ကျွန်တော့်ဘဝမှာ ရည်မှန်းချက်၊ရည်ရွယ်ချက်ရယ်လို့ ကြီးကြီးမားမား ထားခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါချေ။
သို့ပေမယ့်...ဘဝမှာ ဖြစ်ချင်ခဲ့တာလေးတွေတော့ရှိခဲ့တာပေါ့ခင်ဗျာ...။အထူးသဖြင့်ပတ်ဝန်းကျင်ကအဖြစ်အပျက်
တွေက ကျွန်တော့်ကို ရိုက်ခတ်လာတဲ့အချိန်အခါမျိုးတွေမှာ..တချို့သောအခြေအနေ၊တချို့သောဘဝမျိုး ဖြစ်ချင်
ခဲ့မိပါတယ်...။ကျွန်တော်ဖြစ်ချင်တာလေးတွေကိုအကောင်အထည်ဖော်ဖြစ်ခဲ့တာလည်းရှိ၊မဖော်ဖြစ်သေးတာတွေ
လည်းရှိ၊ဘယ်တော့မှဖြစ်လာမှာမဟုတ်တာတွေလည်းရှိသပေါ့လေ...။တချို့ကိုတော့နောင်တစ်ချိန်မှာအကောင်
အထည်ဖော်ဖြစ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်..။
ငယ်ငယ်ကတည်းက ဖခင်ကြီးရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ ကျွန်တော်တို့မောင်နှမနှစ်ယောက်စလုံးမှာ စာဖတ်
ဝါသနာပါလာခဲ့ပါတယ်...။စာဖတ်ဝါသနာနဲ့ အတူ ငယ်စဉ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ဆန္ဒတခုက စာအုပ်အငှားဆိုင်
လေးတစ်ဆိုင်ဖွင့်ချင်ခဲ့တာပါပဲ...။ငယ်ငယ်ကဆို ကျွန်တော်တို့မောင်နှမနှစ်ယောက် စာအုပ်အငှားဆိုင်ဖွင့်တမ်း
တောင် ကစားခဲ့တာကလား....။အဖေဝယ်ပေးထားတဲ့ စံရွေမြင့်တို့၊ဒို့ကျောင်းသားတို့ လိုစာအုပ်နောက်ကျောမှာ
တခါဖတ် ၁၀ပြားတို့ ၁၅ပြားတို့ရေးပြီး တယောက်တလှည့် ငှားဖတ်တမ်းကစားခဲ့ကြတဲ့အထိပါ..။
ခုထိအိမ်မှာသိမ်းထားဖြစ်တဲ့ ကာတွန်းစာအုပ်တချို့မှာ အဲဒီကလေးလက်ရေးလေးတွေ ရှိနေခဲ့ပါသေးတယ်..။
မြန်မာပြည်မှာတုန်းက ကလေးဘဝကို ပြန်လည်တမ်းတမိတိုင်း အဲ့ဒီစာအုပ်လေးတွေကို ပြန်ဖတ်ပြီး ဘာသာ
တစ်ယောက်တည်း ပြုံးခဲ့မိသပေါ့...။အံမယ်...စာအုပ်ဆိုင်နာမည်တောင် နှင်းဆီစာပေ ဆိုပဲ..။၉၉ ခုနှစ်များမှာ
အစိုးရအလုပ်တဖက်နဲ့ ငယ်ဘဝအိမ်မက်လေးကို အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်...။ကိုယ်လုပ်ချင်တာ၊
ကိုယ်ဖြစ်ချင်တာကို အကောင်အထည်ဖော်ခဲ့လို့လားတော့မသိ..၊အဲဒီအချိန်တွေက ဘဝမှာ နေလို့အပျော်ဆုံး
အချိန်တွေပါပဲ...။ဒီမလာခင် ၂၀၀၇ခုနှစ်လောက်မှာမှ အဲဒီဆိုင်လေးကို ပိတ်သိမ်းခဲ့ရပါတယ်...။
