Wednesday, March 13, 2013

အိန်ဂျယ်အလင်း.......မြတ်နိုးခြင်းကောင်းကင်.....ယုံကြည်စွာတည်အပ်သောချစ်ခြင်းများ....

" အဝေးဆုံးကြယ်လေးက ကိုယ့်ရင်ထဲမှာတော့ အလင်းတွေ ပြိုးပြိုးပြက်ပြက်...... "

အဝါရောင်မီးမှိန်မှိန်လေး ထွန်းထားသော ကော်ဖီဆိုင်၏မှန်ပြူတင်းမှတစ်ဆင့် ကောင်းကင်ပြင်ဆီသို့ သူမ
ငေးကြည့်နေမိသည်....။ပဲရစ်၏ နွေဦးညကောင်းကင်ယံတွင် ကြယ်ပွင့်လေးများက ပြိုးပြက်တောက်ပနေ
သည်....။ကြယ်တွေကို ငေးကြည့်နေဆဲမှာပင် တောက်ပသောအလင်းတန်းနှင့်အတူ ကြယ်လေးတစ်ပွင့်
ကြွေလွင့်သွားသည်...၊ကြယ်လေးကြွေသွားပုံက အိန်ဂျယ်တစ်ပါး ကမ္ဘာမြေပေါ် သက်ဆင်းလာသည့်
အလား....။

အိန်ဂျယ်......၊ထိုအမည်နာမတစ်ခုကို သူမနှုတ်မှ မရွတ်ဆိုမိသည့်တိုင် ရင်ထဲမှာတော့ တိုးတိတ်ညင်သာစွာ
ရိုက်ခတ်နေတတ်မြဲပင်....။အိန်ဂျယ်သည် ကြယ်ပွင့်လေးတစ်ပွင့်အဖြစ် ဖန်ဆင်းတတ်လေသလား...။သို့
မဟုတ် ကောင်းကင်၌တည်သော ကြယ်လေးတစ်ခုတစ်လေသည်ပင် အိန်ဂျယ်လေလား....။သူမအတွေး
ထဲသို့ အိန်ဂျယ်ဆိုသော ကောင်လေးတစ်ယောက်ဝင်ရောက်လာသည်နှင့် နွေးထွေးမှုကိုခံစားရမြဲ....၊
အိန်ဂျယ်သည် အဝေးဆုံးမှာ ရှိနေလျက်ကပင် သူ၏တောင်ပံများနှင့် သူမနှလုံးအိမ်ကို အုပ်စိုးထားနိုင်ခဲ့
သည်ပဲလေ....။

အေးစက်စပြုနေပြီဖြစ်သော ကော်ဖီကို သူမတစ်ငုံ ငုံလိုက်သည်....။ကော်ဖီတွေသိပ်သောက်နေသလား....
ဆိုသော သူ၏ စိုးရိမ်စကားကို သတိရမိတော့ သူမနှုတ်ခမ်းတွင် အပြုံးတစ်စတွဲခိုသွားသည်။တားမြစ်မှုမ
ပါသော၊နားလည်မှုရှိသော၊ချစ်ခြင်းအားဖြင့်သာဂရုတစိုက်ရှိတတ်သော သူ၏စကားလုံးများသည် သူမရင်
ထဲတွင်စက္ကန့်မလပ် ပဲ့တင်ထပ်နေတတ်မြဲ....။အေးစက်နေသော ကော်ဖီသည် အိန်ဂျယ်၏ချစ်ခြင်းများနှင့်
အတူ နွေးထွေးချိုမြိန်စွာ သူမရင်ထဲသို စီးဆင်းသွားသည်။ခရီးမိုင်တို့၏ ဝေးကွာမှုသည် ချစ်ခြင်းဖြင့် ညွှတ်
ပျောင်းနေသော နှလုံးသားများ၌ ဆံချည်မျှင်သော အကြားအလပ်မျှ အရာမထင်စေနိုင်ခဲ့....။

ကော်ဖီဆိုင်တွင်းဖွင့်ထားသော ဓာတ်စက်မှ Don Williams ၏ I Believe in You သီချင်းသံ တိုးတိုးထွက်
ပေါ်နေသည်...။...I believe in love....... I believe in you...... နှုတ်ခမ်းလေးလှုပ်ရုံ အသံမထွက်ပဲ
 သူမ သီချင်းသံစဉ်ကို လိုက်လံညည်းဆိုနေမိသည်...။ပဲရစ်မြို့ကြီးတွင် တစ်ဦးတည်း ရပ်တည်နေရသည့်
သူမအတွက် အထီးကျန် မနေသည့်တစ်ခုတည်းသောအကြောင်းတစ်ရပ်မှာ သူ၏ချစ်ခြင်းတွင် တည်အပ်
သော ယုံကြည်မှုတစ်ခု သာလျှင်ဖြစ်သည်။ယုံကြည်စွာတည်တန့်နေသော ချစ်ခြင်းတစ်ရပ်၌အဘယ်မည်
သော မျှော်လင့်ချက်တစ်စုံတစ်ရာမှ မပါသည်ကိုတော့ သူမဘာသာ အသိ......။ချစ်ခြင်းတရားဆိုသည်မှာ
သူမအဖို့တော့ ကောင်းကင်ပြာဟိုးအဝေးထက်မှ ကြယ်ဖြူဖြူလေး တစ်ပွင့်ကို ကျေနပ်စွာ ငေးမောကြည့်
နေရုံမျှသာ......။

~~~~~~~~~~~~~~~~~~~~~

" ကြည်စင်ကောင်းကင်က ကိုယ့်နှလုံးသားထဲမှာ နွေးနွေးထွေးထွေး..... "

နွေဦး၏ကမ်းခြေညသည် သူထင်မှတ်ထားသည်ထက် တိတ်ဆိတ်နေသယောင်....၊သူ့နှလုံးအိမ်အတွင်း
မှ ညွှတ်နူးသောချစ်ခြင်းတရားအပေါ်၌ အာရုံတို့ ညွတ်စင်းကျနေ၍လည်းဖြစ်နိုင်ပေသည်သာ။ ကမ်းခြေ
ညကောင်းကင်ယံသည် သူချစ်သော ကောင်းကင် ဟု ခေါ်သည့်ကောင်မလေးတစ်ယောက်ကို သူ့ရင်
တွင်းသို့ ညင်သာစွာ ကိန်းဝပ်တည်ရှိစေတတ်လေ၏။နက်မှောင်နေသော ကောင်းကင်ယံသို့ သူ မော့
ကြည့်နေမိသည်။ကမ်းခြေညကောင်းကင်သည် နက်မှောင်ခိုင်ခန့်စွာ သူ့ကိုအုပ်မိုးထားသည့်တိုင် သူ့
ရင်တွင်းတွင်မတော့ ပကတိပြာလွင်ကြည်စင်နေသည့် ကောင်းကင် တစ်ခုက ရှင်းလင်းလှပစွာ တည်ရှိ
နေလေသည်....။

ကောင်းကင်.......၊ရှင်းရှင်းသန့်သန့်၊ဝင်းဝင်းဖန့်ဖန့်၊မောင့်ရင်ကပ်ပန်းလေး ရယ်........ဟု သူမကြာခဏ
တင်စားခေါ်ဆိုတတ်သည့် ကောင်မလေးတစ်ယောက် သူနှင့်လှမ်းရာ မိုင်အဝေး၌ရောက်နေသည့်တိုင်
အောင် သူ့စိတ်အစဉ်ကတော့ အနီးဆုံးမှာရောက်ရှိနေသည့်နှယ် ခံစားတတ်မြဲ.....။ချစ်သောစိတ်တစ်ခု
သည် မိုင်ကုဋေများစွာကိုပင် ပိုင်းခြားဖြတ်တောက်နိုင်စွမ်းရှိနေခဲ့ပေပြီ....။ချစ်ခြင်းဖြင့်ဖွဲ့တည်သော ဘဝင်
စိတ်ထဲ၌ သူမဘာတွေလုပ်နေမလဲ.....ဘာတွေဖြစ်နေမလဲ....ဆိုသော မေခွန်းများကို မြူမှုန်မျှပင် မရစ်
ထင်စေနိုင်ခဲ့....။ယုံကြည်မှုသည် ချစ်ခြင်း၏အခြားအဓိပ္ပာယ်အဖြစ် ဖွင့်ဆိုသတ်မှတ်ခြင်းခံခဲ့ရပြီးသည့်
နောက် စိတ်အတွေးတို့သည် စမ်းရေပမာကြည်လင်ခဲ့ရလေပြီ....။

" ဘယ်ဆီကိုရောက်လို့နေ......ဘယ်လောက်ပဲဝေးရလည်း.....ဘယ်တော့မှအထီးကျန်မဆန်ခဲ့......၊
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့....ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်....... "

မလှမ်းမကမ်း ကမ်းခြေမီးပုံပွဲမှ သီချင်းသံသဲ့သဲ့ကို ကြားမိတော့ ကြည်နူးကျေနပ်စွာ သူပြုံးလိုက်မိသည်။
သူ့အတွက်တော့ အဘယ်မည်သော တမ်းတမှုမျှရှိမနေသည့်တိုင် လက်လေးတစ်လှုပ်၊ခြေတစ်ဖြုတ်မှာပင်
စုံမက်စွာမြတ်နိုးရသော ကောင်းကင်တစ်ခု၏ နူးညံ့စွာထွေးပိုက်အုပ်မိုးမှုကို ရရှိမြဲပင်.....။လှုပ်ယိမ်းသွား
သောပန်းလေးတစ်ပွင့်၊နွေးထွေးစွာဖြာစင်းကျတတ်သည့်နေခြည်တန်း၊အေးမြစိုစွတ်သည့်မြက်ဖျားနှင်းစက်
တို့သည် ချစ်သောကောင်းကင်၏အငွေ့အသက်အား သူ၏အနီးဆုံး၌ တည်ရှိစေတတ်ခဲ့ပြီ....။ကောင်းကင်
တစ်မိုးအောက်မှာ ချစ်သောသူနှင့်အတူ  ရှင်သန်နေထိုင်နေရသည်ဟူသော အသိတစ်ခုတည်းသည်ပင်
သူ့ဘဝအတွက် အထီးကျန်စိတ်တို့မှ လွန်မြောက်ရာ သောင်ကျွန်းပင်တည်း....။

စိုစွတ်အေးစက်နေသော သဲသောင်ပြင်ထက်သို့ သူ ပက်လက်လှဲချလိုက်မိသည်....။သူ့မြင်ကွင်းထဲသို့
ဆုံးစမထင်သောကောင်းကင်ယံက ဝင်ရောက်လာသည်။မှိုင်းပြာရီသောကောင်းကင်ပြင်တွင် ကြယ်ပွင့်
လေးများက ဟိုတစ်စ....၊ဒီတစ်စ.....။ချစ်သောကောင်းကင်ကို သူကြည့်နေဆဲမှာပင် ဟိုးအနောက်ဘက်
ယွန်းယွန်းဆီသို့ ကြယ်ပွင့်တစ်စ ကြွေကျသွားသည်....။သူ ဘာဆုမှမတောင်းဖြစ်ပါ...။ယုံကြည်မြတ်နိုး
သောအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီးသည့်နောက် ထပ်မံတောင်းအပ်သောဆုမည်သည် မရှိနိုင်တော့....။


 ယုံကြည်စွာတည်အပ်သောချစ်ခြင်းတရားများ၌ ကာလ၊ဒေသအပိုင်းအခြားများသည်လည်းကောင်း၊
လွမ်းမောတမ်းတရသည့်အထီးကျန်ညများသည်လည်းကောင်း၊ရယူပိုင်ဆိုင်လိုသည့် ဆန္ဒရမ္မက်များ
သည်လည်းကောင်း၊အခြားတစ်စုံတစ်ရာသောဖြစ်တည်မှုများသည်လည်းကောင်း အဏုမြူမှုန်မျှပင်
ထင်ရှားခြင်းမရှိနိုင်....၊မြတ်နိုး၊ယုံကြည်ချစ်ခင်ကြသူနှစ်ဦးအတွက်တော့ အချစ်ဆိုသည်မှာဆေးမှင်ဖြူ
တစ်စက်ပင်ထင်ကျန်ခြင်းမရှိသော ပကတိကြည်ကြည်စင်စင်.........။

Tuesday, March 5, 2013

ဓားများ.......

 ဓာတ်ပုံ- ဂူးဂဲ


" ခင်ဗျားတို့ဆီမှာ တန်ဖိုးအနဲဆုံးအကြွေစေ့လေးတွေရှိသလားဗျ...၊ရှိရင် ကျွန်တော့်ကို တစ်ယောက်တစ်
စေ့ဆီ ပေးလို့ရမလား...... "

ကိုလင်းသစ်၏စကားအဆုံးမှာတော့ ကျွန်တော်နှင့် ကိုထွန်းတို့နှစ်ဦး ပိုက်ဆံအိတ်ကိုယ်ဆီဖွင့်လို့အလုပ်
ရှုပ်သွားရသည်။ဟိုးအဝေးဥရောပတိုင်းပြည်တစ်ခုမှအလည်လာသောသူမို့ ဒီနိုင်ငံ၏ငွေအကြွေလေးများကို
အမှတ်တရ သိမ်းစည်းလိုသည်ဟုပဲထင်လိုက်မိကြသည်။

" တန်ဖိုးအနဲဆုံးကတော့ဆယ်ပြားစေ့ပဲရှိတယ်ဗျ...၊ငါးပြားစေ့ကတော့ အိမ်မှာရှိလိမ့်မယ်၊အမှတ်တရသိမ်း
ထားဖို့လား....၊ရှာထားပေးမယ်လေ... "

" ဒီလိုဗျ....၊ကျွန်တော် စောစောတုန်းက ခင်ဗျားတို့နှစ်ယောက်ကို ဆွိစ်မောင်းချဓားလေးတွေလက်ဆောင်
ပေးပါရောလား....၊ကျွန်တော်နေတဲ့နိုင်ငံမှာ အယူ၊ဓလေ့ လေးတစ်ခုရှိတယ်..၊ခုလိုမျိုး တစ်ယောက်ယောက်
ကိုဓားပေးတယ်ဆိုတာ အဲဒီနှစ်ယောက်အကြားက သံယောဇဉ်၊ခင်မင်မှုကြိုးလေးတွေကို ဖြတ်တောက်
လိုက်တယ်ဆိုတဲ့ သဘောသက်ရောက်တယ်တဲ့ဗျ...၊ဒီတော့ ခင်မင်မှုနဲ့ ဓားပေးတယ်ဆိုရင်တောင် အဲဒီ
အဓိပ္ပာယ်မသက်ရောက်သွားစေရအောင် ကိုယ်လက်ဆောင်ပေးတဲ့သူဆီက စတိသဘောငွေနဲနဲပြန်ယူ
တတ်တယ်၊ဆိုလိုတာကတော့ဗျာ.... ဓားကိုလက်ဆောင်ပေးတာမဟုတ်ဘူး...ရောင်းလိုက်တယ်ပေါ့.....။
ဒါကြောင့် ခင်ဗျားတို့ဆီက စတိငွေပြန်တောင်းတာပါ...၊ဘာရယ်တော့လည်း မဟုတ်ဘူးပေါ့ဗျာ..... "

ကိုလင်းသစ်စကားအဆုံးမှာတော့ ကျွန်တော့်အတွေးများက စကားဝိုင်းဆီမှ တစ်ခဏတာမျှပြေးထွက်သွား
ခဲ့သည်....။ဟုတ်သည်ပေါ့....၊ဓားဆိုသည်က တစ်စုံတစ်ရာကို ဖြတ်တောက်၊ပိုင်းခြားတတ်သည့် သတ္တိ၊
သဘာဝရှိသည်ပဲ.....။ပြီး ဓားဟူသည် လက်ဆောင်ပေးလေ့ပေးထ ရှိလှသည်မဟုတ်...။သို့သော် ကျွန်
တော့်ဘဝတစ်လျှောက်တွင်မတော့ ဓားလက်ဆောင်များသည် စိတ်ရင်ပြင်၌ ထင်ထင်ရှားရှားရှိနေတတ်
လေသည်....။

ကျွန်တော့်အတွက်ပထမဆုံး ဓားလက်ဆောင်ကို ပေးလာသူကတော့ ကျွန်တော့်မေမေကိုယ်တိုင်ပင်....။
ကျွန်တော်ရှစ်တန်းကျောင်းသားဘဝ၊တစ်ခုသော ဆောင်းတစ်လတွင် မေမေ သူ့ဇာတိရပ်ရွာသို့ ခေတ္တ
ပြန်သွားခဲ့သည်။မွေးဇာတိသို့ တစ်နှစ်တစ်ခေါက်ပြန်နေကျဖြစ်သောမေမေသည် ပုံမှန်အားဖြင့်တော့ သူ၏
အိမ်ပြန်ခရီးတွင် မြေလတ်ဒေသထွက်စားသောက်ဖွယ်ရာများကိုသာ သယ်ဆောင်လာတတ်စမြဲပင်...။
ကျွန်တော်တို့အတွက် မုန့်ပဲသရေစာလေးများမှလွဲ၍ အခြားမျှော်လင့်စရာမရှိလှပါ...။သို့သော် ထိုနှစ်မှာ
တော့ မေမေက ကျွန်တော့်ကို .... ရော့..သားအတွက်.... ဟုဆိုကာ နှစ်တောင်သာသာမျှရှည်၍ ကျပ်လုံး
ခန့်လုံးပတ်ရှိသော သစ်သားတုတ်လေးတစ်ချောင်းလက်ဆောင်ပေးခဲ့သည်....။

သာမန်ကြည့်လိုက်လျှင်တော့ ထိုသစ်သားချောင်းလေးသည် ရိုးရိုးတုတ်ချောင်းလေးတစ်ခုဟုထင်စရာရှိ
ပေ၏။သို့သော် ထိုသစ်သားချောင်းလေး၏ လေးပုံတစ်ပုံခန့်တွင် အဆက်ရာလေးတစ်ခုကိုသေချာကြည့်မှ
တွေ့နိုင်ပေလိမ့်မည်..၊ထိုအဆက်ရာလေးမှ လှည့်ဖြုတ်လိုက်ပါက တစ်ပေခန့်ရှည်မည့် ဓားလေးတစ်ချောင်း
ထွက်လာမည်ဖြစ်သည်..။သိုင်းစာအုပ်များနှင့်ပျော်မွေ့နေတတ်သော ရှစ်တန်းကျောင်းသားလေးကျွန်တော့်
အတွက်တော့ ထို တုတ်ဓား လေးသည် နှစ်သက်မြတ်နိုးဖွယ်ရာ အဆောင်အယောင်လေးတစ်ခု၊ကစားစ
ရာလေးတစ်ခုဖြစ်လာခဲ့သည်...။ညရေးညတာများတွင် အရေးအကြောင်းဆို အသုံးပြုနိုင်စေဖို့ ကျွန်တော့်
ကုတင်ခေါင်းရင်းတွင် အမြဲတစေထား ထားခဲ့သည်မှာ ယခုကျွန်တော်ပြည်ပသို့ရောက်နေသည့်တိုင်ပင်....။
အေးချမ်းလှသော ကျွန်တော်တို့မြို့လေးတွင် အမှုအခင်းကြီးကြီးမားမားမကြုံတွေ့ရသည့်အတွက် ထိုဓား
လေးအား ကျွန်တော်အသုံးချခွင့်မရှိခဲ့ပါချေ...။သို့တိုင်အောင် ဓားလေးအား သတိရတိုင်း သံချေးမတက်
စေဖို့ အုန်းဆီလေးများသုတ်လိမ်းပေးတတ်လေ့ရှိသည်။တစ်ခါတစ်ရံ ဓားသွေးကျောက်ဖြင့်သွေးပေးလေ့
ရှိသည်။ထိုဓားလေးကို ကျွန်တော်ချစ်သည်။၊ဓားလေးနှင့်မေမေသည် ကျွန်တော့်အတွက် ခွန်အားနှင့်ယုံ
ကြည်စိတ်ချရမှုကိုပေးသော အားကိုးရာများပင်......။

