Tuesday, June 29, 2010

ချစ်ခြင်းများနှင့်မေမေ

တနင်္ဂနွေနေ့က အမေနဲ့ ဖုံးပြောဖြစ်ပါတယ်...။ထူးထူးခြားခြားတော့လည်းဘာမှပြောဖြစ်တာမဟုတ်ပါဘူး..။
သာကြောင်းမာကြောင်း၊အလုပ်အကိုင်အဆင်ပြေကြောင်း၊အိမ်ကကြောင်လေးလိမ္မာကြောင်း၊စသည်....စသည်...
ပေါ့ခင်ဗျာ။ဖုံးချလိုက်တော့မယ်ဆိုတော့အမေကကျွန်တော့်ကိုစလုံးမှာအရက်တွေဘာတွေသောက်မနေနဲ့ဦးနော်
လို့ မှာရှာတယ်ခင်ဗျ။ကျွန်တော်ကလည်းမသောက်ပါဘူးအမေရဲ့စိတ်ချပါပေါ့၊(တကယ်လည်းမသောက်ဖြစ်
ပါဘူး၊ဈေးကြီးလို့..)

အမေမှာမယ်ဆိုလဲ မှာချင်စရာရယ်...။မြန်မာပြည်မှာတုန်းက ကျွန်တော်က အရက်ကို နေ့စဉ်ရက်ဆက်ဆို
သလိုသောက်ခဲ့တာကိုး...။ဒီရောက်မှသာ မသောက်ဖြစ်တော့တာ...။အဲဒီလိုအမေကမှာတော့ တစ်ချိန်ကအရက် နဲ့ပတ်သက်ပြီး ကျွန်တော်တို့ သားအမိတွေကြားမှာ ဖြစ်ပျက်ခဲ့တာလေးတွေကိုသွားသိရမိတယ်....။

ကျွန်တော်အရက်သောက်တာနဲ့ပတ်သက်ပြီးအမေကကျွန်တော့်ကိုချော့လို့တမျိုးခြောက်လို့တဖုံအမျိုးမျိုး
ဆုံးမရှာပါတယ်။သူ့အကိုအကြီးဆုံးနှင့်မောင်အငယ်ဆုံး(ကျွန်တော့်ဦးကြီးနှင့်ဦးလေးငယ်)တို့ အရက်ကြောင့်
ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးရတဲ့အကြောင်း၊ဘယ်သူဘယ်ဝါကတော့ဖြင့်အရက်ကြောင့် ဘဝပျက်ရတဲ့အကြောင်း
အစရှိသဖြင့်နားဝင်အောင်ဆုံးမပါတယ်။ပြန်မပြောနားမထောင်ကျွန်တော်ကလည်း ဆုံးမတုန်းမှာတော့ဟုတ်ကဲ့၊ ဟုတ်ကဲ့ပေါ့။အဲ နေကလေးညိုလာပြီဆိုရင်ဖြင့် စာအုပ်ဆိုင်ပဲသွားမှာလိုလို၊အခွေပဲသွားငှားမှာလိုလိုနဲ့ အရက်ဆိုင်ကိုသွားဖို့ခြေလှမ်းပြင်တော့တာပါပဲ.....။

အဲဒီလို အမေရယ်၊ကျွန်တော်ရယ်၊အရက်ရယ် လုံးလည်ပတ်ချာလည်နေတုန်း တနေ့မှာ၊ဈေးကပြန်လာ
တဲ့အမက ဈေးမှာ အမ်တီအေးနဲ့ တွေ့ခဲ့တဲ့အကြောင်း၊စကားတွေအတော်ကြာပြောဖြစ်တဲ့အကြောင်းပြောလာပါ
တယ်။ဒီနေရာမှာ အမ်တီအေးနဲ့ကျွန်တော်တို့မိသားစု ပတ်သက်ဆက်စပ်ပုံအကြောင်း ရေးပါရစေ....။

