Sunday, September 16, 2012

ကျွန်တော်နှင့် ကပ္ပိယကြီး

ကျွန်တော်တို့ နေထိုင်ကြီးပြင်းရာ ဘဝတစ်လျှောက်တွင် လူပေါင်းမြောက်များစွာဖြင့် ဆုံတွေ့၊ပတ်သက်၊
ဆက်စပ် ခဲ့ကြရသည်။တစ်ချို့က မွေးသည်မှသည် ယခုလက်ရှိအချိန်အထိ ထိတွေ့ပက်သက်နေကြရသ
လို၊တစ်ချို့တစ်ချို့လူတွေကိုတော့ နှစ်အနည်းငယ်သာ.....။တစ်ချို့တွေကိုတော့ လပိုင်းသာသာ၊ရက်ပိုင်း
သာသာမျှသာပတ်သက်ခဲ့ကြရပေသည်...။နှစ်ပေါင်းများစွာ ရင်းနှီးထိတွေ့ခဲ့ကြရသူတွေ နှင့်ပက်သက်ပြီး
ကျွန်တော်တို့မှာ အမှတ်တရဖြစ်ဖွယ်ရာ၊ပြောစမှတ်ပြုစရာတွေ အမြောက်အမြားရှိမှာကတော့ မလွဲဧကန်
ပင်ဖြစ်ပါလိမ့်မည်...။တစ်ခဏတာမျှဆုံတွေ့ခဲ့ကြရသူများအကြောင်း ကတော့ ယေဘုယျအားဖြင့် ပြော
စရာ ထွေထွေထူးထူးရှိလိမ့်မည်မဟုတ်လှ....၊သို့သော်......တစ်ချို့သောလူတွေနှင့် တစ်ခဏတာမျှ
ပက်သက်ခဲ့ရသော်လည်း ဘဝတစ်လျှောက်လုံးတွင် အမှတ်တရဖြစ်နေတတ်တာမျိုး၊တိုက်ဆိုင်မှုတွေရှိ
လာပါက ဖြတ်ကနဲဖြစ်ဖြစ်သတိရနေမိတာမျိုး တော့ ရှိကောင်းရှိနေနိုင်ပါလိမ့်မည်.....။

ကျွန်တော့်ဘဝတွင်လည်း  ထိုကဲ့သို့သော လူသုံးယောက်နှင့် တွေ့ဆုံခဲ့ဖူးလေ၏။သူတို့သည် သာမန်
လူများသာဖြစ်ကြသည်။ထွေထွေထူးထူးလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်မဟုတ်....။သို့သော်
အကြောင်းတိုက်ဆိုင်လာပါက ကျွန်တော့် စိတ်ဘဝင်တွင် သူတို့၏အရိပ်သည် ထင်ဟပ်လာလေ့ရှိသည်...။
ထိုသူတို့မှာ............



၈၈ အရေးအခင်းဖြစ်တော့ ကျွန်တော့်အသက်က ၁၀နှစ်သာသာရှိဦးမည်...။အခြေအနေတွင်တည်ငြိမ်လာ
ချိန်တွင်မတော့ ကျွန်တော့ကို မိဘများမှ ရှင်ပြုပေးဖို့စီစဉ်တော့သည်။၈၉ခုနှစ်နွေရာသီဖြစ်မည်ထင်သည်။
ရှင်ပြုမယ်ဆိုတော့ ဘိုးဘွားမိဘများ အစဉ်တစိုက်ကိုးကွယ်ဆည်းကပ်ရာ နန်းဦးဘုန်းတော်ကြီးကျောင်း၊
ကျောင်းထိုင်ဆရာတော်ကြီးထံ လျှောက်ထားရသည်ပေါ့။ဒီတော့ ဆရာတော်ကြီးမှ ကျွန်တော့်အား သင်္ကန်း
တောင်းအစရှိသော မောင်ရှင်လောင်းတို့ သိမှတ်ဖွယ်ရာအဖြာဖြာကိုသင်ကြားပေးနိုင်ရန် ဘုန်းကြီး
ကျောင်းသားလေးအဖြစ် ရှင်မပြုမှီ တလအလိုလောက်ကတည်းက ကျောင်းတွင်နေစေလေတော့သည်။

