Tuesday, March 5, 2013

ဓားများ.......

 ဓာတ်ပုံ- ဂူးဂဲ


" ခင်ဗျားတို့ဆီမှာ တန်ဖိုးအနဲဆုံးအကြွေစေ့လေးတွေရှိသလားဗျ...၊ရှိရင် ကျွန်တော့်ကို တစ်ယောက်တစ်
စေ့ဆီ ပေးလို့ရမလား...... "

ကိုလင်းသစ်၏စကားအဆုံးမှာတော့ ကျွန်တော်နှင့် ကိုထွန်းတို့နှစ်ဦး ပိုက်ဆံအိတ်ကိုယ်ဆီဖွင့်လို့အလုပ်
ရှုပ်သွားရသည်။ဟိုးအဝေးဥရောပတိုင်းပြည်တစ်ခုမှအလည်လာသောသူမို့ ဒီနိုင်ငံ၏ငွေအကြွေလေးများကို
အမှတ်တရ သိမ်းစည်းလိုသည်ဟုပဲထင်လိုက်မိကြသည်။

" တန်ဖိုးအနဲဆုံးကတော့ဆယ်ပြားစေ့ပဲရှိတယ်ဗျ...၊ငါးပြားစေ့ကတော့ အိမ်မှာရှိလိမ့်မယ်၊အမှတ်တရသိမ်း
ထားဖို့လား....၊ရှာထားပေးမယ်လေ... "

" ဒီလိုဗျ....၊ကျွန်တော် စောစောတုန်းက ခင်ဗျားတို့နှစ်ယောက်ကို ဆွိစ်မောင်းချဓားလေးတွေလက်ဆောင်
ပေးပါရောလား....၊ကျွန်တော်နေတဲ့နိုင်ငံမှာ အယူ၊ဓလေ့ လေးတစ်ခုရှိတယ်..၊ခုလိုမျိုး တစ်ယောက်ယောက်
ကိုဓားပေးတယ်ဆိုတာ အဲဒီနှစ်ယောက်အကြားက သံယောဇဉ်၊ခင်မင်မှုကြိုးလေးတွေကို ဖြတ်တောက်
လိုက်တယ်ဆိုတဲ့ သဘောသက်ရောက်တယ်တဲ့ဗျ...၊ဒီတော့ ခင်မင်မှုနဲ့ ဓားပေးတယ်ဆိုရင်တောင် အဲဒီ
အဓိပ္ပာယ်မသက်ရောက်သွားစေရအောင် ကိုယ်လက်ဆောင်ပေးတဲ့သူဆီက စတိသဘောငွေနဲနဲပြန်ယူ
တတ်တယ်၊ဆိုလိုတာကတော့ဗျာ.... ဓားကိုလက်ဆောင်ပေးတာမဟုတ်ဘူး...ရောင်းလိုက်တယ်ပေါ့.....။
ဒါကြောင့် ခင်ဗျားတို့ဆီက စတိငွေပြန်တောင်းတာပါ...၊ဘာရယ်တော့လည်း မဟုတ်ဘူးပေါ့ဗျာ..... "

ကိုလင်းသစ်စကားအဆုံးမှာတော့ ကျွန်တော့်အတွေးများက စကားဝိုင်းဆီမှ တစ်ခဏတာမျှပြေးထွက်သွား
ခဲ့သည်....။ဟုတ်သည်ပေါ့....၊ဓားဆိုသည်က တစ်စုံတစ်ရာကို ဖြတ်တောက်၊ပိုင်းခြားတတ်သည့် သတ္တိ၊
သဘာဝရှိသည်ပဲ.....။ပြီး ဓားဟူသည် လက်ဆောင်ပေးလေ့ပေးထ ရှိလှသည်မဟုတ်...။သို့သော် ကျွန်
တော့်ဘဝတစ်လျှောက်တွင်မတော့ ဓားလက်ဆောင်များသည် စိတ်ရင်ပြင်၌ ထင်ထင်ရှားရှားရှိနေတတ်
လေသည်....။

ကျွန်တော့်အတွက်ပထမဆုံး ဓားလက်ဆောင်ကို ပေးလာသူကတော့ ကျွန်တော့်မေမေကိုယ်တိုင်ပင်....။
ကျွန်တော်ရှစ်တန်းကျောင်းသားဘဝ၊တစ်ခုသော ဆောင်းတစ်လတွင် မေမေ သူ့ဇာတိရပ်ရွာသို့ ခေတ္တ
ပြန်သွားခဲ့သည်။မွေးဇာတိသို့ တစ်နှစ်တစ်ခေါက်ပြန်နေကျဖြစ်သောမေမေသည် ပုံမှန်အားဖြင့်တော့ သူ၏
အိမ်ပြန်ခရီးတွင် မြေလတ်ဒေသထွက်စားသောက်ဖွယ်ရာများကိုသာ သယ်ဆောင်လာတတ်စမြဲပင်...။
ကျွန်တော်တို့အတွက် မုန့်ပဲသရေစာလေးများမှလွဲ၍ အခြားမျှော်လင့်စရာမရှိလှပါ...။သို့သော် ထိုနှစ်မှာ
တော့ မေမေက ကျွန်တော့်ကို .... ရော့..သားအတွက်.... ဟုဆိုကာ နှစ်တောင်သာသာမျှရှည်၍ ကျပ်လုံး
ခန့်လုံးပတ်ရှိသော သစ်သားတုတ်လေးတစ်ချောင်းလက်ဆောင်ပေးခဲ့သည်....။

