Wednesday, October 26, 2011

အလွမ်း မိုး

ကြည့်ပါဦး.....ဟောဒီမှာ...သည်းသည်းမဲမဲ.....

သူရွာချနေပုံက မစဲမယ့် အတိုင်း....

အလွမ်းတွေ တဖွဲဖွဲ နဲ့ပေါ့......

မိုး....ရေ.....။


တွေ့ဆုံ ကြုံ ကွဲ ခြင်းတွေက

ဓာတ်ပြားကြီး အက်ကြောင်းထပ်သလို

ဒဏ်ရာပြီး ဒဏ်ရာ ဆက်နေ...

နင်နေလို့ ငါသွား.....

ငါနေလို့ နင်သွားရော့လေသလား.....

ဟောဒီ ရထားက မရပ်တန့်တော့ဘူးတဲ့လား မိုး ရဲ့....။


တစ်ဘဝစာကို အချိုး ချကြည့်တော့...အချစ်နဲ့အလွမ်းတွေက တစ်:အင်ဖန်နတီ.....

ကဲ.....ဒီမိုး ဒီလေ ဒီအလွမ်းတွေ နဲ့ ငါဘယ်လို အသက်ဆက်ရမလဲကွယ့်.....

တစ်လှမ်းခြင်းတက်တဲ့ လှေကားထစ်တွေလို ငါ တစ်စက္ကန့်ခြင်း လွမ်း....

ဒီလမ်းမှာ အလွမ်းတွေ ခြေရာခြင်းထပ်ခဲ့ပေါ့.....မိုး......။


ကိုယ် နဲ့ စိတ်မှာ နာကျင်ရတိုင်း အလွမ်းတွေက မိုးလို အုံမှိုင်း.....

ကဲ...ရွာချင်တိုင်းသာ ရွာလိုက်ပါတော့ မိုးရေ......

တသက်တာလုံး မစဲစတမ်း....ရင်တစ်ခွင်လုံး လွမ်းချင်တိုင်းလွမ်းမိတဲ့နောက်.......

ဟောဒီ အလွမ်းမိုးထဲ ငါ့စိတ်တစ်ခုလုံး ရေစုန်မျောလိုက်ပြီ...မိုး.....။



အလွမ်းမိုး.................



မျှော်လင့်ခြင်းရဲ့ မိုးတိမ်များ.........အုံ့မှိုင်းဆဲပေါ့ ငါ့ရင်မှာ........

Sunday, October 16, 2011

ကျွန်တော်သောက်ခဲ့သော လက်ဖက်ရည်များ........



" ဦးယေး....မေကြီးက လက်ဖက်ရည်တစ်ခွက် မလိုင်များများနဲ့.....တဲ့...."

သူ ပိုက်ဆံတစ်မတ်နှင့်ဒန်ချိုင့်လေးကို သူ့အရပ်ထက်မြင့်သည့် လက်ဖက်ရည်ဆိုင်ကောင်တာပေါ်ကို မမှီမကမ်း
လှမ်းတင်လိုက်ချိန်တွင်သူဒုတိယတန်းတတ်နေပြီဖြစ်သည်။ထိုစဉ်ကအမေ၊အဖေကဘာဝယ်ခိုင်း၊ဝယ်ခိုင်း၊ဝယ်ခိုင်း
သူနာမည်ကိုထည့်ပြောလေ့ရှိသည်။ဘာကြောင့်ဆိုတာ ထိုစဉ်ကလည်းမသိ၊ခုထိလည်းမသိပါ.....။ သူသိသည်မှာ
မနက်တိုင်းမေမေ့ အတွက် လက်ဖက်ရည်ဝယ်ပေးရမည့်တာဝန်သည်သူ့တာဝန်ဖြစ်သည်ဟူ၍သာ....။

သူ လက်ဖက်ရည်ချိုင့်လေးဆွဲပြီး ပြန်လာချိန်တွင် ထမင်းစားစာပွဲပေါ်တွင် ကြွေရည်သုတ်မတ်ခွက်ကြီးတစ်ခွက်၊
ခွက်ခပ်သေးသေးတစ်ခွက် နှင့်အတူ မေမေက အဆင်သင့်စောင့်ကြိုလျက်...။သူတို့မိသားစုတွင် ဖေဖေနှင့်အစ်မ
က လက်ဖက်ရည်မကြိုက်၊မသောက်ကြပါ။ထိုကြောင့် သူဝယ်လာသောလက္ဘက်ရည်တစ်ခွက်သည်သူနှင့် မေမေ
တို့နှစ်ယောက်အတွက်ကောင်းစွာလုံလောက်ပါသည်...။နံနက်ခင်းတိုင်းတွင် သူတို့သားအမိနှစ်ဦး ထမင်းစားပွဲ တွင်မျက်နှာချင်းဆိုင် ထိုင်၍ လက်ဖက်ရည်သောက်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာပါ.....။

~~~~~~~~~~~~~~~~~~~~~~~

သူ ခုနှစ်တန်းတက်ချိန်တွင် သူတက်ရသောအထက်တန်းကျောင်းသည် နှစ်ချိန်ကျောင်းအဖြစ် ပြောင်းလဲခဲ့ပါ
သည်။ငါးတန်း၊ခြောက်တန်း နှင့် ခုနှစ်တန်းများက မနက်ပိုင်းအချိန်တက်ရသည်။မနက်ခုနှစ်နာရီမှ နေ့လည်
ဆယ့်နှစ်နာရီအထိဖြစ်သည်။ထိုစဉ်က သူသည် သူ့အတန်းတွင် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူရသည်။
သူ့အသင်းတာဝန်ကျသော ရက်သတ္တပတ်များတွင် သူနှင့်သူ့သူငယ်ချင်းတစ်ဦးတို့ နှစ်ယောက်သား ကျောင်း
သို့စောစောလာကာ အခန်းတွင်းသန့်ရှင်းရေးလုပ်ခြင်း၊သောက်ရေခပ်ခြင်းများကို လုပ်ဆောင်ရလေ့ရှိသည်။

ထိုသို့မနက်စောစောထလာရတိုင်း သူတို့နှစ်ဦးစလုံး အိမ်မှ တစ်စုံတစ်ရာ စားသောက်လာရခြင်းမရှိခဲ့ပါ။
သို့အတွက် သူတို့နှစ်ဦး မနက်ခင်းတိုင်းတွင် ကျောင်းနားက လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက်နှင့်
နံပြားတစ်ချပ်ကို အမြဲလိုလိုဝယ်စားဖြစ်ခဲ့မြဲသာ...။ထိုစဉ်က သူတို့မုန့်ဖိုးသည် တစ်ဦးမှ တစ်ကျပ်သာရခဲ့သည်။
လက်ဖက်ရည်တစ်ခွက်လျှင် တစ်ကျပ်၊ပဲပြုတ်နံပြားတစ်ပွဲလျှင် တစ်ကျပ် ဖြစ်လေရာ သူတို့နှစ်ဦးပေါင်းမှ
လက်ဖက်ရည်တစ်ခွက်နှင့်ပဲပြုတ်နံပြားတစ်ပွဲသာ ဝယ်စားနိုင်ခဲ့သည်။နံပြားတစ်ပွဲ ကို နှစ်ဦးမျှစားနိုင်သော်လည်း
လက်ဖက်ရည်တစ်ခွက်ကို နှစ်ဦးမျှသောက်ရန်အတွက်မူ အခက်အခဲရှိနေခဲ့သည်။ သို့သော် သူတို့သူငယ်ချင်း
နှစ်ဦး ထိုပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့သည်။

ကျောက်ပတောင်းဟုခေါ်သည့် လက်ဖက်ရည်ချိုပျစ် တစ်ခွက်မှာပြီးလျှင် ဆိုင်မှ နောက်ထပ်ခွက်အလွတ်တစ်လုံး
တောင်းယူလိုက်သည်။ထို့နောက် ခွက်နှစ်ခွက်အတွင်း လက်ဖက်ရည်ကိုအညီအမျှခွဲထည့်ပြီးနောက်ရေနွေးကြမ်း
အနည်းငယ်ရောထည့်လိုက်သောအခါ နှစ်ဦးစလုံးအတွက် ကောင်းစွာလုံလောက်သွားခဲ့တော့သည်....။ဤသို့
လျှင် ရက်သတ္တပတ်များစွာ သူတို့သူငယ်ချင်းနှစ်ဦး လက်ဖက်ရည်တစ်ခွက်ကို အတူတစ်ကွသောက်ခဲ့ကြသည်။
သူ ရှစ်တန်းနှစ်ရောက်ချိန်တွင် စာသင်ချိန်သည် ညနေပိုင်းသို့ပြောင်းသွားခဲ့သည်။ သူ့သူငယ်ချင်းသည်လည်း
သူ၏ ဖခင်အလုပ်ပြောင်းရွေ့ရာ မြှို့တစ်မြို့သို့ ပြောင်းသွားခဲ့ပြီဖြစ်သည်။သူတို့သူငယ်ချင်းနှစ်ဦး၏ မနက်စော
စော လက်ဖက်ရည်ဝိုင်းလေးသည်လည်း နိဌိတံသွားခဲ့ရသည်။

