Sunday, January 22, 2012

လိမ္မော်သီးစားသူများ

ပေါက်ဖော်တို့နှစ်ကူးကားရောက်ရှိလာချေပြီ...။နှစ်ကူးသို့ရောက်သော် ဆိုင်ရာပေါက်ဖော်တို့လည်းပျော်
ကြ၏။မဆိုင်သောကျန်သူတို့လည်းပျော်ကြ၏။ပျော်ပေမပေါ့......ပေါက်ဖော်တို့နှစ်ကူးကားအစားလည်း ပေါ၊
အသောက်လည်းများ၍ အန်ပေါင်းကလည်းရသေးကိုး။ထိုပြင့်တစ်ဝ ပိုပျော်ဖို့ကောင်းသည်ကား ပေါက်ဖော်
တို့ ကြီးစိုးရာတိုင်းပြည်ဌာနများတွင် နှစ်ကူးပိတ်ရက်ကလည်း အနဲဆုံး သုံးရက်မှသည် ကိုးရက်ထိရကြ ရလေကား အနှီးတိုင်းပြည်များတွင်အလုပ်လုပ်ကိုင်နေကြရသူတို့အဖို့ပျော်ပွဲကြီးပင်မဟုတ်တုံ့လော......။

ထိုသို့ နှစ်ကူးကာလသမယသို့ရောက်လာလေသော်....အခြားသောသူတို့ပျော်နေသော်လည်းမပျော်နိုင်သူ
တစ်ဦးကား ကိုရင်သာဝ တည်း...။အဘယ်ကြောင့်နည်း...ဆိုသော် ကိုရင်သာဝ၏ချစ်စွာသောဇနီးသည်ဖြစ်
သူ မဒမ်သာဝတစ်ယောက်ပိတ်ရက်ကာလတွင်ကိုရင်သာဝရှိရာသို့ ပေါက်ချလာမည် ဖြစ်သောကြောင့်ပင်
သတည်း....။

ကိုရင်သာဝနှင့် မဒမ်သာဝတို့ကား....ဘဝပေးရေစက်ကြောင့်တစ်ဦးနှင့်တစ်ဦးချစ်ကြင်ကြသောမောင်နှံများ
ပင်ဖြစ်လင့်ကစား ရှေးရှေးကုသိုလ်နဲသောကြောင့်ထင့်....တစ်ယောက်တစ်နယ်ဆီဖြစ်နေကြရှာလေ၏...။
ထိုကြောင့်ပင်လျှင် မဒမ်ဝ မှာ ချစ်စွာသောကိုရင်သာဝရှိရာသို့အလုပ်ပိတ်ရက်များတွင်တစ်လတစ်ခါ၊နှစ်ခါ
ဆိုသလို အပြေးလေးလာတွေ့ရရှာသည်....။ကိုရင်ခမြာမလဲ ပိတ်ရက်များတွင် မဒမ်အလာကို လည်ပင်း
ညောင်ရေအိုးဖြစ်မတတ်မျှော်နေတတ်ရှာလေသည်...။

သို့ဖြစ်တပြီးကား...ဤမျှတစ်ဦးကိုတစ်ဦးချစ်ရှာကြပါလျက် ယခုမူ ကိုရင်သာဝခမြာ အဘယ်ကြောင့် မောင်
ကြီးမပျော်နိုင်ဖြစ်နေရပါသနည်း....။ရှင်းအံ ရဲဘော်တို့.......။မဒမ်ဝ ကားကိုရင်သာဝကို အင်မတန်မှချစ်ရှာ
သည်.....။ဘဝကံအကျိုးပေးကြောင့် ပိတောက်နှင့်ချယ်ရီပမာ တစ်ယောက်တစ်နယ်ဆီမှာ နေကြရရှာ
သော်လည်း မဒမ်၏စိတ်ကား ကိုရင့်ဆီမှာသာတစ်ရစ်ဝဲဝဲရှိနေတတ်လေ၏။ကိုရင့်ကိုသာလွမ်းနေတတ်ရှာ
၏။ကိုရင့်ကိုသာတမ်းတနေတတ်ရှာသည်...။လွမ်းလွန်းမကလွမ်းလာလျှင် ချစ်လင်ရှိရာ တစ်နယ်ခြားဆီသို့
ခမြာလေးမှာ အပြေးကလေးအရောက်လှမ်းလာရ၏။ချစ်လင်အနားရောက်လျှင် ခွဲခွာနေသမျှ ရက်များစွာ
အတွက် အတိုးချ၍အလွမ်းဖြေရလေ၏။မှန်လေသည်...။တစ်ညတာဝေးသော ကိန္နရီမောင်နှံပင် ရက်ပေါင်း
ခုနှစ်ရာ အလွမ်းဖြေ၍မပြေနိုင်သည်မဟုတ်တုံ့လော....။


