Sunday, January 27, 2013

ခေတ် နှင့် ခေတ်လူ

တစ်ခါက ဖေ့ဘွတ်စာမျက်နှာတွေထက်မှာ လူငယ်တွေက သူတို့ ရင်ဆိုင်နေရတဲ့ ခေတ်စနစ်ရဲ့မွန်းကျပ်မှု
တွေအကြောင်းညည်းညူကြတော့ ရုရှရောက်လူငယ်လေးတစ်ဦးက လူတွေက ကိုယ်တိုင်ကျမကြိုးစားချင်
ကြဘူး၊ခေတ်စနစ်ကိုပဲအပြစ်တင်တတ်ကြတယ်၊တခြားသူတွေလည်း ဒီခေတ်ဒီစနစ်မှာပဲ တော်တဲ့တတ်တဲ့၊
ကြီးပွားတဲ့သူတွေဖြစ်သွားတာပဲ..... လို့ ရေးလိုက်တာလေး ဖတ်လိုက်ရပါတယ်...၊အဲဒီတုန်းက ကျွန်တော်
ဘာမှ ဝင်မရေးခဲ့ပေမယ့် သူတို့ပြောကြရေးကြတာလေးတွေကနေ အတွေးလေးတွေ ပွားနေခဲ့မိပါတယ်...။

ခေတ်၊စနစ် ဆိုတာ လူများစုအပေါ်မှာ လွှမ်းခြုံတတ်တဲ့သဘော၊အများစုကို ထိန်းချုပ်သွားတတ်တဲ့သဘော
ရှိပါတယ်။လူများစုကြီးဟာ ခေတ်တစ်ခု၊စနစ်တစ်ခုရဲ့ သွေးဆောင်ရာအတိုင်း လိုက်ပါစီးမျောကြစမြဲပါပဲ။
နောက်တစ်ခုက ပြည်သူလူထုရယ်လို့ ဆိုလိုက်တာနဲ့ လူတိုင်းဟာ လူရိုး၊လူကောင်းများ၊ကြိုးစားလိုစိတ်၊
ကြီးပွားလိုစိတ်ရှိသူများ၊တွေးခေါ်မျှော်မြင်နိုင်မှုမြင့်မားသူများ၊အသိညဏ်မြင့်မားသူများချည်း ဖြစ်နေလိမ့်မယ်
မဟုတ်ပါဘူး။ လူညံ့၊လူဖျင်းများ၊ဆိုးသွမ်း၊သိမ်ဖျင်းသူများ၊အသိညဏ်နုံနဲ့သူများ များလည်း ရှိနေမှာပါပဲ....။

ခေတ်တစ်ခုစနစ်တစ်ခုဟာ မူလနဂိုဗီဇအရ စိတ်အမျိုးမျိုးရှိကြတဲ့လူတွေအပေါ် အကောင်းဆုံးလွှမ်းခြုံနိုင်ပါ
တယ်။ခေတ်ကောင်း၊စနစ်ကောင်းတစ်ခုက ကြိုးစားချင်စိတ်ရှိသူတွေကို ပိုလို့ ကြိုးစားလာစေသလို၊အသိ
ညဏ်မြင့်မားသူတွေကို သူတို့နဲ့ထိုက်တန်တဲ့ နေရာမှန်ကို ဖန်တီးပေးထားနိုင်ပါလိမ့်မယ်၊ထို့အတူ ရိုးသား
စွာနေထိုင်သူများကို ရိုးသားမှုဟာ ဘဝရဲ့အကောင်းဆုံးနဲ့ အလုံခြုံဆုံးနေထိုင်မှုအဖြစ် အာမခံချက်ပေးနိုင်
ပါလိမ့်မယ်၊ကြောင်းကြောင်းကြောင့် ညဏ်ရည်နိမ့်ပါးသူတွေကို ဖေးမ၊ကူညီလို့ သူတို့ရဲ့ ဘဝနေထိုင်မှုကို
လည်း အဆင်ပြေစေရပါမယ်။အသိညဏ်နဲသူတွေကို ဒီထက်ပိုလို့ တွေးခေါ်မျှော်မြင်လာနိုင်အောင် မျက်စိ
ဖွင့်ပေးပါမယ်။အခြားတစ်ဘက်မှာတော့ ဆိုးသွမ်းသူတွေကို တားမြစ်နိုင်ရမယ်၊လူညံ့၊လူဖျင်းများအတွက်
မြင့်မားတဲ့နေရာဆိုတာ အလွယ်တကူမရနိုင်ဘူးဆိုတာ သိသာထင်ရှားနေစေပါမယ်။

ဆိုးရွားပျက်ဆီးနေတဲ့ ခေတ်စနစ်တစ်ခုလက်ထက်မှာ ဘာတွေ တွေ့ကြုံရနိုင်သလဲဆိုတာကတော့ အကျယ်တဝင့်ပြောနေစရာကိုမလိုတော့ပါဘူး။ကျွန်တော်တို့ အားလုံးဖြတ်သန်းခဲ့ကြပြီးမဟုတ်ပါလားဗျာ၊
ခေတ်ဆိုးစနစ်ဆိုးမှာ လူတော်များ နေရာသစ်ကိုရှာဖွေကြရပါတယ်၊လူရိုးများ လည်း မိုးခါးရေ ကို မျှော်လင့်
လာရပါတော့တယ်၊အသိညဏ်သိမ်ဖျင်းသူများက သူတို့နဲ့မတန်တဲ့နေရာကို မရိုးသားတဲ့နည်းလမ်းများနဲ့
ရယူလာကြပါတယ်။ဆိုးသွမ်းသူတွေ၊မတရားမှုနဲ့စီးပွားရှာသူတွေကို ဥပဒေက၊ဒါမှမဟုတ် ဥပဒေကို ထိန်း
သိမ်းစောင့်ရှောက်သူများက မျက်ကွယ်ပြုထားပါတယ်၊ကောင်းမွန်စွာနေထိုင်သူများ၊ရိုးသားစွာစီးပွားရှာသူ
များအတွက် ခေတ်က ကြပ်သထက်ကြပ်လာပါတယ်။

