Friday, December 10, 2010

ကမ်းခြေည အတွေးများ

“ ကမ်းခြေညက ရင်ခွင်ကို အလျားလိုက် ရှပ်တိုက်....

ရင်လှိုင်းခတ်သံကို နူးနူးညံ့ညံ့ ဆူညံစေခဲ့...... ”

မနေ့ညက ကမ်းခြေကိုရောက်ခဲ့ပါတယ်....။

စီးနေကြ ဘတ်စ်....
ဆင်းနေကြ မှတ်တိုင်....
ဝင်နေကြ PP.....
ဖြတ်နေကြ under pass....
ထိုင်နေကြ ကျောက်ဆောင်.....
သောက်နေကြ စီးကရက်....
တွေ့နေကြ မြင်ကွင်း......
ကျနေကြ အာရုံ.....
ကြားနေကြ လှိုင်းသံ.....
အင်း......ပြီးတော့....

ဘဝ......ဘဝ......ဘဝ......

ဘဝတစ်ခုဖြစ်တည်လာတာ နေ့ ရက်တွေကို စိတ်ချမ်းချမ်းသာသာ ဖြတ်ကျော်နိုင်ဖို့...လို့ပဲ သဘောရမိတယ်..။
တစ်ရက်ချင်း....၊တစ်နာရီချင်း.....၊တစ်မိနစ် တစ်စက္ကန့်ချင်း....ပြီးဆုံးအောင်မြင်စွာ..ဖြတ်သန်းရခြင်းပဲ....။
မရှိသူအတွက်လည်း ဒီအချိန်....၊ရှိသူအတွက်လည်း ဒီအချိန်...၊သူတောင်းစားလည်း ဒီအချိန်...၊လူချမ်းသာလည်း
ဒီအချိန်....။တခုပဲကွာသွားပါတယ်....။စိတ်ချမ်းချမ်းသာသာနဲ့ အဲဒီအချိန်တွေကိုကုန်ဆုံးစေခဲ့ပါသလား...။

ဒါဖြင့် စိတ်ချမ်းသာမှုဆိုတာကရော....။စိတ်ချမ်းသာမှုဆိုတာ တစ်စုံတစ်ရာနဲ့ လဲလှယ် ရှာဖွေရတဲ့အရာပါလား..၊
ကိုယ်ဖြစ်တည်နေတဲ့ အခြေအနေ၊အချိန်အခါလေးကို စိတ်ချမ်းသာအောင် တည်ဆောက်ယူရတာပါလား..။
လူတိုင်းရဲ့ အခြေအနေတွေက အမြဲတမ်း ချောမွေ့၊ဖြောင့်ဖြူးနေတာတော့မဟုတ်ပါဘူး...။ခက်ခဲ ကြမ်းတမ်းတဲ့
အခြေအနေတစ်ရပ်မှာ ဘယ်လိုနည်းနဲ့ စိတ်ချမ်းသာမှုကို တည်ဆောက်ယူနိုင်မှာပါလဲ....။ဖျက်ကနဲပေါ်လာတာ
က ယောနိသောမနသိကာရ ဆိုတဲ့ အသင့်အတင့်နှလုံးသွင်းတာ....။

ယောနိသောမနသိကာရ

ယောနိသောမနသိကာရ....၊ယောနိသောမနသိကာရ....နဲ့ ပြောရတာ တယ်အရသာရှိ....၊ရေးလို့လည်းကောင်း၊
ကောင်းဆို ပါဠိစကားလုံးပေမယ့် ပတ်ဆင့်တွေမှမပါတာကိုး...။အဲ...ကိုယ့်ဘာသာ နှလုံးသွင်းနေတဲ့ နှလုံးသွင်း
ကြီးက တကယ့်တကယ်တွေးကြည့်တော့မှ တလွဲကြီး...။

