Saturday, October 13, 2012

အဘပြောင် သို့ ပေးစာတစ်စောင်

"တစ်နေ့ကပဲ အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်" လို့ ကျွန်တော်တို့ရဲ့ ချစ်စွာ
သော သမဒဂျီး ဘပြောင်က ကာရီးယိုးမှာ မြန်မာစာသင်သားတွေနဲ့တွေ့တော့ ပြောသွားတယ် ဆိုတဲ့အ
ကြောင်း ခုဏလေးတင် ဖဘမှာသယ်ရင်းတစ်ယောက်ရှယ်လို့ဖတ်လိုက်ရတယ်...၊မူရင်းတင်တဲ့သူကတော့
 အဲ့နေရာရောက်တော့ မျက်ရည်တောင်ကျသတဲ့....၊အဲ့စကားကို ဘပြောင်တကယ်ပြောခဲ့တယ်ဆိုရင်......
ကျွန်တော်လည်း " ကြေကွဲစရာပါလား....ဘပြောင်ရယ်...." လို့ Rဇာနည့်လေသံနဲ့ ငိုချင်းတောင်ချလိုက်
ချင်သေးရဲ့......။

ကျွန်တော်တို့မြန်မာပြည်ရဲ့ စီးပွားရေးဆိုတာ အမေဂျီးကားက ဖွင့်ပေးလိုက်တာနဲ့ အပ်ချလောင်းဆို
ဝုန်းကနဲ ခုန်တက်မယ်များ မှတ်နေသလား ဘပြောင်....၊တိုင်းပြည်ဖွံဖြိုးတိုးတတ်ဖို့ အခြားတိုင်းပြည်တစ်

ပြည်ကို မျက်နှာချိုသွေး၊အားကိုးနေဖို့ရော လိုသတဲ့လား ဘပြောင်ရဲ့၊အရင့်အရင်တုန်းကတော့ ဘယ်သူ

ဘယ်လောက်ပိတ်ပိတ် တို့မမှုဘူးဆို....၊ခုတော့ လေသံတစ်မျိုးပြောင်းပါရောလား.....သမဒဂျီးရယ်....။

တကယ့်တကယ်တမ်းသာ တိုင်းပြည်ကို တကယ့်ကိုဖွံ့ဖြိုးတိုးတတ်စေချင်တယ်ဆိုရင် ကိုယ့်ပြည်တွင်းမှာ
စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ရမယ်ဆိုတာ ဘပြောင်လည်းမသိမဟုတ်...။ခုခေတ်အခြေအနေ
လို  လက်ထဲမယ် အာဏာမြဲမြဲဆုတ်ကိုင်ထားဆဲ ဘဘဂျီးတွေနဲ့ ဆွေမျိုးစပ်လို့ ပူးပေါင်းပြီး တိုင်းပြည်ရဲ့
 သယံဇာတတွေကို ဘိုးဘွားပိုင်သဘောထားလို့ လုပ်ချင်တိုင်းလုပ်နေတဲ့ ဝိသမသမားစစ်စစ်လက်တစ်
ဆုတ်စာလူတစ်စုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့မယ်ဆိုရင်၊

အရင်းနဲသူရော အရင်းများသူပါ ဈေးကွက်ရဲ့တောင်းဆိုလိုအပ်ချက်နဲ့အညီ လွတ်လပ်စွာ စီးပွားရှာနိုင်တဲ့
စီးပွားရေးစနစ်တစ်ရပ် ရှင်သန်ထမြောက်လာမယ်ဆိုရင်၊မလိုအပ်တဲ့ ဥပဒေတွေကို ဖြုတ်၊လိုအပ်တဲ့ဥပဒေ
တွေကို ပြဌာန်းနိုင်ခဲ့မယ်ဆိုရင်၊သဘာဝကအမွေပေးထားတဲ့ သယံဇာတတွေကို တိုင်းရင်းသားပြည်သူအား
လုံး အကျိုးခံစားခွင့်ရှိအောင် စီမံခန့်ခွဲနိုင်ခဲ့မယ်ဆိုရင်၊ ကျွန်တော်တို့မြန်မာပြည်ရဲ့ စီးပွားရေးက မဖွံ့ဖြိုး
စရာ မရှိပါဘူး ဘပြောင်ရယ်....။