လူသားတွေဆိုတာကအခြေခံအားဖြင့်၊ယေဘုယျအားဖြင့် သက်တောင့်သက်သာနေလိုကြသူများ၊အပင်ပန်း
မခံလိုကြသူများချည်းဖြစ်ပါတယ်၊လက်တစ်ဘက်လှုပ်လို့ အရာရာပြီးမြောက်မယ်ဆိုရင် ဘယ်သူမှ လက်
နှစ်ဘက်လှုပ်မယ်မဟုတ်ပါဘူး၊ဒါဟာ လူများစုရဲ့ ယေဘုယျစိတ်အခံပါပဲ။

ခေတ်ကောင်း၊စနစ်ကောင်းတစ်ခုဟာ လူသားတိုင်းအပေါ်မှာ ရိုးသားစွာ၊ကြိုးစားမှ ကိုယ့်အတွက်နေရာတစ်
ခုရှိလာမယ်ဆိုတဲ့ စိတ်အသိတစ်ခုကိုပေးစွမ်းနိုင်ရပါမယ်၊ပညာရေးစနစ်မှာပဲဖြစ်ဖြစ်၊စီးပွားရေးစနစ်မှာပဲဖြစ်
ဖြစ် သင့်တင့်လျှောက်ပတ်တဲ့ မက်လုံး တစ်ခုရှိနေရပါမယ်။လူတိုင်းရဲ့စိတ်မှာ မိမိတို့ရဲ့ ဘဝကို အကောင်း
ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံးတည်ဆောက်နေမှုဟာ စဉ်ဆက်မပြတ်တိုးတတ်နေတဲ့ ခေတ်ကာလတစ်ခုအ
တွင်းမှာ ကောင်းမွန်သာယာစွာ၊အဆင်အတန်းမြင့်စွာ နေထိုင်နိုင်ဖို့အတွက် အကောင်းဆုံးရင်းနှီးမြုပ်နှံမှု
တစ်ခုအဖြစ် ယုံကြည်နိုင်ရပါမယ်။မိမိတို့ရဲ့ စိတ်ခွန်အား၊ကာယခွန်အားကို မှန်ကန်စွာ ရင်းနှီးစိုက်ထုတ်
လိုက်ခြင်းအတွက်လည်း မိမိတို့နဲ့ထိုက်တန်တဲ့ အကျိုးခံစားခွင့်ရှိနေမယ့် အာမခံချက်လည်းရှိနေရပါမယ်။

 ညံ့ဖျင်းတဲ့၊ဆိုးရွားတဲ့၊ပျက်ဆီးနေတဲ့ ခေတ်စနစ်တစ်ခုကတော့ နဂိုမူလကတည်းက သက်တောင့်သက်
သာနေလိုစိတ်ရှိတဲ့ လူသားတွေကို အလွယ်လမ်းလိုက်ဖို့ တွန်းအားပေးလိုက်ပါတော့တယ်၊အမြီးကျက်
အမြီးစား၊ခေါင်းကျက်ခေါင်းစား များအဖြစ်တွန်းပို့လိုက်ပါတယ်၊ရိုးသားသူများကို ဖျက်ဆီးပစ်ပြီး မိုးခါးများ
ကိုသာ လှိုင်လှိုင်ရွာသွန်းပေးပါတယ်၊ဒီလိုနဲ့ ခေတ်နဲ့ခေတ်ကိုဖန်တီးခေါင်းဆောင်သူများဟာ လူသားတွေ
ရဲ့စိတ်ကို အဆုံးတိုင်ဖျက်ဆီးလိုက်ပါတော့တယ်....။

ခေတ်စနစ်နဲ့ပက်သက်ပြီးပြောကြတော့မယ်ဆိုရင် အများစုကို လွှမ်းခြုံပြီး ယေဘုယျပြောမှ မှန်ကန်နိုင်ပါ
လိမ့်မယ်၊ဆိုလိုတာက ကျွန်တော်တို့ဟာ ပညာရေးစနစ်အကြောင်းပြောမယ်ဆိုရင် လက်တစ်ဆုတ်စာ
လောက်ရှိမယ့် မြန်မာပညာတတ်များ နိုင်ငံရပ်ခြားမှာ ကြီးပွားတိုးတက်နေတာ၊ကောင်းမွန်တဲ့လစာနှုန်းထား
တစ်ခုရရှိနေတာကိုပဲကြည့်ပြီး မြန်မာ့ပညာရေးကြီးကောင်းမွန်လှပါတယ်လို့ပြောလို့မရပါဘူး၊လူများစုကြီး
နဲ့ မတူခြားနားစွာကွဲထွက်ပြီး တော်တတ်မှန်ကန်သူတွေရှိသလို၊ဆိုးရွားသူတွေလည်းရှိပါတယ်၊ဒါဟာ ရာ
နှုန်းအားဖြင့်တော့ နည်းပါးလှပါတယ်။ဥပမာအားဖြင့် ကျီးငှက်လို့ဆိုလိုက်တာနဲ့ သူ့အရောင်ဟာ အမဲ
ရောင်ပဲလို့ ကောက်ချက်ချရမှာပါပဲ၊ကမ္ဘာမြေရဲ့တစ်နေရာမှာအဖြူရောင်ကျီးတွေရှိနေပါလိမ့်မယ်၊ဒါပေမယ့်
အဲ့ဒီကျီးဖြူမျိုးတစ်ခုတည်းကိုကြည့်ပြီး ကျီးကန်းအရောင်က အဖြူရယ်ပါလို့ စွတ်မှိတ်ငြင်းနေလို့မရပါဘူး။

