Friday, December 31, 2010
၂၀၁၀ အရွေ့၊အပြောင်းအလဲ နှင့် နှစ်သစ်ကို ကြိုဆိုခြင်း
လင်းရေ......
တစ်ခန်းပြဇာတ်တစ်ပုဒ် တစ်ခန်းရပ်သွားသလိုမျိုး....၊၂၀၁၀က မကြာမတင်လေးမှာ တစ်ခန်းရပ်တော့
မယ်နော်...။၂၀၁၀ အရွေ့မှာ ကိုယ်ဘာတွေလုပ်ခဲ့လို့၊ဘာတွေဖြစ်ခဲ့တယ်...၊ဘာတွေပြောင်းလဲခဲ့တယ်ဆိုတာကို
တစ်ချက်လေးစောင်းငဲ့ကြည့်မိတယ် လင်း ရ....။
အင်း...၂၀၁၀ကကိုယ့်အတွက်အတော်ကိုထူးခြားခဲ့တယ်လို့ပြောရမှာပဲလင်းရေ....။ကိုယ့်စိတ်၊ကိုယ့်အတွေးတွေ၊
ကိုယ့်နေထိုင်မှုပုံစံ၊ပြီးတော့ ကိုယ့် ရုပ်ပိုင်းဆိုင်ရာပါအတော်ကို ပြောင်းလဲသွားခဲ့တယ်လေ....။ဒီနှစ်ထဲမှာ ကိုယ့်
ကိုယ်အလေးချိန်အတော်ကျသွားတယ်...။ဘယ်လောက်တောင်ကျသွားလဲဆို နှစ်စ မှာ ၇၂ ကီလို ရှိရာကနေ
ခုနှစ်ကုန်ခါနီးတော့ ၆၂ ကီလိုပဲရှိတော့တယ်လေ...။ကိုယ်ကတော့ ကိုယ့်ဘာသာ ကြည့်ကောင်းလာတယ်ထင်
မိတာပဲ.....:)။
လင်းရေ....
ဒီနှစ်ထဲမှာ ကိုယ် အချစ်ဆိုတာကြီးနဲ့ပက်ပင်းဆုံခဲ့သေးတယ်...။စစတွေ့ချင်းတော့ မမှတ်မိခဲ့ပါဘူး...။အလွမ်းနဲ့
ကြေကွဲခြင်းတွေ နောက်ကလိုက်လာမှ သေသေချာချာ မှတ်မိသွားတော့တယ်...။ဒီလိုပြောတော့ လင်းက ကိုယ့်
ကို လှောင်ရယ် ရယ်လေမလားပဲ....။ဟိုတုန်းက ဟိုတစ်ယောက်ကိုလည်း ဒီလိုဖြစ်ခဲ့တာပဲ မဟုတ်လား လို့ မေး
ကောင်းမေးလိမ့်မယ်....။ဟုတ်ပါတယ် လင်း.....၊ဒါပေမယ့် ဟိုတုန်းက အဖြစ်တွေက ကြာ ကြာလှပြီလေ လင်းရဲ့၊
ကိုယ့်ဘာသာလည်း ဒီလို ကြုံတွေ့ရလိမ့်မယ်လို့ မှတ်ထင်မထားခဲ့ပါဘူး....။ခုတခါရော....ဘယ်လိုလဲ လို့ မမေး
တော့ဘူးလား လင်း....။ခုတခါလည်း ထူးမခြားနားပဲ လို့ပြောရမှာပဲ...။ဗေထိ ဆိုတာနဲ့ ကွဲပြီးသားကိုး...လင်းရဲ့ :)။
ကဲ...ရှိပါစေတော့ လင်းရာ....
ကိုယ် ၂၀၁၀ထဲမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ အတွေးအမြင်၊ခံယူချက်တွေလည်း အတော်ကို ပြောင်းလဲခဲ့တယ်၊
ဒါပေမယ့် ကိုယ် ခုချိန်မှာ မပြောချင်သေးဘူးလင်းရေ....။ နို့မို့ လင်းနဲ့ ကိုယ် မရပ်တမ်း ငြင်းခုံနေရလိမ့်မယ်...။
ကိုယ် ဒီနှစ်ထဲမှာ ဘလော့လေးတစ်ခုလည်း လုပ်ဖြစ်ခဲ့တယ်....။မရယ်ပါနဲ့လင်းရာ...။ကိုယ်ဘာကောင်မှ မဟုတ်
ဘူးဆိုတာ၊ကိုယ့်မှာ ချပြစရာ အတွေးအမြင် ခိုင်ခိုင်မာမာမရှိဘူးဆိုတာ၊ကိုယ့်မှာ ဗဟုသုတ၊အတွေ့အကြုံ
မယ်မယ်ရရမရှိဘူးဆိုတာ ကိုယ့်ဘာသာသိပါတယ်။ဒါပေမယ့် ဘလော့ဆိုတာ ကိုယ့်ခံစားချက်လေးတွေကို ချပြ
တာတဲ့...လင်းရဲ့...။ဆိုတော့ ကိုယ်လည်း ဘာမှ မရေးတတ်တဲ့ အတူတူ ကိုယ့် ခံစားချက်လေးတွေကို ချရေးမိတဲ့
သဘောပါပဲ...။လင်းတို့လို့ ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ အဝေးတစ်နေရာရောက်နေလေတော့ ကိုယ့်
အတွက် စိတ်၏ဖြေရာလေးတစ်ခုပေါ့...။ဘာပဲပြောပြော ကိုယ့်ဘလော့လေးကို ကိုယ်ချစ်တယ်လင်း...၊ကိုယ့်
အတွက်တော့ နားခိုရာနေရာသေးသေးလေးတစ်ခုပါ...။
လင်းရေ....
တချိန်က ကိုယ်တည်ဆောက်ချင်တဲ့ ဘဝလေးအကြောင်း လင်းကို ပြောခဲ့ဖူးတယ်နော်....။ခုချိန်မှာတော့ အဲဒီ
အတွေးစိတ်ကူးတွေ မရှိတော့ဘူးဆိုရင် လင်းအံသြလေမလား....။ဟုတ်တယ်လင်း.....၊တချိန်ကဆောက်ခဲ့တဲ့
လေထဲက တိုက်အိမ်တွေ ခု ကိုယ့်မှာ မရှိတော့ဘူး....။လုပ်သလို မဖြစ်တဲ့ ဘဝမှာ ဖြစ်သလို လုပ်တာတော့
မဟုတ်ဘူးပေါ့....။မင်းခိုက်စိုးစံ ရဲ့ ဝတ္ထုတစ်ပုဒ်ထဲကလို ဘဝဆိုတာ ဝမ်းနှုတ်ဆေးတစ်ခွက်လောက်တောင်မှ
အာမခံချက်မရှိဘူး ဆိုတာ ကိုယ် ရေးရေးတော့ သဘောပေါက်လာပြီလေ....။ဘာမှ မသေချာတဲ့လောကကြီးမှာ
အလေးအပင်တွေ တတ်နိုင်သလောက်လျော့ချတဲ့သဘောပါ....။
၂၀၁၀ က ကိုယ့်အတွက်တော့ ရိုလာကိုစတာစီးရသလိုပါပဲ....။ညစ်တဲ့အခါညစ်လိုက်၊ပျော်တဲ့အခါပျော်လိုက်၊
စိတ်ဓာတ်တွေက ဟိုး....ဝတိံဖျားထိ တက်တဲ့အခါတက်လိုက်၊ကျချင်တော့လည်း သူညအောက် ယူဇနာ ၁၀၀၀
လောက်အထိကို ကျသွားတာကလား....။
လင်းရေ.....
၂၀၁၀ မှာဘာတွေဖြစ်ခဲ့....ဖြစ်ခဲ့....၊ဘာတွေပြောင်းလဲခဲ့....ပြောင်းလဲခဲ့...၊ အရာရာကို ကိုယ်ကျေကျေနပ်နပ်ကြီး
လက်ခံပါတယ်..။မကျေနပ်လို့လဲ ဘာမှ လုပ်လို့မှ မရတော့တာပဲလေ.....နော့...။
ပြီး.....၂၀၁၀ အတွက် ကိုယ် ကံတရားကြီးကိုလည်း ကျေးဇူးတင်မိတယ်...။အမှားအယွင်းရှိရင် သူ့ပဲလွဲချနေရတာ
ကလား.....:)။
နောက်....ကိုယ့်ဘေးနားမှာ မရှိပေမယ့် ရှိနေသလို ခံစားရတဲ့၊အမြဲ ကိုယ့်အပေါ် မေတ္တာထားကြတဲ့ မိဘ၊ဆွေမျိုး၊
သူငယ်ချင်း၊အပေါင်းအသင်းတွေ အာလုံးကို လည်း ကျေးဇူးတင်ရပါတယ်...။
ကဲ...လင်းရေ......
နောက်တစ်နေ့ဆို ၂၀၁၁ ကန့်လန့်ကာကို ကိုယ်တို့ ဖွင့်ကြရတော့မယ်နော်....။
၂၀၁၁မှာ ကိုယ်တို့ဘာတွေ ကြုံတွေ့ကြရမလဲ...၊ဘာတွေပြောင်းလဲသွားကြမလဲ...၊ဘယ်သူမှ ကံသေကံမ
မပြောနိုင်ပါဘူး....။ကျိန်းသေတဲ့ အပြောင်းအလဲတစ်ခုကတော့ ကိုယ်တို့ အသက်တွေကို ပြောတဲ့အခါ တစ်နှစ်
တိုးရတော့မှာပဲ....:)....။
ဘာပဲပြောပြော ကိုယ်တော့ ၂၀၁၁ ကို အကောင်းမြင်ထားတယ်လင်းရ...။
၂၀၁၁မှာ ကိုယ်တို့ ပိုပိုပြီး သာယာတဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်ကြလိမ့်မယ်...။
၂၀၁၁မှာ ဒီထက်ပို ပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာနိုင်မယ်....။
၂၀၁၁မှာ လူသားတွေ တစ်ယောက်နဲ့ တစ်ယောက် ပိုပိုပြီး စည်းလုံး၊ညီညွတ်၊မေတ္တာထားနိုင်ကြလိမ့်မယ်...။
၂၀၁၁မှာ ကိုယ်တို့ ဒီထက်ပိုပြီး ပျော်ရွင်ကြရလိမ့်မယ်...။
ကဲ....ဘယ်လောက်များ လှပလိုက်တဲ့ ၂၀၁၁ လဲ လင်းရ....။
ဆိုတော့ ကြည်နူးပျော်ရွင်စရာကောင်းတဲ့ ၂၀၁၁ နှစ်သစ်ကို ကိုယ်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ကြရ
အောင်လား....။
HAPPY NEW YEAR!!!!
ခင်တဲ့ သူငယ်ချင်း......
Saturday, December 25, 2010
Merry X'mas
နှစ်လိုပျော်ရွင်စရာ.....Merry Christmas Day ပါခင်ဗျာ.......။
ကမ္ဘာတစ်ဝှမ်းမှ အားလုံးသောလူသားများ......ခရစ်စမတ်နေ့မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်း နှင့်
ပြည့်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်....။
အထူးသဖြင့် ချစ်စွာသော ဘလော့ဂါ မိတ်ဆွေများ ချမ်းမြေ့ပျော်ရွင်ပါစေခင်ဗျား.......
ခရစ်စမတ်မှာ ဘာမှ မလုပ်တတ်တဲ့ အဆုံး Google က Christmas card လေးတွေရှာပြီး တင်လိုက်ရပါကြောင်း.........။
Thursday, December 23, 2010
အလွမ်းတွေ တိုက်စားသွားတဲ့ ည
လွမ်း.......လိုက်......တာ.......
ရင်တခွင်လုံး ပြည့်ကြပ်၊နွမ်းလျ.....နင့်ကို လွမ်းတဲ့ စိတ္တဇတွေနဲ့ပေါ့....
မစဲတမ်း ရွာချနေတဲ့ အလွမ်းနေ့ရက်တွေက ငါ့အတွက် ထာဝရ ပြဿဒါးရက်တွေပါ ချစ်သူ......။
အဲဒီနေ့တွေ၊ညတွေမှာ....ငါ့ နှလုံးခုန်သံတွေရပ်...၊
ငါ့ကမ္ဘာကြီးကတော့ သွက်သွက်ခါလို့....။
ရွက်စုတ်ပြက္ခဒိန်တစ်ခုလို နင်မရှိတဲ့ ငါ့ရဲ့ အပျော်သုန်းရက်တွေကို တစ်ရက်ချင်း စုတ်ဖြဲပစ်ချင်ခဲ့.....။
နင် နဲ့ ငါ့ ကြားက ခြားနားခြင်း မိုင်တွေကို ငါ မုန်းတယ်...။
နင် နဲ့ ငါ့ ကြားက ခြားနားခြင်း တံတိုင်းတွေကို ငါ မုန်းတယ်....။
နင် နဲ့ ငါ့ ကြားက ခြားနားခြင်း အခြေအနေတွေကို ငါမုန်းတယ်....။
အဲဒီခြားနားခြင်းတွေကို မကျော်ဖြတ်နိုင်သေးတဲ့ ငါ့ ကိုယ်ငါ ပိုမုန်းတယ်.....။
ချစ်သူရေ..................
ပိုးစိုးပက်စက် အသက်ငင်နေတဲ့ အိမ်မက်တွေကို ငါတို့ ဆက်မက် နိုင်ပါ့မလား.....။
မလွှတ်တမ်း ထမ်းထားတဲ့ မျှော်လင့်ခြင်းတွေ အတွက် နှလုံးသားတွေ ပင့်တင် နိုင်ပါ့မလား....။
ဝင်သက် နဲ့ ထွက်သက်ကြားက မနားတမ်းသွားနေတဲ့ အလွမ်းတွေကို ရပ်တန့် နိုင်ပါ့မလား.....။
ပျပျမြင်ရတဲ့လမ်းတွေက တို့နှစ်ယောက် လက်တွဲလျှောက်သာအောင် ကျယ်နိုင်ပါ့မလား.....။
ရွေ့တာနဲ့ ရပ်နေတာ....သိပ်မကွဲပြားပေမယ့်......
မနက်ဖြန်တွေကို ဘေးတိုက်လွယ်လို့ ငါ......နင့်ဆီကို လှမ်းမြဲပါ.....ချစ်သူ.....။
ရင်ခုန်သံတွေ လက်အံသေလာတဲ့တစ်နေ့.....နင်....ငါ့ကို လွှတ်ချထားခဲ့ပါ......။
အလွမ်းနဲ့ဆောက်တဲ့ ကျောက်ဂူအောက်မှာ......
ငါ.....ဆိတ်ဆိတ်ငြိမ်ငြိမ်.......နေ......ရစ်.......ခဲ့.......မှာ.......ပါ.....။
Wednesday, December 15, 2010
ဖြစ်ချင်ခဲ့တာဖြစ်မလာနိုင်တော့တာ နဲ့ ဖြစ်ကောင်းဖြစ်ရာတွေ အကြောင်း
ကျွန်တော့်ဘဝမှာ ရည်မှန်းချက်၊ရည်ရွယ်ချက်ရယ်လို့ ကြီးကြီးမားမား ထားခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါချေ။
သို့ပေမယ့်...ဘဝမှာ ဖြစ်ချင်ခဲ့တာလေးတွေတော့ရှိခဲ့တာပေါ့ခင်ဗျာ...။အထူးသဖြင့်ပတ်ဝန်းကျင်ကအဖြစ်အပျက်
တွေက ကျွန်တော့်ကို ရိုက်ခတ်လာတဲ့အချိန်အခါမျိုးတွေမှာ..တချို့သောအခြေအနေ၊တချို့သောဘဝမျိုး ဖြစ်ချင်
ခဲ့မိပါတယ်...။ကျွန်တော်ဖြစ်ချင်တာလေးတွေကိုအကောင်အထည်ဖော်ဖြစ်ခဲ့တာလည်းရှိ၊မဖော်ဖြစ်သေးတာတွေ
လည်းရှိ၊ဘယ်တော့မှဖြစ်လာမှာမဟုတ်တာတွေလည်းရှိသပေါ့လေ...။တချို့ကိုတော့နောင်တစ်ချိန်မှာအကောင်
အထည်ဖော်ဖြစ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်..။
ငယ်ငယ်ကတည်းက ဖခင်ကြီးရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ ကျွန်တော်တို့မောင်နှမနှစ်ယောက်စလုံးမှာ စာဖတ်
ဝါသနာပါလာခဲ့ပါတယ်...။စာဖတ်ဝါသနာနဲ့ အတူ ငယ်စဉ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ဆန္ဒတခုက စာအုပ်အငှားဆိုင်
လေးတစ်ဆိုင်ဖွင့်ချင်ခဲ့တာပါပဲ...။ငယ်ငယ်ကဆို ကျွန်တော်တို့မောင်နှမနှစ်ယောက် စာအုပ်အငှားဆိုင်ဖွင့်တမ်း
တောင် ကစားခဲ့တာကလား....။အဖေဝယ်ပေးထားတဲ့ စံရွေမြင့်တို့၊ဒို့ကျောင်းသားတို့ လိုစာအုပ်နောက်ကျောမှာ
တခါဖတ် ၁၀ပြားတို့ ၁၅ပြားတို့ရေးပြီး တယောက်တလှည့် ငှားဖတ်တမ်းကစားခဲ့ကြတဲ့အထိပါ..။
ခုထိအိမ်မှာသိမ်းထားဖြစ်တဲ့ ကာတွန်းစာအုပ်တချို့မှာ အဲဒီကလေးလက်ရေးလေးတွေ ရှိနေခဲ့ပါသေးတယ်..။
မြန်မာပြည်မှာတုန်းက ကလေးဘဝကို ပြန်လည်တမ်းတမိတိုင်း အဲ့ဒီစာအုပ်လေးတွေကို ပြန်ဖတ်ပြီး ဘာသာ
တစ်ယောက်တည်း ပြုံးခဲ့မိသပေါ့...။အံမယ်...စာအုပ်ဆိုင်နာမည်တောင် နှင်းဆီစာပေ ဆိုပဲ..။၉၉ ခုနှစ်များမှာ
အစိုးရအလုပ်တဖက်နဲ့ ငယ်ဘဝအိမ်မက်လေးကို အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်...။ကိုယ်လုပ်ချင်တာ၊
ကိုယ်ဖြစ်ချင်တာကို အကောင်အထည်ဖော်ခဲ့လို့လားတော့မသိ..၊အဲဒီအချိန်တွေက ဘဝမှာ နေလို့အပျော်ဆုံး
အချိန်တွေပါပဲ...။ဒီမလာခင် ၂၀၀၇ခုနှစ်လောက်မှာမှ အဲဒီဆိုင်လေးကို ပိတ်သိမ်းခဲ့ရပါတယ်...။
မွေးချင်းလည်းနဲ၊ကျွန်တော်ကလည်း မိသားစုမှာ အငယ်ဆုံးဖြစ်ခဲ့လေတော့ ဖြစ်ချင်ခဲ့တာက အကိုကြီးဘဝ..။
ညီဆိုးဆိုးလေးတစ်ယောက်နဲ့၊ညီမချောချော လိမ်လိမ်မာမာလေးတစ်ယောက် အင်မတန်မှ လိုချင်ခဲ့ပါတယ်..။
ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ အခြေအနေတစ်ရပ်ပါ..။ကိုယ်ကချည်း ဆူခံခဲ့ရတာ၊ဆုံးမခံနေရတာကို မကျေနပ်တဲ့
စိတ်အခြေခံနဲ့ ကိုယ်ကတပြန်တလှည့် ဆူချင်၊ဆုံးမချင်လို့ထင်ပါရဲ့...:)။
၉ တန်းနှစ်ရဲ့တစ်နေ့သော မြန်မာစာအချိန်မှာပေါ့ခင်ဗျာ...။ကျွန်တော်တို့ရဲ့ မြန်မာစာဆရာမက စာမသင်ပဲ
ကျောင်းသားတွေကို ဘဝမှာဘာဖြစ်ချင်လဲ၊ဘာရည်မှန်းချက်ထားလဲ လို့ တစ်ယောက်ချင်းမေးခဲ့သဗျ..။
တချို့ကလည်း မိမိအမှန်တကယ်ဖြစ်ချင်တာ၊ရည်မှန်းချက်ထား ထားတာတွေကို ပြောခဲ့တာပေါ့။တချို့ကလည်း
နောက်နောက်ပြောင်ပြောင်၊ ကြီးလာရင် လူကြီးဖြစ်ချင်တယ်တို့၊ဘုန်းကြီးဝတ်မယ်တို့ ဖြေခဲ့ကြပါတယ်...။
ကျွန်တော့်အလှည့်မှာ ကျွန်တော်ဖြေခဲ့တာက လေယာဉ်မောင်းပိုင်းလော့ဖြစ်ချင်တယ်...တဲ့..။
ဟုတ်ပါတယ်...။စိတ်ကူးယဉ်တတ်ကာစအရွယ်...၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တရင်းတနှီးနေလေ့မရှိပဲ
ကိုယ့်စိတ်ကူးကမ္ဘာလေးထဲမှာ တစ်ယောက်တည်းပျော်မွေ့တတ်တဲ့ ကျွန်တော့်အတွက်တော့ အဲဒီအရွယ်က
တစ်ယောက်တည်း လေယာဉ်တစ်စီးနဲ့ ကမ္ဘာပတ်ချင်ခဲ့ပါတယ်။အားလပ်တဲ့ နေ့လည်နေ့ခင်းတွေမှာ အိမ်နောက်
ဖေးက ညောင်ပင်ခွကြားထဲ တက်ထိုင်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်...၊တခါတရံမြင်ရတတ်တဲ့ ဟိုးအဝေးက
နောက်မြီးတန်းဖြူဖြူနဲ့ ဂျက်လေယာဉ် ပြပြလေးတွေကို ငေးကြည့်ရင်း...စိတ်ကူးတွေ ကမ္ဘာပတ်ခဲ့သပေါ့....။
၉၆ခုနှစ်....တက္ကသိုလ်ကျောင်းတွေပိတ်...၊အသဲလည်းပထမဆုံးအကြိမ်ကွဲပြီးတဲ့ အချိန်ကာလမှာတော့ ကျွန်တော် သင်္ကန်းလည်းစည်း၊ဘာသာရေးစာအုပ်တွေလည်း ဖတ်ဖြစ်ခဲ့ပါတယ်..။အဲဒီအချိန်မှာ အဖြစ်ချင်ဆုံး
က ဒီဘဝ၊ဒီခန္ဓာ တစ်ဇာတ်သိမ်းချင်ခဲ့တာ...။(ခုတော့လည်း သံသရာဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်...
ဖြစ်နေလေရဲ့....:) )။ထိုစဉ်ကတော့ဖြင့် တသက်လုံးပဲ ဘုန်းကြီးဝတ်တော့မလို...ဘာလိုလိုနဲ့ ဆွမ်းလာကပ်တဲ့
မိခင်ကြီးကို တရားဟောလွန်းလို့ နောက်ရက်တွေမှာ လူကြုံနဲ့ပဲ ဆွမ်းကပ်တော့တဲ့အထိပါ...။သူ့ခင်မျာ မအား
တဲ့ကြားက ဆွမ်းလာကပ်ရတာ၊နာရီပြန်တစ်ချက်ထိ ကျွန်တော်က လေကြောရှည်နေလေတော့ စိတ်မရှည်
တော့ဘူးနဲ့တူပါ့..။ဆရာတော်ဘုရားက ဆွမ်းဘုန်းပေးတော်မူပြီးပြီလေ..၊သူကတော့ အိမ်ပြန်ရာက်မှ ထမင်းစား ရမှာကိုး...။အမေဆိုတော့ သူ့သားအကြောင်း အသိဆုံးလည်းဖြစ်လေသပေါ့ခင်ဗျာ....။
နောက်ပိုင်းကာလတွေမှာတော့ ဖြစ်ချင်တာတွေ သိပ်မရှိတော့ပါဘူး....။အဲ....တစ်ခါတစ်ခါတော့ နိုင်ငံတော်
သမ္မတကြီးဖြစ်ချင်ခဲ့...(အမြင်မတော်တာတွေတွေ့တော့ ငါသာသမ္မတဖြစ်ရင် ဒီကောင်တွေ အကုန်ထောင်ချ
ပစ်မယ် ဆိုတာမျိုး...)။တစ်ခါတစ်ခါတော့ ဘောလုံးသမားဖြစ်ချင်ရဲ့....(ဘောပွဲကြည့်ရင်း ကိုယ်အားပေးတဲ့
အသင်းက ဘောသမားတွေ ပိန္နဲသီးလွဲတဲ့အချိန်မျိုး...)။တစ်ခါတစ်ခါတော့ စာရေးဆရာဖြစ်ချင်ခဲ့ (ကိုယ်ကြိုက်
တဲ့ စာရေးဆရာတွေရဲ့ စာတွေဖတ်ရတဲ့ အချိန်မျိုး....)အဲ..တစ်ခါတစ်ခါတော့လည်းကိုမျိုးတို့၊မမေရာတို့လိုပဲ....
ကျွန်တော်လည်းတူတူတန်တန်အစိုးရထံမှာရုံးစာရေးလေးဖြစ်ချင်သဗျ...။လစာကလည်းမခိုးမဝှတ်ပဲလောက်ငှ
မယ်ဆိုရင်ပေါ့လေ..။နံနက်၈နာရီလောက်ရုံးသွား၊ဘောပင်တစ်ချောင်း၊စာပွဲတစ်လုံးနဲ့ရုံးအလုပ်တွေတကုတ်ကုတ်
လုပ်၊၄နာရီမှာရုံးဆင်း..။ညနေခင်းမှာ စာတစ်အုပ်နဲ့ ဇိမ်လုပ်နေရတာမျိုးပေါ့..။တွေးကြည့်ရုံနဲ့တင် ဘယ်လောက်
များ ပေါ့ပါး၊ရိုးရှင်း လှပါသလဲခင်ဗျာ...။
အင်းးးးးခုချိန်မှာ အဖြစ်ချင်ဆုံးဘဝတစ်ခုလဲရှိသဗျ...။အဲဒါကတော့ မြန်မာပြည်မှာ မကျဉ်းမကျယ်ဥယျာဉ်ခြံလေး
တစ်ခြံဝယ်ပြီး သီးပင်စားပင်တွေ စိုက်စားချင်တာပါပဲ...။လောလောဆယ်တော့ ခြံဝယ်ဖို့ရည်ရွယ်ချက်နဲ့ ပိုက်
ပိုက်လေးစုလိုက်၊အပေါက်ကလေးရှာပြီးထွက်သွားလိုက်နဲ့ ခြံနေနေသာသာ ပန်းအိုးထဲက မြေတောင်မပိုင်သေး
ပါကလား...။
(ကိုမျိုး တဂ်လို့ရေးဖြစ်ခဲ့ပါတယ်..။ကျွန်တော်ကလည်းရေးချင်ရက်လက်တို့ရယ်ကိုး...:)။အမည်နာမတော့ နဲနဲ
လွဲသပေါ့ခင်ဗျ...။)ကဲ ဆိုတော့ ကျွန်တော်ကလည်း ဆက်ပြီး တဂ်ချင်ပါသေးတယ်...။
(၁)တဂျီးကိုကိုမောင်
(၂)မစ္စတာ အန် မစ္စ ငွေလမင်း
(၃)ကိုရွာသားလေး နဲ့
(၄)နတ်ဆိုးလေး တို့ကို...
