Wednesday, February 13, 2013

ဘန်ကောက်သို့...... (၁)

ဘန်ကောက်ကိုသွားဖို့ ကြံစည်ထားတာကတော့ အတော်ကြာပါပြီ....၊ကြာဆို ၂၀၁၂နှစ်ဆန်းပိုင်းထဲက ဒီနှစ်သစ်ကူးပိတ်ရက်မှာ သွားမလို့ စဉ်းစားထားပြီးသားရယ်....၊ဒါပေမယ့် တကယ့်တကယ်သွားမယ်လည်း
လုပ်ရော အချိန်ကအရမ်းကပ်နေပြီ....၊လေပျံလက်မှတ်လည်းမဝယ်ရသေး၊ဗီဇာလည်းမလုပ်ရသေး၊သွားဖို့
လာဖို့လည်း ဘာမှမပြင်ရသေးပေ...။ဒီလိုနဲ့ တစ်ပတ်အလိုမှ လေပျံလက်မှတ်ဝယ်ရ၊ဗီဇာပြေးလုပ်ရတယ်။
ဟိုးအရင်က ခရီးတစ်ခုထွက်မယ်ဆို တစ်လအလိုလောက်ကတည်းက ကြိုတင်ပြင်ဆင်နေတတ်တယ်...။
ထည့်သွားမယ့်ပစ္စည်းတွေကိုဆို မေ့ကျန်မှာစိုးလို့ စာရွက်တစ်ရွက်မှာ ချကိုရေးထားတာကလား။ပြီး ခရီးမ
သွားခင် လိုတာလေးတွေ ဝယ်ခြမ်းနေရတာကိုက ပျော်စရာရယ်...၊အမေကဆိုအမြဲပြောတယ်....နင့်ဟာ
က ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်ပါပဲလားဟယ်....တို့....၊နင်ကတော့ ခတ်ကွင်းပြင်တာနဲ့
ရွာသာကြီးရောက်နေပြီတို့....နဲ့ သူ့သားကို ကောင်းချီင်္းပေးလေ့ရှိတယ်...။

ဒီတစ်ခေါက်ကတော့ စဘိုင်၊စဘိုင်ပဲ....၊ဘာမှထွေထွေထူးထူးပြင်မနေဘူး၊ဘန်ကောက်က ဘော်ဘော်တွေ
အတွက် လက်ဆောင်လေးဘာလေးပြေးဝယ်ရင်း ကိုယ့်အတွက်လည်း ကျောပိုးအိပ်လေးတစ်လုံးပဲဝယ်ဖြစ်
တော့တယ်...၊ကျောပိုးအိပ်ကတော့ အနောက်တိုင်းက တိုးရစ်တွေကို သဘောကျလို့တစ်ကြောင်း၊မြန်မာ
ပြည်နဲ့လည်း ကီးကိုက်မယ်ထင်လို့တစ်ကြောင်းဝယ်ဖြစ်လိုက်တာရယ်...။ဟုတ်တယ်...သူတို့လို ကျောပိုး
အိပ်ကြီးကြီးတစ်လုံးထဲ လိုတာတွေထည့်ပြီး ကမ္ဘာပတ်နေချင်တယ်...၊နောက် ဒီအိပ်က ဘီး လည်းပါလို့ ဆွဲသွားလို့လည်းရသလို ကျောမှာ လွယ်သွားလို့လည်းရတယ်...၊မြန်မာပြည်မှာက ကျောမှာလွယ်လို့ရမှ
အဆင်ပြေတာရယ်....၊ပလက်ဖောင်းတွေက ခရီးဆောင်အိပ်တွေ ဆွဲသွားဖို့အဆင်မပြေလှဘူးကိုး....။