နိုင်ငံရပ်ခြားက တက္ကသိုလ်တွေမှာ ကျောင်းသားတွေကိုကြည့်လိုက်ရင် လက်တော့လေးများနှင့်လည်း
ကောင်း၊စာအုပ်ထူကြီးများနှင့်လည်းကောင်း တကုတ်ကုတ်နဲ့ စာလုပ်နေတာကိုတွေ့ရပါလိမ့်မယ်၊စာကြည့်
တိုက်တွေမှာ သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို အသုံးချနေတာတွေ့ရပါလိမ့်မယ်။မြန်မာပြည်ကျောင်းသား
များကတော့ ကျောင်းချိန်မှာ ဖဲရိုက်၊ဖွန်ကြောင်၊ဆေးချ၊အရက်မူးနေတာ၊လက်ဘက်ရည်ဆိုင်မှာ ဟေလား
ဝါးလားလုပ်နေတာ တွေ့ရပါလိမ့်မယ်။ဘာကြောင့်ပါလဲ....၊အမေရိကားက၊ဘိလပ်က၊စင်္ကာပူက အဆင့်မြင့်
တက္ကသိုလ်ကြီးတွေကိုဝင်ခွင့်ရဖို့၊ဝင်ခွင့်ရခဲ့ရင်လည်း အမှတ်ကောင်းကောင်းနဲ့ ကျောင်းပြီးသွားဖို့၊ယုတ်စွ
 အဆုံး သာမန်အဆင့်နဲ့ပဲဖြစ်ပစေဦးတော့ ဘွဲ့တစ်ခုရရှိဖို့ အသေအလဲကြိုးစားကြပါတယ်၊ကြိုးစားကြရပါ
တယ်၊မြန်မာပြည်မှာတော့ အင်တာနက်ဆိုင်မှာချက်တင်ထိုင်ရင်း၊ဘောပွဲကြည့်ရင်း အေးအေးလူလူပဲ ဘွဲ့
တစ်ခုရသွားပါတယ်၊ဒါဘာကြောင့်ပါလဲ...။

တရိပ်ရိပ်တိုးတတ်နေတဲ့ ခေတ်ကာလတစ်ရပ်မှာ လူသားများရဲ့ အသက်ရှင်ရပ်တည်မှုဟာ အရင်နှစ်ကာ
လများကထက် ပိုလို့ရုန်းကန်ရပါတယ်၊လူသားတွေကို ဆွဲဆောင်နေတဲ့ ဇိမ်ခံပစ္စည်းတွေ၊နှစ်လိုသာယာ
ဖွယ် လူနေမှုစနစ်တွေဟာလည်း ကောင်းသည်ထက်ကောင်းလာပါတယ်၊အဲဒီအရာများကိုပိုင်ဆိုင်ရရှိနိုင်ဖို့
အတွက်၊နောင်တစ်ချိန်မှာ ဘဝအာမခံချက်ပေးနိုင်ဖို့အတွက်၊နေရာကောင်းတစ်နေရာရဖို့အတွက် ရိုး
သားစွာကြိုးစားဖို့ကလွဲလို့ အခြားမရှိဘူးရယ်လို့ ခေတ်က ပိုင်းခြားသတ်မှတ်ထားနိုင်တဲ့အခါမှာတော့
အခြားနိုင်ငံများမှာ ကျောင်းသားတွေဟာ ရုန်းကန်ကြိုးစားရပါတော့တယ်၊ကောင်းမွန်ခေတ်မှီတဲ့၊နာမည်
ကျော်တက္ကသိုလ်ကြီးတွေဟာ သူတို့ရဲ့ကျောင်းသားတွေကို အာမခံချက်ပေးနိုင်နေလို့ပါ၊ကျောင်းသားတွေ
အတွက် မက်လုံးကောင်းတွေရှိနေလို့ပါပဲ။ဘယ်တက္ကသိုလ်ကြီးက ဘွဲ့ရလာတဲ့လူ ရယ်လို့ ပြောစမှတ်ပြုရ၊
အားလုံးကလေးစားရတဲ့ ဂုဏ်ကို ပိုင်ဆိုင်နိုင်ခွင့်ရှိနေလို့ပါပဲ။ဒီတက္ကသိုလ်ကြီးက ကျောင်းဆင်းဆိုရင်တော့
ဖြင့် ညဏ်ပညာ၊ကြိုးစားသင်ယူလိုစိတ်၊အပေါင်းအသင်းဝင်ဆန့်မှု၊ပြောဆိုနေထိုင်ရာမှာ ယဉ်ကျေးမှုက
တော့ဖြင့် ပြောစရာမလိုတဲ့သူရယ် လို့ အားလုံးရဲ့အမြင်မှာ ထင်မှတ်ယုံကြည်ခံရနိုင်ခွင့်ရှိလို့ပါပဲ။