ဘာလို့လဲဆို...ကိုယ့်ဘာသာ ကိုယ်လုပ်ချင်တာလုပ်နေရရင် အသင့်အတင့်နှလုံးသွင်းလို့တယ်ကောင်းတာကိုး..။
ဘီယာလေးတစ်လုံးတစ်လေ သောက်ဖြစ်ရင်...တခါတလေပဲလေ...ဒီလောက်နဲ့တော့ မဟာအဝီစီငရဲမှာလည်း
ဂျိုးမကပ်လောက်ပါဘူး၊ချက်ချင်ကြီးလည်း နှလုံးရောဂါတွေ၊သွေးတိုးရောဂါတွေလည်း မဖြစ်လောက်ပါဘူးနဲ့
ဂတီးဂတီးကို သောက်နေမိတာကလား...။ကိုယ်လုပ်ချင်တာလုပ်ပြီး အိပ်ရေးပျက်တော့လည်း တစ်ညလောက်
နဲ့တော့ သေမသွားပါဘူး..ဆိုပြီး ကိုယ့်စိတ်ကို ဖြေတွေးနေနေမိတော့တယ်...။

အဲ...တကယ့်တကယ် စိတ်ညစ်စရာတွေ၊စိတ်ဆင်းရဲစရာတွေနဲ့တွေ့တော့ ယောနိသောမနသိကာရ အစ်အီးကွဲ
တူ မနိုင်၍သည်းခံခြင်းသည်လည်းကောင်း ဖြစ်သွားတော့တာပါပဲ...။အားလုံးသိကြတဲ့ ငှက်ကုလားအုပ် များလို
ပါပဲ...။ရန်သူ့လက်က ပြေးလို့မလွတ်တော့ သဲထဲခေါင်းထိုးထားသလို...ကိုယ်မတတ်နိုင်တဲ့အခါ အသင့်အတင့်
နှလုံးသွင်းသဟဲ့ ဆိုပြီး အတင်းကာရော လစ်လျူရူနေမိတော့တယ်...။

အစစ်အမှန်ကိုယ့်စိတ်ကို ကိုယ်မညာစတမ်း ဖြစ်လာတဲ့ အခြေအနေတစ်ရပ်ကို အသင့်အတင့်နှလုံးသွင်းပြီး
လက်သင့်ခံနိုင်ဖို့ဆိုတာ အတော်ကို ခက်ပါတယ်..။ဆိုတော့..အမှန်စင်စစ် ကိုယ့်စိတ်က ကျေကျေနပ်နပ်ကြီး
လက်ခံနိုင်အောင်၊လက်ခံလိုက်အောင် ကြိုးစားရပါဦးမယ်.....။

အကောင်းမြင် နဲ့ အဆိုးမြင်

ရပ်ကွက်တစ်ခုမီးလောင်တော့ အကောင်းမြင်သမားက “ ငါ ဒီအိမ်ပုံစံကို မကြိုက်တာကြပြီ၊ခုတော့ အသစ်ပြန်
ဆောက်ဖြစ်ပြီ၊ပရိဘောဂတွေလည်းဟောင်းနေပြီ...ခုမှပဲအသစ်ဝယ်ဖြစ်တော့မယ်...” လို့တွေးသတဲ့...။
အဆိုးမြင်သမားကတော့ မရှိတော့တဲ့ အိမ်ကို နှမြောတသ၊မီးလောင်မှုစဖြစ်တဲ့ သူတွေကို ရန်လုပ်၊နောင်ကြုံ
တွေ့ရမယ့် အခြေအနေတွေကို တွေးပူ....ပေါ့လေ....။

ဆိုတော့...ဘယ်သူ့အတွေး၊ဘယ်သူ့အမြင်က ကောင်းသလဲဆိုတော့ အကောင်းမြင်ရဲ့အတွေး၊အမြင် ကကောင်း
တယ်လို့ ဆိုရမှာပဲ...။အဲ...ဘယ်အတွေးအမြင်က မှန်သလဲဆိုရရင် နှစ်ခုစလုံးမှားတယ်လို့ ပြောရမယ်...။
အဆိုးမြင်သမားက ကိုယ်မတတ်နိုင်တော့တာကို တွေးတွေးပြီး ကိုယ့်စိတ်ကို အကြိမ်ကြိမ် လောင်မြိုက်စေခဲ့
တယ်...။ရင်ဆိုင်ရဖို့အကြောင်းဖန်လာမှတော့ ရင်ဆိုင်ရတော့ရုံပဲ...။

