Wednesday, June 12, 2013

အကွေ့......

" မြန်မာပြည်ကိုပြန်တော့မည်...."

သည်အတွေး၊သည်အိမ်မက်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတိုင်းလိုလို၏အတွေးအိပ်မက်တစ်ခု ဖြစ်နေ
ပါလိမ့်မည်။အားလုံးအတွက်မဟုတ်တောင် အများစုကြီးအတွက်ပေါ့လေ...။ကျွန်တော့်အတွက်တော့ မြန်မာ
ပြည်မှမထွက်ခွာခင်ကတည်းက ကြိုတင်မက်ထားနှင့်သည့်အိပ်မက်တစ်ခုရယ်သာ.....။ဟုတ်သည်....၊
ကျွန်တော့်အတွက်တော့ မြန်မာပြည်သည် ကျွန်တော့်ပြည်၊မြန်မာစကားသည် ကျွန်တော့်စကား၊မြန်မာ့ရေ
မြေသည် ကျွန်တော့်ရေမြေ.....၊သည်လိုဆိုတော့ သည်ကောင် တိုင်းပြည်ချစ်စိတ်ကြီးမားလှပါတကားလို့
တော့ တွေးမထင်လို....၊ကျွန်တော့်မျိုးချစ်စိတ်ဆိုတာ အများသူငါ လို သာမာန်မျှသာ..။သို့သော် ကျွန်တော့်
ရဲ့ နေမြဲနေလိုသော အင်နားရှားက အားကြီးလှသည်ဟုဆိုရမည်...၊နှစ်ပေါင်းများစွာ ကျင်လည်ရာ နေရာ
ဒေသလေးကိုပင် စိတ်အာရုံတို့က တစွဲလန်းလန်းရှိလှ၏။


ခေတ်မှီဖွံဖြိုးတိုးတတ်သောတိုင်းကြီးပြည်ရွှာတစ်ခုတွင်ရောက်နေသည့်တိုင်အောင် ကျွန်တော့်စိတ်တွေက
နုံချာလှသည့် ဇာတိမြို့ငယ်လေးဆီမှာ တရစ်ဝဲ၀ဲရှိနေတတ်သည်။ဘိလပ်စကား ဒွတ်ဒက်ရွှတ်ရှက်များကို
မလွှဲသာလို့ မတတ်တတတ်နှင့်ပြောနေရသည့်တိုင် မွေးရာပါမြန်မာစကားကိုသာ အာပေါင်အာရင်းသန်
သန်နှင့် ပြောချင်သည့်စိတ်က ကဲနေတတ်စမြဲ၊အံမခန်းကြီးကျယ်ခမ်းနားသည့် အဆောက်အဦးများကြား
သွားလာလှုပ်ရှားနေရသည့်တိုင် ရိုးစင်းလှသည့်ရေမြေတောတောင်များကိုသာ လွမ်းဆွတ်တမ်းတနေတတ်
စမြဲပင်....။


ဆိုတော့ မရည်ရွယ်ပါပဲနှင့် တိုင်းခြားပြည်ရွှာသို့ ရောက်လာရသည့် ပီဘိတောသား ကျွန်တော့်အတွက်
တော့ မြန်မာပြည်အိပ်မက်ဟူသည် ညစဉ်မက်ခဲ့ရသည့် အခန်းဆက်အိပ်မက်တစ်ခုသာ....။တိုင်းတပါးတွင်
လေးနှစ်ကျော် ငါးနှစ်နီးပါး ကျင်လည်ခဲ့ရပြီးနောက်ယခုနှစ်တွင်မတော့ပြည်တော်ဝင်အိပ်မက်ကိုအတည်
တကျအကောင်အထည်ဖော်ဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ခဲ့သည်။ပထမတော့ တရုတ်နှစ်ကူးအပြီး ဖေဖော်ဝါရီ
လဆန်းပိုင်း၊အဲဒီနောက်ဧပြီလဆန်း၊သင်္ကြန်အမှီပေါ့....၊သို့သော်အကြောင်းကြောင်းကြောင့်ရွေ့ရပြန်သည်။
မေလကုန်.....။ဒီတစ်ခါတော့ ဘာအကြောင်းနဲ့မှ မပြောင်းတော့ဟု စိတ်ဆုံးဖြတ်လိုက်သည်။တလတိတိခွာ
ပြီး ထွက်စာတင်သည်။လေပျံလက်မှတ်ဝယ်သည်။ဝယ်တာတောင်မှ အပြန်တစ်ကြောင်းစာပဲဝယ်လိုက်
သည်။