ကဲ....ထားတော့.....ခတ်ကွင်းပြင်နေတာနဲ့ ဘန်ကောက်မရောက်ပဲနေရော့မယ်။ကဲ ရောက်ပြီထားဗျာ :))။
အဲအာရှနဲ့ဆိုတော့ သုဝဏ္ဏဘုမ္မိလေဆိပ်မှာမဆင်းဘူးရယ်...၊ဒွန်မောင်းမှာဆင်းတယ်...၊စင်္ကာပူကလာတဲ့
လေပျံနဲ့ မလေးရှားကလာတဲ့လေပျံနဲ့က တစ်ချိန်တည်းလိုလိုဗျ...၊ဆိုတော့ လဝက မှာ နဲနဲလူများသွား
တယ်...၊ပြောရဦးမယ်....မလေးကလာတဲ့ ပေစုတ်စုတ်ကုလားတစ်ယောက်ကို လဝကမှာတန်းစီနေတုန်း
မှာပဲ အရာရှိနှစ်ယောက်က ကြားဖြတ် စစ်ဆေးနေတာတွေ့ခဲ့ရသဗျ...၊ကောင်တာကို မရောက်သေးဘူး
နော်...၊သူတို့မသင်္ကာလို့ထင်ရဲ့...၊ကုလားမှာက ပတ်စပို့ရော၊စာရွက်စာတမ်းတွေရောစုံစုံလင်လင်ပါ
လာတွေ တွေ့နေရတယ်..။ခက်တာက ဒင်းက စကားမပေါက်ဘူး...၊ဘိလပ်စကားလည်းမပြောတတ်ဘူး
ရယ်..၊ဒါနဲ့ အခြားလူရည်သန့် ကုလားမလေးတစ်ယောက်က ဝင်ပြီး စကားပြန်လုပ်ပေးတယ်...။ဘာတွေ
ပြောလဲတော့ မကြားရလို့မသိ...၊အရာရှိနှစ်ယောက်လည်း နဲနဲတွေတွေဝေဝေပုံစံနဲ့ သူတို့အထက်အရာ
ရှိဖြစ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ခေါ်ပြရော...၊အဲ့အမျိုးသမီးကြီးကတော့ ပြက်ပြက်သားသားပဲ...
လူတန်းထဲက အဲ့ကုလားကို ဆွဲထုတ်ပြီး အခန်းတစ်ခုထဲခေါ်သွားလေရဲ့...၊နောက်ဘာတွေဖြစ်ကုန်သလဲ
တော့ မသိတော့ပါဘူးလေ...။ပြောချင်တာကတော့ ဒင်းတို့အန္တရာယ်ကို ထိုင်းတွေလည်းအတော်သတိ
ထားနေတဲ့ပုံပဲလို့ ပြောချင်တာ...။

ဒီလိုနဲ့ ညနေလေးနာရီကျော်ကျော်လေးမှာ အပြင်ရောက်လာတယ်...၊ဘန်ကောက်ကတော့ အရင်တစ်
ခေါက် ကလိုပါပဲ.....နွေးနွေးထွေးထွေးနဲ့ ကိုယ့်ကို ကြိုဆိုနေလေရဲ့...၊ကလတ်လည်း လာကြိုနေတယ်..။
ဒီလိုနဲ့ နှစ်ယောက်သား တိုင်စီငှားပြီး တည်းခိုမယ့်နေရာကို ချီတက်ခဲ့ကြတယ်...။ကိုယ်တစ်ညတာတည်း
ခိုမယ့် ကွန်ဒိုခန်းလေးထဲ အထုတ်အပိုးချ...၊အပြင်ကိုထွက်ခဲ့ကြတယ်...။လမ်းထိပ်ကဈေးလေးဘက်ကို
တစ်ချက်လှမ်းကြည့်တော့ တွေ့လိုက်ရတာက အကင်ဆိုင်လေးနှစ်ဆိုင်၊သုံးဆိုင်...၊ဒါနဲ့လမ်းကူးပြီးသွား
ကြည့်မိတယ်...၊တစ်ဆိုင်က ကြက်သားတုတ်ထိုးအကင်ဆိုင်..၊တစ်ဆိုင်က ပင်လယ်စာအကင်ဆိုင်...။
ပင်လယ်စာအကင်တွေမြင်တော့ အတော်သဘောကျသွားတယ်...၊

ကိုယ်ငယ်ငယ်က ပင်လယ်စာတွေကိုမကြိုက်ဘူးရယ်...၊ရေချို၊ရေငန် ဘာမှကိုမကြိုက်တာ..၊အိမ်မှာ ပုစွန်
ချက်ရင်တောင် သိပ်မစားဖြစ်ဘူး...၊ပုစွန်ကြိုက်တဲ့ အဖေ့ပဲ ဦးစားပေးတယ်၊ကိုယ့်အကြိုက်က ဝက်သား..၊
ဝက်သားချက်ရင်တော့ အိုးတစ်ဝက်လောက်က ကိုယ့်ဗိုက်ထဲရောက်သွားတာာာာာ။ငါးဆိုရင် တို့ကိုမတို့
တာ...၊ဂဏာန်းဆိုလည်း စားကောင်းတဲ့အရာလို့ကို စိတ်ထဲမရှိ...၊ဒီအခွံမာမာကြီးပဲရှိတဲ့သတ္တဝါကို ဘာလို့
စားပါလိမ့်ဆိုပြီးတော့တောင် တွေးမရတာ...။ရေဘဝဲတို့၊ရေခူတို့ကိုလည်း အမေက ချက်ကျွေးတယ်၊ကြိုက်
ပါဘူး...။ခုများကျ ဘယ်လိုဖြစ်တယ်မသိ...၊စလုံးမှာငါးနှစ်လောက်နေဖြစ်လိုက်တာနဲ့ ပင်လယ်စာတွေ
စားချင်စိတ်အတော်ပေါက်နေတယ်...။ကြိုက်လည်းကြိုက်တတ်လာတယ်..၊စလုံးပါး ဝလာတာထင်ရဲ့....၊
သင်းတို့ စလုံးတွေက ပင်လယ်စာသိပ်ကြိုက်ကိုး...။သို့ပေမယ့် စလုံးမှာ ကိုယ်က ပင်လယ်စာတွေကောင်း
ကောင်းကန်းကန်းမစားရပါဘူး...၊ကိုယ်ကအခြေခံလူတန်းစားကိုး....၊ငပိချက်လောက်ပဲ နပ်မှန်တာရယ်..။