~~~~~~~~~~~~~~~~~~~~

၁၉၉၆ခုနှစ်တွင် သူရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ရုက္ခဗေဒအထူးပြုဖြင့် ဒုတိယစာသင်နှစ်ကို တက်
ရောက်နေပြီဖြစ်သည်။ထိုစဉ်က တက္ကသိုလ်များလှိုင်နယ်မြေသည်လည်း နှစ်ချိန်ကျောင်းသာဖြစ်သည်။သူတက်
ရသည်က နေ့လည်ပိုင်းအချိန်...၊သူစီးနင်းလိုက်ပါလာသောကျောင်းကားသည် လှိုင်နယ်မြေအတွင်း ကျောင်း
သားများကို ချပေးပြီးသည်နှင့် ခရီးသည်လိုင်းကားအဖြစ်ပြန်လည်ပြေးဆွဲရန် လှည်းတန်းလမ်းဆုံသို့ပြန်လည်
ထွက်ခွာစမြဲ...၊သူသည်လည်း ကျောင်းသို့ရောက်သည့်တိုင် ကားပေါ်မှမဆင်းပဲ ထိုကားနှင့်ပင် လှည်းတန်းလမ်း
ဆုံသို့ လိုက်ပါတတ်စမြဲ...၊

ထိုစဉ်က လှည်းတန်းလမ်းဆုံတွင် ပန်းအိ ဆိုသော လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တည်ရှိခဲ့သည်။ထိုလက်ဖက်
ရည်ဆိုင်လေးသည် သူတို့သူငယ်ချင်းတစ်စု စတည်းချရာ ဘူမိနက်သန်နေရာတစ်ခုပင်။ အင်းစိန်မှဘောလုံးကန်
ကောင်းသည့် မောင်မောင်ဦးဟု နောက်ပြောင်ခေါ်သည့် သူငယ်ချင်းတစ်ဦး၊ ရန်ကုန်မြစ်တစ်ဘက်ကမ်းမှ
ကျောင်းလာတတ်ရသည့် သာအေးဟု နာမည်ပြောင်ပေးထားသည့်တစ်ယောက်၊ဆယ်မိုင်ကုန်းမှ ဟိုတယ်
အလုပ်တစ်ဘက်ဖြင့်ကျောင်းတတ်နေသည့် တိုးကြီး၊လှည်းတန်းတွင် အဆောင်ငှားနေသည့် ကျောက်ကြီးသား၊
နောက်...ကျွန်တော်...။

ကျွန်တော်တို့ငါးယောက်သား ထိုဆိုင်လေးတွင် လက်ဖက်ရည်တစ်ယောက်တစ်ခွက်မှာသောက်ရင်း ကျွန်တော်
တို့ စိတ်ဝင်တစားရှိရာ အကြောင်းအရာတစ်ရပ်ကို တီးတိုးပြောနေလေ့ရှိခဲ့သည်။တစ်ဦးရထားသည့် စာရွက်
စာတန်းလေးများကို တိုးတိုးတိတ်တိတ်လက်ဆင့်ကမ်းဖတ်ရှုခဲ့ကြသည်...။ကျွန်တော်တို့နောင်တော်ကျောင်း
သားကြီးများ၏ပြောစကားများကို ဆွေးနွေးခဲ့ကြသည်...။

ဆောင်းကုန်ကာစ တစ်ရက်သောနေ့လည်ခင်းတွင် ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ထိုလက်ဖက်ရည်ဆိုင်
လေးတွင်ထိုင်ရင်း လှည်းတန်းလမ်းဆုံတစ်ဝိုက်မှ အခြေအနေတစ်ရပ်ကိုစောင့်ကြည့်နေခဲ့သည်။ငယ်ရွယ်
တတ်ကြွသော ကျောင်းသားများ လမ်းဆုံတွင် စုရုံးမိသည်ထက်စုရုံးမိလာသောအချိန်တွင် ကျွန်တော်တို့ ထိုင်
မနိုင်ကြတော့ပါ...၊သောက်လက်စလက်ဖက်ရည်ကို လတ်စသတ်ပြီး ကျွန်တော်တို့နောင်တော်များနှင့်အတူ
အရေးအခင်းတစ်ရပ်တွင် စီးမျောပါဝင်သွားခဲ့ကြတော့သည်...။ကျွန်တော်တို့ဆိုင်မှထွက်ခွားပြီးသည်နှင့်
တစ်ပြိုင်နက် ပန်းအိလက်ဖက်ရည်ဆိုင်လေးသည် သူ၏သံဘာဂျာတံခါးကို ဝုန်းကနဲဆွဲပိတ်လိုက်ပါတော့သည်။

ထိုနေ့ည တစ်ညလုံး ကျွန်တော်တို့ စည်းလုံးခဲ့သည်၊စုရုံးခဲ့သည်၊ကျွန်တော်တို့အခွင့်အရေးများကို ချပြခဲ့ကြသည်။
နောက်တစ်နေ့မနက် လင်းအားကြီးတွင် ကျွန်တော့်အား လိုက်ရှာနေသော အစ်ကိုဝမ်းကွဲနှင့် ပက်ပင်းတွေ့ပါ
တော့သည်။ မင်းမေမေ သွေးတိုးနေတယ်...၊အားလုံးစိတ်ပူအောင်မလုပ်ပါနဲ့ကွာ...လာလာလိုက်ခဲ့ဟု ခေါ်ငင်
ခဲ့သော အစ်ကိုဝမ်းကွဲ ဆွဲခေါ်ရာလိုက်ပါသွားရင်း ကျွန်တော်.... ကျွန်တော့်ရဲဘော်ရဲဘက်များဖက်သို့ အားနာ၊
စိတ်မကောင်းစွာလှည့်ကြည့်လိုက်မိသည်။သူတို့ကတော့ ကျွန်တော့်ကို နားလည်ပေးသော နှုတ်ဆက်ပြုံးဖြင့်
တုံပြန်ရှာပါသည်။ကျွန်တော့်စိတ်ထဲတွင်မတော့ သစ္စာမဖောက်ခဲ့သည်တိုင် သစ္စာပျက်ခဲ့သူတစ်ဦး၏ ကြေကွဲ
ခြင်းများစွာဖြင့်....။

~~~~~~~~~~~~~~~~~~~~~~~~

ထိုစဉ်က ကျွန်တော်တို့ စိတ်တူသူရဲဘော်ရဲဘက်တစ်စုတို့ ပန်းအိဆိုင်လေးတွေ သောက်ခဲ့သောလက်ဖက်ရည်
သည် ကျွန်တော်တို့အပြီးတိုင်ခွဲခွာခြင်းအထိမ်းအမှတ် လက္ဘက်ရည်များဖြစ်လိမ့်မည်ဟု မည်သူမျှထင်မှတ်မထား
ခဲ့ကြပါ။ ကျွန်တော့်ရဲဘော်သူငယ်ချင်းများ ထိုစဉ်က ဘာတွေဆက်လုပ်ခဲ့ကြ (သို့) ဘာတွေဖြစ်ခဲ့ကြသည်ကို
ကျွန်တော်မသိရတော့ပါ။ကျွန်တော်ကိုယ်တိုင် တင်းကြပ်သောလုံခြုံရေးများရှိသည့် စခန်းတစ်ခုအတွင်း သုံးရက်
ကြာစစ်မေးခြင်းခံခဲ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မှတွေ့ခွင့်မရခဲ့ပါ။ယခုချိန်တွင် သူတို့ဘယ်ဆီ
ရောက်နေကြသည်ကိုလည်း ကျွန်တော်မသိတော့ပါ။

