Saturday, January 1, 2011

ကျေနပ်တဲ့အကြောင်း....

အပြာရင့်ရင့် သုညတစ်လုံးအပေါ်မှာ ဟောဒီ တစ်စက္ကန့်က လှလှပပဖြတ်ကျော်သွားခဲ့ပြီ...။

ငါ....တည်ရှိနေရတာကို ကျေနပ်တယ်......။

ဂွတ်ဘိုင် နဲ့ ဂွတ်မောနင်း ကိုတပြိုင်နက်နှုတ်ဆက်ပြီးတဲ့နောက်....သူကရင်ဘတ်ထဲကျကျနနဝင်ထိုင်လာတယ်..။

ငါ.....ရှင်သန်နေရတာကို ကျေနပ်တယ်......။

အဲဒီ အရက်ခွက်ထဲမှာ ပေါင်းကောင်းသင်းကောင်းတွေ....၊နှစ်လိုပျော်ရွင်ခြင်းနဲ့ စိတ်ကောင်းစေတနာတွေ
ဖောဖောသီသီရောယှက်ထားလေရဲ့....ကဲ....ဘာအတွက်နဲ့များ အဆိပ်တခွက်ကို မသောက်ရဲ ရမှာလဲ...။

ငါ....ဖြစ်တည်နေရတာကို ကျေနပ်တယ်....။

အနည်းဆုံးတော့ လက်တဖက်စာ ချစ်သူတွေ ရင်ဘတ်နဲ့အပြည့် ခံစားပေးကြတယ်.....
အများဆုံးတော့ ကမ္ဘာကြီးနဲ့ အပြည့် ချစ်ခင်ရသူတွေကို နှစ်နှစ်ကာကာပြုံးပြနိုင်သေးတယ်....

ငါ.....လူဖြစ်နေရတာကို ကျေနပ်တယ်.....။

မြန်နှုန်းနိမ့် ရေစီးကြောင်းထဲမှာ ချစ်ခြင်းရနံတွေ ဖောခြင်းသောခြင်း စီးဝင်လာပြီ...။

အတုပဲဖြစ်ဖြစ်.....အရေပြားတစ်ထောက်စာ ခေါက်ရိုးကျိုးနေခြင်းပဲဖြစ်ဖြစ်....ငါ....ကျေနပ်တယ်.....။

မွေးလာတာစောလို့ လူဖြစ်တာနောက်ကျသွားတယ်....။ဒါပေမယ့် ရထားက ငါ့ကို စောင့်နေလို့....ကျေနပ်တယ်။

ပေးသမျှ ပြန်မရသည့်တိုင်...ရသမျှက ကျေနပ်စရာပဲ....၊ဘာမှပြန်မရရင်တောင်...ပြန်မရခြင်းတွေအတွက်...
ငါ....ကျေနပ်တယ်....။

ငွေတစ်ကျပ်နဲ့ ပစ္စည်းလေးပါးဒါယကာခံလို့ရနေတဲ့ ဟောဒီက ဒုလ္လဘ ထဲမှာ ဘာများမကျေနပ်စရာရှိသေးလဲ...။
ငါ....ကျေနပ်တယ်....။

တကြိမ်တခါလွတ်သွားတဲ့ ကျောတခင်းစာအိပ်မက်တွေက သံသရာတစ်ပတ် ပြန်ပြန်လည်လာပေးဦးမတဲ့....။
လုပ်သလောက်မဖြစ်လည်း နေပေ့စေ....။ဖြစ်သလောက်တော့ လုပ်ခွင့်ရနေသေးတာပဲ...။
စာမျက်နှာတစ်ဝက် ဆုတ်ဖြဲခံလိုက်ရပေမယ့်....ကျန်တစ်ဝက်က အကောင်းအတိုင်းရှိနေသေးရဲ့....။
ရောင်းတမ်းမဝင်တောင် မျှော်လင့်ချက်ဆိုတာ ပုပ်ကုန်မှမဟုတ်တာ....။ငါ....ရင်ဘတ်နဲ့အပြည့် သိုလှောင်ထား
လိုက်ဦးမယ်....။

