Sunday, September 30, 2012

ကျွန်တော်....သူတို့....နှင့် ဒီလောက......

စားပွဲခုံပေါ်ရှိ ကွန်ပြူတာဖန်သားပြင်ကို ကျွန်တော် ငေးကြည့်နေမိသည်မှာ မိနစ်အတန်ကြာနေပြီဖြစ်သည်။
လက်ချောင်းများကလည်း ကီးဘုတ်ပေါ်တွင်အသင့်အနေအထား....။ကွန်ပြူတာဖန်သားပြင်တွင်မတော့
မျောလွင့်တိမ်တို့နားခိုရာ ၏ new post စာမျက်နှာကပွင့်လျက်သား...၊သို့ပေမယ့် အဖြူရောက်သက်သက်
မျက်နှာစာပေါ်တွင် စာလုံးတစ်လုံးမှ ရှိမနေပါ။တစ်စုံတစ်ရာ ချရေးလိုက်တော့မည်ဟု ကြံစည်လိုက်တိုင်းမှာ
ကျွန်တော့်နှလုံးသားတို့ လေးလံလာရသည်။ဤသည့်အခြေအနေကို စာရေးဆရာတွေကတော့ မုဒ်မဝင်
ဘူး ဟု ပြောဆိုသုံးနှုန်းကြမည်ထင်သည်။ကျွန်တော်ကတော့ စာရေးဆရာမဟုတ်တော့ အဲဒီလိုသုံးနှုန်းဖို့
ရာ စိတ်မရဲလှပါ...။ဆိုတော့ ပို့စ်အသစ်တစ်ပုဒ်၊စာတစ်ပုဒ်ရေးဖို့ရာ စိတ်ပါဝင်စားမှု ကင်းမဲ့နေတယ် လို့ပဲ
ဆိုကြပါစို့ရယ်....။

ပြောရရင် ဒီလိုမျိုးဖြစ်တတ်တာက ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်....၊ကျွန်တော့်ထက်စီနီယာ
ကျသော နောင်တော်၊အစ်မတော်တို့ပင် ဖြစ်တတ်ကြလေသည်။ဒီအကြောင်းကို အကိုညီလင်းသစ်ပင်ပို့စ်
တစ်ပုဒ်ရေးခဲ့ပြီး၊အခြားသော အကို၊အမ များကလည်း ကွန်မန့်များစွာဖြင့် ဝန်ခံကြလေသည် မဟုတ်ပါလား
ဗျာ....၊ခုလို ကျွန်တော်ကိုယ်တိုင် စိတ်မပါ၊လက်မပါဖြစ်နေချိန်မှာ အဲဒီပို့စ်လေးကို သတိရပြီး...အင်း.....

ကိုယ့်စီနီယာတွေတောင် စိတ်မပါလို့ မရေးသေးတာပဲ....၊ငါလည်း စိတ်မပါရင်မရေးပဲနေမှ ဆိုပြီးသကာလ
ဘာမှ မရေးပဲ ပေကပ်နေလေတော့ ပိုဆိုးရော ဆိုပါတော့ဗျာ....။

