Wednesday, August 29, 2012

နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်နှင့် ကုမ္မာရီဂိုဏ်းအရှုပ်တော်ပုံကြီး (ဇာတ်သိမ်း)

 "ဒေါက်....ဒေါက်....ဒေါက်.....ဘုံး......ဘုံး.....ဘုံး....ဗျိုး...ဆရာကြီး....ထပါဦးဗျ....."

အိမ်ရှေ့တံခါးမှ ဆားပုလင်းအွတ်ထောင်နှင့် ငံပြာရည်ပုလင်းမျှစ်မောင်တို့၏ အသံပြဲနှင့် အော်ဟစ်ကာ
တံခါးမကြီးအား ထုနှက်ရိုက်ပုတ် လှုပ်နှိုးလေသောအခါမှ ကျွန်ုပ်နင့်အသက်ငါ့ပေးဆရာကြီးလည်း လန့်နိုး
လာလေချိန်တွင် နေအတော်မြင့်နေပြီဖြစ်လေသည်။မနေ့ညက သူနာပြုဆရာမလေးမိုငွပ်နောက်သို့
နောက်ယောင်ခံလိုက်လေရာ အတော်လေး ဖား သွားသောကြောင့် မနက်တွင်အိပ်ယာထနောက်ကျနေ
ခြင်း ဖြစ်ချေတော့သည်တစ်မုံ့....။

ပြောရချေလျှင် မနေ့ညက ပင်ပန်းတာသာအဖတ်တင်သည်။အကျိုးမထူးပဲ သူနာမပြုဆရာမလေးမိုးငွပ်၏
တစ်ပတ်ရိုက်ခြင်းကိုသာခံလိုက်ရလေတော့သည်...။အဖြစ်ကား.....ဤသို့တည်း.....။

ထိုနေ့ညက ဂျူဗလီဟော ကဗျာရွတ်ပွဲအပြီးတွင် ကျွန်ုပ်တို့သုံးယောက်သား မမိုးငွပ်နောက်သို့ နောက်
ယောင်ခံလိုက်ခဲ့ကြလေသည်။ မမိုးငွပ်သည် ကဗျာရွတ်ပွဲပြီးသည်နှင့် နံပတ်အနက်ပရိုက်ဗိုက်တက်ဆီ
တစ်စီးအားလက်ပြတားပြီး ထွက်သွားသည်ရှိသော် ကျွန်ုပ်တို့လည်း အင်းစိန်စီအိုင်ဒီမှအော်စတင်ကား
မဲလေးနှင့် အသာနောက်ယောင်ခံလိုက်ခဲ့ကြသောဟူလို....။

မမိုးငွပ်ပါသွားသော ကားလေးသည် ဂျူဗလီဟောမှထွက်ခွာလာပြီးလျှင် ပြည်လမ်းအတိုင်း ခပ်သွက်သွက်

လေး မောင်းနှင်လာ၏။အင်းယားကန်ဘေးသို့ရောက်သောအခါ မမိုးငွပ်သည် ကားပေါ်မှဆင်းပြီး ကန်
ဘောင်ပေါ်တက်သွားလေ၏။ကျွန်ုပ်တို့လည်း ကားကို ကပျာကယာ လမ်းဘေးတွင်ထိုးရပ်ခဲ့ပြီး ကန်
ဘောင်ပေါ်တက်ခဲ့ကြလေတော့သည်။အချိန်ကား ည ၇နာရီခန့်ရှိပြီဖြစ်သော်လည်း နွေဦးရာသီပေမို့
အလင်းရောင်မပျောက်တတ်သေး၊ကန်ဘောင်ပေါ်တွင်လည်း အားကစားလုပ်သူများ၊အပန်းဖြေသူများ
အတော်အသင့်ရှိသေး၏။(ထိုစဉ်အချိန်က ယခုခေတ်ကာလကဲ့သို့ သမီးရည်းစားအတွဲများ ကန်ဘောင်
တွင်မတွေ့ရသေးချေ။ဤကား စကားချပ် :)))


သူနာပြုဆရာမလေးသည် ကျွန်ုပ်တို့နောက်ယောင်ခံလိုက်လာသည်ကို တစ်ချက်ကလေးမှ ရိပ်မိပုံမပေါ်။
သူ့ဘာသာ အေးအေးလူလူပင် အင်းယားကန်ဘောင်တစ်လျှောက် စင်္ကြန်လျှောက်ရင်း နှုတ်မှတစ်စုံတစ်
ရာကို ရွတ်ဆိုနေလေသည်...။


ကျွန်ုပ်။    ။ဒီအမျိုးသမီး အင်းယားကန်ဘေးလာပြီး ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း တစ်ခုခုကို ရွတ်
ဆိုနေတာဟာ ကျုပ်စိတ်ထင်တော့ မရိုးသားဘူးဗျ...၊အစီအရင်တစ်ခုခုများ လုပ်နေသလားပဲ...။


ငံပြာရည်ပုလင်းမျှစ်မောင်။    ။လာပြန်ဘီ ဒီအစီအရင်ဆိုတာကြီးက...၊ထစ်ကနဲဆို အစီအရင်လုပ်နေတယ်
ဆိုတာကြီးပဲ...၊ကြည့်ရသလောက်တော့ သူ့ဘာသာအညောင်းပြေလမ်းလျှောက်ရင်း သီချင်းညည်းနေတာ
ဖြစ်မှာပါဗျာ.........။


ကျွန်ုပ်။   ။မသိအသာနေ ငပိငံပြာရည်ရယ်...။လောကီပညာဆိုတာရှုပ်ထွေးသကွယ့်..၊မင့်တို့လို သူငယ်
နှပ်စားတွေ နားမလည်ပါဘူး...၊လာ...လာ..မယောင်မလည်နဲ့အနားကပ်ပြီး သူဘာရွတ်နေတယ်ဆိုတာ
နားထောင်ကြည့်ရအောင်....။


