Tuesday, September 10, 2013

ကြိုးတန်း လမ်းလျှောက်ကြရသူများ


တစ်ခုသောမိုးနံနက်ခင်းတွင်ဖြစ်သည်။ကျွန်တော်အိပ်ယာမှနိုးလာတော့ နံနက်ရှစ်နာရီခန့်ရှိပြီ။ကိုယ်လက်
သန့်စင်ပြီးနောက် ထမင်းစားပွဲပေါ်မှအုပ်ဆောင်းအားဖွင့်ကြည့်မိတော့ အမေဝယ်ပေးထားခဲ့သော ပဲပြုတ်
တစ်ပန်းကန်ကိုတွေ့လိုက်ရသည်။ပဲပြုတ်လေးများမှာ ညိုလွင်သန့်စင်လှသည်။ထိုပဲပြုတ်လေးများ နူးဖို့၊
ပွဖို့ စားဆော်ဒါတွေထည့်ကြရသည်။စားဆော်ဒါဆိုတော့ကိစ္စမရှိသေး၊နောက်ပိုင်းတွင်ရောင်းပန်းလှစေ
ဖို့ အရောင်ချွတ်ဆေးတွေပါသုံးကြသည်တဲ့…။

မတတ်နိုင်၊သူ့ဘာသာ ဘာပဲပါပါလောလောဆယ်တော့ ပဲပြုတ်နှင့်တမင်းကြမ်းကို ဆီဆမ်းဆားဖြူပြီး
ကော်ဖီလေးနှင့် မျောချမည်။အင်း….ဆီကရော….၊စားအုန်းဆီက ဘာဖြစ်တယ်ညာဖြစ်တယ်ဆို၍
ပဲဆီပဲ အိမ်မှာသုံးနေသည်မှကြာပြီ…။ထိုပဲဆီဆိုသည်မှာလည်း စားအုန်းဆီကိုပင် အနံ Scent ထည့်
ပြီး ပဲဆီဟုပြောရောင်းကြသည်တဲ့…။အချို့မှုန့်တွေကလည်း ဘာ၊ညာ ရောဂါပေါင်းစုံဖြစ်သည်ဟု
ပြောကြရေးပြန်သဖြင့် အချို့မှုန့်မစားရဲပဲ ကြက်သားမှုန့်ပြောင်းသုံးသည်။ဟိုတလောကပင် အဆိုပါ
ကြက်သားမှုန့်တွေကလည်း မစားသင့်ဆိုကြပြန်သည်။ဟုတ်တော့လည်းဟုတ်သည်။ဒီခေတ်ကြက်
သားဈေးနှင့် ကြက်သားမှုန့်ချည်းသက်သက်တော့ မရနိုင်၊အခြားပစ္စည်းတွေရောရမည်။ဘာတွေရော
သနည်း၊ဘယ်လိုဓါတုပစ္စည်းတွေပါသနည်း…..။

ဒုတိယံပိမတတ်နိုင်ပါ။ကျွန်တော်တို့သာမန်လူများအဖို့ ဒီပဲပြုတ်၊ဒီဆီ၊ဒီကြက်သားမှုန့်များကိုပင်
သုံးနိုင်အောင် ပြူးပြဲပြီးရှာဖွေနေရသည်ပဲ။ဒါမှမစားချင်လည်း ငတ်မည်။ဒီအတွေးနှင့်ပင် ကိုယ့်ဘာသာ
ဖြေသိမ့်ပြီး ကော်ဖီတစ်ခွက်ဖျော်ရသည်။ကော်ဖီမစ်များထဲတွင် မကျီးစေ့မှုန့်များရောသည်၊အုန်းမှုတ်၊
အုန်းဆံဖတ်များအမှုန့်ကျိတ်ထည့်သည်။ရေနွေးတွင်ပျော်ဝင်လွယ်စေဖို့ဓာတုပစ္စည်းများသုံးသည်၊
နို့မှုန့်များတွင်လည်းမယ်လမင်းဓာတ်တွေပါသည် ဟုပြောကြသဖြင့် ကော်ဖီမစ်မသောက်ပဲ ကော်
ဖီမှုန့်ဝယ်ပြီးကိုယ့်ဘာသာ အိမ်မှာဖျော်သောက်သည်။အင်း……သိပ်တော့လည်းမထူး…ကျွန်တော်
တို့ သုံးနေသည့် နို့ဆီတွေကရော….၊(ရေရောပြီး)နွားနို့တစ်ပုလင်းကို ငါးရာပေးရသည်။နို့ဆီတစ်ဘူး
ကို ခြောက်ရာပေးရသည်။နွားနို့တစ်ပုလင်းကိုချက်လို့ ဘယ်နည်းနှင့်မျှ နို့ဆီတစ်ဘူးမရနိုင်။ဒီတော့
ဒီနို့ဆီဘူးထဲတွင် ဘာတွေပါသနည်း။ကျွန်တော်တို့ငယ်ငယ်က စည်သွပ်ဘူးနို့ဆီဆိုသည်မှာ အခွင့်
ထူးခံလူတန်းစားတွေသာသုံးနိုင်သည့်အရာ…၊ကိုယ်တွေကတော့ ချက်နို့ဆီကိုသုံးကြရသည်။နို့ကို
ချက်သည်မှန်သော်လည်း တွက်ချေကိုက်ဖို့ ဖွဲနုမှုန့်တွေရောကြသည်။ဖွဲနုနံလေးတစ်ထောင်းထောင်းနှင့်
ပေါ့။နောက် ချက်နို့ဆီများတွင် တာရှည်ခံရန် လူသေအလောင်းများမပုပ်ရန် ထိုးသောဆေးတစ်မျိုး
ကိုထည့်ကြသည်ဟု ကြားဖူးသည်…။အင်း…..ယခုခေတ် စည်သွပ်ဘူးနို့ဆီများတွင်ရော….တာရှည်
ခံရန်အဘယ်သို့သော ဓာတုပစ္စည်းများကိုထည့်သွင်းအသုံးပြုကြပါလိမ့်။နာမည်ကျော် နယူးဇီလန်မှ
နို့မှုန်များပင် ကျမ်းမာရေးနှင့်မညီညွှတ်သဖြင့် ပြန်သိမ်းကြရသည်။တရုတ်နို့မှုန့်များကတော့ မပြော
ပါနှင့်တော့…..။