ခင်ရာမင်ကြောင်း ရေးပေးကြပါဦး....လို့......။
Saturday, December 11, 2010
အလည်တခေါက်
အလည်တခေါက်
ဘာလာလုပ်သလဲ...ကိုယ့်လူ.....
အလည်သက်သက်ရယ်ပါ....
အလည်သက်သက်..ဟုတ်လား....
ရောက်တုန်းရောက်ခိုက် တစ်ခုခုတော့ လုပ်သွားပါဦး....တဲ့
အဲဒါနဲ့ ကျွန်တော်....အမှိုက်နဲနဲဖွပြီး.....
ပြန်ထွက်ခဲ့ပါတယ်.....။
Friday, December 10, 2010
ကမ်းခြေည အတွေးများ
“ ကမ်းခြေညက ရင်ခွင်ကို အလျားလိုက် ရှပ်တိုက်....
ရင်လှိုင်းခတ်သံကို နူးနူးညံ့ညံ့ ဆူညံစေခဲ့...... ”
မနေ့ညက ကမ်းခြေကိုရောက်ခဲ့ပါတယ်....။
စီးနေကြ ဘတ်စ်....
ဆင်းနေကြ မှတ်တိုင်....
ဝင်နေကြ PP.....
ဖြတ်နေကြ under pass....
ထိုင်နေကြ ကျောက်ဆောင်.....
သောက်နေကြ စီးကရက်....
တွေ့နေကြ မြင်ကွင်း......
ကျနေကြ အာရုံ.....
ကြားနေကြ လှိုင်းသံ.....
အင်း......ပြီးတော့....
ဘဝ......ဘဝ......ဘဝ......
ဘဝတစ်ခုဖြစ်တည်လာတာ နေ့ ရက်တွေကို စိတ်ချမ်းချမ်းသာသာ ဖြတ်ကျော်နိုင်ဖို့...လို့ပဲ သဘောရမိတယ်..။
တစ်ရက်ချင်း....၊တစ်နာရီချင်း.....၊တစ်မိနစ် တစ်စက္ကန့်ချင်း....ပြီးဆုံးအောင်မြင်စွာ..ဖြတ်သန်းရခြင်းပဲ....။
မရှိသူအတွက်လည်း ဒီအချိန်....၊ရှိသူအတွက်လည်း ဒီအချိန်...၊သူတောင်းစားလည်း ဒီအချိန်...၊လူချမ်းသာလည်း
ဒီအချိန်....။တခုပဲကွာသွားပါတယ်....။စိတ်ချမ်းချမ်းသာသာနဲ့ အဲဒီအချိန်တွေကိုကုန်ဆုံးစေခဲ့ပါသလား...။
ဒါဖြင့် စိတ်ချမ်းသာမှုဆိုတာကရော....။စိတ်ချမ်းသာမှုဆိုတာ တစ်စုံတစ်ရာနဲ့ လဲလှယ် ရှာဖွေရတဲ့အရာပါလား..၊
ကိုယ်ဖြစ်တည်နေတဲ့ အခြေအနေ၊အချိန်အခါလေးကို စိတ်ချမ်းသာအောင် တည်ဆောက်ယူရတာပါလား..။
လူတိုင်းရဲ့ အခြေအနေတွေက အမြဲတမ်း ချောမွေ့၊ဖြောင့်ဖြူးနေတာတော့မဟုတ်ပါဘူး...။ခက်ခဲ ကြမ်းတမ်းတဲ့
အခြေအနေတစ်ရပ်မှာ ဘယ်လိုနည်းနဲ့ စိတ်ချမ်းသာမှုကို တည်ဆောက်ယူနိုင်မှာပါလဲ....။ဖျက်ကနဲပေါ်လာတာ
က ယောနိသောမနသိကာရ ဆိုတဲ့ အသင့်အတင့်နှလုံးသွင်းတာ....။
ယောနိသောမနသိကာရ
ယောနိသောမနသိကာရ....၊ယောနိသောမနသိကာရ....နဲ့ ပြောရတာ တယ်အရသာရှိ....၊ရေးလို့လည်းကောင်း၊
ကောင်းဆို ပါဠိစကားလုံးပေမယ့် ပတ်ဆင့်တွေမှမပါတာကိုး...။အဲ...ကိုယ့်ဘာသာ နှလုံးသွင်းနေတဲ့ နှလုံးသွင်း
ကြီးက တကယ့်တကယ်တွေးကြည့်တော့မှ တလွဲကြီး...။
ဘာလို့လဲဆို...ကိုယ့်ဘာသာ ကိုယ်လုပ်ချင်တာလုပ်နေရရင် အသင့်အတင့်နှလုံးသွင်းလို့တယ်ကောင်းတာကိုး..။
ဘီယာလေးတစ်လုံးတစ်လေ သောက်ဖြစ်ရင်...တခါတလေပဲလေ...ဒီလောက်နဲ့တော့ မဟာအဝီစီငရဲမှာလည်း
ဂျိုးမကပ်လောက်ပါဘူး၊ချက်ချင်ကြီးလည်း နှလုံးရောဂါတွေ၊သွေးတိုးရောဂါတွေလည်း မဖြစ်လောက်ပါဘူးနဲ့
ဂတီးဂတီးကို သောက်နေမိတာကလား...။ကိုယ်လုပ်ချင်တာလုပ်ပြီး အိပ်ရေးပျက်တော့လည်း တစ်ညလောက်
နဲ့တော့ သေမသွားပါဘူး..ဆိုပြီး ကိုယ့်စိတ်ကို ဖြေတွေးနေနေမိတော့တယ်...။
အဲ...တကယ့်တကယ် စိတ်ညစ်စရာတွေ၊စိတ်ဆင်းရဲစရာတွေနဲ့တွေ့တော့ ယောနိသောမနသိကာရ အစ်အီးကွဲ
တူ မနိုင်၍သည်းခံခြင်းသည်လည်းကောင်း ဖြစ်သွားတော့တာပါပဲ...။အားလုံးသိကြတဲ့ ငှက်ကုလားအုပ် များလို
ပါပဲ...။ရန်သူ့လက်က ပြေးလို့မလွတ်တော့ သဲထဲခေါင်းထိုးထားသလို...ကိုယ်မတတ်နိုင်တဲ့အခါ အသင့်အတင့်
နှလုံးသွင်းသဟဲ့ ဆိုပြီး အတင်းကာရော လစ်လျူရူနေမိတော့တယ်...။
အစစ်အမှန်ကိုယ့်စိတ်ကို ကိုယ်မညာစတမ်း ဖြစ်လာတဲ့ အခြေအနေတစ်ရပ်ကို အသင့်အတင့်နှလုံးသွင်းပြီး
လက်သင့်ခံနိုင်ဖို့ဆိုတာ အတော်ကို ခက်ပါတယ်..။ဆိုတော့..အမှန်စင်စစ် ကိုယ့်စိတ်က ကျေကျေနပ်နပ်ကြီး
လက်ခံနိုင်အောင်၊လက်ခံလိုက်အောင် ကြိုးစားရပါဦးမယ်.....။
အကောင်းမြင် နဲ့ အဆိုးမြင်
ရပ်ကွက်တစ်ခုမီးလောင်တော့ အကောင်းမြင်သမားက “ ငါ ဒီအိမ်ပုံစံကို မကြိုက်တာကြပြီ၊ခုတော့ အသစ်ပြန်
ဆောက်ဖြစ်ပြီ၊ပရိဘောဂတွေလည်းဟောင်းနေပြီ...ခုမှပဲအသစ်ဝယ်ဖြစ်တော့မယ်...” လို့တွေးသတဲ့...။
အဆိုးမြင်သမားကတော့ မရှိတော့တဲ့ အိမ်ကို နှမြောတသ၊မီးလောင်မှုစဖြစ်တဲ့ သူတွေကို ရန်လုပ်၊နောင်ကြုံ
တွေ့ရမယ့် အခြေအနေတွေကို တွေးပူ....ပေါ့လေ....။
ဆိုတော့...ဘယ်သူ့အတွေး၊ဘယ်သူ့အမြင်က ကောင်းသလဲဆိုတော့ အကောင်းမြင်ရဲ့အတွေး၊အမြင် ကကောင်း
တယ်လို့ ဆိုရမှာပဲ...။အဲ...ဘယ်အတွေးအမြင်က မှန်သလဲဆိုရရင် နှစ်ခုစလုံးမှားတယ်လို့ ပြောရမယ်...။
အဆိုးမြင်သမားက ကိုယ်မတတ်နိုင်တော့တာကို တွေးတွေးပြီး ကိုယ့်စိတ်ကို အကြိမ်ကြိမ် လောင်မြိုက်စေခဲ့
တယ်...။ရင်ဆိုင်ရဖို့အကြောင်းဖန်လာမှတော့ ရင်ဆိုင်ရတော့ရုံပဲ...။
အကောင်းမြင်သမားကရော....၊သူဘယ်လိုပဲ အကောင်းမြင်မြင် နစ်နာဆုံးရှုံးရတာက နစ်နာဆုံးရှုံးရတာပါပဲ...။
စိတ်သက်သာမှုရတယ်ဆိုပေမယ့် အဲဒီလို အတွေးအမြင်က ကိုယ့်ရင်ထဲက အမှန်တကယ်ထွက်ပေါ်လာတာ
မဟုတ်ပဲ တမင်ရှာကြံတွေးရတာမျိုးဆိုရင် ကိုယ့်စိတ်ကို ညာတာတမျိုး လို့ထင်တယ်...။
တွေးမိတာကတော့ အကောင်းမြင်ပဲဖြစ်ဖြစ်၊အဆိုးမြင်ပဲဖြစ်ဖြစ် အရေးကိစ္စပေါ်လာမှ ကိုယ့်စိတ်ကို လုပ်ယူလို့မရ
ဘူး။နှစ်ပေါင်းများစွာအလေ့အကျင့်လုပ်လာမှ ဒါမှမဟုတ်နဂိုမူလစိတ်အခံကကို အဲဒီလိုရှိနေမှလို့စဉ်းစားမိတယ်။
စိတ် စိတ်အတိုင်းထား
စိတ် ဆိုတာနဲ့တွေးမိတဲ့ အကြောင်းအရာပါ..။လူသေလူဖြစ်ဆရာတော်ဦးဥက္ကဌ ဟောကြားတော်မူခဲ့တယ်လို့
မှတ်သားမိပါတယ်...။လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္စယကျမ်းထဲမှာတော့ အဲဒီအယူအဆကို အကျယ်တဝင့်
စောဒက တက်ထားပါတယ်။ဝိနိစ္စယအဖွဲ့ကလည်း မှားတယ်လို့ဆုံးဖြတ်တော်မူထားပါတယ်။ငယ်ငယ်ကတော့
ဆရာတော်ဦးဥက္ကဌ ကျမ်းတွေလည်းမဖတ်ဖူး၊လူသေလူဖြစ် ဆိုတဲ့စကားလုံးတစ်လုံးနဲ့တင် သဘောမကျတာနဲ့
မှားတယ်လို့ပဲထင်ခဲ့တယ်...။ခုတော့ မှန်ရင်လည်းမှန်မယ်၊မှားရင်လည်းမှားမယ်လို့ ထင်တယ်...။(ဟမ်...:D )
ဆိုလိုတာက ငယ်ငယ်ကသိတဲ့အသိတွေက ဘယ်လိုမှမပြည့်စုံနိုင်ဘူး...။ခုရော...ခုချိန်မှာလည်း မပြည့်စုံသေး
ဘူး...။တချိန်က အမှန်လို့ထင်ထားခဲ့တာတွေက နောင်တချိန်မှာ အမှားတွေဖြစ်လာခဲ့တယ်။အမှားတွေက အမှန်
တွေလည်းဖြစ်လာတယ်...။ခုချိန်မှာ အမှားတွေက နောင်တချိန်မှာ အမှန်တွေဖြစ်လာကောင်းဖြစ်လာမှာပဲ..။
အမှန်တွေကလည်းထိုနည်းလည်းကောင်းပဲ...။ဆိုတော့...အမှန်တရားဆိုတာ ဘာပါလဲ....။
အမှန်တရား.....
ငယ်ငယ်က မဂ္ဂဇင်းတစ်ခုထဲက ကာတွန်းလေးကို သတိရမိတယ်...။အဖိုးကြီးနှစ်ယောက် စာအုပ်ကြီးတစ်အုပ်
နှစ်ယောက်ကြားမှာဖွင့်ပြီး ငြင်းခုံနေကြတဲ့ပုံလေးပါ..။အဖိုးကြီးတစ်ယောက်ကပြောတယ်...“ ကျုပ်တို့နှစ်ယောက်
ဒီလောက်ငြင်းခုံနေရရင် ကျုပ်တို့သိထားတာတွေက တရားတွေမဖြစ်လောက်ဘူး၊မတရားတာတွေပဲဖြစ်မယ် ”
တဲ့...။
ယေဘုယျအားဖြင့် အမှန်တရားဆိုတာ အမှန်တရားပဲ...(ဟမ်..နင်ပြောမှလား....:) )။ခက်တာက အမှန်တရားမှာ
ဘက်ရှိနေတာပဲ...။ဆိုတော့ အမှန်တရားဟေ့ဆိုရင် ဘက်မရှိရဘူး (လို့ထင်တယ်...)။ဘက်ရှိနေရင် အမှန်တရား
မဖြစ်နိုင်ဘူး...။အဲ အမှန်တရားလည်းဆိုသေး ဘက်လည်းရှိသေးဆိုတော့....။
နောက်ဆုံးအတွေး
နောက်ဆုံးတွေးမိတာက ကိုယ်သိထားတာတွေ၊ကိုယ်ဖတ်ထားတာတွေက မတောက်တခေါက်တွေ ပါလား...လို့။
(နောက်ဆုံးမှ အမြင်မှန်ရတော့တယ်...)မတောက်တခေါက်အသိက လုံးလုံးမသိတာထက် အန္တရာယ်ရှိတယ်
လို့ဆိုတယ်....။လုံးလုံးမရတာထက်စာရင် တဝက်ရတာက မဆိုးဘူးလို့လဲ ဆိုကြတယ်...။
အင်း....နောက်ဆုံးမတော့ အတွေးတွေက အတွေးတွေပါပဲ....။အတွေးနဲ့ လက်တွေ့က ကျွန်တော့် ဘဝမှာ
ဘယ်တုန်းကမှ ထက်တူကျခဲ့တာတော့မဟုတ်ဘူး....။ကမ်းခြေက သဲသောင်ပြင်မှာ လမ်းလျှောက်မိတော့
ခြေရာတွေ ထင်ကျန်ရစ်ခဲ့တယ်...။လှိုင်း တစ်လုံးနှစ်လုံးတက်လာတော့လည်း ခြေရာတွေလည်း ပျောက်ကွယ်
သွားတာပါပဲ...။
Wednesday, December 8, 2010
The Nustcracker-musical Spectraculr @ vivo city
မနေ့က vivo city မှာလုပ်တဲ့ vivo city လေးနှစ်မြောက်အထိမ်းအမှတ် ပွဲလေးတစ်ခုကို ရောက်ခဲ့ပါတယ်...။
ကိုယ့်ဘာသာတော့ ရောက်ဖို့ရာ အကြောင်းမရှိပါဘူး...။သူငယ်ချင်းတစ်ယောက်က လက်မှတ် လေးစောင်
အလကားရထားတယ်....။သွားကြည့်ကြရအောင်ဆိုတာနဲ့ ရောက်သွားဖြစ်ပါတယ်...။သူတို့က စုံတွဲ...၊ကျွန်တော်
ကတော့ တစ်ယောက်တည်း...။လက်မှတ်တစ်စောင်ပိုနေတာ ခေါ်ရမယ့်သူမရှိတာနဲ့ ဘက်ပဲ့သွားလေရဲ့...:)။
လေးဆယ့်ငါးမိနစ်ပဲကြာပါတယ်....။ကလေးတွေအတွက် အထူးသဖြင့် ရည်ရွယ်ပြီးလုပ်တဲ့ ဖျော်ဖြေပွဲလေးပါ...။
ည ၈နာရီတိတိမှာစပြီး ၈း၄၅ မှာ အတိအကျပြီးပါတယ်...။လေးဆယ့်ငါးမိနစ်လုံးလုံး မြူးမြးကြွကြွ၊သွက်သွက်
လက်လက် နဲ့ပျော်ရွင်ဖွယ် ဖျော်ဖြေသွားပါတယ်....။
ရောက်တာစောပေမယ့် ဝါးတီးဖွင့်နေတာရယ်...၊vivo city ထဲမယ် လျှောက်ငေးနေတာရယ်ကြောင့် ၈နာရီထိုး
ခါနီးမှ အထဲဝင်တော့ နေရာကောင်းမရတော့ပါဘူး....။ရှေ့နေရာကောင်းတွေ လွတ်သွားပါတယ်...။ဒီတော့
ဒါ့ပုံကောင်းကောင်းတွေမရလိုက်ပါဘူး...။ကိုယ့်မှာ ကင်မလာ မရှိတာကလည်းတစ်ကြောင်းပေါ့လေ....။
ဘာပဲဖြစ်ဖြစ် ရှိတဲ့ ဖုံးလေးနဲ့ပဲ ရသလောက်ရိုက်ခဲ့ပါတယ်....။
ဒါက Vivo city ရဲ့ မီးရောင်စုံနဲ့ ခရစ္စမတ်သစ်ပင်
ပွဲပြီးတော့ သရုပ်ဆောင်တွေက စင်ရှေ့မှာ ပရိသတ်နဲ့ အတူ ဓာတ်ပုံအရိုက်ခံကြပါတယ်........။ကလေးတွေက
တော့အများစုပေါ့လေ...။
သဘောကျတာတခုက သူတွေတွေက ဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ် သေသေချာချာ၊ကျကျနန စင်တင် ခင်းကျင်း
ကပြတာကိုပါ...။မီး၊ဆက်တင်၊အဆင်အပြင်၊ အစစအရာရာ သပ်သပ်ရပ်ရပ် ရှိပါတယ်...။
Thursday, December 2, 2010
အကြိုက် နှင့် အလိုက်
တလောက ဆမ်မာဆက်နဲ့ ဘူကစ် ဘက်ကို သူငယ်ချင်းတစ်ယောက်နဲ့ အဝတ်အစား၊အသုံးအဆောင်လေး ဘာလေး ဝယ်ဖို့ရာ သွားဖြစ်ပါတယ်...။ပုံမှန်ဆိုရင်တော့ အဲဒီလို တမင်သတ်သတ်ရှောပင် ထွက်တာမျိုးမလုပ်ဖြစ်
ပါဘူး...။ဝါသနာလည်းမပါ၊ဝယ်စရာလည်း မလို၊ဝယ်ဖို့ရာလည်း ပိုက်ပိုက်က ပေါမှ မပေါတာကိုး...။ကြုံရင်၊တန်
တယ်ထင်ရင် ဝယ်လိုက်တာပဲ ရှိတာကလား...။
အဲ...ခုကျတော့ ဒီနှစ်ကုန်မှာ ခရီးတစ်ခုထွက်ဖို့ကအကြောင်းဖန်လာလေတော့ခုကတည်းကလိုမယ်ထင်တာလေး
တွေ ဝယ်ထားတဲ့သဘောပါပဲ...။စစချင်း ကြည့်ဖို့စဉ်းစားတာက ဂျင်းပင် ပါ။ဆိုတော့ လီဗိုက်ဆိုင်ဘက် ချီတက်ခဲ့
ပါတယ်...။တွေ့ပါပြီခပ်လှမ်းလှမ်းကတည်းက....50%OFFဆိုတဲ့ဆိုင်းပုဒ်ကြီး...။ရွေ့....နိပ်ပြီ..။နတ်တို့ဖန်ရေကန်
အသင့်၊ကြာအတင့်၊ ကိုယ်ဝယ်မယ်ဆိုမှ အထူးလျော့ဈေးနဲ့ လာတွေ့ပလေတယ်...။
“ ဟကောင်...ဖစ်ပတီးပါစင့် ဆိုပါလား...ဟန်ကျတာပဲကွ...” လို့ သယ်ရင်းကိုပြောတော့...ပြူတင်းပေါက်ရှောပင်
တွေ၊တံခါးမကြီးရှောပင်တွေမကြာမကြာထွက့်လေ့ရှိတဲ့ သူငယ်ချင်းက ငါးခူပြုံးလေးပြုံးပြီး၊မင်းနုပါသေးတယ်..
ဆိုတဲ့ အကြည့်မျိုးနဲ့ ကျွန်တော့်ကို ကြည့်ပါတယ်...။
“အဟင်း...ကြည့်ပါဦးလေ...သေသေချာချာ...” လို့ဆိုတော့...ကြည့်လိုက်တော့
50% OFF for 2nd item တဲ့....။
“ အန်.....နှစ်ထည်ဝယ်မှ ဒုတိယအထည်အတွက် ပဲ လျော့ဈေးက ရမှာပေါ့.....”
“မှန်ပါ့ဗျာ....”
“ ဈေးနှုန်းလေးဘာလေးကြည့်ပါဦးဟ...”
“ ၁၄၉ ကျပ်...”
ဘာ.....နှစ်ထည်ဆို လျော့ဈေးနဲ့တောင် နှစ်ရာကျော်ပေါ့.....”
“ ခင်ဗျားကလည်းဗျာ...ဒါကတော့ ဘရန့်ကိုးဗျ.....”
“ ဟေ့..ဟေ့...မင့်ဘာသာ ဘရန့်...ပါဦးတော့ကွာ...မင့် ဘရန်ကြီးဝတ်လို့လည်း ငါ့တင်ပါး ဘယ်သူမှ လာလှန်
ကြည့်တာမဟုတ်ဘူး...တော်ပြီ...တော်ပြီ....”
သို့နှင့် တခြားဆိုင်ဝင်ပါတယ်...။ဘာတဲ့ DENIZEN from levis' တဲ့..။လီဗိုက် ရဲ့ နာမည်ခွဲ လို့ ပြောတာပါပဲ...။
သူကတော့ ဈေးမဆိုးဘူးခင်ဗျ...။ဒစ်စကောင့်လည်းရှိပါတယ်...။ထုံးစံအတိုင်း နှစ်ထည်ဝယ်ရမပေါ့လေ....။
“အင်း...ဒီနှစ်ထည်ပဲယူလိုက်မယ်ကွာ....”
“ ခင်ဗျား ရွေးတဲ့ အရောင်ကြီးတွေကလည်းဗျာ....မွဲခြောက်ခြောက်၊မှိုင်းတိုင်းတိုင်းတွေ...၊အပြာရောင်လေးယူ
ပါလား...”
“ကြိုက်ဘူး...ကိုယ့်လူ...ဒါမှဒါပဲ...”
ကျွန်တော့်သူငယ်ချင်းလည်း ပြောမရ လုပ်ချင်တာလုပ် ဆိုတဲ့ပြီး ကျွန်တော့်ကို လွတ်ထားလိုက်ပါတယ်။
သို့နှင့် ဘိနပ်ဆိုင်ဘက် ဆက်လက်ချီတက်ခဲ့ပါတယ်....။ဝယ်ဖြစ်ခဲ့ပါတယ်...အညိုရောင် ဝေါ့ကင်းရှူးလေးပါ...။
“ လုပ်ပြန်ပြီ...ခင်ဗျားကတော့လေ....ဘိနပ်ကြတော့လည်း အဖြူလေးဘာလေးမယူဘူး...၊ဝယ်လိုက်ရင် အရောင်
မထွက်၊အဆင်းမထွက်တွေ.....”
“ ဟကောင်ရ...ငါက အဲ့လိုအရောင်တွေပဲကြိုက်တာကိုး....”
“အင်းပေါ့လေ...ခင်ဗျားအသားအရောင်က အတော်ဖြူသကိုးဗျ...ဟင်...၊ခင်ဗျာ့ အသားအရေနဲ့ အဲဒီ အညိုရောင်
တွေနဲ့ တော့ ဟပ်နေတာပဲပေါ့ဗျာ...၊အဝတ်အစားဝယ်တယ်ဆိုတာက အစားအသောက်လို ကိုယ်ကြိုက်တာ ကိုယ်ဝယ်တိုင်း အဆင်ပြေတာဟုတ်ဘူးဗျ...။ကိုယ်နဲ့ လိုက်ဖက်မယ့် အရောင်အသွေး၊အဆင်လေးဘာလေး
ရွေးမှပေါ့...ခုတော့ဘယ်နှယ်....”
အနှီးသို့ကလို သူငယ်ချင်းက တလမ်းလုံး ကျွန်တော့်ကို ပွစိပွစိ လုပ်လာပါတယ်....။ကျွန်တော်ကတော့ သူပြော
ချင်တာပြော၊ကိုယ်ကြိုက်တာ ကိုယ်လုပ်ခဲ့ရတော့ ကျေနပ်နေတာပါပဲ....။
အမ်အာတီ မှာ လမ်းခွဲခဲ့ကြပြီး ဘာသာတစ်ယောက်တည်း ပြန်ခဲ့တဲ့ လမ်းခရီးမှာတော့ သူပြောခဲ့တဲ့ စကားတွေ
ကို အေးအေးဆေးဆေး စဉ်းစားမိပါတယ်...။
ဟုတ်ပါတယ်....။ကျွန်တော်က စိတ်ခံစားမှုကို ဦးစားပေးသူပီပီ၊ ဘဝလမ်းတစ်လျှောက်မှာ ကိုယ်ကြိုက်တာ၊
ကိုယ်လုပ်ချင်တာကိုပဲ လုပ်ခဲ့တာပါပဲ...။တချို့အလုပ်တွေက ကိုယ့်ကို အကျိုးမပေးဘူးဆိုတာ၊မကောင်းဘူး
ဆိုတာသိပေမယ့် အသိခေါက်ခက် အဝင်နက်ခဲ့ပါတယ်...။လုပ်သင့်တာတွေကိုလည်း မလုပ်ချင်စိတ်တခုတည်း
နဲ့ မလုပ်ပဲနေခဲ့ပါတယ်...။ရှေးကံလေးကောင်းနေလို့သာ ဒီလောက်အဆင်ပြေနေတာရယ်...။
တကယ့်တကယ်မှာ ကျွန်တော်တို့ဟာ ဘဝမှာ ကိုယ်နဲ့ လိုက်လျော်ညီထွေရှိမယ့်၊ကိုယ့်ဘဝအတွက်အဆင်ပြေ
မယ့် အလုပ်တွေ၊အရာတွေ၊လုပ်သင့်လုပ်ထိုက်တာတွေကို ကိုယ့်စိတ်ကြိုက်မဟုတ်တောင်မှ ရွေးချယ်သင့်တာ
အမှန်ပါ...။တနည်းအားဖြင့်အကြိုက်ထက် အလိုက် ကိုပဲ ဦးစားပေးသင့်ပါတယ်....။
ဒါပေမယ့်...ဒါပေမယ့်ပေါ့လေ...ကျွန်တော်ဆိုတဲ့ကျွန်တော်ကလည်း....တော်ရာမှာမနေ၊ပျော်ရာမှာနေချင်တဲ့သူ၊
လုပ်သင့်တာထက် လုပ်ချင်တာကိုပဲ လုပ်ချင်ခဲ့တဲ့သူ၊ အလိုက်ထက် အကြိုက်ကိုပဲ ရွေးချယ်ချင်တဲ့သူ.....။
အဲဒီ အတွက် နောင်တရခဲ့သလားဆိုတော့လည်း ဘယ်တုန်းကမှ မရခဲ့တဲ့သူ....။
အင်း...ပြင်တော့ပြင်ရဦးမှာပါလား....လို့ တော့ ဘာသာတွေးမိပါရဲ့....။
ကဲ...ကိုယ့်ဆရာတို့၊ကိုယ့်ဆရာမတို့ရော....ဘဝမှာ ဘာကိုဦးစားပေးခဲ့ပါသလဲခင်ဗျ....။ဘာကို ဦးစားပေးသင့်
တယ်လို့ရော...ထင်မြင်ယူဆမိကြပါသလဲခင်ဗျာ...ပြောကြည့်ခဲ့ကြပါဦးနော့...။
Wednesday, December 1, 2010
you are not alone
ခုတလောနားထောင်ဖြစ်တဲ့သီချင်းပါ.....
