Tuesday, December 11, 2012

တောင်ပံမဲ့ သင်းကွဲ တေးဆိုငှက်လေးများ အကြောင်း


ဘင်တန်ကျွန်းမှာ ဖတ်ဖြစ်ခဲ့တဲ့ ဝတ္ထုလေးတစ်ပုဒ်ကို ပြန်ရေးပြချင်ပါတယ်..။(ဦး)တင်မောင်မြင့် ဘာသာပြန်
ထားတဲ့ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် ဆိုတဲ့ ဝတ္ထုလေးပါ။မူရင်းစာရေးဆရာက Harper Lee ဖြစ်ပြီး၊
To Kill A Mockingbird ပါ....။၁၉၆၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပြီး ၁၉၆၁ခုနှစ်မှာ ပူလစ်ဇာဆု ရခဲ့ပါ
တယ်....။၁၉၈၂ခုနှစ်အထိ အုပ်ရေ၁၅သန်းရိုက်နှိပ်ခဲ့ရတယ်လို့ဆိုတယ်ခင်ဗျ....။၁၉၆၂ မှာ မင်းသားကြီး
 ဂရေဂရီပတ် နဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ပြီး ဂရေဂရီပတ်ရယ်၊ဇာတ်ညွှန်းဆရာရယ် အော်စကာဆု ရခဲ့ပါတယ်....။

ဒီဇာတ်လမ်းကို စာရေးသူမွေးဖွားကြီးပြင်းခဲ့ရာ အမေရိကန်တောင်ပိုင်း၊Alabama ပြည်နယ်မှ Monroeville
မြို့လေးကို အခြေခံလို့ သူ့မိသားစုနဲ့ အိမ်နီးနာချင်းတွေရဲ့အမူအကျင့် ဓလေ့စရိုက်လေးတွေကို ဖော်ညွှန်း
ရေးသားထားတယ်လို့ ဆိုတယ်ခင်ဗျ....။စာရေးသူ ၁၀နှစ်သမီးအရွယ် ၁၉၃၆ ခုနှစ် အချိန်ကာလများ မှာ
ဖြစ်ပါတယ်...။

ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့လှတယ်ခင်ဗျ၊အဓိကဇာတ်ဆောင် ၆နှစ်သမီးလေးစကောက်ရယ်၊သူ့အကို
၁၀နှစ်သားလေး ဂျင်မ်ရယ်၊သူတို့ သူငယ်ချင်း ၇နှစ်သားလေး ဒီလ်ရယ် နဲ့ စကောက်တို့ အဖေ မုဆိုးဖို၊
တရားရုံးရှေ့နေကြီး အာတီကတ်ဖင့်ခ်ျ တို့ကိုဗဟိုပြုလို့ အခြားသော မေကွမ်းမြို့သူ၊မြို့သား၊ သူတို့ရဲ့
အိမ်နီးနားချင်းများနဲ့ ဝန်းရံပြီး ဇာတ်လမ်းကို တည်ဆောက်ထားပါတယ်...။၆နှစ်သမီးလေး စကောက်က
ဇာတ်လမ်းကိုပြန်ပြောပြတဲ့ ပုံစံ ရေးဖွဲ့ထားပါတယ်...၊ဇာတ်လမ်းထဲမှာ စာရေးသူက တတိယနာမ်စားအဖြစ်
လုံးဝဝင်မပြောပဲ၊သူပြောချင်တာလေးတွေကို စကောက်၊ဒါမှမဟုတ် အခြားဇာတ်ဆောင်တစ်ယောက်
ယောက်အနေနဲ့ပဲ ပြောသွားပါတယ်..။အဲဒီဇာတ်ဆောင်တွေကလည်း အဲဒီအချိန်၊အဲဒီနေရာက ခေတ်
ကာလအခြေအနေတစ်ရပ်မှာ သူ့အလိုအတိုင်း စီးမျောနေကြတာရယ်ပါ....။

ပြောရရင်တော့ ဒီဇာတ်လမ်းလေးဟာ ခေတ်နဲ့လူတွေရဲ့ အညမည သဘောတရားတရပ်ကို လှစ်ဟပြ
လိုက်ခြင်းလို့ပဲ ကျွန်တော်တော့ ယူဆမိရဲ့....။ခေတ် အကြောင်းပြောလိုက်ရင် လူတွေအကြောင်းပဲမဟုတ်
ဘူးလားဗျာ....။ခေတ်နဲ့ လူ ဆိုတာ ကမ်း နဲ့ မြစ်ရေစီးကြောင်းလိုပါပဲ....။ကမ်း ဟာ ရေစီးတစ်ခုကို ဖန်တီး
မွေးထုတ်ပေးလိုက်တယ်...၊အဲ့ရေစီးကြောင်းကပဲ ကမ်းတွေကို တိုက်စား၊သောင်ဖို့  သွားတယ်မဟုတ်ပါ
လားဗျာ....။တစ်ခါတစ်ရံကြတော့လည်း ရေစီးကြောင်းက တိုက်စားဖို့ရာ မတတ်သာတဲ့ ကျောက်ဆောင်
ကြီးတွေနဲ့တွေ့တဲ့အခါ ကွေ့ကောက် ကျော်ဖြတ်သွားရသလိုပဲ...၊ဒီဇာတ်လမ်းလေးထဲမှာလဲ ခေတ်ရေစီး
ကြောင်းကို ကြံကြံခံအန်တုခဲ့တဲ့ သူတစ်ယောက်ရှိပါတယ်....၊ရှေ့နေကြီး အာတီကတ်ဖင့်ခ်ျပါ....။

နောက်တစ်ခုက အား ပါလှတဲ့ စကားလုံးများကို ဒီဝတ္ထုလေးမှာမြင်တွေ့ရပါတယ်....၊မူရင်းဝတ္ထုထဲကစကား
လုံးတွေဆို ပိုမိုပြောင်မြောက်ပြီး ဆိုလိုတဲ့ အဓိပ္ပာယ်ကို ပိုမိုပေါ်လွင်စေနိုင်လိမ့်မယ်ထင်ရပါတယ်။ဒါပေမယ့်
(ဦး)တင်မောင်မြင့် ဘာသာပြန်ထားတာကလည်း သိပ်ကိုကောင်းလွန်းတော့ စကားလုံးတွေရဲ့ အရသာကို
ခံစားမိပါရဲ့.....။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မအကိုဂျင်မ် ဟာ အသက် ၁၃နှစ်မပြည့်ခင်မှာ လက်ကျိုးခဲ့ပါတယ်။-----------------------------------
ကျွန်မကတော့ တရားခံဟာ လူယုတ်မာအားဝဲလ် လို့ယုံကြည်နေတုန်းပါပဲ။ဒါပေမယ့် ကျွန်မထက် လေးနှစ်
ကြီးတဲ့ ဂျင်မ်ကတော့ မဟုတ်ဘူးတဲ့....။တရားခံအစစ်က အဲဒီမတိုင်ခင်ဖြစ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေ
တဲ့။ဒီလ် ရောက်လာတဲ့ နွေမှာ စတာတဲ့။ဒီလ် ဆိုတာ ဘိုရက်ဒ်လေ ကိုအပြင်ထွက်လာအောင် စပြီးလုပ်ဖို့
စိတ်ကူးရတဲ့ ကျွန်မတို့သူငယ်ချင်းပါ။သူ့အဒေါ်ရှိတဲ့ကျွန်မတို့မြို့ကလေးကို နွေရာသီတိုင်းအလည်ရောက်
လာတတ်တဲ့ ဒီလ် လေ။

ဒါကတော့ ဇာတ်လမ်းရဲ့အဖွင့်လေးပါ...။ဂျင်မ် လက်ကျိုးတဲ့အကြောင်းကို စကောက်က ဇာတ်ကြောင်းပြော
တာနဲ့ဖွင့်ပြီး ဂျင်မ် လက်ကျိုးရခြင်းနဲ့ပဲ ဆုံးပါတယ်၊အချိန်ကာလအားဖြင့်တော့ သိပ်မကြာလှပါဘူး၊၃နှစ်ထဲ
ကြာပါတယ်....:)။ဟုတ်တော့လည်းဟုတ်ပါတယ်...၊ဒီဇာတ်လမ်း ကို လိပ်ပတ်လည်အောင် ပြောရမယ်ဆို
ရင် ဂျင်မ်လက်မကျိုးခင် ၃နှစ်အကြာ၊ စကောက်နဲ့ဂျင်မ်တို့မောင်နှမ ဒီလ်နဲ့ စတင်ခင်မင်သွားပုံကနေပြော
မှဖြစ်မှာပါ....။ဒီလ် ဆိုတဲ့ ကလေးလေးဟာ ဒီဇာတ်လမ်းမှာ ထွေထွေထူးထူးအရေးမပါ ပါဘူး...။ဒါပေမယ့်
သူ့ကြောင့်ပဲ စကောက်တို့မောင်နှမ နှစ်ယောက် ဘိုရက်ဒ်လေ ကို စိတ်ဝင်စားဖို့ ဖြစ်လာလို့ပါ....။

စကောက်တို့ အိမ်နဲ့ သူတို့ရဲ့မူလတန်းကျောင်းလေးကြားမှာ ရက်ဒ်လေမိသားစုအိမ်ကြီးတည်ရှိပါတယ်။
အဖိုးကြီးရက်ဒ်လေဟာ တစ်ယူသန်ကြီးပါ။သူ့သားကို ကန်နီဂန်ချာတိတ်တစ်သိုက်နဲ့အပေါင်းအသင်းလုပ်
လို့ အိမ်ထဲမှာပိတ်လှောင်ထားတာ၁၅နှစ်တိုင်တိုင်ပါပဲတဲ့။ကန်နီဂန်ဆိုတာမေကွမ်းမြောက်ပိုင်းသား၊လူဆင်း
ရဲတွေထဲက မိသားစုတစ်စုပါ။တောနေလူတန်းစားဆင်းရဲသားတွေကို မြို့ပေါ်ကလူတွေက အပေါင်းအသင်း
မလုပ်ကြတဲ့အပြင် သတိထားဆက်ဆံစရာအဖြစ်သဘောထားကြပါတယ်။အပယ်ခံတွေပေါ့ဗျာ...။ဘိုရက်ဒ်
လေ လူပျိုပေါက်ဘဝက အဲဒီကန်နီဂန်ချာတိတ်တစ်သိုက်နဲ့အပေါင်းအသင်းဖြစ်ပြီး တစ်ညမှာတော့ မြို့
အုပ်ချုပ်ရေးပိုင်းက လူကြီးတစ်ယောက်ကို စနောက်မိပါတယ်။အဲဒီအမှုနဲ့ တရားရုံးက လူငယ်လေးအားလုံး
ကို လူငယ်ပြုပြင်ရေးစက်မှုလက်မှုကျောင်းကို ပို့ပါတယ်။တစ်ယူသန်ကြီးရက်ဒ်လေဟာ သူ့သား ဘိုရက်ဒ်
လေ ကိုစက်မှုလက်မှုကျောင်းကို အပို့မခံပဲ ခံဝန်ဂတိနဲ့ အိမ်ပြန်ခေါ်ထားပါတယ်။အဲဒီအချိန်ကစလို့ ဘို
ရက်ဒ်လေကို ဘယ်သူမှမမြင်၊မတွေ့ရတော့ပါဘူး။အဖိုးကြီးရက်ဒ်လေ ဆုံးပါးသွားပြီးနောက်ပိုင်းမှာလည်း
သူ့သားအကြီး၊ဘိုရက်ဒ်လေရဲ့အကိုက ဘိုရက်ဒ်လေကို ဆက်လက် ချုပ်ချယ်ထားခဲ့ပါတယ်...။