အမေဟာ ကျွန်တော့်ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ ဂျင်မခါနာဆေးရုံမှာ ကျွန်တော့်ကိုမွေးတော့မယ်ဆိုတော့
သုံးနှစ်သမီးကျွန်တော့်အမကို ကြည့်ပေး၊ထိန်းပေးမယ့်လူမရှိတဲ့ပြဿနာနဲ့ရင်ဆိုင်ရပါရောခင်ဗျ။နှစ်ဖက်သော
မိဘ၊ဆွေမျိုးတွေကိုအကူအညီတောင်းပေမယ့် ဘယ်သူမှအကူအညီမပေးကြဘူးတဲ့ခင်ဗျ။(ဆွေမျိုးတွေက အဲဒီ လိုကျွန်တော်တို့အပေါ် ကောင်းခဲ့တာ...။ဒါတောင် အဖေနဲ့အမေက မိဘတွေသဘောတူလို့ယူခဲ့ကြတာရယ်...၊)
အဖေကလည်း ရုံးကတဖက်၊အမေ့ကို ကြည့်ရှု့ဖို့ကတဖက်နဲ့ဆိုတော့ အဲဒီအချိန်ကတော်တော်ကို ကသီလင်တ
ဖြစ်နေတာပေါ့။နောက်ဆုံးတော့ မူကြိုကျောင်းလေးဖွင့်ထားတဲ့ အန်တီအေး ဆီသွားပြီး ကျွန်တော့်အမသုံးနှစ် သမီးလေးကိုခုနှစ်ရက်တပတ်လောက် နေ့ရော၊ညပါ ကြည့်ပေး၊ထိန်းပေးဖို့ အကူအညီတောင်းရပါတယ်။
အန်တီအေးကလည်း လိုလိုချင်ချင်ပဲအကူအညီပေးခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ အခုထက်တိုင်၊အန်တီအေးတို့မိသားစုနဲ့ကျွန်တော်တို့မိသားစုဟာ အရမ်းကိုခင်မင်ရင်းနှီး
လာခဲ့ပါတယ်။နောက်ပိုင်းမှာအန်တီအေးခင်ပွန်းကကျွန်တော်တို့မြို့မှာအောင်မြင်တဲ့ကျူရှင်ဆရာတစ်ယောက်
ဖြစ်လာတော့လည်းကျွန်တော်တို့မောင်နှမနှစ်ယောက်ကို နှစ်တိုင်း ကျူရှင်လခတပြားမှမယူပဲအခမဲ့စာသင်ပေး
ခဲ့ပါတယ်။အမေကဒီအကြောင်းတွေကို၊ လူတိုင်းကိုစကားသင့်တိုင်းပြောပြလေ့ရှိခဲ့တာပါ။ကျွန်တော်တို့ကိုလည်း
နှစ်စဉ်သီတင်ကျွတ်တိုင်း ဆရာနဲ့အန်တီအေးတို့ကို ကန်တော့စေခဲ့တာယနေ့ထက်တိုင်ပါ။ အန်တီအေးတို့ရဲ့
ကျေးဇူးတရားကိုမမေ့ဖို့၊ဆိုဆုံးမတာကိုနာခံဖို့ကိုလည်းအမြဲဆုံးမခဲ့ပါတယ်။

ဒီအကြောင်းတွေကကျွန်တော်တို့မိသားစုနဲ့အန်တီအေးတို့အကြားပတ်သက်ဆက်စပ်လာခဲ့တဲ့အကြောင်း
တွေပါ။အထက်ကရေးလက်စကိုပြန်ဆက်ရရင် ကျွန်တော့်အမပြောတာက အန်တီအေးက ကျွန်တော် အရက်
အရမ်းသောက်နေတယ်လို့ကြားတဲ့အကြောင်း၊ငယ်ငယ်ရွယ်ရွယ်နဲ့အရက်သမားဖြစ်နေပြီကြားရလို့စိတ်မကောင်း ဖြစ်မိကြောင်း၊ဒီကောင်လေးကို ပြောလို့၊ဆိုလို့၊ဆုံးမလို့ မနိုင်ကြတော့ဘူးလား....လို့ ပြောလိုက်တဲ့အကြောင်း
အမေ့ကိုပြန်ဖောက်သည်ချပါလေရောခင်ဗျား။ပြီးတော့ကျွန်တော့်ကိုလည်း လူကြီးသူမတွေက အခုလိုပြောလာ
ကြတဲ့အတွက် အရက်မသောက်တော့ဖို့၊အမေ့ကိုလည်း အမေ့သားကိုကြည့်ပြောပါဦးသူများတွေပြောကုန်ကြပြီ
အစရှိသဖြင့်မည်တွန်တောက်တီးတော့တာပေါ့...။