ဘုန်းကြီးကျောင်းသားဘဝဆိုသည်က လွယ်လှသည်တော့မဟုတ်....။မနက်ဆို လေးနာရီခွဲလောက်ထကြ
ရသည်။ကျွန်တော့်လို ယာယီကျောင်းသားငယ်ကတော့ စောစောထစရာတော့မလိုလှ....၊သို့သော် ငယ်ငယ်ကတည်းက အအိပ်ဆတ်သော၊နေရာတကာစပ်စပ် စပ်စပ် ပါတတ်သော ကျွန်တော်ကတော့
ဓမ္မာရုံထဲရှိ သံဃာစင်ပေါ်တွင် အတူတူတန်းစီအိပ်စက်ကြရသည့် အခြားကျောင်းသားကြီးတို့ နိုးထကြ
သည်နှင့် ကျွန်တော်လည်း နိုးနေပြီဖြစ်သည်။ကိုယ်လက်သန့်စင်ပြီးသည်နှင့် သံဃာများအား အာရုံဆွမ်း
ကပ်ရန်ပြင်ဆင်ကြရသည်။ကျောင်းတွင် အာရုံဆွမ်းလာကပ်သူရှိပါက ဒီထက်ပိုစောစောထပြီး ဆွမ်းကပ်
သူဒကာများအားကူညီပြင်ဆင်ပေးရသည်။မရှိပါက ယမန်နေ့ကကျန်သည့် ဆွမ်းထမင်းကိုပင် ထမင်း
ကြော်ကြရသည်။လက်ဘက်ရည်ဖျော်ကြရသည်။ထိုစဉ်အချိန်က အသင့်ဖျော်ကော်ဖီမစ်ထုတ်တွေလည်း
မရှိသေးပေ....။

သံဃာတော်တို့ ဘုန်းပေးပြီးလျှင် ကျန်သည့် ထမင်းကြော်နှင့် လက်ဘက်ရည်ကို ကျောင်းသားများ မျှတ
စားသောက်ကြရသည်။အကြောင်းကြောင်းကြောင့် ဆွမ်းနဲပါးသည့်အခါမျိုးတွင်မတော့ ကိုယ်တော်တွေပင်
မျှတဘုန်းပေးရသည်ဖြစ်ရကား မောင်ကျောင်းသားတို့မှာ ငတ်ကြရတော့သည်။ကျွန်တော့်ကိုတော့ ဆရာ
တော်ကြီးမှ ဘီစကစ်လေး၊ကိတ်မုန့်လေးများ စွန့်ကြဲရှာပါသည်။ ကိုယ်က အရေခြုံ၊အခွင့်ထူးခံ ဘုန်းကြီး
ကျောင်းသားပေါက်စလေး မဟုတ်ပါလား.......:))))။ထို့နောက်တွင် ဆွမ်းခံထွက်ဖို့ပြင်ကြရသည်။သပိတ်
ဆေးကြရသည်။ဒုလ္လဘဦးဇင်း၊ကိုရင်တွေရှိပါက သူတို့ သင်္ကန်းရုံရာတွင် အဆင်ပြေစေဖို့ ကူညီကြရသည်။
ထို့နောက် ကျောင်းသားကြီးတွေက ဆွမ်းတောင်းများ ထမ်း၍ ဆွမ်းခံကိုယ်တော်များနောက်မှလိုက်ကြရ
သည်။ ကျွန်တော်ကား ပုဆိုးကွင်းသိုင်းပြီးသကာလ ကြေးစည်လေးတစ်ဘက်၊ကြေးစည်ထုသည့် ဘုလေး
တစ်ဘက် နှင့် ဆွမ်းတော်ဗျိုး ဟစ်သည့် တာဝန်ယူကာ ကိုယ်တော်များရှေ့မှ ချီတက်ရလေသည်....။

