Sunday, September 15, 2013

ကျွန်ုပ်နင့်အသက်ငါ့ပေး ဆရာကြီးညိမ်းနိုင် နှင့် ဒေါ်လာ၁၁ဘီလျံပျောက်ဆုံးမှုကြီး



တစ်နေ့သ၌ကျွန်ုပ် နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်သည် မနက်မိုးလင်း၍မှ တစ်ထွာသော ဝမ်းအတွင်း
သို့ ဖြည့်တင်းစရာ တစ်စုံးတစ်ရာလည်းမရှိသည့်အပြင် ကျွန်ုပ်အား ပုံမှန်ဆပ်ပလိုင်းလုပ်နေကြပဲပြုတ်သည်
ကြီးဒေါ်ပုသည်လည်း အရင်းပြုတ်၍ ငုတ်တုတ်ဘဝသို့ ရောက်ရှိနေလေသောကြောင့် ယနေ့အဖို့ အူမ
မတောင့်သည့်အတူတူ သီလပဲစောင့်တော့မဟဲ့ဟု ရည်မှန်းပြီးသကာလ ရေနွေးကြမ်းတစ်အိုး၊ဇိနတ္ထပကာ
သနီကျမ်းတစ်အုပ်တို့ကိုအဖော်ပြုနေစဉ်အခိုက်၊ အိမ်ရှေ့တံခါးဝမှ “ ဆရာကြီး…..ဗျိုး…ဆရာကြီး….”ဟု
တကြော်ကြော်ခေါ်သံကိုကြားလိုက်ရလေလျှင် ဟယ်…..စုန်း၊နတ်၊ကဝေ၊မြေဘုတ်၊ဘီလူး…တစ်ဦးဦး၏
ဖမ်းစားခြင်းကိုခံရပြီးသကာလ….ငါ့ထံသို့ အားကိုးတကြီးဖြင့် လာရောက်သော အမဲ…အဲလေ…လူနာ
တစ်ဦးတော့ ရောက်လာချေပြီဟူသော နှလုံးရွှင်လန်းခြင်းဖြင့် ကျမ်းစာအုပ်ကို ဘုတ်ကနဲချပြီးလျှင်
အိမ်ရှေ့တံခါးအားဖွင့်ပေးလိုက်လေရာ…..အင်းစိန်ထောင် ဟုတ်ပေါင်…ယောင်လို့…..အင်းစိန်စီအိုင်ဒီ
မှ ငံပြာရည်ပုလင်းမျှစ်မောင် အား ပြူးတူးပြဲတဲအမူအရာနှင့် မားမားကြီးရပ်နေသည်ကို တွေ့လိုက်ရ
လေတော့သည်တကားးးးးးးးးးး။

ကျွန်ုပ်လည်း သင်း၏ မျက်နှာပြဲပြဲကြီးကို မြင်လျှင် စိတ်အပျက်ကြီးပျက်ရသော်လည်း ပညာရှိတို့
အမျက်အပြင်မထွက်ရ ဟူသောစိတ်ကို နှလုံးမူပြီးသကာလ ငံပြာရည်ပုလင်းကောင်အား အိမ်တွင်း
သို့ ခေါ်သွင်းရလေတော့၏။

ကျွန်ုပ်။     ။ ကိုင်း……

ကျွန်ုပ်လည်း ဤသို့ ရှေးဦး ပဏာမစကားဖြင့် အစပြုလိုက်သည်ရှိသော် ငံပြာရည်ပုလင်းသည် ထိုင်
မည်ပြင်နေရာမှ ကုန်းကုန်းကွကွသော ဟန်အမူအရာဖြင့် ကျွန်ုပ်အား ပြူးကြောင်ကြောင် ကြည့်လျက်
ရှိလေတော့သည်တစ်မုံ….၊

ကျွန်ုပ်။    ။ဟဲ့…မောင်မျှစ်ရဲ့…..ထိုင်မယ့်ဟာထိုင်လေကွယ်….ဘယ်နှာ ကုန်းကုန်းကြီးလုပ်နေရသတုန်း

ငံပြာရည်ပုလင်း။   ။နို့……ဆရာကြီးပဲ ကိုင်း…… ဆို…… ၊ဆရာက ကိုင်း ဆိုတော့ ကျွန်တော့ခါးကို ကိုင်း
                         ထားရတာဗျ…။

ကျွန်ုပ်။     ။သေတော့မှာပဲကွာ…..မင့်ကို ခါးကိုင်းဖို့ပြောတာမဟုတ်ဘူး….၊စကားစဖို့ အာလုပ်ပြုလိုက်
               တာပါဟ….။ကိုင်း…..ကိုင်း……ထိုင်ပါမောင်ရာ….၊ပြီး…လာရင်းကိစ္စကို လင်းစမ်းပါဦး။
               ဒါနဲ့ မင်းဆရာ ဆားပုလင်းအွတ်ထောင်ရော မပါလာဘူးလား….။