~~~~~~~~~~~~~~~~~~~~~~~~~


ကျွန်တော့်အသက် ၁၈နှစ်ပြည့်သော မွေးနေ့တွင်ဖြစ်သည်...။ရှေးရိုးမြန်မာဆန်သော ကျွန်တော်တို့မိသား
စုတွင် မွေးနေ့ပွဲဟူ၍ထွေထွေထူးထူးလုပ်လေ့မရှိကြပါ။မွေးနေ့လက်ဆောင်ဟူ၍လည်း မိသားစုထဲတွင်
မည်သူကမျှ မည်သူ့ကိုမျှ ပေးရိုးထုံးစံမရှိပါပေ။ပုံမှန်အားဖြင့်ဆိုလျှင်တော့ မိသားစုဝင်တစ်ဦးဦး၏မွေးနေ့
ရောက်ပါက ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ခြင်းလောက်၊အိမ်တွင် မုန့်ဟင်းခါး သို့မဟုတ် အုန်းထမင်း
ချက်စားခြင်းလောက်သာရှိသည်။ကျွန်တော့် ၁၈နှစ်ပြည့်မွေးနေ့သည်လည်း ထိုကဲ့သို့ပင် ရိုးရှင်းစွာကျော်
ဖြတ်ခဲ့ပါသည်။ထိုနေ့နေ့လည်ခင်းတွင် အိမ်ရှေ့ခန်း၌ ဖျာလေးခင်းပြီး စာအုပ်တစ်အုပ်နှင့် ကျွန်တော် ဇိမ်
ကျနေချိန်တွင် ဈေးမှပြန်လာသော ကျွန်တော့်အစ်မ မှ.... ရော့....မောင်လေး...နင့်အတွက်မွေးနေ့လက်
ဆောင်..... ဟု့ဆိုကာ လက်လေးလုံးခန့်သာသာ ကော်ဘူးလေးတစ်ဘူး ပေးလာခဲ့သည်...။

မွေးနေ့ပေါင်းဆယ့်ရှစ်ခုတိတိကိုဖြတ်သန်းခဲ့ပြီးသည့်တိုင်အောင် မည်သည့်မွေးနေ့လက်ဆောင်မှ မည်သူ့
ဆီကမှ မရဖူးသောကျွန်တော့်အတွက် အံသြဝမ်းသာဖြစ်ခဲ့ရသည်...။ဘူးလေးထဲတွင်မတော့ တရုတ်နိုင်ငံ
ထုတ် သော့ချိတ်လေးတစ်ခု....၊သော့ချိတ်လေး၏တစ်ဘက်မှာ ရွေရောင်ကြိုးလေးနှင့်တွဲထားသည့် မောင်း
ချဓား ပါးပါးသေးသေးလေးတစ်ခု.....။ခလုပ်လေးနှိပ်လိုက်လျှင် ဖြတ်ကနဲပွင့်သွားသော ထိုမောင်းချဓား
လေးသည် ခဲတံချွန်နိုင်လောက်သည်ကလွဲလို့ အခြားဘာမှ အသုံးမဝင်ပါ....။သော့ချိတ်တွင်လည်း ချိတ်
ထားစရာသော့မယ်မယ်ရရမရှိသော ကျွန်တော့်အတွက် အဆိုပါ မွေးနေ့လက်ဆောင်လေးကို စာကြည့်
စားပွဲ အံဆွဲထဲတွင် တရိုတသေ သိမ်းထားခဲ့သည်။နှစ်ပေါင်းများစွာကြာလာပြီးသည့်နောက် သော့ချိတ်
လေးလည်း ရွေရောင်များလွင့်ပြယ်သွားခဲ့ပြီ....။ဓားကလေးလည်း ခလုပ်ဖွင့်မရတော့ပဲ သံချေးကိုက်သွား
ခဲ့ပြီ...။သို့တိုင်အောင် ထိုဓားသော့ချိတ်လေးသည် ကျွန်တော့်မွေးနေ့ပေါင်း ၃၀ကျော်လာသည့်တိုင်
စာကြည့်စာပွဲအံဆွဲထဲတွင် သူ့ဘူးလေးနှင့်အတူ ငြိမ်သက်စွာလဲလျောင်းနေမြဲပင်...။ဟုတ်ပါသည်.....။ ကျွန်တော့်အတွက်တော့ အဆိုပါ သာမန် အလှမောင်းချဓားလေးတစ်လက်ထဲတွင် ညီအကိုမောင်နှမ
အကြား စီးဆင်းနေသော သံယောဇဉ်၊ရိုင်းပင်းဖေးမမှု၊မွေးဖွားကြီးပြင်းလာခြင်းအတွက်အသိအမှတ်ပြုမှု
အမှတ်တရများစွာ ပေါင်းစပ်ပါဝင်နေခဲ့ပါသည်....။

 ~~~~~~~~~~~~~~~~~~~~~~~~~
 ကျွန်တော့်မေမေတွင် စုစုပေါင်းမောင်နှမရှစ်ယောက်ရှိရာ မေမေက တတိယမြောက်သမီးကြီးဖြစ်သည်။
သူ့အထက်တွင်မတော့ အကိုနှစ်ယောက်။ထိုအကိုနှစ်ယောက်နှင့် မေမေက တစ်နှစ်ကြီးတစ်နှစ်ငယ်တွေ
ဖြစ်ကြသည်။မေမေ့အောက်ကျန်ငါးယောက်နှင့်တော့ အသက်ကွာသွားကြသည်။ဆိုတော့ မေမေနှင့် ထို
အကိုနှစ်ယောက်သည် ဆော့ဖော်ဆော့ဖက်လည်းဖြစ်သည်။အခြားမောင်နှမတွေထက်လည်း ပိုခင်မင်
တတ်ကြသည်။အကိုအကြီးဆုံးက ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ကျသွားလေသည်။သူအိမ်ထောင်ကျ
တော့ ၁၈နှစ်ပင်မပြည့်တတ်သေးတဲ့....။သူ့သားဦးက ယောင်္ကျားလေး...။မြေးဦးလေးဆိုတော့ မေမေ့
အမေ၊ကျွန်တော့်အဖွားက အချစ်ပိုသည်။ပိုဆိုးသည်က အကိုအကြီးဆုံးသည် ငယ်ငယ်ရွယ်ရွယ်မှာပင်
အရက်ကြောင့် လူ့လောကကြီးကို ကျောခိုင်းသွားလေတော့သည်...။ဖတဆိုးလေးဖြစ်သော သူ့သားလေး
ကို အားလုံးကပိုလို့တိုးပြီးအချစ်ပိုရသည်ပေါ့....။အဖွားကလည်း ဖူးဖူးမှုတ်ထားသလို၊အဒေါ်အကြီးဆုံး
ဖြစ်သော ကျွန်တော့်အမေ၏အသဲကျော်လေးလည်းဖြစ်သည်။

ထို ကျွန်တော့်ဝမ်းကွဲအကိုသည် သူ၁၈နှစ်ပြည့်သည်နှင့် တပ်မတော်ထဲဝင်သွားလေသည်။အဖွားဖြစ်သူက
လုံးဝသဘောမတူ၊စစ်သားစုဆောင်းရေးတပ်ရှေ့တွင် သူ့မြေးကိုပြန်မပေးမချင်းမထဟုဆိုကာ ငုတ်တုတ်
ထိုင်နေသည်ဆို၏။နောက်ဆုံး တပ်မှအရာရှိတွေက စစ်သားလောင်းလေးကျွန်တော့်အကိုဝမ်းကွဲကို ချော့
မော့ပြီး အဖွားနှင့်ပြန့်ထည့်ပေးလိုက်သည်။အင်မတန်မှစစ်သားဖြစ်ချင်သောကျွန်တော့်အကိုကလည်း
ရက်အတန်ကြာတော့ အဖွားအိမ်မှ ထွက်ပြေးကာ စစ်ထဲဝင်ပြန်သည်။အဖွားကတစ်ခါလိုက်ခေါ်ပြန်၏။
အရာရှိတွေကလည်း (ဟိုတုန်းကတော့ ) အုပ်ထိန်းသူကသဘောမတူသဖြင့် ပြန်ထည့်ပေးလိုက်ပြန်သည်။
ထိုသို့ သုံးလေးခါ ဝိုင်းကြီးပတ်လည် လည်နေပြီး နောက်ဆုံးမှာတော့အဖွားလည်း လက်လျော့လိုက်ရ
လေတော့သည်...။

ကျွန်တော့်အကိုဝမ်းကွဲစစ်သားလေးသည် နိုင်ငံအနှံတိုင်းပြည်တာဝန်များထမ်းဆောင်နေရင်းမှ အချိန်
ရလျှင်ရသလို၊လမ်းကြုံလျှင်ကြုံသလို သူ့ဂျီးဒေါ်၊ကျွန်တော့်အမေထံသို့ မကြာခဏဆိုသလို အလည်
လာလေ့ရှိသည်။အလည်လာသည့်အခါတိုင်းလည်း သူရောက်ရာဒေသမှ ဒေသထွက်လက်ဆောင်လေး
များ မေမေ့အတွက်ဝယ်လာလေ့ရှိသည်။မေမေကလည်း သူပြန်သည့်အခါတိုင်း သူ့အတွက် ငပိကြော်၊
ငါးခြောက်ကြော်များ၊ပုဆိုး၊အကျီ င်္လေးများ ပြန်ထည့်ပေးလိုက်စမြဲ....။

နှစ်ကာလကြာမြင့်လာသည့်နောက် သူလည်း သာမန်စစ်သားလေးဘဝမှ  တပ်ကြပ်၊ဒုတပ်ကြပ်၊ထိုမှ
တစ်ဆင့် တပ်ကြပ်ကြီးတစ်ဦးဖြစ်လာခဲ့ပြီ...။ကံကြမ္မာအလှည့်တစ်ကွေ့တွင် သူသည် တပ်မတော်ထောက်
လှမ်းတပ်ထဲသို့ရောက်သွားတော့သည်။အရှင်မွေးတော့နေချင်းကြီးသည်ပေါ့....၊အသောက်အစားလည်း
ကင်း၊မိန်းမလည်းမရသေးသော၊အထက်လူကြီးချစ်ခင်သည့် ကျွန်တော့်အကိုဝမ်းကွဲသည် ယခင်ကလို
နွမ်းနွမ်းပါးပါးမဟုတ်တော့...၊သို့တိုင်အောင် သူ၏ကျွန်တော်တို့မိသားစုအပေါ်ထားရှိသော သံယောဇဉ်၊
ချစ်ခြင်းတရားတို့သည် ပြောင်းလဲမသွား..၊အရင်အတိုင်းပင် ကြုံလျှင်ကြုံသလို အလည်အပတ်လာရောက်
မြဲ၊အရင်ကလိုပင် သူ့ဂျီးဒေါ်ကြီးအပေါ်ရိုကျိုးမြဲ...၊

တစ်ရက်တွင်မတော့ သူကျွန်တော်တို့အိမ်သို့အလည်အပတ်ရောက်လာသည်။နိုင်ငံခြားခရီးစဉ်တစ်ခုမှ
ပြန်ရောက်လာကာစဖြစ်သည်။ထုံးစံအတိုင်း မေ့မေ့အတွက် နိုင်ငံရပ်ခြားမှ ကောင်းနိုးရာရာလက်ဆောင်
ပစ္စည်းလေးများပါလာသည်။မေမေ့အတွက်သာမဟုတ်...၊ကျွန်တော့်အတွက်လည်း လက်ဆောင်ပစ္စည်း
လေးတစ်ခုပါလာခဲ့သည်...။ထိုလက်ဆောင်ပစ္စည်လေးကတော့ သားရေဓားအိမ်လေးထဲထည့်ထားသော
သံမဏိရောင်ပြောင်လက်နေသည့် ဓားမြှောင်လေးတစ်ချောင်းပင်....။စစ်သားစစ်စစ်ဖြစ်သောကျွန်တော့်
အကိုမှာ စစ်သားသုံးပစ္စည်းလေးများကိုမက်မက်မောမောရှိလှသူဖြစ်သည်။သူမက်မောသောပစ္စည်းတစ်ခု
ကို ကျွန်တော့်အတွက်လက်ဆောင်ပေးလာသောအခါ ကျွန်တော်လည်း ကျေနပ်မဆုံးဖြစ်ခဲ့ရသည်။

ထိုဓားမြှောင်ကလေးကို အိမ်ရှေ့မှန်ဗီဒိုထဲတွင် အလှဆင်ပစ္စည်းလေးတစ်ခုသဖွယ် တယုတယသိမ်းစည်း
ထားခဲ့သည်မှာ ယနေ့ထက်တိုင်.....။ယခုတော့ ကျွန်တော့်အကိုလည်း နိမ့်မြင့်၊တက်ကျ၊လောကဓံတရား
၏ကျီစားမှုအောက်မှာ အလူးအလဲ....။ပြိုလဲသွားသောအဖွဲ့အစည်းတစ်ခုနှင့်အတူ သူလည်း သာမန်အရပ်
သားတစ်ဦးဖြစ်သွားလေပြီ...၊မိန်းမလည်းရသွားပြီ...။အောက်ပြည်အောက်ရွာတစ်နေရာတွင် သာမန်ဈေး
သည်လေးဘဝဖြင့်သူ့ဘဝ၊သူ့မိသားစုကို ကောင်းမွန်အေးချမ်းစွာလုပ်ကိုင်ကျွေးမွေးနေလေပြီ။ဝေးကွာ
လှသောအရပ်ဒေသတွင် မိသားစုအခြေကျ၊ရုန်းကန်နေရပြီမို့ ယခင်ကလိုဖြင့် ကျွန်တော်တို့ထံအလည်
အပတ်မလာနိုင်ရှာတော့...၊သို့တိုင်အောင် လူကြုံရှိလျှင်ရှိသလို သူတို့မိသားစုသတင်းစကားနှင့်အတူ
လက်ဆောင်ပစ္စည်းလေးတွေ ပို့တတ်လေ့ရှိသည်။ကျွန်တော့်မေမေသည်လည်း သူ့တူကြီးအား သတိ
တရနှင့် တစ်ဖွဖွပြောတတ်စမြဲ...၊ကျွန်တော်သည်လည်း မှန်ဗီဒိုအတွင်းငြိမ်သက်စွာလဲလျောင်းနေသော
သံမဏိဓားမြှောင်လေးကိုမြင်သည့်အခါတိုင်း ဆွေမျိုးသံယောဇဉ်ကြီးလှသည့် အကိုဝမ်းကွဲတစ်ဦးကို
သတိတရရှိစမြဲသာ.....။