ဒီတော့ ဘိုရက်ဒ်လေဟာမေကွမ်းမြို့လေးမှာအင်မတန်မှ ဒဏ္ဍာရီဆန်တဲ့လူတစ်ယောက်အဖြစ်ကျော်ကြား
နေပါတော့တယ်။ဘိုရက်ဒ်လေကို မကောင်းဆိုးဝါးတစ်ကောင်၊သူရူးတစ်ယောက်အဖြစ် သတ်မှတ်ထားကြ
တာပါ။စကောက်တို့ကလေးတွေဆို ရက်ဒ်လေအိမ်ကြီးရှေ့ရောက်ရင် ကြောက်စိတ်နဲ့ အပြေးကျော်ဖြတ်
ကြတာပါတဲ့...။အဲဒီလို မကောင်းဆိုးဝါးတစ်ယောက်ကိုမှ စိတ်ဝင်စားနေတဲ့သူကတော့ စကောက်တို့ရဲ့
သူငယ်ချင်းလေး ဒီလ် ပါ။

ဒီလ် ဟာ အိမ်ထောင်ကျိုးမိသားစုက ပေါက်ဖွားလာတဲ့ကလေးတစ်ယောက်ပါပဲ၊ရုပ်ရှင်တွေကိုစိတ်ဝင်စား
တဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့ ဒီလ် လေးဟာ လျှို့ဝှက်ဆန်းကျယ်လှတဲ့ ဘိုရက်ဒ်လေ ကိုစိတ်ဝင်စားတာ
အဆန်းတော့မဟုတ်ပါဘူး။နွေရာသီကာလများမှာ မေကွမ်းမြို့ကို ဒီလ်ရောက်လာတိုင်း စကောက်တို့
မောင်နှမနဲ့အတူ ဘိုရက်ဒ်လေ ကို အိမ်ပြင်ထွက်လာအောင် အမျိုးမျိုးကြိုးစားပါတော့တယ်။ရက်ဒ်လေ
ခြံဝန်းကြီးထဲကို ကျူးကျော်ဝင်ရောက်ပြီး ဘိုရက်ဒ်လေကို စာတစ်စောင်ပေးဖို့ကြိုးစားတာမျိုး၊ဘိုရက်ဒ်လေ
ဘာလုပ်နေသလဲဆိုတာကို ချောင်းကြည့်ဖို့ကြံစည်တာမျိုးတွေပါ။သူတို့ မအောင်မြင်ခဲ့ပါဘူး...။

ဒါပေမယ့် ဘိုရက်ဒ်လေကတော့ သူတို့ဘာလုပ်နေတယ်ဆိုတာ သိနေပါတယ်။သူ့ကို ထိတွေ့ဖို့ကြိုးစား
နေတဲ့ ကလေးတွေကိုလည်း ကျိတ်ပြီး ခင်မင်နေပုံရပါတယ်။အထူးသဖြင့် မဟုတ်မခံစွာတေးလန်လေး
စကောက်နဲ့ လူကြီးလေးတစ်ယောက်လိုတွေးတွေးစစ ရှိတဲ့ ဂျင်မ် တို့မောင်နှမကိုပါ။ဒါကြောင့်ပဲ သူဟာ
စကောက်တို့မောင်နှမ နှစ်ယောက်အတွက် ပီကေလေးတွေ၊အရုပ်ကလေးတွေ၊ချည်လုံးလေးတွေကို
ရက်ဒ်လေအိမ်ကြီးရှေ့က ဝက်သစ်ချပင်ရဲ့သစ်ခေါင်းထဲမှာ ထည့်ထားပေးတတ်လေ့ရှိပါတယ်။ရက်ဒ်လေ
အိမ်ကြီးရှေ့က ဖြတ်ပြီးကျောင်းသွားတဲ့ ကလေးဆိုလို့ စကောက်တို့မောင်နှမနှစ်ယောက်ပဲရှိတာပါ။

~~~~~~~~~~~~~~~~~~

စကောက်လေး ဟာ အဲဒီနှစ်ကမှ ကျောင်းစတက်ရတာပါ။သူကျောင်းတက်ရတာအဆင်မပြေပါဘူး။အဲဒီနှစ်
က စကောက်တို့ကျောင်းကို ဆရာမအသစ်ကလေးတစ်ယောက်ပြောင်းလာပါတယ်။နောက် ဒီနှစ်မှာပဲ
ဂျူးဝေးစနစ်ဆိုတဲ့ စနစ်သစ်နဲ့စသင်ပါတယ်။အဲဒီစနစ်သစ်အရ ဆရာမဟာ ခုနှစ်မှကျောင်းစတက်တဲ့
ကလေးတွေကို စာရေးစာဖတ်မသင်ပေးပဲ ပုံပြင်ပြောပြတာမျိုး၊အရုပ်ကားချပ်လေးတွေထောင်ပြတာမျိုး
လေးတွေနဲ့ပဲ အစပြုသင်ပေးတာပါ။စကောက်လေးကတော့ ကောင်းစွာစာရေးတတ်၊ဖတ်တတ်နေပါပြီ။
မိခင်မဲ့ရှာတဲ့ စကောက်လေးဟာ ညဘက်တွေမှာ သူ့ဖခင်ဖြစ်သူ သတင်းစာ၊မဂ္ဂဇင်းတွေဖတ်တိုင်း ဖခင်
ရဲ့ပေါင်ပေါ်ထိုင်ပြီး နာထောင်နေရာကနေ စာဖတ်တတ်လာတာဖြစ်ပါတယ်။စာလုံးတွေကို လက်နဲ့ထောက်
ပြီး အသံထွက်ဖတ်တတ်တဲ့ ဖခင်ဖြစ်သူရဲ့ အသံကိုနားထောင်ရင်း၊စာလုံးတွေကို ထောက်ထားတဲ့ ဖခင်ရဲ့
လက်ချောင်းတွေကို လိုက်ကြည့်ရင်းကနေ စာဖတ်တတ်သွားတာပါ။ဒါ့အပြင် စကောက်တို့ရဲ့ အိမ်ထောင်
ထိန်း လူမည်းအမျိုးသမီးကြီး ကာလ်ပါးနီယား ဟာ ကလေးတွေကို သမ္မာကျမ်းစာထဲက စာတွေကို ကူးရေး
ခိုင်းလေ့ရှိရာကနေ စကောက်တို့မောင်နှမဟာ စာရေးတတ်သွားခဲ့တာပါ။

ဒါကို မသိတဲ့ ဆရာမလေးက စကောက်တို့ကို သူ့အဖေက စာသင်ပေးတယ်ထင်နေပါတယ်။ဖခင်ဖြစ်သူ
ကို စာသင်မပေးဖို့ ပြောရမယ်လို့ စကောက်ကို ပြောလာပါတယ်။ဒါကို စကောက်က လုံးဝလက်မခံပါဘူး။
တကယ်ဆိုတော့လည်း သတင်းစာထဲက ဓာတ်ပုံတွေကို လိုက်ကြည့်တာ၊အဖြစ်အပျက်တွေကို ပုံပြင်သ
ဖွယ်နားထောင်ခဲ့ရတာဟာ စနစ်သစ်ပညာရေးနဲ့ ဘာမှမကွာဘူးဆိုတာ ဆရာမလေးရော၊စကောက်ရော
မသိခဲ့ပါဘူး။ဒီတော့ အတန်းထဲမှာ စာကောင်းစွာတတ်နေပြီဖြစ်တဲ့ စကောက်လေးကို ဆရာမက သိပ်မ
ကြည်ပါဘူး။ဒီကြားထဲမှာ ဝေါ်တာကန်နီဂန်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်နဲ့ပတ်သက်ပြီး ဆရာမ
နဲ့ စကောက်လေးတို့ ပြဿနာဖြစ်ပါတော့တယ်....။

ဝေါ်တာကန်နီဂန်လေးဟာ ဆင်းရဲသားကန်နီဂန်လေး ဖြစ်တာနဲ့အညီ နေ့လည်စာထမင်းချိုင့်မထည့်နိုင်
သလို၊မုန့်ဖိုးလည်းမရှိရှာပါဘူး။ဒါကိုမသိတဲ့ ဆရာမက တစ်ရက်မှာ ဝေါ်တာလေးထမင်းချိုင့်မေ့လာတယ်
ထင်ပြီး မုန့်ဝယ်စားဖို့ ပိုက်ဆံတစ်မတ်ထုတ်ပေးပါတယ်။ဝေါ်တာလေးကမယူပါဘူး၊ဆရာမကလည်းအ
တင်းပေးသပေါ့လေ...။အဲဒီမှာ စကောက်က ဝင်ရှင်းပြပါတယ်။ကန်နီဂန်အမျိုးတွေဟာ အင်မတန်ဆင်းရဲ
ကြတဲ့အကြောင်း၊ဆင်းရဲပေမယ့်လည်း သူတို့ပြန်မပေးနိုင်တဲ့ ပိုက်ဆံကို ဘယ်တုန်းကမှ မယူကြတဲ့အ
ကြောင်း၊ပြန်ပေးစရာရှိရင်လည်း ထင်း၊အသီးအနှံ အစရှိတဲ့ လယ်ယာထွက်ကုန်တွေနဲ့ပဲ ပေးနိုင်ကြတဲ့
အကြောင်းတွေပါ။

ကန်နီဂန်တို့အကြောင်းကို စကောက်လေးက ကောင်းစွာသိပါတယ်။ဘာလို့လည်းဆိုတော့ ဝေါ်တာကန်
နီဂန်ရဲ့ အဖေ မစ္စတာဝေါ်တာ မြေယာပေါင်ထားတဲ့အမှုဖြစ်တုန်းက မစ္စတာဝေါ်တာ ဘက်ကနေ စကောက်
ရဲ့အဖေ မစ္စဖင့်ခ်ျ က ရှေ့နေလိုက်ပေးထားခဲ့လို့ပါ။ရှေ့နေခတစ်ပြားမှ မယူပေမယ့် မစ္စတာဝေါ်တာ ဟာ
ထင်းစည်းလို၊မုန့်လာဥအိတ်တွေလို လယ်ယာထွက်ကုန်တွေကို စကောက်တို့အိမ်ရှေ့မှာ တိတ်တိတ်လေး
လာထားပြီး ရှေ့နေခပေးခဲ့တာပါ...။

ဒါပေမယ့် ဆရာမကတော့ စကောက်ကို သူ့ကိုဆရာလုပ်တယ်လို့အထင်လွဲသွားပြီးပြစ်ဒဏ်ပေးခဲ့ပါတယ်။
ဒီတော့ စကောက်လေးလည်း ကျောင်းမတက်ချင်တော့ဘူးပေါ့...။ဖြစ်ပျက်သမျှကို သူကအဖေကိုပြောပြပြီး
ကျောင်းမတက်ချင်တော့ဘူးပြောပါတယ်။စကောက်အဖေ အာတီကတ်ဖင့်ခ်ျ က စကောက်ကို နားလည်
ပြောဆိုဆုံးမရှာပါတယ်။

" သမီး ပထမဆုံးနားလည်ထားဖို့က လူတွေနဲ့အဆင်ပြေဖို့ သူတို့ရှုထောင့်ကနေ ဝင်ကြည့်တတ်ဖို့ပဲ၊
အဲ့လိုမကြည့်တတ်မချင်း သမီးဘယ်သူ့ကိုမှ နားလည်နိုင်မှာ မဟုတ်ဘူး၊သူတို့ဖိနပ်ကိုစီးပြီး သူတို့နေရာ
က ခံစားကြည့်တတ်ရမယ်...."

စာရေးသူဟာ လူတွေအပေါ် ထားရှိရမယ့် နားလည်မှုနဲ့ ကိုယ်ချင်းစာတရား အကြောင်းကို မစ္စတာဖင့်ခ်ျ
ကနေ ပြောပြလေ့ရှိပါတယ်....။နားလည်မှုနဲ့ကိုယ်ချင်းစာတရားအကြောင်းကို စဉ်းစားမိတိုင်း ကျွန်တော့်
အတွေးထဲမှာ ဝေဝါးမှုတွေဖြစ်လာတတ်စမြဲပါ။ကျွန်တော်တို့ လူတစ်ယောက်ကိုဘယ်လောက်နားလည်ပေး
နိုင်သလဲ...၊ဘယ်လောက်ကိုယ်ချင်းစာတရားထားနိုင်သလဲ.....၊သူ့နေရာကနေ ဘယ်လောက် ဝင်ပြီးခံစား
ပေးနိုင်သလဲ....၊ကိုယ့်အပေါ် ဆိုးယုတ်ကောက်ကျစ်နေတဲ့ လူတစ်ယောက်အပေါ်မှာရော....ဘယ်လောက်
သည်းခံခွင့်လွတ်နားလည်ပေးနိုင်သလဲ...၊

နောက်....ကျွန်တော်တို့ရဲ့ နားလည်မှုနဲ့ကိုယ်ချင်းစာတရားကရော....အစစ်အမှန်ဟုတ်ပါရဲ့လား.....။
သနားစရာကောင်းတဲ့ ကလေး လေးတစ်ယောက်ကိုမြင်ရင် သားသမီးချင်းကိုယ်ချင်းစာမိတယ်ဆိုတာ၊
ကားပေါ်၊ရထားပေါ်မှာ အဖိုးအိုအဖွားအိုတွေကို မိဘချင်းကိုယ်ချင်းစာပြီး နေရာဖယ်ပေးတယ်ဆိုတာ၊
တကယ်ကိုယ်ချင်းစာတာလား....၊သနားစရာကောင်းတဲ့ လူတွေမို့ သနားမိတာလား....။နောက် ကျွန်တော်
တို့ရဲ့ ကိုယ်ချင်းစာတရားဟာ ကိုယ့်အကျိုးစီးပွား၊ကိုယ့်အတ္တကိုဆိုးဆိုးရွားရွားထိခိုက်လာရင်ပျောက်ကွယ်
သွားလေ့ရှိတာကိုလည်း သတိထားမိပါရဲ့...၊နောက် အင်မတန်မှ ယုတ်မာဆိုးရွားလှတဲ့လူတစ်ယောက်ကို
ရော....ကျွန်တော်တို့ ဘယ်အတိုင်းအတာအထိ နားလည်ပေးနိုင်မှာပါတဲ့လဲ....၊ကျွန်တော့်ရင်ထဲက အမေး
ပုစ္ဆာတွေကို ဒီဝတ္ထုလေးက တစွန်းတစ အဖြေပေးခဲ့ပါတယ်.....။