အစစအရာရာစီစဉ်ပြီးကာမှ မိဘဆွေမျိုးတွေကို အသိပေးလိုက်တော့သည်။စောစောစီးစီးပြောလျှင် အား
လုံးက ၀ိုင်းဖျက်ကြလိမ့်မည်မှာ ကျိန်းသေ...။ဒါတောင်မှ မိဘဆွေမျိုးမိတ်ဆွေအားလုံးက အပြီးမပြန်ဖို့ ၀ိုင်း
တားကြသည်။ကိုယ့်အပေါ်ထားသော စေတနာကိုနားလည်ပါသည်။ဘာသာလည်း ကြုံတွေ့ရမည်များကို
တွေးမိပြီးသားပင်၊လက်ရှိပစ္စက္ခအခြေအနေကလည်း ငွေပင်ငွေရင်းခိုင်ခိုင်မာမာမရှိသေးသည့် ကျွန်တော့်
အတွက် ခက်ခဲနေမည်မှာ အသေအချာ....။


ငါးနှစ်တာကာလပတ်လုံး အကျွမ်းတ၀င်ရှိနေပြီဖြစ်သည့် သက်တောင့်သက်သာအခြေအနေတစ်ရပ်ကို
ကျောခိုင်းထွက်ခွာ၍ ခရောင်းလမ်းကို ပြန်လျှောက်ရမည်မှာ စင်စစ်မတော့ လွယ်ကူလှသည်မဟုတ်...။
သို့သော်.....အဲ့သည် ခရောင်းလမ်းသည် ယခုမှ လျှောက်လှမ်းရမည့်လမ်းမဟုတ်....၊နှစ်ပေါင်းများစွာ ကိုယ်နှင့်အသားကျပြီးသားလမ်းတစ်ခုသာ...။

ကျွန်တော်ချစ်မြတ်နိုးရာ ဇာတိရပ်ရွှာလေးသည် ငါးနှစ်တာမျှ ကျင်လည်ခဲ့ရာ တိုင်းကြီးပြည်ကြီးနှင့်နှိုင်းယှဉ်
ပါက ခက်ထရော်လှသည် ရွှာငယ်လေးသာသာ....၊သို့သော် ခက်ခဲကြမ်းတမ်းမှုများကို ကိုယ်တိုင် နှစ်လို
လိုလားစွာ ရင်ဆိုင်နိုင်အောင်ပေးခဲ့သည်ကတော့ ကျွန်တော်၏ ချစ်ခြင်းနှင့်ချဉ်ခြင်းများပင်.......။ဟုတ်
သည်.....၊နှစ်ပေါင်းများစွာကပင် သက်ရှိ၊သက်မဲ့၊ဒြပ်ရှိ၊ဒြပ်မဲ့များအပေါ်တွင် တည်ရှိအပ်သော ကျွန်တော်၏
သံယောဇဉ်ချစ်ခြင်းများ၊အလိုရှိအပ်၊တောင့်တအပ်သောချဉ်ခြင်းများက ဘ၀၏အကွေ့တစ်ခုကို သက်တောင့်သက်သာစွာ ချိုးကွေ့လိုက်နိုင်ဖို့ ကြီးမားသောတွန်းအားတစ်ရပ်ဖြစ်ခဲ့လေပြီ။