ကျွန်ုပ်လည်း ငံပြာရည်ပုလင်းမျှစ်မောင်အား စကားပမာအားဖြင့်နှိပ်ကွပ်လိုက်ပြီးလျှင် မမိုးငွပ်အနားသို့
အသာသွားပြီးလျှင် သူမ အဘယ်မည်သော ဂါထာမန္တယားများအား ရွတ်ဆိုနေလေသနည်းဟု နားစွင့်
လေသော်.......အောက်ပါ စကားလုံးများအား ကြားလိုက်ရလေတော့သည်.....။
 " အုံ့မှိုင်းညို့ဆိုင်းနေတဲ့ တိမ်တွေက မင်းကိုဝှက်ထားကြသလား......ဒါမှမဟုတ်....မင်းတူတူပုန်းတမ်းဆော့နေတာလား..... ကိုယ့်ကို လျှို့ဝှက်စွာနဲ့ ပဟေဠိဆန်ဆန်နေပြတတ်တာ..... ကိုယ့်ရဲ့စွဲလန်းမှုကိုခိုင်ခံ့စေဖို့လား...မင်းကပြောသေးတယ်...... ကျွန်တော်က အိန်ဂျယ်မဟုတ်ဘူး အီဗယ်လ်..တဲ့။
ထားပါတော့.....ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကိုယ့်ရဲ့အိန်ဂျယ်ပဲလေ.....ကိုယ့်ရဲ့အိန်ဂျယ်ရေ....မိုးသည်းညတွေမှာ အရင်လိုကိုယ့်ကို....မင်းရဲ့အတောင်တွေနဲ့ အုပ်မိုး...နွေးထွေးမှုမီးအိမ်ကို ထွန်းညှိပေးပါဦး....."

 ကျွန်ုပ်။    ။ကြားလား...ကြားလား.....သူရွတ်နေတာတွေက ဘယ်လောက်ဆန်းကြယ်သလဲ....၊လျှို့ဝှက်
ဆန်းကြယ်တာတွေရော၊ပဟေဠိဖွက်နေတာတွေရော...၊အိန်ဂျယ်ဆိုတာလည်းပါတယ်...၊အိန်ဂျယ်ဆိုတာ
ဘိလပ်နတ်သားကိုပြောတာမဟုတ်လား...၊အင်း....အတောင်ပံပေါက်တဲ့နတ်ဆိုရင်တော့ ကျိန်းသေတယ်
နတ်စိမ်းပဲဖြစ်မယ်...၊ဘာတဲ့...ပြောသွားသေးတယ်...၊နတ်မဟုတ်ဘူး...အီးဘဲတဲ့...၊အီးစားစုန်းများလား
မသိဘူး...၊အိမ်း.....ဒီအတိုင်းဆို..စုန်းတိုက်၊နတ်တိုက်တွေပါ ပါလာပြီ...."

ငံပြာရည်။    ။အာ....ဆရာကြီးကလည်း ပြောရော့မယ်...အီဗယ်ပါဗျ....၊နတ်ဆိုးလို့ဆိုလိုတာပါ...။

ကျွန်ုပ်။    ။အေးလေ....နတ်ဆိုးဆိုကတည်းက ဘယ်မှာလာကောင်းတော့မလဲဟ....။

ဆားပုလင်း။    ။ကဲ ဒါဖြင့် ဆရာကြီးက ဘယ်လိုလုပ်ချင်သတုန်း....

ကျွန်ုပ်။    ။ဘယ်လိုမှမလုပ်နဲ့...၊ကျုပ်စိတ်ထင်....သူဒီမှာ အစီအရင်တွေလုပ်ပြီးရင် သူ့ဂိုဏ်းဌာနချုပ်ရှိ
ရာကို သွားမှာသေချာတယ်...၊ဒီတော့ ကျုပ်တို့နောက်ယောင်ခံလိုက်သွားပြီး တစ်ဂိုဏ်းလုံးကို ကွိကနဲ
ဖမ်းတာပေါ့ဗျာ...။


ကျွန်ုပ်တို့သုံးဦးလည်း ဤသို့တိုင်ပင်ကြပြီးလျှင် ကုမ္မာရီဂိုဏ်း ဂိုဏ်းချုပ်ကြီးဟု ထင်ရသော သူနာပြု

ဆရာမလေးမမိုးငွပ်အား မျက်ချေမပြက် စောင့်ကြပ်နေကြလေတော့သည်။မမိုးငွပ်လည်း အတန်ကြာ
အောင် လမ်းလျှောက်ပြီးလျှင် ကန်ဘောင်မှ ဆင်းသက်ကာ တက်စီ တစ်စီးအားတား၍ မြို့တွင်းဘက်သို့
ထွက်ခွာသွားလေ၏။ကျွန်ုပ်တို့လည်း ကပြာကယာပင် ကျွန်ုပ်တို့၏အော်စတင်ကားလေးဖြင့် ထပ်ကြပ်
မကွာလိုက်ခဲ့လေသည်။အရေးထဲတွင် လမ်းပြပုလိပ်တစ်ဦးမှ ယဉ်မရပ်ရနေရာတွင် ရပ်ထားသည်ဆိုကာ
ဖမ်းမည်လုပ်နေသေးသည်။အင်းစိန်စီအိုင်ဒီက စုံထောက်တွေပါဟုပြောသော်လည်း ဥပဒေက ဥပဒေပဲ