ငံပြာရည်ပုလင်း။     ။ ကျွန်တော့်ဆရာက  ဆားပုလင်းမဟုတ်တော့ဘူး ဆရာကြီးရ…၊ခု သူ ရာထူး
တက်ပြီး လျက်ဆားပုလင်းဖြစ်….အဲ….မှားလို့ ရဲမင်းကြီးဖြစ်ပြီး တရုတ်ပြည်ကိုပြောင်းသွားပြီဆရာရဲ့…။
ခု ကျွန်တော်က သူ့နေရာရောက်နေတာ…။

ကျွန်ုပ်။    ။အော်….ဟုတ်လား….ကောင်းပါလေ့ မောင်ရာ….၊ဒါဖြင့် မောင်ရင်က ငံပြာရည်ပုလင်းမဟုတ်
တော့ပဲ ဆားပုလင်းဖြစ်ပြီပေါ့ ဟုတ်လား….။

ငံပြာရည်ပုလင်း။     ။ဟင့်အင်း….ကျွန်တော့်ကို ဆားပုလင်းရာထူးပေးပေမယ့် မယူဘူးဗျ….၊ငံပြာရည်
ပုလင်း လုပ်ရတာပဲကောင်းတယ်ဆိုပြီး ရာထူးတိုးပေးတာလက်မခံဘူး….။မျိုးချစ်စိတ်ဓာတ်ပေါ့ ဆရာ
ကြီးရာ…..။

ကျွန်ုပ်။    ။ဟမ်…..မျိုးချစ်စိတ်ဓာတ်နဲ့ ဘာဆိုင်သတုန်းဟ….၊ကြည့်ရတာ မင်းက ရာထူးတိုးပေးတာကို
လက်မခံတာမဟုတ်ပဲ၊ရာထူး ကို မတိုးနေပါလိမ့်မယ်ကွာ…။ကဲ…ထား…..ခု လာရင်းကို လင်းစမ်ပါဦး။

ငံပြာရည်ပုလင်း။    ။အကြောင်းကတော့ အတော်ကိုအရေးကြီးတယ်ဆရာကြီးရေ….အခု အစိုးရပိုင်း
တစ်ခုလုံး ပွက်လောရိုက်နေကြလေရဲ့…..။

ကျွန်ုပ်။     ။ဟုတ်လား…..ဘာတွေဖြစ်ကုန်လို့တုန်း…၊ဆရာစံကိုလည်းကြိုးပေးပြီးသွားပြီပဲ…ဘာတုန်း…
ခုတစ်ခါလည်း လယ်သမားတွေ ထွန်တုံးတိုက်ပွဲဆင်ကြပြန်ပြီတဲ့လား….။

ငံပြာရည်ပုလင်း။    ။အောင်မလေးဆရာရယ်…..လယ်သမားတွေ ထွန်တုံးတိုက်ပွဲလောက်တော့ အစိုးရ
က ဘယ်မှုမတုန်း….၊သူရို့က တင့်ကားတိုက်ပွဲတို့၊သံချပ်ကာကားတိုက်ပွဲတို့ ပြန်ဆော်လိုက်ပေမပေါ့။
ခုဟာက အစိုးရဘဏ်တိုက်ထဲက ဒေါ်လာ၁၁ဘီလျံ ပျောက်သွားလို့ဗျ…….။

ကျွန်ုပ်။    ။ဟေ…..ဒေါ်လာ၁၁ဘီလျံတောင်…..၊ဟကောင်ရ…ဟုတ်မှလည်းလုပ်ပါကွာ…ဒေါ်လာ၁၁
ဘီလျံကို ခိုးထုတ်ဖို့ဆိုရင် ဟီးနိုးကားကြီးနဲ့ကို တိုက်ထုတ်မှရမှာဟ…ဘယ်လိုလုပ် ဖြစ်နိုင်မလဲ…။

ငံပြာရည်ပုလင်း။    ။အဲ့သာကြောင့်ပဲ ဆရာကြီးကိုလာပင့်ရတာပါပဲဗျာ…။

ကျွန်ုပ်။    ။ဟမ်……ဒီအမှုက ခိုးမှုကြီးပဲဟ…ငါလို ဂမ္ဘီရဆရာနဲ့ ဘာဆိုင်သတုန်း….။

ငံပြာရည်ပုလင်း။     ။ဆိုင်မဆိုင်တော့မပြောတတ်ပါဘူးဆရာကြီးရာ…၊ကျွန်တော်လည်းအထက်က
 ခိုင်းလို့လာရတာပါပဲ….။

ကျွန်ုပ်။   ။အထက်က….ဟုတ်လား…၊ကြည့်ရတာ အထက်ပုဂ္ဂိုလ်ကြီးတွေက သူတို့တပည့်ကြီးတစ်ဦး
စားရမဲ့၊သောက်ရမဲ့ဖြစ်နေတာမကြည့်ရက်တာနဲ့ မချင် စ ချင်လို့ မင့်ကို အိမ်မက်ပေးပြီး ငါ့ကို
အခေါ်လွတ်လိုက်တာပဲဖြစ်ရမယ်…ဟုတ်တယ်မဟုတ်လား….။

