Sunday, February 24, 2013

ဘန်ကောက်သို့ (သိမ်း)

နောက်တစ်နေ့မနက်မှာတော့ ကိုယ်တို့ ဟွာဟင်း(Hau Hin )ပင်လယ်ကမ်းခြေဘက် ထွက်ခဲ့ကြတယ်။
ဟွာဟင်း ကို လူတွေသိပ်မသိကြဘူး၊လူသိများတာက ပတ္တရားနဲ့ဖူးခက်ပဲ...။ဟွာဟင်းနဲ့ ပတ္တရားက ထိုင်း
ပင်လယ်ကွေ့ရဲ့ ဟိုမှာဘက်ကမ်းနဲ့ ဒီဘက်ကမ်း...။မျက်နှာချင်းဆိုင်ဆိုပါတော့....။ဟွာဟင်းဟာတကယ်
လှတဲ့ ကမ်းခြေပါပဲ။ဒါပေမယ့် သူက အရှေ့ဘက်ကိုမျက်နှာမူထားတော့ နေဝင်ဆည်းဆာအလှကိုမခံစားရ
ဘူး....၊အဲ့ဒါတစ်ခုက ပတ္တရားတို့၊ဖူးခက်တို့နဲ့ ကွာသွားတဲ့အချက်ပါပဲ...။

ဘန်ကောက်နဲ့ ဟွာဟင်း ကို ၃နာရီကျော်ကျော်ကြာအောင် ကားစီးရပါတယ်....၊၁၂ယောက်စီးမီနီဘတ်စ်
အသေးလေးနဲ့ပါ၊အဲ့ကားလေးတွေက  နဲနဲတော့ကျဉ်းကျဉ်းကျုတ်ကျုတ်နိုင်တယ်...၊ကလတ်လို ဒူးရှည်တဲ့
သူဆို ပိုဒုက္ခရောက်သပေါ့...။ကိုယ်တွေကတော့ အေးဆေးပါပဲ...၊လမ်းမှာ ကား ဆီဖြည့်ဖို့တစ်ခါပဲရပ်ပါ
တယ်...။ဆီဆိုင်မှာလည်း ဈေးသည်လေးတွေရှိတယ်...၊ဆိုင်လေးတွေက သပ်သပ်ရပ်ရပ်လေးတွေနဲ့ ဝယ်
စားချင်စရာကောင်းလှတယ်..၊မှိုကြော်တွေ့တယ်...၊မှိုကို ဆန်နှစ်နဲ့ဘူးသီးကြော်များကြော်သလိုကြော်ထား
တာရယ်...၊သိပ်စားလို့ကောင်းတယ်...၊တစ်ရက်တော့ ကွကိုကြော်စားကြည့်ဦးမယ်...။နောက် နှင်းသီးတွေ
သင်္ဘောသီးတွေလည်း ဝယ်စားခဲ့ရဲ့....။

 ဆီဆိုင်ဝန်းထဲက ဈေးဆိုင်လေး...၊ထန်းသီးဆံလေးများမစားချင်ဘူးလား ရဲဘော်....

ခရီးသွားရင် လမ်းမှာတွေ့လေရာ၊ကြုံလေရာ ဝယ်စားတတ်တာ ငယ်ကတည်းကအကျင့်ပဲ...၊အမေတို့က
တော့ ဆူသပေါ့၊ဝယ်စားခွင့်လည်းမပေးဘူးရယ်...၊မှတ်မိသေးတယ်...၊၈တန်းလောက်က နွေရာသီကျောင်း
ပိတ်တော့ အမေရယ်၊အစ်မရယ်၊ကိုယ်ရယ် တောင်ငူက အမျိုးတွေဆီသွားလည်ပါရော...။ဘီအမ်ကားကြီး
နဲ့ပေါ့...၊ဟိုတုန်းကတော့ ရန်ကုန်-တောင်ငူကို နေကုန်အောင်မောင်းရတာ....။ကားပေါ်မှာ အမေနဲ့အစ်မ
နဲ့က နှစ်ခုံတွဲခုံမှာအတူထိုင်ကြတယ်၊ကိုယ်က အခြားခရီးသည်အဒေါ်ကြီးနဲ့ တစ်ဘက်ခြမ်းမှာထိုင်ရတယ်။
အလယ်မှာလည်း မတ်တပ်ခရီးသည်တွေရော၊ကုန်စည်စလှယ်တွေနဲ့ရောဆိုတော့ အမေတို့က ကိုယ့်ကို
လှမ်းမမြင်ရတော့ဘူး...၊ဒီတော့ဘာပြောကောင်းမလဲ...၊လမ်းမှာတွေ့သမျှ မုန့်သည်ဆီက ကြုံသမျှ မုန့်
ဝယ်စားတာပဲ...၊ကြံရည်လည်းပါ၊အကြော်လည်းပါ၊ငုံးဥလည်းပါ...၊ဘာမှကိုမလွတ်တာ...။

