Sunday, December 23, 2012

လည်ပြန် တစ်ဆယ့်နှစ်.......

ဘာလိုလိုနဲ့ ၂၀၁၂ တောင်ကုန်ပါတော့မယ်....။၂၀၁၂နှစ်ရဲ့ အရိပ်တွေကို ဖြတ်ကနဲ လည်ပြန်လှည့်ကြည့်
မိတယ်....။ကိုယ့်အတွက်တော့ သိပ်မထူးခြားပါဘူး....၊အခြားနှစ်တွေလိုပါပဲ....၊ချစ်လိုက်၊မုန်းလိုက်၊မဲ့လိုက်
ပြုံးလိုက်၊ပျော်လိုက်၊ညစ်လိုက် ပေါ့....။ဒိုင်ယာရီတွေဘာတွေလည်း ရေးကျင့်မရှိတော့ ဘယ်လ မှာဘာတွေ
ဖြစ်သလဲဆိုတာလည်း ရက်စွဲနဲ့တစ်ကွ မမှတ်မိတော့ပါဘူး...၊ဒိုင်ယာရီစာအုပ်ကတော့ နှစ်ကုန်ကာနီးတိုင်း
အသစ်ဝယ်တာပါပဲ...၊ဇန်နဝါရီလလည်လောက်နောက်ပိုင်း စာမျက်နှာတွေမှာ အလွယ်တကူကောက်မှတ်
လိုက်တဲ့ ဖုံးနံပတ်တစ်ချို့တစ်လေလောက်၊အလုပ်နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတစ်ချို့လောက်ကလွဲလို့
ဘာစာမှမရှိတာက နှစ်တိုင်းပဲ....၊ဒီနှစ်တော့ ပိုက်ဆံအကုန်ခံ၊စားပွဲအရှုပ်ခံပီး မဝယ်တော့ဘူး..... :))))။

ဘာပဲဖြစ်ဖြစ် ကုန်လွန်တော့မယ့် ၂၀၁၂ကို တစ်ချက်လေးတော့ စောင်းငဲ့ ကြည့်တာပေါ့ဗျာ....နော့....။
ဒီနှစ် နှစ်ဆန်းပိုင်းမှာ မြန်မာပြည်ပြန်ဖြစ်တယ်....။၃နှစ်ကြာမှ ပြန်ရောက်ခြင်းပါ...။မြန်မာပြည်ကတော့ ထုံးစံအတိုင်းပဲလို့ပြောရမယ်...မပြောင်းလဲနေသော ပြောင်းလဲခြင်းများနဲ့လို့ ပြောရမလား၊ပြောင်းလဲနေ
သော မပြောင်းလဲခြင်းများနဲ့ လို့ ပြော၇မလားပဲ...။လေဆိပ်က အကောက်ခွန်အရာရှိက ညီလေး...အကို့
ဖို့လည်း နဲနဲလုပ်ခဲ့ဦးလေကွာ....လို့ ပြောမြဲပါပဲ...။လေဆိပ်က တက်ဆီတွေကလည်း ဧည့်သည်ကို ဝိုင်း
အမဲဖျက်ဖို့ ကြိုးစားနေတုန်းပါပဲ...။ရန်ကုန်မြို့ကြီးလည်း ဖုံတောထဲမှာ မွန်းကြပ်လှောင်ပိတ်မြဲပါပဲ....။
အမေ့အိမ်လေးကလည်း အဝေးရောက်သားငယ်ကို နွေးထွေးစွာ ကြိုဆိုမြဲ.....။ဘာပဲပြောပြော အခြေအနေ
တွေ ဘယ်လောက်ဆိုးဆိုး ကိုယ်ချစ်တဲ့ မွေးရပ်မြေကို အလည်တစ်ခေါက်ပြန်ဖြစ်တာ ၂၀၁၂ နှစ်ရဲ့ကျေနပ်
စရာ ဆိုပါစို့.....။

