Thursday, August 25, 2011

ဟိုတွေး၊ဒီတွေး မျောလွင့်အတွေးများ(၁)

စကားလုံးများ.....

ကျွန်တော်တို့ စကားလုံးများကို မိမိတို့စိတ်ထဲကခံစားချက်၊ဆန္ဒ ကိုတစ်ဘက်သားသိနားလည်စေလိုခြင်းအလို့ငှာ
ပြောဆိုသုံးစွဲခဲ့ကြသည်။စကားလုံးများ၏အဓိကတာဝန်မှာလည်းဤသည်သာဖြစ်သည်မဟုတ်ပါလား...။
သို့သော်တစ်ခါတစ်ရံစကားလုံးများသည်သူတို့၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရန်လုံလောက်သောအင်အား
ရှိကြဟန်မတူပါ။မိမိသုံးနှုန်းလိုက်သော စကားလုံးများသည် မိမိ၏စိတ်ဆန္ဒ ကိုကိုယ်စားမပြုသည့်အခါ တစ်ဘက်
သားအနေဖြင့် အဓိပ္ပာယ်ကောက်ယူမှုလွဲမှားသွားသည်ကို မကြာခဏဆိုသလိုတွေ့မြင်နေကြရပါသည်...။
ထို့အတွက်စကားလုံးများ၏အဓိပ္ပာယ်ကိုစကားလုံးများဖြင့်ပင် ပြန်လည်အနက်အဓိပ္ပယ်ဖွင့်ဆိုကြရပြန်သောဟူလို။

လမ်းချင်းကားတူပါ၏ သို့သော် မောင်ချောနွယ်ပြောသလို လူချင်းကားမတွေ့ကြတော့၊မတွေ့သည့်အပြင် သာ
၍ဝေးရာဆီသို့ရွေ့လျားကြကုန်၏။ဤသည်မှာ စကားလုံးများ၏တာဝန်ပေါ့လျော့မှုဟု ဆိုသော်လွန်အံမထင်။

ရံဖန်၌စကားလုံးအသုံးအနှုန်းမျာအပေါ် မှီခိုပြီးသကာလ ဤသူကားငါနှင့် သဘောဆန္ဒတူကြကုန်၏ဟု ယူဆပြီး
လျှင် သဟာရ ပြုမိ၏။ကြာသော် စကားစကားပြောပါများမှစကားထဲကဇာတိပြကြသောအခါတွင် လမ်းခြင်းကား
ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိသည်ကိုတွေ့ကြရပါတော့သည်။စိုသောလက်ကိုမခြောက်စေသောငှာ ပြောဆို
ဆက်ဆံကြရပါသော်ငြား စိတ်ထဲကားမပါတော့...၊ဤသည်မှာလည်းအမွန်အဆွစကားလုံးများ၏ဝတ္တရားပေါ့
လျော့မှုပင်မဟုတ်ပါလော....။

မိမိသုံးနှုန်းလိုက်သောစကားလုံးများသည် ကာလ၊ဒေသ၊ပယောဂကိုလည်းမှီသေး၏။ပေါ့စေလို၍ထိုးသော
ကြောင်ရုပ်များ လေးသည်ထက်လေးလာသောအခါ စကားလုံးများကို သုံးနှုံးရန်ဝန်လေးလာတော့သည်။
ထို့အတွက်ဆိတ်ဆိတ်နေခြင်းသည် ထောင်ပင်မက ဘီလီယံနှင့်ချီ၍အဖိုးတန်လာတော့သည်။သို့သော်ဘေး
ထွက်ဆိုးကျိုးကားရှိ၏။

ထို့ပြင်တစ်ဝ လူတို့သုံးစွဲသော ဘာသာစကားကွဲပြားမှုကလည်း မြွေပူရာကင်းမှောင့်သေးသည်။တစ်ခါသော်
ကျွန်တော်တို့ ကားဒရိုင်ဘာပြည်ကြီးတရုတ်တစ်ဦး လမ်းမကြီးပေါ်၌ မလေးလူမျိုး LTA အော်ဖစ်တာ၏အဖမ်း
အစီးကိုခံရသည်။အမှုအခင်းကားမကြီးကျယ်ပါ၊သတိပေးတာမြစ်ခြင်းသာ....၊သို့သော် အော်ဖစ်ဆာ၏ ဘိလပ်