သို့ဆိုသော်......မဒမ်ဝ ကား ချစ်လင်ကိုရင်နှင့်တွေ့သော် မည်သို့မည်ပုံအလွမ်းဖြေသနည်း၊ချစ်လင်အနား
ကယုကယင်ချစ်ခွန်းတုံတင်လေသလား...မဟုတ်...၊ချစ်လင်အလိုလိုက်၊ချစ်လင်အကြိုက်ဆောင်ကာ ချက်
ပြုတ်ကျွေးမွေး၊ပြုစုပေးလေသလား...ဝေး၏ ရဲဘော်....။မဒမ်ကားကိုရင့်ကို လွမ်းလှပါသည်၊ဆွေးလှပါသည်
ယခုမှပင် လွမ်းသမျှကို အတိုးနှင့်တစ်ကွ ဖြေလျော့ရပါသည်ဟုဆိုကာ မြင်မြင်လေရာ တွေ့သမျှ အစား...
ဖိကာစားတတ်လေသော်ဟူလို....။အစာဝသော်...စပါး ဟူသောနေရာသို့သွားကာ ဇိမ်ခံ၍ အလွမ်းဖြေ
တတ်ပြန်သေး၏။သို့စပါးတွင်ဇိမ်ခံ၍ပြီးသော် ရှော့ပင်းမောတစ်ကာလျှောက်၍ ကြုံရာလက်ညိုးထိုး ဝယ်ခိုင်း
တတ်လေ၏။


ဤသို့ မဒမ်၏ ထူးဆန်းသော အလွမ်းဖြေနည်းကို ကိုရင်သာဝကားချစ်သောစိတ်နှင့် ကောင်းစွာသည်းခံနိုင်
၏။သည်းခံနိုင်ပေမပေါ့...၊ယခင့်ယခင်များက မဒမ်မှာ ကိုရင့်အနား နေရလှ ပိတ်ရက် ၂ရက်ကိုးခင်ဗျ......။
ထိုပိတ်ရက်နှစ်ရက်အတွင်း မဒမ်စားသမျှ၊ဝယ်သမျှကို ကိုရင့်မှာ ကျိတ်မှိတ်သည်းခံနေနိုင်ပေသည်။ယခုမူ
ပေါက်ဖော်တို့နှစ်ကူးပိတ်ရက် ခုနှစ်ရက်ခုနှစ်လီ  ကိုရင့်အနား မဒမ်တစ်ယောက်လွမ်းရလေသမျှ အလွမ်း
ဖြေမည်ဆိုသော်....ကိုရင်သာဝ ခေါင်းခဲရလေပြီ...။မခဲခံနိုင်ရိုးလား....။ယခင်ကာလ နှစ်ရက်သာသာနေ
သွားစဉ်ကပင် ကိုရင့်လွမ်းလွန်းလို့ အရင်ရက်တွေက မစားနိုင်မသောက်နိုင်ဖြစ်နေရတာ...ခုမှ ကိုရင့်မျက်
နှာ ကြည့်စားရတာ စားကောင်းလိုက်တာဟု ဆိုကာ တစ်ခါစား ဒန်ပေါက်ဆို နှစ်ပွဲတည်း...။ကြေးအိုးဆို သုံး
ပွဲတည်း...၊ယခုမူ ခုနှစ်ရက်ပတ်လုံးနေမည်ဆိုသော်.....ကိုရင့်မှာ တွေးပင်မတွေးဝံ့ရှာတော့သည်တစ်ကား။