ပြောရရင် ကျွန်တော့်မှာ ရေးစရာအကြွေးတွေက တစ်ပုံတစ်ပင်ရယ်...၊စိတ်မပါလို့ ဘာမှမရေးဖြစ်တဲ့အချိန်
မှာမှ ညီမတစ်ယောက်က ဘဝရသ တစ်ပုဒ်လောက်ရေးပေးပါလို့ တောင်းဆိုလာပါလေရော...။ပြောရရင်
ကျွန်တော်လို ဘာမှ မဟုတ်တဲ့ချောက်တီးချောက်ချက်လူတစ်ယောက်ကို ခုလို တောင်းဆိုလာတာကိုက
ဝမ်းသာ၊အားတတ်စွာဖြင့် ကြိုးစားပမ်းစား ရေးရမှာ မဟုတ်ပါလားဗျာ...။ရေးဖို့လည်း တကယ်ကြိုးစားပါရဲ့။
သို့ပေမယ့်  ဟဒယနှလုံးအိမ် အတွင်းမှ အဘယ်မည်သော ခံစားချက်တစ်စုံတစ်ရာမှ ဦးနှောက် ဆီသို့
ယိုစီး၊စိမ့်ကျလာခြင်းမရှိခဲ့....။အဲဒီလို နှလုံးအိမ်မှ အမိန့်တစ်စုံတစ်ရာမရလေသော ကျွန်တော့်ဦးနှောက်
ငယ်ငယ် မှ လက်ချောင်းများထံသို့ စာလေးတစ်လုံးတစ်လေမှ လွန်မြောက်လာခြင်းသည် မရှိတော့...။
ထိုသောအခါမှာတော့ ကျွန်တော့် စာမျက်နှာများသည် သွေ့ခြောက်နွမ်းနယ်ကာ သုဿန်တစ်စပြင်နှယ်
တည်း...။


တကယ်တမ်းဆိုလျှင် ကျွန်တော့် ဦးနှောက်၏တစ်ထောင့်တစ်နေရာမှ ခံစားချက် ဆိုသောခေါင်းစဉ်အောက်

တွင် " တေးမှတ် " ထားသည်များ ရှိပါ၏။မျောလွင့်တိမ်၏ Draft မူကြမ်းစာမျက်နှာထက်တွင်မလည်း ရေး
လက်စပို့စ်ပေါင်း ၂၆ ခုတိတိရှိလေ၏။တစ်ချို့ဆို ပြီးလုခမန်းပင်...။ထိုပို့စ်များကို ဆက်ရေးမည်ကြံသော်
လည်း မရ....။ခံစားချက်ဆိုသည်က ဒီနေ့နှင့် မနေ့ကပင် တူသည်မဟုတ်....၊ရက်ပေါင်းများစွာကြာသော
အခါ ထိုစဉ်က ခံစားချက်တို့ကား ပုတ်သိုးကုန်နှင့်လေပြီ....။

ဘာမျှ မရေးဖြစ်သည့်နောက် ဘလော့တွေပဲ လိုက်ဖတ်နေရသည်။ ပြောမယ့်သာပြောရ ကျွန်တော်ဖတ်
နေကျဖြစ်သည့် ဘလော့တွေလည်း အရင်လို ပွဲမစည်လှတော့...။မှတ်မိသေးသည်...။ဟိုး အရင်နှစ် နှစ်
ကျော်ကာလ.....ကျွန်တော် ဘလော့လေးစရေးကာစက တစ်နေ့လျှင် အနည်းဆုံး ပို့စ်အသစ် ၁၀ပုဒ် မှ

သည် အပုဒ်၂၀ လောက်ထိတက်လာတတ်ကြသည်။ဒါတောင် ထိုစဉ်ကာလက ကျွန်တော့်ဘလော့တွင်
လင့်ချိတ်ထားသည့်ဘလော့များ မှာ ခုလောက်များလှသည်မဟုတ်...။ထိုအချိန်များဆီကတော့ ဘလော့
နှင့် သတင်းဆိုက်များကို လိုက်ဖတ်လိုက်သည်နှင့် ည၁၀နာရီ ထိုးသွားလေ့ရှိသည်။စာရေးဖြစ်သည့်နေ့
များတွင် ကိုယ်ရေးချင်တာအရင်ရေးပြီးမှ ဖတ်ရ၏။အဲ့လိုမှ မဟုတ်လျှင်ဖြင့် စာရေးဖို့ရာ အချိန်မရှိတော့။