ကျွန်တော်ကွေ့ခဲ့ပါပြီ....၊နှစ်ပေါင်းများစွာလျှောက်ခဲ့ဖူးသောလမ်းကလေးကို ကျေနပ်စွာတစ်ဖန်လျှောက်
လှမ်းရန် ကျွန်တော်ပြန်ကွေ့ခဲ့ပြီ။အဘယ်မည်သော အချိန်ကာလတစ်ခုတွင် အဘယ်မည်သော အကြောင်း

များကြောင့် နောက်ထပ်အချိုးအကွေ့တစ်ခုကို ထပ်မံချိုးကွေ့ရမည်ဆိုသည်ကိုတော့ ကျွန်တော်မမှန်းစ
တတ်ပါ....။ဤလမ်းကို နောက်တစ်ခါပြန်မလျှောက်တော့ဟူ၍လည်း ဆုံးဖြတ်ချက်ပိုင်ပိုင်မချခဲ့ပါ....။
ငါးနှစ်တာကျင်လည်ခဲ့ရာ ကျေးဇူးတစ်စုံတစ်ရာ ရှိခဲ့ဖူးသည့် ကျွန်းမြေလေးကိုလည်း နောင်မလာတော့ဟု
ဖနောင့်သုံးချက်ပေါက်၍လည်း မကြွေးကြော်ခဲ့ပါ....။ကံဇာတ်ဆရာပစ်ချရာနေရာမှာ တတ်နိုင်သ၍ ရေလိုက်ငါးလိုက်၊စိတ်၏စေရာလည်းလိုက်ရင်း သွားလာလှုပ်ရှားနေရသူများမဟုတ်ပါလား....။


ယခုချိန်မှာတော့ စိတ်ပျော်ရာ နေရာဟောင်း၊လမ်းဟောင်း၊ဘ၀ဟောင်းလေးမှာ ပျော်ကာ.....မောကာနှင့်..........။













11 comments:

နွေတေးရှင် (မင်းဧရာ) said...

သိပ်ကောင်းတယ်ဗျာ
ခက်ထန်ကြမ်းတမ်းလှပါသော
ထိုလမ်းအိုကြီးမှာ ဖိနပ်ပါပါ မပါပါ
ပြန်လျှောက်ချင် လှပြီ
မည်သည့် ဌာနေမှ ကိုယ့်ရေ ကိုယ့်မြေ လောက်မလှပဘူးဆိုတာ တိုင်းတပါးရောက်နေသူတိုင်း ခံစားသိရှိ ကြပေမည် ပြိန်းတယ်လို့ပြောပြော ထူတယ်လို့ဆိုဆို ဟော့ဟို နေမညိုခင် ပြည်တော်ကို အရောက်နှင်တော့ မည် ။

Sweety Snow said...

ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချနိုင်တဲ့အတွက် ၀မ်းသာပါတယ် ဦးလေးရေ..။ နေသားပြန်ကျရင် အစစအရာရာ အဆင်ပြေသွားမှာပါ..။ အနည်းဆုံးတော့ မိသားစုနဲ့နွေးနွေးထွေးထွေးနေရတာနဲ့တင်.. ငွေချမ်းသာတာထက်ပိုတဲ့ စိတ်ချမ်းသာမှုတော့ ရတာပါပဲ ..။

ညီလင်းသစ် said...

ကွန်ဂရစ်ပဲ ခင်းခင်း၊ ကျင်းတွေချိုင့်တွေပဲ ရှိရှိ.. နှလုံးသား ပျော်မွေ့ရာ အရပ်ကသာ လူကို အမြဲတမ်း လတ်ဆတ်၊ လန်းဆန်း နေစေမှာပါ၊ ရဲရဲဆုံးဖြတ်ပြီး ရဲရဲကွေ့ချလိုက်တဲ့ ဂငယ်ကွေ့အတွက် ဂုဏ်ယူပါတယ် ကိုညိမ်း...၊း)

ဘယ်လမ်းမှာပဲ လျှောက်လျှောက်ပါ၊ မျောလွင့်နေတဲ့ ဟောဒီ တိမ်တွေဆီကိုတော့ အဆင်ပြေတိုင်း လာခဲ့ပါဦးလေ..၊း) အစစ အရာရာ အဆင်ပြေပါစေဗျာ..။

သူကြီးမင်း said...