ဟု ရစ်နေသဖြင့် ပိုက်ဆံ ၂ကျပ်ထုတ်ပေးလိုက်မှ ထွက်ခွာခွင့်ပြုလိုက်၏( မှတ်ချက်။   ။ကိုလိုနီခေတ်မှ
လမ်းပြပုလိပ်များသာဖြစ်သည်။ယခုခေတ်မော်တော်ပီကယ်များသည် ဤကဲ့သို့ လာဘ်ငွေပေး၍ရသေး၏၊
အဲ...မှားလို့ လာဘ်ပေး၍မရတော့ပေ....:)))

မမိုးငွပ်လိုက်ပါသွားသော တက်စီသည် ပြည်လမ်းမကြီးအတိုင်း ထွက်ခွာသွားပြီးလျှင် ရွှေတိဂုံဘုရား
တောင်ဘက်မုဒ်အနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်သွားလေသည်။မမိုးငွပ်လည်း အနှီးကော်ဖီဆိုင်
အပေါ်ထပ်သို့ တက်သွားသည်ကိုတွေ့မြင်လိုက်ရသည်ရှိသော် ကျွန်ုပ်တို့လည်း တအံတသြဖြစ်ရချေ
တော့သည်။အဘယ်ကြောင့်ဆိုသော် အဆိုပါကော်ဖီဆိုင်သည် မျက်နှာဖြူများသာလာလေ့ရှိသည့် ဈေး
ကြီးလှသော ကော်ဖီဆိုင်ဖြစ်လေရာ သာမန်သူနာပြုဆရာမလေးနှင့် မည်သို့ အပ်ဆက်၍ ရချေမည်
တည်း....။

ကျွန်ုပ်တို့လည်း မယောင်မလည်နှုင့် အဆိုပါကော်ဖီဆိုင်အပေါ်ထပ်သို့တက်ခဲ့ပြီးလျှင် ချောင်ကျကျ
စားပွဲတစ်လုံး၌ထိုင်ပြီးသကာလ အလကားရသော ရေနွေးကြမ်းတစ်အိုး မှာယူကာ မမိုးငွပ်အား အကဲ
ခပ်နေကြလေတော့သည်။မမိုးငွပ်သည် ကာဖီးချီးညို ဆိုလားဘာဆိုလား အင်မတန်နာမည်ဆိုးသော
ကော်ဖီတစ်ခွက်အား မှာကြားလိုက်ပြီးလျှင် သူ၏ဆလင်းဘက်အိတ်အတွင်းမှ ကျောက်သင်ပုန်းတစ်ချပ်
ကိုထုတ်ယူ၍ လက်ညှိုးလေးဖြင့် တောင်ပွတ်၊မြောက်ပွတ်၊တောင်နှိပ်၊မြောက်နှိပ် လုပ်နေသည်ကို
ထူးဆန်းအံသြဖွယ်ရာတွေ့မြင်လိုက်ရလေတော့သည်....။


ကျွန်ုပ်။    ။အလို.....ထူးဆန်းပါပေ့ ဆြာအွတ်ထောင်ရဲ့...၊သူနာပြုနဲ့ ကျောက်သင်ပုန်း ဘာပတ်သက်
သတုန်း...၊ပြီးကျောက်တံကိုမသုံးပဲ လက်ညှိုးနဲ့ အဲ့လိုရေးလို့ရရောလား....၊မဟုတ်မှလွဲရော...၊တစ်စုံ
တစ်ရာ အစီအရင်အတွက် အခါကောင်းတွက်နေတယ်ထင်တယ်...။


ငံပြာရည်ပုလင်း။    ။လုပ်ပြန်ပါပြီ....ဒီဆရာကြီးနဲ့တော့...အဲ့သာ အမေကြီးကားကလာတဲ့ လောကဓာတ်
ကျောက်သင်ပုန်းဗျ...၊အိုင်ပက်ဆိုသလား ခေါ်သတဲ့....။


ကျွန်ုပ်။   ။ဟေ....အိုင်ပက်ချင်ရင် ချောင်းထဲမြောင်းထဲသွားပက်မပေါ့...၊ပြီး မင့်ပြောတဲ့ လောကဓာတ်
ကျောက်သင်ပုန်းဆိုသဟာက နောင်နှစ်ခုနှစ်ဆယ်လောက်မှ ပေါ်မှာလေ...၊ဘယ်နှာ ၁၉ရာစုမှာပေါ်လာရ
သတုန်း...။


ငံပြာရည်ပုလင်း။    ။ဒါတော့ပြောတတ်ဘူးဗျာ...၊သူဘာလုပ်မလဲဆိုတာ ကျုပ်တို့ ဆက်အကဲခပ်ကြတာ
ပေါ့ဗျာ....။


ဤသို့ဖြင့် ကျွန်ုပ်တို့လည်း အလကားရသောရေနွေးကြမ်းအားတစ်အိုးပြီးတစ်အိုး မှာယူသောက်သုံးပြီး
သကာလ တစ်နေကုန်ပင်ပန်းလှသဖြင့် ငိုက်မြည်းနေကြလေတော့သည်။အတန်ကြာသော် မမိုးငွပ်လည်း
စားပွဲထိုးလေးအားခေါ်ငင်ပြီး ကျသင့်ငွေကိုရှင်းပေးရင်း တစ်စုံတစ်ရာကို မေးမြန်းနေသည်ကိုတွေ့ရ၏
စားပွဲထိုးလေးမှ ခေါင်းညိတ်လိုက်ပြီးလျှင် ဆိုင်နောက်ဘက်သို့ ညွှန်ပြလိုက်သည်ကိုတွေ့မြင်ရလေသည်။
ကြည့်ရသည်မှာ ပြန်ကာနီး တစ်ပို့တစ်ပါးသွားလိုသဖြင့် အိမ်သာရှိမရှိ မေးမြန်းပုံရလေသည်။ထို့နောက်
သူမလည်း ဆိုင်နောက်ဘက်သို့ဝင်သွားလေသည်။ကျွန်ုပ်တို့လည်း အသင့်အနေအထားဖြင့်စောင့်ဆိုင်း
နေလေတော့သည်။


