Thursday, September 5, 2013

မှိုင်းသီမှုန်ဝေသော အတွေးစများ


         ချွေးစေးများပြန်ပြီး အိပ်ယာမှ လန့်နိုးလာချိန်တွင် နံနက်၎နာရီခန့်သာရှိသေးသည်။ပူအိုက်သော
ဥတုကို အံတုနိုင်ဖို့ ရေခဲရေတစ်ဘူးနှင့်အတူ ခြံထဲသို့ဆင်းလာခဲ့မိသည်…။လတ်ဆတ်သောလေပြေသည် ကျွန်တော့်ကို ခရီးဦးကြိုပြုရှာသည်။ခြံရှေ့ ခုံတန်းလျားလေးတွင်ထိုင်ရင်း ပါလာသည့် စီးကရက်တစ်လိပ်ကို
မီးညှိရှိုက်ဖွာလိုက်သည်…။ပတ်ဝန်းကျင်သည်မဲမှောင်တိတ်ဆိတ်လျက်……။ဘဝအဓိပ္ပာယ်ဟူသည်ဘာပါလဲ….။
ယခုလို အိပ်မပျော်သည့်အခါမျိုးတွင် ထိုအတွေးသည် ကျွန်တော့်အမြဲလို အလုပ်ပေးလေ့ရှိသည်…။တမင်
ဦးဏှောက်အခြောက်ခံပြီးတွေးခြင်းမျိုးမဟုတ်ပဲ သူ့အလိုလိုအတွေးဝင်လာမိခြင်းသာ…..။

လွန်ခဲ့ပြီးသောကာလများတွင် နေ့စဉ်နှင့်အမျှ နေထွက်မှ နေဝင်အလုပ်ကိုလက်ကြောတင်းတင်းလုပ်ခဲ့ရစဉ်
အချိန်များတွင်လည်း ငါဘာအတွက်ဒါတွေလုပ်နေရပါသလဲ…၊ဘာများအဓိပ္ပာယ်ရှိသလဲ ဟူသောအတွေးမျိုး
တွေးမိသကဲ့သို့ပင် ယခုလို နေ့ရက်တိုင်းတွင် အိပ်လိုက်၊စားလိုက်၊လက်ဘက်ရည်ဆိုင်တစ်လှည့်၊ဗျစ်ရည်
ဆိုင်တစ်လှည့်ထိုင်လိုက်၊ဘောလုံးပွဲတစ်လှည့်၊တရာပွဲတစ်လှည့်ကြည့်လိုက်နာလိုက် လုပ်နေသော ကာလ
များတွင်လည်း ဘဝသည်အဓိပ္ပာယ်မဲ့လှသည်ဟူသောအတွေးများက လူကိုနှိပ်ဆက်မြဲပင်……။

ဘဝသည်တိုတောင်းလွန်းလှသည်…။ကျွန်တော်ဤကဲ့သို့ပင်ထင်မှတ်ထားခဲ့သည်။လက်ရှိကျွန်တော့်အသက်
သည် ယေဘုယျအားဖြင့်လူ့သက်တမ်းတစ်ဝက်သို့ရောက်နေလေပြီ…။လွန်ခဲ့ပြီးသောဘဝထက်ဝက်ကို ပြန်
လှည့်ကြည့်မိတော့ အချိန်ကာလတို့ကုန်ဆုံးခြင်းသည်လျှင်မြန်လွန်းလှသည်ဟုထင်မှတ်မိသည်ချည်းပင်…။

သို့သော်လာလတ္တံသောအနာဂတ်ကို တွေးမိလျှင်တော့ကျွန်တော့်တွင် ယေဘုယျအားဖြင့်အချိန်၃၅နှစ်ခန့်
ကျန်ရှိနေသေးသည်ပဲ…။လပေါင်း ၄၀၀ကျော် သို့မဟုတ် ရက်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်ဟူသော
အရေအတွက်သည် လူတစ်ယောက်ကို ဘာသာစကားသုံးလေးမျိုးခန့်၊ဒါမှမဟုတ် ပညာရပ်တစ်ခုခုအား
ကျွမ်းကျင်လိမ္မာစွာတတ်မြောက်နိုင်ရန်လည်းကောင်း၊ဥစ္စာစီးပွားကိုဖြစ်စေ၊တရားဓမ္မကိုဖြစ်စေ ပြည့်စုံကုံလုံ
ရန်လည်းကောင်းလုံလောက်သည်မဟုတ်ပါလား….။သို့ဆိုရသော်ဘဝသည်အဘယ်မှာတိုတောင်းပါသနည်း။
အနာဂတ်ကို မျှော်တွေးကြည့်လျှင် ဘဝသည် ရှည်လျားလွန်းစွ……။

