Sunday, November 7, 2010

ကမ်းမဲ့တိမ်

“ ဂွတ်နိုက် ဘော့စ် ”

“ဂွတ်နိုက် လင်း.. ”

ကောင်တာမှာ တစ်နေ့စာ စာရင်းတွေချုပ်နေတဲ့ အရောင်းစာရေးမလေး လင်း ကို ပြန်နှုတ်ဆက်လိုက်ပြီး သူကား
ဆီသို့ ဆင်းလာခဲ့ပြီး အိမ်အပြန်လမ်းဆီသို့ကားကိုဦးတည်မောင်းနှင်လာခဲ့ပါတယ်...။PIEလမ်းမကြီးပေါ် ရောက်
တာနဲ့ကားကက်ဆက်ကိုဖွင့်လိုက်တယ်...။ထူးအိမ်သင်ရဲ့ကြယ်တွေစုံတဲ့ည သီချင်းသံက လွမ်းလွမ်းဆွေးဆွေး နဲ့
ရင်ထဲအထိအရောက်ဝင်လာခဲ့တယ်...။

အင်းးးးးးဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့ပဲ....။
သူ့ဘဝရဲ့ တဆစ်ချိုးအမှတ်တရနေ့တစ်နေ့ပါလား....။လွန်ခဲ့တဲ့ ၁၁နှစ်....ဒီလိုညမှာ သူပျော်ခဲ့သလား....၊
ဝမ်းနည်းခဲ့လား....၊သူမမှတ်မိတော့ပါဘူး...။အင်းးးးးးမမှတ်မိချင်တော့တာ၊မမှတ်မိချင်ယောင်ဆောင်နေခဲ့တာ
ဆိုရင် ပိုမှန်လေမလား...။လွန်ခဲ့တဲ့ ၁၁နှစ်၊ဒီလိုအချိန်မှာ သူတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဆင်နွှဲနေခဲ့တာပဲ...။

“ ......မျှော်လင့်ခြင်းများရယ်...အိမ်ပြန်ချိန်များရယ်.....” ထူးအိမ်သင်ရဲ့ကရုဏာသံက ငြိမ့်ငြိမ့်လေးထွက်ပေါ်နေ
ဆဲ..သူ ကားကို လမ်းမကြီးပေါ်မှ အိမ်ရှိရာ Eunos exit ဆီသို့  ကွေ့ထွက်လာခဲ့ပါတယ်....။နောက် ငါးမိနစ်ဆို သူ့ အိမ်ရှိရာသို့ရောက်တော့မှာပါ။ဒါပေမယ့်သူအိမ်မပြန်ချင်သေး...၊အထူးသဖြင့် ဒီလိုညမျိုးမှာ သူ မပြန်ချင်သေးပါ။
သူ့အတွက် အိမ် ဆိုတာ အဆောက်အအုံတစ်ခုဆိုတာထက် ဘာမှပိုလို့ အဓိပ္ပါယ်ရှိတော့တာမှ မဟုတ်တာပဲ...။
သူ့အတွက် အိမ်ပေါက်ဝမှာ စောင့်ကြိုနေမယ့်သူ တစ်စုံတစ်ယောက်မှ ရှိမနေခဲ့တာပဲလေ...။

ဒါဆို ဘယ်သွားရကောင်းမလဲ....။ကက်သရင်း ဒါမှမဟုတ် စင်ဒီ့ဆီ ဖုံးဆက်ပြီး ကလပ်သွား၊ အမူးသောက်လိုက်ရ
ကောင်းလေမလား...။ဟင့်အင်း....၊သူ ပူတဲ့အရက်နဲ့ လောင်တဲ့ရမ္မက်တွေ ကို မတပ်မက် မိတော့တာကြာခဲ့ပြီ..။
သူအခုချိန်မှာ တောင့်တနေမိတာက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ....။