ခုများတွင်မတော့ လင့်ချိတ်ထားသည်များ ၁၀၀ ခန့်ရှိသည့်တိုင် တစ်နေ့ လုံးနေမှ ဘလော့လေးငါးခုထံ
မှသာ အသစ်လေးတွေတတ်လာတော့သည်။ကျွန်တော်ချစ်ခင်ရသောသယ်ရင်းများ၊လေးစားရသော
ဘလော့များလည်း တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ အတိုင်း သူတို့ဘလော့တွေကို ပိတ်သူပိတ်သွားကြလေ
ပြီ...။တစ်ချို့ကြတော့ မပိတ်ပေမယ့် စာတွေဆက်မရေးဖြစ်ကြတော့....။ကျွန်တော်ကတော့ သူတို့တစ်နေ့
ပြန်ရေးနိုးဖြင့် လင့်လေးတွေပင် မဖြုတ်ရက်ပါ...။သူတို့သည် ကျွန်တော် ချစ်ခင်ရ၊လေးစားရ၊သဘောကျ
ရသူများ မဟုတ်ပါလား...၊ထို့ပြင် ကျွန်တော်စရေးကာစက လာရောက်အားပေးကြသူများ၊လိုတာလေးတွေ
ကို ပြုပြင်အကြံပေးကြသူများပင်...။သူတို့ကို ကျွန်တော်တစ်သက်လုံးသတိတရနှင့် မျှော်လင့်နေဦးမည်
သာဖြစ်ပါသည်...။တစ်ခါတစ်လေတော့လည်း သူတို့ဘာတွေလုပ်နေကြမလဲမသိဟု.....ရော်ရမ်းတွေးဆ
နေမိတတ်သည်။


ပုံမှန်အတိုင်း စာတွေ ရေးနေသူတွေ အများကြီးတော့ရှိပါသေး၏။အသစ်အသစ်သော ဘလော့ဂါတွေလည်း

ပေါ်ထွက်လာကြပါ၏။သူတို့တွေ ဆက်ရေးနေကြသည်ကပင် ဝမ်းသာကြည်နူးရပါသည်။သို့ပေမင့် သူတို့
တစ်တွေလည်း အရင်လို ခပ်စိတ်စိတ်လေးတွေ မဟုတ်ကြတော့...။ပို့စ်သွက်လှသည့် အစ်မကွန်ပင် ယခင်
စံချိန်ကို မမှီလှ.....။လွန်ခဲ့သည့်နှစ်များက တစ်လလျှင် ပို့စ်၂၀ဆိုတာ အစ်မကွန်အတွက်သာသာလေး
ပင်...။ဖတ်သူပင် ခါးပြတ်ကျန်ခဲ့ရသည်...။ကိစ္စများမြောင်သော လူမှုဘဝ၊လူမှုတာဝန်များ၏ ဝန်တာကို
ကျွန်တော်သဘောပေါက်ပါသည်၊နားလည်ပါသည်။ဘလော့ဆိုသည်မှာ ကြီးမားသော တကယ့်လူမှုဘဝ
၏ အစိတ်အပိုင်းသေးသေးလေး မဟုတ်ပါလားဗျာ....။ဘာပဲပြောပြော၊ဘယ်လိုပင်ရှိရှိ ကျွန်တော်ကတော့
သူတို့စာတွေကို မျှော်တလင့်လင့်.......ရယ်.....။





ကျွန်တော်ရော......။တစ်ချိန်ကာလ က သူတို့ဘလော့လေးတွေ ပိတ်လိုက်တာမျိုး ကြုံရပါက ငါတော့
ငါ့ဘလော့လေးကို သေသည်အထိရေးသွားမည်ဟု ဘာသာကြုံးဝါးမိသည်....။ဘလော့ပါး မဝခင်ကဆိုပါ
တော့.....။အခုတော့ တစ်ထစ်လျော့ရလေပြီ....။ရေးချင်မှပဲရေးပါတော့မယ်လေ.....ဟုဖြစ်လာလေပြီ...။
အင်း.....နောင်များကာလတွင်မတော့ ပိတ်များပိတ်မိလေမည်လား.....မပြောတတ်ပါတော့....။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီလောက ကို ချစ်ပါသည်။ခင်ပါသည်။သံယောဇဉ်လည်း ရှိသည်မှာ အသေအချာ
ပင်ဖြစ်ပါသည်။သို့သော်.......သို့သော်.......အင်း.....ထိုသို့သော်က အတော်ခက်သည်....။ဘာမှမသေချာ
သော လောကကြီးတွင် မျောလွင့်တိမ်သည်လည်း ဘာသားနှင့်ထု ထားလို့တုန်း....ဟု ပြောရမည်ပင်...။