သာမန်ကြည့်လိုက်လျှင်တော့ ထိုသစ်သားချောင်းလေးသည် ရိုးရိုးတုတ်ချောင်းလေးတစ်ခုဟုထင်စရာရှိ
ပေ၏။သို့သော် ထိုသစ်သားချောင်းလေး၏ လေးပုံတစ်ပုံခန့်တွင် အဆက်ရာလေးတစ်ခုကိုသေချာကြည့်မှ
တွေ့နိုင်ပေလိမ့်မည်..၊ထိုအဆက်ရာလေးမှ လှည့်ဖြုတ်လိုက်ပါက တစ်ပေခန့်ရှည်မည့် ဓားလေးတစ်ချောင်း
ထွက်လာမည်ဖြစ်သည်..။သိုင်းစာအုပ်များနှင့်ပျော်မွေ့နေတတ်သော ရှစ်တန်းကျောင်းသားလေးကျွန်တော့်
အတွက်တော့ ထို တုတ်ဓား လေးသည် နှစ်သက်မြတ်နိုးဖွယ်ရာ အဆောင်အယောင်လေးတစ်ခု၊ကစားစ
ရာလေးတစ်ခုဖြစ်လာခဲ့သည်...။ညရေးညတာများတွင် အရေးအကြောင်းဆို အသုံးပြုနိုင်စေဖို့ ကျွန်တော့်
ကုတင်ခေါင်းရင်းတွင် အမြဲတစေထား ထားခဲ့သည်မှာ ယခုကျွန်တော်ပြည်ပသို့ရောက်နေသည့်တိုင်ပင်....။
အေးချမ်းလှသော ကျွန်တော်တို့မြို့လေးတွင် အမှုအခင်းကြီးကြီးမားမားမကြုံတွေ့ရသည့်အတွက် ထိုဓား
လေးအား ကျွန်တော်အသုံးချခွင့်မရှိခဲ့ပါချေ...။သို့တိုင်အောင် ဓားလေးအား သတိရတိုင်း သံချေးမတက်
စေဖို့ အုန်းဆီလေးများသုတ်လိမ်းပေးတတ်လေ့ရှိသည်။တစ်ခါတစ်ရံ ဓားသွေးကျောက်ဖြင့်သွေးပေးလေ့
ရှိသည်။ထိုဓားလေးကို ကျွန်တော်ချစ်သည်။၊ဓားလေးနှင့်မေမေသည် ကျွန်တော့်အတွက် ခွန်အားနှင့်ယုံ
ကြည်စိတ်ချရမှုကိုပေးသော အားကိုးရာများပင်......။

~~~~~~~~~~~~~~~~~~~~~~~~~


ကျွန်တော့်အသက် ၁၈နှစ်ပြည့်သော မွေးနေ့တွင်ဖြစ်သည်...။ရှေးရိုးမြန်မာဆန်သော ကျွန်တော်တို့မိသား
စုတွင် မွေးနေ့ပွဲဟူ၍ထွေထွေထူးထူးလုပ်လေ့မရှိကြပါ။မွေးနေ့လက်ဆောင်ဟူ၍လည်း မိသားစုထဲတွင်
မည်သူကမျှ မည်သူ့ကိုမျှ ပေးရိုးထုံးစံမရှိပါပေ။ပုံမှန်အားဖြင့်ဆိုလျှင်တော့ မိသားစုဝင်တစ်ဦးဦး၏မွေးနေ့
ရောက်ပါက ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ခြင်းလောက်၊အိမ်တွင် မုန့်ဟင်းခါး သို့မဟုတ် အုန်းထမင်း
ချက်စားခြင်းလောက်သာရှိသည်။ကျွန်တော့် ၁၈နှစ်ပြည့်မွေးနေ့သည်လည်း ထိုကဲ့သို့ပင် ရိုးရှင်းစွာကျော်
ဖြတ်ခဲ့ပါသည်။ထိုနေ့နေ့လည်ခင်းတွင် အိမ်ရှေ့ခန်း၌ ဖျာလေးခင်းပြီး စာအုပ်တစ်အုပ်နှင့် ကျွန်တော် ဇိမ်
ကျနေချိန်တွင် ဈေးမှပြန်လာသော ကျွန်တော့်အစ်မ မှ.... ရော့....မောင်လေး...နင့်အတွက်မွေးနေ့လက်
ဆောင်..... ဟု့ဆိုကာ လက်လေးလုံးခန့်သာသာ ကော်ဘူးလေးတစ်ဘူး ပေးလာခဲ့သည်...။

မွေးနေ့ပေါင်းဆယ့်ရှစ်ခုတိတိကိုဖြတ်သန်းခဲ့ပြီးသည့်တိုင်အောင် မည်သည့်မွေးနေ့လက်ဆောင်မှ မည်သူ့
ဆီကမှ မရဖူးသောကျွန်တော့်အတွက် အံသြဝမ်းသာဖြစ်ခဲ့ရသည်...။ဘူးလေးထဲတွင်မတော့ တရုတ်နိုင်ငံ
ထုတ် သော့ချိတ်လေးတစ်ခု....၊သော့ချိတ်လေး၏တစ်ဘက်မှာ ရွေရောင်ကြိုးလေးနှင့်တွဲထားသည့် မောင်း
ချဓား ပါးပါးသေးသေးလေးတစ်ခု.....။ခလုပ်လေးနှိပ်လိုက်လျှင် ဖြတ်ကနဲပွင့်သွားသော ထိုမောင်းချဓား
လေးသည် ခဲတံချွန်နိုင်လောက်သည်ကလွဲလို့ အခြားဘာမှ အသုံးမဝင်ပါ....။သော့ချိတ်တွင်လည်း ချိတ်
ထားစရာသော့မယ်မယ်ရရမရှိသော ကျွန်တော့်အတွက် အဆိုပါ မွေးနေ့လက်ဆောင်လေးကို စာကြည့်
စားပွဲ အံဆွဲထဲတွင် တရိုတသေ သိမ်းထားခဲ့သည်။နှစ်ပေါင်းများစွာကြာလာပြီးသည့်နောက် သော့ချိတ်
လေးလည်း ရွေရောင်များလွင့်ပြယ်သွားခဲ့ပြီ....။ဓားကလေးလည်း ခလုပ်ဖွင့်မရတော့ပဲ သံချေးကိုက်သွား
ခဲ့ပြီ...။သို့တိုင်အောင် ထိုဓားသော့ချိတ်လေးသည် ကျွန်တော့်မွေးနေ့ပေါင်း ၃၀ကျော်လာသည့်တိုင်
စာကြည့်စာပွဲအံဆွဲထဲတွင် သူ့ဘူးလေးနှင့်အတူ ငြိမ်သက်စွာလဲလျောင်းနေမြဲပင်...။ဟုတ်ပါသည်.....။ ကျွန်တော့်အတွက်တော့ အဆိုပါ သာမန် အလှမောင်းချဓားလေးတစ်လက်ထဲတွင် ညီအကိုမောင်နှမ
အကြား စီးဆင်းနေသော သံယောဇဉ်၊ရိုင်းပင်းဖေးမမှု၊မွေးဖွားကြီးပြင်းလာခြင်းအတွက်အသိအမှတ်ပြုမှု
အမှတ်တရများစွာ ပေါင်းစပ်ပါဝင်နေခဲ့ပါသည်....။