ပြောရရင် ဟိုတုန်းကခရီးသွားရတာပျော်စရာကောင်းတယ်...၊ရောက်လေရာမြိုမှာ ကားရပ်ပြီးခရီးသည်
အတင်၊အချ လုပ်ကြတာကိုး...၊ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေဆိုတာကလည်း တစ်ယောက်တစ်မျိုး
မရိုးစေရဘူး...၊သူ့မြို့နဲ့သူ ဖေးဘရိတ်အစားအစာတွေကလည်းရှိသေး၊ဥပမာ ပဲခူးပုစွန်ချဉ်ဆို နာမည်ကြီး၊
ခုခေတ်လိုနာမည်ကြီးတာတော့မဟုတ်...၊အိမ်ရောက်လို့ဖြည်လိုက်ရင် ဖက်ချည်းတွေ့ရပြီး အထဲမှာ ပုစွန်
က နဲနဲလေးရယ်...၊အဲ့ဒါမျိုးတွေ...၊နောက် ငါးပိ ငါးခြောက်နာမည်ကြီးတဲ့မြို့ရှိသေးတယ်...၊ဝယ်လာခဲ့ဖူး
တယ်...၊ငါးရံ့ငပိဘူးကြီး...၊အပေါ်ရံလေးတင် ငါးရံရှိတယ်...အထဲမှာက ငါးခေါင်းချည်းရယ်...၊အဲ့သလို...၊
ခုတော့ အမြန်လမ်းမကြီးကနေ တစ်ညလုံးမောင်း...၊လမ်းမှာ ၂ခါလားပဲရပ်၊ရပ်တဲ့အချိန်ကလည်း အချိန်
မတော် ညသန်းခေါင်တို့၊မနက် ၂နာရီတို့ဆိုတော့ တစ်လမ်းလုံး ဘာရှုခင်းမှလည်းမကြည့်ရ၊ဘာမှလည်း
ဝယ်မစားရဘူး..၊ကားပေါ်မှာ မုန့်စားရတဲ့အရသာကို စားဖူးမှသိတာကလား...။

ကဲ....ထားတော့....ဟွာဟင်းမရောက်ပဲ တောင်ငူရောက်သွားဦးမယ်...၊အဲ့လိုပဲ...လိုရင်းမရောက်ပဲ ဘေး
ချော်တာကတော့ ထုံးစံ..၊ပြောရရင် စာရေးကောင်းတဲ့သဘောတွေပေါ့လေ.... :)))။အဲ့လိုနဲ့ နေ့လည်
၃နာရီလောက် ကမ်းခြေရောက်သွားတယ်။တည်းခိုခန်းတစ်ခုဝင်ပြီး အခန်းငှားတယ်...၊ပိတ်ရက်ဆိုတော့ တစ်ခန်းပဲကျန်တော့တယ်...၊အခြားဟိုတယ်တွေလည်း လိုက်မကြည့်နိုင်တော့ဘူး...၊ဈေးနဲနဲများတယ်
ထင်တာပဲ..၊နှစ်ယောက်အိပ်ခုတင်မှာ သုံးယောက်အိပ်လို့ရပေမယ့် စဘိုင်...စဘိုင် မဖြစ်ဘူးဆိုပြီး အိပ်
ယာအပိုတစ်ခု ထပ်ထည့်ခိုင်းရတယ်..၊အလကားတော့မရဘူးပေါ့...၊အင်း....ခုလိုဆိုတော့လည်း စဘိုင်
စဘိုင်ဖြစ်သွားတယ်ဆိုပါတော့...... :))))။

အဲ့တည်းခိုခန်းကမဆိုးဘူး...၊အပေါ်ထပ်မှာ ဝရန်တာအကျယ်ကြီးတစ်ခုပါတယ်...၊စားပွဲ၊ကုလားထိုင်တွေ
ချပေးထားတယ်...၊ကိုယ့်ဘာသာအပြင်ကဝယ်လာပြီး သောက်စားလို့ရတော့ ဟန်ကျသပေါ့...။အထုတ်
အပိုးတွေချပြီး ဟွာဟင်းမြို့လေးထဲ လျှောက်ကြည့်ကြတယ်...၊မြို့လေးက ခပ်သေးသေးပါပဲ...၊ခရီးသွား
လုပ်ငန်းနဲ့အသက်မွေးတဲ့မြို့ဆိုတော့ တစ်မြို့လုံး ဈေးဆိုင်တွေချည်းရယ်...၊မြို့လေးက သပ်သပ်ခပ်ခပ်
နဲ့ ချစ်စရာလေးပါ...၊မြို့လေးက ကလေးလေးတစ်ယောက်ကို ရေမိုးချိုး၊သနပ်ခါးလူးပေးထားတဲ့ပုံစံမျိုး
သန့်သန့်ရှင်းရှင်းလေး....။