စကားဖြင့် ဥပဒေသစ်ကိုရှင်းလင်းပြောပြခြင်းကို ပြည်ကြီးတရုတ်ကား တစ်လုံးတစ်ပါဒမျှနားမလည်၊မလေး
အော်ဖစ်ဆာကလည်းတရုတ်စကားမပြောတတ်...။ခက်ပြီ...၊သို့သော်ပြည်ကြီးတရုတ်ဒရိုင်ဘာက သူဥပဒေတစ်
ခုခုချိုးဖောက်မိကြောင်းကိုတော့သိရှာ၏။သို့အတွက် သူက တရုတ်လို “ပုခဲရီလား...”ဟုမေး၏(ပုခဲရီ ဆိုသည်
မှာ မရဘူးလား ဟုအနက်ထွက်သောဟူလို....ဤကားစကားချပ်....:)) ဤသည်ကိုသိသော မလေးအော်ဖစ်ဆာ
ကလည်း စိတ်ဆိုးမာန်ဆိုးနှင့် “ပုခဲရီ.....ပုခဲရီ....” ဟုအော်ပြီးလျှင်ထွက်ခွာခွင့်ပြုခဲ့သောဟူ၏။

ရံခါ၌ ဤသို့လျှင် အနက်အဓိပ္ပာယ်ကောင်းစွာနားမလည်သော စကားအများကြီးပြောနေရခြင်းထက် နှစ်ဦးနှစ်
ဘက်သိနားလည်သော စကားလေးတစ်ခွန်းကို ကောင်းစွာအသုံးချလိုက်ခြင်းက အစစအဆင်ပြေချောမွေ့စေ
လေတော့သည်တကား.....။

သို့ဆိုရကား စကားလုံးများထက် ပိုမိုအားကောင်းသော လူမှုဆက်ဆံရေးကိရိယာလိုအပ်လာလေသည်။မိမိစိတ်
သဘောဆန္ဒကို အတိအကျအဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန်အလို့ငှာကျွန်တော်တို့(တယ်လီပသီဟုခေါ်ကြသည်လားမသိ)
စိတ်ချင်းဆက်သွယ်၍ရသော်ကောင်းလေစွဟုထင်မြင်မိသည်။သို့သော် ဤသည်ကလည်း ပြဿနာ၏တစ်ဝက်
ကိုသာဖြေရှင်းနိုင်သေးသည်။မည်သို့ပင်ဖြစ်စေ ကျွန်တော်အနေဖြင့် စာရွက်များပေါ်တွင်၊အွန်လိုင်းစာမျက်နှာ
များပေါ်တွင် စကားလုံးများကိုရေးသားအသုံးပြုနေကြရဦးမည်...။ထိုအခါ အနက်အဓါပ္ပာယ်ကောက်ယူမှုလွဲမှား
ကောင်းလွဲမှားနေကြဦးမည်...။

သို့ဖြစ်ရကား...ကျွန်တော်တို့အသားဟင်းတစ်ခွက်ချက်သည့်အခါ အရသာကောင်းမွန်ပြည့်စုံစေရန် ဆား၊အချို
မှုန့်၊ငံပြာရည် အစရှိသည်တို့နှင့်နယ်ရသကဲ့သို့ပင်၊ကျွန်တော်တို့ သုံးနှုန်းလိုက်သောစကားလုံးများအား နားလည်
ပေးနိုင်မှု၊သည်းခံခွင့်လွှတ်နိုင်မှု၊ကိုယ်ချင်းစာတရားတို့နှင့်ကောင်းစွာ သမ၍ ရင်ဘတ်နှင့် ဖတ်ပေးနိုင်ကြပါက
အကောင်းဆုံးပင်ဖြစ်ပေတော့သည်....။

(မှတ်ချက်။ ။ကျွန်တော်တို့မြန်မာစကားသည် လုံးဝန်းသောသဏ္ဏန်ရှိသောကြောင့် စကားလုံးဟုခေါ်ခြင်းဖြစ်
ဟန်ရှိသည်။သို့ကြောင့် တရုတ်၊ကိုရီးယား၊ဂျပန်ဘာသာစကားများကို စကားချောင်းများဟူ၍လည်းကောင်း၊
ထိုင်း၊လာအိုနှင့် အရှေ့အလယ်ပိုင်းမှကုလားဘာသာစကားများကို စကားတွန့်များဟူလည်းကောင်း ခေါ်သော်
မသင့်ပါလော....ဟု အတွေးပေါက်မိတော့သည်....:))

~~~~~~~~~~~~~~~~~~~~

ခွဲခြားမှုများ.....

