Friday, March 30, 2012

အိမ်မက်သတို့သမီး (သို့) စီရမ်ရိ (၁)

လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က ကျွန်တော်ကြားသိလိုက်ရတဲ့ မြန်မာ့ရုပ်မြင်သံကြားကသတင်းတစ်ခုဟာ နှစ်ပေါင်း
များစွာကြာအောင် ကျွန်တော့်စိတ်ထဲမှာစွဲနေခဲ့ပြီး အိမ်မက်တစ်ခုအဖြစ်သန္ဓေတည်ရှိနေခဲ့ဖူးပါတယ်။အဲဒီ
သတင်းက အရေးကြီးတဲ့ နိုင်ငံရေးသတင်းလည်းမဟုတ်ပါဘူး။စီးပွားရေးသတင်းလည်းမဟုတ်ခဲ့ပါ။ထိုစဉ်
နိုင်ငံအကြီးအကဲတစ်ခုရဲ့ ပြည်ပခရီးစဉ်တစ်ခုမှာ စာချုပ်တစ်ခု ချုပ်ဆိုခဲ့တဲ့သတင်းပါပဲ။အဲဒီစာချုပ်ကတော့
မြန်မာနိုင်ငံက ပုဂံမြို့နဲ့ ကမ္ဘောဒီးယားနိုင်ငံက စီရမ်ရိမြို့တို့ကို မြို့ညီအစ်မ အဖြစ်ချုပ်ဆိုခဲ့တဲ့စာချုပ်ပါ။

ပြောရရင် အဲဒီအချိန်ကမှ စီရမ်ရိ ဆိုတဲ့နာမည်ကိုကျွန်တော်စကြားဖူးတာပါ...။ဒါပေမယ့် ကျွန်တော်တို့
အသဲနှလုံးဖြစ်တဲ့ ပုဂံမြို့နဲ့ ညီအစ်မတော်ခဲ့တယ်ဆိုတဲ့ မြို့တစ်မြို့ကို ကျွန်တော်အရမ်းစိတ်ဝင်စားသွားပါ
တယ်။အဲဒီမြို့လေးကိုလည်းအရမ်းရောက်ဖူးချင်သွားပါတယ်...။၁၀နှစ်ခန့်ကြာအောင် ကျွန်တော့်စိတ်ကူး
ထဲမှာကိန်းအောင်းလာခဲ့တဲ့ အဲဒီအိမ်မက်လေးကို ဒီနှစ်ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကျွန်တော်အကောင်
အထည်ဖော်နိုင်ခဲ့ပါပြီ...။တနည်းဆိုရရင် ကျွန်တော့်အိမ်မက်ထဲက သတို့သမီးလေးနဲ့ နဖူးတွေ့ဒူးတွေ့
တွေ့ကြရပြီဆိုပါတော့ဗျာ...၊အင်း...သတို့သမီးက သိပ်တော့မငယ်တော့ဘူးဗျ....။သူ့အသက်က နှစ် ၉၀၀
လောက်တော့ရှိပြီခင်ဗျ.....:)))))။ဆိုတော့....ကျွန်တော့် အိမ်မက်သတို့သမီးလေးအကြောင်းပြောပြမယ်
ဗျာ.....နော်.....။


 ကျွန်တော်လိုက်ပါလာတဲ့ ဂျက်စတားလေယာဉ်ပျံလေးက စီရမ်ရိလေဆိပ်ကိုဆင်းသက်လာချိန်မှာ ဒေသစံ
တော်ချိန်သုံးနာရီခန့်ရှိပြီဖြစ်သည်..။စီရမ်ရိလေဆိပ်လေးက သေးငယ်ပေမယ့်သပ်သပ်ရပ်ရပ်တော့ရှိသည်။
လေဆိပ်အဝင်ဝတွင် တာဝန်ရှိသူတစ်ဦးမှဗီဇာလုပ်ပြီးပြီလားဟုတစ်ယောက်ချင်းဆီ မေးသည်။အတော်များ
များက မလုပ်ကြရသေး...၊စီရမ်ရိတွင် ဆိုက်ရောက်ဗီဇာအလွယ်တကူရနိုင်သည်ကိုသိထားကြသူများသည်။
အမှန်လည်း အင်မတန်လွယ်ကူလျှင်မြန်လှသည်။စားပွဲရှည်တစ်ခုတွင် ဗီဇာလျှောက်ရန် ပုံစံစာရွက်များတင်
ထားသည်။ယူပြီး ဖြည့်ရုံပင်...၊ထိုနောက် ကောင်တာတွင် ဗီဇာကြေးဒေါ်လာ၂၀နှင့်မိမိပတ်စပို့စာအုပ်၊ဖြည့်
ထားသည့် ပုံစံစာရွက်တို့ကို ပေးလိုက်ရုံပင်...၊ငါးမိနစ်ပင်မကြာ ၂လနေထိုင်နိုင်သည့်  ဗီဇာထုတ်ပေးလိုက်
သည်...။

လေဆိပ်မှအပြင်ကိုထွက်လိုက်တော့ အနည်းငယ်ပြင်းပြသောအပူရှိန်နှင့်အတူခင်မင်ရသောညီငယ်ကိုထွဋ်
တို့စုံတွဲမှ အပြုံးကိုယ်စီနှင့်ဆီးကြိုလျက်ရှိသည်။လေဆိပ်နှင့် မြို့မှာအလှမ်းမကွာလှပါ၁၀မိနစ်ခန့်သာကား
စီးရသည်...။စီရမ်ရိမြို့တွင်းသို့ဝင်ဝင်ချင်းခံစားလိုက်ရသည်က မြို့လေးနှင့်ကျွန်တော် စိမ်းမနေခြင်းပင်..။
မှန်သည်....၊တစ်ခါတစ်ရံ၌ ကိုယ့်နိုင်ငံတွင်းရှိတစ်ချို့မြို့များသည်ပင် မိမိနှင့် နဲနဲစိမ်းသလို ခံစားချက်မျိုးကို
ခံစားမိကြပါလိမ့်မည်...။စီရမ်ရိမြို့လေးကတော့ ဒီလိုမဟုတ်...၊ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုခဲ့ပါသည်..။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ရေမြေ၊အနေအထားနှင့်မဖွံဖြိုးလှသေးသည့်အခြေအနေကအမိမြန်မာပြည်နှင့်ဆင်တူ
နေသည့်အတွက်ကြောင့်လည်း ဖြစ်ပေလိမ့်မည်.....။
 