မုန့်ပဲသရေစာတွေ၊ကိတ်မုန့်၊ပေါင်မုန့်များတွင်လည်း တာရှည်ခံရန်၊အမြင်လှရန် ဓာတုပစ္စည်းပေါင်း
စုံသုံးကြသည်။မုန့်ဟင်းခါးဟင်းရည်ထဲ အနံမွှေးစေဖို့ ဓာတုပစ္စည်းတွေထည့်ကြသည်။အကြော်
ကြော်သည့်အခါ ကြွတ်ရွနေစေဖို့ ပလတ်စတစ်တွေထည့်ကြော်ကြသည်။မည်သည့်အကြော်အလှော်
ဆိုင်မဆို မဲညစ်နေသော ဆီများကို ထပ်ကာတလဲလဲသုံးနေကြသည်။ထန်းလျက်ခဲကိုပင် အရောင်
ပြောင်းစေဖို့ ဓာတုပစ္စည်းများသုံး၍ အရောင်ချွတ်ကြသည်တဲ့….။

ကျွန်တော်တို့မြန်မာလူမျိုးများ၏အသဲစွဲ ငပိရည်ထဲတွင် ယူရီးယားဓာတ်မြေသြဇာတွေပါသည်တဲ့၊
၉၀ရာခိုင်နှုန်းတွင်တဲ့….။ငရုတ်သီးမှုန့်ထဲတွင်ပါသော မှိုသည် အသဲကင်ဆာ၊အသဲရောင်အသားဝါ
ဘီ၊စီ တို့ကိုဖြစ်စေနိုင်သည်တဲ့…။ငရုတ်သီးမှုန့်ကို အရောင်လှစေရန် ဓာတုဆိုးဆေးတွေသုံးကြ
သည်တဲ့….။အသီးအနှံတွေကရော….ဘာထူးသေးသနည်း….၊ငှက်ပျောသီးများကို တစ်ရက်အတွင်း
ဝင်းပလာစေရန် ဓာတုဆေးရည်များတွင်စိမ်ကြသည်။ဖရဲသီး၊ပန်းသီးများကို ဆေးထိုးကြသည်။
ရွက်ဖြန်းမြေသြဇာတွေ၊ပိုးသတ်ဆေးတွေ တရားလွန်သုံးကြသည်။အသီးအနှံများကို မစားခင်
 စုံထောက်ကြီးဦးစံရှား စုံစမ်းသည့်အလား အနံ့ခံရသည၊် တစ်ရွက်ခြင်း၊တစ်ဖတ်ခြင်းကို ပြူးပြဲ
ကြည့်ရသည်။ဆားရည်၊ရေနွေး၊ရေအေးပေါင်းစုံတွင် ဆေးကြောရသည်။ကိုယ့်အိမ်မို့လို့ ကိုယ်
ဒီလိုလုပ်နိုင်သော်လည်း စားသောက်ဆိုင်များတွင် သွားရောက်စားသောက်ကြသည့်အခါ…..
 မည်သို့ လုပ်ကြရပါမည်နည်း။

ပုလင်းသွပ်အစားအစာများကရော….၊ရဲပတောင်းခပ်နေသော ငရုတ်ဆီပုလင်းများတွင် အဘယ်မည်သော
ဆိုးဆေးများ၊ဓာတုပစ္စည်းများပါ ပါသနည်း၊ခရမ်းချဉ်သီးဆော့သည် အမှန်တကယ် ခရမ်းချဉ်သီးအနှစ် နှင့်
ထုတ်လုပ်ထားပါသည်လား….၊အသီးအနှံပေါင်းစုံနာမည်များတံဆိပ်ကပ်ထားသော အချိုရည်ပေါင်းစုံများ
ကရော….၊အရောင်၊အဆင်းအနံ၊အရသာ ရှိစေဖို့နှင့် ဈေးကွက်တွက်ခြေကိုက်ဖို့ရာ အဘယ်မည်သော
ဓာတုပစ္စည်းများ သုံးထားပါသနည်း….။