မြန်မာပြည် အပြန်ခရီးမှာ ကမ္ဘာဒီးယားနိုင်ငံ စီရမ်ရိ ကိုဝင်လိုက်သေးတယ်...။သိပ်ချစ်ဖို့ကောင်းတဲ့ ခရီးစဉ်
လေးပါ...။အွန်လိုင်းမှာ ခင်ရတဲ့ မျှစ် နဲ့ လည်း ညီအကိုတွေလို ဖြစ်သွားစေခဲ့တဲ့ ခရီးပါပဲ။ကိုယ်သိပ်ရောက်
ချင်တဲ့ အန်ကောဝပ် ကိုလည်း ရောက်ခဲ့ရတယ်...။အစစအရာရာလည်း အဆင်ပြေခဲ့တယ်...။စီရမ်ရိ ကို
နောက်နှစ်တစ်ခေါက်လောက်တော့ ထပ်သွားချင်သေးရဲ့...၊ရောက်ဖြစ်မယ်ဆိုတောင် ၂၀၁၂ ခရီးစဉ်နဲ့
တော့ တူမယ်မထင်တော့ဘူး...။ဘာလို့ဆို မျှစ်က မြန်မာပြည်ကို ပြန်သွားပြီလေ......။

လုပ်ငန်းခွင်မှာကတော့ သိပ်အထူးခြားကြီးမဟုတ်ပါဘူး...၊လူသစ်တွေရောက်လာတယ်...၊လူဟောင်းတွေ
ထွက်သွားတယ်....။ကိုယ်လည်း ကြာပြီဆိုတော့ စီနီယာဖြစ်လာပြီ...၊ဖိစီးမှုတွေကတော့ ရှိနေမြဲပဲ...၊အရင်
ကထက်စာရင်တော့ ဖိစီးမှုတွေနဲ့ နေသားကျအောင်နေတတ်လာပြီလို့ဆိုရမယ်....။အရင်နှစ်တွေကလို
အလုပ်ပြောင်းဖို့ သိပ်မစဉ်းစားဖြစ်တော့ဘူး...။ကိုယ်အသားကျနေတဲ့ လက်ရှိအလုပ်မှာပဲ မပျော် ပျော်
အောင် နေတတ်လာပြီလို့ ပြောရမယ်နဲ့တူရဲ့....။နောင်နှစ်မှာတော့ မြန်မာပြည်အပြီးပြန်ဖြစ်မလားမသိ...။
ပြန်ဖြစ်ခဲ့ရင်တော့ ၂၀၁၂ ဟာ ကိုယ့်အတွက် စင်္ကာပူမှာ နေဖြစ်ခဲ့တဲ့ နောက်ဆုံးနှစ်ဖြစ်မယ်ထင်တယ်.....၊
ဘာလို့ဆို ပြန်မယ်ဆိုရင်လည်း နှစ်ဆန်းပိုင်းမှာ ပြန်ဖြစ်မယ်...၊သင်္ကြန်မတိုင်ခင်ပေါ့....၊မပြန်ဖြစ်ဘူးဆိုရင်
လည်း ၂၀၁၄ ထိ အနဲဆုံး ရှိနေမှာရယ်....။

နှစ်လယ်ပိုင်းလောက်မှာ မလေးရှားကို ရောက်ခဲ့သေးတယ်၊ပြောရရင် စင်္ကာပူရောက်နေတဲ့လူတစ်ယောက်
အတွက်ကတော့ မလေးရှားဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဥဒဟိုသွားလာနေတဲ့ နေရာ...၊စာဖွဲ့လောက်စရာကို
မဟုတ်တာပါ....။ဒါပေမယ့် ကိုယ့်အတွက်တော့ မလေးရှားဟာ ထူးခြားပါတယ်...။ဘာလို့ဆို အဲ့ဒီမှာ ကိုယ်
ချစ်ခင် ရတဲ့သူတွေ အများကြီးရှိနေတာကိုး.....။ကိုယ် သူတို့ကို ချစ်သလို သူတို့က ကိုယ့်ကိုချစ်တယ် လို့
(ယူဆရတာပါပဲ.... :))) ခံစားရတော့ မလေးရှားကို အခွင့်သင့်တိုင်း သွားချင်မိရဲ့....၊အင်း...မြန်မာပြည်ကို
ပြန်ဖြစ်ရင်တော့ မလေးရှားဆိုတာ ကိုယ့်အတွက် ခရီးမိုင်ဝေးကွာလွန်းတဲ့ အရပ်ဒေသဖြစ်သွားမှာပါပဲ....။