ငံပြာရည်ပုလင်း။     ။ဘယ်က အထက်ပုဂ္ဂိုလ်ကြီးတွေတုန်းဗျ…၊ကျွန်တော်ပြောတဲ့ အထက်က
ဆိုတာ ကျွန်တော့်အထက်အရာရှိတွေကိုပြောတာ…..၊ခက်တာပဲ….။

ကျွန်ုပ်။    ။ဟေ…အဲ့လိုလား…စောစောကတည်းက ရှင်းရှင်းပြောပါတော့လားဟ….၊ဒါနဲ့နေပါဦး
မင့်အထက်အရာရှိတွေက ငါ့ကို ဘာလုပ်ဖို့ ခေါ်ခိုင်းသတုန်း….၊ငါ့ဘာသာ ဗေဒင်ဘာလေးဟော၊
ပယောဂလေးဘာလေး ခြောက်တီးခြောက်ချက်ကုနေတာပါကွာ….၊ငါးပါသီလဆိုလည်း ခါးဝတ်
ဘောင်းဘီလို မြဲပါတယ်ကွ…၊သူတပါးပစ္စည်းခိုးဖို့နေနေသာသာ…ရည်းစားကလာခိုးပါဆိုတာ
တောင် သွားမခိုးဝံ့လို့ လူပျိုကြီးဖြစ်နေတာသာကြည့်….။

ငံပြာရည်ပုလင်း။    ။ဆရာကြီးနဲ့တော့ ခက်ချေပြီ…၊ဆရာကြီးကိုမသင်္ကာလို့မဟုတ်ပါဘူးဗျ၊
အဲ့ဒီငွေပျောက်မှုကြီးကို ဆရာကြီးနဲ့ပညာစွမ်းနဲ့ဖော်ထုတ်ဖို့ လာပင့်တာပါ..။ဒီမှာ….ကျွန်တော့်
အထက်ကအရာမင်းတွေက အဲ့ဒီလို အောက်လမ်းတို့၊အထက်လမ်းတို့၊ဗေဒင်တို့၊ယတြာတို့ဆို
သိပ်ယုံတာဗျ…၊တလောက ကျွန်တော်တို့ ဝံကြီးတစ်ပါး ပြုတ်တော့မလိုလို၊ပြောင်းတော့မလိုလို
ဖြစ်တော့ ဗေဒင်ဆရာခိုင်းတဲ့အတိုင်း ပြောင်းဖူးနှစ်ဖူး ဘယ်ညာကိုင်၊လမ်းပေါ်ထွက်ပြီး ပြောင်းဘူး…
ပြောင်းဘူး…..ဟင့်အင်း…ဟင့်အင်း……သများတို့ ပြောင်းဘူးနော်…..လို့ ၉၉ခါတိတိအော်သတဲ့။

ကျွန်ုပ်။    ။အင်း…အဲ့ဒီတော့ မပြောင်းရဘူးတဲ့လား….။

ငံပြာရည်ပုလင်း။   ။ပြောင်းတော့မပြောင်းရဘူး…၊ချောင်ထိုးခံလိုက်သတဲ့…၊ဖြစ်ပုံက သူ့ဗေဒင်ဆရာ
က အဲ့လိုအော်ပြီးရင် ပြောင်းဖူးတွေကို ဘုရားစင်ပေါ်တင်ထားပါဆိုတာ သူကမေ့ပြီး မီးဖိုချောင်ထဲ
သွားထား ထားလို့ဆိုပဲ….။

ကျွန်ုပ်။    ။အိမ်း…..အိမ်း……ဗေဒင်ယတြာတို့ဆိုတာ ကုသိုလ်တရားလေး လက်ကျန်ရှိနေတုန်း
တော့စွမ်းသပေါ့မောင်ရာ….၊ဘဝေဘဝါက ကုသိုလ်တရားတွေလည်းကုန်၊လက်ရှိမှာလုပ်ထားသမျှ
အကုသိုလ်တရားတွေအစွမ်းပြချိန်ရောက်ပြီဟဲ့ ဆိုရင် ဘာမှမတတ်နိုင်တော့ဘူးကွယ်၊လုပ်သမျှ အမှားမှား၊အယွင်းယွင်းတွေလုပ်မိကုန်တော့တာပါပဲ…။ကဲကဲ….ဒီတော့ ကျုပ်က ဒီအမှုကြီးကို
ဖော်ထုတ်ပေးရမယ်ဆိုပါတော့….။အိမ်း…အိမ်း….ခုနှစ်ရက်သားသမီးဗိုလ်ချုပ်ကြီးများ အဲ….
ယောင်လို့….ခုနှစ်ရက်သားသမီးများ ကောင်းစားဖို့ဆိုတော့ တတ်သည့်ပညာမနေသာပဲ
လိုက်ပြီး ဖြီးဖြန်းရပေမပေါ့ မောင်ရာ…၊အဲ….လောလောဆယ်တော့ ကျုပ်မယ် မနက်စာတောင်
မစားရသေးတော့ နီးရာလက်ဘက်ရည်ဆိုင်မှာ ဒကာလိုက်ခံပေဦးတော့ ငံပြာရည်ပုလင်းမျှစ်မောင်
ရေ….။