ပုဆိုးကား စလွယ်မသိုင်းလို့မဖြစ်၊အမေလုပ်သူမှ ရှင်ပြုတော့မည့် သူ့သားကိုလူပျိုလေးအား ပုဆိုးလေး
များ ဆင်ယင်ပေးလိုက်သော်လည်း ကျွန်တော်တို့ခေတ်က ၁၀နှစ် ၁၁နှစ်သားဆိုသည်မှာ ပီဘိကလေး
သာသာရှိသေးသည်။ပုဆိုးကောင်းစွာမမြဲတတ်သေး၊လက်တစ်ဘက်က ကြေးစည်၊တစ်ဘက်မှကြေးစည်ဘု
ကို ကိုင်ထားရသည်ဖြစ်ရကား ပုဆိုးကျွတ်သော် မည်သို့ပြင်ဝတ်မည်နည်း...၊ထိုကြောင့် ပုဆိုးကွင်းသိုင်းရ
ခြင်းဖြစ်ပေတော့သည်။ဘောင်းဘီတိုလေးတော့ ပါသပေါ့လေ...။ခုခေတ်ကာလများတွင်မတော့ လူဖြစ်မြန်
လှသည်။ ကျွန်တော်တို့ဘေးအိမ်မှ ငါးတန်းကျောင်းသားကြီးကား ရည်းစား၂ယောက်နှင့် ဟု့သူ့အမေ
မှပြော၍ ကျွန်တော့်မှ အံသြဘနန်းဖြစ်ရသည်။မြန်မာပြည်ပြန်ရောက်လျှင်တော့ အနှီးငါးတန်းကျောင်းသား
ကြီးထံမှ နည်းနာခံယူရမည့်ပုံပင်တည်း.......:)))


ထုံးစံအတိုင်း ပထမဆုံးနေ့က ကျွန်တော်တလွဲလုပ်တော့သည်။ပထမဆုံးနေ့ဆိုတော့ ရဲလည်းမရဲသေး၊
ငယ်ကတည်းက အူကြောင်ကြောင်လုပ်တတ်သည့် ကျွန်တော်မှာ ဆွမ်းခံရာလမ်းတစ်လျှောက် ကြေးစည်
လေးတစ်ဝေဝေ....၊ဆွမ်းတော်ဗျိုး...ဟစ်သံတညံညံနှင့် ရှေ့မှ စိုက်စိုက် စိုက်စိုက်နှင့် နောက်လှည့်မကြည့်
စတမ်း သွားလေတော့သည်။ဆွမ်းခံကိုယ်တော်များဆိုသည်က ဖြည်းဖြည်းနှင့် မှန်မှန် ကြွကြရသလို၊ဆွမ်း
လောင်းသည့် ဒကာ၊ဒကာမများ အိမ်ရှေ့တွင် ဆွမ်းခံရပ်ကြရသည်လည်း မဟုတ်ပါလားခင်ဗျာ....။သို့ပေ
မယ့် ကျွန်တော်ကတော့ တစ်ချက်ကလေးမှ နောက်လှည့်မကြည့်၊တစ်စက္ကန့်လေးမှ ရပ်မစောင့်....၊
နာရီဝက်ခန့်အကြာတွင် ကျွန်တော်ကျောင်းပြန်ရောက်နေပြီ......။


ကျောင်းပြန်ရောက်တော့ ဆွမ်းချက်ဆောင်မှ ကပ္ပိယကြီးက တအံတသြဖြစ်ကာ....
" ဟဲ့....အကောက်လေး....နင်ပြန်လာတာစောလှချည်လား....ဘာဖြစ်လို့တုန်း.... " မေးရှာလေသည်။
( ငယ်ငယ်က တရုတ်သွေးနဲနဲပါသော ကျွန်တော့်ကို အကောက်လေး ဟု ခေါ်ကြလေသည်...)။ကျွန်တော်
ကား ခပ်တည်တည်ပင်.....။ဆွမ်းခံကိုယ်တော်တို့ပြန်ရောက်လာကြသောအခါ.....အကောက်လေးရယ်....
နောက်ကိုလည်း နဲနဲတော့လှည့်ကြည့်ပါဦးလား..ဟ...၊ဆွမ်းခံထွက်ပါတယ်ဆိုမှ နောက်ကကျားလိုက်လာ
သလားအောက်မေ့ရ....၊နင်နဲ့သာဆွမ်းခံထွက်ရရင် ဆွမ်းငတ်ကိန်းမြင်တယ်....ဟု ပြောစမှတ်ပြုကြရသော
ဟူလို.......။