ချစ်ခြင်းမေတ္တာဆိုတာနဲ့ အတွေးထဲကို အရင်ဆုံးဝင်ရောက်လာတာက အေးချမ်းတဲ့အပြုံးနဲ့ အမြဲနားလည်မှုပေး
နိုင်ခဲ့တဲ့ဖေဖေ....။ခုတော့ ဖေဖေတစ်ယောက် ငြိမ်းချမ်းရာဘုံဘဝမှာ ထာဝရအိပ်စက်အနားယူသွားပါပြီ..။
ပြီးတော့ တည်ကြည်၊ပြတ်သားတဲ့၊အမြဲတင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းတွေနဲ့အတူ နူးညံ့တဲ့မျက်ဝန်းတွေ
ပိုင်ဆိုင်တဲ့ မေမေ...။ပြီးတော့......ပြီးတော့.....မွန်.....မြတ်နိုးမွန်....၊အရည်လည်နေတဲ့မျက်လုံးဝိုင်းလေးတွေနဲ့
ချစ်တဲ့ မွန်....။

ဘယ်ဘက်ရင်အုံမှ စူးရှတဲ့ နာကျင်မှုကြောင့် သူ...အသက်ပြင်းပြင်းရှူရင်း ညာဘက်လက်ဖြင့် ရင်အုံကိုဖိထား
လိုက်မိသည်...။ရင်နာရပါတယ်လေ....။သူ ချစ်ခင်ရသူတွေ၊သူ့ကို ချစ်ခင်ခဲ့သူတွေအကြောင်းကို တွေးမိတိုင်း ယခုလိုဖြစ်ရတာကြာခဲ့ပါပြီ...။ဆေးရုံသွားပြီး နှလုံးကို စစ်ဆေးကြည့်ဖို့သူ မကြိုးစားခဲ့ပါ...။သူ ဘာဖြစ်နေတယ်
ဆိုတာ သူအသိဆုံးမဟုတ်ပါလား...။

စိတ်မှတ်မဲ့နှင့်ပင် သူ ကားလေးကို သူသွားနေကြ အရှေ့ဘက်ကမ်းခြေဆီသို့ ဦးတည်မောင်းနှင်နေမိသည်။
ကမ်းခြေမှ ကားပါကင်တွင် ကားရပ်ထားခဲ့ပြီး သူ ကမ်းခြေသို့ဆင်းလာခဲ့သည်။ကမ်းခြေကတော့ ခါတိုင်းလိုပင်
သူ့ကို တိတ်တိတ်ဆိတ်ဆိတ် ကြိုဆိုနေမြဲ...။ပိတ်ရက်လည်းမဟုတ်၊ညဥ့်လည်းနက်လှပြီမို့ ကမ်းခြေတွင် လူသူ
ကျဲပါးလှ၏။ထိုင်နေကြကျောက်ဆောင်မှာထိုင်ရင်း စီးကရက်တစ်လိပ်ကို မီးညှိ ရှိုက်ဖွာလိုက်မိသည်။

ကောင်းကင်ကိုမော့ကြည့်မိတော့ “ ည ” ကား ကြယ်တို့ဖြင့် စုံနေလေပြီ...။သူ့ရင်ထဲမှာတော့ ပကတိအမှောင်...။
“ ဖေဖေ....၊မေမေ.....၊မွန်ရေ....” သူ့နှုတ်မှ တိုးတိုးလေးရွတ်ဆိုနေမိပါတယ်....။စိုဆွတ်တဲ့ အတွေ့ကြောင့် ပါးပြင်
ကို စမ်းမိတော့ မျက်ရည်တွေ.....။ဒီကမ်းခြေ၊ဒီနေရာ၊ဒီလိုညမျိုးမှာ သူမျက်ရည်ကျခဲ့တာသုံးကြိမ်တိုင်ခဲ့ပါပြီ...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့တဲ့ ဆယ့်လေးနှစ်တာကာလ....သူ့အသက် ၁၉နှစ်သားအရွယ်....ဒီမြေကို ခြေချကာစမှာ နာကျင်စိတ်တို့နဲ့
သူ မျက်ရည်ကျခဲ့ရသည်...။၁၉၉၆ ခုနှစ်၊သူ တက္ကသိုလ်ဒုတိယနှစ်အရောက်မှာ ကျောင်းတွေပိတ်သွားပါတော့
သူတို့ကျောင်းသားတွေ အားလုံး ယောင်ချာချာဖြစ်ကုန်ကြရသည်။ရည်မှန်းချက်ကြီးကြီးထားတဲ့၊ချမ်းသာကြွယ်ဝ
မှုကို လိုချင်တဲ့ သူ့အတွက်တော့ အခုလို ယောင်ချာချာအဖြစ်မခံနိုင်ပါ...။ဒါနဲ့ သူ ဦးလေးတစ်ဝမ်းကွဲတစ်ယောက်
ရှိရာ ဒီနိုင်ငံကို စွန့်စားထွက်ခွာခဲ့ဖို့ ဆုံးဖြတ်ခဲ့မိသည်...။

