Sunday, October 16, 2011

ကျွန်တော်သောက်ခဲ့သော လက်ဖက်ရည်များ........



" ဦးယေး....မေကြီးက လက်ဖက်ရည်တစ်ခွက် မလိုင်များများနဲ့.....တဲ့...."

သူ ပိုက်ဆံတစ်မတ်နှင့်ဒန်ချိုင့်လေးကို သူ့အရပ်ထက်မြင့်သည့် လက်ဖက်ရည်ဆိုင်ကောင်တာပေါ်ကို မမှီမကမ်း
လှမ်းတင်လိုက်ချိန်တွင်သူဒုတိယတန်းတတ်နေပြီဖြစ်သည်။ထိုစဉ်ကအမေ၊အဖေကဘာဝယ်ခိုင်း၊ဝယ်ခိုင်း၊ဝယ်ခိုင်း
သူနာမည်ကိုထည့်ပြောလေ့ရှိသည်။ဘာကြောင့်ဆိုတာ ထိုစဉ်ကလည်းမသိ၊ခုထိလည်းမသိပါ.....။ သူသိသည်မှာ
မနက်တိုင်းမေမေ့ အတွက် လက်ဖက်ရည်ဝယ်ပေးရမည့်တာဝန်သည်သူ့တာဝန်ဖြစ်သည်ဟူ၍သာ....။

သူ လက်ဖက်ရည်ချိုင့်လေးဆွဲပြီး ပြန်လာချိန်တွင် ထမင်းစားစာပွဲပေါ်တွင် ကြွေရည်သုတ်မတ်ခွက်ကြီးတစ်ခွက်၊
ခွက်ခပ်သေးသေးတစ်ခွက် နှင့်အတူ မေမေက အဆင်သင့်စောင့်ကြိုလျက်...။သူတို့မိသားစုတွင် ဖေဖေနှင့်အစ်မ
က လက်ဖက်ရည်မကြိုက်၊မသောက်ကြပါ။ထိုကြောင့် သူဝယ်လာသောလက္ဘက်ရည်တစ်ခွက်သည်သူနှင့် မေမေ
တို့နှစ်ယောက်အတွက်ကောင်းစွာလုံလောက်ပါသည်...။နံနက်ခင်းတိုင်းတွင် သူတို့သားအမိနှစ်ဦး ထမင်းစားပွဲ တွင်မျက်နှာချင်းဆိုင် ထိုင်၍ လက်ဖက်ရည်သောက်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာပါ.....။

~~~~~~~~~~~~~~~~~~~~~~~

သူ ခုနှစ်တန်းတက်ချိန်တွင် သူတက်ရသောအထက်တန်းကျောင်းသည် နှစ်ချိန်ကျောင်းအဖြစ် ပြောင်းလဲခဲ့ပါ
သည်။ငါးတန်း၊ခြောက်တန်း နှင့် ခုနှစ်တန်းများက မနက်ပိုင်းအချိန်တက်ရသည်။မနက်ခုနှစ်နာရီမှ နေ့လည်
ဆယ့်နှစ်နာရီအထိဖြစ်သည်။ထိုစဉ်က သူသည် သူ့အတန်းတွင် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူရသည်။
သူ့အသင်းတာဝန်ကျသော ရက်သတ္တပတ်များတွင် သူနှင့်သူ့သူငယ်ချင်းတစ်ဦးတို့ နှစ်ယောက်သား ကျောင်း
သို့စောစောလာကာ အခန်းတွင်းသန့်ရှင်းရေးလုပ်ခြင်း၊သောက်ရေခပ်ခြင်းများကို လုပ်ဆောင်ရလေ့ရှိသည်။

ထိုသို့မနက်စောစောထလာရတိုင်း သူတို့နှစ်ဦးစလုံး အိမ်မှ တစ်စုံတစ်ရာ စားသောက်လာရခြင်းမရှိခဲ့ပါ။
သို့အတွက် သူတို့နှစ်ဦး မနက်ခင်းတိုင်းတွင် ကျောင်းနားက လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက်နှင့်
နံပြားတစ်ချပ်ကို အမြဲလိုလိုဝယ်စားဖြစ်ခဲ့မြဲသာ...။ထိုစဉ်က သူတို့မုန့်ဖိုးသည် တစ်ဦးမှ တစ်ကျပ်သာရခဲ့သည်။
လက်ဖက်ရည်တစ်ခွက်လျှင် တစ်ကျပ်၊ပဲပြုတ်နံပြားတစ်ပွဲလျှင် တစ်ကျပ် ဖြစ်လေရာ သူတို့နှစ်ဦးပေါင်းမှ