ငံပြာရည်ပုလင်း။    ။ဆရာကြီးကတော့ လုပ်ချလိုက်ပြန်ပါပြီဗျာ……။

~~~~~~~~~~~~~~~~~~~~

ဤသို့လျှင် ကျွန်ုပ်လည်း ဟာနေသောဝမ်းအား မျှင်မောင်ဒကာခံသမျှ အားပါးတရ ဖြည့်ပြီးလျှင်
အင်းစိန်စီအိုင်ဒီမှ အော်စတင်ကားမဲလေးနှင့် အခင်းဖြစ်ပွားရာ အစိုးရငွေတိုက်သို့ ထွက်ခွာလာ
ခဲ့လေတော့သတည်း…..။

အစိုးရငွေတိုက်ကား ကြီးမားခန့်ညားလှပါပေသည်။သံတံခါးအထပ်ထပ်နှင့် လုံခြုံစိတ်ချရပါပေ၏။
အစိုးရငွေတိုက်အတွင်း၌ကား လုံခြုံရေးပုလိပ်အချို့နှင့် စီအိုင်ဒီမှ အရာရှိအချို့အားတွေ့ရလေသည်။
မြောက်မြားလှသော ငွေပျောက်မှုကြီးဖြစ်ပွားထားသော်လည်း အရာရှိများက အေးအေးဆေးဆေးပင်
ရပ်စကားပြောနေသည်ကို တွေ့ရလေသည်။ဧကံဏတော့ ကျွန်ုပ်၏အစွမ်းကိုသိပြီးဖြစ်သည့်အလျောက်
စိတ်ချလက်ချရှိနေပုံရလေတော့သည်တစ်မုံ့….။

ငံပြာရည်ပုလင်းမျှစ်သည် ကျွန်ုပ်အား သူ၏အထက်အရာရှိရဲမင်းကြီးနှင့်မိတ်ဆက်ပေးလေ၏။
ရဲမင်းကြီးမှာ ကျွန်ုပ်အား ခပ်ပြုံးပြုံးကြည့်ပြီး ကောင်းမွန်စွာ စကားပြောလေသည်။

ရဲမင်းကြီး။    ။ခုလိုမြန်မာပညာရှိကြီးတစ်ဦးနဲ့တွေ့ဆုံရတာ အင်မတန်မှ ဝမ်းသာလှပါတယ်။
ဆရာကြီးရဲ့ ဂုဏ်သတင်းကျောစောမှုကို ကြားဖူးတာတော့ကြာပါပြီ။ခုလိုဆရာကြီးကိုယ်တိုင်
လိုက်ပါဆောင်ရွက်မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ စိတ်ချလက်ချရှိရပါပြီဗျာ….။

ရဲမင်းကြီးစကားမှာ ကျွန်ုပ်အား မြှောက်ပင့်ပြောဆိုသလိုရှိသော်လည်း မှန်တာပြောတာပြော
ပါစေလေဟု……အသာငြိမ်နေလိုက်ပြီးလျှင် ငွေတိုက်ပတ်ဝန်းကျင်နှင့် အတွင်းအပြင်တစ်ဝိုက်
တွင် အဘယ်မည်သောအောက်လမ်းအစီအရင်များပြုလုပ်ထားသနည်းဟု ကျွန်ုပ်၏ဂမ္ဘီရပညာ
နှင့် စုံစမ်းဖော်ထုတ်ရန် ထွက်ခွာလာလေတော့သတည်း……။

အတန်ကြာမျှ စုံစမ်းကြည့်ရှုသော်လည်း မသင်္ကာစရာ တစ်စုံတစ်ရာမျှမတွေ့ရချေ…၊ဆိုခဲ့
ပြီးသည့်အတိုင်းပင် ငွေတိုက်တစ်ခုလုံးမှာ အင်မတန်မှ လုံခြုံစိတ်ချရပေ၏။သော့များလည်း
အရာမှမယွင်းဟုသိရလေ၏။

ကျွန်ုပ်။    ။အိမ်း……ဒီငွေပျောက်မှုကြီးက ထူးတော့အတော်ထူးဆန်းသကွ….။

ငံပြာရည်ပုလင်း။    ။အင်း…ကျွန်တော်တို့အတွက်တော့ ထူးဆန်းတယ်လည်းပြောရင်ရရဲ့…၊
မထူးဆန်းဘူးဆိုရင်လည်းရတာပဲဆရာကြီးရဲ့…..။

ကျွန်ုပ်။     ။ဟေ…မောင်ရင့်စကားက တစ်မျိုးပါလား…အကျယ် လင်းစမ်းပါဦး….။

ငံပြာရည်ပုလင်း။    ။အကျယ်လင်းချင်ရင် လေးပေမီးချောင်း ဝယ်ထွန်းပေါ့ဆရာကြီးရ…..။

ကျွန်ုပ်။    ။တယ်….ဒီကောင်…နောက်တီးနောက်တောက်နဲ့…..မင့်စကားအဓိပ္ပာယ်ကိုရှင်း