သို့သော်…၊အတိတ်ဟူသည်ပြီးဆုံးခဲ့ပြီ….။ပြန်လိုချင်၍မရနိုင်တော့၊ပြန်လည်ပြောင်းလဲလို၍မဖြစ်နိုင်တော့….။
အနာဂတ်ကရော….အဘယ်မျှသေချာပါသနည်း…၊မနက်ဖြန်မနက် မိမိဘာဟင်းနှင့် ထမင်းစားရမည် ဆိုသည်ကိုပင် ကျွန်တော်တို့ မသေချာလှပါ…။

သေချာသည်ကတော့လက်ရှိခဏတာလေးပင်ဖြစ်သည်…..။ပစ္စုပ္ပန်ဟုသုံးနှုန်းရမည်ဖြစ်သောခဏတာအချိန်
လေးပင်ဖြစ်သည်။ထိုခဏတာလေးသည်အဘယ်မျှသောကာလအတိုင်းအတာရှိပါသနည်း…။ကျွန်တော်မသိ
နိုင်ပါ…။တွေးဆဲ၊ပြောဆဲ၊လုပ်ကိုင်နေဆဲမှာပင် ပစ္စုပ္ပန်သည် အတိတ်ဖြစ်သွားလေပြီ….၊အနာဂတ်သည် ပစ္စုပ္ပန်အဖြစ်ရောက်ရှိလာပေပြီ…။ပစ္စုပ္ပန် သည် အတိတ်တွင်ဖြစ်ဖျားခံ၍ အနာဂတ်သို့ စီးဆင်းသွားသည့်
မြစ်တစ်စင်းနှယ်ပင်…..။

အတိတ်ကာလက ထိုမြစ်ထဲသို့ ကျွန်တော် အမှိုက်စများချခဲ့မိသည်၊ရွှေမှုန်ငွေစအချို့ကိုလည်းချမိကောင်း
ချခဲ့လေသည်…၊မြစ်သည် အမှိုက်ကိုလည်းကောင်း၊ရွှေမှုန်တို့ကိုလည်းကောင်း သယ်ဆောင်လာခဲ့ပြီ…။
နောက်ထပ်လည်း ထိုအရာတို့ကို အနာဂတ်သည်သို့ သယ်ဆောင်သွားပေလိမ့်မည်…၊လက်ရှိခဏတာ
လေးကိုအသုံးချ၍ အမှိုက်စအချို့ကို ကျွန်တော်ဆယ်ယူဖို့ကြိုးစားမိသည်၊ရွှေမှုန်စတို့ကို ပိုမိုတိုးပွား
အောင်ဆောင်ရွက်မိသည်၊သို့မဟုတ်အမှိုက်စတို့ကိုပိုလို့တိုးစေခဲ့သည်လည်းရှိသလို၊ရွှေမှုန်များကိုဖြင့်
လျော့ပါးစေသည်လည်းရှိလေပြီ…။အမှိုက်စလော ရွှေစလောမသိပဲ မြစ်ရေအလျင်ထဲသို့ စီးဆင်းစေ
ခဲ့သည်လည်းရှိသည်။အမှိုက်စကို ရွေစဟု ထင်ကောင်းထင်ခဲ့သည်လည်းရှိမည်…။

မည်သို့ပင်ဖြစ်သေကာမူ ဘဝဟူသောရေအလျှင်သည် အဆုံးသတ်တစ်နေရာသို့ တစ်ရွေ့ရွေ့ စီးဆင်း
နေလေပြီ။ဟုတ်သည်…..၊အမှိုက်များဖြင့်ပြည့်နေသည်ဖြစ်စေ၊ရွှေမှုန်တို့တမ်းကြမ်းပြည့်နေသည်ဖြစ်စေ
သေခြင်းတရားသည် ရေအလျှင်ကိုဖြတ်တောက်ပေလိမ့်မည်။ဘာသာရေးဆရာတို့ကတော့ ရေအလျှင်သည် မပြတ်မတောက်နိုင်သေး၊သေသည်၏အခြားမဲ့၌တစ်ခုသောဘဝသည်ရှိသေး၏။ဘဝရေအလျှင်သည်မပြတ်
မတောက်ပဲ အနှီးဘဝသစ်သို့ ကုသိုလ်၊အကုသိုလ်တို့အစွမ်းဖြင့် ဆက်လက်စီးဆင်းနေဦးမည်။ရေအလျှင်
ထဲရှိ အမှိုက်စ၊ရွှေစတို့ကိုလည်းဆက်လက်သယ်ဆောင်သွားလိမ့်ဦးမည်ဟုဆိုကြလေသည်။