ဤသို့ဖြင့် အချိန်အတန်ငယ်ကြာသွားပြီဖြစ်သော်လည်း မမိုးငွပ်ကား ပြန်ထွက်မလာသေးချေ၊ကျွန်ုပ်တို့
လည်း တစ်ဖြည်းဖြည်းနှင့် သင်္ကာမကင်းဖြစ်လာသည်နှင့် စားပွဲထိုးတစ်ဦးအား အိမ်သာရှိသလား ငါတို့
အိမ်သာသွားချင်လို့ ဟုမေးလိုက်သည်ရှိသော် ဆိုင်နောက်ဘက်သို့ မေးဆက်ညွှန်ပြလေသဖြင့် ကပြာ
ကယာပင် ဆိုင်အနောက်ဘက်သို့ဝင်ခဲ့ကြလေတော့သည်။ အိမ်သာကား ကျား၊မ ခွဲမထားပဲ တစ်လုံး
တည်းသာရှိ၏၊အနှီးတစ်လုံးတည်းသော အိမ်သာကား လူသူတစ်ယောက်မှမရှိပဲ ဟောင်းလောင်းတည်း။


ကျွန်ုပ်တို့လည်း ဘေးဘီကိုကြည့်သည်ရှိသော်  အိမ်သာထဲသို့ ခေါင်းသုံးလုံးဆိုင်ကြည့်နေသော ကျွန်ုပ်
တို့သုံးဦးအား တအံတသြ ငေးကြည့်နေသော ပန်ကန်းခွက်ယောက်ဆေးသည့် ကောင်လေးတစ်ဦးအား
တွေ့လိုက်ရသဖြင့် အဆိုပါကောင်လေးအား....


" ကောင်လေး...ခုနက အမျိုးသမီးတစ်ယောက် ဆိုင်နောက်ဘက်ကိုဝင်လာတယ်မဟုတ်လား...၊အဲ့
အမျိုးသမီးဘယ်ရောက်သွားသတုန်း..."


" ဟုတ်ကဲ့ ဦးလေး...၊ဝင်လာတယ်လေ...၊ဟောဒီနောက်ပေါက်က ဆင်းသွားလေရဲ့....၊သူပြောတာက
တော့ သူ့အိမ်က ဒီလမ်းရဲ့နောက်ဘက်လမ်းကတဲ့...၊အရှေ့ကဆင်းရင် တစ်ပတ်ကြီးပတ်နေရမှာမို့
အနောက်ဘက်ကဖြတ်သွားချင်လို့ဆိုပြီး ဆင်းသွားတာပဲဗျ....." ဟုဖြေရင်း ဆိုင်နောက်ဘက်ရှိ အရေး
ပေါ်မီးသတ်ကြောင်လိမ်လှေကား အားညွှန်ပြလိုက်လေတော့သည်...။


ဆားပုလင်းအွတ်ထောင်။    ။သွားပါပြီဗျာ...၊ကျုပ်တို့ နောက်ယောင်ခံလိုက်တာကိုသိလို့ တစ်ပတ်ရိုက်
သွားပြီဗျိုး...၊ဒီအတိုင်းဆိုရင်တော့ လမ်းစပျောက်ပြန်ဘီ...။ဘိုလုပ်ကြမတုန်း....


ငံပြာရည်ပုလင်း။    ။ဘယ်လိုမှလုပ်မနေတော့နဲ့ဆရာသမားရေ...၊အချိန်လည်းမနဲတော့ဘူးပြန်ကြရ
အောင်၊မနက်မိုးလင်းမှ မီးစင်ကြည့်ကကြတာပေါ့ဗျာ....။

ဤသို့ဖြင့် မနေ့ညက ကျွန်ုပ်တို့သုံးဦးလည်း စိတ်မောလူမောဖြင့် တပ်ခေါက် ပြန်ခဲ့ရလေတော့သတည်း။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်ုပ်လည်း အိမ်တံခါးအား ကပျာကယာဖွင့်ပေးလိုက်သည်ရှိသော် ကျွန်ုပ်၏မိတ်ဆွေနှစ်ဦးဖြစ်သော
ဆားပုလင်းအွတ်ထောင်နှင့် ငံပြာရည်ပုလင်းမျှစ်မောင်တို့နှစ်ဦးအား မျက်နှာငယ်လေးနှင့်တွေ့လိုက်ရ
လေတော့သည်...။


ဆားပုလင်း။   ။အောင်မလေးဆရာကြီးရယ်..ဆရာကြီးမှာဖြင့်အိပ်နိုင်ပါပေ့..၊ကျုပ်တို့မှာတော့ မနက်
စောစော မင်းကြီးဆူတာခံခဲ့ရဗျာ...၊အဲ့ဒါနဲ့ သူ့နဲ့မျက်နှာခြင်းမဆိုင်ရပြီးရောဆိုပြီးထွက်လာခဲ့တာဗျိုး..။


ကျွန်ုပ်။   ။အင်း...လမ်းစပျောက်သွားတာတော်တော်ဆိုးဗျာ...၊နို့ ခုဘာဆက်လုပ်မယ်စိတ်ကူးတုန်း...


ဆားပုလင်း။   ။ဘာဆက်လုပ်ရမလဲဆိုတော့ သတင်းအစအနလေးများရလိုရငြား ပါရာအန်စီဗစ်ဆေး
တိုက်ဘက်သွားကြစို့ဗျာ...၊ကျုပ်တို့လည်း ကြံရာမရတော့ဘူးဗျ...။


ကျွန်ုပ်။   ။ ကောင်းပြီလေ...သွားကြတာပေါ့....