ပါဦးလို့ပြောတာဟ….။

ငံပြာရည်ပုလင်း။       ။အဟီး….စတာပါဆရာကြီးရာ…ဂလိုဗျ….၊ပြောရရင် ကျွန်တော်တို့
နိုင်ငံပိုင်ပစ္စည်း၊ငွေကြေးတွေ အဲ့လိုပဲ ဘယ်ရောက်ရောက်သွားမှန်းမသိ ပျောက်သွားတာ
ခဏခဏဆိုတော့ ကျွန်တော်တို့မှာ စုံစမ်းဟ၊ဖမ်းဟဆီးဟ ဆိုလို့သာ ဝတ္တရားကြေရုံ၊
လူမြင်ကောင်းရုံ စုံစမ်းကြတာကလား….၊ဘယ်အမှုမှလည်း ပေါ်တယ်မရှိပါဘူးဆရာ
ကြီးရာ….။

ကျွန်ုပ်။     ။ဟေ..အဲ့သလိုကြီးလား….၊အင်းကြည့်ရတာ ရွှေသမင်ဘယ်ကထွက် မင်းကြီး
တာကထွက် ဆိုသလိုမျိုးထင်ပါ့…..။

ငံပြာရည်ပုလင်း။     ။ရှုး…..တိုးတိုးဆရာကြီးရဲ့….ကြမ်းကြားလေကြားဆိုတာ ပြောလို့ရတာ
မဟုတ်ဘူး….တော်ကြာ နှစ်ယောက်စလုံး ကွိနေပါ့မယ်….။

ကျွန်ုပ်။     ။အိမ်း…အိမ်း…..နို့….ဒီငွေပျောက်မှုကြီးကရော…..မနေ့ကမှ ပျောက်တာဟုတ်ရဲ့
လားကွာ….။

ငံပြာရည်ပုလင်း။    ။ပြောရရင်ဆရာကြီးရေ….၊ငွေတိုက်ထဲကငွေတွေ ဘယ်တုန်းကတည်းက
ခြေထောက်ပေါက်လို့ ထွက်သွားမှန်းမဆိုနိုင်ဘူးဆရာကြီးရဲ့….၊သိရသလောက်တော့
ဟိုးနိုင်ငံရပ်ခြားမှာဖွင့်ထားတဲ့ ဘဏ်စာရင်းတွေထဲ ရောက်ကုန်တာ ကြာလှပါရောလား၊
ခုတောင်မှ ဟို တစ်ပူးဂျာနယ်က ပြည်သူတွေမှာဖြင့် ငတ်ပြတ်နေပြီ….၊အစိုးရငွေတိုက်ထဲ
ဒေါ်လာ၁၁ဘီလျံရှိတယ်လို့သတင်းသဲ့သဲ့ကြားတယ်….ဘယ်မလဲဒီငွေ……စသဖြင့်ဘာညာ
အော်တော့မှ ငွေတွေအခိုးခံရသလိုလို၊ဘာလိုလိုလုပ်ရတာပဲဆရာကြီးရ….။

ကျွန်ုပ်။    ။ဟေ….အဲ့သလိုလား…၊နို့..ဒါနဲ့ အစိုးရငွေတိုက်ကို စာရင်းစစ်တွေက မှန်မှန်စစ်
ကြတာပဲမဟုတ်ဘူးလား….၊အစောပိုင်းမှာ နဲနဲပါးပါးပျောက်ကတည်းက အစိုးရဆီ မတင်ပြ
ကြတော့ဘူးတဲ့လား….။

ငံပြာရည်ပုလင်း။    ။အံမာလေးလေး…..၊ဟိုးအရင်က နဲနဲမှန်မှန်ကန်ကန်ရှိတဲ့ စာရင်းစစ်
အဖိုးကြီးတစ်ဦးက ငွေတွေလျော့နေကြောင်း၊ဘယ်ဝံကြီး၊ဘယ်ဝံကလေးတွေက လာထုတ်
သွားကြောင်းကို နန်းရင်းဝန်ဆီတင်သေးသတဲ့…..၊အဲ….မကြာပါဘူး….၊အဲ့စာရင်းစစ်အဖိုး
ကြီးကို ထုတ်ပလိုက်လို့ တောပြန်ပြီး မုန့်ဟင်းခါးရောင်းစားနေရသတဲ့ဗျ….။သနားစရာဗျာ
တလောက ကျွန်တော်တွေ့တော့ အဖိုးကြီးခမျာ စွပ်ကျယ်စုတ်ကလေးနဲ့ ရေထမ်းနေရ
လေရဲ့….။အဲ့ အဖိုးကြီးနောက်ပိုင်း စာရင်းစစ်တွေကတော့ ဒီကိစ္စကို လေသံတောင်မဟကြ
တော့ဘူးရယ်….။အင်း…..သူတို့ကိုယ်တိုင် တစ်နွယ်ငင်တစ်စင်ပါမို့လား….၊ရေထမ်းရတဲ့
ဘဝရောက်မှာစိုးကြသလားတော့မပြောတတ်ဘူးရယ်…..။

ကျွန်ုပ်။    ။အင်း…..ခက်တာပဲကွာ….၊ဒါနဲ့….မင်းတို့ နန်းရင်းဝန်ကြီးကရော….ဘာမှ