လေးဖြူရဲ့ မင်းလေးကို ချစ်လို့....နားထောင်တိုင်းခံစားရတယ်....
Monday, November 29, 2010
ကျေးဇူးတင်ခြင်း
ခုတလော စိတ်ထဲမပျော်ဘူး.....။စိတ်ညစ်စရာတွေနဲ့လုံးလည်ပတ်ချာလည်နေပါတယ်...။မြန်မာပြည်ပြန်ချင်စိတ်
တွေပေါက်လာတယ်...။ပြန်မယ်လို့ဆုံးဖြတ်လိုက်မိတယ်....။ရက်တောင်ရွေးပြီးပြီ...။တော်ပါပြီလေ....ဒီလောက်ဆို
လို့ ဘာသာဆုံးဖြတ်လိုက်တယ်...။သူငယ်ချင်းတွေကို ပြောမိတော့ အားလုံးကဝိုင်းတားကြတယ်...။သူတို့အလည်
ပြန်ဖြစ်တဲ့ မြန်မာပြည် လက်ရှိအခြေအနေကို ပြောပြပြီး ဒီမှာပဲ အဆင်ပြေအောင်ကြည့်နေဖို့ ပြောကြပါတယ်။
အလုပ်ပြောင်းဖို့ တိုင်ပင်ကြည့်တော့လည်း၊လောလောဆယ်ငြိမ်နေဖို့၊အရင်လိုမဟုတ်ပဲ ရီဂျက်တွေ ထိနေတဲ့
အကြောင်း တရုတ်နှစ်ကူးပြီးမှ ကြိုးစားသင့်ကြောင်း ဦးလေးတော်ကရော၊သယ်ရင်းတွေကပါ ပြောကြပါတယ်။
ဒီလိုနဲ့ဆုံးဖြတ်ချက်ကိုပြန်ပြင်ရပါတယ်....။မပြန်သေးပဲ၊အလုပ်ပြောင်းဖို့လဲမကြိုးစားသေးပဲ...ငြိမ်ငြိမ်လေးနေဖို့ပါ။
ကျွန်တော်က စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့သူ...၊ဖျက်ကနဲပေါ်ရင် ဆက်ကနဲထလုပ်တတ်တဲ့သူ၊
စိတ်ညစ်တဲ့ဒဏ်ကို မခံချင်တဲ့သူ၊စိတ်ဖိစီးမှုနဲ့ မတူမနေနိုင်တဲ့သူ၊ဒီလိုလူတစ်ယောက်အတွက် စိတ်ညစ်လာတဲ့
အခါ၊စိတ်ဆင်းရဲလာတဲ့အခါ ဘာမှလုပ်ခွင့်မရတဲ့ အခါမှာ ထွက်ပေါက်တစ်ခုလိုလာပါပြီ။
ဘာသာရေးလား....။ဟင့်အင်း...။မလုပ်ချင်ဘူး...။ကိုယ်အဆင်ပြေနေတုန်းက လှည့်မကြည့်ခဲ့ပဲ အဆင်မပြေ
ကာမှ ဘုရားကို အပူမကပ်ချင်ပါဘူး..။စိတ်ငြိမ်းချမ်းမှုကို ဘာသာရေးနဲ့ရှာသင့်ပေမယ့် မလုပ်ချင်လို့မလုပ်ဖြစ်
ခဲ့ပါ..။ဒီတော့ ဘယ်တုန်းကမှ မစဉ်းစားမိတာတွေလုပ်ဖြစ်တယ်...။သိကြတဲ့အတိုင်း ကလပ်တတ်ကြည့်တယ်။
ပိုတောင်စိတ်ညစ်မိသေး(ကျွန်တော်နဲ့မှ မအပ်စပ်တာကြီး :) )။ဂေလန်းဘက် သူငယ်ချင်းတွေနဲ့သွားတယ်။
ကလေးမတွေလျှောက်ကြည့်ပြီး သူတို့ကို သနားစိတ်လည်းဝင်၊စိတ်လည်းကုန်လာတာနဲ့ လှည့်ပြန်လာရတယ်။
ဘီယာသောက်ပလိုက်တယ်...။မူးတုန်းခဏပါဘဲ..။နောက်နေ့ရောက်တော့ ပိုလို့တောင် စိတ်ဓာတ်ကျလာသေး။
ဒါနဲ့နောက်ပိုင်းမသောက်ဖြစ်တော့ပါဘူး...။ဒီတော့ ဘာလုပ်ပါသလဲ...။စာတွေပဲဖတ်ဖြစ်တယ်...။ဘလော့တကာ
လိုက်ဖတ်တယ်...။တွေ့သမျှလင့်တွေ အကုန်ဖတ်တယ်...။ကွန်မန့်တွေရေးတယ်...။ဒီမိုဘလော့တွေလည်းဖတ်၊
နအဖတွေလည်းဖတ်၊ဟာသတွေလည်းဖတ်၊ဘဝတွေလည်းဖတ်၊ကိုယ့်ဘလော့မှာလည်း လင့်ချိတ်၊ညညဆို
လက်တော့လေးနဲ့တကုတ်ကုတ်....။
ဘာပဲပြောပြော ကိုယ်လုပ်ချင်တာလေးကိုလုပ်နေရတော့ စိတ်ကလေးက နဲနဲ အနယ်ထိုင်လာတယ်..။ဘာသာ
လည်း အသင့်အတင့်နှလုံးသွင်းပါတယ်...။ဒီလိုနဲ့ ခက်ခဲတဲ့နေ့ရက်တွေကို တဖြည်းဖြည်းကျော်လွန်ဖြတ်သန်း
ခဲ့ရပါတယ်...။
အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်...။တကယ်ကို ကျေးဇူးတင်တာပါ...။
ဘယ်သူတွေကိုလည်းဆိုတော့....
ဘလော့လေးတွေဖွင့်ပြီး ကိုယ်ရေးချင်သမျှ၊ရေးတတ်သမျှ၊ရေးနိုင်သမျှ ရေးပေးကြတဲ့ ကျွန်တော် လိုက်ဖတ်ဖြစ်
တဲ့၊ကျွန်တော်လိုက်မဖတ်ဖြစ်သေးတဲ့ ဘလော့ဂါတွေအားလုံးကိုပါ...။
ပြီးတော့ ကျွန်တော်ရေးသမျှ ပေါက်ကရတွေကို အချိန်ပေးပြီးလာဖတ်ကြတဲ့ သူအားလုံး၊ကွန်မန့်သွားကြသူတွေ၊
မမန့်ဖြစ်တဲ့သူတွေ၊စီပုန်းကအော်သွားသူတွေ၊တိတ်တိတ်လေးပြန်သွားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
ပြီးပြောချင်တာတခုက ဘလေ့လေးမှာ ရေးချင်တာချရေးလိုက်လို့ စာလာဖတ်သူတွေ အကျိုးတစ်စုံတစ်ရာ
မရမှာ ပူတတ်ကြတဲ့သူတွေကိုပါ....။ရေးချင်တာသာစိတ်ထဲရှိရာချသာရေးကြပါ...။ဖတ်နေရရင် စိတ်ချမ်းသာ
မှု ရတတ်တဲ့သူတစ်ယောက် ဟောဒီနားခိုရာရပ်ဝန်းလေးမှာ ရှိနေသေးတဲ့အကြောင်းပါ...။
(အထူးသဖြင့် ရေးချင်တာရေးတတ်တဲ့၊ကျွန်တော်လည်း ပေါက်ကရတွေ မန့်ဖြစ်တဲ့ အစ်မကွန်၊စာကောင်းတွေ
မပြတ်ရိုက်တင်ပေးနေတဲ့ ကျွန်တော်ရေးသမျှ မညီးမညူ ကွန်မန့်ပေးတတ်တဲ့ အစ်မရွေစင်၊ကျမ်းမာရေးဂရုစိုက်
နေရတဲ့ကြားက ဟာသတွေနဲ့ စိတ်ဖြေရာပေးနေတဲ့ ကိုကြီးကျောက်၊သရော်တော်တော်နဲ့ လေးနက်တဲ့ အတွေး
တွေပေးတတ်တဲ့၊မန့်လို့လည်းမရ၊စီပုံးလည်းမထောင်တဲ့ ကိုဇတ်ဖျာ့(အင်း အဲ့လိုအသံထွက်ရထင်ရဲ့ :D)၊
ပြီးတော့ ကျွန်တော့်ဘလော့လေးကြည့်ပျော်ရှုပျော်ဖြစ်အောင် နည်းပညာအကူအညီ အများဆုံးယူရတဲ့ ကေပီ
သရီးမိသားစ
ု၊ စာရေးကြဲပေမယ့် အဟောင်းတွေပြန်ပြန်ဖတ်ဖြစ်တိုင်း စိတ်ကြည်နူးရတဲ့၊ကျွန်တော့ကို ဘလော့
ရပ်ဝန်းလေးထဲ (သူကိုယ်တိုင်တောင်မသိလိုက်ပဲ)ဆွဲခေါ်လာခဲ့တဲ့ အစ်မမိုးချိုသင်း၊ ကျွန်တော့ ဘလော့လေးမှာ
ပထမဆုံးအဖြစ်ကွန်မန့်ရေးပြီးအားပေးခဲ့တဲ့ chocothazin၊ကိုမောင်မျိုး၊အစ်မလသာည၊ဂျပန်ကားလေးကြည့်
ချင်ပါတယ်ဆိုလို့ တတန်တက စီပုံးကလာပေး ပေးတဲ့ ကိုရွာသားလေး၊မြန်မာပြည် ကိုးနတ်ရှင်အခက်အခဲကြား
ကဝင်ဝင်လာရှာတဲ့ ညီမနှင်းမိုးနဲ့ ညီ နတ်ဆိုးလေး။စီပုံးမှာ ပထမဆုံးနှုတ်ဆက်အားပေးတဲ့ အစ်မငယ်နိုင်
အစ်မချစ်ကြည်အေး၊မယွန်း နဲ့ မပူးတေ...၊နောက်....အားလုံး.....အားလုံး....အားလုံး.............။)
ဒီလထဲမှာ ကျွန်တော့်ဘလော့လေး ခြောက်လပြည့်ပါတယ်....။ကိုယ့်ဘာသာ စိတ်ညစ်နေလို့ ကိုယ့်ဘလော့ ကိုယ် ခြောက်လပြည့်မှန်းတောင် သတိမရမိပါဘူး...။တလောက ဝါကာဝါကာသီချင်း ပြန်ရှာရင်းနဲ့ ကမ္ဘာဖလား
ဘောပွဲကို ပြန်သတိရမိပါတယ်...။ဒီတော့မှ ကျွန်တော်ဘလော့ရဲ့သက်တမ်းကိုတွက်မိပါတော့တယ်...
(ကျွန်တော်ဘလော့လေး စရေးတဲ့လက ကမ္ဘာဖလားကန်တဲ့ ဇွန်လကိုးခင်ဗျ....)
ဒါနဲ့ပဲ ခြောက်လပြည့် အမှတ်တရလည်းဖြစ် ကျေးဇူးတင်ထိုက်သူတွေကိုလည်း အမှတ်တရဖြစ်အောင် (တနည်း
အားဖြင့်တော့ ဆားချက်တာ...း) )။ဒီပို့စ်လေးကို ရေးလိုက်ရပါကြောင်း......။
Thursday, November 25, 2010
အလွမ်းရောင် အမှောင်ညများ
အစိမ်းရင့်ရင့်တွေ အုံ့မှိုင်းနေတဲ့ ငါ့ရဲ့ အမှောင်ညတွေမှာ....
နင့်အကြောင်းတွေက တမိုးလုံးဖျောက်ဆိတ်ပါလား....ဟန်နီ...။
ကြားခဲ့ရတဲ့ ကြည်လျလျ စကားသံတွေ....
မြင်ယောင်မိနေတဲ့ ချိုမြမြ နှုတ်ခမ်းပါးလေးတွေ...
မေ့မရတဲ့နောက်တော့ သတိတရနဲ့ လွမ်းခွင့်ပြုပါတော့.....။
ချစ်မိခြင်းဆိုတာ အဆိပ်ခတ်ထားတဲ့ ဝိုင်ချိုချိုတစ်ခွက်ကိုမှ
တရှိုက်မက်မက် သောက်သုံးခြင်းတဲ့လား...။
ကြည်နူးခြင်းတွေ ဝင်ခွင့်မရတဲ့နောက်...
ကြေကွဲခြင်းတွေက ခေါင်းဝင်လို့ ကိုယ်ဆန့် ခဲ့ပြီပဲ....။
အရာရာ ပြန်ဖန်တီးခွင့် ရှိခဲ့ရင်တောင်.....
အဲဒီကြေကွဲခြင်းတွေကို ဒီအတိုင်းထားခဲ့မှာပါ...။
ရှိပါစေ...ရှိပါစေတော့လေ.....
ချစ်ခြင်းတွေမှ အစေ့အငြောင့် မပေါက်သေး....
အလွမ်းတွေက အုတ်အော်သောင်းတင်း ပွင့်ခဲ့ပြီကော....။
Tuesday, November 23, 2010
မော်ဒန် အန်းတိတ်
၁၇း၀၀။ ။
“အကို...ဒီနေ့ စနေနေ့နော်...ညကျရင် သွားကြမှာ လိုက်မယ်မဟုတ်လား...”
“အေး...အေး...လိုက်တာပေါ့ညီရာ.....လိုက်တာပေါ့...”
(အင်း....အမှန်တကယ်ကသိပ်မလိုက်ချင်ပါဘူး...။လျှာရှည်ထားမိတာကလည်းရှိ၊အတွေ့အကြုံလေးလည်းရချင်၊
ခေတ်မှီမှီလေးလည်းဖြစ်ချင်လေတော့....မငြင်းခဲ့ပါဘူး...)
၂၁း၁၅။ ။
“နဲနဲတော့ချပါလားအကိုရ..၊နို့မို့ဆို အထဲမှာ ကြောင်တောင်တောင်ကြီးဖြစ်နေမှာပေါ့...”
“တော်ပါပြီညီရာ....၊ဒီမှာ ဘီယာနှစ်ဘူးတောင်ကုန်သွားပြီပဲ...အတော်ပါပဲ...”
(ချတော့ချချင်တာအမှန်...၊တော်ပါပြီလေ...ဆယ်နှစ်ကျော်သောက်ခဲ့ပြီးပြီပဲ...။ကိုယ့် ကိုသူများတွေ မလေးစားခဲ့ရင်တောင်မှ ကိုယ့်ဘာသာကိုယ် လေးစားစိတ်လေးဝင်အောင်ချထားခဲ့တဲ့ဆုံးဖြတ်ချက်လေးကိုတော့
ထိန်းထားမှ လို့ ဘာသာ စိတ်ထိန်းထားလိုက်တယ်)
၂၃း၀၀။ ။
“ ဟ...ဟ..များလှချည်လား..လူတန်းကြီးက..ဒီလူတန်းကြီးနဲ့ဆို ငါတို့ ဘယ်အချိန်မှ အထဲရောက်ပါ့မလဲ..”
“အင်း..မနက် ၁နာရီလောက်မှ အထဲရောက်မှာ..ဒါပေမယ့် ကျွန်တော်တို့က တန်းဝင်စီမှာမှ မဟုတ်တာ အကိုရ...အေးဆေးပါ..”
“ အန်...ဘယ်လိုဝင်မှာတုန်း...”
“ နေဦး...ဖုန်းဆက်ပြီးခေါ်လိုက်မယ်...လောလောဆယ် ကျွန်တော်တို့က ငါးယောက်ဆိုတော့ ၁၀၀ အရင်ထုတ်ထားရမယ်...”
( သူ ဖုန်းဆက်ပြီး ခဏနေတော့ လူတစ်ယောက်ထွက်လာပါတယ်...။အဲ့လူနဲ့ သူ စကားနဲနဲပြောပြီး သကာလ...
အဲ့လူကပဲ ဦးဆောင်ပြီးကျွန်တော်တို့ကို ခေါ်သွားပါတယ်...။အစောင့်လူမည်းထောင်ထောင်မောင်းမောင်းကြီးကို
သူ့လူတွေပါလို့ပြောပြီးခေါ်သွင်းလိုက်တယ်ခင်ဗျ...။အော်....ပိုက်ပိုက်...ပိုက်ပိုက်....၊ဒီလိုနိုင်ငံမှာတောင်
ဒုတိယဘုရားသခင်နေရာက တပြားမှကို မလျော့ပါလား...။ )
၂၃း၂၀။ ။
ဝင်ဝင်ချင်းရင်ဝကို ဝင်စောင့်တာက တီးလုံးသံ....။စောင့်ကြိုနေတာက ဖြူနီပြာဝါ ရောင်စုံစလိုက်မီးရောင်...။
တွေ့လိုက်ရတာက လူတွေ၊လူတွေ...။ဖြူဖြူ၊ညိုညို၊ကြီးကြီး၊ငယ်ငယ်၊ကျားကျား၊မမ၊လှတပတ၊မလှတလှ၊
အရောင်စုံ၊အသွေးစုံ၊လူမျိုးစုံ၊တရုပ်၊ကုလား၊ဥရောပသားတွေ..၊ပြီးတော့ ဒို့ ရွေမြန်မာတွေ....။
စလိုက်မီးရောင်အောက်မှာ ဒီဂျေတေးသွားအတိုင်း လှုပ်ရမ်း၊ကခုန်၊ပျော်မြူးနေကြပါတယ်...။အလယ်လောက်
မှာ စက်ဝိုင်းပုံစတိတ်စင်နှစ်ခု ယှဉ်လျက်ရှိပါတယ်...။တခုကကျားအတွက်၊တစ်ခုက မအတွက်ပါ..။
ကောင်လေးတစ်ယောက်က မအတွက်ထားတဲ့စင်ပေါ်တက်ရှိတ်တော့ ချက်ချင်းဆိုသလိုအစောင့်မလေးကြီး
ရောက်လာပြီး ဆင်းခိုင်းပါရော...။
စင်တွေပေါ်မှာလည်း အပြည့်ကနေကြတယ်။စင်အောက်ကလူတွေကလည်း (ကျွန်တော်ကလွဲလို့ )အားလုံးလိုလို ကနေကြတယ်။တဖြေးဖြေးလူတွေများသထက်များလာပါတယ်...။တိုးကြ၊ခွေ့ကြ....၊ကောင်မလေးတွေလည်းတိုး၊
ကောင်လေးတွေကလည်းတိုး၊အားနာလို့ ရှောင်ပေးရင်း၊ဖယ်ပေးရင်း နဲ့ ဒီဂျေနဲ့ လုံခြုံရေးသမားတွေ နေတဲ့ အခန်းလေးရဲ့ရင်စို့လောက်ကာထားတဲ့ နံရံနဲ့ ကျော ကပ်မိသွားပြီ..။ဒီထက်ရှောင်လို့ရတော့ဘူး...။
ဒီဂျေ့ အခန်းထဲဝင်နေမှ..လို့တောင်တွေးမိသေး....။
၂၄း၀၀။ ။
“ဟေ့လူကြီး...အဲ့မှာ ဘာလုပ်နေတာလဲ လာ...လာ...ကစမ်းပါဗျာ...စိတ်လွတ်၊ကိုယ်လွတ်ပေါ့...ညစ်နေတာတွေ တေးသွားနဲ့မျှောပစ်လိုက်စမ်းပါ...”
အဲဒါနဲ့ ကပါတယ်....ဘယ်လိုကသလဲဆိုတော့..သူတို့ကသလိုလက်ညှိးလေးနှစ်ချောင်းထောင်လို့၊လက်ကိုလေထဲ
မှာမြှောက်မြှောက်ပြီးကပါတယ်...၊“.... မင်းရဲ့ လက်တွေ လေထဲမှာ မြှောက်ထားလိုက်...”ဆိုသလိုပေါ့ဗျာ...။
အင်း...သူတို့ ကတာတော့ကြည့်လို့ကောင်းသား..ကိုယ် ကတော့ မနှဲလေးနတ်ပူးနေသလိုဖြစ်နေတယ်ထင်ရဲ့..:)
၂၄း၃၀။ ။
လူတွေ ဒီထက်ပိုများသထက်များလာပါတယ်..၊ကြပ်သထက်ကြပ်လာပါတယ်....။လက်ကို လေထဲမြှောက်ထားရတာညောင်းလာပြီ။
မမနှဲလည်း စိတ်ညစ်ပြီးထွက်သွားလောက်ပြီ..။ဒီတော့ သူရို့လို လက်သီးကိုဖွဖွဆုပ်၊လက်ကို ရင်ဝမှာ အပ်ပြီး စည်းချက်ညီညီ ရှိတ်
ပါတယ်...။
(အချိုးကျကျ ကြည့်ကောင်းလိုက်ပုံက မြန်မာ့ရိုးရာ လက်ဝှေ့ပွဲမှာ လက်ဝှေ့ရေးပြနေပုံ ကိုသာမြင်ယောင်ကြည့်ကြပါကုန်....)
၀၁း၁၅။ ။
ဒီထက်...၊ဒီထက်...ပို၍၊ပို၍....ကြပ်လာပါပြီ....။ရှေ့ကတိုးတယ်....၊နောက်ကိုရို့ပေးတော့နောက်လူနဲ့ထိတယ်...။
နောက်ကတိုးတယ်..၊ရှေ့ကို ရို့ပေးတော့ ရှေ့လူနဲ့ထိတယ်...။ကျား နဲ့ မ၊ မ နဲ့ ကျားထိမိ၊ပွတ်မိတယ်...၊
ကျား ကျား ချင်း၊မ မချင်းလည်း ထိမိ၊ပွတ်မိတာပဲ...။
( အင်း....ဒါကြောင့် ရှေးရှေးက ပွတ်သဘင် လို့ ခေါ်ကြပေတာကိုး..လို့ ရှေးလူပီပီ တွေးမိပါတယ်....)
၀၁း၅၀။ ။
“.........tsamina...mina...eh.....eh....waka....kaka...eh...eh....tsamina...mina...zangalewa...this time for africa..... ”
ရှာကီရာတွေ...ရှာကီရာတွေ.....ဒီသီချင်းကို ဒီဂျေက မစ်စ် လိုက်တော့ စင်ပေါ်ကကောင်မလေးတွေရော...
စင်အောက်ကကောငိမလေးတွေပါ အကုန် ရှာကီရာလေးတွေဖြစ်ကုန်ရော....။တချို့ဆို...လက်အုပ်လေးချီ...
ခါးလေးတွေတောင် လှုပ်လိုက်သေး....။သည့်စ်တိုင်းဖော်....ပျော်ပျော် ပါးပါး...က ပေါ့လေ.....။
၂း၁၅။ ။
မောလာပြီ...၊ညောင်းလည်းညောင်းလာပြီ...၊အာတွေလည်းခြောက်လာပြီ..။အထဲမှာဈေးအရမ်းကြီးတယ်..၊ဘာမှ
ဝယ်မသောက်နဲ့ဆိုလို့ ဝယ်မသောက်ရဲဘူး....။လူတွေကတော့ လေဒီဂါဂါနဲ့ ဟုတ်နေကြပြီ...။
၂း၄၀။ .
သီချင်းသံရပ်သွားတယ်....။စလိုက်မီးတွေပိတ်ပြီးရိုးရိုးမီးတွေဖွင့်လိုက်တယ်...။လူတွေရုပ်တရက်ကြောင်ကုန်ရော..။
ဒီဂျေက ခေတ္တအအေးသောက်ချိန်နားပါမယ့်အကြောင်း၊ဒီအတွက် ကလပ်ပိတ်ချိန်ကို ၅နာရီမှ ၆နာရီသို့ ရွေ့ပေး
ကြောင်းကြေငြာပါတယ်...။
ချက်ချင်းဆိုသလိုရဲတွေရယ်...၊မန်နေဂျာလို့ထင်ရတဲ့သူရယ်..၊ကိုယ်ပိုင်လုံခြုံရေးအစောင့်တွေရယ်ဝင်လာပါတယ်...။
ဘယ်သူ့ကိုမှ ဘာမှမမေးပါဘူး...။အနောက်ဘက် အခန်းတစ်ခုထဲတန်းဝင်သွားပါရော...။လူတွေလည်း တီးတိုးတီးတိုးတွေဖြစ်ကုန်ရော...။
အဖော်တစ်ယောက်ကတော့ပြောတယ်..။သူ အိမ်သာသွားတုန်းက ကောင်လေးတစ်စု ရုတ်ရုတ်၊ရုတ်ရုတ် ဖြစ်နေတဲ့အကြောင်း...၊ဒီကတိတွေ ပြဿနာရှာတာဖြစ်နိုင်ကြောင်း...။သူပြောလို့မှ မဆုံးသေးဘူး..ကောင်လေး ငါးယောက်၊ခြောက်ယောက်လောက်ကို ရဲကအနောက်ဘက်ခန်းထဲက ခေါ်ထုတ်သွားပါလေရော......။
ဦးဆောင်ခေါ်လာတဲ့ ညီငယ်ကပြောပါတယ်...“ကျွန်တော်ဒီလာတာအခေါက်ပေါင်းမနဲတော့ဘူး...၊ရန်တွေလည်း
ဖြစ်တော့ဖြစ်ကြတာပဲ။ဖြစ်လည်း လုံခြံရေးနဲ့ ရဲတွေရောက်လာပြီး ဖြစ်တဲ့သူတွေကို ဆွဲထုတ်ပြီး အပြင်က
ကွန်တိန်နာထဲ ပစ်ထည့်လိုက်တာပဲ၊ ဒါပေမယ့် ခုလို ပွဲရပ်လိုက်တာ ဒါပထမဆုံးကြုံတာပဲဗျ...၊ကြည့်ရတာ ခင်ဗျားပါလာလို့ ဖြစ်ရမယ်...” တဲ့...။
သူကနောက်လိုက်တာပါ...။ဒါပေမယ့် ကျွန်တော်က “ အော်..ငါ့နှယ်...ဒီခေတ်နဲ့ အပ်စပ်လိုက်ပုံများတော့ ပြောစရာကိုဖြစ်ရော...” လို့တွေးမိလိုက်သေး...။ဘာပဲပြောပြော အမောလည်းဖြေ၊အညောင်းလည်း ဖြေရင်း...
