Monday, August 15, 2011

ဟန်ဆောင်ခြင်းအနုပညာ

အသိမိတ်ဆွေအမျိုးသမီးနှစ်ယောက် လမ်းတွင်ဆုံကြသောအခါ အောက်ပါအတိုင်းနှုတ်ခွန်းဆက်ကြရောတဲ့...၊
ကွင်းစကွင်းပိတ်ထဲက စကားလုံးတွေကတော့ သူတို့ရင်ထဲကစကားတွေပါခင်ဗျ....။

မေရီ။ ။ဟယ်...လူစီ....မတွေ့တာတောင်ကြာပေါ့...တွေ့ရတာဝမ်းသာလိုက်တာ...
(ဟင်း....မတွေ့ချင်ပါဘူးဆို လာတွေ့နေရသေး.....)

လူစီ။ ။ဟုတ်ပါ့ မေရီ...မတွေ့တာကြာလို့ ပိန်သွားသလိုပဲ...ပိုကြည့်ကောင်းလာတယ်....
(ကောင်မ မီးယက်ပိန် ပိန်နေတာ....ဟွင်း.....)

မေရီ။ ။ဟင်း...ဟင်း....အိမ်လာခဲ့.....မုန့်လုပ်ကျွေးမယ်....
(ဟွန်း....လေသံကိုက မနာလိုဖြစ်နေတဲ့အသံ....)

လူစီ။ ။အင်း...အေးအေးဆေးဆေးလာလည်ရဦးမယ်...၊တစ်ခါတုန်းက မေရီဖုတ်ကျွေးတဲ့ကိတ်လေးက သိပ်
ကောင်းတာ.....(အောင်မလေး....ဝင်နေရမှာစိုးလို့ သူ့အိမ်ရှေ့ကတောင်ဖြတ်မလျှောက်ဘူး၊သူကျွေးတဲ့ကိတ်
ကလည်း ညံလိုက်တာလွန်ရော....)

မေရီ။ ။လာခဲ့....လာခဲ့...ဒီတခါပိုကောင်းအောင်ဖုတ်ကျွေးမယ်...
(ကောင်မငတ်ကြီးကျလိုက်တာ...ဟိုတစ်ခါကလည်း မကောင်းတတ်လို့သာ...စေတနာကိုမရှိဘူး....)

လူစီ။ ။အင်း...စကားကောင်းနေလိုက်တာ...ဟင်းချက်နောက်ကျနေမယ်..သွားတော့မယ်နော်....
(စကားမြန်မြန်ဖြတ်မှ၊နို့မို့ သင်းကြွားလုံးတွေလာတော့မယ်....)

မေရီ။ ။သွားတော့မလို့လား.....တွေ့တုန်းအေးအေးဆေးဆေး စကားပြောချင်တာရယ်.....
(မြန်မြန်သာကြွပါမယ်မင်းကြီးမရယ်....စိတ်ကုန်လွန်းလို့....)

လူစီ။ ။သွားပြီနော်.....နောက်မှတွေ့တာပေါ့....
(ဟင်း...ခုမှပေါ့သွားတယ်....)

မေရီ။ ။အင်း...တာ့တာ....
(နောက်လည်းမတွေ့ပါရစေနဲ့တော်......)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တလောက ဖေ့ဘွတ်က ဂရုတစ်ခုမှာ မန်ဘာတစ်ယောက်က ပွဲတတ်မယားဆိုတဲ့ ကဗျာလေးတင်ပါတယ်...၊
ဧည့်ခံပွဲလာတဲ့ ကတော်ကြီးတွေရဲ့ ဟန်ဆောင်ပန်ဆောင်နိုင်မှုကို သရော်တော်တော်လေးရေးထားတဲ့ကဗျာ
လေးပါ။ရေးသူကလည်း ဧည့်ခံပွဲတစ်ခုမှာ မြင်ခဲ့ရတဲ့ ကတော်တွေရဲ့ဟန်ဆောင်စကား၊ဟန်ဆောင်မျက်နှာထား
တွေကို တွေ့ပြီး ရေးဖွဲ့ဖြစ်တယ်ဆိုပါတယ်...၊ဆိုတော့ ကျန်တဲ့သူတွေကလည်း ဝင်ပြီးဆွေးနွေးကြ၊မန့်ကြသပေါ့
လေ....။ဧည့်ခံပွဲမှာ ကိုယ့်ယောင်္ကျား စပွန်ဆာပေးထားတဲ့ အငယ်လေး တွေကိုတွေ့တောင် ဟန်လုပ်ပြီး ပြုံးရယ်
နေကြရကြောင်း၊ကိုယ်တွေသာဆို ဟန်ဆောင်နိုင်မှာမဟုတ်ကြောင်း...ဘာ...ညာ ပေါ့ဗျာ....။