ကမ်းခြေကိုမေးတင်ထားတဲ့ဆိုင်တွေဘက် လျှောက်ကြည့်ကြတယ်...၊ဗိုက်ဆာလာတော့ တွေ့ရာဆိုင်
ဝင်ထိုင်ပြီး စားလိုက်တာပေါ့လေ...၊ကိုယ်တွေဝင်ထိုင်တဲ့ဆိုင်က နဲနဲ ခန်းခန်းနားနားရှိတယ်။စားပွဲထိုးတွေ
ဘာတွေကလည်း ဝတ်စုံနဲ့ဘာနဲ့...၊ကိုယ်တွေက အဲ့လိုဆိုင်မျိုးထိုင်ချင်တာမဟုတ်...၊ကမ်းခြေမှာ ခုံပုလေး
တွေ၊ထီးလေးတွေ နဲ့ဆိုင်မှာထိုင်ချင်တာ...၊ဒါနဲ့ပဲ အဲ့ဆိုင်မှာ နဲနဲပဲ စားသောက်ပြီး ထွက်လာခဲ့ကြတယ်...။

အခြားတစ်ဘက်ခြမ်းကို လျှောက်လာတော့မှ ကိုယ်တွေထိုင်ချင်တဲ့ ဆိုင်မျိုးလေးတွေ တန်းစီဖွင့်ထားတဲ့
ဘက်ကိုရောက်သွားတယ်...၊လွတ်လပ်တဲ့၊အေးချမ်းတဲ့ ပင်လယ်ပြင်ကြီးနဲ့အတူပေါ့....။ပင်လယ်ရဲ့ဆွဲ
ဆောင်မှုကို ကိုယ် ကြာကြာအံမတုနိုင်ပါဘူး...၊အဝတ်အစားတွေချွတ်ပြီး ပင်လယ်ထဲပြေးဆင်းမိတယ်..။
မှောင်စပျိုးပြီဖြစ်ပေမယ့် ပင်လယ်ရေဟာနွေးထွေးနေဆဲပါ...။ကိုယ်သိပ်သဘောကျတဲ့ လှိုင်းခေါင်းဖြူဖြူ
တွေကလည်း ပင်လယ်စည်းချက်နဲ့အတူ ကမ်းခြေကို တစ်ဝုန်းဝုန်းနဲ့ ရိုက်ခတ်နေလေရဲ့....။

အတော်မှောင်လာတော့မှ ပြန်လာခဲ့ကြတယ်..၊လမ်းမှာ လမ်းဘေးအကင်ဆိုင်လေးကနေ အကင်တွေ
ဝယ်တယ်...၊သစ်သီးဆိုင်လေးကနေ သစ်သီးတွေဝယ်တယ်...၊ပြီး ဂဏန်းစားချင်တာနဲ့ မြို့အတွင်းဘက်
က စားသောက်ဆိုင်တစ်ဆိုင်မှာ ဂဏန်းနှစ်ကောင်ဝယ်တယ်...။ပြီး သောက်စရာလေးဘာလေး ဝယ်ပြီး
တည်းခိုခန်းပြန်ခဲ့ကြရော...။အဲ့ညက သုံးယောက်သား စားစားသောက်သောက်နဲ့ စကားတွေလည်းဖောင်
ဖွဲ့လို့ပေါ့...၊ကိုယ်တို့စကားဖောင်လေးက ဘလော့ပင်လယ်ပြင်ရဲ့ အပေါင်းအသင်းတွေကြားထဲ လူးလား
ခေါက်တုံ့ ၊ကူးကူးသန်းသန်းနဲ့ပါပဲ.......။