မြန်မာပြည်မှာ ဘွဲ့ရတစ်ယောက်ရဲ့ အမြင့်ဆုံးမျှော်မှန်းချက်က ဘာပါလဲ....၊မြန်မာပြည်ခေတ်စနစ်ဟာ
ဘွဲ့ရတစ်ယောက်ကို ဘာအာမခံချက်ပေးနိုင်ပါသလဲ၊တလောက ဖဘ မှာ ဆေးကျောင်းဆင်းကာစ ဆရာ
ဝန်ပေါက်စလေးတစ်ယောက်က သူ့ပထမဆုံးလစာငွေလေးကို ဓာတ်ပုံရိုက်ပြီးတင်ထားတာလေးတွေ့
လိုက်ရပါတယ်။ငါးထောင်တန်ဆယ်ရွက်ပါ။ဖဘမှာပါပဲ အလုပ်ခေါ်စာလေးတစ်ခုတွေ့လိုက်ရပါတယ်။
လစာက ဘွဲ့ရလေးသောင်းခွဲ၊ဘွဲ့မရ လေးသောင်းပါတဲ့...။ကိုယ်တိုင်လေ့လာသင်ယူလိုစိတ်ကို ပြုစုပျိုး
ထောင်ပေးနိုင်ခြင်းမရှိတဲ့ပညာရေးစနစ်၊ဘွဲ့တစ်ခုရပြီးလို့မှ ကောင်းမွန်သင့်တင့်တဲ့ နေရာလစာမပေးနိုင်
တဲ့ခေတ်တစ်ခုမှာ ကျောင်းသားလူငယ်တွေရဲ့ကြိုးစားလိုစိတ်ပျောက်ဆုံးနေတာကဖြင့် အဆန်းမဟုတ်ပါ
ဘူး။

မြန်မာပြည်အင်ဂျင်နီယာတစ်ယောက်ရဲ့အမြင့်ဆုံးမျှော်လင့်ချက်ဟာ စင်္ကပူထွက်ပြီးအလုပ်လုပ်ဖို့ဖြစ်နေပါ
တယ်။မြန်မာကျောင်းသားလူငယ်တွေရဲ့မက်လုံးဟာ စင်္ကပူဖြစ်နေပါတယ်။ဒီတော့ မေးစရာတစ်ခုရှိပါတယ်။
မြန်မာပြည်ပညာရေးစနစ်ဟာ စင်္ကာပူတန်းဝင်လို့ ခုလိုအလုပ်ရတာမဟုတ်လားရယ်လို့ပါ။စင်္ကပူမှာ မြန်မာ
တွေ အလုပ်နေရာရကြတယ်ဆိုတာ ငြင်းစရာမရှိတဲ့အချက်ပါ။ဒါပေမယ့် သူတို့နိုင်ငံသားတွေထက်တစ်ဆင့်
နိမ့်နေတာ၊သူတို့နိုင်ငံသားဘွဲ့ရတွေ ယောင်လို့တောင်လှည့်မကြည့်တဲ့နေရာမျိုးတွေမှာ မြန်မာဘွဲ့ရတွေ
လုပ်နေရတာ၊အိန္ဒိယက၊ဘင်္ဂလားက ဆယ်တန်းအဆင့်တောင်မရှိတဲ့သူတွေနဲ့ မြန်မာဘွဲ့ရတွေ တန်းတူ
လုပ်နေရတာကတော့ မြန်မာပြည်ပညာရေးရဲ့အဆင့်ကို ဖော်ပြနေတာပါပဲ။

မြန်မာလူမျိုးတွေရဲ့ မူလညဏ်ရည်ဟာ အတော်လေးသင့်တင့်ကောင်းမွန်တာကလည်း ကျွန်တော်တို့လူ
ငယ်တွေကို ဒီနိုင်ငံနဲ့အခြားနိုင်ငံတွေမှာ ကောင်းမွန်တဲ့အလုပ်အကိုင်ရရှိစေတဲ့ အချက်တစ်ခုပါပဲ။မြန်မာ
ပြည်မှာ လေ့လာသင်ယူခွင့်မရတဲ့၊ထိတွေ့အသုံးချခွင့်မရတဲ့ အဆင့်မြင့်စက်ပစ္စည်းတွေကို တစ်ခဏခြင်းမှာ
သင်ယူနိုင်စွမ်း၊အသုံးချနိုင်စွမ်းကျွန်တော်တို့မှာရှိကြပါတယ်။ကိုယ့်တိုင်းပြည်မှာလို ပေါ့ပေါ့လေးနေလို့မရ
တဲ့အခြေအနေတစ်ရပ်မှာ ကျွန်တော်တို့မြန်မာလူငယ်တွေက အကောင်းဆုံးကြိုးစားကြပြီး မိမိဘဝကိုတည်
ဆောက်ကြရပါတယ်၊ခေတ်၊စနစ်ကောင်းတစ်ရပ်ရဲ့အောက်မှာ မိမိရဲ့အရည်အချင်းနဲ့ရုန်းကန်ကြိုးစားမှုကို
မှတ်ကျောက်တင်ကြရပါတော့တယ်...၊အဲဒီလိုပြည်ပနိုင်ငံမှာ ကြိုးစားခဲ့ကြတဲ့မြန်မာလူငယ်တွေဟာ မြန်မာ
ပြည်ပြန်ရောက်ရင် ဘာလုပ်ရမှန်းမသိပဲ ယောင်ချာချာဖြစ်ကုန်တာ ဘာကြောင့်ပါလဲ....၊ခေတ်စနစ်တစ်ခု
ရဲ့ သောက်သုံးမကျမှုကြောင့်ပါ။(လိမ္မာသူတွေကတော့ ရသမျှပိုက်ဆံလေးစုဆောင်းပြီး ကိုယ်ပိုင်စီးပွားရေး
လေး အစပြုကြပါတယ်၊မိမိရဲ့ပညာနဲ့ပတ်သက်ပြီးအသက်မွေးဝမ်းကျောင်းပြုမှုတစ်ခုကိုတော့ဖြင့်..... )