ဒီကဗျာလေးနဲ့ ကွန်မန့်တွေဖတ်ပြီး ကျွန်တော်အတွေးတွေဆက်ပွားမိပါတယ်...၊ယေဘုယျအားဖြင့်လူများစုက
ဟန်ဆောင်ခြင်းကိုမနှစ်သက်ကြပါဘူး၊ဟန်မဆောင်ပဲပွင့်ပွင့်လင်းလင်းပြောတာကို သဘောကျကြမယ်ထင်ပါ
တယ်...။ဒါပေမယ့် ကျွန်တော်တို့ရှင်သန်ကြီးပြင်းနေရတဲ့ ပတ်ဝန်းကျင်မှာ ယဉ်ကျေးမှုဆိုတာကလည်း အခိုင်အ
မာရှိနေပြီးပါပြီ....။ဒီလူ့ယဉ်ကျေးမှုအရ ကျွန်တော်တို့ ဟန်ဆောင်ခြင်းတွေမဖြစ်မနေလိုအပ်လာပါတယ်...။

ဧည့်ခံပွဲတစ်ခုမှာ ကိုယ်မချစ်မနှစ်သက်သူနဲ့မျက်နှာခြင်းဆိုင်တွေ့ရတဲ့အခါ ဟန်လုပ်ပြုံးရယ်ခြင်းတွေက မရှိမဖြစ်
ပါလာမှာပါပဲ။အပေါ်က ဟာသလေးကိုကြည့်ပါ..။အကယ်၍ အဲဒီမိန်းမနှစ်ယောက်သာ ဟန်မဆောင်ပဲ ရင်ထဲရှိ
တာပြောခဲ့ကြရင် ၂ခွန်းမပြည့်ခင် ထသတ်ကြမှာပဲဗျ....:)။ဟန်မဆောင်ခြင်းအတွက်ဘာများအကျိုးရှိလာမှာပါ
လဲ...၊ဟန်ဆောင်ပြီး သံတမန်စကားတွေပြောခဲ့ကြလို့သာ မိတ်မပျက်၊ရုပ်မပျက် အစစချောမွေ့အဆင်ပြေသွား
တာမဟုတ်ပါလားဗျာ...။

အားလုံးကြားဖူးမယ့် ပုံပြင်ဟာသလေး ပြောချင်ပါသေးတယ်(ကြားဖူးလည်းမကြားဖူးသေးသယောင်နားထောင်
အဲ....ဖတ်ပေးကြပါဗျာ...:)))တစ်ခါက ခရီးသွားတစ်ဦး ရွာတစ်ရွာကိုရောက်တော့ ရွာပြင်မှာ တဲထိုးနေနေရတဲ့
လူတစ်ယောက်ကိုသွားတွေ့ရော...၊ဒါနဲ့သူလည်းစိတ်ဝင်စားတာနဲ့ (ကြည့်ရတာသူလည်းဘလော့ဂါပဲနေမယ်..
သူဘလော့ထဲ ရေးစရာကုန်ကြမ်းတော့ရပဟ ဆိုပြီး...) ဝင်မိတ်ဖွဲ့ စပ်စုသပေါ့လေ....ဘာကြောင့်ရွာပြင်ထုတ်ခံရ
သလဲကိုပေါ့....။ဆိုတော့ အဲ့လူက ကျွန်တော်မှန်တာတွေပြောလွန်းလို့ ရွာပြင်ထုတ်ခံရတာဗျ လို့ပြောသတဲ့....။
ဆိုတော့ ခရီးသွားဘလော့ဂါကြီးလည်း အတော်ကိုမကျေမနပ်ဖြစ်သွားတာပေါ့....၊ဒါမဖြစ်သင့်ဘူး..၊မှန်တာပြော
တာ လက်သင့်ခံရမယ်..၊ဒီကိစ္စ လူ့အခွင့်အရေးကောင်စီတိုင်ရမယ်...ဘာညာပေါ့လေ...ဝင်ဖောပါရော...။