စကားစပ်မိလို့ပြောရဦးမည်...။လေယာဉ်ပေါ်တွင် ဘေးခြင်းကပ်လျက်မှ စင်္ကာပူနိုင်ငံသားအန်ကယ်တစ်ဦး
နှင့် စကားစမြည်ပြောဖြစ်တော့ သူက ကျွန်တော်မြန်မာမှန်းသိသွားတဲ့အခါမှာ တအံတသြနှင့် မင်းတို့နိုင်ငံ
နဲ့ ကမ္ဘောဒီးယားနဲ့က အနေအထားခြင်းတူတူပဲမဟုတ်လား....၊ဘာလို့အလည်လာနေသေးသလဲ လို့
ကျွန်တော့်ကို မေးခွန်းထုတ်လေတော့သည်။သူ့မေးခွန်းနှင့် သူ၏တအံတသြပုံကိုကြည့်ပြီး ကျွန်တော်ပြုံးမိ
သည်။ဘယ်နှယ် ကိုယ့်နိုင်ငံနှင့် တူနေဦးတော့ အလည်မလာသင့်တော့ဘူးတဲ့လားဗျာ....နော့....။သို့သော်
သူမေးသည့်မေးခွန်းကိုတော့ ဒီမှာ ကျွန်တော့်သူငယ်ချင်းတွေရှိလို့ လာတာဟုပဲ ဖြေလိုက်တော့သည်..။

ကျွန်တော်တည်းခိုသည့်ဟိုတယ်နာမည်က Royal Empire Hotel ဟုခေါ်သည်။နေရှင်နယ်လမ်းမကြီးပေါ်
မှာပင်ရှိပါသည်.....။ပထမထပ်ရှိကျွန်တော့်အခန်းဝရန်တာမှကြည့်လိုက်လျှင်သစ်ပင်ပန်းမန်လေးများခြံရံ
လျက်ရှိသည့် ရေကူးကန်လေးကို ကြည်နူးဖွယ်မြင်တွေ့နေရသည်....။ရေကူးချင်စိတ်ပေါက်လာသဖြင့် အဝတ်အစားလဲပြီး ရေဆင်းကူးနေလိုက်သည်...။





ညနေစောင်းတော့ မျှစ်(ကိုထွဋ်)နှင့်အတူ  စီရမ်ရိမှဘလော့ဂါတစ်ဦးဖြစ်သူ အစ်မအိမ်သူတို့အိမ်ဘက်ထွက်
လာခဲ့ကြသည်....။အစ်မအိမ်သူတို့အိမ်ရောက်တော့ မှောင်နေပြီဖြစ်သည်။အစ်မအိမ်သူ၊အစ်မအမျိုးသား
ကိုနေသွေး၊ဘလော့ဂါတစ်ဦးဖြစ်သူ ကို Clozet တို့မှ ကြိုဆိုလျက်ရှိနေပါသည်။ကိုClozet မှ မေးခွန်းတစ်ခု
မေးသည်....။ခမာပြည်ကိုရောက်တော့ ဘယ်လိုခံစားရသလဲဗျ.......တဲ့....။ကျွန်တော်မဆိုင်းမတွ ပြန်ဖြေခဲ့
သည်....၊မြန်မာပြည်ရောက်နေသလိုပါပဲဗျာ.......လို့...။ထိုနေ့ညက ကျွန်တော်တို့ စကားတွေအတော်ပြော
ဖြစ်ခဲ့ကြသည်။အဓိက ကတော့ ခမာပြည်နှင့် ခမာလူမျိုးများအကြောင်းပင်ဖြစ်သည်။

ညနက်ပိုင်းတွင်မတော့ ကျွန်တော်တို့အမျိုးသားလေးဦးသား ဘားကလပ်လေးတစ်ခုတွင်ထိုင်ဖြစ်ကြသည်။
ဆိုင်းအတွင်းပိုင်းတွင်တော့မဟုတ်ပါ။အပြင်ဘက် ဥယျာဉ်ခြံလေးထဲတွင်ပဲဖြစ်ပါသည်။ဘားဆိုင်ထဲအဝင်ဝ
တွင် သေနတ်မယူရ၊လက်ပစ်ဗုံးမယူရ အစရှိသော တားမြစ်ချက်များရေးထားသည့် ဆိုင်းပုဒ်လေးထောင်
ထားသည်ကိုတွေ့ရတော့ အံသြမိရသေးသည်။လုံခြုံရေးတွေမှလည်း တစ်ဦးချင်းဆီကို ရှာဖွေပြီးမှ ဆိုင်ထဲ
အဝင်ခံသည်ကိုလည်းတွေ့ရသည်။အကယ်၍ နယူးယောက်လိုမြို့မျိုးတွင် ဤကဲ့သို့မြင်ကွင်းမျိုးမြင်တွေ့
ရပါက အံသြမိမည်မဟုတ်ပါ။စီရမ်ရိလို အေးချမ်း၊ဆိတ်ငြိမ်သော မြို့သေးသေးလေးတွင် ရုန်းရင်းဆန်ခတ်
မှုများ ရှိကောင်းရှိနေနိုင်သည်ဟူသောအတွေးမျိုး ကျွန်တော့် စိတ်ထဲတွင်ဖြစ်ပေါ်မလာသောကြောင့် ယခု
လို အံသြသွားရခြင်းပင်....။ပထမတော့ အမှတ်တရအနေနှင့် ဆိုင်ထဲဝင်ကြည့်ဦးမည်ဟု စိတ်ကူးမိသေး
သော်လည်း လက်တွေ့တွင်မတော့ ဝင်မကြည့်ဖြစ်ပါချေ။


