Monday, October 11, 2010

အမှတ်ရနေတဲ့ စကားတွေ.....( ၃ )

အချစ်.....အချစ်.....အချစ်......၊

ဟိုးမား ရဲ့ အီးလိယက် ကဗျာရှည်ကြီးရဲ့အစမှာ “ကမ္ဘာမှာအရာအားလုံးထက်အကြီးမြတ်ဆုံးအရာနှစ်ခုရှိတယ်..၊
တစ်ခုက စစ်၊တခြားတစ်ခုကအချစ်”လို့ရေးခဲ့တယ်လို့ဖတ်လိုက်မိပါတယ်...။ခေတ်အဆက်ဆက်၊မျိုးဆက်
အသွယ်သွယ်၊မရိုးစတမ်း ပြောခဲ့၊ငြင်းခဲ့၊အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတဲ့ အကြောင်းအရာတစ်ခု ကိုပြောပါဆို အချစ်
အကြောင်းပါပဲ လို့ပြောလို့ရမယ်ထင်ပါရဲ့....။

အချစ်ဆိုတာ ဘာလဲ...။ကျွန်တော်အတိမကျ မပြောတတ်ပါဘူး၊ရှင်းရှင်းပြောရရင် ကျွန်တော်မသိပါဘူး...။
( ဒီလိုဆိုလိုက်တော့ ဟင် ဒီအရွယ်ရောက်နေပြီ...၊အမြီးမပေါက်ဘူးလား လို့တော့ မေးကြမယ်မထင်ပါဘူး...းD )
၁၉နှစ်သား လောက်က အချစ်ဆိုတာကို နဖူးတွေ့၊ဒူးတွေ့ တွေ့ခဲ့ဖူးပါတယ်..။အသည်းလည်း ဟတ်တက်ကွဲ
ခဲ့ဖူးပါတယ်...။ဒါပေမယ့် ချစ်မယ့်သာချစ်ခဲ့၊ကွဲမယ့်သာကွဲခဲ့ပါတယ်...။အချစ်ဆိုတာဘာလဲ လို့ကျွန်တော်သေချာ
မသိခဲ့ပါဘူး...။

ဒီလိုနဲ့ ကျွန်တော်ဘဝမှာ အချစ်ဆိုတာ သေဆုံးသွားခဲ့ပြီ၊ချစ်တတ်တဲ့ နှလုံးသားလည်း ခန်းခြောက်သွားခဲ့ပြီလို့
ထင်မှတ်ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်.....။အချစ်ဆိုတာ သံယောဇဉ် နဲ့ တပ်မက်မှု အချိုးညီစွာ
ပေါင်းစပ်ထားတဲ့ အရာတစ်ခုလို့လည်းထင်ခဲ့မြင်ခဲ့ပါတယ်...။ဒါပေမယ့်....တစ်နေ့မှာအချစ်ဆိုတာနဲ့ အမှတ်မထင်
ပြန်လည် တွေ့ဆုံလိုက်မိတဲ့အခါမှာတော့ ကျွန်တော်ထင်မှတ်ထားတာ တက်တက်စင်အောင် လွဲချော်နေမှန်း
သိလိုက်ရပါတော့တယ်...။

ဒီတော့မှ ကျွန်တော်ဟာ အချစ်ဆိုတာကို ဘာမှန်းသေသေချာချာ မသိသေးပါလားလို့ ဘာသာသတိပြုမိပါတော့
တယ်ခင်ဗျ..။တချို့ကတော့ အချစ်ဆိုတာပေးဆပ်ခြင်းတဲ့၊တချို့က ရယူပိုင်ဆိုင်ခြင်းတဲ့၊အဲတချို့ တချို့ကတော့
အချစ်ဆိုတာ ချစ်နေရရုံလေးသက်သက်တဲ့ခင်ဗျ..။ဘယ်အဆိုက မှန်သလဲတော့ကျွန်တော်မသိပါဘူး...။
အချစ်လို့ဆိုလိုက်တာနဲ့ အမှတ်ရနေတတ်တဲ့ စကားလေးတစ်ခွန်းတော့ရှိပါတယ်...။