ထိုစဉ်အချိန်ကတော့ သူ့ထံတွင် စိတ်ဓာတ်တစ်ခုကလွဲလို့ ဘာမှမရှိခဲ့ပါ။ဘာကြိုတင်ပြင်ဆင်မှုမှ မလုပ်နိုင်ခဲ့.....။
ကံကောင်းသည်က ထိုစဉ်အချိန်က ဒီနိုင်ငံတွင် တင်းကြပ်မှုတွေ ယခုအချိန်လောက်မရှိသေး...။ဦးလေးတို့ မြန်မာအလုပ်သမားတစ်စု ငှားနေသောအိမ်တွင် ခိုကပ်နေရင်း သူ အလုပ်တစ်ခုရဖို့အတွက် ကြိုးစားရသည်။
ဦးလေးဖြစ်သူကလည်း သူကိုယ်တိုင်ကပင် သာမာန်ဝပ်ပါမစ်သမားဖြစ်လေတော့ သူ့အတွက်အကူအညီ များများ
မပေးနိုင်ခဲ့....။ကျောချစရာတစ်နေရာ ပေးခဲ့သည်ကပင် ကျေးဇူးတင်စရာမဟုတ်ပါလား...။

သူ ရသည့်နေထိုင်ခွင့် တလ အတွင်း အင်တာဗျူးများစွာဝင်ရောက်ခဲ့သည်။စကားပြောကောင်းကောင်းမရသည့်၊
လုပ်ငန်းအတွေ့အကြုံမရှိသည်၊့ သာမာန်လူငယ်လေးတစ်ဦးသာဖြစ်သည့် သူ့အတွက် အဘယ်မှာ အလုပ်ရနိုင်
ပါမည်နည်း..။သည်လိုနှင့် နေထိုင်ခွင့်ကုန်ဆုံးတော့မည့်နေ့မတိုင်ခင် သုံးရက်အလိုတွင် သူ စတိုးဆိုင်ကြီးတစ်ခု
တွင် အင်တာဗျူးဝင်ဖြစ်ခဲ့သည်။

ဆိုင်ပိုင်ရှင်ဖြစ်သူကအသက်လေးဆယ်အရွယ်အမျိုးသမီးကြီးတစ်ဦး.....။သူမ မေးသမျှ သူကောင်းကောင်း မဖြေ
နိုင်ခဲ့ပါ။သုံးလေးခွန်းမေးအပြီးမှာတော့ သူ့ကိုမရွေးချယ်နိုင်သည့်အတွက် ဝမ်းနည်းပါကြောင်းပြောပါတော့သည်။
သွားပြီ...။သူ၏နောက်ဆုံးကောက်ရိုးတမျှင်ကို လက်လွတ်လိုက်ရပြီ...။မြန်မာပြည်ကို မချမ်းသာမချင်း ပြန်မလာ
ဟု သူကြွေးကြော်ခဲ့မိသည်...။ခုတော့ အရှုံးတွေနှင့် သူအိမ်ပြန်ရတော့မည်...။

