိမိတို့ရဲ ကံ၊ညဏ်၊ဝီရိယအ
လျောက် မိမိတို့ပတ်ဝန်းကျင်ကိုဖန်တီးနိုင်ခဲ့လေသလား......၊ကျွန်တော့်အတွေးတွေ ထွေပြားနေခဲ့ရဲ့....။
ကောင်းကင်ကိုမော့ကြည့်မိတော့ တစ်မိုးအောက်မှ တိမ်တိုက်တွေကဖြင့် ဖြူဖြူစင်စင်.....။




ညဘက်မှာတော့ ဟိုတယ်ကစားသောက်ဆိုင်မှာပဲ ညစာစားလိုက်ပါတယ်...၊ဟိုတယ်မှာမှ မစားရင်လည်း
စားစရာ စားသောက်ဆိုင်ရယ်လို့နီးနီးနားနားမှာမရှိပါဘူး.....၊ကျွန်တော်တည်းခိုတဲ့ ဟိုတယ်က မြို့ထဲနဲ့
အလှမ်းဝေးကွာပါတယ်.....၊ဟိုတယ်ကအစားအသောက်တွေက စင်္ကာပူနှုန်းထားနဲ့ချိန်ထိုးကြည့်ရင် ဈေး
သင့်ပါတယ်.....။အရသာလည်းမဆိုးပါဘူး...၊ဘီယာ အရသာကတော့ သိပ်မစွံဘူးဗျိုး....၊ဟိုင်းနကန်ချင်း
အတူတူ ရေမြေတွေခြားတာနဲ့ အရသာကွာသွားတာ ဘာကြောင့်ပါလိမ့်ဗျာ....နော့.....။ဘာပဲပြောပြော
ပင်လယ်ပြင်က လွင့်စင်လာတဲ့ ဆားငံရေရနံကို ခပ်ထွေးထွေးလေးရှုရှိုက်ရင်း.....၊စည်းချက်ကျကျရေလှိုင်း
ခတ်သံကို နားထောင်ရင်း၊ငြိမ်သက်မှောင်ရီနေတဲ့ ပင်လယ်ပြင်ဝိုးတဝါးကို လှမ်းမျှော်ကြည့်ရင်း ဘီယာလေး
ထိုင်စုပ်ခွင့်ရနေတာကိုက ဘဝရဲ့ ပျားရည်တစ်စက်လို့ ဆိုလိုက်ချင်ရဲ့.....။

~~~~~~~~~~~~~~~~~~~~~~~~~~

နောက်နေ့မနက်မှာတော့ နံနက်စောစောထဖြစ်ပါတယ်.....၊မနက်ခင်း ပင်လယ်ပြင်မှ နေထွက်တာကိုတွေ့
မြင်ချင်လို့ပါ....၊ကျွန်တော်ကံဆိုးတယ်ပြောရမယ်ထင်ရဲ့...၊မနက်ကတည်းကမိုးတွေအုံ့ဆိုင်းနေလိုက်တာ
အဲ့ဒီတစ်နေ့လုံး နေရောင်ကို မမြင်လိုက်ရပါဘူးဗျာ....။အဲ....မနက်ဘက် ဟိုတယ်မှာ နံနက်စာစားတော့
ကျွန်တော်အထက်ကပြောခဲ့သလို ဘူးပေါ်သလိုပေါ်ပါတော့တယ်....၊ဟိုတယ်ဝန်ထမ်းလေးက ကျွန်တော့်
ကို လမ်းရဲ့ဟိုဘက်ခြမ်း အခန်းကနေ ဒီဘက်ကမ်းစပ်ဘက်ခြမ်းမှာရှိတဲ့ အခန်းကိုပြောင်းချင်ပြောင်းလို့ရ
ပါပြီလို့ လာပြောတာပါပဲ...။ကြည့်ရတာကတော့ ဟောလီးဒေးပိတ်ရက်မို့ ဧည့်သည်ကြပ်သွားလို့ တစ်
ဘက်က ဟိုတယ်မှာ ကျွန်တော့်ကို တစ်ညထားလိုက်ပုံရပါတယ်...၊ပြောရရင် ဟိုဘက်နဲ့ဒီဘက်က လမ်းပဲ