တစ်ခုပြောချင်တာကတော့ နဂိုကလည်းညဏ်ရည်မြင့်မား၊ကြိုးစားလိုစိတ်နဲ့အမြင့်ရောက်လိုစိတ်ထက်သန်
သူတွေကတော့ ပြည်ပနိုင်ငံတွေမှာ အဆင့်မြင့်နေရာကောင်း၊လစာကောင်းတွေရကြတာ ဧကန်မုချရှိပါ
တယ်။ဒါဟာ အပေါ်မှာပြောခဲ့သလို ရာနှုန်းနဲနဲသာဖြစ်ပြီး အများစုကိုမလွှမ်းခြုံနိုင်ပါဘူး။နောက်တစ်ခုက
မြန်မာပြည်ပညာတတ်တွေ နိုင်ငံခြားမှာကို ရောက်ကုန်ကြတာကိုက မြန်မာပြည်ခေတ်စနစ်ရဲ့ ဆိုးရွား၊ညံ့
ဖျင်း၊သောက်သုံးမကျမှုကို ဖော်ပြနေခြင်းပါပဲ....။ခေတ်ကောင်းစနစ်ကောင်းရှိတဲ့နိုင်ငံတစ်ခုဟာ မိမိနိုင်ငံ
တွင်းမှ ဦးနှောက်ယိုစီးကျမသွားအောင် ကာကွယ်နိုင်ရမည်မဟုတ်ပါလား။ကိုယ့်နိုင်ငံတွင်းမှ ပညာတတ်
များကို နေရာပေးနိုင်ရမည်မဟုတ်ပါလား။

ဒီလိုအခြေအနေမှာ ခေတ်စနစ်တစ်ခုဘယ်လိုပဲဖြစ်နေနေ လူငယ်တွေ ကိုယ့်ဘာသာကြိုးစားကြ၊ခေတ်ကြီး
ဘာဖြစ်ဖြစ် မိုးခါးရေမသောက်ပဲ ရိုးသားကြလို့ ပြောလို့ဖြစ်ပါ့မလား....၊ဒီလိုသာ ခေတ်စနစ်တစ်ရပ်ကဘာ
ဖြစ်ဖြစ် လူတွေက ကိုယ့်ဘာသာကြိုးစားလုံ့လစိုက်ကြစတမ်းဆိုရင်လည်း ဘာအတွက် ကျောင်းတွေ၊
တက္ကသိုလ်တွေထားနေမလဲ၊ကိုယ့်ဘာသာပဲ သင်ယူကြပေတော့လို့ ပြောလိုက်ပါတော့လားရယ်လို့
ကပ်သီးကပ်သတ်ပြောစရာဖြစ်နေမယ်မဟုတ်ပါလား။ကစင့်ကလျားနိုင်လှတဲ့ " ဘူးတောင်းနစ်လို့ ဇောင်း
ချမ်းပေါ် " သောခေတ်တစ်ခုတွင် လူငယ်တွေကို ကိုယ့်ဘာသာကြိုးစားဖို့ ရိုးသားဖို့ ပြောရသည်မှာ
ဆန်စင်ရာကျည်ပွေ့လိုက်သလိုဖြစ်နေပါလိမ့်မည်။

ကျွန်တော်တို့ ငါးနှစ်သားဘဝလောက်က မိဘများမှ လမ်းမှာ ကူလီသမားများ၊ဆိုက်ကားနင်းသူများကို
လက်တွေ့ပြပြီး သားစားကြိုးစားနော်၊ပညာမတတ်လျှင် အဲ့ဘကြီးလို ပင်ပင်ပန်းပန်းရှာဖွေရလိမ့်မယ် ဟု
လည်းကောင်း၊ပညာတတ်ဆရာဝန်ကြီးများကို ပြပြီး စာကြိုးစားဖို့ ဆုံးမခဲ့ကြသည်။ငါးနှစ်သားလေးဆိုလျှင်
တော့ဖြင့် အမေ့ဆုံးမမှုကိုလက်ခံသည်ပေါ့။၁၆နှစ်သား ၁၀တန်းကျောင်းသားတစ်ယောက်ကို ခုခေတ်ကာ
လတွင် ဤသို့ဆုံးမ၍ရနိုင်ပါတော့မည်လား....။ပညာတတ်ကြီးမဖြစ်လျှင်ဆင်းရဲမည်ဟုဆုံမပါက ခုခေတ်
ကလေးသည် ဆယ်တန်းပင်မအောင်ပါပဲနှင့် ကားစီးတိုက်ဆောက်နေသော ဆောက်လုပ်ရေးဂျီအီးတပ်မှ၊
ထောက်ပံ့ရေးတပ်မှ၊ပို့ဆောင်ရေးတပ်မှ တပ်ကြပ်တစ်ယောက်ကို မေ့ငေါ့ပြပါလိမ့်မည်။အကောက်ခွန်မှ၊
မြေစာရင်းဌာနမှ စာရေးလေးတစ်ယောက်ကို လက်ညိုးထိုးပြပါလိမ့်မည်။ပညာတတ်ကြီးဖြစ်မှ ချမ်းသာမည်
ဟုဆုံးမခဲ့လျှင် ငွေမျက်နှာမကြည့်သော နယ်စွန်နယ်ဖျားမှ ဆိုင်ကယ်လေးပင်မနဲခြစ်ခြုပ်ဝယ်ထားရသော
ဆရာဝန်တစ်ယောက်ကို မျက်လုံးစွေကြည့်ပါလိမ့်မည်။နေရာကောင်းမရသော၊အကပ်မကောင်းသော၊
စီမံကိန်းဝင်လုပ်ငန်းကြီးများတွင်တာဝန်မထမ်းဆောင်ရသော လိုင်းကားတိုးစီးနေရသည့် မြို့ပြအင်ဂျင်နီ
ယာလေးကို မေ့ငေါ့ပြပါလိမ့်မည်။