မပြောဘူးတဲ့လား….၊မင်းတို့ပြောတော့ နန်းရင်းဝန်ကြီးက အတော်လေးဖြောင့်မှန်ဆို
ကွ….။

ငံပြာရည်ပုလင်း။     ။ပြောရရင်ဆရာကြီးရယ်….၊ကျွန်တော်တို့ နန်းရင်းဝန်ကြီးဆိုတာ
ကလည်း စစ်အာဏာရှင်ဗျစ်တစ်သျှဘုရင်ခံက ခန့်ထားတာကိုးဗျ…၊ဟိုဘုရင်ခံကြီးက
သူပြောသမျှ နာခံမယ့်သူကို ခန့်ထားတာဆိုတော့ဗျာ….၊အင်း…..နန်းရင်းဝန်ကြီးက
ဘာနဲ့တူသတုန်းဆိုတော့ ကျောက်ရုပ်ကြီးကို ဓာတ်ပြားစက်တပ်ထားသလိုပါပဲဗျာ။
ဘုရင်ခံက ခလုပ်နှိပ်မှ အသံထွက်ရတာကိုး…..၊ဒါတောင် ဓာတ်ပြားတွေကလည်း
အပ်ကြောင်းထပ်၊ဓာတ်စက်ကြီးကလည်း အိုပြီဆိုတော့ ထွက်လာတဲ့အသံက တုန်တုန်
ရီရီနဲ့ တစ်ခါလာလည်း ဒါပဲ…တစ်ခါလာလည်း ဒါပဲ…..ဗျ…။သူ့ ဝံကြီး၊ဝံကလေးအပေါင်း
ကလည်း ဘုရင်ခံကတိုက်ရိုက်ခန့်ဖို့ ရကောမန်းအပေးခံထားရတဲ့ သက်တော်ရှည်ဝံတွေ
ဆိုတော့ နန်းရင်းဝန်ကြီးကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင် ထင်ပုံမရပေါင်ဗျာ……။

ကျွန်ုပ်။    ။ဟူး….မင်းပြောတဲ့အတိုင်းဆိုမလွယ်ပါလားကွာ….။ကဲ…ဒါဖြင့် ကျုပ်က ဒီအမှု
ကို ဘယ်နှာလုပ်ဖော်နိုင်မတုန်း….၊ဒါကြီးက ဂမ္ဘီရပညာတွေ၊အောက်လမ်းအထက်လမ်းတွေ
နဲ့ပက်သတ်တာလည်းမဟုတ်….၊အမှုက လယ်ပြင်မှာ ဂေါ်ဇီလာသွားသလို ထင်ရှားနေမင့်
ဟာ….။

ငံပြာရည်ပုလင်း။     ။ဟာ…. ဆရာကြီးမဖော်လို့တော့မရဘူးဗျ…၊ဒီငွေတွေဟာ ဘယ်ပုံ
ဘယ်နည်းပျောက်သွားပါတယ်လို့ သတင်းစာသမားတွေကို ဆင်ခြေဆင်လက်တော့ပေး
ရမယ်ဗျ….၊ယုတ္တိ၊ယုတ္တာတော့ ရှိဖို့မလိုပေါင်ဗျာ…၊နိုင်ငံသားတွေကိုတော့ ထည့်ကိုမတွက်
ပါဘူး…။

ကျွန်ုပ်။     ။ဒါဖြင့် ကျုပ်က ဘယ့်နှာ ဖော်ရမတုန်း…..။

ငံပြာရည်ပုလင်း။    ။လွယ်ပါတယ်ဆရာကြီးရာ….၊ဆရာကြီးကို ပင့်ကတည်းက ကျွန်တော်
တို့မှာ ရည်ရွယ်ချက်ရှိပြီးသားဗျ….၊ဒီမှာ….ဆရာကြီးကနေပြီး ဒီငွေတွေကိုဖြင့် ဂမ္ဘီရပညာတွေ
မှာ အင်မတန်တော်တတ်ထက်မြက်တဲ့ ဟိုးတုန်းက သူခိုးကြီးငတက်ပြားလို လူစွမ်းကောင်း
ပညာရှင်တစ်ယောက်ကဖြင့် ခိုးယူသွားတာဖြစ်ကြောင်း၊အဲ့ သူခိုးကြီးကဖြင့် ငွေတွေကို ဟိမဝန္တာ
တောင်မှာရှိတဲ့ မဟာမြိုင်တောထဲမှာ သွားဖွက်ထားကြောင်း၊နိုင်ငံလွတ်လပ်ရေးရမှ ပြန်ပေး
လိမ့်မယ်ဖြစ်ကြောင်း ပြောလိုက်ရုံပဲဗျ…..။

ကျွန်ုပ်။    ။ဟကောင်ရ…နိုင်ငံလွတ်လပ်ရေးရလို့ အဲ့ငွေတွေပြန်ပေါ်မလာရင် ငါ့ကို ဝိုင်းထောင်း
ကြမှာပေါ့ဟ…။

ငံပြာရည်ပုလင်း။   ။ဆရာကြီးရာ….နိုင်ငံမှာ စစ်မှန်တဲ့လွတ်လပ်ရေးလည်း ဘယ်တော့မှရမှာ