 ~~~~~~~~~~~~~~~~~~~~~~~~~
 ကျွန်တော့်မေမေတွင် စုစုပေါင်းမောင်နှမရှစ်ယောက်ရှိရာ မေမေက တတိယမြောက်သမီးကြီးဖြစ်သည်။
သူ့အထက်တွင်မတော့ အကိုနှစ်ယောက်။ထိုအကိုနှစ်ယောက်နှင့် မေမေက တစ်နှစ်ကြီးတစ်နှစ်ငယ်တွေ
ဖြစ်ကြသည်။မေမေ့အောက်ကျန်ငါးယောက်နှင့်တော့ အသက်ကွာသွားကြသည်။ဆိုတော့ မေမေနှင့် ထို
အကိုနှစ်ယောက်သည် ဆော့ဖော်ဆော့ဖက်လည်းဖြစ်သည်။အခြားမောင်နှမတွေထက်လည်း ပိုခင်မင်
တတ်ကြသည်။အကိုအကြီးဆုံးက ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ကျသွားလေသည်။သူအိမ်ထောင်ကျ
တော့ ၁၈နှစ်ပင်မပြည့်တတ်သေးတဲ့....။သူ့သားဦးက ယောင်္ကျားလေး...။မြေးဦးလေးဆိုတော့ မေမေ့
အမေ၊ကျွန်တော့်အဖွားက အချစ်ပိုသည်။ပိုဆိုးသည်က အကိုအကြီးဆုံးသည် ငယ်ငယ်ရွယ်ရွယ်မှာပင်
အရက်ကြောင့် လူ့လောကကြီးကို ကျောခိုင်းသွားလေတော့သည်...။ဖတဆိုးလေးဖြစ်သော သူ့သားလေး
ကို အားလုံးကပိုလို့တိုးပြီးအချစ်ပိုရသည်ပေါ့....။အဖွားကလည်း ဖူးဖူးမှုတ်ထားသလို၊အဒေါ်အကြီးဆုံး
ဖြစ်သော ကျွန်တော့်အမေ၏အသဲကျော်လေးလည်းဖြစ်သည်။