၂၀၁၂ မှာ ကိုယ့်အတွက်အချိန်အပေးဖြစ်ဆုံးကတော့ ဖေ့ဘွတ်စာမျက်နှာတွေထက်မှာပါ...။အားလပ်ချိန်ရဲ့
ထက်ဝက်ကျော်ကို သူကသိမ်းပိုက်လိုက်ပါတယ်..၊ဒါတောင် ဒီနှစ်ထဲမှာ မကြာခဏဆိုလိုသလို ဖေ့ဘွတ်ကို
ပိတ်ထားတာပါ...၊ဒါပေမယ့် မနေနိုင်ပါဘူး...၊ချစ်သော သူငယ်ချင်းတွေကို တစ်ချက်တစ်ချက် သွားသွား
ချောင်းရင်းနဲ့ ပြန်သုံးမိတာပါပဲ....။ပုံရိပ်ယောင်ကမ္ဘာမှာ အချိန်ကုန်လွန်စေတာက ကိုယ့်အတွက် ကောင်း
ကျိုးပေးသလား၊ဆိုးကျိုးပေးသလား....ဆိုတာ မကြာခဏစဉ်းစားမိတယ်...၊တွေးမိသလောက်ကတော့
ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေတာပါပဲ....၊ဒါပေမယ့် အထီးကျန်တစ်ယောက်အတွက် ပုံရိပ်ယောင်ကမ္ဘာ
ဟာ ပိုလို့အထီးကျန်စေတာတော့အမှန်ပဲ...၊ခုဆို ကိုယ့်မှာ အပြင်ထွက်ဖို့ အကြောင်းမယ်မယ်ရရကိုမရှိ
တော့ဘူး...၊ပြင်ပကမ္ဘာကလူတွေနဲ့ တွေ့ဆုံဖို့ထက်၊ပုံရိပ်ယောင်ကမ္ဘာသူ/သား တွေနဲ့ စကားလုံးတွေ ဖွဲ့
သီဖို့ ကို ပိုလို့အာရုံကျနေမိတယ်....၊အကျိုးရလဒ်ကတော့ ကိုယ့်ကို ပိုလို့အထီးကျန်သွားစေတာပဲဖြစ်
တယ်....။လာမယ့် နှစ်မှာတော့ ဖေ့ဘွတ်ကို အတိုင်းအတာတစ်ခုထိ လျော့ချဖြစ်ပါမယ်...၊အင်း...မြန်မာ
ပြည်ပြန်ရင်တော့ သူ့အလိုလို လျော့သွားမှာ အသေအချာပါပဲလေ....။

ဒီနှစ်ထဲမှာ ဘလော့ဘက်ကိုအတော်အာရုံနည်းသွားတယ်...၊ရေးချင်တာတွေကတော့ ရင်ထဲမှာအပြည့်ပါ။
ဒါပေမယ့် ချရေးလိုက်ဖို့ကို တော်တော်လေး စိတ်ပါဝင်စားမှုနည်းနေတယ်၊အကြောင်းအရာလည်းရှိတယ်၊
ရေးချင်စိတ်လည်းရှိတယ်....၊ရေးဖို့လည်းကြိုးစားတယ်...၊အချိန်လည်းရနေတယ်...၊ဒါပေမယ့် လုံလောက်
တဲ့ အာရုံစူးစိုက်နိုင်မှုမရှိဘူးဖြစ်နေတယ်....၊အာရုံတွေက ဖေ့ဘွတ်မှာပဲတစ်ဝဲလည်လည်ရယ်...၊လာမယ့်နှစ်
မှာတော့ ဒီထက်ပို အာရုံစူးစိုက်နိုင်အောင် ကြိုးစားရမှာပဲဗျာ....။