ပညာမလို နေရာသာလိုသည့် သုံးစားမရအောင်ပျက်စီးခြင်းငါးပါးတိုင်နေသော မြန်မာပြည်ခေတ်စနစ်တစ်ခု
အောက်တွင် လူငယ်များကို ဘယ်ကဲ့သို့ ပြုပြင်ဆုံးမရပါမည်နည်း။လူဆိုသည်မှာ ပတ်ဝန်းကျင်၏လွှမ်းမိုးမှု
ကို မခုခံနိုင်သောသတ္တဝါမဟုတ်ပါလား၊မိမိပတ်ဝန်းကျင်မှ ပကတိဖြစ်ပေါ်နေသောအခြေအနေတစ်ရပ်
သည် လူသားတစ်ယောက်၊အထူုးသဖြင့် အသိညဏ်၊အတွေ့အကြုံနည်းပါးသေးသောလူငယ်တစ်ယောက်
ကို ဆွဲဆောင်သွားပါလိမ့်မည်။သင်မှ မည်မျှပင် အာပေါက်အောင် ရိုးသားကြိုးစားဖို့ ပြောဆိုဆုံးမနေစေ
ကာမူ ထိုလူငယ်လေး၏အာရုံသည် သူမြင်တွေ့နေရသောဒိဌဓမ္မအခြေအနေတစ်ရပ်တွင်သာ ကျက်စား
နေပါလိမ့်မည်။ လူဆိုသည်မှာ ပတ်ဝန်းကျင်၊အခြေအနေ၊ခေတ်ကာလတစ်ရပ်မှ မလွဲမရှောင်သာသော
တွန်းပို့မှုတစ်ရပ်အောက်တွင် စီးမျောနေကြသူများပင်။

နောက်တစ်ခုက လူတစ်ယောက်၏စကားတစ်ခွန်း၊စာတစ်ကြောင်းသည် အခြားတစ်ယောက်ကို အဘယ်
မျှလွှမ်းမိုးနိုင်ပါမည်နည်း၊ယေဘုယျအားဖြင့် အမြင်အတူသည့်လူနှစ်ယောက် ငြင်းခုံကြတိုင်း အခြားတစ်
ယောက်က သူ့အယူအဆကို စွန့်လွှတ်လိုက်သည်ဆိုသည်မှာ ရှာမှရှားသောဖြစ်ရပ်တစ်ခုပင်။ဘုရားသော်
မှ မချေချွတ်နိုင်သည့် သတ္တဝါတို့ကား အနန္တဟုဆိုသကဲ့သို့ပင်တည်း။
ယခုပို့စ်ကို ဖတ်နေသောသင်ပင်လျှင် ကျွန်တော်၏အယူအဆများနှင့် သင့်အယူအဆများ မတူညီနေပါ
က သင့်စိတ်ထဲတွင် သင့်အမြင်ဘက်မှ ခုခံကာကွယ်သောအကြောင်းပြချက်များကို ရှာဖွေနေပြီးဖြစ်နေ
ပါလိမ့်မည်။ဆိုလိုသည်မှာ လူတို့သည် တစ်ဘက်သား၏အမြင်ကို လွယ်ကူစွာလက်ခံလေ့ရှိကြသည်
မဟုတ်ပေ။

သို့ဆိုသော် ကျွန်တော်တို့က လူငယ်များကို ရိုးသားကြိုးစားဖို့ မဆုံးမရတော့ဘူးလား၊သူတို့ကို မြေ
တောင်မြှောက်မပေးရတော့ဘူးလားဟု မေးစရာရှိပါသည်။ဆုံးမရမည်သာဖြစ်သည်။ရိုးသားကြိုးစားချင်သူ
လူငယ်လေးများကို မြေတောင်မြှောက်ပေးရမည်သာဖြစ်သည်။သို့သော် တစ်ဘက်ကလည်း ခေတ်ဆိုး၊
စနစ်ဆိုးကြီးကို မျက်ကွယ်ပြု၍မရပေ။အရှိကိုလက်ခံရမည်၊ခေတ်၏သားကောင်းမဖြစ်ရှာပဲ သားကောင်ဖြစ်
နေရှာသောလူငယ်လေးများကိုလည်း ခေတ်ဆိုးစနစ်ဆိုးကို အမှန်အတိုင်းမြင်အောင်ပြနိုင်ရမည်။ထို့ပြင်
ခေတ်လူငယ်တို့ ရင်ဆိုင်ဖြတ်သန်းနေရသည့်အခြေအနေတစ်ရပ်ကို နားလည်ပေးနိုင်ရပါမည်။