ဒီတော့ ဘန်ကောက်ရောက်ရင်ပင်လယ်စာ အဝတီးမယ်လို့ စိတ်ထဲတေးမှတ်ထားတာရယ်...။ဆိုတော့ကာ
အဲ့အကင်ဆိုင်လေးဆီက စားကောင်းမယ်ထင်တဲ့အကင်လေးတွေ လက်ညိုးထိုးဝယ်၊ပလတ်စတစ်အိပ်ထဲ
အချဉ်ရည်လေးစမ်းပြီး လမ်းတစ်လျှောက် ဝါးချွန်လေးနဲ့ ထိုး ထိုးပြီးစားလိုက်တာ...ဘာပြောကောင်းမလဲ..
ဘာမှကိုပြောမကောင်းဘူး.... :)))။အဲ...သူရို့အချဉ်က အတော်စပ်သဗျာ...၊ကိုယ်ကအချိုသာစားနိုင်တာ..၊
အစပ်တော့ မစားနိုင်...၊ဒါပေမယ့် ချွေးသံလုံးလုံးနဲ့ အာဖြဲပြီး စားတာပါပဲ...၊ခရီးစဉ်တောက်လျှောက်မှာ
လည်း ဝယ်စားသမျှဆိုင်မှာ အစပ်လျော့ထည့်ခိုင်းသည့်တိုင်အောင် သူရို့ထိုင်းစာတွေက စပ်သဗျာ...။
စပ်ပေမယ့် စားလို့လည်းကောင်းသဗျ....။ထိုင်းနဲ့အစပ် ခွဲမှ မရပဲကိုး...၊ကိုယ်ကလည်း မ ကိုခင်မှတော့
ဥ ကိုလည်း ခင်ရတော့သပေါ့လေ....။ထိုင်းစာတွေကြိုက်မှတော့ အစပ်ကိုမကြိုက်လည်း အောင့်အီးစားရ
တော့သပေါ့.....။

ရောက်ရောက်ခြင်း ဝယ်စားတဲ့ ပင်လယ်စာအကင်ဆိုင်...တန်တယ်...စားကောင်းတယ်...

အဲဒီညနေက ဖက်ရှင်အိုင်းလန်း ဆိုတဲ့ ကုန်တိုက်အသစ်ကြီးဆီရောက်သွားတယ်...။ကုန်တိုက်ကြီးတွေ
ကတော့ ဘယ်နိုင်ငံရောက်ရောက် သိပ်မကွာပါဘူး...၊ဆိုင်တွေခန်းနားတယ်၊ပစ္စည်းတွေသားနားတယ်..၊
အဲ...ဈေးတွေလည်းကြီးတယ်...၊နာမည်ကြီးအမှတ်တဆိပ်တွေရဲ့ဈေးနှုန်းတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံမ
ကွာပါဘူး...။ဒီတော့ လျှောက်ကြည့်...ဓာတ်ပုံရိုက်......ပြန်လာပေါ့...။အဲ့ကုန်တိုက်ကအပြန် ညစာဝင်စား
ကြတယ်...၊ကလတ်ရယ်၊သူ့သယ်ရင်းထိုင်းရယ်၊ကိုယ်ရယ်...သုံးယောက်ထဲ...၊ကလတ်သယ်ရင်းထိုင်းက
စလုံးကို လာလည်ဖူးလေရဲ့...၊သူက အော်တိုကပ်ဆွဲတယ်....၊ကိုယ်ကပြောတယ် စလုံးမှာ အော်တိုကပ်
ရရင် လစာသင့်တယ်ပေါ့...၊လာလုပ်ပါလားဆိုတော့ သူက စလုံးက လူရှုပ်၊ကားရှုပ်နဲ့ သူမကြိုက်တဲ့...။
ဘန်ကောက်မှာတောင် သူ့အိမ်နဲ့သူ့အလုပ်ပဲသွားသတဲ့...၊ကုန်တိုက်တွေဆို အပြင်ကပဲမြင်ဖူးတယ်၊
အထဲမသွားတတ်လို့ ကလတ်ကိုလိုက်ပြခိုင်းရသတဲ့...၊တော်တော်ကို ရိုးတဲ့၊အေးတဲ့ ထိုင်း ပါပဲ...။သူ့ပုံမြင်
တာနဲ့ လူရိုးလူအေးမှန်းသိသာရဲ့...။အဲ့ဆိုင်က ငါးကြော်က အတော်ကောင်းတယ်...၊နောက် ငါးကို နုတ်
နုတ်စင်းပြီး ပွဆေးနဲ့ မွနေအောင်ကြော်ထားတာလည်းတော်တော်လေးစားလို့ကောင်းတယ်...၊ဘယ်လို
ခေါ်သလဲတော့မသိ...။ထိုင်းဘီယာတွေကတော့ မစွံ....၊အဲ့တစ်ညပဲသောက်တယ်...၊နောက်ညတွေ
မသောက်တော့ဘူး...၊ထိုင်းဘီယာကိုပြောပါတယ်...၊ဟိုင်းနကန်ပြောင်းသောက်တယ်.... :P


