Saturday, October 23, 2010

ဝါ ကားကျွတ်ချေပြီ....

အကျွန်ုပ်မောင်လေးသည်ကား ငယ်စဉ်ကပင်ရည်မှန်းချက်အလွန်ကြီးလေ၏။အဘယ်သို့သောအကြောင်းအရာ
မျိုးတွင်ရည်မှန်းချက်ကြီးကြီးမားမားထားခဲ့လေသနည်း...။ပညာရေးတွင်လော...။မဟုတ်...။တနေ့တွင်လူချမ်းသာ
ကြီးဖြစ်ရေးလော....။မဟုတ်ရေးချမဟုတ်...။သို့ကလိုဆိုသော် ဝါသနာပါရာ နယ်ပယ်တစ်ရပ်ရပ်၌ လျှမ်းလျှမ်း
တောက် အောင်မြင်ကျော်ကြားရေးလော....။တက်တက်စင်အောင်လွဲပါ၏။

သို့ဖြစ်ရကား...အဘယ်သိုသော ကိစ္စရပ်၌နည်း...။မောင်လေး၏မဟာရည်မှန်းချက်ကြီးကား ဃရာဝါသ ကိစ္စမြား
မြှောင် လူတို့ဘောင်၌ အိမ်ထောင်ပြုရေးတည်းဟူလို...။သို့သော် ရပြီးရော ဟူသည်လိုမျိုးကားမဟုတ်ချေ...။
ကျွန်ုပ်မောင်လေး၌ ထားအပ်သောစံသည်ရှိလေ၏။မှန်၏..။ဆယ့်ခြောက်နှစ်သား အရွယ်ကပင် အနှီးကိစ္စ၌
အကျွန်ုပ် လိုချင်သောအမျိုးသမီးစံ သည်ရှိလေသည်တမုံ...။ထိုစဉ်က တစ်နေ့ ငါယူမည့်မိန်းမသည်ကား...
ချောရမည်၊ပညာတတ်ရမည်၊ချမ်းလည်းချမ်းသာရမည်၊ပြီးတော့ အပျိုစင်လေးလည်း ဖြစ်ရမည် ဟူ၏။

သိုနှင့် ရှာ၏...။ရှာ၏...။မတွေ့ချေ...။တွေ့သော်...သူကားကျွန်ုပ်ကို မကြိုက်ရေးချမကြိုက်...။သို့နှင့် အသက်
နှစ်ဆယ်သို့တင်းတင်းပြည့်သော် ထားအပ်သောစံကို တစ်ထစ်လျော့လိုက်၏..။မိန်းမဟူသည် ပညာတတ်သော်
အင်မတန်မှ ကြီးကျယ်တတ်သောသဘောသည်ရှိကုန်၏။ပညာတတ်သောမိန်းမ ဘာလုပ်ရမည်နည်း...။
ချောမောလှပလျှင်၊ချမ်းသာကြွယ်ဝလျှင်၊နုနုထွတ်ထွတ်အပျိုစင်လေးဖြစ်လျှင် တော်ပြီဟူ၍ စံကိုပြင်၏...။

ထိုသိုတစ်ထစ်လျော့ပြီးသော် ရှာပုံတော်ဖွင့်လေ၏။တွေ့ကား တွေ့ပါသည်။သို့သော် သူရို့ကား အကျွန်ုပ်
အကောင်းစားလေးကို ယောင်လို့မှ စိတ်ကူးထဲမထည့်ကြကုန်...။ဤသို့ဖြင့် နှစ်ဆယ်ကျော် အစိတ်ပိုင်းသို့
အရွယ်တော် တဆိတ်ဟိုင်းလေသော်...မိမိစံ ကိုပြန်လည်၍ ဆန်းစစ်ရတော့သည်။ငါသည်ကား ကြိုးစားပမ်းစား
မဟားဒယား၊မတော်မတရားနည်းပေါင်းစုံဖြင့်စီးပွားရှာရကား အတော်အသင့်စုမိဆောင်းမိချေပြီ..။ချမ်းသာသော
မိန်းမ ဘာလုပ်ရပြီနည်း။ချောချောလှလှ နှင့် အပျိုဖြစ်လျှင် သင့်တော်ချေပြီ ဟူ၍ ဆင်ခြင်အောက်မေ့၏။

