Sunday, January 9, 2011

ဒီလိုနဲ့ ကျွန်တော်တို့လျှောက်တဲ့လမ်းကို တဖြည်းဖြည်းဖောက်ခဲ့ပါတယ်

အမှားကြာ အမှန်ဖြစ် တဲ့....၊

လူညီရင် ဤ က ကျွဲ ဖြစ်တယ် တဲ့....၊

ဒီစကားတွေ အတော်မှန်တယ်လို့ တွေးမိပါတယ်....။

နောက် ထင်ယောင်ထင်မှား မှုတွေအကြောင်း......၊

ပြီး....လှည့်စားခြင်း.....၊

ဖတ်ခဲ့ဖူးတဲ့ ဘာသာပြန်ဝတ္ထုတစ်ပုဒ်ကို သတိရမိတယ်.....။ဗီယက်နမ်စစ်ပြန်တစ်ယောက်ကို ပိပိရိရိလည့်စား
ပြီး ဘရိန်းဝပ်ခ်ျ လုပ်တဲ့ဇာတ်လမ်းလေးပါ...။

ဘရိန်းဝပ်ခ်ျ....။ဒီစကားလုံးကလည်း အတော်လူသုံးများတယ်ထင်ရဲ့...။

ကျွန်တော်တို့ ဘဝတစ်လျှောက်မှာ ဘယ်လောက်တောင်မှ ဘရိန်းဝပ်ခ်ျ အလုပ်ခံခဲ့ရပြီးပြီလဲ.....။

ဘယ်သူတွေက ဘယ်လိုသောအကြောင်းတွေနဲ့ ဘရိန်းဝပ်ခ်ျ လုပ်ခဲ့ကြပါသလဲ...။

အဲလိုလုပ်တဲ့သူတွေထဲမှာ ကျွန်တော်တို့ကို ချစ်တဲ့သူတွေ၊ကျွန်တော်တို့ရဲ့ နည်းပေးလမ်းပြတွေ ရော...ပါနိုင် ပါသလား...။သူရို့ကိုယ်တိုင်ရော သူတို့လုပ်ခဲ့တာကို သိပါရဲ့လား...။

စေတနာတွေ ရေစီးကမ်းပြိုလိုက်တဲ့အခါ...ကျွန်တော်တို့မှာ သွေးတစိမ့်စိမ့်ထွက်တာကလွဲလို့ ဘာများထူးခြား
လာခဲ့ပါသလဲ....။

တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့ဘာသာ မိမိကိုယ်ကို ဘရိန်းဝပ်ခ်ျ လုပ်မိကောင်းလုပ်မိနေပါလိမ့်မယ်...။

ဒါဟာ ငါ့ရဲ့ယုံကြည်ချက်ပဲ ဆိုပြီး ယုံကြည်မှုတစ်ခုထားရင်း မိမိမယုံကြည်နိုင်တာတစ်ခုကို ယုံကြည်လာနိုင်ပါ
တယ်....။ဒါပေမယ့် ဒါဟာ လိုအပ်ပါတယ်....။နဲနဲဂွကျတဲ့ လူတစ်ချို့ကလွဲလို့ လူတိုင်းအတွက်လိုအပ်ပါတယ်...။
အနည်းဆုံးတော့ လိုအပ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်....။

မိမိကိုယ်ကို ဘရိန်းဝပ်ခ်ျလုပ်ခြင်းတွေထဲမှာ အချစ်ဆိုတာလောက် လွယ်ကူတာမရှိပါဘူး...။ချစ်မိသွားပြီ ဆိုပြီး
တခြားတစ်ယောက်ကို ဘရိန်းဝပ်ခ်ျလုပ်ရင်း....၊ကျွန်တော်တို့ဟာ မိမိဘာသာ ယုံကြည်သွားပါတယ်.....။
တစ်နည်းအားဖြင့် မိမိဘာသာ ဘရိန်းဝပ်ခ်ျလုပ်မိပါတော့တယ်....။

ဒါတွေက မင်းတို့ကို ဘရိန်းဝပ်ခ်ျလုပ်နေတာ....ဆိုတဲ့စကားတစ်ခွန်းကလည်း ကျွန်တော်တို့ကို ဘရိန်းဝပ်ခ်ျ လုပ်
နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။ကိုယ်မင်းကို ချစ်လိုက်တာလို့ လူတစ်ယောက်က ပြောလာခဲ့ရင် သူကိုယ်
တိုင် သူ့ဘာသာသူ ဘရိန်းဝပ်ခ်ျ လုပ်နေတာလား၊ကျွန်တော်တို့ကို ဘရိန်းဝပ်ခ်ျ လာလုပ်နေတာလားဆိုတာ
နဲနဲတော့စမ်းစစ်သင့်ပါတယ်....။