ဆွမ်းခံပြီးပါက တခြားကျောင်းသားကြီးများအဖို့ ကျောင်းတွင် ထင်းခွဲ၊သန့်ရှင်းရေးလုပ်၊ကုဋီဆေး အစရှိ
သော ဝေယျဝစ္စများ လုပ်ကြရသည်။ကျွန်တော်ကတော့ ရေမိုးချိုးပြီး လက်ထောက်ကျောင်းထိုင်ဆရာတော်
ကြီးထံတွင် စာသွားသင်ရသည်။ သြကာသမှအစပြု၍ သင်္ကန်းတောင်းအလယ်၊ပရိတ်ကြီး၁၁သုတ် အဆုံး
မောင်ရှင်လောင်းတို့ ကျက်မှတ်ဖွယ်ရာအဖြာဖြာကို သင်ရအံရလေသည်။ငယ်တုန်းကတော့ ကျေးဇူးရှင်
ဆရာတော်ကြီးများကျေးဇူးဖြင့် ပရိတ်ကြီး၁၁သုတ်ကို အနုလုံပဋိလုံ ရွတ်အံနိုင်သည်ပေါ့...၊ခုတော့ဖြင့်
မင်္ဂလသုတ်ကိုပင် " ယံ မင်္ဂလံ ဒွာဒဿဟိ " ဆိုသော ရှစ်လုံးရှစ်ပါဒ မှလွဲ၍ ကျန်တာဘာမှ မရတော့.....။
အသက်ကြီးလာသည်နှင့်အမျှ ကိလေသာအမှောင်တိုက်တို့က ညဏ်အလင်းကို ပိတ်ကာဆို့သည်မဟုတ်
ပါလားဗျာ....။

ဆရာတော်ကြီးဆီမှာ စာဝါတက်ပြီးလျှင် တက်ခဲ့သမျှစာကို ကျက်ရမှတ်ရသည်။၁၀နာရီခွဲလောက်တွင်မ
တော့ ဆွမ်းကပ်ဖို့ပြင်ကြရသည်။ဆွမ်းချက်ဆောင်ကို အပိုင်စားရထားသော ကပ္ပိယကြီးမှ ဆွမ်းဟင်းများ
ကို စီမံခန့်ခွဲလေသည်။အကောင်းဆုံးဆိုသော ဆွမ်းဟင်းပွဲ သုံးလေးပွဲကို ဘုရားဆွမ်းတော်ကပ်ဖို့ ပြင်ရ
သည်။ဘုရားဆွမ်းတော်ကို ဆရာတော်ကြီးမှ ကိုယ်တော်တိုင်ကပ်တော်မူသည်။အားလုံးပြင်ဆင်ပြီးသည်နှင့်
ကျောင်းသားကြီးတစ်ဦးဦးမှ  ဆွမ်းစားတုံးမောင်းခေါက်ရသည်။တစ်နေ့တွင်မတော့ ကျွန်တော်လည်း
တုံးမောင်းခေါက်ကြည့်ချင်သည်နှင့် သူများထက်ဦးအောင် ခေါက်လေသည်။တုံးမောင်းခေါက်သည်ဆိုသည်
က အစပိုင်းတွင် ဖြည်းဖြည်းနှင့်မှန်မှန်လေးခေါက်သွားပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းမြန်လာကာ
နောက်ဆုံးတွင် တုံ ကနဲ တစ်ချက်ခေါက်ပြီး တိကနဲရပ်လိုက်ရသည်။နောက်....နေ့လည်ဆယ်တစ်နာရီ

ကို ရည်ညွှန်းပြီး တုံတုံ....တုံတုံ  ဟု နှစ်ချက်တွဲ ငါးခေါက်နှင့် တစ်ချက်တစ်ခေါက် ပေါင်း ဆယ့်တစ်ချက်
 ခေါက်ရသည်။ကျွန်တော်ကား......မီးသတ်သံချောင်းခေါက်သလို တ တုံတုံ နှင့် ကြုံသလိုခေါက်လေရာ
အပေါ်ထပ်တွင်သီတင်းသုံးနေသော ဆရာတော်ကြီးပါမကျန် တစ်ကျောင်းလုံး လန့်ဖြန့်ကုန်ကြပြီးလျှင်
သြအော်သောင်းတင်း ဝရုန်းသုံးကားတွေဖြစ်ကုန်ကြလေတော့သည်....။ရှင်ပြုမည့် မောင်ရှင်လောင်းဖြစ်
နေ၍သာ ဒကာများမျက်နှာကိုငဲ့ပြီး ကျောပြင်ဗျောတင်မခံလိုက်ရပေမည့် ထိုနေ့ကစလို့ ကျွန်တော်ကို့
တုံးမောင်းအနား ယောင်လို့ပင် အသီမခံကြတော့၊ဆွမ်းစားချိန်ရောက်လျှင် ကျွန်တော့်ကို ပင် အရိပ်တ
ကြည့်ကြည့်လုပ်နေကြလေတော့သည်...။ဤမျှ ဆိုးသော၊ရှုပ်သော ဘုန်းကြီးကျောင်းသားပေါက်စလေး
ပင်တည်း......။