လက်ဖက်ရည်တစ်ခွက်နှင့်ပဲပြုတ်နံပြားတစ်ပွဲသာ ဝယ်စားနိုင်ခဲ့သည်။နံပြားတစ်ပွဲ ကို နှစ်ဦးမျှစားနိုင်သော်လည်း
လက်ဖက်ရည်တစ်ခွက်ကို နှစ်ဦးမျှသောက်ရန်အတွက်မူ အခက်အခဲရှိနေခဲ့သည်။ သို့သော် သူတို့သူငယ်ချင်း
နှစ်ဦး ထိုပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့သည်။

ကျောက်ပတောင်းဟုခေါ်သည့် လက်ဖက်ရည်ချိုပျစ် တစ်ခွက်မှာပြီးလျှင် ဆိုင်မှ နောက်ထပ်ခွက်အလွတ်တစ်လုံး
တောင်းယူလိုက်သည်။ထို့နောက် ခွက်နှစ်ခွက်အတွင်း လက်ဖက်ရည်ကိုအညီအမျှခွဲထည့်ပြီးနောက်ရေနွေးကြမ်း
အနည်းငယ်ရောထည့်လိုက်သောအခါ နှစ်ဦးစလုံးအတွက် ကောင်းစွာလုံလောက်သွားခဲ့တော့သည်....။ဤသို့
လျှင် ရက်သတ္တပတ်များစွာ သူတို့သူငယ်ချင်းနှစ်ဦး လက်ဖက်ရည်တစ်ခွက်ကို အတူတစ်ကွသောက်ခဲ့ကြသည်။
သူ ရှစ်တန်းနှစ်ရောက်ချိန်တွင် စာသင်ချိန်သည် ညနေပိုင်းသို့ပြောင်းသွားခဲ့သည်။ သူ့သူငယ်ချင်းသည်လည်း
သူ၏ ဖခင်အလုပ်ပြောင်းရွေ့ရာ မြှို့တစ်မြို့သို့ ပြောင်းသွားခဲ့ပြီဖြစ်သည်။သူတို့သူငယ်ချင်းနှစ်ဦး၏ မနက်စော
စော လက်ဖက်ရည်ဝိုင်းလေးသည်လည်း နိဌိတံသွားခဲ့ရသည်။

~~~~~~~~~~~~~~~~~~~~

၁၉၉၆ခုနှစ်တွင် သူရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ရုက္ခဗေဒအထူးပြုဖြင့် ဒုတိယစာသင်နှစ်ကို တက်
ရောက်နေပြီဖြစ်သည်။ထိုစဉ်က တက္ကသိုလ်များလှိုင်နယ်မြေသည်လည်း နှစ်ချိန်ကျောင်းသာဖြစ်သည်။သူတက်
ရသည်က နေ့လည်ပိုင်းအချိန်...၊သူစီးနင်းလိုက်ပါလာသောကျောင်းကားသည် လှိုင်နယ်မြေအတွင်း ကျောင်း
သားများကို ချပေးပြီးသည်နှင့် ခရီးသည်လိုင်းကားအဖြစ်ပြန်လည်ပြေးဆွဲရန် လှည်းတန်းလမ်းဆုံသို့ပြန်လည်
ထွက်ခွာစမြဲ...၊သူသည်လည်း ကျောင်းသို့ရောက်သည့်တိုင် ကားပေါ်မှမဆင်းပဲ ထိုကားနှင့်ပင် လှည်းတန်းလမ်း
ဆုံသို့ လိုက်ပါတတ်စမြဲ...၊

ထိုစဉ်က လှည်းတန်းလမ်းဆုံတွင် ပန်းအိ ဆိုသော လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တည်ရှိခဲ့သည်။ထိုလက်ဖက်
ရည်ဆိုင်လေးသည် သူတို့သူငယ်ချင်းတစ်စု စတည်းချရာ ဘူမိနက်သန်နေရာတစ်ခုပင်။ အင်းစိန်မှဘောလုံးကန်
ကောင်းသည့် မောင်မောင်ဦးဟု နောက်ပြောင်ခေါ်သည့် သူငယ်ချင်းတစ်ဦး၊ ရန်ကုန်မြစ်တစ်ဘက်ကမ်းမှ
ကျောင်းလာတတ်ရသည့် သာအေးဟု နာမည်ပြောင်ပေးထားသည့်တစ်ယောက်၊ဆယ်မိုင်ကုန်းမှ ဟိုတယ်
အလုပ်တစ်ဘက်ဖြင့်ကျောင်းတတ်နေသည့် တိုးကြီး၊လှည်းတန်းတွင် အဆောင်ငှားနေသည့် ကျောက်ကြီးသား၊
နောက်...ကျွန်တော်...။

