Monday, June 21, 2010

ရာသီပေါ် အတွေးများ

မောင်လေးတို့များတခုခုဖြင့်မလုပ်လိုက်နဲ့၊ဘာလုပ်လုပ် အခြေအနေ၊အချိန်အခါရွေးတာများသိပ်တော်တာ၊
အခုလည်းကြည့်လေ..ကမ္ဘာ့ ဖလားဘောပွဲကြီးစတော့မယ်ဆိုကာမှ ဘလော့လေးတစ်ခုထရေးမိတယ်။ ဟော..အခုလည်းကျရောအလုပ်ပြီးပြီ ဆိုတာနဲ့ ဘောပွဲပဲကြည့်ရကောင်းမလား၊ဘလော့ပဲရေးရကောင်းမလား နဲ့ ဘ နှင့်ဘကြားဗျာ များနေပါရောလား..။အဲဒါကြောင့်ပြောတာ မောင်လေးတို့ဘာလုပ်လုပ်အချိန်အခါရွေး သိပ်တော် တာလို့...။ ဘောပွဲတွေစကန်ကြပြီဆိုတော့၊ပထမတော့အိပ်ရေးပျက်လှပါတယ် ဘောပွဲတော့မကြည့်
တော့ပါဘူးလေ၊ကိုယ့်ဘလော့လေးမှာ ကိုယ်ရေးချင်တာလေးတွေရေးနေတော့မယ်လို့တော့ဆုံးဖြတ်မိသား...။
အဲ နောက်မှအချိန်တွေကို သေသေချာချာတွက်ကြည့်မိတော့ ခုနစ်နာရီခွဲ ပွဲတွေပါတာသွားတွေ့ပါရော။
အဲဒီတော့လဲ စောစောပိုင်းပွဲတွေတော့ အားပေးလိုက်ပါအုံးမယ် ဆိုပြီးတထစ်လျော့သွားတယ်(ကိုယ်မှမကြည့်
ရင်ဖြင့် ကမ္ဘာ့ ဖလားပွဲကြီးပဲမစည်ကားတော့မယ့်အတိုင်း...အမှန်က ကိုယ့်ဘာသာကိုယ်ကြည့်ချင်လို့ကြည့်တာ)။
ခုနစ်နာရီခွဲပွဲ ပြီးတော့လည်း နောက်ပွဲဆက်ကြည့်ချင်လာပြန်ရောခင်ဗျ။အဲဒီတော့လည်း ဟယ်...ငါ့ဘလော့
ကခုမှအသစ်ကလေး၊ဘယ်သူမှသတိမထားမိလောက်သေးပါဘူး၊ကမ္ဘာဖလားဘောပွဲဆိုတာလေးနှစ်မှတကြိမ်
ကန်ကြတာလို့ ကိုယ်ကြည့်ချင်တာဘက် ကိုယ်ယက်တွေးပြီးသကာလ မောင်လေးတစ်ယောက်ဘောပွဲတွေ
နောက်ကိုကောက်ကောက်ပါသွားတော့တယ်။