အချိန်ကိုအကျိုးရှိအောင်ထိုင်ငိုက်နေလိုက်ပါတယ်...။
၃း၁၅။ ။
ပြန်စပါပြီ...။မီးတွေမှိန်၊သီချင်းပြန်ဖွင့်လိုက်ပြီဆိုတာနဲ့ အားလုံးက တညီတညွတ်တည်း၊ ဝေး.....လို့အော်ကြတော့
တာပါပဲ...။ချက်ချင်းဆိုသလို အားလုံးဟာ သီချင်းသံနဲ့အတူ ပုံမှန်ပြန်ဖြစ်သွားကြပါတယ်...။ဒါပေမယ့်ကျွန်တော်
ကတော့ ပြန်ချင်ပြီ..။သွေးကအေးသွားပြီကိုး...။
၃း၃၀။ ။
ပြန်ကြရအောင်...လို့ အဖော်တွေကို ခေါ်ပြီး ပြန်ထွက်လာကြပါတယ်...။
၁၀း၀၀။ ။
“ ဘယ်လိုလဲ အကို...ညက အဆင်ပြေရဲ့လား...ပြန်ရတာ...၊ ပျော်ရောပျော်ရဲ့လား...”
“ အင်း...အဆင်ပြေပါတယ်ညီရ..ညီတို့ပြန်သွားပြီး ချက်ချင်း Taxi ရပါတယ်...၊ပျော်လည်း ပျော်ပါတယ်ဟ...”
“ နောက်တပတ် သွားရင်လိုက်ဦးမှာလား...”
“ အင်း..လိုက်တာပေါ့ကွာ...”
(ကိုယ်နဲ့ သိပ်တော့ မအပ်စပ်တာတော့အမှန်...ဒါပေမယ့် နောက်တခေါက် ထပ်သွားကြည့်ဦးမယ်....:D )
Friday, November 19, 2010
I'm my own grandpa
ဘာရယ်မဟုတ်ပါဘူး..။ပေါက်ပေါက်ရှာရှာလေးတွေ့မိလို့ ဆားချက်လိုက်တာ...။
Wednesday, November 17, 2010
ဘာလုပ်မှာလဲသူငယ်ချင်း
ဘာလုပ်မှာလဲ သူငယ်ချင်း
မြို့ကြီး ပြကြီးတဲ့လား.....
တောကြီးဥပဒေသက ဟုန်းဟုန်းထလို့ကောင်းတုန်း......
အဲဒီ မြို့တောကြီး အရိုင်းဆန်လိုက်ပုံက....
ကမ္ဘာဖြင့်မီးမလောင်သေး....
ကိုယ့်လည်ချောင်းသွေး ကိုယ်ပြန်သောက်နေပြီ.....။
ဟောဒီမြို့တောကြီးမှာ....
ဘုရားသခင်နဲ့ ဗြဟ္မစိုရ်တရား....
နှစ်ပါးစလုံးမတတ်နိုင်တာတွေ အများကြီး.....
ဒီတော့ သူငယ်ချင်း......မင်း.....
ကစားမှာလား....နားမှာလား.....
နားမှာဖြင့်နား....
ကစားချင်သပဆိုရင်....
သမင်လုပ်တမ်းလား...ကျားလုပ်တမ်းလား......
ခံစရာရှိခံ၊စားစရာရှိစား...
အရမ်းတော့ လွမ်းမနေပါနဲ့လား....။
Sunday, November 7, 2010
ကမ်းမဲ့တိမ်
“ ဂွတ်နိုက် ဘော့စ် ”
“ဂွတ်နိုက် လင်း.. ”
ကောင်တာမှာ တစ်နေ့စာ စာရင်းတွေချုပ်နေတဲ့ အရောင်းစာရေးမလေး လင်း ကို ပြန်နှုတ်ဆက်လိုက်ပြီး သူကား
ဆီသို့ ဆင်းလာခဲ့ပြီး အိမ်အပြန်လမ်းဆီသို့ကားကိုဦးတည်မောင်းနှင်လာခဲ့ပါတယ်...။PIEလမ်းမကြီးပေါ် ရောက်
တာနဲ့ကားကက်ဆက်ကိုဖွင့်လိုက်တယ်...။ထူးအိမ်သင်ရဲ့ကြယ်တွေစုံတဲ့ည သီချင်းသံက လွမ်းလွမ်းဆွေးဆွေး နဲ့
ရင်ထဲအထိအရောက်ဝင်လာခဲ့တယ်...။
အင်းးးးးးဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့ပဲ....။
သူ့ဘဝရဲ့ တဆစ်ချိုးအမှတ်တရနေ့တစ်နေ့ပါလား....။လွန်ခဲ့တဲ့ ၁၁နှစ်....ဒီလိုညမှာ သူပျော်ခဲ့သလား....၊
ဝမ်းနည်းခဲ့လား....၊သူမမှတ်မိတော့ပါဘူး...။အင်းးးးးးမမှတ်မိချင်တော့တာ၊မမှတ်မိချင်ယောင်ဆောင်နေခဲ့တာ
ဆိုရင် ပိုမှန်လေမလား...။လွန်ခဲ့တဲ့ ၁၁နှစ်၊ဒီလိုအချိန်မှာ သူတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဆင်နွှဲနေခဲ့တာပဲ...။
“ ......မျှော်လင့်ခြင်းများရယ်...အိမ်ပြန်ချိန်များရယ်.....” ထူးအိမ်သင်ရဲ့ကရုဏာသံက ငြိမ့်ငြိမ့်လေးထွက်ပေါ်နေ
ဆဲ..သူ ကားကို လမ်းမကြီးပေါ်မှ အိမ်ရှိရာ Eunos exit ဆီသို့  ကွေ့ထွက်လာခဲ့ပါတယ်....။နောက် ငါးမိနစ်ဆို သူ့ အိမ်ရှိရာသို့ရောက်တော့မှာပါ။ဒါပေမယ့်သူအိမ်မပြန်ချင်သေး...၊အထူးသဖြင့် ဒီလိုညမျိုးမှာ သူ မပြန်ချင်သေးပါ။
သူ့အတွက် အိမ် ဆိုတာ အဆောက်အအုံတစ်ခုဆိုတာထက် ဘာမှပိုလို့ အဓိပ္ပါယ်ရှိတော့တာမှ မဟုတ်တာပဲ...။
သူ့အတွက် အိမ်ပေါက်ဝမှာ စောင့်ကြိုနေမယ့်သူ တစ်စုံတစ်ယောက်မှ ရှိမနေခဲ့တာပဲလေ...။
ဒါဆို ဘယ်သွားရကောင်းမလဲ....။ကက်သရင်း ဒါမှမဟုတ် စင်ဒီ့ဆီ ဖုံးဆက်ပြီး ကလပ်သွား၊ အမူးသောက်လိုက်ရ
ကောင်းလေမလား...။ဟင့်အင်း....၊သူ ပူတဲ့အရက်နဲ့ လောင်တဲ့ရမ္မက်တွေ ကို မတပ်မက် မိတော့တာကြာခဲ့ပြီ..။
သူအခုချိန်မှာ တောင့်တနေမိတာက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ....။
ချစ်ခြင်းမေတ္တာဆိုတာနဲ့ အတွေးထဲကို အရင်ဆုံးဝင်ရောက်လာတာက အေးချမ်းတဲ့အပြုံးနဲ့ အမြဲနားလည်မှုပေး
နိုင်ခဲ့တဲ့ဖေဖေ....။ခုတော့ ဖေဖေတစ်ယောက် ငြိမ်းချမ်းရာဘုံဘဝမှာ ထာဝရအိပ်စက်အနားယူသွားပါပြီ..။
ပြီးတော့ တည်ကြည်၊ပြတ်သားတဲ့၊အမြဲတင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းတွေနဲ့အတူ နူးညံ့တဲ့မျက်ဝန်းတွေ
ပိုင်ဆိုင်တဲ့ မေမေ...။ပြီးတော့......ပြီးတော့.....မွန်.....မြတ်နိုးမွန်....၊အရည်လည်နေတဲ့မျက်လုံးဝိုင်းလေးတွေနဲ့
ချစ်တဲ့ မွန်....။
ဘယ်ဘက်ရင်အုံမှ စူးရှတဲ့ နာကျင်မှုကြောင့် သူ...အသက်ပြင်းပြင်းရှူရင်း ညာဘက်လက်ဖြင့် ရင်အုံကိုဖိထား
လိုက်မိသည်...။ရင်နာရပါတယ်လေ....။သူ ချစ်ခင်ရသူတွေ၊သူ့ကို ချစ်ခင်ခဲ့သူတွေအကြောင်းကို တွေးမိတိုင်း ယခုလိုဖြစ်ရတာကြာခဲ့ပါပြီ...။ဆေးရုံသွားပြီး နှလုံးကို စစ်ဆေးကြည့်ဖို့သူ မကြိုးစားခဲ့ပါ...။သူ ဘာဖြစ်နေတယ်
ဆိုတာ သူအသိဆုံးမဟုတ်ပါလား...။
စိတ်မှတ်မဲ့နှင့်ပင် သူ ကားလေးကို သူသွားနေကြ အရှေ့ဘက်ကမ်းခြေဆီသို့ ဦးတည်မောင်းနှင်နေမိသည်။
ကမ်းခြေမှ ကားပါကင်တွင် ကားရပ်ထားခဲ့ပြီး သူ ကမ်းခြေသို့ဆင်းလာခဲ့သည်။ကမ်းခြေကတော့ ခါတိုင်းလိုပင်
သူ့ကို တိတ်တိတ်ဆိတ်ဆိတ် ကြိုဆိုနေမြဲ...။ပိတ်ရက်လည်းမဟုတ်၊ညဥ့်လည်းနက်လှပြီမို့ ကမ်းခြေတွင် လူသူ
ကျဲပါးလှ၏။ထိုင်နေကြကျောက်ဆောင်မှာထိုင်ရင်း စီးကရက်တစ်လိပ်ကို မီးညှိ ရှိုက်ဖွာလိုက်မိသည်။
ကောင်းကင်ကိုမော့ကြည့်မိတော့ “ ည ” ကား ကြယ်တို့ဖြင့် စုံနေလေပြီ...။သူ့ရင်ထဲမှာတော့ ပကတိအမှောင်...။
“ ဖေဖေ....၊မေမေ.....၊မွန်ရေ....” သူ့နှုတ်မှ တိုးတိုးလေးရွတ်ဆိုနေမိပါတယ်....။စိုဆွတ်တဲ့ အတွေ့ကြောင့် ပါးပြင်
ကို စမ်းမိတော့ မျက်ရည်တွေ.....။ဒီကမ်းခြေ၊ဒီနေရာ၊ဒီလိုညမျိုးမှာ သူမျက်ရည်ကျခဲ့တာသုံးကြိမ်တိုင်ခဲ့ပါပြီ...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
လွန်ခဲ့တဲ့ ဆယ့်လေးနှစ်တာကာလ....သူ့အသက် ၁၉နှစ်သားအရွယ်....ဒီမြေကို ခြေချကာစမှာ နာကျင်စိတ်တို့နဲ့
သူ မျက်ရည်ကျခဲ့ရသည်...။၁၉၉၆ ခုနှစ်၊သူ တက္ကသိုလ်ဒုတိယနှစ်အရောက်မှာ ကျောင်းတွေပိတ်သွားပါတော့
သူတို့ကျောင်းသားတွေ အားလုံး ယောင်ချာချာဖြစ်ကုန်ကြရသည်။ရည်မှန်းချက်ကြီးကြီးထားတဲ့၊ချမ်းသာကြွယ်ဝ
မှုကို လိုချင်တဲ့ သူ့အတွက်တော့ အခုလို ယောင်ချာချာအဖြစ်မခံနိုင်ပါ...။ဒါနဲ့ သူ ဦးလေးတစ်ဝမ်းကွဲတစ်ယောက်
ရှိရာ ဒီနိုင်ငံကို စွန့်စားထွက်ခွာခဲ့ဖို့ ဆုံးဖြတ်ခဲ့မိသည်...။
ထိုစဉ်အချိန်ကတော့ သူ့ထံတွင် စိတ်ဓာတ်တစ်ခုကလွဲလို့ ဘာမှမရှိခဲ့ပါ။ဘာကြိုတင်ပြင်ဆင်မှုမှ မလုပ်နိုင်ခဲ့.....။
ကံကောင်းသည်က ထိုစဉ်အချိန်က ဒီနိုင်ငံတွင် တင်းကြပ်မှုတွေ ယခုအချိန်လောက်မရှိသေး...။ဦးလေးတို့ မြန်မာအလုပ်သမားတစ်စု ငှားနေသောအိမ်တွင် ခိုကပ်နေရင်း သူ အလုပ်တစ်ခုရဖို့အတွက် ကြိုးစားရသည်။
ဦးလေးဖြစ်သူကလည်း သူကိုယ်တိုင်ကပင် သာမာန်ဝပ်ပါမစ်သမားဖြစ်လေတော့ သူ့အတွက်အကူအညီ များများ
မပေးနိုင်ခဲ့....။ကျောချစရာတစ်နေရာ ပေးခဲ့သည်ကပင် ကျေးဇူးတင်စရာမဟုတ်ပါလား...။
သူ ရသည့်နေထိုင်ခွင့် တလ အတွင်း အင်တာဗျူးများစွာဝင်ရောက်ခဲ့သည်။စကားပြောကောင်းကောင်းမရသည့်၊
လုပ်ငန်းအတွေ့အကြုံမရှိသည်၊့ သာမာန်လူငယ်လေးတစ်ဦးသာဖြစ်သည့် သူ့အတွက် အဘယ်မှာ အလုပ်ရနိုင်
ပါမည်နည်း..။သည်လိုနှင့် နေထိုင်ခွင့်ကုန်ဆုံးတော့မည့်နေ့မတိုင်ခင် သုံးရက်အလိုတွင် သူ စတိုးဆိုင်ကြီးတစ်ခု
တွင် အင်တာဗျူးဝင်ဖြစ်ခဲ့သည်။
ဆိုင်ပိုင်ရှင်ဖြစ်သူကအသက်လေးဆယ်အရွယ်အမျိုးသမီးကြီးတစ်ဦး.....။သူမ မေးသမျှ သူကောင်းကောင်း မဖြေ
နိုင်ခဲ့ပါ။သုံးလေးခွန်းမေးအပြီးမှာတော့ သူ့ကိုမရွေးချယ်နိုင်သည့်အတွက် ဝမ်းနည်းပါကြောင်းပြောပါတော့သည်။
သွားပြီ...။သူ၏နောက်ဆုံးကောက်ရိုးတမျှင်ကို လက်လွတ်လိုက်ရပြီ...။မြန်မာပြည်ကို မချမ်းသာမချင်း ပြန်မလာ
ဟု သူကြွေးကြော်ခဲ့မိသည်...။ခုတော့ အရှုံးတွေနှင့် သူအိမ်ပြန်ရတော့မည်...။
ရုတ်တရက် သူ ထိုင်ခုံမှမထနိုင်ခဲ့ချေ....။သူ့ရင်ထဲတွင် ခါးသီးသောအရှုံး နှင့်နာကျင်ခြင်းတွေက တမြေ့မြေ့
လောင်ကျွမ်းလျက်....။“ မင်းပြန်လို့ရပြီလေ...” သူမ၏စကားသံက သူ့အတွက် ဗုံးတစ်လုံးနှယ် ပေါ်ထွက်လာ၏။
ဟုတ်သည်....။သူပြန်ရတော့မည်...။သို့သော် သူမပြန်ချင်သေး...။ “ မင်းမှာ ဘာအခက်အခဲ ရှိလို့လည်း...”
နောက်ဆက်တွဲ မေးခွန်းတစ်ခုအောက်မှာ ဆယ့်ကိုးနှစ်သားကောင်လေးတစ်ဦး၏ တိုးတိတ် ရင်ဖွင့်သံတို့က
ထစ်ငေါ့စွာပေါ်ထွက်လာခဲ့သည်...။
“ ကျွန်တော်ပြန်မှာပါ...။ကျွန်တော့်အိမ်ကို အပြီးပြန်ရမှာပါ...။ကျွန်တော့်နေထိုင်ခွင့်က ကုန်ဆုံးတော့မယ်လေ...။
ဒါပေမယ့် ကျွန်တော်မပြန်ချင်သေးဘူး...။အထူးသဖြင့် အရှုံးတွေနဲ့ မပြန်ချင်သေးဘူး...”
အဲဒီနောက်မှာတော့ သူမ၏ စိတ်ပျက်လက်ပျက်အကြည့်တွေကို ကျောခိုင်းရင်းသူပြန်လာခဲ့ရသည်။ညနေခင်း
တွင် ဦးလေးဖြစ်သူက စိတ်ပြေလက်ပျောက်အဖြစ် ကမ်းခြေသို့ လိုက်ခဲ့ဖို့ ခေါ်သဖြင့် သူ ဒီကမ်းခြေသို့ ပထမဆုံး အကြိမ်ရောက်ရှိလာခဲ့သည်။ဦးလေးတို့ ဝိုင်းဖွဲ့နေသည့်နေရာနှင့်မလှမ်းမကမ်း ကျောက်ဆောင်ပေါ်တွင် တစ်ဦး
တည်း ထိုင်ရင်း ဘဝရဲ့အရှုံးတွေကို သူ...နင့်နင့်နဲနဲခံစားနေမိခဲ့သည်။နာကျင်ဝမ်းနည်းစိတ်တို့ကြောင့် မျက်ရည်
ကျခဲ့ရသည်....။
“ ဟေ့ကောင်.....ဟေ့ကောင်....ဒီမှာဖုံးဝင်လာပြီ...မင်း လာမယ့်တနင်္လာနေ့ကစပြီး အလုပ်ဝင်ရမယ်တဲ့ဟ...”
ဦးလေးဖြစ်သူ လှမ်းအော်လိုက်တဲ့စကားကို ရုပ်တရက် သူသဘောမပေါက်မိသေး...။သူဒီနေ့ စတိုးဆိုင်အင်တာ
ဗျူးတစ်ခုပဲဝင်ခဲ့တာပဲလေ...။အဲဒီတစ်ခုကလည်း သူ့ကို ငြင်းဆိုခဲ့ပြီးပြီပဲ...။
“ မင်း မနက်ကသွားဗျူးတဲ့ စတိုးဆိုင်ကတဲ့...” ဦးလေးရဲ့နောက်ဆက်တွဲစကားသံကြားတော့မှ သူ ရှင်းသွားတော့
သည်။ဝမ်းသာလိုက်သည်မှာ ပြောစရာမရှိတော့...။ အံသြခြင်းများစွာလည်းဖြစ်ရ၏။သို့သော် အကယ်၍ သူသာ အနာဂတ်ကို နှစ်အနည်းကယ်ခန့်ကြိုမြင်တတ်သူသာဖြစ်ခဲ့လျှင်တော့ အံသြခြင်းဖြစ်လိမ့်မည်မဟုတ်ပါ...။
ဤသို့ဖြင့် သူ ၎င်းစတိုးဆိုင်ဝန်ထမ်းတစ်ယောက်၏ဘဝကို တတ်ကြွပျော်ရွင်စွာ စတင်ခဲ့သည်။သူ့တာဝန်က
လည်း ပေါ့ပေါ့ပါးပါးသာဖြစ်သည်။ဆိုင်အတွင်း ဈေးဝယ်သူတို့ဖွသွားသမျှကို စနစ်တကျ ပြန်လည် စီပေးရုံ၊
ဖုံခါပေးရုံ၊စင်များပေါ်တွင်တင်ထားသော ပစ္စည်းများ လျော့နည်းနေပါက စတိုခန်းလေးအတွင်းမှ ထုတ်ယူဖြည့်
တင်းပေးရုံမျှသာ...။
ဆိုင်တွင် မန်နေဂျာမှအစ ဝန်ထမ်းအားလုံးက သူ့အပေါ် ခွဲခြားဆက်ဆံသည်ကို သူကောင်းစွာ သတိပြုမိခဲ့သည်။
သို့သော် သူစိတ်မပျက်ခဲ့ပါ..။ဆိုင်ရှင်သူဌေးမ မှ သူ့အပေါ်နားလည်မှုပေးခဲ့သည်ပဲ...။သူ့အပေါ် ကောင်းမွန်၊
ချိုသာစွာဆက်ဆံပေးခဲ့သည်။သူ၏စကားပြောတိုးတတ်လာစေရန် သင်တန်းတွေတတ်စေခဲ့သည်။ကားမောင်း
သင်တန်းတတ်စေ၍ လိုင်စင်ရယူပေးခဲ့သည်။ယဉ်မောင်းလိုင်စင်ရပြီးသည့်နောက်မှာတော့ သူသည် တစ်ကိုယ်
တည်းနေထိုင်သူ သူမ၏ လက်စွဲ ဖြစ်လာခဲ့ပြီ...။သူမသွားလိုရာသို့ သူ လိုက်ပါမောင်းနှင်ပို့ဆောင်ပေးရစမြဲ....။
ဒီလိုနှင့် တရက်မှာ သူတို့ အိမ်ပြန်နောက်ကျခဲ့သည်။ထိုညက သူ နေထိုင်ရာ အခန်းသို့ ပြန်မအိပ်ဖြစ်ခဲ့ပါ....။
ထိုစဉ်အချိန်က သူ ပျော်ရွင်ကျေနပ်ခဲ့ပါသလား...။မှန်တာပြောရလျှင် သူကျေနပ်ခဲ့၊ပျော်ရွင်ခဲ့သည်မှာအမှန်..။
သူ့စိတ်ထဲတွင် ငွေရဖို့၊သူ့လျောက်လှမ်းနေသည့်လမ်းကြောင်းဖြောင့်ဖြူးနေဖို့သာ အာရုံရှိနေခဲ့သည်။ဒီကိစ္စနှင့်
ပတ်သက်၍လည်း ဒီနိုင်ငံ၏ဓလေ့၊ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟုပဲ သူခံယူထားခဲ့သည်။သူ့အတွက်အချိန်တန်လျှင် အရာ
အားလုံးကိုခွဲခွာ၍ အိမ်ပြန်မည်မဟုတ်ပါလား...။
သို့နှင့် သူ၏ပါမစ်သက်တမ်း နှစ်နှစ်ကုန်ဆုံးတော့မည်...။တနေ့တွင် သူမက သူနှင့်လက်ထပ်ဖို့ပြောလာတော့
သူ အံသြခြင်းကြီးစွာဖြစ်ခဲ့ရသည်။ဒါသူမျှော်လင့်မထားတဲ့အခြေအနေတစ်ရပ်နှင့် ထိတ်တိုက်တွေ့ဆုံလိုက်ရခြင်း
ပင်...။သူဘာလုပ်ရမည်နည်း...။သူ့တွင်ရွေးချယ်စရာရော အမှန်တကယ်ရှိပါရဲ့လား..။ပြီးတော့ သူကိုယ်တိုင်
လက်ရှိဘဝမှာ သာယာနေမိပြီ...။
သူလွယ်လွယ်ပင် ဆုံးဖြတ်ခဲ့ပါသည်...။သူ သူမနှင့်လက်ထပ်မည်။နိုင်ငံသားအဖြစ်ခံယူတော့မည်...။
ဖေဖေနှင့်မေမေ ကိုဖွင့်ပြောဖို့ရာ သူအတော်အားမွေးယူရသည်...။အထူးသဖြင့် မေမေ...။ဖေဖေကတော့ သူ့ကို
နားလည်ပေးမှာသေချာသည်။ထင်မှတ်ထားသည့်အတိုင်းပင် ဖေဖေက “ မင်းအရွယ်ရောက်ပြီပဲ...။ကိုယ်ဘာ
လုပ်နေတယ်ဆိုတာကိုယ်သိရင် ပြီးတာပဲလေ...၊တစ်ခုတော့ရှိတယ် လူဆိုတာ ကိုယ်စိုက်ပျိုးသမျှကို ကိုယ်ရိတ်
သိမ်းရတယ်ဆိုတာကိုတော့ သားသိထားပေါ့လေ...” ဟုပဲပြောခဲ့သည်..။
“ အေး ငါသေရင်လည်း ဘယ်တော့မှမလာနဲ့၊မင့်အကြောင်းလည်း နောက်ငါမကြားချင်ဘူး...။နင့်မှာ ခံစား တတ်
တဲ့ နှလုံးသား ရှိသေးရင်တော့ ငါ မိဖြူတို့သားအမိကို ဘယ်မျက်နှာနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ပြောခဲ့...”
မေမေ့စကားတွေက သူ့အတွက်တော့ ရင်ဝကို မြားအစင်းစင်းခ သလိုခံစားခဲ့ရသည်။ဟုတ်သည်...။သူမေ့ထား
ခဲ့သည်...။မမေ့နိုင်သည့်တိုင်မေ့ချင်ယောင်ဆောင်ထားခဲ့သည့် တစ်စုံတစ်ယောက်....။
မွန်.....။
သူ၏ ကျောင်းတတ်ဖော်သူငယ်ချင်းလေး....၊ငယ်စဉ်ကတည်းက တလမ်းတည်းအတူနေလာခဲ့သည့် ငယ်ပေါင်း။ ဆယ်တန်းအရောက်မှာ သူတို့နှစ်ဦး ချစ်သူတွေဖြစ်ခဲ့ကြသည်။ချစ်သူဖြစ်ပြီး ခြောက်လပင်မကြာ၊နှစ်ဘက်မိဘ
တွေသိသွားခဲ့သည်။အမေတစ်ခု၊သမီးတစ်ခု ဘဝမှာ မွန့်မေမေက ကျေနပ်သဘောတူခဲ့သည်။ဖေဖေနှင့်မေမေ
တို့ကမူပြောစရာမရှိတော့...။နာမည်နှင့်လိုက်အောင် မွန်ရည်သည့်၊အမြဲအားငယ်၊ရှက်ရွံ့နေတတ်သည့် မွန့်ကို
နကိုကပင် သူတို့သမီးငယ်လေးလိုသဘောထားခဲ့သည်ပဲ...။တစ်နေ့တွင် လက်ထပ်ပေးဖို့ သဘောတူခဲ့ကြသည်။
“ မွန်ရေ.....။ငါ့ကိုခွင့်မလွတ်ပါနဲ့....။ဒီဘဝတင်မဟုတ်၊နောင်ဘဝအဆက်ဆက် နင်..ငါ့ကို ခွင့်မလွတ်ပါနဲ့နော်...”