ငွေရေး၊ကြေးရေး၊စီးပွားရေး၊သမီးရည်းစားအရေးကတော့ အရင်အတိုင်းမပြောင်းမလဲပါဘူး...၊ပိုက်ဆံက ရှာ
ရခက်နေဆဲ...၊သုံးရလွယ်နေမြဲပါပဲ...၊စုမိဆောင်းမိဆိုတာ ဘယ်တုန်းကမှမရှိ...၊၂၀၁၂ နှစ်မှာလဲ မရှိပါဘူး။
လစာလည်း နှစ်စဉ်တိုးပါတယ်...၊ငွေပိုငွေလျှံလည်းနှစ်စဉ်မရှိပါဘူး.... :)))။ခြံလေးတစ်ကွက်ဝယ်ဖို့ကို
လည်း အစ်မတော်က ဂျီးများနေတာကတစ်ကြောင်း၊ပတ်ဝန်းကျင်ကလည်း ဘယ်လိုသဘောလဲတော့မသိ
ဟိုခြံဆိုလည်း သရဲခြောက်တယ်...၊ဒီခြံဆိုလည်း အရှုပ်အရှင်းရှိတယ် နဲ့ ဝိုင်းဝန်းပြီး အကြံကောင်းတွေ
ပေးကြတော့ အစ်မက ဝယ်မပေးရဲဘူး...၊ဒါနဲ့ ခြံမြေဟေ့ဆို ပန်းအိုးထဲက မြေတောင်မပိုင်တဲ့ ဘဝပါ....။
မောင်နှမနှစ်ယောက်လုံးသဘောကျပါလျက်နဲ့ ဈေးနှုန်းလေးလည်း သင့်တင့်ပါလျက်နဲ့ မဝယ်လိုက်ရတဲ့
ခြံတွေများလှပြီ...၊သွားကြည့်၊စုံစမ်းလုပ်နေရတဲ့ အစ်မကို အားနာတာကြောင့် တိုက်တိုက်တွန်းတွန်းလည်း
မလုပ်တော့ပါဘူး...၊

သမီးရည်းစားအရေးလည်း ပုံမှန်အတိုင်းပါပဲ...၊ဟိုလိုလိုဒီလိုလိုတွေလည်း တစ်ယောက်ပြီးတစ်ယောက်
ပြောင်းပါတယ်...၊မိန်းမယူဖို့မစဉ်းစားတော့ ဘယ်သူ့ကိုမှ အပျော်ကနေတစ်ဆင့် အပျက်အဆင့်ရောက်
အောင် တစ်ဆင့်တက်မလှမ်းပါဘူး...၊ကြာတော့ သူတို့လည်း ကိုယ့်ကို စိတ်ကုန်လာမှာပေါ့လေ........။
ရှင်..... ယောင်္ကျားမဟုတ်ဘူး....ယောင်္ကျားမဟုတ်ဘူး....စိတ်နာတယ်...လို့သီချင်းလေးဆိုပြီး ကိုယ့်ကို
ကျောခိုင်းသွားပါတော့တယ်...၊ကိုယ်ကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိပါတယ်...၊ကိုယ့်မှာ တာဝန်ယူ
ချင်စိတ်မရှိတာကြောင့် ဘယ်သူ့ကိုမှ စိတ်ရော၊ကိုယ်ပါ နစ်နာအောင်မလုပ်ဖြစ်အောင်နေတာပါ...။ဘာပဲ
ဖြစ်ဖြစ် ဝမ်းလည်းနဲစရာမလို၊အားလည်းနာစရာမလိုတော့ဘူးပေါ့လေ...၊အားနာလို့ခါးပါတာ အခြားနေရာ
မှာလည်း မသင့်တော်သလို အိမ်ထောင်ရေးမှာလည်း မသင့်တော်ဘူးမဟုတ်လား...ရဲဘော်..... :))))
ဒီလိုနဲ့ ၂၀၁၂ကုန်ကာနီးအထိ လူပျိုကြီးဘဝ ကို ဆတ်ဆတ်ထိမခံ ထိန်းသိမ်းထားနိုင်ခဲ့ပါရဲ့..... :)။

အပေါင်းအသင်း သယ်ရင်းဆက်ဆံရေးကလည်း အေးဆေးပါပဲ...၊ချစ်တော့ချစ်တယ်အလိုမလိုက်ဘူးဆို
ပြီး ဖရန့်လစ် ထဲက ပယ်နှုတ်လိုက်ရသူဆိုတာ ရှားရှားပါးပါး တစ်ယောက်စနှစ်ယောက်စပဲရှိပါရဲ့...။
အွန်လိုင်းပေါ်မှာ အစအနရှာမရအောင်ပျောက်ကွယ်သွားတဲ့သယ်ရင်းတွေကိုလည်း အမြဲလိုလိုသတိရနေ
ဆဲပါ...၊လက်ရှိသယ်ရင်းတွေကိုလည်း ပျော်အောင်ထားပါတယ်...၊ပိုက်ဆံချေးတဲ့အလုပ်ကလွဲလို့ပေါ့လေ...၊
မနိုင်ဝန်ဆိုတာ ထမ်းကောင်းတဲ့အရာလို့ ဘယ်တုန်းကမှ ခံယူမထားလို့ပါ....:D။