~~~~~~~~~~~~~~~~~~~~

နောက်နှစ်အနည်းငယ်ကြာသော် ကျွန်တော် အစိုးရရုံးစခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါသည်။
ကျွန်တော့်တွင် သိပ်ချစ်ရသော ချစ်သူတစ်ဦးလည်း ရှိနေခဲ့ပါပြီ။ကျွန်တော်နှင့် ကျွန်တော့်ချစ်သူတို့ ရုံးမသွားမှီ
မနက်ခင်းတိုင်း အမြဲတွေ့ဆုံခဲ့ရာနေရာလေးသည် ချစ်သူနေထိုင်ရာ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်လေးတစ်
ဆိုင်တွင်ဖြစ်ပါသည်။ချစ်သူက လက်ဖက်ရည်ကြိုက်နှစ်သက်သူမဟုတ်ပါ။သို့သော် ကျွန်တော့်ကို ချစ်သောစိတ်
ဖြင့် သူ...လက်ဖက်ရည်လိုက်သောက်ရင်း တစ်ဖြည်းဖြည်း ကြိုက်နှစ်သက်လာသည်(ဟု ကျွန်တော်ထင်ခဲ့သည်)။

ကျွန်တော်တို့နှစ်ဦး လက်ဖက်ရည်တစ်ယောက်တစ်ခွက်စီဖြင့် ရှေ့ရေးများကို တိုင်ပင်ကြည်နူးခဲ့သည်။တစ်ဦး
မျက်နှာ တစ်ဦး တစ်သိမ့်သိမ့်ကြည့်ရင်း လက်ဖက်ရည်တစ်ခွက်ကို တစ်စိမ့်စိမ့်သောက်ခဲ့ကြသည်.ကျွန်တော်တို့
သောက်သောလက်ဖက်ရည်တွင်ပင် ချစ်ခြင်းတရားတို့ဖြင့် ပျော်ဝင်ချိုမြိန်လျက်.....။သို့သော်....ကျွန်တော့်ချစ်သူ
သည် သူမကြိုက်သောလက်ဖက်ရည်ကိုသာ ကျွန်တော့်ကို ချစ်ခြင်းဖြင့် လိုက်ပါသောက်နိုင်သော်လည်း တစ်ချို့
သော အကြောင်းအရာများတွင်ကျွန်တော့် သဘောဆန္ဒနောက်သို့ မလိုက်ပါနိုင်ခဲ့ပါ။ကျွန်တော်သည်လည်း
ထိုသို့သာပင် ဖြစ်ခဲ့ပါသည်...။ဤသို့ဖြင့် အယူအဆမတူသူချစ်သူနှစ်ဦး၏လားရာသည် ဝေးသည်ထက်ဝေးရာသို့
ဦးတည်လာခဲ့ရတော့သည်...။

~~~~~~~~~~~~~~~~~~~~~~~

ယခုချိန်တွင် ကျွန်တော် အာရှတိုက်၏ ဖွံဖြိုး တိုးတတ်နေပြီဖြစ်သော နိုင်ငံတစ်ခုမှ ကြီးကျယ်ခမ်းနားသော
ရှောပင်းမောကြီးတစ်ခု၏ တတိယအထပ်တွင် ဖွင့်လှစ်ထားသော သားနာသပ်ရပ်သည့် လက်ဖက်ရည်ဆိုင်တစ်
ဆိုင်တွင် ဈေးကြီးလှသည့် လကက်ရည်တစ်ခွက်ကို တစ်ဦးတည်း ထိုင်သောက်နေမိသည်။ထိုဆိုင်မှ လက်ဖက်
ရည်သည် အတော်နာမည်ကြီးလှပါသည်။သို့သော် ကျွန်တော့်အတွက်တော့ လက်ဖက်ရည်အရသာသည် ပေါ့
ပျက်ပျက်နိုင်လှပါသည်။

အင်မတန်ကောင်းလှပါသည်ဆိုသော ထိုလက်ဖက်ရည်၏အရသာသည် ကျွန်တော်ငယ်စဉ်က မေမေနှင့်အတူ
သောက်သုံးခဲ့သော လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း၊ ခုနစ်တန်းနှစ်က သူငယ်ချင်းနှင့်ဝေမျှသောက်ခဲ့
ရသော လက်ဖက်ရည်ကိုလည်းကောင်း၊ပန်းအိဆိုင်လေးမှ လက်ဖက်ရည်ကိုလည်းကောင်း၊ချစ်သူနှင့်အတူ
သောက်ခဲ့သည့် လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း ဘယ်လိုမှ မှီနိုင်ခြင်းမရှိခဲ့ပါ....။

ကျွန်တော်တစ်ချိန်ကသောက်သုံးခဲ့သော လက်ဖက်ရည်များသည် သာမန်မျှသာဖြစ်ပါသည်။ သို့သော် ထိုသာမန်
လက်ဖက်ရည်များထဲတွင် မိဘနှင့်သားသမီးတို့၏ချစ်ခြင်းများ၊ငယ်သူငယ်ချင်းသံယောဇဉ်များ၊ရဲဘော်ရဲဘက်
စိတ်များ၊ချစ်သူတို့ချစ်ခြင်းများ ထည့်ဝင်ဖျော်ထားလိုက်သောအခါ တခြားကောင်းလှပါသည်ဆိုသော လက်ဖက်ရည်
များနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်ခြင်းမရှိသော ချစ်ခြင်းများဖြင့် ချိုမြိန်နေသော လက်ဖက်ရည်ကောင်းများဖြစ်သွား
ရပါတော့သည်....။

ကျွန်တော် လက်ဖက်ရည်ကြိုက်သူတစ်ဦးဖြစ်ပါသည်..။ကလေးအရွယ် ငယ်စဉ်ကတည်းက လက်ဖက်ရည်ကို
နှစ်ခြိုက်စွာသောက်သုံးခဲ့သည်။ယခုလည်းသောက်နေဆဲ...၊နောင်လည်းသောက်နေဦးမည်သာဖြစ်ပါသည်။
သို့သော် ကျွန်တော်သောက်နေသောလက်ဖက်ရည်များတွင် တစ်စုံတစ်ရာလှစ်ဟာနေသည်ဟုခံစားရစမြဲပင်၊
ကျွန်တော် လက်ဖက်ရည်တစ်ခွက်သောက်မိတိုင်း၊တစ်ချိန်က ကျွန်တော်သောက်ခဲ့သော လက်ဖက်ရည်များကို
သတိရမြဲ....၊ထိုသို့သတိရတိုင်း ကျွန်တော် လက်ဖက်ရည်တစ်ခွက်ကို သောက်မိဆဲပင်ဖြစ်ပါတော့သည်.....။

တိမ်တွေဆီသို့.......(၃)

ဒုတိယနေ့မနက်မှာ ကျွန်တော်တို့ Genting Highlands ခရီးစဉ်စပါတယ်....၊ရထားနဲ့ Gombak ဆိုတဲ့ ဘူတာကို
ထွက်ခဲ့ပါတယ်၊အဲဒီဘူတာကမှ တောင်ပေါ်သွားတဲ့ကားကိုစီးရမှာဖြစ်လို့ပါ...။ကေအယ်ကနေ တောင်ပေါ်ကို ဆွဲ
တဲ့လိုင်းကားဂိတ်တွေ သုံးလေး နေရာလောက်မှာ ရှိတယ်လို့သိခဲ့ရပါတယ်...။ကျွန်တော်တို့ကတော့အဆင်ပြေ
တဲ့ Gombak ဘူတာကနေပဲသွားစီးခဲ့ပါတယ်...။

ကားဂိတ်ရောက်လို့ ကားလက်မှတ်သွားဝယ်တော့ ၁၂နာရီမှထွက်မယ့်ကားပဲရှိတယ်တဲ့...။ဂိတ်က ဆိုင်းဘုတ်မှာ
တော့ နာရီဝက်တစ်စီးနှုန်းထွက်တယ်လို့တော့ရေးထားပါရဲ့...။ပါလာတဲ့သူငယ်ချင်းကတော့ တက္ကစီကားသမား
တွေနဲ့ပေါင်းပြီး လုပ်စားတာလို့ပြောပါတယ်...။ဟုတ်လောက်တယ်ဗျ...၊တစ်ခြားကားဂိတ်ကလာတဲ့သူငယ်ချင်း
