Friday, January 28, 2011

ဧဝံ....ဤသို့.....ကြားရသည်ကား......

လူသည် နိုင်ငံရေးသတ္တဝါ ဖြစ်ချေတော့သည်တမုံ....(မှတ်ချက်...ကိုယ်ကျိုးစီးပွားအားထိခိုက်လာသောအခါ....)

တနေသ၌ ကျွန်ုပ်မောင်လေးတစ်ယောက် အလုပ်မှပြန်ရောက်ပြီးနောက် ရေမိုးမချိုးနိုင်သေးပဲ ကွန်ပြူတာနှင့်
မျက်နှာအပ်ပြီးသကာလ ပေါက်ကရလေးဆယ် တိုတိုထွာထွာများ ရေးရန်အကြံထုတ်နေစဉ်အခိုက်၊အခန်းဖော်
သူငယ်ချင်းသည် အပြင်မှပြန်ရောက်လာချေသည်။အနှီသကောင့်သားသည် အခန်းထဲရောက်လာသည်နှင့်
တပြိုင်နက် လွယ်အိတ်အား ကုတင်ပေါ်သို့ ဘုံးကနဲပစ်ချလိုက်ပြီးလျှင်....

“နာရိုးxxxတွေ...၊ငမြွေတိုးတွေ....၊လေထိုးမသားတွေ...၊သေကိုမသေနိုင်ဘူး...၊အေးအေးနေတဲ့သူတွေကိုတောင်
ဒွတ်ခပေးသေးတယ်....@#&~(*.....” အစရှိသဖြင့် ပြစ်ပြစ်နှစ်နှစ်ကြီးဆဲဆိုမြည်တမ်းခြင်းအမှုကိုပြုလေတော့၏။

ယေဘုယျအားဖြင့်ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက်ကား လက်ရှိအစိုးရကို အနှီးသို့ကလို ဆဲဆိုခြင်း
ကား သိပ်ပြီးအထူးအဆန်းမဟုတ်လှချေ....:)။သို့သော် အကျွန်ုပ်၏သူငယ်ချင်းအကောင်းစား၏ဆဲဆိုမြည်တမ်း
ခြင်းကား အကျွန်ုပ်အဖို့အထူးအဆန်းဖြစ်ချေတော့သည်တမုံ့...။အဘယ်မည်သောအကြောင်းကြောင့်နည်း.....။
လင်းအံ....။အနီုးပုဂ္ဂိုလ်ကား အကျွန်ုပ်တို့ သူငယ်ချင်းတစ်သိုက် နငယ်အကြောင်း၊ဏကြီးအကြောင်း၊ဟို
အကြောင်း၊ဒီအကြောင်း ပြောသည်ရှိသော် ဘယ်နံရောခါကမှ ဝင်ရောက်ပြောဆိုခြင်းဟူသည် မရှိချေ...။

သို့မရှိရုံမျှမက အကျွန်ုပ်တို့ကိုပင် မင်းတို့သည် ကိုယ်နှင့်မဆိုင်သည်များကို အရည်မရ၊အဖတ်မရ ပြောဆိုချေ၏
ထိုထိုဤဤ ပြောဆိုနေ၍ ဘာရမည်နည်း....။နိုင်ငံရေးဟူသည်ကိုယ်နှင့်လားလားမှဆိုင်သည်မဟုတ်။ဒီမိုတက်
လည်း ကိုယ်လုပ်မှကိုယ်စားရမည်...၊ဟိုမိုတက်လည်း..(အဲယောင်လို့ )ဟိုဘောင်းဘီချွတ်တွေတက်လည်း
ကိုယ်လုပ်မှကိုယ်စားရမည်..၊သို့အတွက်ကြောင့် နငယ်တွေဘာတွေ ငတို့ကတော့ဖြင်စိတ်မဝင်စား...” စသည်
ဖြင့် အကျွန်ုပ်တို့အား ပြစ်တင်ခြင်းကိုပင်ပြုသူပေတည်း...။