~~~~~~~~~~~~~~~~~~~~~~

ဆောင်းဝင်လာပါပြီ....၊စကောက်လေးလည်း ဒုတိယတန်းကို တက်နေရပြီဖြစ်ပါတယ်....။အဲဒီဆောင်းတွင်း
မှာ အဘွားကြီးမစ္စရက်ဒ်လေ ကွယ်လွန်းသွားပါတယ်...၊စကောက်တို့ရဲ့အိမ်နီးချင်း သဘောကောင်းတဲ့
မစ္စမော်ဒီ့အိမ် မီးလောင်သွားပါတယ်....။အဲဒီဆောင်းကာလမှာပဲ စကောက်လေးရဲ့ ဘဝခရီးကြမ်းရှည်ကြီး
စတယ်တော့တယ်.....။သူ့အဖေ မစ္စဖင့်ခ်ျဟာ လူမည်းလေးတွမ်ရဲ့ဘက်ကနေ အမှုလိုက်ပေးရပါတယ်။
မုဒိမ်းမှုနဲ့ အဖမ်းခံထားရတာပါ...။လူဖြူတစ်ဦးဖြစ်တဲ့ အလုပ်လက်မဲ့၊ကလေကချေ မစ္စတာအာဝဲရဲ့သမီး
မေရီလာ ကို အဓမ္မပြုမှုနဲ့ပါ...။

တစ်မြို့လုံးမှာ ရှိတဲ့ လူဖြူအားလုံးလိုလိုက မစ္စတာအာဝဲဘက်က ပါ ပါတယ်...၊ဖြစ်ရပ်အမှန်ကို ဘယ်သူမှ
မဝေခွဲနိုင်ပါပဲလျက် တွမ်ရော်ဘင်ဆင် ဟာ သေဒဏ်ကျခံသင့်တယ် လို့ပဲမြင်ကြပါတယ်...၊တရာခံရှေ့နေ
ကြီး မစ္စတာဖင့်ခ်ျ ကိုလည်း တရားရုံးကတာဝန်ပေးသည့်တိုင် မငြင်းဆန်ပဲ တက်ကြွစွာလိုက်ပါဆောင်ရွက်
နေလို့ တစ်မြို့လုံးက ဝိုင်းဝန်းဝေဖန်ကြပါတယ်....။ဂျင်နဲ့စကောက်တို့လည်း ကျောင်းမှာ အခြားကျောင်း
သားတွေက စနောက်ပြောဆိုကြတာကို ခံကြရပါတယ်...။ဒီအမှုကို ဘာကြောင့်လိုက်ခဲ့သလဲလို့ စကောက်
လေးက သူ့အဖေကို မေးခွန်းထုတ်ခဲ့ပါတယ်...။

" သူ့ဘက်က ရှေ့နေလိုက် မပေးသင့်ဘူးလို့ လူတွေပြောနေလျက်နဲ့ ဖေဖေက ဘာလို့ ဒီအမှုကိုလက်ခံ
တာလဲ......"

"အကြောင်းတွေအများကြီးပေါ့ သမီးရယ်.....၊အဓိက ကတော့ ဒီအမှုကို ဖေဖေလက်မခံရင် ဒီမြို့မှာ ဖေဖေ
ခေါင်းဖော်ရဲမှာ မဟုတ်တော့လို့ပဲ၊ပြီးတော့ ဖေဖေဟာ ဒီနယ်ကိုကိုယ်စားပြုတဲ့ ဥပဒေဝန်ထမ်းလေ...၊ဒီအမှု
ကို ငြင်းလိုက်ရင် သမီးနဲ့ဂျင်မ်ကိုတောင် ဖေဖေ ပြောပိုင်ဆိုပိုင်ခွင့် ရှိတော့မှာ မဟုတ်တော့ဘူး.....။

မစ္စတာဖင့်ခ်ျရဲ့အဖြေစကားပါ...။တကယ်ဆိုရင် တစ်မြို့လုံးနီးပါးက အာဝဲဘက်က ရှိနေပါလျက်နဲ့ ဘာဖြစ်
လို့ မစ္စတာဖင့်ခ်ျဟာ တွမ်ရော်ဘင်ဆင်ဘက်က ကာကွယ်ခဲ့ရပါသလဲ...၊ဒီအမှုကိုသာငြင်းလိုက်ရင်တစ်မြို့
လုံးကသူ့ကိုချီးကျူးကြမှာဖြစ်ပါလျက် ဘာလို့ ဒီအမှုကို လက်မခံရင် ဒီမြို့မှာ ခေါင်းဖော်ရဲမှာ မဟုတ်တော့
ဘူးလို့ ပြောခဲ့တာပါလဲ....၊ရှင်းပါတယ်..... အမှန်တရားဟာ တွမ်ရဲ့ဘက်မှာရှိနေလို့ပါ...၊သူဒီအမှုကိုငြင်းခဲ့
ရင် လက်တလောမှာ သူရဲကောင်းတစ်ယောက်ဖြစ်နေနိုင်မှာဖြစ်ပေမယ့် အမှန်တရားပေါ်ထွက်လာရင် သူ
ဟာ  အင်မတန်မှ သူရဲဘောကြောင်တဲ့လူတစ်ယောက်အဖြစ် ရောက်သွားမှာသေချာပါတယ်....။