“ အသက်ရှင်နေစဉ်က နမ်းခဲ့တဲ့ ချစ်သူရဲ့ပါးပြင်လေးကို သူသေဆုံးသွားတဲ့ အချိန်မှာ နမ်းဝံတာ၊နမ်းရဲတာ အဲဒါ အချစ်ပဲ ” တဲ့ခင်ဗျ...။

မဂ္ဂဇင်းအင်တာဗျူး တစ်ခုထဲမှာ ဆရာငြိမ်းကျော် ပြောခဲ့တဲ့ စကားလေးပါ...။(ဖတ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ
ဆိုတော့ စကားလုံးတွေက အတိအကျတော့ မဟုတ်ပါဘူး။ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ ဒီအတိုင်းပါပဲ ။)

တစ်စုံတစ်ဦး အပေါ်မှာ ကျွန်တော်တို့ နှစ်နှစ်ကာကာ ချစ်ခဲ့မိပြီဆိုရင် မိမိချစ်သူ ဘယ်လိုအခြေအနေကိုပဲရောက်
ရောက် သူ့အပေါ်ထားတဲ့ အချစ်က မပြောင်းမလဲပဲ ထာဝရတည်တံနေသင့်ပါတယ်...။ဒါပေမယ့် အချိန်အတိုင်း
အတာတစ်ခုကိုရောက်ရင် ကျွန်တော်တို့ရဲ့ အချစ်တွေက ပြောင်းလဲသွားတတ်တာ၊အေးခဲ သွားတတ်ကြတာကို
သတိပြုမိခဲ့ပါတယ်...(ရည်းစားများတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ “မီးနဲ့ဝေးတဲ့ချိတ် ဟာ မာသွားတတ်စ
မြဲပဲကွ ” လို့ သူနောက်တယောက် ပြောင်းတော့မယ်ဆို ပြောလေ့ရှိတာကို သတိရမိပါရဲ့းD )

ဒါဘာကြောင့်ပါလဲ...။ကျွန်တော်တို့ အချစ်လို့ထင်နေတဲ့ အရာက အမှန်တကယ် အချစ်စစ်စစ် မဟုတ်လို့များ
လား...။ဒါမှမဟုတ် သူပြောသလို အချစ်ဆိုတာ ဝေးသွားတဲ့အခါ မာကျောအေးစက်သွားတတ်လေသလား...။
ပြီးတော့ အချစ်ဆိုတာ ဘာကြောင့်များ ပြောင်းလဲသွားတဲ့ သဘောရှိရတာပါလဲ...။
အင်းးးတစ်နေ့နေ့မှာတော့ ကျွန်တော့်ကို တစ်စုံတစ်ရာက အဖြေပေးနိုင်လိမ့်မယ်ထင်ပါရဲ့ခင်ဗျာ....။

ဆရာတာရာမင်းဝေ က သူ့ရဲ့ ကျွန်တော်နှင့်မြူနှင်းဝေသောညများ ဆိုတဲ့ ဝတ္ထုတိုလေးထဲမှာ ရေးထားခဲ့တာက-

“ ချစ်မိသူဆိုတာ လောကမှာစစ်အရှုံးဆုံးသူပါ၊ ချစ်မိပြီဆိုတာနဲ့ သူ့ရဲ့နှလုံသားဟာ တယုတယနဲ့ သေမိန့်ကျ
သွားခဲ့ပါပြီ ”