ထိုညက သူတစ်ယောက်တည်း ဒီကမ်းခြေမှာ လာထိုင်ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရင်း တိုးတိုးရွတ်ဆိုမိခဲ့သည်...။
ဒီနောက်တွင်တော့ သူ့ဘဝသည် လက်ညိုးညွှန်ရာရေ မဖြစ်သည့်တိုင် လိုတိုင်းရနိုင်သည့်ဘဝ....။အတိတ်ကို သူ
မေ့ထားလိုက်ပြီ....။အနာဂတ်ကို သူမစဉ်းစားတော့...။နိုင်ငံတလွား ဆိုင်ခွဲအတော်များများရှိသော လုပ်ငန်းရှင်
သူဌေးလေးဘဝကို သူရောက်သွားခဲ့သည်။အရှင်မွေးတော့ သူနေချင်းကြီးခဲ့ပြီ...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လွန်ခဲ့တဲ့ ၃နှစ်မှာတော့ သူ၏ကျေးဇူးရှင် ဆုံးပါးသွားခဲ့သည်...။ရှိရှိသမျှပစ္စည်းဥစ္စာတို့၏ ထက်ဝက်တိတိကို
သူပိုင်ဆိုင်ရရှိခဲ့သည်။သည့်နောက်တွင်တော့ သူ့ဘဝသည် မျောလွင့်နေသော တိမ်တိုက်ပမာပင်...။
သူနေချင်သလိုနေခဲ့သည်.....။သောက်သည်....။စားသည်...။မိန်းမချောလေးတွေကို ထည်လဲတွဲခဲ့သည်...။
သို့သော် သူမပျော်တော့....။သူ့တွင်ပျော်စရာတို့ရှားပါးလာခဲ့ပြီ....။အရာရာကို စိတ်တိုင်းမကျဖြစ်လာခဲ့သည်။
သူဘာလိုချင်သလဲဆိုတာ ဘယ်သူမှမသိတော့...။သူကိုယ်တိုင်ပင် သူလိုချင်နေသည့်အရာကို မသိနိုင်ခဲ့ပြီ...။
သူ...တစ်စုံတစ်ရာကို လိုက်ရှာနေခဲ့သည်...။ပြင်းပြသော ငတ်မွတ်ခြင်းဖြင့် သူလိုက်ရှာမိခဲ့သည်...။သို့သော်
ထိုအရာကား သူကျင်လည်ရာ ပတ်ဝန်းကျင်တွင်မရှိ.....။ထိုအရာကား သူနှင့်အဝေးဆုံးမှာ ကျန်ခဲ့ပြီ....။သူ ထား
ခဲ့သည့်နေရာတွင်ပင် ထိုအရာကားကျန်နေခဲ့ချေပြီ...။သူပြန်လှည့်ဖိုရာ မဖြစ်နိုင်တော့...။
သူစိုက်ပျိုးခဲ့သည့် သီးနှံကို ယခုချိန်တွင် သူရိတ်သိမ်းရချေပြီ....။
အရာရာကား သူ့အတွက်ပြီးဆုံးလေပြီ...။
သူ..ရှင်လျက်နှင့်သေရပြီ....။
~~~~~~~~~~~~~~~~~~~~~
ဤတွင်ပြီး၏ ဟူ၍၎င်း၊ ဤတွင်မပြီးသေး ဟူ၍၎င်း ယူသော်ရ၏
Sunday, October 31, 2010
အတို အစ လေးများ
မေးခွန်းတွေနဲ့ လူ
လူစင်စစ်က
သင်္ချာဘုတ်အုပ်ဖြစ်သွားတယ်
ရင်ထဲမှာ
အဖြေမရှိသေးတဲ့ ပုစ္ဆာတွေနဲ့....
ဘာသာ စစ်တဲ့ စာမေးပွဲမှာတောင်
ရမှတ်က ဘဲဥ မကွဲသေး...
<<<<<<<<<<>>>>>>>>>>>>
မိုးပျံပူဖောင်း
ကကြိုးရုပ်မဟုတ်လို့ ကြိုးမရှုပ်ခဲ့
လေနှင်ရာ လွင့်ရပေမယ့် ရွက် လည်းမပါခဲ့
အတောင်ပံမပါလို့ ပျံသည်လည်း မဆိုသာ....
အများသူငါလို ရှစ်ပါးမစုံတောင်....
လောကဓံတရားဆို နှစ်ပါးတော့ ကြုံပါရဲ့...
မြင့်လိုက်၊နိမ့်လိုက် နဲ့.......။
<<<<<<<<<<>>>>>>>>>>
ဇော်ကန့်လန့် ပရိုဖိုင်
အသက်ကလည်း မကြီးမငယ်...
ဘွဲ့လေးကလည်း တစ်ခုနဲ့တစ်ဝက်....
ငွေစကြေးစကလည်း မရှိမရှား....
ရတဲ့အလုပ်ကလည်း အထက်မရောက်အောက်မကျ....
ရုပ်ရည်ကလည်း ကြည့်ပျော်ရှုပျော်.....
ခံစားမှုနဲ့အတွေးတွေက မနိမ့်မမြင့်....
အင်း....ချစ်သူကလည်း မရေရာမသေချာ...
တော်ပါသေးရဲ့...မေမေ....
ကျွန်တော် ကျား၊မ ကွဲပါသေးတယ်........
( “ နင်ဟာလေ..အထက်မရောက်၊အောက်မကျနဲ့ တကယ့် ဇော်ကန့်လန့် ” လို့ အမြင်ကပ်ကပ်နဲ့ခေါ်တတ်တဲ့ ချစ်စွာသောမေမေ.... သို့ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ခါတစ်ရံမှာ ရင်ထဲမှာရှိတာတွေကို စာတပုဒ် အနေနဲ့ချရေးလို့ အဆင်မပြေတတ်တဲ့အခါ...၊ကျွန်တော်...
ကဗျာယောင်ယောင်လေးတွေ ရေးမိပါတယ်...။တကယ်တော့ ကျွန်တော် ကဗျာမစပ်တတ်ပါဘူး...။
သို့ပေမယ့် ကဗျာလို့ပဲ သဘောထားပေးကြပါလို့...။
Saturday, October 23, 2010
ဝါ ကားကျွတ်ချေပြီ....
အကျွန်ုပ်မောင်လေးသည်ကား ငယ်စဉ်ကပင်ရည်မှန်းချက်အလွန်ကြီးလေ၏။အဘယ်သို့သောအကြောင်းအရာ
မျိုးတွင်ရည်မှန်းချက်ကြီးကြီးမားမားထားခဲ့လေသနည်း...။ပညာရေးတွင်လော...။မဟုတ်...။တနေ့တွင်လူချမ်းသာ
ကြီးဖြစ်ရေးလော....။မဟုတ်ရေးချမဟုတ်...။သို့ကလိုဆိုသော် ဝါသနာပါရာ နယ်ပယ်တစ်ရပ်ရပ်၌ လျှမ်းလျှမ်း
တောက် အောင်မြင်ကျော်ကြားရေးလော....။တက်တက်စင်အောင်လွဲပါ၏။
သို့ဖြစ်ရကား...အဘယ်သိုသော ကိစ္စရပ်၌နည်း...။မောင်လေး၏မဟာရည်မှန်းချက်ကြီးကား ဃရာဝါသ ကိစ္စမြား
မြှောင် လူတို့ဘောင်၌ အိမ်ထောင်ပြုရေးတည်းဟူလို...။သို့သော် ရပြီးရော ဟူသည်လိုမျိုးကားမဟုတ်ချေ...။
ကျွန်ုပ်မောင်လေး၌ ထားအပ်သောစံသည်ရှိလေ၏။မှန်၏..။ဆယ့်ခြောက်နှစ်သား အရွယ်ကပင် အနှီးကိစ္စ၌
အကျွန်ုပ် လိုချင်သောအမျိုးသမီးစံ သည်ရှိလေသည်တမုံ...။ထိုစဉ်က တစ်နေ့ ငါယူမည့်မိန်းမသည်ကား...
ချောရမည်၊ပညာတတ်ရမည်၊ချမ်းလည်းချမ်းသာရမည်၊ပြီးတော့ အပျိုစင်လေးလည်း ဖြစ်ရမည် ဟူ၏။
သိုနှင့် ရှာ၏...။ရှာ၏...။မတွေ့ချေ...။တွေ့သော်...သူကားကျွန်ုပ်ကို မကြိုက်ရေးချမကြိုက်...။သို့နှင့် အသက်
နှစ်ဆယ်သို့တင်းတင်းပြည့်သော် ထားအပ်သောစံကို တစ်ထစ်လျော့လိုက်၏..။မိန်းမဟူသည် ပညာတတ်သော်
အင်မတန်မှ ကြီးကျယ်တတ်သောသဘောသည်ရှိကုန်၏။ပညာတတ်သောမိန်းမ ဘာလုပ်ရမည်နည်း...။
ချောမောလှပလျှင်၊ချမ်းသာကြွယ်ဝလျှင်၊နုနုထွတ်ထွတ်အပျိုစင်လေးဖြစ်လျှင် တော်ပြီဟူ၍ စံကိုပြင်၏...။
ထိုသိုတစ်ထစ်လျော့ပြီးသော် ရှာပုံတော်ဖွင့်လေ၏။တွေ့ကား တွေ့ပါသည်။သို့သော် သူရို့ကား အကျွန်ုပ်
အကောင်းစားလေးကို ယောင်လို့မှ စိတ်ကူးထဲမထည့်ကြကုန်...။ဤသို့ဖြင့် နှစ်ဆယ်ကျော် အစိတ်ပိုင်းသို့
အရွယ်တော် တဆိတ်ဟိုင်းလေသော်...မိမိစံ ကိုပြန်လည်၍ ဆန်းစစ်ရတော့သည်။ငါသည်ကား ကြိုးစားပမ်းစား
မဟားဒယား၊မတော်မတရားနည်းပေါင်းစုံဖြင့်စီးပွားရှာရကား အတော်အသင့်စုမိဆောင်းမိချေပြီ..။ချမ်းသာသော
မိန်းမ ဘာလုပ်ရပြီနည်း။ချောချောလှလှ နှင့် အပျိုဖြစ်လျှင် သင့်တော်ချေပြီ ဟူ၍ ဆင်ခြင်အောက်မေ့၏။
သို့နှင့်....သို့နှင့်...သို့နှင့်....။အပျိုချောတို့၏ မျက်ဆိ၌ အဘယ်သောတိမ်သလ္လာတို့ ဖုံးကွယ်လေသည်...မသိ...။
အကျွန်ုပ်မောင်လေးကိုသူရို့မမြင်ကြကုန်...။သို့ဖြင့်အကျွန်ုပ်မောင်လေးကားသုံးဆယ်သို့ပင်ကျော်လွန်လာချေပြီ။
အသက်သုံးဆယ်ကျော်၍ လူပျိုကြီးစာရင်းသို့ဝင်လေသော်...ကျွန်ုပ်မောင်လေးစိတ်၌ “မ”နှင့် ပတ်သက်လျှင်
လမ်းထိတ်က ကလေးသုံးယောက်အမေမုဆိုးမကြီးလည်း မဆိုးပါဘူး ဟုမြင်လာလေတော့သည်သတည်း....။
---------------------------------------------
သီတင်းကားကျွတ်လေပြီ...။သီတင်းကျွတ်သော် ကလေးတို့ပျော်ကြ၏။လူကြီးတို့လည်း စိတ်လက်ကြည်နူးကြ
ကုန်၏။အိမ်ထောင်ကျပြီးကုန်သော ဒွိယံဒွိယံ အပေါင်းတို့ကား တပြန်တလှည့် ဝါးတီးဖွင့်ရန်ပြင်ကြကုန်၏။
သို့သော် ကျွန်တော်တို့လို သုံးဆယ်ကျော်လူပျိုကြီးတို့ကား ရောဂါထကြကုန်၏။တနည်းဆိုရသော် ဝါကျွတ်ဖီဗာ
ဝင်ကုန်ကြ၏ဟူလို...။အင်မတန်မှလည်း မခံချိမခံသာဖြစ်ကြရကုန်၏။
အဘယ်ကြောင့်ဆိုသော် ဝါကျွတ်ပြီဆိုသည်နှင့် တွေ့သောသူအပေါင်းက “ ဟေ့လူကြီး ဘယ်တော့စားရမှာ
လည်းဗျ..” ဟူ၍တနည်း....၊ “ ဗျို့အကိုကြီး နောက်ကားတွေကျော်တတ်ကုန်ပြီ လုပ်တော့လေ...” ဟူ၍တဖုံ၊
“ ဟေ့ကောင် ငါ့ကလေးတောင် ကျောင်းထားနေပြီ...ဘယ်လိုတုန်းကွ ” ဆိုသည်က တမျိုး၊ အမျိုးမျိုး အဖုံဖုံ
ကဲ့ရဲ့သဂြိုလ်စကားတင်းဆိုကြလေသည်..။
အမှန်ကား ကျွန်တော်တို့လူပျိုကြီးများကား အပူမရှာလို၍ အေးအေးနေ နေကြခြင်း ဖြစ်ပါ၏။အပူရှာလိုသော်
ကျွန်တော်တို့နံဘေး၌ မီးကျီးခဲတို့သည်လည်းကောင်း၊အိုးကင်းပူတို့သည်လည်ကောင်း ပြည့်နှက်နေချေတော့
သည်သတည်း.....။
(ဘာရယ်မဟုတ်ပါဘူးခင်ဗျာ...။သီတင်းကျွတ်ပြီဆိုတော့ စိတ်လေးကြည်ကြည်သာသာရှိတာနှင့် ပေါ့ပေါ့ပါးပါး၊
ရယ်ရယ်မောမော လေးရေးလိုက်မိပါတယ်...။အပေါ်က ဟာသလေးက ဖတ်ခဲ့ဖူးတဲ့ မောင်ကောင်းထိုက်ရဲ့
ဟာသပဒေသာထဲက ဟာသတိုလေးကို ချဲ့ထွင်ရေးသားလိုက်ခြင်းပါခင်ဗျ...။ကြွရောက်ကြသူအပေါင်း
ကြည်နူးပျော်ရွင်ဖွယ်ရာ သီတင်းကျွတ်လပြည့်နေ့/ည ဖြစ်ကြပါစေကြောင်း.....။)
Wednesday, October 20, 2010
အိပ်စက်ခဲ့တဲ့ နေ့တွေ၊ညတွေ
ကျွန်တော်...အလျားလိုက်ကူးခတ်ခဲ့တဲ့ ရေစီးကြောင်းတလျောက်မှာ....
ဝမ်းသာစရာ နဲ့တွေ့တော့ ဝမ်းသာခဲ့..၊ ဝမ်းနည်းစရာနဲ့တွေ့တော့ ဝမ်းနည်းခဲ့..။
အချစ် နဲ့တွေ့တော့ ချစ်မိခဲ့...၊အမုန်း နဲ့တွေ့တော့ မုန်းမိခဲ့...။
အများမိုးခါးရေ သောက်တော့လည်း....တစ်ပေါက်၊နှစ်ပေါက် ဝင်သောက်မိခဲ့...။
သဗ္ဗေသင်္ခါရာ၊အနိစ္စာ...၊စိတ်တွေ ငြိမ်သက်သွားအောင်လည်း ခိုဝင်နားမိခဲ့...။
နောက်ကျောမှာလည်း ဓားတွေ အစင်းစင်း စိုက်ခဲ့...၊ရင်ဘတ်မှာလည်း အနမ်းတွေ တဖျတ်ဖျတ်ပွင့်ခဲ့..။
အဲဒီ ကိုယ်တိုင်ရေးပုံတူတစ်ချပ် အကြောင်း...မြက်ခင်းလေးကိုပြောလိုက်တော့...သူက...
“မင်း...တော်တော်လူပီသတာပဲ..ကဲ..အိပ်လိုက်တော့....အိပ်လိုက်တော့......” လို့ပြန်ပြောတယ်...။
ဒါနဲ့ ကျွန်တော်လည်း သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်လို့ နှလုံးသားကို ကွန်ရက်...၊
လမင်းကြောင့် လေလွင့်လာတဲ့ တိမ်တွေအပေါ် ဖြန့်ကျက်လိုက်တော့....၊
သူရို့ ရွာချလိုက်တဲ့ မျက်ရည်တွေနဲ့ နှလုံးသားတစ်ခုလုံး လောင်ကျွမ်းခဲ့ရ...။
ကျွန်တော်သူ့ကို ပြောခဲ့တယ်...ကိုယ်ဘာမှ မလိုချင်ခဲ့ပါဘူး...တကယ်လို့ လိုချင်တာရှိခဲ့ရင်တောင် ဒါဟာ
ယုံကြည်မှုနဲ့ နားလည်မှု တစ်ခုပါပဲ.....လို့...။
အဲဒီ မျှော်လင့်ခြင်းလေးအကြောင်း မြက်ခင်းလေးကို ပြောပြတော့ သူက...
“ မင်းကိုယ်တိုင်တောင်မှ မပေးနိုင်တာပဲကွာ....မယူချင်ပါနဲ့...ကဲ...အိပ်လိုက်တော့..အိပ်လိုက်တော့...”
လို့ပြန်ပြောတယ်...။
ဒါနဲ့ ကျွန်တော်လည်း သူ့ကျောပေါ် ပက်လက်လှန်...၊တပ်မက်ခြင်းကျည်ဆန်တွေနဲ့ ကြွေလုဆဲ ပင်လယ်ရေတွေ
ကို တပေါက်ချင်းခြွေချခဲ့တော့၊ကျွန်တော်ရရှိခဲ့တာက အမှန်တရားနဲ့ နာကျင်မှုတွေ...။
ကြည်နူးခြင်းလား၊ကြေကွဲခြင်းလား၊တမ်းတမှုလား၊တပ်မက်မှုလား၊
ဘာသာမကွဲပြားပဲ....ကိုယ့်နဖူးကို ကိုယ်ပြန်စမ်းမိတော့ ငါးရာနှစ်ဆယ့်ရှစ်ထက် တစ် ပဲပိုတဲ့ အပူချိန်နဲ့ ....
ငါ...ဖျားနေပါရောလား...။
အဲဒီလို မက်ခဲ့မိတဲ့ အိပ်မက်တွေအကြောင်း မြက်ခင်းလေးကို ပြောပြတော့သူက...
“ဆောင်းတွင်း အိပ်မက် ကယောက်ကယက်ပါကွာ...ကဲ...အိပ်လိုက်တော့အိပ်လိုက်တော့..” လို့ပြန်ပြောတယ်...။
ဒါနဲ့ကျွန်တော်လည်း သူ့ပခုံးပေါ် ခေါင်းအုံးလို့ ကိုယ်တိုင်ချန်ထားခဲ့တဲ့ ခြေရာတွေလိုက်ကောက်တော့၊ ကျွန်တော်
ရှာဖွေတွေ့ရှိခဲ့တာက ဆီသည်မ ရဲ့အက်ကြောင်းထပ် ဓာတ်ပြားချပ်တွေ....။
မြားအစင်းစင်း ရင်မှာ ခတော့ သစ္စာစကားတစ်ခွန်းလို အခါခါ မည်တမ်းမိတာက မေမေ...မေမေ...မေမေ...၊
မြားဆိပ်တက်နေသူရဲ့ ကယောင်ကတမ်း စစ်ချီတေးတစ်ပုဒ် အကြောင်း မြက်ခင်းလေးကို ပြောပြတော့ သူက...
“မင်းတမ်းတခဲ့တာမေမေလား၊မေတ္တာတရားလား၊မင်းဘေးမှာရပ်တည်ပေးမယ့် လူတစ်ယောက်လား....ကဲ
အိပ်လိုက်တော့...အိပ်လိုက်တော့...” လို့ပြန်ပြောတယ်...။
“ ဟင့်အင်း..ဒီတစ်ခါ မအိပ်တော့ဘူး သူငယ်ချင်းရယ်...ကိုယ်ထွက်သွားတော့မယ်....”
ကျွန်တော် မြက်ခင်းလေးကို နှုတ်ဆက်လို့ အရှေ့ဘက်က တိုက်ခတ်လာတဲ့ အနောက်လေနဲ့ အတူ ဖြစ်တည်ခြင်း
ခရီးလမ်း ကိုလှမ်းခဲ့မိပါတယ်...။
ဒီလိုနဲ့ ကျွန်တော်...ရုပ်ခန္ဓာက အခါခါ အိုမင်း...၊စိတ်အလျဉ်ကတော့ အကြိမ်ကြိမ်ပျိုပျစ်...၊
နှစ်များကြာတော့ မြက်ခင်းလေးဆီ ပြန်လည်ရောက်ရှိလာပါတယ်....။
“အိုး...မင်းပြန်လာပြီလား...”
“အင်း...ပြန်လာခဲ့ပြီ....၊ကိုယ်..ဟိုမှာ ချစ်ခဲ့မိတယ်လေ...၊ပြီးတော့ အသဲလည်း ကွဲခဲ့ပြီပေါ့...”
“မင်း ဘယ်သူ့ကို ချစ်ခဲ့မိလို့လဲ ”
“မိန်းကလေး တစ်ယောက်လို့ ဆိုတာပဲ...၊ခက်တာက သူက လူအရမ်းပီသတယ်လေ....”
“အေးလေ...လူဖြစ်ပြီး မင်းက လူပီသတာကိုး...၊ခုလည်း လူပီသသူကိုမှ ချစ်ခဲ့မိပြန်ပြီ...ကဲ...အိပ်လိုက်တော့၊
အိပ်လိုက်တော့....”
ဒါနဲ့ ကျွန်တော်လည်း သူ့ရင်ခွင်ထဲ ကျွန်တော့်ရင်ခွင်ကို အပ်...သက်တောင့်သက်သာ မှေးစက်ခဲ့တယ်...၊
မြက်ခင်းလေးကလည်း သူ့ရဲ့ ကြမ်းတမ်းနူးညံ့တဲ့ လက်တွေနဲ့ပွေ့ဖက်၊ဝင်သက်ထွက်သက်တွေကို ငြိမ်သက်
စေခဲ့ပါရဲ့....။
( ဤတွင်ပြီး၏ )
Friday, October 15, 2010
ဆူး စူးခြင်း
ဆူး စူးခြင်း
အတောင်သာလျှင် ဝန်ရှိသောငှက်...တဲ့
အတောင်ဝန် တောင်မသယ်ချင်ခဲ့
မိုးပျံပူဖောင်းတစ်လုံးလို နေချင်တဲ့ ငါ....
အချစ်ဆူး စူးတော့မှ
ဝုန်းကနဲ ပေါက်ကွဲ လွင့်စင်
ဒီကမ္ဘာမြေ က ငါ ပျောက်ကွယ်သွားချင်ပြီ....။
တနေ့သော တနင်္ဂနွေက တခုသောကမ်းခြေကို ရောက်ခဲ့ပါတယ်...။ကမ်းခြေမှာထိုင်လို့တွေးချင်ရာတွေး၊
ငေးချင်ငေးနေခဲ့တယ်ခင်ဗျ...။ရင်ထဲက ခံစားချက်တွေရယ်....၊ကမ်းခြေရဲ့ ဖြားယောင်းဆွဲဆောင်မှုရယ်...၊ညနေ
ခင်းရဲ့ အလှရယ်....၊နားထောင်နေတဲ့ သီချင်းတွေရဲ့ မြှောက်ထိုးပင့်ကော်မှုတွေရယ်...၊အဲဒါတွေကြောင့် လူက
ချက်ချင်းဆိုသလို ကဗျာဆရာဖြစ်သွားပါတော့တယ်...။
ကျွန်တော် မလုပ်တတ်တဲ့၊မသိနားမလည်တဲ့ အနတဂ္ဂမ များပြားလှတဲ့အကြောင်းအရာတွေထဲမှာ ကဗျာဆိုတာ
လည်းပါ ပါတယ်...။ခုလည်း ကိုယ့်ဘာသာ ကဗျာမယ့်သာ ကဗျာနေတာ ကျွန်တော်ရေးလိုက်တာ ကဗျာတစ်ပုဒ်
ရဲ့ နည်းနာ၊အင်္ဂါရပ်တွေနဲ့ ညီမယ်မထင်မိပါဘူး...။ဒါပေမယ့် ရေးတော့ရေးဖြစ်လိုက်ပါပြီ...။ဖတ်မိတဲ့သူများ
လည်း ကဗျာလို့သာ သဘောထားပြီး ဖတ်ပေးကြပါလို့........။
ဒီပုံက ကမ်းခြေရဲ့ ညနေခင်းအလှ.......။
ညနေခင်းရဲ့ တိမ်တိုက်တွေ........