ခုလိုပြောသွားတဲ့ ဖင့်ခ်ျရဲ့ စကားလုံးတွေထဲမှာ ဥပဒေဝန်ထမ်းတစ်ယောက်ရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့ ရဲဝံ့မှု
ကို မြင်တွေ့ရမှာဖြစ်သလို၊ သားသမီးတွေအပေါ်မှာ ဖခင်ကောင်းတစ်ယောက်ထားရှိရမယ့် စံနမူနာပြယုဒ်
တစ်ခုကို မြင်တွေ့လိုက်ရပါရဲ့....၊အမှန်တရားဘက်မှာ မရပ်တည်ဝံ့ခဲ့တဲ့ ဖခင်တစ်ယောက်ဟာ သူ့သား
သမီးတွေကို ဘယ်လိုများသွန်သင်ဆုံးမနိုင်မှာတဲ့လဲဗျာ.....။(စကားမစပ် ဒီနေရာမှာ ကျွန်တော်တို့ရွှေပြည်
ကြီးက လူကြီးသားသမီးတွေ ဆိုးသွမ်းသောင်းကျန်းကြတာ ကိုသွားသတိရမိတယ်...၊အင်း...လူကြီးတွေ
ကိုယ်တိုင်က မှန်မှန်ကန်ကန်မရှိတော့ ကိုယ့်သားသမီးကိုတောင် မဆုံးမဝံ့၊မဆုံးမနိုင်တာ ထင်ရဲ့နော့.... )

~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီဇင်ဘာခရစ်စမတ်ကာလကို မစ္စတာဖင့်ခ်ျတို့ သားအဖတစ်တွေ ဖင့်ခ်ျယာတောအိမ်ကြီးမှာ အရင်နှစ်များ
လိုပဲ ဆွေမျိုးအားလုံးစုစည်းလို့ ကျင်းပကြပါတယ်...။ဆွေမျိုးတွေကြားထဲမှာလည်း ဒီအမှုကို မစ္စတာဖင့်ခ်ျ
လိုက်ခဲ့တဲ့အတွက် သိပ်မကြည်ကြပါဘူး။မစ္စတာဖင့်ခ်ျဟာ ဂျင်နဲ့စကောက်တို့ကို ခရစ်စမတ်လက်ဆောင်
အဖြစ် လေသေနတ်တစ်လက်စီပေးခဲ့ပါတယ်....။

"..........ကျီးကန်းတွေ၊ဆက်ရက်တွေကို ကြိုက်သလောက်ပစ်၊ဒါပေမယ့် တေးဆိုငှက်လေးတွေကိုတော့
မပစ်ရဘူးနော်....ငရဲကြီးတတ်တယ်....."

 မစ္စတာဖင့်ခ်ျက သူ့သားသမီးနှစ်ယောက်ကို သွန်သင်ခဲ့တာပါ။ဒီဇာတ်လမ်းတစ်ခုလုံးမှာ ဝတ္ထုခေါင်းစဉ်နဲ့
ပတ်သက်တာဆိုလို့ ဒီစကားလေးတစ်ခွန်းပဲ ပါပါတယ်...။To Kill A Mockingbird ဆိုတာကို (ဦး)တင်
မောင်မြင့်က တောင်ပံမဲ့သင်းကွဲတေးဆိုငှက် လို့ ဘာသာပြန်လိုက်တာကလည်း အရမ်းကို လှပါတယ်....။
ရုတ်တရက်ကြည့်ရင်တော့ ဇာတ်လမ်းနဲ့ နာမည်ဟာ ဘာမှမဆိုင်သလိုထင်ရပေမယ့် အဲ့ဒီနာမည်လေးဟာ
ဇာတ်လမ်းတစ်ခုလုံးကို ခြုံငုံမိသွားပါတယ်...။

တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် ဟာ ဘယ်သူ့ကိုရည်ညွှန်းတာပါလဲ၊အသက်၅၀အရွယ်မျက်ဆီတစ်ဘက်
ကွယ်လုနီးပါးဖြစ်နေတဲ့ လူသားအားလုံးကို ကိုယ်ချင်းစာတရားနဲ့နားလည်မှုပေးနိုင်တဲ့၊အမှန်တရားဘက်က
ရပ်တည်လို့ အားလုံးရဲပြစ်တင်ရှုံ့ချခြင်းကိုခံရတဲ့ မစ္စတာဖင့်ခ်ျလား...၊ရိုးသားအပြစ်ကင်းတဲ့ အနှိမ်ခံလူမည်း
တွမ်လား...၊ပကတိဖြူစင်တဲ့ကလေးငယ်လေးတွေလား...၊ဒါမှမဟုတ် ဘိုရက်လေ လား..၊သူတို့အားလုံးကို
ပဲ ဆိုလိုတာလားဆိုတာ ကတော့ ကျွန်တော်တို့စာဖတ်သူတွေပဲ ဘာသာတွေးဆယူရမှာပါ....။

~~~~~~~~~~~~~~~~~~~~

ဂျင်မ်လေး ၁၂နှစ်ပြည့်ပြီးနောက်တစ်ရက်မှာ သူတို့မောင်နှမနှစ်ယောက် ကစားစရာလေးတွေ ထွက်ဝယ်
ပါတယ်....၊အဲဒီမှာ သူတို့ရဲ့ အိမ်နီးနားချင်းတစ်ဦးဖြစ်တဲ့ နာတာရှည်ရောဂါသည်၊ဖော်ဖင်းစွဲနေရှာတဲ့ အဘွားကြီးမစ္စဒူဘို့စ်နဲ့ ပြဿနာတက်ပါတော့တယ်....၊ထုံးစံအတိုင်း အဖွားကြီးက ဂျင်မ်တို့မောင်နှမနှစ်
ယောက်ကို အမနာပပြစ်တင်ဆူပူပါတယ်...၊အရင်ကတည်းကလည်း အဲဒီအဖွားကြီးက ဂျင်မ်တို့မောင်နှမ
နှစ်ယောက်ကိုတွေ့တိုင်း ဗျစ်တောက်ဗျစ်တောက်ပြောနေကြပါပဲ...၊ဒီတစ်ခါတော့ သူ့အဖေကို လူမည်း
ဘက်ပါရကောင်းလားဆိုပြီး နှိမ်ချပြောဆိုလာတဲ့အတွက် ဂျင်မ်တစ်ယောက် အကြီးအကျယ်ပေါက်ကွဲပြီး
မစ္စ္စ္စဒူဘို့စ်ရဲ့ ဖယောင်းပန်းခြံလေးကို ရစရာမရှိအောင်ဖျက်ဆီးလိုက်မိပါတယ်...။

မစ္စတာဖင့်ခ်ျ သိသွားတော့ သူ့သားကို ချက်ချင်းသွားတောင်းပန်ခိုင်းပါတယ်...၊စကောက်လေးက ဒါကိုမ
ကျေနပ်ပါဘူး....၊မစ္စတာဖင့်ခ်ျက ခုလို သူ့သမီးငယ်လေးကို ရှင်းပြပါတယ်...။

" ခုအချိန်မှာ ဖေဖေပြောနိုင်တာကတော့ သားတို့သမီးတို့ ကြီးလာလို့ ဒီပြဿနာကို ပြန်ပြီးသုံးသပ်တဲ့အ
ခါ၊မေတ္တာတရားနဲ့ယှဉ်ပြီး သမီးတို့ ကြည့်လာနိုင်မယ်....။သမီးတို့ကို အောက်တန်းနောက်တန်းကျအောင်
လုပ်တာမဟုတ်ဘူး၊အများတံတွေးခွက်မှာ ပက်လက်မျောအောင်လုပ်တာမဟုတ်ဘူး ဆိုတာတွေးမိလာလိမ့်
မယ်။ဒီတွမ်ရောဘင်ဆင်အမှုဟာ လူ့အသိစိတ်ဓာတ်နဲ့ဆိုင်တယ်၊ဒီလူကိုဖေဖေမကူညီရရင် ဖေဖေဘုရား
ရှိခိုးကျောင်းလည်း သွားရဲမှာ မဟုတ်တော့ဘူး၊ဘုရားသခင်ထံမှာလည်း ရှိခိုးရဲမှာ မဟုတ်တော့ဘူး..... "

" ဖေဖေမှားသွားပြီ..... "

" ဘယ်လိုမှားတာတုန်း.... "

" အများစုက သူတို့မှန်တယ် ထင်နေကြတော့ ဖေဖေ မှား လို့ဖြစ်မှာပေါ့..... "

" သူတို့ဟာသူတို့  ကြိုက်သလိုထင်နိုင်တယ်၊သူတို့ထင်မြင်ချက်ကို သူတို့ ယုံကြည်ခွင့်ရှိတယ်၊ဒါပေမယ့်
ဖေဖေက သူတို့နဲ့ သဟဇာတဖြစ်ဖို့ထက် ဖေဖေ့အတ္တနဲ့ သဟဇာတဖြစ်ဖို့လိုတယ်လေ..... "

ဟုတ်ပါရဲ့နော်...တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ အများနဲ့သဟဇာတဖြစ်ဖို့အတွက် ရေငုံနှုတ်ပိတ်
နေရတာတွေ ရှိနေတတ်ပါတယ်...၊ဒီအတွက် ကျွန်တော်တို့ ဆုံးရှုံးသွားရတာက မိမိကိုယ်ကိုယုံကြည်လေး
စားမှုပါ...၊တစ်ကယ်ဆို ကိုယ့်စိတ်ခံစားချက်၊ကိုယ့်အတ္တနဲ့ ကိုယ့်အပြုအမူတွေဟာ သဟဇာတဖြစ်နေဖို့
အရေးကြီးတာမဟုတ်ပါလား...၊အများအမြင်မှာတော့ ခေါင်းမာတဲ့၊တစ်ယူသန်ဖြစ်ကောင်းဖြစ်နေနိုင်တာ
ပေါ့လေ......။

အဘွားကြီး မစ္စဒူဘို့စ်က ဂျင်မ့်ကို ဒဏ်ပေးတဲ့အနေနဲ့ တလတိတိ သူ့ကိုစာဖတ်ပြရမယ်လို့တောင်းဆို
ပါတယ်...၊ဂျင်မ်လည်း စိတ်ပျက်စွာနဲ့ နေ့တိုင်း စာဖတ်ပြခဲ့ရပါတယ်...။မစ္စတာဖင့်ခ်ျကတော့ အဘွားကြီး
မတောင်းဆိုသည့်တိုင် သူကိုယ်တိုင်လွှတ်ဖို့ဆန္ဒရှိနေတာပါ။ဘာလို့လည်းဆိုတော့ စိတ်ဓာတ်လည်းမာ၊
ခေါင်းလည်းမာတဲ့ မစ္စဒူဘို့စ်ကို သူ့သားသမီးတွေ နားလည်မှုပေးနိုင်စေချင်လို့ပါပဲ....၊ဂျင်မ်လေးစာဖတ်
ပြပြီး မကြာမတင်လေးမှာပဲ မစ္စဒူဘို့စ် ဆုံးသွားပါတယ်...၊အဘွားကြီးက ဂျင်မ့်အတွက် ဖယောင်းပန်းပွင့်
လေးတစ်ပွင့်ကို ကပ်ထူဘူးလေးထဲထည့်ပြီး အမှတ်တရပေးခဲ့ပါတယ်...၊ဂျင်မ်က အဘွားကြီး သူ့ကို
တစ်သက်လုံး စိတ်ဆင်းရဲအောင်လုပ်သွားတယ်လို့ထင်ပေမယ့် မစ္စတာဖင့်ခ်ျက ခုလိုရှင်းပြပါတယ်....။

" ဖေဖေ့အထင်တော့ အားလုံးကို သူနားလည်ပါတယ်...၊အားလုံးပြီးသွားပြီလို့ သူပြောသွားတာပဲ...၊.......
........၊အရာဝတ္ထုတွေကို ကြည့်မြင်တဲ့နေရာမှာ သူဟာ သူ့ရှုထောင့်က သူကြည့်တတ်တယ်...၊ကိုယ်ပိုင်
အယူအဆရှိတယ်....၊ဖေဖေ့ရှုထောင့်နဲ့တော့မတူဘူးပေါ့....."