ခုတော့ဖြင့် အနှီးသူ့ကောင့်သားသည် ကောင်းစွာဆဲဆိုခြင်းကိုပင်ပြုလေရကား အကျွန်ုပ် အံသြတကြီးဖြစ်ရခြင်း
ပင်တည်း....။သို့နှင့် အကျွန်ုပ်လည်း သူ့အား ဖြောင့်ဖျ၊နှစ်သိမ့်ပြီးနောက် ဖြစ်ကြောင်းရယ်ကုန်စဉ် မေးမြန်းမိ
သည်ရှိသော်.......အဖြစ်ကား ဤသို့တည်း.....။

အနှီးကား အဖြူရောင်ဖြစ်၏(အဲ....အဲ...ယောင်လို့ ) အနှီးကား လွန်ခဲ့သည့် တလခန့်ကပင် ၄င်း၏ ပတ်စ်ပို့ သက်
တမ်းကုန်သည်ဖြစ်၍ သက်တမ်းသွားတိုးထား၏။သို့ကလို သက်တမ်းတိုးသည်ရှိသော်...၊မြန်မာပြည်သံရုံးမှ ၎င်း
အား အီးပတ်စ်ပို့ ဟူသည်ကို ထုတ်ပေးလိုက်လေတော့သည်...။ဤသည်ကား ပြဿနာမဟုတ်...။

ပြဿနာကား ယခုအခင်းဖြစ်သည့်နေ့မှစလေ၏။ယနေ့တွင် ၎င်းပုဂ္ဂိုလ်သည် ရုံးမှခွင့်ယူ၍ ရှင်ကျားပူလိုင်စင်ရုံး
သို့သွားလေ၏။သွားရသည့်အကြောင်းကား သူဖြေဆိုထားသည် ကလပ်၃ လိုင်စင်သည်ကောင်းစွာအောင်မြင်
ပြီးသည့်နောက် ၎င်းလိုင်စင်ကိုသွားရောက်ထုတ်ယူခြင်းပင်...။

အနှီးပုဂ္ဂိုလ်၏ရှေ့မှ ပုပုရွရွ၊ကျားကျားမမ အပေါင်းတို့သည် ပျော်ရွင်စွာဖြင့် ဆိုင်ရာဆိုင်ရာ လိုင်စင်တို့ကို ထုတ်
ယူသွားကြပြီးလျှင် အကျွန်ုပ်တို့ဇာတ်လိုက်ကျော်ကြီးအလှည့်သို့ရောက်သော်...ဆိုင်ရာ အော်ဖစ်ဆာမှ သူ့ထံမှ
ပတ်စ်ပို့ ကိုတောင်းယူကြည့်ရှုလေ၏။သို့ကြည့်ရှုပြီးလျှင် ၎င်းအား လိုင်စင်ထုတ်ပေးရန်ငြင်းဆိုလေတော့သည်။
အဘယ်ကြောင့်နည်းဆိုသော် ယင်းပတ်စ်ပို့ကား အသစ်ချပ်ချွတ် အီးပတ်စ်ပို့ကြီးဖြစ်နေသောဖြစ်သောကြောင့်
ပင်တည်း.....။အော်ဖစ်ဆာကား ၎င်း ရှင်ကျားပူနိုင်ငံသို့ဝင်ရောက်လာစဉ်က ဆိုင်ရာမှထုပေးလိုက်သော တုံး
ကိုကြည့်လိုမြင်လိုလှ၏။

သို့သော် အနှီးအော်ဖစ်ဆာရော၊အကျွန်ုပ်၏သူငယ်ချင်းပါကံမကောင်းအကြောင်းမလှရကား အဆိုပါတံဆိပ်တုံး
ကို ပတ်စ်ပို့အသစ်ကြီး၌ အဘယ်သို့သောအကြောင်းဖြင့် မြင်ခွင့်ရချေမည်နည်း...။အကျွန်ုပ်ဘော်ဘော်ကား
အမျိုးမျိုးအဖုံဖုံ ရှင်းလင်းပန်ကြားလေ၏။မရ....ရေးချမရ....။မိတ္တူပြ၏။မကျေနပ်...၊မူရင်းသာမြင်လိုရကား
အကျွန်ုပ်မိတ်ဆွေရောင်းရင်း၊အပေါင်းအသင်းလည်း တပ်ခေါက်၍ ပြန်လာရချေတော့လေသည်တကား....။