ပြီးတော့ ကိုယ့်ဘက်ကသာစစ်မှန်တဲ့ လမ်းကြောင်းကိုလျှောက်နေမယ်ဆိုရင် ဘယ်သူ့ကိုမှ မျက်နှာ
ချိုသွေးနေစရာမလိုပါဘူး၊ဟိုကသူ့အလိုလိုဖွင့်ပေးမှာပါ..၊ခုဖွင့်ပေးတာလည်းဘပြောင်လမ်းကြောင်းမှန်ကို
 လျှောက်နေတယ်ဆိုတာကို ထောက်ခံအားပေးတဲ့အနေနဲ့ဖွင့်ပေးလာတာတွေပါ...၊ဘပြောင် ဒီထက်ပိုပြီး
မှန်ကန်သောလမ်းကြောင်းပေါ် ရဲရဲတင်းတင်း လျှောက်ရဲလာအောင် တွန်းအားပေးလာ ခဲ့တာတွေပါ.....။
ဘပြောင် မဟုတ်တာလုပ်ရင် သေလောက်အောင်မျက်နှာချိုသွေးတော့ ပွင့်လာမယ်မထင်နဲ့......။

ကျွန်တော်တို့ဒေါ်စုကိုပဲကြည့် ဟီလာရီနဲ့ဆက်ဆံတာ တန်းတူရည်တူ ချစ်ချစ်ခင်ခင်ပဲ....၊အိုဘာမားနဲ့
လည်းဒီအတိုင်းပဲ...သူ ဘယ်သူ့မှမျက်နှာချိုသွေးစရာမလိုပါဘူး...၊မျက်နှာချိုလည်း မသွေးခဲ့ပါဘူး..၊သူ့
ဘာသာသူရွေးချယ်ခဲ့တဲ့လမ်းကြောင်းကိုတစ်စိုက်မတ်မတ် လျှောက်လှမ်းခဲ့တဲ့သူပါ..။သူမှန်တဲ့လမ်းကြောင်း
ပေါ်မှာ မားမားမတ်မတ်ရပ်တည်နေသရွေ့ တကမ္ဘာလုံးက သူ့ကို ထောက်ခံအားပေးမှာအသေအချာပါပဲ။

ပြီး...ဘပြောင်ပြောသွားတာ ရှိသေးတယ်....စည်းလုံးညီညွှတ်ဖို့ ထင်းစည်းလေးချိုးပြနေရတုန်း....တဲ့....
ခက်တာပဲ ဘပြောင်ရယ်...သံသရာနဲ့ချီပြီး ဒုက္ခသုက္ခရောက်၊ကိုယ့်ပြည်နယ်ကထွက်တဲ့ကိုယ့်သယံဇာတ
မှကိုယ်ပြောင်ပြောင်တင်းတင်း မသုံးစွဲခဲ့ရတဲ့ ကိုယ့်သွေးချင်းတွေကို သူရို့ ခံစားစံစားသင့်တာကို သူတို့ကို
ပြန်ပေးလိုက်...၊သူရို့ ကြမ္မာသူရို့ ဖန်တီးခွင့်ပေးလိုက်ရင် မတည့်စရာမရှိပါဘူးဗျာ။ခွဲထွက်မှာတွေဘာတွေ
မပူပါနဲ့....၊သူရို့ဘာသာ လွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရရင် အလုပ်ရှုပ်ခံပြီး ခွဲထွက်ခွင့်
တွေဘာတွေမတောင်းပါဘူးဗျ..၊