ထို ကျွန်တော့်ဝမ်းကွဲအကိုသည် သူ၁၈နှစ်ပြည့်သည်နှင့် တပ်မတော်ထဲဝင်သွားလေသည်။အဖွားဖြစ်သူက
လုံးဝသဘောမတူ၊စစ်သားစုဆောင်းရေးတပ်ရှေ့တွင် သူ့မြေးကိုပြန်မပေးမချင်းမထဟုဆိုကာ ငုတ်တုတ်
ထိုင်နေသည်ဆို၏။နောက်ဆုံး တပ်မှအရာရှိတွေက စစ်သားလောင်းလေးကျွန်တော့်အကိုဝမ်းကွဲကို ချော့
မော့ပြီး အဖွားနှင့်ပြန့်ထည့်ပေးလိုက်သည်။အင်မတန်မှစစ်သားဖြစ်ချင်သောကျွန်တော့်အကိုကလည်း
ရက်အတန်ကြာတော့ အဖွားအိမ်မှ ထွက်ပြေးကာ စစ်ထဲဝင်ပြန်သည်။အဖွားကတစ်ခါလိုက်ခေါ်ပြန်၏။
အရာရှိတွေကလည်း (ဟိုတုန်းကတော့ ) အုပ်ထိန်းသူကသဘောမတူသဖြင့် ပြန်ထည့်ပေးလိုက်ပြန်သည်။
ထိုသို့ သုံးလေးခါ ဝိုင်းကြီးပတ်လည် လည်နေပြီး နောက်ဆုံးမှာတော့အဖွားလည်း လက်လျော့လိုက်ရ
လေတော့သည်...။

ကျွန်တော့်အကိုဝမ်းကွဲစစ်သားလေးသည် နိုင်ငံအနှံတိုင်းပြည်တာဝန်များထမ်းဆောင်နေရင်းမှ အချိန်
ရလျှင်ရသလို၊လမ်းကြုံလျှင်ကြုံသလို သူ့ဂျီးဒေါ်၊ကျွန်တော့်အမေထံသို့ မကြာခဏဆိုသလို အလည်
လာလေ့ရှိသည်။အလည်လာသည့်အခါတိုင်းလည်း သူရောက်ရာဒေသမှ ဒေသထွက်လက်ဆောင်လေး
များ မေမေ့အတွက်ဝယ်လာလေ့ရှိသည်။မေမေကလည်း သူပြန်သည့်အခါတိုင်း သူ့အတွက် ငပိကြော်၊
ငါးခြောက်ကြော်များ၊ပုဆိုး၊အကျီ င်္လေးများ ပြန်ထည့်ပေးလိုက်စမြဲ....။

နှစ်ကာလကြာမြင့်လာသည့်နောက် သူလည်း သာမန်စစ်သားလေးဘဝမှ  တပ်ကြပ်၊ဒုတပ်ကြပ်၊ထိုမှ
တစ်ဆင့် တပ်ကြပ်ကြီးတစ်ဦးဖြစ်လာခဲ့ပြီ...။ကံကြမ္မာအလှည့်တစ်ကွေ့တွင် သူသည် တပ်မတော်ထောက်
လှမ်းတပ်ထဲသို့ရောက်သွားတော့သည်။အရှင်မွေးတော့နေချင်းကြီးသည်ပေါ့....၊အသောက်အစားလည်း
ကင်း၊မိန်းမလည်းမရသေးသော၊အထက်လူကြီးချစ်ခင်သည့် ကျွန်တော့်အကိုဝမ်းကွဲသည် ယခင်ကလို
နွမ်းနွမ်းပါးပါးမဟုတ်တော့...၊သို့တိုင်အောင် သူ၏ကျွန်တော်တို့မိသားစုအပေါ်ထားရှိသော သံယောဇဉ်၊
ချစ်ခြင်းတရားတို့သည် ပြောင်းလဲမသွား..၊အရင်အတိုင်းပင် ကြုံလျှင်ကြုံသလို အလည်အပတ်လာရောက်
မြဲ၊အရင်ကလိုပင် သူ့ဂျီးဒေါ်ကြီးအပေါ်ရိုကျိုးမြဲ...၊

တစ်ရက်တွင်မတော့ သူကျွန်တော်တို့အိမ်သို့အလည်အပတ်ရောက်လာသည်။နိုင်ငံခြားခရီးစဉ်တစ်ခုမှ
ပြန်ရောက်လာကာစဖြစ်သည်။ထုံးစံအတိုင်း မေ့မေ့အတွက် နိုင်ငံရပ်ခြားမှ ကောင်းနိုးရာရာလက်ဆောင်
ပစ္စည်းလေးများပါလာသည်။မေမေ့အတွက်သာမဟုတ်...၊ကျွန်တော့်အတွက်လည်း လက်ဆောင်ပစ္စည်း
လေးတစ်ခုပါလာခဲ့သည်...။ထိုလက်ဆောင်ပစ္စည်လေးကတော့ သားရေဓားအိမ်လေးထဲထည့်ထားသော
သံမဏိရောင်ပြောင်လက်နေသည့် ဓားမြှောင်လေးတစ်ချောင်းပင်....။စစ်သားစစ်စစ်ဖြစ်သောကျွန်တော့်
အကိုမှာ စစ်သားသုံးပစ္စည်းလေးများကိုမက်မက်မောမောရှိလှသူဖြစ်သည်။သူမက်မောသောပစ္စည်းတစ်ခု
ကို ကျွန်တော့်အတွက်လက်ဆောင်ပေးလာသောအခါ ကျွန်တော်လည်း ကျေနပ်မဆုံးဖြစ်ခဲ့ရသည်။