အချုပ်အားဖြင့်ဆိုရင်တော့ ဝက်သိုးချုပ်ပေါ့လေ....အဲ....ယောင်လို့....:))) ၂၀၁၂ကို ချုပ်လိုက်ရင်
အသက်တစ်နှစ်ကြီးသွားတာကလွဲလို့ ကုသိုလ်လည်းမစုမိပါဘူး၊ပညာလည်း တိုးပီးမရှာမိပါဘူး၊ပစ္စည်း
ဥစ္စာဆိုရင်လည်း အဖိုးတန်ရယ်လို့ လက်ထဲမရှိပါဘူး...၊မျှော်လင့်ချက်တွေကလည်း အရင်အတိုင်းပါပဲ...၊
ပြောရရင် ၂၀၁၂ တစ်နှစ်ပတ်လုံး ပေါ့ပေါ့လေးနေ...၊ပေါ့ပေါ့လေးစား ပြီး ပေါ့ပေါ့ပါးပါးပဲ အသက်ကြီးသွား
ပါတယ်...၊အခုလည်း ဒီနေရာကနေ ၂၀၁၂ ကို ပေါ့ပေါ့လေးပဲ နှုတ်ဆက်လိုက်ပါတယ်...........

တာ့တာ ပါ.....၂၀၁၂ ရေ........................လို့.......။

( တူမတော်ပစ်ပစ်တဂ်လို့ ရေးဖြစ်ပါတယ်...၊ကိုယ့်ဘာသာလည်း ရေးမလို့ ကြံနေတာရယ်...။သူတဂ်
လိုက်တော့ သေချာပေါက်ရေးဖြစ်သွားတာပေါ့လေ...၊အဲဒီအတွက် စီအိုင်အေပစ်ပစ် ကို ကျေးဇူးတင်ရပါ
ကြောင်း....... :))))


17 comments:

Crystal said...

2013ခုနှစ်မှာ ပုံရိပ်ယောင်လောကမှ ပုံရိပ်စစ်လောကသို့ ဖောက်ထွက်လာကာ
ခင်မင်စရာကောင်းသော
မိတ်ဆွေစစ်တွေ များများ တွေ့ဆုံနိုင်ပါစေသောဝ်
... :)

မိုးသက် said...

အံမယ်လေးဟဲ့..
ဆတ်ဆတ်ထိမခံတောင် ထိန်းသိမ်းထားလိုက်သေးတယ်.
အူးအိကုကတော့ ဟီးဟီး.။

Anonymous said...

အပြောင်းအလဲလည်းမရှိပါလား
ဒါဆို..စားရဖို့လည်းမမြင်ဘူးပေါ့း))
ဦးလေးကိုဘဲအားကျတယ်
(ခန္ဓာကိုယ်နဲ့မလိုက်)ပေါ့ပေါ့လေးဘဲဖြတ်သန်းတတ်လို့..
နှစ်သစ်မင်္ဂလာမှာ..အရာရာတိုးတက်အောင်မြင်ပါစေ
မိတ်ဆွေကောင်းတွေလည်း ဒီ့ထက်မကတိုးပွားပါစေ
ကြီးပွားချမ်းသာပါစေး))

မောင်သီဟ said...

မကြာခင်မှာလူပျိုဂိုဏ်းချုပ်ရာထူးကနေ ကျွန်တော်နုတ်ထွက်တော့မှာမို့
ကိုညိမ်းကိုလွှဲခဲ့တော့မယ်ဗျာ စိတ်ချလက်ချရှိသွားပြီနော့း)
အန်ကောဝပ်ကျောင်းတော်ကြီးကို ကျွန်တော်လည်းအတော့သွားချင်ခဲ့တာာာ


ခင်တဲ့
မောင်ဘကြိုင်

blackroze said...

လာဖတ်သွားတယ် အီးကု..

အနေအအထားအရတော့ အီးကု ကိုလူပျိုကြီး
ဂိုဏ်းချုပ်ရာထူးလွဲပြီထင်တယ်..

Candy said...

မြန်လိုက်တာတော်.. ဘယ်လိုများရေးလိုက်လဲ တိဘူး မမပစ်ပစ်မနေ့ကတဂ်တယ် သူက ဒီနေ့တင်တယ် >.< လူပြိုကြီး မလုပ်ပါနဲ့ နာ့အူးလေးရယ်.. နာ့အူးလေးအထီးကျန်မှာ မကြည့်ရက်လို့ပါ xD xD

Cameron said...