ဗိုလ်ချုပ်ပြောခဲ့သလို ခွဲထွက်ခွင့်က သူတို့ရပိုင်ခွင့်၊ မခွဲထွက်ချင်အောင်လုပ်ပေးရမှာက ကိုယ့်တာဝန် ပဲ
မဟုတ်လားဗျာ...၊ငြိမ်းချမ်းရေးဆိုတာ နားလည်၊ယုံကြည်မှုနဲ့အတူ၊လွတ်လပ်ခြင်း၊ညီမျှခြင်း၊တန်းတူညီတူ
ရှိခြင်းတွေနဲ့ပါ တည်ဆောက်မှ ရမှာ ဘပြောင်ရဲ့...၊အဲ့လိုမှ မဟုတ်ပဲ...မင်း....တို့လက်တွေ လေထဲမှာ
မြှောက်ထားလိုက်.....ပြီးမှ လွှတ်တော်ထဲဝင် ထိုင်ငိုက်ကြ လို့ သွားပြောတော့ ဘယ်သူက ဘပြောင်တို့ကို
ယုံမတဲ့လဲ......၊ထင်းစည်းလေးချိုးပြပြီး ချီးတုံးဂျီးသည် ခွန်အား အဲ.....စည်းလုံးခြင်းသည် ခွန်အား လုပ်နေ
လို့ကတော့ ဟိုဘက်က ကျည်ဆန်ပဲ ပြန်ပေးလိမ့်မယ်...ဘပြောင်.....။
 
ခုတော့ ဘပြောင်လည်း သမဒဂျီးဖြစ်တာ တစ်နှစ်ကျော်ပြီ...၊တိုင်းပြည်မလဲ ရှုပ်ထွေးပွေလီနေလိုက်တာ 
သပွတ်အူကတောင် အဖေခေါ်ရ...။ဘပြောင်လည်း တီလုပ်ကိုအရှုံးပေးရ၊ခေါ်တောကို အညံခံရ၊အနောက်
က ဘွားတော်ကြီးကို မျက်နှာချိုသွေးရ နဲ့ ရစရာကိုမရှိတော့ဘူး...၊တိုင်းပြည်တွင်းမှာလည်း ဘယ်ဘက်က
မှ ဖွံဖြိုးတိုးတက် လာတာမတွေ့ရပါလားဗျာ....။
 
ခုတော့ ကျွန်တော်တို့ တိုင်းပြည်ကြီးက ရိုးတံကကြဲကြဲ၊ကိုင်းဖျားကိုင်းနားတွေလည်း ခြောက်သွေ့၊ ပင်စည်
မှာလည်း အက်ကြောင်းတွေထ၊ရေသောက်မြစ်တွေလည်း သေလုခမန်းဖြစ်နေတဲ့ သစ်ပင်ကြီးတစ်ပင်လို
ဖြစ်နေပြီ ဘပြောင်...၊ဒီကြားထဲ ဘယ် ကလေကဝက ရောက်လာမှန်းမသိတဲ့ ပညောင်ပင်တစ်ပင်ကလည်း
သစ်ခွကြားလာပေါက်ရာကနေ ပင်စည်ကြီးတစ်ပင်လုံးကိုပါ ဝါးမြိုဖုံးလွှမ်းဖို့ အားယူနေပြီဘပြောင်...၊ကိုယ့်
ဘေးနားမှာ ပေါက်နေတဲ့ ကိုယ့်ထက် ၁၀ဆလောက်ကြီးတဲ့ သစ်ပင်ကြီးကလည်း အရိပ်လွမ်းမိုးနေလိုက်
သေးရဲ့။အဲ....စိမ်းစိမ်းလန်းလန်းရှိမယ့် ရှိတော့ ဟိုးထိပ်ဖျားက ဘယ်သူမှ မတို့မထိဝံ့တဲ့ " နတ်နေကိုင်း "
တွေကတော့ ထောင် ထောင် ထောင် ထောင် နဲ့ပါလား ဘပြောင်ရေ....။