အဲ့လိုပြောနေရင်းနဲ့ အဲဒီ ကိုမှန်တာပြောကြီးက ဘာပြောသလဲဆိုတော့..“ခင်ဗျားနဲ့စကားပြောရတာ အတော်ကို့
ယို့ကားယားနိုင်သဗျာ..၊ခင်ဗျားမျက်လုံးတွေက ကျုပ်ကိုပဲကြည့်နေသလိုလို၊တခြားပဲကြည့်နေသလိုလိုနဲ့...၊
လက်စသတ်တော့ ခင်ဗျားမျက်လုံးတွေကအတော်စွေနေသကိုး...တောင်တစ်လုံး၊မြောက်တစ်လုံးနဲ့...”လို့ပြော
ချပလိုက်ရော...၊ဟော....အဲ့လိုမှန်တာလည်းအပြောခံရရော...တစ်ခါတည်း ဘလော့ဂါကြီးဒေါသကြီးကြီးထွက်ပြီင်္း
သကာလ....“ခင်ဗျားလိုလူ ရွာပြင်ထုတ်ခံရတာနဲတောင်နဲသေး....၊တောပါထုတ်ပလိုက်ရမှာ...”လို့စိတ်ဆိုးမာန်
ဆိုးပြောပြီး တစ်ချိုးတည်းလစ်လာခဲ့ရတယ်.....တဲ့ဗျ......:)))

ဆိုတော့....ဟန်ဆောင်ခြင်းဆိုတာ လိုအပ်ပါတယ်၊ရှင်းရှင်းနဲ့ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူတွေဟာ မလိုအပ်
ပဲ ရန်များသလိုဖြစ်သွားတတ်ပါတယ်...၊မှန်ပေမယ့် အကျိုးမရှိ၊သူများမနှစ်လိုတဲ့စကားရှောင်ရှားကြရမယ်မ
ဟုတ်ပါလားဗျာ...၊နောက်ဟန်ဆောင်ခြင်းဆိုရာမှာ စကားအပြောအဆိုတင်မက၊ဟန်ပန်အမူအယာ၊မျက်နှာ
ထား လည်းလိုအပ်ပါသေးတယ်...၊စကားဆိုတာမပြောရင်ရပြီ၊မျက်နှာထားကျတော့ အတော်ထားရတာခက်ပါ
တယ်..၊ဟန်ဆောင်ပန်ဆောင်မျက်နှာပေးဆိုတာ အခြားလူကသိနေသည့်တိုင် ကိုယ်ကတော့ ဟန်ကိုယ့်ဖို့ပဲ
ပေါ့ဗျာနော်....၊

ဟန်ဆောင်ရတယ်ဆိုတာပြောတာလွယ်သလောက်အတော်အလုပ်ခက်ပါတယ်...၊တနည်းအားဖြင့် ဟန်ဆောင်
ခြင်းကလည်း အနုပညာတစ်ရပ်ပါပဲ။(အန်...ဟန်ဆောင်ခြင်းက အနုပညာမဟုတ်လို့ဘာတုန်း...ကညိမ်းနိုင်...လို့
မပြောကြေးနော်...:))။တချို့သူတွေကျ ရုပ်ရှုင်သရုပ်ဆောင်မဖြစ်မယ့်သာမဖြစ်တာ အင်မတန်ဟန်ဆောင်
ကောင်းသဗျ...၊ဟန်ဆောင်ကောင်းသူတစ်ယောက်အကြောင်းပြောပြချင်ပါသေးတယ်...၊ကျွန်တော်ဒီကိုလာမယ်
လုပ်တော့ ကိုယ့်ဘာသာလာပြီး အလုပ်ရှာဖို့ရာ risk မယူချင်တာနဲ့အေးဂျင့်လက်အပ်ပါတယ်...၊တရားဝင်အေး
ဂျင့်မဟုတ်ပါဘူး၊သူငယ်ချင်းတစ်ယောက်ရဲ့အဆက်ပါ၊သူ့ဆီမှာ EP အလုပ်ကောင်းကောင်းရှိတယ်ဆိုတာနဲ့
ဆက်သွယ်မိတာပါ။စရံ စလုံး၁၀၀၀ ယူထားပြီး တလနဲ့မရ၊၂လနဲ့မရ...၊နှစ်ပေါက်ကာနီးလာပါပြီ၊