စီးကရက်နှင့်အရက်သည် ကျမ်းမာရေးနှင့်ထိခိုက်စေသည်မှာ တကမ္ဘာလုံးသိကြသည်။သိသည့်အလျောက်
ပုံစံမျိုးစုံကန့်သတ်ကြသည်။သောက်သုံးသူတို့မှလည်း မသောက်ရမနေနိုင်လို့ သောက်သုံးကြသည့်တိုင်
ဘေးအန္တရာယ်မှအသက်သာဆုံးဖြစ်စေရန် ရွေးချယ်သောက်သုံးကြသည်။စီးကရက်ဆိုလျှင် နီကိုတင်းနှင့်
ကတ္တရာ အနဲဆုံးပါသော light စီးကရက်အမျိုးအစားကိုရွေးချယ်ကြသည်။ကျွန်တော်တို့မြန်မာပြည်တွင်
လက်ရှိဈေးကွက်အတွင်း၌စီးကရက်တံဆိပ်အမျိုးအစားတစ်မျိုးတည်းသာရှိသည်။ထိုတံဆိပ်နှင့်စီးကရက်
သည်လည်း စီးကရက်အမျိုးအစားတစ်မျိုးတည်းသာ ဖြန့်ချီသည်။ထိုစီးကရက်တွင် နီကိုတင်းနှင့်ကတ္တရာ
အချိုးအစားဘယ်လောက်ပါဝင်သည်လည်းဆိုတာ မဖော်ပြပါ။ကျွန်တော်တို့တွင်  ရွေးချယ်စရာဘာမှ
မရှိပါ။သို့သော်ထိုစီးကရက်ကို မည်သည့်အကန့်အသတ်မှမရှိပဲ ၁၀နှစ်သားလေးများပါမကျန် ပေါပေါ
လောလောကြီး ဝယ်ယူသောက်သုံးနိုင်ပေသည်။

အရက်ကရော……ဘာထူးပါသနည်း။တလောက ပြည်တွင်းအရက်ချက်စက်ရုံတွင်အလုပ်လုပ်နေသော
သူငယ်ချင်းတစ်ဦးနှင့်စကားစပ်မိတော့ သူကယခုလိုပြောပြသည်။သူ့တို့စက်ရုံသည် အပြင်လူအဝင်
အထွက်ကို အင်မတန်စည်းကမ်းတင်းကျပ်သည်တဲ့၊အရက်စပ်သည့်အခန်းဆိုလျှင် ဆိုင်ရာတာဝန်ရှိသူ
သာဝင်ခွင့်ရှိသည်တဲ့…၊သူတို့စက်ရုံ၏အရက်စပ်ဖော်မြူလာကိုလူသိမခံလိုသောကြောင့်တော့မဟုတ်
တဲ့….၊အခန်းထဲတွင်သိုလှောင်ထားသော ဓာတ်မြေသြဇာအိတ်များကို လူမသိစေလိုသောကြောင့်
သာဖြစ်သည်တဲ့….။ကောင်းပြီ။ပြည်တွင်းဖြစ်အရက်များကို စိတ်မချပါက နိုင်ခြားဖြစ်အရက်များကို
သောက်သုံးနိုင်ပါသည်။မြန်မာပြည်တွင် အမျိုးအစားအစုံဆုံး၊ရွေးချယ်ရန်အများဆုံးအရာမှာ အရက်
သာဖြစ်သည်။သို့သော် အဆိုပါနိုင်ငံခြားဖြစ်အရက်များသည် အစစ်ဖြစ်နေလိမ့်မည်ဟု မည်သူမျှ
အာမမခံနိုင်ပါ။ဈေးကြီးလှသော အနှီးနိုင်ငံခြားဖြစ်အရက်များကို မည်သို့ ပုလင်းသွပ်ထားသည်
ဖြစ်စေ၊ပုလင်းဝတွင် အဘယ်မည်သော ဘောစေ့ အစရှိသည်တို့ခုခံထားသည်ပဲဖြစ်စေ၊ကျွန်တော်
တို့မြန်မာပြည်တွင် အတုထုတ်နိုင်ပါသည်။ကဲ……ကျွန်တော်တို့ မည်သို့ရွေးချယ်ရပါမည်နည်း။

ရုပ်ကို အာဟာရစောင့်သည်ဟုဆိုကြသည်။ကျွန်တော်တို့ အသက်ခန္ဓာလေး တည်မြဲနေစေဖို့
အစားအသောက်များ စားကြရသည်၊ရသာတဏှာလည်းမည်သူမျှ မကင်းနိုင်သေးသည်မို့ လျှာ
ရင်းမြက်စေမည့်ကောင်းနိုးရာရာလေးများကို ရွေးချယ်စားသုံးကြသည်။သို့သော် ကျွန်တော်တို့
စားသောက်သမျှတွင် ကျမ်းမာရေးအတွက်အကျိုးမရှိသည့်အပြင် ဆိုးကျိုးကိုပေးသော ဓာတု
အဆိပ်ပေါင်းစုံတို့ ပေါင်းစပ်ပါဝင်လျက်ရှိနေပေပြီ။တနည်းအားဖြင့် ကျွန်တော်တို့ပတ်လည်
တွင် ဘေးအန္တရာယ်များဝန်းရံနေပေပြီ။