ဘပြောင်ရေ....ဘပြောင်မှာသာ ကိုယ့်တိုင်းပြည်ကို တကယ်ဖွံဖြိုးတိုးတတ်စေချင်တယ်ဆိုရင်၊ကိုယ့်တိုင်း
ပြည်အပေါ် စေတနာတကယ်ရှိတယ်ဆိုရင် သစ်ပင်ကြီးရဲ့ အကိုင်းအခက်အလက်နဲ့တူတဲ့ တိုင်းသူပြည်
သားတွေ ဝေစည်ဖွံ့ဖြိုးလာအောင်၊ကွဲအက်နေတဲ့ ပြည်ထောင်စုပင်စည်ကြီး စုစည်းမိအောင်၊တိုင်းပြည့်
ရေသောက်မြစ်ဖြစ်တဲ့ လူစွမ်းအားနဲ့သဘာဝသယံဇာတအရင်းအမြစ်တွေ စဉ်ဆက်မပြက်ဖွံဖြိုးတိုးတတ်
နေအောင် လုပ်ရမယ်ဆိုတာ ဘပြောင်လည်းမသိမဟုတ်....။ပြီး ကလေကဝလာပေါက်နေတဲ့ ပညောင်ပင်
ပေါက်ကိုလည်း အပြီးတိုင်သင်းသတ်ဖယ်ရှားပစ်ရမှာဖြစ်သလို ကိုယ့်ကို အရိပ်ထိုးနေတဲ့ နံဘေးက သစ်ပင်
ကြီးရဲ့ လောင်းရိပ်အောက်ကလည်း ပညာသားပါပါ ယိမ်းနွဲ့ ရှောင်ရှားနိုင်ရမယ် မဟုတ်လား....။နောက်ပြီး
ဘယ်သူမှ မတို့ရဲ မထိရဲတဲ့ နတ်နေကိုင်းလို အခွင့်ထူးခံ လူတန်းစားတစ်သိုက်ကိုလည်း ဖယ်ပစ်ရှားပစ်
ရမယ် ဘပြောင်......။

ဘပြောင်ရေ.......နိုင်ငံအုပ်ချုပ်မင်းလုပ်တဲ့သူဆိုတာ ရိုးဂုဏ်လေးတစ်ခုရှိရုံနဲ့မရဘူး ဘပြောင်ရဲ့၊လုပ်စရာ
ကိုင်စရာရှိတာကို ပြတ်ပြတ်သားသားကိုင်တွယ်နိုင်ရတယ်...၊ဒီလိုပြောလို့ မနေ့တစ်နေ့ကအထိ နိုင်ငံ
အုပ်ချုပ် ထင်ရာလုပ်သွားတဲ့ ဟိုဘဘဂျီးလို ရက်စက်ရမယ်ပြောတာမဟုတ်ဘူးနော်...၊ဖြစ်သင့်ဖြစ်ထိုက်
တာကို ပြည်သူ့ဆန္ဒနဲ့အညီ ပညာသားပါပါ၊ ပြည်သူ့ဘက်က ပြတ်ပြတ်သားသားရပ်တည်နိုင်ရမယ်ပြော
တာ...။နိုင်ငံတကာအလယ်မှာလည်း ကိုယ့်လုပ်ဆောင်ချက်တွေကို လက်ခံနိုင်အောင် အချက်ကျကျပြော
နိုင်ဆိုနိုင်၊ရှင်းလင်းပြနိုင်ရမယ်...၊ဒီအတွက်လည်း နိုင်ငံတကာ ဗဟုသုတ၊အတွေးအမြင်၊အတွေ့အကြုံ
ရှိရမယ်...၊ပညာလည်း တက်၊လူကလည်း ထက်မြက်နေရမယ် ဘပြောင်ရဲ့...၊ခုတော့ သမဒရဲ့ အရည်
အချင်းဆိုတာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အူလှတဲ့၊ကိုယ့်ဘက်ကို ပြောင်ပြောင်ဂျီးယက်ထားတဲ့ စည်းမျဉ်း
စည်းကမ်းပဲ အခြေခံဥပဒေထဲ ပါဆိုပါလားဗျာ....။