ထိုပြင့် တိုက်ဆိုင်ချင်တော့ ကိုရင့်မှာလည်း ထိုရက်ပိုင်းအတွင်း အလှူ သုံးခုပြုလုပ်ထားသောကြောင့် ငွေ
ကြေးကုန်ခန်းနေချေလေ၏။တစ်ခုသောအလှူကား မီးဘေးအလှူဖြစ်၏။ထိုအလှူကားအကြောင်းမဟုတ်၊
မဒမ်ကိုယ်တိုင်စိတ်တူသဘောတူထားသောအလှူဖြစ်၏။ကျန်အလှူနှစ်ခုကိုကား မဒမ်မသိ၊ပေးသိ၍လည်း
မဖြစ်၊အဘယ်ကြောင့်ဆိုသော် အလှူတစ်ခုမှာကုလားသုံးကောင်အလှူဖြစ်၍ နောက်တစ်ခုကား ဘီယာဝိုင်း
အလှူဖြစ်နေသောကြောင့်ပင်တည်း...။ထို့ကြောင်ပင်လျှင် ကိုရင်သာဝတစ်ယောက် ခေါင်းခြောက်နေလေ
သောဟူလို.....။


သို့နှင့် ကိုရင်သာဝကား မဒမ်ဝ ရောက်လာသော် ယခင်ကလို အလွမ်းမဖြေနိုင်စေရန် လှည့်ပတ်ညာဝါး ရ
မည်ကို  အလုပ်ခန်းကုလားထိုင်ပေါ် မျောက်ထိုင်လေး ထိုင်ရင်း စဉ်းစား၏၊တွေးတော၏၊အကြံကြီးကြံနေ
လေတော့သည်။သို့အကြံထုတ်ရင်း အခန်းတွင်းရှိ လိမ္မော်သီးစက္ကူဖာများရှိရာ အကြည့်တစ်ချက်ရောက်
သွားသည်ရှိသော်....ဖျက်ဆိုအကြံကောင်းတစ်ချက် ရသွားလေတော့သည်...။ထိုလိမ္မော်သီးဖာများကား
နှစ်ကူးမတိုင်မှီတစ်နေ့ကပင် ကိုရင်သာဝ၏သူဌေးဖြစ်သူမှ အလုပ်သမားများအား အချိုးချဝေပေးရန်
ကိုရင်သာဝအား တာဝန်ပေးအပ်သွားခြင်းဖြစ်လေသည်။စုစုပေါင်း အလုပ်သမားတစ်ရာရှိရာ တစ်ဦးလျှင်
ငါးလုံးနှုန်းနှင့် တစ်ဖာလျှင်အလုံးနှစ်ဆယ်ပါ ဖာအစိတ်ဖြစ်လေသည်...။


ထိုနေ့ညနေတွင် ကိုရင်လည်း သူ၏အကြံကောင်းကို စတင်အကောင်အထည်ဖော်လေတော့သည်။သူဌေး
မှ အလုပ်သမားတစ်ဦးလျှင် ငါလုံးနှုန်းဟု သတ်မှတ်သွားသော်လည်း ကိုရင်သာဝက တစ်ဦးလျှင် သုံးလုံး
သာဝေပေးလိုက်သည်။အလုပ်သမားများမှာလည်း လိမ္မော်သီးမျှလောက်နှင့်တော့ ဘာမှပြန်မပြောကြပါ။
ထိုသို့ဝေပေးလိုက်သော် ကိုရင့်ထံတွင် လိမ္မော်သီးအလုံးနှစ်ရာ၊ဖာဆယ်ဖာတိတိ ကျန်ရှိနေလေပြီ။ထိုကျန်
နေသောလိမ္မော်သီးဖာများအနက် တစ်ဝက်တိတိကို မိမိအိမ်သို့ပို့လိုက်လေသည်...။တစ်ဝက်ကိုမူ အလုပ်
ခန်းအတွင်းထည့်သွင်း သိမ်းဆီးထားလိုက်လေတော့သည်....။


နောက်တစ်နေ့တွင် မဒမ်တစ်ယောက် ကိုရင်ရှိရာရောက်လာချေလေပြီ...။ကိုရင်သာဝလည်း ပြုံးကာရွှင်
ကာ ချစ်ဇနီးအား ဆီးကြို၏။ထိုနောက် မဒမ်အား အိမ်ခန်းတွင်း ခေါ်ဆောင်သွားပြီးသော် လိမ္မော်သီးများ
အားပြလိုက်ပြီးလျှင်.........