~~~~~~~~~~~~~~

ယခုလည်း ကျွန်တော့်လက်ထဲတွင် လှပသေသပ်သော နှစ်သက်စရာ လက်ဆောင်ပစ္စည်းလေးတစ်ခု
ရောက်ရှိနေပြီဖြစ်သည်။အနီရင့်ရောင် နာမည်ကျော်ဆွိစ်မောင်းချဓားလေးတစ်လက်ဖြစ်သည်။စကားလုံး
များမှတစ်ဆင့်၊မမြင်ရသောလှိုင်းများထက်မှတစ်ဆင့်  လူချင်းမမြင်ရသည့်တိုင် ခင်မင်ရင်းစွဲရှိနေသော
မိတ်ဆွေတစ်ဦးထံမှ ပေးလာသောလက်ဆောင်ဓားလေးတစ်လက်....။


ဟုတ်ပါသည်....။ဓားဟူသည် တစ်စုံတစ်ရာကို ဖြတ်တောက်၊ပိုင်းခြားတတ်သည့် သတ္တိ၊သဘာဝရှိပါသည်။
တစ်ချို့သော နိုင်ငံများတွင် ဓားတစ်လက်၏သဘောသဘာဝကို အတိတ်နိမိတ်ယူ၍ ဓားလက်ဆောင်ပေး
ခြင်းသည် ထားရှိအပ်သော သံယောဇဉ်ကို ပိုင်းခြားဖြတ်တောက်ခြင်း ဟု ယူဆကောင်းယူဆကြပါလိမ့်
မည်....။သို့သော် ဓားတစ်လက်သည် ပိုင်းခြားဖြတ်တောက်ခြင်းကိုသာမက ထိုးစိုက်နစ်ဝင်ခြင်းကိုလည်း
ပြုလုပ်တတ်ပေသည်။

ဓားများသည် ကျွန်တော့်အတွက်မတော့ ကျွန်တော့်နှလုံးသားအတွင်း ချစ်ခြင်းမေတ္တာ၊အမှတ်တရ၊အသိ
အမှတ်ပြုမှုများ နှင့်အတူ မိဘ၊မောင်နှမ၊ဆွေမျိုး၊မိတ်ဆွေများ၏သံယောဇဉ်များကို နစ်နစ်နဲနဲထိုးစိုက်တတ်
ကြလေသည်...။စူးနစ်ဝင်ရောက်သွားသော ဓားလက်ဆောင်များကြောင့် ကျွန်တော့်နှလုံးအိမ်အတွင်းမှ
ညွတ်နူး၊ကျေနပ်မှုဟူသော သွေးစိမ်းရှင်ရှင်တို့ စိမ့်ထွက်လာတတ်စမြဲပင်တည်း...........။

Sunday, February 24, 2013

ဘန်ကောက်သို့ (သိမ်း)

နောက်တစ်နေ့မနက်မှာတော့ ကိုယ်တို့ ဟွာဟင်း(Hau Hin )ပင်လယ်ကမ်းခြေဘက် ထွက်ခဲ့ကြတယ်။
ဟွာဟင်း ကို လူတွေသိပ်မသိကြဘူး၊လူသိများတာက ပတ္တရားနဲ့ဖူးခက်ပဲ...။ဟွာဟင်းနဲ့ ပတ္တရားက ထိုင်း
ပင်လယ်ကွေ့ရဲ့ ဟိုမှာဘက်ကမ်းနဲ့ ဒီဘက်ကမ်း...။မျက်နှာချင်းဆိုင်ဆိုပါတော့....။ဟွာဟင်းဟာတကယ်
လှတဲ့ ကမ်းခြေပါပဲ။ဒါပေမယ့် သူက အရှေ့ဘက်ကိုမျက်နှာမူထားတော့ နေဝင်ဆည်းဆာအလှကိုမခံစားရ
ဘူး....၊အဲ့ဒါတစ်ခုက ပတ္တရားတို့၊ဖူးခက်တို့နဲ့ ကွာသွားတဲ့အချက်ပါပဲ...။

ဘန်ကောက်နဲ့ ဟွာဟင်း ကို ၃နာရီကျော်ကျော်ကြာအောင် ကားစီးရပါတယ်....၊၁၂ယောက်စီးမီနီဘတ်စ်
အသေးလေးနဲ့ပါ၊အဲ့ကားလေးတွေက  နဲနဲတော့ကျဉ်းကျဉ်းကျုတ်ကျုတ်နိုင်တယ်...၊ကလတ်လို ဒူးရှည်တဲ့
သူဆို ပိုဒုက္ခရောက်သပေါ့...။ကိုယ်တွေကတော့ အေးဆေးပါပဲ...၊လမ်းမှာ ကား ဆီဖြည့်ဖို့တစ်ခါပဲရပ်ပါ
တယ်...။ဆီဆိုင်မှာလည်း ဈေးသည်လေးတွေရှိတယ်...၊ဆိုင်လေးတွေက သပ်သပ်ရပ်ရပ်လေးတွေနဲ့ ဝယ်
စားချင်စရာကောင်းလှတယ်..၊မှိုကြော်တွေ့တယ်...၊မှိုကို ဆန်နှစ်နဲ့ဘူးသီးကြော်များကြော်သလိုကြော်ထား
တာရယ်...၊သိပ်စားလို့ကောင်းတယ်...၊တစ်ရက်တော့ ကွကိုကြော်စားကြည့်ဦးမယ်...။နောက် နှင်းသီးတွေ
သင်္ဘောသီးတွေလည်း ဝယ်စားခဲ့ရဲ့....။

 ဆီဆိုင်ဝန်းထဲက ဈေးဆိုင်လေး...၊ထန်းသီးဆံလေးများမစားချင်ဘူးလား ရဲဘော်....

ခရီးသွားရင် လမ်းမှာတွေ့လေရာ၊ကြုံလေရာ ဝယ်စားတတ်တာ ငယ်ကတည်းကအကျင့်ပဲ...၊အမေတို့က
တော့ ဆူသပေါ့၊ဝယ်စားခွင့်လည်းမပေးဘူးရယ်...၊မှတ်မိသေးတယ်...၊၈တန်းလောက်က နွေရာသီကျောင်း
ပိတ်တော့ အမေရယ်၊အစ်မရယ်၊ကိုယ်ရယ် တောင်ငူက အမျိုးတွေဆီသွားလည်ပါရော...။ဘီအမ်ကားကြီး
နဲ့ပေါ့...၊ဟိုတုန်းကတော့ ရန်ကုန်-တောင်ငူကို နေကုန်အောင်မောင်းရတာ....။ကားပေါ်မှာ အမေနဲ့အစ်မ
နဲ့က နှစ်ခုံတွဲခုံမှာအတူထိုင်ကြတယ်၊ကိုယ်က အခြားခရီးသည်အဒေါ်ကြီးနဲ့ တစ်ဘက်ခြမ်းမှာထိုင်ရတယ်။
အလယ်မှာလည်း မတ်တပ်ခရီးသည်တွေရော၊ကုန်စည်စလှယ်တွေနဲ့ရောဆိုတော့ အမေတို့က ကိုယ့်ကို
လှမ်းမမြင်ရတော့ဘူး...၊ဒီတော့ဘာပြောကောင်းမလဲ...၊လမ်းမှာတွေ့သမျှ မုန့်သည်ဆီက ကြုံသမျှ မုန့်
ဝယ်စားတာပဲ...၊ကြံရည်လည်းပါ၊အကြော်လည်းပါ၊ငုံးဥလည်းပါ...၊ဘာမှကိုမလွတ်တာ...။

ပြောရရင် ဟိုတုန်းကခရီးသွားရတာပျော်စရာကောင်းတယ်...၊ရောက်လေရာမြိုမှာ ကားရပ်ပြီးခရီးသည်
အတင်၊အချ လုပ်ကြတာကိုး...၊ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေဆိုတာကလည်း တစ်ယောက်တစ်မျိုး
မရိုးစေရဘူး...၊သူ့မြို့နဲ့သူ ဖေးဘရိတ်အစားအစာတွေကလည်းရှိသေး၊ဥပမာ ပဲခူးပုစွန်ချဉ်ဆို နာမည်ကြီး၊
ခုခေတ်လိုနာမည်ကြီးတာတော့မဟုတ်...၊အိမ်ရောက်လို့ဖြည်လိုက်ရင် ဖက်ချည်းတွေ့ရပြီး အထဲမှာ ပုစွန်
က နဲနဲလေးရယ်...၊အဲ့ဒါမျိုးတွေ...၊နောက် ငါးပိ ငါးခြောက်နာမည်ကြီးတဲ့မြို့ရှိသေးတယ်...၊ဝယ်လာခဲ့ဖူး
တယ်...၊ငါးရံ့ငပိဘူးကြီး...၊အပေါ်ရံလေးတင် ငါးရံရှိတယ်...အထဲမှာက ငါးခေါင်းချည်းရယ်...၊အဲ့သလို...၊
ခုတော့ အမြန်လမ်းမကြီးကနေ တစ်ညလုံးမောင်း...၊လမ်းမှာ ၂ခါလားပဲရပ်၊ရပ်တဲ့အချိန်ကလည်း အချိန်
မတော် ညသန်းခေါင်တို့၊မနက် ၂နာရီတို့ဆိုတော့ တစ်လမ်းလုံး ဘာရှုခင်းမှလည်းမကြည့်ရ၊ဘာမှလည်း
ဝယ်မစားရဘူး..၊ကားပေါ်မှာ မုန့်စားရတဲ့အရသာကို စားဖူးမှသိတာကလား...။

ကဲ....ထားတော့....ဟွာဟင်းမရောက်ပဲ တောင်ငူရောက်သွားဦးမယ်...၊အဲ့လိုပဲ...လိုရင်းမရောက်ပဲ ဘေး
ချော်တာကတော့ ထုံးစံ..၊ပြောရရင် စာရေးကောင်းတဲ့သဘောတွေပေါ့လေ.... :)))။အဲ့လိုနဲ့ နေ့လည်
၃နာရီလောက် ကမ်းခြေရောက်သွားတယ်။တည်းခိုခန်းတစ်ခုဝင်ပြီး အခန်းငှားတယ်...၊ပိတ်ရက်ဆိုတော့ တစ်ခန်းပဲကျန်တော့တယ်...၊အခြားဟိုတယ်တွေလည်း လိုက်မကြည့်နိုင်တော့ဘူး...၊ဈေးနဲနဲများတယ်
ထင်တာပဲ..၊နှစ်ယောက်အိပ်ခုတင်မှာ သုံးယောက်အိပ်လို့ရပေမယ့် စဘိုင်...စဘိုင် မဖြစ်ဘူးဆိုပြီး အိပ်
ယာအပိုတစ်ခု ထပ်ထည့်ခိုင်းရတယ်..၊အလကားတော့မရဘူးပေါ့...၊အင်း....ခုလိုဆိုတော့လည်း စဘိုင်
စဘိုင်ဖြစ်သွားတယ်ဆိုပါတော့...... :))))။

အဲ့တည်းခိုခန်းကမဆိုးဘူး...၊အပေါ်ထပ်မှာ ဝရန်တာအကျယ်ကြီးတစ်ခုပါတယ်...၊စားပွဲ၊ကုလားထိုင်တွေ
ချပေးထားတယ်...၊ကိုယ့်ဘာသာအပြင်ကဝယ်လာပြီး သောက်စားလို့ရတော့ ဟန်ကျသပေါ့...။အထုတ်
အပိုးတွေချပြီး ဟွာဟင်းမြို့လေးထဲ လျှောက်ကြည့်ကြတယ်...၊မြို့လေးက ခပ်သေးသေးပါပဲ...၊ခရီးသွား
လုပ်ငန်းနဲ့အသက်မွေးတဲ့မြို့ဆိုတော့ တစ်မြို့လုံး ဈေးဆိုင်တွေချည်းရယ်...၊မြို့လေးက သပ်သပ်ခပ်ခပ်
နဲ့ ချစ်စရာလေးပါ...၊မြို့လေးက ကလေးလေးတစ်ယောက်ကို ရေမိုးချိုး၊သနပ်ခါးလူးပေးထားတဲ့ပုံစံမျိုး
သန့်သန့်ရှင်းရှင်းလေး....။

ကမ်းခြေကိုမေးတင်ထားတဲ့ဆိုင်တွေဘက် လျှောက်ကြည့်ကြတယ်...၊ဗိုက်ဆာလာတော့ တွေ့ရာဆိုင်
ဝင်ထိုင်ပြီး စားလိုက်တာပေါ့လေ...၊ကိုယ်တွေဝင်ထိုင်တဲ့ဆိုင်က နဲနဲ ခန်းခန်းနားနားရှိတယ်။စားပွဲထိုးတွေ
ဘာတွေကလည်း ဝတ်စုံနဲ့ဘာနဲ့...၊ကိုယ်တွေက အဲ့လိုဆိုင်မျိုးထိုင်ချင်တာမဟုတ်...၊ကမ်းခြေမှာ ခုံပုလေး
တွေ၊ထီးလေးတွေ နဲ့ဆိုင်မှာထိုင်ချင်တာ...၊ဒါနဲ့ပဲ အဲ့ဆိုင်မှာ နဲနဲပဲ စားသောက်ပြီး ထွက်လာခဲ့ကြတယ်...။