ရုတ်တရက် သူ ထိုင်ခုံမှမထနိုင်ခဲ့ချေ....။သူ့ရင်ထဲတွင် ခါးသီးသောအရှုံး နှင့်နာကျင်ခြင်းတွေက တမြေ့မြေ့
လောင်ကျွမ်းလျက်....။“ မင်းပြန်လို့ရပြီလေ...” သူမ၏စကားသံက သူ့အတွက် ဗုံးတစ်လုံးနှယ် ပေါ်ထွက်လာ၏။
ဟုတ်သည်....။သူပြန်ရတော့မည်...။သို့သော် သူမပြန်ချင်သေး...။ “ မင်းမှာ ဘာအခက်အခဲ ရှိလို့လည်း...”
နောက်ဆက်တွဲ မေးခွန်းတစ်ခုအောက်မှာ ဆယ့်ကိုးနှစ်သားကောင်လေးတစ်ဦး၏ တိုးတိတ် ရင်ဖွင့်သံတို့က
ထစ်ငေါ့စွာပေါ်ထွက်လာခဲ့သည်...။

“ ကျွန်တော်ပြန်မှာပါ...။ကျွန်တော့်အိမ်ကို အပြီးပြန်ရမှာပါ...။ကျွန်တော့်နေထိုင်ခွင့်က ကုန်ဆုံးတော့မယ်လေ...။
ဒါပေမယ့် ကျွန်တော်မပြန်ချင်သေးဘူး...။အထူးသဖြင့် အရှုံးတွေနဲ့ မပြန်ချင်သေးဘူး...”

အဲဒီနောက်မှာတော့ သူမ၏ စိတ်ပျက်လက်ပျက်အကြည့်တွေကို ကျောခိုင်းရင်းသူပြန်လာခဲ့ရသည်။ညနေခင်း
တွင် ဦးလေးဖြစ်သူက စိတ်ပြေလက်ပျောက်အဖြစ် ကမ်းခြေသို့ လိုက်ခဲ့ဖို့ ခေါ်သဖြင့် သူ ဒီကမ်းခြေသို့ ပထမဆုံး အကြိမ်ရောက်ရှိလာခဲ့သည်။ဦးလေးတို့ ဝိုင်းဖွဲ့နေသည့်နေရာနှင့်မလှမ်းမကမ်း ကျောက်ဆောင်ပေါ်တွင် တစ်ဦး
တည်း ထိုင်ရင်း ဘဝရဲ့အရှုံးတွေကို သူ...နင့်နင့်နဲနဲခံစားနေမိခဲ့သည်။နာကျင်ဝမ်းနည်းစိတ်တို့ကြောင့် မျက်ရည်
ကျခဲ့ရသည်....။

“ ဟေ့ကောင်.....ဟေ့ကောင်....ဒီမှာဖုံးဝင်လာပြီ...မင်း လာမယ့်တနင်္လာနေ့ကစပြီး အလုပ်ဝင်ရမယ်တဲ့ဟ...”

ဦးလေးဖြစ်သူ လှမ်းအော်လိုက်တဲ့စကားကို ရုပ်တရက် သူသဘောမပေါက်မိသေး...။သူဒီနေ့ စတိုးဆိုင်အင်တာ
ဗျူးတစ်ခုပဲဝင်ခဲ့တာပဲလေ...။အဲဒီတစ်ခုကလည်း သူ့ကို ငြင်းဆိုခဲ့ပြီးပြီပဲ...။

“ မင်း မနက်ကသွားဗျူးတဲ့ စတိုးဆိုင်ကတဲ့...” ဦးလေးရဲ့နောက်ဆက်တွဲစကားသံကြားတော့မှ သူ ရှင်းသွားတော့
သည်။ဝမ်းသာလိုက်သည်မှာ ပြောစရာမရှိတော့...။ အံသြခြင်းများစွာလည်းဖြစ်ရ၏။သို့သော် အကယ်၍ သူသာ အနာဂတ်ကို နှစ်အနည်းကယ်ခန့်ကြိုမြင်တတ်သူသာဖြစ်ခဲ့လျှင်တော့ အံသြခြင်းဖြစ်လိမ့်မည်မဟုတ်ပါ...။