ကိုရင်။      ။ မိန်းမရေ ဒီမှာ ငါ့မိန်းမဖို့ လိမ္မော်သီးတွေကွယ့်....


မဒမ်ဝ။     ။ ဟယ်...ဟုတ်ပါ့ အများကြီးပါလား......


ကိုရင်။     ။အေးကွယ့် ဒီလိမ္မော်သီးတွေက သာမန်လိမ္မော်သီးတွေမဟုတ်ဘူးကွယ့်....၊ဒီအသီးတွေက
နှစ်ကူးကာလမှာ ဘိုးတော်အန်းကုန်းကြီးကို လှူထားတဲ့လိမ္မော်သီးတွေလေ....။အဲ့သာကို မနေ့ကပဲ ဘုံ
ကျောင်းက ပိုက်ဆံလှူပြီး သွားစွန့်လာတာ...။


မဒမ်။     ။အို...ကိုရင်ကလည်း ဈေးကဝယ်ရရဲ့သားနဲ့....ဘယ့်နှယ်....


ကိုရင်။     ။မတူဘူးမိန်းမရဲ့....၊ဘိုးတော်အန်းကုန်းစွန့်လိုက်တဲ့ လိမ္မော်သီးကိုစားရင် တစ်နှစ်လုံး ကျမ်းမာ
ရေးကောင်းမယ်၊ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်မယ်၊လာဘ်လာဘလည်း အရမ်းရွှင်လိမ့်မတဲ့ကွ၊
အဲ့သာကြောင့် ကိုရင့်မယ် ပိုက်ဆံတွေအများကြီးလှူပြီး တရုတ်တွေနဲ့အပြိုင် မနဲစွန့်လာရတာမိန်းမရဲ့...။
ကဲ...ငါ့မိန်းမအချောအလှလေး ဒီထက်ပိုချောလှလာအောင်၊တစ်နှစ်လုံးအလုပ်အကိုင်အဆင်ပြေအောင်
မင်း ဒီလိမ္မော်သီးတွေကို စားနိုင်သလောက်သာစားစမ်းကွာ......။


ထိုသို့ ကိုရင်သာဝမှ ဘိုးတော်အန်းကုန်းနှင့် မဒမ်အား ကောင်းစွာ သိမ်းသွင်းလိုက်သည်ရှိသော် ဘိုးတော်
မှန်သမျှ အယုံကြီးယုံတတ်သော မဒမ်ဝ လည်း လိမ္မော်သီးဖာများအား ကုတင်အောက်ထိုးကာ တစ်လုံးပြီး
တစ်လုံး ထမင်းလွတ်ထိုင်စားနေလေတော့သတည်း....။


ညနေရောက်သော် ကိုရင်လည်းအလုပ်သွားဖို့ပြင်ရသည်။ကိုရင်ကား ထိုရက်ပိုင်းအတွင်း ညဆိုင်းတာဝန်
ယူထားရသူဖြစ်၏။သို့ဖြစ်ရကား ကိုရင့်မှာ မဒမ်ဝကို အိမ်တွင်တစ်ယောက်တည်းမထားခဲ့ရက်ရှာ။
အကြောင်းမှာ ရေခဲသေတ္တာထဲ တစ်လလုံးစာ ကြက်ဥ၊ငါသေတ္တာ အစရှိသည် သိုလှောင်ထားသည်ဖြစ်ရာ၊
တော်ကြာ မဒမ်ဝ မှာ ကိုရင့်လွမ်းလို့ဟုအကြောင်းပြကာ အကုန်ယူစားသော် ဘိုင်ကျနေသော ကိုရင်အဖို့
တစ်လလုံးဗိုက်မှောက်နေဖို့သာရှိသည်မဟုတ်တုံလော...။သို့နှင့် ကိုရင်သာဝလည်း ဆင်ကြံ ကြံပုံကား...


ကိုရင်။    ။မိန်းမရေ...အရေးကြီးတာပြောစရာတစ်ခုရှိသေးသဟ....


မဒမ်။    ။ဘာတုန်း...ကိုရင်......