အဲဒီတော့ အမေကကျွန်တော့်အမကို ဒေါသထွက်နေတဲ့မျက်နှာနဲ့ ဘာပြန်ပြောတယ်မှတ်သလဲခင်ဗျ...။
"ဟေ့ဒီခေတ်ထဲမှာ ယောင်္ကျားလေး အရက်သောက်တာဘာမှမဆန်းဘူး။ငါ့သားကအရက်သာသောက်တာ...
ဘယ်တုန်းကမှ၊ဘယ်သူ့ကိုမှ မူးပြီးပြဿနာရှာတာမျိုးမရှိခဲ့ဘူး၊(သူများပြဿနာရှာဖို့နေနေသာသာ၊ကိုယ့်ဘာ
သာကိုယ် မနဲထိန်းနေရတာရယ်....း) )အဖေ၊အမေတွေ သက်ရှိထင်ရှားရှိသေးတယ်၊ဘေးလူကဘာမှပြောဖို့
မလိုပါဘူး" တဲ့ခင်ဗျား....။

ကျွန်တော့်အမဆို ပါးစပ်အဟောင်းသားနဲ့ အမေ့ကိုငေးကြည့်နေရှာတယ်။သူ့စိတ်ထဲမှာ ဒီစကားတွေအမေ
ပြောလိုက်တာတွေမှဟုတ်ပါလေစ လို့တွေးနေတဲ့ပုံပဲ...။ကျွန်တော်လည်း ဒီတခါတော့ အကြီးအကျယ် ဆူခံထိပြီ
ထင်ထားတာ...၊အမေကအဲဒီလိုပြောလိုက်တော့ ကြောင်တောင်တောင်ဖြစ်သွားတော့တယ်။ဟုတ်တော့လည်း
ဟုတ်တယ်...။တသက်လုံးက အန်တီအေးတို့ကျေးဇူးကျွန်တော်တို့အပေါ်မှာရှိတဲ့အကြောင်းခဏခဏပြောခဲ့တဲ့
အမေ၊ကျွန်တော်အရက်သောက်တိုင်း နည်းအမျိုးမျိုးနဲ့ဆုံးမခဲ့တဲ့အမေ၊ ဒီလိုပြောလိမ့်မယ်လို့ ဘယ်သူမှထင်ထား
တာမှမဟုတ်တာ....။အခုတော့ ကျွန်တော့်ကိုမဆုံးမတဲ့အပြင် အားပေးအမြှောက်သလိုဖြစ်တဲ့ စကားမျိုးတောင်
ပြောလာတယ်ဆိုတော့ အားလုံးကဘာပြောရမှန်းကိုမသိဘူးဖြစ်သွားပါတယ်....။

အမှန်တော့အမေဟာသားကိုချစ်တဲ့စိတ်၊သားကိုထိရင်၊အပြောခံရရင်မချိအောင်နာတဲ့စိတ်နဲ့အမှန်၊အမှား
တွေ ဘာမှအမြင်တော့ပဲ၊သားကိုကာကွယ်ချင်တဲ့စိတ်တခုထဲနဲ့ပြောလိုက်တာတွေပါ..။အမေတွေဟာ သား၊သမီး
တွေ မဟုတ်တာ၊မသင့်တော်တာလုပ်လာခဲ့ရင် ဘယ်တုန်းကမှမျက်နှာလွှဲနေလိမ့်မယ်၊မသိချင်ယောင်ဆောင်
နေလိမ့်မယ်လို ကျွန်တော်မထင်ပါဘူး....။

အမေ့စကားတွေကိုပြန်စဉ်းစားမိတော့ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။အရင်းစစ်တော့အမြစ်မြေက
ဆိုတဲ့စကားလို ကျွန်တော်မကောင်းလို့ပါလားလို့ အသိတရားရမိခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာကျွန်တော်ဟာ
အသောက်အစား ဆင်ခြင်လာခဲ့ပါတယ်။အရင်လိုနေ့စဉ်ရက်ဆက်သောက်တာမျိုးမရှိတော့သလို၊သောက်ဖြစ်
ခဲ့ရင်လည်း လူမှန်းသူမှန်းမသိ၊မချိမဆန့်တွေသောက်တာမျိုးမရှိတော့ပဲ၊သောက်ထားမှန်းမသိသာလောက်
အောင်အနည်းအကျဉ်းပဲသောက်ဖြစ်ပါတော့တယ်...။အခုဆိုရင်တော့ မသောက်ဖြစ်သလောက်ဖြစ်သွားပါပြီ...။
(တခါတလေ သူငယ်ချင်းတွေနဲ့ဆုံရင်ဘီယာလေးဘာလေးကလွဲလို့ပေါ့လေ.....ဤကားစကားချပ်တည်း..း) )
အမေတွေရဲ့သား၊သမီးတွေအပေါ် ထားတဲ့ ချစ်တဲ့စိတ်ကိုလည်း အတိုင်းမသိ သဘောပေါက်သွားခဲ့ပါပြီခင်ဗျား။











8 comments:

ခိုင်နုငယ် said...