သို့ဖြင့် ကျွန်ုပ်တို့သုံးဦးလည်း ထုံးစံအတိုင်းပင် စီအိုင်ဒီမှ အော်စတင်ကားမဲလေးဖြင့် မဂိုလမ်းရှိ ပါရာအန်
စီဗစ်ဆေးတိုက်သို့ထွက်ခဲ့ကြလေတော့သည်...။ဆေးတိုက်သို့ရောက်သောအခါ ဆိုင်ရှေ့ဆေးကောင်
တာတွင် ငုတ်တုတ်လေးထိုင်နေသော သူနာပြုဆရာမလေးမိုးငွပ်အား အရှင်လတ်လတ်ကြီးတွေ့လိုက်
ရလေတော့သတည်း....။


ငံပြာရည်ပုလင်း။   ။အောင်မလေးလေး.....မနေ့ကတစ်နေ့လုံးခြေတိုအောင်လိုက် လိုက်ရတာ....
တွေ့မယ့်တွေ့တော့ ဆေးတိုက်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ပါလား ဆရာသမားတို့ရဲ့...အဲ့လိုမှန်းသိရင်
မနေ့က အပင်ပန်းမခံပါဘူးဗျာ...၊လေပါ့....။


ဆားပုလင်း။   ။ကဲပါလေ...ခုမှတော့ ပြောမနေပါနဲ့တော့...၊ကဲ...ဒီတစ်ခါတော့ ဝေ့လည်ကြောင်ပတ်
လုပ်နေလို့မဖြစ်ဘူး...၊အခုပဲ သူ့ကိုမေးမြန်းကြရတာပေါ့......။


ကျွန်ုပ်တို့ကို မြင်သည်ရှိသော် မမိုးငွပ်လည်း ဘာမှမသိသလိုမျက်နှာပေးနှင့်......


မမိုးငွပ်။    ။ကြွပါရှင်....ဆေးခန်းပြချင်လို့လား....နာမည်နဲ့ ဘာဖြစ်တာလဲဆိုတာ တစ်ဆိတ်လောက်
ပြောပါ....။

ငံပြာရည်ပုလင်း။   ။နာမည်ကမျှစ်မောင်ပါ၊ဘာဖြစ်သလဲဆိုတော့ လိပ်ခေါင်း....ဟာ....ယောင်သွားလို့...၊
ဘာမှမဖြစ်ဘူး...၊ဆေးခန်းလာပြတာလည်းမဟုတ်ဘူး..၊ခင်ဗျားကိုမေးစရာရှိလို့လာတာ....။ကျုပ်တို့က
အင်းစိန်စီအိုင်ဒီကစုံထောက်တွေပဲ...၊ကျုပ်တို့အားလုံးသိပြီးသွားပြီ...၊ဒီတော့အမှန်သာပြောပေတော့...။

မိုးငွပ်။    ။ဟင်...သိပြီးသွားရင်လည်း ဘာလို့လာမေးနေသတုန်း....၊ဘာကိစ္စကိုမေးချင်တာတုန်း...။

ဆားပုလင်း။   ။ကိစ္စကတော့ ဒီဆေးတိုက်က ဆရာဝန်နာရရန်းရဲ့အမှုပဲ....။

မိုးငွပ်။   ။အော်...ဆရာဝန်ကြီးအမှုလား.....၊ကျွန်မလည်း စိတ်မကောင်းပါဘူးရှင်....၊စိတ်ထဲမကောင်း
လွန်းလို့ ခွင့်၂ရက်ယူထားတာသာကြည့်ပေတော့...၊ဒီနေ့မှ အလုပ်ပြန်ဆင်းတာရှင့်.....

 ဆားပုလင်း။   ။ကောင်းပြီလေ.....ဒါဖြင့်ရင်လည်း ဖြစ်ကြောင်းကုန်စင်သာပြောပြပေတော့...၊

မိုးငွပ်။    ။ဒီလိုရှင့်...၊ကျွန်မက စာလေး၊ကဗျာလေး၊အက်ဆေးလေးတွေ ရေးတာဝါသနာပါတယ်...၊
အသက်မွေးဝမ်းကြောင်းအနေနဲ့ သူနာပြုဆရာမလုပ်ရင်း၊ကိုယ်ဝါသနာပါတဲ့ စာလေးပေလေးလည်း
ရေးရင်းဆိုပါတော့ရှင်...၊ရေးတယ်ဆိုတာကလည်း ကိုယ့်ဘာသာရေးတာပါပဲ...၊ဘုတ်အုပ်တွေဘာတွေ
ထုတ်ဖို့ရယ်လို့လည်းမဟုတ်ပါဘူး...၊ကိုယ့်ခံစားချက်လေးတွေကို ချရေးနေရရင်ပျော်နေတဲ့သူပါ...။
အဲ့ဒါကိုဆရာဝန်ကြီးနာရရန်းကလည်းသိပါတယ်...၊ကျွန်မ ဆေးတိုက်မှာ လူနာမရှိတဲ့အချိန်ဆို ကဗျာ
လေးတွေ၊အက်ဆေးလေးတွေ ချရေးနေတတ်တယ်လေ...၊သူကမြင်တိုင်းလည်း ကျွန်မကို နင်က ကဗျာ
ရူးပဲ၊စာရူးပဲနဲ့ နောက်လေ့ရှိတယ်ရှင့်...။

အခင်းဖြစ်တဲ့နေ့ကလည်း ဆေးတိုက်မှာ လူနာပါးနေတဲ့အချိန် ထုံးစံအတိုင်း ကျွန်မလည်း အက်ဆေးလေး
တစ်ပုဒ် ချရေးနေတုန်း ဆရာဝန်ကြီးက လာကြည့်ပြီး နင်က အိန်ဂျယ်လေးဘာလေးနဲ့ နာမည်ကြီးချင်လို့
လား...ဘာလားနဲ့ လာပြောပါရော...၊အဲ့လိုလာပြောတော့ ကျွန်မလည်း စိတ်ဆိုးသွားပြီး ဆွဲမိဆွဲရာ အနီး
မှာရှိတဲ့ ပန်းအိုးထဲကပန်းနဲ့......