ကျွန်တော်လည်းနဲနဲစိတ်ပူလာပြီပေါ့နော်...၊ပိုက်ဆံထက် အချိန်တွေကုန်တာကပိုဆိုးပါတယ်။ဒီတော့တပတ်
၂ခေါက်လောက် သွားပြီးမျက်နှာပြရသပေါ့လေ...၊သူရို့အခြေအနေလည်းအကဲခပ်ရင်းပေါ့...၊တစ်နေ့ရန်ကုန်
လာရင်း သူတို့တိုက်ခန်းဘက်လှည့်ဝင်ပါတယ်...၊တိုက်ခန်းဝရန်တာမှာ သူ(သူဆိုတာကအမျိုးသမီးပါ)ကမတ်
တပ်ရပ်ပြီးကျွန်တော်ဝင်လာတဲ့လမ်းဘက်လှမ်းကြည့်နေတာပါ။ကျွန်တော်လည်းလက်လှမ်းပြလိုက်သပေါ့လေ၊
ကျွန်တော့်ကိုမြင်တဲ့အချိန်မှာ သူဖြစ်သွားတဲ့မျက်နှာထားက ခုလိုခဏခဏလာနေတာကိုမကျေနပ်တဲ့မျက်နှာ
ထားဆိုတာ ဖျက်ကနဲ မြင်တွေ့လိုက်ရပါတယ်...။

အဲ....ဧည့်ခန်းထဲလည်းရောက်ရော ရွန်းရွန်းဝေနေအောင်စကားတွေ ပြောတော့တာပဲဗျိုး၊မျက်နှာထားကလည်း
ပြုံးလို့ရွင်လို့...။ကျွန်တော်ဖြင့် ခုဏကဖျက်ကနဲမြင်လိုက်ရတာ ငါစိတ်ထင်တာများလားလို့ထင်ယောင်ထင်မှား
တောင်ဖြစ်မိပါရဲ့။အော်....ဟန်ဆောင်တတ်လိုက်တာလို့တွေးမိပါတယ်..၊ဒါပေမယ့် သူ့ရဲ့ဟန်ဆောင်မျက်နှာ
ထား၊ဟန်ဆောင်စကားတွေကြောင့်ပဲ စိတ်ဓာတ်တွေပြန်တက်လာရပါတယ်၊ယုံကြည်စိတ်လည်းဖြစ်လာရပါ
တယ်..၊(နောက်ဆုံးတော့သူတို့အဆက်အသွယ်နဲ့ပဲ ဒီကိုထွက်လာဖြစ်တာပါ....)

သူ့လိုဟန်ဆောင်ကောင်းသူရှိသလို၊ဟန်ဆောင်မကောင်းသူတွေလည်းရှိတာပါပဲ...၊အဲဒီလူစားထဲမှာ ကျွန်တော်
လည်းတစ်ယောက်အပါအဝင်ပေါ့ဗျာ...၊ကိုယ်သိပ်မနှစ်သက်သူနဲ့တွေ့ရင် မျက်ဆိမျက်နှာပျက်နေရော...၊သူ့ကို
ကိုယ်ကမနှစ်သက်ဘူးဆိုတာကလည်း ကိုယ်နဲ့သူ ဘာမှဖြစ်ခဲ့တာမျိုးလည်းရှိတာမဟုတ်တော့မိတ်ဝတ်မပျက်စေ
ဖို့ရာဟန်ဆောင်ပန်ဆောင်ရမယ်ဆိုတဲ့အသိကြောင့် ဟန်လုပ်နေရပေမယ့် ကျွန်တော်ထင်ပါတယ် ကျွန်တော့်
မျက်နှာထားက အီလည်လည်ကြီးဖြစ်နေမယ်ဆိုတာ...:)၊

