Sunday, September 12, 2010

အချိန်=အပြောင်းအလဲ (၂ )

အချစ်

ရှေ့မှာ ရေးခဲ့သလို လူပျိုပေါက်အရွယ်မှာ ငြိမ်းကျော်၊မောင်စိန်ဝင်း၊တက္ကသိုလ်ဘုန်းနိုင် တို့ရဲ့ စာတွေနဲ့ လူလား
မြောက်လာခဲ့တာဆိုတော့အချစ်နဲ့ပတ်သက်လာရင်ငယ်စဉ်ကခံစားမှုတွေကအရမ်းကိုနူးညံ့၊သိမ်မွေ့လှပါတယ်။
၁၉နှစ်လောက်မှာ ရည်းစားလေးတစ်ယောက်ရတော့ ချစ်သူနဲ့ပတ်သက်လာရင် မထိရက်၊မကိုင်ရက်၊အရမ်းကို
တန်ဘိုးထားပြီးချစ်ခဲ့မိတယ်...။ချစ်သူရဲ့လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်ဖို့၊ချစ်သူ့ဆံနွယ်စလေးတွေကို ခိုးယူ
ရှိုက်နမ်းဖို့ဆိုတာ (အဲဒီအချိန်က)ကျွန်တော့်အတွက်တော့ မဟာစွန့်စားခန်းကြီးတစ်ခုရယ်ပါ...။
(အဲဒီလို လက်နှေးခဲ့လို့လားမသိ၊သုံးလလောက်အကြာမှာပဲ သူကကျွန်တော့်ကိုပစ်သွားလို့ အသဲဟတ်တက်ကွဲ
ကျန်ခဲ့တာ ခုထိကို ပြန်မဆက်နိုင်တော့ဘူး....။)

ခုချိန်မှာတော့ အချစ်နဲ့ပတ်သက်လာရင် ခံစားချက်တွေက ပြောင်းလဲသွားခဲ့ပြီ။စိတ်ကူးယဉ်အချစ်မဆန်တော့။
ဟိုတုန်းကလိုလည်း မနူးညံ့၊မသိမ်မွေ့တော့ပြီ...။နည်းနည်း အရိုင်းဆန်လာတယ်လို့ပြောရတော့မယ်....။
ခုချိန်မှာ အချစ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် အချစ်ဆိုတာ တပ်မက်မှု နဲ့ သံယောဇဉ် အချိုးညီညီ ပေါင်းစပ်
ထားတာလို့ ပဲ ယူဆမိတော့တယ်။

အပေါင်းအသင်း၊သူငယ်ချင်း

ငယ်ငယ်က အပေါင်းအသင်း သိပ်ပြီးမမင်ခဲ့ဘူး။အမြဲတွဲခဲ့တဲ့ သူငယ်ချင်းရယ်လို့လည်း သတ်သတ်မှတ်မှတ်မရှိခဲ့
ဘူး။လူတိုင်းနဲ့တော့ ခင်ခင်မင်မင်ရှိခဲ့ပါတယ်။အများအားဖြင့် ဘာသာတစ်ယောက်တည်း စာအုပ်တွေနဲ့ပျော်မွေ့
မိတာကလည်း သူငယ်ချင်းတွေနဲ့ အရမ်းကြီးတရင်းတနှီး မဖြစ်စေခဲ့တဲ့အကြောင်းတရပ်ဖြစ်နိုင်ပါတယ်။ဘယ်
သူငယ်ချင်းကမှ ကိုယ်အတွက် အနစ်နာခံပေးခဲ့ရတာမျိုးမရှိခဲ့သလို၊ကိုယ်ကလည်း ဘယ်သူ့ကိုမှ အနစ်နာခံပေး
ခဲ့တာမျိုး မရှိခဲ့ပါဘူး။

အသက်လေးနဲနဲရလာတာနဲ့အမျှ သူငယ်ချင်း၊အပေါင်းအသင်းတွေအပေါ် ချစ်ခင်တွယ်တာတဲ့စိတ် ပို ပိုလာပါ
တယ်။သူ့အရေးကိစ္စတွေကို ကိုယ့်အရေးကိစ္စတွေလိုသဘောထား တတ်လာတယ်။နားလည်မှုလည်းပိုပြီးပေးနိုင်
လာခဲ့တယ်။ကိုယ့်အချိန်တွေထဲကမှ သူတို့အတွက် အချိန်ပေးတတ်လာခဲ့ပြီ။သူငယ်ချင်းတွေနဲ့ စကားပြောရတာ
ကိုလည်း ခုံမင်လာခဲ့ပါတယ်...။