ကျွန်ုပ်။   ။အော်....ပန်းအိုးထဲက အစီအရင်လုပ်ထားတဲ့ မျောက်ပေပန်းနဲ့ လုပ်ကြံလိုက်ရောဆိုပါတော့...၊

မိုးငွပ်။   ။အို.....မဟုတ်တာ...ဘယ်ကမျောက်ပေပန်းတုန်း....၊အဲ့ဒါ မေမြို့က ကျွန်မသူငယ်ချင်းပို့လိုက်
တဲ့ ဂျပန်နှင်းဆီဆိုတဲ့ ပန်းပါ...။ဘယ်ကမျောက်ပေပန်းကမှာလဲ..၊ဘာအစီအရင်မှလည်းမလုပ်ပါဘူးရှင်...၊
လှလို့ ပန်းအိုးထဲ ရိုးရိုးထိုးထားတာပါ...၊

ဆားပုလင်း။   ။နို့ ဒါဖြင့် အဲ့ပန်းနဲ့ဘာလုပ်လိုက်သတုန်း....

မိုးငွပ်။   ။ကျွန်မလည်း စိတ်ဆိုးဆိုးနဲ့ တွေ့ရာကောက်ဆွဲလိုက်မိတာ အဲ့ပန်းပဲလက်ထဲပါလာတာနဲ့
ပန်းနဲ့ သူ့မျက်နှာကို ပေါက်လိုက်မိရုံပါပဲရှင်...ဘာမှမလုပ်ရပါဘူး....။

ငံပြာရည်ပုလင်း။   ။ပန်းနဲ့ပေါက်တာနဲ့ ဒီကုလားကြီးက သေရရောလား...မဖြစ်နိုင်တာ...။

မိုးငွပ်။   ။ပထမတော့ ကျွန်မလည်း အဲ့လိုတွေးမိတာပဲရှင့်၊ဖြစ်ပုံကဒီလို...၊ကျွန်မက သူ့ကိုပန်းနဲ့ပေါက်
လိုက်တော့ သူလည်းရုတ်တရက်ဆိုတော့ သူလည်း လန့်ပြီး နောက်ကို ခုန်ဆုတ်လိုက်ရော...၊အဲဒီမှာ
ဟန်ချက်ပျက်သွားတာကတစ်ကြောင်း၊ကျွန်မ မနက်ဘက်က ပန်းအိုးရေလဲတုန်းက ကြမ်းပြင်မှာ ရေဖိတ်
ကျထားနဲ့ ချောနေတာကတစ်ကြောင်း သူလည်း ဘုန်းဆိုလဲကျသွားရော...၊အဲလို လဲကျသွားကတည်း
က ပြန်ကိုမထနိုင်တော့ပဲ သတိလစ်သွားတော့တာပါပဲရှင်...။

ဒါနဲ့ ကျွန်မလည်း ရုတ်တရက်ဆိုတော့ လန့်ဖြန့်သွားတာပေါ့..၊ဘာလုပ်ရမှန်းမသိတာနဲ့ ဆေးတိုက်က
အခြားဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာတိုတိုလပ်ကို ဖုံးဆက်လှမ်းခေါ်လိုက်ပါတယ်...၊ဒေါက်တာလည်း
ချက်ချင်းဆိုသလိုရောက်လာပြီး ဆရာဝန်ကြီးနာရရန်းကိုစမ်းသတ်ကြည့်တော့ ရုတ်တရက် နှလုံးလေဟပ်
ပြီး အသက်ထွက်သွားတာတဲ့ရှင့်၊ဆရာဝန်ကြီးမှာက နဂိုကကို နှလုံးရောဂါ အခံရှိတယ် လို့လည်းသူပြော
ပါတယ်...။


ဆားပုလင်း။   ။ဟင်...ဒါဖြင့် သူ့ဘာသာနှလုံးရပ်ပြီးသေတာပေါ့....၊ဒါဆိုလည်း ခင်ဗျားက ဘာလို့စော
စောက ခုလိုမပြောသတုန်း....။


မိုးငွပ်။    ။မပြောဆို ဒေါက်တာတိုတိုလပ်က ကျွန်မကို ပုလိပ်တွေလာမေးရင် ဘာမှပြောမနေနဲ့...၊
တော်ကြာ...ပုလိပ်တွေက စခန်းခေါ်ပြီး ဟိုစစ်ဒီမေးနဲ့ဆို မိန်းကလေးတစ်ဦးအနေနဲ့ ဂုဏ်သိက္ခာကျမယ်၊
ခုဟာကလည်း သူ့ဘာသာနှလုံးရပ်ပြီးဆုံးသွားတာပဲ..၊ငါ့ဘာသာ အဆင်ပြေသလိုရှင်းလိုက်မယ်.....
ဆိုတာနဲ့ ကျွန်မလည်း အိမ်ပြန်သွားလိုက်တာပါပဲရှင်....။


သူနာပြုဆရာမလေးမိုးငွပ်၏စကားအဆုံးတွင် ဆေးတိုက်အတွင်းခန်းထဲမှ ဒေါက်တာတိုတိုလပ်လည်း
ကုတ်ချောင်းချောင်းနှင့်ထွက်လာပြီးလျှင်....