ဟန်ဆောင်ခြင်းဆိုတာ လို့အပ်တယ်လို့ထင်တဲ့သူတွေအတွက် ကောင်းစွာဟန်ဆောင်တတ်ဖို့လည်း လိုအပ်ပါ
သေးပါလားလို့တွေးနေမိပါတယ်....။တမင်ကြွားဝါဖို့၊သူများကိုလိမ်လည်လှည့်ဖျားဖို့မဟုတ်ပဲ၊လူ့ပတ်ဝန်းကျင်
အတွင်း မိတ်ဝတ်မပျက်ဆက်ဆံနိုင်ဖို့ လိုအပ်တဲ့ဟနှ်ဆောင်မှုအနုပညာကို ကျွန်တော်တို့ ဘဝတက္ကသိုလ်ကြီး
ဆီကပဲ လေ့လာသင်ကြားနေရဆဲပါပဲ...၊(အင်း...ဘယ်တော့များမှဘွဲ့ရမလဲတော့မသိပါဘူးဗျာ...၊ဘာသာရပ်တွေ
ကလည်းတယ်များသကိုး....:))။ကဲ....ကိုယ့်ဆရာတို့ရော...ဟန်ဆောင်တတ်ကြပါလားဗျ.....။

24 comments:

သူကြီးမင်း (တုံးဖလား) said...

မောင်လေးရေ...
ဟန်ဆောင်ကောင်းရင် သူတော်ကောင်းတဲ့ဗျ။ ဟန်ဆောင်ခြင်းအတတ်ပညာက လွယ်သယောင်နဲ့ ခက်ပါပကော။ ဒါနဲ့မောင်လေးကကော ပီအိပ်ခ်ျဒီ(ဟန်ဆောင်ခြင်းအနုပညာ)ဆိုပြီး မရသေးဘူးလားဗျ။ ဟာ ဟ။ မျက်နှာကြီး ပျက်မနေနဲ့ဦး။ လောကကြီးမှာ ဟန်မဆောင်တတ်ရင် တစ်ယောက်မှ အသက်ရှင်ကျန်ရစ်တော့မှာ မဟုတ်ဘူး။ ဟန်ဆောင်ပြီး ချစ်ကြည်ရေးတွေ ဘာတွေ လုပ်နေကြတာလေ။း)))

ခင်မင်လျက်

ဖိုးကြယ် said...

ကိုမောင်လေး...နေကောင်းတယ်နော် ဝလာလိုက်တာ အသားတွေလည်းဖြူလာသလိုပဲ...မျက်နှာလေးကိုဝင်းလို့...အော်...ဟိုတလောက်ရေးတဲ့ ပိုစ့်လေးအရမ်းကောင်းတာပဲ ဟဲဟဲ ( ရင်ထဲကရှိသည့်အတိုင်းပြောသွားပါတယ်ခင်ဗျာ ) ခွိခွိ

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

ကိုညိမ်းနိုင်ပိုစ့်လေးက ဖတ်လို့ကောင်းလိုက်တာ ( ရေးစရာမရှိရေးစရာရှာလို့ ဘာတွေရေးမှန်းလဲ မသိဘူး လိုင်းမကောင်းရတဲ့ အထဲ ၀င်ပြီးမှတော့ မထူးပါဘူးဆိုပြီး ဖတ်လိုက်ရတယ် )

Anonymous said...

ကိုညိမ်းနိုင်ပိုစ့်လေးက ဖတ်လို့ကောင်းလိုက်တာ ( ရေးစရာမရှိရေးစရာရှာလို့ ဘာတွေရေးမှန်းလဲ မသိဘူး လိုင်းမကောင်းရတဲ့ အထဲ ၀င်ပြီးမှတော့ မထူးပါဘူးဆိုပြီး ဖတ်လိုက်ရတယ် )

Anonymous said...