ကျွန်တော်တို့ငါးယောက်သား ထိုဆိုင်လေးတွင် လက်ဖက်ရည်တစ်ယောက်တစ်ခွက်မှာသောက်ရင်း ကျွန်တော်
တို့ စိတ်ဝင်တစားရှိရာ အကြောင်းအရာတစ်ရပ်ကို တီးတိုးပြောနေလေ့ရှိခဲ့သည်။တစ်ဦးရထားသည့် စာရွက်
စာတန်းလေးများကို တိုးတိုးတိတ်တိတ်လက်ဆင့်ကမ်းဖတ်ရှုခဲ့ကြသည်...။ကျွန်တော်တို့နောင်တော်ကျောင်း
သားကြီးများ၏ပြောစကားများကို ဆွေးနွေးခဲ့ကြသည်...။

ဆောင်းကုန်ကာစ တစ်ရက်သောနေ့လည်ခင်းတွင် ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ထိုလက်ဖက်ရည်ဆိုင်
လေးတွင်ထိုင်ရင်း လှည်းတန်းလမ်းဆုံတစ်ဝိုက်မှ အခြေအနေတစ်ရပ်ကိုစောင့်ကြည့်နေခဲ့သည်။ငယ်ရွယ်
တတ်ကြွသော ကျောင်းသားများ လမ်းဆုံတွင် စုရုံးမိသည်ထက်စုရုံးမိလာသောအချိန်တွင် ကျွန်တော်တို့ ထိုင်
မနိုင်ကြတော့ပါ...၊သောက်လက်စလက်ဖက်ရည်ကို လတ်စသတ်ပြီး ကျွန်တော်တို့နောင်တော်များနှင့်အတူ
အရေးအခင်းတစ်ရပ်တွင် စီးမျောပါဝင်သွားခဲ့ကြတော့သည်...။ကျွန်တော်တို့ဆိုင်မှထွက်ခွားပြီးသည်နှင့်
တစ်ပြိုင်နက် ပန်းအိလက်ဖက်ရည်ဆိုင်လေးသည် သူ၏သံဘာဂျာတံခါးကို ဝုန်းကနဲဆွဲပိတ်လိုက်ပါတော့သည်။

ထိုနေ့ည တစ်ညလုံး ကျွန်တော်တို့ စည်းလုံးခဲ့သည်၊စုရုံးခဲ့သည်၊ကျွန်တော်တို့အခွင့်အရေးများကို ချပြခဲ့ကြသည်။
နောက်တစ်နေ့မနက် လင်းအားကြီးတွင် ကျွန်တော့်အား လိုက်ရှာနေသော အစ်ကိုဝမ်းကွဲနှင့် ပက်ပင်းတွေ့ပါ
တော့သည်။ မင်းမေမေ သွေးတိုးနေတယ်...၊အားလုံးစိတ်ပူအောင်မလုပ်ပါနဲ့ကွာ...လာလာလိုက်ခဲ့ဟု ခေါ်ငင်
ခဲ့သော အစ်ကိုဝမ်းကွဲ ဆွဲခေါ်ရာလိုက်ပါသွားရင်း ကျွန်တော်.... ကျွန်တော့်ရဲဘော်ရဲဘက်များဖက်သို့ အားနာ၊
စိတ်မကောင်းစွာလှည့်ကြည့်လိုက်မိသည်။သူတို့ကတော့ ကျွန်တော့်ကို နားလည်ပေးသော နှုတ်ဆက်ပြုံးဖြင့်
တုံပြန်ရှာပါသည်။ကျွန်တော့်စိတ်ထဲတွင်မတော့ သစ္စာမဖောက်ခဲ့သည်တိုင် သစ္စာပျက်ခဲ့သူတစ်ဦး၏ ကြေကွဲ
ခြင်းများစွာဖြင့်....။

~~~~~~~~~~~~~~~~~~~~~~~~

ထိုစဉ်က ကျွန်တော်တို့ စိတ်တူသူရဲဘော်ရဲဘက်တစ်စုတို့ ပန်းအိဆိုင်လေးတွေ သောက်ခဲ့သောလက်ဖက်ရည်
သည် ကျွန်တော်တို့အပြီးတိုင်ခွဲခွာခြင်းအထိမ်းအမှတ် လက္ဘက်ရည်များဖြစ်လိမ့်မည်ဟု မည်သူမျှထင်မှတ်မထား
ခဲ့ကြပါ။ ကျွန်တော့်ရဲဘော်သူငယ်ချင်းများ ထိုစဉ်က ဘာတွေဆက်လုပ်ခဲ့ကြ (သို့) ဘာတွေဖြစ်ခဲ့ကြသည်ကို
ကျွန်တော်မသိရတော့ပါ။ကျွန်တော်ကိုယ်တိုင် တင်းကြပ်သောလုံခြုံရေးများရှိသည့် စခန်းတစ်ခုအတွင်း သုံးရက်