တစ်ယောက်လည်း ၁၂နာရီကားပဲရလို့ တောင်ပေါ်ကို အတော်နောက်ကျပြီးမှရောက်လာပါတယ်...။ကျွန်တော်
တို့ကတော့ မစောင့်နိုင်တာနဲ့ တက္ကစီနဲ့ပဲတတ်ခဲ့ပါတယ်...။၃ယောက်ကို မလေးရင်းဂစ်၅၀ပေးရတယ်...။တန်
တော့တန်တယ်ပြောရမှာပါပဲ...။တက္ကစီက Skyway အထိပို့ပေးပါတယ်....။

Genting Highlands က Skyway က အာရှမှာတော့အရှည်ဆုံးလို့ဆိုပါတယ်....။အတော်ကြာကြာစီးရတယ်
ခင်ဗျ....။အသွားအပြန် ရင်းဂစ်၁၀ပါ။မြင့်တာလည်းအမြင့်ကြီးပါ....။အောက်ငုံကြည့်ပြီး ခုနေပြုတ်များကြလိုက်
ရင်လို့တွေးမိတော့ အတော်ကျောချမ်းသွားသဗျ...။လူ့စိတ်ကအတော်တော့ဆန်းကျယ်သားဗျနော်...။ပြုတ်ကျ
ရင်....ဆိုတဲ့အတွေးမပေါ်ခင်အထိ မကြောက်သေးပေမယ့်၊အဲဒီအတွေးပေါ်လာတော့မှ ကြောက်လာရော...။
ကြာလာတော့လည်း ပတ်ဝန်းကျင်ရှုခင်းတွေကြည့်ရင်း အဲဒီကြောက်စိတ်လည်း ဘယ်ပြန်ရောက်သွားမှန်းမသိ
တော့ပါဘူးဗျာ...။

ရှုမျှော်ခင်းတွေကတော့ တကယ်လှတယ်ဗျာ...။မြန်မာပြည်ကျိုက်ထီးရိုးတောင်တန်းတွေကို သတိရလွမ်းမောမိ
တယ်....။တောင်တန်းအသွယ်သွယ်၊တိမ်တောင်အလိပ်လိပ်တွေရဲ့ ရှုခင်းတွေက သိပ်တော့မကွာခြားသလိုပါပဲ၊
ဒါပေမယ့် ဒီကတောင်တန်းတွေက ပိုပြီး စိမ်းလန်းစိုပြေသလို၊ပိုပြီးတောတောင်ထူထပ်တယ်ထင်ရတယ်.....။
အင်း....မြန်မာပြည်ကတော့ သစ်တွေခုတ်ချင်တိုင်းခုတ်ခဲ့ကြတာကိုးဗျ....နော်...။

Skyway ပေါ်ကဆင်းလိုက်တာနဲ့ ဟော်တယ်ကြီးထဲတန်းရောက်သွားရော...၊အဲ့ဟိုတယ်ထဲကမှတစ်ဆင့်
Genting Theme Park ထဲထွက်ပြီးလည်ရမှာပါ....။ဝင်ကြေးက တစ်ယောက်ကို ၄၂ ရင်းဂစ်လားမသိပေးရပါ
တယ်....။မသိဆို ကိုယ်ပေးရတာမဟုတ်...၊ရဲထွန်းဇော်ပေးလိုက်တာမို့လို့ပါ။သိပ်ချစ်ဖို့ကောင်းတဲ့သယ်ရင်း....
ကြီးပွားဦးမှာ ဒီကောင်လေး.....:)))။အထဲက ကစားကွင်းတွေကိုတော့ ကြိုက်သလောက်ဆော့လို့၊စီးလို့ရသွားပြီ၊
ထပ်မပေးရတော့ဘူးဗျ....၊အဲ....စူပါမင်းဆိုတာတစ်ခုပဲ ထပ်ပေးရတယ်ဆိုပါတယ်...။

ကျွန်တော်တို့ကတော့ သုံးခုလောက်ပဲ စီးဖြစ်ခဲ့ပါတယ်...။အဲဒီသုံးခုထဲမှာ ရင်အခုန်ရဆုံးကတော့ ရိုလာကိုစတာ
ပါပဲ....။စီးနေချိန်မှာ ရင်ခုန်ရတာထက် ရိုလာကိုစတာ စထွက်ကာစမှာ ခံစားရတဲ့ ခံစားချက်ကတော့ အတော်
လေးကို စိတ်လှုပ်ရှားရပါတယ်။ကိုယ့်အလှည့်ရောက်ဖို့ တန်းစီနေရင်း၊သူများတွေ စီးကြ၊အော်ဟစ်ကြတာကို
ကြည့်ရင်း လန့်လန့်လာပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ငါ စီးလို့ဖြစ်ပါ့မလား...၊ခုနေပြန်လှည့်ရင် ရသေး
တယ်...၊ငါ့ကိုသူငယ်ချင်းတွေကလည်း ဒီလောက်တောင်ကြောက်ရသလားလို့ လှောင်မှာမဟုတ်ဘူး၊ဖြစ်မှ ဖြစ်ပါ့
မလားဆိုတဲ့အတွေးဝင်လာတဲ့အထိပါ။ တစ်ဘက်ကလည်း အဲ့ဒီအရသာကိုခံစားကြည့်ချင်စိတ်က ရှိနေပါသေး
တယ်...။နောက်ဆုံးတော့ ကိုယ်ကြောက်နေတဲ့အရာတစ်ခုကို ရင်ဆိုင်ကြည့်ချင်စိတ်က အနိုင်ယူသွားပါတယ်...။

ကျွန်တော်အဲဒီအချိန်မှာ တွေးမိတာတစ်ခုက ကျွန်တော်တို့သေဆုံးကာနီးအချိန်မှာ ဝင်လာနိုင်တဲ့စိတ်ကလည်း
ဒီရိုလာကိုစတာ စီးကာနီးစိတ်မျိုး၊ရိုလာကိုစတာ စထွက်ကာစအချိန်မှာခံစားရတဲ့စိတ်မျိုးနဲ့အတော်ဆင်လိမ့်မယ်
ထင်ရဲ့...၊တစ်ခုခုကို ရင်ဆိုင်ရတော့မယ်...၊အဲ့ဒါက ဘာလဲ ဆိုတာလဲမသိ...။

အင်း....သေးဆုံးကာနီးအချိန်ကတော့ ပိုပြီးနဲနဲဆိုးမယ်...။ဘာလို့လဲဆိုတော့ ရိုလာကိုစတာစီးတာက ဘာပဲပြော
ပြော ကိုယ့်ဘေးမှာအဖော်တွေနဲ့လေ....၊သေဆုံးကာနီးအချိန်မှာတော့ ထွက်ခွာသွားရမှာက ကိုယ်တစ်ယောက်
တည်းရယ်....။အင်း...ကျွန်တော်ထင်တယ်လေ....၊လူတွေ ရိုလာကိုစတာစီးချင်ကြတာ၊စီးဖြစ်ကြတာ သေဆုံးကာ
နီးအချိန်မှာခံစားရတဲ့ခံစားချက်၊သေဆုံးချိန်မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ခံစားချက်ကို အကြို ခံစားကြည့်ချင်စိတ်က
မသိစိတ်ထဲမှာ ကိန်းအောင်းနေလို့များလားမှ မသိတာဗျနော်...၊ဘာဖြစ်လို့လဲဆိုတော့ လူတိုင်း လူတိုင်း သိချင်
ကြတာ၊ခုချိန်ထိ ဘာသာရေးအယူအဆတွေနဲ့ကလွဲလို့ သေသေချာချာမသိနိုင်သေးတာ သေခြင်းတရားကို
ရင်ဆိုင်ကြရတဲ့အကြောင်းပဲမဟုတ်လားဗျာ....။

အဲ....ဘယ့်နှယ် တိမ်တွေဆီမရောက်ပဲ မရဏတရားဆီရောက်သွားပါလိမ့်ဗျာ....၊ပြန်သွားကြပါစို့ဗျိုး.....:)
ကျွန်တော်တို့ ကံကောင်းတာလား ကံဆိုးတာလားမသိ၊အဲဒီနေ့ကနေသာနေတယ်ဗျ....၊ဆိုတော့ တိမ်တွေနဲ့
သိပ်ပြီး နီးနီးကပ်ကပ်မရှိခဲ့ဘူးဗျ...၊အဲ...ဒါပေမယ့် ကျွန်တော်တို့ ဒိုင်နိုဆောတောင်ဘက်လည်းရောက်ရော
မိုးတိမ်တွေ အုံ့မှိုင်းလာတော့တာပဲဗျာ....၊ကျွန်တော်ချစ်တဲ့ တိမ်မြူတွေရဲ့ ပွေ့ဖက်ကြည်ဆယ်ခြင်းကို ခံခဲ့ရတယ်
ဆိုပါတော့ဗျာ...။

