Tuesday, July 5, 2011

တစ်ခါက ငါးဆယ့်တစ်လမ်းည ပုံပြင်

အမှန်တရားကခါးလိုက်တာ....အဲဒီညမှာ သိခဲ့ရပါရောလား....

အဲဒီညမှာပေါ့...ရက်ရက်စက်စက် ကိုယ့်အိပ်မက် ကိုယ် ပဲခွပ်နဲ့ ခုတ်ခဲ့မိတယ်...။

အိပ်မက်အသေတွေနဲ့ အသက်ရှင်နေရတဲ့နောက် ဘယ်လိုအကြောင်းပြချက်နဲ့ ပျော်ရွင်နိုင်မှာတဲ့လဲ..။

လမင်းနဲ့နီးချင်တဲ့ ကြယ်လေးရဲ့ စိတ်ကူးမျိုးနဲ့ ငါ...ရောက်လာမိတာပါ..။

မင်း ကြည်ဖြူဖြူ၊မဖြူဖြူ စိတ်ကူးထဲမှာတောင် လက်ဖျားနဲ့မထိခဲ့သူပါ...။

စံပယ်အရိုင်းတွေရဲ့ ဖြူစင်မှုမျိုးနဲ့ ငါ....တိတ်တခိုးချစ်ခဲ့မိတာ.....၊

လရောင်ရဲ့ဖမ်းစားမှုကြောင့်....ဖျက်ကနဲပွင့်တဲ့ စံပယ်....၊တစ်ညနဲ့ကြွေခဲ့ရတယ်....။

လရောင်ဖြန့်ကျက်တဲ့ လမ်းမထက်မှာ စံပယ်တွေ အတုံးအရုံး ကျေပြုန်းနေလိုက်တာ....၊အဲဒီတစ်ညမှာပေါ့.....။

ဟောဒီမှာ နောက်ဆုံးဘတ်စ်ကား....ငါ့ရင်ကိုနင်းချေသွားပြီ....။

ဟောဒီမှာ နောက်ဆုံးရထား....ငါ့နှလုံးသားကိုဖြတ်မောင်းသွားပြီ.....။

ငါကတော့ လမ်းမီးတိုင်တွေနဲ့အပြိုင် မျှော်လင့်ချက်တွေ လင်းလို့ ချင်းလို့.......

သေဆုံးကာနီး ကြယ်တစ်စင်းရဲ့ အန္တိမခရီးမျိုးပေါ့.....။

ဒီလိုနဲ့.....ဒီလိုနဲ့....ဒီလိုနဲ့.....

ခရမ်းရင့်နှလုံးသားတစ်ခြမ်းကို......

ဟောင်ကမ်း ငါးဆယ့်တစ်လမ်းရဲ့ ဘတ်စ်စတန်းတစ်နေရာမှာ

လိပ်ပြာတွေက ညမကူးမှီ အပြီး သဂြိုင်္လ်လိုက်သတဲ့......။


(ခုတလော ဘာစာမှမရေးဖြစ်ဘူး....၊ရေးစရာအကြောင်းခြင်းရာတွေ၊စိတ်ကူးတွေရှိနေပါလျက်နဲ့ အပျင်းထူ
နေတာကတစ်ကြောင်း...၊ခုတလော ဖဘမှာ သောင်းကျန်းနေတာကတစ်ကြောင်း၊မအားတာကတစ်ကြောင်း၊
အကြောင်းကြောင်းသောအကြောင်းတွေပေါင်းစုပြီးသကာလ ဘလော့လေးကိုပစ်ထားမိပါရောလား....။
ကနေ့တော့ မဖြစ်ချေဘူး...၊သူများဘလော့တွေမှာပို့စ်အသစ်မတွေ့ရင် ဖုန်တတ်နေပြီလေးဘာလေး သွားသွား
စမိတော့ ကိုယ့်ဘလော့ကိုလည်းသူများမပြောခင် ကိုယ့်ဘာသာ ဖုန်ခါလိုက်ပါတယ်....:D