ကိုရင်။     ။ခုတလော ကိုရင်တို့အိမ်မယ် ရုပ်ဆိုးဆိုးသရဲမတစ်ကောင်ဘယ်ကဘယ်လိုရောက်နေတယ်
မသိ၊ညညဆိုဒီသရဲမ အတော်ချောက်သဟ....


မဒမ်။     ။အောင်မြတ်လေး...ဖျားဖျား...၊ဒါဖြင့်ကျုပ်တစ်ယောက်တည်း မနေရဲဘူးတော့်...။


ကိုရင်။     ။အေးဟ...အဲ့သာကြောင့် မင်းညဘက်တွေ ငါနဲ့ အလုပ်မှာလိုက်အိပ်ချေကွယ်..ဟုတ်လား....။


မဒမ်။    ။အင်း ဟုတ်တယ်...အဲ့တာကောင်းတယ်...၊နေဦး စောင်တွေ၊ခေါင်းဦးတွေနဲ့အတူ ညလယ်စာအ
တွက် စားစရာတွေလုပ်သွားဦးမှ....။


ကိုရင်။     ။အို...စားစရာအတွက်မပူနဲ့....ကိုရင်အားလုံးစီစဉ်ထားတယ်...လာလာသွားကြမယ်.....။


သို့နှင့်ပင် မဒမ်တစ်ယောက် သရဲကြောက်သဖြင့် ညဘက်တွင် ကိုရင့်အလုပ်ခန်းတွင် လိုက်အိပ်သည်ရှိ
သော်......။


ကိုရင်။    ။ကဲမိန်းမ....ဟောဒီမှာ မင်း ညည ဆာရင်စားဖို့ .....


မဒမ်။     ။ဟင်....ဒီမှာလည်း လိမ္မော်သီးတွေပါလား......


ကိုရင်။     ။အေး....ဒီလိမ္မော်သီးတွေကလည်း ကွမ်းရင်မယ်တော်ကျောင်းက စွန့်လာတာကွယ့်၊မယ်တော်
ကျောင်းက လိမ္မော်သီးစားပေးရင် မယ်တော်လို မော်ဒယ်ဖြစ်လာလိမ့်မယ်တဲ့ဟ....၊ကဲ....မင်းအတွက် ချစ်
လွန်းလို့ ငါ့မယ် တရုတ်တွေနဲ့ ဒါးချင်းယှဉ်ခုတ်ရမတတ် သွားစွန့်လာရတာ...စားသာစားပေတော့.....။

ဟု ဆိုလိုက်လျှင်....မော်ဒယ်မလေးလို ပိန်ချင်လှသော မဒမ်လည်း လိမ္မော်သီးဖာများပေါ်တွင် ဝက်ဝံမကြီး
ဝပ်သကဲ့သို့ အားရပါးရ ထိုင်ချပြီးလျှင် လိမ္မော်သီးများအား တစ်လုံးပြီးတစ်လုံးစားနေလေတော့သတည်း..။


ထိုသို့ လိမ္မော်သီးများအား နှစ်ရက်ခန့်မပျက်စားမိသည်ရှိသော် မဒမ်ဝ လည်း ပါးစပ်ပင်ဟဟမဖွင့်နိုင်၊သွား
များလေပင်အသလပ်မခံနိုင် အောင် ကျိန်းလျက်ရှိနေသည်ဖြစ်ရကား သူအင်မတန်ကြိုက်နှစ်သက်ပါသည်
ဆိုသော ဒန်ပေါက်ကိုပင်လျှင် ယခင်ကလို၂ပန်းကန်မပြောနှင့် ပန်းကန်ဝက်ပင် မနဲကုန်အောင် အစိလိုက်
မြိုချရလေတော့သည်။ညညဆိုလည်း သရဲကြောက်၍ ကိုရင့်အလုပ်ခန်းသို့လိုက်နေရသည်ဖြစ်ရာနေ့ခင်း
မှအတိုးချအိပ်ရသည် ဖြစ်သဖြင့် စပါးသို့လည်းကောင်း၊ရှော့ပင်းမောများသို့လည်းကောင်းဘယ်မှမသွားနိုင်
ရှာတော့ပေသည်တကား။