ခြားတယ်ဆိုပေမယ့် သူ့ခြံဝန်းနဲ့သူ တစ်သီးတစ်သန့်ပါ...၊ဟိုတယ်နာမည်ဆိုင်းပုဒ်တင်မထားပေမယ့်
လမ်းညွှန်အမှတ်အသားလေးတစ်ခုမှာ Villa လို့လည်း ရေးထားတာ သတိပြုလိုက်မိပါတယ်...။ဒါပေမယ့်
ကျွန်တော်လည်း သိပ်တော့မသေချာပါဘူး...၊ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်အဆင်ပြေနေတာမို့ ထွေ
ထွေထူးထူးလည်း မေးမနေတော့ပါဘူး...၊ပြောင်းလို့ရတယ်ဆိုတော့လည်း ပြောင်းလိုက်တာပေါ့လေ...။

မိုးကတော့ အုံ့ရာကနေ ဖွဲဖွဲလေး ရွာချလိုက်ပါပြီ....၊တစ်နေကုန် သည်းလည်းမသည်း၊စဲလည်းမစဲပဲ တဖွဲဖွဲ
လုပ်နေတာပါ...၊ကျွန်တော်လည်း တစ်နေ့လုံး အခန်းထဲမှာ စာဖတ်နေလိုက်ပါတော့တယ်...၊နေ့လည်
၂နာရီလောက်မှ နေ့လည်စာ ထွက်စားဖြစ်တယ်ဗျ....။

မိုးတိမ်တွေ ညှို့ကာမဲလို့........ငွေမှုန်တို့ တဖွဲဖွဲ...........










နေ့လည်စာထွက်စားရင်းနဲ့ မြို့ထဲဘက်ခဏထွက်ဖို့ ဟိုတယ်ကို ကားစီစဉ်ပေးဖို့ပြောခဲ့ပါတယ်။မိုးတိတ်
လောက်မယ့် ညနေလေးနာရီလောက် လို့ ပြောခဲ့ပေမယ့် ကားက ညနေခြောက်နာရီမှ ရပါတယ်...၊နောက်
ကျနေပြီဖြစ်ပေမယ့် ကားရမှတော့ မထူးပါဘူးလေ....ဆိုပြီး ထွက်ခဲ့ရရဲ့....။

နေစောင်းမှပဲ ကိုရွေမိုးက တိတ်တော်မူပါတယ်...၊

မြို့ထဲဘက်ထွက်လာခဲ့ပေမယ့် ဘယ်သွားလို့ သွားရမှန်းမသိပါဘူး၊ကားဆရာနဲ့လည်း ဘာသာစကားမ
ပေါက်ပါဘူး...၊သို့ပေမယ့် နောက်ဆုံးမတော့ ရိုးရာအနှိပ်ခန်းကိုစိုက်စိုက်မြိုက်မြိုက် ရောက်သွားသဗျား :)။
တနာရီ စင်းဒေါ်လာ၃၀ ပေးရပါတယ်...၊ကိုယ့်ကို နှိပ်ပေးတဲ့ ကလေးမပဲ လက် မပေါက်တာလားတော့မသိ။
သူနှိပ်တာက နှိပ်တာနဲ့မတူပဲ လက်နဲ့လျှောက်ပွတ်သပ်ပေးနေသလိုပါပဲဗျာ...၊သိပ်မစွံလှပါဘူး...၊

အဲဒီနောက် အနီးအနားက မောတစ်ခုထဲ ဝင်ကြည့်ပါတယ်....၊အမေ့ဖို့ ပါတိတ်လေးဘာလေးတွေ့လိုတွေ
ငြားပါ...၊အင်ဒိုမတွေပဲ ပါတိတ်မဝတ်ကြတော့လို့လား...၊ဘာလီတို့၊ဂျာကာတာတို့လိုမြို့ကြီးပြကြီးမဟုတ်
လို့ပဲလားတော့မသိ....ဘာပါတိတ်မှမတွေ့ခဲ့ပေါင်ဗျာ...၊အဲ...ယောင်္ကျားဝတ်ပါတိတ်အကျီ င်္တွေတော့တွေ့
ခဲ့ရ....၊ဒါနဲ့ပဲ ဟိုတယ်ကို ပြန်လာခဲ့ရပါတော့တယ်....။