လို့ရေးခဲ့ပါတယ်...။ကျွန်တော်အရမ်းနှစ်သက်မိတဲ့၊သဘောကျတဲ့ အချစ်နဲ့ပတ်သက်တဲ့စကားလုံးလေးတွေပါ။
ချစ်မိသူအတွက်တော့ မိမိချစ်သူအလိုကျ အရာရာဖြည့်ဆည်းပေးချင်တဲ့ စိတ်ဇောစေတနာ တွေနဲ့ အမြဲအဆင်
သင့်ဖြစ်နေမှာပါ...။တခါတရံမှာ ကျွန်တော်တို့ ကြားနေရတဲ့ စကားတွေရှိပါတယ်..။“ သူကနင့်ကို ချူစားနေတာ၊
သူက နင့်ကို ကျောရရုံကြံသွားမှာ...” ဘာဘာညာညာ စသည်ဖြင့်ပေါ့ခင်ဗျာ...။ဘေးပတ်ဝန်းကျင်က အဲဒီလိုမြင်
နေခဲ့ကြပေမယ့် ချစ်မိသူတစ်ယောက်မှာတော့ဖြင့် သူ့ချစ်သူအပေါ် ဒီလိုမြင်နေမယ်၊မြင်ရက်မယ်လို့ ကျွန်တော်
်မထင်ပါဘူး။အကယ်၍ အမှန်ကို မြင်နေသည့်တိုင်အောင် ကိုယ့်ချစ်သူအလိုကျ ဖြည့်ဆည်းပေးနေရ ရင်ကို
ရင်ထဲမှာဝမ်းနည်းကြေကွဲနေပေမယ့် ကျေနပ်နေကြမယ်ထင်ပါရဲ့...။

ချစ်မိသူတစ်ယောက်အဖို့မှာတော့ တကယ်ကို ကြေကွဲစရာ ရှုံးနိမ့်မှုတစ်ခုပါ...။ကျွန်တော်ထင်ပါတယ်လေ...၊
ချစ်မိသူတစ်ယောက်မှာ အနိုင်ယူလိုစိတ်လည်းရှိမယ် မဟုတ်ပါဘူး...။

တယုတယနဲ့ သေမိန်ကျသွားတဲ့ နှလုံးသားတွေအတွက် အဘယ်သို့သော ခုံရုံးမှာ အယူခံဝင်ခွင့်ရှိနိုင်ပါ့ မလဲ...။
အယူခံဝင်ခွင့်ရှိရင်ဖြင့် သေမိန့်ကျ နှလုံးသားများကိုယ်စား ကျွန်တော် အယူခံဝင်လိုက်ချင်ပါရဲ့ ခင်ဗျား.....။

10 comments:

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။ အချစ်ဆိုတာ ချစ်မိသူအတွက် ဘာဘဲ လုပ်ပေးရလုပ်ပေးရ နောင်တမရဘူး။ ယုတ်စွအဆုံး ဘ၀တစ်ခုလုံးပေးရရင်တောင် ကျေနပ်နေကြမှာပါလေ။ ချစားတာ မစားတာက ချစ်သူရဲ့အပိုင်း။ ချစ်မိတာက ကိုယ့်အပိုင်းလေ။
အမှန်ဆို ချစ်မိခြင်းဟာ သေမိန့်ကျခံရတာမဟုတ်လား။ သေဆုံးရာမှ ပြန်လည်ရှင်သန်ထမြောက်လာခြင်းရယ်ပါ။ အချစ်ရှိနေသမျှ လောကဓါတ်ကြီး တစ်ခုလုံး အေးချမ်းသာယာနေမယ်ဆိုတာ အထင်အရှားပါဘဲ ကိုမောင်လေးရေ...။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မေပယ်လ် said...

ဟုတ်ကဲ့ပါဗျာ..
ကျွန်တော်လည်း ခုရက်ပိုင်း တကယ့်ကို သေမိန့်ကျနေခဲ့တာပါ
စာတောင် မဖတ်နိုင်လောက်အောင်ပဲ ချိနဲ့ေ၀၀ါးရင်းပဲ ခု ပြေးလာရတာ
မောတာဗျာ..(အဲဒီအချစ်ဆိုတာကြီးကြောင့်ပေါ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

အချစ်ဆိုတာ ၂ဦး၂ဘက် ကြည်ကြည်ဖြူဖြူချစ်နေကြချိန်တော့ ပျော်ရွှင်ကြည်နူးစရာအကောင်းဆုံး အချိန်ပေါ့
တစ်ယောက်ယောက်က ဖောက်သွားလို့ တစ်ယောက်ကခံစားရတဲ့အချိန်ကျတော့ အချစ်ဆိုတာ မီးလိုပူလောင်သွားပြန်တယ်...
ဘာတွေဘယ်လိုဘဲ ခံစားရပါစေ
အချိန်ဆိုတဲ့ ကာလတစ်ခုဟာ ကုစားသွားတာကြီးဘဲ ဖြစ်ပါတယ်...