အဲဒီမောင်ဘကြိုင်က သူလူပျိုကြီးဘ၀ကကျွတ်တော့မှာကိုပဲ နေရာတိုင်းလိုက်ကြွားနေတယ် သိပ်ကြည့်မရဘူးနော် အိ...ပြောလိုက်စမ်းဘာ အဲဒီသစ္စာဖောက်ကို...။ အိရဲ့ 2012လေးက ပြန်ကြည့်တော့ ပေါ့ပေါ့ပါးပါးလေးပဲ ကိုယ်လဲပဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ရတာပါပဲ ခပ်ဆင်တူတူလောက်ပဲ...။

Anonymous said...

သံဝေဂ တ၀က်၊ ကြေငြာ တ၀က်နဲ့ ရေးထားတဲ့ တဂ်ပို့စ်လေး .. ပထမ ဖတ်ဖတ်ချင်း သြော် .. ဆိုတဲ့ ဂရုဏာသံလေး ထွက်မိပါရဲ့ .. နောက်ဆုံး အပိတ်မှာတော့ အဟိ လို့ဆိုနိုင်တဲ့ အပြုံးလေး ဖြတ်ပြေးသွားလေရဲ့ ... လူပျိုကြီး အားမလျှော့နဲ့း)း)

လေဆိပ်က အရာရှိကိုလည်း ပြောလိုက်ပါ ကျနော်က တစ်ကိုယ်ရေတကာရမို့ အပိုအလိုဆိုလို့ ခြူးတစ်ပြားတောင် မရှိဘူးလို့ :P

လေဆိပ်ထဲက taxi တွေဈေးကြီးတယ်၊ လေဆိပ် အပြင်ထွက်ပီး ကားငှားလာခဲ့ ... :)

ပို့စ်လေးထဲမှာ ရင်ထဲက ခံစားချက်တွေအကုန်ထည့်ရေးထားတာလေးမို့ အားကျမိခဲ့ပါတယ်ရှင် ။

ညီလင်းသစ် said...

ကိုညိမ်းရဲ့ ၂၀၁၂ က တကယ့်ကို ပေါ့ပေါ့ပါးပါးလေးပါလား..၊ တိမ်တွေကို ချစ်သူတစ်ယောက်အတွက် 'တိမ်လွှာစိုင်လို ပေါ့ပေါ့ပါးပါး ကွယ်' လို့များ ဆိုရမလား..၊း)

ဘလော့ဂ်ဖက်မှာ ကိုညိမ်း ငြိမ်ပြီးငြိမ်းနေခဲ့တာတော့ သတိထားမိတယ်ဗျ၊ ဆိုတော့ ဒရပ်ဖ်ထဲက ၂၆ ပုဒ်ဆိုတာလည်း ဒီနှစ်အဖို့တော့ ဖတ်ခွင့်မကြုံတော့ဘူး ပေါ့လေ၊ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ပျော်တဲ့နေရာမှာ နေရတာ စိတ်ချမ်းသာစရာပဲ မဟုတ်လား..၊း) ပေါ့ပါးလွတ်လပ်သော နှစ်ကုန်ရက်များ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျား....။း))

Phyu Lwin said...

Facebook မှာ ယောင်တောင်တောင်လုပ်တာချင်းတော့ တူနေပြီ ဦးလေးရေ .. . :D ၂၀၁၃ မှာ လူပျိုကြီးဘ၀က ကျွတ်ချစ်စိတ်ပေါက်ပြီး တစ်ကယ်ကျွတ်လွတ်ပါစေ :)

မိုးနတ်ကြယ်စင် said...

သူများတွေ ရေးထားတာများ ဗဟုသုတကလဲရ
ဖတ်လို့ကလဲကောင်းထှာ..မိမိုးနတ်တို့နဲ့များကွာပါ့..:)
သီကုံးသွားတာ လှလှပပနဲ့ ပေါ့ပေါ့ပါးပါးရှိလှတယ်..
အဲလိုလူမျိုးတစ်ယောက်က စာဆက်မရေးဖြစ်တာတော့
fb မှာအာရုံရောက်နေတာထက် မိုးနတ်အထင်
အပျင်းကြီးနေလို့ပဲဖြစ်မှာ ...နို့ မဟုတ်ရင် ဒါလောက်
စာရေးကောင်းတာ ဘာလို့ဆက်မရေးတာလဲလို့...ဟွန့်
ခု ဖတ်ရတဲ့ ပို့စ်ကိုတင်ပြောတာမဟုတ်ဘူးနော်..အရင်
ပို့စ်တွေထဲက စာရေးကောင်းတာသိတယ်..
တကယ့် ၀ါရင့်ပဲ...