ဒီလိုတစ်ဖက်သားက ကျွန်တော်တို့ကို ဘရိန်းဝပ်လာလုပ်တဲ့အခါ...၊ကျွန်တော်တို့ကိုယ်တိုင်က သိသည်ဖြစ်စေ၊
မသိသည်ဖြစ်စေ..၊သူ့အပေါ်ယုံကြည်မှုထားပေးရင်းနဲ့ တန်ပြန်ဘရိန်းဝပ်ခ်ျ လုပ်နိုင်ပါသေးတယ်...။
အဲဒီလိုနဲ့ အရာရာဟာ အစစ်အမှန်တွေဖြစ်တယ်ဆိုတဲ့ အတွေးတစ်ရပ် နှစ်ယောက်စလုံးမှာ ဝင်လာတဲ့အခါ၊
ကျွန်တော်တို့ အစစ်အမှန်တစ်ခုလို့ ထင်ရတာတစ်ခုကို ရသွားနိုင်ပါတယ်...။တနည်းအားဖြင့် သက္ကာယဒိဋ္ဌိ ကကောင်းစွာ အမြစ်တွယ်သွားပါတော့တယ်....။

စကားလုံးတစ်လုံးချင်းစီမှာ...၊သံစဉ်တစ်ချက်ခြင်းစီမှာ....ဘရိန်းဝပ်ခ်ျတွေပါ ပါတယ်....။အနဲဆုံးတော့ ပါကောင်း
ပါနိုင်ပါတယ်....။ပင်လယ်ပြင်ကြီးက ရိုက်ထုတ်လိုက်တဲ့ လှိုင်းတစ်လုံးချင်းမှာ၊လပြည့်ဝန်းကြီးမှာ...၊မှိတ်တုတ်
မှိတ်တုတ် ကြယ်လေးတွေမှာ...၊နောက်ဆုံး တိတ်ဆိတ်ခြင်းတွေမှာ ကျွန်တော်တို့အတွက် ဘရိန်းဝပ်ခ်ျတွေပါ ပါတယ်...။ဒီလိုနဲ့ ကျွန်တော်တို့ဟာ မိမိကိုယ်ကို ခံစားချက်ရဲ့သားကောင်တွေအဖြစ် မိမိဘာသာသတ်မှတ်လိုက်
ပါတော့တယ်...။

တလောက ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရပါတယ်....။ဒီကမ္ဘာပေါ်မှာ ကမ္ဘာပြားအဖွဲ့ဆိုတာရှိသတဲ့...။သူတို့က
ကမ္ဘာကြီးပြားကြောင်းသက်သေသက္ကာရတွေထုတ်ပြကြသတဲ့...။အဖွဲ့ဝင်တွေ ထောင်ချီရှိဆိုပဲ...။ဘာပဲဖြစ်ဖြစ်
သူတို့ဟာ...သူတို့ဘာသာ ကမ္ဘာပြားကြောင်းယုံကြည်ကြပါတယ်...။ဒီလိုနဲ့(သူတို့အတွက် ) ကမ္ဘာကြီးပြားသွား
ပါတယ်....။

တစ်ခါတစ်ရံမှာ ယုံကြည်မှုဆိုတာ အဆိုးရွားဆုံး ဘရိန်းဝပ်ခ်ျတစ်ခု လို့မြင်မိပါတယ်...။ဒါပေမယ့် လိုအပ်ပါတယ်။
လူတစ်ယောက်ဟာ မိမိဘာသာ သက်သေသင့်တယ် လို့ မယုံကြည်သရွေ့ ကာလပတ်လုံး သက်သေဖြစ်မှာ မ
ဟုတ်ပါဘူး...။သက်သေသင့်ပြီလို့ ယုံကြည်ထင်မှတ်သွားတဲ့တစ်နေ့မှာ ကောင်းစွာ အထမြောက်သွားပါလိမ့်
မယ်....။ဒီအတွက် စိတ်ဓာတ်ကျခြင်း၊တလွဲမာန၊မတော်လောဘ နဲ့ အလိုမပြည့်ခြင်းများက သူ့ကို ဘရိန်းဝပ်ခ်ျ
လုပ်သွားပါလိမ့်မယ်..။