နောက်တစ်နေ့မနက်မှာ အေးအေးဆေးဆေးနေ့မြင့်မှထဖြစ်ကြတယ်....၊ကိုယ်တွေမှာအရေးတကြီးကိစ္စမှ
မရှိတာပဲလေ....၊စဘိုင်...စဘိုင်ပဲပေါ့...နော့...။မနက်စာ ထွက်စားကြတယ်...။ကိုယ်စားတာက နန်းပြား
ဖတ်ကြော်နဲ့ ဝက်သားကြော်....။သိပ်စားလို့ကောင်းတယ်၊အဲ့ဆိုင်လေးလည်းမဆိုးဘူး...၊သန့်သန့်ရှင်းရှင်း၊
သပ်သပ်ရပ်ရပ်လေး....၊ကိုယ်တို့ မနက်စာစားနေတုန်း ဆိုင်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်နဲ့မောင်းလာတဲ့
ကားတစ်စီး နဲနဲချိတ်မိတယ်၊လမ်းကလည်းကျဉ်းတာကိုး....၊လူတွေကတော့ ထုံးစံအတိုင်း ထွက်ကြည့်ကြ
သပေါ့....၊ဒါပေမယ့် ဘာမှမဝေဖန်ဘူးရယ်...၊ကားပေါ်ကမိန်းမလှလေးတစ်ယောက်ဆင်းလာတယ်၊ဆိုင်
ကယ်ကို ဘာဖြစ်သွားလဲတစ်ချက်ကြည့်တယ်၊ဘာမှမဖြစ်ဘူး၊အိုကေ...သူ့ကားက ပွန်းပဲ့သွားတာလေး
တစ်ချက်စစ်တယ်...၊ပြီး ကားပေါ်ပြန်တက်ပြီး မောင်းထွက်သွားရော..၊ဆိုင်ကယ်သမားလည်းဘာမှမပြော၊
ကားသမားလည်းဘာမှမပြော၊ဘေးကပွဲကြည့်ပိတ်သတ်လည်းဘာမှမပြော....၊အေးရာအေးကြောင်းပဲ...၊
ပြောပါတယ်.....ဒါကြောင့်.....ထိုင်းတွေက ဘာဖြစ်ဖြစ်စဘိုင်စဘိုင်ပါ.....လို့...၊စလုံးမှာသာဆို ယဉ်တိုက်
မှုဖြစ်တာနဲ့ ဖုံးတဂွမ်ဂွမ်ဆက်ကြမယ်...၊မြန်မာပြည်မှာဆိုရင် စကားတွေအများကြီးပြောကြရမယ်...၊သူမှား
တယ် ငါမှန်တယ်လုပ်ကြမယ်...၊ထိုင်းမှာကတော့ စဘိုင်စဘိုင်ပဲရယ်....။

ကိုယ်စားခဲ့တဲ့ နန်းပြားခေါက်ဆွဲကြော်......ထိုင်းလိုတော့ pat thai လို့ခေါ်တယ်တဲ့.....

နေ့လည်မှာ ပင်လယ်ကမ်းခြေဘက်ထွက်လာခဲ့တယ်....၊ကိုယ်တို့ထိုင်ချင်တဲ့ပုံစံဖြစ်တဲ့ ကမ်းခြေမှာထီး
လေတွေဖွင့်၊ပက်လက်ကုလားထိုင်လေးတွေခင်းထားတဲ့ဆိုင်လေးတစ်ဆိုင်မှာ အေးအေးဆေးဆေးထိုင်ပြီး
ကမ်းခြေကိုငေးမောကြည့်နေမိတယ်....၊ဘီယာလေးလည်း စုပ်ရင်းပေါ့...... :))))။ကမ်းခြေမှာ တိမ်တွေ
ကင်းရှင်းနေတယ်...၊အဲ့ဒါတစ်ခုတော့ ဆိုးတယ်ပြောရမယ်....၊ဘာလို့ဆို ပင်လယ်ပြာပြာပေါ်မှာ တိမ်ဖြူဖြူ
တွေပြေးလွားနေတဲ့ ရှုခင်းမျိုးကို ကိုယ်မျှော်လင့်ထားတာကိုး၊အကောင်းဘက်ကတွေးရင်တော့ ရာသီဥတု
သာယာတဲ့အတွက် ဘင်တန်မှာတုန်းကလို မိုးဖျက်တာမျိုးမရှိတဲ့အတွက် ကမ်းခြေမှာအေးအေးဆေးဆေး
နေခွင့်ရတယ်လို့ တွေးရမှာပဲ....။


ဟွာဟင်းမှာ အနားလာယူကြတဲ့ လူများစုက အနောက်နိုင်ငံတွေက သက်ကြီးပိုင်းတွေဖြစ်တယ်ဆိုတာကို
သတိပြုမိတယ်....၊အလုပ်ကအငြိမ်းစားယူထားကြတဲ့ အဖိုးအဖွားအိုအများစုပဲ...၊ပင်စင်ယူထားပြီးနောက်
ပိုင်း ခုလိုခရီးတွေထွက်နိုင်တာ လူကြီးတွေအတွက်သိပ်ကောင်းတယ်လို့ကိုယ်ထင်တယ်...၊ကိုယ့်အဖေ၊
အမေတွေလည်း ပင်စင်စားတွေပဲ...၊ဒါပေမယ့် သူတို့ ခရီးသိပ်မထွက်ဖြစ်ကြဘူး...၊လူကြီးတွေအပျော်ခရီး
ထွက်တာ မြန်မာတွေရဲ့အလေ့အထမဟုတ်တာလည်းပါမယ်...၊ဘုရားဖူးတောင် သိပ်မထွက်ဖြစ်တာက
တော့ဆိုးတယ်...။ပြီး ငွေရေးကြေးရေးကလည်း စကားပြောသေးသကိုး....။