Fashion Island ရဲ့ အတွင်းထဲက ရေပန်း...၊အဲ့ရေပန်းမြင်တော့ ဘူကစ်က ရေပန်းလေးသတိရမိ၊
ဘူကစ်ကရေပန်းသတိရတော့ အစ်မကွန်ကိုတောင် ပြေးသတိရတယ်..၊


အပြန်လမ်းမှာ လူကူးတံတားပေါ်ကရိုက်ထားတာ...၊ဒါတောင် ဘန်ကောက်မြို့လည်ခေါင်မဟုတ်သေးဘူး၊
ဆင်ခြေဖုံးပဲရှိသေးတယ်...၊မြန်မာပြည်အနေနဲ့ဆို မင်္ဂလာဒုံလောက်ရှိမယ်...။

~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်နေ့မှာ ဘန်ကောက်မြို့ထဲ ချီတက်ခဲ့ကြတယ်...၊လိုင်းကားနဲ့ပါပဲ...၊သူရို့လိုင်းကားတွေက
အတော်လေးဟန်ကျသား...၊ကားတွေက ဟိုင်းလပ်လိုကားတွေလည်းရှိတယ်၊၁၂ယောက်စီး မှန်လုံကား
သေးသေးလေးတွေလည်းရှိတယ်၊စပယ်ရာမရှိဘူးရယ်...၊ကိုယ်ဆင်းချင်တဲ့နေရာရောက်ရင် ဟိုင်းလပ်ကား
ဆို ဘဲလ် နှိပ်၊ရပ်ရင်ဆင်း၊ဒရိုင်ဘာကို ကျသင့်ငွေပေးလိုက်ရုံပဲ၊မှန်လုံးကားလေးတွေဆိုရင် ဒရိုင်ဘာကို
လှမ်းပြောပြီး ပိုက်ဆံပေးဆင်းရုံပဲ...၊ကြပ်ကျပ်မနေဘူး...၊စပယ်ရာကအတင်းတွန်းတင်တွန်းချမရှိဘူး...၊
ခပ်အေးအေးပဲ...၊ပြောရရင် စဘိုင်စဘိုင်ပဲ....၊ဈေးသည်တွေလည်း တွေ့မိသမျှ ခပ်အေးအေးရယ်...၊
အဲ့လိုမျိုးစီးပွားရှာစားရတာမျိုးကို မြန်မာပြည်မှာလည်း မြင်ချင်တယ်...၊ခုတော့ ကိုယ်တို့ဆွေမျိုးတွေက
တော့ ကြက်ယက်သလိုပဲ...ပြာလူးနေတာကလား....။ဒါတောင် နပ်မှန်ရုံတင်...စီးပွားတော့မဖြစ်ပေါင်....။

ကိုယ်တွေစီးခဲ့တဲ့ လိုင်းကားလေး.......

အဲ...ပြောဖို့ကျန်နေတယ်...၊ဘန်ကောက်မြို့ထဲမသွားခင် ကိုယ်တို့ သီလရှင်ကျောင်းလေးတစ်ကျောင်း
ဆီဝင်လည်ဖြစ်တယ်....။သန့်ရှင်း၊သပ်ရပ်၊ငြိမ်းချမ်း၊ဆိတ်ငြိမ်ရာ ကျောင်းလေးပါ...။ကလတ် ဘလော့မှာ
တင်ဖူးပါတယ်...၊ ဒီမှာ သွားကြည့်လိုက်ပါနော့....။ကြော်ငြာမယ့်သာကြော်ငြာရတာ ဒင်းကလည်း ဘာမှ
ပြည့်ပြည့်စုံစုံရေးထားတယ်မရှိ..... :)))။ကိုယ်လည်း မသိလို့ ဘာမှမပြောနိုင်ပါဘူး၊ဓာတ်ပုံတွေပဲတင်လိုက်
ပါတယ်...။

တရားအားထုတ်ဖို့၊စာဖတ်ဖို့ လုပ်ပေးထားတဲ့ ဂူလေးပါ၊သဘာဝအလင်းရောင်နဲ့လေဝင်လေထွက်
ကောင်းအောင် လုပ်ပေးထားပါတယ်.....။


ရေကန်၊ကြာ နဲ့ စကားပင်လေးတွေအပြင် ရုပ်တုလေးတွေ၊လူသွားလမ်းလေးတွေ နဲ့ဆိုတော့
အတော်ကို သာတောင့်သာယာရှိပါတယ်.......။