နေ့လည်စာ စားပြီးချိန်တွင်တော့ ကျွန်တော်တို့ ကိုယ်ပိုင်အချိန်ဖြစ်သွားပြီဖြစ်သည်။ကျောင်းနောက်ဘက်
မရမ်းပင်အုပ် အောက်တွင် အမျိုးမျိုး၊အလီလီ၊အထွေထွေသော နည်းလမ်းများဖြင့် ဗြောင်းဆန်အောင်ဆော့
ကြလေတော့သည်။ကစားရှိန်တက်ပြီး ဆူသည်ထက်ဆူလာလျှင်တော့ ဦးဇင်းတစ်ပါးပါးမှ ကြိမ်လုံးကိုင်ကာ
ဆင်းလာလေတော့သည်။ကြိမ်လုံးမြင်တုန်းခဏ၊ဦးဇင်းဆူတုန်းခဏသာငြိမ်သွားပေမယ့် နဲနဲကြာလာလျှင်
တော့ ကမ္ဘာပျက်သလို ပြန်ဆူပွက်လာစမြဲ...၊ဦးဇင်းလည်း ကြိမ်တစ်လုံးနှင့် ဆင်းလာစမြဲ၊သို့နှင့် ဦးဇင်းနှင့်
မောင်ကျောင်းသားများ ဂျာအေးသူ့အမေရိုက်လို့ ပြီးသော် နေလည်းစောင်းပြီဖြစ်သည်။ ကစားပွဲကိုလည်း
ရပ်လိုက်ရပြီ။ကျောင်းသားများမှ သောက်ရေဖြည့်၊တံမျက်စည်းလှည်း အစရှိသော ကျောင်းဝေယျာဝစ္စများ
ကို ညနေပိုင်းတစ်ကြော့လုပ်ကြရသလို၊ကျွန်တော်လည်း ဆရာတော်ကြီးထံ မနက်က ကျက်မှတ်ထားသမျှ
ကို စာပြန်အံရလေသည်။ဆရာတော်ကြီးမှ ကျွန်တော် စာရ၊မရကို မူတည်ပြီး စာဝါအသစ်ထပ်မံချပေးလေ
သည်။


ထို့နောက်တွင်မတော့ ရေချိုး၊မနက်က ကျန်သည့် ဆွမ်းကျန်လေးများကို အားလုံးမျှတစားကြပြီးသော်
တစ်ချို့ကျောင်းသားများလည်း ရွှာထဲ ဗီဒီယိုရုံသို့ ချီတတ်ကြသလို၊လူပျိုပေါက်ကျောင်းသားကြီးများကား
လူပျိုလှည့်ထွက်ကြလေတော့သည်။ကျွန်တော်ကတော့ ပရိတ်ကြီးဆယ်တစ်သုတ် စာတစ်အုပ်နှင့် တက်ခဲ့
ပြီးသမျှ စာတွေကို မမေ့အောင်တစ်တွတ်တွတ်နှင့် ရွတ်ရဖတ်ရလေသည်။ဤစာမှ မရလျှင် ရှင်မပြုပေးဟု
ဆရာတော်ကြီးမှ ချိန်းခြောက်ထားသည်ဖြစ်ရကား မြင်းကြီးစီး၍ ရှင်လောင်းလှည့်ထွက်ချင်လှသော ကျွန်
တော့်မှာ ကျက်ရ၊မှတ်ရသည်မဟုတ်တုံ့လော....။

စာကျက်လို့ပြီးသော် ဆွမ်းချက်ဆောင်ရှိ ကပ္ပိယကြီးထံသို့ မယောင်မလည်နှင့် ရောက်သွားတတ်သည်။
ကပ္ပိယကြီးကို ကျောင်းသားများမှ ဦးဖြုံး ဟုနောက်ကွယ်ရာတွင်ခေါ်လေ့ရှိကြပြီး ရှေ့တွင်မတော့ ဘကြီး
ဟုသာ ခေါ်ကြလေ့ရှိသည်။သူ့မျက်နှာတွင် ငယ်ကကျောက်ပေါက်ခဲ့သောကြောင့် ကျောက်ဖြုံးများရှိသော
ကြောင့်ဖြစ်လေသည်။သူ့နာမည်အရင်းကိုတော့ ကျွန်တော်မသိပေ။ကပ္ပိယကြီးမှာ ဆရာတော်ကြီးနှင့်
ဆွေမျိုးလည်းတော်စပ်သည်။ပေါင်းတည်နယ်သားဖြစ်လေသည်။ထို့ပြင် ကပ္ပိယကြီးမှာ အလင်းဝင်လာ
သော ကွန်မြူနစ်လက်ဟောင်းကြီးလည်းဖြစ်လေသည်.....။

