Wednesday, October 20, 2010

အိပ်စက်ခဲ့တဲ့ နေ့တွေ၊ညတွေ

ကျွန်တော်...အလျားလိုက်ကူးခတ်ခဲ့တဲ့ ရေစီးကြောင်းတလျောက်မှာ....

ဝမ်းသာစရာ နဲ့တွေ့တော့ ဝမ်းသာခဲ့..၊ ဝမ်းနည်းစရာနဲ့တွေ့တော့ ဝမ်းနည်းခဲ့..။

အချစ် နဲ့တွေ့တော့ ချစ်မိခဲ့...၊အမုန်း နဲ့တွေ့တော့ မုန်းမိခဲ့...။

အများမိုးခါးရေ သောက်တော့လည်း....တစ်ပေါက်၊နှစ်ပေါက် ဝင်သောက်မိခဲ့...။

သဗ္ဗေသင်္ခါရာ၊အနိစ္စာ...၊စိတ်တွေ ငြိမ်သက်သွားအောင်လည်း ခိုဝင်နားမိခဲ့...။

နောက်ကျောမှာလည်း ဓားတွေ အစင်းစင်း စိုက်ခဲ့...၊ရင်ဘတ်မှာလည်း အနမ်းတွေ တဖျတ်ဖျတ်ပွင့်ခဲ့..။

အဲဒီ ကိုယ်တိုင်ရေးပုံတူတစ်ချပ် အကြောင်း...မြက်ခင်းလေးကိုပြောလိုက်တော့...သူက...

“မင်း...တော်တော်လူပီသတာပဲ..ကဲ..အိပ်လိုက်တော့....အိပ်လိုက်တော့......” လို့ပြန်ပြောတယ်...။

ဒါနဲ့ ကျွန်တော်လည်း သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်လို့ နှလုံးသားကို ကွန်ရက်...၊
လမင်းကြောင့် လေလွင့်လာတဲ့ တိမ်တွေအပေါ် ဖြန့်ကျက်လိုက်တော့....၊
သူရို့ ရွာချလိုက်တဲ့ မျက်ရည်တွေနဲ့ နှလုံးသားတစ်ခုလုံး လောင်ကျွမ်းခဲ့ရ...။


ကျွန်တော်သူ့ကို ပြောခဲ့တယ်...ကိုယ်ဘာမှ မလိုချင်ခဲ့ပါဘူး...တကယ်လို့ လိုချင်တာရှိခဲ့ရင်တောင် ဒါဟာ
ယုံကြည်မှုနဲ့ နားလည်မှု တစ်ခုပါပဲ.....လို့...။

အဲဒီ မျှော်လင့်ခြင်းလေးအကြောင်း မြက်ခင်းလေးကို ပြောပြတော့ သူက...

“ မင်းကိုယ်တိုင်တောင်မှ မပေးနိုင်တာပဲကွာ....မယူချင်ပါနဲ့...ကဲ...အိပ်လိုက်တော့..အိပ်လိုက်တော့...”
လို့ပြန်ပြောတယ်...။

ဒါနဲ့ ကျွန်တော်လည်း သူ့ကျောပေါ် ပက်လက်လှန်...၊တပ်မက်ခြင်းကျည်ဆန်တွေနဲ့ ကြွေလုဆဲ ပင်လယ်ရေတွေ
ကို တပေါက်ချင်းခြွေချခဲ့တော့၊ကျွန်တော်ရရှိခဲ့တာက အမှန်တရားနဲ့ နာကျင်မှုတွေ...။


ကြည်နူးခြင်းလား၊ကြေကွဲခြင်းလား၊တမ်းတမှုလား၊တပ်မက်မှုလား၊
ဘာသာမကွဲပြားပဲ....ကိုယ့်နဖူးကို ကိုယ်ပြန်စမ်းမိတော့ ငါးရာနှစ်ဆယ့်ရှစ်ထက် တစ် ပဲပိုတဲ့ အပူချိန်နဲ့ ....
ငါ...ဖျားနေပါရောလား...။

အဲဒီလို မက်ခဲ့မိတဲ့ အိပ်မက်တွေအကြောင်း မြက်ခင်းလေးကို ပြောပြတော့သူက...

“ဆောင်းတွင်း အိပ်မက် ကယောက်ကယက်ပါကွာ...ကဲ...အိပ်လိုက်တော့အိပ်လိုက်တော့..” လို့ပြန်ပြောတယ်...။

ဒါနဲ့ကျွန်တော်လည်း သူ့ပခုံးပေါ် ခေါင်းအုံးလို့ ကိုယ်တိုင်ချန်ထားခဲ့တဲ့ ခြေရာတွေလိုက်ကောက်တော့၊ ကျွန်တော်
ရှာဖွေတွေ့ရှိခဲ့တာက ဆီသည်မ ရဲ့အက်ကြောင်းထပ် ဓာတ်ပြားချပ်တွေ....။


မြားအစင်းစင်း ရင်မှာ ခတော့ သစ္စာစကားတစ်ခွန်းလို အခါခါ မည်တမ်းမိတာက မေမေ...မေမေ...မေမေ...၊

မြားဆိပ်တက်နေသူရဲ့ ကယောင်ကတမ်း စစ်ချီတေးတစ်ပုဒ် အကြောင်း မြက်ခင်းလေးကို ပြောပြတော့ သူက...