အဲ့ကလေးက ပင်လယ်ထဲပြေးဆင်းလိုက်....၊လှိုင်းလုံးတွေတက်လာရင် ကမ်းခြေပေါ်ပြေးတက်လိုက်နဲ့၊
ပျော်ရွင်မြူးထူးစွာ ကစားနေလေရဲ့....။ကလေးတွေနဲ့ လူကြီးတွေပျော်နေတာမြင်ရင် ကိုယ်သိပ်သဘော
ကျတယ်...၊သူတို့မှာ အချိန်၊ငွေကြေး၊ရုပ်ခန္ဓာ အစစအရာရာ ကန့်သတ်မှုတွေရှိတယ်....၊ကိုယ်တို့လူလတ်
ပိုင်းတွေကတော့ ကိုယ်လာလျှင်ကိုယ့်ဘဝရဲ့အရှင်သခင်ပဲလေ....၊ဒီတော့ပျော်စရာကို ပုံစံအမျိုးမျိုးနဲ့ရှာ
နိုင်တယ်...၊သူတို့လေးတွေကတော့ ပျော်စရာဆိုတာ ကန့်သတ်မှုတွေကြားက ရှာဖွေရတဲ့အရာတစ်ခုပဲ။

ဒီကလေးလေး လည်း သိပ်ချစ်ဖို့ကောင်းတယ်...၊ကိုယ်ကသူ့ကိုချစ်လို့ ဓာတ်ပုံလှမ်းရိုက်တော့ သူ့မေမေ
က သူ့ကို သားလေး.....ဟိုမှာသားကိုဓာတ်ပုံရိုက်နေတယ်လို့ (အဓိပ္ပာယ်ရလောက်မယ့် ထိုင်းစကားနဲ့)
လှမ်းပြောတော့ ကိုယ့်ဘက်ကိုလှည့်ပြီး ပြုံးပြုံးလေးဓာတ်ပုံအရိုက်ခံပေးတယ်...၊သိပ်ရဲပြီး၊သိပ်ချစ်ဖို့ကောင်း
တဲ့သားသားလေး....၊သူ့ကိုမြင်တော့ ကိုယ်လည်း အဲ့လို သားလေးတစ်ယောက်လောက်လိုချင်စိတ်အရူး
အမူးကိုဖြစ်လာတယ်....(ဟမ်....ဒါဖြင့် မိန်းမကဘယ်မလဲ လို့တော့မမေးနဲ့......စင်ဂဲဖားသားလုပ်မှာ... :))

တွေ့လား...၊သူ့ခွေးလေးကိုဆွဲပြီး ပြုံးပြုံးလေးဓာတ်ပုံအရိုက်ခံနေတာ က ရှက်ကြောက်စိတ်တစ်စက်
လေးမှ မရှိတဲ့ပုံလေး...၊တစ်ချို့ကလေးတွေဆို ဓာတ်ပုံရိုက်ရင် ရှက်ကောင်းရှက်သွားမယ်..၊ရှိုးတိုးရှန်း
တန့်ဖြစ်ကောင်းဖြစ်မယ်...၊သူကလေးကတော့ အေးဆေးပဲ....၊ကိုယ် သူ့ကိုချစ်လွန်းလို့ ဒီပုံလေးကိုခဏ
ခဏဖွင့်ကြည့်မိတယ်....။


ကြက်ဥဒုတ်ထိုးသည်မြင်တော့ ကိုယ်တို့ဝယ်စားကြသေးတယ်...၊ကြက်ဥကို အလုံးလိုက်ကင်ထားတာရယ်၊
အထဲမှာ အကာနဲ့အနှစ်က တစ်သားတည်းဖြစ်သွားတယ်...၊ဘယ်လိုကင်သလဲတော့မသိ....။