ထိုဓားမြှောင်ကလေးကို အိမ်ရှေ့မှန်ဗီဒိုထဲတွင် အလှဆင်ပစ္စည်းလေးတစ်ခုသဖွယ် တယုတယသိမ်းစည်း
ထားခဲ့သည်မှာ ယနေ့ထက်တိုင်.....။ယခုတော့ ကျွန်တော့်အကိုလည်း နိမ့်မြင့်၊တက်ကျ၊လောကဓံတရား
၏ကျီစားမှုအောက်မှာ အလူးအလဲ....။ပြိုလဲသွားသောအဖွဲ့အစည်းတစ်ခုနှင့်အတူ သူလည်း သာမန်အရပ်
သားတစ်ဦးဖြစ်သွားလေပြီ...၊မိန်းမလည်းရသွားပြီ...။အောက်ပြည်အောက်ရွာတစ်နေရာတွင် သာမန်ဈေး
သည်လေးဘဝဖြင့်သူ့ဘဝ၊သူ့မိသားစုကို ကောင်းမွန်အေးချမ်းစွာလုပ်ကိုင်ကျွေးမွေးနေလေပြီ။ဝေးကွာ
လှသောအရပ်ဒေသတွင် မိသားစုအခြေကျ၊ရုန်းကန်နေရပြီမို့ ယခင်ကလိုဖြင့် ကျွန်တော်တို့ထံအလည်
အပတ်မလာနိုင်ရှာတော့...၊သို့တိုင်အောင် လူကြုံရှိလျှင်ရှိသလို သူတို့မိသားစုသတင်းစကားနှင့်အတူ
လက်ဆောင်ပစ္စည်းလေးတွေ ပို့တတ်လေ့ရှိသည်။ကျွန်တော့်မေမေသည်လည်း သူ့တူကြီးအား သတိ
တရနှင့် တစ်ဖွဖွပြောတတ်စမြဲ...၊ကျွန်တော်သည်လည်း မှန်ဗီဒိုအတွင်းငြိမ်သက်စွာလဲလျောင်းနေသော
သံမဏိဓားမြှောင်လေးကိုမြင်သည့်အခါတိုင်း ဆွေမျိုးသံယောဇဉ်ကြီးလှသည့် အကိုဝမ်းကွဲတစ်ဦးကို
သတိတရရှိစမြဲသာ.....။

~~~~~~~~~~~~~~

ယခုလည်း ကျွန်တော့်လက်ထဲတွင် လှပသေသပ်သော နှစ်သက်စရာ လက်ဆောင်ပစ္စည်းလေးတစ်ခု
ရောက်ရှိနေပြီဖြစ်သည်။အနီရင့်ရောင် နာမည်ကျော်ဆွိစ်မောင်းချဓားလေးတစ်လက်ဖြစ်သည်။စကားလုံး
များမှတစ်ဆင့်၊မမြင်ရသောလှိုင်းများထက်မှတစ်ဆင့်  လူချင်းမမြင်ရသည့်တိုင် ခင်မင်ရင်းစွဲရှိနေသော
မိတ်ဆွေတစ်ဦးထံမှ ပေးလာသောလက်ဆောင်ဓားလေးတစ်လက်....။


ဟုတ်ပါသည်....။ဓားဟူသည် တစ်စုံတစ်ရာကို ဖြတ်တောက်၊ပိုင်းခြားတတ်သည့် သတ္တိ၊သဘာဝရှိပါသည်။
တစ်ချို့သော နိုင်ငံများတွင် ဓားတစ်လက်၏သဘောသဘာဝကို အတိတ်နိမိတ်ယူ၍ ဓားလက်ဆောင်ပေး
ခြင်းသည် ထားရှိအပ်သော သံယောဇဉ်ကို ပိုင်းခြားဖြတ်တောက်ခြင်း ဟု ယူဆကောင်းယူဆကြပါလိမ့်
မည်....။သို့သော် ဓားတစ်လက်သည် ပိုင်းခြားဖြတ်တောက်ခြင်းကိုသာမက ထိုးစိုက်နစ်ဝင်ခြင်းကိုလည်း
ပြုလုပ်တတ်ပေသည်။

ဓားများသည် ကျွန်တော့်အတွက်မတော့ ကျွန်တော့်နှလုံးသားအတွင်း ချစ်ခြင်းမေတ္တာ၊အမှတ်တရ၊အသိ
အမှတ်ပြုမှုများ နှင့်အတူ မိဘ၊မောင်နှမ၊ဆွေမျိုး၊မိတ်ဆွေများ၏သံယောဇဉ်များကို နစ်နစ်နဲနဲထိုးစိုက်တတ်
ကြလေသည်...။စူးနစ်ဝင်ရောက်သွားသော ဓားလက်ဆောင်များကြောင့် ကျွန်တော့်နှလုံးအိမ်အတွင်းမှ
ညွတ်နူး၊ကျေနပ်မှုဟူသော သွေးစိမ်းရှင်ရှင်တို့ စိမ့်ထွက်လာတတ်စမြဲပင်တည်း...........။

22 comments:

မိုးနတ်ကြယ်စင် said...

ဓါးတွေက အဲလောက်စိတ်ဝင်စားစရာ
ကောင်းလိမ့်မယ်လို့ မိုးနတ်ဖြင့်တခါမှကို
