Wednesday, June 16, 2010

မျောလွင့်တိမ်......အကြောင်း

ကျွန်တော်။ ။ဘလော့တခု လုပ်ရတာ လွယ်တယ်များမှတ်လို့.....
x x x ။ ။အောင်မလေးဗျာ...ဘာများခက်လို့လဲ...ခင်ဗျားမှာ ဂူးဂဲအကောင့်ရှိတယ် မလား...
ကျွန်တော်။ ။ရှိသားပဲ...
x x x ။ ။ရှိရင် ဘလော့ဂါဆိုဒ်ထဲဝင်၊တန်းပလိပ်ရွေး၊အမည်ပေး ပြီးတာပဲ...၊ဘာများခက်လို့လဲ
ကျွန်တော်။ ။အဲဒါတော့ ငါလည်းသိတာ့ပေါ့ဟ...ဒါပေမယ့် တင့်တောင့်တင်တယ် အမည်တခုရအောင် စဉ်းစားရတာ
ဘယ်လောက် ဦးနှောက်ခြောက်တယ်မှတ်လဲ....
တလောက ကျွန်တော်နှင့်ကျွန်တော့်သူငယ်ချင်း နှစ်ယောက်သားပြောဖြစ်ကြတာတွေပါ။ဘလော့တခုလုပ်ရတာ
သူများတွေအတွက်လွယ်ပေမယ့် ကျွန်တော့်အတွက်တော့ သိပ်လွယ်လှတာမဟုတ်ဘူးခင်ဗျ။နည်းပညာဘလော့တွေထဲ
တနေ့ ဆယ့်ခြောက်ခေါက်လောက်ဝင်ပြီးကောင်းနိုးရာရာလေးတွေကိုယ့်အတွက်၊အဆင်ပြေမယ်ထင်တာလေးတွေ၊
ရှာဖွေရတယ်ခင်ဗျ၊လုပ်ရတာအဆင်မပြေခဲ့ရင် စီပုံးကနေအကူအညီတောင်းရသေးတယ်။ကိုယ့်ထက် တတ်သိတဲ့
သူငယ်ချင်းတွေကိုလည်း မသိမသာတမျိုး၊သိသိသာသာတဖုံ မေးရမြန်းရတယ်။အဲဘယ်သူ့မှအကူအညီတောင်းလို့
မရဘဲ ကိုယ့်ဘာသာကိုယ် ဦးနှောက်ခြောက်ရတာက ဘလော့နာမည်ဘယ်လိုပေးရင်ကောင်းမလဲ ဆိုတာပဲ။
စဉ်းစားမိတဲ့နာမည်တွေကတော့အများကြီး၊ပထမဆုံးတွေးမိတဲ့နာမည်က speaker conner တဲ့၊တရုတ်တန်းဘက်
ရောက်တုန်းက speaker conner လို့ နာမည်တပ်ထားတဲ့ မြက်ခင်းပြင်နဲ့စတိတ်စင် တခုတွေ့ခဲ့မိတယ်။ဒီနိုင်ငံမှာ
ဟောပြောပွဲတွေ၊ရွေးကောက်ပွဲမဲဆွယ်ပွဲတွေ လုပ်တဲ့နေရာထင်ပါရဲ့။ဘလော့လေးလုပ်မယ်ဆိုတော့ပထမဆုံးစဉ်းစား
မိတာက အဲဒီ နာမည်ပဲ။ပြီးမှမဟုတ်သေးပါဘူးလေ....၊ငါက ဘလော့ကနေ ဘာမိန့်ခွန်းမှပြောမှာလည်းမဟုတ်၊
ပြောရအောင် ဘာကောင်မှလည်းမဟုတ်၊ ဆိုပြီးစဉ်းစားမိတာနဲ့ အဲဒီနာမည် မပေးဖြစ်တော့ဘူး။အစ်မမိုးချိုသင်းတို့
အစ်မခင်ဦးမေ တို့လို ကိုယ့်နာမည် ကိုပဲ ဘလော့နာမည်တပ်တာကောင်းပါတယ်လေ ဆိုပြီး မောင်လေးမှတ်တမ်းတို့၊
MG LAY's MEMORIES တို့ဘာတို့ပေးလိုက်သေးတယ်။ပေးသာပေးရတယ် အဲဒီနာမည်တွေကိုလည်း တခုမှကိုမကြိုက်
ပြန်ဘူး။အံမယ် ယီးတီးယောင်တောင်နဲ့ ရဲသွေးမှတ်တမ်း တို့ဘာတို့လုပ်ချင်သေးတာခင်ဗျ။နောက်မှ အသံကြောင့်
ဖားသေ၊ကိုယ်ကလည်းဘာမှမဟုတ်ပဲနဲ့မြန်မာပြည်ပြန်ရောက်မှ အီလက်ထရွန်းနစ်ပုဒ်မကြီးနဲ့အဆွဲခံနေရပါအုံးမယ်
ဆိုပြီး စိတ်လျော့လိုက်ရတယ်။
အဲဒီလို အကြံခက်နေတုန်း ပြီးခဲ့တဲ့တနင်္ဂနွေက ပင်နစူလာသွားဖို့ အပြင်ထွက်လာဖြစ်တယ်။အဲဒီနေ့က ရာသီဥတု
ကလည်းအတော်လေးသာသာယာယာရှိတယ်ခင်ဗျ၊ကောင်းကင်ကြီးကိုမော့ကြည့်မိတော့ အပြာရောင်နောက်ခံမှာ
တိမ်ဖြူဖြူလေးတွေက ဟိုတစ်စု ဒီတစ်စု မျောလို့လွင့်လို့်....။ကျွန်တော်ကလည်း အတွေးသမားဆိုတော့ တိမ်တွေကို
ကြည့်ရင်းတွေးမိတာက ကျွန်တော်တို့ရဲ့စိတ်တွေဟာ တိမ်တွေလိုပဲ တွေးချင်ရာတွေးမိ၊မျောချင်ရာမျောနေမိတာပါလား၊
တခါတရံ လောဘ၊ဒေါသ၊မောဟ တွေဖုံလွှမ်းနေချိန်ဆို တိမ်ညိုညိုတွေလိုပဲ နောက်ကျိလို့၊တခါတရံတော့လည်း
တိမ်ဖြူဖြူတွေလို သန့်လို့ စင်လို့ ၊မတရားမှုတွေ တွေ့ရမြင်ရတော့လည်း မခံချင်စိတ်စိတ်တွေက နေဝင်ချိန်တိမ်တွေလို
ရဲရဲနီလို၊့ စိတ်ရဲ့အစိုးမရတဲ့သဘောပါလား လို့အတွေးနယ်ချဲ့မိတယ်။တဆက်တည်းမှာပဲ ဖျက်ကနဲတွေးမိလိုက်တာက
မျောချင်ရာမျောတဲ့တိမ်တွေနဲ့တူတဲ့ ကျွန်တော့် စိတ်အတွေးတွေရဲ့ နားခိုရာဟာ ကျွန်တော်ရေးချင်တာလေးတွေရေး
ဖြစ်မယ့် ကျွန်တော့်ရဲ့ ဘလော့လေးပါလား ဆိုတာပါ။အဲဒါနဲ့ လမ်းခုလတ်ကတင်အိမ်ပြန်လှည့်၊ဘလော့လေး
ကပျာကယာ ဖွင့်တဲ့ပြီး နာမည်လေးပေးလိုက်မိတာက " မျောလွင့်တိမ် တို့ နားခိုရာ " ပါတဲ့ခင်ဗျား။