လောလောဆယ်တော့ နှလုံးအိမ်ဟာဒယ မှ ခံစားချက်တို့ ယိုစီးကျလာသည့် အချိန်များတွင် ဦးနှောက်၏
 အတေးအမှတ် လေးများကို မျောလွင့်တိမ်၏မျက်နှာစာများထက် ထုဆစ်နေဖြစ်ဦးမည်သာ..........။

19 comments:

blackroze said...

အီးကုရာ ဖတ်ပြီးတော့ စိတ်ထဲဘယ်လိုကြီးမှန်းကို
မသိဘူးခံစားလိုက်ရတယ်။။
ပစ်ပစ်လည်းသတိထားမိတယ် အီးကု
အခုနောက်ပိုင်း ဘလော့ဂါတွေက ပိုစ့်တွေ
သိပ်မတက်ကြတော့ဘူး..
ပစ်ပစ် ကိုယ်တိုင်တောင်စာမရေးဖြစ်တာ
ကြာလှပေါ့အီးကုရယ်..
စာတွေလည်း အမြဲတမ်းလိုက်မဖတ်ဖြစ်တော့ဘူး
facebook စွဲသွားတာလည်းပါမယ်ထင်တယ်..
ပစ်ပစ်လည်းကိုယ်နဲ့ခင်မင်တဲ့
ဘလော့လေးတွေ စာမရေးတော့ဘဲ ရပ်ထား
ကြပေမဲ့
လင့်တွေမဖြုတ်ရက်ဘူး
ဒီတိုင်းချိတ်ထားတုန်းဘဲ...။။

khin oo may said...

:(

Candy said...

စိတ်မပူနဲ့ အူးလေး မီးကတော့ ပိုစ့်တက်တာသာ ကြာတာ ပုံမှန်တော့ တင်တယ် တိလား...

ဝမ်းမနည်းနဲ့.. နှပ်လေးဘာလေး ပြန်သုတ်လိုက် ဟီးးးးး :P

Nyi Linn Thit said...

ဟော.. ကျနော့်ဆီက ဗိုင်းရပ်စ်က ကိုညိမ်းဆီကို ရောက်သွားတာကိုး...၊း)

ကျနော်တို့ ကလေးဘဝတုန်းက ဝက်သက်၊ တုပ်ကွေး၊ စတဲ့ အဖျားအနာ၊ ရောဂါတွေ ဖြစ်လိုက်ပြီဆို ရွာလုံး ကျွတ်ပဲ မဟုတ်လား၊ သူများတွေ လမ်းမှာ ပြေးလွှား ကစားနေချိန် ကိုယ်က နေမကောင်းလို့ အိမ်ပေါ်ကပဲ လှမ်းငေးနေရတဲ့ အဖြစ်၊ တခါ နေကောင်းသွားလို့ ကိုယ်က လမ်းပေါ် ပြန်ရောက်သွားတဲ့ အချိန်ကျတော့ လည်း ခုနက ပြေးလွှားနေတဲ့ သူငယ်ချင်းတွေက ကိုယ်စီ ဖျားနေကြလို့ ဝရန်တာလေးတွေကနေ တမှိုင်မှိုင် ငေးလို့...၊ ကိုညိမ်းရဲ့ ပို့စ်လေးဖတ်ပြီး အဲဒါမျိုးဆန်ဆန် ခံစားမှုကလေး တစ်ခု ရလိုက်တယ်ဗျ..၊