ဤသို့လျှင်အကြံပိုင်သော ကိုရင်သာဝအကြောင်း ကြားရသည်ရှိသော် ကျွန်ုပ်လည်း...အော်...လိမ္မော်သီး
စားသူများ ပါပေတကားဟူရေရွတ်မိလေတော့သည်...။မှန်ပေသည်...။မဒမ်သာဝကား ချမ်းသာ၊ထီပေါက်၊
နိဗ္ဗာန်မရောက်မှီစပ်ကြား မော်ဒယ်ဖြစ်ချင်ရကား လိမ္မော်သီးစားသူဖြစ်သလို၊ ကိုရင်သာဝသည်လည်း မဒမ်
ကို လိမ်ကာ၊လှည့်ကာဖြင့် မော်ကြွားကာ နိုင်စားသွားသူဖြစ်ရကား လိမ်မော်သီးစားသူပင် မဟုတ်တုံ့လော
ရဲဘော်တို့...............။



(မှတ်ချက်။    ။အကျွန်ုပ်သည် ဤစာစုကို အဘယ်မည်သော သူထီးနှင့် သူမ တို့ကိုမျှ ရည်ရွယ်ခြင်းမရှိပါ။
အကယ်တန္တု...အကြင်ဇနီးမောင်နှံသည် အပြင်လောက၌  ဤစာစုထဲကလိုအဖြစ်မျိုးရှိသည်ဖြစ်အံ.....၊
တိုက်ဆိုင်မှုသက်သက်ဟုသာ မှတ်ယူတော်မူကြပါကုန်လော့....အို..စာရှုသူအပေါင်း ရဲဘော်ကောင်းတို့...။

ထိုပြင့်တစ်ဝ....ဤစာစု၏ ခေါင်းစဉ်ကို ကျွန်ုပ်အားပေးသွားသူမှာ နပ်နပ် ခေါ် မောင်မောင်နပ် ခေါ် နတ်
ဆိုးကြီးဖြစ်ကြောင်း ကောင်းစွာမှတ်တမ်းတင်အပ်ပေတော့သည်တကား.............:)))))

21 comments:

မဒမ်ကိုး said...

ဟမ်.............ရက်စက်လိုက်ကြဒါ ရက်စက်လိုက်ကြဒါ ))))))))

လွမ်းလွန်းလို့စားလာဒါတွေပြရရင် မလာခင်က ၃ ရစ် ခု ၄ ရစ် မှတ်ပလား ..

တိုက်ဆိုင်တယ်လို့တော့မပြောချင်ပါဘူးအေ ..
လည်ပင်းသာတက်နင်းဒယ်လို့ဘဲ ပြောရင်းနဲ့ ရှုးရှုးထွက်မတတ်ကို ရီတွားဒယ်အေး)

ပုံ

တိုက်ဆိုင်သူ ၄ ရစ် ခေါ် မော်ဒယ်ဗိုက်ပူ

ကိုရင် said...

ဟိုက်...သူလက်ဦးသွားပီ

jasmine(တောင်ကြီး) said...

ဟုတ်တယ်ကိုယ်ကလက်ဦးမှုရယူထားနော် မဟုတ်ရင်သူတို့လာဆော်မှာ
တော်တယ် ဆက်ရေး
ပြီးသွားပြီလားနောက်ဆက်တွဲတွေဘာတွေမရှိဘူးလား
လာကူရေးပေးရမလား ခေါ်နော်အားမနာနဲ့
နောက်ထပ်ရေးပါလား ကိုးရီးယားအတွဲလိုလေ
ဟားဟားဟား
ကိုရင်ဘာတတ်နိုင်လဲ----

ဘိုဖြူ said...

သူထီးနှင့် သူမ တို့ကိုမျှ ရည်ရွယ်ခြင်းမရှိပါ----
ဟုတ်တာပေါ့ အကိုညိမ်းနိုင်ရေ
ကိုရင်နဲ့ အမဒိုးကိုသာပေါ့ဗျာ
ဖတ်ပြီးပြုံးမိတယ်

ဘိုဖြူ

laylwintlu said...