ကြာစစ်မေးခြင်းခံခဲ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မှတွေ့ခွင့်မရခဲ့ပါ။ယခုချိန်တွင် သူတို့ဘယ်ဆီ
ရောက်နေကြသည်ကိုလည်း ကျွန်တော်မသိတော့ပါ။

~~~~~~~~~~~~~~~~~~~~

နောက်နှစ်အနည်းငယ်ကြာသော် ကျွန်တော် အစိုးရရုံးစခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါသည်။
ကျွန်တော့်တွင် သိပ်ချစ်ရသော ချစ်သူတစ်ဦးလည်း ရှိနေခဲ့ပါပြီ။ကျွန်တော်နှင့် ကျွန်တော့်ချစ်သူတို့ ရုံးမသွားမှီ
မနက်ခင်းတိုင်း အမြဲတွေ့ဆုံခဲ့ရာနေရာလေးသည် ချစ်သူနေထိုင်ရာ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်လေးတစ်
ဆိုင်တွင်ဖြစ်ပါသည်။ချစ်သူက လက်ဖက်ရည်ကြိုက်နှစ်သက်သူမဟုတ်ပါ။သို့သော် ကျွန်တော့်ကို ချစ်သောစိတ်
ဖြင့် သူ...လက်ဖက်ရည်လိုက်သောက်ရင်း တစ်ဖြည်းဖြည်း ကြိုက်နှစ်သက်လာသည်(ဟု ကျွန်တော်ထင်ခဲ့သည်)။

ကျွန်တော်တို့နှစ်ဦး လက်ဖက်ရည်တစ်ယောက်တစ်ခွက်စီဖြင့် ရှေ့ရေးများကို တိုင်ပင်ကြည်နူးခဲ့သည်။တစ်ဦး
မျက်နှာ တစ်ဦး တစ်သိမ့်သိမ့်ကြည့်ရင်း လက်ဖက်ရည်တစ်ခွက်ကို တစ်စိမ့်စိမ့်သောက်ခဲ့ကြသည်.ကျွန်တော်တို့
သောက်သောလက်ဖက်ရည်တွင်ပင် ချစ်ခြင်းတရားတို့ဖြင့် ပျော်ဝင်ချိုမြိန်လျက်.....။သို့သော်....ကျွန်တော့်ချစ်သူ
သည် သူမကြိုက်သောလက်ဖက်ရည်ကိုသာ ကျွန်တော့်ကို ချစ်ခြင်းဖြင့် လိုက်ပါသောက်နိုင်သော်လည်း တစ်ချို့
သော အကြောင်းအရာများတွင်ကျွန်တော့် သဘောဆန္ဒနောက်သို့ မလိုက်ပါနိုင်ခဲ့ပါ။ကျွန်တော်သည်လည်း
ထိုသို့သာပင် ဖြစ်ခဲ့ပါသည်...။ဤသို့ဖြင့် အယူအဆမတူသူချစ်သူနှစ်ဦး၏လားရာသည် ဝေးသည်ထက်ဝေးရာသို့
ဦးတည်လာခဲ့ရတော့သည်...။

~~~~~~~~~~~~~~~~~~~~~~~

ယခုချိန်တွင် ကျွန်တော် အာရှတိုက်၏ ဖွံဖြိုး တိုးတတ်နေပြီဖြစ်သော နိုင်ငံတစ်ခုမှ ကြီးကျယ်ခမ်းနားသော
ရှောပင်းမောကြီးတစ်ခု၏ တတိယအထပ်တွင် ဖွင့်လှစ်ထားသော သားနာသပ်ရပ်သည့် လက်ဖက်ရည်ဆိုင်တစ်
ဆိုင်တွင် ဈေးကြီးလှသည့် လကက်ရည်တစ်ခွက်ကို တစ်ဦးတည်း ထိုင်သောက်နေမိသည်။ထိုဆိုင်မှ လက်ဖက်
ရည်သည် အတော်နာမည်ကြီးလှပါသည်။သို့သော် ကျွန်တော့်အတွက်တော့ လက်ဖက်ရည်အရသာသည် ပေါ့
ပျက်ပျက်နိုင်လှပါသည်။

အင်မတန်ကောင်းလှပါသည်ဆိုသော ထိုလက်ဖက်ရည်၏အရသာသည် ကျွန်တော်ငယ်စဉ်က မေမေနှင့်အတူ
သောက်သုံးခဲ့သော လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း၊ ခုနစ်တန်းနှစ်က သူငယ်ချင်းနှင့်ဝေမျှသောက်ခဲ့