ကိုညိမ်းနိုင်ပိုစ့်လေးက ဖတ်လို့ကောင်းလိုက်တာ ( ရေးစရာမရှိရေးစရာရှာလို့ ဘာတွေရေးမှန်းလဲ မသိဘူး လိုင်းမကောင်းရတဲ့ အထဲ ၀င်ပြီးမှတော့ မထူးပါဘူးဆိုပြီး ဖတ်လိုက်ရတယ် )

ကိုထွဋ် said...

ဟဲ ဟဲ ဟဲ

...အလင်းစက်များ said...

ဟုတ်ပါ့ ဖတ်ကောင်းထှာ ဟဲဟဲဟဲ....... ငါဘာမှမပြော....... :))))

Anonymous said...

စာမေးပွဲသာဆို ဒီလိုမေးခွန်းမျိုး ကျရင်ကျပါစေ.. မဖြေဘူး.
အခုတော့ ကျွန်တော်လဲ ဟဲဟဲဟဲ...
N/A

ဟန်ကြည် said...

ဟန်ဆောင်ခြင်း အနုပညာဆိုတာ တကယ့်ကို အရေးတကြီး လိုပေသပေါ့ဗျာ...အဲဒီပညာသာမတတ်ရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်တွေဖြစ်ကုန်လို့ ကျည်ဆံတောင် လောက်မှာမဟုတ်ဘူး...လူမှုရေးမှာလည်း ဟန်ဆောင်ကောင်းရပါသဗျား...ရှေးလူကြီးတွေပြောတဲ့ ပညာရှိအမျက် အပြင်မထွက်ဆိုတဲ့ စာသားကိုပဲကြည့်ပေတော့...ပညာရှိဆိုတာ ဒေါသထွက်ရင်လည်း မထွက်ဟန်ဆောင်ရမတဲ့...ကြိုက်သော်ရှိ မကြိုက်သော်ရှိဗျား

ညီလင်းသစ် said...

ထောက်ထားငဲ့ညှာပြီး ဆောင်လိုက်ရတဲ့ ဟန်တွေက တော့ ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ လိုကို လိုနေဦးမှာ ပါပဲဗျာ၊ ကိုညိမ်းနိုင် ပို့စ်ထဲမှာ ပါသလိုပါပဲ..၊ တဦးနဲ့တဦးကြားက ယဉ်ကျေးမှုလေးတွေ ပိုပြီး ခိုင်မာ စေဖို့အတွက်လည်း အရေးကြီးပေတာကိုး..၊ (ဒီပို့စ်လေး တကယ် ကောင်းတယ်ဗျ..)။ ကွင်းစကွင်းပိတ်ထဲမှာ ရှိတာက စိတ်ထားအမှန်ဆိုလို့ အဲဒီလို ရေးလိုက်တယ်ဗျာ။း)

ShwunMi- said...

လူတွေဟာ ဟန်ဆောင်တဲ့အတိုင်း တကယ်ဖြစ်သွားတတ်တယ် လို့ ဆရာတစ်ယောက်က ပြောဖူးတယ်..
မျိုးကြီးသီချင်းလား မသိဘူး.. အလိုအပ်ဆုံးက ဘဝကို အရိုးသားဆုံး နေဖို့.. ဆိုတာ ရိုးသားဖို့ ဟန်ဆောင်နေတာများလား :P

Nge Naing said...

အစ်မလည်း ဟန်မဆောင်တတ်ဘူး။ ဒါပေမဲ့ ဟန်ဆောင်ဖို့လိုအပ်တယ်ဆိုတာ ဘ၀တက္ကသိုလ်မှာ မဟုတ်ဘူး တကယ်တက္ကသိုလ်မှာ သင်ရတယ်။ Emotional Intelligence ရဲ့အောက်က ဟန်ဆောင်တာကို Emotional labour လို့ခေါ်တယ်။

Cameron said...

ဟန်ဆောင်ခြင်းအနုပညာဆိုတာ လွယ်တာမှတ်လို့..ပါရမီလိုသေးတယ်..း)

မဒမ်ကိုး said...

