Wednesday, August 4, 2010

ကျွန်တော်၊panwaithi မှ mglay97 သို့

ဒီကိစ္စကို ဘယ်သူကများ ဘယ်တော့ ဘယ်ပုံ ပြောလာလိမ့်မလဲ လို့ စိတ်တထင့်ထင့် ဖြစ်နေခဲ့တာ....။
အခုတော့ နေဝသန်က စနောက်လို့ လာခဲ့ပါတယ်...။တချို့တွေလည်းသတိထားမိကြမှာပါ။မပြောဖြစ်ကြတာသာ
ဖြစ်ပါလိမ့်မယ်..။အခုတော့လည်း ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို တညှိးကြီးပါလား လို့ အတွေးပွားနေကြမယ့်
သူတွေအတွက် ဖြစ်ပုံပျက်ပုံ အလုံးစုံကို ဇာတ်သံနှောလို့ ပြောရပါတော့မယ်ခင်ဗျ...။

ဘယ်ကိစ္စကိုများမောင်လေးတစ်ယောက်ပဟေဠိဖွက်နေပါလိမ့်လို့ဟိုတွေး၊ဒီတွေးအတွေးတွေမပွားကြပါနဲ့ခင်ဗျ။
ပြောချင်တဲ့ကိစ္စကတော့ ဟုတ်ကဲ့....ပန်းဝေသီ ကိစ္စပါ...။ဘယ်က ပန်းဝေသီကိစ္စ လဲဆိုတော့ ကျွန်တော့်ဘလော့
လိပ်စာက panwaithi.blogspot.com ဆိုပြီး ဖြစ်နေတဲ့ ကိစ္စပေါ့ခင်ဗျာ...။အင်း....ဒီအကြောင်းကိုပြောရရင်တော့
ဟိုး.....အရင် ကျွန်တော် ဘလော့တွေကို စပြီးဖတ်သွားဖြစ်ပုံကနေ စလို့ ပြောပါရစေခင်ဗျ။

ကျွန်တော် မြန်မာပြည်မှာ ရှိနေစဉ်က ဘလော့ဆိုတာကို ကြာဖူးတာကလွဲလို့ ဘာမှန်းမသိခဲ့ရိုးအမှန်ပါ..။အဲဒီ
အချိန်တုန်းက မြန်မာဘလော့ဂါ အရည်အတွက်လည်း အတော်ကို နည်းနေပါလိမ့်မယ်...။အခုလိုလည်း
ပတ်ဟယ်၊ဆို့ဟယ်၊ဘန်းဟယ် ဆိုတာတွေ မရှိသေးဘူးထင်ပါတယ်..။ဒါပေမယ့် ကျွန်တော့ အနေနဲ့ အဲဒီ အချိန်
တုန်းက အင်တာနက် တစ်ခါသုံးဖို့ဆိုတာ မခက်သည့်တိုင်အောင် အတော်တော့ မလွယ်ဘူးခင်ဗျ။ကျွန်တော်တို့
မြို့မှာ အင်တာနက်ကဖေးဆိုင်ဆိုတာ မရှိသေးလေတော့(ခုတော့ ဆိုင်တွေအများကြီးရှိနေပြီ။)ကိုယ်က သုံးချင်
ရင် ရန်ကုန်ရောက်မှပဲ သုံးရတာကိုးခင်ဗျ။

အဲဒီ အချိန်တုန်းက ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ နှစ်နာရီလောက်ကားစီးမှရောက်တဲ့ ရွှေမြို့တော်ကြီးဆီကို
တလနေလို့ တစ်ခေါက်မရောက်ဖြစ်ခဲ့ပါဘူး။ရောက်ဖြစ်ရင်လည်း လုပ်စရာရှိတာလုပ်၊ဝယ်စရာရှိတာဝယ်ပြီး
အိမ်ပြန်ပြေးတော့တာကိုးခင်ဗျ။အဲ အင်တာနက်ဆိုင် ဝင်ဖြစ်ခဲ့ရင်လည်း ကိုယ့် မေးလေး စစ်၊ပြည်ပရောက်
သူငယ်ချင်းတွေဆီ မေးလေး တစ်စောင်တစ်လေပို့ ၊တစ်ခါတစ်လေ ဟိုဆိုက်၊ဒီဆိုက်လေး ဝင်ကြည့်၊ ဒီလောက်
ပဲ သုံးဖြစ်ပါတယ်...။