အကောင်းမြင်သမားကရော....၊သူဘယ်လိုပဲ အကောင်းမြင်မြင် နစ်နာဆုံးရှုံးရတာက နစ်နာဆုံးရှုံးရတာပါပဲ...။
စိတ်သက်သာမှုရတယ်ဆိုပေမယ့် အဲဒီလို အတွေးအမြင်က ကိုယ့်ရင်ထဲက အမှန်တကယ်ထွက်ပေါ်လာတာ
မဟုတ်ပဲ တမင်ရှာကြံတွေးရတာမျိုးဆိုရင် ကိုယ့်စိတ်ကို ညာတာတမျိုး လို့ထင်တယ်...။

တွေးမိတာကတော့ အကောင်းမြင်ပဲဖြစ်ဖြစ်၊အဆိုးမြင်ပဲဖြစ်ဖြစ် အရေးကိစ္စပေါ်လာမှ ကိုယ့်စိတ်ကို လုပ်ယူလို့မရ
ဘူး။နှစ်ပေါင်းများစွာအလေ့အကျင့်လုပ်လာမှ ဒါမှမဟုတ်နဂိုမူလစိတ်အခံကကို အဲဒီလိုရှိနေမှလို့စဉ်းစားမိတယ်။

စိတ် စိတ်အတိုင်းထား

စိတ် ဆိုတာနဲ့တွေးမိတဲ့ အကြောင်းအရာပါ..။လူသေလူဖြစ်ဆရာတော်ဦးဥက္ကဌ ဟောကြားတော်မူခဲ့တယ်လို့
မှတ်သားမိပါတယ်...။လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္စယကျမ်းထဲမှာတော့ အဲဒီအယူအဆကို အကျယ်တဝင့်
စောဒက တက်ထားပါတယ်။ဝိနိစ္စယအဖွဲ့ကလည်း မှားတယ်လို့ဆုံးဖြတ်တော်မူထားပါတယ်။ငယ်ငယ်ကတော့
ဆရာတော်ဦးဥက္ကဌ ကျမ်းတွေလည်းမဖတ်ဖူး၊လူသေလူဖြစ် ဆိုတဲ့စကားလုံးတစ်လုံးနဲ့တင် သဘောမကျတာနဲ့
မှားတယ်လို့ပဲထင်ခဲ့တယ်...။ခုတော့ မှန်ရင်လည်းမှန်မယ်၊မှားရင်လည်းမှားမယ်လို့ ထင်တယ်...။(ဟမ်...:D )

ဆိုလိုတာက ငယ်ငယ်ကသိတဲ့အသိတွေက ဘယ်လိုမှမပြည့်စုံနိုင်ဘူး...။ခုရော...ခုချိန်မှာလည်း မပြည့်စုံသေး
ဘူး...။တချိန်က အမှန်လို့ထင်ထားခဲ့တာတွေက နောင်တချိန်မှာ အမှားတွေဖြစ်လာခဲ့တယ်။အမှားတွေက အမှန်
တွေလည်းဖြစ်လာတယ်...။ခုချိန်မှာ အမှားတွေက နောင်တချိန်မှာ အမှန်တွေဖြစ်လာကောင်းဖြစ်လာမှာပဲ..။
အမှန်တွေကလည်းထိုနည်းလည်းကောင်းပဲ...။ဆိုတော့...အမှန်တရားဆိုတာ ဘာပါလဲ....။

အမှန်တရား.....

ငယ်ငယ်က မဂ္ဂဇင်းတစ်ခုထဲက ကာတွန်းလေးကို သတိရမိတယ်...။အဖိုးကြီးနှစ်ယောက် စာအုပ်ကြီးတစ်အုပ်
နှစ်ယောက်ကြားမှာဖွင့်ပြီး ငြင်းခုံနေကြတဲ့ပုံလေးပါ..။အဖိုးကြီးတစ်ယောက်ကပြောတယ်...“ ကျုပ်တို့နှစ်ယောက်
ဒီလောက်ငြင်းခုံနေရရင် ကျုပ်တို့သိထားတာတွေက တရားတွေမဖြစ်လောက်ဘူး၊မတရားတာတွေပဲဖြစ်မယ် ”
တဲ့...။