 ~~~~~~~~~~~~~~~~

ဆောင်းကုန်လို့ နွေကူးပါပြီ...၊ဂျင်မ်လည်း ကြီးကောင်ဝင်လာပါပြီ...၊စကောက်လေးနဲ့တော့ သိပ်မတည့်
တော့ဘူးပေါ့...၊သူတို့မောင်နှမကို ထိန်းသိမ်းဖို့အတွက် အာတီကပ်ဖင့်ခ်ျက သူ့နှမဖြစ်သူကို အိမ် ကို
အလည်ခေါ်ထားပါတယ်...၊ပြောရရင် အာတီကပ်ဖင့်ခ်ျနဲ့ သူ့နှမအလက်ဇန်းရား တို့ဟာ အမြင်ခြင်းတူ
သူတွေမဟုတ်ပါဘူး...၊ဂျင်မ်တို့မောင်နှမ၊အထူးသဖြင့် စကောက်လေးနဲ့ လည်း အစေးကပ်လှတယ်မ
ဟုတ်ပါဘူး...။ဒါပေမယ့် ပြဿနာတွေရှုပ်ထွေးလာနိုင်တဲ့ အဲဒီနွေမှာ ကလေးတွေကို ထိန်းသိမ်းနိုင်ဖို့
မစ္စတာဖင့်ခ်ျက သူ့နှမကို ခေါ်ထားတာပါ...။

အဲဒီနှစ်နွေမှာ ဖခင်အသစ်ရထားပြီး သူ့ဖခင်အသစ်နဲ့အတူ လှေတစ်စင်း စပ်မှာမို့လို့ အလည်မလာနိုင်
တော့ပါဘူးလို့ စာရေးအကြောင်းကြားထားတဲ့ ဒီလ် တစ်ယောက် ညကြီးမိုးချုပ် ပုန်းလျှိုးကွယ်လျှိုးနဲ့
စကောက်လေးရဲ့ ကုတင်အောက်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်...။သူ အိမ်ကထွက်ပြေးလာ
တာပါ...၊ဖခင်အသစ်ရခဲ့ပေမယ့် ဒီလ်လေး လိုချင်တောင့်တနေရှာတဲ့ မိသားစုဘဝကိုတော့ မရခဲ့ရရှာပါဘူး။
သူလိုချင်တဲ့ ကစားစရာအသစ်တွေ၊ရုပ်ရှင်ကားတွေ ရခဲ့ပေမယ့် သူ့မိဘတွေက ပါးစပ်ကနေသာ ချစ်တယ်
ပြောခဲ့ကြပြီး ကလေး ကိုတော့ ဂရုမစိုက်ခဲ့ကြပါဘူး။အဲဒါနဲ့ သူ အိမ်ပြေးလေး လုပ်ခဲ့တာပါ...။မစ္စ္စ္စတာဖင့်ခ်ျ
က ဒီလ်ရဲ့ အဒေါ်ဖြစ်သူကို အကြောင်းကြားပြီး အဲဒီညမှာတော့ သူ့အိမ်မှာပဲ စောင့်ရှောက်ထားခဲ့ပါတယ်..။
ဒီလ်လေး ရဲ့ အဒေါ်ကလည်း သူတို့ရဲ့ အိမ်နီးနားချင်းပါပဲ...။

အဲဒီညမှာ ဒီလ်နဲ့ စကောက် တို့ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်...၊ကလေးတွေပီပီ ကလေးအ
တွေးနဲ့ ရောက်တတ်ရာရာလေးတွေပြောခဲ့ကြတာပါ...။ဒီလ်လေးက တစ်နေ့မှာ စကောက်ကို လက်ထပ်
မယ်လို့ ကတိပေးပါတယ်..၊ပြီး သူဖတ်ဖူးတဲ့ပုံပြင်ထဲကလို ကျွန်းတစ်ကျွန်းပေါ်က သစ်ပင်ကြီးမှာ ကလေး
တွေ သွားဆုတောင်းမယ်တဲ့...။မိသားစုဘဝကို တောင့်တရှာတဲ့ သနားစရာလေး ဒီလ်ပါ..။စကောက်က
တော့ ကလေးတွေဆိုတာ မီးခိုးခေါင်တိုင်ထဲက ကျလာတာလို့ ဆိုပါတယ်... :)။အဲဒီလို ရောက်တတ်ရာရာ
တွေပြောနေကြရင်းက ဒီလ် အိမ်ပြေးဘဝ အကြောင်းကိုရောက်သွားပါတယ်...၊စကောက်က ဒီလ် ကိုမေး
ခွန်းတစ်ခုမေးပါတယ်...။

" ဘိုရက်ဒ်လေ၊သူအိမ်ကနေ ဘာလို့ ထွက်မပြေးတာလဲ ဆိုတာ နင် တွေးကြည့်ဖူးလား ဒီလ်.... "

ဒီလ်က သက်ပြင်းရှည်ကြီးချပြီး တစ်ဘက်သို့လှည့်လိုက်ပါတယ်.....

" သူပြေးစရာမြေမရှိလို့နေမှာပေါ့ဟာ..... "

ဘိုရက်ဒ်လေ ဟာ လောကကြီးကို အတော်စိတ်ကုန်သွားပုံရပါတယ်...။ရှေးရိုးစွဲဝါဒီတွေ၊တစ်ယူသန်တွေ၊
တစ်ဘက်သားကို နားလည်မှုမရှိတဲ့လူတွေနဲ့ သူဆက်ဆံချင်ပုံမရတော့ပါဘူး..၊ဒါဆို သူဘယ်ကိုထွက်ပြေး
မလဲ...၊ကမ္ဘာမြေရဲ့ အခြားတစ်နေရာရာကိုရောက်သွားလည်း သူ ဒီလို လူတွေနဲ့ပဲ တွေ့နေရမှာပါပဲ........။
ဒါကြောင့် သူဘယ်မှမသွားပဲ၊ဘယ်သူနဲ့မှ မဆက်ဆံပဲ အိမ်ထဲမှာပဲ နေနေပုံရပါတယ်..၊သူ့ကိုချုပ်ချယ်ထား
တယ်ဆိုပေတဲ့.....သူထွက်ခွာသွားချင်ရင် ထွက်သွားလို့ရတာပါပဲလေ...။ဒါပေမယ့် သူ့မှာပြေးစရာမြေမရှိ
ခဲ့ပါ...။ကျွန်တော်တို့လည်း ရံဖန်ရံခါ ဆိုသလို " ယောယိမ်းလိုက် ဘသားယိမ်းလိုက်..." လုပ်နေရတတ်ရဲ့၊
မစ္စတာဖင့်ခ်ျပြောသလို ကိုယ့်အတ္တနဲ့ကိုယ် သဟဇာတဖြစ်အောင်နေလို့ မရနိုင်ပဲ " ပြေးစရာမြေမရှိ " ဖြစ်
နေတာမျိုးတွေ ကြုံတွေ့ရခဲ့ပါပြီ.....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီလိုနဲ့ တရားခံလူမည်းတွမ် ကို ထောင်ကြီးချုပ်ကို ပြောင်းရပါတော့မယ်....။မေကွမ်းမြို့ရဲ့ အကျဉ်းထောင်
ဟာ သေးငယ်ပြီး အစောင့်တွေဘာတွေလည်း ရှိပုံမရပါဘူး....။ထောင်ကြီးကို မပြောင်းရွေ့ခင် တစ်ညမှာ
တော့ ပြဿနာတတ်ပါတော့တယ်...၊မေကွမ်းမြောက်ပိုင်းသား လူဖြူတွေက လူမည်းတွမ်ကို လူထုနည်းနဲ့
အပြစ်ပေးတော့မယ့်ပြဿနာပါ။အမှန်ဆို ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ အစောကြီးထဲက မစ္စတာဖင့်ခ်ျတို့
သတင်းရပြီးသားပါ၊ဒါပေမယ့် အဲဒီညမှာ မေကွမ်းရဲမှုးဟက်စ် က တောဘက်ဆင်းနေပါတယ်။မစ္စတာဖင့်ခ်ျ
ဟာ စိတ်မချတာနဲ့ ကုလားထိုင်တစ်လုံး၊သတင်းစာတစ်စောင်နဲ့ ထောင်ဗူးဝရှေ့မှာ စောင့်ရှောက်နေလေ
ရဲ့။သေနပ်ပစ်လက်ဖြောင့်လှသူတစ်ဦးပေမယ့် မလွဲမရှောင်သာမှ သေနပ်ကိုင်မယ်လို့ ဆုံးဖြတ်ထားတဲ့
မစ္စတာဖင့်ခ်ျမှာ ဘာလက်နက်မှမပါ ပါဘူး...၊ဂျင်မ်၊စကောက် နဲ့ ဒီလ် တို့လည်း မစ္စတာဖင့်ခ်ျ နောက်ကနေ
ပုန်းလျှိုးကွယ်လျှိုးလိုက်သွားကြပါတယ်.....။

ကြိုတင်မျှော်မှန်းထားတဲ့အတိုင်းပါပဲ...၊တစ်ယူသန်၊ရှေးရိုးစွဲကြီး လွန်းတဲ့ မေကွမ်းမြောက်ပိုင်းသားလယ်သ
မားတွေဟာ တွမ် ကိုရန်ရှာဖို့ ရောက်လာပါတယ်...၊မစ္စတာဖင့်ခ်ျကို ဖယ်ပေးဖို့ပြောပေမယ့် သူက ဖယ်မ
ပေးပါဘူး...၊ရုတ်ရုတ်သဲသဲလူအုပ်ကြားကို ရုတ်တရက်ရောက်လာတာက လူမမည်ကလေး ၃ယောက်ပါပဲ။
စကောက်လေးဟာ လူအုပ်ကြားထဲမှာ မစ္စတာဝေါ်တာကန်နီဂမ်ကိုမြင်သွားပါတယ်...၊