ဒီကဗျာလေးကိုလွန်ခဲ့တဲ့ရှစ်လလောက်က ရေးထားတာ....၊ကိုယ့်ဘာသာတောင်မကြိုက်လို့ draft ထဲမယ်
မြေမြုပ်ထားတာလေး ပြန်အသက်သွင်းလိုက်တာပါ....။ဘယ်သူမှလည်းကြိုက်မယ်မထင်ပါဘူး...။သို့ပေမယ့်
လောလောဆယ်ကလည်းဒါပဲရှိတော့ တတ်နိုင်ဘူးရယ်....:)))

ဟောင်ကမ်း ၅၁လမ်းရဲ့ လမ်းဘေးကားမှတ်တိုင်မှာ (နောက်နေ့အလုပ်ရှိနေသည့်တိုင်)မနက်လင်းအားကြီးအထိ
တစ်စုံတစ်ရာကိုစောင့်မျှော်ခဲ့ဘူးရဲ့...၊အခုပြန်စဉ်းစားတော့ ဘာကိုစောင့်နေမှန်း၊ဘာကိုမျှော်လင့်နေမှန်း ကိုယ်
တိုင်မသိတော့...၊အဲ့ညတုန်းကလည်း မသိခဲ့ပါ....။စောင့်တော့စောင့်တာပါပဲ....။ဒါပေမယ့်စောင့်ရကျိုးတော့
နပ်သဗျ....၊နောက်တစ်နေ့မနက်မှာ တစ်စုံတစ်ရာကိုယတိပြက် ဆုံးဖြတ်နိုင်သွားခဲ့ပါတယ်.....။ကဲ...ဒါပါပဲဗျာ....
ဒီကဗျာလေးရဲ့ နောက်ကြောင်းကတော့....:))))

18 comments:

လရိပ်အိမ် said...

ကဗျာလိုလိုစာလိုလိုတွေလဲဖတ်ကောင်းပါတယ်ဗျာ။

thadarhline said...

နှလုံးသားတခြမ်းကို သင်္ဂြုလ်လိုက်ပြီလား။။။
ကဗျာလိုလိုလေးကလည်း ကောင်းလေစွ။
ခင်မင်လျက်
သဒ္ဓါ

မေဓာဝီ said...

အမှန်တရားက ခါးလိုက်တာ ...
ကျမအတွက်တော့ အဲဒီစာကြောင်းလေးနဲ့ပဲ ဒီပို့စ်က ပြည့်စုံသွားပြီ။
တိုက်တိုက်ဆိုင်ဆိုင် ကျမလဲ လောလောဆယ် အဲဒီလို ရေရွတ်နေမိလို့ပါ။

ကဗျာလေးရဲ့ နောက်ကြောင်းကတော့ ... ဟန်နီသို့ ပေါ့လေ :))

မအိမ်သူ said...

ငါးဆယ့်တစ်လမ်းညက
ထွက်ကျလာတဲ့ကဗျာတစ်စ
ရင်ကိုထိရှစေခဲ့တယ်..
အဲဒီညက...
စံပယ်တွေကြွေသတဲ့လား
တခါတလေမှာ အခါးတွေက
စစ်မှန်တဲ့အရသာကိုပေးတတ်ကြသေးတယ်လေ...
အဲဒါလည်း ရသတစ်ပါးဘဲမဟုတ်လား... :))

ShwunMi- said...

ဟတ်ချွိ.. ဖုံခါတာနဲ့ တိုးလို့ နှာချေသွားပါတယ် =)
တစ်ခါက ဆိုတော့ အခု ဘတ်စကားမီသွားပြီ ထင်ပါတယ်..

မိုးယံ said...

လက်စသတ်တော့ ဟောင်ကမ်း ၅၁ လမ်းဆိုတာ နှလုံးသာတွေ မြေမြုပ်တဲံ သချိုင်းကြီးကိုးးးးးးးးးးးး

မျှစ်မိုးညိမ်း said...

ကြိုက်တယ်... နှလုံးသားတစ်ခြမ်းကိုမြေမြုပ်တယ်ဆိုတဲ့အကို..ဘီယာတွေလျှော့သောက်ပါ.....
အရက်လျှော့သောက်ပါ။

ကဗျာလေးကိုကြိုက်တယ်ဗျာ..

နေ၀ဿန် said...