ယေဘုယျအားဖြင့် အမှန်တရားဆိုတာ အမှန်တရားပဲ...(ဟမ်..နင်ပြောမှလား....:) )။ခက်တာက အမှန်တရားမှာ
ဘက်ရှိနေတာပဲ...။ဆိုတော့ အမှန်တရားဟေ့ဆိုရင် ဘက်မရှိရဘူး (လို့ထင်တယ်...)။ဘက်ရှိနေရင် အမှန်တရား
မဖြစ်နိုင်ဘူး...။အဲ အမှန်တရားလည်းဆိုသေး ဘက်လည်းရှိသေးဆိုတော့....။

နောက်ဆုံးအတွေး

နောက်ဆုံးတွေးမိတာက ကိုယ်သိထားတာတွေ၊ကိုယ်ဖတ်ထားတာတွေက မတောက်တခေါက်တွေ ပါလား...လို့။
(နောက်ဆုံးမှ အမြင်မှန်ရတော့တယ်...)မတောက်တခေါက်အသိက လုံးလုံးမသိတာထက် အန္တရာယ်ရှိတယ်
လို့ဆိုတယ်....။လုံးလုံးမရတာထက်စာရင် တဝက်ရတာက မဆိုးဘူးလို့လဲ ဆိုကြတယ်...။

အင်း....နောက်ဆုံးမတော့ အတွေးတွေက အတွေးတွေပါပဲ....။အတွေးနဲ့ လက်တွေ့က ကျွန်တော့် ဘဝမှာ
ဘယ်တုန်းကမှ ထက်တူကျခဲ့တာတော့မဟုတ်ဘူး....။ကမ်းခြေက သဲသောင်ပြင်မှာ လမ်းလျှောက်မိတော့
ခြေရာတွေ ထင်ကျန်ရစ်ခဲ့တယ်...။လှိုင်း တစ်လုံးနှစ်လုံးတက်လာတော့လည်း ခြေရာတွေလည်း ပျောက်ကွယ်
သွားတာပါပဲ...။

4 comments:

အဖြူရောင်နတ်သမီး said...

ဘဝမှာ...
အတွေးနဲ့လက်တွေ့... ဘယ်တုန်းကမှ ထက်တူမကျခဲ့ပေမဲ့..

တချိန်ချိန်မှာတော့ ထပ်တူကျလာနိုင်မှာပါ...

မေပယ်လ် said...

ယောနိသောအကြောင်းလေးကို
မြင်သာအောင် တံခါးဝမှာ ချိပ်ဆွဲပြလိုက်တာ
တယ်အားရသဗျာ..

ချော(အစိမ်းရောင်လွင်ပြင်) said...

တွေးတာနဲ့ ဖြစ်လာတာ တကယ်လဲ လက်တွေ့ကျဖို့ဆိုတာ ခက်ခဲပါတယ်.. ဘာလို့ဆို စိတ်အတွေးဆိုတာ အဆုံးမရှိ တွေးချင်တိုင်း တွေးနိုင်ပြီး လက်တွေ့လုပ်ချိန်မှာတော့ ဘောင်ခတ် ကန့်သတ်ခံရတာတွေများနေတော့ အရာအားလုံးဟာ စိတ်ကူးတဲ့တိုင်း တစ်ထပ်တည်း ဖြစ်မလာတာ သေချာသွားပြီလေ..

မေဓာဝီ said...

အမလဲ ယောနိသော မနသိကာရ ခဏခဏ ပြောခဲ့ရေးခဲ့တာပဲ ... လက်တွေ့မှာတော့ ယောနိမသောနိုင်ပါဘူး။
ဒါကလဲ အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ယူမှရတာကိုး။ စိတ်တွေက ဖြစ်တာ ပျက်တာ အရမ်းမြန်တော့ ကိုယ်မသိလိုက်ခင်မှာ အယောနိသော ဖြစ်သွားတတ်တယ်။
အထပ်ထပ် လေ့ကျင့်ရင်တော့ ရကောင်းရနိုင်ပါရဲ့။ အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်တယ်ဆိုတာကလဲ ဘာဝနာ (ပွါးများခြင်း) ပဲ မဟုတ်လား။