ညဘက်တွင် ညဥ့်နက်မှ အိပ်ယာဝင်ဖြစ်သော်လည်း နောက်တစ်နေ့မနက်တွင်မတော့ ကျွန်တော်စောစော
နိုးနေပါသည်။ဟိုတယ်မှမနက်စာဘူဖေးကို စိတ်ကြိုက်စားပြီးသော် ကျွန်တော်နှင့် မျှစ်တို့ နှစ်ဦးသား စီရမ်ရိ
၏ နှလုံးသည်းပွတ်မည်သော အန်ကောဝပ်ဘုရားကျောင်းနယ်မြေဆီသို့ ထွက်လာခဲ့သည်။ဝင်ကြေးအနေ
နှင့် တစ်ဦးလျှင် ဒေါ်လာ၂၀ ပေးရ၏။ထို ၂၀မှာ အန်ကောဝပ်ဘုရားကျောင်းကြီးနှင့်တစ်ကွ ပတ်ဝန်းကျင်ရှိ
အခြားဘုရားကျောင်းများအားလုံးနှင့်ပါ အကျုံးဝင်ပါသည်။ကျွန်တော်တို့ ပထမဆုံးအနေနှင့် အန်ကောဝပ်
သို့ မသွားသေးပဲ အခြားဘုရားကျောင်းများကိုအရင် ဝင်ရောက်ကြည့်ရှုရန်ဆုံးဖြတ်လိုက်ကြပါသည်။


( အန်ကောဝပ်ဘုရားကျောင်းနယ်မြေသို့ အဝင်၊လက်မှတ်ရောင်းအဆောက်အဦးပါ )

ကျွန်တော်တို့ ပထမဆုံးသွားဖြစ်သည်က အန်ကောထုံ(Angkor Thom)သို့ဖြစ်ပါသည်။Angkor Thomဆို
သည်က Great City ဟု အဓိပ္ပါယ်ရသည်ဟုဆိုသည်။ထိုအန်ကောထုံသည် ခမာအင်ပါယာကြီး၏ မြို့တော်
ပင်ဖြစ်သည်။သို့သော် ကျွန်တော်တို့သွားရောက်ကြည့်ရှုသည့်အန်ကောထုံကတော့ မြို့တော်၏ဝင်ပေါက်
သာဖြစ်ပါသည်။မြို့တော်သို့ ဝင်ပေါက် တံခါးပေါက် ငါးခုရှိသည့်အနက် တောင်ဘက်တံခါးပေါက်ဖြစ်သည်။

ခမာအင်ပါယာနှင့် မြို့တော်အန်ကောထုံ၊အန်ကောဝပ်ဘုရားကျောင်းတို့ကို ဘုရင် Jayavarmam VII (1125-1200) မှ၁၂ရာစုအကုန် ၁၃ရာစုအစပိုင်းကာလများဆီမှ တည်ထောင်ခဲ့သည်။ဘုရင် ဂျာရာဘာမန်
သည် မဟာယာနဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။သို့သော် ခမာပြည်တွင် နှစ်ပေါင်းများစွာကပင် ဟိန္ဒူ
ဘာသာလွှမ်းမိုးခဲ့သောကြောင့် အန်ကောဝပ်အတွင်း ဟိန္ဒူဘာသာနှင့်ပက်သက်သည့်ရုပ်တုများကိုလည်း
တွေ့ခဲ့ရသည်။ဘုရင်သည် မဟာယာနဝင်ဖြစ်သည့်အလျောက် သူ့ကိုယ်သူ ဗောဓိသတ္တဟု ခံယူထားသည်
ဟုဆိုပါသည်။သူတည်ဆောက်ခဲ့သမျှ ဘုရာကျောင်း၊အဆောက်အဦးများတွင် သူ့မျက်နှာပုံနှင့် တန်ဆာ
ဆင်ထားသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။


မြို့စောင့်နဂါးနဲ့ မြို့တောင်ဘက်ဂိတ်ပါ


ဒီပုံက မြို့ရိုးပေါ်ကနေ မြို့အဝင်လမ်းကို ရိုက်ထားတာပါ....။ကျုံး၊ကျုံးကူးတံတားနှင့် တံတားပေါ်က နဂါးပါ။


အဆိုပါတောင်ဘက် ဂိတ်ပေါက်ကနေ ကျွန်တော်တို့  အန်ကောဝပ်ရဲ့ ယဉ်ကျေးမှုအနုလက်ရာများကြွယ်ဝ
လှတဲ့ ဘိုင်ရွန်( Bayon ) ဘုရာကျောင်းဘက်ဆက်ခဲ့ကြပါတယ်...။

 Bayon ဘုရာကျောင်းပါ။မဟာယာနဗုဒ္ဓဘာသာဘုရားကျောင်းပေမယ့်၊ဒီဘုရားကျောင်းကို ပြန်လည်ပြုပြင်
ခဲ့ကြတဲ့ နှောင်းပိုင်း မင်းတွေက တစ်ချို့ကဟိန္ဒူဘာသာကိုးကွယ်သူတွေဖြစ်သလို၊တစ်ချို့ကထေရဝါဒကိုး
ကွယ်သူတွေလည်းပါလို့ သက်ဆိုင်ရာဘာသာရေးအယူအဆတွေနဲ့ပက်သက်နေတဲ့ ရုပ်တု၊ရုပ်ပုံတွေ ရော
ယှက်နေတာကိုလည်းတွေ့ရပါတယ်...။



အခုလို မျှော်စင်(Tower)ပေါင်း၃၄ခုလောက် ဒီဘုရားကျောင်းမှာပါဝင်ပြီး ဘုရင်ရဲ့မျက်နှာရုပ်ပုံပေါင်း ၂၁၆ခု
ထုဆစ်ထားတယ်လို့သိရပါတယ်။ခမာအင်ပါယာအတွင်းက ဘုရားကျောင်းအားလုံးလိုလိုကိုလေးထောင့်
စပ်စပ်ကျောက်တုံးများ၊ဂဝံကျောက်တုံးများနှင့်တည်ဆောက်ထားပြီး တစ်တုံးနှင့်တစ်တုံးကို မည်သည့်
ဘိလပ်မြေ(သို့)ဘိလပ်မြေကဲ့သို့သောအရာတစ်စုံတစ်ရာနှင့်မျှ တွဲစပ်ထားခြင်းမရှိပါဘူး။ကျောက်တုံးတစ်
တုံးနှင့်တစ်တုံးကို စနစ်တကျစီထပ်ထားခြင်းဖြင့်လည်းကောင်း၊တစ်ချို့နေရာတွေမှာတော့ တစ်တုံးနှင့်တစ်
တုံးလွဲထပ်၍လည်းကောင်း အဆင့်ဆင့်စီထားတာကိုတွေ့ရပါတယ်။ခမာတွေကတော့ သူတို့ရဲ့ ရှေးခေတ်
 နည်းပညာထဲမှာ ယနေ့ခေတ်လူတွေမသိနိုင်တော့တဲ့ Magic တစ်ခုခုပါဝင်နေတယ်လို့ ယုံကြည်ယူဆကြ
ပါတယ်...။(ခက်တာက သူတို့ကိုယ်တိုင်လည်း အဲဒီ Magic ကဘာဆိုတာသိဘူးဗျ...:)))