မွေးချင်းလည်းနဲ၊ကျွန်တော်ကလည်း မိသားစုမှာ အငယ်ဆုံးဖြစ်ခဲ့လေတော့ ဖြစ်ချင်ခဲ့တာက အကိုကြီးဘဝ..။
ညီဆိုးဆိုးလေးတစ်ယောက်နဲ့၊ညီမချောချော လိမ်လိမ်မာမာလေးတစ်ယောက် အင်မတန်မှ လိုချင်ခဲ့ပါတယ်..။
ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ အခြေအနေတစ်ရပ်ပါ..။ကိုယ်ကချည်း ဆူခံခဲ့ရတာ၊ဆုံးမခံနေရတာကို မကျေနပ်တဲ့
စိတ်အခြေခံနဲ့ ကိုယ်ကတပြန်တလှည့် ဆူချင်၊ဆုံးမချင်လို့ထင်ပါရဲ့...:)။
၉ တန်းနှစ်ရဲ့တစ်နေ့သော မြန်မာစာအချိန်မှာပေါ့ခင်ဗျာ...။ကျွန်တော်တို့ရဲ့ မြန်မာစာဆရာမက စာမသင်ပဲ
ကျောင်းသားတွေကို ဘဝမှာဘာဖြစ်ချင်လဲ၊ဘာရည်မှန်းချက်ထားလဲ လို့ တစ်ယောက်ချင်းမေးခဲ့သဗျ..။
တချို့ကလည်း မိမိအမှန်တကယ်ဖြစ်ချင်တာ၊ရည်မှန်းချက်ထား ထားတာတွေကို ပြောခဲ့တာပေါ့။တချို့ကလည်း
နောက်နောက်ပြောင်ပြောင်၊ ကြီးလာရင် လူကြီးဖြစ်ချင်တယ်တို့၊ဘုန်းကြီးဝတ်မယ်တို့ ဖြေခဲ့ကြပါတယ်...။
ကျွန်တော့်အလှည့်မှာ ကျွန်တော်ဖြေခဲ့တာက လေယာဉ်မောင်းပိုင်းလော့ဖြစ်ချင်တယ်...တဲ့..။
ဟုတ်ပါတယ်...။စိတ်ကူးယဉ်တတ်ကာစအရွယ်...၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တရင်းတနှီးနေလေ့မရှိပဲ
ကိုယ့်စိတ်ကူးကမ္ဘာလေးထဲမှာ တစ်ယောက်တည်းပျော်မွေ့တတ်တဲ့ ကျွန်တော့်အတွက်တော့ အဲဒီအရွယ်က
တစ်ယောက်တည်း လေယာဉ်တစ်စီးနဲ့ ကမ္ဘာပတ်ချင်ခဲ့ပါတယ်။အားလပ်တဲ့ နေ့လည်နေ့ခင်းတွေမှာ အိမ်နောက်
ဖေးက ညောင်ပင်ခွကြားထဲ တက်ထိုင်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်...၊တခါတရံမြင်ရတတ်တဲ့ ဟိုးအဝေးက
နောက်မြီးတန်းဖြူဖြူနဲ့ ဂျက်လေယာဉ် ပြပြလေးတွေကို ငေးကြည့်ရင်း...စိတ်ကူးတွေ ကမ္ဘာပတ်ခဲ့သပေါ့....။
၉၆ခုနှစ်....တက္ကသိုလ်ကျောင်းတွေပိတ်...၊အသဲလည်းပထမဆုံးအကြိမ်ကွဲပြီးတဲ့ အချိန်ကာလမှာတော့ ကျွန်တော် သင်္ကန်းလည်းစည်း၊ဘာသာရေးစာအုပ်တွေလည်း ဖတ်ဖြစ်ခဲ့ပါတယ်..။အဲဒီအချိန်မှာ အဖြစ်ချင်ဆုံး
က ဒီဘဝ၊ဒီခန္ဓာ တစ်ဇာတ်သိမ်းချင်ခဲ့တာ...။(ခုတော့လည်း သံသရာဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်...