မောင်လေးရေ..အပေါ်ခေါင်းစဉ်မှာ
ဝိစိနှစ်လုံးပေါက်ကျန်နေခဲ့တယ်ပြင်လိုက်အုံး။
အမေဆိုတာဒီလိုပါပဲ..ဆိုးတဲ့သားသမီးပိုပြီး
ဂရုဏာနဲ့ချစ်တတ်ကြတယ်။
မောင်လေးလည်းအမေ့အတွက်အားထားနိုင်လောက်တဲ့
သားကောင်းရတနာတစ်ယောက်ဖြစ်ပါစေဗျာ။

မောင် လေး said...

မခိုင်နုငယ်>>> ကျေးဇူးပါပဲခင်ဗျာ။
မနေ့ညက ည၁၂နာရီမှာ overtime ရှိလို့ အချိန်မှီအောင်ကပျာကယာရေးလိုက်
တော့ ဘာမှကိုပြန်မစစ်နိုင်တော့ဘူးဖြစ်သွားတယ်။

SHWE ZIN U said...

မောင်လေး ရေ

အမြဲမသောက် တခါတလေသောက်
အမေ သနားပါတယ် အမ တို့ အမေလည်း ဒီလိုဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လသာည said...

ဈေးကြီးလို့ အခုအရက် မသောက်ဖြစ်တော့ အမေက စိတ်ချမ်းသာနေမှာပေါ့နော်။ မောင်လေးလည်း စိတ်ချမ်းသာနေတယ်မို့လား..။
အစစအဆင်ပြေ ချမ်းမြေ့ပါစေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုဆိုရင် မောင်လေးအမေက မောင်လေးကို အရက်ဈေးကြီးတဲ့နေရာမှာဘဲ အမြဲနေစေချင်မယ် ထင်ပါရဲ့..
မိဘရဲ့ ချစ်ခြင်းမေတ္တာကို
နားလည်သဘောပေါက်လာပြီဆိုလို့ ၀မ်းသာပါတယ်..
မောင်လေးရဲ့ အမေတော့ ၀မ်းသာနေရှာပါလိမ့်မယ်နော်..

မောင် လေး said...

မရွှေစင်ဦး၊လသာည၊ချော>>> လာရောက်အားပေးကြတာကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...။အရက်ကတော့
တကယ်ကိုမသောက်ဖြစ်တော့တာပါ။မြန်မာပြည် ပြန်ရောက်ရင်လဲ မသောက်
တော့ပါဘူး။အမေ့ကိုသနားလို့၊ချစ်လို့ပါ။(ဘီယာလေးနည်းနည်းပါးပါးကလွဲလို့
ပေါ့နော် ဟီး)

အင်ကြင်းသန့် said...

ကိုမောင်လေးရေ....တကယ်ပဲဝမ်းသာမိပါတယ်။ ကိုမောင်လေး အမေလည်း ၀မ်းသာနေမှာပဲနော်။ မိဘကိုစိတ်ချမ်းသာအောင်ထားတာလည်း ကျေးဇူးဆပ်ခြင်းတစ်မျိုးပါပဲ။ ကိုမောင်လေးရဲ့ အခုရရှိထားတဲ့ အသိလေးအတိုင်း တစ်သက်လုံးမြဲသွားနိုင်ပါစေလို့ ဆုတောင်းပါတယ်။

chomarmyathaung said...

အာဆေးတစ်ခွက် ပေးသွားပါတယ်... ခုမှ ဒီblog ကို လာ လည်သူပါ..
အမေ ဆိုတာ အမြဲသားသမီးဖက်ကပေါ့...မှားမှားမှန်မှန် မိမိသားသမီးကို သူများကပြောတာထက် မိမိကိုယ်တိုင်သာ ပြောချင်တာ အမေပါ....
သားသမီးလည်းထိုနည်းတူပါပဲ.. မည်သူမှပီးပြည့်စုံတယ်ဆိုတာမရှိဘူးမဟုတ်လား.... မိမိရဲ့မိဘက မကောင်းရင်တောင် သူများပြောတာ မကြိုက်ပါ...မိမိကိုယ်တိုင်သာ ပြောချင်ရင်ပြောမည်... မပြောပဲနေရင်လည်းနေမည်......
အားပေးလျှက်ပါ....
မချိုမာညွန့်... (မလိုတာတွေကို ကွန့်သွားပါသည်)။။။