ကျွန်တော်တို့ဟာ အကောင်းဆုံး ဘရိန်ဝပ်ခ်ျတစ်ခု ကို ကျွန်တော်တို့ဘာသာလုပ်နိုင်ပါတယ်....။
ကျွန်တော်တို့ ယနေ့ကြုံတွေ့နေရတာတွေက ဘယ်လိုပဲဖြစ်နေပါစေ....၊တစ်နေ့တာ စိတ်ချမ်းသာမှု ရှိအောင်
ကျွန်တော်တို့ဘာသာ ဘရိန်းဝပ်ခ်ျလုပ်နိုင်ပါတယ်...။အဆိုးတွေကိုမေ့နိုင်သလောက်မေ့ထားရင်း အကောင်းတွေ
ကို ရှာကြံတွေးပေးခြင်းဖြင့်၊အကောင်းဘက်က လှည့်တွေးပေးခြင်းဖြင့် ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ စိတ်ချမ်း
သာလာနိုင်ပါတယ်...။

ဒီလိုနဲ့ အဆုံးတစ်နေ့မှာ ဘဝတစ်လျှောက်လုံးစိတ်ချမ်းသာခဲ့သလိုမျိုး မိမိဘာသာကျေနပ်စိတ်တစ်ခုနဲ့ အေးအေး
ချမ်းချမ်း အိပ်ပျော်သွားနိုင်ပါတယ်...၊အနည်းဆုံးတော့ အိပ်ပျော်သွားလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်လာပါ
လိမ့်မယ်...။

နောက်ဆုံးပြောချင်တာက ဒီစာဟာ ကျွန်တော့်ဘာသာ ကျွန်တော် ဘရိန်းဝပ်ခ်ျ လုပ်ထားတာဖြစ်ပါတယ်....။

8 comments:

...အလင်းစက်များ said...

လောလောဆယ် ဘရိန်းဝက်ခ်ျက ကိုယ်ဖြစ်နေလို့  ဘာလုပ်ရမှန်းမသိအောင်ပဲ........ ကဲ.. ပြော.. ကြ....စမ်း...... ပါ...... အုန်း...

သူကြီးမင်း (တုံးဖလား) said...

ဘရိန်းဝပ်ရှ်တွေ များလွန်းလို့ လူက ယဲ့သဲ့သဲ့ရယ်။

နောက်ဆုံးတော့လဲ မောင်လေးပြောသလို သက္ကာယဒိဋ္ဌိတွေပြုတ်သွားတဲ့တစ်နေ့ အားလုံးရှင်းလင်းသွားကြမှာပါ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ဘရိန်းဝပ်ခ်ျလုပ်ပုံ အသေးစိတ် ထပ်ရေးပေးဗျာ
ကျနော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ဘရိန်းဝပ်ခ်ျ
လုပ်မိလို့ လုပ်မိမှန်း မသိဖြစ်နေလို့ ဘရိန်းဝပ်ခ်ျကို
သေချာစပ်စု အဲ...သုတေသနလုပ်နေပါကြောင်း

မိုးယံ said...

တို့တော့ ကိုယ့်ဦးနှောက်ကို ကိုယ်မလျှော်နိုင်ပါဘူး. မသကာ ခေါင်းလျှော်မယ် ဦးခေါင်းခွံပေါ်က အရေးပြားတွေကို ကုတ်မယ်... ဒီလောက်ပဲ.. ဂွီ

ငြိမ်းချမ်းပါစေ
မိုးယံ

ဖိုးကြယ် said...

ဟုတ်တယ်ဗျို့....နဲနဲအကျယ်ချဲ့ဖို့တော့လိုနေပြီ :)

ခင်တဲ့(ဖိုးကြယ်)

noblemoe said...

ဘရိန်းဝပ်ခ်ျ အကြောင်းလာဖတ်ပါတယ်။
စိတ်အေးချမ်းအောင်ထားနိုင်ရင် အရာရာအော်တိုအေးသွားမှနော်
ခက်တာက အေးလိုက်ပူလိုက်နဲ့လေ။ အသက်ရှင်နေသမျှတော့ကြိုးစားရမှာပါပဲအေးချမ်းအောင်နေတတ်ဖို့  အရာရာခေါင်းထဲထည့်လွန်းတော့ခေါင်းပူရတယ်လေ။တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ပဲစဉ်းစားနေတာ။ခေါင်းထဲဘာမှမထည့်ချင်တော့ဖူးလို့ ဒါပေမဲ့အဲဒီစိတ်ဘယ်လောက်ခံမလဲမသိပြန်ဖူး။ လောလောဆယ်ကုန်တော့မယ့်စတေးတွက်ကြိုပူနေမိလို့  ဟီး

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မောင်မျိုး said...

ပို့စ်ခေါင်းစဉ်ကိုအကြိုက်ဆုံးပဲဗျို့ ။

အဖြူရောင်နတ်သမီး said...

ကိုယ်လည်း နဲနဲနောက်နေတယ်...
ဘရိမ်းဝေါ့ခ်ျ လုပ်မှထင်တယ်..။