လူနဲ့ပတ်ဝန်းကျင် အပေါ်မှာမြင်တဲ့ အမြင်

ဟိုတချိန်က လူတွေအပေါ်မြင်တဲ့ ကျွန်တော့်အမြင်တွေက တဖတ်သက်ဆန်ခဲ့တာအမှန်ပါပဲ။ကိုယ့်ဘက်ကိုပဲ
ကြည့်ခဲ့မိတယ်။ကိုယ့်အပေါ်မကောင်းတဲ့လူကို မကောင်းဘူးလို့ပဲ မြင်တယ်၊အပြင်ပန်းမှာ ကောင်းတဲ့လူတွေကို
လည်း လူကောင်းလို့ ရိုးရိုးရှင်းရှင်းမြင်ခဲ့ပါတယ်။ခုတော့ကိုယ့်အပေါ်မကောင်းတဲ့လူတွေကိုလည်း သူတို့ရဲ့
အခက်အခဲတွေ၊စိတ်ခံစားမှုတွေကို ကြည့်မြင်နားလည်ပေးတတ်လာတယ်။ကောင်းတဲ့လူတွေကိုလည်း သူတို့ရဲ့
အတွင်းစိတ်သဘောထားကိုပါ မြင်နိုင်အောင်ကြိုးစားလာမိပါတယ်။လက်ဖမိုးကိုချည်း မကြည့်ပဲ လက်ဖဝါးကိုပါ
ကြည့်တတ်လာခဲ့ပါပြီ....။

တချိန်က လူတွေအပေါ် သနားတတ်တဲ့စိတ်၊ယုံကြည်တဲ့ စိတ်လည်း ရှိခဲ့တယ်။တခါက ကျွန်တော်ဆိုင်ကိုလူတစ်
ယောက်လာပြီး အမေ့အတွက်ဆေးလာဝယ်တာ ငွေမလောက်လို့၊ဒီမှာလည်း အသိမိတ်ဆွေမရှိလို့ ငွေချေးပါ ၊
နက်ဖြန်ဆက်ဆက်လာပေးပါ့မယ်ဆိုပြီး ဘလိုင်းကြီး လာချေးဖူးတယ်။ဒီကကျွန်တော်မျိုးကြီးကလည်း ယုံကြည်
စိတ်ချစွာနဲ့ အိတ်ထဲရှိသလောက်ချေးလိုက်ပါတယ်။နောက်နေ့မှာ လည်ပင်း ကုလားအုပ်ဖြစ်အောင်မျှော်ပေမယ့်
ကိုယ်တော်က ပေါ်မလာတော့ပါဘူး။နာမည်တောင်မသိတဲ့လူကို ယုံရပါ့မလားလို့ ကြားတဲ့ သူငယ်ချင်းတိုင်းရဲ့
အဆဲကိုခံရတာပဲအဖတ်တင်ပါတယ်။

ခုချိန်မှာတော့ သူငယ်ချင်းအချင်းချင်း ခဏတဖြုတ် ငွေလှည့်တာတောင် “ဟေ့ကောင် မင်းပြန်တော့ ပေးမှာပါ
နော် ” ဆိုပြီး မယုံသလိုလို မေးမိလို့ ဘာသာမနည်း သတိထားနေရတယ်း)။

ငွေကြေး နဲ့ အလုပ်

အသက်နှစ်ဆယ်လောက်မှာ ကိုယ်ပိုင်ဝင်ငွေ၊ကိုယ်ပိုင်အလုပ် ရှိလာပါပြီ။အလုပ်ဘာအတွက်လုပ်လဲဆိုရင် တချိန်ကတော့ ငွေရဖို့ပါ။ငွေဘာလုပ်ဖို့လဲဆိုရင် သုံးဖို့၊ဖြုန်းဖို့ လို့ပဲပြောဖြစ်ခဲ့မယ်ထင်တယ်။ငွေ ကို များများ နဲ့
မြန်မြန်ရအောင် ရှာတယ်။ပြီးတော့ မြန်မြန် သုံးပစ်လိုက်တယ်။အလုပ်အပေါ်ထားတဲ့သဘောထားကလည်း ငွေ
ရဖို့ပဲ..။ငွေကြေး အပေါ်ထားတဲ့ သဘောထားကလည်း သုံးပစ်လိုက်ဖို့ပဲ...။