ယနေ့အခြေအနေသည် အပြောင်းအလဲကို ရှေးရှုလာနေသော ခေတ်ပြောင်းခေတ်လဲတစ်ခု၏စပ်ကူး
မက်ကူးကာလတစ်ရပ်ဖြစ်သည်။ခေတ်ပြောင်းခေတ်လဲတွင် တစ်ချို့သည် ခေတ်ကို အမှီလိုက်ရင်း ချော်
လဲ၊နဖူးကွဲ၊ဒူးပြဲကုန်ကြသည်။တစ်ချို့ကား ခေတ်အပြောင်းအလဲကို ထိုင်ရာမှမထ ပါးစပ်အဟောင်းသားဖြင့်
ထိုင်ကြည့်နေကြသည်။တစ်ချို့ကား ခေတ်နှင့်လုပ်စားကြသည်။အတော်လေးနေသားကျလာလျှင်ဖြင့် ခေတ်
ရှေ့ပြေးတို့လည်း အရှိန်သတ်သွားကြပါလိမ့်မည်။ငုတ်တုတ်မှမထတမ်းထိုင်နေကြသူတွေလည်း ဖုတ်ဖတ်
ခါလို့ထလာကြရပါမည်။ခေတ်နှင့်လုပ်စားသူတို့ကတော့ ရွေအိမ်နန်းနှင့်ကျငှန်းလည်းခံကာ စည်းစိမ်ခံစား
နေကြလိမ့်မည်။ကျွန်တော်တို့လို သာမန်ပြည်သူများအဖို့ကတော့ ခေတ်ကောင်းတစ်ရပ်ကို မျှော်လင့်ရင်း၊
တစ်ဘက်မှလည်း ခေတ်သစ်တစ်ခုမွေးဖွားမှုတွင် မိမိတတ်နိုင်သလောက်ပါဝင်ထမ်းဆောင်ရင်း၊ခေတ်၏
စီးကြောင်းထဲတွင် ကိုယ်တိုင်လူးလွန့်ရုန်းကန်ရင်း၊မိမိတို့ကဲ့သို့သောအခြားခေတ်လူများ၏ဘဝအထွေထွေ
ကိုလည်း ကိုယ်ချင်းစာစိတ်နှင့် နားလည်ပေးနိုင်မှုကိုသာ ပေးနိုင်သလောက်ပေးဖို့သာ ရှိသည်မဟုတ်ပါ
လားခင်ဗျားးးးးးးးးးးးးးးးးး။















9 comments:

ညီလင်းသစ် said...

သိပ်ကောင်းတယ် ကိုညိမ်း...၊ ခေတ်နဲ့ ခေတ်လူ အကြောင်းကို ပြောရင်.. အထူးသဖြင့် ကျနော်တို့ နိုင်ငံက ဖြတ်သန်းခဲ့၊ ဖြတ်သန်းဆဲ ခေတ်နဲ့ ခေတ်လူတွေ အကြောင်း ပြောရင် ဂျာအေး သူ့အမေရိုက်တဲ့ ဇတ်လမ်းတွေ ချည်းပဲ များတယ်၊ လက်ရှိဖြတ်သန်းနေကြတဲ့ ခေတ်က ပျက်စီးနေတယ် ဆိုတာကို အတည့်အတိုင်း မြင်တတ်ဖို့နဲ့ အဲဒီကမှ တဆင့် တစ်ယောက်စီက နိုင်သလောက် ပြုပြင် ယူသွားကြဖို့ပါပဲ..၊

တွင်းဆုံးကျ ပျက်စီးနေတဲ့ စနစ်ဆိုးတစ်ရပ်ရဲ့ အောက်မှာ ပြင်စရာ တွေက များလွန်းလို့ think globally, act locally ဆိုတဲ့ စကားလေးလိုပဲ ကိုယ့်ဝန်းကျင်မှာ နိုင်သလောက်လေးက စကြဖို့ပဲ အားပေးကြရမှာ ပါပဲဗျာ...၊

san htun said...

မြန်မာပြည်က လူငယ်တွေ အရက်သောက်၊ ဘောလုံးပွဲလောင်း၊ လက်ဖက်ရည်ဆိုင်၊ အင်တာနက်ဆိုင်မှာ ချက်တင်းနဲ့  အချိန်တွေ လေလွင့်နေတာ မြင်ရတော့ အားမလိုအားမရ ဖြစ်မိတယ်..ဒါပေမယ့်လည်း နိုင်ငံခြားမှာလို အချိန်ပိုင်းအလုပ်တွေ၊ ဘွဲ့ ရပညာတတ်တွေက လစာပိုရလို့  ဘွဲ့ ရအောင် ကြိုးစားလို့ လည်း မြန်မာပြည်မှာ ဆယ်တန်းမအောင်တယ့်သူကတောင် ပိုချမ်းသာနေသေးတယ်..လူငယ်တွေထဲမှာလည်း ကြိုးစားချင်တယ့်သူ ရှိသလို မကြိုးစားတယ့်သူတွေ ရှိပါတယ်..အဓိကတော့ စနစ်ကြောင့်ပါ..အချိန်ပိုင်းအလုပ်တွေ၊ တကယ့်ပညာအရည်အချင်းတွေနဲ့  ထိုက်တန်တယ့်အလုပ်တွေရှိတယ့် စနစ်ကောင်းသာ ရှိနေမယ်ဆိုရင် လူငယ်တွေလည်း လေနေမယ် မထင်ဘူး...

မိုးငွေ့........ said...

အမှန်ဆုံးတွေပဲကိုညိမ်းရေ...ကိုယ်တွေခေတ်ကတည်းက အတန်းထဲမှာ ဘလိုင်းကြီး ဆေးချ ဖဲရိုက်နေကြတာ..။ မြန်မာပြည်ရဲ့ ပညာရေးစနစ်ကို အမြင်ဆုံးပြောင်းစေချင်တော့တာပဲ...။

Ma Tint said...

အရှိကို အရှိအတိုင်း အမှန်တရားတွေကို မီးမောင်းထိုးပြတာလေးက သေသေသပ်သပ် လှလှပပလေးပဲ မောင်ညိမ်းရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေဝသန် said...