မှန်သပ ကိုကြီးငြိမ်းနိုင်ရာ ...၁၆နဲ့ လျှိုထား စမ်းပါ ဒီတစ်ခါ အချိုးကောင်းတယ် ဒိုင်သေပြီး တစ်ရွာလုံးစားရမှာပါဗျ..ဟိတ် ကုလားရှောင် အောင်ပြီ ..ဟိုက် ဘောင်တန်းနေပြီ..မဲကနဲ့  ရဲကနဲ ..ကုလားကွ..သေပီဆရာ..၀မ်းမရှိတင်တဲ့..ဒိုင်ကပြောတယ်..နှစ်ကူးအဲ့လို အဲ့လို

mstint said...

မောင်ညိမ်းကတော့လာရောက်သူဆွေသဟာတို့ကို
ပါးစပ်မပိတ်နိုင်အောင်ဧည့်ခံသွားတာပါလားနော်း)))
ကုလားသုံးကောင်နဲ့ဘီယာဝိုင်းအလှူမှာရက်ရောခဲ့တဲ့
ကိုရင့်အတွက် သာဓုခေါ်ရမလိုဖြစ်နေပြီ :P
အစအဆုံးပါးစပ်မပိတ်မိလို့ပါးညောင်းသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုမောင်(ပန်းရနံ့) said...

ကိုရင်ရဲ့ အလှူသုံးခုထဲက နောက်ဆုံးအလှူကို ကမောင်လေးနဲ့ စပ်တူလုပ်ကြကြောင်း သတင်းရရှိပါသည်။
လိမ်မော်သီး စားသူများ ဖတ်ပြီး ကိုယ်တိုင်တောင် သွားကျိန်းသွားသလိုလိုဘဲ။ ပါးစပ်မပိတ်ဘဲ ဖတ်နေမိလို့။ အရေးအသားတော်ချက်။

သမီးစံ said...

တည်နေပြုံးနေရင်းရင်းနဲ့..
ဝါးလုံးကွဲရယ်လိုက်ရတယ် အစ်ကိုရေး)
ရယ်နေရင်းနဲ့
ပါးစပ်အမြန်ပိတ်လိုက်ရတယ်
သွားကျိန်းချင်လာလို့း)

တော်တော်လေးကောင်းတဲ့ပို့်စ်ပဲဗျို့

လေးစားလျှက်

san htun said...

လူတွေကို ရယ်အောင် ရေးနိုင်တာ နည်းတဲ့အစွမ်းလား ကိုရင်ညိမ်းနိုင်ရ..

Aung Htut said...

ဖတ်ရတာ သွားကြိမ်းလိုက်တာနော်.... ဟီး ဟီး ဟီး

Nyi Linn Thit said...

ကိုညိမ်းနိုင်ရဲ့ အရေးအသား ညက်ညောပုံကတော့ မချီးကျူးဘဲ မနေနိုင်အောင်ပဲဗျို့၊ တော်တယ်ဗျာ..၊ ရယ်စရာတွေကို အတည်ပေါက်နဲ့ ရေးနိုင်တာ နည်းတဲ့ အရည်အချင်းလားဗျာ..၊ မဒမ်သာဝ ကနေ နောက်ပိုင်းမှာ ဘာ့ကြောင့် မဒမ်ဝ ဆိုပြီး ပြောင်းရေးရသလဲ လို့ စောကြောနေတာဗျ၊ စာလုံး အကျအပေါက် များလားပေါ့လေ၊ နောက်မှ အလွမ်းတွေနဲ့ နွယ်နေတာ တွေ့ရတော့သကိုး..၊း)

Han Kyi said...

ဤရက်ပတ်အတွင်း ကိုရင်တို့အိမ်တွင်းမှ ဗြုန်းဗြုန်းဒိုင်းဒိုင်း အသံကြီးများ ထွက်ပေါ်လာပါက ကငြိမ်းနိုင် ကောင်းမှုဖြင့် ကိုရင့်အကြောင်းကို သိသွားသော မဒိုးကန်မှ ကိုရင့်ကျောပြင်ကို ဗြောတင်ရာမှ ထွက်လာသော အသံသာဖြစ်ပြီး တရုတ်နှစ်သစ်ကူး ဗြောက်အိုးဖောက်ရာမှ ထွက်ပေါ်လာသော အသံများမဟုတ်ဟု မှတ်ကြမည် ဟူလို...