တိမ်မြူတွေက သူရို့ချည်းလာတာဟုတ်ဘူးဗျ....၊သူရို့လွယ်ပိုးထားတဲ့ မိုးရေစက်တွေကိုပါ ဖွဲကာ သည်းကာ
ရွှာချလိုက်ပါရောလား...၊ဒါနဲ့ ကျွန်တော်တို့လည်း တောင်အောက်ပြန်ဆင်းခဲ့ကြပါတော့တယ်....။

အပြန်မှာတော့ ကေအယ်ရောက်ရင် မဝင်လို့မဖြစ်တဲ့ ကေအယ်စီစီ ခေါ် ပတ်ထရိုနက် မျှော်စင်ကို လှည့်ဝင်ခဲ့
ကြပါတယ်.....။အပေါ်ကိုတော့မတက်ခဲ့ရတော့ပါဘူး၊အပေါ်ကိုတက်ဖို့ဆိုရင် မနက်ထဲက စာရင်းပေးရတယ်လို့
ဆိုပါတယ်ခင်ဗျ။အဲဒီမှာ ညနေခင်းကိုကုန်ဆုံးစေခဲ့ပြီး မဖြစ်မနေခရီးတစ်ခုကို ဆက်ခဲ့ကြပါသေးတယ်၊အဲဒီနေရာ
ကတော့ ကိုတာယာယာက မောသျှမ်းမြန်မာထမင်းဆိုင်ဆီသို့ပါ...။အဲဒီထမင်းဆိုင်မှာ ကျွန်တော်တို့နဲ့တွေ့ဖို့ရာ
စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းနေသူ နှစ်ဦးရှိနေလို့ပါ။သူတို့ကတော့ ကိုရင်သာပျော့ နဲ့ မဒိုးကန် တို့ပါပဲခင်ဗျား။

ကိုရင်တို့၊မဒိုးကန်တို့အကြောင်းကတော့ အားလုံးသိပြီးဖြစ်နေပါပြီ....၊ခင်တတ်မင်တတ်၊ဖော်ရွေတတ်၊အတည်
ပေါက်နဲ့ စနောက်တတ်သူ စုံတွဲနှစ်ယောက်ပါပဲ...၊ကျွန်တော်တို့ကို ဘီဘီတွေအတင်းတိုက် (သူရို့တိုက်လို့
သောက်ရတာပါဗျာတို့ရယ်....:))၊ဒီညမှာ သူငယ်ချင်းတွေ စားပွဲ ရှိလို့ပါဆိုတာတောင် စားသောက်စရာတွေ
ပါဆယ်ထုတ်ပေးနဲ့ သိပ်တော်တဲ့ လင်မယားပါပဲဗျာ...၊(ဒီလင် ဒီမယား အိုအောင်မင်းအောင်ပေါင်းရပါစေဗျား..:))

နောက်ရက်ကတော့ ကျွန်တော် မလေးမြေကို ခွဲခွာပြီး ကျွန်တော်ခေတ္တခိုနားနေရာ ရှင်ကြားပူ ကွန်ကရိတော
ကြီးဆီသို့ ပြန်ရမယ့်ရက်ပါပဲ...၊ညနေလေးနာရီကားဖြစ်လို့ မနက်ပိုင်းမှာ ကေအယ်ရဲ့ အထင်အရှားနေရာတစ်ခု
ဖြစ်တဲ့ (ဖျြိးမောင်မောင်အခေါ် အချိန်လေးထောင့် :)) Time Square နဲ့ ဘီဘီပလာဇာ ဘက်ကို လျှောက်ကြည့်
ခဲ့ပါသေးရဲ့...၊အဲဒီ တိုင်းစကွဲယားအပေါ်ထက်မှာလည်း ရိုလာကိုစတာကြီး ရှိသေးတယ်ခင်ဗျ...၊စီးတော့မစီးခဲ့ပါ
ဘူး....၊နောက်တစ်ခေါက်မှာပေါ့လို့ပဲ တေးထားခဲ့ရပါတော့တယ်ခင်ဗျား.....။











တိမ်တွေဆီသို့....ဦးတည်ရာ......



ဟိုးအေဝးပ်ပ်...ေတာင္ထိပ္ဆီမွာ......

တောင်ခြေက Skyway စခန်း.....

skyway၊တောင်တန်းများ နှင့် တိမ်.......



တောင်ထိပ်ပေါ်ကတိမ်....၊တိမ်တွေကြားက ဟိုတယ်......

တိမ်နောက်ခံနှင့် ကစားကွင်းတစ်ခု......

မြူတွေဆိုင်းလာပြီ.......

ကျွန်တော်တို့စီးလာခဲ့တဲ့ ရိုလာကိုစတာ......


မြူတွေဆိုင်းနေတဲ့ မိုးသစ်တော......

အပြန်မှာတော့ မိုးရေစက်တွေကြား ဝိုးတဝါး.....

KLCC ရဲ့ ညနေ......

(ပထမတော့ ဒီပို့စ်ကို ဆန့်နိုင်သလောက်ဆွဲဆန့်ပြီး အပိုင်း လေးငါးပိုင်းလောက်တင်မလို့ပါပဲ..၊နို့ပေမယ့် ရေး
ဖို့ရာ ပျင်းလာတာကတစ်ကြောင်း၊ကုလားကားလိုပေရှည်နေတယ်ဆိုပြီး စောဒက တတ်ကြသူတွေကြောင့်
တစ်ကြောင်း၊အတိုပဲချုံးလိုက်ပါတော့တယ်ခင်ဗျား...၊အားလုံးပဲ စိတ်ချမ်းသာသွားကြမယ်ထင်ရဲ့.......:)))

(ကျွန်တော် ကေအယ်မှာရှိနေစဉ်တစ်လျှောက် အစစအရာရာ ကူညီစီစဉ်ပေးခဲ့တဲ့ သူငယ်ချင်း ရဲထွန်းဇော် နှင့်
ဖြိုးမောင်မောင်တို့နှစ်ဦးကို အထူးကျေးဇူးတင်ရပါတယ်....၊နောက် မလေးမြေရောက်တခြားသောသူငယ်ချင်း
များဖြစ်တဲ့ မိုးယံအိန်ဂျယ်အုပ်ကြီးတို့နှင့်တစ်ကွ ကိုရင်သာပျော့၊မဒိုးကန်တို့ကိုလည်း ခုလိုတွေ့ဆုံခဲ့ရတာ ဝမ်းသာကျေးဇူးတင်ရပါကြောင်း ပါခင်ဗျား.....။

Friday, October 14, 2011

တိမ်တွေဆီသို့.......(၂ )

ကျွန်တော် ကေအယ်က Bandar Tasik Selatan ဆိုတဲ့ ကားဝင်းအသစ်ကြီးဆီရောက်တော့ နေ့တစ်နာရီတိတိရှိ
ပါပြီ။ဒီကားဂိတ်ကြီးက အတော်သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျအတော်ရှိပါတယ်။သူနဲ့ကပ်ရပ်မှာ ရထားဘူတာရုံ
လည်းရှိတော့ အတော်အဆင်ပြေပါတယ်။ရှင်ကြားပူမှာ မြို့ပတ်ရထားဆိုလို့ MRT နဲ့ LRT နှစ်မျိုးပဲရှိပါတယ်။
LRT ကလည်း လမ်းတိုလေးတွေပါပဲ။အဲ...မလေး မှာတော့ ရထားလိုင်းတွေက နာမည်အမျိုးမျိုးနဲ့ဗျ။ Rapid KL တဲ့၊ Monorail တဲ့၊ KTM Star တဲ့၊ KTM တဲ့၊အများကြီးပဲဗျ...၊ဒါတောင် ကျွန်တော်မသိတဲ့ အခြားနာမည်တွေ
ကျန်သေး။

ဘူတာရုံဘက်ရောက်တော့ ကျွန်တော့်အိတ်လေးထဲကစာရွက်ပိုင်းလေးကိုအသဲအသန်ရှာပြီးထုတ်ကြည့်ရတယ်။
သူငယ်ချင်းရဲထွန်းဇော် ပြောထားတဲ့ ကျွန်တော်စီးရမယ့် ရထားလိုင်းနဲ့ ဆင်းရမယ့်ဘူတာ ကိုမှတ်ထားတဲ့ စာရွက်
လေးပါ။ဘာတဲ့....Rapid KL ကိုစီး Hang Tuah ဘူတာ မှာ ရထားလိုင်းပြောင်းစီး.....တဲ့...၊ဒါနဲ့ လက်မှတ်ရောင်း