ကိုညိမ်းရဲ့ကဗျာတွေကို ဥာဏ်မမီတာများတယ်..း)


ခင်မင်လျက်
နေ၀ဿန်

မိုးစက်ပွင့် said...

ဖြစ်ရပ်မှန်ကဗျာလေးက ကောင်းလိုက်တာ။
ကိုယ့်ဖာသာ မေးမိတယ်....။ အစွဲအလန်းကြီးတဲ့သူတွေက အနုပညာသမားတွေဖြစ်လာတာလား၊ အနုပညာဝါသနာထုံသူတွေက အစွဲအလန်းကြီးတာလား ....လို့။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီဘလောဂ့်ကို လာတာ လူတောင် ဖုန်နည်းနည်း ပေသွားတယ် ဘလော့ပိုင်ရှင်က တော်တော်ဖုန်ခါထားပုံရတယ်။း)
ခံစားချက်တွေနဲ့ ရေးထားပုံရတဲ့ ကဗျာလေးက ဖတ်လို့ကောင်းတယ်

Nyi Linn Thit said...

“လမင်းနဲ့ နီးချင်တဲ့ ကြယ်ကလေး..၊ စံပယ်အရိုင်းတွေ ရဲ့ ဖြူစင်မှုမျိုး...၊ လမ်းမီးတိုင်တွေနဲ့ အပြိုင်...” နမိတ်ပုံ တွေ လန်းလှချည့်လား၊ ကြိုက်တယ် ကိုညိမ်းနိုင်...၊ ကဗျာတွေ မွေးတတ်တဲ့ အဲဒီလို မှော်ဝင်ညတွေ တခါတလေမှာ တကယ့်ကိုပဲ လိုအပ်ပါတယ်...။း)

SHWE ZIN U said...

သကြီး နော် မညစ်ပတ်နဲ့ ဖုံခါရင် ဖြေးဖြေးခါ သူများတွေ စီ ကူးစက်သွားပြီ ရသ မြောက်လို့ ပေါ့နော်

ကိုကိုမောင်(ပန်းရနံ့) said...

ကော်ဖီခါးခါးတစ်ခွက်သာ အမှန်တရားဆိုရင် အဲဒီ အမှန်တရားကို ကြိုက်နှစ်သက်စွာ မျိုချပစ်လိုက်မယ်။ ဟာ ဟ။

ဘယ်ကလာ မကောင်းဘဲ နေပါ့မလဲ။ ဒီလောက်ကောင်းတော့ ကောက်ကြောင်းတွေကို။ ကြိုက်ပါ့ကြိုက်ပါ့ မောင်လေးရေ.....။ ကဗျာလေးထဲမှာ စကားလုံးလေးတွေ လန်းဆန်းနေတယ်လေ။

ခင်မင်လျက်

...အလင်းစက်များ said...

လူတွေ အထင် အမြင်မှားအောင် လုပ်နေပြန်ဘီ.... နင်အဲ့လောက် အစွမ်းအစ ရှိနေမှတော့ ခုလို ဘယ်ဖြစ်နေမလဲ..... ဟဲဟဲ....... လာသေးတယ်. ဟန်နီတွေ ဟန်ပြာတွေနဲ့  ...... :))))))))))))

san htun said...

ခိုက်တယ်ဗျာ။

မြစ်ကျိုးအင်း said...

စာကြောင်းလေးတွေ ဖွဲ့ထားတာ သဘောကျတယ်။

လသာည said...

ကောင်းတယ်.. အဖွဲ့အနွဲ့လေးတွေး)

စော said...

အဲဒီ ဒဏ်ရာတွေ ကုနေရတာနဲ့ပဲ ဘဝကြီး တဝက်ကြိုးမှန်း မသိဖြစ်သွားတာ။

အချိန်က ကုစားသွားမှာပါ။
ကဗျာက လူရဲ့ ခံစားချက်ကို ပီပြင်အောင် မဖော်ပြနိုင်လို့  မကြိုက်တာလား။

လာဖတ်တဲ့ သူတွေကတော့ ကြိုက်ကြတာ အဲဒီလောက် မခံစားရလို့ လား မသိဘူးနော်။