ရသော လက်ဖက်ရည်ကိုလည်းကောင်း၊ပန်းအိဆိုင်လေးမှ လက်ဖက်ရည်ကိုလည်းကောင်း၊ချစ်သူနှင့်အတူ
သောက်ခဲ့သည့် လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း ဘယ်လိုမှ မှီနိုင်ခြင်းမရှိခဲ့ပါ....။

ကျွန်တော်တစ်ချိန်ကသောက်သုံးခဲ့သော လက်ဖက်ရည်များသည် သာမန်မျှသာဖြစ်ပါသည်။ သို့သော် ထိုသာမန်
လက်ဖက်ရည်များထဲတွင် မိဘနှင့်သားသမီးတို့၏ချစ်ခြင်းများ၊ငယ်သူငယ်ချင်းသံယောဇဉ်များ၊ရဲဘော်ရဲဘက်
စိတ်များ၊ချစ်သူတို့ချစ်ခြင်းများ ထည့်ဝင်ဖျော်ထားလိုက်သောအခါ တခြားကောင်းလှပါသည်ဆိုသော လက်ဖက်ရည်
များနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်ခြင်းမရှိသော ချစ်ခြင်းများဖြင့် ချိုမြိန်နေသော လက်ဖက်ရည်ကောင်းများဖြစ်သွား
ရပါတော့သည်....။

ကျွန်တော် လက်ဖက်ရည်ကြိုက်သူတစ်ဦးဖြစ်ပါသည်..။ကလေးအရွယ် ငယ်စဉ်ကတည်းက လက်ဖက်ရည်ကို
နှစ်ခြိုက်စွာသောက်သုံးခဲ့သည်။ယခုလည်းသောက်နေဆဲ...၊နောင်လည်းသောက်နေဦးမည်သာဖြစ်ပါသည်။
သို့သော် ကျွန်တော်သောက်နေသောလက်ဖက်ရည်များတွင် တစ်စုံတစ်ရာလှစ်ဟာနေသည်ဟုခံစားရစမြဲပင်၊
ကျွန်တော် လက်ဖက်ရည်တစ်ခွက်သောက်မိတိုင်း၊တစ်ချိန်က ကျွန်တော်သောက်ခဲ့သော လက်ဖက်ရည်များကို
သတိရမြဲ....၊ထိုသို့သတိရတိုင်း ကျွန်တော် လက်ဖက်ရည်တစ်ခွက်ကို သောက်မိဆဲပင်ဖြစ်ပါတော့သည်.....။

29 comments:

မေဓာဝီ said...

လက်ဖက်ရည်အကြောင်း ၀တ္ထုတိုလေး သဘောကျတယ်။
အမလဲ လက်ဖက်ရည်ကြိုက်တယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်သောက်ရတဲ့ အရသာကိုလဲ သဘောကျတယ်။
ခု ဒီရောက်တော့ အင်္ဂလိပ်လက်ဖက်ရည်တွေ သောက်နေရပေမဲ့ ဗမာပြည်က လမ်းဘေး လက်ဖက်ရည်ဆိုင်လေးတွေမှာ သောက်ခဲ့ရတာကို အမြဲသတိရပြီး လွမ်းနေမိတယ်။

မေသိမ့်သိမ့် ကျော် said...

ဒီပို့စ်လေးဖတ်ပြီး မြန်မာပြည်ကို သတိရသွားပြီ။ မြန်မာပြည်က လက်ဖက်ရည်ကိုပဲ ပိုကြိုက်တယ်။ တစ်ခါ ပြန်သွားတော့ လက်ဖက်ရည်ကို မှာလိုက်တာ ခွက်ကသေးနေတော့ ၂ ခွက် ဆင့်သောက်တယ်။ ဒါတောင် လူတွေကြည့်နေလို့ ၄ ခွက်သောက်ချင်တာ စိတ်ထိန်းလိုက်ရတယ်။ အဟဲ။ မိသားစုရယ် ၊ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မြန်မာပြည်မှာ သောက်တဲ့ လက်ဖက်ရည်ကို အကြိုက်ဆုံးပဲ။

ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

:) သောက်ချင်သော်ညားလဲ အစာအိမ်ကြောင့် မသောက်ရပါး(
သူငယ်ချင်းတွေနဲ့ထိုင်လဲ ကော်ဖီပဲသောက်ရပါတယ်

san htun said...