မဟုတ်ဘူးဗျ…၊ရလာတဲ့အချိန်ကြရင်လည်း အဲ့ငွေတွေဘုန်းတဲ့သူတွေလည်း သေပြီ။ဆရာကြီး
လည်း မာလကီးယားပြီဖြစ်မှာမဟုတ်လားဗျာ…၊ဒီမှာ ကျွန်တော်တို့က လောလောဆယ်အချိန်
ဆွဲထားရုံပါဗျ…။အဲ့လိုသာပြောစမ်းပါဗျာ…..ဒီမှာ…ဆရာကြီးကို ညဏ်ပူဇော်ခ ဖွတ်ကလိဒင်္ဂါး
တွေရော၊ရွေစလွယ်ကြီးရောချီးမြှင့်မှာပါဗျ…။

ကျွန်ုပ်။    ။သေနာလေး….ငါ့ကိုတောင် မာလကီးယားမလေးဘာလေးနဲ့….၊အင်းလေ….
ငါလည်း ခုတလော ဘိုင်ပြတ်နေလေတော့ အဲ့သလိုပဲလုပ်ရမှာပဲ ငါ့ကောင်ရေ့…..။

ဤသို့ဖြင့် ကျွန်ုပ်လည်း ငံပြာရည်ပုလင်းမျှစ်မောင်ပြောခိုင်းသည့်အတိုင်း သတင်းထုတ်ပြန်
အဲ….ဟောကိန်းထုတ်ခဲ့ပြီးလျှင်….စီးကရက်ဘူးခွံများဖြင့်ပြုလုပ်ထားသော ရွှေစလွယ်ကြီးအား
ခန့်ခန့်ကြီး လွယ်လျက် ဆိုက်ကားစီးကာ အိမ်ပြန်ခဲ့လေတော့သတည်း….။အိမ်သို့ရောက်
သော်…. ဤအော့နှလုံးနာစရာကောင်းလှသော ငွေပျောက်မှုကြီးအား နောင်လာနောင်သား
တို့ သိရှိနိုင်စေရန်….ကျွန်ုပ်၏ ဒိုင်ယာရီထဲ၌ “ ကျွန်ုပ်နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်နှင့်
ဒေါ်လာ၁၁ဘီလျံပျောက်ဆုံးမှုကြီး” ဟု မှတ်တမ်းတင်ရေးသားထားလိုက်လေတော့သတည်း။

(ဤတွင် နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်နှင့် ဒေါ်လာ၁၁ဘီလျံပျောက်ဆုံးမှုဝတ္ထုမဟာ
ကြီး နိတ္ထိတံလေတော့သတည်း။ဤဝတ္ထမဟာကြီးသည် ကျွန်ုပ်မောင်ညိမ်းနိုင်ကလေး
ဘီယာကြောင်ကြောင်ပြီး ပေါက်ကရလေးဆယ်ရေးသားထားခြင်းဖြစ်လေသည်။အကယ်၍
အပြင်လောက၌ တိုက်တိုက်ဆိုင်ဆိုင် ဤကဲ့သို့ဖြစ်ပွားခဲ့သည်ရှိသော် တိုက်ဆိုင်သည်ဟု
ယူဆလိုကယူဆနိုင်၏။တမင် စောင်းမြောင်း၊ကဲ့ရဲ့၊ကလိထားသည်ဟု ယူဆလိုကယူဆ
နိုင်ပါကုန်ကြောင်း……အို…..စာရှုသူ…ရဲဘော်အပေါင်းတို့…….)

13 comments:

နွေတေးရှင် (မင်းဧရာ) said...

ဖုန်းးးးးးးးးးး ဆက်လိုက်ရမားးးးးးးးးးးးးးး
ဖုန်းးးးးးးးးးဆက်လိုက်ရမားးးးးးးးးးးးးးးး

ရယ်လိုက်ရတာ အူနာလို့
ရွှေစလွယ်ဝတ်ပြီး ဆိုက်ကား စီးလာရသလားလို့
အမှန်ဆို ချက်ကာလီ နဲ့ ပြန်လာသင့်တာ :p ။

San Htun said...

ယူဆချင်သလို ယူဆသွားတယ်နော့..း)
အဲဒီလို ပေါက်ကရ သောင်းပြောင်းထွေလာလေးတွေက ရယ်ရတယ်ဗျ..
ဒေါ်လာ ၁၁ ဘီလျံ ပျောက်မှု အရှုပ်တော်ပုံက စိတ်ဝင်စားစရာ...

မိုးငွေ့........ said...

ဟဟဟ အူးလေး ဇာတ်ဖတ်ရတာ တလောက နေပြည်တော်ရုံမှာပြသွားတဲ့ Now You See Me ဇာတ်ကားထဲမှာဘဏ်တိုက်ကနေ မျက်လှည့်နဲ့ခိုးထုတ်သွားတဲ့ ဒေါ်လာပုံကြီးကိုမြင်ယောင်မိတယ်...။ ဆရာကြီးရဲ့ ၀တ္ထုကိုမဖတ်ရတာကြာပြီ ခုမှပဲ တပြုံးပြုံးနဲ့ဖတ်ရတော့တယ်...။