ဒေါက်တာတိုတိုလပ်။    ။ဟုတ်ပါတယ်....၊ခင်ဗျားတို့ စုံထောက်တွေ ခုလို တောင်မေးမြောက်မေး မေး
နေမှာစိုးလို့ ကျုပ်က ဘာမှမပြောဖို့ မှာထားလိုက်တာပါ...၊ဆရာဝန်နာရရန်းသေရတာကလည်း သူ့
ဘာသာနှလုံးရပ်ပြီး သေဆုံးသွားတာဖြစ်ကြောင်းနဲ့ သူ့မှာနဂိုကကို နှလုံးရောဂါရှိကြောင်း ဆေးရုံက
ဆေးထောက်ခံစာတွေ ရလာပါပြီ....။


ကျွန်ုပ်။   ။ဒါဖြင့် ခင်ဗျားက ကုမ္မာရီဂိုဏ်းနဲ့ ဘာမှမပက်သက်ဘူးပေါ့လေ.....


မိုးငွပ်။    ။ အို....ဘယ်ကကုမ္မာရီဂိုဏ်းတုန်း....ပေါက်ကရတွေရှင်...ကြားတောင်မှမကြားဖူးပါဘူး...။


ကျွန်ုပ်။    ။ဒါဆို မနေ့ညက ခင်ဗျား အင်းယားကန်ဘောင်မှာ ဘာအစီအရင်တွေလုပ်နေတာတုန်း...။


မိုးငွပ်။   ။အစီအရင်......မဟုတ်တာရှင်...ကျွန်မဘာသာ ကဗျာရွတ်ပွဲကအပြန် ငြီးစီစီဖြစ်လာတာနဲ့
အညောင်းပြေအညာပြေလမ်းလျှောက်ရင်း စိတ်ကူးထဲပေါ်လာတဲ့ အက်ဆေးလေးတစ်ပုဒ်ရွတ်နေမိတာ
ပါတော်.....


ငံပြာရည်ပုလင်း။    ။ဒါဖြင့် ညတုန်းက ကော်ဖီဆိုင်မှာ ကျုပ်တို့ နောက်ယောင်ခံလိုက်လာမှန်းသိလို့
နောက်ဘက်ပေါက်ကနေ ထွက်သွားတာကိုရော ဘာပြောမတုန်း....


မိုးငွပ်။   ။ရှင်တို့က နောက်ယောင်ခံလိုက်တယ်...၊အံမလေးတော်...အပင်ပန်းခံလို့ ကျွန်မနောက်ကိုများ
နောက်ယောင်ခံလိုက်နေသေး...။ဆေးတိုက်မှာ အချိန်မရွေးလာတွေ့ရနေတာကို....၊ပြီးတော့ အဲ့ကော်ဖီ
ဆိုင်က ကျွန်မအိမ်ရှိတဲ့လမ်းနဲ့ကပ်ရပ်ဆိုတော့ ကျွန်မသောက်နေကြဆိုင်ရှင့်၊အဲဒီလိုပဲ အနောက်ဘက်
ပေါက်က ပြန်နေကြရယ်....၊ရှင်တို့နောက်ယောင်ခံလိုက်နေမှန်း မသိပေါင်....။

ဆားပုလင်း။   ။အင်း....အမှုကတော့ ရှင်းသွားပါပြီ...၊နောက်ဆုံးမတော့ သူ့ဘာသာရှင်းနေတာကို ကျုပ်
တို့ဘာသာ ရှုပ်အောင်လုပ်နေမိတော့တာကိုး.....၊သို့ပေမယ့် ဒီလောက်လိုက်လာပြီးတော့မှတော့ ဒီအမှု
ကို သူ့ဘာသာရိုးရိုးသေတာဆိုပြီး ပိတ်လိုက်ဖို့တော့ မရဘူးဗျ...၊မင်းကြီးကျေနပ်အောင် တရားခံတစ်ဦး
ဦးတော့ ဆွဲထည့်မှဖြစ်မယ်...၊နို့မို့ ကျုပ်တို့ စုံထောက်တွေနာမည်ပျက်လိမ့်မယ်...၊ကဲ ဘယ်သူ့တရားခံ
ဆွဲမတုန်း....။

ငံပြာရည်ပုလင်း။    ။အိုဗျာ...ခက်တာလိုက်လို့....မမိုးငွပ်ကို ဘာမှမပြောပဲ နေခိုင်းတဲ့ ဟောဒီဒေါက်တာ
တိုတိုလပ်ကိုပဲ တရားခံစွဲ လိုက်ကြတာပေါ့ဗျာ.....၊နောက်မှ သူ့ဘာသာတရားရုံးမှာရှင်းပေ့စေ.....

ဟု ပြောပြောဆိုဆိုနှင့်ပင်......စုံထောက်ရှော်ကြီးငံပြာရည်ပုလင်းမျှစ်မောင်လည်း ဒေါက်တာတိုတိုလပ်အား
ဖြောင်းကနဲမြည်အောင် လက်ထိပ်ခတ်လိုက်လေတော့သတည်း....................။

ဤတွင် ကျွန်ုပ်၏ မဟာအကောင်းစားပေါက်ကရရှစ်သောင်း ဝတ္ထုကြီးလည်း နိတ္ထိတံ လေတော့သတည်း။

(ဤဝတ္ထုမဟာကြီးတွင် ကျွန်တော်ချစ်ခင်ရသော ဘလော့ဂါညီအကိုမောင်နှမများ၏နာမည်များကို
ခွင့်ပြုချက်မယူပဲ ပြောင်ပြောင်ကြီးအလွဲသုံးစားလုပ်၍ ထည့်ရေးထားပါသည်။နစ်နာစေလိုခြင်းမရှိ အပျော်
သက်သက်သာဖြစ်ကြောင်းနှင့် လွန်တာရှိကလည်း ဝန္တာမိပါကြောင်း....... :))))

14 comments:

ကိုကိုမောင်(ပန်းရနံ့) said...