လောက၌ ကွဲပြားမှုများ များပြားလှ၏။အသားအရောင်၊စာပေ၊ကိုးကွယ်ရာဘာသာ၊လူမျိုး၊ဌာန၊အစရှိသည်....။
ဤကဲ့သို့ကွဲပြားမှုများတွင် ကျွန်တော်တို့ရွေးချယ်ခွင့်ရှိသောကွဲပြားမှုများရှိသကဲ့သို့ ရွေးချယ်ခွင့်မရှိသောကွဲပြားမှု
များ၊ရွေးချယ်ခွင့်ရှိသည့်တိုင်အောင် ယုံကြည်မှုတစ်စုံတစ်ရာကြောင့် မရွေးချယ်လိုသော ကွဲပြားမှုများလည်းရှိပါ
သည်။ယေဘုယျအားဖြင့် ကွဲပြားမှုသည် ပြဿနာဖြစ်မလာပါ...။သို့သော် လူတို့သည် ကွဲပြားခြားနားမှုများကို
ခွဲခြားလိုက်သောအခါတွင် ပြဿနာဖြစ်လာတော့သည်။

အသားအရောင်ခွဲခြားခြင်း၊ဆင်းရဲချမ်းသာခွဲခြားခြင်း၊လူမျိုးရေးခွဲခြားခြင်း၊ဘာသာရေးခွဲခြားခြင်း၊လိင်ခွဲခြားခြင်း၊
အစရှိသဖြင့် ခွဲခြားမှုပေါင်းများစွာဖြင့် လူ လူခြင်းခွဲခြားခံနေရပေသည်။ဤသည်မှာအဘယ်ကြောင့်နည်း...၊
လူတစ်ယောက်အဖို့ လူဖြစ်လာသည်၏နောက် လူ့လောကအတွင်း ဝင်ဆန့်ဖို့ရာ ဘာများလုပ်ဆောင်ဖို့၊ဘာဖြစ်
နေဖို့ရာ လိုအပ်ပါသနည်း။အကယ်၍ လိုအပ်သည်ဆိုပါကလည်း အဘယ်သို့သောပုဂ္ဂိုလ်ကများ ဤသည်တို့ကို
သတ်မှတ်ပေးထားပါသနည်း...။ကျွန်တော်တို့ လိုက်နာဖို့ရောလိုအပ်ပါသလား၊ကျွန်တော်တို့ရွေးချယ်ထားခြင်းမ
ဟုတ်သော၊ရွေးချယ်ပိုင်ခွင့်လည်းမရှိခဲ့သောအရာများအတွက် ကျွန်တော်တို့ထံတွင်တာဝန်တစ်စုံတစ်ရာရှိပါသ
လော...။

လူများစုကြီးသည် ခွဲခြားခံရခြင်းကိုမလိုလားကြသလို၊ခွဲခြားမှုကိုလည်းမလိုလားကြပါ။အကယ်၍ ကျွန်တော့်အား
လူတစ်ယောက်က သင့်ထံတွင် လူ လူခြင်းခွဲခြားလိုစိတ်ရှိပါသလားဟုမေးလာပါက မရှိပါဟုသာဖြေကြားပါလိမ့်
မည်။သို့သော် ကျွန်တော်က ဆိုက်ကားသမားကြီးတစ်ယောက်အား ဆိုက်ကားဆရာဟုလည်းကောင်း၊ဆရာဝန်
တစ်ဦး(သို့)ကျောင်းဆရာတစ်ဦး(သို့)မိမိအထက်လူကြီးအား ဆရာဟုလည်းကောင်း၊ခေါ်ဝေါ်သုံးနှုန်းလိုက်သော