ဤသို့ဖြင့် သူ ၎င်းစတိုးဆိုင်ဝန်ထမ်းတစ်ယောက်၏ဘဝကို တတ်ကြွပျော်ရွင်စွာ စတင်ခဲ့သည်။သူ့တာဝန်က
လည်း ပေါ့ပေါ့ပါးပါးသာဖြစ်သည်။ဆိုင်အတွင်း ဈေးဝယ်သူတို့ဖွသွားသမျှကို စနစ်တကျ ပြန်လည် စီပေးရုံ၊
ဖုံခါပေးရုံ၊စင်များပေါ်တွင်တင်ထားသော ပစ္စည်းများ လျော့နည်းနေပါက စတိုခန်းလေးအတွင်းမှ ထုတ်ယူဖြည့်
တင်းပေးရုံမျှသာ...။

ဆိုင်တွင် မန်နေဂျာမှအစ ဝန်ထမ်းအားလုံးက သူ့အပေါ် ခွဲခြားဆက်ဆံသည်ကို သူကောင်းစွာ သတိပြုမိခဲ့သည်။
သို့သော် သူစိတ်မပျက်ခဲ့ပါ..။ဆိုင်ရှင်သူဌေးမ မှ သူ့အပေါ်နားလည်မှုပေးခဲ့သည်ပဲ...။သူ့အပေါ် ကောင်းမွန်၊
ချိုသာစွာဆက်ဆံပေးခဲ့သည်။သူ၏စကားပြောတိုးတတ်လာစေရန် သင်တန်းတွေတတ်စေခဲ့သည်။ကားမောင်း
သင်တန်းတတ်စေ၍ လိုင်စင်ရယူပေးခဲ့သည်။ယဉ်မောင်းလိုင်စင်ရပြီးသည့်နောက်မှာတော့ သူသည် တစ်ကိုယ်
တည်းနေထိုင်သူ သူမ၏ လက်စွဲ ဖြစ်လာခဲ့ပြီ...။သူမသွားလိုရာသို့ သူ လိုက်ပါမောင်းနှင်ပို့ဆောင်ပေးရစမြဲ....။

ဒီလိုနှင့် တရက်မှာ သူတို့ အိမ်ပြန်နောက်ကျခဲ့သည်။ထိုညက သူ နေထိုင်ရာ အခန်းသို့ ပြန်မအိပ်ဖြစ်ခဲ့ပါ....။
ထိုစဉ်အချိန်က သူ ပျော်ရွင်ကျေနပ်ခဲ့ပါသလား...။မှန်တာပြောရလျှင် သူကျေနပ်ခဲ့၊ပျော်ရွင်ခဲ့သည်မှာအမှန်..။
သူ့စိတ်ထဲတွင် ငွေရဖို့၊သူ့လျောက်လှမ်းနေသည့်လမ်းကြောင်းဖြောင့်ဖြူးနေဖို့သာ အာရုံရှိနေခဲ့သည်။ဒီကိစ္စနှင့်
ပတ်သက်၍လည်း ဒီနိုင်ငံ၏ဓလေ့၊ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟုပဲ သူခံယူထားခဲ့သည်။သူ့အတွက်အချိန်တန်လျှင် အရာ
အားလုံးကိုခွဲခွာ၍ အိမ်ပြန်မည်မဟုတ်ပါလား...။

သို့နှင့် သူ၏ပါမစ်သက်တမ်း နှစ်နှစ်ကုန်ဆုံးတော့မည်...။တနေ့တွင် သူမက သူနှင့်လက်ထပ်ဖို့ပြောလာတော့
သူ အံသြခြင်းကြီးစွာဖြစ်ခဲ့ရသည်။ဒါသူမျှော်လင့်မထားတဲ့အခြေအနေတစ်ရပ်နှင့် ထိတ်တိုက်တွေ့ဆုံလိုက်ရခြင်း
ပင်...။သူဘာလုပ်ရမည်နည်း...။သူ့တွင်ရွေးချယ်စရာရော အမှန်တကယ်ရှိပါရဲ့လား..။ပြီးတော့ သူကိုယ်တိုင်
လက်ရှိဘဝမှာ သာယာနေမိပြီ...။