ဘယ်လိုပဲ ဖြစ်ဖြစ်ပါဗျာ..၊ စိတ်တူကိုယ်တူနဲ့ ရွာလယ် လမ်းတစ်လျှောက် ဖုန်တထောင်းထောင်းထအောင် ပြေးလွှားပျော်မြူး ရမယ့် လပြည့်ညတွေလည်း ရောက်လာအုံးမှာပါ..၊ ဒီလောကထဲမှာ ကျနော်တို့တွေ အပြန်အလှန် ချစ်ခင်၊ လေးစားစိတ်တွေနဲ့ ဆက်ရှိနေဖို့ ပဲ လိုတာ မဟုတ်လား..။

ခရစ္စတလ် said...

သူတို့များ ပြန်လာမလားလို့ တိမ်တွေပေါ်က မျှော်နေမယ် ... :)

လရိပ်အိမ် said...

ညီမလဲ အဲလိုဖြစ်နေတယ်သိလား ကိုညိမ်းနိုင်။
ဒါပေမဲ့ အကိုမှာကရေးစရာ ၂၆ခု တိတိရှိတယ်။
ညီမမှာ ရေးစရာမရှိဘူး။
ဘလော့ပိတ်လဲပိတ်ချင်တယ်။ မပိတ်လဲ မပိတ်ချင်ဘူး။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

မုဒ်မဝင်ရင် အသာလေးမှိန်းနေပါဆြာ
တနေ့ ရေးချင်စိတ်ဖြန်းခနဲ့ပေါ်လာရင် ရေးဗျာနော်
ဘလော့တော့ပိတ်ပါနဲ့ဗျို့ ဆြာပြောသလိုပဲ
အရင်ရင် ဘလော့မိတ်ဆွေဟောင်းတွေ ပျောက်သွားလို့ တမြေ့မြေ့ တွေးလွမ်းရပါ့
ကျွန်တော်လည်း အခက်ခဲပေါင်းစုံကြားကနေ စိတ်မပျက်ပဲ ကိုယ်တင်ပြနိုင်တာလေးတွေကို ထုဆစ်နေတုန်းပါဆြာ သများအားငယ်အောင် မလုပ်နဲ့နော်း)း)


ဘလော့ရွာကြီး သာယာပါစေဗျာ

မောင်ဘကြိုင်

AH said...

ဆရာကြီးရယ်... ဆားပုလင်းကတော့ ဆရာကြီးဆီလာလာပြီး အိမ်လည်ဦးမှာပါဗျာ... ဘလော့ဂ်တော့ ပိတ်မပစ်ပါနဲ့...

မေဓာဝီ said...

ဒီလိုပါပဲ ... ဖြစ်တတ်ပါတယ် မောင်လေးညိမ်းနိုင်ရေ ... ။
အမလဲ ဘလော့ရေးခါစက တနေ့တပုဒ် နေ့တိုင်း မှန်မှန်တင်ဖြစ်တယ်။ နောက်တော့ တပတ် တပုဒ်လောက် ဖြစ်လာတယ်။ တခါတလေ တလ တပုဒ်တောင် အနိုင်နိုင်၊ မရေးတာကြာတော့လဲ ပြန်စ ရေးဖို့ ခက်နေပြန်ရော။ ခုတော့ အားရင် ရေးတယ် မအားရင် မရေးဘူး ... အဲဒီလိုပဲပေါ့ ... ။ ပိတ်တော့ မပိတ်ပါနဲ့ အဟောင်းလေးတွေ လာဖတ်ရအောင်လို့။

ဂါဂါ said...

ဘာတွေရေးလည်းလို.လာလည်သွားတယ်...ဦးလေးနိုင်ရေ...