မတွေးဖူးခဲ့တာ...ခုတော့ မိမိုးနတ်ပဲ
ညံ့တာထင်ရဲ့...ဗဟုသုတတွေတိုးလိုက်တာ
တလှေကြီးပဲ...ကျေးဇူးနော် :)))

ကိုကိုမောင်(ပန်းရနံ့) said...

ကမောင်လေးက ဓါးတွေ အတော် လက်ဆောင်ရခဲ့တာကလား။ အခုတော့ လူပျိုကြီးမို့ ရိုးရိုးဓားပေါ့။ နောက် လောကီဘုံကြိးကို ငြီးငွေ့တဲ့အခါကျရင်တော့ အရဟတ္တမဂ် ဓါးသန်လျက်နဲ့ လောကီဘောင်ကို မြန်မြန်ခွါရှောင်မဲ့ သဘောပါဘဲ။ နိမိတ်ကောင်းလေးတွေရယ်။

ရွှေအိမ်စည် said...

လက်ဆောင်ဓားလေးတွေအကြောင်း နူးနူးညံ့ညံ့
ခံစားဖတ်ရှုသွားတယ် အကို။။
“စူးနစ်ဝင်ရောက်သွားသော ဓားလက်ဆောင်များကြောင့် ကျွန်တော့်နှလုံးအိမ်အတွင်းမှ
ညွတ်နူး၊ကျေနပ်မှုဟူသော သွေးစိမ်းရှင်ရှင်တို့ စိမ့်ထွက်လာတတ်စမြဲပင်တည်း” ဆိုတဲ့ အပိုဒ်လေးကို သဘောတကျနဲ့ အသံထွက်ပြီးရွတ်ဖတ်ကြည့်မိတယ်..။
ညီမမှာတော့ ဓားနဲ့ပတ်သတ်ပြီး ခံစားချက်ရေရေရာရာမရှိလှဘူးရယ်...။
နယ်မှာနေတုန်းက အလုပ်တာဝန်တွေနဲ့ အိမ်ပြန်နောက်ကျတတ်တဲ့ ညီမကို ချစ်သူက မောင်ချဓားလေးလက်ဆောင်ပေးဖူးတယ်...။
ခလုတ်နဲ့ ဖွင့်ရတဲ့ ဓားလေး..။
ဓား ဆိုတာ ဖြတ်တောက်၊ ပိုင်းခြားတတ်တဲ့ သဘောလားတော့ မသိ..။
ချစ်ဦးသူနဲ့ ပိုင်းခြားမုန်းမျက်သွားရုံမက အချစ်ဆိုတာကိုပါ အခုထိ ရွံမုန်းသွားတဲ့အထိပဲ...။
ဒါဆိုရင် ညီမအတွက်တော့ ဓားဆိုတာ အစိတ်စိတ်အမွှာမွှာခုတ်ဖြတ်စေရာ ဖြစ်သွားလေရော့သလား.....။
အမှန်တော့ အတိတ်တွေ၊ နမိတ်တွေ ဆိုတာထက် လက်ခံညွတ်နူးလိုက်တဲ့ စိတ်ခံစားမှုတွေကသာ ပိုအရေးကြီးပါတယ်..။
အစ်ကိုညီလင်းသစ်ကို သတိတရစိတ်နဲ့ကော၊ မမြင်ရတဲ့ ခင်မင်မှုသံယောဇဉ်ကြိုးတွေကို ချစ်ခင်ကြည်နူးစိတ်နဲ့ကော အက်ဆေးလှလှလေးကို သဘောတကျ ဖတ်ရှုသွားခဲ့ပါတယ်ရှင်...။

ချစ်ခင်သော
ညီမ

ညီလင်းသစ် said...

ချစ်စရာ ကောင်းလိုက်တဲ့ အက်ဆေးလေး...၊း)

ကိုညိမ်းရဲ့ စီးဆင်းလာရာ လမ်းကြောင်းတစ်လျှောက်မှာ ဓါးတွေက ဘယ်လို၊ ဘယ်ပုံ ပတ်သက်နေသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ..၊ ပထမဦးဆုံး မွေးနေ့လက်ဆောင်က ဓါးလေးတစ်လက် ဖြစ်နေတာကိုက တွေးကြည့်ရင် အံ့သြစရာ...၊ ဓါးတစ်လက်မှာ ပိုင်းခြားခုတ်ဖြတ်ခြင်း နဲ့အတူ ထိုးစိုက်နစ်ဝင်ခြင်းတွေလည်း ပါတယ်လို့ အခြားတစ်ဖက်က အဓိပ္ပါယ်ဖွင့်ဆိုသွားတာလေး လှလိုက်တာဗျာ၊ အရမ်းသဘောကျသွားတယ်...။း)

Anonymous said...

ကိုညိမ်းဟာ ကဗျာတွေတင်အရေးကောင်းရုံတင်မဟုတ်
ပါလား စကားပြေအရေးကောင်းတဲ့သူတစ်ယောက်အဖြစ်
ပါကျနော်လက်ခံလိုက်ပါပြီဗျာ ကိုညိမ်းတော့ဓါးလေးကို
ဖောက်ကြည့်ပြီးပြီလားတော့မသိဘူး ကျနော်ကတော့
ကျနော့အိပ်ယာခေါင်းရင်းကLocker အံဆွဲထဲမှာခုထိလဲ