ဘောပွဲတွေကြည့်မိတော့ ဘာတွေ့မိသလဲဆိုတော့ အခုမှအုပ်စုပတ်လည်ပွဲတွေပဲရှိသေးတယ်၊နိုင်တဲ့
အသင်း ကြည့်တော့ ခုပဲဖလားကြီးရသွားတဲ့အတိုင်း ပျော်နေလိုက်ကြတာ၊ရှုံးတဲ့အသင်းကြတော့လည်း ငိုတော့မယ့်အတိုင်းပဲခင်ဗျ။ဟော်လန်နှင့်ဂျပန်ပွဲ ကိုပဲကြည့်၊ဟောလန်တွေနိုင်သွားတော့တယောက်နှင့်
တယောက်ပွေ့ကာဖက်ကာနဲ့ပျော်လို့ရွင်လို့၊သူတို့ကအုပ်စုကတက်ဖို့သေချာသလောက်ရှိသွားပြီဆိုတော့
ထားပါတော့၊ရှုံးသွားတဲ့ဂျပန်တွေကတော့အတော်ကိုမှိုင်သွားကြတယ်ဗျ။တကယ်ဆိုဒီပွဲကအဆုံးအဖြတ်ပွဲမှ
မဟုတ်တာ၊ဒိန်းမတ်နဲ့ပွဲမှာသူတို့နိုင်ခဲ့ရင်အုပ်စုကတက်သွားမှာပဲ။အင်္ဂလန်အသင်းလည်းအဲဒီအတိုင်းပဲခင်ဗျ၊
အယ်ဂျီးရီးယားနဲ့သရေကျတဲ့ပွဲမှာနည်းပြကြီးကာပယ်လိုခမျာ ရှုံ့ မဲ့နေပုံများ တကယ်ကိုအီးမှန်သွားတဲ့ရုပ်မျိုး။
ဒါတောင်ရှုံးသေးတာမဟုတ်ဘူး။နောက်ပွဲနိုင်ခဲ့ရင်လည်းအုပ်စုကတက်မှာမဟုတ်တဲ့အတိုင်းပဲ။
အဲ ဘောလုံးကစားသမားတွေ၊နည်းပြတွေ အနေနဲ့ကလည်း ဖိစိးမှုတွေကများသားကလား။ခုခေတ်ကြီး
မှာဘောလုံးအားကစားကိုဘယ်သူမှအားကစားနည်းသက်သက်သဘောမထားကြတော့ဘူးလို့ကျွန်တော်တော့ ထင်မိတယ်။ဘာဖြစ်လို့လဲဆိုဘောလုံးပွဲတစ်ပွဲရဲ့အနိုင်၊အရှုံးနောက်မှာဂုဏ်သိက္ခာ၊ငွေကြေး၊အရှက်တရား၊ ကျော်ကြားအောင်မြင်မှုတွေအများကြီးပါလာပြီခင်ဗျ၊ခုနောက်ပိုင်းဆို လူ့အသက်တွေပါ ပါလာပြီ။ ကိုယ်အားပေးတဲ့အသင်းရှုံးတာနဲ့ပဲ ကိုယ့်ကိုကိုယ်သက်သေလားသေရဲ့၊ဘောလုံးပွဲကြည့်ရင်းနှလုံးခုန်ရပ်ပြီး
သေသွားတဲ့လူလဲရှိရဲ့။တလောကဘယ်ထဲမှာလဲတော့မမှတ်မိတော့ဘူး ဖတ်မိလိုက်တာက ဘောလုံးပွဲကို
အကြောင်းပြုလို့ နိုင်ငံ နှစ်နိုင်ငံစစ်ဖြစ်ကြရောဆိုပဲ။အဲဒီလိုဆိုတော့လည်းနည်းပြတွေ၊ကစားသမားတွေမှာလည်း
အရှုံးအနိုင်က သာမည၊ယှဉ်ပြိုင်ခြင်းသာအဓိကဆိုတာတွေဘာတွေအသာဘေးချိတ်၊ကန်ပြီဟေ့ဆိုတာနဲ့
့ မနိုင် နိုင်အောင်အားသွန်ခွန်စိုက်ကန်ကြရတော့တာပဲခင်ဗျ။အဲဒီလိုမှလည်းပရောဖက်ရှင်နယ်ပီသတယ်ဆိုပဲ။
ဟော..ပွဲပြီးလို့ နိုင်ရင်လည်းနိုင်တဲ့အလျောက်ဖိစီးမှုတွေလျော့ပြီးပြုံးလို့ရွင်လို့၊ရှုံးတော့လည်း ရှုံးတဲ့အလျောက်
နောက်ပွဲအတွက်ဖိစီးမှုပိုများလာတော့မှိုင်တွေချလို့ပေါ့။အဲတချို့ပရိတ်သတ်တွေကြတော့တမျိုးခင်ဗျ၊
ကိုယ်အားပေးတဲ့အသင်းနိုင်တာတောင် မကျေနိုင်၊မချမ်းနိုင်ဖြစ်နေသေးတယ်၊ဘာလို့လဲဆိုတော့ ဘောနိုင်ပြီးကြေးရှုံးသွားလို့ ဆိုပဲ။

ကျွန်တော်တခါတလေ တွေးမိတာက ဘောလုံးပွဲတွေကို ကစားသမားတွေက ရှုံးလည်းပြုံးပြုံး၊နိုင်လည်း
ကိစ္စမရှိ၊ခပ်အေးအေးပဲ ဆိုတဲ့ပုံမျိုးကစားခဲ့ကြမယ်ဆိုရင်၊ပရိတ်သတ်တွေကလည်း နိုင်လို့လည်းဝမ်းမသာ၊ ရှုံးလို့လည်းထူးပြီးဝမ်းမနည်းဘူး ဆိုသလိုအားပေးခဲ့ကြမယ်ဆိုရင် ခုချိန်မှာ ကျွန်တော်တို့ အားပေးနေတဲ့
ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကြီးတောင်ပေါ်ပေါက်လာပါ့မလား လို့ ဘောပွဲမစခင် စပ်ကြားတွေးမိတွေးရာ
တွေးနေမိပါကြောင်း.....။

4 comments:

ပူးတေ said...

ဘ နှစ်လုံးကြားမှာ ဗျာများနေတယ်ပေါ့လေ..( တမျိုးမတွေးစေချင်ပါ။ ဘကုံးနှစ်လုံး ဘောလုံးပွဲနှင့် ဘလော့ရေးခြင်းကို ပြောတာပါ။) ...:)

ခင်မင်စွာဖြင့်

ခိုင်နုငယ် said...

မောင်လေးရေ..
ဘောလုံးပွဲအကြောင်းတော့
မကြည့်လို့မသိတာတွေများတယ်။
ဒါပေမယ့်သုတအဖြစ်လာရောက်လို့
ဖတ်သွားပါတယ်နှော်..လင့်ခ်လည်းချိတ်လိုက်ပါ့မယ်။

မောင် လေး said...

အမခိုင်နုငယ်ရေ ကျေးဇူးတင်ပါတယ်ခင်ဗျာ

အင်ကြင်းသန့် said...

ကိုမောင်လေးရေ....ကျနော်ကတော့ ဘနှစ်ဘကြား ဗျာမများဘူး။ ဘောလုံးပွဲကိုပဲ ရွေးတယ်။ ဘလော့ကို ပစ်ထားလိုက်တယ် :D.....ဘောလုံးပွဲ အကြောင်းများတော့ မပြောချင်ဘူး။ နှလုံးရောဂါရပြီး သေမယ်ဆို သေနိုင်လောက်တယ်။ :)))