ပြောရရင်တော့ သမ္မတကောင်းတစ်ယောက်ရဲ့အရည်အချင်းတွေ ဘပြောင်မှာ မရှိပါဘူး ဘပြောင်...။အဲဒီ
အရည်အချင်းတွေက ဒေါ်စုဆီမှာပဲ အပြည့်အဝရှိတယ်ဆိုတာ ဘပြောင်နဲ့တကွ ရှိရှိသမျှသော ဘောင်း
ဘောင်းဝတ်၊ဘောင်ဘောင်းချွတ် ဘဘဂျီးတွေ သိကြပါတယ်...။ခက်တာက ဘပြောင်ရဲ့ ချစ်စွာသော
စီနီယာ၊ဂျူနီယာရောင်းရင်းအပေါင်းအသင်းတစ်သိုက်က အာဏာနဲ့စည်းစိမ်ကို ငမ်းငမ်းတတ်ပြီးသကာလ
ဒေါ်စုများ သမ္မတဖြစ်ရင်ဖြင့် တိုင်းပြည်ကောင်းစားတာက အရေးမဟုတ်၊ငါတို့ အသက်အိုးအိမ်စည်းစိမ်
တွေ ကတိမ်းကပါးဖြစ်ရချည်ရဲ့ဆိုပြီး လောဘဇောတတ်နေကြတာပဲ ဘပြောင်ရယ်....။

ဒီတော့ ပြည်သူကရွေးချယ်ရင် ဒေါ်စုလည်း သမ္မတဖြစ်နိုင်ပါတယ်ရယ်....လို့ ဘပြောင်က ဘယ်လောက်ပဲ လူကြားကောင်းအောင်ပြောပြော...၊ဘပြောင်တို့ ဘဘတစ်သိုက် အကြိုက်ဆွဲထားတဲ့ အခြေခံအေပဒု ထဲ
မှာ သမ္မတလောင်းရဲ့ သားသမီးဟာ အခြားနိုင်ငံသားအဖြစ်ခံယူထားသူမဟုတ်ရဆိုတာရယ်...၊အဲ့အချက်
တွေကို ပြောင်းချင်ရင်ဖြင့် ခေါင်းပေါင်းစ ညာချတဲ့ မဟာအမတ် ၇၅ရာနှုန်းကထောက်ခံပြီး တာတောင်မှ
ပြည်သူ့ဆန္ဒခံယူရဦးမယ်ဆိုတဲ့ ဧရာမသံမဏိစည်းမျဉ်းစည်းကမ်းတွေနဲ့ ချည်တုတ်ထားတယ်မဟုတ်လား
ဘပြောင်...။

အင်း...ပြောမယ့်သာပြောရ.....ဘပြောင်လည်း ဆူးကြားက ဘူးခါးဆိုတာ ကလေးကအစ၊တကမ္ဘာလုံးက
လူတိုင်းသိပါရဲ့၊ဘပြောင်မလည်း........ဘရွှေတို့ ဘအေးတို့နဲ့သူတို့ရဲ့ပါတနာ ခရိုနီတွေကတစ်ဘက်၊
ပေါက်ဖော်ကြီးကတစ်ဘက်၊တင်းမာပြတ်သားပြီးဘဘဂျီးခိုင်းတာတစ်သွေမတိမ်းလုပ်ချင်တဲ့ချုပ်ချုပ်ဒုမှုးကြီး
ကတစ်ဘက်၊ငါ့မြင်းငါစိုင်း ဘယ်ရောက်ရောက်ဆိုတဲ့ ကြံ့တွေကတစ်ဘက်၊ဆိုတော့လည်း.....အင်း......