လျောင်းနေဆဲပဲဗျ.။ဓါးဆိုတာပိုင်းဖြတ်တောက်ရုံမဟုတ်ပဲ
ခိုင်မြဲခြင်းတွေကိုပိုခိုင်မြဲအောင်ထိုးစိုက်ပေးတက်တဲ့သဘော
လဲရှိပါတယ်ဗျာ.။တစ်ခုပဲဗျ Swiss knifeဆိုတဲ့စကား
လုံးလေးမြင်ရင် ကျနော်က ဝိုင်ပုလင်းကိုသာပြေးပြေးမြင်နေမိတယ် နောက်တစ်ခေါက်ပြန်ဆုံဖြစ်ကြရင် Brazil ဝိုင်ပုလင်းလေးကိုဖွင့်တော့မှပဲ ပထမဆုံးအသုံးပြုဖို့မျှော်လင့်ထားပါတယ်ဗျာ ဆရာညီတစ်ယောက်နောက်တစ်ခေါက်လာရင် အဟဲ ဝိုင်ပုလင်းလေးများပါလာရင်ပေါ့ဆိုတဲ့ ဝိုင်မြူသံပေးတာလို့တော့မထင်စေချင်ပါဘူးဗျာ.။ဓါးဆိုတာကျနော့်အတွက်နောက်တစ်ခါပြန်ဆုံနိုင်မဲ့ မျှော်လင့်ချက်တစ်ခုအဖြစ်ကျနော့စိတ်မှာစွဲနစ်စွာစိုက်ဝင်နေပါပြီ.။အီကွေတာလေတဖြူးဖြူးမှာ ဝိုင်လေးနဲ့မြူးလိုက်ရအောင်ဆရာညီရေ..သဘောတူတယ်ဟုတ် ရဲဘော်ကိုညိမ်း.. :)))

Ma Tint said...

ဖတ်လို့ကောင်းတယ် မောင်ညိမ်းနိုင်ရေ မွေးနေ့ပေါင်း ၃၀ကျော်သွားတဲ့တိုင် အစ်မဖြစ်သူရဲ့လက်ဆောင်လေး
စာကြည့်စာပွဲအံဆွဲထဲမှာ သူ့ဘူးလေးနှင့်အတူ ရှိနေဆဲဆိုလို့ လက်ဆောင်ပစ္စည်းကို တန်ဘိုးထားတတ်တဲ့ စိတ်လေးကို ချီးကျူးပါတယ်။ စကားမစပ် လာမဲ့မွေးနေ့ ဘယ်တော့လဲ? တီတင့်လည်း မွေးနေ့လက်ဆောင် ဓါးလေးတစ်ချောင်း ပေးချင်လို့ :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဆြာညိမ်းကို အလောင်းမင်းတရားကြီးကိုင်စွဲတဲ့ နောင်ပိုအောင်ရွာထွက်ဓားလက်ဆောင်မှာထားပေးမယ် ရန်ကုန်ရောက်ရင်ဆက်သွယ်ဗျို့ အဲဒီရွာကဓားတွေတော့ကောင်းတယ်ဗျာ့ ရှမ်းရွာကြီးပေါ့ နောင်ပိုအောင်ဓားမှာထားလိုက်မယ်


ခင်တဲ့

မောင်ဘကြိုင်

San Htun said...

ကောင်းလိုက်တယ့် အက်ဆက်လေး..ဓားတွေဆိုတာ သံယောဇဉ်ဖြတ်တောက်ဖို့ မဟုတ်ဘဲ စူးနက်စေတယ့်အရာ..အဲ..ခုထိ ဓားလက်ဆောင် မရဖူးသေးဘူးဗျ..အနှီလက်ဆောင်ရတယ့်ဓားလေးကို ဓာတ်ပုံရိုက်ပြီး ပို့ စ်မှာ တင်ပါလား..တို့ များ မြင်ဖူးရအောင်..း)

သဒ္ဓါလှိုင်း said...

ပေးတဲ့သူရဲ့ မေတ္တာနဲ့ထပ်တူ ဓါးလေးကလည်း ချစ်ခြင်းမေတ္တာ အမှတ်တရ တွေနဲ့ အတူ နှလုံးအိမ်မှာ စူးနစ်ဝင်ရောက်ခဲ့တာပေါ့..လေ။
ချမ်းမြေ့ပါစေ..
ခင်မင်လျက်
သဒ္ဓါ

သဒ္ဓါလှိုင်း said...

ပေးတဲ့သူရဲ့ မေတ္တာနဲ့ထပ်တူ ဓါးလေးကလည်း ချစ်ခြင်းမေတ္တာ အမှတ်တရ တွေနဲ့ အတူ နှလုံးအိမ်မှာ စူးနစ်ဝင်ရောက်ခဲ့တာပေါ့..လေ။
ချမ်းမြေ့ပါစေ..
ခင်မင်လျက်
သဒ္ဓါ

မိုးငွေ့........ said...

ကိုယ့်တစ်သက်မှာတော့ လက်ဆောင်ဓါး တခါမှမရဖူးဘူး... ။ ထူးတော့တူးဆန်းသားနော် ဘ၀တလျှောက်မှာ ဓါးကို လေးကြိမ်ထိ လက်ဆောင်ရဖူးတယ်ဆိုတာ...။ ဘာပဲဖြစ်ဖြစ် ဓါးကိုအကြောင်းပြုပြီး အက်ဆေးလေးတစ်ပုဒ်ကို လှလှပပရေးသွားတာလေး အရမ်းသဘောကျတယ်..။