“ဆရာ”ဟူသောစကားလုံး၏ “လေ”ထဲ၌ ခွဲခြားမှုပေါင်းများစွာပါသွားသည်ကိုတော့ ဝန်မခံချင်သည့်တိုင်အောင်
ကျွန်တော်ဝန်ခံရပါလိမ့်မည်။

မှန်ပါသည်။ဆိုက်ကားသမားကြီးသည်လည်း ကျွန်တော့်ထံမှ အခကြေးငွေယူ၍ ကျွန်တော်သွားလိုရာသို့ ပို့
ဆောင်ပေးသည်သာ၊ဆရာဝန်ကြီးသည်လည်း အခကြေးငွေယူ၍ ကျွန်တော့ဝေဒနာကိုကုသပေးသူသာ၊
ကျွန်တော့်ဆရာများသည်လည်းကောင်း၊အထက်အရာရှိများသည်လည်းကောင်း သူတို့တာဝန်ဝတ္တရားရှိသည်
ကို ပရိုဖက်ရှင်နယ်ကျစွာ ဆောင်ရွက်နေကြခြင်းသည်သာ...၊အကယ်၍ ကျွန်တော်၌လူသားအားလုံးကိုလေးစား
သမှုရှိသည်မှန်သော် ကျွန်တော်သုံးနှုန်းလိုက်သော ဆရာဟူသောစကားလုံး၌အဘယ်ကြောင့်ခွဲခြားမှုများပါသွား
ရပါသနည်း...။

ဘလော့ဂါရင့်မာကြီးတစ်ဦး ပို့စ်အသစ်တင်သည်နှင့်တစ်ပြိုင်နက် သူများထက်ဦးအောင် ကွန်မန့်ပေးချင်သော
ကျွန်တော်သည် မိမိလို ဘလော့ဂါဝါနုသူများ၏ပို့စ်အား နောက်မှဖတ်ပါမယ်လေ...ဟုကျော်သွားမိခြင်းသည်
ကျွန်တော့်မူရင်းစိတ်ကိုကပင် ခွဲခြားဆက်ဆံခြင်းအလေ့၌ မွေ့လျော်နေခြင်းပင်လား....။သို့တည်းမဟုတ် လူ့ပြည်
လူ့ရွာ ဤကမ္ဘာ၌ ခွဲခြားဆက်ဆံမှုတစ်ချို့သည် လိုအပ်နေပါသလား.....။

ဗုဒ္ဓဘုရားရှင်သည်ကမ္ဘာပေါ်၌လူလူခြင်းခွဲခြားဆက်ဆံမှုအကင်းဆုံးပုဂ္ဂိုလ်တစ်ဦးဆိုသည်မှာယုံမှားစရာမရှိပါပေ။
မျိုးရိုးဇာတ်အခွဲခြားဆုံးနေရာ၊အချိန်၌ပွင့်တော်မူလာသည့်တိုင်အောင်သူနှင့်သူ့သာသနာအတွင်း၌ခွဲခြားဆက်ဆံ
မှုဟူသည်မရှိခဲ့...။သို့တိုင်အောင် ဘုရားရှင်၌ပင်လျှင်ခွဲခြားဆက်ဆံမှုတစ်ခုရှိနေသေးသည်သာ...။ထိုအရာကား
လူ၏ပါရမီနှင့် ထိုပါရမီနှင့်လျော်သောတရားပင်တည်း....။တရားနာပရိတ်သတ်၏ပါရမီအနုအရင့်အလိုက်
သင့်လျော်သောတရားကိုဟောကြားလေ့ရှိသည်ဟူ၍ မှတ်သားမိ၏။ထိုအခါ တချို့သောတရားများသည် နေရာ၊