အစားအသောက်တစ်ခုတည်းပင်လော…..မဟုတ်သေး….။
တစ်ရက်သားတွင်  မိတ်ဆွေတစ်ယောက်အိမ်သို့ ကျွန်တော် ဆိုင်ကယ်နှင့်ထွက်လာခဲ့သည်။ဆိုင်ကယ်စီး
ဦးထုတ်ကို မေးသိုင်းကြိုးနှင့်တစ်ကွဆောင်းထားပါသည်။စက်ဘီး၊ဆိုင်ကယ်များ ဥဒဟိုသွားလာနေသည့်
လမ်းမကြီးပေါ်တွင်ဖြစ်သောကြောင့် တစ်နာရီ ကီလို၃၀သာသာဖြင့် မှန်မှန်လေးစီးလာခဲ့သည်။ထိုအချိန်
တွင် ကျွန်တော့်မျက်နှာချင်းဆိုင်ယဉ်ကြောမှ ဘတ်စ်ကားကြီးတစ်စီးကို ခရီသည်တင်ဟိုင်းလပ်လိုင်း
ကားလေးမှ အသဲအသန်ကျော်တက်လာသည်။ဘတ်စ်ကားကြီးကလည်း အလျော့မပေး၊လိုင်းကား
လေးကလည်း ဟွန်းသံတညံ့ညံ့နှင့်မြန်နှုန်းမြှင့်ပြီးကျော်တက်သည်။ရန်ကုန်-ပြည်လမ်းသည်နှစ်လမ်း
မောင်းလမ်းသာဖြစ်သည်။ မျက်နှာချင်းဆိုင်မှ ကျွန်တော်ပင် လွတ်လမ်းမမြင်၍ ဆိုင်ကယ်ကို ကပျာ
ကယာ ဘေးထိုးဆင်းလိုက်ရသည်။ထောင်းကနဲထွက်လာသော ဒေါသနှင့်အတူ ထိုလိုင်းကားကို
လှည့်ပြီး ဆဲတော့မည်ပြင်တော့ ကိုရွှေဟိုင်းလပ်လိုင်းကားလေးမှာ လှမ်းဆဲလို့မကြားနိုင်သောနေရာ
သို့ရောက်သွားလေပြီ။ထိုကားလေး၏နောက်မြီးပိုင်းတွင်မတော့ နည်းပညာတက္ကသိုလ်ကျောင်း
ဝတ်စုံနှင့် လူငယ်လေးများ လေးငါးယောက်က တွဲလွဲခိုလျက် တစ်လွင့်လွင့်နှင့်ပါသွားသည်ကို
စိတ်မချမ်းသာဖွယ်တွေ့နေရသည်။

မသွားမဖြစ်၊မစီးမဖြစ်သဖြင့် နိစ္စဓူဝ သွားလာနေရသော ကျောင်းသားများ၊ရုံးသမားများ၏အသက်
သည် လိုင်းကား ဒရိုင်ဘာတို့လက်ထဲတွင်သာ ဝကွက်ရှိလျက်ရှိသည်။စားဝတ်နေရေးကို နေ့စဉ်
နှင့်အမျှ ပြူးပြဲရှာနေရသူအချင်းချင်းပေမို့ ခရီးသည်တင်လိုင်းကားသမားများ၏ဘဝကိုလည်း
အပြစ်ပြောရန်မစွမ်းသာပါ…..။သူတို့လည်း အခြားတစ်ပါးသောတိုင်းပြည်များမှ ဘတ်စ်ကား
ဒရိုင်ဘာများလို အအေးပေးစက်ဖွင့်ထားသော ဘတ်စ်အကောင်းစားကြီးများအား စမက်ကျကျဝတ်
လျှက်၊အေးအေးလူလူ၊အန္တရာယ်ကင်းကင်းမောင်းနှင်ချင်ပေမပေါ့….။သို့သော် မြန်မာပြည်၏
ခေတ်ကား၊စနစ်ကား…….(အင်း…မပြောတော့ပါဘူး….ပြောရင် ဒေါသသံတွေ အလိပ်လိုက်ပါ
လာလိမ့်မည်)။

တရားဥပဒေစိုးမိုးမှုကရော….၊ညှော်နံ့ နံသည့်ကိစ္စ အခြေအတင်စကားများရာမှ လူမိုက်ငှား၍ မျက်နှာကို
ဘလိပ်ဓါးနှင့်ခြစ်သည်တဲ့၊သူ့ဘာသာစားသောက်ဆိုင်ထဲ ကားနှင့်ဝင်လာသည့်သူကို အသားလွတ် အုပ်စု
ဖွဲ့ ပြဿနာရှာသည်တဲ့၊မြေကိစ္စနှင့် မိန်းမကြီးတစ်ဦးကို ခေါင်းဖြတ်သတ်သည်တဲ့။မန္တလေးကျူံးဘေးလမ်း
ပေါ်တွင် အုပ်စုဖွဲ့၍ ခုတ်သည်၊ထစ်သည်၊ရိုက်နှက်ကြသည်တဲ့။အင်းယားကန်ဘောင်တွင် အသားလွတ်
ဓားနှင့်လိုက်ခုတ်သည်တဲ့…။ငါးနှစ်သမီးလေးကို အိမ်နီးနားချင်းမှ မစောင့်ရှောက်ပဲ  မတော်တရော်ပြုသည်
တဲ့၊အထက်တန်းကျောင်းသူ၊ကျောင်းသားလေးတွေ ကျူရှင်လစ်ပြီး ဒေးကလပ်၊ဒေးပါတီတွေသွားကြ
သည်တဲ့…။ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အမျိုးသမီးတစ်ဦးကို ရဲကင်းရုံထဲတွင် အဓမ္မကျင့်သည်တဲ့….။

တရားဥပဒေစိုးမိုးမှု မရှိသည့်အခါ၊ဝိသမလောဘသားများမှ မတော်မတရားစီးပွားရှာကြသည်။အရက်၊
မူးယစ်ဆေးဝါးများ ပေါပေါလောလောစိတ်ထင်တိုင်း ဝယ်ယူသုံးစွဲနိုင်ကြသည်။အားကစား၊စာပေ၊
အနုပညာတို့ကို လွယ်လွယ်ကူကူလိုက်စားနိုင်ရန် စီစဉ်မပေးထားသည့်အခါ လူငယ်များသည်
ဂိမ်းဆိုင်များတွင်ပစ်ခတ်သတ်ဖြတ်သည့်ကစားနည်းများအား အုပ်စုလိုက်ကစားခြင်းများ၊အွန်လိုင်း
ပေါ်မှ မထော်မနန်းဝက်ဆိုက်များအား ပိတ်ထားခြင်းမရှိသဖြင့် အားပါးတရကြည့်ရှုခြင်းများ၊ထိုမှ
တစ်ဆင့် အွန်လိုင်းပေါ်မှ လိင်ပိုင်းဆိုင်ရာ မတော်တရော်ပြုခြင်းများ၊သွေးဆောင်ခြင်းများ၊နောက်
တစ်ဆင့်တက်ကာ အချိန်မတန်သေးပဲလိင်မှုကိစ္စရှုပ်ထွေးမှုများ၊လူငယ်များ အုပ်စုဖွဲ့၍အသားလွတ်
ရမ်းကားမှုများ၊ဂိုဏ်းဖွဲ့လာခြင်းများ၊မူးယစ်ဆေးဝါးရောင်း၊ဝယ်၊သုံးစွဲမှုများ ဖြစ်ပေါ်လာပါတော့သည်။