ကျောက်တုံးမှာမြင်တွေ့ရတဲ့အပေါက်တွေက အဆိုပါကျောက်တုံးတွေကို ဘုရားကျောင်းတည်ဆောက်ရာ
နေရာကို ကြိုးအစရှိတာတွေလျိုပြီး ဆွဲဖို့ ဖောက်ထားတာတွေလို့လည်းပြောကြပါတယ်...။တချို့အပေါက်
တွေက တိုးလျိုပေါက်တွေပေမယ့် အများစုကတော့ အပေါက်ရာသာသာလေးတွေပါပဲ...။တချို့ကတော့
ရတနာပစ္စည်းတွေထာပနာထားတာဖြစ်နိုင်တယ်လို့လည်းယူဆကြပါတယ်...။အန်ကောဝပ်ဘုရားကျောင်း
တည်ဆောက်ပုံ သရုပ်ဖော်ရုပ်ရှင်ကားတစ်ခုမှာတော့ အဆိုပါအပေါက်တွေက ကျောက်တုံးတွေကိုဆွဲယူဖို့
ဖောက်ထားတာဖြစ်တယ်လို့ဆိုပါတယ်...။ကျောက်တုံးတစ်တုံးကို တန်ဝက်ကနေ ၁တန်လောက်ထိ 
အနည်းဆုံးလေးနိုင်ပါတယ်။ဒီလောက်လေးတဲ့ကျောက်တုံးတွေကို ဘယ်လိုနည်းပညာတွေသုံးပြီး ပေပေါင်း
များစွာမြင့်အောင် ထပ်စီခဲ့ကြသလဲဆိုတာကတော့ အတော်စိတ်ဝင်စားစရာကောင်းတာအမှန်ပါပဲဗျာ။



 မျက်နှာပုံကိုအနီးကပ်ဆွဲရိုက်ထားတာပါ။ကျောက်တုံးတွေကို တစ်တုံးနဲ့တစ်တုံး ချုပ်ပြီးထပ်ထားတာကို
တွေ့မြင်ရမှာပါ။

ဟိန္ဒူဘာသာအထိမ်းအမှတ်တစ်ခုပါ၊ရှီဗာလား၊ဗိဿနိုးလား...အဲ့ဘုရားရဲ့.......:))))




ဒီပုံတွေက တော့ ဘုရားကျောင်းနံရံကျောက်သားမျက်နှာပြင်ပေါ်မှာထုလုပ်ထားတဲ့ အနုလက်ရာမြောက်
ရုပ်ပုံတွေပါခင်ဗျာ..။


မြန်မာသက္ကရာဇ် ၁၂-- ၊တပေါင်းလဆန်းမှာ ရောက်သည်တဲ့ခင်ဗျ၊ယခုနှစ်က၁၃၇၄ ဆိုတော့ အနဲဆုံး နှစ်၇၀
တော့ကျော်ပါပြီ။အဲဒီအချိန်ကာလက မြန်မာတွေဘယ်လို၊ဘာကြောင့်ရောက်ခဲ့တယ်၊ဘယ်လမ်းကြောင်းက
နေရောက်လာတယ်ဆိုတာ စိတ်ဝင်စားစရာတော့ကောင်းသားဗျနော်...။နောက်တွေးမိတာတစ်ခုက လွန်ခဲ့
တဲ့နှစ်၇၀လောက်က သူတို့ အန်ကောဝပ်ကို ဘယ်လိုပုံစံနဲ့များတွေ့ခဲ့ပါလိမ့်နော်....။ဖြစ်နိုင်တာတစ်ခုက
ပြင်သစ်ဘာသာရေး၊စီးပွားရေး၊နိုင်ငံရေးသမားတွေကိုအမှီပြုပြီးရောက်ရှိလာတာများလားလို့တွေးနေမိပါ
တယ်...။



ဒီကျောက်စာတိုင်ပေါ်မှာရေးခဲ့တာပါ။ဒီလိုမျိုးမြန်မာစာတွေကို အန်ကောဝပ်ဘုရားကျောင်းမှလည်းတွေ့ခဲ့
ပါတယ်။ကျွန်တော့်ကိုလိုက်ပို့ပြီး အခမဲ့ဂိုက်လုပ်ပေးတဲ့ မျှစ် တောင်အရင်ကတွေ့မိဘူးတဲ့......:)။


ဘိုင်ရွန်ဘုရားကျောင်းမှတစ်ဆင့်သူ့ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ ဘက်ဖွန်( Baphuon) ဘုရားကျောင်း
ရှိရာသို့ ကျွန်တော်တို့ ခရီးဆက်ခဲ့ပါတယ်...။Baphuon ကို ဘုရင် Udayadityavarman II  က ၁၁ရာစုနှစ်
လယ်လောက်မှာ ဟိန္ဒူဘုရားရှီဗာကိုရည်စူးလို့ တည်ခဲ့တယ်လို့ ဆိုပါတယ်ခင်ဗျ။ဘုရားကျောင်းအမြင့်က
မျှော်စင်များမပါ ၃၄မီတာမြင့်ပြီး၊မျှော်စင်ပါဆိုရင်တော့ မီတာ၅၀ထိမြင့်ခဲ့တယ်လို့ဆိုပါတယ်။ဟိန္ဒူဘုရား
ကျောင်းဖြစ်ပေမယ့် ၁၅ရာစုလောက်မှာတော့ ဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ်အသွင်ပြောင်းသွားခဲ့ရပါ
တယ်။၂၀ရာစုနှစ်များမှာတော့ ဘုရားကျောင်းဟာ ကြီးကြီးမားမားပြိုပျက်နေခဲ့တဲ့အတွက်  ပြင်သစ်နိုင်ငံမှ
 ပြန်လည်ပြုပြင်ပေးခဲ့ရပြီး ၂၀၁၁ခုနှစ်ကမှ ဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်။