နောက်ပိုင်းမှာတော့ အလုပ်ကို အလုပ်လိုပဲ သဘောထားနိုင်လာခဲ့ပြီ။တနေ့ကပဲ လုပ်ဖော်ကိုင်ဖက် စလုံးတစ်
ယောက်က ကျွန်တော့်ကို “ ဒီလောက် အလုပ်ရှုပ်နေတာတောင် မင်းကသီချင်းလေး တညီးညီး နဲ့ အတော်ပျော်
နေတယ်ပေါ့လေ ဟုတ်လား ” လို့ မေးလာပါတယ်။ဒီတော့ ကျွန်တော်က “ အလုပ်ရှုပ်လဲ ငါ့အတွက်က တစ်နေ့
ကို ၂၄ နာရီပဲ၊အလုပ်များလို့ ၂၅ နာရီဖြစ်သွားတာမှ မဟုတ်တာ၊လုပ်စရာရှိနေရင်တော့ လုပ်ရမှာပေါ့ ” လို့
ခပ်နောက်နောက်လေး ပြန်ဖြေ ဖြစ်လိုက်ပါတယ်။

ဟုတ်ပါတယ်...။ခုနောက်ပိုင်းမှာ အလုပ်အပေါ်ထားတဲ့ သဘောထားက အဲဒီအတိုင်းဖြစ်သွားပါပြီ။ငွေကြေး ကို
လည်း ကျွဲကူးရေပါ တဲ့သဘောပဲလို့ထားပါတော့တယ်။ဒါပေမယ့် အရင်တုန်းကလိုတော့ အရမ်းမသုံးဖြစ်တော့
ဘူး။ကပ်စေးနဲ လာတတ်တဲ့သဘောထင်ပါရဲ့း)။တခုခုဝယ်တော့မယ်ဆို အရင်လို စွတ်မဝယ်ဖြစ်တော့ဘူး။
နောင်ရေးတွေဘာတွေ တွေးပြီး လက်တွန့် လာပါတယ်။

အသက်နဲ့အမျှ လျော့သွားတာတွေ

အိပ်ချိန်။ ။ငယ်ငယ်ကအအိပ်မက်ခဲ့တယ်။၁၀နာရီဆိုအိပ်ပြီ။နောက်ကျမှအိပ်ရင်လည်း မနက်ကို ၉နာရီ၊၁၀
နာရီထိမထတော့ဘူး။အအိပ် မက်လွန်းလို့ အချိန်တွေ၊ချိန်းထားတာတွေ ကမောက်ကမ၊နောက်ကျခဲ့ရပေါင်းများ
ခဲ့ပါတယ်။ခုတော့ ညဆို အစောဆုံးအိပ်ယာဝင်ချိန်က ၁၁နာရီ၊၁၂နာရီ။မနက်ဆိုလည်း ၇နာရီဆို နိုးပြီ၊ဆက်
အိပ်လို့လည်းမရတော့။ဘာကြောင့်အအိပ်နည်းသွားတာလည်းဆိုတာ ဘာသာလည်း နားမလည်နိုင်ပါဘူး။