ဒီလိုတရားရိပ်သာမျိုးမှာ တစ်ဝါတော့ ခိုနေလိုက်ချင်သေး...... 

~~~~~~~~~~~~~~~~~~~~~~~~~~
 
အဲဒီကမှ လိုင်းကားစီးလို့ ဘန်ကောက်မြို့ထဲ ခရီးဆက်ခဲ့ပါတယ်...၊တည်ခိုခန်းတစ်ခုမှ အခန်းယူ၊အိတ်တွေ
ချခဲ့ပြီး မြို့ထဲထွက်ခဲ့တာပေါ့...၊မြို့ထဲက ပလပ်တီနမ်မောဘက်မှာ မောင်မျိုးစောင့်နေပါတယ်..၊ပုံမှန်ဆို
ထိုင်းကိုရောက်သည့်တိုင် သူနဲ့တွေ့ဖြစ်ဖို့မလွယ်ပါဘူး...၊သူကအရင်က မဲဆောက်မှာကိုး..၊ခုတော့ သူ
လည်း ဘန်ကောက်ထဲရောက်နေလို့ တွေ့ဖြစ်ခဲ့ရဲ့....။သူ့ဆီအသွား လမ်းမှာ ထိုင်းမွင်းဂါးဝင်စားခဲ့ပါသေး
တယ်၊လမ်းဘေးဆိုင်လေးကပါ၊အရွက်ပေါင်းစုံအပြင်ချဉ်ဘတ်တွေပါ ထည့်စားရပါတယ်၊မြန်မာမွင်းဂါး
လောက်ကြိုက်ပါဘူး၊စပ်ကလည်းစပ်သေး..... :(

 ထိုင်းမွင်းဂါး........

သုံးယောက်သား မက်ဒေါ်နယ်ဆိုင်ထဲမှာ စကားတွေပြောကြပါတယ်...။အဲ့ဒီကမှ ပလပ်တီနမ်မောနဲ့
ပသူနမ်မောတွေဘက် လျှောက်ကြည့်ကြတယ်...၊ပသူနမ်မောက မြန်မာပြည်က မင်္ဂလာဈေးနဲ့တူတယ်
ဗျ....၊အထည်တွေကတော့ နဲနဲပေါပေါပဲပဲ ဆန်တယ်...၊ဒါပေမယ့် ဈေးချိုသလောက် ပစ္စည်းကောင်းတဲ့ပုံ
ပါပဲ...၊ရောင်းတမ်းလေးတွေဆိုပါတော့...။ပလပ်တီနမ်ကတော့ သူ့ထက်ပို ဈေးကောင်းတယ်..၊ဆိုင်တွေ
လည်း ပိုသန့်တယ်၊အဲ့မောထဲ ဝင်ကြည့်တော့ ကိုယ်တို့ရှေ့က ဘိလပ်သားတစ်ယောက်က သူ့အဖော်
ထိုင်းမကို ပြောနေတာကြားတော့ ကိုယ်တို့ပြုံးမိသေး...၊သူပြောတာက ဘာတဲ့ ချိုင်းနားနိုးဂွတ်၊ချိုင်းနား
နိုးကွာလတီ.....တဲ့....:)။အဝတ်အထည်ဈေးတွေမဆိုးပါဘူး...၊အရည်အသွေးလည်းကောင်းပါတယ်...။
ချိုင်းနားမိတ်ထက်အပုံကြီးသာပါတယ်...။အဲ့ဒီမှာ အဖြူတွေ၊အမည်းတွေက အိတ်ကြီး၊အိတ်ငယ်အသွယ်
သွယ်နဲ့ အားပါးတရဝယ်ကြတာတွေ့ရတယ်..၊ဒင်းတို့ အချောင်နှိုက်တကယ်တော်တယ်.... :)))

ကိုယ်လည်း နဲနဲပါးပါးတော့ဝယ်ခဲ့တယ်...၊ဘန်ကောက်ဟာ ဈေးဝယ်လို့သိပ်ကောင်းတဲ့နေရာပါ။ပြောရ
ဦးမယ်..၊သူတို့ဆီက ဈေးသည်တွေက ဈေးရောင်းတာခပ်အေးအေးပဲဗျ၊ကြိုက်သလောက်ကြည့်၊မဝယ်ပဲ
ထွက်သွားလည်း အပြုံးမပျက်ဘူးရယ်...၊ဝယ်သူကို မဝယ်ချင်ဝယ်ချင်အောင်အတင်းထိုးထည့်၊စကားတွေ
ဖောင်လောက်အောင်ပြောတာမျိုးမရှိဘူး...၊ပုံမှန်လေးပဲ....စဘိုင်...စဘိုင် ပဲပေါ့....။ဈေးဝယ်ရတာသိပ်စိတ်
ချမ်းသာဖို့ကောင်းပါတယ်...။

 တစ်ဘက်က ပသူနမ်၊တစ်ဘက်ကတော့ ပလပ်တီနမ်မောပါ....

ပသူနမ်မောထဲက နတ်စင်....၊ထိုင်းတွေ နတ်တော့အတော်ယုံပုံရတယ်....