ဒီနိုင်ငံရောက်လာခါစမှာ ပျင်းပျင်းရှိတာကတကြောင်း...၊မြန်မာပြည်က မိသားစုတွေ၊မိတ်ဆွေ အပေါင်းအသင်း၊
သူငယ်ချင်းတွေနဲ့ စကားစမြီ ပြောချင်တာကလည်း တစ်ကြောင်း ဆိုသလို တနင်္ဂနွေနေ့တိုင်းလိုလို ပင်နစူလာ
က အင်တာနက်ဆိုင်တွေမှာ သုံးဖြစ်လာခဲ့ပါတယ်...။အဲဒီလိုနဲ့ တစ်ရက်သော တနင်္ဂနွေ နေ့တစ်နေ့မှာ အင်တာ
နက်ဆိုင်ထိုင်ဖြစ်တော့ ပျင်းပျင်းရှိတာနဲ့ ဘလော့ဆိုသဟာကို မြည်းစမ်းကြည့်ချင်လာခဲ့ပါတယ်...။ခက်တာက
ဘယ်ဘလော့လိပ်စာမှ ကျွန်တော် မသိဘူးခင်ဗျ။

ဒါနဲ့ ကျွန်တော်လည်း အကြံကုန်ဂဠုန်ဆားချက်တဲ့ အနေနဲ့ ဂူးဂဲဘလော့စကတ်ချအင်ဂျင်ထဲကို “moe” ဆိုပြီး
ရိုက်ထည့်လိုက်ပါတယ်..။ကျွန်တော်တွေးမိတာက မြန်မာတွေအနေနဲ့ မိုးဆိုတဲ့ စကားလုံးကို အသုံးများနိုင်တယ်
လို့ တွေးမိတာကိုးခင်ဗျ။အဲဒီ လိုရိုက်ထည့်လိုက်တော့ ဂူးဂဲ ရှာပေးတဲ့ အမည်တွေထဲမှာ မိုးချိုသင်း ဆိုတဲ့အမည်
တစ်ခုကိုတွေ့တာနဲ့ ဖွင့်ကြည့်လိုက်တာ အစ်မမိုးချိုသင်းဘလော့ ဆီကိုရောက်သွားပါတော့တယ်..။မှတ်မှတ်ရရ
အဲဒီနေ့ကအစ်မမိုးချိုသင်းဘလော့မှာ စာရေးဆရာနီကိုရဲ ဆုံးတဲ့သတင်းရေးထားတာ ဖတ်လိုက်ရတယ်ခင်ဗျ...။

အစ်မမိုးချိုသင်းရဲ့ အရေးအသားက ဆွဲဆောင်မှုလည်းရှိ၊ကိုယ်သိချင်တာလေးတွေလည်း သိလိုက်ရတော့ ဘလော့ ဆိုတာကို အဲဒီအချိန်က စလို့ သဘောအကျကြီးကျသွားပါတော့တယ်...။နောက်တော့ ကွန်မန့်တွေက
လင့်တွေကတဆင့် ဘလော့ပေါင်းများစွာကို ကျွန်တော်လည်ပတ်ဖြစ်လာပါတယ်....။

အဲဒီလိုနဲ့ တစ်နေ့မှာပေါ့ခင်ဗျာ..။ထုံးစံအတိုင်း ဘလော့တွေကို ဝင်ထွက်သွားလာနေရင်းက တစ်နေရာမှာ ပန်းဝေသီ ဆိုတဲ့ အမည်တစ်ခုကိုတွေ့တာနဲ့ ဖွင့်ကြည့်လိုက်မိပါတယ်...။အဲ...ဒါပေမယ့် အဲဒီဘလော့က အမည်ပဲ
ရှိပြီး ပိုင်ရှင်မရှိတဲ့ ဘလော့ခင်ဗျ။သူ့ဘာသာသူပိုင်ရှင်မရှိတာက အကြောင်းမဟုတ်၊ဘလောစပေါ့ ကအင်မတန်
မှကို ရက်ရောစွာနဲ့ ဒီဘလော့ဟာဖြင့် ပိုင်ရှင်မရှိတော့တဲ့ အကြောင်း၊လိုချင်ရင်ဖြင့် ခုပဲ ဆိုင်းအင် လုပ်လို့ ရယူ
နိုင်ကြောင်းဖြင့် ဆိုလာလေတော့ ဘလော့တစ်ခုမည်သို့မည်ပုံ မွေးဖွားသန့်စင်ရတယ်ဆိုတာကို ကျွန်တော် က
လည်း စပ်စုချင်တာနဲ့ အဲဒီဘလော့လေးကို ကျွန်တော့ အကောင့်နဲ့ယူဖြစ်လိုက်တာပါပဲ ခင်ဗျား...။

ယူမယ့်သာယူထားတာ....ထိုစဉ်တုန်းကတော့ စာရေးဖို့ရာ အစီအစဉ်မရှိသေးပါဘူးခင်ဗျ။နာမည်တစ်ခုပေးပြီး
ဒီအတိုင်းပစ်ထားလိုက်တာပါပဲ..။နောက်တော့ ကိုယ်ခံစားရတာလေးတွေ ချရေးမယ်လို့ ဆုံးဖြတ်မိတဲ့နောက်
ပစ်ထားတဲ့ ဒီဘလော့လေးကို ပြင်ဆင်မွန်းမံပြီးအမည်တွေဘာတွေကျကျနနပေးဖြစ်လိုက်ပေမယ့်လိပ်စာကို
တော့ ပြောင်းဖို့ကိုသတိမရလိုက်မိဘူး...။အဲ..သတိထားမိတဲ့ အချိန်မှာတော့ ပို့စ်တောင် လေးငါးပုဒ် တင်ပြီး
သွားပြီ..။