ငါ....ကျေနပ်တယ်.....။

မနေ့က အိပ်ပျော်သွားပြီ...ရှိစေ....၊မနက်ဖြန်က အားကောင်းမောင်းသန် နဲ့ လှည်းဝင်ရိုးထမ်းလိမ့်မယ်....။
အနုမြူဗုံးတွေ အိပ်ကပ်ထဲမှာ အပြည့်လား....။ကိစ္စမရှိဘူး....ငါတို့မှာ ခလုတ်မှမရှိတာ....။ဘာအတွက်နဲ့ ပျော်ပျော်ရွင်ရွင် လက်ဆွဲမနှုတ်ဆက်နိုင်ရမှာလဲ....။

ဟောဒီမှာ လူတကာနဲ့တော်တဲ့ အင်္ကျီ....နာမည်က ယောနိသောမနသိကာရတဲ့....။သင့်ကျောပိုးအိပ်ကို ခဏ
လေးဖြစ်ဖြစ် ချွတ်ထားလိုက်ပါလား....။အချိန်မရွေး တပ်ဆင်လို့ရနေတဲ့နောက် ငါတို့သေနတ်တွေကို ကျည်ကပ်
ဖြုတ်ထားကြရအောင်...။

ဘဝဆိုတာ ရထားတစ်စင်းတဲ့လား.....၊အဲဒါကြောင့် အိပ်လို့သိပ်ကောင်းနေတာ....။ဘူတာကျော်သွားလဲ ကိစ္စ
မရှိဘူး...။ဒို့တွေ ခရီးများများရောက်တာပေါ့....။မနက်ဖြန်ကို ကျေဇူးပြုပြီး တိတ်တိတ်လေးနေခိုင်းလိုက်ပါ...။
အိပ်ကပ်ထဲမှာ ငွေသုံးကျပ်ရှိနေသေးရဲ့...။ငါတို့ ထမင်းတစ်ပွဲမှာ ဇွန်းနှစ်ချောင်းတပ်လို့ရပါတယ်...။
လေးချောင်းမထောက်ပေမယ့် သုံးချောင်းထောက်ကလည်း ခုံတစ်လုံးပါပဲ....။ကဲ...ငါတို့ နှစ်ချောင်းထဲနဲ့
မတ်မတ်ရပ်တမ်း ကစားကြရအောင်....။

နေတတ်လို့ကျေနပ်တယ်ပြောပြော....၊ကျေနပ်လို့နေတတ်တယ်ဆိုဆို....၊

ငါ.....မှုန်တိမှုန်ဝါး အစက်အပျောက်ကလေးအဖြစ်ကို ကျေနပ်တယ်....။

လင်းတခါ၊မှိန်တလှည့်ပေမယ့် လမင်းနဲ့ တစ်ကောင်းကင်တည်း ရှိနေတဲ့အတွက် ကျေနပ်တယ်....။

ဘာပဲဖြစ်ဖြစ်....ငါ....ကျေနပ်ပါတယ်......။

12 comments:

မိုးယံ said...

ဖြစ်ချင်တာတွေသိပ်များနေလို့
ကိုယ့်ဘ၀ကို ကိုယ့်ဘာသာပါ အားယူကျေနပ်နေလိုက်တော့မယ်ဗျာ

နှစ်သစ်မှာပျော်ရွှင်ပါစေ

...အလင်းစက်များ said...

အဆိပ်ခွက်တွေသောက်တာများလို့  နှစ်ချောင်းထဲ မတ်တတ်ရပ်တမ်း ကစားလို့  မရဘူး မဟုတ်လား..... :P

(မုသားမပြောကြေး :D)

ချော(အစိမ်းရောင်လွင်ပြင်) said...