မောင်မျိုး said...

အဲ့လိုမှန်းသိ သူပြန်တုန်းက ဓားမ တစ်ချောင်း လက်ဆောင်ပေးလိုက်ပါတယ်ကွယ်း))

သူကြီးမင်း said...

ကမောင်လေး။
လက်အတော်ဆော့တတ်ပုံပေါ်တယ်။ ဓားများ ဆိုလားလို့ လိုက်လာပါတယ်။ မူလဟာကြီးပေဘဲ။း)

Anonymous said...

တမီးလဲ တူတူပဲ
အပြေးလာလိုက်ရတာ
:)
thuthu

မိုးဇက် said...

ဓါး
သံယောဇဉ်တွေကို ဖြတ်တောက်ပြစ်ဖို့ ဓါး
မာန်မာနတွေကို ဖြတ်တောက်ပြစ်ဖို့ ဓါး
လိုရာခရီးအတွက် လမ်းဖောက်ခုတ်ထွင် ရှင်းလင်းပြစ်မဲ့ ဓါး
မောဟတွေကို အမျှင်းမျှင်းဖြင်ပြစ်မဲ့ ဓါး
စိတ်ရဲ့ အပိုစာဒါးတွေကို သုတ်သင်ပြစ်မဲ့ ဓါး
ဓါး ပေါင်းများစွာထဲက ဓါးဟာ
ဓါးလိုပဲ ကျင့်ကြံနေတဲ့ဓါး
နဂါးနိုင်ဓါး

ဟီး

San Htun said...

သာမီးလည်း တူတူပဲ..ဓားများ အပိုင်း ၂ ဆက်ရန် ရှိသေးသလားဆိုပြီး ပြေးလာတာ..း)

မိုးသက် said...

အူးအိကု အမေကလည်း ဓါးလက်ဆောင်ပေးရတယ်လို့..
ကျွန်တော့်အမေဆို လက်ထဲဓါးတွေ့ရင်ကို ဆူနေပီ..
ဓါးတောင် မကိုင်ခိုင်းဘူး :(

ဟန်ကြည် said...

ဖတ်ပြီးတာကြာပြီ အလုပ်ပိနေလို့ အခုမှပဲ ပြန်လာပြီး ကွန်မန့်ပေးဖြစ်တော့တယ်...

အက်ဆေးလေးရေးထားတာ စိတ်ကူးကောင်းပါပေ့ ကငြိမ်းနိုင်ရေ...ခေါင်းစဉ်ကို အမှတ်မထင်မြင်တုန်းကတော့ စဉ်းစားမိတယ် ဘာများဖြတ်မလို့ပါလိမ့်လို့း)

သေချာဖတ်တော့မှ ဖြတ်တဲ့ဓားမဟုတ်ဘဲ ဆက်မယ့်ဓားဖြစ်နေတော့တာကိုး...မွေးနေ့လက်ဆောင်တွေတော့ အထိုက်အလျောက်ရဖူးပါရဲ့...ဓားတော့ တစ်ခါမှ မရဖူးပေါင်ဗျာ...ပြောရရင် အိမ်မှာတောင်မှ သားလှီးဓားလောက်ပဲ ရှိတာကလား...မေမေကတော့ လက်နက်တစ်ခုခုဆောင်ထားရင် လူက သွေးကြွတတ်တာမို့ မဆောင်နဲ့လို့ မှာတာပါပဲ...

ဓားအစစ်သာ မကိုင်ဖူးတာ...ခပ်ငယ်ငယ်ကတော့ ဘောစကိုင်းသားကို ကိုယ့်ဘာသာ ခုတ်လှီးပြီး လုပ်ထားတဲ့ ဓားတွေကတော့ အပုံကြီးဗျားး)

Aung Htut said...

အတွေးလေးကို အရမ်း သဘောကျသဗျာ.... စာလေးကလည်း ဖတ်လို့ ကောင်းသဗျာ.... ကညိမ်းပြောသလို ပြောရရင် စဘိုင်ပဲ... စဘိုင်ပဲ... :P

နွေတေးရှင် (မင်းဧရာ) said...

အကြောင်းတကာ့ အကြောင်းများစွာကြောင့်
မမန့်နိုင်ခဲ့ဘူး...ဟိုနေ့ကတည်းက ဖတ်တယ်
အခုထပ်ဖတ်တယ် ပိုစ့်တစ်ပုဒ်လုံးကို
အောက်ဆုံး စာကြောင်းက သိမ်းကျုံးပြီး ထောက်ထားတာ တသသနဲ့ ရင်တွင်းမှာ ကျန်ခဲ့စေတယ်ဗျာ။

chocothazin said...

စိတ်ဝင်စားစရာကောင်းတဲ့ အက်ဆေးလေးပါ အစ်ကိုညိမ်းနိုင်ရေ။ စာတွေလာဖတ်သွားပါတယ်။

မြသွေးနီ said...

ဓားလက်ဆောင်ပေးတဲ့ သူငယ်ချင်းဆီကနေ ဖြန့်ထွက်လာတဲ့ အတွေးစ၊ အဲ့ဒီကနေ အမှတ်တရလက်ဆောင်လေးအပေါ် ဆက်စပ် ရေးဖွဲ့သွားတာ၊ နှစ်သက်စရာ အက်ဆေးလေးပါ။၊