ဒေါသ။ ။ငယ်ငယ်က ဒေါသကြီးတယ်။လက်လည်းမြန်တယ်။လေးတန်းကျောင်းသားဘဝထဲက ကျောင်းက
အိမ်ကို တိုင်စာပို့လို့ အမေလုပ်သူကလိုက်ရှင်းရတာခဏခဏ။အသက်နှစ်ဆယ်ကျော်လောက်မှာ သောက်တတ်
စားတတ်လာတော့ ပိုဆိုးရော...။မူးလာရင်သွေးမဆိုးပေမယ့်၊ကိုယ့်ကို လာရစ်ရင်သည်းမခံနိုင်လို့ ခဏခဏရန်
ဖြစ်တယ်။ငယ်ငယ်ကတော့ လူဆိုးစာရင်းဝင်ပေါ့၊(နှစ်ယောက် တစ်ယောက်ဆိုလည်း ချတာပဲ၊သုံးယောက် တစ်
ယောက်ဖြစ်လည်း တီးတာပဲ၊လေးယောက်တစ်ယောက်လည်း ဆော်တာပဲ....။နှစ်ယောက်တို့၊သုံးယောက်တို့၊
လေးယောက်တို့ဘက်က ပြောပါတယ်..း) )။ခုတော့ တော်တော်ကိုလျော့ကျသွားပါတယ်၊ကိုယ့်ကို လာပြီးကြော
သလို၊မောသလို လုပ်တာတောင် သည်းညည်းခံတတ်ပါပြီ။လူ့ဘဝတိုတိုလေးအတွင်းမှာ ဘာကြောင့် အဓိပ္ပာယ်
မရှိတာတွေနဲ့ ကိုယ့်စိတ်ကို အပင်ပန်းခံနေမှာလည်း လို့ ဘာသာဖြေတတ်ခဲ့ပါပြီ။

လောဘ။ ။ငယ်စဉ်ကတော့ ဖြစ်ချင်တာတွေများခဲ့တယ်။လိုချင်တာတွေများခဲ့တယ်။လုပ်ချင်တာတွေလည်း
အများကြီးရယ်...။ချမ်းသာတဲ့ဘဝ၊အောင်မြင်တဲ့ဘဝကို လိုချင်ခဲ့တယ်။(ကြိုးစားခဲ့သလားလို့တော့ မမေးပါနဲ့း) )
ခုချိန်မှာ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း၊ကိုယ်လုပ်ချင်တိုင်း မရနိုင်ဘူးဆိုတာသိလာခဲ့တဲ့နောက် အလိုဆန္ဒတွေ
လျော့ကျသွားခဲ့ပါတယ်။လောကမှာ ကျွန်တော်တို့မတတ်နိုင်တာတွေ အများကြီးပါလားဆိုတာကို လက်ခံလာခဲ့
ပြီ...။ခုချိန်မှာ အိမ်ပြန်ရောက်ရင် အေးအေးဆေးဆေး ခြံသေးသေးလေးတစ်ခြံနဲ့ သီးနှံပင်လေးတွေပဲ စိုက်စားချင်
တော့တယ်။

အသက်နဲ့အမျှ ပိုလာတာတွေ

အတွေးတွေ။ ။အရင်ကတည်းက ကိုယ့်အတွေးနဲ့ကိုယ် နေတတ်တဲ့သူဆိုပေမယ့်၊နောက်ပိုင်းကာလတွေမှာ
အရင်ကထက်ပိုပိုပြီးတွေးမိလာတယ်၊လောကအကြောင်း၊လူတွေအကြောင်း၊ဘဝတွေအကြောင်း၊ပြီးတော့ ကိုယ့်အကြောင်း....။အတွေးတွေရဲ့နောက်မှာ အဖြေဆိုတာတော့မရှိခဲ့ပါဘူး။

နောင်တနဲ့အမှားတွေ။ ။ရခဲ့ပါတယ်၊အတော်ကို ပိုလို့ရခဲ့တာတွေပါ....း)။ဘဝမှာ ခုချိန်ထိ ခဲဖျက်နဲ့ မလွတ်ကင်း
နိုင်သေးဘူး။ဖျက်လို့မရ၊ပြင်လို့မရတာတွေအတွက်တော့ နောင်တတွေပဲအဖတ်တင်ခဲ့တာပေါ့။ဘာတွေလည်း
လို့တော့မမေးကြပါနဲ့....။ဖြေမိခဲ့ရင် ထပ်ပြီး နောင်တရမိမှာဆိုးလို့း)

ဆက်ရန်

9 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အသက်ကြီးလာလို့ တရားရလာတယ်ဘဲ မှတ်ပါတယ်..း)
နောင်တရစရာအဖြစ်တွေက လူတိုင်းမှာ ရှိတတ်ပါတယ်..
အမှားထဲက သင်ခန်းစာယူကြတာပေါ့နော်

Anonymous said...