ဇာတ်သိမ်း တရုတ်ဇာတ်လမ်းတွဲ ဇာတ်သိမ်းကြည့်ရသလိုလိုကြီးပါဘဲလား။

း)အင်း..
ကမောင်လေးကတော့ ဇာတ်သိမ်းသွားပြီ... ဟို ကအွတ်ထောင်နဲ့ ဆရာဟန်ကြည် ကျန်သေးတယ်။ သူတို့ကြည့်ရတာ နှစ်ပေါက်မဲ့ ပုံဘဲ။

Sweety Snow said...

ဇာတ်သိမ်းလာဖတ်သွားပါတယ်.. :D

မေမြို့မိုး said...

ဟိ.. မိုက်တယ်.။

Nyi Linn Thit said...

သိမ်းမယ့် သိမ်းတော့လည်း ရိုးရိုးရှင်းရှင်းလေးနဲ့ကို သိမ်းသွားတာပါလား ကိုညိမ်းရ..၊ ဇတ်ကောင်တွေရဲ့ ဒိုင်ယာလော့ဂ်တွေ သဘောကျတယ်ဗျ၊ ရယ်နေရတယ်..၊ အဲဒီလို အတည်ကြီးတွေနဲ့ လွဲနေတဲ့ ခပ်ရွှန်းရွှန်း စကားပြောခန်းတွေ ရေးနိုင်တာ တကယ်ပဲ ချီးကျူးပါတယ်ဗျာ..။

မိုးငွေ့........ said...

ညည်းတင်တင်ခြင်းလာဖတ်တာပါအေ...ဟမ်းဖုန်းနဲ့ဆိုတော့ မန့်တာတက်ကိုမလာတော့ဘူး...။ နာ့မယ်..ညကြီးသန်းခေါင် အသံထွက်ရယ်မိတာ အိမ်ကလူတွေလန့်မနိုးတာ တော်သေး...။ နောက်တစ်ကြွေးကျန်သေးတယ်နော်...နင့်အသက်ငါ့ပေးဆြာဂျီး..။

AH said...

ဇာတ်သိမ်းအထိ တ ခွိခွိနဲ့ ဖတ်သွားတယ်ဗျာ... တဂျီးမင်းပြောသလို အီဖေကိုကြီးဟာလည်း နှစ်ပေါက်မယ် ထင်ပ....

မျှစ်ဝေယံ said...

.စုံထောက်ရှော်ကြီးငံပြာရည်ပုလင်းမျှစ်မောင်လည်း ဒေါက်တာတိုတိုလပ်အား
ဖြောင်းကနဲမြည်အောင် လက်ထိပ်ခတ်လိုက်လေတော့သတည်း....................။

ဒီအခန်းကို အကြိုက်ဆုံးပဲ.. အပြင်လက်တွေ့မှာလဲ အဲလို လက်ထိပ်ခတ်နိုင်ပါစေ.. အဲလေမှားလို့

ဟီးဟီ

မင်းဧရာ said...

သည်လို ခမ်တည်တည်နဲ့ ရယ်ရတာမျိုးတွေကို သိပ်ကြိုက်တာ ဦးလေးရ များများရေးပါ။

ရမ်းကု ကကလ said...

ကျောက်သင်ပုန်းလေးထုတ်ပြီး တောင်ပွတ်မြောက်ပွတ် ဟိုနှိပ် သည်နှိပ် က ငမျှစ် မဟုတ်ဘူးလား။

ဟင်းဟင်း မတာကြီး၊ ထူးထူးခြားခြား မတ်စေ့ပို့ လို့  ထူးဆန်းနေတာ ဒင်းက ငါ့နောက်ကျောဓါးနဲ့ ထိုး သကိုး။ ဟင်းဟင်း

သိကျသေးတာပေါ့ မခင်သိတရယ်။

ရမ်းကု ကကလ said...

စကားမစပ် ကုန်ပါဘီ ဂုဏ်းအကြောင်း ရေးစမ်းပါအုန်းအေ။ ကုန်ပါဘီ ဂုဏ်းချုပ်ရဲ့ ကွန်ဖောင့်အကြောင်း.... ဟဲဟဲ

Angelhlaing(May everybody be happy and healthy! said...

နာမည်တွေ ငှားရမ်းမှုနဲ့ အကိုကိုယ် စစ်ဆေးစရာ လေး ရှိလို့တဲ့....:))))
ရေးလည်းရေးတက်တဲ့ အကို..စုံလို့...:)

မိုးဇက် said...

အိ နောက်ဆုံးတော့ သိမ်းသွားတာပဲနော် ဇာတ်လမ်းပြောပါတယ် .....
မျှော်ရတဲ့လူမျှော့ရကျိုးနပ်ပါဘိ .... ဦးလေး ..း))

san htun said...

အစကနေ အဆုံးအထိ တပြုံးပြုံး ဖတ်ရတဲ့ ပို့ စ်လေးပဲ..ကိုညိမ်းနိုင်တို့ များ ရေးတတ်ပါ့

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အမ်မလေး ဒီဇတ်သိမ်းကို သုံးလေးရက်လောက်ဖတ်ရသဗျာ့ ကွန်မကောင်းတော့ဖတ်ရင်းတန်းလန်း ကျလိုက်တက်လိုက် ပြန်ခေါ်လိုက်ဖြစ်နေရဲ့ ပြောရင်းကျနေပြန်ပြီ ခဏစောင့်အုံးမှ