ဖြစ်နေလေရဲ့....:) )။ထိုစဉ်ကတော့ဖြင့် တသက်လုံးပဲ ဘုန်းကြီးဝတ်တော့မလို...ဘာလိုလိုနဲ့ ဆွမ်းလာကပ်တဲ့
မိခင်ကြီးကို တရားဟောလွန်းလို့ နောက်ရက်တွေမှာ လူကြုံနဲ့ပဲ ဆွမ်းကပ်တော့တဲ့အထိပါ...။သူ့ခင်မျာ မအား
တဲ့ကြားက ဆွမ်းလာကပ်ရတာ၊နာရီပြန်တစ်ချက်ထိ ကျွန်တော်က လေကြောရှည်နေလေတော့ စိတ်မရှည်
တော့ဘူးနဲ့တူပါ့..။ဆရာတော်ဘုရားက ဆွမ်းဘုန်းပေးတော်မူပြီးပြီလေ..၊သူကတော့ အိမ်ပြန်ရာက်မှ ထမင်းစား ရမှာကိုး...။အမေဆိုတော့ သူ့သားအကြောင်း အသိဆုံးလည်းဖြစ်လေသပေါ့ခင်ဗျာ....။
နောက်ပိုင်းကာလတွေမှာတော့ ဖြစ်ချင်တာတွေ သိပ်မရှိတော့ပါဘူး....။အဲ....တစ်ခါတစ်ခါတော့ နိုင်ငံတော်
သမ္မတကြီးဖြစ်ချင်ခဲ့...(အမြင်မတော်တာတွေတွေ့တော့ ငါသာသမ္မတဖြစ်ရင် ဒီကောင်တွေ အကုန်ထောင်ချ
ပစ်မယ် ဆိုတာမျိုး...)။တစ်ခါတစ်ခါတော့ ဘောလုံးသမားဖြစ်ချင်ရဲ့....(ဘောပွဲကြည့်ရင်း ကိုယ်အားပေးတဲ့
အသင်းက ဘောသမားတွေ ပိန္နဲသီးလွဲတဲ့အချိန်မျိုး...)။တစ်ခါတစ်ခါတော့ စာရေးဆရာဖြစ်ချင်ခဲ့ (ကိုယ်ကြိုက်
တဲ့ စာရေးဆရာတွေရဲ့ စာတွေဖတ်ရတဲ့ အချိန်မျိုး....)အဲ..တစ်ခါတစ်ခါတော့လည်းကိုမျိုးတို့၊မမေရာတို့လိုပဲ....
ကျွန်တော်လည်းတူတူတန်တန်အစိုးရထံမှာရုံးစာရေးလေးဖြစ်ချင်သဗျ...။လစာကလည်းမခိုးမဝှတ်ပဲလောက်ငှ
မယ်ဆိုရင်ပေါ့လေ..။နံနက်၈နာရီလောက်ရုံးသွား၊ဘောပင်တစ်ချောင်း၊စာပွဲတစ်လုံးနဲ့ရုံးအလုပ်တွေတကုတ်ကုတ်
လုပ်၊၄နာရီမှာရုံးဆင်း..။ညနေခင်းမှာ စာတစ်အုပ်နဲ့ ဇိမ်လုပ်နေရတာမျိုးပေါ့..။တွေးကြည့်ရုံနဲ့တင် ဘယ်လောက်
များ ပေါ့ပါး၊ရိုးရှင်း လှပါသလဲခင်ဗျာ...။
အင်းးးးးခုချိန်မှာ အဖြစ်ချင်ဆုံးဘဝတစ်ခုလဲရှိသဗျ...။အဲဒါကတော့ မြန်မာပြည်မှာ မကျဉ်းမကျယ်ဥယျာဉ်ခြံလေး
တစ်ခြံဝယ်ပြီး သီးပင်စားပင်တွေ စိုက်စားချင်တာပါပဲ...။လောလောဆယ်တော့ ခြံဝယ်ဖို့ရည်ရွယ်ချက်နဲ့ ပိုက်
ပိုက်လေးစုလိုက်၊အပေါက်ကလေးရှာပြီးထွက်သွားလိုက်နဲ့ ခြံနေနေသာသာ ပန်းအိုးထဲက မြေတောင်မပိုင်သေး
ပါကလား...။
(ကိုမျိုး တဂ်လို့ရေးဖြစ်ခဲ့ပါတယ်..။ကျွန်တော်ကလည်းရေးချင်ရက်လက်တို့ရယ်ကိုး...:)။အမည်နာမတော့ နဲနဲ
လွဲသပေါ့ခင်ဗျ...။)ကဲ ဆိုတော့ ကျွန်တော်ကလည်း ဆက်ပြီး တဂ်ချင်ပါသေးတယ်...။
(၁)တဂျီးကိုကိုမောင်
(၂)မစ္စတာ အန် မစ္စ ငွေလမင်း
(၃)ကိုရွာသားလေး နဲ့
(၄)နတ်ဆိုးလေး တို့ကို...