တဲ့ကောင်တာမှာ ရထားလက်မှတ်သွားဝယ်ပါတယ်။ငါ ဟမ်တွ ကိုသွားချင်တယ်ပေါ့...၊လက်မှတ်ရောင်းတဲ့
မလေးကုလားလေးက ပြုံးပြီး တစ်ခွန်းပဲပြောပါတယ်...မင်းပြောတဲ့ဘူတာငါမသိဘူး၊ဟိုမှာ ရထားလိုင်းမြေပုံရှိ
တယ်၊အဲ့မှာတစ်ချက်ကြည့်လိုက်ပါ...တဲ့....။

ဒါနဲ့ ကျွန်တော်လည်းမြေပုံသွားကြည့်တော့....အဲ...ဒီရထားလိုင်းက Rapid KL မှ မဟုတ်ပဲကိုးဗျ....၊ဒါနဲ့ Rapid
KL ရထားလိုင်းဘူတာကို ရှာရသေးသဗျ...၊ဟိုဒီရှောက်ရှာရင်း လမ်းမကြီးဘက်ရောက်သွားရောဗျိုး....၊ဒါနဲ့မဖြစ်
ချေဘူး၊အပြင်ရောက်သွားရင် ဒွတ်ခနဲ့လှလှတွေ့မယ်....လို့တွေးမိပြီး အထဲပြန်ဝင်၊ပြန်ရှာ....၊ဟောတွေ့ပါပြီ.....
Rapid KL ရထားလိုင်းဘူတာ၊ဒါနဲ့ ကောင်တာမှာ လက်မှတ်သွားဝယ်တယ်၊ငါ ဟမ်တွ သွားချင်ပါတယ်.....လို့....။
ဒီတစ်ခါလက်မှတ်ရောင်းက မလေးကုလားမချောချောလေးဗျ...၊သူကကျွန်တော့်ကို တစ်ချက်မော့ကြည့်ပြီးပြော
လိုက်တာက "I don't know this station" တဲ့၊ဟမ်တွ....လေ...ဟမ်တွ.....လို့ထပ်ပြောတော့ ခေါင်းပဲတွင်တွင်
ခါပြပါတယ်.....။ဟိုက်....ခက်တော့ခက်ပြီ....၊ငါရထားလိုင်းများမှားလေသလားလို့တွေးမိတာနဲ့ ရထားလိုင်းမြေပုံ
ကိုသွားကြည့်တော့မမှားပါဘူး....Hang Tuah ဆိုတဲ့ဘူတာကို မြေပုံမှာတွေ့ရပါတယ်။

ကံကောင်းချင်တော့ မြေပုံက Hang Tuah ဆိုတဲ့စာသားအပြင် ဘူတာအမှတ်စဉ် TS 3 ဆိုတာပါရေးထားပါ
တယ်...၊ဒါနဲ့ကျွန်တော်လည်း လက်မှတ်ရောင်းကောင်တာဆီပြန်သွားပြီး ငါသွားချင်တာ TS3 ကို လို့ပြောမှပဲ
မရွှေချောက သဘောပေါက်တော်မူပြီး လက်မှတ်ရောင်းပေးပါတော့တယ်...။ကြည့်ရတာ ကျွန်တော့်ရဲ့ အင်မ
တန်ပီသကြည်မြတဲ့ လန်ဒန်မြို့ကြီးသားအရှုံးပေးရလောက်တဲ့ ဘိလပ်အသံထွက်ကို မလေးမလေးခမြာ နား
မလည်ရှာဘူးထင်ပါရဲ့ဗျာ....:)))

လက်မှတ်ဝယ်ပြီးချိန်လောက်မှာပဲ ရဲထွန်းဇော်က ဖုံးလှမ်းဆက်ပါတယ်....၊ကျွန်တော်စီးရမယ့် ရထားလိုင်းနဲ့ ဆင်း
ရမယ့် ဘူတာကို သေချာထပ်ပြောတာပါ၊ရထားကို ဟိုဘက် ဒီဘက်မှားမစီးဖို့လည်း သေချာမှာရှာပါတယ်။
ကျွန်တော်လည်း အေးပါဟ....ငါမြေပုံကြည့်ပြီးစီးမှာပါ၊မပူပါနဲ့လို့ပြန်ပြောလိုက်ပါတယ်၊ဟွင်း...နာ ရှင်ကြားပူက
လာတာ...လူလည်အာရှသားပါဟ...ဆိုတဲ့လေသံမျိုးနဲ့ပေါ့ဗျာ.....:)))

ဒါနဲ့ ခက်တည်တည်ပဲ အိတ်ကလေးလွယ်လို့ ဘူတာထဲ ကော့ကော့ ကော့ကော့ နဲ့ဝင်သွားသပေါ့ဗျာ...၊အထဲ
ရောက်တော့ ရထားလိုင်းမြေပုံလိုက်ရှာပါတယ်....၊ဟိုက်.....ဘာမြေပုံမှတွေ့ဘူးဗျိုး...၊ဟိုဘက်သွားရှာ မတွေ့၊
ဒီဘက်ပြန်လာမတွေ့ရေးချမတွေ့...၊ဟင့် ခက်ပြီ...၊အို...ဘာအရေးတုန်း....ပါးစပ်ပါ ရွာရောက်...မေးကြည့်မှလို့
နှလုံးပိုက်ပြီးသကာလ အပေါ်ထပ်မှာ မတ်တပ်ရပ်နေတဲ့ ရထားလိုင်းယူနီဖောင်းဝတ်ထားတဲ့ မလေးအဒေါ်ကြီး
နှစ်ယောက်ဆီ သွားမေးပါတယ်...။ဟုတ်ကဲ့ခင်ဗျာ.....ကျွန်တော့်ရဲ့ ဟမ်တွဆိုတဲ့အသံထွက်ကို သူရို့လုံးဝ လုံးဝ
လိုက်လို့မမှီပါဘူးဗျာ....၊မသိဘူးချည်းပြောနေတော့တာပါပဲ...:)))

ဒါနဲ့ကျွန်တော်လည်း ကျွန်တော်မှတ်ထားတဲ့ စာရွက်ပိုင်းလေး ထုတ်ပြပြီး ငါဒီဘူတာသွားချင်လို့ပါလို့ ပြတော့မှပဲ
အော်...ဒီဘူတာလား....အဲ့ဘက်ကစီး ဆိုပြီး နတ်လမ်ညွှန်ပါတော့တယ်.....။ဟူး....တော်ပါသေးရဲ့ဗျာ.....။
ဒါနဲ့ရထားလာတော့ တတ်စီးသပေါ့....၊ဘူတာနှစ်ဘူတာလောက်ရောက်လာတော့ ရထားပေါ်က ရထားလိုင်း
မြေပုံ နဲ့ ရောက်နေတဲ့ဘူတာ တိုက်ကြည့်တော့.....လားလား....ကျွန်တော်စီးလာတာ ပြောင်းပြန်ကြီးပါလားဗျိုး..။
ဘယ်နှယ်ဗျာ....လွဲမှာစိုးလို့ သေချာမေးစီးပါတယ်....လွဲဖြစ်အောင်လွဲလိုက်သေးသဗျာ...။ဒါနဲ့ ရောက်တဲ့ဘူတာ
မှာဆင်း ဆန့်ကျင်ဘက် ရထားကိုပြန်စီးရသပေါ့ဗျာ....၊ကိုယ့်ဘာသာတော့ မလေးရထားကို တန်အောင်စီးတာ
လို့ပဲ သဘောထားလိုက်ပါတယ်....:)))

Hang Tuah ဘူတာရောက်တော့ဆင်း၊monorail ပြောင်းစီးပါတယ်....၊ဒီတစ်ခါတော့ မမှားအောင် သေသေချာ
ချာကြည့်စီးရသဗျ၊ရဲထွန်းဇော်ကလည်း စိတ်မချလို့ တောက်လျှောက်ဖုံးဆက်ပြီး မေးရှာပါတယ်၊ဒါနဲ့ပဲ နောက်ဆုံး
မှာတော့ ကျွန်တော်ဆင်းရမယ့် Bukit Bintang ဘူတာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပြီးသကာလ ကျွန်တော့်
ကို ဘူတာမှာ ငုတ်တုတ်လေးထိုင်စောင့်နေတဲ့ ရဲထွန်းဇော်နဲ့ တည့်တည့်ကြီးကိုတွေ့ပါတော့တယ်....။

ရောက်တဲ့နေ့မှာတော့ သူငယ်ချင်းတွေနဲ့တွေ့၊စကားစမြည်ပြော နဲ့ ဘယ်မှမလည်ဖြစ်သေးပါဘူး။အဲ..ညနေပိုင်း
မှာတော့ ကိုတာယာယာ လို့ခေါ်တဲ့ မြန်မာဆိုင်တွေရှိတဲ့ နေရာကိုတော့ ရဲထွန်းဇော်နဲ့အတူ သွားဖြစ်ပါသေးတယ်