အခြားတစ်ဘက်ခြမ်းကို လျှောက်လာတော့မှ ကိုယ်တွေထိုင်ချင်တဲ့ ဆိုင်မျိုးလေးတွေ တန်းစီဖွင့်ထားတဲ့
ဘက်ကိုရောက်သွားတယ်...၊လွတ်လပ်တဲ့၊အေးချမ်းတဲ့ ပင်လယ်ပြင်ကြီးနဲ့အတူပေါ့....။ပင်လယ်ရဲ့ဆွဲ
ဆောင်မှုကို ကိုယ် ကြာကြာအံမတုနိုင်ပါဘူး...၊အဝတ်အစားတွေချွတ်ပြီး ပင်လယ်ထဲပြေးဆင်းမိတယ်..။
မှောင်စပျိုးပြီဖြစ်ပေမယ့် ပင်လယ်ရေဟာနွေးထွေးနေဆဲပါ...။ကိုယ်သိပ်သဘောကျတဲ့ လှိုင်းခေါင်းဖြူဖြူ
တွေကလည်း ပင်လယ်စည်းချက်နဲ့အတူ ကမ်းခြေကို တစ်ဝုန်းဝုန်းနဲ့ ရိုက်ခတ်နေလေရဲ့....။

အတော်မှောင်လာတော့မှ ပြန်လာခဲ့ကြတယ်..၊လမ်းမှာ လမ်းဘေးအကင်ဆိုင်လေးကနေ အကင်တွေ
ဝယ်တယ်...၊သစ်သီးဆိုင်လေးကနေ သစ်သီးတွေဝယ်တယ်...၊ပြီး ဂဏန်းစားချင်တာနဲ့ မြို့အတွင်းဘက်
က စားသောက်ဆိုင်တစ်ဆိုင်မှာ ဂဏန်းနှစ်ကောင်ဝယ်တယ်...။ပြီး သောက်စရာလေးဘာလေး ဝယ်ပြီး
တည်းခိုခန်းပြန်ခဲ့ကြရော...။အဲ့ညက သုံးယောက်သား စားစားသောက်သောက်နဲ့ စကားတွေလည်းဖောင်
ဖွဲ့လို့ပေါ့...၊ကိုယ်တို့စကားဖောင်လေးက ဘလော့ပင်လယ်ပြင်ရဲ့ အပေါင်းအသင်းတွေကြားထဲ လူးလား
ခေါက်တုံ့ ၊ကူးကူးသန်းသန်းနဲ့ပါပဲ.......။

နောက်တစ်နေ့မနက်မှာ အေးအေးဆေးဆေးနေ့မြင့်မှထဖြစ်ကြတယ်....၊ကိုယ်တွေမှာအရေးတကြီးကိစ္စမှ
မရှိတာပဲလေ....၊စဘိုင်...စဘိုင်ပဲပေါ့...နော့...။မနက်စာ ထွက်စားကြတယ်...။ကိုယ်စားတာက နန်းပြား
ဖတ်ကြော်နဲ့ ဝက်သားကြော်....။သိပ်စားလို့ကောင်းတယ်၊အဲ့ဆိုင်လေးလည်းမဆိုးဘူး...၊သန့်သန့်ရှင်းရှင်း၊
သပ်သပ်ရပ်ရပ်လေး....၊ကိုယ်တို့ မနက်စာစားနေတုန်း ဆိုင်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်နဲ့မောင်းလာတဲ့
ကားတစ်စီး နဲနဲချိတ်မိတယ်၊လမ်းကလည်းကျဉ်းတာကိုး....၊လူတွေကတော့ ထုံးစံအတိုင်း ထွက်ကြည့်ကြ
သပေါ့....၊ဒါပေမယ့် ဘာမှမဝေဖန်ဘူးရယ်...၊ကားပေါ်ကမိန်းမလှလေးတစ်ယောက်ဆင်းလာတယ်၊ဆိုင်
ကယ်ကို ဘာဖြစ်သွားလဲတစ်ချက်ကြည့်တယ်၊ဘာမှမဖြစ်ဘူး၊အိုကေ...သူ့ကားက ပွန်းပဲ့သွားတာလေး
တစ်ချက်စစ်တယ်...၊ပြီး ကားပေါ်ပြန်တက်ပြီး မောင်းထွက်သွားရော..၊ဆိုင်ကယ်သမားလည်းဘာမှမပြော၊
ကားသမားလည်းဘာမှမပြော၊ဘေးကပွဲကြည့်ပိတ်သတ်လည်းဘာမှမပြော....၊အေးရာအေးကြောင်းပဲ...၊
ပြောပါတယ်.....ဒါကြောင့်.....ထိုင်းတွေက ဘာဖြစ်ဖြစ်စဘိုင်စဘိုင်ပါ.....လို့...၊စလုံးမှာသာဆို ယဉ်တိုက်
မှုဖြစ်တာနဲ့ ဖုံးတဂွမ်ဂွမ်ဆက်ကြမယ်...၊မြန်မာပြည်မှာဆိုရင် စကားတွေအများကြီးပြောကြရမယ်...၊သူမှား
တယ် ငါမှန်တယ်လုပ်ကြမယ်...၊ထိုင်းမှာကတော့ စဘိုင်စဘိုင်ပဲရယ်....။

ကိုယ်စားခဲ့တဲ့ နန်းပြားခေါက်ဆွဲကြော်......ထိုင်းလိုတော့ pat thai လို့ခေါ်တယ်တဲ့.....

နေ့လည်မှာ ပင်လယ်ကမ်းခြေဘက်ထွက်လာခဲ့တယ်....၊ကိုယ်တို့ထိုင်ချင်တဲ့ပုံစံဖြစ်တဲ့ ကမ်းခြေမှာထီး
လေတွေဖွင့်၊ပက်လက်ကုလားထိုင်လေးတွေခင်းထားတဲ့ဆိုင်လေးတစ်ဆိုင်မှာ အေးအေးဆေးဆေးထိုင်ပြီး
ကမ်းခြေကိုငေးမောကြည့်နေမိတယ်....၊ဘီယာလေးလည်း စုပ်ရင်းပေါ့...... :))))။ကမ်းခြေမှာ တိမ်တွေ
ကင်းရှင်းနေတယ်...၊အဲ့ဒါတစ်ခုတော့ ဆိုးတယ်ပြောရမယ်....၊ဘာလို့ဆို ပင်လယ်ပြာပြာပေါ်မှာ တိမ်ဖြူဖြူ
တွေပြေးလွားနေတဲ့ ရှုခင်းမျိုးကို ကိုယ်မျှော်လင့်ထားတာကိုး၊အကောင်းဘက်ကတွေးရင်တော့ ရာသီဥတု
သာယာတဲ့အတွက် ဘင်တန်မှာတုန်းကလို မိုးဖျက်တာမျိုးမရှိတဲ့အတွက် ကမ်းခြေမှာအေးအေးဆေးဆေး
နေခွင့်ရတယ်လို့ တွေးရမှာပဲ....။


ဟွာဟင်းမှာ အနားလာယူကြတဲ့ လူများစုက အနောက်နိုင်ငံတွေက သက်ကြီးပိုင်းတွေဖြစ်တယ်ဆိုတာကို
သတိပြုမိတယ်....၊အလုပ်ကအငြိမ်းစားယူထားကြတဲ့ အဖိုးအဖွားအိုအများစုပဲ...၊ပင်စင်ယူထားပြီးနောက်
ပိုင်း ခုလိုခရီးတွေထွက်နိုင်တာ လူကြီးတွေအတွက်သိပ်ကောင်းတယ်လို့ကိုယ်ထင်တယ်...၊ကိုယ့်အဖေ၊
အမေတွေလည်း ပင်စင်စားတွေပဲ...၊ဒါပေမယ့် သူတို့ ခရီးသိပ်မထွက်ဖြစ်ကြဘူး...၊လူကြီးတွေအပျော်ခရီး
ထွက်တာ မြန်မာတွေရဲ့အလေ့အထမဟုတ်တာလည်းပါမယ်...၊ဘုရားဖူးတောင် သိပ်မထွက်ဖြစ်တာက
တော့ဆိုးတယ်...။ပြီး ငွေရေးကြေးရေးကလည်း စကားပြောသေးသကိုး....။


အဲ့ကလေးက ပင်လယ်ထဲပြေးဆင်းလိုက်....၊လှိုင်းလုံးတွေတက်လာရင် ကမ်းခြေပေါ်ပြေးတက်လိုက်နဲ့၊
ပျော်ရွင်မြူးထူးစွာ ကစားနေလေရဲ့....။ကလေးတွေနဲ့ လူကြီးတွေပျော်နေတာမြင်ရင် ကိုယ်သိပ်သဘော
ကျတယ်...၊သူတို့မှာ အချိန်၊ငွေကြေး၊ရုပ်ခန္ဓာ အစစအရာရာ ကန့်သတ်မှုတွေရှိတယ်....၊ကိုယ်တို့လူလတ်
ပိုင်းတွေကတော့ ကိုယ်လာလျှင်ကိုယ့်ဘဝရဲ့အရှင်သခင်ပဲလေ....၊ဒီတော့ပျော်စရာကို ပုံစံအမျိုးမျိုးနဲ့ရှာ
နိုင်တယ်...၊သူတို့လေးတွေကတော့ ပျော်စရာဆိုတာ ကန့်သတ်မှုတွေကြားက ရှာဖွေရတဲ့အရာတစ်ခုပဲ။

ဒီကလေးလေး လည်း သိပ်ချစ်ဖို့ကောင်းတယ်...၊ကိုယ်ကသူ့ကိုချစ်လို့ ဓာတ်ပုံလှမ်းရိုက်တော့ သူ့မေမေ
က သူ့ကို သားလေး.....ဟိုမှာသားကိုဓာတ်ပုံရိုက်နေတယ်လို့ (အဓိပ္ပာယ်ရလောက်မယ့် ထိုင်းစကားနဲ့)
လှမ်းပြောတော့ ကိုယ့်ဘက်ကိုလှည့်ပြီး ပြုံးပြုံးလေးဓာတ်ပုံအရိုက်ခံပေးတယ်...၊သိပ်ရဲပြီး၊သိပ်ချစ်ဖို့ကောင်း
တဲ့သားသားလေး....၊သူ့ကိုမြင်တော့ ကိုယ်လည်း အဲ့လို သားလေးတစ်ယောက်လောက်လိုချင်စိတ်အရူး
အမူးကိုဖြစ်လာတယ်....(ဟမ်....ဒါဖြင့် မိန်းမကဘယ်မလဲ လို့တော့မမေးနဲ့......စင်ဂဲဖားသားလုပ်မှာ... :))

တွေ့လား...၊သူ့ခွေးလေးကိုဆွဲပြီး ပြုံးပြုံးလေးဓာတ်ပုံအရိုက်ခံနေတာ က ရှက်ကြောက်စိတ်တစ်စက်
လေးမှ မရှိတဲ့ပုံလေး...၊တစ်ချို့ကလေးတွေဆို ဓာတ်ပုံရိုက်ရင် ရှက်ကောင်းရှက်သွားမယ်..၊ရှိုးတိုးရှန်း
တန့်ဖြစ်ကောင်းဖြစ်မယ်...၊သူကလေးကတော့ အေးဆေးပဲ....၊ကိုယ် သူ့ကိုချစ်လွန်းလို့ ဒီပုံလေးကိုခဏ
ခဏဖွင့်ကြည့်မိတယ်....။


ကြက်ဥဒုတ်ထိုးသည်မြင်တော့ ကိုယ်တို့ဝယ်စားကြသေးတယ်...၊ကြက်ဥကို အလုံးလိုက်ကင်ထားတာရယ်၊
အထဲမှာ အကာနဲ့အနှစ်က တစ်သားတည်းဖြစ်သွားတယ်...၊ဘယ်လိုကင်သလဲတော့မသိ....။

 ကိုယ်တို့ကမ်းခြေမှာ နာရီပေါင်းများစွာကြာအောင်ထိုင်နေကြတယ်...၊ပျင်းသလိုလိုရှိလာရင်၊နောက် ရှုး
ပေါက်ချင်ရင် ပင်လယ်ထဲပြေးဆင်းလိုက်ကြတယ်.... :)))၊အိမ်သာက သွားရမှာအဝေးကြီးရယ်... :D။
ဗိုက်ဆာရင် စားစရာတစ်ခုခုဝယ်စားကြတယ်....၊ရေဆာရင် ဘီယာမှာသောက်တယ်....။မိုးချုပ်လို့ ပိုက်ဆံ
ရှင်းတော့ ပါလာတဲ့ငွေနဲ့မလောက်ဘူး...၊အိပ်ချင်လို့ဆိုပြီး နေ့လည်ကတည်းကပြန်သွားတဲ့ မောင်မျိုးကို
လှမ်းခေါ်ရတယ်...၊အဲ့သလို....။မောင်မျိုးအလာကိုစောင့်ရင်း ဆိုင်ရှင်အဒေါ်ကြီးကို အင်တာဗျူးတယ်....။
ကမ်းခြေမှာဆိုင်ဖွင့်ဖို့ တစ်နှစ်ကိုဘတ်၂၀၀၀ကျော်ကျော်ပဲပေးရသတဲ့...၊ဘယ်ကိုပေးရသလဲတော့မသိဘူး၊
တန်ထှာလို့ဆိုတော့ ရာသီချိန်လေးပဲ အလုပ်ဖြစ်တာလို့ဆိုတယ်...၊သူ့ရာသီချိန်မဟုတ်ရင် ဧည့်သည်မရှိ
ဘူးတဲ့....၊အင်း...ဒါလည်းဟုတ်တာပဲလေ...၊
 

အေးချမ်းတိတ်ဆိတ်တဲ့ ဟွာဟင်းရဲ့ နောက်ဆုံးညစာစားပွဲ လို့ပြောရမယ်...၊အဲ့ဆိုင်လေးလည်း
သိပ်ကောင်းတယ်...၊ဈေးထင်သလောက်မကြီးဘူး၊ဆိုင်အခင်းအကျင်းကောင်းတယ်...၊ဆက်ဆံရေး
အင်မတန်ပြေပြစ်တယ်...၊အရေးအကြီးဆုံးဖြစ်တဲ့ အစားအသောက်တွေရဲ့အရသာသိပ်ကောင်းတယ်။
ဆိုင်နာမည်က ဆာဝါဒီ(Sawasdee)တဲ့....။

နောက်တစ်နေ့မနက်မှာ ကိုယ်တို့ ကမ်းခြေကို နှုတ်ဆက်လို့ပြန်ခဲ့ကြတယ်...၊ဘန်ကောက်ကိုပြန်ရောက်
တော့ တက်ဆီနဲ့ ဒွန်မောင်းလေဆိပ်ကို တန်းဆင်းရတယ်...၊လေဆိပ်ကဆိုင်မှာနေ့လည်စာဝင်စားကြ
တယ်...၊စားခဲ့သမျှထဲမှာ အညံ့ဆုံးနဲ့ဈေးအကြီးဆုံးပဲ...၊tax လည်းပေးလိုက်ရသေး....။

ထိုင်းနိုင်ငံကိုဘယ်လိုမြင်သလဲလို့ သူငယ်ချင်းကမေးတော့ ကိုယ်မဖြေနိုင်ခဲ့ဘူး....။ကိုယ်မြင်တဲ့၊တွေ့တဲ့
အမြင်က၊ကိုယ်နဲ့ ထိုင်း ထိတွေ့ခဲ့တဲ့အတွေ့အကြုံက နည်းပါးလှပါတယ်...။ကိုယ်တို့အများစုကြီးဟာ
ထိုင်းဆိုရင် ဟိုနိုင်ငံ လို့ သိထားကြတယ်...၊ထိုင်းမှာ အဲ့ဒါတွေ ပေါတာအမှန်ပဲ...၊ဒါပေမယ့် သမ္ဗန်ပေါ်မှာ
စပယ်ရာလုပ်နေတဲ့မိန်းမပျိုလေးတွေ၊လမ်းဘေးမှာဈေးရောင်းနေတဲ့ကလေးမလေးတွေ၊ကမ်းခြေမှာ မိဘ
တွေရဲ့ဆိုင်လေးမှာကူရောင်းပေးနေတဲ့ အပျိုမလေးတွေကိုလည်း ကိုယ်တို့မြင်တွေ့ရနိုင်တယ်...။

မြန်မာဆိုရင် ရာဇဝင်ကြွေးတင်ထားတဲ့ မဟာရန်သူကြီးရယ်လို့ မြင်တဲ့ထိုင်းတွေရှိနိုင်သလို၊မြန်မာတွေကို
တရင်းတနှီးပေါင်းသင်းဆက်ဆံတဲ့ ထိုင်းတွေရှိတာ ကိုယ်တို့ကြုံရမယ်...။မဲဆောက်လို မြန်မာဆိုရင် မတူ
မတန်သလိုဆက်ဆံတတ်တဲ့နေရာတွေရှိသလို၊ဟွာဟင်းလိုမျိုး မြန်မာပဲဖြစ်ဖြစ်၊ဘယ်သူပဲဖြစ်ဖြစ် အားလုံး
ကို ဖော်ဖော်ရွေရွေဆက်ဆံလေ့ရှိတဲ့ ဒေသတွေရှိတယ်...၊ခေတ်မှီဖွံဖြိုးတဲ့ အခြေခံအဆောက်အဦးတွေ
ရှိပြီး၊အနောက်ဘက်ယိမ်းတဲ့စိတ်ဓာတ်တွေရှိသလို၊လူမြင်ရင် လက်အုပ်လေးချီ၊ဆဝါဒီခပ်လုပ်တဲ့၊ဘာသာ
တရားအပေါ်ရိုသေကိုင်းရှိုင်းတဲ့ အရှေ့တိုင်းစိတ်ဓာတ်လေးတွေအမူအရာလေးတွေ ကျန်ရှိနေသေးတာ
တွေ့ရမယ်...။နိုင်ငံပဲဖြစ်ဖြစ်၊လူမျိုးပဲဖြစ်ဖြစ်၊လူတစ်ဦးချင်းစီမှာပဲဖြစ်ဖြစ် ကိုယ်တို့ ကောင်းကွက်လေးတွေ
ရှာဖွေတွေ့ရှိနိုင်သလို၊အဆိုးတွေကိုလည်း မရှာဖွေရပါပဲနှင့် ကြုံတွေ့နိုင်တယ်မဟုတ်ပါလား.....။

ဤတွင် ဘန်ကောက်ခရီးစဉ်ပြီး၏။

ဤပို့စ်လေးမှတစ်ဆင့် သယ်ရင်းများဖြစ်သော ကလတ်နှင့်မယ်မျိုးအား ကျေးဇူးတင်ရပါကြောင်း.......