သို့ပြန်လာပြီးလျှင်...သူ၏ ကားမောင်းလိုင်စင်မရ ရလေတကားဟူ၍ ဒေါသအလိပ်လိပ်ထွက်ပြီးသကာလ
အထက်ပါအတိုင်း ကောင်းစွာ ဆဲဆိုမြည်တမ်းခြင်းအမှုကို ပြုခြင်းဖြစ်ချေ၏

အကျွန်ုပ်လည်း သူပြောသမျှကို ကောင်းစွာနားထောင်ပြီးသကာ အောက်ပါအတိုင်းမှတ်ချက်ချမိသည်ကား
လူဟူသည် မိမိ၏အကျိုးစီးပွားကိုထိခိုက်လာသည်ရှိသော် နိုင်ငံရေးသတ္တဝါ အဖြစ်သို့ ပြောင်းလဲသွားချေ
တော့သည်တမုံ.....ဟူလို.....။

````````````````````````````````````````````
ဤသို့သောအဖြစ်အပျက်ကို အကျွန်ုပ်တို့သူငယ်ချင်းတသိုက် ရယ်ပွဲဖွဲ့ပြောဆိုလေသည်ရှိသော် သူငယ်ချင်း
တစ်ယောက်က ၎င်း၏အခြားသောမိတ်ဆွေတစ်ယောက်၏အဖြစ်အပျက်ကို အောက်ပါအတိုင်း ဇာတ်ကြောင်း
ပြန်ပြောလေ၏

အနှီးပုဂ္ဂိုလ်ကား လွန်ခဲ့သော တနှစ်ခန့်က မလေးရှားနိုင်ငံမှ ရှင်ကျားပူနိုင်ငံသို့ကူပြောင်းရောက်ရှိလာပြီးလျှင်
အလုပ် လုပ်လျက်ရှိနေချေသည်...။မလေးရှားနိုင်ငံတွင် ရှိစဉ်အခိုက် အခွန်ငွေကို တစ်ဝက်ပေးဆောင်ပြီးဖြစ်
လေသည်....။သို့သော်...ပြေစာစလစ်ကား ပျောက်ရှသွားလေသောဟူလို....။ယခု သက်တမ်းတိုးမည်ရှိသော်
ပြည်ထောင်မြန်မာနိုင်ငံတော်သံရုံးမှ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ခဲ့သည့်ကာလအတွက်ပါ အခွန်ငွေကို
တောင်းခံလေတော့သည်....။

သို့ကလိုတောင်းခ့သည်ရှိသော် ထိုသူလည်း အခွန်ဆောင်ပြီးကြောင်းပြောဆိုလေသော်...ဘယ်မှာလည်း ပြေစာ
ဟု့မေးမြန်းလေ၏။ပြေစာကားမပြနိုင်...။မလေးသွား၍ အကျိုးအကြောင်းပြောပြပြီး ထောက်ခံစာတောင်းသော်
ရနိုင်ချေရှိ၏။ခက်သည်ကား ပတ်စ်ပို့သက်တမ်းကား ၅လပင် မပြည့်တတ်တော့၍ မလေးသို့လည်း ကူး၍မရ
ဟူလို...။သို့နှင့်ပင် အနှီးမျိုးချစ်ပုဂ္ဂိုလ်ကား အင်မတန်မှ နိုင်ငံကြီးသားပီသစွာဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်
အစိုးရမင်းများထံသို့ အခွန်ငွေ နှစ်ကြိမ်တိတိပေးဆောင်ခြင်းအမှုကို ပြုခဲ့ရသော....ဟူ၏။သြော်...အဟောဝတ
ကောင်းလေစွ.....ကောင်းလေစွ.....ကောင်းလေစွ....ဟူ၍ အကျွန်ုပ်မောင်လေးနှင့်ကြားကြားသမျှသော သူငယ်
ချင်းတစ်သိုက်လည်း အနုမောဒနာခေါ်လိုက်ရချေတော့သည်တမုံ.......။

11 comments:

မိုးယံ said...