ခင်ရာမင်ကြောင်း ရေးပေးကြပါဦး....လို့......။
13 comments:
မွေးချင်းလည်းနဲ၊ကျွန်တော်ကလည်း မိသားစုမှာ အငယ်ဆုံးဖြစ်ခဲ့လေတော့ ဖြစ်ချင်ခဲ့တာက အကိုကြီးဘဝ..။
ညီဆိုးဆိုးလေးတစ်ယောက်နဲ့၊ညီမချောချော လိမ်လိမ်မာမာလေးတစ်ယောက် အင်မတန်မှ လိုချင်ခဲ့ပါတယ်..။
တူနေတယ် အဲဒီနေရာလေး..။
ခုတော့ မရနိုင်တော့ပါဘူးလေ
အင်းပေါ့ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းတော့ ဘယ်ကျမလဲပေါ့နော် ဘုန်းကြီးဝတ်တုန်းကတော့ တရားဟောလွန်လို့ လူကြုံနဲ့ဆွမ်းကပ်ရတယ် ဆိုတာတော့ သဘောကျတယ် အခုရော ဘုန်းကြီးဝတ်ဖို့ စိတ်ကူးရှိသေးလား အသက်ကြီးတော့ မြန်မာပြည်ပြန်ပြီး စာအုပ်ဆိုင်လေးဖွင့် တရားအားထုတ်ဆိုရင် တော်တော်လေးကို ဘ၀မှာ အေးချမ်းမယ်ထင်တယ်
စာဆုံးတော့ တပ်ဂ် ထားတာတွေ့တယ် မစ်စတာက ခရီးထွက်နေလို့ သူပြန်လာမှ ရေးမယ်နော်
ဖြစ်ချင်တာတွေများခဲ့တာတော့ အမှန်ပဲ... ဘာမှလဲ ဖြစ်မလာခဲ့တာလဲ အမှန်ပဲ... မြို့ကျဉ်းကျဉ်းလေးမှာ ခြံစိုက်ပြီးအေးအေး နေတော့မယ် ဆိုရင်တော့ အကြောင်းကြား ၀ါသနာပါရင် စပ်တူဝယ်မယ်... ခုမေမြို့မှာ ခြံစိုက်ပြီးပြန်နေချင်စိတ်မနဲ တားနေရတယ်........ :) :)
မောင်လေးရေ... တဂ်မှတဂ်တော့လဲ ခပ်ခက်ခက်ကြီးပါလား။ ရေးလိုက်ရင်တော့ ငယ်ကျိုးငယ်နာတွေ တစ်သီကြီးပေါ်လာရော့မယ်။ ဒီအတိုင်း မသိချင်ယောင်ဆောင်နေလိုက်ရင် ကောင်းမလား မသိ။းဝ)))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
လူတိုင်းတော့ဖြစ်ချင်တာနဲ့ဖြစ်လာတာ တစ်ထပ်တည်းကျဖို့ မလွယ်ပါဘူုး
ဘာဘဲဖြစ်ဖြစ် ခုလိုရေးကြတော့လည်း ဖတ်လို့ကောင်းပါတယ်..