ထို့ပြင် တရားဥပဒေစိုးမိုးမှုမရှိသည့်အခါ တရားဥပဒေနှင့်တရားဥပဒေကို စောင့်ရှောက်၊ထိန်းသိမ်း
ရသူတို့အပေါ်၌ ပြည်သူမှ အယုံအကြည်မရှိကြတော့ပေ။မိမိအပေါ်မတရားအပြုခံရသည့်အခါများ
တွင် မိမိဘက်က မှန်နေသည့်တိုင် တရားဥပဒေကို လည်းကောင်း၊တရားဥပဒေကို ထိန်းသိမ်းရသူ
များကိုလည်းကောင်း အားမကိုးတော့ပေ။မတရားမှုတစ်ခုကို တရားဥပဒေကဖြေရှင်းမပေးနိုင်သည့်
အခါ ကိုယ့်ဥပဒေနှင့်ကိုယ် တရားစီရင်ကြတော့သည်။မတရားမှုကို မတရားမှုနှင့် ဖြေရှင်းကြတော့
သည်။ထိုအခါ နှစ်ထပ်ကွမ်းမတရားမှုသာဖြစ်ပေါ်လာတော့လေသည်။

တရားဥပဒေစိုးမိုးမှုမရှိခြင်း၊တရားဥပဒေကိုကာကွယ်စောင့်ရှောက်ရသည့်သူများမှ ရှိရှိသမျှအဂတိတရား
များကို လိုက်စားခြင်းများ သည် ကျွန်တော်တို့ မည်မျှပင် တရားဥပဒေဘောင်အတွင် စည်းကမ်းရှိ
စွာနေထိုင်သည်ဖြစ်ပါစေ ဘေးရန်မကင်းနိုင်ပေ။ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်ရန်ကွာ၊
စိတ်ချမ်းသာဆိုသည့် ဆောင်ပုဒ်မှာ မြန်မာပြည်အတွက်တော့ အင်မတန်ပြောင်မြောက်သည့်
ဟာသတစ်ပုဒ်သာသာပင်။လုံခြုံစိတ်ချရသည့် လူမှုဘဝ၊လူမှုဝန်းကျင်ဆိုသည်မှာ အဘယ်မှာနည်း။

ကျွန်တော် စင်္ကာပူတွင်ရှိနေစဉ်က ခင်မင်ရသောအစ်မတစ်ဦးပြောဖူးသောစကားအချို့ကို
ပြန်သတိရမိသည်။ထိုအစ်မမှာ စင်္ကာပူကိုအခြေပြု၍ အလုပ်ကိစ္စဖြင့် အခြားနိုင်ငံများသို့
ခရီးထွက်ရသူဖြစ်သလို၊မြန်မာနိုင်ငံသို့လည်း မကြာခဏအလည်အပတ်ပြန်နိုင်သူဖြစ်
သည်။သူကပြောဖူးသည်။သူဘယ်နိုင်ငံကပြန်လာလာ(မြန်မာနိုင်ငံအပါအဝင်) စင်္ကာပူမြေ
သို့ ခြေချလိုက်သည်နှင့် လုံခြုံစိတ်ချရသည်ဟူသော ခံစားချက်ကို ခံစားရသည် တဲ့…။

ဟုတ်တော့လည်းဟုတ်သည်။စင်္ကာပူတွင်နေထိုင်လုပ်ကိုင်နေရသောသူတစ်ဦးသည် ဥပဒေ
နှင့်အညီ၊စည်းကမ်းရှိစွာ တရားဝင်နေထိုင်သူတစ်ဦးဖြစ်ပါက မည်သည့်အရာရှိကိုမျှ ကြောက်
နေရန်မလို၊မည်သည်မျှဂရုစိုက်ရန်မလိုပေ။လဝကမှ ရစ်မှာမပူရ၊(သင့်ကို မလိုအပ်လျှင် အရာရှိ
သည် စကားပင်တစ်ခွန်းဟမည်မဟုတ်)။အကောက်ခွန်ကရစ်မှာမပူရ၊မည်သည့်ရဲကိုမျှမကြောက်
ရ။တက်စီကားများ ဈေးပိုတောင်းမှာမပူရ၊ဘတ်စ်ကားများစည်းကမ်းရှိစွာဖြည်းဖြည်းမှန်မှန်
မောင်းကြသည်။ည၁၂နာရီတစ်ချက်မှ အမျိုးသမီးငယ်တစ်ဦးတည်း မိမိအိမ်ကိုလမ်းလျှောက်ပြန်
လာ၍ မည်သည့်အန္တရာယ်မှ မစိုးရိမ်ရ…..။