ဒေသနှင့်လူပုဂ္ဂိုလ်ကိုလိုက်၍ တစ်ခုနှင့်တစ်ခု ဝိရောဓိအသွင်ဆောင်ကုန်သောဟူ၏။

သို့ဆိုရကား...ခွဲခြားဆက်ဆံခြင်းဟူသည် ရှိသင့်သည်လည်းရှိသလို၊မရှိသင့်သည်လည်းရှိသည်ဟု မှတ်ယူရပေ
မည်။ဥပမာအားဖြင့်ဆိုသော် အလှူတစ်ခု၌ ထမင်းပွဲတွင် လက်ဖြင့်အားရပါးရနယ်၍ ပလုပ်ပလောင်း ဟန်မ
ဆောင်တမ်းစားတတ်သောရိုးသားသည့် လက်လုပ်လက်စားတစ်ဦးအား ထမင်းပွဲအား ဇွန်း၊ခရင်းနှင့်တို့ကာဆိတ်
ကာစားပြီး ယဉ်ကျေးခြင်းအမှုကိုပြုနေကြကုန်သော လူကုန်ထံဝိုင်းအတွင်း ခွဲခြားခြင်းမရှိဟု တစ်ဝိုင်းတည်းစား
စေသော် နှစ်ဦးနှစ်ဘက် အနေခက်ရုံမှတစ်ပါး အခြားထူးခြားလာဖွယ်မမြင်ချေ။

မိန်းမတစ်ဦးအား နင်တို့မိန်းမတွေယောင်္ကျားတွေလောက်မထက်မြက်ပါဘူး..၊ကြက်မတွန်လို့မိုးမလင်း ဘာညာ
အစရှိသဖြင့် ခွဲခြားဆက်ဆံခြင်းမျိုး ကိုကြားသိမြင်တွေ့ ဖူးကြပါလိမ့်မည်။ဤသည်ကိုလည်း အဘယ်သောအမျိုး
သမီးကမျှကျေနပ်လိမ့်မည်မထင်။သို့ဆိုရကား ဧည့်ခံပွဲတစ်ခု(သို့) ဘတ်စ်ကားပေါ်၌ မိန်းမနှင့်ယောင်္ကျားတူတူ
ပဲခွဲခြားမှုမရှိဟုဆိုကာ မိန်းမသားများကို ဦးစားမပေးခဲ့ပါလျှင်ရော...၊အဘယ်သောအမျိုးသမီးက ကျေနပ်ပါလိမ့်
မည်နည်း....။ခွဲခြားဆက်ဆံမှု၌ အဓိကအားဖြင့် ဆက်ဆံသူ၏ စိတ်စေတနာကသာလျှင် အခရာကျလိမ့်မည်ဟု
ကောင်းစွာနှလုံးသွင်းမိပါတော့သည်.....။

14 comments:

ဟန်ကြည် said...

မြန်မာစာလုံးဆိုတာ လုံးနေလို့ ခေါ်တာတော့ မဟုတ်လောက်ဖူးဗျို့...ဦးဟန်ကြည်တို့က ကွန်ပျူတာနဲ့ ရေးနေလို့ လုံးတာ...ဦးဟန်ကြည် တပည့်တွေရေးလိုက်ရင်ဖြင့် မြန်မာစာရှည်တို့...မြန်မာပဲပင်ပေါက်တို့...မြန်မာကြက်ယက်တို့လဲ ရှိပါသေးသဗျား . . .အတွေးလေးတွေလှလွန်းလို့ ၀မ်းသာအားရ ဖတ်သွားပါရဲ့ . . .