လောကကြီးသည် သူ၏လောကသားတို့အားကောင်းစွာသရော်တတ်လေသည်။တစ်ချိန်က ဘုရားမရှိ၊
တရားမသိသည့် ဘာသာမဲ့ဘဝတွင်ကျင်လည်ခဲ့သူတစ်ဦးသည် သူ၏နေဝင်ချိန်လေးတွင် တစ်ချိန်ကသူ
ပစ်ပယ်ခဲ့ရာ ဘာသာရေးအရိပ်အောက်တွင် မှီခိုကပ်ရပ်နေရသည်မှာ ကြေကွဲစရာလည်းကောင်း၊သံဝေဂ
ရစရာလည်းကောင်းလှချေ၏။ငယ်စဉ်ကတော့ တောထဲတွင် ကွန်မြူနစ်ကြီးအဖြစ်ကျင်လည်ခဲ့ပြီးလျှင်
အသက်ကြီး၍ အလင်းဝင် လာခဲ့ပြီးသော် မလုပ်တတ်မကိုင်တတ်၊မှီခိုရာသားထောက်သမီးခံလည်းမရှိတတ်
သည့်နောက် ဆွေမျိုးတော်စပ်ရာ ဆရာတော်ထံ မှီခိုနေရသော အနှီးကပ္ပိယကြီးထံတွင် မြောက်မြားလှစွာ
သော ပြောစရာ တောတွင်းပုံပြင်များ ရှိလေပေသည်။

ထိုကပ္ပိယကြီး အပိုင်စားရရာ နေရာဖြစ်သော ဆွမ်းချက်ဆောင်လေးသည်  ရွှာထဲမှ နိုင်ငံရေးကိုစိတ်ဝင်စား
ကြသော လူကြီးတစ်ချို့၏  နိုင်ငံရေးရေနွေးကြမ်းဝိုင်းကျင်းပရာ ဘူမိနက်သန်နေရာမှန်လေးတစ်ခုလည်း
ဖြစ်လေတော့သည်။တစ်ချို့ရက်များတွင်မတော့ မည်သူမျှမရှိ၊သူ၏ကွန်မြူနစ်တရားကို နာ မည့်သူဟူ၍
ရေနွေးကြမ်းနှင့်မြည်းစရာ ငှက်ပျော်ခြောက်ကြော်၊ထညက်ခဲတို့ကို ကပ်မြှောင်ပြီးစားသည့် ကျွန်တော်
တစ်ယောက်သာရှိနေတတ်သည်။ကပ္ပိယကြီးကား သူပြောချင်ရာပြောနေရလျှင် ကျေနပ်လေ၏။ကျွန်တော်
ကလည်း စားချင်ရာစားနေရသော် ကျေနပ်လေသော ကလေးငယ်လေးဖြစ်လေရာ စည်းဝါးကိုက်လှလေ
တော့သည်။


ဘုန်းကြီးကျောင်းသားဘဝ၊ကိုရင်ဘဝ ပေါင်းနှစ်ဘဝဖြင့် နှစ်လတာမျှ ကျွန်တော်ဖြစ်တည်ခဲ့ရာ ထိုအချိန်
ကာလများတွင် အနှီးကပ္ပိယကြီးထံမှ နိုင်ငံရေးတရားများကို နားမလည်လှပဲ နာ ခဲ့ရသည်။ကာလ်မော့က်၊
လီနင်တို့မှအစပြု၍  သခင်သန်းထွန်း၊သခင်စိုး တို့လို ဗမာပြည်၏ကွန်မြူနစ်ဆရာ့ဆရာကြီးများအကြောင်း
ကို ပုံပြင်သဖွယ် ကြားနာခဲ့ရလေသည်။ပဲခူးရိုးမ၏မြယာပင်တောတစ်လျောက်မှ လွမ်းမောဖွယ်ဇာတ်ထုတ်
များ၊အရှေ့မြောက်ဒေသမှ ကြေကွဲဖွယ်ဇာတ်လမ်းများကိုသိခဲ့ရသည်။ထိုစဉ်ကာလ ၈၈-၈၉ နှစ်များ၏
နိုင်ငံရေးအခင်းအကျင်းများကို ရှေ့ဖြစ်ဟောစာတမ်းသဖွယ် နာယူခဲ့ရသည်။ ငယ်စဉ်ကတော့ဘာမှ
နားမလည်လှသေး....။နဲနဲအရွယ်ရောက်လာလို့နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေဖတ်ဖြစ်ချိန်မှာတော့  ကပ္ပိယကြီးပြောခဲ့သည်များကို ပြန်လည်အမှတ်ရနေတတ်သည်။