သူလွယ်လွယ်ပင် ဆုံးဖြတ်ခဲ့ပါသည်...။သူ သူမနှင့်လက်ထပ်မည်။နိုင်ငံသားအဖြစ်ခံယူတော့မည်...။
ဖေဖေနှင့်မေမေ ကိုဖွင့်ပြောဖို့ရာ သူအတော်အားမွေးယူရသည်...။အထူးသဖြင့် မေမေ...။ဖေဖေကတော့ သူ့ကို
နားလည်ပေးမှာသေချာသည်။ထင်မှတ်ထားသည့်အတိုင်းပင် ဖေဖေက “ မင်းအရွယ်ရောက်ပြီပဲ...။ကိုယ်ဘာ
လုပ်နေတယ်ဆိုတာကိုယ်သိရင် ပြီးတာပဲလေ...၊တစ်ခုတော့ရှိတယ် လူဆိုတာ ကိုယ်စိုက်ပျိုးသမျှကို ကိုယ်ရိတ်
သိမ်းရတယ်ဆိုတာကိုတော့ သားသိထားပေါ့လေ...” ဟုပဲပြောခဲ့သည်..။

“ အေး ငါသေရင်လည်း ဘယ်တော့မှမလာနဲ့၊မင့်အကြောင်းလည်း နောက်ငါမကြားချင်ဘူး...။နင့်မှာ ခံစား တတ်
တဲ့ နှလုံးသား ရှိသေးရင်တော့ ငါ မိဖြူတို့သားအမိကို ဘယ်မျက်နှာနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ပြောခဲ့...”
မေမေ့စကားတွေက သူ့အတွက်တော့ ရင်ဝကို မြားအစင်းစင်းခ သလိုခံစားခဲ့ရသည်။ဟုတ်သည်...။သူမေ့ထား
ခဲ့သည်...။မမေ့နိုင်သည့်တိုင်မေ့ချင်ယောင်ဆောင်ထားခဲ့သည့် တစ်စုံတစ်ယောက်....။

မွန်.....။
သူ၏ ကျောင်းတတ်ဖော်သူငယ်ချင်းလေး....၊ငယ်စဉ်ကတည်းက တလမ်းတည်းအတူနေလာခဲ့သည့် ငယ်ပေါင်း။ ဆယ်တန်းအရောက်မှာ သူတို့နှစ်ဦး ချစ်သူတွေဖြစ်ခဲ့ကြသည်။ချစ်သူဖြစ်ပြီး ခြောက်လပင်မကြာ၊နှစ်ဘက်မိဘ
တွေသိသွားခဲ့သည်။အမေတစ်ခု၊သမီးတစ်ခု ဘဝမှာ မွန့်မေမေက ကျေနပ်သဘောတူခဲ့သည်။ဖေဖေနှင့်မေမေ
တို့ကမူပြောစရာမရှိတော့...။နာမည်နှင့်လိုက်အောင် မွန်ရည်သည့်၊အမြဲအားငယ်၊ရှက်ရွံ့နေတတ်သည့် မွန့်ကို
နကိုကပင် သူတို့သမီးငယ်လေးလိုသဘောထားခဲ့သည်ပဲ...။တစ်နေ့တွင် လက်ထပ်ပေးဖို့ သဘောတူခဲ့ကြသည်။

“ မွန်ရေ.....။ငါ့ကိုခွင့်မလွတ်ပါနဲ့....။ဒီဘဝတင်မဟုတ်၊နောင်ဘဝအဆက်ဆက် နင်..ငါ့ကို ခွင့်မလွတ်ပါနဲ့နော်...”