Wednesday, February 13, 2013

ဘန်ကောက်သို့...... (၁)

ဘန်ကောက်ကိုသွားဖို့ ကြံစည်ထားတာကတော့ အတော်ကြာပါပြီ....၊ကြာဆို ၂၀၁၂နှစ်ဆန်းပိုင်းထဲက ဒီနှစ်သစ်ကူးပိတ်ရက်မှာ သွားမလို့ စဉ်းစားထားပြီးသားရယ်....၊ဒါပေမယ့် တကယ့်တကယ်သွားမယ်လည်း
လုပ်ရော အချိန်ကအရမ်းကပ်နေပြီ....၊လေပျံလက်မှတ်လည်းမဝယ်ရသေး၊ဗီဇာလည်းမလုပ်ရသေး၊သွားဖို့
လာဖို့လည်း ဘာမှမပြင်ရသေးပေ...။ဒီလိုနဲ့ တစ်ပတ်အလိုမှ လေပျံလက်မှတ်ဝယ်ရ၊ဗီဇာပြေးလုပ်ရတယ်။
ဟိုးအရင်က ခရီးတစ်ခုထွက်မယ်ဆို တစ်လအလိုလောက်ကတည်းက ကြိုတင်ပြင်ဆင်နေတတ်တယ်...။
ထည့်သွားမယ့်ပစ္စည်းတွေကိုဆို မေ့ကျန်မှာစိုးလို့ စာရွက်တစ်ရွက်မှာ ချကိုရေးထားတာကလား။ပြီး ခရီးမ
သွားခင် လိုတာလေးတွေ ဝယ်ခြမ်းနေရတာကိုက ပျော်စရာရယ်...၊အမေကဆိုအမြဲပြောတယ်....နင့်ဟာ
က ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်ပါပဲလားဟယ်....တို့....၊နင်ကတော့ ခတ်ကွင်းပြင်တာနဲ့
ရွာသာကြီးရောက်နေပြီတို့....နဲ့ သူ့သားကို ကောင်းချီင်္းပေးလေ့ရှိတယ်...။

ဒီတစ်ခေါက်ကတော့ စဘိုင်၊စဘိုင်ပဲ....၊ဘာမှထွေထွေထူးထူးပြင်မနေဘူး၊ဘန်ကောက်က ဘော်ဘော်တွေ
အတွက် လက်ဆောင်လေးဘာလေးပြေးဝယ်ရင်း ကိုယ့်အတွက်လည်း ကျောပိုးအိပ်လေးတစ်လုံးပဲဝယ်ဖြစ်
တော့တယ်...၊ကျောပိုးအိပ်ကတော့ အနောက်တိုင်းက တိုးရစ်တွေကို သဘောကျလို့တစ်ကြောင်း၊မြန်မာ
ပြည်နဲ့လည်း ကီးကိုက်မယ်ထင်လို့တစ်ကြောင်းဝယ်ဖြစ်လိုက်တာရယ်...။ဟုတ်တယ်...သူတို့လို ကျောပိုး
အိပ်ကြီးကြီးတစ်လုံးထဲ လိုတာတွေထည့်ပြီး ကမ္ဘာပတ်နေချင်တယ်...၊နောက် ဒီအိပ်က ဘီး လည်းပါလို့ ဆွဲသွားလို့လည်းရသလို ကျောမှာ လွယ်သွားလို့လည်းရတယ်...၊မြန်မာပြည်မှာက ကျောမှာလွယ်လို့ရမှ
အဆင်ပြေတာရယ်....၊ပလက်ဖောင်းတွေက ခရီးဆောင်အိပ်တွေ ဆွဲသွားဖို့အဆင်မပြေလှဘူးကိုး....။

ကဲ....ထားတော့.....ခတ်ကွင်းပြင်နေတာနဲ့ ဘန်ကောက်မရောက်ပဲနေရော့မယ်။ကဲ ရောက်ပြီထားဗျာ :))။
အဲအာရှနဲ့ဆိုတော့ သုဝဏ္ဏဘုမ္မိလေဆိပ်မှာမဆင်းဘူးရယ်...၊ဒွန်မောင်းမှာဆင်းတယ်...၊စင်္ကာပူကလာတဲ့
လေပျံနဲ့ မလေးရှားကလာတဲ့လေပျံနဲ့က တစ်ချိန်တည်းလိုလိုဗျ...၊ဆိုတော့ လဝက မှာ နဲနဲလူများသွား
တယ်...၊ပြောရဦးမယ်....မလေးကလာတဲ့ ပေစုတ်စုတ်ကုလားတစ်ယောက်ကို လဝကမှာတန်းစီနေတုန်း
မှာပဲ အရာရှိနှစ်ယောက်က ကြားဖြတ် စစ်ဆေးနေတာတွေ့ခဲ့ရသဗျ...၊ကောင်တာကို မရောက်သေးဘူး
နော်...၊သူတို့မသင်္ကာလို့ထင်ရဲ့...၊ကုလားမှာက ပတ်စပို့ရော၊စာရွက်စာတမ်းတွေရောစုံစုံလင်လင်ပါ
လာတွေ တွေ့နေရတယ်..။ခက်တာက ဒင်းက စကားမပေါက်ဘူး...၊ဘိလပ်စကားလည်းမပြောတတ်ဘူး
ရယ်..၊ဒါနဲ့ အခြားလူရည်သန့် ကုလားမလေးတစ်ယောက်က ဝင်ပြီး စကားပြန်လုပ်ပေးတယ်...။ဘာတွေ
ပြောလဲတော့ မကြားရလို့မသိ...၊အရာရှိနှစ်ယောက်လည်း နဲနဲတွေတွေဝေဝေပုံစံနဲ့ သူတို့အထက်အရာ
ရှိဖြစ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ခေါ်ပြရော...၊အဲ့အမျိုးသမီးကြီးကတော့ ပြက်ပြက်သားသားပဲ...
လူတန်းထဲက အဲ့ကုလားကို ဆွဲထုတ်ပြီး အခန်းတစ်ခုထဲခေါ်သွားလေရဲ့...၊နောက်ဘာတွေဖြစ်ကုန်သလဲ
တော့ မသိတော့ပါဘူးလေ...။ပြောချင်တာကတော့ ဒင်းတို့အန္တရာယ်ကို ထိုင်းတွေလည်းအတော်သတိ
ထားနေတဲ့ပုံပဲလို့ ပြောချင်တာ...။

ဒီလိုနဲ့ ညနေလေးနာရီကျော်ကျော်လေးမှာ အပြင်ရောက်လာတယ်...၊ဘန်ကောက်ကတော့ အရင်တစ်
ခေါက် ကလိုပါပဲ.....နွေးနွေးထွေးထွေးနဲ့ ကိုယ့်ကို ကြိုဆိုနေလေရဲ့...၊ကလတ်လည်း လာကြိုနေတယ်..။
ဒီလိုနဲ့ နှစ်ယောက်သား တိုင်စီငှားပြီး တည်းခိုမယ့်နေရာကို ချီတက်ခဲ့ကြတယ်...။ကိုယ်တစ်ညတာတည်း
ခိုမယ့် ကွန်ဒိုခန်းလေးထဲ အထုတ်အပိုးချ...၊အပြင်ကိုထွက်ခဲ့ကြတယ်...။လမ်းထိပ်ကဈေးလေးဘက်ကို
တစ်ချက်လှမ်းကြည့်တော့ တွေ့လိုက်ရတာက အကင်ဆိုင်လေးနှစ်ဆိုင်၊သုံးဆိုင်...၊ဒါနဲ့လမ်းကူးပြီးသွား
ကြည့်မိတယ်...၊တစ်ဆိုင်က ကြက်သားတုတ်ထိုးအကင်ဆိုင်..၊တစ်ဆိုင်က ပင်လယ်စာအကင်ဆိုင်...။
ပင်လယ်စာအကင်တွေမြင်တော့ အတော်သဘောကျသွားတယ်...၊

ကိုယ်ငယ်ငယ်က ပင်လယ်စာတွေကိုမကြိုက်ဘူးရယ်...၊ရေချို၊ရေငန် ဘာမှကိုမကြိုက်တာ..၊အိမ်မှာ ပုစွန်
ချက်ရင်တောင် သိပ်မစားဖြစ်ဘူး...၊ပုစွန်ကြိုက်တဲ့ အဖေ့ပဲ ဦးစားပေးတယ်၊ကိုယ့်အကြိုက်က ဝက်သား..၊
ဝက်သားချက်ရင်တော့ အိုးတစ်ဝက်လောက်က ကိုယ့်ဗိုက်ထဲရောက်သွားတာာာာာ။ငါးဆိုရင် တို့ကိုမတို့
တာ...၊ဂဏာန်းဆိုလည်း စားကောင်းတဲ့အရာလို့ကို စိတ်ထဲမရှိ...၊ဒီအခွံမာမာကြီးပဲရှိတဲ့သတ္တဝါကို ဘာလို့
စားပါလိမ့်ဆိုပြီးတော့တောင် တွေးမရတာ...။ရေဘဝဲတို့၊ရေခူတို့ကိုလည်း အမေက ချက်ကျွေးတယ်၊ကြိုက်
ပါဘူး...။ခုများကျ ဘယ်လိုဖြစ်တယ်မသိ...၊စလုံးမှာငါးနှစ်လောက်နေဖြစ်လိုက်တာနဲ့ ပင်လယ်စာတွေ
စားချင်စိတ်အတော်ပေါက်နေတယ်...။ကြိုက်လည်းကြိုက်တတ်လာတယ်..၊စလုံးပါး ဝလာတာထင်ရဲ့....၊
သင်းတို့ စလုံးတွေက ပင်လယ်စာသိပ်ကြိုက်ကိုး...။သို့ပေမယ့် စလုံးမှာ ကိုယ်က ပင်လယ်စာတွေကောင်း
ကောင်းကန်းကန်းမစားရပါဘူး...၊ကိုယ်ကအခြေခံလူတန်းစားကိုး....၊ငပိချက်လောက်ပဲ နပ်မှန်တာရယ်..။

ဒီတော့ ဘန်ကောက်ရောက်ရင်ပင်လယ်စာ အဝတီးမယ်လို့ စိတ်ထဲတေးမှတ်ထားတာရယ်...။ဆိုတော့ကာ
အဲ့အကင်ဆိုင်လေးဆီက စားကောင်းမယ်ထင်တဲ့အကင်လေးတွေ လက်ညိုးထိုးဝယ်၊ပလတ်စတစ်အိပ်ထဲ
အချဉ်ရည်လေးစမ်းပြီး လမ်းတစ်လျှောက် ဝါးချွန်လေးနဲ့ ထိုး ထိုးပြီးစားလိုက်တာ...ဘာပြောကောင်းမလဲ..
ဘာမှကိုပြောမကောင်းဘူး.... :)))။အဲ...သူရို့အချဉ်က အတော်စပ်သဗျာ...၊ကိုယ်ကအချိုသာစားနိုင်တာ..၊
အစပ်တော့ မစားနိုင်...၊ဒါပေမယ့် ချွေးသံလုံးလုံးနဲ့ အာဖြဲပြီး စားတာပါပဲ...၊ခရီးစဉ်တောက်လျှောက်မှာ
လည်း ဝယ်စားသမျှဆိုင်မှာ အစပ်လျော့ထည့်ခိုင်းသည့်တိုင်အောင် သူရို့ထိုင်းစာတွေက စပ်သဗျာ...။
စပ်ပေမယ့် စားလို့လည်းကောင်းသဗျ....။ထိုင်းနဲ့အစပ် ခွဲမှ မရပဲကိုး...၊ကိုယ်ကလည်း မ ကိုခင်မှတော့
ဥ ကိုလည်း ခင်ရတော့သပေါ့လေ....။ထိုင်းစာတွေကြိုက်မှတော့ အစပ်ကိုမကြိုက်လည်း အောင့်အီးစားရ
တော့သပေါ့.....။

ရောက်ရောက်ခြင်း ဝယ်စားတဲ့ ပင်လယ်စာအကင်ဆိုင်...တန်တယ်...စားကောင်းတယ်...