Tommy Girl said...

Bro... လာလည်သွားတယ်
Merry Christmas ပါ

San San Htun said...

ဖေ့ဘွတ်ကတော့ ဝင်မိရင် ထွက်ဖို့ ခက်တယ့် ဝင်္ကဘာလိုပဲ..ပျော်ရွှင်ဖွယ်ကောင်းတယ့် ၂၀၁၃ နှစ်သစ်လေး ဖြစ်ပါစေ..

AH said...

ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေသောဝ်.. ကညိမ်းနိုင်။ တရုတ်မှာ ဘလော့ဂ်ဝင်ဖို့က တော်တော့်ကို စိတ်ရှည်မှ ရသဗျိုး။ ကွန်မန့် မန့်လို့ရတာကတော့ တိုင်းထက်အလွန်ပဲ.... Happy new year ပါ ခင်ဗျာ။

သူကြီးမင်း said...

စုံနေပါလား ကမောင်လေး။
သူ့လိုကတော့ မရေးနိုင်ပေါင်ဗျာ။
၂၀၁၂ ရဲ့ အသေးစိပ် ဒိုင်ယာရီလား မှတ်ရတယ်။
ဘယ်လိုဖြစ်ဖြစ် ဘလော့လေးကိုတော့ ပစ်မသွားပါနဲ့။
ဘလော့ကမ္ဘာကြီး ပျင်းစရာ ဖြစ်နေဦးမယ်။ ဟို ဆရာဟန်ကြည်တစ်ယောက်လဲ သူ့မဒမ်ရဲ့ သြဇာအောက် ရောက်နေပြီထင်ပါရဲ့။း)) ပေါ်မလာတော့ဘူး။ ရေးပုံချင်း နဲနဲ ဆင်တဲ့သူဆိုလို့ ဒီလူနဲ့ ဒီလူဘဲ ရှိတဲ့ဥစ္စာ။း))

ဟန်ကြည် said...

ကငြိမ်းနိုင်...
ပြောတော့ဖြင့် အပြောင်းအလဲ မရှိပါဆို...ဟိုလိုလို သည်လိုလိုလေးတွေက အပြောင်းအလဲလေးတွေ မဟုတ်လို့ ဘယ်ဒင်းလေးတွေတုန်း...လင်းစမ်းပါဦးလားး)


အာ...အထက်က ကွန်မန့်မှာ သူကြီးမင်းက လုပ်ထားပြန်ပြီ...လူပြိုကြီးတွေ အနှာတွေခက်ထာပေါ့...ထစ်ခနဲရှိရင် အိမ်ရှင်မကို ကြောက်နေတယ်ဆိုတဲ့ ပုဒ်မပဲ ဆွဲဆွဲတပ်နေတော့တာပဲကိုးး) အနှီပုဂ္ဂိုလ်ကြီးတွေ အိုကြပစေဦး...အသာထိုင်ကြည့်လိုက်ဦးမယ် ( ကငြိမ်းနိုင်လည်း ပါ၏... )

Aunty Tint said...

နှစ်ဟောင်းလေးရဲ့လည်ပြန်ကို နှစ်သစ်ကူးပြီးမှ ၀င်ဖတ်ဖြစ်တော့တယ် မောင်ညိမ်းရေ။ တစ်နှစ်စာ ဒိုင်ယာရီလေးကိုဖတ်ရတာ သဘောကျသလို ကွန်မန့်တွေဖတ်ရတာလည်း ကြည်နူးစရာ။ မလေးမှမဟုတ်ပါဘူး စလုံးကလူတွေလည်း မောင်ညိမ်းကိုချစ်ပါ့နော်။ ကြွားအားရှိသူကကြွား(မောင်ဘကြိုင်)။ ရှေးစကားရှိတယ် နေ့ပြောနောက်ကြည့် ညပြောအောက်ကြည့်တဲ့ သူကြီးမင်း ဦးဟန်ကြည်အတင်းတုတ်နေတာ ဦးဟန်ကြည်ရဲ့ ကွန်မန့်ကိုသူကြီးမင်းအောက်မှာ ဆက်ဖတ်လိုက်ရတယ် ဟိဟိ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်