တဂ်တဲ့သူတွေရေးတဲ့အခါလည်းဖတ်ပါဦးမယ်
ရေးကြပါလို့း)
ရေးပေးတာ ကျေးဇူး ကိုညီမောင်လေးး)
အငယ်ဆုံးဖြစ်တာချင်းတူပေမယ့် အကြီးဆုံးတော့ ဖြစ်ချင်ပါဘူးဗျာ ကိုယ်ကပဲဆိုးချင်တာ အလိုလိုက်ရမယ့်သူမလိုချင်ခဲ့ဘူး အောက်ဆုံးက ဖြစ်ချင်တာလေး ဖြစ်ပါစေလို့ ၀ိုင်းဆုတောင်းသွားတယ် ။
ဒါနဲ့ မရှင်းလို့ တစ်ခုလောက်မေးခွင့်ပြုပါ 96 တုန်းက တက်ကသိုလ်တောင် တက်နေပြီဆိုတော့ ဘယ်လိုကြီးတုန်း အဲ့တုန်းက ကျနော်က 4-5 တန်းလောက်ပဲရှိအုံးမယ် အဖတ်များမှားနေသလားလို့း)
တဂ်စာများကို စားဖို့ ..အဲ ယောင်လို့..
ဖတ်ဖို့ စောင့်နေပါသည်...။
လာဖတ်သွား၏.ဖြစ်ချင်သောဆန္ဒတွေကို..
ကျမရဲ့ဖြစ်ချင်တဲ့ဆန္ဒနဲ့အနည်းငယ်တော့
ထပ်တူကျတယ်..ခြံလိုချင်တာလေ..
ကျမလဲခုချိန်ထိအောင်..ကြိုးစားနေဆဲပါ..
ရေးဖြစ်အောင် ကြိုးစားပါ့မယ် မှတ်မှတ်ရရ တဂ်လို့ ကျေးဇူး ဆိုဒ်အသစ်မှာ ရေးဖြစ်လိမ့်မယ် ထင်တယ်..
http://mynote.netsoelay.tk/ ပါ လာလည်ပါဦးလို့.
အင်း...အသဲကွဲပြီးတော့ ရှိခဲ့တဲ့ ဆန္ဒက ဒီဘဝရဲ့ဇာတ်
သိမ်းချင်ခဲ့တာ ဆိုတာလေးဖတ်ပြီးတော့ တော်တော်
အသံထွက်ပြီး ရယ်ခဲ့တယ်ဗျို့ ။ :)
သမ္မတကြီးဖြစ်ရင်ဆိုတဲ့နေရာလေးမှာတော့ ကျွန်မနဲ့ 
တော်တော်တူသား။ ကျွန်မလည်း မြန်မာပြည်ရဲ့
သမ္မတလေးများဖြစ်ခဲ့ရင်ပေါ့လေ.... လွတ်နေတဲ့
မြေနေရာတွေ၊ တောတွေကို အပိုင်းပိုင်းစိတ်ပြီး အိမ်မရှိ၊
ယာမရှိဖြစ်နေတဲ့ ပြည်သူတွေအားလုံးကို ဝေပေးဖို့ 
အိမ်မက်တွေ အကြိမ်ကြိမ် မက်ခဲ့ဖူးတယ်။ :)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)
အဖြစ်ချင်ဆုံးဆန္ဒလေးပြည့်ဝပါစေ ....
သာယာချမ်းမြေ့ပါစေရှင်း
မိုး
အေးဗျာ..ကိုမောင်လေးတို့ အခုနေ ဘုန်းကြီးဝတ်နေရင် အကောင်းသား.... :P...ဟိ.. ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေကို ချိန်ညှိနိုင်ပါစေဗျာ....
ခင်မင်တဲ့
နေ၀သန်
စာအုပ်ဆိုင်ဖွင့်တမ်းကစားကြတယ်ဆိုတာလေးဖတ်ရတော့ ပြုံးမိတယ်....။
ကျွန်တော်ငယ်ငယ်ကဆိုရင် မဂ္ဂဇင်းစာအုပ်ထဲက စာတွေကို ဗလာစာအုပ်ထဲမှာ ခဲတံနဲ့သေချာကူးရေးပြီး....မဂ္ဂဇင်းစာအုပ်လျှောက်လုပ်တာတောင် သတိရသွားသေး....:P
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
Post a Comment