Thursday, September 22, 2011

ဘောင်များအကြောင်း တွေးမိတွေးရာ

လွန်ခဲ့တဲ့ စနေနေ့က နေ့လည် ၃နာရီလောက်ကနေစပြီး ကွန်ပြူတာသုံးလိုက်တာနာရီပြန်တစ်ချက်
ထိုးရောဗျိုး။ ဒီတော့ လူကခံနိုင်ပေမယ့် မျက်လုံးတွေက မခံနိုင်တော့ပဲ အောင့်လာပါရော...။ဒါနဲ့
ကျွန်တော်လည်း အိပ်ယာပေါ်မယ် တရားထိုင်သလို တင်ပျဉ်ချိတ်၊ ခါးကို မတ်မတ်ထားပြီးထိုင်၊
မျက်လုံးကိုလည်းအပေါ်ကနေ လက်ကိုင်ပုဝါလေးနဲ့ ဖွဖွလေးစည်းထားပြီးငြိမ်ငြိမ်လေးထိုင်နေလိုက်
ပါတယ်။မျက်လုံးတွေညောင်းညာနေတာ သက်သာသွားအောင်ပါ....။

အဲဒီလို လူကငြိမ်ငြိမ်လေးထိုင်နေပေမယ့် စိတ်အတွေးတွေကတော့ ဟိုရောက်ဒီရောက်ပေါ့ဗျာ။အဲဒီ
အချိန်မယ် ဘာကိုသွားသတိရမိသလဲဆိုတော့၊ ဟိုး ဆယ်နှစ်ကျော်လောက်က ရုပ်မြင်သံကြားမှာ
ကြည့်ခဲ့ရတဲ့ သိပ္ပံဇာတ်လမ်းတွဲတစ်ခုထဲက ဇာတ်ဝင်ခန်းတစ်ခန်းကိုသွားသတိရမိသဗျ။အဲဒီဇာတ်
လမ်းတွဲနာမည်တွေဘာတွေကိုတော့ မမှတ်မိတော့ပါဘူးဗျာ....၊ မှတ်မိတာကတော့ အာကာသယာဉ်
ကြီးတစ်စင်းနဲ့ အာကာသထဲ လျှောက်သွားနေကြတာပါပဲဗျာ...၊အဲ....ခုပြောမယ့်ဇာတ်ဝင်ခန်းလေး
ကိုတော့သေသေချာချာမှတ်မိနေသဗျ.....၊

အဲဒီဇာတ်ဝင်ခန်းလေးကတော့ မင်းသားနဲ့မင်းသမီးချစ်တင်းနှီးနှောကြတဲ့အခန်းခင်ဗျ။အဲ..ချစ်တမ်း
ကစားကြတယ်ဆိုလို့ ညစ်တီးညစ်ပတ်တော့ မဟုတ်ပါဘူး၊မင်းသားက သူ့အခန်းထဲမှာ သူ့ဘာသာ
ထိုင်နေတယ်....၊မင်းသမီး ကလည်း သူ့အခန်းထဲမှာ ထိုင်နေတယ်....၊သူရို့မျက်လုံးတွေ မှာတော့
မျက်မှန်ကြီးကြီး လိုဟာမျိုး တစ်ခု တပ်ထားတယ်....၊လူချင်းမထိ မတွေ့ကြပဲ ခေတ်မှီ နည်းပညာ
တစ်ခုခုနဲ့ သမီးရည်းစား ချိန်းတွေ့ ကြတယ် ဆိုပါစို့ဗျာ....။

ဆိုတော့ ကျွန်တော်လည်း အဲ့ဒါလေးသွားသတိရမိပြီး ခုနေ ငါလည်းအဲ့လို အာရုံဆက်သွယ်လို့ရရင်
ကောင်းမှပဲလို့ တွေးမိရော.....။ဟမ်...လို့မအော်ကြေးလေဗျာ....၊ကျွန်တော်ဆိုလိုတာက ခုချိန်မှာ
စာတွေလည်းဖတ်ချင်၊မျက်လုံးကလည်း အခြေမလှဖြစ်နေတော့ ကျွန်တော့်ကွန်ပြူတာလေးနဲ့
ကျွန်တော့် ဦးနှောက် ကို အဲ့လိုမျိုးချိတ်ဆက်လို့ရရင်ကောင်းမှာလို့တွေးမိတာရယ်ပါ...:)))။အဲဒီလို
ချိတ်ဆက်လို့ရရင် မျက်လုံးကအတော်အနားရသွားမှာ....။