ပညာရေးသာ အဓိကနိုင်ငံ့ပန်းတိုင်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ မကြွေးကြော်သမျှ ဒီနိုင်ငံအနာဂတ် မြင့်မားဖို့ လမ်းမမြင်ဘူး ကိုညိမ်း....

ဟန်ကြည် said...

ကိုယ်တိုင်က ပညာရေးလောကထဲမှာ ကျင်လည်နေတာဆိုတော့ ပိုမြင်တယ် ကငြိမ်းနိုင်ရေ...ကိုယ့်ဆီမှာက ကျောင်းစာကိုပဲ ပညာလို့ သတ်မှတ်ထားတာက ဆိုးလွန်းနေတယ်...ပညာဆိုသည်မှာ အမှားအမှန်ကို ခွဲခြားဆင်ခြင်နိုင်ပြီး မှန်သည့်အတိုင်း လိုက်နာဆောင်ရွက်စေနိုင်သော အစွမ်းသတ္တိလို့ ဖွင့်ဆိုထားတာနဲ့ ချိန်ထိုးကြည့်လိုက်ရင် လောလောဆယ် အခြေအနေနဲ့ ဘယ်လောက်ကွာဟနေတယ်ဆိုတာ သိပါလိမ့်မဗျား...

တကယ်တော့ တောကျေးလက်တွေမှာ သေစာရှင်စာတောင် မဖတ်တတ်တဲ့လူတွေ တပုံတခေါင်းကြီး ကျန်နေသေးတယ်ဗျာ...ဒီလူတွေကို နားမျက်စိတွေ ဖွင့်ပေးဖို့လည်း မမေ့မလျော့ လုပ်ကြဦးမှ...ဘာပဲပြောပြော ပညာတတ်အများစုကတော့ သူများထက်စာရင် မျက်စိနေရေးနားရေး ပိုရှိကြတဲ့လူတွေချည်းပါပဲ...အသိခေါက်ခက် အ၀င်နက်နေကြလို့ ချော်ထွက်နေတာကိုး...လုံးလုံးမသိရှာတဲ့လူတွေအတွက် ပြည့်စုံလုံလောက်တဲ့ ပညာရေးစနစ်တစ်ခုကိုတော့ တောင့်တမိတာပါပဲ...

သို့ပေမင့် တောင့်တတိုင်းလည်း ဖြစ်မလာတတ်တာ ရွှေပြည်ရဲ့ သဘာဝဆိုတော့ တတ်တဲ့ သိတဲ့လူတွေကပဲ တစ်နိုင်တစ်ပိုင် စကြတာပေါ့ဗျာ...

နွေတေးရှင် (မင်းဧရာ) said...

သည်လိုအတွေးအခေါ် သည်လိုအရေးအသား ကျော်ဖတ်သူများသော နေရာမှာတွေ့ရတာတော့ အတော့်ကိုနှမျေားဖို့ကောင်းတယ်ဗျာ...။

ခေတ် စနစ် နဲ့ လူနေမှု့တွေကို ထောက်ပြသွားတဲ့နေရာမှာ ဘယ်ဘက်ကမှ မလိုက်ပဲ အရှိအတိုင်းပြောသွားတာက သိပ်ကိုချီးကျူးစရာကောင်းတယ် ။

ကိုကိုမောင်(ပန်းရနံ့) said...

ကမောင်လေး။
သေသပ်လှပလှချည်လား။ ဒီလိုစာပေမျိုးကို လူငယ်တွေ များများ ဖတ်စေချင်တယ်။ သူကြီးမင်းကတော့ ဖတ်ပြီးသားစာတွေ မေ့မေ့နေလို့ နှစ်ခါလာပြီး နှစ်ခေါက် ဖတ်ပြီးသွားပြီ။ ဒီလိုမျိုးစာ များများရေးနိုင်ပါစေလို့ ဆန္ဒပြုသွားပါတယ်။ (ကိုယ်ကိုယ်တိုင်ကတော့ ပေါတောတော မပျောက်တတ်သေဘူး)။

မြသွေးနီ said...

ဒီပို့စ်လေးကနေ တွေးစရာတွေ တသီတန်းကြီးရသွားတယ်...။ ဘ၀အာမခံချက် ဆိုတဲ့ စကားလုံးက သိပ်တာသွားပါတယ်။ ဘ၀အားမခံချက်ရှိမှ အားထုတ်ချင်စိတ်တွေ ဖြစ်လာနိုင်မယ်ထင်တာပဲ။ အခုတော့ ဘွဲ့ရတစ်ယောက်အတွက် ဘ၀အာမခံချက်မပေးနိုင်သရွေ့ သူ့ရဲ့ပညာရေး၊ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကအစ စံမှီဖို့ဆိုတာ အာမခံလို့ကို မရဘူး။ ဒီလိုနဲ့ မျောနေကြတာတွေမြင်ရတာ စိတ်မကောင်းဘူး။ ထိုက်ထိုက်တန်တန် ကြိုးစား၊ တန်ရာတန်ကြေး ရလဒ်ကို လူတိုင်းလိုချင်ကြမှာပဲလေ..။ ဒီမှာက ပရော်ဖက်ရျင်နယ်တစ်ယောက်တောင် ဘ၀အားမခံချက် ဘာမှ မရှိပါဘူး။ ဒီလိုနဲ့ ထူးခြားတဲ့ ပြောင်းလဲတိုးတက်မှုမရှိပဲ အသက်တွေသာ တဖြည်းဖြည်း ကြီးလာတော့တာ ၀မ်းနည်းစရာ..။