ထိုညက သူတစ်ယောက်တည်း ဒီကမ်းခြေမှာ လာထိုင်ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရင်း တိုးတိုးရွတ်ဆိုမိခဲ့သည်...။

ဒီနောက်တွင်တော့ သူ့ဘဝသည် လက်ညိုးညွှန်ရာရေ မဖြစ်သည့်တိုင် လိုတိုင်းရနိုင်သည့်ဘဝ....။အတိတ်ကို သူ
မေ့ထားလိုက်ပြီ....။အနာဂတ်ကို သူမစဉ်းစားတော့...။နိုင်ငံတလွား ဆိုင်ခွဲအတော်များများရှိသော လုပ်ငန်းရှင်
သူဌေးလေးဘဝကို သူရောက်သွားခဲ့သည်။အရှင်မွေးတော့ သူနေချင်းကြီးခဲ့ပြီ...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့တဲ့ ၃နှစ်မှာတော့ သူ၏ကျေးဇူးရှင် ဆုံးပါးသွားခဲ့သည်...။ရှိရှိသမျှပစ္စည်းဥစ္စာတို့၏ ထက်ဝက်တိတိကို
သူပိုင်ဆိုင်ရရှိခဲ့သည်။သည့်နောက်တွင်တော့ သူ့ဘဝသည် မျောလွင့်နေသော တိမ်တိုက်ပမာပင်...။
သူနေချင်သလိုနေခဲ့သည်.....။သောက်သည်....။စားသည်...။မိန်းမချောလေးတွေကို ထည်လဲတွဲခဲ့သည်...။

သို့သော် သူမပျော်တော့....။သူ့တွင်ပျော်စရာတို့ရှားပါးလာခဲ့ပြီ....။အရာရာကို စိတ်တိုင်းမကျဖြစ်လာခဲ့သည်။
သူဘာလိုချင်သလဲဆိုတာ ဘယ်သူမှမသိတော့...။သူကိုယ်တိုင်ပင် သူလိုချင်နေသည့်အရာကို မသိနိုင်ခဲ့ပြီ...။
သူ...တစ်စုံတစ်ရာကို လိုက်ရှာနေခဲ့သည်...။ပြင်းပြသော ငတ်မွတ်ခြင်းဖြင့် သူလိုက်ရှာမိခဲ့သည်...။သို့သော်
ထိုအရာကား သူကျင်လည်ရာ ပတ်ဝန်းကျင်တွင်မရှိ.....။ထိုအရာကား သူနှင့်အဝေးဆုံးမှာ ကျန်ခဲ့ပြီ....။သူ ထား
ခဲ့သည့်နေရာတွင်ပင် ထိုအရာကားကျန်နေခဲ့ချေပြီ...။သူပြန်လှည့်ဖိုရာ မဖြစ်နိုင်တော့...။