" ဟလို မစ္စတာကန်နီဂန်....ရှင့်ရဲ့ နောက်ဆက်တွဲသက်သာခွင့်အမှု အခြေအနေဘယ်လိုတုန်း...၊အဲ့ဟာ
ကအတော်ဆိုးတာပဲနော်....။---------------------------- ရှင့်သား ဝေါ်တာလေးကိုလည်း ကျမကနှုတ်ဆက်
တဲ့အကြောင်းပြောပေးပါနော်...... "

သူ့ဖခင်ကို အကြမ်းဖက်တော့မယ်ဆိုတာသိနေတဲ့ စကောက်လေးရဲ့ ကရားရေလွှတ်သလိုပြောလိုက်တဲ့
စကားသံတွေကို လူကြီးအားလုံးက ပါးစပ်အဟောင်းသားနဲ့ နားထောင်နေကြရပါတယ်....။နောက်ဆုံးမှာ
တော့ မစ္စတာဝေါ်တာကန်နီဂမ်ဟာ ဝေါ်တာလေးကို စကောက်ကနှုတ်ဆက်တဲ့အကြောင်းပြောပြလိုက်ပါ့
မယ် လို့ ပြောပြီး သူ့လူတွေကို ခေါ်ပြီးတပ်ခေါက်ပြန်သွားပါတော့တယ်....။

" ဆူပူမှုတစ်ခုကို လူတွေဖန်တီးတာ.....၊မစ္စတာကန်နီဂန်ဟာ ဒီလိုဆူပူမှုထဲက အစိတ်အပိုင်းတစ်ခုပဲ.......၊
ရှစ်နှစ်သမီးလေးက သူတို့ အမြင်မှန်ရအောင်လုပ်နိုင်တယ်ဆိုတာ ဒီလိုစိတ်ရိုင်းဝင်နေတဲ့သူတွေကို တားစီး
လို့ရတယ်ဆိုတာ ပြတာပဲ..... "
" ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ဟာလူတွေမို့ပဲ၊သားတို့က ဖေဖေ့နေရာကို မစ္စတာကန်နီဂမ် တစ်မိနစ်
လောက်ဝင်ကြည့်တတ်အောင် လုပ်ပေးလိုက်တာပဲ..... "

မစ္စတာဖင့်ခ်ျက သူ့သားဂျင်မ်ကို ရှင်းပြထားတာလေးပါ....။

~~~~~~~~~~~~~~~~~~~~~~~~~~
တွမ်ရဲ့ အမှုကို စတင်ကြားနာပါပြီ....။လူမည်းတွမ်ကို လူဖြူအာဝဲ က သူ့သမီးမေရီလာကို အဓမ္မပြုမှုနဲ့ပါ။
ဖြစ်ရပ်အမှန်ကတော့ မေရီလာက သာ တွမ်ကို မြူဆွယ်ခဲ့တာရယ်ပါ...။တရားရုံးကို ဂျင်မ်တို့ ကလေးသုံး
ယောက်လည်း လာရောက်နားထောင်ပါတယ်...၊ဂျင်မ်နဲ့စကောက်တို့အတွက်တော့ တရားရုံးမှာ အမှုတွေ
စစ်ဆေးကြားနာတာဟာ အဆန်းမဟုတ်ပေမယ့် ဒီလ်အတွက်တော့  စိမ်းနေရှာပါတယ်...၊အထူးသဖြင့် 
တရားလိုဆွဲချရှေ့နေကြီးက တရားခံကို မေးတဲ့မေးခွန်းတွေကြားတဲ့အခါ သူအတော်လေးစိတ်ထိခိုက်သွား
ရှာလေရဲ့....၊စိတ်လှုပ်ရှားပြီး ငိုမလိုဖြစ်နေတဲ့ ဒီလ်ကို စကောက်က တရားရုံးထဲက အသာခေါ်ထုတ်လာခဲ့
ရပါတယ်....၊အပြင်ရောက်တော့ ဒီလ်တစ်ယောက် ငိုချလိုက်ပါလေရော.....။ဒီလ့်ကို မစ္စတာဒေါ်ဖတ်ရေမွန်
ဆိုတဲ့ အရက်သမားကြီးတစ်ယောက်က သူ့စက္ကူအိပ်ထဲက အရည်တွေကို လာတိုက်ပါတယ်...၊လူတိုင်းက
မစ္စတာရေမွန်ဟာ စက္ကူအိပ်ထဲမှာ ကိုကာကိုလာပုလင်းထဲ ဝီစကီတွေအပြည့်ထည့်သောက်ပြီး အမြဲမူးနေ
သူလို့ ထင်မှတ်ယုံကြည်နေကြတာပါ...။တကယ်တမ်းမှာတော့ သူ့စက္ကူအိပ်ထဲက ကိုကာကိုလာပုလင်းက
တကယ့် ကိုလာပုလင်းအစစ်ပါ...၊ဘာဝီစကီမှ မဟုတ်ပါဘူး...။

 " လူတွေကို  အကျိုးသင့်အကြောင်းသင့် မြင်အောင်ကြိုးစားကြည့်တယ်၊ယုတ္တိဗေဒကိုလက်ခံတဲ့လူ
လောက်ပဲ နားလည်တယ်.....၊ကျုပ်က မြို့ထဲကို လာခဲပါတယ်.....၊လာတဲ့အခါ ဟောဒီအိပ်ထဲကပစ္စည်းကို
သောက်ပြီး လမ်းသွားရင်း နဲနဲယိုင်မယ်မကြံလိုက်နဲ့.... ဒေါလ်ဖတ်ရေမွန်တစ်ယောက် ဝီစကီသောက်လာ
လိုက်တာ.....လူမှန်းသူမှန်းမသိဘူးဖြစ်ကရော...၊အဲ့ဒါကြောင့် ဒီအတိုင်းလုပ်နေတာ.... "

မစ္စတာဒေါလ်ဖတ်ရေမွန်က သူဘာကြောင့် လောကကြီးကို အရွဲ့တိုက်နေရသလဲဆိုတာ စကောက်တို့ကို
ရှင်းပြပါတယ်...။ဒီဝတ္ထုထဲမှာ လူသာမန်တွေနဲ့ ဖီလာကန့်လန့် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူသုံးယောက်
ရှိတယ်ဗျ၊ဒီလူသုံးယောက်ရဲ့ လူလောကကို တုံ့ပြန်ပုံကတော့ မတူညီပါဘူး..၊မစ္စတာဖင့်ခ်ျဟာ သူ့လမ်းကို
သူလျှောက်တယ်....၊သူ့အတ္တနဲ့သူ သဟဇာတဖြစ်အောင်နေတယ်...၊ဒါပေမယ့် အခြားလူတွေနဲ့ ဘယ်
တော့မှ ထိပ်တိုက်မဆန့်ကျင်ဘူး...၊တစ်ဘက်သားကို နားလည်မှုအပြည့်ထားပေးနိုင်တယ်.....၊ဘိုရက်ဒ်
လေ ကျတော့ လောကကြီးကနေ ထွက်ပြေး ရှောင်ပုန်းတဲ့ နည်းလမ်းကို သုံးတယ်....၊တစ်ခါ ဒေါဖတ်ရေမွန်
ကျတော့ တလောကလုံးကို အရွဲ့တိုက်ပါတယ်.....။စာရေးသူဟာ လူ့သဘာဝကို သူ့ဇာတ်ကောင်တွေနဲ့
သရုပ်ဖော်သွားတာမှာ အားလုံးဟာ အံဝင်ဂွင်ကျပါပဲ၊သူပြောချင်တာလေးတွေကိုလည်း သူ့ဇာတ်ကောင်
တွေကတစ်ဆင့်ပြောပြသွားတာကိုလည်း တွေ့ရပါတယ်....။

စကောက်လေးက ဒီလ် ဘာဖြစ်လို့ ခုလိုဖြစ်သွားရတာလည်းလို့ မေးတဲ့အခါ......

" သူ့ဗီဇစိတ်နဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေနဲ့ သိပ်ခွင်မကျသေးဘူး....၊လူတစ်ချို့က လူတစ်ချို့ကို
တော်၏မတော်၏ နည်းနည်းလေးမှ မစဉ်းစားပဲ နိုင့်ထက်စီးနင်းလုပ်နေတာ၊လူဖြူတွေက လူမည်းတွေကို
နှိပ်စက်ကလူပြုနေတာ၊သူတို့ကို လူတွေလို့တောင်မထင်တော့ပဲ ရိုင်းပြနေတာတွေကြောင့်ပေါ့.... " လို့
မစ္စတာဒေလ်ဖတ်ရေမွန်က ပြန်အဖြေပေးခဲ့ပါတယ်....။

~~~~~~~~~~~~~~~~~~~~~~~

တရားခွင်မှာ မစ္စတာဖင့်ခ်ျဟာ လူမည်းတွမ် အပြစ်မရှိကြောင်း ကောင်းစွာသက်သေပြနိုင်ခဲ့ပါတယ်....။
ဒါပေမယ့် ဂျူရီလူကြီးတွေကတော့ တွမ့်မှာ အပြစ်ရှိတယ်လို့ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချခဲ့တာပါပဲ။ပြစ်ဒဏ်က
တော့ သေဒဏ်ပါ...။ခုလိုအမှုရှုံးသွားတဲ့အတွက် မစ္စတာဖင့်ခ်ျကတော့ အေးအေးဆေးဆေးပါပဲ...။သူမျှော်
လင့်ထားပြီးသားထင်ရဲ့....၊အတော်လေးစိတ်ထိခိုက်သွားတဲ့သူကတော့ ဂျင်မ် ပါ...။သူဟာ ဂျူရီလူကြီးတွေ
ကို မကျေနပ်ပါဘူး..၊ဂျူရီလူကြီးအများစုကလည်း တောဘက်ပိုင်းက ဖြစ်ပါတယ်...၊

" သားဟာ ခုချိန်ထိ ကိုယ့်အတွေးနဲ့၊ကိုယ့်ယုတ္တိဗေဒနဲ့ နေခဲ့တယ်...။ဘယ်သူမှ၊ဘယ်အရာမှ သားကို
အနှောက်အယှက်မပေးသေးဘူး။သားတွေ့ခဲ့ရတဲ့ တွမ်ရော်ဘင်ဆင်အမှုမှာပါတဲ့ ဂျူရီလူကြီး ၁၂ယောက်
ဟာ သူတို့ရဲ့ ယုတ္တိဗေဒကို နှစ်ပေါင်းများစာ ပတ်ဝန်းကျင် ပွတ်တိုက်မှုကို ခံထားရတဲ့ လူကြီးတွေ.... "