ကျွန်တော်တို့မြန်မာပြည်တွင်ရော…..။ဟုတ်ကဲ့…..အားလုံးကို ကြောက်နေရပါသေးသည်။
နေ့ရောညပါ မည်သည့်နေရာတွင်မဆို ဘာမဆိုဖြစ်သွားနိုင်သည်ကို ပူပင်နေရပါသေးသည်။
လိမ်မှာ၊ညာမှာ၊အတုမိမှာ၊အစားအသောက်မှားမှာ၊ကိုယ့်ဘက်မှ မှန်နေပါလျက်နှင့် အမှုအခင်း
ဖြစ်ပြီး ရုံးပြင်ကနားများနှင့်ပတ်သက်ရမှာ….၊ဘာမဟုတ်တာလေးနှင့် ကိုယ့်အသက်ကိုရန်ရှာ
ခံရမှာ...၊နေရင်းထိုင်ရင်း အသားလွတ် ဓားနှင့်အခုတ်ခံရမှာ……။

ကျွန်တော်တို့ နိုင်ငံသားများအတွက် လုံခြုံစိတ်ချရသော လူမှုဘဝ၊လူမှုဝန်းကျင်၊ကျမ်းမာရေး
နှင့်ညီညွှတ်သော နေထိုင်၊စားသောက်နိုင်မှု၊အကြောင်းကြောင့် အမှုအခင်းဖြစ်လျှင် မိမိခံစားရ
မည့် တရားမျှတမှု၊မိမိမှန်လျှင်၊တရားဥပဒေနှင့်အညီနေထိုင်လျှင် မည်သူ့ကိုမျှ မကြောက်မရွံ့
ရမှု တို့ ဆိုသည်မှာ အဘယ်မှာပါနည်း…….။

တစ်လောက ရုပ်မြင်သံကြားမှ နိုင်ဂါရာဂါရေတံခွန်ကြီးအပေါ်မှ ကြိုးတန်းလမ်းလျှောက်ပြသော
လူစွန့်စားတစ်ဦးအကြောင်း ကြည့်လိုက်ရသည်။ထိုလူစွန့်စားသည် သူ့ထံတွင် မည်သည့်လုံခြုံ
ရေးကြိုးမျှ ချည်နှောင်ထားခြင်းမရှိပေ။ကြိုးတန်းအောက်မှလည်း ပိုက်ကွန်အစရှိသည်တို့နှင့်
ကာကွယ်ထားခြင်းမရှိပေ....။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတို့ ဘဝကရော.....မည်သည့် လုံခြုံစိတ်ချရမှုမရှိ၊မည်သည့်အကာ
အကွယ်မှမရှိပဲ ဘဝကြိုးတန်းပေါ်လမ်းလျှောက်နေရသည်နှင့် မထူးပါလားခင်ဗျား.........။

16 comments:

လသာည said...

ဟုတ်တယ်။ နေ့စဉ် သွားသတိ၊ စားသတိနဲ့ နေရတဲ့ဘ၀တွေပါ....

Anonymous said...

အများကြီးလျှောက်မတွေးနဲ့ လေ၊ ကိုယ်ရဲ့ လက်ရှိဘ၀မှာ အကောင်းဆုံးလုပ်ပြီး ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်ရင်ပြု ၊ မပြုနိုင်လည်း ကိုယ့်ကြောင့်မထိခိုက်ရင်တော်ပြီလေ။ အစားအသောက်ဆိုရင်လည်း ဒီအတိုင်းပဲ။ မြန်မာလူမျိုးအများစုစားနေရတာက ဒီအတိုင်းပါ။အခြားကိုစိတ်မချဘူးဆိုရင်တော့ ကိုယ့်ပာာကိုယ်စိုက်ပျိုးစားသောက်ရုံပ။ နောက်ပြီး လူကသေချိန်တန်မှသေမှာပါ။ သေချိန်တန်သူတွေဆိုလည်း အကြောင်းအမျိုးမျိုးနဲ့သေရတာပါပဲ။မြ
တအားကြီးအတွေးခေါငပြီး သွေးပျက်နေစရာမလိုပါဘူး။ အဲဒီလိုအတွးခေါင်နေရင်တော့ဘယ်နေရာမှာနေနေပျော်မှာမပာုတ်ပါ။ကျန်တဲ့လူတွေလည်း အသက်နဲ့ ပါပဲ ။ အဲဒီလိုတိုးတက်တဲ့နိုင်ငံမှာနေတော့လည်းမသေတော့ဘူးတဲ့လား။ ကိုယ်မသိတာပဲဖြစ်ပါလိမ့်မယ်။ ရာဇ၀တ်မှုမရှိတဲ့၊ မတရားမှုမရှိတဲ့ နိင်ငံတော့ရှိမယ်မထင်ပါဘူး။ ကျမတို့ နိုင်ငံကမဖွံ့ ဖြိုးသေးတာမှန်ပေမယ့် နေလို့ မဖြစ်လောက်အောင်ဆိုးနေတာမပာုတ်ပါဘူး ။ ပတ်ဝန်းကျင်ကို၊ ကိုယ်နေရတဲ့ဘ၀ကိုအဆိုးကြည့်မြင်နေရင် ဘယ်တော့မှ သပာဇာတဖြစ်မှာမပာုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုအထင်သေးစိတ်ဝင်နေရင်ဘယ်နေရာမှာနေနေသိမ်ငယ်စိတ်နဲ့ နေရပါလိမ့်မယ်။ ဘယ်နေရာမှလူကောင်းတွေကြည့်မရှိသလို အဆိုးလည်းထိုနည်းတူပါပဲ။ ကြည့်တတ်မြင်တတ်ရင်အလှအပကိုမြင်နိုင်ပြီး နေတတ်ရင်လည်းကျေနပ်စရာပပါ။ ဆရာကြီးဝင်လုပ်တယ်လို့ မထင်ပါနဲ့ ။ အဲဒီလိုမရည်ရွယ်ပါဘူး။ ကိုယ့်ရဲ့အမြင်ကိုပြောကြည့်တာပါ။ ကျမက ကိုငြိမ်းနိုင်ရဲ့ ပရိတ်သပ်ပါ။ အရင်ကတော့တိတ်တိတ်ကလေးပဲဖတ်ပါတယ်။ စိတ်ငြိုငြင်သွားရင်တော့တောင်းပန်ပါတယ်။
လေးစားစွာဖြင့်
စိုးမိုးသူ
ကလေးဆေးရုံ
မန္တလေး

ကိုကိုမောင်(ပန်းရနံ့) said...