မမြင်မသိနိုင်သော၊သက်သေတစ်စုံတစ်ရာခိုင်မာစွာမရနိုင်သောအရာတို့ကို ယုံကြည်စိတ်ကင်းမဲ့နေပြီဖြစ်
သောကျွန်တော့်အတွက်တော့ ထိုနောင်ဘဝဆိုသည်ကို မှားသည်မှန်သည် မပြောနိုင်ပါ၊မပြောချင်ပါ၊
ကိုယ့်စိတ်ထဲမှဖြစ်ပေါ်နေသော သံသယကို ဇွတ်အတင်းခံမငြင်းချင်ပါ။အခြားလူများနှင့်သာပဋိပက္ခ
အဖြစ်ခံပါမည်၊မိမိစိတ်တွင်းတွင်တော့ စိတ်စိတ်ချင်းပဋိပက္ခ အဖြစ်မခံချင်ပါ။သံသရာသည်လည်းကောင်း၊
၃၁ဘုံသည်လည်းကောင်း ရှိကောင်းရှိပါလိမ့်မည်။ကျွန်တော့်အတွက်တော့ သေခြင်းသည်သာ
အဆုံးဖြစ်လေသည်။

သေခြင်းတရားသည်ကြောက်ဖွယ်ကောင်းလှသည်။ကျွန်တော်ကြောက်ပါသည်။ရှင်သေမင်းက ကျွန်တော့်
ကိုနိုင့်ထက်စီးနင်းမလုပ်ခင် ဒီဘဝဒီခန္ဓာကိုဘယ်လိုနေရမည်ကို ခုထိကျွန်တော်မသိနိုင်သေးပါ…။
မိမိလုပ်သမျှကောင်းမှုသည်လည်းကောင်း၊မကောင်းမှုသည်လည်းကောင်း သေခြင်း၌အဆုံးရှိသည်
ဟူသောအတွေးဝင်လာသည့်အခါတိုင်း ကျွန်တော်လုပ်နေသမျှကို ဘာအဓိပ္ပယ်မှမရှိဟုထင်
လာတတ်လေသည်။

အချိန်သည်တစ်ဖြည်းဖြည်းရင့်ရော်လာလေပြီ….။ကျွန်တော့်ရှေ့တွင် ကျနေသောအမှိုက်တစ်စကို
 ကောက်ယူ၍ဖယ်ရှားလိုက်မိသည်။ထိုအရာသည် ကျွန်တော့်အတွက်အမှိုက်ဖြစ်သည်၊သေချာပါသည်။
သို့သော် ကျွန်တော်မသေချာပါ။ကျွန်တော့်ရှေ့မြေပြင်ပေါ်တွင် မူလီလေးတစ်ခုတွေ့ရသည်။
ကျွန်တော့်ဆိုင်ကယ်မှပြုတ်ကျနေခြင်းဖြစ်သည်။အသုံးဝင်သည့်အရာလေးဖြစ်၍ ကျွန်တော်ကောက်ယူသိမ်း
ထားလိုက်သည်။ထိုမူလီလေး အသုံးဝင်သည်ဆိုသည်မှာသေချာပါသည်။သို့သော် ကျွန်တော်မသေချာပါ။

ရောင်နီသည်ပျို့လာချေပြီ။ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမြင်တွေ့လာရပြီဖြစ်သည်။ကျွန်တော့်ရင်ထဲမှာတော့ အရာရာသည် ကဝေဆန်စွာ မြူတို့ဖြင့် ဝေမှိုင်းရီလျက်……….။

11 comments:

နွေတေးရှင် (မင်းဧရာ) said...