ကိုယ့်နိုင်ငံ အတွက် ကိုယ့်လုပ်အားနဲ့ အကျိုးပြုတာပဲလေ..လို့ (၀ိုင်ဝိုင်း)

ပျော်ပျော်ကြီးပေးဆောင်လိုက်စမ်းပါ...

မေဓာဝီ said...

ဤကုသိုလ် အဖို့ဘာဂကို ကြားကြားသမျှ မြင်မြင်သမျှ ဖတ်ဖတ်သမျှ ပုပုရွရွ နုနုလှလှ ဣတ္ထိယ ပုရိသ အပေါင်းအား အမျှဝေပါကုန်လော့ .... ။

သာဓု သာဓု သာဓု ဟု ၀မ်းမြောက်နုမော် သာဓု ၃ ကြိမ် ထပ်ဆင့် အနုမောဒနာ ပြုလိုက်ပါ၏။

မှတ်ရန် ... ။
သိပ်ခံရရင် အပြစ်ပြောပြီး သဘောမနုကြပါနဲ့
နိဗ္ဗာနပစ္စယော ဟောတု လိုက်ပါလေ .... ။
ဒူဝေေ၀ ))))

noblemoe said...

စာဖတ်သွားပါတယ်။
နိုင်ငံရေးသမားတော့မဟုတ်ပါဖူး ဒါပေမဲ့ဒုက္ခရောက်နေသူတွေတွေ့ရင် စိတ်မနေနိုင်တော့သက်ဆိုင်တဲ့သူတွေကိုတော့ပစ်တင်မိပါတယ်။ဒါပေမဲ့ထူးမခြားနေမှတော့ အကုသိုလ်သာပွားတာပေါ့ ထမင်းပန်းကန်ထဲကသဲမဟုတ်တဲ့ သဲတစ်ပွင့်တော့ဖြစ်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတာပါပဲ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

သဒ္ဓါလှိုင်း said...

တခါတရံမှာတော့ သဘာဝတရားအရ ကိုယ်ခံရမှ
ကိုယ်နားလည်သွားတာတွေလည်း ရှိတတ်ကြတယ်နော်။
ခင်မင်စွာ
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

အလှုရှင်လို့သာ ဂုဏ်ယူလိုက်ပါတော့လေ။
မဆောင်မဖြစ်ဆောင်လိုက်ရပြီ ဆိုမှတော့ မတတ်နိုင်တော့ပြီတကား
သာဓု ခေါ်ကာအမျှသာဝေလိုက်ပါ။

rose of sharon said...

အခွန်နှစ်ခါဆောင်လိုက်ရတဲ့ ခလေးကို သနားလိုက်တာ :(

မြစ်ကျိုးအင်း said...

ကိုယ့်နိင်ငံကတော့ ပြောမယုံ ကြုံမှသိ ဆိုတာတွေ များပါပေ့..။

ခွန် said...

ငမြွေတိုးတွေ....၊လေထိုးမသားတွေ...
ဖတ်ပြီး ရယ်မိတယ်။ ကြံကြံဖန်ဖန် အစားထိုးတက်တယ် :)

အခွန်နှစ်ခါဆောင်လိုက်ရတဲ့သူ သနားပါတယ်။
အတော်စိတ်နာသွားမှာဘဲ...

...အလင်းစက်များ said...

အများကြီးပါပဲ... ဖြစ်နေကျလို့ တောင် ပြောနိုင်တယ်

မိုးစက်ပွင့် said...

ရသမြောက်တဲ့ သရော်စာလေးပါလား... ခေါင်းတငြိမ့်ငြိမ့်နှင့် ဖတ်သွားပါကြောင်း..

ရွှေပြည်သူ (ShwePyiThu) said...

မောင်လေးရဲ့ သူငယ်ချင်း အဖြစ်က ဖြစ်မှ ဖြစ်ရလေတယ်...

ဒီလိုအဖြစ်တွေ ကြုံရကြားရတိုင်း သက်ပြင်းပဲ အထပ်ထပ်ချမိပါတယ်။

(ဘလော့ကို လာလည်စာဖတ်သွားတာလဲ ကျေးဇူးတင်ပါတယ် မောင်လေး)