လူ့လောကကြီးက နေတတ်ရင်ကျေနပ်စရာတဲ့
ခုလို ကျေနပ်တာတွေ အများကြီးတွေ့ရတော့လည်း လောကကြီးမှာ နေတတ်နေတယ်ဆိုတာ ပြတာပေါ့လေ..
နှစ်သစ်မှာ ပျော်ရွှင်ပါစေနော

ဖိုးကြယ် said...

နေတတ်လို့ကျေနပ်သွားတာလား ကျေနပ်လို့နေတတ်သွားတာလား :) ဘာပဲဖြစ်ဖြစ် ကျေနပ်စရာကတော့ ကောင်းတာအမှန်ပါပဲ :)

ခင်တဲ့(ဖိုးကြယ်)

ချစ်ကြည်အေး said...

ဆန္ဒရှိသလိုဖြစ်သော နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ မောင်လေးရေ....ကဗျာလေး ကြိုက်တယ်။ ကျေနပ်တယ်....:)

Maung Myo said...

ဘ၀ က နေတတ်ရင် ကျေနပ်စရာပါ အစ်ကိုက ကျေနပ်တယ်ဆိုတော့ နေတတ်တဲံ့သူပဲဖြစ်ရမယ် .။

ညိမ်းနိုင် said...

သိပ်မနေတတ်သေးပါဘူး..။ကြိုးစားနေတုန်းပါ..။
နှစ်သစ်မှာ နေတတ်အောင်ကြိုးစားဖို့ ကိုယ့်ဘာသာ
မုသွင်းနေတာလေ....:)

မြစ်ကျိုးအင်း said...

နားလည်လွယ်တဲ့ အက်ဆေးဆန်ဆန်လေး မို့လို့ ကြိုက်တယ်။
လေးဖတ်နေတုန်းမှာလည်း ကျေနပ်တယ်
ဖတ်ပြီးသွားတော့လည်း ကျေနပ်တယ်
ကဗျာထဲကလို စိတ်ထားတတ်ပုံမျိုးကို ဟိုးအရင်ထဲက သဘောကျခဲ့တာ။

ညိမ်းနိုင် said...

ဟုတ်ပါ့ ကိုမြစ်ရာ...ရေးတုန်းကတော့ ကဗျာပဲ...။ရေးရင်း
နဲ့ ဘာဖြစ်ဖြစ်သွားမှန်းကို မသိတော့ပါဘူး...။ဒါကြောင့်
လေဘယ်မှာကဗျာလို့တောင် မရေးရဲလို့ ကဗျာလိုလို လို့ရေးထားတာ..:)..။အဲ့လိုစိတ်ထားမျိုး ဒီနှစ်ကစထား
မယ်ဆိုပြီး ရေးထားတာ...။အမှန်တော့ ကြိုးစားတုန်းဗျ..:)

စော(အဝါရောင်မြေ) said...

အင်း ကျေနပ်ရမှာပေါ့ ကိုယ်တောင့်တလို့ ရလာတဲ့ ဘဝတွေပဲ မို့ လား။
စိတ်ကို ရှင်းသန့် ဖို့ ကတော့ တရားကို ထိရောက်စွာ ထိုင်နိုင်အောင် ကြိုးစားဖို့ ပဲရှိတော့တာပေါ့ . . .
ရှေ့ ဆက်ပြီးတော့လဲ ပျော်ရွှင်နိုင်ပါစေ ...
ဆုတောင်းပေးပါတယ် .
ကိုရီးယားကားတွေထဲကလို့  ကြိုးစားလို့ 

Anonymous said...

အတွေးတွေက ကျေနပ်ရောင့်ရဲတတ်တဲ့သူမှန်း
သိသာပါတယ်ဗျာ ....

ခင်မင်လေးစားလျှက်
အုပ်ကြီး

NangNyi said...

လေးချောင်းမထောက်ပေမယ့် သုံးချောင်းထောက်ကလည်း ခုံပါပဲ..

း)
နည်းနည်းတော့ ယိုင်လဲလွယ်တာပေါ့လေ