ကပ္ပိယကြီးနှင့် ကျွန်တော့်အကြားတွင်  ထွေထွေထူးထူးဆက်နွယ်မှုဟူ၍ ရေနွေးကြမ်းအိုးနှင့် ထညက်ခဲမှ
လွဲ၍ ဘာမှမရှိတတ်ခဲ့...၊သူ ကျွန်တော့်ကို ပြောခဲ့သမျှ ကွန်မြူနစ်တရားတို့သည်လည်း သူ့အတွက် စိတ်
ဖြေရာသဘောမျိုးသာဖြစ်ပါလိမ့်မည်။ကျွန်တော့်အတွက်လည်း ခုချိန်တွင် မှတ်မှတ်ထင်ထင်ရယ်လို့ဘာမှ
မကျန်ခဲ့...၊သူပြောခဲ့သမျှသည် ဟုတ်သော်လည်းရှိမည်။မဟုတ်သော်လည်းရှိမည်။သို့သော် ခုချိန်ကာလ
များတွင် ဖဘ အစရှိသော အွန်လိုင်းစာမျက်နှာများထက်၌ နိုင်ငံရေးတရားများကို ဟုတ်ဟုတ် မဟုတ်ဟုတ်
လေတဖောင်ဖောင်နှင့် အာချောင်ကြသူများကို တွေ့ရတိုင်း ကျွန်တော့် ကပ္ပိယကြီးကိုသာ သတိရနေမိ
တတ်သည်။လက်ရှိအချိန်ထိတိုင်အောင် ကပ္ပိယကြီး သက်ရှိထင်ရှားရှိနေသေးလျှင် ကျွန်တော်သူ့ကို
ကွန်ပြူတာသုံးတတ်အောင်သင်ပေးလိုက်ချင်ပါသေးသည်...။ဖဘ အကောင့်လေးများဖွင့်ပေးလိုက်ချင်ပါ
သေးသည်...။

ခုတော့ ကပ္ပိယကြီးလည်း ကျေးဇူးရှင်ဆရာတော်ကြီးနှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဘဝတစ်ပါးသို့
ပြောင်းသွားချေပြီ...။သူ အခြားဘဝတွင် အဘယ်မည်သောနိုင်ငံရေးတရားများကို အဘယ်မည်သော
မောင်ကျောင်းသားလေးအား ဟောပြောနေလေသနည်း ဆိုတာ မသိနိုင်တော့....။ကျွန်တော့်မှာကား
အွန်လိုင်းပေါ်မှ ခေတ်သစ်ကပ္ပိယကြီးများကြားတွင် ရေနွေးကြမ်းလေး၊ထညက်ခဲလေးမှ မစားရပဲ နိုင်ငံရေး
တရားအား နားမလည်၊ပါးမလည် နာရ၊ကြားရမြဲ...၊ထိုထိုအချိန်မျိုးတွင်လည်း ကျွန်တော့်အလင်းဝင်
ကွန်မြူနစ်ဟောင်း ကပ္ပိယကြီးအား သတိရနေမိမြဲ......။



(ငယ်ဘဝအကြောင်းကို ပြန်ပြောင်းတွေးရင်း လိုရင်းမရောက်ပဲ ကပ္ပိယကြီးနဲ့တင် ရှည်လျားပေများသွား

တော့တယ်ရဲဘော်တို့...၊ကျန်နှစ်ယောက်အကြောင်းနောက်ပို့စ်မှဆက်ပါတော့မယ်....၊သည်းခံလော့
ရဲဘော်တို့......:)))))


11 comments:

SHWE ZIN U said...

ပြောချင်တာက ဖဘပေါ်က ကပ္ပိယကြီး များအကြောင်း ..
မောင်လေး ရဲ့ ဘုန်းကြီးကျောင်းက ကပ္ပိယကြီး က မှ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းမှာ ..