ေ၀၀ါးစွာ စီးမျောနေရင်း
မသေခြာခြင်းတွေက
ခဏ ခဏ လက်ပြတယ်
လာပါဟယ် လို့မြူဆွယ်နေတာလား
ပိန်းပိတ်နေသော အသိတရားများက
ဝေခွဲရ ခက်နေတုန်း
နေလုံးကြီးကတော့ ၀င် တော့မည် ။

Candy said...

တစ်ရာ ရတယ် :)

မောင်သစ္စာ said...

အချိန်သည်တစ်ဖြည်းဖြည်းရင့်ရော်လာလေပြီ….။ကျွန်တော့်ရှေ့တွင် ကျနေသောအမှိုက်တစ်စကို
ကောက်ယူ၍ဖယ်ရှားလိုက်မိသည်။ထိုအရာသည် ကျွန်တော့်အတွက်အမှိုက်ဖြစ်သည်၊သေချာပါသည်။
သို့သော် ကျွန်တော်မသေချာပါ။ကျွန်တော့်ရှေ့မြေပြင်ပေါ်တွင် မူလီလေးတစ်ခုတွေ့ရသည်။
ကျွန်တော့်ဆိုင်ကယ်မှပြုတ်ကျနေခြင်းဖြစ်သည်။အသုံးဝင်သည့်အရာလေးဖြစ်၍ ကျွန်တော်ကောက်ယူသိမ်း
ထားလိုက်သည်။ထိုမူလီလေး အသုံးဝင်သည်ဆိုသည်မှာသေချာပါသည်။သို့သော် ကျွန်တော်မသေချာပါ။.....
မိမိမျတ်စိရှေ့က ရုပ်ဝတ္ထုလေးတွေကို အသတ်သွင်းပြီး
ဘဝရဲ့အနှစ်သာရတခုကို ဆွဲယူပြသွားနိုင်တယ်..ဆရာ..:)လေးစားပါ၏။:)

ညီလင်းသစ် said...

ဘဝမှာ ကောင်းမှုဖြစ်ဖြစ်၊ မကောင်းမှုဖြစ်ဖြစ်.. ဘာကိုပဲ လုပ်,လုပ်ပါ၊ တခါတလေမှာ ခဏလေး ရပ်တန့်ပြီး အခြေခံအကျဆုံး မေးခွန်းတချို့ ကိုယ်ကိုယ်ကို မကွယ်မဝှက်စတမ်း မေးသင့်တာပေါ့..၊ တချို့အရာတွေက ရပ်တန့် လှည့်ပတ်ကြည့်မှ မြင်ရတတ်တာမျိုး မဟုတ်လား...၊

ဆုပ်ကိုင်မပြနိုင်တဲ့ တိမ်တွေကိုမှ နှစ်သက်လှတဲ့ လူငယ်လေးကို ဝိုးတဝါးသာ ထွင်းဖောက် မြင်ရတဲ့ မြူခိုးတွေကလည်း ထပ်ဆင့်ပြီး ပွေ့ဖက်၊ သိုင်းခြုံ ထားပြန်လေရဲ့၊ ဒါပေမယ့် ကျနော် ယုံပါတယ်၊ မြူနှင်းတို့ကို လွင့်ပြယ်စေမယ့် ရောင်နီဦးဟာ သူ့အတွက် လမ်းကလေး တစ်ခုကိုလည်း လက်ဆောင်အဖြစ် ယူလာပါလိမ့်မယ်....၊

တစ်ကြောင်းချင်းစီ ဖတ်သွားခဲ့တယ် ကိုညိမ်းရေ...။

မိုးသက် said...

တီတီကလည်း အိမ်ထောင်တောင် မကျသေးဘူး.အာ့တွေမတွေးပါနဲ့... ကွေးတဲ့လက်လဲ ကွေးထားပါ.။ ဆန့်တဲ့လက်လဲ ဆန့်ထားပါ.။ နော့...

Anonymous said...