ဒါပေမယ့် ဒီလိုမျိုးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွေးမိပါတယ်.....၊ ဘာဖြစ်လို့လဲ ဆိုတော့
ကျွန်တော်တို့ လူသားတွေဆိုတာ အကန့်အသတ်ဘောင်တွေထဲမှာ ရပ်တည်ရှင်သန်နေကြရတဲ့သူ
တွေဖြစ်နေလို့ပါ...။သိပ္ပံပညာတွေဘယ်လောက်ပဲတိုးတက်လာတယ်ပြောပြော အဲဒီတိုးတက်မှုဟာ
ဘောင်ထဲကသာလျှင်ဖြစ်ပါတယ်....။အဲဒီဘောင်ကတော့ လောကသဘာဝနိယာမဆိုတဲ့ ဘောင်ပါပဲ
မဟုတ်ပါလားဗျာ....။

ကျွန်တော်တို့ကမ္ဘာ၊ကျွန်တော်တို့လူသားတွေဘယ်ရွေ့ဘယ်မျှတိုးတက်လာစေဦးတော့ လောက
နိယာမတရားတွေဖြစ်တဲ့ မမြဲခြင်းသဘော၊အစိုးမရခြင်းသဘော၊အချိန်ကြာလာတာနှင့်အမျှ ပျက်စီး
ရခြင်းသဘော၊သေခြင်း၊နာခြင်း၊အိုခြင်းသဘောတွေကို ဘောင်ကျော်လို့မရစကောင်းပါ။ဒါတွေဟာ
လောကသဘာဝအရ သတ္တလောကနှင့် သြကာသလောက တွေကို ခတ်ထားတဲ့ဘောင်တွေသာပဲ
မဟုတ်ပါလားဗျာ....။

ထို့ပြင်တစ်ဝ ကျွန်တော်တို့လူသားတွေမှာ တစ်ခြားသောဘောင်တစ်ခုလည်းရှိသေးသဗျ၊အဲ့ဒါက
တော့ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု၊ဓလေ့၊ထုံးစံ၊စည်းကမ်း၊ဥပဒေများပဲဖြစ်
ပါတယ်....။ဒီဟာတွေကလည်း ကျွန်တော်တို့ကိုခတ်ထားတဲ့ဘောင်တွေပါပဲ၊ဒီဘောင်တွေဟာ
မဖြစ်မနေလိုက်နာရမယ့် အရာတွေတော့မဟုတ်ပါဘူး....၊ဒါပေမယ့် လူ့လောကအသိုင်းအဝိုင်းထဲ
မယ် ရှင်သန်နေထိုင်ရတဲ့ လူတစ်ယောက်အဖို့ လိုက်နာသင့်၊လိုက်နာအပ်တာတွေကို လိုက်နာနေရ
မှာပါပဲ...၊မလိုက်နာခဲ့ရင် ကိုယ်ပဲ စည်းအပြင်ကလူ ဖြစ်သွားမှာပဲမဟုတ်ပါလားခင်ဗျာ...၊စည်းအပြင်
တစ်ခုကိုရောက်သွားတယ်ဆိုတာ လွတ်လပ်ခြင်း၊ပေါ့ပါးခြင်းလို့ အဓိပ္ပါယ်ဖွင့်လို့ရသလို၊ဗရမ်းဗတာ
နိုင်ခြင်း၊အထိန်းအကွပ်မဲ့ခြင်းလို့လည်းပြောလို့ရနိုင်တာပဲမဟုတ်ပါလားဗျာ....။

နောက်ထပ်ကျွန်တော်တို့မှာ ဘောင် တစ်ခုရှိပါသေးတယ်...၊အဲဒီဘောင်ကတော့ ကျွန်တော်တို့
ဘာသာ ကျွန်တော်တို့ခတ်ထားတဲ့ ဘောင်ပါပဲ....။ဟုတ်ပါတယ်....၊အကြောင်းကိစ္စတစ်ခုကို ရှုမြင်၊
လုပ်ကိုင်တဲ့အခါမယ် ကျွန်တော်တို့တွေဟာ ကျွန်တော်တို့အတွေး၊အမြင်၊ခံယူချက်၊ခံစားချက်တွေ
နဲ့ မှား၊မှန်၊သင့်၊မသင့် ဆုံးဖြတ်လုပ်ကိုင်ကြရပါတယ်....။ကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်နေမှု
တွေမှာ လုပ်သင့်တာ၊ဒါမှမဟုတ် ဒီလိုလုပ်မှမှန်တာ ဆိုတဲ့ အကြောင်းပြချက်တစ်ခု ကျွန်တော်တို့
ဆီမယ် ရှိနေပြီးပါပြီ။တနည်းပြောရရင် ကိုယ့်ဘာသာတော့ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် မှန်နေ
ကြတာပါပဲ...။တစ်ခါတစ်ရံမှာ ကိုယ်မှားနေသည့်တိုင် ဒီအချိန်မှာ ဒီလိုပဲလုပ်ရမှာပဲ မတတ်နိုင်ဘူး
ဆိုတဲ့ ဆင်ခြေမျိုး ကျွန်တော်တို့ဆီမယ်ရှိနေတတ်ပါတယ်...။

ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အတွေးအမြင်၊အကြံအစည်များ ပိုမိုခိုင်လုံသည်ထက်ခိုင်လုံအောင်တည်
ဆောက်ယူနေမိပါတော့တယ်....။ပင့်ကူလေးတစ်ကောင် သူ့ပင့်ကူအိမ်လေးကို တည်ဆောက်နေ
သလိုမျိုး ကျွန်တော်တို့အတ္တကို လှသည်ထက်လှအောင် ဖွဲ့တည်မိပါတော့တယ်...။အဲဒီ ပင့်ကူလေး
သူ့အိမ်လေးထဲမှာပဲပျော်နေသလိုမျိုး ကျွန်တော်တို့လည်း ကိုယ့်အတ္တလေးထဲမှာပျော်ဝင်နေတတ်
ပါတယ်။

နောက် ကျွန်တော်တွေးမိတာတစ်ခုက ကျွန်တော်တို့ရဲ့ ဘောင်တွေဟာ သားရေကွင်းနဲ့တူတယ်
လို့ပါ...။ကျွန်တော်တို့ အတွေးတွေ ဆန့်ချင်သလောက်ဆန့်ထွက်သွားနိုင်ပါတယ်၊ဒါပေမယ့် အဲဒီ
အတွေးတွေဟာ နဂိုကျွန်တော်တို့ခံယူထားတဲ့၊ယူဆရပ်တည်ထားတဲ့ ဘောင်ထဲကနေထွက်မသွား
ပဲ ဘောင်ကသာလျှင်လိုက်ပြီး ကျယ်ပြန့်လာတဲ့သဘောရှိလို့ပါ။

ကျွန်တော့်ရဲ့ ဒီအတွေးတွေဟာ မှန်ချင်လည်း မှန်ပါလိမ့်မယ်၊မှားချင်လည်းမှားနေပါလိမ့်မယ်၊ဘာ
ဖြစ်လို့လည်းဆိုတော့ ကျွန်တော့်အတွေးတွေဟာလည်း ကျွန်တော့် ဘောင်ထဲကသာလျှင် လူလွန့်
လှုပ်ရှားနေခြင်းဖြစ်နေလို့ပါပဲခင်ဗျား.........။

15 comments:

တောက်ပကြယ်စင် said...

အတွေးကောင်းတယ် ကိုညိမ်းနိုင်ရေ။

ကိုကိုးအိမ်(မန္တလေး) said...

ကမောင်လေး တော်တော် တွေးတတ်နေတယ်ပေါ့လေ... တစ်ကတည်း ကွန်ပျူတာနဲ့ ခေါင်းနဲ့ချိတ်ပြီး ပါးစပ်က စာရိုက်လို့ရရင်များ... ဟဲဟဲ.. ပြော မပြောလိုက်ချင်ဘူး.. ဒါပေမယ့် ပြောထားခဲ့ပြီနော်...
ကွိကွိ

ခင်မင်စွာဖြင့်

စံပယ်ချို said...

ဘယ်လိုတွေးလိုက်တယ်မသိဘူး
တော်ချက်က...
ဒါဆိုရင်သားရေကွင်းနဲ့လုပ်တဲ့ဘောင်ပေါ့နော်
ခင်မင်တဲ့ jasmine

blackroze said...