အဲဒီညနေက ဖက်ရှင်အိုင်းလန်း ဆိုတဲ့ ကုန်တိုက်အသစ်ကြီးဆီရောက်သွားတယ်...။ကုန်တိုက်ကြီးတွေ
ကတော့ ဘယ်နိုင်ငံရောက်ရောက် သိပ်မကွာပါဘူး...၊ဆိုင်တွေခန်းနားတယ်၊ပစ္စည်းတွေသားနားတယ်..၊
အဲ...ဈေးတွေလည်းကြီးတယ်...၊နာမည်ကြီးအမှတ်တဆိပ်တွေရဲ့ဈေးနှုန်းတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံမ
ကွာပါဘူး...။ဒီတော့ လျှောက်ကြည့်...ဓာတ်ပုံရိုက်......ပြန်လာပေါ့...။အဲ့ကုန်တိုက်ကအပြန် ညစာဝင်စား
ကြတယ်...၊ကလတ်ရယ်၊သူ့သယ်ရင်းထိုင်းရယ်၊ကိုယ်ရယ်...သုံးယောက်ထဲ...၊ကလတ်သယ်ရင်းထိုင်းက
စလုံးကို လာလည်ဖူးလေရဲ့...၊သူက အော်တိုကပ်ဆွဲတယ်....၊ကိုယ်ကပြောတယ် စလုံးမှာ အော်တိုကပ်
ရရင် လစာသင့်တယ်ပေါ့...၊လာလုပ်ပါလားဆိုတော့ သူက စလုံးက လူရှုပ်၊ကားရှုပ်နဲ့ သူမကြိုက်တဲ့...။
ဘန်ကောက်မှာတောင် သူ့အိမ်နဲ့သူ့အလုပ်ပဲသွားသတဲ့...၊ကုန်တိုက်တွေဆို အပြင်ကပဲမြင်ဖူးတယ်၊
အထဲမသွားတတ်လို့ ကလတ်ကိုလိုက်ပြခိုင်းရသတဲ့...၊တော်တော်ကို ရိုးတဲ့၊အေးတဲ့ ထိုင်း ပါပဲ...။သူ့ပုံမြင်
တာနဲ့ လူရိုးလူအေးမှန်းသိသာရဲ့...။အဲ့ဆိုင်က ငါးကြော်က အတော်ကောင်းတယ်...၊နောက် ငါးကို နုတ်
နုတ်စင်းပြီး ပွဆေးနဲ့ မွနေအောင်ကြော်ထားတာလည်းတော်တော်လေးစားလို့ကောင်းတယ်...၊ဘယ်လို
ခေါ်သလဲတော့မသိ...။ထိုင်းဘီယာတွေကတော့ မစွံ....၊အဲ့တစ်ညပဲသောက်တယ်...၊နောက်ညတွေ
မသောက်တော့ဘူး...၊ထိုင်းဘီယာကိုပြောပါတယ်...၊ဟိုင်းနကန်ပြောင်းသောက်တယ်.... :P


Fashion Island ရဲ့ အတွင်းထဲက ရေပန်း...၊အဲ့ရေပန်းမြင်တော့ ဘူကစ်က ရေပန်းလေးသတိရမိ၊
ဘူကစ်ကရေပန်းသတိရတော့ အစ်မကွန်ကိုတောင် ပြေးသတိရတယ်..၊


အပြန်လမ်းမှာ လူကူးတံတားပေါ်ကရိုက်ထားတာ...၊ဒါတောင် ဘန်ကောက်မြို့လည်ခေါင်မဟုတ်သေးဘူး၊
ဆင်ခြေဖုံးပဲရှိသေးတယ်...၊မြန်မာပြည်အနေနဲ့ဆို မင်္ဂလာဒုံလောက်ရှိမယ်...။

~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်နေ့မှာ ဘန်ကောက်မြို့ထဲ ချီတက်ခဲ့ကြတယ်...၊လိုင်းကားနဲ့ပါပဲ...၊သူရို့လိုင်းကားတွေက
အတော်လေးဟန်ကျသား...၊ကားတွေက ဟိုင်းလပ်လိုကားတွေလည်းရှိတယ်၊၁၂ယောက်စီး မှန်လုံကား
သေးသေးလေးတွေလည်းရှိတယ်၊စပယ်ရာမရှိဘူးရယ်...၊ကိုယ်ဆင်းချင်တဲ့နေရာရောက်ရင် ဟိုင်းလပ်ကား
ဆို ဘဲလ် နှိပ်၊ရပ်ရင်ဆင်း၊ဒရိုင်ဘာကို ကျသင့်ငွေပေးလိုက်ရုံပဲ၊မှန်လုံးကားလေးတွေဆိုရင် ဒရိုင်ဘာကို
လှမ်းပြောပြီး ပိုက်ဆံပေးဆင်းရုံပဲ...၊ကြပ်ကျပ်မနေဘူး...၊စပယ်ရာကအတင်းတွန်းတင်တွန်းချမရှိဘူး...၊
ခပ်အေးအေးပဲ...၊ပြောရရင် စဘိုင်စဘိုင်ပဲ....၊ဈေးသည်တွေလည်း တွေ့မိသမျှ ခပ်အေးအေးရယ်...၊
အဲ့လိုမျိုးစီးပွားရှာစားရတာမျိုးကို မြန်မာပြည်မှာလည်း မြင်ချင်တယ်...၊ခုတော့ ကိုယ်တို့ဆွေမျိုးတွေက
တော့ ကြက်ယက်သလိုပဲ...ပြာလူးနေတာကလား....။ဒါတောင် နပ်မှန်ရုံတင်...စီးပွားတော့မဖြစ်ပေါင်....။

ကိုယ်တွေစီးခဲ့တဲ့ လိုင်းကားလေး.......

အဲ...ပြောဖို့ကျန်နေတယ်...၊ဘန်ကောက်မြို့ထဲမသွားခင် ကိုယ်တို့ သီလရှင်ကျောင်းလေးတစ်ကျောင်း
ဆီဝင်လည်ဖြစ်တယ်....။သန့်ရှင်း၊သပ်ရပ်၊ငြိမ်းချမ်း၊ဆိတ်ငြိမ်ရာ ကျောင်းလေးပါ...။ကလတ် ဘလော့မှာ
တင်ဖူးပါတယ်...၊ ဒီမှာ သွားကြည့်လိုက်ပါနော့....။ကြော်ငြာမယ့်သာကြော်ငြာရတာ ဒင်းကလည်း ဘာမှ
ပြည့်ပြည့်စုံစုံရေးထားတယ်မရှိ..... :)))။ကိုယ်လည်း မသိလို့ ဘာမှမပြောနိုင်ပါဘူး၊ဓာတ်ပုံတွေပဲတင်လိုက်
ပါတယ်...။

တရားအားထုတ်ဖို့၊စာဖတ်ဖို့ လုပ်ပေးထားတဲ့ ဂူလေးပါ၊သဘာဝအလင်းရောင်နဲ့လေဝင်လေထွက်
ကောင်းအောင် လုပ်ပေးထားပါတယ်.....။


ရေကန်၊ကြာ နဲ့ စကားပင်လေးတွေအပြင် ရုပ်တုလေးတွေ၊လူသွားလမ်းလေးတွေ နဲ့ဆိုတော့
အတော်ကို သာတောင့်သာယာရှိပါတယ်.......။


ဒီလိုတရားရိပ်သာမျိုးမှာ တစ်ဝါတော့ ခိုနေလိုက်ချင်သေး...... 

~~~~~~~~~~~~~~~~~~~~~~~~~~
 
အဲဒီကမှ လိုင်းကားစီးလို့ ဘန်ကောက်မြို့ထဲ ခရီးဆက်ခဲ့ပါတယ်...၊တည်ခိုခန်းတစ်ခုမှ အခန်းယူ၊အိတ်တွေ
ချခဲ့ပြီး မြို့ထဲထွက်ခဲ့တာပေါ့...၊မြို့ထဲက ပလပ်တီနမ်မောဘက်မှာ မောင်မျိုးစောင့်နေပါတယ်..၊ပုံမှန်ဆို
ထိုင်းကိုရောက်သည့်တိုင် သူနဲ့တွေ့ဖြစ်ဖို့မလွယ်ပါဘူး...၊သူကအရင်က မဲဆောက်မှာကိုး..၊ခုတော့ သူ
လည်း ဘန်ကောက်ထဲရောက်နေလို့ တွေ့ဖြစ်ခဲ့ရဲ့....။သူ့ဆီအသွား လမ်းမှာ ထိုင်းမွင်းဂါးဝင်စားခဲ့ပါသေး
တယ်၊လမ်းဘေးဆိုင်လေးကပါ၊အရွက်ပေါင်းစုံအပြင်ချဉ်ဘတ်တွေပါ ထည့်စားရပါတယ်၊မြန်မာမွင်းဂါး
လောက်ကြိုက်ပါဘူး၊စပ်ကလည်းစပ်သေး..... :(

 ထိုင်းမွင်းဂါး........

သုံးယောက်သား မက်ဒေါ်နယ်ဆိုင်ထဲမှာ စကားတွေပြောကြပါတယ်...။အဲ့ဒီကမှ ပလပ်တီနမ်မောနဲ့
ပသူနမ်မောတွေဘက် လျှောက်ကြည့်ကြတယ်...၊ပသူနမ်မောက မြန်မာပြည်က မင်္ဂလာဈေးနဲ့တူတယ်
ဗျ....၊အထည်တွေကတော့ နဲနဲပေါပေါပဲပဲ ဆန်တယ်...၊ဒါပေမယ့် ဈေးချိုသလောက် ပစ္စည်းကောင်းတဲ့ပုံ
ပါပဲ...၊ရောင်းတမ်းလေးတွေဆိုပါတော့...။ပလပ်တီနမ်ကတော့ သူ့ထက်ပို ဈေးကောင်းတယ်..၊ဆိုင်တွေ
လည်း ပိုသန့်တယ်၊အဲ့မောထဲ ဝင်ကြည့်တော့ ကိုယ်တို့ရှေ့က ဘိလပ်သားတစ်ယောက်က သူ့အဖော်
ထိုင်းမကို ပြောနေတာကြားတော့ ကိုယ်တို့ပြုံးမိသေး...၊သူပြောတာက ဘာတဲ့ ချိုင်းနားနိုးဂွတ်၊ချိုင်းနား
နိုးကွာလတီ.....တဲ့....:)။အဝတ်အထည်ဈေးတွေမဆိုးပါဘူး...၊အရည်အသွေးလည်းကောင်းပါတယ်...။
ချိုင်းနားမိတ်ထက်အပုံကြီးသာပါတယ်...။အဲ့ဒီမှာ အဖြူတွေ၊အမည်းတွေက အိတ်ကြီး၊အိတ်ငယ်အသွယ်
သွယ်နဲ့ အားပါးတရဝယ်ကြတာတွေ့ရတယ်..၊ဒင်းတို့ အချောင်နှိုက်တကယ်တော်တယ်.... :)))

ကိုယ်လည်း နဲနဲပါးပါးတော့ဝယ်ခဲ့တယ်...၊ဘန်ကောက်ဟာ ဈေးဝယ်လို့သိပ်ကောင်းတဲ့နေရာပါ။ပြောရ
ဦးမယ်..၊သူတို့ဆီက ဈေးသည်တွေက ဈေးရောင်းတာခပ်အေးအေးပဲဗျ၊ကြိုက်သလောက်ကြည့်၊မဝယ်ပဲ
ထွက်သွားလည်း အပြုံးမပျက်ဘူးရယ်...၊ဝယ်သူကို မဝယ်ချင်ဝယ်ချင်အောင်အတင်းထိုးထည့်၊စကားတွေ
ဖောင်လောက်အောင်ပြောတာမျိုးမရှိဘူး...၊ပုံမှန်လေးပဲ....စဘိုင်...စဘိုင် ပဲပေါ့....။ဈေးဝယ်ရတာသိပ်စိတ်
ချမ်းသာဖို့ကောင်းပါတယ်...။

 တစ်ဘက်က ပသူနမ်၊တစ်ဘက်ကတော့ ပလပ်တီနမ်မောပါ....

ပသူနမ်မောထဲက နတ်စင်....၊ထိုင်းတွေ နတ်တော့အတော်ယုံပုံရတယ်....

~~~~~~~~~~~~~~~~~~~~~~~

မောတွေကမှတစ်ခါ သမ္ဗာန်လေးစီးလို့ ရွေတောင်ကုန်းဘုရားဘက်ထွက်လာခဲ့ပါတယ်...၊ဘန်ကောက်ရဲ့
ခရီးသည်ပို့ဆောင်ရေးမှာ ရေကြောင်းကလည်း အတော်အရေးပါပါတယ်...၊စီးလို့လည်းအဆင်ပြေရဲ့...။

ကိုယ်တို့စီးခဲ့တယ်......

ရွေတောင်ကုန်းဘုရားအကြောင်းလည်း ကိုယ်ဘာမှမပြောနိုင်ပါဘူး...၊ကလတ်လိုက်ပို့လို့ရောက်ခဲ့တာပဲ
ရှိပါတယ်...၊ထုံးစံမပျက် ဓာတ်ပုံတွေတော့ရိုက်ခဲ့သပေါ့..၊ကိုယ့်အာရုံထဲတွေ့တဲ့ပုံလေးတွေတင်လိုက်တယ်။
ကောင်းလှတယ်တော့မဟုတ်....။

 ဘာတွေရေးထားလဲမသိ.....

 သူရို့စေတီတွေက ထီးမရှိဘူးရယ်...လို့မောင်မျိုးကပြောတယ်...၊သူပြောမှ ကိုယ်သတိထားမိတယ်....၊
ဟုတ်ပါရဲ့နော်......။

 စေတီပေါ်အတက်လမ်းက ညောင်မုတ်ဆိတ်တွေ...၊သဘောကျတယ်.....။

အပြန်မှာ စားခဲ့တဲ့ ဒူးရင်း...သိပ်စားလို့ကောင်းတယ်...၊အမွှာအကြီးကြီး၊အစေ့ကသေးသေးလေး၊
လက်ဘက်ရည်အေး နဲ့ တွဲစားခဲ့တယ်....သိပ်ကောင်း....။


 လမ်းဘေးဆိုင်လေးပေါ်မှာ အိပ်မောကျနေတဲ့ ကလေးလေး...ချစ်ဖို့ကောင်းတယ်ဟုတ်....
လူတွေ ဥဒဟိုသွားလာ၊ဝယ်ခြမ်းနေတဲ့ကြားက ကလေးငယ်လေးအိပ်မောကျနေတာမြင်တော့
အပူအပင်ကင်းတဲ့ ကလေးဘဝကို တစ်ခါပြန်မရချင်ဘူးလား..... ရဲဘော်.......။

ထိုင်းမှာကတော့ ကလေးလည်း စဘိုင်...စဘိုင်....၊ခွေးလည်း စဘိုင်...စဘိုင်ပဲ...၊
လမ်းဘေးခွေးလည်း အပူအပင်ကင်းကင်းနဲ့ လိန်ပိန်နေအောင်အိပ်နိုင်သား..... :))))

                                                                                 ဆက်ရန်.....မျော့......

Sunday, January 27, 2013

ခေတ် နှင့် ခေတ်လူ

တစ်ခါက ဖေ့ဘွတ်စာမျက်နှာတွေထက်မှာ လူငယ်တွေက သူတို့ ရင်ဆိုင်နေရတဲ့ ခေတ်စနစ်ရဲ့မွန်းကျပ်မှု
တွေအကြောင်းညည်းညူကြတော့ ရုရှရောက်လူငယ်လေးတစ်ဦးက လူတွေက ကိုယ်တိုင်ကျမကြိုးစားချင်
ကြဘူး၊ခေတ်စနစ်ကိုပဲအပြစ်တင်တတ်ကြတယ်၊တခြားသူတွေလည်း ဒီခေတ်ဒီစနစ်မှာပဲ တော်တဲ့တတ်တဲ့၊
ကြီးပွားတဲ့သူတွေဖြစ်သွားတာပဲ..... လို့ ရေးလိုက်တာလေး ဖတ်လိုက်ရပါတယ်...၊အဲဒီတုန်းက ကျွန်တော်
ဘာမှ ဝင်မရေးခဲ့ပေမယ့် သူတို့ပြောကြရေးကြတာလေးတွေကနေ အတွေးလေးတွေ ပွားနေခဲ့မိပါတယ်...။

ခေတ်၊စနစ် ဆိုတာ လူများစုအပေါ်မှာ လွှမ်းခြုံတတ်တဲ့သဘော၊အများစုကို ထိန်းချုပ်သွားတတ်တဲ့သဘော
ရှိပါတယ်။လူများစုကြီးဟာ ခေတ်တစ်ခု၊စနစ်တစ်ခုရဲ့ သွေးဆောင်ရာအတိုင်း လိုက်ပါစီးမျောကြစမြဲပါပဲ။
နောက်တစ်ခုက ပြည်သူလူထုရယ်လို့ ဆိုလိုက်တာနဲ့ လူတိုင်းဟာ လူရိုး၊လူကောင်းများ၊ကြိုးစားလိုစိတ်၊
ကြီးပွားလိုစိတ်ရှိသူများ၊တွေးခေါ်မျှော်မြင်နိုင်မှုမြင့်မားသူများ၊အသိညဏ်မြင့်မားသူများချည်း ဖြစ်နေလိမ့်မယ်
မဟုတ်ပါဘူး။ လူညံ့၊လူဖျင်းများ၊ဆိုးသွမ်း၊သိမ်ဖျင်းသူများ၊အသိညဏ်နုံနဲ့သူများ များလည်း ရှိနေမှာပါပဲ....။