ဒီလို “ဘာအတွက်လဲ” ဆိုတဲ့ အတွေးမျိုး မပြတ်တွေးမိနေတဲ့အတွက် ထပ်တူ ကိုယ်ချင်းစာနားလည်နိုင်ပါတယ် အကိုညိမ်းနိုင်...။
ကြိုးစားတယ်..ရုန်းကန်တယ်..ရပ်တန့်တယ်..
.ရွေ့လျားတယ်..ရေသေ..ရေရှင် ...ဘယ်လိုပဲဖြစ်ဖြစ် ဘာအတွက်လည်း ဘာကြောင့်လဲ အတွေးစတွေက လူကို မွန်းကြပ်စေတယ်..။
ဒါဟာ တစ်စုံတစ်ရာထဲ နစ်မြုပ်မေ့လျော့နေတာထက်စာရင် အကောင်းလေလား...အဆိုးလေလား...။
သိပ်တော့ မသေချာလှပေဘူး..။
အကို ရေးသားတဲ့ နောက်ဆုံးပိုဒ်လို “ရောင်နီသည်ပျို့လာချေပြီ။ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမြင်တွေ့လာရပြီဖြစ်သည်။ကျွန်တော့်ရင်ထဲမှာတော့ အရာရာသည် ကဝေဆန်စွာ မြူတို့ဖြင့် ဝေမှိုင်းရီလျက်…” ဆိုသလိုပဲ
သူသူ့ ရင်ထဲလည်း မြူတွေ မှိုင်းလျက်ပါပဲ...။

ချစ်ခင်သော ညီမ
သူသူ

မိုးငွေ့........ said...

အဲလိုေ၀၀ါးဝါးမြူနှင်းတွေ သိုင်းခြုံခံထားခဲ့ရတာ ဘယ်လောက်ကြာပီလဲ...ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်... ရောင်နီလာရင်တော့ လွှင့်ပြယ်ပျောက်ဆုံးရစမြဲပဲလေ...ရှေ့မျာ အလင်းတန်းကြီးရှိနေတာပါ...ဆက်သွားပါ ဆက်လျှောက်သွားလိုက်ပါ...။

ဟန်ကြည် said...

ဒီလို အရေးအသားတွေ ဒီလို အတွေးအခေါ်တွေ ဘလော့ရွာမှာ ဘယ်နှစ်ယောက်ရှိလို့လဲ ကငြိမ်းနိုင်...ဒါမို့ပြောတာပေါ့ အနုပညာကို တစ်ယောက်တည်း မခံစားပါနဲ့ ဝေပါမျှပါလို့...ဖတ်ရတာ အရသာအပြည့်ဗျာ...ဖတ်လိုက် စဉ်းစားလိုက် တစ်လုံးချင်း သရုပ်ခွဲလိုက်...

ဗျိုး ကငြိမ်းနိုင်...
အဆင်ပြေတာ မပြေတာတွေတော့ ရှိစမြဲပေါ့ဗျာ...တစ်လတစ်ပုဒ်လောက်တော့ နိုင်ကောင်းပါရဲ့...ဖတ်ပါရစေဦး...

Anonymous said...

လက်ရှိ ပစ်စခတ် ကာလကိုပဲ ကြည့်ပါလေ။ ငါ့မှာလည်း ပြောစရာတွေ တပုံ တပင်ပါပဲ။ ကိုယ့်ကိုယ်ကို ဘာအတွက် အသက်ရှင်နေကြမှန်းကို မသိပဲ သွားလိုက် လာလိုက်၊ ရုန်းလိုက် ကန်လိုက်။ အချိန်တန်တော့လည်း ဟိုနည်းသည်နည်း ဘာနည်း ညာနည်းတွေနဲ့  ပျောက်ကွယ်သွားကြရတာပါပဲ။

ရင်ဘတ်ထဲမှာ ပြည့်နေတယ်။ ရေးချဖို့ ကို မထွက်နိုင်လောက်အောင်ပါပဲ။ ဒီလို လေးတွေပါပဲ။

ချစ်သော ညီလေး (အဟဲ အသားယူထှာ)
ကကလ

လသာည said...

နောက်ထပ် သက်တမ်း ၃၅ တောင် အနည်းဆုံး ကျန်သေးတာပဲလေ။ မသေချာခြင်းတရားတွေ တအားဖတ်ကောင်းပါတယ်။ စာလေးတွေ ရေးပါဦး

Tommy Girl said...

ကျွန်တော်လဲ အဲလို မရေမရာတွေ အရမ်းခံစားရတယ်.. မနက်ဖန်ဘာတွေဖြစ်မယ်မှန်း မသိဘဲ ဒီနေ့တွေမှာ ကြိုးစားရတာ တခါတခါ ပင်ပန်းလွန်းတယ်...