SHWE ZIN U said...

မှန်ပါတယ် မောင်လေး ရယ် ... ပိတ်တော့ မပိတ်လိုက်ပါနဲ့ ... ပိတ်သတ်ကြီး မျက်ရည် ကြလိမ့် မယ် ... မျက်ရည် မကြကောင်းဘူးလေ .. ဟဲဟဲ

ခင်တဲ့
အမကြီး
ရွှေစင်ဦး

Sweety Snow said...

ပုံမှန်ရေးနိုင်ရင်တော့ ကောင်းပါတယ်.. တခါတလေတော့ ဦးလေးပြောသလို လူမှုဘ၀ လှုပ်ရှားရတာနဲ့ပဲ.. အချိန်မပေးနိုင်တာတွေ ဖြစ်လာတယ်..။ ဦးလေးရေးတဲ့ ဘ၀ထဲက ဟာသတွေ အမြဲလာဖတ်ချင်ပါတယ်..။

chocothazin said...

ကိုညိမ်းနိုင်ရေ... ဘာပဲဖြစ်ဖြစ် ရေးဖြစ်အောင်ရေးပါ။ ကော်မန့်အတွက်လည်း ကျေးဇူးတင်ပါတယ်။

မြတ်နိုးသူ(MUFL) said...

နှလုံးအိမ်ဟာဒယ မှ ခံစားချက်တို့
ယိုစီးကျလာသည့်
ဦးနှောက်၏ အတေးအမှတ် လေးများ
မျောလွင့်တိမ်၏မျက်နှာစာများကို
ဖတ်ရှုသွားပါတယ်

မိုးနတ်ကြယ်စင် said...

ဟင်..ဒီလောကကြီးထဲကမထွက်ပါနဲ့လားရှင်..
ခုမှ ရောက်တဲ့မိုးနတ်တို့ကို အားပေးပါအုံးလား
ရေးထားတဲ့ အရေးအသားလေးကို ကြည့်ပြီး...စိတ်မကောင်းတောင်ဖြစ်မိတယ်..
ဝမ်းနဲစရာကောင်းတဲ့ ပို့စ်လေးတင်တာတောင်.
ဖတ်လို့ကောင်းနေတယ်...မသိရင် စာရေးဆရာစစ်စစ်
ရေးထားတာလားမှတ်ရတယ်...အားရင်ရေး..မအားရင်
တော့လဲ ဘယ်တတ်နိုင်မလဲလေ...ကြိုးစားပြီးတော့
ရေးပါအုံး..အားပေးနေချင်လို့ပါ..
ခင်မင်နေတဲ့..မိုးနတ်

နွေမိုး said...

အဲ့လိုတော့ မလုပ်ပါနဲ့ အူးအိကုရာ..။
ကျွန်တော်တို့ အားပြတ်တာပေါ့.။
ကျွန်တော်လည်း တစ်သက်လုံးလုပ်မယ်စိတ်ကူးထားတာ....။
ဒီမောင်နှမတွေဆိုတာ ဘလော့လေးကနေပဲ ခင်မင်ရင်းနှီးလာကြတာလေ.။
အားပေးနေပါမယ်..။

ညီရဲ said...

ကျွန်တော်လဲ ပြန်ဖြစ်ရင် စာဆက်ရေးဖို့ မသေချာလို့ ဘလော့လေးကို ပိတ်သွားမလား စဉ်းစားနေတာ...

san htun said...

ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်..ပိတ်တော့ မပိတ်ပါနဲ့ ..အားတယ့်အခါမှ ရေး..စိတ်ပါမှ ရေးပေါ့..စောင့်မျှော်နေပါတယ်ဗျို့ 

တကယ်ဆိုရင် .... said...

ဟန်နီ့ ကိုတကယ်မေ့ပစ်နိုင်တဲ့နေ့ပိတ်ချင်ပိတ်လိုက်ပေါ့