သူကြီးမင်း (တုံးဖလား) said...

အမှန်ဆို ချစ်မိခြင်းဟာ သေမိန့်ကျခံရတာမဟုတ်ဘူး။ သေဆုံးရာမှ ပြန်လည်ရှင်သန်ထမြောက်လာခြင်းရယ်ပါ။ အချစ်ရှိနေသမျှ လောကဓါတ်ကြီး တစ်ခုလုံး အေးချမ်းသာယာနေမယ်ဆိုတာ အထင်အရှားပါဘဲ ကိုမောင်လေးရေ... (ဂလို ဂလို ရေးမလို့ဘဲ။ မဟုတ်ဘူးလို့ရေးတာကို မဟုတ်လားလို့ ဖြစ်သွားတယ်။ ကိုကိုမောင်... စိတ်ထိန်း စိတ်ထိန်း။ အဟီး ဟီး)။

အောက်အပိုဒ်အမှားလေး လာပြင်တာ။း))

သောစေယျံ said...

အချစ်အဘိဓမ္မာဆရာကြီးရေ လာသွားပီဗျာ အော် လင့်ပါချိတ်ထားလိုက်ပြီနော်

ညိမ်းနိုင် said...

တဂျီးရာ....မဟုတ်ဘူး ဖြစ်ဖြစ်၊မဟုတ်လားဖြစ်ဖြစ် အဆင်ပြေပါတယ်ဗျ...ဟီး ။
မေပယ်ရေ....ပျောက်နေတာဒါကြောင့်ကိုးဗျ...။အေးဗျာ..အဆင်ပြေပါစေဗျာ..။
မချောရေ...အဲဒီ အချိန်ကြီးက ဆွဲလွန်းတယ်ဗျ...။
ကိုသောစေယံ...လာလည်တာကျေးကျေးပါခင်ဗျ..။

blackroze said...

အချစ်ဆိုတာချစ်နေစဉ်မှာတော့ဘာမှအပြစ်မမြင်တတ်ကြပေမဲ့
တယောက်နဲ့တယောက်အချစ်လျော့သွားပြီဆိုရင်တော့
အပြစ်တွေမြင်လာတတ်ကြတယ်..သိပ်ချစ်လို့လက်ထပ်ပါတယ်
ဆိုတဲ့သူနှစ်ယောက်တောင်..အတူနေတာကြာလာတာနဲ့အမျှ
တယောက်အပေါ်တယောက်အပြစ်မြင်တတ်ကြစမြဲဘဲလေ..
အဲတော့..ကျမအချစ်ဆိုတာကိုသိပ်မယုံဘူး..အမြဲတမ်းရှိနေတယ်
ဆိုတာကိုပေါ့..အချစ်ဆိုတာ..အချိန်နဲ့လိုက်ပြီးပြောင်းလဲသွားတတ်
တယ်ထင်တာဘဲ..

ငွေလမင်း said...

တကယ်ချစ်မိပြီဆိုရင် ရှုံးတယ် သိပ်မှန်ပါတယ် ထောက်ခံပါတယ်

သဒ္ဓါလှိုင်း said...

ချစ်မိနေတဲ့သူမှာတော့ ချစ်သူရဲ့အလိုကျ အနိုင်မယူပဲ အမြဲဖြည့်ဆည်းပေးချင်နေမှာပါ.။
ဒါကိုရှုံးနိမ့်မှုလို့ဆိုကြရင်လည်း အဲဒီအရှုံးကို မြတ်နိုးစွာနဲ့ လက်ခံယူချင်
နေကြတယ်နော်.။

ခင်မင်စွာ
သဒ္ဓါ

Ingjin said...

အချစ်အကြောင်းနဲ့ပတ်သက်လို့ကတော့ လူအမျိုးမျိုး ခံယူချက်အဖုံဖုံပါပဲ....ဘာပဲဖြစ်ဖြစ် မပြောင်းလဲတဲ့ချစ်ခြင်းမျိုးနဲ့သာ ချစ်ကြစေချင်ပါတယ်။ အချစ်စစ်မှာ အနိုင်အရှုံးဆိုတာတွေမရှိလောက်ဘူးထင်တယ်။