Baphuon ဘုရားကျောင်း


ဒီပုံကတော့ ဘက်ဖွန်ဘုရားကျောင်းအပေါ်ကနေ ဘုရာကျောင်းအဝင် မုဒ်ဦးနဲ့ အဝင်စင်္ကြန်လမ်းကို
ရိုက်ထားတဲ့ပုံပါ။မြင်တွေ့ရတဲ့ အမိုးခုံးတွေကလည်းကျောက်သားချပ်တွေကို ထပ်ပြီးထားတာဖြစ်ပါတယ်။


ဒီပုံကတော့ ၁၁ရာစုက ဘက်ဖွန်ဘုရားကျောင်းရဲ့ဖြစ်နိုင်ခြေရှိတဲ့ ရေဆေးပန်ချီကားပါ

ဘက်ဖွန်ဘုရားကျောင်းမှတစ်ဆင့် ကျွန်တော်တို့နှစ်ဦးသား Elephant Terrace ဘက်ဆီသို့ ဆက်ထွက်လာ
ကြပါတယ်။ တစ်ချိန်က ၃၅၀မီတာရှည်လျားခဲ့တဲ့ ဒီစင်္ကြန်ဟာ ဘုရင် Jayavarmam VII မှ သူ့ရဲ့အောင်ပွဲခံ
တပ်တွေကို စစ်ဆေးကြည့်ရှုရာ ဗိုလ်ရှုခံစင်မြင့်တစ်ခုပါ။ယခုချိန်မှာတော့ ဒီစင်္ကြန်ရဲ့ ဖောင်ဒေးရှင်းအောက်
ခြေပိုင်းတွေကိုပဲတွေ့မြင်ရပါတော့တယ်။အပေါ်ပိုင်းတွေကတော့ ပျက်ဆီးသွားပါပြီ။








ဒီပုံတွေကတော့ ဗိုလ်ရှုခံစင်မြင့်ရဲ့အောက်ခြေမှာ ထုဆစ်ထားတဲ့ပုံတွေပါပဲ..။ဆင်ပုံတွေကိုအဓိကထားပြီး
ထုဆစ်ထားလို့ Elephant Terrace လို့ခေါ်တယ်ထင်ပါရဲ့ခင်ဗျာ။ဒီနေရာမှာ စီရမ်ရိ ဆိုတဲ့စကားရဲ့အဓိပ္ပာယ်
ကိုပြောပြချင်ပါတယ်..။ Siem ဆိုတာက ထိုင်းကိုခေါ်တာဖြစ်ပြီး Reap ကတော့ အောင်နိုင်ခြင်းလို့အဓိပ္ပာယ်
ရပါသတဲ့....။ဆိုတော့ Siem Reap ဆိုတာ ထိုင်းကိုအောင်နိုင်ခြင်းပေါ့ခင်ဗျာ။ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ
သိပ်တော့တည့်လှတယ်မဟုတ်ဘူးတဲ့ခင်ဗျ။တလောကတောင် နယ်စပ်မှာပစ်ကြခတ်ကြပါသေးတယ်...။
ခမာတွေဟာ သူတို့အင်ပါယာကြီးကောင်းစားစဉ်အခါက ထိုင်းတွေကို စစ်နိုင်ခဲ့ဖူးပါတယ်...။ယခုပုံတွေက
လည်း ထိုစစ်ပွဲကို ရည်ညွှန်းသရုပ်ဖော်ထားတာလို့သိရပါတယ်ခင်ဗျ။ထိုင်းကိုစစ်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အ
ဖြစ် တည်ဆောက်ခဲ့တယ်ဆိုပါတယ်...။


အဲဒီ Tarrace of Elephant နဲ့ကပ်လျက်မှာ Terrace of Leper King ဆိုတာလည်းရှိပါသေးတယ်။တည်
ဆောက်ခဲ့သူကလည်း ဘုရင် Jayavarman VII ပဲဖြစ်ပါတယ်။ဗိုလ်ရှုခံစင်မြင့်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျ...။






ဒါကတော့ အဲဒီစင်မြင့်တွေနဲ့မျက်နှာချင်းဆိုင်က အဆောက်အဦးငယ်တွေပါ။ဘုရင်ရဲ့ စာကြည့်တိုက်တွေ
လို့ဆိုကြသလို၊မိဖုရားအဆောင်တွေလို့လည်းပြောကြပါတယ်...။မည်သည့်အဆောက်အဦးပဲဖြစ်စေကာမူ
အတော်သေးတာတော့အမှန်ပါပဲ။



ဒါကတော့ အရိပ်ကောင်းကောင်းသစ်ပင်အောက်က  မဝင်ရဆိုင်းပုဒ်နဲ့  အဲ့ဆိုင်းပုဒ်အောက်က  လူတစ်
ယောက်ရဲ့ ဓာတ်ပုံပါ။(အမှတ်တမဲ့တော့ ဘယ်နှယ်ဒီဆိုင်းပုဒ်က သစ်ပင်အောက်ရောက်နေပါလိမ့်၊ဒီလို
ဆိုင်းပုဒ်မျိုးဆိုတာ တစ်လမ်းမောင်းလမ်းတွေရဲ့ ဆန့်ကျင်ဘက်အထွက်ပေါက်လိုနေရာမျိုးမှာပဲ ထားတတ်
တာ...၊ဘာလို့သစ်ပင်အောက်လာထားတာပါလိမ့်လို့ အတွေးခေါင်နေသေးဗျ၊နောက်မှ ကားပါကင်မထိုးရ
ဆိုတဲ့ ဆိုင်းပုဒ်ဖြစ်မယ်လို့တွေးမိပါတယ်...:)))။ဘာပဲဖြစ်ဖြစ် အမှတ်တရအနေနဲ့တင်လိုက်ပါတယ်ဗျာ...။
အဲဒီလူကိုလည်းခွင့်ပြုချက်တောင်းပါတယ်...။သူကချောတဲ့ပုံဆို တင်သာတင်ပါတဲ့...၊ဟုတ်ကဲ့....ချောတယ်
လို့ ပြောပေးလိုက်ကြပါခင်ဗျား.....:)))))