~~~~~~~~~~~~~~~~~~~

နောက်တစ်နေ့မနက်ရောက်တော့လည်း မနေ့ကလိုပါပဲ....နေကိုမမြင်ရပါဘူး...၊မိုးကအုံ့ဆိုင်းနေတဲ့အပြင်
နံနက်၁၀နာရီလောက်မှာ ရွာချလိုက်ပါတော့တယ်...။ဒီတော့ ကျွန်တော်လည်း တမနက်လုံး စာဖတ်နေရ
တာပေါ့ဗျာ...။နေ့လည်ရောက်တော့ ဟိုတယ်ကကြိုပို့ကားနဲ့ပဲ ဆိပ်ကမ်းကိုထွက်လာခဲ့ပါတယ်...၊ညနေ
၃နာရီ ဖယ်ရီနဲ့ စင်္ကပူဘက်ကို ပြန်ရပါတော့မယ်....။

ဘင်တန်ဆိပ်ကမ်းပါ

ဖယ်ရီလှေပေါ်မှာ လည်ပြန်ကြည့်မိရာ ဘင်တန်ကျွန်း.........



အလုပ်တာဝန်တွေ၊လူမှုရေးတွေနဲ့ မွန်းမွန်းကြပ်ကြပ်မဟုတ်လှတောင် လှုပ်လှုပ်ရှားရှားရှိလှတဲ့ စင်္ကာပူ
ဘက်ခြမ်းသို့ ဦးတည်ရင်း အေးဆေးငြိမ်းချမ်းစွာ ခေတ္တမျှ နားခိုခွင့်ရခဲ့တဲ့ ဘင်တန်ကျွန်းလေးဘက်ကို
ကျွန်တော် လှေပေါ်မှ ငေးမောကြည့်နေမိပါတယ်....။ကျွန်တော့်အတွေးထဲမှာ ပထမနေ့ကတွေ့ခဲ့ရတဲ့
တံငါရွာအိမ်စုလေးကို ပြန်လည်မြင်ယောင်နေမိပါရဲ့......၊သဘာဝတရားကလွဲလို့ ဘာမှရှိမနေတဲ့ နေရာ
လေးတစ်နေရာမှာ ငြိမ်းချမ်းအေးမြခြင်းတွေ ရှိကောင်းရှိနေနိုင်ပါတယ်...။အစစအရာရာဖွံဖြိုးတိုးတတ်
အဆင်ပြေနေတဲ့နေရာတစ်ခုမှာလည်း အစစအရာရာကို ဖိစီးမှုများနှင့် ရုန်းကန်လှုပ်ရှားနေရခြင်းတွေနဲ့
ကြုံရကောင်းကြုံရနိုင်တာပါပဲလို့.......အတွေးနယ်ချဲ့ရင်းဖြင့်......။

21 comments:

တကယ်ဆိုရင် .... said...

သွားချင်လိုက်တာ

ဘုန်း ၂ တောက် said...

ဟုတ်ပါ့ အဲဒီနေရာလေးကို သွားလည်ချင်လိုက်တာ။ အိမ်လေးတွေက အင်းလေးလိုလို ဘာလိုလိုနဲ့နော်။ (စင်္ကာပူရောက်ရင် အဲဒီကို လိုက်ပို့ပေးနော် အိကု) ချမ်းမြေ့ပါစေ
ခင်မင်တဲ့

ကိုကိုမောင်(ပန်းရနံ့) said...

----၊ကြက်ပေါင်တစ်ချောင်းရယ်၊ပိန္ဒဲသီးကို
အချိုချက် ချက်ထားတာရယ်...၊ရေခူကို ငရုတ်သီးစပ်စပ်ချက်ထားတာရယ် ကို ထမင်းနဲ့အတူ ပန်းကန်
ထဲ ပုံပေးလိုက်တာပါပဲ.....၊အဲ့ဒါနဲ့ ကိုကာကိုလာတစ်ဘူးကို စင်းဒေါ်လာ ကိုးကျပ်နဲ့ဆယ်ပြားတိတိပေး
လိုက်ရပါရောလား....။



---- နောက်ဆုံးမတော့ ရိုးရာအနှိပ်ခန်းကိုစိုက်စိုက်မြိုက်မြိုက် ရောက်သွားသဗျား :)။
တနာရီ စင်းဒေါ်လာ၃၀ ပေးရပါတယ်...၊


အပေါ်ဈေးနဲ့ အောက်ဈေး သုံးဆလောက် ကွာနေပါလား ကမောင်လေး။း))))))


ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ နေရာလေးပေဘဲ။ သို့ပေမဲ့ တစ်ကိုယ်တည်း လူပြိုကြီး တစ်ယောက်ထဲ ဒိုးရတာကတော့ ခြောက်ကပ်ကပ်နိုင်သလိုလို။း))

ညီလင်းသစ် said...