Monday, October 11, 2010
အမှတ်ရနေတဲ့ စကားတွေ.....( ၃ )
အချစ်.....အချစ်.....အချစ်......၊
ဟိုးမား ရဲ့ အီးလိယက် ကဗျာရှည်ကြီးရဲ့အစမှာ “ကမ္ဘာမှာအရာအားလုံးထက်အကြီးမြတ်ဆုံးအရာနှစ်ခုရှိတယ်..၊
တစ်ခုက စစ်၊တခြားတစ်ခုကအချစ်”လို့ရေးခဲ့တယ်လို့ဖတ်လိုက်မိပါတယ်...။ခေတ်အဆက်ဆက်၊မျိုးဆက်
အသွယ်သွယ်၊မရိုးစတမ်း ပြောခဲ့၊ငြင်းခဲ့၊အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတဲ့ အကြောင်းအရာတစ်ခု ကိုပြောပါဆို အချစ်
အကြောင်းပါပဲ လို့ပြောလို့ရမယ်ထင်ပါရဲ့....။
အချစ်ဆိုတာ ဘာလဲ...။ကျွန်တော်အတိမကျ မပြောတတ်ပါဘူး၊ရှင်းရှင်းပြောရရင် ကျွန်တော်မသိပါဘူး...။
( ဒီလိုဆိုလိုက်တော့ ဟင် ဒီအရွယ်ရောက်နေပြီ...၊အမြီးမပေါက်ဘူးလား လို့တော့ မေးကြမယ်မထင်ပါဘူး...းD )
၁၉နှစ်သား လောက်က အချစ်ဆိုတာကို နဖူးတွေ့၊ဒူးတွေ့ တွေ့ခဲ့ဖူးပါတယ်..။အသည်းလည်း ဟတ်တက်ကွဲ
ခဲ့ဖူးပါတယ်...။ဒါပေမယ့် ချစ်မယ့်သာချစ်ခဲ့၊ကွဲမယ့်သာကွဲခဲ့ပါတယ်...။အချစ်ဆိုတာဘာလဲ လို့ကျွန်တော်သေချာ
မသိခဲ့ပါဘူး...။
ဒီလိုနဲ့ ကျွန်တော်ဘဝမှာ အချစ်ဆိုတာ သေဆုံးသွားခဲ့ပြီ၊ချစ်တတ်တဲ့ နှလုံးသားလည်း ခန်းခြောက်သွားခဲ့ပြီလို့
ထင်မှတ်ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်.....။အချစ်ဆိုတာ သံယောဇဉ် နဲ့ တပ်မက်မှု အချိုးညီစွာ
ပေါင်းစပ်ထားတဲ့ အရာတစ်ခုလို့လည်းထင်ခဲ့မြင်ခဲ့ပါတယ်...။ဒါပေမယ့်....တစ်နေ့မှာအချစ်ဆိုတာနဲ့ အမှတ်မထင်
ပြန်လည် တွေ့ဆုံလိုက်မိတဲ့အခါမှာတော့ ကျွန်တော်ထင်မှတ်ထားတာ တက်တက်စင်အောင် လွဲချော်နေမှန်း
သိလိုက်ရပါတော့တယ်...။
ဒီတော့မှ ကျွန်တော်ဟာ အချစ်ဆိုတာကို ဘာမှန်းသေသေချာချာ မသိသေးပါလားလို့ ဘာသာသတိပြုမိပါတော့
တယ်ခင်ဗျ..။တချို့ကတော့ အချစ်ဆိုတာပေးဆပ်ခြင်းတဲ့၊တချို့က ရယူပိုင်ဆိုင်ခြင်းတဲ့၊အဲတချို့ တချို့ကတော့
အချစ်ဆိုတာ ချစ်နေရရုံလေးသက်သက်တဲ့ခင်ဗျ..။ဘယ်အဆိုက မှန်သလဲတော့ကျွန်တော်မသိပါဘူး...။
အချစ်လို့ဆိုလိုက်တာနဲ့ အမှတ်ရနေတတ်တဲ့ စကားလေးတစ်ခွန်းတော့ရှိပါတယ်...။
“ အသက်ရှင်နေစဉ်က နမ်းခဲ့တဲ့ ချစ်သူရဲ့ပါးပြင်လေးကို သူသေဆုံးသွားတဲ့ အချိန်မှာ နမ်းဝံတာ၊နမ်းရဲတာ အဲဒါ အချစ်ပဲ ” တဲ့ခင်ဗျ...။
မဂ္ဂဇင်းအင်တာဗျူး တစ်ခုထဲမှာ ဆရာငြိမ်းကျော် ပြောခဲ့တဲ့ စကားလေးပါ...။(ဖတ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ
ဆိုတော့ စကားလုံးတွေက အတိအကျတော့ မဟုတ်ပါဘူး။ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ ဒီအတိုင်းပါပဲ ။)
တစ်စုံတစ်ဦး အပေါ်မှာ ကျွန်တော်တို့ နှစ်နှစ်ကာကာ ချစ်ခဲ့မိပြီဆိုရင် မိမိချစ်သူ ဘယ်လိုအခြေအနေကိုပဲရောက်
ရောက် သူ့အပေါ်ထားတဲ့ အချစ်က မပြောင်းမလဲပဲ ထာဝရတည်တံနေသင့်ပါတယ်...။ဒါပေမယ့် အချိန်အတိုင်း
အတာတစ်ခုကိုရောက်ရင် ကျွန်တော်တို့ရဲ့ အချစ်တွေက ပြောင်းလဲသွားတတ်တာ၊အေးခဲ သွားတတ်ကြတာကို
သတိပြုမိခဲ့ပါတယ်...(ရည်းစားများတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ “မီးနဲ့ဝေးတဲ့ချိတ် ဟာ မာသွားတတ်စ
မြဲပဲကွ ” လို့ သူနောက်တယောက် ပြောင်းတော့မယ်ဆို ပြောလေ့ရှိတာကို သတိရမိပါရဲ့းD )
ဒါဘာကြောင့်ပါလဲ...။ကျွန်တော်တို့ အချစ်လို့ထင်နေတဲ့ အရာက အမှန်တကယ် အချစ်စစ်စစ် မဟုတ်လို့များ
လား...။ဒါမှမဟုတ် သူပြောသလို အချစ်ဆိုတာ ဝေးသွားတဲ့အခါ မာကျောအေးစက်သွားတတ်လေသလား...။
ပြီးတော့ အချစ်ဆိုတာ ဘာကြောင့်များ ပြောင်းလဲသွားတဲ့ သဘောရှိရတာပါလဲ...။
အင်းးးတစ်နေ့နေ့မှာတော့ ကျွန်တော့်ကို တစ်စုံတစ်ရာက အဖြေပေးနိုင်လိမ့်မယ်ထင်ပါရဲ့ခင်ဗျာ....။
ဆရာတာရာမင်းဝေ က သူ့ရဲ့ ကျွန်တော်နှင့်မြူနှင်းဝေသောညများ ဆိုတဲ့ ဝတ္ထုတိုလေးထဲမှာ ရေးထားခဲ့တာက-
“ ချစ်မိသူဆိုတာ လောကမှာစစ်အရှုံးဆုံးသူပါ၊ ချစ်မိပြီဆိုတာနဲ့ သူ့ရဲ့နှလုံသားဟာ တယုတယနဲ့ သေမိန့်ကျ
သွားခဲ့ပါပြီ ”
လို့ရေးခဲ့ပါတယ်...။ကျွန်တော်အရမ်းနှစ်သက်မိတဲ့၊သဘောကျတဲ့ အချစ်နဲ့ပတ်သက်တဲ့စကားလုံးလေးတွေပါ။
ချစ်မိသူအတွက်တော့ မိမိချစ်သူအလိုကျ အရာရာဖြည့်ဆည်းပေးချင်တဲ့ စိတ်ဇောစေတနာ တွေနဲ့ အမြဲအဆင်
သင့်ဖြစ်နေမှာပါ...။တခါတရံမှာ ကျွန်တော်တို့ ကြားနေရတဲ့ စကားတွေရှိပါတယ်..။“ သူကနင့်ကို ချူစားနေတာ၊
သူက နင့်ကို ကျောရရုံကြံသွားမှာ...” ဘာဘာညာညာ စသည်ဖြင့်ပေါ့ခင်ဗျာ...။ဘေးပတ်ဝန်းကျင်က အဲဒီလိုမြင်
နေခဲ့ကြပေမယ့် ချစ်မိသူတစ်ယောက်မှာတော့ဖြင့် သူ့ချစ်သူအပေါ် ဒီလိုမြင်နေမယ်၊မြင်ရက်မယ်လို့ ကျွန်တော်
်မထင်ပါဘူး။အကယ်၍ အမှန်ကို မြင်နေသည့်တိုင်အောင် ကိုယ့်ချစ်သူအလိုကျ ဖြည့်ဆည်းပေးနေရ ရင်ကို
ရင်ထဲမှာဝမ်းနည်းကြေကွဲနေပေမယ့် ကျေနပ်နေကြမယ်ထင်ပါရဲ့...။
ချစ်မိသူတစ်ယောက်အဖို့မှာတော့ တကယ်ကို ကြေကွဲစရာ ရှုံးနိမ့်မှုတစ်ခုပါ...။ကျွန်တော်ထင်ပါတယ်လေ...၊
ချစ်မိသူတစ်ယောက်မှာ အနိုင်ယူလိုစိတ်လည်းရှိမယ် မဟုတ်ပါဘူး...။
တယုတယနဲ့ သေမိန်ကျသွားတဲ့ နှလုံးသားတွေအတွက် အဘယ်သို့သော ခုံရုံးမှာ အယူခံဝင်ခွင့်ရှိနိုင်ပါ့ မလဲ...။
အယူခံဝင်ခွင့်ရှိရင်ဖြင့် သေမိန့်ကျ နှလုံးသားများကိုယ်စား ကျွန်တော် အယူခံဝင်လိုက်ချင်ပါရဲ့ ခင်ဗျား.....။
Tuesday, October 5, 2010
ပြန်လည် ရှင်သန်လာတဲ့ မျှော်လင့်ခြင်း လေလား...
မနေ့က ဘယ်လိုမှ မျှော်လင့် မထားခဲ့တဲ့ sms တစ်စောင် ရရှိခဲ့တယ်....။
ထင်မထားခဲ့ပါဘူး...။တကယ်ကို မမျှော်လင့်ခဲ့တာအမှန်ပါ...။
နာမည်ကို တွေ့တွေ့ချင်း ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်....။
ပျော်သွားတယ်...။စိတ်လှုပ်ရှားရတယ်....။ဝေခွဲလို့လည်း မရဘူး...။
ဦးနှောက်ထဲကတော့ အချက်ပေးခေါင်းလောင်းသံတွေ ပေးနေတယ်....။
ချက်ချင်းသတိရ လိုက်တာက “မာယာ....မာယာ...မာယာ....” ဆိုတဲ့ သီချင်း တစ်ပိုင်းတစ်စ ပါ....။
ဟင့်အင်းးးးးး။နှလုံးသားက ချက်ချင်း ပယ်ချလိုက်တယ်....။
ဒါ ငါထားခဲ့တဲ့ နားလည်ပေးမှု၊ယုံကြည်ပေးမှု ရဲ့ တန်ပြန်သက်ရောက်မှုတွေပဲ....လို့ အကြောင်းပြချက်ပေးတယ်။
တနေ့လုံး စိတ်ဓာတ်တွေက ဝိဿဝတီနတ်ပြည်က မာန်နတ်မင်းရဲ့ ဘုံနန်းအထိ တက်သွားတယ်...။
(ဘယ်တော့များ သုညအောက် ယူဇနာ တရာထိ ပြန်ဆင်းမလဲတော့မသိဘူး...)
ည...အိပ်လို့ကို မပျော်တော့ဘူး...။ဒီခံစားချက်လေးကို လှစ်လျူရှုပြီး အိပ်လိုက်ရမှာကို နှမြောနေမိတယ်...။
နားလည်ပေးဖို့ကြိုးစားရင်း နားကိုမလည်နိုင်ဖြစ်ရတယ်....။
ပြီးဆုံးသွားပြီလို့ စိတ်ဒုန်းဒုန်းချလိုက်တဲ့ အချိန်ရောက်မှ၊မေ့နိုင်အောင်ကြိုးစားတော့မယ်လို့ ဆုံးဖြတ်ပြီးကာမှ၊
တည်တည်ငြိမ်ငြမ် ပြန်ဖြစ်အောင် ပြန်လည်တည်ဆောက်ရေးကာလ လို့ ဘာသာသတ်မှတ်ပြီးကာမှ...၊
မိန်းမတွေရဲ့စိတ်ကို ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူး....။
ဟုတ်တယ်....။ဘဝမှာ နားလည်ဖို့ ကြိုးစားရင်း...နားမလည်နိုင်ဖြစ်ရတာ မိန်းမတွေရဲ့စိတ်ပဲ....။
မေမေ့ စိတ်ကို နားမလည်နိုင်ဘူး...။
အစ်မရဲ့စိတ်ကို နားမလည်နိုင်ဘူး...။
တစ်ချိန်မှာ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ထားခဲ့မိသူတစ်ယောက်အပေါ်လည်း နားမလည်နိုင်ဘူး...။
သူငယ်ချင်းမလေး တစ်ယောက်ရဲ့စိတ်ကိုလည်း နားမလည်နိုင်ဘူး...။
ခု....ဒီတစ်ယောက်ကိုလည်း နားမလည်နိုင်ဘူး...။
ရီတော့ရီရတယ်....။ ကိုယ်နားမလည်နိုင်ခဲ့တဲ့ မိန်းမတွေက ကိုယ်ရဲ့ အရင်းနှီးဆုံးတွေဖြစ်နေခဲ့တာပါ....။
ဘာဆက်လုပ်ရမယ်မသိတော့ဘူး...။
လိုက်တုန်းကပြေးခဲ့တယ်....။ရပ်လိုက်တော့ လက်ယပ်ခေါ်တယ်...။
ရပ်နေရမှာလား.....။ဆက်လိုက်ရမှာလား....။
Friday, October 1, 2010
လူ နှင့် မျှော်လင့်ချက်
မျှော်လင့်ချက် ဟုဆိုလိုက်သည်နှင့် သတိတရရှိလိုက်သည်က ပန်ဒိုရာ့ သေတ္တာကိုပါ..။(မှတ်ချက် ဘလော့ကာ
အစ်မပန်ဒိုရာရဲ့ ရတနာသေတ္တာ မဟုတ်ပါ...း) )။ဂရိဒဏ္ဍရီလာ မျှော်လင့်ချက်နဲ့ ပတ်သက်တဲ့ ပုံပြင်လေးပါ...။
ဒီပုံပြင်လေးကို လူတိုင်းသိပြီးသားဖြစ်မှာပါ....။သေတ္တာလေးထဲမှာကျန်ခဲ့တဲ့နောက်ဆုံးအရာဖြစ်တဲ့မျှော်လင့်ချက်
ကို ရင်မှာပိုက်လို့ လူသားတွေဟာ ဘဝရဲ့ အဝေနိက ဒုက္ခပေါင်းစုံတွေ ကြားမှာလှုပ်ရှားရုန်းကန်နေကြရတာပါပဲ။
ဟုတ်ပါတယ်...။လူတစ်ယောက်ရဲ့ဘဝမှာ မျှော်လင့်ချက်သာ မရှိခဲ့တော့ရင် သူဘယ်လိုများအသက်ရှင်နေနိုင်ဦး
မှာတဲ့လဲ...။ဘယ်လောက်ပဲ ကံကြမ္မာဆိုးရွားနေစေဦးတော့ ပိုမိုကောင်းမွန်လာမဲ့ မနက်ဖြန်ဆိုတဲ့မျှော်လင့်ချက်နဲ့
အသက်ရှင်ရပ်တည်နေရတာပဲမဟုတ်ပါလား...။
တစ်ခါတစ်ရံမှာ ဘယ်လိုမှ အဖတ်ဆယ်လို့မရတော့တဲ့ အခြေအနေမှာ ရှိနေသည့်တိုင်အောင် ကျွန်တော်တို့ဟာ
မျှော်လင့်ချက် အတုအယောင်လေးတစ်ခုခုနဲ့ ဘာသာ စိတ်လှည့်စားလို့ အဆုံးတစ်နေ့ကို ရင်ဆိုင်ကျော်ဖြတ်
မိကြစမြဲပါ...။ဆိုးရွားလှတဲ့ ဘဝကြမ္မာကို ခံစားနေကြရသူတွေကို နှစ်သိမ့်ပေးနိုင်တဲ့ အရာတစ်ခုကိုပြောပါဆိုရင်
သူ့အတွက် မျှော်လင့်ချက်လင်းရောင်ချည်လေးတစ်ခု ဖန်တီးပေးဖို့ပဲ ရှိပါတော့တယ်...။
မျှော်လင့်ချက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ခုနှစ်တန်းနှစ်(လို့ထင်ပါတယ်)မှာသင်ခဲ့ရဖူးတဲ့ masterpiece (အင်း
ဒါလည်း ထင်တာပဲး) ) ဆိုတဲ့ အင်္ဂလိပ် ပုံဝတ္ထုလေးကိုသတိရမိပါရဲ့။နာတာရှည်မကျန်းမမာဖြစ်နေတဲ့ ကလေးမ
လေးတစ်ယောက်...၊ပြူတင်းပေါက်ကမြင်ရတဲ့ တိုက်နံရံမှာတွယ်ကပ်ပေါက်နေတဲ့ သစ်ပင်လေးက သစ်ရွက်လေး
တွေ ဆောင်းရာသီနှင့်အတူ ကြွေလွင့်ကုန်ကြရင်ဖြင့် သူလည်းသေဆုံးသွားရမယ် လို့ ထင်နေရှာပါတယ်...။
ဆောင်းရာသီနှင့်အတူ သစ်ရွက်လေးတွေလည်း တဖြည်းဖြည်း ကြွေလွင့်ကုန်ကြပါပြီ..။ကလေးမလေးလည်း
တစ်နေ့တခြား ဖြူလျော့လို့လာနေပါပြီ..။နောက်ဆုံးသစ်ရွက်လေးတစ်ရွက်ပဲကျန်ပါတော့တယ်...။တစ်ညမှာဖြင့်
အဲဒီသစ်ရွက်လေးလည်း ကြွေလွင့်သွားတော့မှာပါ...။နေ့စဉ်နံနက်တိုင်းစောင့်ကြည့်နေတဲ့ ကလေးမလေးလည်း
အဲဒါကိုမျှော်လင့်နေပြီးသားပါ...။ဒါပေမယ့် နေ့တွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပေမယ့်နောက်ဆုံးသစ်ရွက်
လေးက ကြံကြံခံလို့ ကျန်နေဆဲပါ...။ဒီလိုနဲ့ ဆောင်းကုန်လို့နွေဦးရာသီကို တဖြည်းဖြည်းရောက်ရှိလို့လာပါပြီ...။
သစ်ရွက်ကလေးက တော့ ကြံကြံခံနေဆဲ...။
ဒီလိုနဲ့ တစ်နေ့မှာ သစ်ပင်လေးမှာ ရွက်နုလေးတွေ ထွက်ပြူလာတာကို ကလေးမလေး မြင်တွေလိုက်ရပါပြီ...။
ကျဆင်းနေတဲ့ ကလေးမလေးရဲ့ စိတ်ဓာတ်တွေလည်း နွေဦး ရွက်နုလေးတွေနဲ့ အတူ ပြန်လည်မြင့်တက်လာခဲ့
ပါပြီ..။သူ...ဒီတောင်ကကျော်ပြီလို့ သိလိုက်ပါပြီ....။ဒီလိုနဲ့ သူ..ပြန်လည်ကျန်းမာလာခဲ့ပါတယ်....။
ဒါပေမယ့် သူမသိလိုက်ခဲ့တာက သူထားခဲ့တဲ့ နောက်ဆုံးမျှော်လင့်ချက် သစ်ရွက်ကလေးဟာ အစစ်မဟုတ်ခဲ့ပဲ
အိမ်နီးနားချင်း ပန်ချီဆရာအဖိုးအိုတစ်ဦးက နောက်ဆုံးသစ်ရွက်လေး ကြွေလွင့်သွားတဲ့ ညမှာ အေးခဲနေတဲ့
ဆောင်းရာသီကို အံတုလို့ နံရံမှာ ရေးဆွဲပေးသွားခဲ့တဲ့ ပန်းချီသစ်ရွက်လေး တစ်ခုဖြစ်နေခဲ့တာပါပဲ...။ပန်ချီဆရာ
ခင်မျာ မှာတော့ နောက်နေ့မှာပဲ နမိုးနီးယားနဲ့ သေဆုံးသွားခဲ့ပါတယ်...။မအောင်မြင်ခဲ့တဲ့ သာမာန်ပန်ချီဆရာ
တစ်ဦးဟာ သူ့ဘဝမှာ အသက်နဲ့ရင်းလို့ တန်ဖိုးအရှိဆုံး၊အပြောင်မြောက်ဆုံး မာစတာပိစ့် လက်ရာတစ်ခုကို
ဖန်တီးသွားနိုင်ခဲ့ပါတယ်...။
သူဖန်တီးခဲ့တာ မျှော်လင့်ချက်ကို ကိုယ်စားပြုထားတဲ့ သစ်ရွက်လေးတစ်ခုပါပဲ....။အတုပဲဖြစ်ခဲ့ဦးတော့ ဒါဟာ
လူတစ်ယောက်အတွက်တော့ မျှော်လင့်ချက်တစ်ခုပါ...။ကျွန်တော်တို့ဘဝမှာရော.....ဘယ်လိုမျှော်လင့်ချက်တွေ
နဲ့ အသက်ရှင်ရပ်တည်နေမိတာပါလိမ့်...။အတုတွေလား...၊အစစ်တွေလား....။အစစ်ဆိုရင်ရော...ဘယ်တော့
ပြည့်ဝမှာပါလိမ့်....။အတုဆိုရင်ရော.....။သူတစ်ပါးက ပေးလာတဲ့ အတုများလား....။ကျွန်တော်တို့ဘာသာ မသိ
စိတ်ကဖြစ်ဖြစ်၊သိလျက်နဲ့ဖြစ်ဖြစ် ဖန်တီးနေမိတဲ့ မျှော်လင့်ချက်အတုများလေလား....။
ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ.....၊အတုပဲဖြစ်စေဦးတော့...၊သူတစ်ပါးကပေးတာဖြစ်ဖြစ်၊ဘာသာ ဖန်တီးမိတာပဲဖြစ်ဖြစ်
မျှော်လင့်ချက်ဆိုတာ ထားသင့်တဲ့အရာတစ်ခုပါပဲ...။ခက်တာက ရရှိလာတဲ့ မျှော်လင့်ချက်ဟာ အတုအယောင်
ဆိုတာ လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့တစ်နေ့မှာ၊ကျွန်တော်တို့ ခံစားရမယ့်ခံစားချက်ပါပဲ...။ဒီခံစားချက်ကဖြင့်
မျှော်လင့်ချက်ဆိုတာ မထားခဲ့တာကမှ သက်သာရာရဖွယ်ရှိပါလိမ့်ဦးမယ်...။
ဒါပေမယ့် ကျွန်တော်တို့တစ်တွေကတော့ဖြင့် ထားနေဆဲ၊ထားနေမြဲပါပဲ...။
တစ်ခါတစ်လေ..သူများပေးတဲ့ မျှော်လင့်ချက်အတုအယောင်တွေနဲ့ ကြည်နူးသာယာနေလိုက်...။
တစ်ခါတစ်ရံတော့လည်း ဘာသာ စိတ်ကိုလည့်စားလို့ မျှော်လင့်ချက်လေးထားနေလိုက်...။
ဒီလိုနဲ့ပဲ...........။
Monday, September 27, 2010
လူနှင့် ရွေးချယ်ပိုင်ခွင့် (၂ )
(ခုတလော စိတ်တွေလည်းရှုပ်၊အလုပ်တွေလည်း ရှုပ်နေလို့ ရေးလက်စ ပို့စ်ကို လက်စမသတ်နိုင်ခဲ့ပါဘူး...။
ဒီနေ့တော့ နည်းနည်းလေးအားတာနဲ့လက်စသတ်လိုက်ရပါတယ်...။ခုချိန်မှာအတွေးတွေကိုအခြားအရာတွေက
စိုးမိုး ထားလေတော့ အားနည်းချက်များ ရှိရင်ဖြင့် ကြိုတင် တောင်းပန်လိုက်ရပါကြောင်း...း-)။ )
ရွေးချယ်ပိုင်ခွင့်အကြောင်းစဉ်းစားမိတော့အရင်ဆုံးအတွေးထဲကိုရောက်လာတာကဘဝလက်တွဲဖော်၊အိမ်ထောင်
ဘက် အကြောင်းပါ...။လူတစ်ယောက်ရဲ့ ဘဝမှာ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် အရှိသင့်ဆုံး ကိစ္စလို့ ကျွန်တော်မြင်ပါ
တယ်...။ကျွန်တော်တို့ တစ်သက်လုံး လက်တွဲသွားရမယ့်၊ဘဝလမ်းတစ်လျောက်မှာ မိမိဘေးမှာ ရှိသွားမယ့် လူတစ်ယောက် ကို မိမိဘာသာ ရွေးချယ်ခွင့်ရှိသင့်ပါတယ်...။(ဒါ ကျွန်တော့် အမြင်သက်သက် )
သို့ပေမယ့်ကျွန်တော်တို့ အဲဒီအခွင့်အရေးကို အမှန်တကယ် ရခဲ့ကြပါသလား...။ကိုယ်ရတဲ့ အခွင့်အရေးကို
အပြည့်အဝ အသုံးချခဲ့ ကြပါသလား..။ပြီးတော့...ကျွန်တော်တို့ရဲ့ ရွေးချယ်မှုဟာ ဘယ်လောက်အထိ ကောင်းမွန်
မှန်ကန်နိုင်ပါ့မလဲ...။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူများစု ရွေးချယ်ခဲ့ကြတဲ့၊ရွေးချယ်ဖြစ်ကြတဲ့၊ရွေးချယ်
ချင်ကြတဲ့ အချိန်ဟာ အသက်နှစ်ဆယ်ကျော် အရွယ်ဖြစ်လို့ပါပဲ..။အတွေ့အကြုံနုနယ်သေးတဲ့၊လူတွေအကြောင်း
ဘာမှ မသိကြသေးတဲ့ ဒီအရွယ်မှာ စိတ်ခံစားမှု တစ်ခုတည်းကို အခြေခံပြီး ရွေးချယ်ဖြစ်ကြတာ တစ်ဘဝတာလုံး
အတွက် အမှန်ကန်ဆုံးဖြစ်နိုင်ပါ့မလား..။(ကျွန်တော်တော့ အဲဒီ အရွယ်က ရွေးကားရွေး၏ မရ ဖြစ်ခဲ့လို့ ဒီမေးခွန်း
ရဲ့ အဖြေကို မသိဘူးခင်ဗျ..း) ။)
ပြီးတော့ လူကြီး၊မိဘတွေရဲ့ ငယ်သေးလို့ လမ်းမှားမှာ စိုးရိမ်တယ်ဆိုတဲ့ မေတ္တာ၊စေတနာ တွေရဲ့အောက်မှာ
မိမိရဲ့ ရွေးချယ်ခွင့်တွေကို စတေးပစ်လိုက်ရတာတွေလည်း ရှိခဲ့ကြပါတယ်...။ အဲဒါကိုလည်း သူတို့ရဲ့အမှားလို့
ပြောဖို့ရာ ခက်လှပါတယ်...။အတွေ့အကြုံဆိုတာအစားပြန်မရနိုင်တဲ့အချိန်နဲ့ရင်းပြီးမှရလာခဲ့ရတာဖြစ်လေတော့
ရင့်ကျက်မှုရှိနေပြီဖြစ်တဲ့ လူကြီးမိဘတွေရဲ့ စကားကို ဘာပဲဖြစ်ဖြစ် အလေးထားသင့်တာတော့အမှန်ပါ..။
အဖြစ်သင့်ဆုံးကတော့ လူကြီးတွေကိုယ်တိုင်ကလည်း လူတစ်ယောက်ရဲ့ အရေးအကြီးဆုံး ရွေးချယ်ခွင့်ကို လွတ်
လပ်စွာပေးသင့်ပြီး အမှားအယွင်းကင်းတဲ့ ရွေးချယ်ခွင့်ဖြစ်အောင် လမ်းညွန်၊ပဲ့ကိုင်ပေးတာမျိုး ဖြစ်သင့်သလို၊