အဆိုပါ ကိုတာယာယာဆိုတဲ့နေရာက အတော်ကိုစည်စည်ကားကားနဲ့ ရှုပ်ရှုပ်ထွေးထွေးနိုင်တဲ့နေရာတစ်ခုပါ။
မြန်မာဆိုင်တွေ ရှိတဲ့နေရာမို့လို့လည်း တွေ့ရသမျှအများစုက မြန်မာတွေပါပဲ...၊အဲဒီမှာ မလေးရှားဘလော့ဂါ
တစ်ယောက်ဖြစ်တဲ့ နေဇော်လင်းနဲ့လည်း အမှတ်မထင်တွေ့ဆုံခဲ့ရပြီး စကားတွေပြောဖြစ်ခဲ့ပါသေးတယ်ခင်ဗျား။








ဒါက အတော်လေး သေသေသပ်သပ်ရှိတဲ့ Rapid KL မြေအောက်ရထားဘူတာရုံမှာရိုက်ခဲ့တဲ့ ရထားပါ။
ကျန်တဲ့ မြေပေါ်ဘူတာရုံတွေက နဲနဲတော့ ပေစုတ်စုတ်နိုင်ပါတယ်....:)



ဒါကတော့ Monorail



ဒီကောင်ကလည်း Rapid KL




ကိုတာယာယာကအပြန် တွေ့တာရိုက်လာတာ......


ဒီဆိုင်က ကိုတာယာယာက ရွှေတောင်ဆိုတဲ့မြန်မာဆိုင်၊စင်တင်တေးဂီတနဲ့ ဘာနဲ့ အတော်လေး
သားနားသပ်ရပ်တဲ့ဆိုင်ပါ၊ရှင်ကြားပူက မြန်မာဆိုင်တွေထက်ကျယ်ပါတယ်......။




ကိုတာယာယာရှုခင်းတွေ.......။

ဆက်ရန်......

(မလေးမှာအတူလျှောက်လည်တဲ့ ရဲထွန်းဇော်က တောင်ပေါ် ၁၊၂၊၃၊၄ ဆိုပြီး ရေးပြီးသွားပြီ...၊ကျွန်တော့်မှာတော့
တောင်ပေါ်လည်းမရောက်နိုင်သေး၊တိမ်တွေဆီလည်းမရောက်နိုင်သေးပါဘူး၊တစ်နေ့တစ်လံပေါ့ဗျာနော့....
သည်းခံလော့ ရဲဘော်တို့......:))))

Wednesday, October 12, 2011

တိမ်တွေဆီသို့ (၁)

ကျွန်တော် မလေးရှား၊ကွာလာလမ်ပူကို အလည်သွားဖြစ်မယ်လို့ သူငယ်ချင်းတစ်ယောက်ကိုပြောပြတော့ သူက
"ခင်ဗျား..ခုလို ခရီးတွေလျှောက်သွားတာ ဘာအတွက်လဲဗျ...၊ဘာကြောင့်တုန်း...."လို့စူးစမ်းသမှုပြုလာပါတယ်..။
ဟုတ်ပါရဲ့....သူမေးလာတော့မှ ကျွန်တော့်ဘာသာ အဲဒီမေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးမိပါတယ်...၊အဖြေတွေ
အများကြီးထွက်လာပေမယ့် အဓိက အကြောင်းရင်းကတော့ တစ်ခုတည်းပါ....၊ကျွန်တော် ခရီးထွက်ရတာ ဝါသနာပါလို့ပါပဲ....။

ဟုတ်ပါတယ်...၊ကျွန်တော့်မှာ ဝါသနာနှစ်ခုရှိပါတယ်..၊ကိုယ့်အိမ်မှာ ငြိမ်ပြီး စာအုပ်တွေဖတ်ချင်ဖတ်..၊ဒါမှမဟုတ်
သွားချင်ရာလျှောက်သွားချင်တဲ့ ဝါသနာတွေပါပဲ...။အဲဒီလိုလျှောက်သွားနေရရင် ပျော်နေတာပဲခင်ဗျ....။တစ်နေ့
တစ်နေ့ ဘယ်သွားရရင်ကောင်းမလဲလို့ စိတ်ကူးယဉ်ရတာကလဲအမောပါပဲဗျာ....၊အားနေရင် ဂူးဂဲကမြေပုံထဲ
စိတ်ကူးနဲ့ကမ္ဘာပတ်ရတာကလည်း တစ်မျိုး.....:)။ဒီကြားထဲ အနိုင်နိုင်ငံက ဘလော့ဂါ ကိုကိုမမများက သူရို့
ရောက်နေရာ နိုင်ငံတွေအကြောင်း ရေးထားတွေ ဖတ်ရလို့ကတော့ ခုချက်ချင်းကို ထသွားချင်စိတ်တွေ မဟား
ဒယားပေါ်လာတော့တာပါပဲဗျာ....။

သို့ပေမယ့်...သို့ပေမယ့်ပေါ့လေ.....၊ခရီးသွားတယ်ဆိုတာကလည်း လက်ထဲ ပတ်စပို့ရှိရုံနဲ့ ငေါက်ဆိုထသွားလို့
ရတာမျိုးမှမဟုတ်တာကလား...၊ပိုက်ဆံကလည်းရှိဦးမှ....၊ပိုက်ဆံရှိရုံနဲ့ သွားလို့ရပလားဆိုတော့လည်း ကိုယ့်မယ်
အချိန်ကလည်းရှိဦးမှ....၊ကိုယ့်ကျမ်းမာရေးကလည်းကောင်းဦးမှ...၊အခြေအနေကလည်းပေးဦးမှ....၊ဆိုတော့...
ကျွန်တော့်မယ် ခရီးကတင်း တစ်ခါထွက်ဖို့ဆိုတာအတော်လေး လုပ်ယူရသဗျာ.....။

အခုလည်းကြည့်...၊ရှင်ကြားပူနဲ့ မလေး၊မလေးနဲ့ ရှင်ကြားပူဆိုတာ လင်မယားနိုင်ငံ ရယ်.....။နိစ္စဒူဝဆိုသလို
မလေးကလူတွေ ဒီဘက်လာအလုပ်လုပ်ကြ၊အလည်ထွက်ကြ၊ဒီ စလုံးကလူတွေလည်း မလေးဘက် နေ့စဉ်
အလုပ်သွားလုပ်ကြ၊အလည်ထွက်ကြနဲ့ ကူးရသန်းရအင်မတန်မှလွယ်ကူတာကလား....၊အဲ....ကျွန်တော့်အတွက်
ကတော့ တော်ရုံနဲ့ ထသွားဖို့ရာမလွယ်လှဘူးဗျ.....။သူများဝန်ထမ်းဆိုတော့ကာ ခွင့်ယူဖို့ရာ အတော်လေးချိန်ဆ
နေရတာကလား....။

ဒါပေမယ့် ဒီခရီးကို ထွက်ချင်နေတာအတော်ကြာပါပြီ...၊ပြီး မလေးရှားဆိုတာ ကျွန်တော့်အတွက် သာမန်အလည်
ခရီးဆိုတာထက် အဓိပ္ပါယ်အများကြီး ပိုရှိပါတယ်....။ဘာဖြစ်လို့လည်းဆိုတော့ မလေးဘက်မှာ ကျွန်တော်ချစ်ခင်
ရတဲ့ ဖဘနဲ့ ဘလ ကသူငယ်ချင်းတွေ ရှိလို့ပါပဲ...။သူရို့နဲ့တွေ့ချင်တာကလည်း ဒီခရီးကိုသွားဖြစ်ရခြင်းရဲ့အဓိက
အကြောင်းရင်းတစ်ရပ်ဆိုပါတော့ဗျာ....။

မလေးသွားမယ်ဆိုတော့ အွန်လိုင်းပေါ်က ချစ်ခင်ရတဲ့အစ်မတော်တစ်ယောက်ကို မေးရစမ်းရသေးသဗျ၊ဘယ်
သို့ဘယ်ပုံ သွားရလာရတယ်ဆိုတာပေါ့လေ....၊အဲဒီအစ်မ(နာမည်တော့ပြောတော့ဘူး..၊သူမကြိုက်ဘူးထင်လို့)
ကလည်း သေသေချာချာကြီးကို ပြောပြရှာပါတယ်...၊ဘယ်လိုသွား၊ဝှိုက်ကဒ်ဘယ်လိုဖြည့်ဆိုတာကအစ၊ဟို
ရောက်ရင် ဘယ်သူ့ကိုချဉ်းကပ်...၊အဲ...အရမ်းမချဉ်းကပ်နဲ့ သူကသမာဓိသိပ်မခိုင်ဘူးဆိုတာကအဆုံး...၊အသေး
စိတ်ပြောရှာပါတယ်....:P။ကျေးဇူးတင်ရပါတယ်အစ်မရေ.....။ထို့ပြင်တစ်ဝ မလေးကရှိရှိသမျှ သယ်ရင်းအားလုံး