အင်း တသက်လုံး စိတ်ချမ်းသာစေချင်ရင် အပင်စိုက် ဆိုသလို မောင်လေး စိုက်ချင်တာ မှန်ပါတယ်

ခြံလေးနဲ့ အပင်လေး တွေ စိုက်ပြီး အေးအေးနေချင်တယ် အင်း အဲလိုဘဲ.. ဒို့လည်း နေချင်တယ် စိတ်ပင်ပန်းလွန်းလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ယွန်း said...

အသက်အရွယ်အရ ..အတွေ့ အကြုံအ၇..စိတ်တွေပြောင်းလဲလာတာ
ထင်ပါရဲ့ ...

ခင်တဲ့
ယွန်း

အဖြူရောင်နတ်သမီး said...

အချိန်တွေပြောင်းလာတာနဲ့အမျှ...
ရင့်ကျက်မှုနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝက..
စကားပြောလာတယ်...ထင်တယ်နော်
စိတ်တွေလည်း ပိုပြီး တည်ငြိမ်လာတာပေါ့...

အင်ကြင်းသန့် said...

ဟုတ်တယ် ကိုမောင်လေးရေ....အသက်တွေတစ်နှစ်ပြီး တစ်နှစ်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ အတွေးတွေ၊ စိတ်တွေလိုက်ပြီးပြောင်းလဲကုန်တယ်။ တစ်ခါတစ်ခါ ငါဟုတ်မှ ဟုတ်ရဲ့လားလို့တောင် အံ့သြမိတယ်.... ငယ်ငယ်တုန်းကတော့ လောဘစိတ်နဲ့အတွေးတွေများသလိုပဲ....အခုတော့ ဘ၀မှာအေးချမ်းစွာနေဖို့ကိုပဲ မျှော်လင့်မိတော့တာ...

noblemoe said...

ဘာတွေလည်းလို့တော့မမေးတော့ပါဖူး
အလိုဆန္ဒတွေလျော့ကျသွားတာတော့ တမျိုးပဲ
မိုးကိုယ်တိုင်လည်း ဖြစ်ချင်တာဖြစ်ခဲ့လားဆိုတော့ မဖြစ်ခဲ့ပေမဲ့ မဖြစ်ဖူးလားဆိုတော့လည်း မဟုတ်ပြန်ဖူး ဒါကြောင့် စိတ်ဆန္ဒပြင်းထန်ပြီးကြိုးစားရင် ဖြစ်လာတာ နည်းနည်းသဘောပေါက်မိပါတယ်။ အကုန်လားဆိုတော့လည်းမဟုတ်ပြန်ဖူး ကြိုးစားမှုနဲ့ထိုက်တန်သလောက်တော့ရခဲ့ပါတယ် ခုလက်ရှိခြေနေကိုတော့ကျေနပ်နေမိတာအမှန်ပါ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

blackroze said...

ဟုတ်တယ်အကိုရ
အသက်တွေကြီးလာတာနဲ့အမျှစိတ်ဓါတ်တွေနဲ့ဆန္ဒတွေက
ပြောင်းသွားတယ်..ဖြတ်သန်းလာခဲ့ရတဲ့ဘဝအနေအထားကြောင့်
တွေလည်းပါမှာပေါ့လေ..ငယ်ငယ်ကလိုချင်ခဲ့တာ
ဖြစ်ချင်ခဲ့တာတွေကတမျိုး...ကြီးလာတော့ဖြစ်လာတဲ့ဘဝကတမျိုး
ဆိုတော့..ဆန္ဒတွေလဲပြောင်းလဲကုန်တယ်ထင်ပါရဲ့လေ...

ခိုင်နုငယ် said...

အင်း.......ဒီနေ့ နက်ဖန်ကြား
မတူညီပြောင်းလဲလာတာနှင့်အမျှ
အသိဖတ်တွယ်လာတာ ကောင်းတာပေါ့။
အသက်သာကြီးပြီး အသိမဖတ်တွယ်နိုင်ရင်
လူဖြစ်ရှုံးတယ် ကိုမောင်လေးရေ...

မေပယ်လ် said...

စာရေးအား ကောင်းတယ်
အနုပညာ ၀မ်းစာလဲ ပြည့်သင့်သလောက် ပြည့်နေပြီ..ဆက်လုပ် ဘရား..။