ဆုံးဖြတ်ပြီးသားဆိုတော့လဲ ထပ်နေပါဦးလို့ မတောင်းဆိုတော့ပါဘူး။ ဒါပေမဲ့ ဘယ်နေရာရောက်ရောက် အားလပ်မှု အချိန် တစ်ပိုင်းတစ်စလေး ရှိလာတဲ့အခါ ဘလော့ပေါ်တက်ပြီး ဘလော့လောကသားနှင့် စာပေလောကသားတွေကို စာပေရသတွေနဲ့ တတတ်တအားတော့ ဖျော်ဖြေပေးပါဦးလို့ တောင်းဆိုချင်ပါတယ် ကမောင်လေး (ခ) ကညိမ်း။

အားလုံး အဆင်ပြေချောမွေ့ပါစေ။

ဇွန်မိုးစက် said...

"လက်ရှိပစ္စက္ခအခြေအနေကလည်း ငွေပင်ငွေရင်းခိုင်ခိုင်မာမာမရှိသေးသည့် ကျွန်တော့်
အတွက် ခက်ခဲနေမည်မှာ အသေအချာ....။"

ဒီလိုအခြေအနေနဲ့ ပြည်တော်ပြန်ဖို့ ဆုံးဖြတ်ချက်ကို ရဲရဲကြီးချလိုက်နိုင်ဖို့ဆိုတာ လက်တွေ့မပြောနဲ့ စိတ်ကူးနဲ့တောင် မလွယ်ပေမယ့် အစ်ကိုညိမ်းနိုင်က သတ္တိရှိရှိနဲ့ ဆုံးဖြတ်နိုင်တာကိုကြည့်ပြီး ချီးကျူးအားကျမိပါတယ်။

အစ်ကိုချစ်တဲ့၊ အာရုံတွေ ပျော်မွေ့တဲ့ဇာတိမြေမှာ ပြန်လည်အခြေချတဲ့အခါ အခက်အခဲတွေ ကြုံတွေ့ရသည့်တိုင် အဆင်ပြေပြေနဲ့ ဖြတ်ကျော်သွားနိုင်ပါစေ ဇွန် ဆုတောင်းပေးပါတယ်။

All the best!

မိုးငွေ့........ said...

အကွေ့ဆိုလို့.ဘယ်တရုတ်ကြီးအကြောင်းရေးထားလို့လဲလို့ လာဖတ်တာ ခိခိခိ.... နောက်တာ... အိပြောသလိုပဲကံဇာတ်ဆရာပစ်ချရာနေရာမှာ တတ်နိုင်သ၍ ရေလိုက်ငါးလိုက်၊စိတ်၏စေရာလည်းလိုက်ရင်း သွားလာလှုပ်ရှားနေရသူတွေဆိုတော့ စိတ်ချမ်းသာရင်ပြီးတာပဲမဟုတ်လား..။ ကိုယ်ကျေနပ်လို့လျှောက်တဲ့လမ်း ကြမ်းတမ်းလည်းမမှုဘူးပေါ့..။

Anonymous said...

ကိုယ် ယုံကြည်ရာ၊ ကိုယ် ဆုံးဖြတ်ရာကို ရဲရဲကြီး ကွေ့ချလိုက်တဲ့ အကွေ့ကို နားလည်စာနာပါတယ် အစ်ကို..။
အမော..အသောတွေ ကြုံတွေ့ကောင်း ကြုံတွေ့နိုင်မှာ ဖြစ်ပေမယ့် ဒါဟာလည်းရှင်သန်ခြင်းတစ်မျိုးပဲမလား..။
နောင်တစ်ချိန် မည်သို့ မည်ပုံဆိုတာ....ဘယ်အကွေ့တွေ ထပ်ရှိလာဦးမယ်ဆိုတာ မမှန်းဆနိုင်သေးပေမယ့် ဒီအချိန်၊ ဒီနေရာမှာ ရင်ဆိုင်ရမယ့် အရာရာတိုင်းအတွက် FIGHTING !!! လို့ လှိုက်လှိုက်လှဲလှဲ ပြောခဲ့ပါတယ်..။
ဒီနေရာလေးကိုတော့ မကြာ မကြာ ပြန်လာပါလို့တော့ ပြောချင်တယ်..။
အစစ အရာရာ အဆင်ပြေချောမွေ့ပါစေ အစ်ကို :))

သူသူ

မိုးနတ်ကြယ်စင် said...