ဟုတ်တယ်
မမိုးငွေ့ပြောတာကိုထောက်ခံသွားတယ်
ခုနေ မဒိုးကန်ကိုလမ်းမှာတွေ့ရင်
ထမင်းစားပါဦးလို့ဖိတ်မလားလို့မေးရင်
ဗျိုး ကညိမ်းနိုင်
ရားပါဒယ်လို့ဖြေမယ်မလားး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီမေးခွန်းတော်တော်ခက်တယ်
ဂုဏ်ထူးရဖို့ မပြောနဲ့ အောင်ဖို့တောင် မနည်းဖြေရမယ်
ဟုတ်တယ် ကိုညိမ်းနိုင်ရေ လောကကြီးမှာ ဟန်ဆောင်တတ်သူတွေ များလာတယ်
အဲ ဟန်မဆောင်တတ်သူကတော့ လောကကြီးနဲ့ သဟဇာတ မဖြစ်သလိုတောင် ဖြစ်နေပြီ
ဒီတော့ သဟဇာတဖြစ်ဖို့ ကိုယ်ပါ ဟန်ဆောင်တတ်ဖို့လိုနေပြီ။

ညိမ်းနိုင် said...

တဂျီး>>>ပီအိပ်ခ်ျဒီနေနေသာသာ မူလတန်းတောင်
မော်ရေးရှင်းနဲ့အောင်လာတာရယ်....:)

ဖိုးကြယ်>>>ရင်ထဲရှိတဲ့အတိုင်းရေးတာကတော့ဟုတ်ပါ
ပြီ...နောက် ခွိခွိ ကဘာတုန်း...အဲ့ခွိခွိကိုသိပ်မသင်္ကာဘူး
နော်....:)

ကိုရဲ>>>နင်တော့ရွာပြင်ထုတ်ခံရတော့မယ်...ဟွင်း..၊
မန့်တာတောင် အပ်ကြောင်းထပ်နေလိုက်သေး....:D

ငထွဋ်နဲ့ ကိုလတ်>>>ဟဲဟဲ ကဘာတုန်း.....:)

ကိုအန်အေ>>>အကျတကယ်ခံမယ်ပေါ့..မဖြေဘူးပေါ့
လေ....:)

ဆရာကြည်>>>ဟုတ်ပါ့ဆရာရာ....၊ဟန်ဆောင်ပန်
ဆောင်လေးမှမရှိရင် ကိုယ့်ခေါ်မယ့်သူတောင်ရှိမယ်
မထင်....:)

ကိုညီလင်းသစ်>>>(ကျေးဇူးပါအကိုရေ....:))))

ရွှန်းမီ>>>အေးဗျ..ဖြစ်တော့ဖြစ်နိုင်တယ်နော်...၊

အစ်မငယ်နိုင်>>>ဟုတ်လားအစ်မ...၊မဆိုးဘူးဗျနော်
ခုလိုသင်ပေးတာ...၊လူမှုပေါင်းသင်းဆက်ဆံရေးကောင်း
လာမှာပဲဗျနော်...အဲ့လိုသင်ပေးတော့....။

မမိုးငွေ့>>>ပါရမီ...အင်း..ဟုတ်မယ်...အဲ့ဒါကိုကျွန်တော်မတွေးမိဘူးဗျ....။

မဒိုးကန်>>>ဒါပေါ့ဗျ....စိတ်ထဲကတော့ ငိုနေမှာ...:)))

အစ်မချော>>>ဒီလိုပဲပေါ့ဗျာ...၊သဟဇာတဖြစ်အောင်
တော့ ဟန်ဆောင်ပန်ဆောင်လေးရှိဦးမှဗျ....။

Anonymous said...

It's difficult to larn art of pretending in daily life.There are so many situation cause to adapt us.That's why somepeople are called diplomats,i think:D
I'm only kg student at this subject just pass driven out of village class:))
Gyidaw

လသာည said...

ဟန်ဆောင်ခြင်း မတတ်ဘူးလို့
ဟန်ဆောင်ပြောရအောင်ကလည်း
ဟန်မဆောင်တတ်ပြန်းD

blackroze said...