 ဒါလေးကတော့ ခမာတုတ်တုတ်လေးပါ။ထိုင်းတုတ်တုတ်နဲ့မတူပါဘူး...၊ထိုင်းကတုတ်တုတ်က တုတ်တုတ်
စစ်တယ်ဗျ။ခမာတုတ်တုတ်ကတော့ ဆိုင်ကယ်ကို နောက်တွဲတပ်ထားတာပါပဲခင်ဗျာ...။ဒါလည်းအမှတ်တရ
တင်လိုက်ပါတယ်....။

အဲဒီနောက်မှာတော့ ကျွန်တော်တို့ နေ့လည်စာစားဖို့ မြို့ထဲပြန်ခဲ့ကြပါတယ်။မြို့ထဲကTonleChaktomuk
buffet ဆိုင်မှာ စားဖြစ်ပါတယ်...၊ဘူဖေးဆိုင်ရဲ့ပုံတွေကို အစားငမ်းနေတာနဲ့ ဓာတ်ပုံရိုက်ဖို့မေ့သွားတယ်ဗျ။
ဆိုင်ရှင်က ထိုင်းအမျိုးသမီးတစ်ဦးပါ။ထမင်းစားပြီးတော့ ဘုရားကျောင်းတွေဖက်တစ်ခါပြန်ထွက်ခဲ့ကြပါ
တယ်ခင်ဗျား.....။

                                                                                                                                      ဆက်ရန်

28 comments:

မြန်မာမုဒိတာလူငယ်များ said...

ရှားပါးကာလသို့ ရောက်လေသောအခါ သွားထားသမျှအား လက်နက်ပုန်းအဖြစ် ထုတ်သုံးလေတော့သည်။

စံပယ်ချို said...

အစ အဆုံးထိအောင်ပုံတွေကြည့်ပြီး
ကိုယ့်ကိုကိုယ်တောင် ပြန်မေးမိမလိုပါပဲ
တူတူသွားခဲ့တာများလားလို့
ဗဟုသုတတွေလဲအများကြီးရလိုက်တယ်

ko said...

အကိုရေ ဆက်ရန်လေးမျှော်နေတယ်နော် မြန်မြန်လေးတင်ပါအုံး ပြီးတော့ ခရီးစရိတ် စားစရိတ် အကုန်ဘယ်လောက်ကုန်ခဲ့လဲဆိုတာလေး ပြောပြပါလား အဲ့ကို သွားချင်လို့ပါ

ko said...

အကိုရေးထားတဲ့စာအရဆိုရင် ဒီ Angkor Thom အဝန်းအဝိုင်းထဲမှာ လေ့လာစရာ ၅ မျိုးရှိတာပေါ့နော်..
၁။ Bayon ဘုရာကျောင်း
၂။ Baphuon ဘုရားကျောင်း
၃။ Tarrace of Elephant
၎။ Terrace of Leper King
၅။ ဘုရင်ရဲ့ စာကြည့်တိုက်(သို့) မိဖုရားဆောင်များ

ဘုရားကျောင်းတွေ အပေါ်ကိုတက်ခွင့်ပေးလားဗျ ...ကြံခိုင်မှုအရ တချို့နေရာတွေ ပေးမတက်ဘူးကြားလို့ပါ..ဒီတက်မကခရီးသွားနိုင်ပါစေဗျာ

မဒမ်ကိုး said...

ဘယ်တုတ်တုတ် တူတူမတူတူ မြန်မာဆိုက်ကားကိုဘယ်သူမှီတုန်း )))
ဒါနဲ့သစ်ပင်အောက်မှာရပ်နေတဲ့သူက အရူးမဟုတ်လား

သူမိန်းမဂျီးက အသက် 900 တဲ့ အဟက်း))

မတူး said...

ဖတ်ဖူးတာတခုကိုမှတ်မိနေတာက ၁၈၅၀ ခန့် ကမက်ခရာမင်းသားကြီးကိုလုပ်ကြံ့တဲ့ မြင်ကွန်းမင်းသား၂ပါးကမန်းလေးကနေ အဲဒီခောတ် အင်ဂလိပ်လက်အောက်မှာရှိတဲ့ ရန်ကုန်ကိုပြေးကြပြီး ပြင်သစ်ကုန်သည်တွေ အကူအညီနဲ့ သင်းဘော နဲ့ အဲ့ကိုဆက်ပြေးကြတာ တပည့်တပန်း အစုံနဲ့ ဆိုင်ဂုံထိရောက်ရောဆို ဘဲ မင်းသားကြီးတွေက အဲ့ က မိန်းမနဲ့ တောင်အိမ်ထောင်ကျပြီး သားသမီးတွေ တောင်ရှိကြသတဲ့ အသိရှိတယ်ဆိုရင်ဆက်စုံစမ်းကြည့်ရင်မြန်မာအမျိုးတွေ ကိုတောင်တွေ့ နိုင်မယ်ထင်တယ်နော် ဒါပေမဲ့ မြန်မာတွေလို့ လဲ ပြောချင်မှပြောတော့မယ်ထင်ရဲ့ မြန်မာပြည်ကဆင်းရဲ နေတော့လေ တနေ့ တော့သွားလည်မယ်လို့ အဲ့ ဒီတုန်းကထဲကတွေးထားတာ တနေ့ နေ့ ပေါ့

နေ၀သန် said...

အင်း.. အိကုနဲ့ အတူတူရောက်သွားသလိုပဲ.. သဘောကျချက်ဗျာ... တခြားသိတာလေးတွေ တင်ပါဦးဗျ..း)))

ခင်မင်လျက်
နေ၀သန်

Anonymous said...

ဗိုလ်ရှုသဘင်ရဲ့အရှေ့က အဆောက်အဦးအငယ်လေးတွေမှာ ကချေသည်ဒါမှမဟုတ် မိဖုရားတွေ အလှပြင်တဲ့နေရာလို့ မှတ်သားဖူးပါတယ်။
ခမာဆိုတာမွန်လူမျိုးတွေနဲ့ ဆက်စပ်နေပါတယ်။ မြန်မာလူမျိုးစုတွေ အဲ့ဒီတိုင်းပြည်ထဲမှာ လက်ရှိနေထိုင်လျက်ရှိကြောင်းလည်း ဖတ်ဖူးပါတယ်။

အပေါ်ကမတူး. ဆိုင်ဂုံက ဗီယက်နမ်ဖြစ်ပြီး ဆီယမ်ရိက ကမ္ဗောဒီယားဖြစ်နေပါတယ်။ ဗီယက်နမ်မှာ မြင်ကွန်းမြင်းခုံတိုင်မင်းသားကြီးမျိုးဆက်များသတင်းအစအန မရရှိပါ။ တင့်နိုင်တိုးတို့လို သမိုင်းလှန်သူတွေများ ရှာဖွေပေးနိုင်ရင် အင်မတန် တန်ဖိုးရှိမှာအမှန်ပါပဲ။

AH said...