သူစိုက်ပျိုးခဲ့သည့် သီးနှံကို ယခုချိန်တွင် သူရိတ်သိမ်းရချေပြီ....။
အရာရာကား သူ့အတွက်ပြီးဆုံးလေပြီ...။
သူ..ရှင်လျက်နှင့်သေရပြီ....။

~~~~~~~~~~~~~~~~~~~~~


ဤတွင်ပြီး၏ ဟူ၍၎င်း၊ ဤတွင်မပြီးသေး ဟူ၍၎င်း ယူသော်ရ၏

9 comments:

khin oo may said...

ဖြစ်တတယ်ပါတယ်။ နောင်းနောင်တတွေ ..စိတ်မကောင်းစရာပါဘဲ။

မိုးစက်ပွင့် said...

သူ့အတ္တတွေက သူ့ဝိဥာဉ်ကိုပြန်သတ်လိုက်တာပဲပေါ့... ရိုးရိုး ရှင်းရှင်းလေးနဲ့ ဖတ်ကောင်းပါတယ်။

SHWE ZIN U said...

အင်း မောင်လေး ရေ

ဖြစ်တတ်တဲ့ သဘာဝလေး တွေကို လာဖတ်သွားတယ်နော်
ဘဝ ဆိုတာ ဘာဘကြီးမှန်းကိုမသိဘူး

ခင်တဲ့
အမရွှေစင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ရွှင်မှုတွေကို ငွေနဲ့လဲလိုက်ရတာဘဲနော်။
စိတ်မကောင်းစရာ
ဒီလိုအဖြစ်အပျက်တွေ လောကကြီးမှာ အများကြီးရှိလိမ့်မယ်နော်
ရှင်လျှက်နဲ့သေရတဲ့ဘ၀ကိုတော့ မကြုံချင်ဘူး
ဖတ်ပြီး ရင်ထဲမှာ ခံစားရတယ်..

Khinmarlaraung said...

ဟုတ်တယ်...အရမ်းကို ခံစားရတဲ့ Post လေးပါ။
အားလုံး အတွက်ပေါ့။ သေချာတာက ဘယ်သူမှတော့
မမှားခဲ့ဘူး။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ...ရိတ်သိမ်းဖို့ ကြိုးစားတာထက်
တန်ဖိုးရှိ အပင်သစ်တွေ ပျိုးချလို့ ကြိုးစားလာနိုင်ပါစေ။
တကယ်ကို ဆန္ဒပြုပါတယ်။ နောင်တတွေ ပိုက်ရင်း မှိုင်အတိ
ဖြစ်နေမဲ့အစား နောက်ထပ် နောက်တတွေ အသစ်မရတော့အောင်
လှေကားသစ်တစ်ခုကို မနက်ခင်းအလင်းနှင့်အတူ အောင်မြင်စွာ
တတ်ရောက်နိုင်ပါစေလေ။....:)
....ခင်မင်လျှက်..ခင်မာလာအောင်..:)

blackroze said...

အင်းးဖတ်ရင်းနဲ့ရင်မောလိုက်တာလေ..
ကိုယ့်ကိုကိုယ်ပြန်သတ်မိလိုက်တယ်ဆိုတာ
ဒီလိုမျိုးဘဲထင်တယ်...
ဒါပေမဲ့တကယ်လက်တွေ့အပြင်သာဆိုရင်တော့...????

မြစ်ကျိုးအင်း said...

ဒီလိုအဖြစ်မျိုးက ဖြစ်ရပ်မှန်တွေ ရှိတယ်။
တကယ်တော့ စိတ်ချမ်းသာခြင်းကိုပဲ ရွေးလိုက်ချင်တယ်။
မိဘတွေရော ချစ်သူရော ရှိတဲ့ အရပ်မှာ အများနည်းတူ
ရှင်သန်နေထိုင်လိုက်တာမှ ဘဝရဲ့ အဓိပ္ပါယ် ရှိစေမှာပဲ။
ရုန်းကန်ရလို့ ချွေးစက်ကျရရင်တောင် တန်တယ် မဟုတ်လား။

Anonymous said...

ပိုစ့်ဖတ်ပြီးစိတ်မကောင်းဖူး
ငွေရှိတိုင်းစိတ်မချမ်းသာနိုင်ဖူးနော်
မိုးကတော့ငွေနဲ့ဝယ်လို့ မရနိုင်တဲ့အရာတွေကို ပိုတန်ဖိုးထားမိတယ်။
စိတ်ချမ်းသာမှုမရှိတဲ့ဘဝကတော့ အသက်ရှင်နေတာအဓိပ်ပါယ်မရှိသလိုပါပဲ။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

အနမ်း said...

ပိုစ့်ကောင်းလေးတစ်ပုဒ်ပါပဲ.။ ဖတ်ပြီး ဘာပြောရမှန်းမသိဘူး.. ကိုယ်ရွေးခြယ်တဲ့လမ်းကို ကိုယ်လျှောက်လှမ်းကြရမှာပဲလေ၊ နောင်တမရရင်တော့ အကောင်းဆုံးပေါ့..။