လူငယ်တွေကလည်း အချိန်အတိုင်းအတာတစ်ခုယူပြီး၊မိဘတွေရဲ့ စကားကိုလည်း အလေးထားပြီး ဘဝရဲ့
အရေးအကြီးဆုံးကိစ္စတစ်ခုကို သေသေချာချာ ရွေးချယ်သင့်တယ်လို့ မြင်ပါတယ်ခင်ဗျာ...။
ဘာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့ အပင်ရဲ့ အသီးကိုပဲ ကိုယ် ခူးဆွတ်ရတာမဟုတ်ပါလား...။ဒီတော့ မိမိ
ရဲ့ရွေးချယ်မှုဟာ မှားယွင်းခဲ့ဦးတော့ ကိုယ်ပဲ ခံစား၊စံစားရမှာပါ...။သူများရွေးချယ်ပေးလို့ရလာတဲ့ အမှားထက်
ကိုယ့်ဘာသာရွေးချယ်လို့ ရလာတဲ့ အမှားကို ကိုယ်ခံစားရတာက နည်းနည်းတော့ ဖြေသာမယ်ထင်ပါရဲ့ ခင်ဗျာ။
ပညာ နှင့် အလုပ်အကိုင် ။ ။ ကျွန်တော်တို့ ဘာကို ဝါသနာပါ ပါသလဲ...။ဘယ်လို အလုပ်အကိုင်ကို လုပ်ချင်
ခဲ့ပါသလဲ...။မိမိ ဝါသနာပါတဲ့အရာကို မိမိရဲ့ ပညာ၊မိမိရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်အဖြစ် ရွေးချယ်
ခွင့်ရတာလောက် ဘဝမှာ ကျေနပ်စရာအကောင်းဆုံးအရာ ရှိမယ်မထင်ပါဘူး။ခက်တာက ကျွန်တော်တို့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အခြေအနေကိုက အဲဒီအချက်ကို လှစ်လျှူရှုထားခဲ့တာပါပဲ..။ဆယ်တန်းမှာ အမှတ်
ကောင်းတဲ့ လူငယ်တစ်ယောက်အတွက် ရွေးချယ်မှု ဟာ ဆေးကျောင်းနဲ့ စက်မှု ဖြစ်နေတာ..၊အကြောင်းကြောင်း
ကြောင့် အမှတ်နည်းနည်းလေးလိုသွားလို့ မိမိဝါသနာပါတာကို ရွေးချယ်ခွင့်မရလိုက်တာ..၊ဒါတွေဟာ မိမိနဲ့ လူ့
ပတ်ဝန်းကျင် အပေါ် ဘယ်လောက်ထိရိုက်ခတ်မှု ရှိနိုင်ပါသလဲ....။မည်သို့ပင်ဖြစ်စေကာမူ...၊ကျွန်တော်တို့ရွေး
ချယ်ချင်တယ်ဆိုရင် ကြိုးစားမှုနဲ့ စွန့်စားမှု တော့ ရှိသင့်တာအမှန်ပါ...။
ဘဝနေထိုင်မှုပုံစံ။ ။ရခဲလှတဲ့၊တိုလည်းတိုတောင်းလှတဲ့ လူ့ဘဝမှာ ကျွန်တော်တို့ ဘယ်လို နေထိုင်မှု ပုံစံကို
ရွေးချယ်သင့်ပါသလဲ...။မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ကိုယ့်အတ္တ ကိုပဲ အလေးထားတဲ့၊လွတ်လပ်တဲ့ နေထိုင်မှု
ပုံစံက အမှန်တကယ်ကောင်းမွန်မှန်ကန်ပါသလား...။ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကို အလေးထားတဲ့ လူမှုဘဝ
ကရော...ကျွန်တော်တို့ကို စိတ်ချမ်းသာမှု အပြည့်ပေးနိုင်ပါ့မလား...။ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ နေထိုင်မှုပုံစံက
ကျွန်တော်တို့ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ပြဌာန်းပေးသလို၊ကျွန်တော်တို့အတွက် စိတ်ပိုင်းဆိုင်ရာ ကျေ
နပ်မှု တစ်စုံတစ်ရာကို လည်း ယူဆောင်လာပေးနိုင်ပါတယ်...။
ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို အုပ်ချုပ်၊မင်းလုပ်မယ့်သူတွေ။ ။(အင်း..ဒီကိစ္စကို ချန်ခဲ့ရကောင်းမလားလို့း) )
ကျွန်တော်တို့ရဲ့တစ်ဦးချင်းဘဝကိုသာမဟုတ်၊တစ်နိုင်ငံလုံး၊လူအားလုံး ကိုပါ ရိုက်ခတ်စေမယ့်ကိစ္စတစ်ခုကို ကျွန်တော်တို့ ဘာကြောင့်လွတ်လပ်စွာ စဉ်းစား၊ရွေးချယ်ခွင့်မရ ရမှာပါလဲ...။ကျွန်တော်တို့အတွက်ရွေးချယ်ခွင့်
အရှိသင့်ဆုံးကိစ္စတစ်ခုပါ...။အဲ တစ်ခုတော့ရှိတာပေါ့လေ...၊အနက်ရောင် ဘောလုံးတွေချည်းပဲထည့်ထားတဲ့ ခြင်းတစ်လုံးကိုပေးပြီး အဖြူနဲ့ အနက် သင်ကြိုက်ရာရွေးဆိုတဲ့ ရွေးချယ်ခွင့်မျိုးကြီးကတော့....အင်းးးးးး။
ပြီးတော့ ဒီရွေးချယ်ခွင့်က တန်ဖိုးအကြီးဆုံးပေးရတဲ့ ရွေးချယ်ခွင့်ဖြစ်နေပါတယ်...။ကျွန်တော်တို့အတွက်တော့
ပေးဆပ်ရတဲ့တန်ဖိုးတွေများသလောက် မှန်ကန်တဲ့ရွေးချယ်ခွင့်ကို မရသေးတာကတော့ အတော် ရင်နာဖို့
ကောင်းတဲ့ ကိစ္စတစ်ခုပါ....။ဒါပေမယ့် မျှော်လင့်ချက်ကလေးကတော့ဖြင့်...ခပ်ရေးရေး.....။
ကျွန်တော်တို့ နာမည်။ ။တော်တော် ကို့ယို့ကားယားနိုင်တဲ့အရာတစ်ခုလို့ ကျွန်တော်တော့မြင်ပါတယ်...။
ဘဝမှာ အရေးကြီးတယ်လည်းမဟုတ်၊အရေးမကြီးဘူးလည်းမဟုတ်တဲ့အရာတစ်ခုကို ပြပါဆို မိမိအမည်နာမ ကို
ပဲပြောရမှာပါ...။စစချင်းမှာ ဘယ်သူမှ ကိုယ်တိုင်ရွေးချယ်ခွင့်မရခဲ့ကြပါဘူး။အဲ...မိမိ ဘာသာရွေးချယ်ချင်သူတွေ
အတွက်လည်း ရွေးခွင့်ရတဲ့အရာတစ်ခုပါ။တစ်ခါတစ်ရံမှာတော့ကိုယ်တိုင်ကမကြိုက်ပေမယ့် လူတစ်ကာနှုတ်ကျိုး
သွားလို့ အောင့်သီးအောင့်သက်နဲ့ ငြိမ်ခံနေရတာမျိုးလည်း ရှိသေးသဗျ..။ဒီထက်ပိုပြီး ကိုယ့်ရို့ကားယား နိုင်တာ
ကတော့ မိမိနာမည်တစ်ခုကို ကိုယ်တိုင်လည်းမရွေး၊လူအများကရွေးပေးတာမျိုးလည်းမဟုတ်တဲ့၊ မိမိနဲ့လည်း
ဘာမှ မဆိုင်တဲ့ လူတစ်ယောက်ရဲ့ ထင်ရာမြင်ရာ ရွေးချယ်ပေးမှုကို အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရလိမ့်
မယ်အထင်နဲ့ ကိုယ်တိုင်ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကြတဲ့ကိစ္စပါ....။(အင်း..ဒါလည်း သူ့ရွေးချယ်မှုနဲ့သူ
ပေါ့လေ...၊)
ယုံကြည်မှု။ ။လူတစ်ယောက်ရဲ့ဘဝမှာတော်တော်ကို အရေးကြီးတဲ့ ရွေးချယ်မှု တစ်ခုဖြစ်နိုင်ပါတယ်...။
သိပ်ပြီးတော့လည်း အပြောင်းအလဲမလုပ်တတ်ကြတဲ့၊မိမိဘာသာ ကျေနပ်နေတတ်ကြတဲ့ အရေးကိစ္စတစ်ခုပါ။
ပြီးတော့ ကျွန်တော်တို့ မိဘတွေရဲ့ မိရိုးဖလာ အမွေကိုပဲ အများအားဖြင့် ဆက်ခံခဲ့ကြ၊လက်ခံ ခဲ့ကြပါတယ်။
ကျွန်တော်တို့မှာ အမှန်တကယ် လွတ်လပ်စွာရွေးချယ်ခွင့် ရခဲ့ပါသလား...။ကျွန်တော့်အမြင်တော့ မရခဲ့ပါဘူး။
ငယ်စဉ်ကတည်းက မိဘတွေ၊ဆိုင်ရာ အကြီးအကဲတွေရဲ့ ရိုက်သွင်း၊ဘောင်ခတ်ထားမှု အတွင်းမှာပဲ ကျွန်တော်
တို့ စဉ်းစားခဲ့ကြတာပါ၊ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဘက်တစ်ခု ဖက်ကပဲ ကြည့်ခဲ့၊စဉ်းစား ရွေးချယ်ခဲ့ကြ
ပါတယ်..။တစ်နည်းအားဖြင့် ကျွန်တော်တို့ဟာ မိမိဘာသာ မိမိရဲ့ရွေးချယ်ပိုင်ခွင့်ကို ဘောင်ခတ်ခဲ့ကြပါတယ်။
မိမိရဲ့ ရွေးချယ်မှုကသာ အမှန်ကန်ဆုံးရွေးချယ်မှု တစ်ခုလို့မြင်ကြစမြဲပါပဲ...။
မိမိရဲ့ ဘာသာတူပတ်ဝန်းကျင်ကလည်း ဘောင်ခတ်ပေးတတ်ကြပါတယ်..။မိမိဘာသာ ရွေးချယ်လာခဲ့မယ်ဆို
ရင် ဝိုင်းပယ်၊ဆန့်ကျင်တာမျိုး၊လှစ်လျူရှုလိုက်တာမျိုးတွေ နဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ကို
ကန့်သတ်ပစ် လိုက်ကြပါတယ်..။ကျွန်တော်တို့မှာ အဲဒါတွေကို တွန်းလှန်ဖို့ရာ အင်အားနည်းလှတာအမှန်ပါ။
မည်သို့ပင်ဖြစ်စေကာမူ....၊ကျွန်တော်တို့ရဲ့ရွေးချယ်မှုဟာ ငွေကြေး၊အခွင့်အရေးတစ်စုံတစ်ရာနဲ့ အလဲအလှယ်
လုပ်ခဲ့တာမဟုတ်ခဲ့ပဲ၊ မိမိဘာသာ ကျေနပ်လို့လက်ခံထားခဲ့တဲ့ကိစ္စတစ်ရပ်ဆိုရင်ဖြင့် ဒီရွေးချယ်မှုဟာ ဘာကိုပဲ
ရွေးရွေး မှန်ကန်တဲ့ရွေးချယ်မှု လို့ပဲမြင်ပါတယ်ခင်ဗျား...။
........................................................
အကျီ င်္တစ်ထည်ဝယ်ဖို့ ကျွန်တော်တို့ အချိန်ဘယ်လောက်ယူပါသလဲ..။ဘယ်လိုအချက်တွေကိုထည့်သွင်းစဉ်းစား
ရွေးချယ်ကြပါသလဲ...။ကျွန်တော်တို့ရွေးချယ်လိုက်တာကအကျီတစ်ထည်လား...၊စိတ်ခံစားမှုတစ်စုံတစ်ရာလား...။
ရွေးချယ်မှုမှားယွင်းခဲ့ရင် ဘယ်လောက်ထိ နာကျင်ခံစားရတတ်ပါသလဲ။ဘဝမှာ အရေးကြီးပါတယ်ဆိုတဲ့ အရာ
တွေကိုရွေးချယ်ခဲ့ကြတဲ့ အခါမှာ ဖိနပ်တစ်ရံကို ရွေးချယ်သလောက် အကြောင်းအချက်တွေကို ထည့်သွင်းစဉ်း
စားမိခဲ့ကြပါရဲ့လား...။
ကျွန်တော့်အမြင်ကတော့ သေးသေးမွားမွားလေးတွေကို ရွေးချယ်တဲ့နေရာမှာ အကြီးအကျယ်စဉ်းစားရွေးချယ်
ခဲ့ကြသလောက်၊ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်နဲ့အသိအမြင်ကို ရာနှုန်းပြည့် အသုံးချခဲ့ကြသလောက်၊
ဘဝရဲ့အရေးကြီးတဲ့ရွေးချယ်မှုတွေမှာတော့ မိမိရဲ့စိတ်ခံစားမှု၊ပတ်ဝန်းကျင်အခြေအနေနဲ့ ရိုက်ခတ်မှု ကိုပဲ
အဓိက ထားခဲ့ကြတယ်လို့ ထင်မြင်မိပါတယ်..။
ကျွန်တော်တို့မှာ သေးသေးမွားမွားကိစ္စရပ်လေးတွေကလွဲလို့ (ဒါတောင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ စွတ်ဖက်မှု၊
သြဇာသက်ရောက်မှုက သိပ်ပြီးကင်းလှတာမဟုတ်...၊ယောင်္ကျားလေးများအဓိက...း) )အရေးကြီးကိစ္စတွေမှာ
ရွေးချယ်ခွင့် သိပ်ရှိလှတာမဟုတ်ပါဘူး...။အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာတော့ ဘယ်လိုကိစ္စမျိုးမှာမဆို မီးစင်
ကြည့်က နေရတာများလှပါတယ်...။ရှိတဲ့ ရွေးချယ်ခွင့်ကိုလည်း အပြည့်အဝအသုံးချဖို့ရာ ခက်ခဲလှပါတယ်...။
မည်သို့ပင်ဖြစ်စေကာမူ....၊ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေဟာ အနှောင်အဖွဲ့ကင်းတဲ့၊မိမိဘာသာကျေနပ်နိုင်တဲ့၊
နောက်..အပြစ်လည်းကင်းတဲ့ ရွေးချယ်မှုတွေ ဖြစ်နိုင်ကြပါစေ..လို့.......။
Friday, September 24, 2010
အဆိပ်တစ်ခွက်ရဲ့ မဆုံသောလမ်း
အကြိုက်ဆုံး အဆိုတော်တစ်ယောက်ရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပါ...။
ခုချိန်မှာ အမြဲလိုလို ဆိုညည်းနေမိတယ်...။(ဘာကြောင့်ဆိုတာတော့ ပြောချင်တော့ဘူး )
ဒီတစ်ပုဒ်လည်း...ခုတလော အတော်ဆိုညည်းလို့ကောင်းနေလေရဲ့....။
အရှုံး ရာဇဝင်
ဖုံးခေါ်မိတယ်.....။
မတ်ဆေ့ ပို့မိတယ်....။
ဂျီတော့ မှာမျှော်မိတယ်....။
ဖဘ မှာ စောင့်နေမိတယ်....။
အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲတစ်ခုကို အရှုံး တစ်ခု ထပ်ရဖို့ အတွက် အခါခါ တိုက်ခဲ့မိပါတယ်....။
ဘီးစီးနေလို့တဲ့လား.....။
သက်ပြင်းတွေက မြစ်ရေလိုစီးဆင်း....ကိုယ့်ရင်မှာ မုတ်သုန် ဝင်ပြီ ဟန်နီ....။
ရေးမိတဲ့ ဒိုင်ယာရီထဲမှာ ရက်စွဲတွေ ရဲပတောင်းခတ်....နာကျင်ခြင်းတွေက အခောဘဏီ တပ်ချီလာခဲ့ပြီ....။
ဝေးကွာဖို့ဆိုတာ မျှော်လင့်ထားခဲ့တဲ့ အချိန်းအချက်တစ်ခုပါ...။တကယ်ရောက်ရှိလာခဲ့တော့လည်း....အသဲခိုက်
မတတ် နာကျင်ရပါတယ်...။
အစကတည်းက မနီးစပ်ခဲ့ကြပေမယ့် ဝေကွာခြင်းတွေရဲ့ ထိုးနှက်မှုက လူကို ရူးမတတ်ပါပဲ.....။
ပွဲတော်ည မရောက်ခင် ဇာတ်လမ်းက သိမ်းနှင့်ခဲ့ပြီပေါ့...။
မြင်မြင်သမျှဟာ ကိုယ့်အတွက်တော့ အလွမ်းတွေပါပဲ ဟန်နီ...။
ရှိပါစေတော့ လေ....။
ကြိုးစင်ပေါ်တတ်ရမယ့်သူအတွက် ကကြိုးကကွက် မလိုအပ်ပါဘူး...။
ရှုံးသူရဲ့ ရာဇဝင်မှာ ဧကရီသခင်မ နန်းသိမ်းပွဲ ခံယူပါတော့...။
ကောင်းကင်မှာ ကြယ်ကုဋေ ဝန်းရံခလို့ လမင်းသခင်မ စိုးစံလေပြီလား.....၊
မိုးတိမ်တွေလည်း လေနှင်ရာ မျောလွင့်ရတော့မှာပေါ့လေ...။
လျောက်သောလမ်းမှာ ရနံတို့ဝေ၍ ကြယ်တို့လည်း ဝန်းရံခ...၊
သာသော ဘဝကို ရပါစေ...။
ကိုယ်ဆုတောင်းပေးနေပါ့မယ်....။
ကောင်းကင်မှာ သာတဲ့ လမင်း အတွက်တော့ မြက်ဖျားက နှင်းတစက်က မက်လောက်စရာရှိမယ် မဟုတ်ပါဘူး။
ဒါပေမယ့် တစ်ချက်တော့ ငဲ့ကြည့်ပေးခဲ့ပါနော်...။
နှုတ်ဆက်တေးသွားကိုတောင် ဆိုညည်းခွင့်မရခဲ့တဲ့နောက်.....အရာရာဟာ ပြီးဆုံးသွားပြီပေါ့...။
အချိန်တန်တော့လည်း မနိုးတမ်းမက်ချင်ခဲ့တဲ့ အိမ်မက်တစ်ခုက နိုးထရဦးမှာပေါ့လေ.....။
Monday, September 20, 2010
ရင်ခွင်ထက်မှာ အပြိုင်းအရိုင်းဖူးပွင့်လာတဲ့ ကျွန်တော်မစိုက်ပျိုးခဲ့တဲ့ ပျားရည်တစ်စက်
တစ်ချိန်မှာ ဒီလိုကြုံတွေ့ရလိမ့်မယ်လို့ ဘယ်လိုမှ၊ဘယ်တုန်းကမှ ထင်မှတ်မထားမိခဲ့ပါဘူး...။
သွေးပူနေချိန်မို့ ထင်ပါရဲ့.....နောင် သွေးအေးသွားရင် အရင်လိုပြန်လည်တည်ငြိမ်သွားမှာပါ...လို့ဘာသာစိတ်ဖြေ
ယူပေမယ့်...၊ဒါဟာ သွေးပူတုန်းဖြစ်တာမဟုတ်ဘူးဆိုတာကိုလည်း တစ်ပြိုင်တည်းမှာ သိနေခဲ့ပြီးသားပါ..။
ဘယ်တုန်းကမှ မိမိကိုယ်ကို တည်ငြမ်၊ရင့်ကျက်ပြီးသူလို့ မထင်ခဲ့သည့်တိုင်အောင် ဒီအရွယ်မှာ ဒီလို
စိတ်လှုပ်ရှားမှုမျိုးကို ခံစားမိလိမ့်မယ်လို့လဲ ထင်မထားတာအမှန်ပါ..။
သဘောထားတွေ ပြောင်းလဲခဲ့ပြီလို့ ထင်မှတ်မိကာမှ...တကယ့်တကယ်မှာဘာမှမပြောင်းလဲတာလား...။သံသရာ
တစ်ပတ်လည်လို့ ထပ်ပြီး တကျော့ပြန် ပြောင်းလဲသွားခဲ့တာလေလား....မခွဲခြားတတ်တော့ပါဘူး...။
ဒါဟာ စိတ်ရူးထမှုသက်သက်ပဲဖြစ်ပါစေ၊စိတ်ရူးထမှု တစ်ခုပဲဖြစ်လိုက်ပါတော့လို့ပဲ ဘာသာတိုးတိုးရေရွတ်မိပါ
တယ်..။(မဟုတ်ဘူးဆိုတာကိုလည်း သိနေပါရဲ့...။)
ဒါဟာဘာပါလည်း...။ဘာဆိုတာကို မခွဲခြားတတ်ပါဘူး...။သေချာတာက ရမက်တစ်ခု၊တပ်မက်မှုတစ်ခု မဟုတ်
တာတော့သေချာနေတယ်...။ဘယ်လိုမှ ဒီစိတ်မွေးလို့မရခဲ့ဘူးဆိုတာ ဘာသာအသိဆုံးပါ...။
ဖြူဖြူစင်စင်ပါလို့မပြောနိုင်တောင်၊ ပန်းရောင်ပြေပြေလေးလို့ သေချာပေါက်ပြောရဲပါတယ်...။
ဘာမှမလိုချင်ခဲ့ပါဘူး၊တကယ်လို့လိုချင်ခဲ့တယ်ဆိုရင်လည်း အဲဒါဟာ “ နားလည်မှု နဲ့ ယုံကြည်မှု တစ်ခု ”ပါလို့
ပြောခဲ့မိတယ်...။ဒါဆိုဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလည်း....။ဒီနှစ်ချက်လုံးကို ကိုယ်ရခဲ့တယ်လို့ ခံစားခဲ့မိပြီပဲလေ။
ဘာကို ကိုယ်လိုချင်ခဲ့တာလည်း...။ဘာသာမသိတဲ့ အမေးတစ်ခုပါ..။
ချစ်သောသူအပေါ်၌ မျက်ဆိသည် ရောင့်ရဲ့ခြင်းမရှိတဲ့ အဖြစ်သက်သက်လေလား...။
ဘာကြောင့်များ တနင်္ဂနွေနေ့က ဟောင်ကမ်း ကိုသွားမိပါလိမ့်...။ဘယ်လိုမျိုးတွေ့ကြုံရမယ်ဆိုတာကို ဘာသာ
သိသိကြီးနဲ့ ဘာလို့သွားခဲ့မိတာလဲ....။
အသွားခရီးမှာ ခြေလှမ်းတွေက ပေါ့ပါးသလောက်၊ အပြန်ခရီးမှာဖြင့် နှေးကွေး၊လေးလံလွန်းနေခဲ့ပါတယ်...။
လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့ သီးနှံကိုပဲ ကိုယ်ရိတ်သိမ်းရတာပါပဲလေ....။
ခက်တာက ကိုယ် စိုက်ပျိုးခဲ့တာ ဘာပင်မှန်း ကိုယ်မသိခဲ့တာပါပဲ....။
ကိုယ်ဘာလုပ်ရမလဲ.....မကြီးရင့်ခင်၊သီးပွင့်တို့ မဝေဆာခင် ကိုယ် ခုတ်ပစ်လိုက်ရမလား...။
စိတ်ရဲ့စေရာ နောက်ကိုပဲ လိုက်ရမလား....။ချုပ်တီးဖို့ကလည်း ခက်ရချည်ရဲ့...။
မဖြစ်နိုင်မှန်းလည်း သိပါတယ်...။
မဖြစ်သင့်မှန်းလည်း သိပါတယ်...။
တံတိုင်းတွေခြားနေခဲ့တယ် ဆိုတာလည်း သိနေပါတယ်...။
အားလုံးရဲ့ အမုန်းတွေ၊အပြစ်တင်မှုတွေ ကိုပဲရနိုင်မယ်ဆိုတာလည်း မျှော်လင့်ပြီးသားရယ်ပါ...။
မဆိုင်သူတွေကို ထိခိုက်နာကျင်စေမယ် ဆိုတာကိုလည်း သိနှင့်ပြီးသားပါ...။
ကိုယ်တိုင်လည်း ဘယ်လောက်နာကျင်ရမယ်ဆိုတာ သိပြီးသားရယ်ပါ...။
ဓါးသွားပေါ်က ပျားရည်စက်ကိုမှ ကိုယ်ကလျက်ချင်သူလေပဲလား....။
Honey......!
ရှိပါစေတော့လေ...၊ရှိပါစေတော့....။
ဘာသာ လူမိုက် အဖြစ်စာရင်သွင်း...၊ကိုယ့်သေတွင်း ကိုယ်တူးပါရစေတော့...။
ရှိပါစေတော့လေ....၊ရှိပါစေ...။
အလွမ်းနဲ့ သတိရခြင်းတွေ ပေါင်းစပ်ထားတဲ့ ဝိုင်တစ်ခွက်ကိုသောက်မိတိုင်း.. ကိုယ်...မြို့တော်ရဲ့စားသောက်ဆိုင်
လေးမှာ ရှိနေမှာပါ...။ဒါလေးဟာ ကိုယ်တို့နှစ်ယောက်ကြားက ဆက်သွယ်မှုပါးပါးလေးတစ်ခု ပဲလေ...။
ဘာပဲဖြစ်ဖြစ် သတိမရပါနဲ့နော်....။ဘာပဲဖြစ်ဖြစ် ဟောဒီက သေအံမူးမူးလူတစ်ယောက်ကို ရက်ရက်စက်စက်
ပစ်ထားခဲ့ပါ...။မျော်လင့်ချက် မရှိတဲ့ ကမ္ဘာထဲမှာ အသင်္ချေယကပ် ပတ်လုံး မှောင်မိုက်ခွင့် ပေးလိုက်ပါတော့....။
အရာရာ အတွက် ကျေးကျေးပါ....ဟန်နီ...!
Friday, September 17, 2010
လူနှင့် ရွေးချယ်ပိုင်ခွင့်
“ ဒါ ငါ့ရဲ့ရွေးချယ်ပိုင်ခွင့်လေ...”၊“ ငါ့မှာ ရွေးစရာမရှိဘူး...” အစရှိသဖြင့် ကျွန်တော်တို့ ပြောလေ့ပြောထရှိကြပါ
တယ်။ရွေးချယ်ပိုင်ခွင့်ဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ မွေးရာပါအခွင့်အရေးတစ်ခုပါ...။ဒါပေမယ့်ကျွန်တော်
တို့မှာ အမှန်တကယ် ရွေးချယ်ပိုင်ခွင့် အပြည့်အဝ ရှိပါရဲ့လား...။မိမိရဲ့ ရွေးချယ်ပိုင်ခွင့်ကို အပြည့်အဝ အသုံချခွင့်
ရှိပါရဲ့လား...။ဘာသာမေးဖြစ်တဲ့မေးခွန်းတွေပါ..။
ရွေးချယ်ပိုင်ခွင့် လို့စဉ်းစားမိတော့ အတွေးထဲကိုရောက်လာတာကမရွေးချယ်ပိုင်ခွင့်(သို့)ကျွန်တော်တို့မရွေးချယ်
ပဲ ရလာရတဲ့ အရာတွေပါ။ကျွန်တော်တို့ ဘဝမှာ မရွေးချယ်ပဲ၊ရွေးချယ်ခွင့်မရှိပဲ ရလာတာတွေက သိပ်အများကြီး
မဟုတ်ပေမယ့် အတော်ကို အရေးပါတာတွေပါ...။ကျွန်တော်စဉ်းစားမိသလောက်ကတော့.....