သို့နှင့်....သို့နှင့်...သို့နှင့်....။အပျိုချောတို့၏ မျက်ဆိ၌ အဘယ်သောတိမ်သလ္လာတို့ ဖုံးကွယ်လေသည်...မသိ...။
အကျွန်ုပ်မောင်လေးကိုသူရို့မမြင်ကြကုန်...။သို့ဖြင့်အကျွန်ုပ်မောင်လေးကားသုံးဆယ်သို့ပင်ကျော်လွန်လာချေပြီ။
အသက်သုံးဆယ်ကျော်၍ လူပျိုကြီးစာရင်းသို့ဝင်လေသော်...ကျွန်ုပ်မောင်လေးစိတ်၌ “မ”နှင့် ပတ်သက်လျှင်
လမ်းထိတ်က ကလေးသုံးယောက်အမေမုဆိုးမကြီးလည်း မဆိုးပါဘူး ဟုမြင်လာလေတော့သည်သတည်း....။

---------------------------------------------

သီတင်းကားကျွတ်လေပြီ...။သီတင်းကျွတ်သော် ကလေးတို့ပျော်ကြ၏။လူကြီးတို့လည်း စိတ်လက်ကြည်နူးကြ
ကုန်၏။အိမ်ထောင်ကျပြီးကုန်သော ဒွိယံဒွိယံ အပေါင်းတို့ကား တပြန်တလှည့် ဝါးတီးဖွင့်ရန်ပြင်ကြကုန်၏။
သို့သော် ကျွန်တော်တို့လို သုံးဆယ်ကျော်လူပျိုကြီးတို့ကား ရောဂါထကြကုန်၏။တနည်းဆိုရသော် ဝါကျွတ်ဖီဗာ
ဝင်ကုန်ကြ၏ဟူလို...။အင်မတန်မှလည်း မခံချိမခံသာဖြစ်ကြရကုန်၏။

အဘယ်ကြောင့်ဆိုသော် ဝါကျွတ်ပြီဆိုသည်နှင့် တွေ့သောသူအပေါင်းက “ ဟေ့လူကြီး ဘယ်တော့စားရမှာ
လည်းဗျ..” ဟူ၍တနည်း....၊ “ ဗျို့အကိုကြီး နောက်ကားတွေကျော်တတ်ကုန်ပြီ လုပ်တော့လေ...” ဟူ၍တဖုံ၊
“ ဟေ့ကောင် ငါ့ကလေးတောင် ကျောင်းထားနေပြီ...ဘယ်လိုတုန်းကွ ” ဆိုသည်က တမျိုး၊ အမျိုးမျိုး အဖုံဖုံ
ကဲ့ရဲ့သဂြိုလ်စကားတင်းဆိုကြလေသည်..။

အမှန်ကား ကျွန်တော်တို့လူပျိုကြီးများကား အပူမရှာလို၍ အေးအေးနေ နေကြခြင်း ဖြစ်ပါ၏။အပူရှာလိုသော်
ကျွန်တော်တို့နံဘေး၌ မီးကျီးခဲတို့သည်လည်းကောင်း၊အိုးကင်းပူတို့သည်လည်ကောင်း ပြည့်နှက်နေချေတော့
သည်သတည်း.....။