ဆိုတော့ ဘပြောင်ရေ....ဘပြောင်လည်း တွေ့သမျှလူ မျက်နှာချိုသွေး၊ကျွန်တော်တို့လည်းနီးရာနိုင်ငံမယ် 
မျက်နှာအောက်ကျို့လို့ ကျွန်ဆက်ခံကြရတာပါ့.......။ကျန်တာကတော့ သေရင်ပြီးပြီ မဟုတ်လား...။
မသေခင် နိုဘယ်ဆုလေးရသွားတော့လည်း အမြတ်ပေါ့ ဘပြောင်......။တိုင်းပြည်ဂျီးဘာဖြစ်နေ...ဖြစ်နေ....
ဘပြောင်လည်း အိညှောင်အိညှောင်နဲ့ သမဒဂျီးဇာတ်ရုပ်အဖြစ်အသုံးတော်ခံလိုက်ပေဦးတော့၊ကျွန်တော်
တို့ နင်ပြားတွေလည်း  လိန်ဖယ်....လိန်ဖယ်နဲ့ ခရီးဆက်ကြတာပေါ့ ဗျာ..........။

                                                                               အဲ့ဒါပါပဲဗျာ......သမဒဂျီးကျမ်းမာပါစေ...။

8 comments:

နော်နော် said...

ဖဘ မှာရှယ်ပါရစေနော်။

ညီလင်းသစ် said...

ကိုညိမ်း...
ရေလည်မိုက်တယ်ဗျာ၊ ဘပြောင်ဆီ ပေးစာက ပြောင်လှချည့်လား? လိုအပ်လာမယ်ဆိုရင် ကိုညိမ်းဆီမှာ ကောင်မလေး တစ်ယောက် အတွက်တင်မကဘဲ တိုင်းပြည်အတွက်ပါ အခုလို အပြင်းစား စကားလုံးတွေ ရှိနေတာ ကျနော်မသိခဲ့ဘူး၊ ပြောသွားခဲ့တာတွေကို သဘောတူတယ်၊ မျက်မှောက်ကို သုံးသပ်ထားတာတွေ၊ တင်စား ပြတာတွေ၊ လုပ်နိုင်ခြေတွေ ချပြသွားတာတွေ... အားလုံးကို သဘောကျတယ်၊

တိမ်တွေလို မျောလွင့်နေချင်တဲ့ လူငယ် တစ်ယောက်ဆီမှာ သူ့တိုင်းပြည်ကလေးကို ချစ်စိတ်တွေနဲ့ အလျှံညီးညီး တောက်လောင်နေတာ တွေ့လိုက်ရတယ်...။

San San Htun said...

ပြောင်မြောက်တယ့် စကားလုံးတွေနဲ့  Bravo ကိုညိမ်း..

San San Htun said...

ဖေ့ဘွတ်မှာ ရှယ်ပါရစေ..

Anonymous said...

ဘဘပြောင်ဂျီးနားလည်ပါစေလို့ပဲ ဆုတောင်းနေရတယ် ကညိမ်းရေ....
တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်ဗျာာာ


မောင်ဘကြိုင်

မျှစ် said...

ဘပြောင်ကလဲ တိတ်တိတ်နေလေ.. ကွကိုနေချေ.. တွားတွားမပါနဲ့..

ဘပြောင် = အိကု

ညီရဲ said...

အမှန်တွေ ပြောလွန်းလို့ ရွာပြင် ထုတ်ခံနေရဦးမယ်နော် အစ်ကို... ပြောချက်တွေက ထိမိလွန်းလို့ တချို့ နေရာတွေဆိုရင် နှစ်ခေါက်နှစ်ခေါက်ကို ပြန်ဖတ်ရတယ်... ကောင်းလိုက်တဲ့ ပေးစာ အစ်ကိုရေ...

နွေတေးရှင် (မင်းဧရာ) said...

္ပ္ကှု့ဤစာသည် ဘယ်စာတိုက်မှူးရဲ့လက်နဲ့မှ အဖေါက်မခံရပဲ သမတကြီးထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါစေ...........
ကောင်းလွန်လွန်းလို့။