" ဘယ်တော့မှ ပြောင်းလဲမလာတဲ့အခြေအနေတွေကို ဖော့မတွက်နဲ့....။တစ်နေ့မှာ တရားမျှတမှုရဲ့ ဒဏ်
ခတ်ခြင်းကို အဲဒီလူသားတွေ ခံကြရလိမ့်မယ်။သားတို့ သမီးတို့တော့ အဲဒီခေတ်ကို မှီချင်မှ မှီလိမ့်မယ်... "

မစ္စတာဖင့်ခ်ျက အဲဒီလို သူ့သားကို ဖျောင့်ဖျပြောဆိုခဲ့ပါတယ်....။အင်း....ကျွန်တော်တို့ရွေပြည်ကြီးမှာ
လည်း ဘယ်တော့များမှ တရားမျှတမှုရဲ့ ဒဏ်ခတ်ခြင်းတွေ ရောက်လာပါ့မလဲနော်...၊ကျွန်တော်တို့တော့
အဲ့ဒီခေတ်ကို မှီမယ်မထင်...... :)

~~~~~~~~~~~~~~~~~~~~
 တစ်နေ့ ကျောင်းမှာ စကောက်တို့ ဆရာမ မစ္စကိတ် က ဟစ်တလာဟာ ဂျူးတွေကို သတ်ဖြတ်နေတဲ့
အကြောင်း ကလေးတွေကို ပြောပြခဲ့ပါတယ်...၊မစ္စကိတ်ဟာ ဟစ်တလာရဲ့ ဆိုးရွားရက်စက်ပုံတွေကိုပြော
ပြခဲ့တာဖြစ်ပါတယ်...၊ဒါပေမယ့် အဲ့ဒါကပဲ စကောက်လေးအတွက် မေးခွန်းထုတ်စရာဖြစ်လာပါတယ်...။
ဘာဖြစ်လို့လဲဆိုတော့ တွမ်ရောဘင်ဆင်အမှုကို တရားရုံးက သေစားသေစေအမိန့်ချမှတ်လိုက်တဲ့အခါ
မယ် မစ္စကိတ်က အခုလို..... " ကောင်းတယ်......သူတို့ကို ဒီလိုပညာမပေးရင် အားလုံးဒုက္ခရောက်ကုန်
မယ်၊ဒီလောက်လုပ်ထားမှ တန်ကာကျတာ..... " လို့ မှတ်ချက်ပေးခဲ့တာကို စကောက်လေးကကြားခဲ့ရလို့
ပါ...။အဲဒီနေ့က စကောက်ဟာ သူ့အကို ဂျင်မ် ကို ခုလိုမေးခဲ့ပါတယ်....။

"သတ်တယ်ဆိုတာ ဘယ်သူက ဘယ်သူ့ကို သတ်သတ် မမှန်ပါဘူး...၊ဟုတ်တယ် မဟုတ်လား.....
ပြီး ရက်စက်တတ်သူတစ်ယောက်ဟာ ရက်စက်မှုကို ခံစားတတ်ပါ့မလားဟင်.... "

" ကိုယ့်တိုင်ပြည်က လူတစ်ယောက်အပေါ်မှာ ဒီလောက်ခါးခါးသီးသီးဖြစ်နေတဲ့ မိန်းမတစ်ယောက်ဟာ
ဟစ်တလာ့ကို မုန်းတယ်ဆိုတာဖြစ်နိုင်ပါ့မလား..... "

စကောက်လေးကနေတစ်ဆင့် စာရေးသူ ပြောသွားတဲ့ စကားလုံး၊အယူအဆတွေပါ...။တလောကတင်
ကျွန်တော်တို့ရွေပြည်ကြီးမှာ ဖြစ်ပျက်သွားတဲ့ အမှုအခင်းကြီးကို သတိရမိပါရဲ့...၊အဲဒီတုန်းက ကျွန်တော်
တို့ အားလုံးရဲ့ ရင်ထဲမှာ မေးခွန်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်....၊ဘာလို့အဲ့လောက်ရက်စက် ခဲ့တာလဲ....
ဆိုတာပါ....။ဟုတ်တာပေါ့.....ရက်စက်တတ်သူတွေမှာ ရက်စက်မှုကို မခံစားတတ်ကြပါဘူး...၊သူတို့မှာ
ကိုယ်ချင်းစာစိတ်မရှိကြပါဘူး....၊သူတို့ဟာ သူတို့အကျိုးစီးပွား၊သူတို့အတ္တကိုပဲ ကြည့်တတ်ကြသူတွေပါ။
သူတို့ရဲ့စိတ်ထဲမှာ မစ္စကိတ်လိုပဲ ဒီလောက်လုပ်ထားမှတန်ကာကျတာ လို့ တွေးနေကြမှာသေချာပါတယ်။
အင်း.....ဒီလိုလူတွေက တရားမျှတမှုကိုလိုလားပါတယ်...၊ဒီမိုကရေစီကို လိုလားပါတယ်လို့ ပြောလာတဲ့
အပေါ်မှာ ကျွန်တော်တို့ကရော....ယုံကြည်ရနိုင်ပါ့မလားဗျာ......။

~~~~~~~~~~~~~~~~~~~~~~~~~~

ဟောလိုဝင်းနေ့ကိုရောက်လာပါပြီ.....။မေကွမ်းမြို့လေးမှာ အရင့်အရင်ကတော့ ဟောလိုဝင်းနေ့တွေမှာ 
ထွေထွေထူးထူးပွဲလမ်းသဘင်တွေလုပ်လေ့မရှိပါဘူး....။ဒီနှစ်မှာတော့  လူကြီးတွေက စကောက်တို့ မူလ
တန်းကျောင်းလေးမှာ ပဒေသာကပွဲလေး တစ်ခုလုပ်ပါတယ်....၊အဲဒီကပွဲမှာ စကောက်လေးလည်း ပါပါ
တယ်...၊စကောက်လေး က အဲဒီကပွဲမှာ ဝက်ပေါင်ခြောက် အဖြစ် သရုပ်ဆောင်ရပါတယ်...။ကြက်ခြံကာ
တဲ့ သံဇကာပျော့နဲ့ ဝက်ပေါင်ခြောက်ပုံဏ္ဌာန်ချိုးပြီး ကလေးတွေက အထဲဝင် သရုပ်ဆောင်ရတာပါ။ကပွဲကို
စကောက်တို့အိမ်ကလူကြီးတွေ လိုက်မလာနိုင်ကြပါဘူး...၊စကောက်ကို ဂျင်မ်ကပဲ လိုက်ပို့ရပါတယ်...။

ကပွဲပြီးလို့ အိမ်အပြန်လမ်းမှာတော့ စကောက်လေးက သူ့ကိုယ်မှာစွပ်ထားတဲ့ ဝက်ပေါင်ခြောက်ကြီးကို
မချွတ်ပစ်သေးပဲ ဒီအတိုင်းပြန်လာပါတယ်...၊ဂျင်မ်က ရှေ့က လမ်းပြတာပေါ့လေ...။သူတို့နောက်ကို လူ
တစ်ယောက်က နောက်ယောင်ခံလိုက်လာပါတယ်...၊ကလေးတွေကတော့ သူတို့သူငယ်ချင်းတစ်ယောက်
ယောက်က စနောက်နေတာလို့ထင်နေတာပါ...။တကယ်တမ်းကတော့ ကလေးတွေကိုရန်ရှာဖို့လိုက်လာ
တဲ့ အာဝဲဖြစ်နေပါတယ်...၊အာဝဲဟာ အမှုနိုင်ခဲ့သည့်တိုင်အောင် သူ့ရဲ့လိမ်လည်မှုကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့
မစ္စတာဖင့်ခ်ျကို မကျေနပ်ပါဘူး။လူကြီးကို ရန်မရှာဝံ့တော့ ကလေးတွေကို ရန်ရှာပါတော့တယ်...။

လူပျက်တဲ့ ရက်ဒ်လေအိမ်ကြီးနားအရောက်မှာ ကလေးတွေကို အသေသတ်ဖို့ကြိုးစားပါတော့တယ်...။
ဂျင်မ်ကသူ့နှမလေးကို တတ်နိုင်သမျှကာကွယ်ရှာပါတယ်...၊ဝက်ပေါင်ခြောက်အစွပ်ကြီးကြောင့် စကောက်
လေးခမြာ ထွက်မပြေးသာပါဘူး၊ဒါပေမယ့် အဲ့ဝက်ပေါင်ခြောက်အစွပ်ကြီးကြောင့် စကောက်လေးခမြာသက်
သက်သာရာ ရသွားရှာတာပါ...၊နောက်...သူတို့ကို ကယ်တင်မယ့်သူလည်းရောက်လာပါတယ်...၊ဘိုရက်ဒ်
လေပါ....။ရုန်းရင်းဆံခတ်ဖြစ်ပြီး ဂျင်မ်လက်ကျိုး၊မေ့မြောသွားပါတယ်...။အာဝဲကတော့ သူ့အကုသိုလ်နဲ့
သူ  ဓားထိုးခံရပြီးသေသွားပါတယ်...။စကောက်နဲ့ ဘို ကတော့ ဘာမှမဖြစ်ပါဘူး....။ဘို က သူတို့မောင်
နှမကို အိမ်ထိလိုက်ပို့ပေးရှာပါတယ်...။

မစ္စတာဖင့်ခ်ျက ဂျင်မ်တစ်ယောက် ရုန်းရင်းကန်ရင်း အာဝဲလ် ကိုသတ်မိလိုက်တာလို့ ယူဆပေမယ့်
ရဲမှုးကြီးကတော့ အာဝဲလ်တစ်ယောက် သူ့ဓားနဲ့သူဘာသာ ထိုးမိတာ..၊ဘယ်သူ့ဘယ်သူမှ သတ်တာမ
ဟုတ်ဘူးလို့ပဲ ကောက်ချက်ချလိုက်ပါတယ်...၊အဲဒီည မှာတော့ စကောက်လေးဟာ သူတို့ တွေ့ချင်မြင်
ချင်လှတဲ့ ဘိုရက်ဒ်လေကို တွေ့မြင်လိုက်ရပါပြီ....။သူတို့ ထင်မြင်ယူဆနေသလိုမျိုး ဘိုရက်ဒ်လေဟာ
မကောင်းဆိုးဝါးတစ်ယောက်၊လူဆိုးကြီးတစ်ယောက်မဟုတ်ဘူးဆိုတာလည်း သိသွားပါပြီ...။ဘိုရက်ဒ်လေ
သူ့အိမ်ပြန်တော့မယ်ဆိုတော့ စကောက်လေးက ပြန်လိုက်ပို့ပေးပါတယ်....။အပြန်လမ်းမှာတော့ စကောက်လေးတစ်ယောက် အတွေးတွေ ဝေလို့ပေါ့....။သူ့ကိုယ်သူလည်း တစ်ညတည်းနဲ့ လူကြီးတစ်
ယောက်ချက်ချင်းဖြစ်သွားသလို ခံစားလိုက်ရပါတယ်.....။သူကဖေဖေ ဆုံးမစကားတွေကိုလည်း ပြန်ကြား
ယောင်မိနေပါတယ်.....။