(ဘာရယ်မဟုတ်ပါဘူးခင်ဗျာ...။သီတင်းကျွတ်ပြီဆိုတော့ စိတ်လေးကြည်ကြည်သာသာရှိတာနှင့် ပေါ့ပေါ့ပါးပါး၊
ရယ်ရယ်မောမော လေးရေးလိုက်မိပါတယ်...။အပေါ်က ဟာသလေးက ဖတ်ခဲ့ဖူးတဲ့ မောင်ကောင်းထိုက်ရဲ့
ဟာသပဒေသာထဲက ဟာသတိုလေးကို ချဲ့ထွင်ရေးသားလိုက်ခြင်းပါခင်ဗျ...။ကြွရောက်ကြသူအပေါင်း
ကြည်နူးပျော်ရွင်ဖွယ်ရာ သီတင်းကျွတ်လပြည့်နေ့/ည ဖြစ်ကြပါစေကြောင်း.....။)




10 comments:

ရွှေရတုမှတ်တမ်း said...

ကိုယ့်ဖာသာမစွန်တာကို..အပူမရှာချင်ဘူးလေးဘာလေးနဲ့..
ဟင်းးးမသိရင် ခက်မယ်

မေပယ်လ် said...

ကျွတ်ပါစေဗျာ...
ဆုပေးခဲ့တယ်နော်...

ချော(အစိမ်းရောင်လွင်ပြင်) said...

သိပါဘူး
မောင်လေးက အသက်၃၀ကျော်လာလို့ တကယ်များ စိတ်ဓာတ်ကျလာတာလားလို့း)
၄၀မှ မပြည့်သေးတာ အေးဆေးပေါ့
ဖတ်ပြီး ပြုံးမိတယ်..
ပျော်စရာသီတင်းကျွတ်ဖြစ်ပါစေ........

blackroze said...

အင်းး
လူပျိုကြီးဆိုတော့လည်းဒီလိုဘဲပေါ့လေ..
သီတင်းကျွတ်တာနဲ့
အိမ်တွင်းပုန်းရတော့တာဘဲပေါ့ ဟိဟိ
ခင်လို့စလိုက်တာပါနော်...
အားမငယ်ပါနဲ့လေ..
၄၀မှဘဝစတာတဲ့..၃၀ ဆိုတာငယ်ပါသေးတယ်လေ..

အဖြူရောင်နတ်သမီး said...

ကျွတ်ချင်တယ်ပေါ့...
ဓာတ်ရိုက် ဓာတ်ဆင် ...လုပ်ရမယ်...
ဥာဏ်ပူဇော်ခ အရင်လာထား...း)

မြစ်ကျိုးအင်း said...

ဒါမျိုးက လောလို့မရဘူး
ကျွတ်ချိန်တန်ရင် ကျွတ်တာပဲ။
၆၀ လောက်မှ ဆိုရင်တော့ သိပ်မဟန်ဘူးပေါ့

ငွေလမင်း said...

စံ သတ်မှတ်ထားတဲ့သူ နဲ့ အမြန်ဆုံး တွေ့ပါစေ
သီတင်းကျွတ်မှာပျော်ရွှင်ပါစေ
တကယ်ချစ်သွားရင် စံ ဆိုတာတွေရော ရှိသေးလို့လားးးး

SHWE ZIN U said...

စွံပါစေဗျာ

မုံမြန်မြန်စားရအောင်

Anonymous said...

ဖူးစာမှန်နှင့်အမြန်ဆုံပြီး သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေရှင်း

မိုး

ps: ကိုမောင်လေးရေး စံတွေလျှော့လိုက်တော့ ပေါ့သွားတာပေါ့ ဟီး
စတာနော် ကံကောင်းခြင်းတွေနဲ့အမြန်ဆုံနိုင်ပါစေရှင်းး

လသာည said...

သိုဖြင့် အကျွန်ုပ် လသာည သည်လည်း ဒီပိုစ်ဖတ်ပြီးသကာလ ဘလော့ပိုင်ရှင် မစွံကြောင်းကို (အဲ..) မစွံသေးကြောင်းကို လေ့လာသိရှိသွားပါတယ်..။ အကယ်၍ စွံသွားပီး မီးသွေးခဲပေါ်တက်ထိုင်တဲ့အခါလည်း အကြောင်းကြားပါလို့..