လက်ဖက်ရည်တခွက်က စကားတွေ အများကြီး ပြောတယ်...လက်ဖက်ရည်က သူငယ်ချင်းတွေကြောင့် ပိုကောင်းနေတာပါ...

ညီရဲ said...

အစ်ကို့ ပိုစ့်လေး ဖတ်ပြီး မြန်မာပြည်မှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ရတာလေးကို သွားသတိရမိတယ်....
သူငယ်ချင်တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်းရင်း ဟိုအကြောင်း ဒီအကြောင်းလေးတွေ ဟေးလားဝါးလား ပြောဖို့ အချိန်စောင့်ရဦးမယ်...
လောလောဆယ်တော့ ဒီက လက်ဖက်ရည် ပေါ့ပေါ့တွေ မသောက်နိုင်လို့ ကော်ဖီမစ်နဲ့ ပဲ နှစ်ပါးသွားနေရတယ် အစ်ကိုရေ...

အမှတ်တရ နေ့စွဲများ.... said...

လက်ဖက်ရည်ဆိုင်ထိုင်တာကို စာရေးရမယ်ဆိုရင် တော်တော်များများရေးရမယ် အကိုရေ .... အရမ်းချစ်တဲ့ သူငယ်ချင်းတယောက်ကို သတိရသွားပြန်ပြီ ....

Anonymous said...

ကောင်းတယ်ဗျာ.. ဖတ်လိုက် ပြန်တွေးလိုက်နဲ့
N/A

မိုးခါး said...

လ္ဘက်ရည်အရသာကိုကို ပေါ့သလို ခံစားမှုပိုင်းမှာလဲ ခု ပေါ့ပျက်ပျက်ပဲ ..
ပြန်မရနိုင်တော့တဲ့ အချိန်တွေပေါ့ ....

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရတာကောင်းလိုက်တာ ကိုမောင်လေးရေ။
ဖတ်ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ကော်ဖီတစ်ခွက်ကို သတိရသွားတယ်
ရန်ကုန်ရောက်တိုင်း သွားသောက်ဖြစ်တဲ့ ကော်ဖီပေါ့
အနံ့လေးမွှေးလွန်းလို့ ကုန်အောင် မသောက်ရက်ဘူး။ ဖြေးဖြေးချင်းသောက်မိတယ်။ ပြန်ရောက်တိုင်းသွားသောက်ဖြစ်ပေမဲ့ ကော်ဖီအရသာက မပြောင်းလဲပေမဲ့... ရန်ကုန်မြို့ကြီးမှာ ပြောင်းလဲသွားတာတွေက များကြီးဘဲ။ သေချာတာတစ်ခုကလည်း အဲဒီကော်ဖီဟာ တစ်ခြားဆိုင်မှာသာဆို အဲဒီအရသာမျိုး ရနိုင်မှာ မဟုတ်တာပါဘဲ

နေ၀သန် said...

ရိုးရိုးလေးနဲ့ ထိထိမိမိကို ရေးသားနိုင်တယ်ဗျာ... လက်ဖက်ရည်ကို ကျွန်တော်လည်းကြိုက်တယ်.... ကိုမောင်လေးလို ပေါ့ပျက်ပျက်အရသာနဲ့ လက်ဖက်ရည်ကိုတောင် မသောက်နိုင်တဲ့ဘ၀ဆိုတော့.. အတိတ်ကိုပဲ လွမ်းဆွတ်ဆွေးမြေ့နေရဦးမယ်ဗျာ...

ခင်မင်လျက်
နေ၀သန်

မိုးငွေ့...... said...

ငယ်ငယ်တုနးက သောက်ခဲ့ဖူးတဲ့ လက်ဖက်ရည်မွှေးမွှေးလေးကို လွမ်းသွားတယ်...။

Nyi Linn Thit said...