~~~~~~~~~~~~~~~~~~~~~~~

မောတွေကမှတစ်ခါ သမ္ဗာန်လေးစီးလို့ ရွေတောင်ကုန်းဘုရားဘက်ထွက်လာခဲ့ပါတယ်...၊ဘန်ကောက်ရဲ့
ခရီးသည်ပို့ဆောင်ရေးမှာ ရေကြောင်းကလည်း အတော်အရေးပါပါတယ်...၊စီးလို့လည်းအဆင်ပြေရဲ့...။

ကိုယ်တို့စီးခဲ့တယ်......

ရွေတောင်ကုန်းဘုရားအကြောင်းလည်း ကိုယ်ဘာမှမပြောနိုင်ပါဘူး...၊ကလတ်လိုက်ပို့လို့ရောက်ခဲ့တာပဲ
ရှိပါတယ်...၊ထုံးစံမပျက် ဓာတ်ပုံတွေတော့ရိုက်ခဲ့သပေါ့..၊ကိုယ့်အာရုံထဲတွေ့တဲ့ပုံလေးတွေတင်လိုက်တယ်။
ကောင်းလှတယ်တော့မဟုတ်....။

 ဘာတွေရေးထားလဲမသိ.....

 သူရို့စေတီတွေက ထီးမရှိဘူးရယ်...လို့မောင်မျိုးကပြောတယ်...၊သူပြောမှ ကိုယ်သတိထားမိတယ်....၊
ဟုတ်ပါရဲ့နော်......။

 စေတီပေါ်အတက်လမ်းက ညောင်မုတ်ဆိတ်တွေ...၊သဘောကျတယ်.....။

အပြန်မှာ စားခဲ့တဲ့ ဒူးရင်း...သိပ်စားလို့ကောင်းတယ်...၊အမွှာအကြီးကြီး၊အစေ့ကသေးသေးလေး၊
လက်ဘက်ရည်အေး နဲ့ တွဲစားခဲ့တယ်....သိပ်ကောင်း....။


 လမ်းဘေးဆိုင်လေးပေါ်မှာ အိပ်မောကျနေတဲ့ ကလေးလေး...ချစ်ဖို့ကောင်းတယ်ဟုတ်....
လူတွေ ဥဒဟိုသွားလာ၊ဝယ်ခြမ်းနေတဲ့ကြားက ကလေးငယ်လေးအိပ်မောကျနေတာမြင်တော့
အပူအပင်ကင်းတဲ့ ကလေးဘဝကို တစ်ခါပြန်မရချင်ဘူးလား..... ရဲဘော်.......။

ထိုင်းမှာကတော့ ကလေးလည်း စဘိုင်...စဘိုင်....၊ခွေးလည်း စဘိုင်...စဘိုင်ပဲ...၊
လမ်းဘေးခွေးလည်း အပူအပင်ကင်းကင်းနဲ့ လိန်ပိန်နေအောင်အိပ်နိုင်သား..... :))))

                                                                                 ဆက်ရန်.....မျော့......

19 comments:

စံပယ်ချို said...

ခပ်ငယ်ငယ်အရွယ် ၁၉၉၂ ဒီဇင်ဘာကတခါ
၂၀၀၃ ဧပြီလက တခါ ရောက်ဖူးတယ်
အဲလိုအကင်တွေမတွေ့ခဲ့ရဘူး ခုပုံတွေကြည့်ပြီးစားချင်မိတယ်
နောက်တခါအားတဲ့အခါ မလေးကိုလာပါအုန်း
ကိုလွင်ပြင်နဲ့တွေ့ပေးချင်လို့ပါ ဈေးဝယ်လို့တော့အရမ်းကောင်းတယ်နော်....များများလေးသာဝယ်သွား

Aung Htut said...

စဘိုင်... စဘိုင်.. ပဲ... ဖတ်ရတာ ရှယ် ရှယ်.. ဗိုက်လဲ ဆာထှာ... ကတောက် (စားချင်လှသောကြောင့် တံတွေးမြိုချပြီး တောက်ခေါက်သံ) အကင်တွေကတော့ ရှယ်.. ရှယ်.. တကယ့် စဘိုင် စဘိုင်ပဲ။ ဒါနဲ့ ကညိမ်းနိုင်... စကားမစပ်... မ ကိုခင်မှတော့ ဥ ကိုလည်း ခင်ရတော့ သပေါ့လေ ဆိုတဲ့ အဆိုလေးကို သေသေချာချာ မသိလို့ လင်းပါဦးဗျာ :P

အပိုင်း ဆက်တွေ မျှော်နေမယ်ဗျို့... ဂွတ်နိုက်။

ညိမ်းနိုင် said...