ဟုတ်တယ်..
ဟန်ဆောင်တာကလည်းပညာတမျိုးပါဘဲ
အနုပညာလို့သတ်မှတ်ရင်လည်းရပါတယ်
အပြုံးတု စကားလုံးအတုတွေဖန်တီး၇တာကိုး
လူတိုင်းကတော့ဟန်ဆောင်တာမကောင်းပါဘူး
ပွင့်ပွင့်လင်းလင်းပေါ့လို့ ပြောနေကြပေမဲ့
အဲဒီစကားကိုယ်တိုင်ကဟန်ဆောင်ပြီးပြောလိုက်တာပါ

အခုခေတ်ကြီးကလဲ..မျက်နှာဖုံးတခုလောက်တော့
ဆောင်ထားမှ တော်ကာကြတဲ့ခေတ်ဆိုတော့
ဟန်ဆောင်ခြင်းဘာသာရပ်မှာ
ဂုဏ်ထူးမထွက်၇င်တောင်မှ အောင်မှတ်40လောက်
တော့ ရထားသင့်ပါတယ်..

ခင်တဲ့ Blackroze

မအိမ်သူ said...

သိပ်ဟန်မဆောင်တတ်သလို ဟန်လဲမဆောင်ချင်ဘူး။ ဟန်ဆောင်ရတာလဲ မကြိုက်ဘူး စိတ်ကျဉ်းကျပ်လို့.... ဒါပေမယ့် လုံးလုံးဟန်မဆောင်ပဲနေဖို့ဆိုတာကျတော့လဲ အင်း.. တကိုယ်တည်း ရိပ်ကြီးခို ဆိုသလို တောထဲသွားနေမှပဲရလိမ့်မယ်။ Personal point of view ကနေပြောရရင် နေရာတကာတိုင်းတော့ ဟန်ဆောင်ဖို့မလိုပါဘူး။ ပင်ကိုယ်စိတ်အရင်းခံက ရိုးသားနေရင် တချို့နေရာတွေမှာ ဟန်ဆောင်ဖို့မလိုတာ အမှန်ပဲ။ မလိုအပ်တဲ့နေရာတွေမှာ အကြီးအကျယ် ဟန်ဆောင်နေကြတာကိုတော့ မုန်းတယ်။ ယဉ်ကျေးမှုအတွက် ရိုးသားတဲ့ အဖြူထည် ဟန်ဆောင်မှုမျိုးကတော့ လူ့အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်အနေနဲ့ မရှိမဖြစ်ပါ။

နေ၀သန် said...

ကိုမောင်လေး.. ကျွန်တော်တော့ ကျင့်တုန်း.. :D

ခင်မင်လျက်
နေ၀သန်

ညိမ်းနိုင် said...

Gyidaw>>>အင်း...diplomacy မှာ diploma မရသေးပဲ
kg တန်းမှာတင်တစ်နေတယ်ပေါ့နော်...:)))

အစ်မလသာည>>>ဟန်မဆောင်တတ်ရင်လည်း ဟန်ဆောင်တတ်တယ်လို့ ဟန်ဆောင်ပြောကြည့်ပါလား
အစ်မ....:)))

မblack>>>ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့ဆိုတာကိုက
ဟန်ဆောင်ခြင်းလား...၊ဟုတ်တယ်..ဒါလေးမတွေးမိဘူးဗျ
အဲ့လိုပြောကြရင်ပိုဟန်ဆောင်ကြသလားပဲ....၊ဒါနဲ့ မblack
ရော....အောင်မှတ်ရပလား....:)

အစ်မအိမ်သူ>>>ဟုတ်တယ်ဗျ...၊မလိုပဲတော့ဟန်မ
ဆောင်သင့်တာအမှန်ပါ၊ကျွန်တော်ဆိုလိုတဲ့ဟန်ဆောင်
မှုကလည်းအစ်မပြောတဲ့ ယဉ်ကျေးမှုအရဟန်ဆောင်
ခြင်းကိုပါပဲခင်ဗျ....။

နေဝသန်>>>ကျင့်ထား နေနေ ရေ...ကျင့်ထား...:D

မြတ်မွန် said...
This comment has been removed by the author.
မြတ်မွန် said...

ဟားဟား အမှန်တရားတွေပါလားနော်..။
ဟန်ဆောင်ပြောချင်းမဟုတ်ပါ..။ :P