ချော(အစိမ်းရောင်လွင်ပြင်) said...

ခွဲခြားတာဟာ ကောင်းတဲ့နေရာရှိသလို
မကောင်းတဲ့နေရာလည်း ရှိပေသပေါ့နော်။
လူတွေကလည်း တစ်ဦးနဲ့တစ်ဦး စိတ်ချင်း ခံယူချက်ခြင်း မတူညီလေတော့ ခွဲတဲ့နေရာခြင်း အခြေအနေခြင်းလည်း မတူညီနိုင်ကြပါဘူး။
နေရာတိုင်းမှာ တန်းတူညီတူရှိတာတော့ အကောင်းဆုံးလို့ ဆိုရမယ် ထင်ပါတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

မောင်လေး လုပ်လိုက်မှဖြင့် ထောက်ခံရမလိုလို ကန့်ကွက်ရမလိုလိုနဲ့။း)))

မခွဲခြားဘဲ ထားပြန်ရင်လဲ ယောက်ျားတစ်လှည့် မိန်းမတစ်လှည့် ကိုယ်ဝန်ဆောင်ရတော့မလိုလိုကြီး။

အင်းးးးး ဒီအတိုင်းဘဲ ကောင်းပါတယ်လေ။

ခင်မင်လျက်

san htun said...

ဟိုတွေ ဒီတွေး မျောလွင့်အတွေးများကို ဖတ်ရင်း တွေးစရာလေး ရသွားပါတယ်...

sosegado said...

ဖတ်ပြီးတော့ ဟိုတွေးဒီတွေး တွေးမိပါတယ်၊
ပုခါရီ လား။

Anonymous said...

ခုလို ဖတ်လိုက်တော့တွေးစရာတော့ များသားဘဲ
ဘယ်လိုပြန်ပြောရမှန်းတော့ 'ပုချီသောက် ပုချီသောက်'(မသိဘူး ..စကားချပ်)
်ခင်မင်လို့ စတာပါ စိတ်မဆိုးပါနဲ့

ငွေလမင်း

နေ၀သန် said...

တကယ့်စကားပြေကောင်းတစ်ခုပါပဲ.. ကိုမောင်လေး... မှတ်ချက်လေးကိုဖတ်ပြီးတော့ ပြုံးမိတယ်..း)))

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

ခွဲခြားဆက်ဆံမှု၌ အဓိကအားဖြင့် ဆက်ဆံသူ၏ စိတ်စေတနာကသာလျှင် အခရာကျလိမ့်မည်ဟု
ကောင်းစွာနှလုံးသွင်းမိပါတော့သည်.....။

ဒါပဲလေ ကညိမ်းနိုင်ရဲ့..နော..

ခင်တဲ့
မဒိုးကန်

မြစ်ကျိုးအင်း said...

တခါတခါ မသိလိုက်ဘဲ ခွဲခြားမှုတွေလည်း ပါသွားတတ်တာပဲ။ ရိုးသားစွာနဲ့ စေတနာကို အခြေခံပြီး ဆက်ဆံတတ်လာရင်တော့ ကိုယ့်ကိုကိုယ် လိပ်ပြာမလုံးမယ့် အဖြစ်တွေ လျော့နည်းသွားနိင်တယ်လို့ ဆက်တွေးနေမိတယ်။

ကြောင်ဖြူရှင် said...

ငါစကား အတွန့် တွေ စသင်တော့မယ်...... စကားလုံးတွေကို ငြီးငွေ့  လို့ ဟာ... နောက်တော့ စကားအချောင်းတွေပါ ထပ်သင်မယ် စဉ်းစားထားတယ်....။ ခွဲခြားမှုနဲ့  ကွဲပြားမှုဆိုတာ နင်ကိုတိုင် ဘာကိုခွဲခြား လိုက်လဲ ပေါ်မူတည်တယ်။ ကိုယ့်ဖာသာ အရင်အကဲခတ်။ ဒါဘဲ

jasmine(တောင်ကြီး) said...