ကျမကတော့ဘောင်ဆိုတာကိုလုံးဝမကြိုက်ဘူး
စည်းကမ်းဆိုတာကိုလက်ခံပေမဲ့
ဘောင်ခတ်တယ်ဆိုတာကို
လက်မခံချင်ဘူး..
တခုခုချုပ်နှောင်ထားတာကိုမခံချင်တာ
နေရာတိုင်းမှာ
ပြောတဲ့ဆိုတဲ့နေရာမှာ
စည်းတခုထားသင့်တယ်ဆိုတာကိုလက်ခံပေမဲ့
ဘောင်ခတ်တယ်ဆိုတာကိုလုံးဝခံစားလို့
မရတာအမှန်ဘဲ..
ကျမဘဲတယူသန်လွန်းနေမိတာလား
မသိတော့ပါဘူး..
ကိုညိမ်းနိုင်အတွေးလေးကကောင်းပါတယ်

ခင်တဲ့ Blackroze

ကိုရင် said...

ကပ္ပိယကြီးရေ..လန်ထွက်နေပါလား..အတွေးကို ပြောပါတယ်..:D

ဘယ်တတ်နိုင်မတုန်း ဘောင်ဆိုတော့လည်း ဘောင်ပေါ့...နော့

ဖိုးကြယ် said...

သားရေကွင်းနဲ့ တူသောဘောင်.... ဟုတ်ပေသဗျ သဘောကျ၏ :)

ခင်တဲ့(ဖိုးကြယ်)

Cameron said...

ဟမ်...မနေ့က မန့်ခဲ့ပါတယ် ဘာလို့မပေါ်တာလဲ....

SHWE ZIN U said...

အကြံကောင်းတယ် နောက်တခါ တောင်းစားမယ်

မောင်လေးရေ

http://www.shwezinu.com/2011/09/blog-post_531.html

ဧရာဝတီ အတွက် လည်း လှုတ်ရှားအုန်းနော်

ဟန်ကြည် said...

လှလိုက်တဲ့ အတွေးလေးတွေဗျာ...တွေးလည်းတွေးနိုင်ပါဘိတော့တယ်...ဒီလောက်တွေးနိုင်ရင် ဆံပင်အရောင်ဘယ်လိုရှိမယ် မမှန်းတတ်တော့ဘူး...အဲဒီလောက်ထိ မတွေးဖြစ်သေးတဲ့ ဦးဟန်ကြည်တောင် ခေါင်းကဆံပင်တွေ ငွေရောင်ပေါက်နေပြီဆိုတော့...အင်း

ညီလင်းသစ် said...

မျက်လုံးကို ဘောင်ခတ်ပြီး တွေးပေမယ့် အတွေးတွေ ကတော့ ဘောင်ရဲ့ အပြင်ကို ကျော်ပြီး လူးလွန့် လန်းဆန်း လို့ပါလား..၊း) မော်နီတာရဲ့ ဘောင်တွေ ထဲကနေ ဖတ်လိုက်ရတဲ့ ဘောင်တွေအကြောင်းက ဘောင်တွေကိုတောင် တကယ်ပဲ ကျော်ချင်ချင်ဗျ...။း)

သူကြီးမင်း (တုံးဖလား) said...

ကိုမောင်လေး.. ဘောင်တွေကို အရမ်းကြီး ဆွဲမဆန့်လိုက်နဲ့နော်။ သရေကွင်းက ပြတ်ခါနီးလေးရယ်။ ဟာဟ။ သရေကွင်းဘောင်။ အင်းးးး အဓိပ္ပါယ်ရှိတယ်။

ခင်မင်လျှက်

San San Htun said...

အတွေးကောင်းသလို အရေးကောင်း၏...

mstint said...

တော်တော်လေးကို တွေးနိုင်တာပဲ မောင်ညိန်းနိုင်ရေ။
ဦးနှောက်ကို အမြဲသွေးနေပုံရတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ဘာမှလာမပြောနဲ့ ဘာလို့နာကခုမှဖတ်မိတာတုန်းဒါကို
ကိုရင်ကလက်ဦးသွားတယ်..
သားရေပင်မဟုတ်ဘူ ကညိမ်းရဲ့ ဒိုးကွင်း ဒိုးကွင်း သိရဲ့လား တုံးလိုက်တား)

မအိမ်သူ said...

ဘောင်အတွင်းမှာ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ကြဖို့ တကယ်လိုအပ်ပါတယ်။ ဘောင်ကတော့ မရှိမဖြစ်ရှိရမှာပဲလေ။ စကြာဝဠာထဲမှာတောင် ဂြိုလ်တွေအားလုံးမှာ သူ့ကိုယ်ပိုင်ပတ်လမ်းကြောင်းတွေရှိရသေးတာပဲမဟုတ်လား။