 ကိုယ်တို့ကမ်းခြေမှာ နာရီပေါင်းများစွာကြာအောင်ထိုင်နေကြတယ်...၊ပျင်းသလိုလိုရှိလာရင်၊နောက် ရှုး
ပေါက်ချင်ရင် ပင်လယ်ထဲပြေးဆင်းလိုက်ကြတယ်.... :)))၊အိမ်သာက သွားရမှာအဝေးကြီးရယ်... :D။
ဗိုက်ဆာရင် စားစရာတစ်ခုခုဝယ်စားကြတယ်....၊ရေဆာရင် ဘီယာမှာသောက်တယ်....။မိုးချုပ်လို့ ပိုက်ဆံ
ရှင်းတော့ ပါလာတဲ့ငွေနဲ့မလောက်ဘူး...၊အိပ်ချင်လို့ဆိုပြီး နေ့လည်ကတည်းကပြန်သွားတဲ့ မောင်မျိုးကို
လှမ်းခေါ်ရတယ်...၊အဲ့သလို....။မောင်မျိုးအလာကိုစောင့်ရင်း ဆိုင်ရှင်အဒေါ်ကြီးကို အင်တာဗျူးတယ်....။
ကမ်းခြေမှာဆိုင်ဖွင့်ဖို့ တစ်နှစ်ကိုဘတ်၂၀၀၀ကျော်ကျော်ပဲပေးရသတဲ့...၊ဘယ်ကိုပေးရသလဲတော့မသိဘူး၊
တန်ထှာလို့ဆိုတော့ ရာသီချိန်လေးပဲ အလုပ်ဖြစ်တာလို့ဆိုတယ်...၊သူ့ရာသီချိန်မဟုတ်ရင် ဧည့်သည်မရှိ
ဘူးတဲ့....၊အင်း...ဒါလည်းဟုတ်တာပဲလေ...၊
 

အေးချမ်းတိတ်ဆိတ်တဲ့ ဟွာဟင်းရဲ့ နောက်ဆုံးညစာစားပွဲ လို့ပြောရမယ်...၊အဲ့ဆိုင်လေးလည်း
သိပ်ကောင်းတယ်...၊ဈေးထင်သလောက်မကြီးဘူး၊ဆိုင်အခင်းအကျင်းကောင်းတယ်...၊ဆက်ဆံရေး
အင်မတန်ပြေပြစ်တယ်...၊အရေးအကြီးဆုံးဖြစ်တဲ့ အစားအသောက်တွေရဲ့အရသာသိပ်ကောင်းတယ်။
ဆိုင်နာမည်က ဆာဝါဒီ(Sawasdee)တဲ့....။

နောက်တစ်နေ့မနက်မှာ ကိုယ်တို့ ကမ်းခြေကို နှုတ်ဆက်လို့ပြန်ခဲ့ကြတယ်...၊ဘန်ကောက်ကိုပြန်ရောက်
တော့ တက်ဆီနဲ့ ဒွန်မောင်းလေဆိပ်ကို တန်းဆင်းရတယ်...၊လေဆိပ်ကဆိုင်မှာနေ့လည်စာဝင်စားကြ
တယ်...၊စားခဲ့သမျှထဲမှာ အညံ့ဆုံးနဲ့ဈေးအကြီးဆုံးပဲ...၊tax လည်းပေးလိုက်ရသေး....။

ထိုင်းနိုင်ငံကိုဘယ်လိုမြင်သလဲလို့ သူငယ်ချင်းကမေးတော့ ကိုယ်မဖြေနိုင်ခဲ့ဘူး....။ကိုယ်မြင်တဲ့၊တွေ့တဲ့
အမြင်က၊ကိုယ်နဲ့ ထိုင်း ထိတွေ့ခဲ့တဲ့အတွေ့အကြုံက နည်းပါးလှပါတယ်...။ကိုယ်တို့အများစုကြီးဟာ
ထိုင်းဆိုရင် ဟိုနိုင်ငံ လို့ သိထားကြတယ်...၊ထိုင်းမှာ အဲ့ဒါတွေ ပေါတာအမှန်ပဲ...၊ဒါပေမယ့် သမ္ဗန်ပေါ်မှာ
စပယ်ရာလုပ်နေတဲ့မိန်းမပျိုလေးတွေ၊လမ်းဘေးမှာဈေးရောင်းနေတဲ့ကလေးမလေးတွေ၊ကမ်းခြေမှာ မိဘ
တွေရဲ့ဆိုင်လေးမှာကူရောင်းပေးနေတဲ့ အပျိုမလေးတွေကိုလည်း ကိုယ်တို့မြင်တွေ့ရနိုင်တယ်...။