ကမောင်လေး။
ရေးလိုက်ရင် အမှန်တွေချည်းဘဲ။
ဒါပေမဲ့လို့ အဲဒါတွေက ရှောင်လွဲမရတော့လဲ အခက်သားကလား။ သူကြီးမင်းတို့ ရွှေနိုင်ငံသူနိုင်ငံသားတွေကတော့ အဲဒါတွေနဲ့ ကျင့်သားရနေပါပြီ ကမောင်လေးရေ။ အဆိပ်ကို တစ်နေ့နဲနဲစီ စားသောက်နေတဲ့ လူတစ်ယောက်ဟာ ကြာလာရင် အဆိပ်ပြီး (အဆိပ်မသင့်)တော့သလိုမျိုးပေါ့။ အခုလို ရေးပြတင်ပြပေးတာကိုတော့ သဘောကျတယ်။ Health and Safety ဆိုတာ နေရာတိုင်းမှာ အရေးအကြီးဆုံးမဟုတ်လား။ ပြုပြင်နိုင်တဲ့အစိုးရတက်လာရင်တော့ တဖြေးဖြေး ပြုပြင်ပေးရင် ပိုကောင်းပါလိမ့်မယ်။ အခုတော့ ဂလိုဘဲ သဲအလူလူး ဖုန်အလူးလူးကြားထဲမှာ ပျော်မြုးကြသေးတာပေါ့။း)

ညီလင်းသစ် said...

သိပ်ကောင်းတယ် ကိုညိမ်း...၊ ပြောသွားခဲ့တာတွေက ကျနော်တို့အားလုံး မြင်နေ၊ ဖတ်နေ၊ ကြားနေရတဲ့ တကယ့်အဖြစ်အပျက်တွေ ချည်းပါပဲ၊ ဒါတွေက ဟိုးအရင် ကတည်းက ရှိနေ၊ ဖြစ်နေ ခဲ့ပေမယ့် ပွင့်လင်းလာတဲ့ အခြေအနေနဲ့ မီဒီယာ အားကောင်းလာမှုအောက်မှာ ပိုပြီးတော့ သိလွယ်၊ မြင်လွယ်၊ ထိရှလွယ် ဖြစ်လာတော့တယ်၊ ဒီလိုတွေ ရေးကြ၊ ပြောကြတာတွေ များလာတဲ့အခါ ပြည်သူလူထု အတွက်တော့ ပိုပြီးတော့ နိုးကြားဖို့၊ ပိုပြီးတော့ ကျန်းမာရေးအသိ ရှိဖို့ ဖြစ်လာမှာပါပဲ၊

အင်း.. ကိုညိမ်းသာ စင်္ကာပူမှာ ဆက်ရှိနေဦးမယ် ဆိုရင် အခုလို ဆောင်းပါးမျိုးတွေ ဖတ်ခွင့် ရဦးမှာ မဟုတ်လို့ တွေးကြည့်ရင် ကြံဖန်ကျေးဇူးတင်စရာ ပါပဲဗျာ...။း)

ရွှေအိမ်စည် said...

ဒါ အမှန်တွေပါပဲ.....အမှန်တရားဟာ နားတော့ခါးတတ်ပါတယ်ပေါ့..။ သို့ပေမယ့် တကယ်ကို လက်တွေ့ဖြစ်ပျက်နေကြတာပါ...။ အကိုက အစားအသောက်ကိစ္စကိုသာ ထိပ်ဆုံးကပြောခဲ့ပေမယ့် ဒါ့ထက် ဆိုးတဲ့ အခြေအနေတွေ အများကြီးမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေပါတယ်။
ဒါ ဟာ တိုးတက်မှုရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောလို့ကိုမရပါဘူး။ မထိန်းကွပ်နိုင်မှု၊ လျစ်လျူရှုမှုတွေရဲ့ ပြယုဂ်တွေပါပဲ။
ရက်သိပ်မခြားပဲ ပို့စ်တွေ ဖတ်ခွင့်ရတဲ့ကျေးဇူး အကိုညိမ်းနိုင်။

မိုးငွေ့........ said...

အစအဆုံးဖတ်ပြီး ခန္ဒာကိုယ်အနံှ့အဆိပ်တွေပျံ့သွားတယ်လို့ ခံစားလိုက်ရတယ် ..မောတယ်...ကျောချမ်းနေတယ်...။

Myanmar Family said...