Candy said...

အော်... ဒါက ဒီလိုကြောင့်ကိုး... ဟီးဟီးဟီး :P

Angelhlaing(May everybody be happy and healthy! said...

မမမဒမ်ရေ..မခံနဲ့ အဲဒါ အကိုညိမ်းနိုင် သက်သက် အကြံပေးတာပါဗျို့...:):)

မိုးငွေ့...... said...

ဟ ဟ ကညိမ်းတို့ကတော့ လုပ်ချလိုက်ပြန်ပြီ ရီရယ်....နောက်ဆုံးပြန်ဖြေ(ဖြည်)ထားတာလေးကိုလဲ သဘောကျပါတယ်...ခေါင်းစဉ်ပေးတာကိုပြောတာ..။

လင်းခေတ်ဒီနို said...

အကိုအိကု . . . နပ်နပ်တို့ကတော့ ဒီပို့စ်ဖတ်ပြီး သွားမကျိမ်းပဲ ခေါင်းကျိမ်းတယ် ခေါင်းကျိမ်းနေတယ်နော် ။ မြင်ရသမျှ . . . ဒီ ငနပ် တစ်ကောင် တွေ့ရင် နုတ်နုတ်စင်း ပါးပါးလှီး တောက်တောက်ကြော် လုပ်ပစ်မယ်ဆိုပြီး ဂျီတော့ စတေးတပ်မှာ ခေါင်းစဉ်အကြီးကြီး တင်ပြီးသကာလ နှာခေါင်းက အငွေ့ တစ်ထောင်း ထောင်း ထွက်အောင် နှုတ်ခမ်းမွေးကြီး ကားနေအောင် ထောင်ပြီး ကျိမ်းတော်မူနေသတဲ့ဗျာ . . . ကိုယ့်ခမျာ မဒမ်ဝ မျက်စောင်းက လွတ်အောင် ဂျီတော့ မတက်ရဲရှာပဲ 0ffline အားကိုးနဲ့ စတေးရှောင်တော် မူနေရတာ တွင်းအောင်းနေတဲ့ မြွှေတောင် ရှုံးလောက်တယ် . . အော် လိမ္မော်သီးစားသူများရယ် . . . လိမ္မော်သီးစားသူများပါပေတကားးး))))))

ခင်မင်စွာဖြင့်
နတ်ဆိုးကြီး ဗညားရှိန် ( လင်းခေတ်ဒီနို )

မအိမ်သူ said...

:D ဒီဇာတ်လမ်း အတော်ဟစ်ဖြစ်နေတာကိုး... ရီလိုက်ရတာ အတောမသတ်.. :D

မိုးနင်း said...

ကောင်းလေစွ။ လူပျိုကြီးဆိုတော့ တူများဇနီးမောင်နှံကို နာလိုဘူးနဲ့ တူပါတယ်ဂျာ...:D..
အမှန်က ကိုရင်ညံ့တာ..လိမ္မော်သီး မကျွေးဘဲ ၀က်ဆီဖက်တွေချည်းကျွေးရမှာ..ဟီးဟီး(သန်လျင်သား)

ပျိုးယုဝသုန် said...

ဖတ်ပြီး ရယ်သွားတယ် ..ဟိဟိ

နွေတေးရှင် (မင်းဧရာ) said...

ကိုညိမ်းနိုင်....
အကိုပြောပြမှ မဒမ်ဝ ကိုရင့်အလုပ်ကိုဘာကြောင့်လိုက်ရတာကို သိရတယ်။
ကိုရင်သာဝ လည်းအတွေးကောင်းသဗျ
နောက်များဆို အတုယူဖို့လိုမယ် မဟုတ်လား။

အစ်ကို စာရေးတော်တော်ကောင်းတာဘဲဗျ
အတည်ပေါက်နဲ့ရေးတဲ့ ဟာသ တော်တော်လေး ရသ မြောက်လှတယ်ဗျာ။

လင့်..ခိုးသွားတယ်နော်။

နှင်းနုလွင် said...

ဒီနည်းလမ်းသာ Researcher တွေ သိရင်တော့
အတုယူကြဦးမယ်ထင်တယ် ....:))