မြန်မာဆိုရင် ရာဇဝင်ကြွေးတင်ထားတဲ့ မဟာရန်သူကြီးရယ်လို့ မြင်တဲ့ထိုင်းတွေရှိနိုင်သလို၊မြန်မာတွေကို
တရင်းတနှီးပေါင်းသင်းဆက်ဆံတဲ့ ထိုင်းတွေရှိတာ ကိုယ်တို့ကြုံရမယ်...။မဲဆောက်လို မြန်မာဆိုရင် မတူ
မတန်သလိုဆက်ဆံတတ်တဲ့နေရာတွေရှိသလို၊ဟွာဟင်းလိုမျိုး မြန်မာပဲဖြစ်ဖြစ်၊ဘယ်သူပဲဖြစ်ဖြစ် အားလုံး
ကို ဖော်ဖော်ရွေရွေဆက်ဆံလေ့ရှိတဲ့ ဒေသတွေရှိတယ်...၊ခေတ်မှီဖွံဖြိုးတဲ့ အခြေခံအဆောက်အဦးတွေ
ရှိပြီး၊အနောက်ဘက်ယိမ်းတဲ့စိတ်ဓာတ်တွေရှိသလို၊လူမြင်ရင် လက်အုပ်လေးချီ၊ဆဝါဒီခပ်လုပ်တဲ့၊ဘာသာ
တရားအပေါ်ရိုသေကိုင်းရှိုင်းတဲ့ အရှေ့တိုင်းစိတ်ဓာတ်လေးတွေအမူအရာလေးတွေ ကျန်ရှိနေသေးတာ
တွေ့ရမယ်...။နိုင်ငံပဲဖြစ်ဖြစ်၊လူမျိုးပဲဖြစ်ဖြစ်၊လူတစ်ဦးချင်းစီမှာပဲဖြစ်ဖြစ် ကိုယ်တို့ ကောင်းကွက်လေးတွေ
ရှာဖွေတွေ့ရှိနိုင်သလို၊အဆိုးတွေကိုလည်း မရှာဖွေရပါပဲနှင့် ကြုံတွေ့နိုင်တယ်မဟုတ်ပါလား.....။

ဤတွင် ဘန်ကောက်ခရီးစဉ်ပြီး၏။

ဤပို့စ်လေးမှတစ်ဆင့် သယ်ရင်းများဖြစ်သော ကလတ်နှင့်မယ်မျိုးအား ကျေးဇူးတင်ရပါကြောင်း.......

13 comments:

Angelhlaing(May everybody be happy and healthy! said...

ဘယ်သူတွေ ဘယ်လိုပြောပြော .. ခံယူသူပေါ်မှာပဲ မူတည်ပါတယ်အကို... လောကမှာ အကောင်းရော အဆိုးပါ ဒွန်တွဲနေကြတာမဟုတ်လား... ညီမလေးကတော့ ထိုင်းကို သဘောကျတယ် ..:)

Anonymous said...

အားကျတယ်ဗျာ
ထိုင်းနိုင်ငံ ရနောင်းဖက်ခြမ်းအစွန်ဖျားလေးပဲ သွားလာဖူးတယ် အသက်တွေကြီးလာလေလေ
ခရီးမသွားနိုင်လေပါပဲ


မောင်ဘကြိုင်

Ma Tint said...

ဘန်ကောက်ခရီးစဉ်လေး ပြီးဆုံးသွားပြီဆိုတော့ လွမ်းတောင်သွားပြီ။ အစားအသောက်တွေကလည်း စားချင်စဖွယ်..
အကြောင်းအကျိုး အကောင်းအဆိုးဆိုတာ နေရာတိုင်းမှာ ဒွန်တွဲလေ့ရှိတာပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ထိုင်းကအစားအသောက်တွေအရမ်းသဘောကျတယ်
ကမ်းခြေလဲသွားချင်တယ်
ကမ်းခြေမှာဆော့နေတဲ့ကလေးပုံလေးကိုကြိုက်တယ်

ကိုကိုမောင်(ပန်းရနံ့) said...

ဟွာဟင်းတဲ့။ နာမည်က။ ပထမကတော့ ဟ၀ှာချက်တဲ့ ဟင်းထင်နေတာ။ နောက်မှ ကမ်းခြေတဲ့။ အခုဘဲ ကြားဖူးတယ်။ တော်တော်တော့ ပျော်စရာကောင်းလောက်တယ်။ ပင်လယ်မိုးကုတ်စက်ဝိုင်းထဲ နေ၀င်တာကို မမြင်ရတာကလွဲရင်ပေါ့လေ။ ထိုင်းအစာအစာကတော့ ချိုစပ်ကြီးမို့ သိပ်တော့ ခံတွင်းမတွေ့လှဘူး။ ဒါပေမဲ့ ထိုင်းသင်္ဘောသီးထောင်း(သုပ်)တော့ ကြိုက်တယ်။ ရှူးရှူးရှဲရှဲနဲ့။ နှာခေါင်းလဲပွင့်တယ်။

ဟိုကလေးက ချစ်စရာလေးပေဘဲ။ ကမောင်လေးလဲ ကြိုးစားရင် အဲဒီကလေးလောက်တော့ ရလောက်ပါတယ်။ ဆင်းဂယ်ဖာဿးားတော့ မလုပ်ပါနဲ့။ လူ့သမိုင်းတာဝန်မကျေဘဲ ဖြစ်နေပါဦးမယ်။း)

ဟန်ကြည် said...

ထိုင်းနားကပ်နေရတာ ကြာလာလို့လားမသိဘူး...သူရို့ရဲ့ အေးအေးဆေးဆေးနေတတ်တဲ့ အကျင့်...ပြဿနာ သိပ်မဖြစ်ချင်တဲ့ စရိုက်ကို သဘောကျလာတယ်...