ဟန်ကြည် said...

ဒါမျိုးလေးတွေ မဖတ်ရတာ အတော်ကြာပေါ့...ဖတ်ရတာ အရသာရှိလိုက်လေခြင်းဗျာ...မူလလက်ဟောင်း ကငြိမ်းနိုင်ကို ရှာဖွေတွေ့ရှိခြင်းလို့ သမုတ်ရမယ်ထင်ပါရဲ့...ဟုတ်စ...း)

ဒီလို စာမျိုးလေးတွေကို ဂျာနယ်တစ်စောင်စောင် ပို့ကြည့်ဗျာ...ကျွန်တော်တို့ချည်း ဖတ်ရတာထက် ကျန်တဲ့လူတွေလည်း ဖတ်စေချင်တယ်...

ဒီပို့စ်ကို myanmar blog digest မှာ တင်ထားလိုက်တယ်ဗျို့...

Myanmar Family said...

ဟဲ့.......... ငါ့အကောင့်ထဲ ရောက်လာတယ်ဟဲ့... ဟိဟိ။

ညီလင်းသစ် said...

ခိုးတာဝှက်တာဆိုရင် ရည်းစားက ချိန်းတာတောင် သွားမခိုးဘဲ လူပျိုကြီး အဖြစ်ခံတဲ့ နင့်အသက်ငါ့ပေး ဆရာကြီးရဲ့ စုံစမ်းထောက်လှမ်းပုံကိုတော့ သဘောကျ သွားပြီဗျား...၊းD ဆရာကြီး ကြုံရတဲ့ ငွေပျောက်မှုကြီးက ဘီယာယဉ်ကြောမှာ မျှောပြီးရေးတာ မဟုတ်ဘဲ အပြင်လောကမှာသာ တကယ်ဖြစ်ခဲ့ရင် ငတက်ပြားကြီးတွေ ရှိသေးပါလားလို့ ထင်မှတ်မိမှာ အသေအချာပါပဲလေ...၊ ;)

ဒါမျိုး မဖတ်ရတာ ကြာလို့ ဒီဝတ္ထုဟာ မျက်စိတွေ့လှတယ် ကိုညိမ်းရေ...။

မြသွေးနီ said...

အခုတလော သရော်စာ၊ ကလိစာတွေ ဖတ်ရတာ ခံတွင်းတွေ့နေတယ်။ ခေတ်ကိုထင်ဟပ်တဲ့ အခုလို ကလိစာမျိုးဆို ဘာပြောကောင်းလေမလဲ.. :)

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ဘယ်ရောက်သွားလဲ ဘယ်ရောက်သွားလဲ
ရယ်ရယ်မောမောဖတ်ရင် ရင်မောမောသွားတယ် ဆြာငြိမ်းရေ.....


မောင်ဘကြိုင်

မိုးဇက် said...

ဟင် စီးကရက်ဗူးခွံများဖြင့်ပြုလုပ်ထားသော
!!! :D

ကိုကိုမောင်(ပန်းရနံ့) said...

အင်း... ကမောင်လေးတို့ရဲ့ ဟောကွင်းဟောကွက်တွေက တယ်လဲ ကောင်းသကိုး။ ဒီပျောက်မှုကြီးကို ဂလိုဟောကိန်းထုတ်လိုက်တာကလဲ တကယ့်ပညာရှိပီသပါပေတယ်။ အားလုံးမာလကီးယား ဖြစ်တဲ့အချိန်မှ ၁၁ဘီလျံကြီး ပြန်ရမယ်ဆိုသကိုး။ ကောင်းလိုက်ပါပေ့။ ကောင်းလိုက်ပါပေ့။

စံပယ်ချို said...

ဖတ်ပြီးပေါ့ပေါ့ပါးပါးလေးကိုပြုံးမိရတဲ့အတွက်ကျေးဇူးပါ

blackroze said...

ဟွန့်
ငံပြာရည်က မျက်နှာလိုက်တယ်
စီအိုင်အေ ပစ်ပစ်ကိုတော့ အမှု့ လာမအပ်ဘူးရယ်..

Anonymous said...

Amazing! Its truly amazing article, I have got much clear
idea concerning from this article.

Also visit my blog Cost Effective plumbing specialist emergency