Monday, June 14, 2010

အစ ရဲ့ အစ

တနေ့ သူငယ်ချင်းတစ်ယောက်နဲ့ ကွန်ပြူတာ၊အင်တာနက် တွေအကြောင်း၊ဘလော့တွေအကြောင်း ပြောမိကြတော့
ကျွန်တော်ဘလော့လေးတခုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ပြောလိုက်မိတယ်။ ကျွန်တော့်စကားအဆုံးမှာ သူက
ကျွန်တော့်ကို ဖျတ်ခနဲ တချက်လှမ်းကြည့်လိုက်တယ်ခင်ဗျ။သူ ကျွန်တော့် ကိုဘယ်လိုကြည့်လိုက်တယ်ဆိုတာ
စာနဲ့ရေးမပြတတ်ပေမယ့် အဲဒီ အကြည့်တချက်ထဲမှာ " မင်းကဘလော့ရေးရအောင် ဘာသိ၊ဘာတတ်လို့လ၊ဲ
မင်းကဘာမို့လို့လဲ" ဆိုတဲ့အဓိပ္ပါယ်တွေပါတယ်လို့ ကျွန်တော်ခံစားလိုက်ရတယ်။ဟုတ်တော့လည်းဟုတ်သား။
မြန်မာဘလော့ဂါတွေကိုသူတို့စာတွေကနေ တစေ့တစောင်းအကဲခတ်ရသလောက် တချို့က ကွန်ပြူတာပညာရပ်မှာ
ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သူတွေ၊တချို့ကြတော့ မြန်မာပြည်စာပေလောကမှာ နေရာတခုရခဲ့တဲ့သူတွေ၊တချို့
ဆိုရင်လည်း ကမ္ဘာပတ်ပြီး ကဗျာစပ်နေသူတွေ၊တချို့တွေများကြပြန်တော့ အတွေ့အကြုံအင်မတန်မှစုံသူတွေဆိုတာ
အားကျ၊အတုယူဖွယ် တွေ့ရတယ်ခင်ဗျ။သူတို့တွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကို ကိုယ်ပြန် စမ်းစစ်ကြည့်တော့
ကွန်ပြူတာ၊အင်တာနက်တွေအကြောင်းလည်းကောင်းကောင်းမသိ၊ဒေသန္တရဗဟုသုတများစုံလားဆိုတော့လည်း
တစ်နှစ်နေလို့ခရီးတခေါက်တောင်မှထွက်ဖြစ်သူမဟုတ်၊အတွေ့အကြုံကြပြန်တော့လည်း သာမန်သူလိုကိုယ်လို၊
ပြောမယ်ဆို စာဖတ်နာတာလေးတခုပဲ ပြောစရာရှိတယ် (ဒါတောင်ကိုယ့်ဘာသာထင်တာ၊ကိုယ့်ထက်စာဖတ်အား
ကောင်းသူတွေ ဒီခေတ်ကြီးမှာ ပြည့်လို့)။တခါတလေတော့လည်း ကိုယ်ခံစားမိ၊တွေးတောမိတာလေးတွေကို
ဘာရယ်မဟုတ် ချရေးမိတယ်ခင်ဗျ၊ရေးမယ့်သာရေးတာ ကိုယ်ရေးတဲ့စာတွေက ကဗျာမပီ၊စာမမယ်လေးတွေ၊
ဗုံမဟုတ်၊ပတ်မဟုတ်လေးတွေ ဆိုတော့ စာပေတိုက်တွေကိုပို့ဖို့တော့ မဝံလှပေဘူး။(ပို့လည်း အပယ်ခံရမှာ
ကျိန်းသေနေတာကိုးခင်ဗျ) ဒီနောက်ပိုင်းကာလတွေမှာ ကွန်ပြူတာ၊အင်တာနက်ဆိုတာတွေနဲ့မဆိုသလောက်လေး
ရင်းနှီးမိလာတော့ အမျာဆုံးဝင်ကြည့်မိတာက မြန်မာဘလော့တွေခင်ဗျ။ပထမတော့စာဖတ်ရုံ ဖတ်တာပါပဲ၊
နောက်တော့ ကိုယ့်အမြင်လေးတွေကို ကွန်မန့်တွေမှာ ဝင်ရေးမိလာတယ်။ဟောအခုလည်း ကြရော
ဆိုင်းသံကြားရင် မနေနိုင်ပေါင် ဆိုတာလို သူများတကာရေးတာလေးတွေကိုအားကျစိတ်နဲ့ ဘလော့လေးလုပ်ဖို့ဆုံးဖြတ်
လိုက်မိတော့တယ်။ဆုံးဖြတ်မိတဲ့အတိုင်း ဒီစာစုလေးကစလို့ ရေးမိပါပြီ။နောက်ပိုင်းမှာလည်း ကိုယ်ခံစားမိတာလေးတွေ၊
အတွေးစိတ်ကူးလေးတွေကို အဆင်ပြေရင်ပြေသလို ရေးဖြစ်သွားမှာပါ။ ကြိုကြိုတင်တင်တောင်းပန်ချင်တာကတော့
ကိုယ့်အမြင်၊ကိုယ့်အတွေးတွေကိုအရိုးသားဆုံး ရေးသားသွားမှာပါ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။
လိုအပ်ချက်တွေကိုလည်းအသစ်ကလေးမို့ပစ်မပြေးပဲ ပြုပြင်ပေးကြပါလို့ တောင်းပန်လိုက်ပါတယ်ခင်ဗျား.....။

4 comments:

လသာည said...

မောင်လေးရေ..ရေးပါ..။ ရေးတာလေးတွေ ဖတ်ကောင်းတယ်။ ရေးသာရေး အားပေးနေပါတယ်...။

ဒါနဲ့ ဆရာလုပ်တာဟုတ်ဖူးနော် ( ပိုစ်မှာ အပိုဒ်ခွဲတဲ့အခါ လက်သုံးလုံးလောက် တခါရှိတိုင်း အပိုဒ်ခွဲရင် စာဖတ်ရတာ ပိုပြီး အဆင်ပြေသလားလို့..။ အပိုဒ်က တစ်ကြောင်းကျော် ခွဲနော်။ နာမည်ကြီးဘလော့က အစ်မတွေ အဲလိုခွဲတာ မြင်ဖူးလို့ပါ)

အစစအဆင်ပြေပါစေ...
ခင်မင်စွာဖြင့်

မောင် လေး said...

အစ်မလသာညရေ..။လိုတာလေးတွေအကြံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ခင်ဗျာ။ဆရာလုပ်တယ်လို့မထင်ပါဘူးခင်ဗျ။ဖတ်ကောင်းတယ်ဆိုလို့နောက်ရေး
မယ့်ပို့စ်တွေအတွက် အားတက်ရပါတယ်...။ကျေးဇူးတင်ပါတယ်

Maung Myo said...

welcome to our blog country

nyi lay

chocothazin said...

ဘယ်သူ ဘာပြောပြော စာဖတ်တယ်၊ စာရေးတယ် ဆိုတာ ကောင်းတဲ့အလုပ်လို့ သတ်မှတ်ထားမိပါတယ်။
ဆက်ရေးပါ အားပေးနေပါမယ်။