ခေတ်တစ်ခုစနစ်တစ်ခုဟာ မူလနဂိုဗီဇအရ စိတ်အမျိုးမျိုးရှိကြတဲ့လူတွေအပေါ် အကောင်းဆုံးလွှမ်းခြုံနိုင်ပါ
တယ်။ခေတ်ကောင်း၊စနစ်ကောင်းတစ်ခုက ကြိုးစားချင်စိတ်ရှိသူတွေကို ပိုလို့ ကြိုးစားလာစေသလို၊အသိ
ညဏ်မြင့်မားသူတွေကို သူတို့နဲ့ထိုက်တန်တဲ့ နေရာမှန်ကို ဖန်တီးပေးထားနိုင်ပါလိမ့်မယ်၊ထို့အတူ ရိုးသား
စွာနေထိုင်သူများကို ရိုးသားမှုဟာ ဘဝရဲ့အကောင်းဆုံးနဲ့ အလုံခြုံဆုံးနေထိုင်မှုအဖြစ် အာမခံချက်ပေးနိုင်
ပါလိမ့်မယ်၊ကြောင်းကြောင်းကြောင့် ညဏ်ရည်နိမ့်ပါးသူတွေကို ဖေးမ၊ကူညီလို့ သူတို့ရဲ့ ဘဝနေထိုင်မှုကို
လည်း အဆင်ပြေစေရပါမယ်။အသိညဏ်နဲသူတွေကို ဒီထက်ပိုလို့ တွေးခေါ်မျှော်မြင်လာနိုင်အောင် မျက်စိ
ဖွင့်ပေးပါမယ်။အခြားတစ်ဘက်မှာတော့ ဆိုးသွမ်းသူတွေကို တားမြစ်နိုင်ရမယ်၊လူညံ့၊လူဖျင်းများအတွက်
မြင့်မားတဲ့နေရာဆိုတာ အလွယ်တကူမရနိုင်ဘူးဆိုတာ သိသာထင်ရှားနေစေပါမယ်။

ဆိုးရွားပျက်ဆီးနေတဲ့ ခေတ်စနစ်တစ်ခုလက်ထက်မှာ ဘာတွေ တွေ့ကြုံရနိုင်သလဲဆိုတာကတော့ အကျယ်တဝင့်ပြောနေစရာကိုမလိုတော့ပါဘူး။ကျွန်တော်တို့ အားလုံးဖြတ်သန်းခဲ့ကြပြီးမဟုတ်ပါလားဗျာ၊
ခေတ်ဆိုးစနစ်ဆိုးမှာ လူတော်များ နေရာသစ်ကိုရှာဖွေကြရပါတယ်၊လူရိုးများ လည်း မိုးခါးရေ ကို မျှော်လင့်
လာရပါတော့တယ်၊အသိညဏ်သိမ်ဖျင်းသူများက သူတို့နဲ့မတန်တဲ့နေရာကို မရိုးသားတဲ့နည်းလမ်းများနဲ့
ရယူလာကြပါတယ်။ဆိုးသွမ်းသူတွေ၊မတရားမှုနဲ့စီးပွားရှာသူတွေကို ဥပဒေက၊ဒါမှမဟုတ် ဥပဒေကို ထိန်း
သိမ်းစောင့်ရှောက်သူများက မျက်ကွယ်ပြုထားပါတယ်၊ကောင်းမွန်စွာနေထိုင်သူများ၊ရိုးသားစွာစီးပွားရှာသူ
များအတွက် ခေတ်က ကြပ်သထက်ကြပ်လာပါတယ်။

လူသားတွေဆိုတာကအခြေခံအားဖြင့်၊ယေဘုယျအားဖြင့် သက်တောင့်သက်သာနေလိုကြသူများ၊အပင်ပန်း
မခံလိုကြသူများချည်းဖြစ်ပါတယ်၊လက်တစ်ဘက်လှုပ်လို့ အရာရာပြီးမြောက်မယ်ဆိုရင် ဘယ်သူမှ လက်
နှစ်ဘက်လှုပ်မယ်မဟုတ်ပါဘူး၊ဒါဟာ လူများစုရဲ့ ယေဘုယျစိတ်အခံပါပဲ။

ခေတ်ကောင်း၊စနစ်ကောင်းတစ်ခုဟာ လူသားတိုင်းအပေါ်မှာ ရိုးသားစွာ၊ကြိုးစားမှ ကိုယ့်အတွက်နေရာတစ်
ခုရှိလာမယ်ဆိုတဲ့ စိတ်အသိတစ်ခုကိုပေးစွမ်းနိုင်ရပါမယ်၊ပညာရေးစနစ်မှာပဲဖြစ်ဖြစ်၊စီးပွားရေးစနစ်မှာပဲဖြစ်
ဖြစ် သင့်တင့်လျှောက်ပတ်တဲ့ မက်လုံး တစ်ခုရှိနေရပါမယ်။လူတိုင်းရဲ့စိတ်မှာ မိမိတို့ရဲ့ ဘဝကို အကောင်း
ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံးတည်ဆောက်နေမှုဟာ စဉ်ဆက်မပြတ်တိုးတတ်နေတဲ့ ခေတ်ကာလတစ်ခုအ
တွင်းမှာ ကောင်းမွန်သာယာစွာ၊အဆင်အတန်းမြင့်စွာ နေထိုင်နိုင်ဖို့အတွက် အကောင်းဆုံးရင်းနှီးမြုပ်နှံမှု
တစ်ခုအဖြစ် ယုံကြည်နိုင်ရပါမယ်။မိမိတို့ရဲ့ စိတ်ခွန်အား၊ကာယခွန်အားကို မှန်ကန်စွာ ရင်းနှီးစိုက်ထုတ်
လိုက်ခြင်းအတွက်လည်း မိမိတို့နဲ့ထိုက်တန်တဲ့ အကျိုးခံစားခွင့်ရှိနေမယ့် အာမခံချက်လည်းရှိနေရပါမယ်။

 ညံ့ဖျင်းတဲ့၊ဆိုးရွားတဲ့၊ပျက်ဆီးနေတဲ့ ခေတ်စနစ်တစ်ခုကတော့ နဂိုမူလကတည်းက သက်တောင့်သက်
သာနေလိုစိတ်ရှိတဲ့ လူသားတွေကို အလွယ်လမ်းလိုက်ဖို့ တွန်းအားပေးလိုက်ပါတော့တယ်၊အမြီးကျက်
အမြီးစား၊ခေါင်းကျက်ခေါင်းစား များအဖြစ်တွန်းပို့လိုက်ပါတယ်၊ရိုးသားသူများကို ဖျက်ဆီးပစ်ပြီး မိုးခါးများ
ကိုသာ လှိုင်လှိုင်ရွာသွန်းပေးပါတယ်၊ဒီလိုနဲ့ ခေတ်နဲ့ခေတ်ကိုဖန်တီးခေါင်းဆောင်သူများဟာ လူသားတွေ
ရဲ့စိတ်ကို အဆုံးတိုင်ဖျက်ဆီးလိုက်ပါတော့တယ်....။

ခေတ်စနစ်နဲ့ပက်သက်ပြီးပြောကြတော့မယ်ဆိုရင် အများစုကို လွှမ်းခြုံပြီး ယေဘုယျပြောမှ မှန်ကန်နိုင်ပါ
လိမ့်မယ်၊ဆိုလိုတာက ကျွန်တော်တို့ဟာ ပညာရေးစနစ်အကြောင်းပြောမယ်ဆိုရင် လက်တစ်ဆုတ်စာ
လောက်ရှိမယ့် မြန်မာပညာတတ်များ နိုင်ငံရပ်ခြားမှာ ကြီးပွားတိုးတက်နေတာ၊ကောင်းမွန်တဲ့လစာနှုန်းထား
တစ်ခုရရှိနေတာကိုပဲကြည့်ပြီး မြန်မာ့ပညာရေးကြီးကောင်းမွန်လှပါတယ်လို့ပြောလို့မရပါဘူး၊လူများစုကြီး
နဲ့ မတူခြားနားစွာကွဲထွက်ပြီး တော်တတ်မှန်ကန်သူတွေရှိသလို၊ဆိုးရွားသူတွေလည်းရှိပါတယ်၊ဒါဟာ ရာ
နှုန်းအားဖြင့်တော့ နည်းပါးလှပါတယ်။ဥပမာအားဖြင့် ကျီးငှက်လို့ဆိုလိုက်တာနဲ့ သူ့အရောင်ဟာ အမဲ
ရောင်ပဲလို့ ကောက်ချက်ချရမှာပါပဲ၊ကမ္ဘာမြေရဲ့တစ်နေရာမှာအဖြူရောင်ကျီးတွေရှိနေပါလိမ့်မယ်၊ဒါပေမယ့်
အဲ့ဒီကျီးဖြူမျိုးတစ်ခုတည်းကိုကြည့်ပြီး ကျီးကန်းအရောင်က အဖြူရယ်ပါလို့ စွတ်မှိတ်ငြင်းနေလို့မရပါဘူး။

နိုင်ငံရပ်ခြားက တက္ကသိုလ်တွေမှာ ကျောင်းသားတွေကိုကြည့်လိုက်ရင် လက်တော့လေးများနှင့်လည်း
ကောင်း၊စာအုပ်ထူကြီးများနှင့်လည်းကောင်း တကုတ်ကုတ်နဲ့ စာလုပ်နေတာကိုတွေ့ရပါလိမ့်မယ်၊စာကြည့်
တိုက်တွေမှာ သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို အသုံးချနေတာတွေ့ရပါလိမ့်မယ်။မြန်မာပြည်ကျောင်းသား
များကတော့ ကျောင်းချိန်မှာ ဖဲရိုက်၊ဖွန်ကြောင်၊ဆေးချ၊အရက်မူးနေတာ၊လက်ဘက်ရည်ဆိုင်မှာ ဟေလား
ဝါးလားလုပ်နေတာ တွေ့ရပါလိမ့်မယ်။ဘာကြောင့်ပါလဲ....၊အမေရိကားက၊ဘိလပ်က၊စင်္ကာပူက အဆင့်မြင့်
တက္ကသိုလ်ကြီးတွေကိုဝင်ခွင့်ရဖို့၊ဝင်ခွင့်ရခဲ့ရင်လည်း အမှတ်ကောင်းကောင်းနဲ့ ကျောင်းပြီးသွားဖို့၊ယုတ်စွ
 အဆုံး သာမန်အဆင့်နဲ့ပဲဖြစ်ပစေဦးတော့ ဘွဲ့တစ်ခုရရှိဖို့ အသေအလဲကြိုးစားကြပါတယ်၊ကြိုးစားကြရပါ
တယ်၊မြန်မာပြည်မှာတော့ အင်တာနက်ဆိုင်မှာချက်တင်ထိုင်ရင်း၊ဘောပွဲကြည့်ရင်း အေးအေးလူလူပဲ ဘွဲ့
တစ်ခုရသွားပါတယ်၊ဒါဘာကြောင့်ပါလဲ...။

တရိပ်ရိပ်တိုးတတ်နေတဲ့ ခေတ်ကာလတစ်ရပ်မှာ လူသားများရဲ့ အသက်ရှင်ရပ်တည်မှုဟာ အရင်နှစ်ကာ
လများကထက် ပိုလို့ရုန်းကန်ရပါတယ်၊လူသားတွေကို ဆွဲဆောင်နေတဲ့ ဇိမ်ခံပစ္စည်းတွေ၊နှစ်လိုသာယာ
ဖွယ် လူနေမှုစနစ်တွေဟာလည်း ကောင်းသည်ထက်ကောင်းလာပါတယ်၊အဲဒီအရာများကိုပိုင်ဆိုင်ရရှိနိုင်ဖို့
အတွက်၊နောင်တစ်ချိန်မှာ ဘဝအာမခံချက်ပေးနိုင်ဖို့အတွက်၊နေရာကောင်းတစ်နေရာရဖို့အတွက် ရိုး
သားစွာကြိုးစားဖို့ကလွဲလို့ အခြားမရှိဘူးရယ်လို့ ခေတ်က ပိုင်းခြားသတ်မှတ်ထားနိုင်တဲ့အခါမှာတော့
အခြားနိုင်ငံများမှာ ကျောင်းသားတွေဟာ ရုန်းကန်ကြိုးစားရပါတော့တယ်၊ကောင်းမွန်ခေတ်မှီတဲ့၊နာမည်
ကျော်တက္ကသိုလ်ကြီးတွေဟာ သူတို့ရဲ့ကျောင်းသားတွေကို အာမခံချက်ပေးနိုင်နေလို့ပါ၊ကျောင်းသားတွေ
အတွက် မက်လုံးကောင်းတွေရှိနေလို့ပါပဲ။ဘယ်တက္ကသိုလ်ကြီးက ဘွဲ့ရလာတဲ့လူ ရယ်လို့ ပြောစမှတ်ပြုရ၊
အားလုံးကလေးစားရတဲ့ ဂုဏ်ကို ပိုင်ဆိုင်နိုင်ခွင့်ရှိနေလို့ပါပဲ။ဒီတက္ကသိုလ်ကြီးက ကျောင်းဆင်းဆိုရင်တော့
ဖြင့် ညဏ်ပညာ၊ကြိုးစားသင်ယူလိုစိတ်၊အပေါင်းအသင်းဝင်ဆန့်မှု၊ပြောဆိုနေထိုင်ရာမှာ ယဉ်ကျေးမှုက
တော့ဖြင့် ပြောစရာမလိုတဲ့သူရယ် လို့ အားလုံးရဲ့အမြင်မှာ ထင်မှတ်ယုံကြည်ခံရနိုင်ခွင့်ရှိလို့ပါပဲ။

မြန်မာပြည်မှာ ဘွဲ့ရတစ်ယောက်ရဲ့ အမြင့်ဆုံးမျှော်မှန်းချက်က ဘာပါလဲ....၊မြန်မာပြည်ခေတ်စနစ်ဟာ
ဘွဲ့ရတစ်ယောက်ကို ဘာအာမခံချက်ပေးနိုင်ပါသလဲ၊တလောက ဖဘ မှာ ဆေးကျောင်းဆင်းကာစ ဆရာ
ဝန်ပေါက်စလေးတစ်ယောက်က သူ့ပထမဆုံးလစာငွေလေးကို ဓာတ်ပုံရိုက်ပြီးတင်ထားတာလေးတွေ့
လိုက်ရပါတယ်။ငါးထောင်တန်ဆယ်ရွက်ပါ။ဖဘမှာပါပဲ အလုပ်ခေါ်စာလေးတစ်ခုတွေ့လိုက်ရပါတယ်။
လစာက ဘွဲ့ရလေးသောင်းခွဲ၊ဘွဲ့မရ လေးသောင်းပါတဲ့...။ကိုယ်တိုင်လေ့လာသင်ယူလိုစိတ်ကို ပြုစုပျိုး
ထောင်ပေးနိုင်ခြင်းမရှိတဲ့ပညာရေးစနစ်၊ဘွဲ့တစ်ခုရပြီးလို့မှ ကောင်းမွန်သင့်တင့်တဲ့ နေရာလစာမပေးနိုင်
တဲ့ခေတ်တစ်ခုမှာ ကျောင်းသားလူငယ်တွေရဲ့ကြိုးစားလိုစိတ်ပျောက်ဆုံးနေတာကဖြင့် အဆန်းမဟုတ်ပါ
ဘူး။