မိဘ
ကျွန်တော်တို့တွေမှာ ရွေးချယ်ခွင့်ရှိခဲ့မယ်ဆိုရင် ဘယ်လိုမိဘမျိုးကို ရွေးချယ်မှာပါလိမ့်...။အများစုကတော့ လက်
ရှိ မိဘတွေကိုပဲ ရွေးမှာပဲ၊လက်ရှိမိဘတွေက ကိုယ့်အပေါ်မှာ အကောင်းဆုံးပဲ လို့ဖြေကြမယ်ထင်ရဲ့။ဒါပေမယ့်
အဲဒါက လက်ရှိဖြစ်တည်နေတဲ့ သံယောဇဉ်၊အစွဲအလမ်း ကြောင့် ဒီလိုအဖြေကို ဖြေဖြစ်ကြတာဖြစ်နိုင်ပါတယ်..။
လက်ရှိမိဘတွေကိုခဏ မေ့ထားပြီး စဉ်းစားကြည့်ရင်တော့...ဘယ်လိုမိဘမျိုးကို အများစုကရွေးချယ်မလဲဆိုတာ
အတော်စိတ်ဝင်စားဖို့ကောင်းမှာပါ။ဘီလ်ဂိတ် လိုပုဂ္ဂိုလ်မျိုးလား....၊ဒေါ်အောင်ဆန်းစုကြည် လို အမျိုးသမီးမျိုးကို
လား...၊ဒါမှမဟုတ် ဟစ်တလာကိုရွေးချယ်ချင်တဲ့လူများ ရှိနေလေမလား....။ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်
ခွင့်တော့ မရှိခဲ့ပါဘူး..။
လိင်
ယောင်္ကျားအများစုကြီးကတော့ ယောင်္ကျားဘဝ ရလာတာကို သဘောကျကျေနပ်ကြပါတယ်..။မိန်းမတွေ အနေ
နဲ့ သူတို့ မိန်းမဘဝကို သဘောကျကြသလား၊မကျကြဘူးလားဆိုတာတော့ ကျွန်တော်မသိပါဘူး...။ဒါပေမယ့်
မကြာခဏ ဆိုသလိုကြားမိတာကတော့ မိန်မ ဖြစ်ရတာ နစ်နာတယ်၊ဘာတယ်၊ညာတယ်..အစရှိသဖြင့်ပေါ့ဗျာ။
ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး အများစုကတော့ သူတို့မှာရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် ယောင်္ကျားဘဝကိုရွေးချယ်
ဖြစ်ကြမယ် ထင်ပါတယ်..။မိန်းမဘဝကို ရွေးချယ်ချင်တဲ့ လူတွေလည်း ရှိနေမှာပါ...။ဘယ်လိုပဲဖြစ်ဖြစ် ရတော့ရ
လာခဲ့ပါပြီ။ကျွန်တော်တို့ မရွေးချယ်ပဲနဲ့ပေါ့လေ...။
ဆွေမျိုး၊သားချင်းတွေ
မကြာခဏဆိုသလိုကြားမိတာကတော့ မိမိဆွေမျိုး၊သားချင်းတွေရဲ့ အနိုင်ကျင့်၊ဒုက္ခပေးမှုကိုခံကြရတဲ့အကြောင်း
တွေပါ(ကျွန်တော်လည်း ထိုနည်း လည်းကောင်းး) )။ကျွန်တော်တို့မရွေးချယ်ပဲ ရလာခဲ့ရတဲ့ သူတွေကြောင့်
ကိုယ်၊စိတ် ဆင်းရဲမှုတွေ ရလာတဲ့ အခါမှာ ဘာကြောင့်များ ရွေးချယ်ခွင့်မရှိရတာလဲ လို့ လောကကြီးကို စကားနာထိုးမိကြမှာပါ...။နောက် သူတို့က ဒုက္ခ မပေးသည့်တိုင်အောင် ဘာသာတာဝန်ရှိလို့ တာဝန်ယူထားရတဲ့
အပေါ်မှာရော...ဘယ်လိုများ သဘောထားကြပါသလဲ ဆိုတာစိတ်ဝင်စားစရာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရွေးချယ်ခွင့်
မရတဲ့ အကြောင်းတွေထဲမှာ လူတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း တစ်ခုအပါအဝင်ပါပဲခင်ဗျ။
ခေတ်
ဘိုးတော်ဘုရားခေတ်မှာ လူဖြစ်လာရတဲ့သူတွေ အတွက် အဲဒီခေတ်ကအကောင်းဆုံးဖြစ်နေမလား။ ၈၈ နောက်
ပိုင်းမှာ လူဖြစ်လာရတဲ့သူတွေအတွက် ဒီခေတ်က အဆိုးဆုံးဖြစ်နေမလား...။ရွေးချယ်ခွင့်ရှိခဲ့ရင် ကျောက်ခေတ်
ကိုရွေးချယ်ချင်သူတွေများ ရှိနေမလား....။လူကြီးတွေကတော့ “ ဒို့ခေတ်တုန်းကများကွာ...” ဆိုပြီး သူတို့ဘဝမှာ
အကောင်းဆုံးဖြစ်ခဲ့တဲ့ ခေတ်တခေတ်ကို ပြန်တမ်းတတတ်ကြပါတယ်....။အင်း...ကျွန်တော်တို့အတွက်ကတော့
အဲလိုတောင် ပြောစရာရှိပါ့မလား...။တချို့ကလည်း “ဒို့ခေတ်ကို ရောက်ရတော့မည် မလွဲပါ ” ဆိုပြီး ကြုံးဝါး ကြ
ပါတယ်...။ရောက်ခဲ့ကြပါသလား....။ကျွန်တော်တော့ မသိဘူးခင်ဗျ။
ငယ်စဉ်ကလေးဘဝက ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်
ကလေးတစ်ယောက်အဖို့ သူကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်မရှိခဲ့ပါဘူး၊ရှိခဲ့ရင်လည်း ရွေးချယ်ရ
ကောင်းမှန်း မသိခဲ့နိုင်ပါဘူး။သူ့ရဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သူတွေကတော့ သူ့ရဲ့မိဘတွေပါ...။တခါတရံမှာ
မိဘတွေကိုယ်တိုင်က မရွေးချယ်နိုင်တဲ့ ဘဝကိုရောက်နေတတ်ပါတယ်...။မိမိကလေးကို စင်္ကာပူလိုနိုင်ငံမျိုးမှာ
ကြီးပြင်းစေချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန်ရသူတွေ၊မြန်မာပြည်မှာ ကြီးပြင်းစေချင်ပေ
မယ့် နိုင်ငံခြားတိုင်းပြည်တခုက မခွာနိုင်တဲ့သူတွေ အများကြီးရှိနေမှာပါ...။
မိမိရဲ့ ကိုယ်ခန္ဓာ
မွေးရာပါ ကိုယ်အင်္ဂါ တစ်စုံတစ်ရာချို့ယွင်းနေသူတွေအတွက်တော့ အတော်ကိုစိတ်နာစရာကောင်းတဲ့ ကိစ္စ
တစ်ခုပါ...။နည်းပညာတွေတိုးတတ်လာလို့ အတိုင်းအတာတစ်ခုအထိဖာထေးနိုင်သည့်တိုင်အောင်ဒါဟာကျေနပ်
စရာတစ်ခုတော့မဟုတ်ပါဘူး။မကျေနပ်လည်း ဘာမှမတတ်နိုင်တဲ့ ကိစ္စ တစ်ခုကို ကျေနပ်တတ်အောင်စိတ်ထား
တာက အပြောလွယ်သလောက်အလုပ်ခက်နိုင်ပါတယ်...။အင်း...ရွေးချယ်ခွင့်များရှိခဲ့ရင် အားလုံးကတော့
ရွေမင်းသား၊ရွေမင်းသမီးလေးတွေရဲ့ ရုပ်ရည်မျိုး ကိုပဲ ရွေးချယ်ကြမယ်ထင်ပါရဲ့...းD။
မြန်မာပြည်သားအများစုအတွက်တော့ မြန်မာလူမျိုးဖြစ်ရတာ လူဖြစ်ကျိုးနပ်တယ်လို့ထင်ကြတာပါပဲ...။ဒီလိုပါပဲ အင်္ဂလိပ်တစ်ယောက်အတွက်တော့ အင်္ဂလိပ်လူမျိုးက အကောင်းဆုံးလူမျိုး ဖြစ်နေမှာပါ။ဒါပေမယ့်ဟေတီ (လို့
ထင်ပါရဲ့ )ကတွတ်ဆီလူမျိုးတွေ၊တခြား ဖိနှိပ်ခံလူမျိုးတွေအနေနဲ့ ရွေးချယ်ခွင့်ရမယ်ဆို အခြားလူမျိုးတစ်ခုခုကို
ုများ ရွေးချယ်ချင်စိတ်ရှိနေမလား....။မည်သို့ပင်ဖြစ်စေကာမူကျွန်တော်တို့အတွက် အခြားနိုင်ငံသားအဖြစ်ပြောင်း
လဲခဲ့သည့်တိုင်အောင် မိမိရဲ့မိခင်လူမျိုးရင်းကိုတော့ ပြောင်းလဲရွေးချယ်လို့မရနိုင်ပါဘူး..။
လတ်တလော ကျွန်တော်စဉ်းစားမိသလောက်တော့ ကျွန်တော်တို့လူသားတွေရဲ့ဘဝမှာ မိမိမရွေးချယ်ပဲရလာခဲ့
ရတာတွေကတော့ ဒီလောက်ပါပဲ...။ဒါပေမယ့် အဲဒါတွေကပဲ ကျွန်တော်တို့ ဘဝတွေကို ပြဌာန်းသွားခဲ့ပါတယ်။
ကျွန်တော်တို့ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာတွေအပေါ် အလွမ်းမိုးဆုံးအရာတွေကို ကျွန်တော်တို့ ရွေး
ချယ်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် လူသားတွေဟာအဲဒီအခြေအနေတွေကို အတတ်နိုင်ဆုံး လက်ခံခဲ့ကြပါတယ်။ အကောင်းဆုံးလည်း တုံ့ပြန်၊ဖြေရှင်းခဲ့ကြပါတယ်။အင်း..အနည်းဆုံးတော့ ဖြေရှင်းဖို့ကြိုးစားခဲ့ကြတယ်ပေါ့ခင်ဗျာ။
လက်ရှိလူသားတွေရဲ့ ဖြစ်တည်၊တိုးတတ်ပြောင်းလဲ လာမှုကပဲ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြတယ်
ဆိုတာကို သက်သေပြနေပါတယ်..။ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ....။ကျွန်တော်တို့မရွေးချယ်ပေမယ့် လက်တော့ခံကြ
ရပါပြီ...။ဆိုးသည်ဖြစ်ဖြစ်၊ကောင်းသည်ဖြစ်ဖြစ် ဒါဟာကျွန်တော်တို့ ဘဝ၊ကျွန်တော်တို့ ဖြစ်တည်မှု ပါပဲခင်ဗျား..။
(ရွေးချယ်ပိုင်ခွင့် အကြောင်းလို့ခေါင်းစဉ်တတ်ထားပေမယ့် မရွေးချယ်ပိုင်ခွင့်တွေအကြောင်းနဲ့တင်နည်းနည်းရှည်
သွားတာကိုခွင့်လွတ်ပါခင်ဗျ။နောက်မှဆက်ပါဦးမယ်။အပိုင်းနှစ်ကို(မမျှော်ချင်လည်း)မျှော်ပေးကြပါလို့ ပန်ကြား
လိုက်ရပါတယ်ခင်ဗျား....း) )
Sunday, September 12, 2010
အချိန်=အပြောင်းအလဲ (၂ )
အချစ်
ရှေ့မှာ ရေးခဲ့သလို လူပျိုပေါက်အရွယ်မှာ ငြိမ်းကျော်၊မောင်စိန်ဝင်း၊တက္ကသိုလ်ဘုန်းနိုင် တို့ရဲ့ စာတွေနဲ့ လူလား
မြောက်လာခဲ့တာဆိုတော့အချစ်နဲ့ပတ်သက်လာရင်ငယ်စဉ်ကခံစားမှုတွေကအရမ်းကိုနူးညံ့၊သိမ်မွေ့လှပါတယ်။
၁၉နှစ်လောက်မှာ ရည်းစားလေးတစ်ယောက်ရတော့ ချစ်သူနဲ့ပတ်သက်လာရင် မထိရက်၊မကိုင်ရက်၊အရမ်းကို
တန်ဘိုးထားပြီးချစ်ခဲ့မိတယ်...။ချစ်သူရဲ့လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်ဖို့၊ချစ်သူ့ဆံနွယ်စလေးတွေကို ခိုးယူ
ရှိုက်နမ်းဖို့ဆိုတာ (အဲဒီအချိန်က)ကျွန်တော့်အတွက်တော့ မဟာစွန့်စားခန်းကြီးတစ်ခုရယ်ပါ...။
(အဲဒီလို လက်နှေးခဲ့လို့လားမသိ၊သုံးလလောက်အကြာမှာပဲ သူကကျွန်တော့်ကိုပစ်သွားလို့ အသဲဟတ်တက်ကွဲ
ကျန်ခဲ့တာ ခုထိကို ပြန်မဆက်နိုင်တော့ဘူး....။)
ခုချိန်မှာတော့ အချစ်နဲ့ပတ်သက်လာရင် ခံစားချက်တွေက ပြောင်းလဲသွားခဲ့ပြီ။စိတ်ကူးယဉ်အချစ်မဆန်တော့။
ဟိုတုန်းကလိုလည်း မနူးညံ့၊မသိမ်မွေ့တော့ပြီ...။နည်းနည်း အရိုင်းဆန်လာတယ်လို့ပြောရတော့မယ်....။
ခုချိန်မှာ အချစ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် အချစ်ဆိုတာ တပ်မက်မှု နဲ့ သံယောဇဉ် အချိုးညီညီ ပေါင်းစပ်
ထားတာလို့ ပဲ ယူဆမိတော့တယ်။
အပေါင်းအသင်း၊သူငယ်ချင်း
ငယ်ငယ်က အပေါင်းအသင်း သိပ်ပြီးမမင်ခဲ့ဘူး။အမြဲတွဲခဲ့တဲ့ သူငယ်ချင်းရယ်လို့လည်း သတ်သတ်မှတ်မှတ်မရှိခဲ့
ဘူး။လူတိုင်းနဲ့တော့ ခင်ခင်မင်မင်ရှိခဲ့ပါတယ်။အများအားဖြင့် ဘာသာတစ်ယောက်တည်း စာအုပ်တွေနဲ့ပျော်မွေ့
မိတာကလည်း သူငယ်ချင်းတွေနဲ့ အရမ်းကြီးတရင်းတနှီး မဖြစ်စေခဲ့တဲ့အကြောင်းတရပ်ဖြစ်နိုင်ပါတယ်။ဘယ်
သူငယ်ချင်းကမှ ကိုယ်အတွက် အနစ်နာခံပေးခဲ့ရတာမျိုးမရှိခဲ့သလို၊ကိုယ်ကလည်း ဘယ်သူ့ကိုမှ အနစ်နာခံပေး
ခဲ့တာမျိုး မရှိခဲ့ပါဘူး။
အသက်လေးနဲနဲရလာတာနဲ့အမျှ သူငယ်ချင်း၊အပေါင်းအသင်းတွေအပေါ် ချစ်ခင်တွယ်တာတဲ့စိတ် ပို ပိုလာပါ
တယ်။သူ့အရေးကိစ္စတွေကို ကိုယ့်အရေးကိစ္စတွေလိုသဘောထား တတ်လာတယ်။နားလည်မှုလည်းပိုပြီးပေးနိုင်
လာခဲ့တယ်။ကိုယ့်အချိန်တွေထဲကမှ သူတို့အတွက် အချိန်ပေးတတ်လာခဲ့ပြီ။သူငယ်ချင်းတွေနဲ့ စကားပြောရတာ
ကိုလည်း ခုံမင်လာခဲ့ပါတယ်...။
လူနဲ့ပတ်ဝန်းကျင် အပေါ်မှာမြင်တဲ့ အမြင်
ဟိုတချိန်က လူတွေအပေါ်မြင်တဲ့ ကျွန်တော့်အမြင်တွေက တဖတ်သက်ဆန်ခဲ့တာအမှန်ပါပဲ။ကိုယ့်ဘက်ကိုပဲ
ကြည့်ခဲ့မိတယ်။ကိုယ့်အပေါ်မကောင်းတဲ့လူကို မကောင်းဘူးလို့ပဲ မြင်တယ်၊အပြင်ပန်းမှာ ကောင်းတဲ့လူတွေကို
လည်း လူကောင်းလို့ ရိုးရိုးရှင်းရှင်းမြင်ခဲ့ပါတယ်။ခုတော့ကိုယ့်အပေါ်မကောင်းတဲ့လူတွေကိုလည်း သူတို့ရဲ့
အခက်အခဲတွေ၊စိတ်ခံစားမှုတွေကို ကြည့်မြင်နားလည်ပေးတတ်လာတယ်။ကောင်းတဲ့လူတွေကိုလည်း သူတို့ရဲ့
အတွင်းစိတ်သဘောထားကိုပါ မြင်နိုင်အောင်ကြိုးစားလာမိပါတယ်။လက်ဖမိုးကိုချည်း မကြည့်ပဲ လက်ဖဝါးကိုပါ
ကြည့်တတ်လာခဲ့ပါပြီ....။
တချိန်က လူတွေအပေါ် သနားတတ်တဲ့စိတ်၊ယုံကြည်တဲ့ စိတ်လည်း ရှိခဲ့တယ်။တခါက ကျွန်တော်ဆိုင်ကိုလူတစ်
ယောက်လာပြီး အမေ့အတွက်ဆေးလာဝယ်တာ ငွေမလောက်လို့၊ဒီမှာလည်း အသိမိတ်ဆွေမရှိလို့ ငွေချေးပါ ၊
နက်ဖြန်ဆက်ဆက်လာပေးပါ့မယ်ဆိုပြီး ဘလိုင်းကြီး လာချေးဖူးတယ်။ဒီကကျွန်တော်မျိုးကြီးကလည်း ယုံကြည်
စိတ်ချစွာနဲ့ အိတ်ထဲရှိသလောက်ချေးလိုက်ပါတယ်။နောက်နေ့မှာ လည်ပင်း ကုလားအုပ်ဖြစ်အောင်မျှော်ပေမယ့်
ကိုယ်တော်က ပေါ်မလာတော့ပါဘူး။နာမည်တောင်မသိတဲ့လူကို ယုံရပါ့မလားလို့ ကြားတဲ့ သူငယ်ချင်းတိုင်းရဲ့
အဆဲကိုခံရတာပဲအဖတ်တင်ပါတယ်။
ခုချိန်မှာတော့ သူငယ်ချင်းအချင်းချင်း ခဏတဖြုတ် ငွေလှည့်တာတောင် “ဟေ့ကောင် မင်းပြန်တော့ ပေးမှာပါ
နော် ” ဆိုပြီး မယုံသလိုလို မေးမိလို့ ဘာသာမနည်း သတိထားနေရတယ်း)။
ငွေကြေး နဲ့ အလုပ်
အသက်နှစ်ဆယ်လောက်မှာ ကိုယ်ပိုင်ဝင်ငွေ၊ကိုယ်ပိုင်အလုပ် ရှိလာပါပြီ။အလုပ်ဘာအတွက်လုပ်လဲဆိုရင် တချိန်ကတော့ ငွေရဖို့ပါ။ငွေဘာလုပ်ဖို့လဲဆိုရင် သုံးဖို့၊ဖြုန်းဖို့ လို့ပဲပြောဖြစ်ခဲ့မယ်ထင်တယ်။ငွေ ကို များများ နဲ့
မြန်မြန်ရအောင် ရှာတယ်။ပြီးတော့ မြန်မြန် သုံးပစ်လိုက်တယ်။အလုပ်အပေါ်ထားတဲ့သဘောထားကလည်း ငွေ
ရဖို့ပဲ..။ငွေကြေး အပေါ်ထားတဲ့ သဘောထားကလည်း သုံးပစ်လိုက်ဖို့ပဲ...။
နောက်ပိုင်းမှာတော့ အလုပ်ကို အလုပ်လိုပဲ သဘောထားနိုင်လာခဲ့ပြီ။တနေ့ကပဲ လုပ်ဖော်ကိုင်ဖက် စလုံးတစ်
ယောက်က ကျွန်တော့်ကို “ ဒီလောက် အလုပ်ရှုပ်နေတာတောင် မင်းကသီချင်းလေး တညီးညီး နဲ့ အတော်ပျော်
နေတယ်ပေါ့လေ ဟုတ်လား ” လို့ မေးလာပါတယ်။ဒီတော့ ကျွန်တော်က “ အလုပ်ရှုပ်လဲ ငါ့အတွက်က တစ်နေ့
ကို ၂၄ နာရီပဲ၊အလုပ်များလို့ ၂၅ နာရီဖြစ်သွားတာမှ မဟုတ်တာ၊လုပ်စရာရှိနေရင်တော့ လုပ်ရမှာပေါ့ ” လို့
ခပ်နောက်နောက်လေး ပြန်ဖြေ ဖြစ်လိုက်ပါတယ်။
ဟုတ်ပါတယ်...။ခုနောက်ပိုင်းမှာ အလုပ်အပေါ်ထားတဲ့ သဘောထားက အဲဒီအတိုင်းဖြစ်သွားပါပြီ။ငွေကြေး ကို
လည်း ကျွဲကူးရေပါ တဲ့သဘောပဲလို့ထားပါတော့တယ်။ဒါပေမယ့် အရင်တုန်းကလိုတော့ အရမ်းမသုံးဖြစ်တော့
ဘူး။ကပ်စေးနဲ လာတတ်တဲ့သဘောထင်ပါရဲ့း)။တခုခုဝယ်တော့မယ်ဆို အရင်လို စွတ်မဝယ်ဖြစ်တော့ဘူး။
နောင်ရေးတွေဘာတွေ တွေးပြီး လက်တွန့် လာပါတယ်။
အသက်နဲ့အမျှ လျော့သွားတာတွေ
အိပ်ချိန်။ ။ငယ်ငယ်ကအအိပ်မက်ခဲ့တယ်။၁၀နာရီဆိုအိပ်ပြီ။နောက်ကျမှအိပ်ရင်လည်း မနက်ကို ၉နာရီ၊၁၀
နာရီထိမထတော့ဘူး။အအိပ် မက်လွန်းလို့ အချိန်တွေ၊ချိန်းထားတာတွေ ကမောက်ကမ၊နောက်ကျခဲ့ရပေါင်းများ
ခဲ့ပါတယ်။ခုတော့ ညဆို အစောဆုံးအိပ်ယာဝင်ချိန်က ၁၁နာရီ၊၁၂နာရီ။မနက်ဆိုလည်း ၇နာရီဆို နိုးပြီ၊ဆက်
အိပ်လို့လည်းမရတော့။ဘာကြောင့်အအိပ်နည်းသွားတာလည်းဆိုတာ ဘာသာလည်း နားမလည်နိုင်ပါဘူး။
ဒေါသ။ ။ငယ်ငယ်က ဒေါသကြီးတယ်။လက်လည်းမြန်တယ်။လေးတန်းကျောင်းသားဘဝထဲက ကျောင်းက
အိမ်ကို တိုင်စာပို့လို့ အမေလုပ်သူကလိုက်ရှင်းရတာခဏခဏ။အသက်နှစ်ဆယ်ကျော်လောက်မှာ သောက်တတ်
စားတတ်လာတော့ ပိုဆိုးရော...။မူးလာရင်သွေးမဆိုးပေမယ့်၊ကိုယ့်ကို လာရစ်ရင်သည်းမခံနိုင်လို့ ခဏခဏရန်
ဖြစ်တယ်။ငယ်ငယ်ကတော့ လူဆိုးစာရင်းဝင်ပေါ့၊(နှစ်ယောက် တစ်ယောက်ဆိုလည်း ချတာပဲ၊သုံးယောက် တစ်
ယောက်ဖြစ်လည်း တီးတာပဲ၊လေးယောက်တစ်ယောက်လည်း ဆော်တာပဲ....။နှစ်ယောက်တို့၊သုံးယောက်တို့၊
လေးယောက်တို့ဘက်က ပြောပါတယ်..း) )။ခုတော့ တော်တော်ကိုလျော့ကျသွားပါတယ်၊ကိုယ့်ကို လာပြီးကြော
သလို၊မောသလို လုပ်တာတောင် သည်းညည်းခံတတ်ပါပြီ။လူ့ဘဝတိုတိုလေးအတွင်းမှာ ဘာကြောင့် အဓိပ္ပာယ်
မရှိတာတွေနဲ့ ကိုယ့်စိတ်ကို အပင်ပန်းခံနေမှာလည်း လို့ ဘာသာဖြေတတ်ခဲ့ပါပြီ။
လောဘ။ ။ငယ်စဉ်ကတော့ ဖြစ်ချင်တာတွေများခဲ့တယ်။လိုချင်တာတွေများခဲ့တယ်။လုပ်ချင်တာတွေလည်း
အများကြီးရယ်...။ချမ်းသာတဲ့ဘဝ၊အောင်မြင်တဲ့ဘဝကို လိုချင်ခဲ့တယ်။(ကြိုးစားခဲ့သလားလို့တော့ မမေးပါနဲ့း) )
ခုချိန်မှာ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း၊ကိုယ်လုပ်ချင်တိုင်း မရနိုင်ဘူးဆိုတာသိလာခဲ့တဲ့နောက် အလိုဆန္ဒတွေ
လျော့ကျသွားခဲ့ပါတယ်။လောကမှာ ကျွန်တော်တို့မတတ်နိုင်တာတွေ အများကြီးပါလားဆိုတာကို လက်ခံလာခဲ့
ပြီ...။ခုချိန်မှာ အိမ်ပြန်ရောက်ရင် အေးအေးဆေးဆေး ခြံသေးသေးလေးတစ်ခြံနဲ့ သီးနှံပင်လေးတွေပဲ စိုက်စားချင်
တော့တယ်။
အသက်နဲ့အမျှ ပိုလာတာတွေ
အတွေးတွေ။ ။အရင်ကတည်းက ကိုယ့်အတွေးနဲ့ကိုယ် နေတတ်တဲ့သူဆိုပေမယ့်၊နောက်ပိုင်းကာလတွေမှာ
အရင်ကထက်ပိုပိုပြီးတွေးမိလာတယ်၊လောကအကြောင်း၊လူတွေအကြောင်း၊ဘဝတွေအကြောင်း၊ပြီးတော့ ကိုယ့်အကြောင်း....။အတွေးတွေရဲ့နောက်မှာ အဖြေဆိုတာတော့မရှိခဲ့ပါဘူး။
နောင်တနဲ့အမှားတွေ။ ။ရခဲ့ပါတယ်၊အတော်ကို ပိုလို့ရခဲ့တာတွေပါ....း)။ဘဝမှာ ခုချိန်ထိ ခဲဖျက်နဲ့ မလွတ်ကင်း
နိုင်သေးဘူး။ဖျက်လို့မရ၊ပြင်လို့မရတာတွေအတွက်တော့ နောင်တတွေပဲအဖတ်တင်ခဲ့တာပေါ့။ဘာတွေလည်း
လို့တော့မမေးကြပါနဲ့....။ဖြေမိခဲ့ရင် ထပ်ပြီး နောင်တရမိမှာဆိုးလို့း)
ဆက်ရန်