တစ်ချို့တွေကခွဲခြားတာကောင်းတယ်
တစ်ချို့တွေက မကောင်းဘူး
စာရေးကတော့ အရမ်းကောင်းတယ်...
ခင်မင်တဲ့ jas
ချမ်းမြေ့ပါစေရှင်။

Anonymous said...

ဘလော့ဂါရင့်မာကြီးတစ်ဦး ပို့စ်အသစ်တင်သည်နှင့်တစ်ပြိုင်နက် သူများထက်ဦးအောင် ကွန်မန့်ပေးချင်သော
ကျွန်တော်သည် မိမိလို ဘလော့ဂါဝါနုသူများ၏ပို့စ်အား နောက်မှဖတ်ပါမယ်လေ...ဟုကျော်သွားမိခြင်းသည်
ကျွန်တော့်မူရင်းစိတ်ကိုကပင် ခွဲခြားဆက်ဆံခြင်းအလေ့၌ မွေ့လျော်နေခြင်းပင်လား....။သို့တည်းမဟုတ် လူ့ပြည်
လူ့ရွာ ဤကမ္ဘာ၌ ခွဲခြားဆက်ဆံမှုတစ်ချို့သည် လိုအပ်နေပါသလား.....။

ကိုရင် ရောက်ခဲ့တယ်...
နောက်တစ်ခါ အဲလို မလုပ်ပါနဲ့ ကပ္ပိယကြီး..:)

ကိုရင်

ShwunMi- said...

ငယ်ငယ်တုန်းက သင်ဖူးတဲ့ လက်တစ်ဆုပ် တန်ရင် လက်တစ်ဆုပ်၊ လက်တစ်ခုပ် တန်ရင် လက်တစ်ခုပ်၊ တစ်ထမ်း ပေးသင့်ရင် တစ်ထမ်း ဆိုတာလေးကို သွားသတိရမိတယ်။
စေတနာကို သဘောမပေါက်တာလည်း ရှိတတ်ကြတယ်နော်။
ကိုညိမ်းနိုင်စာဖတ်ပြီး သင်ခန်းစာတွေ ပြန်နွေးဖြစ်သွားပါတယ်။

ချစ်ကြည်အေး said...

မောင်ညိမ်းနိုင်အဆိုအရဆိုလျင် မြန်မာစကားသည် စကားလုံးမဟုတ်၊ စကားဝိုင်းကြီးသာ ဖြစ်သင့်သည်။ ဘလောဂ့်ဂါရင့်မာဖြစ်စေ၊ ဘလော့ဂ်ဂါနုသစ်ဖြစ်စေ ဘလော့ဂ်သက်တမ်းနှင့် မတိုင်းတာဘဲ ရေးသောစာ အလေးအပေါ့ အနုအရင့်နှင့် ချိန်ထိုးဆုံးဖြတ်သော် ပို၍ မသင့်တော်သလော။ ခွဲခြားမှုသည် သင့်တင့်လျောက်ပတ်စွာရှိရမည်။ ထမင်းစားမယ်ဟု ထမင်းနှင့်ဟင်းကို တပေါင်းတည်းပြောကြစေကာမူ ထမင်းနှင့်ဟင်းကို အိုးသပ်သပ်စီခွဲ၍သာ ထားကြသည် မဟုတ်တုံလော။ ထမင်းနှင့်ဟင်းအတူထားက အသိုးမြန်ရာသည်ဟူ၏။ နိဂျူံးခုတ်ရသော် စကားတို့သည် ပညတ်သာဖြစ်၍ ခွဲခြားခြင်း မခွဲခြားခြင်း၌ သင့်တော်သလို ပြုကျင့်ရမည် သာတည်း။ ဤကား ချစ်ကြည်အေးအလိုအရ မန့်ချင်ရာမန့်ပုံသာဖြစ်သည်ဟုမှတ်ပါလေ....:P