ဒုတိယပိုင်းကို မျှော်နေမယ်ဗျို့... ခုလို စုံစုံညီညီတွေ့ရတော့ ၀မ်းသာပါတယ် အစ်ကို....

Anonymous said...

ဒက်ပုံ များ လှ၏
သစ်ပင်အောင်က ဘူဒုံး ထွားထှာ
အဟက်
ဟယ် ..... ချစ်က်ွနလိုအပေိုင်းလိုက်တောပ့ါ

Anonymous said...

ခင်မာချင်းတူပီးသူခင်မာက ပိုလချတယ် အင့်းဟင့်

သဒ္ဓါလှိုင်း said...

ရှေးဟောင်းမြို့တစ်ခုကို ရောက်ခဲ့ရလို့ ကျေးဇူးပါ.။ ဆက်ရန်ဆိုတော့ ဆက်မျှော်ရပြီပေါ့.

ခင်မင်လျက်
သဒ္ဓါ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မသိသေးတဲ့ အကြောင်းရာလည်း သိခွင့်ရလိုက်တယ်။
မရောက်ဖူးသေးတဲ့ ဒေသကိုလည်း သိကျွမ်းသိတယ်။

ကျေးဇူးတင်ပါတယ်။

ခင်မင်လျက်
မြတ်

ညိမ်းနိုင် said...

MMYG >>> ဘယ်ကသာ...၊ခေါင်းထဲမှာအများကြီး
ရှိသေးတယ်..လာမယ်မပူနဲ့..လက်နက်ကြီးတွေ :p

Jasmine >>> အားပေးတာကျေးဇူးတင်ပါတယ်ဗျာ
နောက်အပိုင်းတွေကျရင်လည်း တူတူလိုက်ခဲ့ပါဗျာ၊ဖိတ်
ခေါ်ပါတယ်။

KO>>> အဲဒီငါးနေရာတင်မကပါဘူးခင်ဗျာ..ဘုရား
ကျောင်းတွေကျန်ပါသေးတယ်။နောက်ပို့စ်ကျရင်
ကုန်ကျစားရိတ်တွေပါတင်ပေးပါ့မယ်။ဟုတ်ပါတယ်
တချို့ဘုရားကျောင်းတွေက အပေါ်တက်ခွင့်မပေး
တော့ပါဘူးခင်ဗျ။

မဒမ်ကိုး>>>ဒါပေါ့ဗျာ မြန့်မာဆိုက်ကား ကမ္ဘာကို
လွှမ်းစေရမည်ပေါ့....:))))

မတူး>>>ဟုတ်ကဲ့ခင်ဗျ၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်မှာ
မိတ်ဆွေတွေရှိပေမယ့် သူတို့အလုပ်နဲ့သူတို့ဆိုတော့
စုံစမ်းပေးနိုင်မယ်မထင်လို့ အပူမကပ်တော့ပါဘူးဗျာ၊
စီရမ်ရိကတော့ အလည်သွားသင့်တဲ့နေရာတစ်ခုအဖြစ်
ထောက်ခံတယ်ဗျိုး....

ညိမ်းနိုင် said...

နေဝသန်>>> နောက်ထပ်တင်ပါဦးမယ်၊စိတ်သာချ....:))))

အမည်မသိ>>>ခုလိုလိုအပ်တာလေးတွေကို ပြေပြပေးတာ
ကျေးဇူးပါဗျာ။မိဖုရားတွေအလှပြင်တဲ့အဆောင်ဆိုတာ
အများကြီးဖြစ်နိုင်တယ်ဗျ။

AH>>>ကိုအေအိပ်ခ်ျရေ.....အမြတ်ဆုံးရေးပါ့မယ်ဗျာ...:)

ရဲထွန်းဇော်>>>ခင်မာချင်းတူတူပါပဲဟာ ပုံထွက်တွေလည်းတူတူပါပဲဟ....။

မသဒ္ဒါ>>>ဒုတိယပိုင်းမှာ အန်ကောဝပ်ပါ ပါလာတော့
မှာဗျ...အဲ့ကျပိုလှတယ်....:)))

မမြတ်ပန်းနွယ်>>>လာလည်တာကို ကျွန်တော်က
ကျေးဇူးတင်ရမှာပါဗျာ.....။

Anonymous said...

ညိမ်းနိုင် >>>> အွန့်

ဟန်ကြည် said...

အန်ကောဝတ်ကတော့ လေ့လာစရာတွေ မကုန်နိုင်တဲ့ တကယ့်ရှေးဟောင် အမွေအနှစ် ရတနာသိုက်ကြီးပေါ့ ကငြိမ်းနိုင်ရေ...နှိုက်နှိုက်ချွတ်ချွတ်ရိုက်ခဲ့မယ်ထင်တဲ့ အန်ကောဝတ်ရဲ့ ဖွဲ့စည်းပုံတွေ ပန်းကြွလက်ရာဓာတ်ပုံတွေကိုလည်း စောင့်မျှော်လျှက်ပါဗျား...

Candy said...

ခမာပြည်ကို တကယ်ရောက်သွားသလိုပဲ
ပုဂံအတိုင်းပဲနော်... အရမ်းမိုက်တယ်

ဗဟုသုတလည်း ရတယ်.. ကျေးကျေးဗျို့

ပစ်ပစ် said...

ကျောက်စာတိုင်ပေါ်က မြန်မာလို
သက္ကရာဇ်ဘယ်လောက်မှာရောက်ခဲ့သည်လို့
ရေးထားတဲ့အကြောင်းကို
အရင်တုန်းကလည်း
မဂ္ဂဇင်းတခုမှာဖတ်ဖူးတယ် ကညိမ်း..
ကိုယ်တိုင်ရောက်သွားသလိုပါဘဲ..
ပုံရောစာရောပြည့်ပြည့်စုံစုံရေးထားလို့

khin oo may said...