“မင်းတမ်းတခဲ့တာမေမေလား၊မေတ္တာတရားလား၊မင်းဘေးမှာရပ်တည်ပေးမယ့် လူတစ်ယောက်လား....ကဲ
အိပ်လိုက်တော့...အိပ်လိုက်တော့...” လို့ပြန်ပြောတယ်...။

“ ဟင့်အင်း..ဒီတစ်ခါ မအိပ်တော့ဘူး သူငယ်ချင်းရယ်...ကိုယ်ထွက်သွားတော့မယ်....”

ကျွန်တော် မြက်ခင်းလေးကို နှုတ်ဆက်လို့ အရှေ့ဘက်က တိုက်ခတ်လာတဲ့ အနောက်လေနဲ့ အတူ ဖြစ်တည်ခြင်း
ခရီးလမ်း ကိုလှမ်းခဲ့မိပါတယ်...။

ဒီလိုနဲ့ ကျွန်တော်...ရုပ်ခန္ဓာက အခါခါ အိုမင်း...၊စိတ်အလျဉ်ကတော့ အကြိမ်ကြိမ်ပျိုပျစ်...၊
နှစ်များကြာတော့ မြက်ခင်းလေးဆီ ပြန်လည်ရောက်ရှိလာပါတယ်....။

“အိုး...မင်းပြန်လာပြီလား...”

“အင်း...ပြန်လာခဲ့ပြီ....၊ကိုယ်..ဟိုမှာ ချစ်ခဲ့မိတယ်လေ...၊ပြီးတော့ အသဲလည်း ကွဲခဲ့ပြီပေါ့...”

“မင်း ဘယ်သူ့ကို ချစ်ခဲ့မိလို့လဲ ”

“မိန်းကလေး တစ်ယောက်လို့ ဆိုတာပဲ...၊ခက်တာက သူက လူအရမ်းပီသတယ်လေ....”

“အေးလေ...လူဖြစ်ပြီး မင်းက လူပီသတာကိုး...၊ခုလည်း လူပီသသူကိုမှ ချစ်ခဲ့မိပြန်ပြီ...ကဲ...အိပ်လိုက်တော့၊
အိပ်လိုက်တော့....”

ဒါနဲ့ ကျွန်တော်လည်း သူ့ရင်ခွင်ထဲ ကျွန်တော့်ရင်ခွင်ကို အပ်...သက်တောင့်သက်သာ မှေးစက်ခဲ့တယ်...၊
မြက်ခင်းလေးကလည်း သူ့ရဲ့ ကြမ်းတမ်းနူးညံ့တဲ့ လက်တွေနဲ့ပွေ့ဖက်၊ဝင်သက်ထွက်သက်တွေကို ငြိမ်သက်
စေခဲ့ပါရဲ့....။

( ဤတွင်ပြီး၏ )

7 comments:

မေပယ်လ် said...

အေးလေ...လူဖြစ်ပြီး မင်းက လူပီသတာကိုး...၊ခုလည်း လူပီသသူကိုမှ ချစ်ခဲ့မိပြန်ပြီ...ကဲ...အိပ်လိုက်တော့၊
အိပ်လိုက်တော့....../
အဲဒါ ကျုပ်ကို ရည်ညွန်ဖွဲ့သီထားလေသလားဗျ....ဟင်..။
ရင်ဘတ်ချင်းထပ်တူကျနေမှတော့ အားလုံးဟာ ဒိုးယိုပေါက်ပွင့်လို့..။

naungyo said...

လူပီသ တယ်ဆိုလို့ ငယ်ငယ်ကဘကြီးဘုန်းကြီးပြောတာသွားသတိရတယ်
လူပီသတယ် ဆိုတာ တချို့ကလူကြီးဖြစ်လို့ လူပီသတယ် တချို့ လူပီသလို့လူကြီးဖြစ်တယ်ဆိုတာလေးကိုပါ
သောသေယျံ

ngwelamin said...

ကိုမောင်လေးရေ
ကဗျာဖတ်ပြီး စိတ်ထဲတမျိုးဘဲ
ဘာမှတွေးမနေပါနဲ့ ကဲ အိပ်လိုက်တော့ အိပ်လိုက်တော့

အင်ကြင်းသန့် said...

ဖတ်ပြီးငိုင်သွားတယ်....။

Anonymous said...

ဟူးးးးးးးးးးးးးးးး
ငိုက်နေတဲ့အချိန်လာဖတ်တာ စာတစ်ပုဒ်လုံးအိပ်လိုက်တော့ အိပ်လိုက်တော့ဆိုတော့

ကိုမောင်လေးရေ ဘာပြောရမှန်းတော့မသိတော့ပါဖူး
စိတ်အေးချမ်းပျော်ရွှင်အောင်ပဲတောင်းဆုပြုမိပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ကိုကိုမောင်(ပန်းရနံ့) said...

အိပ်တော့ အိပ်တော့ဆိုတော့ အခုဘဲ အိပ်ရာ ပြင်ရတော့မလိုလိုး))

ခံစားမှုနဲ့ဖွဲ့တည်ထားလို့ စာလေးတွေက လပ်ဆတ်နေတယ်။ ရင်မောစရာကြီးနော။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြစ်ကျိုးအင်း said...

နာကျင်နေချိန်မှာ နှစ်သိမ့်ပေးတဲ့ နေရာကို ပြန်ရောက်လာသေးတာပဲ ကံကောင်းလှပါပြီ..။