မြန်မာပြည်အင်ဂျင်နီယာတစ်ယောက်ရဲ့အမြင့်ဆုံးမျှော်လင့်ချက်ဟာ စင်္ကပူထွက်ပြီးအလုပ်လုပ်ဖို့ဖြစ်နေပါ
တယ်။မြန်မာကျောင်းသားလူငယ်တွေရဲ့မက်လုံးဟာ စင်္ကပူဖြစ်နေပါတယ်။ဒီတော့ မေးစရာတစ်ခုရှိပါတယ်။
မြန်မာပြည်ပညာရေးစနစ်ဟာ စင်္ကာပူတန်းဝင်လို့ ခုလိုအလုပ်ရတာမဟုတ်လားရယ်လို့ပါ။စင်္ကပူမှာ မြန်မာ
တွေ အလုပ်နေရာရကြတယ်ဆိုတာ ငြင်းစရာမရှိတဲ့အချက်ပါ။ဒါပေမယ့် သူတို့နိုင်ငံသားတွေထက်တစ်ဆင့်
နိမ့်နေတာ၊သူတို့နိုင်ငံသားဘွဲ့ရတွေ ယောင်လို့တောင်လှည့်မကြည့်တဲ့နေရာမျိုးတွေမှာ မြန်မာဘွဲ့ရတွေ
လုပ်နေရတာ၊အိန္ဒိယက၊ဘင်္ဂလားက ဆယ်တန်းအဆင့်တောင်မရှိတဲ့သူတွေနဲ့ မြန်မာဘွဲ့ရတွေ တန်းတူ
လုပ်နေရတာကတော့ မြန်မာပြည်ပညာရေးရဲ့အဆင့်ကို ဖော်ပြနေတာပါပဲ။

မြန်မာလူမျိုးတွေရဲ့ မူလညဏ်ရည်ဟာ အတော်လေးသင့်တင့်ကောင်းမွန်တာကလည်း ကျွန်တော်တို့လူ
ငယ်တွေကို ဒီနိုင်ငံနဲ့အခြားနိုင်ငံတွေမှာ ကောင်းမွန်တဲ့အလုပ်အကိုင်ရရှိစေတဲ့ အချက်တစ်ခုပါပဲ။မြန်မာ
ပြည်မှာ လေ့လာသင်ယူခွင့်မရတဲ့၊ထိတွေ့အသုံးချခွင့်မရတဲ့ အဆင့်မြင့်စက်ပစ္စည်းတွေကို တစ်ခဏခြင်းမှာ
သင်ယူနိုင်စွမ်း၊အသုံးချနိုင်စွမ်းကျွန်တော်တို့မှာရှိကြပါတယ်။ကိုယ့်တိုင်းပြည်မှာလို ပေါ့ပေါ့လေးနေလို့မရ
တဲ့အခြေအနေတစ်ရပ်မှာ ကျွန်တော်တို့မြန်မာလူငယ်တွေက အကောင်းဆုံးကြိုးစားကြပြီး မိမိဘဝကိုတည်
ဆောက်ကြရပါတယ်၊ခေတ်၊စနစ်ကောင်းတစ်ရပ်ရဲ့အောက်မှာ မိမိရဲ့အရည်အချင်းနဲ့ရုန်းကန်ကြိုးစားမှုကို
မှတ်ကျောက်တင်ကြရပါတော့တယ်...၊အဲဒီလိုပြည်ပနိုင်ငံမှာ ကြိုးစားခဲ့ကြတဲ့မြန်မာလူငယ်တွေဟာ မြန်မာ
ပြည်ပြန်ရောက်ရင် ဘာလုပ်ရမှန်းမသိပဲ ယောင်ချာချာဖြစ်ကုန်တာ ဘာကြောင့်ပါလဲ....၊ခေတ်စနစ်တစ်ခု
ရဲ့ သောက်သုံးမကျမှုကြောင့်ပါ။(လိမ္မာသူတွေကတော့ ရသမျှပိုက်ဆံလေးစုဆောင်းပြီး ကိုယ်ပိုင်စီးပွားရေး
လေး အစပြုကြပါတယ်၊မိမိရဲ့ပညာနဲ့ပတ်သက်ပြီးအသက်မွေးဝမ်းကျောင်းပြုမှုတစ်ခုကိုတော့ဖြင့်..... )

တစ်ခုပြောချင်တာကတော့ နဂိုကလည်းညဏ်ရည်မြင့်မား၊ကြိုးစားလိုစိတ်နဲ့အမြင့်ရောက်လိုစိတ်ထက်သန်
သူတွေကတော့ ပြည်ပနိုင်ငံတွေမှာ အဆင့်မြင့်နေရာကောင်း၊လစာကောင်းတွေရကြတာ ဧကန်မုချရှိပါ
တယ်။ဒါဟာ အပေါ်မှာပြောခဲ့သလို ရာနှုန်းနဲနဲသာဖြစ်ပြီး အများစုကိုမလွှမ်းခြုံနိုင်ပါဘူး။နောက်တစ်ခုက
မြန်မာပြည်ပညာတတ်တွေ နိုင်ငံခြားမှာကို ရောက်ကုန်ကြတာကိုက မြန်မာပြည်ခေတ်စနစ်ရဲ့ ဆိုးရွား၊ညံ့
ဖျင်း၊သောက်သုံးမကျမှုကို ဖော်ပြနေခြင်းပါပဲ....။ခေတ်ကောင်းစနစ်ကောင်းရှိတဲ့နိုင်ငံတစ်ခုဟာ မိမိနိုင်ငံ
တွင်းမှ ဦးနှောက်ယိုစီးကျမသွားအောင် ကာကွယ်နိုင်ရမည်မဟုတ်ပါလား။ကိုယ့်နိုင်ငံတွင်းမှ ပညာတတ်
များကို နေရာပေးနိုင်ရမည်မဟုတ်ပါလား။

ဒီလိုအခြေအနေမှာ ခေတ်စနစ်တစ်ခုဘယ်လိုပဲဖြစ်နေနေ လူငယ်တွေ ကိုယ့်ဘာသာကြိုးစားကြ၊ခေတ်ကြီး
ဘာဖြစ်ဖြစ် မိုးခါးရေမသောက်ပဲ ရိုးသားကြလို့ ပြောလို့ဖြစ်ပါ့မလား....၊ဒီလိုသာ ခေတ်စနစ်တစ်ရပ်ကဘာ
ဖြစ်ဖြစ် လူတွေက ကိုယ့်ဘာသာကြိုးစားလုံ့လစိုက်ကြစတမ်းဆိုရင်လည်း ဘာအတွက် ကျောင်းတွေ၊
တက္ကသိုလ်တွေထားနေမလဲ၊ကိုယ့်ဘာသာပဲ သင်ယူကြပေတော့လို့ ပြောလိုက်ပါတော့လားရယ်လို့
ကပ်သီးကပ်သတ်ပြောစရာဖြစ်နေမယ်မဟုတ်ပါလား။ကစင့်ကလျားနိုင်လှတဲ့ " ဘူးတောင်းနစ်လို့ ဇောင်း
ချမ်းပေါ် " သောခေတ်တစ်ခုတွင် လူငယ်တွေကို ကိုယ့်ဘာသာကြိုးစားဖို့ ရိုးသားဖို့ ပြောရသည်မှာ
ဆန်စင်ရာကျည်ပွေ့လိုက်သလိုဖြစ်နေပါလိမ့်မည်။

ကျွန်တော်တို့ ငါးနှစ်သားဘဝလောက်က မိဘများမှ လမ်းမှာ ကူလီသမားများ၊ဆိုက်ကားနင်းသူများကို
လက်တွေ့ပြပြီး သားစားကြိုးစားနော်၊ပညာမတတ်လျှင် အဲ့ဘကြီးလို ပင်ပင်ပန်းပန်းရှာဖွေရလိမ့်မယ် ဟု
လည်းကောင်း၊ပညာတတ်ဆရာဝန်ကြီးများကို ပြပြီး စာကြိုးစားဖို့ ဆုံးမခဲ့ကြသည်။ငါးနှစ်သားလေးဆိုလျှင်
တော့ဖြင့် အမေ့ဆုံးမမှုကိုလက်ခံသည်ပေါ့။၁၆နှစ်သား ၁၀တန်းကျောင်းသားတစ်ယောက်ကို ခုခေတ်ကာ
လတွင် ဤသို့ဆုံးမ၍ရနိုင်ပါတော့မည်လား....။ပညာတတ်ကြီးမဖြစ်လျှင်ဆင်းရဲမည်ဟုဆုံမပါက ခုခေတ်
ကလေးသည် ဆယ်တန်းပင်မအောင်ပါပဲနှင့် ကားစီးတိုက်ဆောက်နေသော ဆောက်လုပ်ရေးဂျီအီးတပ်မှ၊
ထောက်ပံ့ရေးတပ်မှ၊ပို့ဆောင်ရေးတပ်မှ တပ်ကြပ်တစ်ယောက်ကို မေ့ငေါ့ပြပါလိမ့်မည်။အကောက်ခွန်မှ၊
မြေစာရင်းဌာနမှ စာရေးလေးတစ်ယောက်ကို လက်ညိုးထိုးပြပါလိမ့်မည်။ပညာတတ်ကြီးဖြစ်မှ ချမ်းသာမည်
ဟုဆုံးမခဲ့လျှင် ငွေမျက်နှာမကြည့်သော နယ်စွန်နယ်ဖျားမှ ဆိုင်ကယ်လေးပင်မနဲခြစ်ခြုပ်ဝယ်ထားရသော
ဆရာဝန်တစ်ယောက်ကို မျက်လုံးစွေကြည့်ပါလိမ့်မည်။နေရာကောင်းမရသော၊အကပ်မကောင်းသော၊
စီမံကိန်းဝင်လုပ်ငန်းကြီးများတွင်တာဝန်မထမ်းဆောင်ရသော လိုင်းကားတိုးစီးနေရသည့် မြို့ပြအင်ဂျင်နီ
ယာလေးကို မေ့ငေါ့ပြပါလိမ့်မည်။

ပညာမလို နေရာသာလိုသည့် သုံးစားမရအောင်ပျက်စီးခြင်းငါးပါးတိုင်နေသော မြန်မာပြည်ခေတ်စနစ်တစ်ခု
အောက်တွင် လူငယ်များကို ဘယ်ကဲ့သို့ ပြုပြင်ဆုံးမရပါမည်နည်း။လူဆိုသည်မှာ ပတ်ဝန်းကျင်၏လွှမ်းမိုးမှု
ကို မခုခံနိုင်သောသတ္တဝါမဟုတ်ပါလား၊မိမိပတ်ဝန်းကျင်မှ ပကတိဖြစ်ပေါ်နေသောအခြေအနေတစ်ရပ်
သည် လူသားတစ်ယောက်၊အထူုးသဖြင့် အသိညဏ်၊အတွေ့အကြုံနည်းပါးသေးသောလူငယ်တစ်ယောက်
ကို ဆွဲဆောင်သွားပါလိမ့်မည်။သင်မှ မည်မျှပင် အာပေါက်အောင် ရိုးသားကြိုးစားဖို့ ပြောဆိုဆုံးမနေစေ
ကာမူ ထိုလူငယ်လေး၏အာရုံသည် သူမြင်တွေ့နေရသောဒိဌဓမ္မအခြေအနေတစ်ရပ်တွင်သာ ကျက်စား
နေပါလိမ့်မည်။ လူဆိုသည်မှာ ပတ်ဝန်းကျင်၊အခြေအနေ၊ခေတ်ကာလတစ်ရပ်မှ မလွဲမရှောင်သာသော
တွန်းပို့မှုတစ်ရပ်အောက်တွင် စီးမျောနေကြသူများပင်။

နောက်တစ်ခုက လူတစ်ယောက်၏စကားတစ်ခွန်း၊စာတစ်ကြောင်းသည် အခြားတစ်ယောက်ကို အဘယ်
မျှလွှမ်းမိုးနိုင်ပါမည်နည်း၊ယေဘုယျအားဖြင့် အမြင်အတူသည့်လူနှစ်ယောက် ငြင်းခုံကြတိုင်း အခြားတစ်
ယောက်က သူ့အယူအဆကို စွန့်လွှတ်လိုက်သည်ဆိုသည်မှာ ရှာမှရှားသောဖြစ်ရပ်တစ်ခုပင်။ဘုရားသော်
မှ မချေချွတ်နိုင်သည့် သတ္တဝါတို့ကား အနန္တဟုဆိုသကဲ့သို့ပင်တည်း။
ယခုပို့စ်ကို ဖတ်နေသောသင်ပင်လျှင် ကျွန်တော်၏အယူအဆများနှင့် သင့်အယူအဆများ မတူညီနေပါ
က သင့်စိတ်ထဲတွင် သင့်အမြင်ဘက်မှ ခုခံကာကွယ်သောအကြောင်းပြချက်များကို ရှာဖွေနေပြီးဖြစ်နေ
ပါလိမ့်မည်။ဆိုလိုသည်မှာ လူတို့သည် တစ်ဘက်သား၏အမြင်ကို လွယ်ကူစွာလက်ခံလေ့ရှိကြသည်
မဟုတ်ပေ။

သို့ဆိုသော် ကျွန်တော်တို့က လူငယ်များကို ရိုးသားကြိုးစားဖို့ မဆုံးမရတော့ဘူးလား၊သူတို့ကို မြေ
တောင်မြှောက်မပေးရတော့ဘူးလားဟု မေးစရာရှိပါသည်။ဆုံးမရမည်သာဖြစ်သည်။ရိုးသားကြိုးစားချင်သူ
လူငယ်လေးများကို မြေတောင်မြှောက်ပေးရမည်သာဖြစ်သည်။သို့သော် တစ်ဘက်ကလည်း ခေတ်ဆိုး၊
စနစ်ဆိုးကြီးကို မျက်ကွယ်ပြု၍မရပေ။အရှိကိုလက်ခံရမည်၊ခေတ်၏သားကောင်းမဖြစ်ရှာပဲ သားကောင်ဖြစ်
နေရှာသောလူငယ်လေးများကိုလည်း ခေတ်ဆိုးစနစ်ဆိုးကို အမှန်အတိုင်းမြင်အောင်ပြနိုင်ရမည်။ထို့ပြင်
ခေတ်လူငယ်တို့ ရင်ဆိုင်ဖြတ်သန်းနေရသည့်အခြေအနေတစ်ရပ်ကို နားလည်ပေးနိုင်ရပါမည်။

ယနေ့အခြေအနေသည် အပြောင်းအလဲကို ရှေးရှုလာနေသော ခေတ်ပြောင်းခေတ်လဲတစ်ခု၏စပ်ကူး
မက်ကူးကာလတစ်ရပ်ဖြစ်သည်။ခေတ်ပြောင်းခေတ်လဲတွင် တစ်ချို့သည် ခေတ်ကို အမှီလိုက်ရင်း ချော်
လဲ၊နဖူးကွဲ၊ဒူးပြဲကုန်ကြသည်။တစ်ချို့ကား ခေတ်အပြောင်းအလဲကို ထိုင်ရာမှမထ ပါးစပ်အဟောင်းသားဖြင့်
ထိုင်ကြည့်နေကြသည်။တစ်ချို့ကား ခေတ်နှင့်လုပ်စားကြသည်။အတော်လေးနေသားကျလာလျှင်ဖြင့် ခေတ်
ရှေ့ပြေးတို့လည်း အရှိန်သတ်သွားကြပါလိမ့်မည်။ငုတ်တုတ်မှမထတမ်းထိုင်နေကြသူတွေလည်း ဖုတ်ဖတ်
ခါလို့ထလာကြရပါမည်။ခေတ်နှင့်လုပ်စားသူတို့ကတော့ ရွေအိမ်နန်းနှင့်ကျငှန်းလည်းခံကာ စည်းစိမ်ခံစား
နေကြလိမ့်မည်။ကျွန်တော်တို့လို သာမန်ပြည်သူများအဖို့ကတော့ ခေတ်ကောင်းတစ်ရပ်ကို မျှော်လင့်ရင်း၊
တစ်ဘက်မှလည်း ခေတ်သစ်တစ်ခုမွေးဖွားမှုတွင် မိမိတတ်နိုင်သလောက်ပါဝင်ထမ်းဆောင်ရင်း၊ခေတ်၏
စီးကြောင်းထဲတွင် ကိုယ်တိုင်လူးလွန့်ရုန်းကန်ရင်း၊မိမိတို့ကဲ့သို့သောအခြားခေတ်လူများ၏ဘဝအထွေထွေ
ကိုလည်း ကိုယ်ချင်းစာစိတ်နှင့် နားလည်ပေးနိုင်မှုကိုသာ ပေးနိုင်သလောက်ပေးဖို့သာ ရှိသည်မဟုတ်ပါ
လားခင်ဗျားးးးးးးးးးးးးးးးးး။