ကျွန်တော်လည်း သေချာမသိပါဘူး ကိုအွတ်ထောင်ရာ...၊
ကြည့်ရတာ ကလေးအမေမုဆိုးမ၊တစ်ခုလပ်မကြီးတစ်
ယောက်ယောက်ကို ကြိုက်မိတဲ့အခါ သူ့ကလေးတွေကို
ပါ ချစ်ခင်ရတဲ့သဘောထင်တာပဲ...... :P

Ma Tint said...

တရားရိပ်သာက ကြာလေးတွေကိုတော့ သဘောကျသွားပြီ။ တရုတ်စကားပင်ကြီးက လှလိုက်တာနော်။ ထိုင်းမွင်းဂါးကလည်း ဂေါ်ဖီရွက်ကို ငရုပ်ဟင်းချိုထဲ ထည့်ထားသလိုပဲနော် သူ့အရပ်သူ့ဒေသနဲ့တော့ ကိုက်ညီပေမပေါ့ မောင်ညိမ်းရယ်။ စုံစုံလင်လင် ထိုင်းရောက်စဉ်ကအကြောင်းလေးတွေ ဖတ်ရကြည့်ရတော့ အလည်တစ်ခေါက် ထပ်ရောက်ချင်ပါသေးတယ်။ တီတင့်တို့ တာချီလိတ်မှာ နေတုန်းကလည်း ယိုးဒယား တစ်ဖက်ကမ်းက စေတီတော်မှာ ထီးတင်လို့မရဘူးတဲ့။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

ဟုတ်တယ်အီးကုရဲ့
စဘိုင်စဘိုင်ဘဲ
ထိုင်းစာတွေကတော့
ဘာစပ်သလည်းမမေးနဲ့
အစားအသောက်ကတော့ဈေးတန်ပါတယ်
အဝတ်အစားရောဘဲပက်သူနမ်မှာဆို
တထည် 150 3ထည်ယူရင်
တထည် 100 ဖြစ်သွားရော
အဲလောက်တောင်တန်တာ...
hotpot တွေလည်းစားကောင်းပါ့
traffic ဖြစ်တာလွဲလို့
ထိုင်းက မဆိုးလှပါဘူးနေလို့ကောင်းပါတယ်..
ပစ်တောင်ထပ်သွားလည်ချင်သေးတာ..

ကိုကိုမောင်(ပန်းရနံ့) said...

နွားကျောင်းသား အမေး။
ဘုရားအလောင်းအဖြေ။
အခုတော့..
မောင်အွတ်ထောင်အမေး
ကမောင်လေး အဖြေ။

သိပ် သဘောကျသွားတယ်။

အင်း...
ရောယောင်ပြီး စဘိုင် စဘိုင်တွေ ဖြစ်သွားတယ်။း)

ထိုင်းနိုင်ငံမှာလဲ စိတ်ဝင်စားစရာတွေ အများကြီးပါလား။ တစ်နေ့နေ့ပေါ့။

ညီလင်းသစ် said...

ကိုညိမ်းရဲ့ ထိုင်းအပေါ် မြင်ပုံက ကျနော်နဲ့ တူတယ်..၊ သူတို့တွေ အေးအေးဆေးဆေး ရှိတာ၊ လူတွေ၊ ဈေးသည်တွေက အစ ပေါ့ပေါ့ပါးပါးနဲ့ ရောင်းဝယ်နေကြတာ၊ ပစ္စည်းတွေ တန်တာ၊ ကလေးကအစ ခွေးအဆုံး.. အားလုံးက စိတ်ချမ်းသာနေကြပုံ ရတာ၊း) ရွှေပြည်ကြီးကိုလည်း အဲဒီလောက် အခြေတစ်ခုအထိ ရောက်စေ ချင်တယ်ဗျာ..၊

ဒါနဲ့ စကားမစပ်.. ဒီခရီးသွား ပို့စ်လေးရဲ့ စကားပြော ရေးဟန်ကို သဘောကျတယ် ကိုညိမ်းရ၊ “ကိုယ်.. ကိုယ်..” နဲ့...၊း) စ,စဖတ်ချင်းမှာ မမိုးငွေ့ရဲ့ ဘလော့ဂ်ကိုများ မှားပြီး ရောက်သွားလားလို့တောင် ထင်မိသေးတယ်...။းD ဆက်ရန်ကို စောင့်နေတယ်ဗျို့...။

မောင်မျိုး said...

အမှတ်တရတွေနဲ့ ခရီးစဉ်ပဲ ဆက်ရေးပါအုံးးး)

Candy said...

နာ့အူးလေး တချိန်လုံး စဘိုင်နေတယ်... သီချင်းစာသားကိုလည်း ခိုးရေးသေးတယ်
အပူအပင်ကင်းတဲ့ခရေးရေးဘွကို တခါပြန်ပြီးရချင်သေးတယ် ဒန်တန်တန်~~ :P

ဝလာတာလည်း ထည့်ရေးအုံး.. ၀မှာပေါ့ ဒီလောက်စားသောက်နေတာ ခိခိ

ဖဲ့နိုင်သမျှ ဖဲ့သွားသည်။
သတိ ချိတ်မချိုးရ :P

မိုးငွေ့........ said...