3 comments:

သဒ္ဓါလှိုင်း said...

နာမည်လေးကလှပြီးကဗျာဆန်ပါတယ်..။ အခုမှ ကော်မန့်ကနေတဆင့်
ဝင်လာခဲ့ရတယ်..။ အခုလိုနားခိုရာလေးထဲမှာ အဆင်ပြေပြေနဲ့နားခိုနိုင်ပါစေ.
အားပေးနေမှာပါ..။

ခင်မင်စွာ
သဒ္ဓါ

ချစ်ကြည်အေး said...

မောင်လေးရေ...ကြိုဆိုပါတယ်...ဝမ်းသာအားရစွာ ကြိုဆိုလိုက်ပါတယ် ရေးပါ ရေးပါ လာဖတ်ပါ့မယ်...
စာတွေ အပိုဒ်ခွဲလိုက်ပါလားဟင်...မျက်စိရှင်းပြီး ဖတ်လို့ ပိုကောင်းတာပေါ့...နော် :)

မောင် လေး said...

အစ်မသဒ္ဒါ၊အစ်မချစ်ကြည်အေး >>>အားပေးတာကျေးဇူးအများကြီးတင်ပါတယ်
ခင်ဗျာ။အစ်မချစ်ပြောသလို နောက်စာတွေ စာပိုဒ်ခွဲရေးပါ့မယ်ခင်ဗျ။