ပို့စ်တစ်ပုဒ်လုံးက လေးငြိမ်းရဲ့ စိတ်ရင်းနဲ့
သဘောထားအစစ်အမှန်ကို ဒီလောက်ဖော်ပြနေတာ
မိုးနတ် အားပေးပါတယ် လေးငြိမ်းး ပြန်ခဲ့ပါလို့
မတိုက်တွန်းလိုပေမဲ့ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသလောက် ကောင်းမွန်တာ ဘယ်မှာမှ မရှိ
နိုင်တာ...တိုင်းတစ်ပါးမှာ သွားနေထိုင်ဖူးတဲ့သူတိုင်း
သိကြမှာပါ....အဲဒါကြောင့် ပြန်လာခဲ့တဲ့အတွက်လဲ
အားပေးပါတယ်...ဒီမှာ ဘာတွေကြုံရအုံးမှန်းမသိတဲ့
လောကဓံကိုလဲ သက်တောင့်သက်သာရင်ဆိုင်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ်...အားလုံးတောင်းဆိုကြ
သလိုပဲ...အခါအခွင့်လေးများ သင့်ခဲ့ရင် ဘလော့
ဝိုင်းပေါ်ကို မကြာခဏပြန်လာခဲ့ပါလို့ မိမိုးနတ်လဲ
တောင်းဆိုပါရစေရှင်...လေးငြိမ်းတစ်ယောက်
အစစအရာရာ အဆင်ပြေပါစေ ....

ခင်မင်လေးစားလျက် မိုးနတ်ကြယ်စင်

ဟန်ကြည် said...

ကိုယ့်တိုင်းကိုယ့်ပြည် ပြန်လာတော့မှာဆိုတော့ ၀မ်းသာ ၀မ်းနည်းကြီးပေါ့ ကငြိမ်းနိုင်ရယ်...၀မ်းသာတာကတော့ ရွှေပြည်ကြီးပြန်လာရင် အနှေးနဲ့အမြန် ဦးဟန်ကြည်တို့ရဲ့ အိုဂိုဏ်းထဲကို ပြေးဝင်ကြတာဆိုတော့ ဂိုဏ်းသားတစ်ယောက် တိုးရချေသေးရဲ့ဆိုတဲ့ အတွေး...၀မ်းနည်းတာကတော့ အရင်ကလောက် အွန်လိုင်းပေါ်တက်ပြီး လေမပန်းနိုင်တော့တာကို စဉ်းစားမိခြင်းကြောင့်...

အစစ အိုခေမှာ စိုပြေပါစေ ကငြိမ်းနိုင်...

blackroze said...

ကညိမ်း
ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့
ကွေ့ ရဲတာကို လေးစားတယ်
ကညိမ်းရယ်..
အစစအဆင်ပြေပါစေနော်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အင်းဗျာ အချိန်တန်တော့ နပိန်(နွားပိန်)ကန်
အဲလေ အချိန်တန်တော့ အိမ်ပြန်ကြတာပေါ့
ဆြာငြိမ်းရာ အိုဂိုဏ်းဝင်အဖြစ်ကိုတော့ ဝမ်းသာဝမ်းမြောက်လက်သီးလက်ဝါးတန်းပြီး ကြိုဆိုပါတယ်ဗျာာာာ
စိမ်းလန်းပုံချင်းမတူညီပေမယ့် တခါတလေ ကိုယ့်မြက်ခင်းလေးက လှနေိတတ်တယ်ဗျာ့ နော့