ကမ်းခြေနေရာလေးက တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့...၊ အနားယူဖို့တော့ အတော်ကောင်းမယ့် ပုံပဲဗျ...နော်၊ အပူမရှာချင်တဲ့ လူတစ်ယောက်ကိုမှ Single charge လာတောင်းနေတဲ့ ကုမ္ပဏီနဲ့ ကိုယ့်လူတော့ တွေ့နေရသကိုးလို့ ပြုံးမိရသေးတယ် ကိုညိမ်းရ၊း) ဘယ့်နှယ်... တစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဘဝ ရွေးချယ်မှု အပေါ်မှာ လာပြီး အမြတ်ထုတ်ချင် ရသေးတယ်လို့...၊ ခက်တော့နေပြီ..၊း)

ကမ်းခြေက အပင်လေးတစ်ပင်အောက်၊ ဒါမှမဟုတ် ကျောက်ဆောင်လေး တစ်ခုပေါ်မှာ လေလေးတဖြူးဖြူးနဲ့ စာဖတ်ခဲ့ရရင် ဘယ်လောက်ကောင်းမလဲလို့...၊ အင်း.. ကမ်းခြေမှာ ပိုးပိုးပေါက်ပေါက် ကျနေတဲ့ မိုးသံတွေအောက်မှာ စာထိုင်ဖတ်ရတာလည်း ကဗျာတစ်ပုဒ် ပါပဲလေ၊ ကိုညိမ်းရဲ့ နှစ်ရက်တာ အပန်းဖြေ ခရီးလေးက ဖတ်ရသူကိုတောင် တိုးတိတ်၊ ငြိမ်းချမ်းမှုတွေ ပေးခဲ့လေရဲ့ဗျာ....။

မဒမ်ကိုး said...

တစ်ယောက်ထဲသွားရင်အန္တရယ်မရှိဘုးဆိုရင်တစ်ယောက်ထဲသွားချင်လိုက်တာ မခင်သီတာ

Anonymous said...

နောက်တခေါက်ကျ အဲ့လိုအဖော်မရှိရင် ခေါ်လိုက်ပါဗျာ
၁၁၀ပေးစရာမလိုအောင် လိုက်ခဲ့ပါမယ်
တယောက်တည်း ခရီးသွားနေကျမို့ ကိုယ်ချင်းစာပါတယ်

mstint said...

မောင်ညိမ်းနဲ့ မဒိုး တီတင့်ကို ပေးထားတဲ့ ကတိတည်ပါစေနော် ဒီပို့စ်ကို ဖတ်ပြီးတဲ့ သကာလ ဒီတစ်ခေါက်တော့ 'ဘင်တန်' လုံးဝ မလျှော့တော့ဘူးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့........ said...

ဒီလောက်အေးဆေးတဲ့နေရာရောက်သွားတာ မီးအကြွေးကိုမဆပ်ဘူးလားလို့

Anonymous said...

This hotle has shuttle bus with sister hotel ' Agro Beach Resort' which is 10 min drive (can't remember exactly but near by). Bintan Agro Beach hotel has sea sports activities & massage parlour. Foot massage for 1hr is SGD16. Seafood restaurent is also quite cheap.

စံပယ်ချို said...

ကမ်းခြေကိုမေးတင်ထားတဲ့ဟိုတယ်ကိုတော့တကယ်ပဲ
သဘောကျမိတယ် ရေထဲကခြေတံရှည်အိမ်လေးတွေက အင်းလေးနဲ့တူတယ်နော်....
ဂျက်တို့နားက ထိုင်းရိုးရာ-အင်ဒို-တရုတ် အနှိပ်ခန်းတွေကတော့ တကယ်နှိပ်တယ်....ကောင်းတယ်
နောက်တခါလာရင်လိုက်ပို့မယ် လာခဲ့
ခင်တဲ့ sis jasmine

စံပယ်ချို said...

ကမ်းခြေကိုမေးတင်ထားတဲ့ဟိုတယ်ကိုတော့တကယ်ပဲ
သဘောကျမိတယ် ရေထဲကခြေတံရှည်အိမ်လေးတွေက အင်းလေးနဲ့တူတယ်နော်....
ဂျက်တို့နားက ထိုင်းရိုးရာ-အင်ဒို-တရုတ် အနှိပ်ခန်းတွေကတော့ တကယ်နှိပ်တယ်....ကောင်းတယ်
နောက်တခါလာရင်လိုက်ပို့မယ် လာခဲ့
ခင်တဲ့ sis jasmine

chocothazin said...

တစ်ယောက်တည်းသွားတော့လည်း စိတ်လွတ်ကိုယ်လွတ် အေးအေးလူလူသွားလို့ရတော့ ကောင်းတာပေါ့။ မိုးတွေရွာနေတာတော့ မကောင်းဘူး မတန်ဘူး။ မိုးလွတ်တဲ့အခါ ထပ်သွားပါဦးး)

မိုးနတ်ကြယ်စင် said...