ဒီတော့ ရေးလက်စနဲ့တော့ ဒီအတိုင်ပဲထားလိုက်ပါတော့မယ်...၊လင့်ချိတ်ပေးထားတဲ့ သူတွေကို ပြန်ပြောင်းချိတ်
ပေးဖို့ပြောရမှာ အားနာပါတယ်လေ..လို့တွေးပြီး ဒီအတိုင်းပဲ ထားဖြစ်လိုက်ပါတယ်..။အဲ အခုတော့လည်း ပြောင်း
ချင်စိတ်ပေါက်လာတာနဲ့ နောက်ရေးမယ့် ပို့စ်ကစလို့ panwaithi.blogspot.com မှ mglay97.blogspot.com
လို့ ပြောင်းဖြစ်ပါလိမ့်မယ်ခင်ဗျ..။

လင့်ချိတ်ပေးထားကြကုန်သော မိတ်ဆွေအပေါင်းကိုလည်း ကျေးဇူးပြု၍ နောက်ပို့စ်မှစလို့ လင့်ပြောင်းပေးကြပါ
လို့ ( ခင်လည်းခင်တယ်၊အားလည်းအားနာပါတယ် )ဒီပို့စ်လေးနဲ့ ပန်ကြားလိုက်ရပါတယ်ခင်ဗျား...။

9 comments:

သူကြီးမင်း (တုံးဖလား) said...

ဟား ဟား။
ထင်တော့ထင်သားဗျ။ ထင်တော့ထင်သားဆိုတာ ကိုမောင်လေးရဲ့ ကောင်မလေးနာမည်ကိုများ ယူသုးထားတာလား ဘာလားပေါ့လေ။
အဲဒီလို ထင်ခဲ့မိတာ အမှန်ပါဘဲ။

ကွန်မင့်ပေးတဲ့အခါကျတော့ မောင်လေးတဲ့။ လင့်ခ်ကျတော့ ပန်းဝေသီဆိုတော့ ဆိုက်နှင့်လူနာမည်နဲ့ အဆင်ပြေအောင် အတော်လေး အားထုတ်ရတယ်။

အခုလို လင့်ခ်ပြောင်းသွားလိုက်တာက ပိုကောင်းပါတယ်။ ပြောင်းပြီးရင်တော့ အကြောင်းလာကြားဦးဗျ။ လင့်ခ်လေး ပြန်ချိတ်ရအောင်လေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

blackroze said...

အော်..ဂလိုလား..
လင့်ပြောင်းပြီးရင်လဲလာပြောဦးနော်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အသစ်ပြောင်းတော့လဲ အသစ်ပြန်ချိတ်မှာပေါ့
မပူပါနဲ့..

ဧပရယ်လ်ပူး@ပူးတေ said...

သိသွားပြီ... လင့် အသစ်မှပဲ တခါထဲ ချိတ်လိုက်တောမယ်နော်...

ပြောဦးနော်...

လသာည said...

ဒီလိုလား ဘလော့ကို အလကားပေးတာ ရှိတာကိုး အခုမှ ကြားဖူးတယ်း))

ဘယ်လိုပဲ ဖြစ်ဖြစ် မောင်လေးဆိုတဲ့နာမည် ကောင်းပါတယ်လေ။ အားလုံးက မောင်လေးမောင်လေးလို့ ခေါ်တော့ အသက်မကြီးတော့ဘူးပေါ့.။ (နောက်စ်း)))

ခိုင်နုငယ် said...

ခုမှရောက်ရတယ်....ကိုမောင်လေးရေ....ကျန်းမာပါစ။
လိပ်စာပြောင်းရင်လည်း ..ပြောအုံးနော့
စာပေတွေဆက်လက်ရေးသားနိုင်ပါစေ။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

အင်ကြင်းသန့် said...

ပြောင်းပြီးရင်ပြောဦးလေ ကိုမောင်လေး....လင့်ခ်အသစ်ပြန်ချိတ်ရအောင်လို့...

Myanmar Good Knowledg Co., Ltd said...

မောင်လေးပဲကောင်းပါတယ် ကိုမောင်လေးရယ်။
ဒါနဲ့ မောင်လေးအကြောင်းကိုသိချင်သွားပြီ။း))

ချစ်ကြည်အေး said...

အေး ကောင်းတာပေါ့ ခု တခါတည်း လင့်ခ်သွားပြီနော် မောင်လေး:)