" ဖေဖေပြောနေကျ စကားတစ်ခွန်းကို သတိရတယ်....၊သူ့နေရာက ဝင်ကြည့်ပါ...၊သူ့ဘဝထဲဝင်ကြည့်ပါ၊
သူ့ရင်ထဲကို ဝင်ကြည့်ပါ၊သူ့ဖိနပ်ကိုစီးပြီး လျှောက်သွားကြည့်ပါ၊အဲဒီလို မလုပ်သမျှ လူတစ်ယောက်ကို
နားမလည်နိုင်ဘူး..... "

နောက်ဆုံးဇာတ်သိမ်း အနေနဲ့ စကောက်လေးရဲ့ အတွေးလေးတွေကို စာရေးသူက ဖော်ပြသွားတာပါ...။
ဇာတ်လမ်းတစ်ခုလုံးမှာ စာရေးသူပေးချင်၊ပြောချင်တာကလည်း လူသားအချင်းချင်းထားရှိရမယ့် ကိုယ်ချင်း
စာတရားနဲ့ နားလည်မှု ပါပဲ၊နောက်... ခေတ်ကာလအခြေအနေတစ်ရပ်မှာ ရှိနေတဲ့လူများစုရဲ့စိတ်အခြေခံ
သဘောထား နဲ့ အမှန်တရားတို့ထိပ်တိုက်တွေ့တတ်ပုံကိုလည်း လှပစွာ ချယ်မှုန်းပြသွားပါတယ်ခင်ဗျား။

( ဖတ်လို့ကောင်းတဲ့၊တွေးစရာလေးတွေ ပေးတဲ့ ဇာတ်လမ်းကောင်းလေးတွေဖတ်မိတိုင်း အဲ့ဇာတ်လမ်း
လေးတွေကို ပြန်ပြီး ပြောပြချင်စိတ်နဲ့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်...၊ဒီပို့စ်ကို ရေးနေချိန်မှာ စာအုပ်က ငှား
ဖတ်တာဖြစ်လို့ ပြန်အပ်လိုက်ရပါတယ်...၊ကျွန်တော် ကြိုက်နှစ်သက်တဲ့ စကားစုလေးတွေကို နုတ်သဘော
မျိုး ထုတ်ထားတာလေးတွေပဲ ကျွန်တော့်ဆီမှာ ရှိပါတယ်...။ဒီတော့ ကျွန်တော်ပြန်ရေးပြထားတာ က ဖတ်
လို့ကောင်းမယ်မထင်ပါဘူး...၊လစ်ဟာသွားတာ၊ကျန်ရစ်ခဲ့တာတွေလည်း ရှိမှာပါ......။မူရင်းဝတ္ထုကတော့ 
တကယ်ဖတ်လို့ကောင်းပါတယ်ခင်ဗျားးးးးးးးးးးး :)))

10 comments:

SHWE ZIN U said...

စာတွေ ပြန်နွေးသွားပါတယ် ... တကယ်ကောင်းပါတယ်ဗျို့

မောင်သစ္စာ said...

ဘဒွေးညွှန်းတာနဲ့တင်အရမ်းဖတ်ချင်သွားတယ်..လာရင်ယူခဲ့ပေး

ကိုကိုမောင်(ပန်းရနံ့) said...

မူရင်းရော ဘာသာပြန်ရော ကမောင်လေးရဲ့ သုံးသပ်ချက်တွေရော။ ကောင်းပါ့။ ၀တ္ထုလေးက ရိုးရိုးလေးဆိုပေမဲ့ ကမောင်လေးရဲ့ အဆီအနှစ် ထုတ်ယူပုံလေးက တကယ် လှပသပ်ရပ်ပါတယ်။
ဝတ္ထုက ဘာပေးချင်လဲဆိုတာာ မဖတ်ဖူးသေးတော့ ဘာမှ မသိပါဘူး။ ဒါပေမဲ့ ကမောင်လေး ဘာပေးချင်သလဲဆိုတာကိုတော့ အမိအရ သိသွားတယ်။
ဝတ္ထုဖတ်တဲ့ အခုလို ပြန်လည်သုံးသပ်အားလေး ထည့်ဖတ်ရင် ပိုကောင်းမယ်။ သူကြီးမင်းတို့ကတော့ ဖတ်ပြီး ခေါင်းထဲ သိပ်ထားလေ့ မရှိဘူး။

ဒါနဲ့...
Mockingbird ကို
တောင်ပံမဲ့ သင်းကဲတေးဆိုငှက်။ အတော်လေး လှပတဲ့ နာမည်ပါ။
ဒါပေမဲ့
တကယ်လို့ သူကြီးမင်းသာ ဘာသာပြန်ရမယ်ဆိုရင်တော့ ငှက်ပြောင် ဒါမှ မဟုတ် ငှက်နောက် လို့ ဘာသာပြန်မိမှာဘဲ။
ဒီငှက်မျိုးက အတော်အစအနောက်သန်ဆိုဘဲ ကမောင်လေးရ။ ဥပမာ။ အခြားငှက်တစ်ကောင်က ကမောင်လေးလို့ အော်လိုက်ရင် သူလဲ ကမောင်လေးဆိုပြီး သံတူပြု နောက်ပြောင်လေ့ရှိသတဲ့။း))

mstint said...

စာရေးသူရဲ့ အရေးအသား အတွေးအခေါ်လေးတွေ ပီပီပြင်ပြင် သပ်သပ်ရပ်ရပ်လေးပါလား။
မောင်ညိမ်းနိုင်ပြောသလို တစ်ပါးသူရဲ့ ခံစားချက်ဆိုတာ ကိုယ်တိုင်ခံစားဘူးမှ ခံစားမှုအစစ်အမှန်ကိုရမှာ အသေအချာပါ။ (ဘင်တန်ကျွန်းကိုလည်ချင်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့........ said...

အတွေးတွေအများကြီးပေးတဲ့စာကို ခုလိုပြန်လည်မျှဝေတာ ကျေးဇူးအများကြီးပါရှင့်...း) " ဖေဖေပြောနေကျ စကားတစ်ခွန်းကို သတိရတယ်....၊သူ့နေရာက ဝင်ကြည့်ပါ...၊သူ့ဘဝထဲဝင်ကြည့်ပါ၊
သူ့ရင်ထဲကို ဝင်ကြည့်ပါ၊သူ့ဖိနပ်ကိုစီးပြီး လျှောက်သွားကြည့်ပါ၊အဲဒီလို မလုပ်သမျှ လူတစ်ယောက်ကို
နားမလည်နိုင်ဘူး..... "
အဲဒီစကားလေးက သိပ်မှန်တာပဲ ကြိုက်တယ်

မိုးဇက် said...

တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ အများနဲ့သဟဇာတဖြစ်ဖို့အတွက် ရေငုံနှုတ်ပိတ်
နေရတာတွေ ရှိနေတတ်ပါတယ်...၊ဒီအတွက် ကျွန်တော်တို့ ဆုံးရှုံးသွားရတာက မိမိကိုယ်ကိုယုံကြည်လေး
စားမှုပါ...၊တစ်ကယ်ဆို ကိုယ့်စိတ်ခံစားချက်၊ကိုယ့်အတ္တနဲ့ ကိုယ့်အပြုအမူတွေဟာ သဟဇာတဖြစ်နေဖို့
အရေးကြီးတာမဟုတ်ပါလား...၊အများအမြင်မှာတော့ ခေါင်းမာတဲ့၊တစ်ယူသန်ဖြစ်ကောင်းဖြစ်နေနိုင်တာ
ပေါ့လေ......။
အဲလိုလေးသုံးသပ်ပြတာလေး မိုက်တယ်ဗျာ ၊ ပရီးဗျူးလေးကို ပီပီသသကိုရေးထားတာ အကုန်ပေါ်လွင်ပါတယ် ။ ဒါပေမယ့် အထက်ကကောက်နှုတ်ချက်ကိုတော့ အတော်သဘောကျသွားတယ် .. ကျွန်တော်လဲ ဘာသာပြန်ဝတ္ထုတွေဖတ် ခဲ့ပေမယ့် ကိုယ်ကပဲ ထက်မြတ်မှုမရှိတာလားမသိ ဒီလောက်မသုံးသပ်နိုင်ဘူး ၊ နာမည်တွေမှတ်ရတာ မျက်စိလည်တာလဲပါတယ် :D ၊

မေမြို့မိုး said...
This comment has been removed by the author.
မေမြို့မိုး said...

http://tecfaetu.unige.ch/etu-maltt/R2D2/dacostj7/stic-2/ex14/epub/ex14.pdf အဲဒီမှာဒေါင်းလို့ရတယ်.။

Anonymous said...

သိပ်ကိုကောင်းတယ် ဦးလေးရာ..
သည်နေ့ အလုပ်နားရက်က အတော်လေးကို တန်ဖိုးရှိသွားတယ် သူကြီးမင်းရဲ့ ပိုစ့်လေးကိုဖတ်ရတာရယ်
အခု ဦးလေးရဲ့ ပိုစ့်ကိုဖတ်ရတာရယ်....

ကောက်နှုတ်ချက်တွေ ပြောင်မြောက်လွန်းလှတယ်
ပြောချင်တာတွေလည်း ထိမိလွန်းလှတယ် သုံးသပ်ချက်တွေကလည်း သဘောကျလှတယ်ဗျာ
စာကောင်းပေကောင်းတွေနဲ့ ဝေးနေတာ ကြာလှပေါ့
ရှာဝယ်ပြီး ဖတ်ရပေဦးမယ်ဗျို့...
မျှဝေမှု့တွေအတွက် ကျေးဇူးပါဗျာ။

တူတော်မောင် ဖိုးသားလေး

( မင်းဧရာ )

Angelhlaing(May everybody be happy and healthy! said...

ခုနေ ဘာမှမလုပ်ပဲ အဲ့ဒီစာအုပ်လေးနဲ့ ကွေးနေချင်တယ်အကို .. :) မျှဝေပေးတာ ကျေးဇူးပါလို့... တစ်ကယ်ကောင်းတဲ့ ဇာတ်လမ်းလေးပဲ ..