ဒီလိုသာရေးရမယ်ဆိုရင်ခက်ရချည်ရဲ့။

ညီလင်းသစ် said...

ကိုညိမ်းနိုင်ရဲ့ အိပ်မက်လေး နိုးထလာတဲ့ အကြောင်း ဖတ်ရတာ သဘောကျစရာ ကောင်းလိုက်တာဗျာ..၊ မာတင်လူသာကင်းရဲ့ နာမည်ကျော် I have a dream မိန့်ခွန်းကိုတောင် ဖြတ်ကနဲ ပြေးမြင်လိုက် သေးတယ်၊း)

ရှုခင်းတွေကို သဘောကျတယ်၊ အထူးသဖြင့် ဓါတ်ပုံတွေက အနီးကပ် ရိုက်ထားခဲ့လို့ ထပ်စီထားတယ် ဆိုတဲ့ ကျောက်ချပ်တွေကို သေသေချာချာ မြင်ရတယ်၊ ကျောက်က သဲကျောက် အမျိုးအစားလားဗျ ကိုညိမ်းနိုင်? ကျနော်တို့ ပုဂံက နန်းဘုရားကို အမှတ်ရ မိတယ်၊ ပုဂံ Zone fee ထက် ၁၀ ဒေါ်လာ ပိုပေးရတဲ့ ခရီးကို အမုန်းလည်ဖို့ စောင့်နေတယ်ဗျို့...။းD

မအိမ်သူ said...

ပိုင်လင်းမြို့ ဘတ်တပေါင်းမြို့တို့ဘက်မှာ ဟိုးအရင်က ရှေးမြန်မာတွေ နေသွားခဲ့ဖူးတယ်လို့ ကြားဖူးတယ်။ ပိုင်လင်းမှာ မြန်မာတွေတည်ခဲ့တဲ့ ဘုရားတစ်ဆူရှိတယ်လေ။ အခု ကမ္ဘောဒီးယားက မြန်မာတွေနဲ့ ဦးပြုံးမောင်မောင်တို့တွေ ပြန်ပြင်ပြီး တည်နေကြတာ ပြီးတောင်ပြီးတော့မယ်။ နောက်တခေါက်လာရင် သွားကြည့်ပါလား။ တစ်ညအိပ်လောက်တော့ အချိန်ပေးရလိမ့်မယ်။ ကိုညိမ်းနိုင်ရေးတာ ဖတ်ပြီးတော့ အရင်က ဒီမှာနှစ်အတော်ကြာကြာ နေသွားဖူးတဲ့ အင်ဂျင်နီယာ အကိုကြီးတစ်ယောက်ပြောတာကို သတိရသွားတယ်။ သူ ကမ္ဘောဒီးယားကိုရောက်လာတာ အန်ကောဝပ်ကို စောင့်တဲ့ ဘီလူးကြီးလေးကောင်နဲ့ ပဌာန်းဆက်ရှိလို့ ရောက်လာတာတဲ့။ အခုတော့ အဲဒီအကိုကြီးလဲ စင်္ကာပူရောက်သွားပြီ။း)) ကိုညိမ်းနိုင်ကော ခမာပြည်ရောက်တုံး အိပ်မက်လေးဘာလေး မမက်ဖူးလား။ အပ်ဆာရာ နတ်သမီးတွေ ဘာတွေနဲ့ ပဌာန်းဆက်များရှိသလားလို့... :D

လွင်ပြင်လှိုင်းငယ် said...

ဓါတ်ပုံလေးတွေ လှတယ်

နှင်းနုလွင် said...

စာတွေကို ဗဟုသုတအနေနဲ့ မှတ်သွားပြီး
ပုံတွေကိုလည်း ငေးမောသွားတယ်ဗျို့

မေ said...

ငေးရင်း မောရင်း တွေးရင်း တောရင်း ......... :)

ညိမ်းနိုင် said...

ဆရာကြည် >>>ရိုက်တော့ရိုက်လာခဲ့တယ်ဆရာရေ...
ဒါပေမယ့် တစ်ပုံမှကို ကိုယ့်ဟာကိုယ်မကြိုက်....:)

Candy >>>ကျေးကျေးဆို မုန့်ဝယ်ကျွေးလေး...:)

ပစ်ပစ်>>> ပစ်ပစ်ရေ အန်ကောဝပ်မှာလည်း တွေ့ခဲ့
သေးတယ်....နောက်ပိုစ်မှာမျှော်...:)

အစ်မကွန်>>> ဒီလိုပဲရေးလိုက်တာပါပဲ..ခက်စ်စရာ
လားလို့...:)

ကိုညီလင်းသစ်>>>ဟုတ်တယ်အကို သဲကျောက်
အမျိုးအစားတွေပါ။အဲ့သဲကျောက်တုံးတွေကို မျက်နှာ
ပြင်ညီအောင် တစ်တုံးနဲ့တစ်တုံးပွတ်တိုက်ပြီး စား
ပလိုက်တာတဲ့...။

အစ်မအိမ်သူ>>>ဖြစ်နိုင်တာက ခမာပြည်က ဘီဘီ
ဆိုင်တွေနဲ့ ပဌာန်းဆက်ပါတာဖြစ်နိုင်တယ်ဗျ..:P

ကိုလွင်ပြင်၊မနှင်းနုလွင်၊မမေ >>>အားပေးတာကျေး
ဇူးတင်ပါတယ်ခင်ဗျာ

San San Htun said...

ဓာတ်ပုံတွေ တကယ်ကောင်းတယ်..ကျောက်တုံးတွေနဲ့  တည်ဆောက်ထားတာ ထူးဆန်းတယ်..ပိုက်ပိုက် မကုန်ဘဲ ဗဟုသုတ တိုးတဲ့အတွက် ကျေးဇူး ကိုညိမ်းနိုင်

Anonymous said...

ဘန်ကောက်ကနေ စိရီယမ်ကိုအသွားအပြန် $၅၅၀ ဆိုလို့ ငုတ်တုတ်မေ့သွားတယ် ဘယ်အချိန်သွားရင်အကောင်းဆုံးလဲလို့ သိချင်လိုက်တာအချိန်ရသတိရရင်ကုန်ကျစားရိတ်လေးသိပါရစေ ကျေးဇူးပါ