(((ကျမတို့ နိုင်ငံကမဖွံ့ ဖြိုးသေးတာမှန်ပေမယ့် နေလို့ မဖြစ်လောက်အောင်ဆိုးနေတာမပာုတ်ပါဘူး ။ ပတ်ဝန်းကျင်ကို၊ ကိုယ်နေရတဲ့ဘ၀ကိုအဆိုးကြည့်မြင်နေရင် ဘယ်တော့မှ သပာဇာတဖြစ်မှာမပာုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုအထင်သေးစိတ်ဝင်နေရင်ဘယ်နေရာမှာနေနေသိမ်ငယ်စိတ်နဲ့ နေရပါလိမ့်မယ်။ )))

ဟာသပဲ...... ဟိဟိ ။ ကညိန်းနိုင်ရေ ဆောကတီးပါတော်။ ဂလိုပဲ မြန်မာပြည်က ၀ါးလုံးခေါင်းလသာ တွေ ခေါင်းမာနေကြတုန်းမို့  အပြောင်းအလဲ ဆိုတာ ခြေလှမ်းစ မရနိုင်သေးတာလို့ ပဲ ............။

Myanmar Family said...

(အကြောင်းအမျိုးမျိုးကြောင့် သေရတာပါပဲ) ဒီလို စကားမျိုး ကလေးဆေးရုံ လိပ်စာနဲ့  လူတစ်ယောက်ဆီက ထွက်လာတာ တော့ နည်းနည်း အံ့အောမိတယ်။ မြန်မာပြည်မှာ ဆယ်စုနှစ် တစ်ခု အတွင်း မဖြစ်သင့်တဲ့ ကင်ဆာမျိုး ဖြစ်ပွားလာတာ၊ အသေ မစောသင့်ပဲ သေကုန်တာ ဒါတွေကို မသိဘူးဆိုတော့ အတော်လေး ပိန်းတယ်လို့ ပဲ ပြောပါရစေ ဂျီးတော်ရေ။

(ရိုင်းသွားရင်း ကန်တော့ပါရဲ့.. မနေနိုင်လို့ )

မင်းဧရာ said...

အင်း....
ထုသား ပေသား တွေကျနေပါပြီလေ
သေ ကာမှ သေပြီမှတ်ရမှာပဲ
ရှောင်လွှဲပြီးနေလို့မှ မရတာကိုး
စီးပွားရေး သမားတွေကလည်း ကိုယ့်ကျိုးပဲ
ထည့်တွက်နေကြတယ် ကျန်မာရေး ၀န်ကြီးဌာန ကလည်း
ကိုယ့်ကျိုးပဲ ထည့်တွက်နေကြတယ်
အဲတော့ ကျနော်တို့က သေဖို့စောင့်နေရုံသာပေါ့ဗျာ
စိတ်ကုန်တယ် ပြောချင်တော့ဘူး ။

San Htun said...

ခေတ်ကြီးကို အရှိအတိုင်း ဖော်ပြတယ့် ပို့ စ်ကောင်းလေးပဲ ကိုညိမ်း...မျိုးဆက်သစ်တွေ လက်ထက်မှာ စိုးရိမ်ပူပန်ကြောက်လန့် စရာမလို့ တယ့် သာယာအေးချမ်းတယ့် ဘဝလေးတွေ ပိုင်ဆိုင်ဖို့  မျှော်လင့်ရတာပဲဗျာ...

သိ င်္ဂါ ရ said...

သေလိုက်ကြတာ ... သောက်သောက်ကို လဲ လို့ ... စာရင်းတွေ အရ ... ဇယား အောက်ခြေနားကပ်နေတာလဲ ... ကမ္တာသိ ပဲ ... အင်းလေ ... သတင်းတွေ ခုထိ မှောင်နေတုန်း ... လူများသူကြား သိသလောက် လူပြောသူပြော မများရဲကြသေးဘူး ဆိုတော့လည်း ... ဒီ ဆင်းရဲတွင်း ကို ပဲ ကောင်းနေပါပြီ ထင်ကြသတဲ့ ... ။ ဟိုဘက်ခေတ် ... ရုပ်ရှင်ဇာတ်ပို့ သရုပ်ဆောင် ဒေါ် ခင်အေးဟန် ကြီး ပြောသလို ....... " ပြောကို မပြောချင်တော့ပါဘူး အေ " လို့ ပဲ .... ပြောလိုက်ချင်ပါတော့ ရဲ့ ... :)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အမှန်တရားတွေကို ဖတ်ရင်း မချင့်ရဲ ဖြစ်သွားခဲ့ရပါတယ်ရှင်။

Tommy Girl said...

လာဖတ်သွားတယ် အစ်ကို...
ဝင်တော့ မဆွေးနွေးတော့ဘူး.. ကျွန်တော် သိပ်မသိတဲ့ (မသိချင်ယောင်ဆောင်ထားတဲ့) အကြောင်းအရာ ဖြစ်နေလို. :D

SHWE ZIN U said...

ဖတ်သွားတယ် ကမောင်လေး ရေ ... စားစရာ တွေ ကို အဆိပ်ဖြစ်အောင် လုပ်ပြစ်တဲ့ သူတွေကို ဘယ်လို အရေးယူကြမလည်း ..

အမ လည်း ဘယ်တော့ ဘာရောဂါဖြစ်မလည်းနဲ့ ရေတံခွန် ကြီးပေါ်မှာ လမ်းလျှောက်လျှက်ပါ

ခင်မင်တဲ့
ရွှေစင်ဦး

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အေးဗျာာာာ ရှောင်လွှဲလို့မရနိုင်တဲ့ အရာတွေချည်းပဲမို့ ရှောင်နိုင်သလောက်တော့ ရှောင်ပါတယ်ဗျာာ
တနေ့နေ့တော့ တဖြည်းဖြည်း လူလိုသိလာကြရင် လူတွေအရေးထည့်တွေးပြီး ဆင်ခြင်လာမယ်ထင်ပါရဲ့ဗျာ

မောင်ဘကြိုင်

Win Zin Min Raja said...

Please also visit my blog

http://wunzinminraja.blogspot.sg/
ဝန်ဇင်းမင်းရာဇာ