နောက်တစ်ခေါက်ထပ်သွားလေ..မကျေပွဲပေါ့..
ဟုတ်ဘူးလား...မနက်ခင်း ပင်လယ်ထဲက နေထွက်တာ
ကိုကြည့်ခဲ့ရဘူးပြောတော့လေ...
အုံ့ဆိုင်းမှုန်မှိုင်း ဘင်တန်ရိုင်းပေါ့...:P.
ရှုခင်းလေးတွေနဲ့ ပတ်ဝန်းကျင်ကတော့ ကောင်းမှကောင်း
ရောက်အောင်သွားအုံးမယ်..ဘယ်နေ့တော့မသိဘူးပေါ့
နော်...ကိုယ်လဲသူများလို စိတ်ကူးယဉ်ကြည့်တာ...ဟိ
ခင်တဲ့..မိုးနတ်

နွေတေးရှင် (မင်းဧရာ) said...

ကောင်းတယ် ဦးလေးရာ
အဲလိုတစ်ယောက်တည်းသွားပြီး တွေးချင်ရာ တွေး ငေးချင်ရာ ငေး ဘယ်လောက်များ အရသာ ရှိမလဲံနော် ။

blackroze said...

အီးကုရယ်...


ပင်လယ်ကမ်းစပ်ရဲ့ ဒီဘက်မှာကတော့ ငွေစကြေးစလေး ပိုလို့လျှံလို့
လာရောက်အနားယူကြတဲ့သူတွေ ခေတ္တနားခိုရာ ကျယ်ဝန်းသပ်ရပ်လှပတဲ့ တည်းခိုဆောင်လေးတွေ.......၊
ခြံစည်းရိုးပါးပါးလေးခြားနေတဲ့ ဟိုမှာဘက်ကမ်းမှာတော့ အမိုးအကာပင်လုံလုံခြုံခြုံမရှိလှတဲ့ တဲအိမ်ငယ်
လေးတွေနဲ့ရယ်ပါ....။သဘာဝတရားကြီးက လူတွေကို ကြုံရာကျရာ ပတ်ဝန်းကျင်မှာ တော်သလိုပျော်သ
လိုသာနေပေတော့ရယ်လို့ ကံစမ်းမဲနှိုက်သလို စီမံဖန်တီးခဲ့လေသလား....။။

လူဘဝ ဆိုတာ ဒါမျိုးတွေဘဲထင်ပါရဲ့လေ..
ဘင်တန်က ပစ်ပစ်တို့မြန်မာက ချောင်းသာတို့
ငွေဆောင်တို့လောက် ပျော်ဖို့မကောင်းဘူးဘဲ..

Candy said...

ကန်ဒီတည်းတဲ့နေရာကျတော့ အဲ့လိုရွာလေးတွေ မတွေ့ရဘူး... ကမ်းခြေကိုမေးတင်ထားတဲ့ ပုံစံလေးကို သဘောကျတယ်... ငါ့အူးလေး နေတောင်မမြင်ခဲ့ရပါလား ခိခိ xD

မယ်မျိုး said...

သွားချင်စရာကြီး မောင် ရယ် အဖော်မရှိရင် များ ကိုခေါ်ပါတော့လားလို့ ။

ညီရဲ said...

ပိုစ့်လေး ဖတ်ပြီး တွေးလိုက်မိတာက မလိုက်ဖြစ်ခဲ့တာ နာတာဘဲလို့ ... နောက်များမှပေါ့ အစ်မရယ်... ဒါနဲ့ စကားမစပ် ဝိုင်ပုလင်းကြီး ဘယ်လိုနေသေးလဲ...

ဂါဂါ said...

အင်ဒိုပါတိတ်တွေမြန်မာပြည်ရောက်သွားလိုဖြစ်မယ်...ဟင်းးး...ပုံလေးတွေလှတယ်..ဘင်တန်

Angelhlaing(May everybody be happy and healthy! said...

အားကျတယ်အကိုရာ... သူများတွေရဲ့ ခရိးသွားပို့စ်တွေ မြင်ရတိုင်း ဘယ်မှ မရောက်တဲ့ ကိုယ်ကိုကိုယ်ပဲ ဒေါသထွက်မိတယ် ... :)
ဓါတ်ပုံလေးတွေ မြင်ရတာနဲ့ကို ဖြေသိမ့်နေရတယ် ..အကိုရေ..:P

lwannaung said...

သဘာဝမြင်ကွင်းတွေကြား ပျော်ဝင်သွားမိတယ်။