ခင်တဲ့
အမရွှေစင်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ငယ်ဘဝကိုပြန်လွမ်းစေတဲ့ ပို့စ်ပါတဲ့ဗျား
ကိုရင်ဝတ်တုန်းကအဖြစ်လေးတွေပြန်တွေးမိပြီး)


မောင်ဘကြိုင်

လရိပ်အိမ် said...

ဆွမ်းခံတာနဲ့တုံးမောင်းခေါက်တာ အားရပါးရရီသွားတယ်။
တဒင်္ဂ စိတ်ပျော်ရွှင်သွားတဲ့အတွက် ကျေးဇူးတင်သည်။

မိုးငွေ့........ said...

ပုဆိုးကွင်းသိုင်းထားတဲ့ နောက်လှည့်မကြည့်ဘဲ ရှေ့ကနေကော့တော့ကော့တော့ သွားနေတဲ့ဘုန်းကြီးကျောင်းသားလေးကို မျက်စိထဲ မြင်ယောင်ကြည့်မိတယ်...။

Nyi Linn Thit said...

အခုကော... ခြင်္သေ့ကျွန်းရဲ့ လမ်းတွေပေါ်မှာ ဆွမ်းခံ ထွက်တုန်းကလို ဝတ်စားဆင်ယင် ပုံမျိုးနဲ့ လမ်းလျှောက်ဖြစ်သေးလား ကိုညိမ်း..?း)

ငယ်ဘဝပို့စ်တွေမှာ လွမ်းမောစရာတွေ အမြဲလိုလို ပါလေ့ရှိတဲ့ အတိုင်း ဒီတစ်ပုဒ်ကလည်း အဲဒီအတိုင်း ပြေးမလွတ်ပါဘူး၊ ကိုညိမ်းရဲ့ ကပ္ပိယကြီးအကြောင်း ဖတ်ရတော့ ဟိုတစ်ခေတ် သတင်းစာတွေမှာ နိုင်ငံရေး အကြောင်း ရေးလေ့ရှိတဲ့ ကပ္ပိယကံကောင်းကိုတောင် သတိရလိုက်သေးတယ်၊ ကွန်မြူနစ်အကြောင်း နည်းနည်းပါသွားလို့လား မသိဘူး၊ နောက်ဆုံးက လက်သည်းကွင်းထဲမှာ ကိုညိမ်းလည်း 'ရဲဘော်တို့' တွေဘာတွေ ဖြစ်ကုန်ပြီ...။း)

ခရစ္စတလ် said...

ရဲဘော်တို့ ... တစ်ခါတုန်းက..။

ဆက်လက်မျှော်နေမည် :)

mstint said...

အကောက်လေးရဲ့ နောက်ဆက်တွဲ အတွေ့အကြုံလေးတွေ စိတ်ရှည်စွာနဲ့စောင့်မျှော်နေတယ်နော်း) မောင်ညီလင်းပြောသလိုပဲ ငယ်ဘဝစက်ကွင်းက မလွတ်စတမ်းရေးနိုင်ပါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

တကယ် တရုတ်သွေးပါသလား... :D


ခင်မင်လျက်
နေ၀သန်

မြတ်နိုးသူ said...

ငယ်ဘ၀အကြောင်းလေးလာပီး
ဖတ်ရှုသွားပါတယ်

နွေတေးရှင် said...

ဦး၎ ရာ....
အဲသည်လိုငယ်ငယ်က အကြောင်းလေးတွေ ဖတ်ရတာ
ကြည်နူးသလိုလို ပျော်ရွှင်သလိုလိုဗျနော်.....

အခုနေ အဲသည့်စိတ်ကူးနဲ့ ပုဆိုးကွင်းသိုင်းပြီး လျှောက်သွားကြည့်ပါလား ဘယ့်နှယ်နေမလဲလို့း)။

san htun said...

ပုဆိုးကွင်းသိုင်း နောက်လှည့်မကြည့် ရှေ့ ကနေ ကျားလိုက်သလို ကြေးစည်ထု၊ အုန်းမောင်း စည်းဝါးတကျ ခေါက်တတ်သော အကောက်လေးကို မြင်ယောင်ပြီး ပြုံးရုံမက အသံထွက်ပါ ရယ်မိတယ်..နောက်နှစ်ယောက်အကြောင်းလည်း မျှော်နေပါတယ် ခင်ဗျား..:P