သေချာတာတစ်ခုကတော့ ကိုယ့်ဆီက ကုန်တိုက်ကြီးမှာ ဈေးဝယ်ရတာထက် သူရို့ဆီက လမ်းဘေးဆိုင်လေးမှာ ဈေးဝယ်ရတာ ပိုစိတ်ချမ်းသာတာပဲ...တစ်ဆိုင်လုံး စိတ်ကြိုက်မွှေပြီးမှ တစ်ဘတ်ဖိုးပဲ ၀ယ်သွားရင်လည်း ဆ၀ါဒီး...၀င်းဒိုးရှော့ပင်းလုပ်သွားရင်လည်း ဆ၀ါဒီး...ကျေနပ်စရာ...

ီစစ်ပြေးရင်းနဲ့ ယိုးဒယားရောက်တော့ သူရို့လူမျိုး ချစ်စရာကောင်းတာ ပိုသိလာရော...ကိုယ့်ဆီမှာသာ ဒုက္ခသည်တွေရောက်ကြည့် အစစအရာရာ ဈေးတင်ပြပါလိမ့်မယ်...သူရို့ကျတော့ ဈေးတောင် ချရောင်းပေးသေးတာ ... ( လူမျိုးကို ပြောပါတယ်...အစိုးရကိုတော့ မသိဘူး )

ကငြိမ်းနိုင်က ပင်လယ်ထဲ အ၀တ်အစားတွေချွတ်ပြီး ပြေးဆင်းတယ်ဆိုတော့ မျက်ခုံးလှုပ်နေတာ...အပေါ်ဆုံးက ကလေးပုံမြင်တော့ မျက်လုံးပြူးသွားရော အနှီလိုလေးများလားလို့ တွေးမိလို့း)

ဆင်ဂယ်ဖားသားမလုပ်ခင် ဆင်းဂါးဒက်ဒီတော့ လုပ်ဖြစ်ခဲ့တယ်မဟုတ်လားး)

Aung Htut said...

ပင်လယ်မြင်ရင် ဘယ်လိုမှန်းကိုမသိဘူး... စိတ်ထဲမှာ ရွပိုးကို ထိုးလာရော.... ကမ်းခြေလေးကို သဘေကျသဗျား.....

San Htun said...

ထိုင်းခရီးလေးက ပျော်စရာလေး..ကလေးလေးက ချစ်စရာလေး..

မိုးငွေ့........ said...

အစကနေ တပြုံးပြုံးနဲ့ဖတ်လာတာရယ် စင်ဂယ်ဖါးသားနားရောက်တော့ မရယ်ဘဲမနေနိုင်တော့ဘူး..ခိခိ..။ ခေးလေးက တကယ့်ကို စင်ဂယ်ဖားသားဖြစ်ချင်လောက်အောင် ချစ်ချာကောင်းတာပါ..။ ခရီးသွားရင်တွေ့ကရမုန့်တွေအကုန်လျှောက်စားတတ်တာ နာနဲ့တူတယ်...ညေးပြန်လာရင် ချောင်းသာလစ်စို့ အမတော်ရယ်...ကမ်းခြေမှာ လာသမျှအသည်တွေဆီက မုန့်ဝယ်စားမယ်..း)

sosegado said...

ဖြတ်သွားဘူးပါသည်၊ ကလေးလေးက ချစ်စရာလေး

မိုးနတ်ကြယ်စင် said...

အင်းးးးးးးးးး
မီးလဲ အဲ့နားကိုပဲ စိုးရိမ်နေတာ တအားးးးးးး :P
အ၀တ်အစားတွေချွတ်ပြီး ပြေးဆင်းတယ်ဆိုတော့
ဘုရား ဘုရားးးးးးးးးးးးးး

ဘန်ကောက်လားးးးးးးးးး
အခုပြောရင် အခုထသွားချင်တယ်...
မိုးနတ် မကြာခဏသွားချင်တဲ့နေရာပေါ့...
အားကြီးဈေးဝယ်လို့ ကောင်းတယ်တဲ့...
သယ်ရင်းတွေပြောတာ ပြောပါဒယ်..:)

khin oo may said...

ဖတ်လို့တောင်အားမရသေးဘူး ပြီးဘီ စဘိုင်စဘိုင် ဘဲ

ရွှေအိမ်စည် said...

မျက်စိလည် လမ်းမှားရင်း ဘန်ကောက်ကို ရောက်လာတယ်ရှင်
နန်းပြားခေါက်ဆွဲကြော်လည်း စားချင်သွားတယ်
စိတ်ဝင်တစားဖတ်ရှုငေးမောပြီး ကိုယ်တောင် စဘိုင် စဘိုင် လုပ်ချင်သွားတယ်..။