Wednesday, August 11, 2010

အိပ်မက်တွေနဲ့လူ

လွန်ခဲ့တဲ့တနင်္လာနေ့ညနေမှာ ကျွန်တော် မကြာခဏရောက်ဖြစ်တဲ့ ပင်လယ်ကမ်းခြေတစ်နေရာကို ရောက်ဖြစ်ခဲ့
ပြန်ပါတယ်....။လူနဲနဲ ရှင်းတဲ့ သဲသောင်ပြင်တစ်နေရာမှာ ထိုင်ပြီး တွေးချင်ရာတွေး၊ငေးချင်ရာငေးနေမိပါတယ်။
ပင်လယ်ဟာကျွန်တော့်အတွက်တော့ဆန့်ကျင်ဘက်ခံစားမှုတွေကိုအမြဲလိုလိုရရှိခံစားရတတ်တဲ့နေရာတစ်ခုပါ...။

မောပန်းနေတဲ့၊နာကျင်ရမှုတွေကိုခံစားနေရတတ်တဲ့ ကျွန်တော်စိတ်နဲ့ရုပ်နှစ်ခုစလုံးအတွက်မနက်ဖြန်ကိုရင်ဆိုင်
ဖို့ အားသစ်တွေရ သလို၊မိသားစုတွေ၊ချစ်ခင်ရတဲ့ အပေါင်းအသင်းတွေ၊လက်တွဲဖော်တွေ နဲ့ ပျော်ရွင်၊ကြည်နူး
နေသူတွေ ကိုတွေ့ရပြန်တော့ ဒီနိုင်ငံမှာ အမြဲလိုလို တစ်ယောက်တည်း ဖြစ်နေတတ်တဲ့ ကျွန်တော်....အထီးကျန်
ဝေဒနာကိုလည်း ခံစားမိပါရဲ့...။

ရီဝေမှုန်းမှိုင်းသွားလိုက်၊ပေါ့ပါးလန်းဆန်း လာလိုက်နဲ့ ခဏငယ်လေးတွေမှာ အရောင်ပြောင်းလဲနေတဲ့ ကျွန်တော့်
ရဲ့စိတ်တွေကို စုစည်းလို့ ကြည်လင်နေတဲ့ ကောင်းကင်ယံကိုမော့လို့ကြည့်မိတော့ လေဆိပ်ကိုဆင်းတော့မယ့်၊
ဒါမှမဟုတ် လေဆိပ်က တက်လာတဲ့ လေယာဉ်တွေကို တွေ့နေရပါတယ်....။

ဟော...ဟိုးအဝေးမှာ လေယာဉ်တစ်စင်း....လေဆိပ်ကို ဦးတည်လို့ စင်းသက်လာနေပြီ...။သူဟာ အိပ်မက်တွေကို
သယ်ပိုးလို့ ဘဝစာမျက်နှာအသစ်ကို ဖွင့်လှစ်ချင်နေတဲ့ လူငယ်လေး တစ်ဦးဦးကိုများ သယ်ဆောင်လာခဲ့လေ
သလား....။

ဟော....ဟိုးမှာတစ်စင်း...ကောင်းကင်ယံကိုထိုးတက်သွားပြီ...။သူရော....ဘဝအိပ်မက်တွေကို အကောင်အထည်
ဖော်ဖို့ တောက်ပနေတဲ့ ခြေလှမ်းတွေနဲ့ (ဒါမှမဟုတ်)ပြိုပျက်သွားတဲ့အိပ်မက်အပိုင်းအစတွေနဲ့လူငယ်လေးတစ်ဦး
ကိုများ....မိခင်ရင်ခွင်ဆီသို့ ခေါ်ဆောင်သွားခဲ့လေသလား....။

အင်း....ကျွန်တော်ကရော...ချစ်ခင်ရတဲ့သူတွေနဲ့ ပြန်ဆုံတွေ့ဖို့ အပြန်လမ်းကို လှမ်းတဲ့တစ်နေ့.....၊ကျွန်တော်နဲ့
အတူ ဘာတွေကိုသယ်ဆောင်သွားခွင့်ရှိပါမလဲ...။ အိပ်မက်ထဲမှာတောင် ခဏခဏ မက်နေမိတဲ့ အိပ်မက်တွေကို
အကောင်အထည်ဖော်ဖို့ရာ စွမ်းနိုင်သောကိုယ် အဖြစ်ရှိနေခဲ့ပါ့မလား....။

ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ရွေးချယ်စရာ အခြားလမ်းတစ်ခု မရှိ
ခဲ့ဘူးလား....။ကျွန်တော်တို့ကို ဒီလမ်းကို လျောက်ဖို့ ဘယ်လိုအခြေအနေတွေက တွန်းပို့ခဲ့ပါလိမ့်...။
အဲဒီ အခြေအနေတွေကိုဘာဖြစ်လို့များ မတွန်းလှန်နိုင်ခဲ့ရပါသလဲ...။

ကျွန်တော်တို့မက်ခဲ့တဲ့ အိပ်မက်တွေကရော....အမှန်တကယ်မက်သင့်တဲ့ အိပ်မက်စစ်တွေမှ ဟုတ်ပါရဲ့လား...။
အဲဒီ ညနေခင်းမှာ တွေးရင်း၊ငေးရင်း၊ငေးရင်း၊တွေးရင်း......ကျွန်တော်....အတွေးတွေနဲ့ခြာခြာလည်နေခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော့်အတွက် “ ညဥ့် ” မှာနက်ချေပြီ.....၊ “ လ ” ကားမထွက်သေး.....။

6 comments:

Anonymous said...

မောင်လေး ရေ

စိတ်ညစ် နေပြန်ပြီလား ... မိတ်ဆွေ တွေ အများကြီး ရှိပါတယ် သတိရနေ ခင်မင်နေကြတဲ့ မိတ်ဆွေ တွေပါ အိမ်မက် တွေဟာ အမြဲတန်း အကောင်အထည် ပေါ်မှာ မဟုတ်ပါဘူး ဒါပေမဲ့ ဘယ်တတ်နိုင်မှာလည်း နော်
လူတိုင်းဒီလိုပါဘဲ

ပျော်ရွှင်နိုင်ပါစေ
ခင်မင်တဲ့
အမရွှေစင်ဦး

ယွန်း said...

ကိုမောင်လေး ရေ ......
လူတိုင်း ဒီလိုပါပဲအစ်ကိုရေ..ကိုမောင်လေးလိုပဲ အထီးကျန်နေတဲ့ ဘ၀တွေ
အများကြီးပါ .. ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး ဆိုတာမျိုးလေး
တွေးမိရင် စိတ်သက်သာလာမှာပါ.. စိတ်ညစ်တာတွေ မေ့ထားပြီး
ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ပါစေ..

ခင်မင်စွာဖြင့်
ယွန်း

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဲလျှောက်ခဲ့ပြီးမှာတော့ နောက်မဆုတ်နဲ့ နောင်တမရနဲ့
ရှေ့ဆက်သာချီတက်ပေတော့... အားလုံးဟာဒီလိုကြီးပါဘဲ
အထီးကျန်တွေးတွေကို ဝေးဝေးကိုပြေးပါစေ...
ပျော်ရွှင်ပါစေ...

ကိုကိုမောင်(ပန်းရနံ့) said...

လွမ်းတတ်ပါတယ်ဆိုမှ လွမ်းစရာတွေ ရေးနေပြန်ပါပြီ။ လေယာဉ်ပျံအသံကြားတိုင်း စိတ်အစဉ်က ရွှေပြည်ကြီးဆီရောက်ရောက်နေတာ။
လက်ရှိဘ၀အခြေအနေအရပေါ့ဗျာ။

လင့်အသစ်ကလေး ပြန်ချိတ်လိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

noblemoe said...

မောင်လေးရေ
မောင်လေးတစ်ယောက်တည်းမဟုတ်ဖူးလေ အမတို့ လည်းဒီလိုပါပဲ တစ်ခါတစ်လေ တစ်ယောက်တည်းစဉ်းစားမိတာ မိသားစုတွေနဲ့ခွဲပြီး အသက်ရှင်နေရတာ အဓိပါယ် မရှိတော့သလိုပါပဲ ဒါပေမဲ့လည်း ...
စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေကွယ်
သာယာချမ်းမြေ့ပါစေနော်
မိုး

TURN-ON-IDEAS said...

အစ်ကို... လက်ရှိဘဝထဲက ကိုယ်လိုချင်တဲ့(ဒါမှမဟုတ် ကိုယ်ရလိုက်တဲ့) အကျိုးရှိတဲ့အရာတွေကို တွေ့အောင်ရှာပြီး ကျေနပ်ပျော်ရွှင်ပါစေ။
ပျော်အောင်နေပါ အစ်ကို...:)