ကိုညိမ်းနိုင်ရဲ့ ဝတ္ထုတိုလေး ဖတ်ရတာ လက်ဖက်ရည်နှပ်ထားတဲ့ ရနံ့လေး တသင်းသင်းတောင် ရလိုက်သလိုပဲ၊ တကယ်ပဲ ဖတ်လို့ ကောင်းတယ်ဗျာ၊ ကျနော်နဲ့ ကိုညိမ်းနိုင်က RC2 ကို အထွက်နဲ့အဝင် ဖြစ်ခဲ့မယ် ထင်တယ်ဗျ၊ လှည်းတန်းက ပန်းအိ (သို့မဟုတ်) ပြုံးပန်းတရာ ကလည်း ကျနော်တို့ သူငယ်ချင်းတွေ စတည်းချရာဆိုတော့ ကျနော်တို့ တခါတလေမှာ တဆိုင်တည်း အတူထိုင်မိလျက်သားတောင် ဖြစ်နေနိုင်တယ်၊း) သေချာတာက လှည်းတန်းက “အဲဒီည” လေးမှာ ကျနော်လည်း ကိုညိမ်းနိုင်လိုပဲ နောင်တော်၊ ညီတော်တွေနဲ့အတူ ရှိနေခဲ့တယ်၊ လက်ဖက်ရည်ဆိုတာ တစ်ယောက်ထဲ သောက်ကောင်းတဲ့အရာ မဟုတ်ဘူးလို့ တခါတုန်းက ဖတ်ဖူးလိုက်တယ်ဗျ...။

ဟန်ကြည် said...

အရေးအသားလေး ညက်သဗျာ...ဆွတ်ဆွတ်ပျံ့ပျံ့ခံစားရအောင် ရေးသွားနိုင်တာပဲ...ကိုယ်တိုင်က လက်ဖက်ရည်သမားမဟုတ်ပေမယ့် ကျောင်းသားဘ၀က သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ငြင်းခဲ့ခုန်ခဲ့ကြာတာတွေကို ပြန်သတိရသွားပါရဲ့...

ဒီစာစုလေးကို ၀ထ္ထုတိုအုပ်စုထဲထည့်မယ့်အစား အက်ဆေးအုပ်စုထဲမှာထည့်လိုက်ရင် ပိုပြီးဆီလျော်မလားတွေးမိတယ်...အွန်လိုင်းမဂ္ဂဇင်းတစ်ခုခုကို ပို့သင့်တဲ့ ပို့စ်လို့ ခံစားမိပါတယ်...Well done, fella!

jasmine(တောင်ကြီး) said...

မအားတာနဲ့အရောက်နောက်ကျလို့နားလည်
ခွင့်လွတ်ပါနော်....
လက်ဖက်ရည်တခွက်က စကားတွေ အများကြီး ပြောတယ်...လက်ဖက်ရည်က သူငယ်ချင်းတွေကြောင့် ပိုကောင်းနေတာပါ
သူငယ်ချင်းတွေလဲ တိုးပွါးစေတယ်နော်...

ညိမ်းနိုင် said...

ဆရာကြည်>>>ဟုတ်ပါတယ်ဆရာ ကျွန်တော်ရေးတာ
ကလည်း အက်ဆေးပါပဲ..၊ဒါပေမယ့် ကျွန်တော် အက်ဆေး
ဘယ်လိုရေးရသလဲမသိဘူးဆရာ၊ဆိုလိုတာက ရေးထုံး
ရေးနည်းတွေမသိဘူးဆရာရဲ့၊ဒါကြောင့် ခံစားချက်များ
နဲ့ ဝတ္ထုတို ခေါင်းစဉ်တွေအောက်ပို့လိုက်တာ...၊အက်ဆေး
ဆိုပြီး အက်ဆေးမပီမသကြီး ဖြစ်နေမှာစိုးလို့...:)))

မိုးယံ said...

အရင်တုန်းကတည်းက ခုချိန်ထိ ကျဆိမ့် ခရေဇီပါ ။

...အလင်းစက်များ said...

သားရယ်........... မာမီလည်း လက်ဖက်ရည် သိပ်ကြိုက်တတ် သူပါကွယ်။

လက်ဖက်ရည် တစ်ခွက် လန်ဒန် တစ်ရှိုက်နဲ့  သူငယ်ချင်းတွေရဲ့ စကား ရေယာဉ်ကြောပေါ် မြောနေခဲ့ဖူး ပါတယ်ကွာ။

ခုတော့လည်း အဲ့သည်လို ဘ၀မျိုး ပြန်မရနိုင်တော့တာ နှစ်နဲ့ ချီနေခဲ့ပါပြီလား။

လွမ်းတယ် လက်ဖက်ရည် တစ်ခွက်နဲ့  ရွှေပြည်ရယ်။

SHWE ZIN U said...

မောင်လေး ရေ

လဖက်ရည် လေး သတိရသွားတယ် ဝတ္ထုလေး ကောင်းတယ်

နှင်းနုလွင် said...

စာရေးထားတာက ခပ်သွက်သွက်လေးနဲ့ ဆိုလိုချင်တာကို ထင်သာမြင်သာရှိစေတာမို့ သဘောကျမိတယ်။

မောင်မျိုး said...