ကိုယ်လဲ စဘိုင်း စဘိုင်းနဲ့လာဖတ်သွားတယ် အယ်စတုံဒူးရင်းသီးကို သရေယိုသွားတယ်ဟယ်...။

ဟန်ကြည် said...

ကငြိမ်းနိုင်...
ထိုင်းဘီယာတွေ တယ်မနိပ်ပါဘူးလို့ ပြောတာကတော့ အနှီဘီယာကိုပဲ အကောင်းလုပ်ပြီးနှိပ်နေရတဲ့ ဦးဟန်ကြည်တို့ကို တည့်တည့်ကြီးကို ချဲလင့်လုပ်လိုက်တဲ့ သဘောပါနေပါပကောလားး) ( ရေးရင်းနဲ့ ဦးသုမင်္ဂလလေ ပေါက်သွားတယ်း) ) ဟိုင်နီကင်လေးလည်း နှိပ်ချင်သပ အနှာပေမယ့် သူ့ဟာက ထိုင်းဘီယာထက် ဈေးကြီးသဗျားး)

ထိုင်းနားကပ်နေပေမယ့် သူ့မုန့်ဟင်းခါးကတော့ နည်းနည်းမှ ခံတွင်းမလိုက်ပေါင်ဗျာ...ပြီးတော့ သူရို့အစာတွေက ချိုစပ်ချိုစပ်နဲ့ အစားခက်ပါဘိသနဲ့...

ဘန်ကောက်တစ်ခါမှ မရောက်ဖူးသေးတော့ ကငြိမ်းနိုင်သွားတဲ့နောက် ဖရီးကစ်လိုက်ကြည့်လိုက်ဦးမယ်...ငွေမကုန် လှေကြုံစီး မပိုင်လားဗျာ...း)

ကကလ said...

လိုအပ်သည်များ ရှိခဲ့ပါက ... နောင်နှစ်ကျ ပိုက်ပိုက် များ ထပ်မံစုဆောင်းပီး လာရောက် ကျွေးမွေး နိုင်ဘာာာ ကျောင်း...... :D

မေဓာဝီ said...

ကလေးလဲ ပါ ... ခွေးလဲ ပါ ..
ဘုရားလဲ ပါ ... အစားလဲ ပါ ...
မောင်ညိန်းနိုင်ရဲ့ ပို့စ်တပုဒ်ထဲနဲ့ ဘန်ကောက်ကို နှံ့သွားတယ် ... စဘိုင် စဘိုင် :)

Anonymous said...

a very enjoyable journey, waiting for the next part :)

khin said...

မျောလွင်.တိမ်တို. နားခိုရာဘလောဂ်ကို အမြဲဝင်လည်တယ် ဒါပေမဲ. မမကျားတုန်းလိုက်ပုံက မောင်ညိမ်းနိုင်မှန်း တွဲမသိဘူး။ ဟိဟိ ခုတော.သိသွားပြီ။ မမကျားတို.တောင် ဘန်ကောက်သွားဖို. စီစဉ်နေတာ မောင်လေးဘလောဂ်ကို ဖတ်ပြီး ပင်လယ်စာနဲ. ဒူးရင်းသီး စားချင်လာပြီး ပိုပိုးထသွားပြီကွယ်။

နွေတေးရှင် (မင်းဧရာ) said...

အင်း...........
တစ်ခေါက်လောက်တော့ သွားသေးတာပေါ့ဗျာ
ဘယ်သောအခါဆိုတာတော့ မသေခြာသေးပေဘူး
ခရီးသွားရတာကို နှစ်ချိုက်ပေမယ့်လို့ အ ခြေအနေနဲ့ အချိန်မခါအရ မျိုသိပ့်နေရတယ်ဗျာ
ဆက်လက်မျော့နေပါဦးမယ်း)။

Angelhlaing(May everybody be happy and healthy! said...

ညီမလေးကတော့ ထိုင်းကို ဥရောပက မြို့တွေထက် ပိုသဘောကျတယ်အကို... အစားသောက်လည်း အဆင်ပြေတယ်လေ...:)

San Htun said...

မကြီးကတော့ ထိုင်းစာတွေကို စလုံးစာတွေထက် ခံတွင်းတွေ့ တယ်ဆိုပဲ..ကလေးရော၊ ခွေးပါမကျန် အေးအေးလူလူ ရှိလိုက်တာ..သီလရှင်ကျောင်းလေးက သာယာတယ်နော် ကြာပန်းတွေနဲ့ ..ဒူးရင်းသီးနဲ့  ပင်လယ်စာတွေ စားချင်လိုက်တာ..နောက်အပေိုင်းတွေ မျှော်နေပါတယ်ဗျို့ ..း)

မျှစ် said...

အကင်တွေစားချင်တယ်..