ကိုလည်း ဖုံးနံပတ်တွေတောင်း...၊မေးစမ်း..လုပ်ရပါသေးရဲ့....။အားလုံးက ကူညီကြပါတယ်...။အားလုံးကိုကျေးဇူး
တင်ကြောင်းပါခင်ဗျား...........။

အဲ.....စကားဦးသန်းတာနေတာနဲ့တင် မလေးရောက်တော့မယ်မထင်...:).ဆိုတော့ စကြပါစို့ဗျာ....ကျွန်တော်ရဲ့
မလေးခရီး.....။ရှင်ကြားပူ ဂျူရောင်းအိုင်အမ်အမ် ကုန်တိုက်ကြီးအောက် ကနေ မနက်ရှစ်နာရီစထွက်ပါတယ်....။
Causeway Link Express ဆိုတဲ့ ကားကြီးနဲ့ပါ။ဒီအိပ်စပရက်ကြီးက ခရီးသည်ပို့ဆောင်ရေးသီးသန့်ကိုပဲ ဝန်
ဆောင်မှုပေးသဗျ...၊ဘယ်လောက်တောင်သီးသန့်ဆန်လိုက်သလဲဆိုရင် ကားပေါ်မယ် ရေမတိုက်၊တီဗွီမရှိ၊
ယုတ်စွအဆုံး အက်ဖအမ်ရေဒီယိုလေးတောင်မဖွင့်ပါဘူးဗျာ....၊တစ်ကားလုံးမှ ခရီးသည်ကလည်း ငါးယောက်
တည်းရယ်....။ကားဆရာ မလေးကြီးကလည်း အင်မတန်စကားများသဗျာ...၊တစ်လမ်းလုံး စကားတစ်ခွန်းမှကိုမ
ပြောတာပါ...:)။အင်မတန်မှကို စိတ်ချမ်းသာလက်ချမ်းသာနဲ့ တိတ်တိတ်ဆိတ်ဆိတ်ကြီးကို စတင်ထွက်ခွာလာ
တော့ပါတယ်ခင်ဗျား.............:)))

နှစ်ဘက်သောမိဘ...(အဲ..သီတင်ကျွတ်ပြီဆိုတော့ ယောင်သွားလို့....:D)နှစ်ဘက်သော လဝက များကိုဖြတ်သန်း
ပြီးတဲ့နောက်မှာတော့ တွေ့မြင်ရတဲ့ ရှုခင်းတွေက ဒီဘက်ကမ်းက စလုံးနဲ့တစ်ခြားဆီကိုဖြစ်သွားပြီဗျိုး...။ဒီမှာအမြဲ
မြင်တွေ့နေရတဲ့ မွန်းကြပ်လှတဲ့ ကွန်ကရိမြို့တောကြီးနဲ့မတူ၊လမ်းမကြီးတစ်လျှောက် စိမ်းလန်းစိုပြေလှတဲ့ ဆီအုန်းစိုက်ခင်းတွေ၊တောင်တန်းအသွယ်သွယ်တွေ၊အရမ်းလှတဲ့ တိမ်တိုက်တွေကို မျက်ဆိတစ်ဆုံးတွေ့မြင်ရ
ပါပြီ.....။ဒီလိုရှုခင်းတွေကို မြင်တွေ့ခံစားရတော့ မြန်မာပြည်ကျိုက်ထီးရိုးခရီးကိုသတိရမိပါရဲ့....၊အင်း...ကျွန်တော်
တို့ကတော့ ဘယ်ရောက်ရောက် မြန်မာပြည်ပဲလွမ်းနေမိတာပါပဲဗျာ....။


ကားစီးချိန်စုစုပေါင်း ၅နာရီတိတိ ကြာမြင့်ပြီးတဲ့နောက် ရောက်ပါပြီဗျာ....၊ကေအယ် လို့အတိုကောက်ခေါ်တဲ့
ကွာလာလမ်ပူမြို့တော်ကြီးဆီကို......။




















ဆက်ရန်......

Sunday, October 2, 2011

ကိုယ်မင်းကိုချစ်တယ်....အဲ့ဒါ.......

ပြောရရင် ကိုယ်က တစ်ခုခုကို ကြိုက်မိပြီဆိုရင် အသည်းအသန်ဖြစ်ပြီ.....။တစ်ခုခုကိုစွဲလမ်းမိပြီဆိုရင် သွားလည်း
ဒီစိတ်၊စားလည်းဒီစိတ်ဆိုတာမျိုး....။အဲဒါပေမယ့်အကြာကြီးလားဆိုတော့လည်း မဟုတ်ပြန်ဘူး....တစ်ပတ်က နှစ်
ပတ်၊တစ်လက နှစ်လ ကြာလာရင်တော့ ငြိမ်သွားပြီ....၊အရင်က ရောဂါထခဲ့တာ သူမဟုတ်တော့သလိုလို။

ကိုယ့်အကြောင်းကိုယ်သိလို့ ဘာအကြောင်းအရာ၊ဘာကိစ္စကိုပဲဖြစ်ဖြစ် အချိန်ယူပြီး ကိုယ့် ကိုကိုယ်စောင့်ကြည့်
ရတယ်....၊အချိန်အတော်ကြာတဲ့အထိ အဲ့စိတ်ကလေးက ငြိမ်နေတယ်ဆိုမှ လုပ်ရတယ်....။ခုလည်း နားပေါက်
ဖောက်ချင်နေတယ်။ဘယ်ရောက်ရောက် စိန်ဆိုင်တွေဝင်ကြည့်တယ်.....၊နားပေါက်ဖောက်ထားတဲ့ အမျိုးကောင်း
သားများ မြင်ရင်လည်း သူရို့နားကပ်တွေလိုက်ကြည့်ရတာအမော.....။မသိတဲ့သူကတစ်မျိုးထင်မယ်...ဒီငတိ
ဘယ်နှာကြောင့် ယောင်္ကျားချင်းပြူးပြဲပြီး လိုက်ကြည့်နေရသလဲ....ဆိုပြီး...။ကိုယ်က ကိုယ့် စိတ်ကူးနဲ့ကိုယ်ရယ်..။

နောက်တက်တူးလည်းထိုးချင်နေတယ်....။လက်ဖျံမှာ ငှက်မွေးပုံအပြည့်ထိုးချင်တာ.....၊ပြီး စာတန်းလေးလည်း
နဲနဲထိုးလိုက်ချင်သေး....၊ဘာထိုးရမလဲတော့ စဉ်းစားတုန်း...၊လိုက်ရှာတုန်းပဲ...။ဒါပေမယ့် နားပေါက်ဖောက်ဖို့
ပဲဖြစ်ဖြစ်၊တက်တူးထိုးဖို့ပဲဖြစ်ဖြစ် ခုလောလောဆယ်မလုပ်သေးဘူး....၊တော်ကြာနောင်ကြမှ မကြိုက်တော့ရင်
ပြဿနာ.....။ဆေးမှင်ကြောင် စုတ်ထိုး၊နားပေါက်ဖောက်တဲ့အမျိုးဆိုတာ ပြန်ပြင်လို့ရကောင်းတာမျိုးမဟုတ်ဘူး
ဆိုလား၊ဘာလား......:)))

သီချင်းတွေဆိုလည်း ဒီတိုင်းပဲ....သီချင်းတစ်ပုဒ်ကိုကြိုက်မိပြီဆိုရင် ရက်ပေါင်းများစွာ အဲဒီသီချင်းတစ်ပုဒ်ထဲကို
ပဲ ထပ်ကာထပ်ကာနားထောင်နေမိတယ်....။အဲ.....ရက်အတော်ကြာသွားပြီဆိုရင်တော့ နားမထောင်ချင်တော့
ဘူး....၊နောက်သီချင်းတစ်ပုဒ်ဘက်ကို အာရုံကလှည့်သွားပြီ....။ရေချိုးခန်းထဲက အော်ဆိုနေတဲ့ သံသေးသံ
ကြောင်လည်း ကီးတစ်မျိုးချိန်းသွားပြီ....:)

ခုလောလောဆယ် နားထောင်ဖြစ်၊ကြိုက်နေဖြစ်တာက I Love you this big တဲ့....၊ခေါင်းစဉ်ကို ဘာသာပြန်
လိုက်ပုံက...ကိုယ်မင်းကိုချစ်တယ်....အဲ့ဒါအကြီးကြီးပဲ.....လို့.....:D။တော်ပုံပြောပါတယ်.....။




နောက်တစ်ပုဒ်က I'm yours....ဒီသီချင်းကိုတော့လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းကကြိုက်တာ....။ခုဟာက
တစ်ကျော့ပြန် ရောဂါထတာ ဆိုပါစို့ရဲ့.....။