ဟုတ်တယ်နော် ခုအရွယ်မှာ ဈေးကြီးပေးဝယ်နိုင်ပေမယ့် စားနိုင်သောက်နိုင်ပေမယ့် အငယ်တုန်းကလို လုသောက်ရ နည်းနည်းလေးကို မ၀ပေမယ့် ၀အောင်စားခဲ့၇တဲ့ အရာတွေလောက် အရသာမရှိတော့တာ ဘာကြောင့်ပါလိမ့် သိပ်လှတယ် တစ်ခုပဲ သူလို့ သုံးနေရာကနေ ကျနော် လို့ပြောင်းသုံးလိုက်တော့ ထောင့်နေတာလေးက လွဲလို့ပေါ့ ။

ကိုကိုမောင်(ပန်းရနံ့) said...

မောင်လေးရဲ့ လဘက်ရည်က တစ်မျိုးပါလား။ ချိုဆိမ့် ပလပ်စ် ချစ်သူခင်သူ ပေါ့။ ဒါဆို အရသာ ရှိသွားရော။ ဟုတ်ပါ့။ အခုမှ သတိပြုမိတယ်။ ဆိုင်မှာ သူငယ်ချင်းတွေနဲ့ အတူတူ သောက်ရတဲ့ လဘက်ရည်က ဒါကြောင့် ပို အရသာရှိနေတာကိုးး။

ခင်မင်လျှက်

mstint said...

'ချစ်ခြင်းများဖြင့်ချိုမြိန်နေသောလက်ဖက်ရည်' အကြောင်းဖတ်သွားပါတယ်ကွယ်။ စာအရေးအသားလေးတွေ ကောင်းလိုက်တာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ဖိုးကြယ် said...

ကညိမ်းနိုင်....ဂွတ်တယ်ဗျာ..ဟုတ်တယ် မတူတာကတော့ ထိုင်ရတာချင်းကိုမတူတာ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော ခွေခြေအပုလေးတွေလောက်ကို ထိုင်လို့မကောင်းခဲ့ဘူး :)

ခင်တဲ့(ဖိုးကြယ်)

ဖိုးကြယ် said...

ကညိမ်းနိုင်....ဂွတ်တယ်ဗျာ..ဟုတ်တယ် မတူတာကတော့ ထိုင်ရတာချင်းကိုမတူတာ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော ခွေခြေအပုလေးတွေလောက်ကို ထိုင်လို့မကောင်းခဲ့ဘူး :)

ခင်တဲ့(ဖိုးကြယ်)

အနော် said...

လက်ဖက်ရည်တခွက်ရဲ့ အရသာနဲ့အတူ ဘဝတွေဟာ ဒီလိုနဲ့သာ ဖြတ်သန်းသွားခဲ့တာပဲနော်..
ဟိုးအရင်က ခံစားချက်တွေ ပြန်လိုချင်တယ်ဆိုရင်တော့ အရသာမတူပေမဲ့ လက်ဖက်ရည် တခွက်လောက် သောက်နိုင်တဲ့နေရာဆီ ပြေးရတာပါပဲ.. ပို့စ်လေးဖတ်တော့ လက်ဖက်ရည်သောက်ချင်သွားတယ် :)

ဘာနေ said...

လဖက်ရည်ကိုမြတ်နိုးကြောင်း
လာပြီး စနည်းနာသွားသလို
သံယောဇဉ်များနဲ့ အချစ်အကြောင်းကိုလည်း
လက်ဖြင့် တို့ကြည့်သွားပါတယ် ..
း)

မအိမ်သူ said...

ရင်ထဲကို လက်ဖက်ရည်တစ်ခွက်နဲ့အတူ စီးဆင်းသွားတဲ့ပို့စ်လေးပါပဲ။ အရမ်းကောင်းတယ်ကိုညိမ်းနိုင်ရေ.. စကားမစပ် ခမာပြည်လာရင်တော့ လက်ဖက်ရည် အသေအချာဖျော်တိုက်ပါ့မယ်ရှင်။း))

PhyoPhyo said...

မမြသွေးဆီကနေ ရောက်လာပြီး ဖတ်သွားပါတယ်။
အရေးအသားကောင်းလို့ Congratulations!

ထရီဆာ said...

မင်္ဂလာပါ ...

အမ မြသွေးနီဆီကနေ ရောက်ခဲ့တာပါ ..
လင့်ချိတ်ဖို့လည်း ယူသွားခွင့်ပြုပါလို့ ....း)